News @ M-Media

Category: ဆောင်းပါး

  • ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြင်သစ် အာဏာပိုင်တွေ ကြို ပြီးသိခဲ့

    ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်သူတွေကို ပြင်သစ် အာဏာပိုင်တွေ ကြို ပြီးသိခဲ့

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    103169102-RTS6ZSC.530x298
    ကနဦးပိုင်း ခန့်မှန်းသတင်းများအရ လူတစ်ရာကျော်သေဆုံးပြီး ရာချီဒဏ်ရာရစေခဲ့တဲ့ မကြုံစဖူး ပဲရစ်မြို့လယ်တိုက်ခိုက်မှု မတိုင်မီ ပြင်သစ်လုံခြုံရေးအေးဂျင့်များဟာ တိုက်ခိုက်မှုထဲပါဝင်တဲ့ အကြမ်းဖက်သမားတွေကို အသေအချာသိရှိထားပြီး ဖြစ်နေပါတယ်။

    UK Daily Mail ရဲ့ဆောင်းပါး Hunt for the Isis Killers မှာ အကြမ်းဖက်သမား တစ်ဦးက ပြင်သစ်နိုင်ငံသားဖြစ်ပြီး၊ နောက်ထပ်နှစ်ဦး က ဆီးရီးယားနဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်တယ်လို့ အာဏာပိုင်တွေ ဆိုကြောင်း အောက်ပါအတိုင်း ထုတ်ဖော်ထားပါတယ်။

    နယ်ခံသတင်းများအရ ယမန်နေ့ည ပါရီတိုက်ခိုက်မှုထဲပါဝင်တဲ့ အကြမ်းဖက်သမားတစ်ဦးက တရားဝင် ပါရီမြို့သားတစ်ဦးဖြစ်ပါတယ်။ Bataclan မှာ ပစ်သတ်ခံရသူရဲ့ လက်ဗွေကို စစ်ဆေးကြည့်တဲ့အခါ Courcouronnes နယ်မြေထဲက တောင်ပိုင်းပါရီသား တစ်ဦး ဖြစ်နေကြောင်း တွေ့ခဲ့ရတယ်။

    အဲ့ဒီလူဟာ အသက် ၃၀ ၀န်းကျင်ရှိပြီး ယမန်နေ့ညတိုက်ခိုက်မှု မတိုင်မှီကတည်းက ပြင်သစ်အကြမ်းဖက်ဆန့်ကျင်ရေး အရာရှိများနဲ့ သိကျွမ်းနှင့်ပြီးသားလို့ ပြင်သစ်သတင်းများက ဆိုပါတယ်။

    အလားတူစွာပဲ လူ ၁၂ ဦးသေဆုံးခဲ့တဲ့ ၂၀၁၅ ဇန်န၀ါရီ ချာလီဟက်ဘို တိုက်ခိုက်မှုကိုကြည့်ရင် ပြင်သစ်လုံခြုံရေးအေးဂျင့်များက အဲ့ဒီဖြစ်ရပ်မတိုင်မီ ကျူးလွန်ခဲ့ကြသူတွေကို ဆယ်စုနှစ်တစ်ခုစာနီးပါး ခြေရာခံနေခဲ့တယ်။ အဲ့ဒီထဲက အကြမ်းဖက်သမားတစ်ဦးကို အနည်းဆုံး ၂ ကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြတယ်။ တစ်ကြိမ် အကျဉ်းချခဲ့ဖူးပါတယ်။ အဲ့ဒီထဲကနှစ်ဦးကို သူတို့သင်တန်းတက်ခဲ့ကြတဲ့၊ လက်တွဲတိုက်ခိုက်ဖူးတဲ့ နာမည်ကြီး အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နိုင်ငံရပ်ခြား ဆီးရီးယားနယ်ထဲအထိ သွားရောက်ခြေရာ ခံခဲ့ကြတယ်။ ဒါဟာ ပြင်သစ်နယ်ကိုပြန်ဝင်လာတဲ့ သူတို့ကို နောက်ထပ်ခြေရာမခံမီက အဖြစ်အပျက်ပါ။ အလွန်အင်မတန် အံ့သြစရာကောင်းတာကတော့ ပြင်သစ်လုံခြုံရေးအေးဂျင့်များက အဲ့ဒီအကြမ်းဖက်သမားများကို ဆယ်စုနှစ်တစ်ခုစာ ခြေရာခံ လိုက်ခဲ့ပြီးနောက်မှာမှ အမှုကိုပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ် ဆိုတာပါပဲ။ သို့အားဖြင့် အကြမ်းဖက်သမားများအဖို့ သူတို့ရဲ့ နောက်ဆုံးအစီအစဉ်ကြီး အထမြောက်အောင် လုပ်ဆောင်ဖို့အတွက် အချိန်လုံလုံလောက်လောက် ရရှိသွားပါတယ်။

    စစ်ဆင်ခြင်းနဲ့ ထောက်လှမ်းခြင်းက အရာမရောက်
    ————————————————-
    ချာလီဟက်ဘို တိုက်ခိုက်မှုနဲ့ ပုံစံတူမြင်ကွင်းမျိုးကို ယခုတဖန် ထွက်ပေါ်ကြုံဆုံရပြန်ပါပြီ။ အစွန်းရောက်တွေကို ပြင်သစ် လုံခြုံရေးအေးဂျင့်များက သိထားပြီးကြသော်လည်း သူတို့ကို ကြိုတင် မတားဆီးနိုင်ခဲ့ကြပါဘူး။ လက်ရှိဥပဒေပြဋ္ဌာန်းချက်များက လုံခြုံရေးအေးဂျင့်တွေကို လုပ်ပိုင်ခွင့်များစွာ ထပ်တိုးပေးအပ်ထားသည့်တိုင် ခုလို အဆင့်မြင့်တိုက်ခိုက်မှုသာ ထပ်မံဖြစ်ပွားလာခဲ့တယ်။ ထိုးဖောက်ထောက်လှမ်းစုံစမ်းမှုဖြစ်စေ ပြည်ပစစ်ဆင်မှုဖြစ်စေ အကြမ်းဖက်ပြဿနာကို မဖြိုလှဲနိုင်ဘူးဆိုတာ ဒီအချက်က ထင်ရှားလာစေ ပါတယ်။ ပြင်သစ်အစိုးရ ကိုယ်တိုင်က အကြမ်းဖက်မှု ရပ်တန့်ရေးကို တမင်မပြုလုပ်လေသလားလို့ ယူဆစရာပါ။ ပြဿနာက ပြင်သစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေ မဟုတ်ပါဘူး။ အန္တရာယ်ပေးနိုင်သူတွေဟာ ပြင်သစ်ထဲမှာပဲ ရှိနေပြီး သူတို့ကို ပြင်သစ် လုံခြုံရေးအေဂျင်စီတွေက တောက်လျှောက်ခြေရာခံနေခဲ့ပြီးသားဖြစ်နေတယ်။ ဆီးရီးယားဟာလည်း ပြဿနာ မဟုတ်ပါဘူး။ အကြမ်းဖက်သူတွေက အဲ့ဒီကိုသွားပြီး ကြောက်စရာ အတတ်တွေ ရယူခဲ့ကြတယ်၊ ပြင်သစ်ပြန်မလာခင် ပုံသွင်းခံရတယ်။ ဒါကိုလည်း ပြင်သစ်လုံခြုံရေးအေးဂျင့်များက ခြေရာခံနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ တကယ့်ပြဿနာကတော့ အန္တရာယ်ပေးနိုင်တဲ့ ဒီလူတွေတစ်ဦးချင်းရဲ့ ဘ၀နေထိုင်မှု၊ အလုပ်အကိုင် နဲ့ ပြင်သစ်လူ့အဖွဲ့အစည်းထဲ ဖျက်ဆီးရေးကြံစည်ချက်တွေကို လုံခြုံရေးအေးဂျင့်တွေက အတိုင်းသား သိနေပါလျက် ဘာဆိုဘာမှ မပြုလုပ် မဆောင်ရွက်ခြင်းပါပဲ။ သိသိကြီးနဲ့ လွှတ်ထားခဲ့ကြတာပါ။ သိပ်မကြာတော့တဲ့အချိန်မှာ ပြင်သစ်အစိုးရ (နဲ့) ဆီးရီးယားအပေါ်စစ်ဆင်နေကြတဲ့ သူ့ရဲ့အလိုတူအလိုအသီးသီးက အရေးယူမှုအစီအစဉ်တစ်ရပ်ကို အဆိုပြုကြပါလိမ့်မယ်၊ ပြင်သစ်နဲ့ဥရောပတစ်ခွင်မှာ အကြမ်းဖက်မှုအန္တရာယ်ရှိကြောင်း သူတို့က ယိုးမယ်ဖွဲ့ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်အရှိတရားမှာ ဒီပြဿနာက ပြင်သစ်အစိုးရကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ပြဿနာအစစ်ကတော့ ပြင်သစ်အစိုးရကိုယ်တိုင်ပါပဲဆိုတာ ရှင်းလင်းထင်ရှားနေပါတယ်။

    ပဲရစ်တိုက်ခိုက်မှုနောက်ကွယ်မှာ ISIS ဆိုရင် ISIS နောက်ကွယ်မှာက ဘယ်သူလဲ ?
    —————————————————————-
    အစ္စလာမ့်နိုင်ငံတော်(ထူထောင်ရေးအဖွဲ့) လို့အမည်ခံထားတဲ့ ISIS ကို ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က တရားခံလို့ ဆိုကြတယ်။ ဒါဆိုရင် ISIS နောက်ကွယ်မှာ ဘယ်သူတွေရှိနေကြသလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒဏ္ဍာရီဆန်လှတဲ့ စွမ်းရည်တွေပိုင်ဆိုင်ထားပါတယ်ဆိုတဲ့အကြောင်း၊ (ယခင်က) အီရန် နဲ့ (ယခုမှာ) ရုရှားရဲ့အကူအညီကိုယူပြီး ဆီးရီးယား၊ အီရတ်နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာတို့အပေါ် ရေရှည်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်စွမ်းရှိကြောင်း အနောက်တိုင်းက ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြတယ်၊ ဒါကြောင့် ISIS ဟာ မဟာအင်အားကြီးနိုင်ငံများရဲ့ အသုံးတော်ခံအုပ်စုဖြစ်ကြောင်း ထင်ရှားပါတယ်။

