News @ M-Media
Category: ဆောင်းပါး
  • ၂၀၁၅ ရွေးကောက်ပွဲနှင့် မြန်မာမွတ်စ်လင်မ် တို့၏ မျှော်လင့်ချက်
    ၂၀၁၅ ရွေးကောက်ပွဲနှင့် မြန်မာမွတ်စ်လင်မ် တို့၏ မျှော်လင့်ချက်
    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးအနှစ်ချုပ်
    မွတ်စ်လင်မ်တို့သည်အေဒီ ၈ရာစု အစပိုင်းမြန်မာ ကမ်းရိုးတန်းဒေသမြို့များသို့ရောက်ရှိလာခဲ့သည့် သမိုင်းကြောင်းများအရ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်မှုနှစ်ပေါင်း တစ်ထောင် ၀န်းကျင်ကြာမြင့်ခဲ့လေပြီ။ သူတို့သည်သူတို့၏ သက်ဆိုင်ရာ ဘုရင်များနှင့် တိုင်းပြည် အပေါ်အကောင်းဆုံး သစ္စာစောင့်သိပြီး အမှုတော် ထမ်းရွက်ခဲ့ကြသူများဖြစ်သည်။
    အစ္စလာမ် သာသနာအပေါ်ယုံကြည်မှု အားကောင်းကြသောသူတို့အား အတိတ်ကာလကပင်မြန်မာ့နိုင်ငံ သားကောင်းများ အဖြစ် အသိအမှတ်ပြုထားခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်း များစွာငြိမ်းချမ်း ကျေနပ်စွာ နေထိုင်ခဲ့ကြသော်လည်း စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်ညှင်းဆဲမှု၊ အမျိုးသားရေး ၀ါဒီ အဖွဲ့အစည်းအချို့၏ ခွဲခြား ချိုးနှိမ်မှုတို့ကြောင့် သူတို့၏ ပီတိချမ်းသာများ ဆက်လက် မတည်တံ့နိုင်ပါတော့ချေ။မြန်မာ့ လွတ်လပ်ရေး အတွက်ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူလက်တွဲ ပါဝင်ခဲ့ခြင်း ၊မြန်မာ့ဒီမိုကရေစီ အရေးကြိုးပမ်းမှု ကာလ တစ်လျှောက်လုံးဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဟူသော အခန်း ကဏ္ဍများအား ချန်ရစ်ထား၍ မရစကောင်းပါ။ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်းများမှ ပယ်ဖျက်ခံရသည့်တိုင် မွတ်စ်လင်မ်တို့မှာ ၎င်းတို့၏ထောက်ခံ အားပေးမှုများကို အကြောင်းပြု၍ NLD ပါတီထံမှ မည်သည့် အကျိုးအမြတ်ကိုမျှ မမျှော်လင့်ထားကြ။လက်ရှိ ကာလတွင်တော့မွတ်စ်လင်မ်တို့သည် လာမည့်၂၀၁၅ရွေးကောက်ပွဲတွင် မည်သည့် ပါတီအား မဲပေးရမည်ကို ဇဝေဇ၀ါဖြစ်ကုန်ကြ၏။
    ဤဆောင်းပါးသည် လက်ရှိ မွတ်စ်လင်မ်ပါတီများ၊ လွှတ်တော် အမတ်လောင်းများ၏ အနေအထားတို့ကို အနုစိပ်လေ့လာ သုံးသပ်ထားပါသည်။ ထို့ပြင် အနာဂတ်ချောမွေ့ရေး လမ်းကြောင်းမှသွေဖည် မသွားစေရန်လည်း မွတ်စ်လင်မ်တို့ အတွက် အကြံပြုထားပါသည်။
    နိဒါန်း
    သံတွဲခရီးစဉ်
    မွတ်စ်လင်မ်တို့သည်အေဒီ၈ရာစုအစပိုင်းတွင်မြန်မာ ကမ်းရိုးတန်းဒေသမြို့များသို့ရောက်ရှိလာခဲ့ကြသည်။ ယင်းသမိုင်းကြောင်း အရမြန်မာနိုင်ငံ အတွင်း မွတ်စ်လင်မ်တို့၏ မှီတင်းနေထိုင်နေမှုမှာ နှစ်ပေါင်း တစ်ထောင်ဝန်းကျင်
    သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်သည်။ သူတို့သည် သူတို့၏ ဘုရင်များ၊ အစိုးရများ အဆက်ဆက်နှင့် တိုင်းပြည်အပေါ် အကောင်းဆုံး သစ္စာစောင့်သိပြီး အမှုတော်ထမ်းရွက်ခဲ့ကြသူများဖြစ်သည်။
    အစ္စလာမ်သာသနာအပေါ် ယုံကြည်မှုအားကောင်းကြသည့်သူတို့အား အတိတ်ကာလကပင် မြန်မာနိုင်ငံသားကောင်းများ အဖြစ် လက်ခံထားခဲ့ကြသည်။ ဘုရင်မင်း အဆက်ဆက်နှင့် အုပ်ချုပ်သူများက သူတို့၏ အနစ်နာခံ စွန့်လွှတ်ဝံ့စားမှုများကိုအသိအမှတ်ပြုခြင်းနှ င့်အတူ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊နိုင်ငံအ၀ှမ်း ဘာသာရေး အဆောက်အဦများ ဆောက်လုပ်ခွင့်တို့ကို အပြည့်အ၀ပေးခဲ့ကြသည်။
    သူတို့သည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းကျေနပ်စွာနေထိုင်ခဲ့ကြသော်လည်း စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်ညှင်းဆဲမှု၊ အမျိုးသားရေးဝါဒီ အဖွဲ့အစည်းအချို့၏ခွဲခြားချိုးနှိမ်မှုတို့ကြောင့် သူတို့၏ပီတိချမ်းသာများ ဆက်လက် မတည်တံ့နိုင်ပါတော့ချေ။
    စစ်အုပ်ချုပ်ရေးကာလ တစ်လျှောက်မှသည် လက်ရှိချိန်ထိ ခက်ခဲသောအခြေအနေတို့ကိုဖြတ်ကျော်လာရသည်။
    သူတို့သည် အသက်အိုးအိမ်စည်းစိမ်ပေါင်း များစွာပေးဆပ်ထားရပြီးလည်းဖြစ်နေပါသည်။ မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူမြန်မာ့လွတ်လပ်ရေး အတွက် လက်တွဲပါဝင်ခဲ့ခြင်း မြန်မာ့ ဒီမိုကရေစီအရေးကြိုးပမ်းမှုကာလ တစ်လျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟူသော အခန်းကဏ္ဍများအား ချန်ရစ်ထား၍ မရစကောင်းချေ။ ထိုမြန်မာမွတ်စ်လင်မ်တို့၏ ကြိုးပမ်းမှုများသည် သူတို့မြန်မာနိုင်ငံ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာပြည်သူတို့ အပေါ်မည်ရွေ့ မည်မျှသစ္စာစောင့်သိကြောင်း မှတ်တိုင်ထူချက်ပင်ဖြစ်ပါသည်။
