News @ M-Media

Category: ဆောင်းပါး

  • မြန်မာ့သစ်ဆွဲဆင်များ၏ ရင်လေးဖွယ် အနာဂတ်

    မြန်မာ့သစ်ဆွဲဆင်များ၏ ရင်လေးဖွယ် အနာဂတ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

    M-Media
    elephant
    အလုပ်လက်မဲ့ဖြစ်နေသော မြန်မာသစ်ဆွဲဆင်များ

    – ပူလောင်အိုက်စပ်လှသည့် တောတောင်များရှိ မတ်စောက်တောင်ကုန်းများတွင် ဧရာမသစ်ပင်တို့အား စုန်ချည်ဆန်ချည် ဆွဲယူသယ်ပို့ရသောအလုပ်မှာ ကြမ်းတမ်းလွန်း၏။ သို့သော် မြန်မာနိုင်ငံမှ သစ်ဆွဲဆင်ပိုင်ရှင်များက အလုပ်မရှိတော့သဖြင့် တစ်စုံတစ်ရာမှားယွင်းနေပြီဟု ဆိုနေကြပေသည်။

    တောတောင်ဧရိယာကျုံ့လာခြင်း၊ သစ်ကုန်ကြမ်းများ ပြည်ပတင်ပို့ခြင်းကို တားမြစ်သည့်ဥပဒေ အသက်ဝင်မှု သုံးနှစ်ရှိလာခြင်းက မြန်မာနိုင်ငံအပေါ် အလုပ်လက်မဲ့ဆင်ပြဿနာတစ်ရပ် ထပ်မံပေါ်ပေါက်လာစေသည်။ ရာနှင့်ချီသောဆင်များမှာ လုပ်ငန်းခွင်ပြင်ပရောက်ကုန်ပြီး အများစုမှာ ကိုင်တွယ်ထိန်းကျောင်းရ ခက်ခဲလာသည်။

    “သူတို့ဟာ ဒေါသထွက်လွယ်လာကြတယ်။ အလုပ်မရှိတဲ့အတွက် (အဆီဝင်ပြီး) ၀ဖြိုးလာကြတယ်။ ဆင်ထီးအားလုံးကလည်း အချိန်တိုင်း မိတ်လိုက်ချင်စိတ် ပြင်းပြကုန်ပြီ” ဟု အသက် ၆၄ နှစ်အရွယ် သစ်ဆွဲဆင် ၈ ကောင်ပိုင်ရှင် ဦးချစ်စိန်က ဆိုသည်။ မြန်မာနိုင်ငံသည် ဆင်သတ္တ၀ါများနှင့်ပတ်သက်၍ အစွဲကြီးသည်။ ကမ္ဘာပေါ်တွင် ခိုင်းဆင် ပမာဏအများဆုံး တိုင်းပြည်လည်း ဖြစ်သည်။ ခေတ်မီစက်ကိရိယာများဖြင့်ပင် မထိုးဖောက်နိုင်သေးသော တောနက်များမှ အဖိုးတန်ကျွန်းသစ်နှင့် အခြားသစ်ကုန်ကြမ်းများ ထုတ်လုပ်ရေးကဏ္ဍ၌ နှစ်ရာပေါင်းများစွာကတည်းကပင် ၎င်းတို့ကို အသုံးပြုနေခဲ့ကြသည်။

    ယခုသော်ကား အရေပြားထူထည်းအားကောင်းသည့် ယဉ်ပါးဆင် ၅၅၀၀ ၏ အနာဂတ်ကို ကြီးကြပ်ကိုင်တွယ်ပေးမည့် အစိုးရအာဏာပိုင်များရှိဖို့ အထူးလိုအပ်လာပါသည်။

    လွန်ခဲ့သော ၂ နှစ်ကပင် အလုပ်လက်မဲ့ဖြစ်နေရသည့် သစ်ဆွဲဆင် ၆ ကောင် ပိုင်ဆိုင်သူ ဦးစောသာပြည့်က “အလုပ်မရှိတော့ ထိန်းကျောင်းကိုင်တွယ်ဖို့ တကယ်ခက်ခဲလာတယ်။ သစ်ပင်တွေ မရှိတော့လို့ သစ်ဆွဲလုပ်ငန်းလည်း မရှိတော့ဘူး” ဟူ၍ ပြောပြသည်။

    ယခုအချိန်တွင် အလုပ်လက်မဲ့ဆင်အကောင်ရေ ၂၅၀၀ ခန့်ရှိနေကြောင်း၊ ၎င်းတို့အနက်အများစုမှာ ထိုင်းနယ်စပ်နှင့် အချိန်နှစ်နာရီခွဲခရီးကွာဝေးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း တောတောင်များထဲ၌ ရှိနေကြောင်း၊ ၎င်းပမာဏမှာ အလုပ်လက်မဲ့မြန်မာလူထု ၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းအထိ ဖြစ်နေကြောင်း မြန်မာ့ဆင်အရေးကျွမ်းကျင်သူ ဒေါ်ခိုင်ဦးမာက သုံးသပ်တင်ပြထားသည်။

    “ဒီဆင်တွေအများစုဟာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိကြတော့ဘူး။ သူတို့ကို ထိန်းသိမ်းတဲ့စားရိတ်ကြီးမားလွန်းတဲ့အတွက် ပိုင်ရှင်တွေအဖို့ တကယ့်ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်”။

    အရွယ်ရောက်ပြီးသောဆင်တိုင်းမှာ ခန္ဓာကိုယ်အလေးချိန်ပေါင် တစ်သောင်းဝန်းကျင် ရှိပြီး၊ နေ့စဉ် အစားအစာအလေးချိန် ပေါင် ၄၀၀ ခန့် စားသုံးကြသည်။ ဆပ်ကပ်များ၊ သစ်ဆွဲခြင်းများမှအပ ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များများစားစား မရှိကြ။

    သစ်ဆွဲခြင်းသည် ပင်ပန်းကြီးစွာ အားစိုက်ရသောအလုပ်ဖြစ်သည်။ သို့သော်လည်း မြန်မာ့ဆင်များအဖို့ ကြမ်းတမ်းသောအလုပ်က ၎င်းတို့အား ကျန်းမာသန်စွမ်းစေသော အကြောင်းခံဖြစ်နေပြန်သည်။ စည်းကမ်းတကျ ထိန်းကျောင်းပြီး လုပ်ငန်းခွင်ဝင်စေသော မြန်မာ့ဆင်များသည် ပျမ်းမျှသက်တမ်း ၄၂ နှစ်ရှိကြ၍၊ အနောက်တိုင်းတိရစ္ဆာန်ဥယျာဉ်များရှိ ဆင်တို့ထက် နှစ်ဆ၊ အခြားတိရစ္ဆာန်ဥယျာဉ်ရှိ သတ္တ၀ါများထက် ၁၉ နှစ် သက်တမ်းရှည်သည်ကိုတွေ့ကြောင်း ၂၀၀၈ ခုနှစ်လေ့လာချက်တစ်ရပ်က ဖော်ပြထားသည်။ အချို့သစ်ဆွဲဆင်တို့၏သက်တမ်းမှာ ထိုထက်ပင် ရှည်လျားကြ၏။

    “သစ်ဆွဲဆင်များဟာ ပုံမှန်အားဖြင့် နှစ် ၅၀ ကနေ နှစ် ၆၀ ကျော်အထိ အသက်ရှည်တယ်ဆိုတာ ခင်ဗျားတို့ သိရှိကြပါသလား။ အဲ့ဒါက အစာရေစာနဲ့ ကောင်းမွန်စွာထိန်းကျောင်းမှုကြောင့် ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ဆင်ရေးရာကျွမ်းကျင်ပညာရှင် Joshua Plotnik က ရှင်းပြသည်။

    ဆင်များသည် လုပ်ငန်းခွင်အတွင်း ကျစ်လစ်သည့်စရိုက်လက္ခဏာရှိပြီး အလုပ်မရှိပါက အကျင့်ပျက်လေ့ရှိကြောင်း ကျွမ်းကျင်သူများထံမှ သိရသည်။ ထိုင်းနိုင်ငံရှိ ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ Golden Traingle Asian Elephant Foundation ၏ ဒါရိုက်တာ John Edward Roberts က ဤသို့ဆိုသည်။
    “ကျွန်တော်ကတော့ (ဆင်တွေကို လူတွေအတိုင်း) ပုံသွင်းတာမျိုး မလိုလားဘူးဗျ။ ဒါပေမယ့် တကယ်လို့ သူတို့ဘ၀ထဲကနေ အဲ့ဒီအပိုင်းကို ဖယ်ထုတ်လိုက်ရင်လည်း ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအရ ဒီအတိုင်းလွှတ်ထားဖို့ ခက်ခဲရပြန်တယ်”။

    မြန်မာလူထုအများစုအဖို့ သာလွန်ကောင်းမွန်သောအခွင့်အလမ်းများ ရှိနေကြသည်။ နှစ်ပေါင်းများစွာ ကြမ်းကြုတ်သောအာဏာရှင်အုပ်ချုပ်ရေးအလွန်တွင် စီးပွားရေးက ရုတ်ခြည်းခေါင်းထောင်လာပြီး ထူးသစ်သောလွတ်လပ်မှုများ ခံစားကြရသည်။ သို့ရာတွင် ဒီမိုကရေစီရောင်နီဦးက ဆင်များအဖို့ ပြောင်းပြန်အကျိုး ဖြစ်ထွန်းသွားစေသည်ဟု ဆိုရပေမည်။ မြန်မာလူထုတို့မှာ အာဏာရှင်အုပ်ချုပ်ရေးဒဏ်ခံရသည့် ဆယ်စုနှစ်များအတွင်း ဆင်များမှာမူ ထိုမျှလောက် ဘ၀မကြမ်းတမ်းခဲ့ချေ။