    ပူလစ်ဇာဆုရှင် စာနယ်ဇင်းသမား Seymour Hersh ရဲ့ တွေ့ဆုံမေးမြန်းမှုများအရ ISIS ဟာ ၂၀၀၇ ခုနှစ်က စတင်ခေါင်းပြူလာတယ်လို့ စာမျက်နှာ ၉ မျက်နှာပါ သူ့ရဲ့ The Rediredtion အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ ဂိုဏ်းကွဲအစွန်းရောက်တွေ(အလ်ကိုင်ဒါ အုပ်စုတွေ)ကို အထူးအားဖြည့်အသုံးချပြီး ဆီးရီးယားမှာ မတည်မငြိမ်ဖြစ်စေဖို့နဲ့ ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ အစီအစဉ်ကြီးတစ်ရပ် ရှိခဲ့ကြောင်း အဲ့ဒီ အင်တာဗျူးများက ဖော်ထုတ်လှစ်ပြလိုက်ပါတယ်။ မိမိရဲ့ အခိုင်မာဆုံး မဟာမိတ်ဟောင်းကြီး ဆော်ဒီအာရေဗျကတဆင့် အလ်ကိုင်ဒါတို့ဆီ ငွေကြေးနဲ့လက်နက်တွေကို အမေရိကန်က တိတ်တဆိတ် လွှဲပြောင်းပံ့ပိုးပေးခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ် ထောက်လှမ်းရေးအေဂျင်စီဋ္ဌာန Department of Intelligence Angency (DIA) ရဲ့အစီရင်ခံစာမူကြမ်းမှာ ဒီအချက်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။

    “အခြေအနေအရှုပ်အထွးကို ဖြည်ချလိုတယ်ဆိုရင် လုပ်ဆောင်နိုင်တဲ့ ဖြစ်နိုင်ချေတစ်ရပ်ရှိပါတယ်။ ဆီးရီးယားအရှေ့ပိုင်း (Hasaka နဲ့ Der Zor) မှာ အတိအလင်းကြေငြာတဲ့ သို့မဟုတ် ကြိတ်ပုန်း စလဖီဝါဒီအုပ်စုကို ထူထောင်ဖို့ပါပဲ။ ဒါဟာ ဆီးရီးယားအစိုးရကို အထီးကျန်စေရေးအတွက် အတိုက်အခံတွေလိုနေတဲ့ အင်အားစုတွေကို အတိအကျ အားဖြည့်ထောက်ကူပေးရာ ရောက်စေတယ်။ အီရန်နဲ့အီရတ်မှာ ရှီအာတွေ ခြေလှမ်းကျယ်လာရေး မဟာဗျူဟာ ချမှတ်နေတယ်လို့ ထင်မှတ်လာအောင် လုပ်ရပါမယ်”။

    “အားဖြည့်ထောက်ကူပေးမယ့်အင်အားစုများ” ဆိုတာ – အတိုက်အခံတွေကိုထောက်ခံတဲ့ အနောက်တိုင်း၊ ပင်လယ်ကွေ့နိုင်ငံများ၊ တူရကီနိုင်ငံ (နဲ့) အာဏာရအုပ်စုကိုထောက်ခံတဲ့ ရုရှား၊ တရုတ်၊ အီရန်တို့ ဖြစ်တဲ့အကြောင်း DIA အစီရင်ခံစာက တိတိကျကျ စာရင်းချပြထားပါတယ်။

    ဒီနေ့ထိ ဆီးရီးယားပဋိပက္ခကြားက ဂိုဏ်းကွဲအုပ်စုတွေရဲ့ထိန်းချုပ်နယ်မြေတွေကို အသေးစိပ်ဖော်ပြထားတဲ့ မည်သည့်ကမ္ဘာ့မြေပုံကိုမဆို ယူကြည့်လိုက်ရင် – ISIS ဆိုတာ နိုင်ငံတစ်ခုဆိုတဲ့အဆင့် လုံးဝမဟုတ်ပါဘဲ နေတိုးအဖွဲ့ဝင် တူရကီပိုင်နက်ကနေ ပြူထွက်လာတဲ့ အဆက်မပြတ် ကျူးကျော်စီးနင်းမှုတစ်ရပ် ဖြစ်နေကြောင်း ရှင်းလင်းသွားပါလိမ့်မယ်။ ယခုအချိန်မှာ မြစ်ကြောင်းကျုံ့နေပြီးသား ယူဖရေးတီးစ်မြစ်အနောက်ဖက်ကမ်းရိုးတန်းနဲ့ ဆီးရီးယားမြို့တော် Ad Dana အကြားရှိ တူရကီ-ဆီးရီးယားနယ်စပ်ကို ဖြတ်ကျော်ထားတဲ့ တူရကီရဲ့ကနဦးလမ်းကြောကတဆင့် ဖြတ်သန်းဝင်ရောက်လာတာဖြစ်တယ်။

    2300syria-ISIS-7-27-15
    တူရကီ-ဆီးရီးယားနယ်စပ်ဒေသကနေ တိုက်ရိုက်ဆန်တက်လာတဲ့လမ်းကြောတစ်လျှောက်က ISIS ထိန်းချုပ် နယ်မြေတွေကို မီးခိုးရောင်နဲ့ပြသထားပါတယ်။ လက်ရှိချိန်မှာ ဒီလမ်းကြော၊ အလက်ပိုမြို့ ၀န်းကျင်တစ်ခွင်နဲ့ ယူဖရေးတီးစ်မြစ် အနောက်ဖက် ကမ်းမြှောင်တစ်လျှောက်ကို ဆီးရီးယား-ရုရှားပူးပေါင်းတပ်ဖွဲ့က အနိုင်ရပြီး ဖြတ်တောက် ပိတ်ဆို့ထားပါတယ်။ ယူဖရေးတီးစ်မြစ်အရှေ့ဖက်ဒေသများကတော့ ကာ့ဒ်နဲ့ ဆီးရီးယားတပ်ဖွဲ့များက ထိန်းချုပ် ထားပြီးသားဖြစ်တယ်။ ISIS ရဲ့အစောပိုင်း အထောက်အပံ့ကို ပေးကူနေတာ ဟာ နေတိုးအုပ်စုပါ။ သို့သော် နေတိုး အုပ်စုဝင်နိုင်ငံ တစ်ခုကို တိုက်ခိုက်တဲ့နောက်ကွယ်တရားခံက ISIS ပါလို့ ဆိုထားကြပါတယ်။

    ဆီးရီးယားအစိုးရနဲ့ နောက်ခံအင်အားစုကို ဖယ်ထုတ်ပစ်ဖို့ အနောက်တိုင်းရဲ့အားထုတ်မှု၊ သူတို့တွန်းထိုးလိုက်တဲ့ ဇာတ်ခင်းမှုဟာ ဆီးရီးယား-ရုရှားပူးပေါင်းစစ်ဆင်ရေးတွေကြောင့် ဒီလမ်းကြောတည်ငြိမ်ကျဉ်းမြောင်းလာတာနဲ့အမျှ ယခုချိန်မှာ ပြုတ်ပြုတ်ပြုန်းနေရပြီဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ ဆီးရီးယားတပ်ဖွဲ့များက နှစ်များစွာ ပိတ်ဆို့ခံထားရတဲ့ ကွေး တပ်မတော်လေဆိပ်ကို အခိုင်အမာ ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်။ လေဆိပ်ဟာ ယူဖရေးတီးစ်မြစ်ကနေ မိုင် ၂၀ မျှသာ ကွာဝေးပါတယ်။ ရုရှားလေကြောင်းပစ်အကာအကွယ်ရထားတဲ့အတွက် ဆီးရီးယားတပ်ဖွဲ့များဟာ ဆီးရီးယားကမ်းခြေတစ်လျှောက် တူရကီနယ်စပ်ဖက်ကို ဆန်တက်ရှင်းလင်းနိုင်ခဲ့ပြီး၊ ISIS  တို့ ဆီးရီးယားအတွင်းပိုင်းထိ ထိုးဖောက်ချက်ကို ဖြတ်တောက်ပစ်မယ့် အကျစ်လစ်ဆုံးတပ်ဦး အသွင်ဆောင်လာပါပြီ။

    မြောက်ပိုင်းက ISIS ရဲ့ အားဖြည့်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်မယ်ဆိုရင် ဒီအဖွဲ့ရဲ့ ဇွတ်တိုးတိုက်ခိုက်မှုစွမ်းရည် ချည့်နဲ့သွားစေမှာဖြစ်တယ်။ အနောက်တိုင်းရဲ့ အစိုးရပြောင်းလဲရေးအခွင့်အလမ်းတံခါးဟာလည်း အလျင်အမြန် ပိတ်သွားပါလိမ့်မယ်။ ဒီတံခါးမပိတ်သွားအောင် ကာကွယ်သောအားဖြင့်  နောက်ဆုံးခံစစ်အနေနဲ့ ပြင်သစ်အစိုးရက မိမိရဲ့ပြည်သူပြည်သားများကိုပင်လျှင် ထိုးကျွေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    အမှန်အားဖြင့် ပြင်သစ်နိုင်ငံဟာ ချာလီဟက်ဘို တိုက်ခိုက်သူများကို သိခဲ့တယ်၊ လတ်တစ်လော ပါရီတိုက်ခိုက်မှုမှာ ပါဝင်သူတွေကိုလည်း ရှေးဦး မဆွကတည်းက သိခဲ့တယ်။ သူတို့ရဲ့အစီအမံတွေ အကောင်အထည်ဖော်ဖို့ အချိန်ကောင်းစောင့်နေခဲ့တာကိုလည်း သိထားနိုင်ချေ ရှိပါတယ်။ သိပါလျက်နဲ့ ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေခဲ့ကြတယ်။ ရှေ့ဆက်ဆိုရရင် ပြင်သစ်အစိုးရဟာ နိုင်ငံ့လုံခြုံရေးကို ထိန်းသိမ်းမယ့်အစား ဒါကိုပဲ လက်နက်အဖြစ် အသုံးချဖို့ ရွေးချယ်ခဲ့ကြတယ်။ လူထုရဲ့အမြင်ကိုဆန့်ကျင်ပြီး မိမိတို့ရဲ့ ပြည်ပရေးရာပထ၀ီနိုင်ငံရေးအစီအစဉ်မှာ အကျိုးအမြတ်ရဖို့ပဲ ကြည့်ခဲ့ကြပါတယ်။

    တကယ်လို့ ပြင်သစ်ပြည်သူများအနေနဲ့ မိမိတို့ပိုင်နက်အတွင်း အဖန်တလဲလဲ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိသူတွေကို အပြင်းစား တွန်းလှန်လိုတယ်ဆိုရင် …….
    ISIS ကို ဒီကနေ့တိုင်အောင် အလျဉ်မပြတ် ကူညီနေပြီး မြင့်တက်ခေါင်းထောင်လာစေတဲ့ – တိုက်ခိုက်မှုကို သိထားပြီး အလျဉ်းမတားဆီးခဲ့တဲ့ ဒီလူတစ်စုတည်းအပေါ် တွန်းလှန်မှုနဲ့ စတင်လိုက်ရမှာဖြစ်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxx

    Tony Cartalucci ၏ CONFIRMED: French Government Knew Extremists BEFORE Paris Terrorist Attack ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
    Ref : Globlal Research

  • အကြီးအကျယ်ရှုံးခဲ့တဲ့ ဒေါက်တာနေဇင်လတ် ပါတီ ရှေ့ခြေလှမ်း ဘာလဲ၊ ဘယ်လဲ ?

    အကြီးအကျယ်ရှုံးခဲ့တဲ့ ဒေါက်တာနေဇင်လတ် ပါတီ ရှေ့ခြေလှမ်း ဘာလဲ၊ ဘယ်လဲ ?