    မွတ်စ်လင်မ်တို့၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်းတရားများတွင် သူမ၏ ပညာဂုဏ်ရည်မြင့်မားမှု၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း အကြား၌ ထင်ရှားမှု၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့်မြန်မာ့ဒီမိုကရေစီရေးအတွက်
    စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုများကြောင့်ပင်ဖြစ်ပြီး မွတ်စ်လင်မ် အများစုတို့သည် NLD ပါတီအတွက် ယုံကြည်မှုအပြည့် ဖြင့် အားပေး ရပ်တည်ဆောင်ရွက်ခဲ့ကြသည်။ သို့တစေ သူမ၏ပါတီကား မွတ်စ်လင်မ်တို့၏ အရေးအရာများတွင်လည်းကောင်း၊
    မွတ်စ်လင်မ်နှင့် ဗုဒ္ဓဘာသာဝင်တို့ အကြားဖြစ်ပွားသည့် အဓိကရုဏ်းများတွင် လည်းကောင်း၊ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍လည်းကောင်း ရပ်တည်ပေးခြင်း မရှိခဲ့သဖြင့် မွတ်စ်လင်များနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက်
    အတန်ပင် စိတ်ကွက်စရာဖြစ်သွားစေသည်။[1]
    ဒေါ်အောင်ဆန်းစုကြည
    အခြားတစ်ဖက်တွင်မူဒေါ်အောင်ဆန်းစုကြည်သည်သူမ၏နိုင်ငံရေး ရန်သူတော်များမှ သူမ၏ကျော်ကြားမှုအပေါ်
    မရှုစိမ့်ဘဲသိက္ခာချအမည်ဖျက်နေခြင်းကြောင့် စိတ်မသက်မသာဖြစ်နေရကြောင်းကိုလည်း မွတ်စ်လင်မ်တို့က နားလည်ပေးကြပြန်ပါသည်။ NLD ပါတီကမွတ်စ်လင်မ်များကို မျက်နှာသာပေးသည်၊ မွတ်စ်လင်မ်ပါတီဖြစ်သည်စသဖြင့် ထင်မြင်ခံရအောင်စွပ်စွဲနေခြင်းလည်းရှိနေသည်။[2]
    မြန်မာ့ပြည်တွင်း သတင်းစာများကိုလေ့လာကြည့်ပါက သိရသည်မှာ သူမကိုဝေဖန် ပုတ်ခတ်နေသူများ
    အနက်မစိုးရိမ်တိုက်သစ်ကျောင်းထိုင် ဆရာတော် ဦးဝီရသူ ဦးဆောင်သည့် တစ်ယူသန် ဗုဒ္ဓဘာသာဝင်အဖွဲ့အစည်း-
    မဘသနှင့် အချို့သောကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)ပါတီဝင်များမှာ ထိပ်ဆုံးမှဦးဆောင်နေကြသည်ဟုလေ့လာရပါသည်။
    USDPပါလီမန်အမတ်များ၊ စစ်တပ် ကိုယ်စားလှယ်များဖြင့်ကြီးစိုးထားသည့် လွှတ်တော်ကသူမအား သမ္မတနေရာဝင်ပြိုင်နိုင်ခွင့်မရရှိအောင် ဥပဒေကို အတည်ပြုလိုက်လေသော အခါသူမအဖို့ပို၍ စိတ်အနှောင့်အယှက်ဖြစ်လာသည်။
    4334
    ဤသို့သော်အခြေအနေတွင်နိုင်ငံတော်အရေးနှင့်NLDပါတီရေးရာကိစ္စများတွင်မွတ်စ်လင်မ်တို့၏
    ပါဝင်ဆောင်ရွက်မှုများအပေါ်အများကအတော်အတန်ပင်သတိကရုပြုလာကြ၏။ ဤတွင် NLD ပါတီလည်း မွတ်စ်လင်မ်ပါတီဝင်များအပေါ် သတိထားကြည့်မိလာသည်။ NLD ပါတီနှင့် မွတ်စ်လင်မ်တို့ အကြားစည်းခြားမှု ကျယ်ပြန့်ကြီးမားလာသည်နှင့်အမျှပါတီသည် မွတ်စ်လင်မ်အဖွဲ့ဝင်များအပေါ် ထင်ယောင်ထင်မှားဖြစ်လာလျက်နေရာပေးခြင်းမှရှောင်ကြဉ်လာကြလေသည်။
    ၂၀၁၅ရွေးကောက်ပွဲနီးကပ်လာသော အခါရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများစာရင်းမှမွတ်စ်လင်မ်တို့အား ဖယ်ထုတ်ခဲ့ချိန်တွင်တော့ သူတို့၏နည်းဗျူဟာများပိုမိုသိသာ ထင်ရှားလာပါတော့သည်။ အမှန်တော့ မြောက်များစွာသော မွတ်စ်လင်မ်တို့သည် သူမ၏ပါတီအတွက်၎င်းတို့၏ ယုံကြည်မှု၊ဘ၀နှင့်ဥစ္စာရှိသမျှကိုမည်သည့် ပုံဟန်အသွယ်သွယ်ဖြင့် ဖြစ်စေပေးဆပ်စတေးကြရန် ၀န်လေးနေကြသူများမဟုတ်ကြောင်း
    မွတ်စ်လင်မ်များထံမှသိရပါသည်။[3]
    မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်းတို့ကိုငြင်းပယ်ခြင်း
    NLD ပါတီ၏မွတ်စ်လင်မ်များအားခွဲခြားဆက်ဆံမှုကိုပိုမိုခိုင်မာသွားစေသည့်အကြောင်းကိုဆက်လက်ဖေါ်ပြရသည်ရှိသော်၊
    အထင်ကရမွတ်စ်လင်မ်နိုင်ငံရေးသမားများကိုလျှစ်လျှူရှုပစ်ခြင်းဖြစ်သည်။
    နိုင်ငံရေးအကျဉ်းသားဟောင်းနှင့်ကျောင်းသားသမဂ္ဂ ထူထောင်သူ အဖွဲ့ဝင်ဖြစ်သူ ကိုစည်သူမောင်သည်
    တစ်ချိန်ကရွှေဝါရောင်တော်လှန်ရေးတွင်လည်းပါဝင်ခဲ့သူ တစ်ဦးဖြစ်၍ရွေးကောက်ပွဲအတွက်ပန်းဘဲတန်းမြို့နယ်မှ ၀င်ရောက်အရွေးခံလိုခဲ့သည်။
    ကနဦးပိုင်းက NLD တွင်သူ့အားနေရာပေးခဲ့ကြပြီး၊ ပန်းဘဲတန်းမြို့နယ်ရှိမွတ်စ်လင်မ် အများစု၏မဲများကိုသူ့အားဖြင့် ရယူနိုင်မည်ဟုမျှော်လင့်ထားခဲ့ကြ၏။ သို့သော်သူ့နေရာတွင်ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်လောင်း တစ်ဦးကိုအစားထိုးခဲ့သည့်အပြင်