    စစ်အစိုးရက ဗြိတိသျှကိုလိုနီတို့ရေးဆွဲထားခဲ့သော စည်းမျဉ်းများအတိုင်း တင်းကြပ်စွာလိုက်နာ၍ ဆင်များကို တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၈ နာရီ အလုပ်လုပ်စေပြီး ၅၅ နှစ်အရွယ်တွင် အနားပေးစေခဲ့သည်။ သားဖွားခြင်း၊ နွေရာသီအားလပ်ရက်နှင့် ဆေးဝါးကုသစောင့်ရှောက်မှုများကို ခံယူစေသည်။ ယနေ့တိုင် အစိုးရလက်အောက်ရှိ ဆင်များအတွက် သားဖွားစခန်းများနှင့် အနားပေး ဘေးမဲ့ဆင်များ ရှိနေကြသေးသည်။ စစ်အာဏာရှင်များလက်အောက်တွင် လူမှုဖူလုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ ပျက်ကွက်သော်လည်း လုပ်ငန်းခွင်သုံးဆင်များဆိုင်ရာ ဥပဒေကိုမူ ကရုတစိုက် ကျင့်သုံးခဲ့ကြသည်။ ဆင်များသည် လွန်ကဲစွာ အလုပ်ပန်းလျှင် အထူးအန္တရာယ်ကြီးမားတတ်ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း ကိုင်တွယ်သူများက ဆိုကြသည်။

    သစ်ဆွဲဆင်တိုင်း၌ ဆေးဝါးကုသမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ မှတ်တမ်းစာအုပ်ကိုယ်စီ ရှိကြ၏။ ၎င်းတို့ကို မြန်မာ့သစ်လုပ်ငန်း MTE မှ ကြီးကြပ်ကိုင်တွယ်ထားသည်။

    “ကျွန်မတွေ့ဖူးတဲ့ အခြားနိုင်ငံက ဆင်တွေထက်စာရင် MTE ရဲ့ဆင်တွေက ပိုပြီးကျန်းမာသန်စွမ်းလှပါတယ်။ အစာအာဟာရပြည့်ဝတယ်။ ကြွက်သားအားကောင်းတဲ့ ခန္ဓာအချိုးအစား ပိုင်ဆိုင်ကြတယ်။ ကောင်းမွန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရရှိကြတယ်” ဟု အမေရိကန်အခြေစိုက် lephant Care International ပရဟိတလုပ်ငန်း၏ တိရစ္ဆာန်ဆေးကုသရေးနှင့်သုတေသနဒါရိုက်တာ ဒေါက်တာ Susan Mikota က ဆိုသည်။

    တိရစ္ဆာန်ရုံများရှိဆင်တို့ သက်တမ်းပြည့်မနေရခြင်း၏ အဓိကအကြောင်းတစ်ခုမှာ အ၀လွန်ဆူဖြိုးခြင်းမှု ဖြစ်ကြောင်း ၂၀၀၈ ရေးရာစာအုပ်တွဲဖက်ရေးသားသူ Georgia Mason က သုံးသပ်ထားသည်။ နောက်ပိုင်းလေ့လာချက်တစ်ခုအရ တိရစ္ဆာန်ရုံထဲမွေးဖွားလာသော ဆင်ပေါက်များသည် သစ်ဆွဲစခန်းအတွင်းမွေးဖွားသည့်ဆင်များထက် ၁၅ ရာခိုင်နှုန်း ကိုယ်အလေးချိန်ပိုများကြောင်း သူမက ဆိုသည်။

    elephant 2
    သစ်တောစခန်းသို့ ဆင်စီးပြန်လာသူတစ်ဦး

    သစ်တောပြုန်းတီးမှု၊ သစ်ဆွဲလုပ်ငန်းနယ်ပယ်ကျဉ်းမြောင်းလာမှုကြောင့် အလုပ်လက်မဲ့ဆင်များ တိုးပွားလာခြင်းအပေါ် ဆင်တစ်ချို့ကို တောအတွင်းသို့ ဘေးမဲ့လွှတ်ခြင်းဖြင့် အစိုးရက နည်းလမ်းရှာကြည့်နေကြသည်။

    အမေရိကန်အခြေစိုက် တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Wildlife Conservation Society မှ ဆင်များရေးရာစီမံသူ Simon Hedges က အဆိုပါလုပ်ရပ်ကို “နှိုးဆွလိုက်သည့် လမ်းဖော်ချက်” ဟု ရှုမြင်သည်။ သို့သော် သူနှင့်အတူ အခြားကျွမ်းကျင်သူများက ယဉ်ပါးဆင်များမှတဆင့် တောနေလူထုသို့ ရောဂါကူးစက်နိုင်ခြင်း၊ အစာရေစာအတွက် ရွာများသို့ ၀င်ရောက်သောင်းကျန်းလာနိုင်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်စွာသတိပေးခဲ့သည်။

    ယမန်နှစ်က မြန်မာနိုင်ငံတွင် မြန်မာအစိုးရမှ လက်ခံကျင်းပခဲ့သော ဆင်များ၏အနာဂတ်ရေးရာဆွေးနွေးပွဲတက်ရောက်ခဲ့သူ မစ္စတာ Hedges က “တစ်ယူသန်အဖွဲ့အစည်းတစ်ချို့က အဲ့ဒီသုံ့ပန်းဆင်အားလုံးကို တောနက်ထဲ ဘေးမဲ့လွှတ်လိုက်တာအကောင်းဆုံးလို့ ယုံကြည်နေကြတယ်။ ဒါက ပြောသလောက် မလွယ်ပါဘူး။ ဆင်တွေဟာ အကောင်ကြီးပြီး၊ အန္တရာယ်များတယ်။ လူတွေကိုလည်း ကြောက်လန့်စေတယ်။ လယ်ခင်းယာခင်းတွေကနေ သူတို့ကို မောင်းထုတ်ရခက်တယ်” ဟူ၍ ပြောပြခဲ့သည်။

    ဆင်ပိုင်ရှင်များသည် ဆင်တို့ကို တောနက်သို့ အစာရှာစားရန် ပုံမှန်လွှတ်ပေးတတ်သည်။ မကြာခဏဆိုသလိုပင် ကောက်ပဲသီးနှံများကို ၀ါးမြိုစားသောက်ကြသဖြင့် ရွာသူရွာသားများကို နစ်နာကြေးပေးနေရ၏။ “ဆင်တွေအတွက် တောထဲမှာ နေရာမကျန်သလောက် ဖြစ်နေပြီ” ဟု ဆင်ပိုင်ရှင် ဦးချစ်စိန်က ပြောပြသည်။

    ကုလသမဂ္ဂ FAO ၏ အဆိုအရ မြန်မာသစ်တောဧရိယာမှာ ၁၉၉၀ ခုနှစ်ကတည်းကစပြီး ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းလာသည်။ အဖြေရှာနေရင်းနှင့် ဆင်ပိုင်ရှင်များသည်လည်း အလုပ်လက်မဲ့ဆင်များ၏ ၀န်ပိမှုကို ခံစားနေရသည်။

    ၎င်းတို့၏စားရိတ်အတွက် အချို့ကို ထိုင်းနိုင်ငံရှိလုပ်ငန်းရှင်တို့ထံ ရောင်းချခဲ့ရသည်။ ဆင်လိမ္မာပြပွဲများ၊ တောတွင်းဆင်စီးခရီးသွားခြင်းများ အပါအ၀င် ထိုင်းကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းစဉ်များ၌ ၎င်းတို့အား အသုံးချကြပေလိမ့်မည်။ ထိုင်းနိုင်ငံသို့ ဆင်များကို တင်ပို့ရောင်းချခြင်းမှာ အခြေခံအားဖြင့် ဥပဒေကြောင်းအရ တရားမ၀င်သော်လည်း ထိုသို့ဖြစ်စဉ်များ ပိုမိုများပြားလာနိုင်ဖွယ်ရှိသည်ဟု ဆင်ပိုင်ရှင်များက ဆိုသည်။

    အချို့ဆင်ပိုင်ရှင်များကမူ မိမိတို့၏ဆင်များကို ရောင်းပစ်ရန် လုံးဝ စဉ်းစားမည်မဟုတ်ကြောင်း ပြောကြလေသည်။

    “ကျွန်တော့်ဆင်တွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ကို တစ်ပါးသူဆီ ဘယ်တော့မှ ရောင်းထုတ်မှာမဟုတ်ဘူး။ သူတို့ကို ကျွန်တော် အရမ်းချစ်တာဗျ” ဟု စောသာပြည့်က ဆိုပါသည်။

    (The New York Times ၌ ဖော်ပြသော Thomas Fuller ၏ Unemployed, Myanmar’s Elephants Grow Antsy, and Heavier ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • သီရိလင်္ကာ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်သားထက်ဝက်ကျော်မှာ စစ်ဒဏ်ခံအမျိုးသမီးများဖြစ်နေ

    သီရိလင်္ကာ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်သားထက်ဝက်ကျော်မှာ စစ်ဒဏ်ခံအမျိုးသမီးများဖြစ်နေ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

    M-Media
    thiri
    သီရိလင်္ကာ၏ အကြီးဆုံးမြေမြှုပ်မိုင်းကွင်းပြင်ကြီးတွင် နေပူကျဲတဲအောက် မိုင်းရှင်းလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦး

    – တမီလ်လွတ်မြောက်ရေးကျားတပ်ဖွဲ့ LTTE – Liberation Tigers of Tamil Eelam နှင့် သီရိလင်္ကာတပ်မတော် SLA – Sri Lankan Army တို့အကြား ဖြစ်ပွားသော သီရိလင်္ကာနိုင်ငံ၏ ၂၆ နှစ်ကြာ ပြည်တွင်းစစ်ပွဲကြောင့် လူပေါင်းသိန်းချီ အိုးအိမ်နေရပ်စွန့်ခဲ့ကြရသည်။

    သီရိလင်္ကာ၏လူများစုသည် ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ တမီလ်ကျားသူပုန်အဖွဲ့မှာ လူနည်းစုဝင် ဟိန္ဒူတမီလ်များအတွက် ကိုယ်ပိုင်နယ်မြေ ခွဲထွက်တည်ထောင်ရန် ကြိုးစားရာမှ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် အသေခံဗုံးခွဲသည့်လုပ်ရပ်ဖြင့် ပထမဦးဆုံး ကျော်ကြားပြီး၊ တမီလ်နှင့်ဟိန္ဒူ နှစ်ဖက်လုံးမှ ထင်ရှားသောခေါင်းဆောင်များကို လုပ်ကြံခဲ့သည့်အပြင် ကလေးစစ်သားအများအပြားကို မွေးထုတ်ပေးခဲ့ကြသည်။