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၅
    M-Media
    12096419_556765344472056_5006139340398247684_n (1)
    ဇူလိုင်လအတွင်း နိုင်ငံရေးမြင်ကွင်းပေါ် ရောက်လာတဲ့ အမျိုးသားတိုးတက်ရေးပါတီ NDP တင်သွင်းသော နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းမှာ ၃၅၄ ဦးရှိထိ ရှိနေကြောင်း၊ ကိုယ်စားလှယ်လောင်းဦးရေမှာ စတုတ္ထ အများဆုံးဖြစ်သွားကြောင်း လူအများမှ အံ့သြစဖွယ် တွေ့လိုက်ရသည်။

    သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်း ဦးနေဇင်လတ် တည်ထောင်သည့် NDP ပါတီ အမှတ်တံဆိပ်၏ ကဒေါင်းပုံသည် ၎င်းပါတီ ကိုယ်စားလှယ်ဝင်များ နိုင်ငံအ၀ှမ်း မဲဆွယ်စဉ်က ထင်ရှားသော အမှတ်အသားထဲ အပါအ၀င်ဖြစ်ခဲ့သည်။ ထိုပါတီ၏ လှုံ့ဆော်မှုဖြစ်သော အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများအား ထောက်ခံကာကွယ်သွားရေးကို အသံမြှင့်တင်ခဲ့ကြပြီး၊ စည်းရုံးရေးဆင်းချိန်က ရှေးရိုးစွဲဗုဒ္ဓဘာသာ သံဃာများ တက်ရောက်ခဲ့ကြသည်။

    သို့သော် နိုဝင်ဘာ ၈ ရက်မှစတင်ကာ ထိုပါတီ၏မည်သည့်အသံကိုမျှ မကြားရတော့။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမတ်နေရာ အများအပြား သိမ်းပိုက်ရရှိလာသည်တွင် NDP မှာ ရှုံးချေစိုက်လာတော့၏။

    ပါတီအနေနှင့် ယခုနှစ်ရွေးကောက်ပွဲတွင် မဲအသာရရေးကို ဦးတည်ခဲ့ခြင်း အလျဉ်းမရှိပါဟု NDP ၏လက်ရှိအကြံပေးအဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း ဦးခင်မောင်ဇော်က ဆိုသည်။

    “ကျွန်တော်တို့ မရှုံးခဲ့ပါဘူး။ ကျွန်တော်တို့ အတွက် အချက်အလက် အများအပြားရရှိခဲ့ပြီး အခုဆိုရင် လာမယ့်ငါးနှစ်အတွက် ဘယ်လိုရှေ့ဆက်ရမယ် ဆိုတာ ပိုမို ရှင်းလင်းသွားစေပါတယ်။ ကျွန်တော်တို့ရဲ့ဦးတည်ပစ်မှတ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်”။

    ပါတီဦးဆောင်သူ ဦးနေဇင်လတ်သည် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းက သူထောက်ပြသည့် အဆိုအား ထောက်ခံလျက်ရှိသည်။

    ပါတီကိုယ်စားလှယ်လောင်း ၃၅၄ ဦးအနက် တစ်ဝက်ခန့်သည် ဦနေဇင်လတ်၏ School of Peace, Democracy and Development မှ ကျောင်းသားဟောင်းများဖြစ်သည်။ အဆိုပါကျောင်း၌ တက်ရောက်သူဦးရေမှာ ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုကျောင်းသည် ဦးနေဇင်လတ်ကိုယ်တိုင် ပါဝင်လုပ်ကိုင်နေသော မြန်မာ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဋ္ဌာန၊ ဗျူဟာနှင့်နိုင်ငံတကာ လေ့လာရေး ကဏ္ဍနှင့် တစ်စိတ် တစ်ဒေသအားဖြင့် သွယ်ဝိုက်ချိတ်ဆက်လျက်ရှိသည်။

    ပညာရှင်များ၏ အခန်းကဏ္ဍ၊ လိုက်လျောညီထွေအံဝင်စေမည့် စီးပွားရေးမူဝါဒများ၊ ရေရှည်ဖွံ့ဖြိုးရေး အစီအမံများသည် နိုင်ငံ့ အနာဂတ် အတွက် အရေးပါကြောင်း NDP မှ လှုံ့ဆော်အားပေးထားသည်။ ၎င်းပါတီသည် NLD နှင့် USDP တို့အကြားရှိ လစ်ဟာချက်ကို ဖြည့်စွမ်းပေးမည့် တတိယအုပ်စုဝင်အဖြစ် ပုံဖော်ထား၏။

    အစိုးရနှင့် လက်တွဲလုပ်ဆောင်နေသည့် NGO အဖွဲ့ Myanmar Egress ၏ ဆရာဟောင်းတစ်ဦးဖြစ်သူ ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးပိုက်တင်က မိမိ၏ တပည့်ဟောင်း အချို့ကို ပါတီသို့ခေါ်သွင်းခဲ့သည်။ ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင် အရွေးခံခဲ့သော ဒေါ်ယုယုခိုင်သည်လည်း ထိုအုပ်စုအနက်မှ ဖြစ်သည်။ သူမ၏ပါတီသည် နေရာ တစ်ခုမျှ အနိုင်မရကြောင်း နားလည်သွားသည့်အခါ သူမသည် NLD ကို ရှုံးနိမ့်ခြင်းမဟုတ်၊ ပါတီ ခေါင်းဆောင်ကို ရှုံးနိမ့်သွားခြင်းသာဖြစ်၏ ဟု မိမိဖာသာ နှစ်သိမ့်စကား ဆိုခဲ့သည်။

    “လူတိုင်းက အမှတ်တံဆိပ်တစ်ခုအပေါ် လှုပ်ရှားနေကြတာပါပဲ။ ဒါကြောင့် ကျွန်မဟာ အကောင်းဆုံးအရှုံးသမားတစ်ဦး ဖြစ်ပါတယ်”။

    အာဏာရပါတီကိုဖြစ်စေ အတိုက်အခံပါတီကိုဖြစ်စေ မနှစ်သက်သော မဲဆန္ဒရှင်များအား “တတိယလမ်းကြောင်း” ဖြင့် ခရီးဆက်စေရန် ရည်ရွယ်ချက်ဖြင့် ပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း NDP အဖွဲ့ဝင်များက အခိုင်အမာဆိုကြ၏။

    ပါတီမှတ်ပုံတင်စဉ် ဧပြီလက ဦးနေဇင်လတ်သည် NDP ပါတီအား ဦးဆောင်ရန် သမ္မတ အကြံပေးရာထူးမှ နှုတ်ထွက်ခဲ့သည်။ သို့သော် သမ္မတဖြစ်စေ၊ စစ်တပ်ဖြစ်စေ USDP မှခွာလျှင် သို့မဟုတ် ထိန်းချုပ်မှု လက်လွှတ်လိုက်ရလျှင် သူတို့အတွက် ကျားကန်ပေးမည့် ယန္တရားအဖြစ် ထိုပါတီကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ကောလဟလများ ရှိနေခဲ့သည်။

    ထိုအခိုက်မှာပင် သမ္မတဦးသိန်းစိန်၊ USDP အဖွဲ့ဝင်အချို့၊ ပြည်ထောင်စုလွှတ်တော်အကြီးအမှူး သူရဦးရွှေမန်းတို့အကြား USDP ထိန်းချုပ်ရေး အတွက် အတွင်းပိုင်း အာဏာအားပြိုင်မှု ဖြစ်ပွားခဲ့သည်။

    “ကျွန်တော်တို့ဟာ တတိယ(ကြားနေ)အုပ်စုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဖက်ကိုမှ မယိမ်းပါဘူး။ ဒါပေမယ့် USDP က နှုတ်ထွက်လာသူများကတော့ ကျွန်တော်တို့ကို ဦးသိန်းစိန်ရဲ့အစီအမံတစ်ရပ်လို့ ယုံကြည်နေကြတယ်” ဟု ဦးခင်မောင်ဇော်က ပြောကြားသည်။ တစ်ခါ သူရဦးရွှေမန်းသည် သြဂုတ်လအတွင်း ပါတီခေါင်းဆောင်မှ ဖယ်ရှားခံရပြီးကတည်းက NDP နှင့် USDP တို့၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ၀န်ခံခဲ့သည်။

    ပါတီထူထောင်သူများသည် USDP အတွင်း တင်းမာမှုများကို တွေ့မြင်ပြီး မိမိတို့အား အစိုးရမှ ကျားကန်ပေးလိုပေးငြား အိပ်မက်မက်နေသူများဖြစ်သည်ဟု ၁၉၈၈ အရေးအခင်းပြီးနောက် ပြည်ပ၌ ၂၄ နှစ်တိမ်းရှောင်ခဲ့သော ကာလရှည်မြန်မာ့ အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ဝေဖန်လိုက်သည်။

    ၎င်းသည် သူတို့၏အစီအမံ အမှန်ဖြစ်ခဲ့ပါက ထိုအစီအစဉ်ကျရှုံးသွားလေကြောင်း ထင်ရှားစွာ ပေါ်လွင်လာပေသည်။ USDP မှလည်းကောင်း၊ သမ္မတရုံးမှလည်းကောင်း မိမိတို့ကို သံသယဖြင့် ဆက်ဆံခဲ့ကြသည်ဟု ပါတီဝင်များက ဆိုသည်။ ဦးအောင်သူငြိမ်း၏အဆိုအရ ၎င်းတို့၏ အတွေးအကြံ အလုပ်မဖြစ်သည်ကို ဤအချက်က ပြသနေလေသည်။

    မြန်မာတောင်သူလယ်သမားများ တိုးတက်ဖွံ့ဖြိုးရေး ပါတီအား ၎င်း၏မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအတွက် ရံပုံငွေထောက်ပံ့ပေးသည် အထိ USDP မှ ပြုလုပ်ခဲ့သည်ဟု NDP ပါတီဝင်များက စွပ်စွဲပြောကြားကြသည်။

    ၎င်းမြန်မာတောင်သူလယ်သမားများ တိုးတက်ဖွံ့ဖြိုးရေးပါတီသည်လည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ခါတော်မှီ ထွက်လာသည့် နိုင်ငံရေးအင်အားစုတစ်ရပ် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၆၈ ဦးဖြင့် ကိုယ်စားလှယ်လောင်းဦးရေ ပဉ္စမအများဆုံး ဖြစ်ခဲ့သည်။

    မိမိတို့ပါတီ ရှုံးနိမ့်ရသည့် အဓိကအကြောင်းရင်းမှာ ပုံဟန်သစ်ဖြင့်ခွဲထွက်လာခြင်းကြောင့်မဟုတ်၊ မဲဆန္ဒရှင်များ၏ ပညာရေးနိမ့်ပါးမှုကြောင့် ဖြစ်သည်ဟု NDP ပါတီဝင်များက ဆိုကြသည်။

    “အနာဂတ်ကောင်းအတွက် အပြောင်းအလဲလုပ်ဖို့လိုပြီး၊ ဒီအပြောင်းအလဲကို NLD ကသာ လုပ်ဆောင်နိုင်မယ်လို့ လူတွေက ဒီအမြင်တစ်မျိုးတည်းကိုပဲ တူညီစွာ ခံယူထားကြတယ်လေ။ သူတို့က ကိုယ်စားလှယ်လောင်း ဘယ်သူဘယ်ဝါဆိုတာကိုတောင် မကြည့်ခဲ့ကြဘူး” ဟု ဦးခင်မောင်ဇော်က ပြောပြသည်။