    သူ့ကိုလည်းအကြောင်းပြချက်မရှိဘဲ စာရင်းမှ ဖယ်ထုတ်ခဲ့သည်။မွတ်စ်လင်မ်တို့သည်
    သူ့အားခေါင်းဆောင်တစ်ဦးအဖြစ်မျှော်လင့်ထားကြကာ တိုင်းသိပြည်ကျော် NLD ပါတီမှဤသို့လူစားကိုဤသို့ပြုမူလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြ။ NLD အနေဖြင့်ယင်းသို့ခွဲခြား ဆက်ဆံသည့်ခြေလှမ်းမျိုး မလှမ်းသင့်ကြောင်း၊ပါတီဝင်တိုင်းကို တူညီမျှတစွာဆက်ဆံသင့်ကြောင်း၊ ဤသို့သောလုပ်ရပ်သည် မိမိအား စိတ်ပျက်သွားစေသည် သာမက မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း စိတ်မသက်သာမှုဖြစ်သွားစေကြောင်း၊ သူ့အားစာရင်းမှပယ်သည့် အကြောင်းရင်းကိုလည်း အလျဉ်းမသိခဲ့ရကြောင်း စည်သူမောင်ကပြောကြားသည်ဟုသူနှင့် အစောပိုင်းတွေ့ဆုံခဲ့သော
    ဘီဘီစီသတင်းထောက်ဂျိုနာဖစ်ရှာက ဆိုပါသည်။[4]
    ထို့အတူမွတ်စ်လင်မ် ကိုယ်စားလှယ်လောင်းများကို NLD မှ ဖယ်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ပါတီ၏
    အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်ဦးကိုမေးမြန်းရာတွင်လည်း အကြောင်းရင်းကိုမိမိမှ မသိရှိကြောင်းအဖြေပေးခဲ့သည်။ တစ်ခါ စည်သူမောင်အား “NLD ထဲမွတ်စ်လင်မ် အမတ်လောင်းတစ်ဦးမှ မရှိကြဘူးလား” ဟုမေးမြန်းရာသူက
    “တိုက်ရိုက်မှတ်ချက်မပေးလိုပါဘူး။ဒါပေမယ့် NLD ကရွေးချယ်တဲ့ မွတ်စ်လင်မ် အမတ်လောင်းတစ်ဦးမှမရှိခဲ့ပါဘူး” ဟုဖြေဆိုသွားကြောင်း ဖစ်ရှာကဆိုပါသည်။[5]
    ဒေါ်အောင်ဆန်းစုကြည်သည် မင်းဆိုးမင်းညစ်များကိုမည်သို့ရင်ဆိုင်တုန့်ပြန်ရမည့် အကြောင်း၊အကြောက်တရား မထားရှိရမည့်အကြောင်း ထဲထဲဝင်ဝင်ရေးသားခဲ့ပါသော်လည်း ယခုအခါသူမသည် မဘသ အားကြောက်ရွံ့၍
    ဗုဒ္ဓဘာသာဝင်အများစုထံမှမဲများဆုံးရှုံးမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်
    လှုပ်ရှားတက်ကြွသူမွတ်စ်လင်မ် တစ်ဦးဖြစ်သော ကိုမြတ်သူက ဖစ်ရှာကိုပြောကြားသည်။[6]
    လျှောက်ထားချက်ကို ပယ်ချခံရသည့် အဆိုပါလူများ အနက်၂၀၀၇ရွှေဝါရောင် အရေးအခင်းကာလ အတွင်း မကြာခဏ အဖမ်းခံခဲ့ရသော
    မန္တလေးတိုင်းဒေသကြီးရုံးမှ ဦးဆောင်အဖွဲ့ဝင်ဒေါ်ဝင်းမြမြ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဥက္ကဋ္ဌဦးကြည်လွင်တို့လည်း
    အပါအ၀င်ဖြစ်ကြောင်း NLD အတွင်း လူများထံမှသိရသည်။
    ထင်ရှားသော၈၈ကျောင်းသားခေါင်းဆောင်များအနက်တစ်ဦးဖြစ်သူကိုမြအေးကမူမွတ်စ်လင်မ် ကိုယ်စားလှယ်လောင်းများကို
    NLD၏ရွေးချယ်ခံစာရင်းမှဖယ်ရှားထားခြင်းမှာမလုပ်အပ်သောအလုပ်တစ်ခုကိုလုပ်ခြင်းဖြစ်သလို မှားယွင်းသည့်လုပ်ရပ်တစ်ခုလည်းဖြစ်သည်ဟုပြောခဲ့ပြီး NLD နှင့်ကာလရှည်လက်တွဲလုပ်ဆောင်နေသည့် မွတ်စ်လင်မ်အများအပြားရှိနေကြပြီးလွှတ်တော်၌ လူနည်းစု၏ အသံထုတ်ရန်လည်းမရှိမဖြစ် လိုအပ်သည်ဟု ထပ်မံအသိပေးပြောခဲ့သည်ဟု ဖစ်ရှာနှင့် အင်တာဗျူးတွင် ဆိုခဲ့ပါကြောင်း
    ဧရာဝတီမှဖေါ်ပြခဲ့သည်။ကိုမြအေးသည် ၈၈မျိုးဆက်မှ ကိုကိုကြီးလိုပင်
    NLD နှင့်လက်တွဲရန်ကနဦးက စာရင်းသွင်းခဲ့သည်။သို့သော်နောင်တွင် မိမိသည်လည်းအခြား မွတ်စ်လင်မ်များကဲ့သို့ အဖြစ်မခံလိုသဖြင့်
    မိမိသဘောအလျောက်ပြန်လည်နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း၊
    NLD ၏ဤခြေလှမ်းသည်လာမည့် အနာဂတ်၌မွတ်စ်လင်မ် အမတ်များ၊မွတ်စ်လင်မ်တို့၏
    အားပေးထောက်ခံမှုများ လက်လွှတ်သွားနိုင်ကြောင်းကိုမြအေးမှ အသိပေးခဲ့သည်။[7]
    တစ်သီးပုဂ္ဂလပါတီများနှင့်မွတ်စ်လင်မ်အမတ်လောင်းများ
    လက်ရှိအာဏာရပါတီဖြစ်သည့်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)ကိုယ်စားပြုအောက်လွှတ်တော်အမတ်
    ရိုဟင်ဂျာလူမျိုးဦးရွှေမောင်သည်လည်း အလားတူပင် သူမွေးဖွားစဉ်က သူ့မိဘများသည်နိုင်ငံသားမဖြစ်သေးဟူသော အကြောင်းပြချက်ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှနောက်ထပ်ရွေးကောက်ပွဲဝင်ရန် တင်သွင်းလျှောက်ထားချက်ကို ပယ်ဖျက်လိုက်ကြောင်းပြောဆိုလိုက်သည်။ ထိုအခါဦးရွှေမောင်သည် တစ်သီးပုဂ္ဂလအမတ် အဖြစ်ဝင်ပြိုင်ရန် မှန်ကန်ခိုင်မာသည့်အထောက်အထားအားလုံးကို တင်ပြကာရှေ့တိုးကြိုးစားပြန်သည်။ သို့ရာတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကထိုနည်း အတိုင်းထပ်မံပယ်ချလိုက်သည်။[8]
    ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပါတီ DHRP ဥက္ကဋ္ဌ ဦးကျော်မင်းကလည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
    (UEC)၏ဆုံးဖြတ်မှုကို စိတ်ပျက်ရသည်။သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ၁၇ဦးအားနိုင်ငံသား အရည်အချင်းမပြည့်မီ၍ ဟုဆိုကာ
    ပယ်ချလိုက်သည်။စာရင်းတင်သွင်းသူ၁၈ဦးအနက်တစ်ဦးသာရွေးချယ် အတည်ပြုခံရသဖြင့် DHRP ပါတီမှာ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကအသင်းအဖွဲ့မှတ်ပုံတင် ရုပ်သိမ်းမည့် အခြေအနေသို့ရောက်နေသည်။
    အကြောင်းမှာပါတီတစ်ခု၌ပါဝင်ယှဉ်ပြိုင်မည့်သူ ၃ဦး မရှိပါက ပါတီကိုပယ်ဖျက်နိုင်ခြင်းကြောင့်ဖြစ်၏။
    မိမိသည်၁၉၉၀ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့လင့်ကစားယခု အချိန်ကျမှမိမိအားအကြောင်း အမျိုးမျိုးဖြင့် ပယ်ချလိုက်ခြင်းသည် ရယ်စရာဖြစ်နေပါသည်ဟုအပယ်ခံစာရင်းထဲပါဝင်သည့် ဦးကျော်မင်းကဆိုသည်။
    “ဒါဟာနိုင်ငံရေးလောကထဲ မွတ်စ်လင်မ်ကင်းစင်ရေး လုပ်တဲ့ဗျူဟာ တစ်ရပ်လို့ ကျွန်တော်ထင်မြင်ပါတယ်”
    ဟုသူကပြောကြားကြောင်း ဧရာဝတီသတင်းဋ္ဌာနမှဖော်ပြသည်။[9]
    မွတ်စ်လင်မ်တို့၏အရေးဆောင်ရွက်မည်ဆိုသည့်အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီ UNC
    သည်လည်းအထက်မြန်မာပြည်တွင်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းရှိခဲ့သည်။
    ပါတီကိုတည်ထောင်သူများဖြစ်သောဦးမောင်မောင်စိုး ၊ဦးခင်မောင်သိန်းနှင့် ဦးလှမြင့်တို့မှာ ဒီမိုကရေစီ အရေးကြိုးပမ်းခဲ့သူများဖြစ်သည်။
    အလားတူ ဦးဆန်းတင်ကျော်မှာလည်း စစ်ဆေးမေးမြန်းမှုကာလအတွင်းအကျဉ်းကျနေစဉ်ပြင်းထန်စွာ ညှင်းပန်းနှိပ်စက် ခံခဲ့ရပေသည်။
    ကနဦးပိုင်းအဆင့်၌၂၀၁၅ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်လောင်း အများအပြားကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှပယ်ချခဲ့သော်လည်းယခုအခါသူတို့၏ပါတီမှ ဦးဆန်းတင်ကျော်(မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စားပြု)၊
    ဦးရန်နိုင်(သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားပြု)၊ ဦးအောင်မြင့်မင်း (တာမွေမြို့နယ်ကိုယ်စားပြု) အစရှိသူတို့ကိုပြန်လည်လက်ခံ၍ယခုသော် မဲဆွယ်လုပ်ငန်းစဉ်များ စတင်တော့မည်ဖြစ်သည်။[10]
    နောက်ဆုံးသိရသည် သတင်းတရပ်မှာတော့ မွတ်စ်လင်မ် ကိုယ်စားလှယ် ၁၁ ဦးကို
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ပြန်လည် လက်ခံခဲ့ကြောင်း ကြားသိရပါသည်။
    နိုင်ငံရေးသုံးသပ်ချက်
    NLD ဗဟိုကော်မတီမှ၎င်း၏မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်း၁၅ဦးကိုစာရင်းမှတမင် ဖယ်ထုတ်လိုက်ခြင်းမှာ
    မြန်မာနိုင်ငံအတွင်းအမျိုးသားရေးဝါဒီတို့၏ရန်စောင်လှုပ်ရှားမှုမြင့်မားလာခြင်းနှင့်ချိတ်ဆက်မှု ရှိနေနိုင်ကြောင်း NLD ထိပ်တန်းအဖွဲ့ဝင်နှင့်ရှေ့နေတစ်ဦးဖြစ်သူဦးကိုနီမှထုတ်ဖော်ပြောကြားခဲ့သည်။
    NLD အနေနှင့်ဗုဒ္ဓဘာသာဝင်များအားဆန့်ကျင်သောပါတီဟုတံဆိပ်ကပ်ခံရမည်ကို စိုးရွံ့နေခြင်း(သို့တည်းမဟုတ်) လာမည့်ရွေးကောက်ပွဲ၌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)
    ကNLDမှတင်ပြလာသည့်မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်းတို့ကို ဖယ်ထုတ်လိုက်ပါက
    NLDအမတ်များပါလီမန်တွင်အမြောက်အများဆုံးရှုံးမည်ကိုစိုးရိမ်သည့် အတွက်ကြောင့်လည်းဖြစ်နိုင်ကြောင်းပြောပြခဲ့ပါသည်။[11]
    ဗဟိုကော်မီတီ ဦးဝင်းထိန်မှလည်း မဘသ ၏ ဝေဖန်မှုကို စိုးရိမ်ပြီးမွတ်စ်လင်မ် အမတ်လောင်းများကို ဖယ်ထုတ်လိုက်ရခြင်းဖြစ်ကြောင်း
    ဧရာဝတီ၏ တင်ပြချက်ကိုလေ့လာခဲ့ရပါသည်။
    ဆက်၍ဆိုရပါလျှင်မွတ်စ်လင်မ်တို့သည် ယခုအခါမိမိတို့၏ အနာဂတ်နိုင်ငံရေး အလားအလာကို၊လည်းကောင်း၊
    မည်သည့်ပါတီကမိမိတို့အရေးကိုကိုယ်စားပြုပြောဆိုပေးမည်ကို လည်းကောင်း မသိနိုင်တော့ချေ။
    မည်သူ့ကိုအားပေးထောက်ခံရမည်၊ မည်သူ့ကိုမဲပေးရမည့် အပေါ်စိတ်ရှုပ်ထွေးကုန်ကြသည်။