    ကိုယ်ပိုင်လေယာဉ်များပိုင်ဆိုင်ခြင်း၊ ရေငုပ်သင်္ဘောများတည်ဆောက်ခြင်း၊ စက်ရုံတည်၍စစ်လက်နက်များထုတ်လုပ်ခြင်းတို့ဖြင့် ခေတ်သစ်ကမ္ဘာတွင် အင်အားအကောင်းဆုံးနှင့် စည်းကမ်းအတင်းကြပ်ဆုံးအဖွဲ့အစည်းဖြစ်ခဲ့ကြောင်း HALO Trust အပြည်ပြည်ဆိုင်ရာ မိုင်းများ ရှင်းလင်းရေးအေဂျင်စီ၏ ပရိုဂရမ်မန်နေဂျာ Damian O’Brien က ဆိုသည်။

    ၎င်းကျားသူပုန်တို့က နိုင်ငံ၏ မြောက်ပိုင်း Kilinochchi ခရိုင်ရှိ Muhamalai ဒေသတွင် ကိုယ်ပိုင်ကာကွယ်ရေးအတွက် ၁၂ စတုရန်းကီလိုမီတာအထိ ကျယ်ပြန့်သော မြေမြှုပ်မိုင်းကွင်းကို ပြုလုပ်ခဲ့ကြသည်။ ယင်းဒေသနှင့် Nagar Kovil ဒေသနှစ်ခု၌ ၂၀၀၀-၂၀၀၉ ခုနှစ်ကာလအတွင်း စစ်ပွဲတစ်လျှောက် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ စစ်တပ်နှစ်ဖက်စလုံးက ယင်းနေရာများကို ရှေ့တန်းကာကွယ်ရေးစည်းအဖြစ် သတ်မှတ်ကြ၍ ဖြစ်သည်။ မြေမြှုပ်မိုင်းကြောမှာ Muhamalai နယ်အတွင်းမှ Jaffna isthmus နယ်ဖျားနှင့် Nagar Kovil တံငါရွာဟောင်းကို ဖြတ်သန်းပြီး နိုင်ငံအရှေ့ဖက် အိန္ဒိယသမုဒ္ဒရာကမ်းခြေရောက်သည်အထိ ရှည်လျားလှသည်။ ၎င်းဒေသများရှိ တောတောင်၊ ကျောက်ဆောင်၊ ရေပြင်မြေပြင်အနှံ့ ယနေ့ထက်တိုင် မပေါက်ကွဲသေးသော မိုင်းများ၊ ဗုံးများ ဖုံးကွယ်တည်ရှိနေဆဲဖြစ်သည်။ HALO အဖွဲ့၏ အကြီးတန်းကွင်းဆင်းအရာရှိက မိုင်းရှင်းလင်းရေးအတွက် နေ့စဉ် ၁၀ ကြိမ်ခန့် မိမိထံ ဆက်သွယ်အကူအညီတောင်းဆိုလျက်ရှိကြောင်း ပြောပြသည်။

    အစိုးရအဖွဲ့၏ National Min Action Centre – NMAC မှစာရင်းဇယားများအရ မိုင်းများ၊ ပေါက်ကွဲနိုင်သည့်ဗုံးလက်နက်များ အစရှိသည်တို့မှာ နိုင်ငံအနှံ့တွင် ၁.၃ မှ ၁.၅ သန်းအထိ အရေအတွက်အားဖြင့် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ၎င်းတို့အနက် မိုင်းပမာဏ ၆ သိန်းကျော်ကို ပြန်လည်ရှာဖွေရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း DASH မိုင်းရှင်းလင်းရေးအေဂျင်စီထံမှ သိရှိရ၏။ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲပစ္စည်းများစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ မိုင်းရှင်းလင်းရေး၌ ထိခိုက်ဒဏ်ရာရသူများမှာ ၂၀၁၃ ခုနှစ်နှစ်ကုန်ပိုင်းအထိ SLA နှင့် LTTE တပ်ဖွဲ့ဝင်ဟောင်းများ၊ အရပ်သားများအပါအ၀င် လူပေါင်း ၂၂၁၅၀ ဦး ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မိုင်းဒဏ်သင့်၍ နောက်ထပ်အသက်ဆုံးရှုံးရသူ ၂၂ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၆ ဦး ရှိခဲ့သည်ဟု UNICEF ၏ နောက်ဆုံးစာရင်းဇယားက ဖော်ပြထားသည်။

    ပြည်မခရိုင်ရှိ Kandy နှင့် မြောက်ပိုင်းရှိ Jaffna အား Muhamalai ကို ဖြတ်သန်းဆက်သွယ်ထားသော ရထားလမ်းကြောကို တစ်ဖက်တစ်ချက် မီတာ ၃၀၀ အကျယ်အ၀န်းအထိ HALO Trust မှ မိုင်းရှင်းလင်းဖယ်ရှားပြီးသည့်နောက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ မိုင်းကွင်းကြီး၏ ငါးရာခိုင်နှုန်းမျှသာရှိသော ယင်းလမ်းပိုင်းမှာပင် မိုင်းဗုံးများ ၈၀၀၀ အထိ တွေ့ရှိခဲ့ရသည်။

    စစ်ပွဲကာလအတွင်း စစ်တပ်အသုံးပြုသည့်မိုင်းများမှာ ပါကစ္စတန်၊ တရုတ် စသည့် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းဖြစ်သည်။ တမီလ်ကျားအဖွဲ့၏မိုင်းများမှာ ကိုယ်တိုင်တီထွင်မှုများဖြစ်သော်လည်း ရံဖန်ရံခါ နည်းပညာမြင့်မားသော ထုတ်ကုန်များဖြစ်နေသည်ကို တွေ့ကြရ၏။ မိုင်းဗုံးအရေအတွက် မည်မျှအထိ ဆင်ယင်အသုံးပြုခဲ့ကြသည့်အပေါ် မည်သူမျှ တိတိကျကျ မပြောနိုင်ကြ။ LTTE အဖွဲ့သည် ဝေဟင်ဗုံးများကဲ့သို့ နည်းပညာမြင့်လက်နက်များအထိ ထုတ်နိုင်အောင် ကြိုးစားမှုရှိခဲ့ကြောင်း O’Brien က ပြောကြားသည်။ ထို့အဖွဲ့က မိုင်းရှင်းလင်းရေးအေဂျင်စီများကို မည်သည့်မှတ်တမ်းမျှ မပေးခဲ့ကြောင်း၊ ပေးရန်မှတ်တမ်း မရှိ၍လည်းဖြစ်နိုင်ကြောင်း Chandrasiri ကဆိုသည်။

    NMAC ပြုစုရေးသားချက်မှတဆင့် DASH ၏မှတ်တမ်းများ၌ အန္တရာယ်ဖြစ်စေနိုင်သော မိုင်းများ ခန့်မှန်းခြေ ၁၅၆ သန်း ရှိသည့်အနက် ၈၈ သန်းခန့် ရှင်းလင်းနိုင်ခဲ့ပြီး ၆၄ သန်းကျော် ကျန်ရှိနေသေးသည်ဟု ဖွင့်ချဖော်ပြထားသည်။

    မိုင်းရှင်းလုပ်သားများသည် သီရိလင်္ကာမြောက်ပိုင်း အပူချိန် ၂၈ ဒီဂရီဆဲလ်ဆီးယပ်စ်အောက်တွင် ထူထဲသောဘောင်းဘီ၊ ရှပ်လက်ရှည်၊ လက်အိပ်၊ ဘွတ်ဖိနပ်ရှည်၊ သတ်မှတ်ယူနီဖောင်းအကာအကွယ်ဝတ်စုံတို့ဖြင့် ချွေးသံရွှဲနစ်နေသည်အထိ ရှင်းလင်းရေးလုပ်ငန်းများကို မငြီးမငြူ ဆောင်ရွက်နေကြသည်။ လစဉ်လတိုင်း အနည်းဆုံးနှစ်ဦးမျှ မြွေ၊ ကင်း ကိုက်သည့်ဒဏ်ရာဖြင့် ဆေးခန်းသို့ ပို့နေကြရ၏။ “ဒါဟာ ကျွန်မတို့လုပ်ပေးနိုင်တဲ့ အားလုံးအတွက် ကာကွယ်ရေးပါ” ဟု မိုင်းရှင်းလင်းရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဂုဏမာလာ က ဆိုပါသည်။ ကလေးငယ်သုံးဦးမိခင် ဂုဏမာလာ၏ခင်ပွန်းမှာ ၁၃ နှစ်ကြာအိပ်ယာထဲလှဲနေရသည့် နာတာရှည်အသည်းရောဂါဝေဒနာရှင်ဖြစ်သည်။

    LTTE သည် အမျိုးသမီးစစ်သည်မွေးခြင်း၌ ကျော်ကြားခဲ့၏။ ယခုသော် ၎င်း၏ အမျိုးသား၊ အမျိုးသမီးတပ်ဖွဲ့ဟောင်းတို့မှာ မိုင်းရှင်းလင်းရေးအေဂျင်စီများ၏ အဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်နေကြလေပြီ။ မိုင်းရှင်းလင်းရေးအမျိုးသမီးဝန်ထမ်းတို့၏ဘ၀မှာ ရပ်တည်မှုအရရော လုံခြုံမှုအရပါ ခက်ခဲကြမ်းတမ်းလှသည်။ ဂုဏမာလာက သူမသည် နေ့စဉ် နံနက် ၂ နာရီကတည်းက အိပ်ရာထ၍ ချက်ပြုတ်ခြင်းနှင့် အိမ်သန့်ရှင်းများ ပြုလုပ်ပြီး အလုပ်ထွက်လုပ်ကာ နေ့လည်ခင်းတွင်လည်း ပြန်လာ၍ ယင်းသို့ပြုလုပ်ရကြောင်း၊ ကြပ်တည်းဆင်းရဲသော်လည်း ၎င်းဝင်ငွေကိုပင် မှီခိုနေရကြောင်း၊ ယခင်မျိုးဆက်အမျိုးသမီးများမှာ အိမ်တွင်းမှုနှင့် ကလေးပြုစုပျိုးထောင်ရေးကိုသာ ပြုလုပ်ရသော်လည်း ယခုခေတ်အမျိုးသမီးများမှာမူ အရာရာတိုင်းကို တာဝန်ယူရဖွယ်ရှိနေကြောင်း ပြောပြသည်။