    မျိုးစောင့်ဥပဒေများကိုထောက်ခံကာကွယ်ရေးအမြင်နှင့်ပတ်သက်၍ ရန်ကုန်မြို့မှ Zillion Successes ကုမ္ပဏီ ဒါရိုက်တာ ဒေါ်ယုယုခိုင်သည် အမျိုးသမီးများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် အဘယ်ကြောင့် လိုအပ်ကြောင်း ရွေးကောက်ပွဲရလဒ်များက အဖြေပေးနေသည်ဟု ဆိုသည်။

    “တွေးခေါ်စဉ်းစားတတ်တဲ့ မဲဆန္ဒရှင်တွေက ၁၃ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့ ၈၃ ရာခိုင်နှုန်းက NLD ကို မဲပေးခဲ့ကြလို့ပါပဲ”။

    ဒေါ်ယုယုခိုင်၏အဆိုအရ သူမသည် အမျိုးသားညီညွတ်ရေးပါတီ NUP သို့မဟုတ် အမျိုးသားဒီမိုကရက်တစ်အင်အားစု NDF ကဲ့သို့ အခြားအားကောင်းသည့် ဗမာပါတီများနှင့် မဟာမိတ်ဖွဲ့ရန် လျာထားစီစဉ်ခဲ့သေးသည်။ သို့သော် ၎င်းတို့သည်လည်း ကိုယ်စားလှယ်လောင်းများစွာဖြင့် ထွက်ပြိုင်လင့်ကစား အမတ်တစ်နေရာစာမျှ အနိုင်မရရှိခဲ့ချေ။

    သို့သော် ဦးခင်မောင်ဇော်က ဤသည်ကို ပယ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထူထောင်သူများ၏သဘောတရားအမြင်အပေါ်၌သာ  ဤပါတီကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးနေဇင်လတ်၏ကျောင်း သို့မဟုတ် အခြားပါတီများနှင့်ပေါင်းစည်းခြင်းပြု၍ ရွေးကောက်ပွဲ၌ပါဝင်မှု  ဆိုသည်မှာ ဖြစ်လာမည်မဟုတ်ကြောင်း သူကဆိုသည်။

    လာမည့် ၂၀၂၀ ခုနှစ်အတွက် NDP သည် ကိုယ်ပိုင်နည်းစဉ်ဖြင့် ရှေ့ဆက်ဖို့ လမ်းကြောင်းချလာဖွယ် ရှိနေပါသည်။

    xxxxxxxxxxxxxxxxxxxx

    Yola Verbruggen မှ mmtimes တွင်ရေးသားဖော်ပြသော The Biggest Loser What Does The Future Hold For The NDP ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ‘ပြန်ရိုက်ဖို့ လက်တွေမရှိပါ၊ ပြန်ကျိန်ဆဲဖို့ စကားလည်း မရှိပါ’

    ‘ပြန်ရိုက်ဖို့ လက်တွေမရှိပါ၊ ပြန်ကျိန်ဆဲဖို့ စကားလည်း မရှိပါ’

    နိုဝင်ဘာ ၁၃ ၊ ၂၀၁၅
    M-Media
    ခေတ်လူ တင်ဆက်သည်။

    without-hands-against-those-who-strike-you-without-speech-against-those-who-curse-you

    အခုဆိုလျှင် ကံကောင်းအကြောင်းလှစွာနဲ့ လူတိုင်းက သံစဉ်တူညီကို သီဆိုနေကြပါပြီ။ ဒီအတွက်ကြောင့် သည်းခံနိုင်စွမ်းဟာ အောက်ခြေအထိ ပိုပြီး မြန်မြန် ပြန့်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တိုင်းပြည်အနှံ့ စိမ့်ဝင်ပြန့်နှံ့သွားပြီး ကျွန်တော့် သူငယ်ချင်းပန်းချီဆရာတစ်ယောက်ပြောခဲ့သလို ကျွန်တော်တို့ ခေါင်း ခေါင်းချင်း၊ နှလုံးသား နှလုံးသားချင်းနဲ့ လက် လက်ချင်း တွဲပြီး “လှပတဲ့ မနက်ဖြန်”ဆီကို ကိုးကွယ်ရာအရှင်ရဲ့ အလိုတော်နဲ့ လျှောက်လှမ်းနိုင်ပါတော့မယ်။

    တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ကွယ်လွန်ခါနီး နောက်ဘဝဆီ လှမ်းအံ့ဆဲဆဲမှာ တမန်တော်မြတ်က မိန့်တော်မူခဲ့ပါတယ်။

    “(ရှေးက လမ်းညွှန်)ကျမ်းရ လူတွေဖြစ်တဲ့ ဂျူးတွေ ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး အသင်တို့အပေါ် ငါကိုယ်တော် ယုံပုံခဲ့မယ်။”

    တမန်တော်မြတ်ကို ဒုတိယမြောက်ဆက်ခံသူ ခလီဖာသမ္မတကြီး အုမရ် ဓားထိုးခံထားရပြီး သေခြင်းတရားကို ရင်ဆိုင်နေရချိန်မှာ ခလီဖာ သမ္မတကြီးက မွတ်စလင်မ်များကို သတိပေးခဲ့တယ်။

    “ငါတို့အနက်က (ရှေးက လမ်းညွှန်)ကျမ်းရ လူတွေ (ဂျူးနဲ့ ခရစ်ယာန်တို့)နဲ့ပတ်သက်ပြီး အသင်တို့ကို ယုံပုံခဲ့မယ်။ သူတို့နဲ့ပတ်သက်ပြီး ကိုးကွယ်ရာအရှင်ကို ကြောက်ကြပါ၊ သူတို့ကို တရားမျှတစွာ ဆက်ဆံကြပါ။”

    Malazgritမှာ ရန်သူကို အောင်နိုင်ပြီးနောက် တူရကီ စစ်ဦးစီးချုပ် စွလ်တန် Alparslan က ပြိုင်ဖက်နိုင်ငံက အုပ်ချုပ်သူနဲ့ စစ်ဦးစီးတွေကို သူရဲ့ ယာယီတဲနန်းမှာ ဖိတ်ခေါ်ဧည့်ဝတ်ပြုခဲ့တယ်။ ပြီးတဲ့နောက်မှာ သူတို့ရဲ့ မြို့တော် ကွန်စတန်တီနိုပယ်လ်ကို သူ့ရဲ့ အရာရှိအချို့ကို အစောင့်အရှောက်အဖြစ်ထည့်ပြီး လုံခြုံဘေးကင်းစွာ ပြန်ပို့ပေးခဲ့တယ်။ ဂျေရုစလင်မြို့တော်မှာလည်း ရစ်ချရတ်ဒ်ရဲ့ စစ်တပ်ဖွဲ့တွေက မွတ်စလင်မ်တွေထောင်ချီကို သတ်ဖြတ်ခဲ့ပေမယ့် မွတ်စလင်မ်တွေရဲ့ ဦးစီးချုပ်နဲ့ အုပ်ချုပ်သူ စွလ်တန် ဆာလာဟဒ်ဒင်န် အိုင်အ်ယုဘီက စစ်ပြိုင်ဖက်ခရုဆိတ် စစ်တပ်ရဲ့ ဗိုလ်ချုပ် ရစ်ချရတ်ဒ်ရဲ့ ဒဏ်ရာကို ကုပေးဖို့ ညအချိန်မှာ သူ့စစ်တဲကို သွားခဲ့တယ်။

    ကျွန်တော်တို့မွတ်စလင်မ်တွေဟာ အဲ့ဒီလိုလူတွေကို မွေးဖွားပေးခဲ့တဲ့ ယဉ်ကျေးမှုရဲ့ သားသမီးတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့အကျယ်ပြော အပြည့်ဝဆုံး သည်းခံနိုင်ရည်စွမ်း ယဉ်ကျေးမှုရဲ့ အမွေစား အမွေခံတွေပါ။ ယနေ့ဆိုလျှင် ဒီသဘောတရားဟာ ပင်လယ်လှိုင်းတွေလိုပဲ ကမ္ဘာတစ်ခုလုံးအနှံ့ ရောက်ရှိနေပါပြီ။ လာမယ့်နှစ်များဟာ ချစ်ခြင်းမေတ္တာနဲ့ သည်းခံခြင်းတရားရဲ့ နှစ် သက္ကရာဇ်တွေဖြစ်မယ်လို့ ကျွန်တော် လုံးဝ ယုံကြည်ပါတယ်။ ဒီဘောင်ထဲမှာ ကျွန်တော်တို့က ကမ္ဘာကြီးကို အများကြီး ပေးကြမယ်၊ ကျွန်တော်တို့လည်း အများကြီး ရကြပါလိမ့်မယ်။ ကျွန်တော်တို့တတွေ အချင်းချင်းလည်း တိုက်ခိုက်ကြလိမ့်မှာ မဟုတ်သလို၊ အခြားယဉ်ကျေးမှုဓလေ့တွေ၊ လူ့ယဉ်ကျေးမှုအဆောက်အဦးတွေ ဒါမှာမဟုတ် အခြားဘာသာတရားတွေကို သက်ဝင် ယုံကြည်သူတွေနဲ့ လောက အမြင်ကွဲသူတွေနဲ့လည်း ကျွန်တော်တို့ တိုက်ခိုက်ရန်ဆောင်ကြလိမ့်မှာ မဟုတ်ဘူး။ အငြင်းပွားမှုနဲ့ ပဋိပက္ခကို ဦးတည်စေတဲ့ ကိစ္စတွေကို အပြည့်အဝဖြေရှင်းလိုက်ကြမယ်။ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားကို နားလည်ပြီး ကျွန်တော်တို့တတွေ ချစ်ခြင်းမေတ္တာ ကရုဏာတွေနဲ့ ကျွန်တော်တို့နှလုံးသားတွေကို အားလုံးအတွက် ဖွင့်ပေးနိုင်ကြပါလိမ့်မယ်။ ကိုးကွယ်ရာအရှင်ရဲ့ အကူအညီနဲ့ ဒီနေ့ကမ္ဘာကြီးက အရမ်းလိုအပ်နေတဲ့ ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စတွေဖြစ်တဲ့ အပြန်အလှန်တွေ့ဆုံ စကားပြောဆို အဖြေရှာခြင်းတွေနဲ့ သည်းခံနိုင်စွမ်းတွေမှာ ကျွန်တော်တို့ အာရုံစိုက်လာနိုင်ပါလိမ့်မယ်။