    သေချာသည့်အချက်တစ်ခုကမွတ်စ်လင်မ်တို့သည်ရှည်လျှားလှသောသောကနှင့် ဒုက္ခများခံစားရပြီးနောက်ဝယ်
    လက်ရှိအာဏာရပါတီနှင့်အတိုက်အခံပါတီတို့၏ ဦးတည်ချက်၊ရည်ရွယ်ချက်နှင့်အမြင် သဘောထားများကိုကောင်းစွာသိနားလည်လိုက်ကြပေပြီ။
    အစဉ်အဆက်စစ်အစိုးရအဖွဲ့နှင့်၎င်းတို့၏လက်ဝေခံ အာဏာရပါတီဖြစ်သည့်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ
    (USDP)တို့ကနှစ်ပေါင်း၆၀တိုင်တိုင်မိမိတို့၏ အသက် အိုးအိမ်စည်းစိမ်တို့ကိုပေးဆပ်နေစေခြင်းတည်းဟူသော
    သင်ခန်းစာများပေးခဲ့ကြောင်းမွတ်စ်လင်မ်အပေါင်းမှ လက်ခံထားကြပြီးလည်းဖြစ်သည်။
    မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင်တို့အကြား မခံစားရနိုင်လောက်သော အကြမ်းဖက်ရက်စက်မှုတို့ကို ခံစားရပြီးနောက်မှာပင်
    ၎င်းတို့အားဆက်လက်ထောက်ခံနေဦးမည်ဆိုပါက မိမိတို့၏ အနာဂတ်သည်အိပ်မက်ဆိုးထဲသာ
    ခရီးနှင်ရဦးမည်ဖြစ်ကြောင်းသူတို့ကောင်းကောင်း သိထားလိုက်ကြပေသည်။[12]
    အခြားတစ်ဖက်တွင်မူမွတ်စ်လင်မ်တို့ကအတိုက်အခံ NLD ပါတီသည် မိမိတို့အပေါ် တစ်နည်းတစ်ဖုံဖေးမကူညီလာလိမ့်မည်
    ဟုမျှော်လင့်နေခဲ့ကြသော်လည်း၎င်းထင်မြင်ချက်နှင့် ဆန့်ကျင်စွာမထင်မှတ်ထားသော ဖိအားကိုကြုံဆုံရသည်၌
    အမြင်ပြောင်းလဲသွားကြပါသည်။သို့သော်တဖန် NLD မှ မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်းများကိုဘေးဖယ်လိုက်ခြင်းမှာ
    နိုင်ငံရေးလိုအပ်ချက်အရဖြစ်ကြောင်း၊ မွတ်စ်လင်မ်များ အတွက် NLD ပါတီသာအသင့်တော်ဆုံးဖြစ်ပြီး
    မည်သည့်စိုးရိမ်ပူပန်မှုမှမထားဘဲ မဲပေးစေလိုကြောင်းရှေ့နေဦးကိုနီက တစ်ဆင့်တက်အကြံပြုထားပါသည်။
    သို့သော် NLD အပေါ်ရပ်တည်ပေးရန်ယုံကြည်မှု အားနည်းသွားသောမွတ်စ်လင်မ် အများအပြားလည်းရှိနေကြသည်။
    သို့ဖြစ်၍လွှတ်တော်တွင်မိမိတို့အရေးကို အလေးထားပေးကြမည့် တစ်သီးပုဂ္ဂလမွတ်စ်လင်မ်အမတ်လောင်းများကိုသာ
    မဲပေးကြရန်စတင်စဉ်းစားလာကြတော့သည်။ သို့ရာတွင်လက်တွေ့အားဖြင့်တစ်သီးပုဂ္ဂလအမတ်တို့သည်
    လွှတ်တော်အတွင်းဥပဒေများစည်းမျဉ်းများကို မပြောင်းလဲပေးနိုင်ပါ။လွှတ်တော်ညီလာခံ၌မိမိ၏အဆိုကို
    အနည်းဆုံး၅၀ရာခိုင်နှုန်းအထက်ထောက်ခံချက်ရရှိမှသာ ၄င်းအဆိုသည်သ က်ဝင်လှုပ်ရှားလာနိုင်ပေသည်။
    ထို့ကြောင့်တစ်သီးပုဂ္ဂလအမတ်တို့ကိုထောက်ခံခြင်းတွင်လည်း အကျိုးဖြစ်ထွန်းမှုမဖြစ်နိုင်သည်ကိုတွေ့ရမည်။
    လတ်တစ်လောတွင်တော့ဖော်ပြပြီးသော အနေအထားများအရ မွတ်စ်လင်မ်တို့သည်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)ကိုရော
    NLD ကိုပါအကြွင်းမဲ့ယုံကြည်စိတ်ချမှုမရှိတော့ဘဲ ဇဝေဇ၀ါဖြစ်လျက်ရှိလေသည်။[13]
    သို့ဆိုလျှင်မွတ်စ်လင်မ်တို့သည်မည်သည့်ဖက်ကို ရပ်တည်ကြရပါမည်နည်း ?
    နိုင်ငံရေးလိုအပ်ချက်အရမွတ်စ်လင်မ်အမတ်လောင်းများအား ထုတ်ဖယ်ပစ်ရခြင်းဟူသော ဦးကိုနီ၏သဘောတရားအမြင်ကို
    ကျွန်ုပ်မှလက်ခံလိုပါ၏။အဘယ်ကြောင့်ဟူမူအကယ်၍ NLD မှ မွတ်စ်လင်မ်ကိုယ်စားလှယ် တစ်ဦးကိုရွေးချယ်တင်သွင်းပြီး
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကအကြောင်းပြချက် တစ်မျိုးမျိုးဖြင့်ဖယ်ရှား ပိတ်ပင်လိုက်သည်ဆိုငြားအံ့ – NLD
    ဖက်မှယှဉ်ပြိုင်သူတစ်ဦးလုံးဝဆုံးရှုံးကာ ဥပဒေအရလည်းထပ်မံ အစားထိုးခွင့်မရှိတော့ပေ။
    ထို့ကြောင့်NLDသည်ဦးကိုကိုကြီးနှင့်ဒေါ်ညိုညိုသင်းကဲ့သို့နိုင်ငံရေး အရကျော်ကြားသည့်
    ဗုဒ္ဓဘာသာဝင် အမတ်လောင်းများဖြစ်သည့်တိုင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
    (UEC)မှပယ်ချနိုင်ချေရှိသူများဖြစ်နေသဖြင့်၎င်းတို့ကို စာရင်းတွင်မပါဝင်သွားစေရန် သတိထားကာရွေးချယ် စာရင်းတင်သွင်းခဲ့ဖြစ်သည်။
    မည်သို့ပင်ဆိုစေမွတ်စ်လင်မ်အမြောက်အများကမူ NLD သည်လည်းမိမိတို့ အတွက်သင့်လျော်သော ပါတီမဟုတ်ဟုခံစားနေကြဆဲပင်။
    ဤသို့မယုံကြည်ရသည့်အကြောင်းကား မွတ်စ်လင်မ်တို့သည် NLD ကိုသော်လည်းကောင်း၊ကြံခိုင်ဖွံ့ဖြိုးရေးပါတီ
    (USDP)ကိုသော်လည်းကောင်းမြန်မာ့ပထမဆုံး ဒီမိုကရေစီခေတ်ဦးကာလ(၁၉၄၇-၆၂) ၌၀န်ကြီးချုပ်ဟောင်းဦးနုဦးဆောင်သည့် ဖဆပလနှင့်နှိုင်းယှဉ် သုံးသပ်မိသောကြောင့်ဖြစ်နိုင်ပေ၏။
    ၎င်းဖဆပလကမွတ်စ်လင်မ်တို့အပေါ် မလိုချင်သော သင်ခန်းစာကိုပေးထားခဲ့ဖူးပါသည်။[14]