    ပြည်တွင်းစစ်မီးပြီးဆုံး၍ အဆိုပါဒေသများသို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံအများစုသည် မိရိုးဖလာ အုန်းခြံလုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင်လိုကြ၏။ ထိုလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံပြီး နှစ်ပေါင်းများစွာကြာမှ အကျိုးအမြတ်ခံစားရသည်။ လတ်တလောတွင် ကြက်ဘဲမွေးမြူရေးခြံလုပ်ငန်းအတွက် စီစဉ်နေသူတစ်ဦးက အစိုးရ၏အကူအညီ ရရှိမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ သို့သော် အာဏာပိုင်များကမူ အခြားဦးစားပေးလုပ်ငန်းများကိုသာ အလေးထားနေကြ၏။ စစ်ဒဏ်ခံမိုင်းရှင်းလုပ်သားတို့မှာ ၎င်းတို့၏ဆောင်ရွက်ချက်များအတွက် လုံလောက်သော အသိအမှတ်ပြုမှု မခံရကြောင်း သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းကို အဓိကဦးဆောင်သည့်အဖွဲ့ HALO Trust ၏ ပရိုဂရမ်မန်နေဂျာ အင်္ဂလိပ်လူမျိုး O’Brien က ပြောပြသည်။ HALO သည် ခေတ်မီရှာဖွေရေးကိရိယာများကို အသုံးချနေပြီး သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အား ၄၀ ရာခိုင်နှုန်းအထက် တိုးမြှင့်နိုင်ခဲ့သည်။ Google မှ NGO အဖွဲ့အစည်းများသို့ အခမဲ့ကူညီထားသော Skybox ဂြိုဟ်တုပုံရိပ်လုပ်ဆောင်ချက်ဖြင့်လည်း စတင်ဆောင်ရွက်နေပြီဖြစ်သည်။

    သီရိလင်္ကာတွင် မိုင်းရှာဖွေရှင်းလင်းရေးအေဂျင်စီအများအပြားရှိနေသော်လည်း လုပ်ငန်းစဉ်အား ချောမွေ့လွယ်ကူအောင် ရှေ့တိုးဆောင်ရွက်ရန် မလွယ်လှချေ။ ယခင်သမ္မတဟောင်း Mahida Rajapakse ၏အစိုးရလက်ထက်တွင် NG0 အဖွဲ့များအပေါ် သံသယ၀င်အငြိုးထားပြီး နိုင်ငံတကာလုပ်သားများအားလုံး နိုင်ငံတွင်းမှထွက်ခွာသွားကြဖို့ စေခိုင်းခံရသည်။ သီရိလင်္ကာမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဥရောပသမဂ္ဂ၊ ဂျပန်၊ သြစတေးလျ၊ အမေရိကန်နှင့် ဗြိတိန်တို့မှ အစဉ်တစိုက် ထောက်ပံ့ကူညီနေကြခြင်းဖြစ်သည်။ အခြားသောအေဂျင်စီများ လုပ်ငန်းပိတ်သိမ်းလိုက်ကြသော်လည်း အလှူရှင်များက HALO အား လူ ၇၀၀ ကိုသာလျှော့ချစေခဲ့သည်။

    သို့သော်၂၀၁၅ ခုနှစ်တွင် သမ္မတ Maithripala Sirisena ဦးဆောင်သောအစိုးရသစ် အာဏာရလာပြီး အဆိုပါဟန့်တားချက်များကို ရုပ်သိမ်း၍ သီရိလင်္ကာသည် ၂၀၂၀ မတိုင်မီ မိုင်းကင်းစင်ရေးနိုင်ငံဖြစ်ရမည်ဟု ဦးတည်ချက်ထားခဲ့သည်။ သို့တိုင် အစိုးရ၏ရည်မှန်းချက်အပေါ် မယုံစားရဲသေးသဖြင့် DASH ကမူ လုပ်ငန်းရပ်နားထားဆဲဖြစ်၏။ အမှန်တကယ် ကျန်ရှိနေသေးသော မိုင်းရှင်းရမည့်ဧရိယာသည် စာရင်းပြထားသည်ထက် လျော့နည်းနိုင်ဖွယ် ရှိပေမည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလ နိုင်ငံတော်အဆင့် အပြည်ပြည်ဆိုင်ရာ မိုင်းတားဆီးရေးပဋိညာဉ်အစည်းအဝေး၌ ပြန်လည်နေရာချထားရေးအတွင်းဝန် MM Nayeemudeen က မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ် အထိုက်အလျောက် အရှိန်မြှင့်တင်နိုင်ရန်နှင့် ရံပုံငွေရရှိရေး ပိုမိုလမ်းပွင့်စေရန် သီရိလင်္ကာကို လက်မှတ်ထိုးနိုင်ငံဖြစ်လာစေဖို့ အပြင်းအထန်စဉ်းစားနေပါသည်ဟု ကြေငြာပြောဆိုသွားသည်။

    “မြေကြီးထဲက မိုင်းတွေ တစ်ခုမကျန် ထုတ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး၊ လူတွေ သူတို့ဘ၀ရှေ့ဆက်နိုင်ဖို့သာလျှင် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သူတို့တစ်တွေ အကြောက်အလန့်ကင်းစင်ဖို့တော့ လိုအပ်ပါလိမ့်မယ်”

    Ref : Al Jazeera

  • ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ နီးစပ်ပြီလား

    ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ နီးစပ်ပြီလား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆

    meeting-1
    NLD ပါတီခေါင်းဆောင်နှင့် မြန်မာတပ်မတော်အကြား စေ့စပ်ညှိနှိုင်းမှုများက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာ တားဆီးထားသည့် ပုဒ်မ ဖယ်ရှားရန် နီးစပ်သွားပြီဖြစ်သည်။

    တပ်မတော်အကြီးအကဲနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား စေ့စပ်ဆွေးနွေးချက်များမှ သူမအပေါ် သမ္မတနေရာ တားဆီးထားသည့်ဥပဒေအား ဆိုင်းငံ့စေမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု အစိုးရဟောင်းကို ကျားကန်ပေးခဲ့သော မြန်မာရုပ်သံလိုင်းနှစ်ခုမှ သတင်းထုတ်ပြန်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)က သူမအား သမ္မတ မဖြစ်နိုင်အောင် တားဆီးလျက်ရှိသည်။ အဆိုပါဥပဒေ၌ ဇနီးခင်ပွန်း သို့မဟုတ် သားသမီးများမှာ နိုင်ငံခြားသားဖြစ်နေ ပါက နိုင်ငံခေါင်းဆောင်တာဝန်ယူခွင့် မရှိကြောင်း ဖော်ပြထားသည်။ ဒေါ်စုကြည်၏ခင်ပွန်း(ကွယ်လွန်)မှာ ဗြိတိသျှအမျိုးသားဖြစ်ပြီး သူမ၏သားနှစ်ဦးမှာလည်း မြန်မာနိုင်ငံသားများ မဟုတ်ကြပေ။

    လွှတ်တော်အမတ် သုံးပုံနှစ်ပုံအင်အားဖြင့် ပုဒ်မ ၅၉(စ) အား တရားဝင် ဆိုင်းငံ့နိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ညှိနှိုင်းဆွေးနွေးနေခဲ့ရာမှ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် Sky Net နှင့် MNTV သတင်းဋ္ဌာနနှစ်ခုမှ အဆိုပါဥပဒေဆိုင်းငံ့စေရန် စေ့စပ်ညှိနှိုင်းမှုမှာ ရလဒ်ကောင်းများ ထွက်ပေါ်နိုင်ကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေငြာ သွားသည်။ လွှတ်တော်အမတ်နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကို စစ်ဖက်ဆိုင်ရာမှ ကြိုတင်ရယူထားပြီးဖြစ်သောကြောင့် NLD အင်အားသက်သက်ဖြင့် ၎င်းအရေးအရာကို ကိုင်တွယ်၍ မရနိုင်ချေ။

    ” အရာရာအားလုံး အဆင်ပြေတော့မယ်လို့ ကျွန်တော် ထင်ပါတယ်။ စေ့စပ်ညှိနှိုင်းဆွေးနွေးချက်တွေက ကျွန်တော်တို့ခေါင်းဆောင်အတွက် သမ္မတဖြစ်ဖို့ အပြုသဘောဆောင်နေပါပြီ ” ဟု ပါတီ၏ဗဟိုကော်မတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်ထွေးက ဆိုသည်။

    သို့သော် နိုင်ငံရေးသုတေသီ ဦးရန်မျိုးသိမ်းက ဤသို့ သတိပေးပြောကြားလိုက်သည်။
    ” ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အဆိုတင်သွင်းခံရမယ်ဆိုတဲ့ကိစ္စကို အတည်ပြုဖို့ စောလွန်းပါသေးတယ်။ ဥပဒေကို ဆိုင်းငံ့ဖို့နဲ့ ပြောင်းလဲပြင်ဆင်ဖို့က အချိန်ယူရဦးမှာဖြစ်လို့ပါပဲ။ တီဗီကကြေငြာလိုက်တဲ့ သတင်းတိုလေးတစ်ပုဒ်လောက်ကို ကျွန်တော်တို့ ယုံကြည်ကိုးစားလို့ မရပါဘူး “။

    သမ္မတ မဖြစ်လျှင်လည်း နိုင်ငံတော်ကို မျက်ကွယ်မှ ထိန်းကျောင်းသွားမည်ဟု ကနဦးပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားခဲ့သည်။ NLD အဖို့မူ မိမိဘ၀တစ်ခုလုံး ပေးဆပ်ထားခဲ့သော အသက် ၇၀ အရွယ် ဒီမိုကရေစီခေါင်းဆောင်အား တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုရန် နှစ်သက်လိုလားနေကြသည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ၏ မဟာမိတ်တစ်ဦးလည်းဖြစ်သူ သူရဦးရွှေမန်းသည် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ပြီးခဲ့သည့် သောကြာနေ့မှစ၍ ဦးဆောင်နေပြီဖြစ်သည်။ သူသည် အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးအား အားပေးထောက်ခံသွားမည်ဟု အများက ယုံကြည်ထားကြသည်။

    ရွေးကောက်ပွဲပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ရှည်လျားများပြားသည့် နည်းစဉ်များကြောင့် လာမည့် မတ်လ ၃၁ သို့မဟုတ် ဧပြီ ၁ ရက်နေ့မှသာ သမ္မတဖြစ်လာသူမှ မိမိ၏တာဝန်အား စတင်ထမ်းဆောင်ရမည်ဖြစ်သည်။