    ကျွန်တော် အာလီဝီလူမျိုးတစ်ယောက်ကို မြင်မိလိုက်တဲ့အခါ မွတ်စလင်မ့်သမိုင်းက အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုကို အမှတ်ရလိုက်မိပါတယ်။ တရားဝင်အစိုးရကို ပုန်ကန်သူ ခါရေဂျီတွေဟာ တမန်တော်မြတ်ကို ဆက်ခံသူ စတုတ္ထမြောက် ခလီဖာသမ္မတကြီး အလီကို တိုက်ခိုက်ဖို့ နဟ်ရဝန် အရပ်မှာ စုစည်းနေကြောင်း သမ္မတကြီးကို ပြောတဲ့အခါ သမ္မတကြီးအလီက “သူတို့က ငါတို့ကို မတိုက်ခိုက်ခင် သူတို့ကို သွားတိုက်ခိုက်တာဟာ မတရားဘူး”ဟု မိန့်ခဲ့ပါတယ်။

    ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ အဲ့လို့ခေါင်းဆောင်တွေရဲ့ ယဉ်ကျေးမှုဓလေ့နဲ့ ပြုစုပျိုးထောင်ထားတဲ့ လူ့အသိုက်အဝန်းပါ။ ကျွန်တော်တို့ သည်းခံနိုင်ရည်စွမ်းကို အလွန်လိုအပ်နေတဲ့ အချိန် ကိုးကွယ်ရှာအရှင်ရဲ့ ကောင်းခြင်းမင်္ဂလာတော်နဲ့ လူ့အသိုင်းအဝန်းရဲ့ ကဏ္ဍတိုင်းဟာ သည်းခံခြင်းတရားနဲ့ အပြန်အလှန်တွေ့ဆုံစကားပြောဆိုအဖြေရှာခြင်းတို့အတွက် ရပ်တည်ကြပါလိမ့်မယ်။ ဒီအရာတွေရဲ့ ကောင်းခြင်းများဟာလည်း ကျွန်တော်တို့ မျှော်လင့်ခဲ့ဖူးထားတွေထက်ကို ပိုမြန်မြန် နေရာစုံကို ပြန့်နှံ့သွားပါလိမ့်မယ်။

    ကျွန်တော် စာဖတ်သူတို့ရဲ့ အချိန်ကို အများကြီး ယူလိုက်မိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ခံစားနေရတဲ့ စိုးရိမ်သောကကို မပြောလိုက်ရဘဲ ရှေ့မဆက်နိုင်လို့ပါ။ အတွင်းပဋိပက္ခတွေနဲ့ လှုပ်မရအောင်ဖြစ်နေခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံလူ့ အသိုက်အဝန်းဟာ အခုအချိန်မှာ သည်းခံခြင်းတရားကို စောင့်ဆိုင်းလို့နေပါတယ်။ ဒါကို သိရှိသွားတဲ့အပေါ်မှာ တစ်လှမ်းလှမ်းရမယ့်အချိန်မှာ ကျွန်တော်တို့လူ့အသိုက်အဝန်းက ရှေ့ကို သုံးလှမ်းလောက် ခုန်လှမ်းခြင်းနဲ့ တုန့်ပြန်လိုက်ပါပြီ။ ဒါပေမယ့် စိတ်ဓာတ်ညံ့တဲ့ အရေးမပါတဲ့ သူတချို့ကလည်း အစွန်းရောက်ခြင်း ဒေါသတကြီးရန်လိုခြင်းတွေနဲ့ မိမိတို့ အားနည်းမှုကို ကိုယ့်ဖာသာကိုယ် ဖော်ထုတ်လိုက်မိပြီးဆိုတာကလည်း အထင်အရှားပါပဲ။ သူတို့တွေက သည်းခံခြင်းတရားပုံဖော် တည်ဆောက်မှုကို ချုံခို တိုက်ခိုက်ခြင်း ဖျက်လို့ဖျက်ဆီးလုပ်ခြင်းနဲ့ အပြန်အလှန်တွေ့ဆုံ စကားပြောဆို အဖြေရှာခြင်းများဆီသို့ ဦးတည်စေတဲ့ တံတားများကို ဖျက်ဆီးခြင်းအားဖြင့် သူတို့ကိုယ် သူတို့ ခွန်အားရှိကြောင်း ပြသဖို့ ကြိုးစားကြပါတယ်။ ကျွန်တော်တို့ အခု စမ်းစစ်မှုတွေကို ရင်ဆိုင်ရပါမယ်။ စမ်းသပ်မှုများစွာကို ဖြတ်ကျော်ပြီးဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံတော်ဟာ တစ်ဦးချင်းစီရဲ့ ညီညွတ်မှုနဲ့ ဒီအနာဂတ်စမ်းစစ်မှုတွေကို ရင်ဆိုင်ပါမယ်၊ ပြီးတော့ လူမှုသဟဇတဖြစ်မှု လမ်းကြောင်းပေါ်မှာ ကြုံလာမယ့် အခက်အခဲတိုင်းကို ဖြတ်ကျော်ပါမယ်။

    ကျွန်တော်တို့ ရှာဖွေနေတဲ့ အရာတွေက အလွန်မှ အဖိုးထိုက်ပါတယ်။ ကျွန်တော်တို့အရောက်သွားချင်တဲ့ သည်းခံနိုင်ရည်စွမ်းနဲ့ အပြန်အလှန်တွေ့ဆုံစကားပြောဆိုအဖြေရှာခြင်း ပန်းတိုင်ဟာ အလွန်ဈေးကြီးပါလိမ့်မယ်။ အဖိုးတန် ရှားပါးတဲ့ အရာကို ရဖို့ မလွယ်သလို အဲ့ဒီအရာတွေကို အောင်မြင်သွားရင်လည်း ကာကွယ်ဖို့ ခက်ခဲပါလိမ့်မယ်။ သည်းခံနိုင်ရည်စွမ်းနဲ့ အပြန်အလှန်တွေ့ဆုံစကားပြောဆိုအဖြေရှာခြင်းတို့မှ လူမှုသဟဇတဖြစ်မှု ရရှိအောင်မြင်ခြင်းဟာ တတိယအဖိုးတန်ကို သိနည်းလည်လာစေဖို့ အဖိုးတန်ပစ္စည်းနှစ်ခုကို ရရှိအောင်မြင်အောင်လုပ်ခြင်း ကိစ္စပါပဲ။ ကိုးကွယ်ရာအရှင်က ကျွန်တော်တို့ကို နည်းလမ်းအမျိုးမျိုးနဲ့ စမ်းစစ်ပါမယ်။ အဲ့ဒါမှ ကျွန်တော်တို့က ဒီအရာတွေရဲ့ တန်ဖိုးဘယ်လောက်ကြီးမားတယ်ဆိုတာကို သိရှိပြီး ဒီအရာတွေအတွက် ရပ်တည်ဖို့ ကျွန်တော်တို့ကို တွန်းအားဖြစ်စေပါမယ်။ ကျွန်တော်တို့တတွေ ဒီစမ်းသပ်မှုတွေအားလုံးကို ကြံ့ကြံ့ခံကြရပါမယ်။ Yunus Emre ပြောခဲ့သလို

    ကြမ်းတမ်းခက်ခဲမှုတွေ ကိုးကွယ်ရာအရှင်မြတ်ဆီက လာလျှင်
    ဒါမှမဟုတ် ရက်ရောမှုတွေ အရှင့်ကောင်းခြင်းမင်္ဂလာတော်မှ လာလျှင်
    နှစ်ခုစလုံးဟာ ဝိညာဉ်အတွက် ဝမ်းမြောက်ကြည်နူးစရာပါပဲ
    အရှင့်ရဲ့ ကောင်းခြင်းမင်္ဂလာတော်နဲ့ အရှင့်အမျက်တော် နှစ်ခုစလုံးဟာ နှစ်ထောင်းကျေနပ်ဖွယ်ပါ

    ကျွန်တော်တို့ဟာ ကျွန်တော့်တို့ကို ရိုက်တဲ့ သူတွေကို ပြန်ရိုက်ဖို့ လက်တွေမရှိသလို ကျွန်တော်တို့ကို ကျိန်ဆဲတဲ့ သူတွေကို ပြန်ဆဲဖို့ စကားမရှိသလိုကို ဖြစ်ရပါမယ်။ အကယ်၍ သူတို့ဟာ ကျွန်တော်တို့ကို အစိတ်စိတ် အမွှာမွှာဖြစ်သွားစေဖို့ အကြိမ် ငါးဆယ်တိုင်အောင် ကြိုးစားဖယ် ချိုးဖဲ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မကျိုးမပျက်ဘဲ ကျန်ရှိနေပြီး အားလုံးကို ချစ်ခြင်းမေတ္တာနဲ့ ကရုဏာနဲ့ ဖက်သိုင်းထားရပါမယ်။ တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းတွေနဲ့ ကျွန်တော်တို့ မနက်ဖြန်ဆီသို့ လျှောက်လှမ်းကြပါစို့လားခင်ဗျာ။ ။

    မုဟမ္မဒ်ဖသွလ္လာဟ်ဂူလာမ်၏ “Without Hands Against Those Who Strike You, Without Speech Against Those Who Curse You” ကို ခေတ်လူမှ မြန်မာမှုပြုထားသည်။

    မူရင်းဆောင်းပါး link http://www.fgulen.com/en/fethullah-gulens-works/toward-a-global-civilization-of-love-and-tolerance/forgiveness-tolerance-and-dialogue/25224-without-hands-against-those-who-strike-you-without-speech-against-those-who-curse-you

    မုဟမ္မဒ်ဖသွလ္လာဟ်ဂူလာမ်သည် တူရကီလူမျိုး ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်၊ အစ္စလာမ့်ပညာရှင်၊ ငြိမ်းချမ်းရေးနှင့် လူမှုပြောင်းလဲတိုးတက်ရေးလှုပ်ရှားသူကြီး ဖြစ်သည်။

    သူ၏ တရားဝင် Website မှာ http://www.fgulen.com/en/ ဖြစ်သည်။

  • စစ်တပ်နောက်ခံပြုပါတီ အာဏာထပ်ရမှာ အဖိအနှိပ်ခံ တိုင်းရင်းသားများ စိုးရိမ်

    စစ်တပ်နောက်ခံပြုပါတီ အာဏာထပ်ရမှာ အဖိအနှိပ်ခံ တိုင်းရင်းသားများ စိုးရိမ်

    နိုဝင်ဘာ ၇ ၊ ၂၀၁၅
    M-Media

    5635c74071518.image
    ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ စာသင်ကျောင်း တခုတွင် တွေ့ရသော ကရင်ပြည်နယ်မှ ကလေးငယ်များ

    – နှစ်ပေါင်း ၇၀ နီးပါး အချိန်ကာလအတွင်း ကရင်တိုင်းရင်းသားများ၏ ကျေးရွာများမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကရင်အမျိုးသားများမှာ နေရာတွင်ပင် ကိစ္စတုံး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ တိုင်းရင်းသူ အမျိုးသမီးများကတော့ အဓမ္မပြုကျင့် ခံခဲ့ရလေသည်။ ထိုအချင်းအရာများက ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အောက် ရုန်းကန်နေရသည့် တိုင်းရင်းသားလူနည်းစုများ၏ ဘ၀များပင် ဖြစ်သည်။

    ၎င်းတို့၏ ဇာတိမြေကို “လစ်လျူရှုခံရသော အကြမ်းဖက်ခံဒေသ” ဟု ခေါ်ဆိုကြပြီး ကရင် တိုင်းရင်းသား ၃၅၀၀၀၀ ခန့်မှာ နေအိမ်များမှ မောင်းထုတ်ခြင်းခံရကာ တောအုပ်များ သို့မဟုတ် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် သွားရောက် နေထိုင်ကြရလေသည်။