    မွတ်စ်လင်မ်တို့၏အတိတ်ဒဏ်ရာ
    ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့)သည် လွတ်လပ်ရေးကြိုးပမ်းမှု၌လူနှင့်
    မဲအင်အားလိုအပ်သဖြင့် ဗမာမွတ်ဆလင်ကွန်ဂရက်(ဗမကအဖွဲ့) ဖွဲ့စည်းရန်တိုက်တွန်းလှုံ့ဆော်ခဲ့သည်။
    သို့နှင့်မွတ်စ်လင်မ်အများအပြားစစ်ထဲဝင်ကြ၏၊နိုင်ငံရေးလောကထဲ ၀င်ရောက်ကြ၏၊လွတ်လပ်ရေး အတွက်ကြိုးပမ်းကြ၏
    ၊ရွေးကောက်ပွဲတိုင်းတွင် ဖဆပလအမတ်များကိုထောက်ခံ အားပေးခဲ့ကြ၏။
    လွတ်လပ်ရေးရပြီးနောက်ဖဆပလမှ အစိုးရဖွဲ့နိုင်သောအခါ ၎င်းတို့၏ကတိက၀တ်ချိုးဖျက်၍ ၁၉၅၄ ခုနှစ်တွင်
    ဗမကအား ဖျက်သိမ်းဖို့တောင်းဆိုကြတော့သည်။[15]
    ဤဖြစ်စဉ်မြင်ကွင်းနှင့်ကြုံတွေ့မှုအပေါင်းကို မူတည်လျက် မွတ်စ်လင်မ်တို့သည် NLD ကိုဖြစ်စေကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)ကိုဖြစ်စေယုံစားအားကိုးနိုင်စွမ်း မရှိတော့။မွတ်စ်လင်မ်တို့ကို အင်အားဖြည့်ပါဝင်အောင်ကတိက၀တ် အမျိုးမျိုးပေးထားသော်လည်း
    အနာဂတ်၌ယင်းကတိက၀တ်များကို အလျဉ်းစောင့်ထိန်းဖော်ဆောင်လိမ့်မည် မဟုတ်ဟုတွက်ဆထား၍ဖြစ်ပါသည်။[16]
    သို့သော်ငြားလည်းလာမည့်ရွေးကောက်ပွဲများအတွက် NLD အားရွေးချယ်ခြင်းသည်မွတ်စ်လင်မ်တို့အတွက်မမှားနိုင်ပါဟုကျွန်ုပ် ထင်မြင်မိပါသည်။မွတ်စ်လင်မ်ကိုယ်စားလှယ်များကို
    နိုင်ငံရေးလိုအပ်ချက်ကြောင့်သာယာယီ ဖယ်ထုတ်ထားရခြင်းဖြစ်မည်ဟုကျွန်ုပ်မှ အမြင်ရှိနေပါ၏။အကယ်၍
    ရွေးကောက်ပွဲကိုချောမောအောင်မြင်စွာဆောင်ရွက်သွားနိုင်လျှင် NLD
    သည်တောင်ပြိုကမ်းပြိုအနိုင်ရနိုင်သည့် တစ်ခုတည်းသောပါတီဖြစ်ပါမည်။၎င်းနောက်လွှတ်တော် အတွင်းအစိုးရဖွဲ့နိုင်ရန် NLD
    အဖို့ရွေးကောက်ပွဲ၌အမတ်နေရာ ၅၀ ရာခိုင်နှုန်းအထက် ရရှိထားမှဖြစ်ပေမည်။အကယ်၍NLD
    မှအစိုးရဖွဲ့နိုင်ခဲ့သော်မြန်မာပြည်သူတစ်ရပ်လုံးကို ၎င်းတို့ကတိပေးထားသည့်အတိုင်း
    ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊တရားမျှတမှု၊ သာတူညီမျှဖြစ်ရေး၊ လွတ်လပ်စွာရွေးချယ်ခွင့်၊
    သူတို့သည်မွတ်စ်လင်မ်တို့ကိုကစားကွင်းထဲ ထည့်သွင်းကောင်းထည့်သွင်းပါမည်၊သို့သော်သူမ၏ပါတီကို
    ထာဝစဉ်ထောက်ခံလာခဲ့သည့်မြန်မာပြည်သူ တစ်ရပ်လုံးနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုတော့ထည့်တွက်ရန် မည်သည့်အခါမျှ
    ဆန့်ကျင်နိုင်မည်မဟုတ်ပါ။တိုးတက်ဖွံ့ဖြိုးသောနိုင်ငံတော်သစ် ထံခေါ်ဆောင်သွားမည့်စစ်မှန်သောဒီမိုကရေစီအနှစ်သာရ၌ ဤနိုင်ငံရေးစည်းမျဉ်းနှင့် ကတိက၀တ်များ ဖြည့်ဆည်းရန်သည် အာဏာ ရလာမည့် အစိုးရ၏ မလွဲမသွေပြုလုပ်ရမည့် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။[17]
    ဘယ်သူတွေကိုမဲပေးသင့်သနည်း ?
    ဤသည်မှာမွတ်စ်လင်မ်များ အတွက်သေရေးရှင်ရေးမေးခွန်းတစ်ခုဖြစ်ပေမည်။
    အဖြေသည်လည်းမွတ်စ်လင်မ်တို့၏ အနာဂတ်နိုင်ငံရေးမျှော်မှန်းချက်ပေါ် မူတည်နေပါသည်။မွတ်စ်လင်မ်တိုင်းထံ၌ အတွေးဝင်နေသည်မှာ
    မြန်မာနိုင်ငံရှိလူမျိုးပေါင်းစုံအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ဘာသာရေးလွတ်လပ်ခွင့်၊တန်းတူညီမျှမှု၊ခွဲခြား ဆက်ဆံခြင်းဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်မှသာ တည်ငြိမ်အေးချမ်းသော ဘ၀ကိုရရှိမည်ဖြစ်ပါ၏။ လက်ရှိနိုင်ငံရေးလမ်းကြောင်းကမိမိတို့အားလုံခြုံမှုနှင့်တည်ငြိမ်မှုကို မပေးစွမ်းနိုင်ကြောင်း သူတို့ယုံကြည်ကြ၏။ထိုအချက်များအားဖြည့်ဆည်း အကောင်အထည်ဖော်နိုင်မည့် အစိုးရသစ်တစ်ရပ်ကိုမျှော်လင့်နေကြ၏။ အရှိအတိုင်းဆိုရပါလျှင်အစိုးရသစ်တစ်ရပ်သည်လွှတ်တော် အတွင်းနေရာ အများစုလိုအပ်ပေသည်။
    လူနည်းစုဝင်မွတ်စ်လင်မ်လွှတ်တော်အမတ်များအနေနှင့် အမြင်တူပြီးရင်းနှီးသော အခြားလွှတ်တော်အမတ်များ၏
    အားပေးထောက်ခံမှုမပါဘဲအပြောင်းအလဲတစ်စုံတစ်ရာပြုလုပ်နိုင်စွမ်းမရှိ၊ ဥပဒေသစ်တစ်ရပ်ရပ်ကိုလည်းတင်သွင်း/ပြဋ္ဌာန်းဖို့မလွယ်ကူလှပါ။
    ဤအနေအထားကစွမ်းဆောင်ရည်အကောင်းဆုံး၊ယုံကြည် အားထားရဆုံးနိုင်ငံရေးပါတီ တစ်ခုကိုအလျဉ်မီရွေးချယ်စေရန်တောင်းဆိုလာပါတော့သည်။
    လာမည့်ရွေးကောက်ပွဲ၌ ၅၀ ရာခိုင်နှုန်း အထက်တောင်ပြိုကမ်းပြိုမဲ ရရှိအောင်မြင်နိုင်ချေရှိသည်မှာ မည်သည့်ပါတီနည်း ?