    ယခုလအတွင်း လွှတ်တော်ကိုယ်စားလှယ်သစ်များသည် ၎င်းတို့၏တာဝန်ဝတ္တရားများနှင့်စပ်လျဉ်း၍ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး ဖေဖေါ်ဝါရီ ၈ ရက် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေးတွင် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းရမည့် ရက်ကို မတ်လ ၁၇ ရက်နေ့ အဖြစ် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

    Ref : The Guardian
    MNTV
    နောက်ဆက်တွဲ
    —————
    MNTV သတင်းဋ္ဌာနကမူ လွှတ်တော်ကိုယ်စားလှယ်အချို့၏ သဘောထားများကို ထုတ်လွှင့်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၅၉(စ) ဆိုင်းငံ့ရေးပြေလည်မှုအား တင်ပြခဲ့ခြင်းမဟုတ်ကြောင်း  ကြေညာချက် တစ်စောင် ထုတ်ပြီး ယင်းကြေညာချက်ကို အစိုးရပိုင် MOI Webportal Myanmar ၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တာကို တွေ့ရှိရပါသည်။

  • ဒီမိုကရေစီ ဖူးသစ်စ ကာလတွင် မြှင့်တင်ရန် လိုအပ်နေသည့် မြန်မာ အမျိုးသမီးတို့၏ ဘဝ

    ဒီမိုကရေစီ ဖူးသစ်စ ကာလတွင် မြှင့်တင်ရန် လိုအပ်နေသည့် မြန်မာ အမျိုးသမီးတို့၏ ဘဝ

    ဇန်န၀ါရိ ၃၀၊ ၂၀၁၆
    M-Media

    woman
    ကျေးလက်ဒေသရှိ လမ်းဖောက်လုပ်မှုလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးများ

    – မြန်မာနိုင်ငံရှိ တောင်တန်းဒေသ ကလောမြို့လေးမှ လမ်းဖောက်လုပ်မှုတစ်ခုတွင် ၀ါးခမောက်ဆောင်းထားသည့် အမျိုးသမီးများ အလုပ်ရှုပ်နေကြသည်။ ထိုအမျိုးသမီးများမှာ အာရုဏ်တက်ချိန်ထကာ မနက်စာ မုန့်ဟင်းခါးစားပြီးနောက် ခြစ်ခြစ်တောက်ပူသော နေရောင်အောက်တွင် အခြားသော အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထိုအလုပ်ကြမ်းအား လုပ်ကိုင်နေကြခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် အလုပ်သမ ချိုမီကို၏ ၅ လအရွယ် ကလေးငယ်လေးကတော့ မြေနီများနှင့် ကျောက်စရစ်များ ပတ်လည်ဝိုင်းနေသည့် လမ်းဘေးတွင် ရှိနေ၏။ ထော်နီထော့နန်း တဲငယ်လေးတွင် အိပ်နေရခြင်းက အလုပ်ကြမ်းသမားတစ်ဦး၏ သမီးဖြစ်သည်ကို ဖော်ပြနေလသည်။

    လမ်းဖောက်သည့်လုပ်ငန်းတွင် အမျိုးသမီးများ အလုပ်လုပ်နေမှု မြင်ကွင်းက မြန်မာနိုင်ငံတွင် အဆန်းမဟုတ်တော့။ ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများမှ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားရာ ပုဂံမြို့အထိ လမ်းဖောက်လုပ်မှုများတွင် ကတ္တရာများနှင့် ကျောက်ခဲ၊ သဲများကို ကိုင်တွယ်စီမံရသူအများစုက နေပူဒဏ်ကို ကာကွယ်နိုင်ရန် သနပ်ခါးထူထူလိမ်းထားသည့် အမျိုးသမီးများပင် ဖြစ်လေသည်

    ရှေးရိုးစွဲယဉ်ကျေးမှုနှင့် ဆယ်စုနှစ်များစွာကြာရှိခဲ့သည့် စစ်အုပ်ချုပ်ရေးနစ်တို့ကြောင့် မြန်မာအမျိုးသမီးများမှာ ၎င်းတို့ ခံစားချက်များကို အပြည့်အ၀ဖော်ထုတ်ခွင့်မရခဲ့။ သို့သော်လည်း ကျား၊ မ တန်းတူညီမျှမှု ခေတ်စားလာသည့်အခါတွင်တော့ ဖြေရှင်းစရာကိစ္စများက အလျှံပယ်ပေါ်ထွက်လာခဲ့လေတော့သည်။ ထိုအချက်ကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်လေသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အလွန်အမင်း ကြီးထွားလာခဲ့သည်။ ကျေးလက်ဒေသများတွင် လမ်းမများ၊ မြို့ကြီးများတွင် အဆောက်အဦးသစ်များ အလျှိုအလျှို ပေါ်ထွက်လာကြသည်။ ထိုလုပ်ငန်းများ၏ လုပ်အားတွင် အမျိုးသးမီးများ ပါဝင်မှုအချိုးကလည်း သိသိသာသာပင် မြင့်တက်လာခဲ့လေသည်။ ထိုလုပ်ငန်းများက ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော်လည်း လုပ်ငန်းပိုင်ဆိုင်ရာ လျော့ရဲသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများက ၎င်းတို့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေလေ၏။

    လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင်ပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ မျှော်လင့်မထားသည့် အခြေအနေမျိုးကို တွေ့မြင်နေရသည်။ စမ်းချောင်းမြို့မှ ဆောက်လုပ်ဆဲတိုက်ခန်းတစ်ခု၏ သုံးလွှာတွင် ပုံထားသည့် ဘိလပ်မြေအိတ်များနှင့် မဆလာပုံအကြားတွင် ဒန်အိုးဒန်ခွက်အချို့၊ တီဗီတစ်လုံးနှင့် ကလေးပုခက်တစ်ခုတို့ ရှိနေသည်။

    “ကျွန်မက ဒီမှာ လက်သမားအလုပ် လုပ်ပါတယ်” ဟု အသက် ၂၄ နှစ်အရွယ် ချောစုခိုင်က ပြောကြားခဲ့သည်။ သူမမှာ အသက် ၄ နှစ်နှင့် အသက် ၈ လအရွယ် ကလေးနှစ်ယောက်နှင့်အတူ လွန်ခဲ့သည့် ၈ လလုံးလုံး အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။ လူအမြောက်အများသေဆုံးခဲ့သည့် ၂၀၀၈ ခုနှစ် ကြောက်မက်ဖွယ်ရာ နာဂစ်မုန်တိုင်းကြောင့် သူမနေထိုင်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို စွန့်ခွာခဲ့ရကာ လက်သမားဘ၀သို့ ရောက်ရှိနေခြင်းဖြစ်သည်။

    “အခုအချိန်အထိ အဲဒီမှာ အလုပ်မရှိဘူးရှင့်။ စိုက်ဖို့ပျိုးဖို့ကလည်း ခက်တယ်လေ” ဟု သူမက ပြောကြားခဲ့သည်။ သို့သော်လည်း သူမ၏ ခင်းပွန်းသည်က အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ပင် အလုပ်လုပ်သောကြောင့် သူမ ကံကောင်းသည်ဟု ဆိုနိုင်သည်။

    “(အဲဒီအမျိုးသမီးတွေဟာ) တော်တော်လေးချို့တဲ့ကြတဲ့ မိသားစုတွေကနေ လာကြတာပါ။ တစ်ချို့တွေဆိုရင် ခင်ပွန်းမရှိတော့ဘူး။ တစ်ချို့ဆိုရင် ယောက်ျားက နိုင်ငံခြားသွားအလုပ်အလုပ်ပြီး သူတို့က ကြုံရာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်လုပ်ကြရတာပါ” ဟု ၈၈ မျိုးဆက်အဖွဲ့မှ တက်ကြွလှုပ်ရှားသူ မမာမာက ပြောကြားခဲ့သည်။

    အိမ်ထောင်ဦးစီးရှားပါးမှု

    ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းကောက်ယူမှုအရ မြန်မာနိုင်နိုင်ငံရှိ အိမ်ထောင်စုများ၏ ၄ ပုံ ၁ ပုံတွင် အိမ်ထောင်ဦးစီးများ မရှိကြဟု သိရသည်။ အများစုမှာ မလေးရှား သို့မဟုတ် ထိုင်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲသို့ ၀င်သွားကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ခင်ပွန်းများ မရှိမှုကြောင့် အမျိုးသမီးများမှာ လယ်ယာလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကာ မိသားစု ၀မ်းဝ၊ ခါးလှအောင် ဆောင်ရွက်ပေးနေ ကြရလေသည်။

    မအေးသန်းကတော့ အခြားရည်ရွယ်ချက်ရှိနေသည်။ “ကျွန်မက အိမ်ထောင်ကွာရှင်းထားသူပါ” ဟု လမ်းခင်းရန် မဆလာဗန်းကို ရွက်ထားသည့် အသက် ၄၃ နှစ်အရွယ် သူမက အသံတိမ်တိမ်ဖြင့်ပြောကာ ဆက်လျှောက်သွားလေသည်။

    ရှေးရိုးစွဲဓလေ့ထုံးတမ်းများရှိနေသော မြန်မာနိုင်ငံတွင် ကွာရှင်းပြတ်စဲခြင်းက အမျိုးသမီးများအပေါ် နှာခေါင်းရှုံ့စရာဖြစ်နေပြီး ကလေးငယ်များရှိပါက ၎င်းတို့၏ ၀န်ထုတ်ဝန်ပိုးမှာ ပို၍ပင် ကြီးထွားလာလေသည်။ အထူးသဖြင့် မြို့ကြီးများတွင် ကျေးလက်ဒေသများမှ ကွာရှင်းထားသူများနှင့် ခင်ပွန်းမရှိသူ အမျိုးသမီးများအတွက် လမ်းခင်းသည့်အလုပ်သာ လုပ်စရာရှိနေလေသည်။ ချောစုဆိုသည့် အမျိုးသမီးတစ်ဦးမှာ လူငါးသန်းရှိသည့် ရန်ကုန်မြို့မြောက်ပိုင်းမှ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုနှင့် မဝေးလှသည့်နေရာတွင် လူစည်ကားသည့်လမ်းမကြီးဘေး၌ ပလက်စတစ်တဲထိုးကာ နေထိုင်ရသည်။ အိမ်သာမရှိ၊ ရေမရှိ၊ အိပ်ယာမရှိ။ ကြွက်များနှင့် ပိုးဟပ်များသာ ရှိလေသည်။

    woman 4“ကျွန်မက ဘိလပ်မြေမဆလာဗန်းရွက်တဲ့အလုပ် လုပ်ပါတယ်” ဟု သူမက ရှင်းပြသည်။

    ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမျိုးသမီးအလုပ်သမားများကို ခန့်ထားလုပ်ကိုင်စေမှု အကြောင်းအရင်းက အလွန်ရိုးရှင်းလေသည်။ ၎င်းတို့မှာ လုပ်အားခဈေးပေါသောကြောင့်ဖြစ်သည်။