    ယခုတွင်တော့ ၎င်းတို့ထဲမှ အသက်ရှင်ကျန်ရစ်ကြသူများက နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်အပေါ် မျှော်လင့်ချက် ထားနေကြသည်။ ထိုရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် အာဏာရပါတီက ဒီမိုကရေစီ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည် ပဲ့ကိုင်နေသည့် အတိုက်အခံပါတီ၊ တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲဖြစ်သည်။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ရပါက ကရင်ပြည်နယ်နှင့် ၁.၅ သန်းသော ကရင်ပြည်သူတို့မှာ ငရဲတွင်းထဲ ပြန်လည် ကျရောက်မည်ကို ကရင်တိုင်းရင်းသားများက စိုးရိမ်နေကြသည်။

    “တကယ်လို့ USDP က အာဏာထပ်ရရင် ကျွန်တော်တို့ အရင်အတိုင်းပဲ ဆက်လျှောက်ရမှာပါ။ ကျွန်တော်တို့ သူဖုန်းစားဘ၀မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ သူတို့ရှုံးရင်တော့ တိုင်းပြည်က ပြောင်းလဲသွားပါလိမ့်မယ်။ ဒါက နောက်ဆုံးပွဲပါပဲ” ဟု ပြည်နယ်မြို့တော် ဖားအံဝန်းကျင်ရှိ ရွာများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ကြည်မြင့်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ ၅၂ သန်းသော ပြည်သူများတွင် ကရင်လူမျိုးအပါအ၀င် တိုင်းရင်းသားများ၏ အရေအတွက်က ၄၀ ရာခိုင်နှုန်း ရှိလေသည်။ ၎င်းတို့အတွက်ကတော့ ထိုရွေးကောက်ပွဲက နိုင်ငံ၏ ဒီမိုကရေစီသို့ သွားရာ ကြမ်းတမ်းသောလမ်းတွင် ခြေလှမ်းတစ်ခုထက်ပို၍ အဓိပ္ပါယ်ရှိလေသည်။ အချိန်အတော်ကြာ မက်ခဲ့ရသော အိပ်မက်များ အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်မည့် အခွင့်အရေးမျိုးလည်း ဖြစ်သည်။

    ယခင်က ဘားမားဟုသိကြသည့် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပင် ကရင်တိုင်းရင်းသားများက ဗဟိုအစိုးရကို ပုန်ကန်ကြသည်။ ထိုအချိန်မှစ၍ ဗဟိုအစိုးရတွင် ယခုအချိန်အထိ ဗမာလူမျိုးများသာ ကြီးစိုးခဲ့လေသည်။ နိုင်ငံ၏ ပထမဆုံး အခြေခံဥပဒေနှင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တို့တွင် တိုင်းရင်းသားလူနည်းစုများအကြား မစံစားခဲ့ရသော အရှိန်အ၀ါကို အပ်နှင်းထားပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက်နိုင်ခွင့်ကိုပင် ကတိပြုထားလေသည်။

    သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုကတိက၀တ်များအားလုံး ပျက်ဆီးသွားပြီး ကချင်၊ ရှမ်း၊ ကရင်နှင့် အခြားသော တိုင်းရင်းသားလူနည်းစုများမှ လက်နက်ကိုင်တပ်များ အလျှို၊ အလျှို ပေါ်ထွက်လာကြပြီး တော်လှန် ပုန်ကန်ကြလေတော့သည်။ မြန်မာနိုင်ငံမှ သမိုင်း ပညာရှင်နှင့် အစိုးရ အကြံပေးဖြစ်သူ ဦးသန်းမြင့်ဦးက ထိုကဲ့သို့ အဆုံးမသတ်နိုင်ပဲ သွေးထွက်သံယိုမှု များပြားခဲ့ခြင်းကို တိုင်းပြည်၏ “အမွေဆိုး” ဟု သမုတ်ခဲ့သည်။

    “တိုင်းရင်းသားတွေရဲ့ ပြဿနာအတွက် အာမခံချက်ရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု မချမှတ်နိုင်ဘဲ နဲ့တော့ ပြည်သူတွေ မျှော်လင့်နေတဲ့၊ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အနာဂတ်မျိုး ပေးနိုင်မှာမဟုတ်သလို၊ ဖြစ်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု နိုင်ငံတကာ တတ်သိပညာရှင်များအဖွဲ့ဖြစ်သော International Crisis Group မှ အာရှဆိုင်ရာ ဒါရိုက်တာ တင်မ် ဂျွန်စတန်က ပြောကြားခဲ့သည်။

    ၂ နှစ်ကျော်ကာလအတွင်း ဆွေးနွေးမှုပေါင်း ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့က နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အာဏာရ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သည့် သမ္မတဦးသိန်းစိန်က ထိုသဘောတူညီချက်မှာ အနာဂတ်မျိုးဆက်အတွက် မိမိတို့၏ “သမိုင်းဝင်လက်ဆောင်” ဖြစ်သည်ဟု အမွှမ်းတင်ခဲ့သည်။

    သို့သော်လည်း လူနည်းစုတိုင်းရင်းသားများထဲမှ အဓိကလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်မှ ၈ ဖွဲ့သာ ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့လေသည်။ ၁၉၈၀နှင့် ၁၉၉၀ ပြည့်နှစ်များတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အခြား အပစ်ရပ်ရေး သဘောတူညီချက်များကတော့ ပျက်ပြယ်သည့် အနေအထားကို ရောက်ခဲ့ရလေသည်။

    “အကောင်းဆုံးကို ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီအပစ်ရပ်ရေးကိုတော့ ၁၀ ရာခိုင်နှုန်းပဲ ယုံကြည်မှုရှိပါတယ်” ဟု KNU အဖွဲ့ဝင်ဖြစ်ပြီး ပြည်နယ်မြို့တော် ဖားအံတွင် ရပ်ရွာအကြီးအကဲအဖြစ် ဆောင်ရွက်နေသည့် မန်ခင်ထွန့်က ပြောကြားခဲ့သည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ချို့အား တိုက်ခိုက်မှုကြောင့် ထိုသဘောတူညီချက်နှင့် ပတ်သက်၍ အစိုးရ၏ စိတ်စေတနာအပေါ် သံသယဖြစ်မှုမှာလည်း နှစ်ဆတိုးလာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနည်းဆုံး အင်အား ၂၅၀၀၀၀ ခန့်ရှိသော မြန်မာစစ်တပ်အတွက် လက်နက်အဆင့်မြှင့်တင်ရန် အစ္စရေးသို့ ဈေးဝယ်ထွက်နေခြင်းကြောင့် ထိုလက်မှတ်ထိုးပွဲတွင် မရှိခဲ့။

    နိုင်ငံရှိ အချို့နေရာများတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲကို ရပ်ဆိုင်းခြင်း၊ သို့မဟုတ် ဖျက်သိမ်းရခြင်းများလည်း ရှိနေသည်။ ကချင်ပြည်နယ်တွင်မူ မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် နှစ်ဖက် အသေအပျောက်များ ရှိခဲ့သည်ဟု သတင်းများက ဖော်ပြကြပြီး ၂၀၁၁ ခုနှစ် အပစ်ရပ်ရေးသဘောတူညီချက် ပျက်ဆီးခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကချင်ပြည်သူ အရေအတွက်မှာ တစ်သိန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။

    “တစ်ဖက်မှာလည်း ရွေးကောက်ပွဲရှိနေတယ်။ နောက်တစ်ဖက် အောက်ခြေမှာလည်း ဗမာစစ်တပ်က တိုင်းရင်းသားအုပ်စုတွေအပေါ် အဟန့်အတား လုံးဝမရှိဘဲ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ရွေးကောက်ပွဲကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများအတွက် ထိုင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ချမ်သောင်က ပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်တွင် အစိုးရတပ်များက အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကာ ပြည်သူများအား ငြှင်းပမ်းနှိပ်စက်မှုများ၊ မြေနေရာများကို စစ်စခန်းဆောက်ရန် သိမ်းယူမှုများ၊ ရွာသားများအား လူသားတံတိုင်းအဖြစ် ဆောင်ရွက်မှုများလည်း ရှိနေသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာစစ်တပ်မှ ပြုလုပ်ခဲ့သော လူ့အခွင့်ချိုးဖောက်မှုများအား အသေးစိတ် မှတ်တမ်းတင်ထားသည့် စာရွက်စာတမ်းများကို လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က အများအပြား ရရှိထားကြသည်။ ထိုစာရွက်စာတမ်းများတွင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များ၏ ကျူးလွန်မှုများ ပါဝင်သော်လည်း မြန်မာအစိုးရစစ်တပ်၏ ကျူးလွန်မှုလောက် မများ။ တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း တရားလက်လွတ် ကျင့်သုံးမှုများ ရှိခဲ့သည်ဟု အစိုးရက ၀န်ခံခဲ့ပြီး ၎င်းတို့တိုက်ခိုက်သည့် အဖွဲ့များကို “အကြမ်းဖက် အဖွဲ့အစည်းများ” ဟု ကင်ပွန်းတပ်ခဲ့သည်။

    မသေချာမှုများ ရှိနေသော်လည်း ကရင်ပြည်နယ်ရှိ ဒေသများအပါအ၀င် တစ်ချိန်က စစ်တလင်းဖြစ်ခဲ့ရသော ဒေသအချို့၌ ငြိမ်းချမ်းမှု ပြန်လည်ရောက်ရှိလာခဲ့သည်။ တိုင်းရင်းသား လူနည်းစုများမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက တရားဝင် နိုင်ငံရေးအခန်းကဏ္ဍတစ်ခုကို ရရှိခဲ့လေသည်။

    လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၃ ခုမှ ၅၉ ရာခိုင်နှုန်းမှာ တိုင်းရင်းသား သို့မဟုတ် ဘာသာရေးလူနည်းစု၏ ပါတီများ ဖြစ်ကြသည်။ လွှတ်တော်နေရာ၏ ၃ ပုံတစ်ပုံက တိုင်းရင်းသားလူနည်းစုများ လွှမ်းမိုးသော ဒေသများကို ကိုယ်စားပြုလေသည်။

    “ဒီနေ့တော့ မြန်မာနိုင်ငံက တိုင်းရင်သားအများစုဟာ လွတ်လပ်ရေးရပြီးကတည်းက သူတို့နိုင်ငံဟာ အခုအချိန်မှာ ဘယ်လို ရှေ့ဆက်နေတယ်ဆိုတာကို ခပ်ကြွားကြွားလေး ပြောကြပါတယ်” ဟု ဂျွန်စတန်က ပြောကြားခဲ့သည်။