    သွားလမ်းသာပါက NLD ပါတီသာဖြစ်နိုင်ကြောင်း ထင်ရှားနေပေသည်။[18]
    ဒေါ်အောင်ဆန်းစုကြည်မှာစိတ်ချအားထားစရာ အနေအထားမရှိနိုင်သေးဟု ထင်မြင်ယူဆနေဆဲ မွတ်စ်လင်မ်များအနေဖြင့်
    ယခုအချိန်တွင်မည်သူက မွတ်စ်လင်မ်များ အတွက် အသင့်လျော်ဆုံးဟူသည်ကိုမေးမြန်းလိုပါသည်။
    မည်သူမျှတိတိကျကျညွှန်းဆိုဖော်ပြနိုင်လိမ့်မည် မဟုတ်ပါ။ NLD နှင့်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)တို့ကိုနှိုင်းယှဉ်လျက်သာခြင်း၊ နာခြင်းအားဖြင့်တွက်မည်ဆိုသော်ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ (USDP)အားရွေးလျှင်နစ်နာမှုကြီးမားမည်၊
    NLD အားရွေးပါကနစ်နာမှုနည်းပါးမည်ဟု မွတ်စ်လင်မ်များတွေးထင်ကြပါလိမ့်မည်။
    ရှရီအဟ်စည်းမျဉ်းဥပဒေများအရအကယ်၍ မိမိသည်နစ်နာမှု နှစ်မျိုးကို တပြိုင်တည်းဆုံရသည်ဆိုအံ့၊ မဖြစ်မနေရွေးရလျှင်နစ်နာမှု နည်းပါးသည့် အရာတစ်ခုကို သာရွေးချယ်အပ်ပေသည်။သေခြင်းတရားနှင့် တားမြစ်အစာ – တစ်မျိုးကိုရွေးချယ်ရတော့မည်ဆိုပါက
    (တားမြစ်ထားသည့်အရာ)ဟရာမ်ကိုရွေးချယ်လိုက်ခြင်း၏ ဥပမာ အလားဖြစ်ပေသည်။သို့ဖြစ်ရာမွတ်စ်လင်မ်တို့အတွက် NLD
    မှအပအခြားရွေးကောင်းစရာမရှိပါ။ဒေါ်အောင်ဆန်းစုကြည်၏ ထူခြားဝိသေသများ၊ဘ၀နှင့်ရင်းပြီးစွန့်လွှတ် စတေးထားမှုများကိုအကြောင်းပြု၍ နိုင်ငံတော် အဆင့်အနေဖြင့် NLD ကိုသာရွေးအပ်ပေသည်။
    IMG_1227
    ဒီမိုကရေစီ၊လူ့အခွင့်အရေး၊လူမျိုးဘာသာခွဲခြားဆက်ဆံမှု (စသည်တို့)ဆိုင်ရာ စည်းမျဉ်းများကိုအပြောင်းအလဲလုပ်လိုက်သည်ဟု
    ကမ္ဘာတစ်ဝှန်း၏ပြင်းထန်သောစွပ်စွဲမှုနှင့် ရှုတ်ချမှုကိုဒေါ်အောင်ဆန်းစုကြည်မှ ခံယူနေရပါသည်။
    အမှန်ပင်သူမသည်တစ်ကမ္ဘာလုံးမှ ယင်းသို့ ထင်မြင်သည်အထိသူမ၏ကိုယ်ပိုင်စည်းမျဉ်းများ၊ဒဿနများ၊
    အနစ်နာခံမှုများကိုလုံးလုံးလျားလျားလျစ်လျူရှု ဆန့်ကျင်နေပါသည်လား။ကျွန်ုပ် ယုံကြည်သည်မှာသူမသည် ထိုသို့ လုံးလုံးဆန့်ကျင့်နိုင်သူမဟုတ်ပါ။
    သူမ ပြုလုပ်သမျှသည် ကာလရှည် ယိုယွင်းနေသည့်မြန်မာ့နိုင်ငံရေးကိုပြောင်းလဲနိုင်ရန် အလို့ငှာယင်းသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု
    ကျွန်ုပ်မှခိုင်ခိုင်မာမာယုံကြည်ပါသည်။သူမ၏ လုပ်ရပ်များ၊ ပြောင်းလဲရန်ကြိုးစားခဲ့သည့် အချက်များနှင့်
    လက်ရှိအောင်မြင်မှုများမှာမည်သူမျှ မထင်မှတ်ထားသည့်မြန်မာ့နိုင်ငံရေးလောက၏ ပြောင်းလဲမှုများဖြစ်ကြောင်းသူမကို
    ဝေဖန်သူတိုင်းပြန်လည် သုံးသပ်ကြည့်သင့်ပေသည်။ဥပမာ၊ ဒီမိုကရက်တစ်အပြောင်းအလဲလုပ်ဆောင်ပုံ အဆင့်ဆင့်၊နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ခြင်း
    ၊ကြားဖြတ်ရွေးကောက်ပွဲ၊လွှတ်တော်ထဲသို့ တရားဝင်အတိုက်အခံ အမတ်အဖြစ်ဝင်ရောက်ခြင်း၊
    ယနေ့အမတ်လောင်း၁၀၀၀ကျော်နှင့် အတူလာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခြင်းစသည်တို့သည်
    ဒေါ်အောင်ဆန်းစုကြည့်၏ အောင်မြင်မှု မှတ်တိုင်များဖြစ်ပါသည်။အကယ်၍သူမသည်နိုင်ငံနှင့်ပြည်သူအတွက် အနစ်နာပေးဆပ်ထားခြင်းမရှိခဲ့ပါက ဤအပြောင်းအလဲအပေါင်းတို့ အကောင်အထည်ပေါ်လာလိမ့်မည် မဟုတ်ပါလေ။[19]
    ဤနေရာ၌အထူးဖော်ပြလိုသည်မှာမြန်မာ့သမိုင်းကိုအပြောင်းအလဲ တစ်ရပ်ပြုရန်လိုနေပြီဟူသည့်အကြောင်းပင်။
    မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်ရေးအောက်နှစ်ပေါင်း၆၀ကျော်ရောက်ရှိခဲ့ရာမှ ယခုအခါဖွံ့ဖြိုးမှုအနည်းဆုံးသောကမ္ဘာ့နိုင်ငံအဆင့်အထိ နိမ့်ကျသွားပါသည်။
    လက်ရှိအချိန်သည်မြန်မာပြည်သူများအဖို့အပြောင်းအလဲ၏ ကိုယ်စားလှယ်တော်များအဖြစ်စည်းလုံးညီညွတ်မှုကိုပြသရန်
    အကောင်းဆုံးအခွင့်အလမ်းဖြစ်ပါသည်။ဤရွှေရောင် အခွင့်အလမ်းကိုပြောင်းလဲခြင်း အတွက်အသုံးချဖို့လိုအပ်သည်။အမှန်ကိုဆိုရလျှင်
    NLD သည်မြန်မာ့နိုင်ငံရေးကိုပြောင်းလဲနိုင်မည့် တစ်ခုတည်းသောပါတီဖြစ်သည်။
    ထို့ကြောင့်အပြောင်းအလဲကိုတကယ်လိုလားပါလျှင်မည်သူ့အား မဲပေးထောက်ခံရမည်ဟူသည်ကို ဇဝေဇ၀ါဖြစ်ရန် မလိုအပ်တော့ပါ။
    ပထမဆုံးအနေဖြင့်ကျွန်ုပ်တို့၏နိုင်ငံရေးဖြစ်စဉ်ကိုပြောင်းလဲအောင်ဖော်ဆောင်ရပေမည်။
    ၎င်းနောက်အခြားအရာများကို ဒုတိယဆင့် အနေဖြင့်စဉ်းစားပါလေ။
    မဝေးတော့သည့်အနာဂတ်တွင် NLD သည်အစိုးရဖွဲ့နိုင်ခဲ့ပါကဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားမျှတပြီး
    ကောင်းမွန်သောအုပ်ချုပ်ရေးဖော်ဆောင်နိုင်လိမ့်မည်ဟုမျှော်လင့်မိပါ၏။
    မွတ်စ်လင်မ်များအနေဖြင့်လည်းအေးချမ်းသာယာသော ဘ၀တည်ဆောက်နိုင်ရေးဟူသည့်မိမိတို့၏