    “အမျိုးသမီးတွေဟာ ခေါင်းပုံဖြတ်ခံနေရပါတယ်။ အမျိုးသားတစ်ဦးက တစ်နေ့ကို လုပ်ခ ၂၅၀၀ ကျပ်ရရင်၊ အမျိုးသမီးတွေက ၂၀၀၀ လောက်ပဲရပါတယ်” ဟု မမာမာဦးက ပြောကြားခဲ့သည်။ ချောစုခိုင်က ခင်ပွန်းနှင့်အတူ အလုပ်လုပ်ကိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းတွင် သူမမှာ တစ်နေ့ကို ၄၅၀၀ ကျပ် ရရှိကာ၊ ခင်ပွန်းဖြစ်သူမှာ တစ်နေ့လျှင် ၅၀၀၀ ကျပ် ရရှိလေသည်။ သူမတို့ ၂ ဦးစလုံးမှာ ကျွမ်းကျင်လုပ်သားများဟု မှတ်ယူခံရခြင်းကြောင့် ဖြစ်လေသည်။

    အမျိုးသမီးများမှာ ကိုင်တွယ်ထိန်းကျောင်းရ ပိုမို လွယ်ကူပုံရသည်။ အလုပ်သမားများမှာ အမျိုးသမီးများသာဖြစ်သော်လည်း ၎င်းတို့အား ကြီးကြပ်သူကတော့ အမျိုးသားဖြစ်နေသည်။ သို့သော် ထိုအချက်က နိုင်ငံ၏ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်က အမျိုးသမီးသမီးဖြစ်နေသည်ဆိုသော အချက်နှင့် သဟဇာတမဖြစ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်အုပ်ချုပ်မှုလက်အောက် နေခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှာ ၂၅ နှစ်အတွင်း ပထမဆုံးသော လွပ်လပ်သည့် ရွေေးကာက်ပွဲတစ်ခု ကျင်းပခဲ့သည်။ ရလဒ်အနေဖြင့် လူထု၏ တစ်ခဲနက်ထောက်ခံမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည်အား ဦးဆောင်ခွင့် ရခဲ့လေသည်။

    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်သည်ဆိုသောအချက်က လူကြိုက်များမှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိစေခဲ့သည့် သူမအနေဖြင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရမည်ဖြစ်သည်။ စစ်တပ်ကတော့ အဓိက၀န်ကြီး ၃ နေရာ၊ လွှတ်တော်နေရာ လေးပုံတစ်ပုံဖြင့် အာဏာကို ဆက်လက်ရယူထားသည်။ တစ်ချို့သောတက်ကြွလှုပ်ရှားသူများက မျှော်မှန်းမှုက နည်းနေသော်လည်း သူမအနေဖြင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အခြအနေနေကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေကြသည်။

    ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါအောင်ဆန်းစုကြည်က မိမိပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ၁၅ ရာခိုင်နှုန်းသာ ရှိခြင်းက ထိုနေရာနှင့် သင့်လျော်သူများ၊ ထိုနေရာတွင် လုပ်ချင်စိတ်ရှိသူများကို ရှာဖွေရန်ခက်ခဲမှုကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လူမှုဘ၀ပုံစံက အမျိုးသမီးများကို အမျိုးသားများ၏ လက်အောက်ခံအဖြစ် ရှုမြင်သတ်မှတ်သည့်ပုံစံ ဖြစ်သည်။ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကျန်းမာရေးပြဿနာများကဲ့သို့ အခြေခံပြဿနာများကို ဖြေရှင်းရန် ရှိနေခြင်းကြောင့် ဦးဆောင်မည့်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည် လာမည့်အစိုးရသစ်လက်ထက်တွင် ကျား၊ မ တန်းတူညီမျှရေး ကိစ္စမှာ
    ဦးစားပေးအဖြစ် ပါဝင်မည့်အလားအလာ မရှိ။

    သို့သော်လည်း ကျား၊ မ တန်းတူညီမျှရေးကွန်ရန်မှ ဒေါ်မေစံပယ်ဖြူကမူ “တကယ်လို့ ကျွန်မတို့ တစ်ခြားဟာတွေမပြောဘဲ စားနပ်ရိက္ခာ၊ နေထိုင်စရာနဲ့ စီးပွားရေးတွေအကြောင်း ပြောမယ်ဆိုရင်တောင်မှ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်မျိုးမှာ အမျိုးသမီးနည်းနည်းသာရှိတာက အဓိကပြဿနာပါ။ ဒါက အလုပ်သမားတွေကို ကာကွယ်ဖို့ ဥပဒေတွေ၊ အမျိုးသမီးတွေလိုအပ်နေတဲ့ ၀န်ဆောင်မှုတွေကို ပြဌာန်းဆောင်ရွက်ဖို့ ဆန္ဒတွေ ရှိမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရှုထောင့်ကို ပြောင်းလဲချင်မယ်လို့ ကျွန်မ မမြင်ပါဘူး။ အထူးဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ သူက မထင်ပါဘူး။ ချို့တဲ့နောက်ခံက လာရတဲ့အခါ နေရာတိုင်းမှာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း သူက ဦးစားပေးလောက်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

    ယဉ်ကျေးမှုအဆီးအတားများကလည်း ကျန်းမာရေး၊ မွေးဖွားမှုထိန်းချုပ်ရေးနှင့် ကွာရှင်းပြတ်စဲမှုတိုကဲ့သို့ ပြဿ နာများနှင့် ပတ်သက်၍ မြန်မာအမျိုးသမီးများအတွက် ကန့်သတ်ထားသလို ဖြစ်နေသည်။ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း အမျိုးသမီးများကို ၎င်းတို့၏ မိသားစုအသိုင်းအ၀ိုင်းမှ ပြန်လက်မခံသည့် ထုံးစံများကလည်း မြန်မာနိုင်ငံတွင် အထူအဆန်းမဟုတ်တော့။ ထိုအချက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ လမ်းဖောက်လုပ်ရေးလုပ်ငန်းများတွင် အမျိုသမီးများကို လွယ်လွယ်ကူကူတွေ့ရှိနိုင်သည့် အကြောင်းအရင်းဖြစ်နေပေသည်။

    သို့သော်လည်း မြန်မာနိုင်ငံက နားလည်ရခက်သည့်နိုင်ငံမျိုးဖြစ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍက တစ်ခါတစ်ရံတွင် ရှေ့နောက်မညီညွတ်။ The Female Voice of Myanmar (မြန်မာအမျိုးသမီးများ၏ အသံ) စာအုပ်ကို ရေးသားခဲ့သည့် နီလန်ဂျာနာ ဆန်ဂွပ္ပတာက မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူညီမျှမှုမှာ ဥပမာအားဖြင့် အမွေဆက်ခံခြင်း၊ လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းတို့နှင့် ဆက်နွယ်သည့်ကိစ္စများတွင် သမိုင်းနှင့်ချီ၍ ရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း လိင်ကိစ္စတွင် လွတ်လပ်ခွင့်ပေးသည့်ကိစ္စ၊ အနောက်တိုင်းဆန်သည့်ကိစ္စများတွင်မူ အခြေမကျသေးဟု ပြောကြားခဲ့သည်။

    ထိုပြဿနာများက အသိပညာပေးသည့်လှုပ်ရှားမှု မရှိင်ခြင်းကြောင့်ဖြစ်သည်။ တန်းတူညီမျှမှုမရှိခြင်းက လူ့အဖွဲ့အစည်းတွင် အသားကျနေပြီး အမျိုးသမီးအများစုမှာ ၎င်းတို့ ခွဲခြားဆက်ဆံခံနေသည်ဆိုခြင်းကိုပင် မသိရှိကြ။ မပြီးဆုံးသေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုအလယ်တွင် အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်မှု ပေါ်ပေါက်လာခြင်းက ထိုအခြေအနေကို ရုပ်လုံးပေါ်လာစေခဲ့သည်။ အလုပ်လုပ်ကိုင်ရသည့်ကာလက ရေတို၊ သို့မဟုတ် နေ့စားဖြစ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားအခွင့်အရေး ဆောင်ရွက်ရမှုက ပိုများလေသည်။ အထည်ချုပ်စက်ရုံများကဲ့သို့ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း မရှိသောကြာင့် ထိုလုပ်ငန်းများတွင် ထိန်းချုပ်မှုလည်း နည်းသည်။

    woman 3

    ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးမစတင်ခင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုအောက်တွင် နိမ့်ပါးသည့်နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်မပြုသလို၊ အလုပ်သမားအခွင့်အရေးဆိုသည်မှာလည်း မကြားဖူးသည့် ကိစ္စမျိုးဖြစ်သည်။ အလုပ်သမားသမဂ္ဂများက ၎င်းတို့ကိုယ်တိုင် စနစ်တကျဖွဲ့စည်း ရပ်တည်ခြင်းမပြုမီကပင် ဆောက်လုပ်ရေးလုပ်ငန်းမှ အမျိုးသမီးများမှာ မအောင်မြင်သော ဆန္ဒပြမှုကို ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီး အလုပ်သမားတစ်စုက အလွန်လေးလံသည့် သံချောင်းများ သယ်ခိုင်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးမှာ အလုပ်မှ ထုတ်ပစ်ခြင်းခံခဲ့ရသည်။

    “အခု ကျွန်မတို့က ၂၀၁၆ ခုနှစ်ရောက်နေပြီ။ ဒါပေမယ့် ဘာမှ မထူးမခြားနားပါပဲ။ တိုးတက်မှုက တော်တော်လေးကို နှေးကွေးပါတယ်။ ဥပဒေအရ အမျိုးသမီးအလုပ်သမားတွေဟာ သူတို့အလုပ်လုပ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာပေါ့ပါးတဲ့အလုပ်တွေကိုသာ လုပ်ရမှာဖြစ်သလို၊ မီးမဖွားခင်နဲ့ မီးဖွားပြီးကာလမှာလည်း ခွင့်ပေးရမှာပါ။ ဒါပေမယ့် ဒါတွေက ဖြစ်မလာပါဘူး။ အမျိုးသမီးတွေဟာ တစ်ခါတစ်လေကျရင် သူတို့ရဲ့ အခွင့်အရေးကိုတောင် မသိကြပါဘူး” ဟု မမာမာဦးက ပြောကြားခဲ့သည်။