    သို့သော်လည်း အခြေခံ ရည်မှန်းချက်များကတော့ ပြည့်မြောက်မှု မရှိသေး။ အဆိုပါ ရည်မှန်းချက်များတွင် ကျောက်စိမ်း၊ ကျွန်းသစ်၊ သဘာဝဓာတ်ငွေ့၊ ရွှေနှင့် ရေအားလျှပ်စစ်တို့ အပါအ၀င် တိုင်းရင်းသား ဒေသများရှိ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များကို ခွဲဝေပေးခြင်းလည်း ပါဝင်သည်။ ထိုအကျိုးအမြတ်များမှာ လက်ရှိအချိန်တွင် အစိုးရ၊ ၎င်းတို့နှင့်နီးစပ်သည့် ခရိုနီများထံသို့သာ စီးဝင်နေကြသည်။

    တိုင်းရင်းသားများက ၎င်းတို့၏ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်တစ်ခုအထိ ပေးမည့် ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်ကိုလည်း အလိုရှိနေကြသည်။ ဗမာလူမျိုးအများစုရှိသည့် တိုင်းပြည်တွင် အစိုးရက တိုင်းရင်းသားလူနည်းစုများကို “ဗမာဇာတ်သွင်းခြင်း” (လူမြိုခြင်း) ကို တားဆီးရန်လည်း ဖြစ်သည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှစ်ခုစလုံးကပင် ၎င်းတို့အနိုင်ရရှိပါက တိုင်းရင်းသားများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးသွားမည်ဟု ကတိပေးထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် “ဒုတိယပင်လုံ” ကို ကျင်းပပေးမည်ဟုပင် ဆိုထားသည်။

    တိုင်းရင်းသားလူနည်းစုများအား သူမက ထိုကဲ့သို့ သိသိသာသာ အားပေးထောက်ခံထားသော်လည်း ထိုကိစ္စကို ဦးစားမပေးခြင်းနှင့် နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားများ၏ ဒေသအတွင်း ဗမာလူမျိုးကြီးစိုးသော NLD မှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းအတွက် ဝေဖန်မှုများကို ခံနေရသည်။ အချို့ တိုင်းရင်းသားပါတီ ခေါင်းဆောင်များကမူ ၎င်းတို့ပါတီမှာ NLD နှင့် မဟာမိတ်ဖွဲ့ရေးအတွက် မျှော်လင့်နေကြသည်။

    စစ်တပ်အပြင် တိုင်းရင်းသား လူနည်းစုများမှာ အခြားသော ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြသည်။ မည်သို့ပင်ဖြစ်စ တိုင်းရင်းသားအများစုကတော့ မနက်ဖြန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမှာ ၎င်းတို့၏ ဆန္ဒများအတွက် အလှည့်အပြောင်းဖြစ်နိုင်သည့် အလားအလာရှိနေသည်ဟု ရှုမြင်နေကြသည်။

    “နှစ်ပေါင်း ၆၀ လောက် ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ကျွန်တော်တို့ နေထိုင်လာခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် မဲပေးတဲ့အခါ ဒီမဲဟာ ကျွန်တော်တို့ကို ကြောက်ရွံ့မှုကနေ လွတ်မြောက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဇွဲကပင်တောင်ခြေရှိ ရွာငယ်လေးတွင် နေထိုင်သည့် မန်ခင်ထွန့်က ဖွင့်ဟခဲ့သည်။

    ပိုင်ဆိုင်သည့်မြေများအား အာဏာပိုင်များ၏ နှစ်ကြိမ်တိုင်တိုင် သိမ်းယူခြင်း ခံခဲ့ရသည့် အနီးအနားရွာမှ ခွန်ကြည်မြင့်ကမူ ၎င်း၏ မိသားစု ၇ ဦးစလုံး မဲပေးနိုင်ရန်အတွက် ပြင်ဆင်နေသည်။ သို့သော်လည်း အာဏာရပါတီက အာဏာကို လွယ်လင့်တကူ စွန့်လွှတ်ပါ့မလားဆိုသည့် သံသယများလည်း ရှိနေသည်။

    “သူတို့က အာဏာရှင်တွေလေ။ တကယ်လို့ ဒေါ်စု အနိုင်ရခဲ့ရင် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး အာဏာကို ဆက်ယူထားနိုင်တယ်။ သူတို့မှာသေနတ်ရှိတယ်။ ပါဝါအာဏာအားလုံးလည်း သူတို့မှာ ရှိနေပါတယ်။ တကယ်လို့ ကြံ့ခိုင်ရေးက နိုင်ရင်တော့ ပြည်သူတွေက အုံကြွလာကြလိမ့်မယ်။ ပြီးတော့ လက်နက်ရှိတဲ့သူတွေကလည်း ထကြွလာကြလိမ့်မယ်” ဟု ခွန်ကြည်မြင့်က ပြောကြားခဲ့သည်။

    ရွှေတောရွာမှ ကရင်နှစ်ခြင်း သင်းအုပ်ဆရာ ပီတာငြိမ်းက မငြိမ်မသက်မှုနှင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားရန် မျှော်လင့်နေလေသည်။ အစိုးရစစ်တပ်က လယ်ထဲတွင် အလုပ်လုပ်နေသည့် ၎င်း၏သားကို သေနတ်ဖြင့်ပစ်ခတ်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့သည်။ သမီးဖြစ်သူကလည်း ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသည်။

    “ဒီတစ်ခါတော့ ဘုရားသခင်က စောင်မပြီး ကျွန်တော်တို့အတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ချီးမြှင့်မယ်လို့ မျှော်လင့်ပါတယ်”

    The New York Times တွင် ဖော်ပြခဲ့သော AP သတင်းဌာနမှ မြန်မာဌာနမှုးဟောင်း ဒေါ်အေးအေးဝင်း ရေးသားသည့် “Myanmar’s Minorities Fear Election Victory by Military” ဆောင်းပါးကို မြတ်သူရအောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ကမန် တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲ အလွန် မျှော်လင့်ချက်

    ကမန် တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲ အလွန် မျှော်လင့်ချက်

    ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသော ကမန်တိုင်းရင်းသားများက ၎င်းတို့၏ကံကြမ္မာကို ၂ဝ၁၅ ရွေးကောက်ပွဲက တစ်ဖန်ပြောင်းလဲစေမည်ဟု မျှော်လင့်နေကြသည်။

    Kaman family
    ပုံစာ – ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးသန်းဝင်းကို မိသားစုဝင်များနှင့်အတူ သံတွဲမြို့နေအိမ်တွင် မကြာသေးမီက တွေ့ရစဉ် (ဓာတ်ပုံ – ဆွေဝင်း/Myanmar Now)

    ဆွေဝင်း/Myanmar Now

    ပေါက်တော (Myanmar Now) — လွန်ခဲ့သော ၂ နှစ် အောက်တိုဘာလဆန်းတွင် ကိုဇော်လင်းတစ်ယောက်  ရခိုင်ပြည်နယ်တောင်ပိုင်း  သူနေထိုင်ရာ ရွာငယ်လေးဖြစ်သည့် ပေါက်တောရွာအတွင်း သက်ငယ်မိုးအိမ်လေး၏ နောက်ဖက်တွင်တည်ရှိသော တောင်ကုန်းပေါ်သို့  အလျင်အမြန်တက်ပြေးခဲ့သည်။

    သူတို့မိသားစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ သူနှင့် မိသားစုဝင်များ ထိုတောင်ကုန်းပေါ် အသက်လု၍ပြေးလွှားနေရခြင်းမှာ တုတ် ဓားကိုင်စွဲထားသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့က မွတ်စလင်အိမ်များကို ပစ်မှတ်ထား မီးရှို့တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ပြီး၊  နောက်ဆုံး သူတို့နေထိုင်ရာရွာသို့ ဝင်ရောက်လာသောကြောင့်ဖြစ်သည်။

    ထိုသို့ပြေးလွှားနေစဉ်တွင် ကိုဇော်လင်းသည် ရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသော  ရဲစခန်းကိုဖုန်းဆက် အကူအညီတောင်းသော်လည်း  ထိုရဲစခန်းရှိရဲအရာရှိက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကြောင့် မအားလပ်သဖြင့် လာရောက်မကူညီနိုင်ကြောင်းသာပြောဆိုပြီး ဖုန်းချသွားသည်။

    တောင်ထိပ်တွင် သူတို့ ပုန်းအောင်းပြီး အန္တရာယ်ကိုတိမ်းရှောင်နိုင်ခဲ့သော်လည်း သူ့အိမ်အပါအဝင် ပေါက်တောရွာရှိ မွတ်စလင်အိမ်များ  ပြာအတိကျသွားသည်အထိ မီးရှို့ခံလိုက်ရသည်။ အနီးနားရှိ သဗြုချိုင်ရွာတွင်မူ  ၉၁ နှစ်အရွယ် မွတ်စလင်အဖွားအိုကို တိုက်ခိုက်သူများက  ဓားဖြင့် အကြိမ်ကြိမ်ထိုးပြီး နောက်ဆုံးတွင် မီးပုံထဲပစ်သွင်းလိုက်ကြသည်။

    သို့သော်လည်း ထိုအဖြစ်အပျက်များကိုအကြောင်းပြု၍ အိမ်နီးခြင်းဗုဒ္ဓဘာသာတို့အပေါ် မည်သည့်အာဃာတမှ မထားကြောင်း ကိုဇော်လင်းက ပြောသည်။

    “အားလုံး ခံရတာပဲလေ။ ရခိုင်တွေလည်း ဘာသာရေးခုတုံးလုပ်တာကို ခံရတာပဲ” ဟု သူက ၂ဝ၁၃ ထိုအရေးအခင်းအပြီး  ပြန်ဆောက်ထားသည့် သူ့အိမ်၏ဝါးကြမ်းပြင်တွင် ထိုင်လျက် ပြောဆိုသည်။

    ကိုဇော်လင်းတို့ မိသားစုမှာ ဗုဒ္ဓဘာသာရခိုင်များနှင့် ပဋိပက္ခစတင်ဖြစ်ခဲ့သော ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ဘာသာရေးတူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေများရှိသည့် ကမန်မွတ်စလင်များဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင်ပါဝင်သည်။

    လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည် အစ္စလာမ်ဘာသာသို့ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊  ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

    ၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသော ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မှုကိုအကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။

    ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။   ၂ဝ၁၅  ရွေးကောက်ပွဲသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။

    လူဦးရေတစ်သန်းကျော်ရှိသည့် ဘင်္ဂါလီရိုဟင်ဂျာတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်မဲထည့်ခွင့် မရကြသော်လည်း ကမန်တိုင်းရင်းသားတို့မှာ မဲထည့်ခွင့်တော့ရကြသေးသည်။

    အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှမ်းမိုးထားသည့် လွှတ်တော်နှင့် အစိုးရ အုပ်ချုပ်သည့် လွန်ခဲ့သည့်နှစ်များတွင် ပြည်သူတို့က ကသောင်းကနင်း ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲထည့်ရန်  အများအပြားက အားသန်နေသကဲ့သို့  ကမန်တိုင်းရင်းသားတို့မှာလည်း ထိုပါတီကိုသာ မဲထည့်ပြီး အပြောင်းအလဲဖြစ်ရန် မျှော်လင့်နေသည်။