    သို့သော်လည်း မြန်မာလူ့အဖွဲ့အစည်းက အလျင်အမြန်ပင် ပြောင်းလဲနေသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ အသက် ၅ နှစ်မှ ၂၉ နှစ်အရွယ်ကြား မိန်းကလေးငယ်များမှာ အမျိုးသားများကဲ့သို့ပင် ပညာသင်ကြားနေကြသည်ကို တွေ့ခဲ့ရသည်။ အသက် ၁၆ နှစ်မှ ၁၉ နှစ်အရွယ်အကြား လူငယ်များတွင် အမျိုးသမီးများ၏ ပညာတတ်မှုမှာ သိသိသာသာပင် များပြားနေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျမှု မရှိခြင်းနှင့် ကလေးမွေးဖွားနှုန်း နည်းမှုမှာလည်း အရှေ့တောင်အာရှရှိ အခြားသောတိုင်းပြည်များ၏ ပျမ်းမျှနှုန်းထားအောက်တွင် ရှိသည်။

    အလုပ်အကိုင်နယ်ပယ်တွင်တော့ ကျား၊ မ တန်းတူညီမျှမှု ကွာဟချက်မှာ ကြီးထွားနေ၏။ အလုပ်အကိုင် လုပ်ကိုင်နိုင်သည့်အရွယ် အမျိုးသား ၁၀ ယောက်တွင် ၈ ယောက်မှာ အလုပ် ရှိကြပြီး၊ အမျိုးသမီးများတွင် ၄ ယောက်သာ အလုပ်ရှိကြသည်။ ထိုကဲ့သို့ကွာဟမှုတွင် အမျိုးသမီးများ လက်ထပ်ပြီးပါက အလုပ်မှထွက်မှုမှာလည်း အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်လေသည်။ ထိုကိစ္စက မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုအခွင့်အလမ်းအပေါ် ကြီးမားသည့် သက်ရောက်မှုရှိနိုင်သည့် ကိစ္စဖြစ်သည်။

    သို့ရာတွင် အလုပ်အကိုင်ရွေးချယ်ခွင့်မရှိခြင်းက မမင်းမင်းအတွက် ဆင်ခြေတော့မဟုတ်။ မြို့ကြီးတစ်ခု၏ ဆင်ခြေဖုံးတွင်နေသည့် သူမက လမ်းခင်းရာတွင်အလုပ်လုပ်ရန်အတွက် ရန်ကုန်သို့ ရောက်ရှိလာခြင်ဖြစ်သည်။ လက်တွင် ဘိလပ်မြေအိတ်တစ်အိတ်နှင့် ခေါင်းတွင် အင်္ကျီကို ထုံးချည်ထားသော သူမ၏ ပုံစံက အသက် ၃၀ ကျော်အရွယ်ဟုပင် ထင်ရလေသည်။

    “လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ကျွန်မ ဒီအလုပ်ကို လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပတ်မှာ ကျွန်မ လက်ထပ်ခဲ့တယ်။ ဒါပေမယ့် ဒီအလုပ်ကို ဆက်လုပ်သွားမှာပါ ကျွန်မ လုပ်နိုင်တာ တစ်ခြား ဘာမှ မရှိပါဘူး” ဟု သူမက ပြောခဲ့လေသည်။

    Ref: Guardian

    (The Guardian တွင်ဖော်ပြသည့် On the road with the women building Myanmar ဆောင်းပါးကို လေးမောင်မှ
    ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • အမေရိကန်မှကျားကန်ပေးထားရမယ့် မြန်မာ့အပြောင်းအလဲ

    အမေရိကန်မှကျားကန်ပေးထားရမယ့် မြန်မာ့အပြောင်းအလဲ

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆

    M-Media
    myanmar 1
    သမိုင်းမှတ်တိုင်ဖြစ်သော မြန်မာ့ရွေးကောက်ပွဲပုံရိပ်တစ်ခု

    – မြန်မာနိုင်ငံမှာ သမိုင်းဝင်နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် ခိုင်မာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးဖက် ထင်ရှားတဲ့အကူးအပြောင်းနဲ့ ကြံ့ခိုင်စွာ ကျော်ဖြတ်နေပါတယ်။ ဒီအပြောင်းအလဲအပေါ် ကိုယ်တွေ့သိမြင်သုံးသပ်နိုင်အောင်၊ ဒီထိုးဖောက်လှုပ်ရှားမှုအပေါ် အမေရိကန်အနေနဲ့ ဘယ်လိုဆက်လက်ကျားကန်ပေးရမလဲဆိုတာကို တိုင်းဆနိုင်အောင် ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တစ်ခုကို ကျွန်တော် ဦးဆောင်ပြီး ရောက်ရှိခဲ့ပါတယ်။

    နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အတိုက်အခံပါတီ NLD ဟာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၇၇ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီအောင်မြင်မှုဖြစ်ထွန်းလာဖို့ ဆယ်စုနှစ်များစွာကို ဒဏ်ရာတွေနဲ့ ကျော်ဖြတ်ခဲ့ကြရတာပါ။ ဗြိတိသျှလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ဒေါ်စုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ပြောင်းလဲမယ့်အစိုးရတစ်ရပ်ကို ဦးဆောင်နေစဉ် ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

    ကွန်မြူနစ်သူပုန်ထမှု၊ တိုင်းရင်းသားများရဲ့အုံကြွမှု၊ ဆင်းရဲနိမ့်ကျမှုတွေရဲ့ဂယက်ကြောင့် မြန်မာအရပ်သားအစိုးရဟာ ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ပြုတ်ကျခဲ့ရတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်နဲ့ ရာစုနှစ်တစ်ဝက်အထိ စိုးမိုးအုပ်ချုပ်တာခံခဲ့ရတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ပြင်းထန်ရက်စက်စွာဖြိုခွင်းပြီးနောက်ပိုင်း အမေရိကန်ရဲ့ပိတ်ဆို့မှုများရဲ့ဒဏ်ကို ခံစားခဲ့ရပြန်တယ်။

    မည်သို့ပင်ဖြစ်စေ လက်ရှိနှစ်များမှာတော့ နှောင့်နှေးတွန့်ဆုတ်နေသော်လည်း တစ်ဖြည်းဖြည်း ပွင့်လန်းလာမယ့်ခြေလှမ်းများ စတင်နေပါပြီ။ စစ်တပ်က သူ့ရဲ့ပါဝါကို ကာကွယ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အခိုင်အမာ ရေးဆွဲပြဋ္ဌာန်းထားတယ်။ ၂၀၁၀ ရွေးကောက်ပွဲက အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည့်တိုင် “စစ်တပ်ကြီးစိုးတဲ့ အရပ်သားအစိုးရ” တစ်ခုဖြစ်လာဖို့ အာဏာသိမ်းစစ်အစိုးရကိုယ်တိုင်က လိုလိုလားလား ဦးတည်လာတာကို တွေ့ခဲ့ရတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ အောင်မြင်မှုက ယခုနိုဝင်ဘာရွေးကောက်ပွဲမှာ သရဖူဆောင်းမယ့် အရိပ်နိမိတ် ဖြစ်ခဲ့တယ်။ လာမယ့်ရက်သတ္တပတ်ကနေစပြီး NLD ပါတီက လွှတ်တော်ကို ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ ဒေါ်စုကြည် သမ္မတနေရာမရစေအောင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ တားမြစ်ထားပေမယ့်လည်း အစိုးရသစ်အတွက် ထုံးတမ်းစဉ်လာမဟုတ်သောနည်းလမ်းများနဲ့ ထိထိရောက်ရောက်ဦးဆောင်မှု ပေးသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

    နောက်ဆုံးမှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲပြောင်းပေးခဲ့ရတာ ဘာကြောင့်ပါလဲ ? အဖြေဟာ အကြောင်းတရားတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ မြန်မာအာဏာပိုင်အများအပြားထံက ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ ကြားသိချက်အရတော့ စစ်တပ်ဟာ သူ့သြဇာကို တော်တော်များများ ထိန်းသိမ်းထားဆဲပဲဆိုတာ ကျွန်တော်တို့ နားလည်သွားပါတယ်။ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံနဲ့အတူ အခရာကျတဲ့ ၀န်ကြီးဋ္ဌာနများက စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တယ်။ ဒါ့အပြင် စစ်တပ်က အရပ်သားထိန်းချုပ်မှုကနေ အကျယ်တ၀င့် လက်ရှောင်ထားပါတယ်။

    သို့သော်လည်း စစ်တပ်က နှေးကွေးနေသော်ငြား ပါဝါကို လျှော့ချနေတာကတော့ အမှန်ပါပဲ။ NLD ပါတီက ရွေးချယ်တင်မြှောက်ခံအမတ်များစွာက အမေရိကန်ရဲ့ ပိတ်ဆို့မှုများကို တန်ဖိုးထားခဲ့ကြတယ်။ အဲ့ဒီပိတ်ဆို့မှုများက စစ်အစိုးရကို အထီးကျန်စေပြီး မြန်မာနိုင်ငံရဲ့အကျဉ်းအကြပ်အပေါ် မီးမောင်းထိုးပြနိုင်ခဲ့လို့ ဖြစ်ပါတယ်။

    အိမ်နီးချင်းများအပေါ်ထိန်းချုပ်ကိုင်တွယ်ဖို့ တရုတ်ပြည်ရဲ့ကြိုးပမ်းချက်ကလည်း မဖြစ်မနေ ထည့်တွက်ရမယ့်အချက်တစ်ခုပါ။ ဘေဂျင်းက မြန်မာကို လက်အောက်ခံပြည်နယ်တစ်ခုအလား ပိုပြီးဆက်ဆံလာတာကို တွေ့ရပါတယ်။ သူ့ရဲ့စီးပွားရေးအကျိုးအမြတ်အတွက် နိုင်ငံ့သယံဇာတများကို ထင်တိုင်းကြဲနေတယ်။ ဒါကြောင့် မြန်မာနိုင်ငံဗိုလ်ချုပ်များဟာ တရုတ်ပြည်ကို ပါဝါလွှဲပြောင်းအပ်နှင်းတာထက်စာရင် အရပ်သားအစိုးရနဲ့ အာဏာခွဲဝေလိုက်ခြင်းလမ်းကြောင်းကို နှစ်သက်ရွေးချယ်လိုက်ပုံရပါတယ်။ ရှေ့ဆက်ဆိုရရင် ဗီယက်နမ်နိုင်ငံရဲ့ တမဟုတ်ချင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု၊ အမေရိကန်နဲ့ နွေးထွေးရင်းနှီးတဲ့ဆက်ဆံရေးတွေကို သူတို့ တွေ့မြင်ခဲ့ရတဲ့အခါ “ငါတို့လည်း ဘာကြောင့် အဲ့လို မလုပ်နိုင်ရမှာလဲ” လို့ တွေးမိကြပါလိမ့်မယ်။ (တစ်ချိန်က ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ယှဉ်ရင် အဖက်ဖက်က မနှိုင်းသာအောင် နိမ့်ကျနေခဲ့လို့ပါပဲ)

    အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့တံခါးဖွင့်မှုကို ထောက်ခံကျားကန်ပေးမယ့် အကြောင်းတရားတွေ ရှိနေပါတယ်။ ပထမအချက်က – မြန်မာနိုင်ငံဟာ ဒေသတွင်း ပါဝါချိန်ခွင်လျှာ ထိန်းညှိရေးမှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်နေလို့ ဖြစ်ပါတယ်။ ထိပ်တန်းအာဏာပိုင်တစ်ဦးကလည်း “ကမ္ဘာ့အကြီးဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယအကြားမှာ မြန်မာက ထိပ်တိုက်မတွေ့စေအောင် ကြားခံနေရာမှာ တည်ရှိနေတဲ့တိုင်းပြည်တစ်ခု ဖြစ်နေတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာဟာ တရုတ်ပြည်အတွက် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းရာ ကုန်းတွင်းလမ်းကြောင်းကြီးတစ်ခုလည်း ဖြစ်နေပါတယ်။ အိန္ဒိယသမုဒ္ဒရာဟာ တရုတ်ရဲ့ခြေလှမ်းကျယ်မှုနဲ့ တွန်းအားကို တိုးမြင့်ပေးနိုင်အောင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် လောင်စာစွမ်းအင်စီးဆင်းရေးအတွက် အလွန်အရေးပါလှပါတယ်။ မြန်မာနိုင်ငံကို တရုတ်ဆန့်ကျင်သူဖြစ်လာဖို့ မျှော်လင့်မရတဲ့အတူ အမေရိကန်နဲ့အိန္ဒိယထောက်ခံသူဖြစ်လာဖို့သာ ကျွန်တော်တို့ ကူညီအားပေးသင့်ပါတယ်။

    နောက်တစ်ချက်က မြန်မာနိုင်ငံဟာ အကြမ်းဖက်ဆန့်ကျင်မှုစစ်ဆင်ရေးကဏ္ဍမှာ သော့ချက်လက်တွဲဖော်တစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှအကြားက လမ်းဆုံလမ်းခွသဖွယ် ဖြစ်နေလို့ပါပဲ။ မြန်မာနိုင်ငံအနေနဲ့ တစ်ယူသန်ဂျိဟာဒ်ဝါဒီများရဲ့ လှုပ်ရှားမှုတွေ၊ မူးယစ်ကုန်ကူးတွေကို ကန့်သတ်ကိုင်တွယ်ပေးနိုင်ပါလိမ့်မယ်။ မြန်မာ့စီးပွားရေးခေါင်းဆောင်တွေရဲ့အဆိုအရ သဘာဝသယံဇာတများကလည်း ဒီနိုင်ငံကို အားကောင်းတဲ့ ကုန်သွယ်တိုင်းပြည်တွေထဲ အပါအ၀င် ဖြစ်စေနိုင်ပါသေးတယ်။

    နောက်ဆုံးအားဖြင့် – မြန်မာနိုင်ငံဟာ အမေရိကန်အတွက် စိတ်ဓာတ်စစ်ဆင်ရေးကဏ္ဍမှာ သတင်းကောင်းဖြစ်စဉ်တစ်ရပ်ကို သယ်ဆောင်ပေးလာလို့ပါပဲ။ ဒေါ်စုကြည်အပေါ် နှစ်ဆတိုးထောက်ခံမှု၊ စီးပွားရေးပိတ်ဆို့မှု၊ သံတမန်ရေးရာဖိအားပေးမှုတွေက နှစ်ပေါင်း ၅၀ မတရားအုပ်ချုပ်ခြင်းနဲ့ ဖိနှိပ်ခြင်းကို လှည့်ပြောင်းသွားအောင် တွန်းအားပေး လမ်းကြောင်းပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ဟာ တစ်ဝက်တစ်ပျက်လမ်းကြောင်းအပေါ် လျှောက်လှမ်းဆဲဖြစ်နေသေးသော်လည်း အခြားသော မွန်းတည့်ချိန်မှာနေ၀င်သွားကြတဲ့ အာဏာရှင်နိုင်ငံများတွက် စံပြနမူနာတစ်ရပ်အဖြစ် စွမ်းဆောင်ပြနိုင်ပါလိမ့်မယ်။ အချုပ်အားဖြင့် ဒီနိုင်ငံဟာ ဒီမိုကရေစီထွန်းသစ်စတိုင်းပြည်ဆိုတာထက် တစ်ချိန်က မြောက်ကိုးရီးယားနဲ့ ပိုပြီး နီးစပ်ဆင်တူနေခဲ့တာကြောင့် ဖြစ်ပါတယ်။

    လုပ်စရာ အမြောက်အများကျန်နေသေးတာကတော့ သံသယ၀င်စရာ မရှိပါဘူး။ အုပ်ချုပ်ရေးအပိုင်းမှာ အခြေခံဥပဒေအကာအကွယ်ယူထားတဲ့ စစ်တပ်အပေါ် ပြတ်သားစွာ ကိုင်တွယ်မှု ပြုကိုပြုရဦးပါမယ်။ NLD အနေနဲ့ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့အဖွဲ့ကနေ အာဏာရပါတီအဖြစ် အသွင်ကူးပြောင်းလာနိုင်ဖို့ လိုအပ်နေတယ်။ ပြည်တွင်းတိုင်းရင်းသားပဋိပက္ခအရေးကလည်း ရတက်အေးရတဲ့ အခြေအနေမှာ ရှိမနေသေးပါဘူး၊ အပစ်အခတ်အဆုံးသတ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ထိန်းသိမ်းသွားဖို့က ပါတီရဲ့စွမ်းရည်ပေါ် များစွာ မူတည်နေပါတယ်။ ရိုဟင်ဂျာမွတ်စ်လင်မ်လူနည်းစုရဲ့ အနေအထားက ဆိုးရွားနေဆဲဖြစ်သလို ခွဲခြားချိုးနှိမ်ခြင်းကိုလည်း တရားဝင်ရော တရားမ၀င်ပါ ခံနေရဆဲဖြစ်တယ်။ အကျင့်ပျက်ခြစားမှုက အမြစ်တွယ်ပြီး ပြင်းထန်နေဆဲအပြင် စီးပွားရေးပြုပြင်ပြောင်းလဲဖို့ကလည်း လိုအပ်ချက်တစ်ရပ် ဖြစ်နေပြန်ပါတယ်။

    ဒီစိန်ခေါ်ချက်တွေနဲ့ပတ်သက်ပြီး မြန်မာကို ကူညီနိုင်ဖို့ဆိုရင် အမေရိကန်ဟာ ရေတိုအမြင်ရဲ့သားကောင် အဖြစ်ခံလို့မရပါဘူး။ ဒီသမိုင်းဝင်ရွေးကောက်ပွဲဟာ အလှည့်အပြောင်းလှပပြီး ကမ္ဘာသိဖြစ်ရပ်တစ်ခုပါ။ ဒီမိုကရေစီအင်အားစုတွေ အားကောင်းဖို့ ကျားကုတ်ကျားခဲ လုပ်ဆောင်နေစရာ မလိုတော့ပါဘူး။ မြန်မာပြည်ထဲက အဲ့ဒီအရှိန်အ၀ါကိုသာ အမေရိကန်က ဆက်လက် အရှိန်မြှင့်တင်ပေးသွားရမှာဖြစ်ပါတယ်။ အထင်ကရဖြစ်တဲ့အရေးအရာများအပေါ်
    ကျစ်ကျစ်လစ်လစ် တိုးတက်လာစေဖို့ ကျန်ရှိနေဆဲ အမေရိကန်ပိတ်ဆို့မှုများ ဖယ်ရှားရေးနဲ့စပ်လျဉ်းလို့ ကျွန်တော်တို့ဟာ အစိုးရသစ်နဲ့ရော စစ်တပ်နဲ့ပါ လက်တွဲလုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဆက်လက်ခွဲခြားချိုးနှိမ်မှုထောင်ချောက်ထဲက လုံခြုံရေးကိစ္စ၊ ကျင့်ဝတ်ကိစ္စများကို သိနားလည်အောင် ပြုလုပ်ပေးရပါမယ်။ နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြန်မာပြည်ထဲ ရောက်လာအောင် အားပေးဖော်ဆောင်ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာနဲ့ နည်းပညာဆိုင်ရာတွေကို အထောက်အကူရရှိဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်ပါတယ်။

    မြောက်များစွာသော NLD ရဲ့ ရွေးချယ်ခံအမတ်တွေဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ။ “ခွင့်လွှတ်ပါ၊ သို့သော် မမေ့ပျောက်လိုက်နဲ့” ဆိုတဲ့ အဆိုအပေါ် သူတို့က စောင့်ထိန်းကျင့်သုံးသွားမှာဖြစ်ကြောင်း ကျွန်တော်တို့ကို ပြောပြပါတယ်။ ဒီထူးခြားအတွေးအခေါ်ဟာ မြန်မာနိုင်ငံထဲက ပြန်လည်ရင်ကြားစေ့ရေးအတွက် အကောင်းဆုံးမျှော်လင့်ချက် ဖြစ်ရုံသာမက အမေရိကန်မူဝါဒအတွက် လမ်းညွှန်တစ်ရပ်လည်း ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    Ref : CNN

    (Tom Cotton ၏ Why U.S should back change in Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)