    “ကြံ့ခိုင်ရေး (ပါတီ) ဘယ်လိုဆိုးဆိုးဝါးအုပ်ချုပ်သွားတာ ကျုပ်တို့အားလုံးသိတာပဲ” ဟု သံတွဲမြို့ရှိ ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကျုရှင်ဆရာ  ကိုတင်မောင်ထွန်းကဆိုသည်။

    “ဥပဒေစိုးမိုးရေးကို ရချင်လို့ ကမန်တိုင်းရင်းသား ရပ်မိရပ်ဖတွေကလည်း NLD ကိုပဲ မဲပေးဖို့ ဆုံးဖြတ်ပြီးကြပြီ” ဟု သူက ဆက်၍ ဆိုသည်။

    ခွဲခြားဆက်ဆံခံရမှုများ

    ခန့်မှန်းခြေစာရင်းများအရ ကမန်တိုင်းရင်းသားတို့သည် မြန်မာတစ်နိုင်ငံလုံးတွင် ငါးသောင်းခန့်ရှိပြီး နှစ်သောင်းခန့်မှာ ရခိုင်ပြည်နယ်တွင်နေထိုင်ကြရာ ၂ဝ၁၂ အရေးအခင်းများနောက်ပိုင်း ၎င်းတို့ ခွဲခြားဆက်ဆံမခံနေရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ  ဦးသန်းဝင်းက ဆိုသည်။

    အရေးအခင်းများဖြစ်ပြီးနောက်ပိုင်း အသက် ၁၈ နှစ်ပြည့်လာသော ကမန်တို့မှာ နိုင်ငံသားစိစစ်ရေးကတ် မရရှိတော့ခြင်းကြောင့် ၎င်းတို့နေထိုင်ရာ  မြို့များမှ ထွက်ခွာခွင့်မရခြင်း အပါအဝင်   ပညာရေး၊ လူမှုရေး အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သူက ဆိုသည်။

    “အရေးအခင်းမတိုင်မီကတော့ နိုင်ငံသားအခွင့်အရေးအားလုံး တန်းတူရတယ်။ ဒီနောက်ပိုင်းကျတော့ အဲလိုမဟုတ်တော့ဘူး။ ယခင်ကတည်းက  မှတ်ပုံတင်ရထားသူတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်” ဟု သူက ဆိုသည်။

    “ခွဲခြားခံရတာအဓိကအကြောင်းကတော့ဗျာ မွတ်စလင်မို့လို့ပဲ။  ကျွန်တော်သာ နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားပေမယ့်၊ နိုင်ငံသားဖြစ်ပေမယ့်  ကျွန်တော့်သားကျတော့ မှတ်ပုံတင်မရဘူး။ သူတက္ကသိုလ်သွားတက်ဖို့ဟာ အခက်ကြုံနေရတယ်” ဟု သူက ရှင်းပြသည်။

    အရေးအခင်းနောက်ပိုင်း မွေးဖွားလာသော ကမန်တိုင်းရင်းသားကလေးငယ်များအတွက် ဖွားစာရင်း မရခြင်း၊  မှတ်ပုံတင်မရှိသော  ကမန်လယ်သမားများ  မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားမှု အခက်အခဲဖြစ်ခြင်းတို့နှင့် ကြုံနေရကြောင်းလည်း သူက ပြောပြသည်။

    သူ၏ အိမ်နီးခြင်းဖြစ်သူ ကမန်အမျိုးသမီးငယ်သုံးဦး လွန်ခဲ့သောလအနည်းငယ်က မှတ်ပုံတင် မရှိဘဲ ရန်ကုန်သို့ သွားရောက်ခဲ့ပြီး၊  မှတ်ပုံတင်အတု ကိုင်ဆောင်ပြီး သံတွဲသို့ ပြန်လာသည်ကို ရဲများက စစ်ဆေး တွေ့ရှိပြီးနောက် အဖမ်းခံရကာ ထောင်ခြောက်လစီ ကျသွားကြသည်။

    ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလှတိုးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မကြာသေးမီလအနည်းငယ်အချိန်ထိ လုပ်ကိုင်ခဲ့သူ ဦးမောင်မောင်အုန်းနှင့် ကမန်တိုင်းရင်းသားများ နိုင်ငံသားအခွင့်အရေးရရှိရေးအတွက် ၂ဝ၁၄၊၂ဝ၁၅ တို့တွင် သုံးကြိမ် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မည့်သည့်ရလဒ်မှ မရရှိခဲ့ကြောင်း ဆိုသည်။
    (သူ၏ ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ် ၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။)

    “ဦးမောင်မောင်အုန်းကတော့ သူ ရခိုင်ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ညှိနှိုင်းပေးပါ့မယ် တဲ့။ ဒါကိုကလည်း သိပ်တော့ သဘာဝမကျဘူး။ သူ့ကို  အချိန်ပေးပါ တဲ့၊ သူသာ ဝန်ကြီးချုပ်ရာထူးကသာ ထွက်သွားတာ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ဦးလှတိုးက ဆိုသည်။

    သို့သော် ရွေးကောက်ပွဲတွင်မူ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသော ကမန်တိုင်းရင်းသားများမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတို့၏  ထောက်ခံချက်ဖြင့် မဲထည့်ခွင့် ရမည်ဖြစ်ကြောင်း သံတွဲရှိ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ဆိုသည်။

    ရွေးကောက်ပွဲ ဒွိဟများ

    ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုး၊ NLD တို့ ပြီးလျှင် ရခိုင်လူမျိုးတို့ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP)  မှာ အားအကောင်းဆုံးပါတီဖြစ်သည်။

    ကမန်လွှတ်တော်အမတ်လောင်း ဦးသန်းဝင်းက ANP  ပါတီမှာ ရခိုင်အမျိုးသားအရေးကို ရှေ့တန်း အလွန်အကျုးတင်နေသဖြင့် ကမန်တို့မှာ  NLD ကိုသာ မဲပုံပေးကြလိမ့်မည်ဟု ခန့်မှန်းသည်။

    “ဖြစ်နိုင်ရင် ANP ကိုပဲ မဲထည့်ချင်တယ်။ တကယ်တော့ ရခိုင်ဆိုတာ ကိုယ့်အစ်ကိုကြီးလိုပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကို ဘင်္ဂါလီနဲ့ ကမန်  အတူတူပဲ၊ မွတ်စလင်ပဲ ဘာညာ ဆိုတော့ ကျွန်တော်တို့လည်း NLD ကိုပဲ မဲထည့်ရမှာပေါ့” ဟု သူက ရှင်းပြသည်။

    သူဝင်ပြိုင်နေသည့် ရခိုင်ပြည်နယ် လွှတ်တော် တစ်နေရာအတွက် သူ့ကိုယ်သူ မဲပေးမည် ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော်နေရာများအတွက်မူ NLD ကိုသာ မဲထည့်မည်ဖြစ်ကြောင်း၊ NLD ဦးဆောင်သော အစိုးရသည် ကမန်တိုင်းရင်းသားတို့၏ နိုင်ငံသားဖြစ်ခွင့် အခြေအနေများကို လျင်မြန်စွာ ဖြေရှင်းပေးသွားမည်ဟု မျှော်လင့်ကြောင်း ဦးသန်းဝင်းက ပြောသည်။

    NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံရှိ မွတ်စလင်များ ဖိနှိပ်ခံနေရခြင်းအပေါ် အရေးတယူ ပြောဆိုခြင်း မရှိသောကြောင့်  နိုင်ငံတကာတွင် ဝေဖန်ခံနေရသည်။

    အမျိုးသားရေးဝါဒီ သံဃာတော်အချို့ကလည်း  မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများ ရွေးကောက်ပွဲ မတိုင်မီ ပြောဆိုခဲ့ပြီးနောက်တွင်  NLD ပါတီက မည်သည့် မွတ်စလင် တစ်ဦးတစ်ယောက်ကိုမျှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းခြင်း မရှိခဲ့ပေ။

    သို့ရာတွင် ပေါက်တော ကျေးရွာမှ ကိုဇော်လင်းကမူ NLD ပါတီကိုသာမဲထည့်မည်ဟု ဆိုသည်။

    “တိုင်းရင်းသားတွေအားလုံး မျှမျှတတ ဆက်ဆံခံရမယ့် နိုင်ငံရေးစနစ်မျိုး NLD က လုပ်နိုင်မယ်လို့ ထင်တာပဲ” ဟု သူက ဆိုသည်။ ပြည်နယ်တောင်ပိုင်းရှိ ကမန်တို့မှာ NLD ကို မဲထည့်မည့် အခြေအနေ ရှိသော်လည်း NLD အားမကောင်းသော၊ အမျိုးသားရေးစိတ်ဓာတ်များ၊ လူမျိုးရေး စိတ်ဓာတ်များမြင့်မားနေသော ပြည်နယ်မြောက်ပိုင်းတွင်မူ   ANP သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ တို့ကိုသာ မဲထည့်ကြမည်ဟု မျှော်လင့်ရသည်။

    “NLD က ဒီမြောက်ပိုင်းမှာတော့ စည်းရုံးရေးလည်း သိပ်မရှိဘူး၊ အားမကောင်းဘူးဗျ။ ကျွန်တော်ကတော့ ANP ပါတီကို ပြည်ထောင်စုလွှတ်တော်နေရာတွေ အတွက် မဲထည့်သွားမယ်” ဟု ပြည်နယ်လွှတ်တော်နေရာအတွက်  ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီကိုယ်စားပြု၍ စစ်တွေမြို့နယ်တွင်   ဝင်ရောက်ယှဉ်ပြိုင်သော ကိုကျော်ငြိမ်းက ဆိုသည်။

    ကိုကျော်ငြိမ်း၏ မဲဆွယ်ပွဲများတွင် ကမန်တို့သည် မွတ်စလင်ဖြစ်သော်လည်း ဘင်္ဂါလီတို့ကဲ့သို့ မဟုတ်ဘဲ တရားဝင်အသိအမှတ်ပြု ရခိုင်မျိုးနွယ်တိုင်းရင်းသားတစ်စုဖြစ်ကြောင်း ရခိုင်လူမျိုးတို့ကို ရှင်းပြခဲ့သည်ဟု သူက ဆိုသည်။

    “ဒီအချက်ကိုပဲ ထပ်ခါထပ်ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမန်တိုင်းရင်းသားတွေရဲ့အဓိက ပြဿနာက ဘင်္ဂါလီတွေနဲ့ အတူတူလို့ အသတ်မှတ်ခံရလို့ပဲ” ဟု သူက ပြောသည်။

    ၂ဝ၁၄ သန်းခေါင်စာရင်းကောက်ယူချိန်တွင် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာလူမျိုးများဟု ထည့်သွင်း ကောက်ယူခြင်းမပြုရန် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီက  ကြေညာချက် ထုတ်သည့် နည်းဖြင့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မနှစ်မြို့သော ရခိုင်တိုင်းရင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။

    “ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဲရတယ် မရတယ် ဆိုတာထက်၊ ရွေးကောက်ပွဲအပြီး ကမန်တိုင်းရင်းသားတွေရဲ့အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ  ပိုအရေးကြီးတယ်” ဟု ကိုကျော်ငြိမ်းက ဆိုသည်။   ။