    ကာလရှည်အိပ်မက်အားအကောင်အထည်ဖော်ဖို့ အချိန်ကျရောက်လာလေပြီ။သို့ဖြစ်၍ မွတ်စ်လင်မ်မဲ ဆန္ဒရှင်အပေါင်းမှ
    မိမိတို့၏အသည်းကြားကအဖိုးတန်မဲပြားတို့ကို NLD အမတ်လောင်းများထံ ထည့်ဝင်ကြဖို့တိုက်တွန်းရန်အကောင်းဆုံး အချိန်အခါရောက်နေပြီးဖြစ်ကြောင်းကျွန်ုပ်ရေးသား တင်ပြရခြင်းဖြစ်ပါသည်။
    နောက်ဆုံးအနေဖြင့်ဆိုချင်သည်မှာကျွန်ုပ်သည် ကျွန်ုပ်တို့၏မွတ်စ်လင် အမတ်လောင်းများအား အားပေးထောက်ခံခြင်းကို
    အကြွင်းမဲ့ကန့်ကွက်ဆန့်ကျင်နေခြင်း မဟုတ်ရပါ။သူတို့သည်လည်းအနိမ့်ဆုံးအားဖြင့်လွှတ်တော်၌
    မွတ်စ်လင်မ့်ရေးရာများကို ဖော်ပြခွင့်ရနိုင်ပြီး၎င်းဖေါ်ပြချက်များမှာ လွှတ်တော်တွင် အခိုင်အမာမှတ်တမ်းတင်ခံရပေမည်။သို့ရာတွင် မည်သည့်အုပ်ချုပ်မှု ဥပဒေသို့မဟုတ်စည်းမျဉ်းကိုမဆိုပြောင်းလဲနိုင်ရန်အတွက်
    ထောက်ခံမဲ၅၀ရာခိုင်နှုန်းအထက်ရမှသာလက်ခံမှုရရှိပေမည်။ထိုအခါ မွတ်စ်လင်မ့်ရေးရာများနှင့်စ ပ်လျဉ်း၍မည်သူကထိုကဲ့သို့
    ထောက်ခံအားပေးနိုင်ပါမည်နည်း။မွတ်စ်လင်မ်တို့၏ ဒုက္ခခံစားမှုနှင့် နစ်နာမှုတို့ကိုနားလည်ပေးနိုင်သောမိတ်ဖက်ပါတီသာလျှင် မဟုတ်ပေလော။
    သို့တည်းမဟုတ်တရားမျှတမှု၊ တန်းတူညီမျှမှုနှင့်တစ်ပြေးညီ ဆက်ဆံမှုတို့ကိုကျားကန်ပေးမည့်သူပင်မဟုတ်ပေလော။
    လွှတ်တော်ရောက်လာမည့် မွတ်စ်လင်မ် အမတ်လောင်းများအတွက် ပမာအားဖြင့်ကြည့်လျှင်ဦးရွှေမောင်သည်ရိုဟင်ဂျာ အရေးအရာများကို လွှတ်တော်တွင်အခါမလတ်တင်ပြဖူးပါသည်။
    သို့သော်သူသည်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)၏ လွှတ်တော် အမတ် ဖြစ်နေလင့်ကစား
    သူ့လူထုအတွက်တင်ပြချက်များကိုကြံခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က ထောက်ခံ အားပေးခဲ့သည်ကိုမည်သည့်အခါမျှမရရှိခဲ့ဖူးပါ။
    သို့သော်လည်းသူ၏ဖော်ပြချက်များ အဟောသိကံထိုက်မှုတော့ မဖြစ်ဘဲ ရိုဟင်ဂျာများတို့၏အကြောင်းနှင့် အချက်အလက်အများအပြားကိုကမ္ဘာက သိရှိနိုင်ခဲ့ကြလေသည်။
    ဒေါက်တာ မောင်လာနာ အက္ကဗရ် ရှားဟ် ရေးသားသော
    TO WHOM MUSLIMS SHOULD VOTE: IN THE CONTEXT OF THEIR HOPE FOR BETTER LIFE AND
    UPCOMING MYANMAR ELECTION, 2015 ကို လှိုင်းသစ်အောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
    (ဆောင်းပါးရှင်မြန်မာနိုင်ငံသားဒေါက်တာမောင်လာနာ အက္ကဗရ်ရှားဟ် (ခ) ဦးထွန်းအောင်သည်မလေးရှားနိုင်ငံ IIU –
    အပြည်ပြည်ဆိုင်ရာအစ္စလာမ့်တက္ကသိုလ်။အစ္စလာမ့်သုတနှင့် မနုဿသိပ္ပံရေးရာဋ္ဌာနမှအခြေခံစည်းမျဉ်းနှင့်
    ကျင့်ဝတ်လေ့လာရေးဋ္ဌာနခွဲ၏လက်ထောက်ပါမောက္ခတစ်ဦးဖြစ်ပါသည်)
    * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
    ကိုးကားချက်များ                   
    [1]Aung San Suu Kyi’s ‘silence’ on the Rohingya: Has ‘The Lady’ lost her voice?, By Tim Hume, CNN, Updated 0321 GMT (1021 HKT) June 1, 2014
    Why won’t Aung San Suu Kyi say the word ‘Rohingya’? (COMMENTARY), Brian Pellot, December 4, 2014,
    [2]NLD Accuses Ma Ba Tha of Unlawful Influence, MOE MYINT / THE IRRAWADDY | 23 Sep 2015
    [3]Myanmar poll: NLD ‘rejects Muslim candidates’, Jonah Fisher, 8 September 2015 Last updated at 00:53 BST
    [4]NLD Blocked Muslim Candidates to Appease Ma Ba Tha: Party Member, A prominent member of the NLD claims the opposition party has succumbed to pressure from Buddhist nationalists by refusing to field a single Muslim candidate in upcoming elections, by HANNA HINDSTROM / THE IRRAWADDY | 31 Aug 2015
    [5]NLD, Ma Ba Tha in War of Words Over Campaign Claims, by KYAW PHYO THA / THE IRRAWADDY | 24 Sep 2015
    [6]NLD Blocked Muslim Candidates to Appease Ma Ba Tha: Party Member, A prominent member of the NLD claims the opposition party has succumbed to pressure from Buddhist nationalists by refusing to field a single Muslim candidate in upcoming elections, by HANNA HINDSTROM / THE IRRAWADDY | 31 Aug 2015
    [7]NLD Blocked Muslim Candidates to Appease Ma Ba Tha: Party Member, A prominent member of the NLD claims the opposition party has succumbed to pressure from Buddhist nationalists by refusing to field a single Muslim candidate in upcoming elections, by HANNA HINDSTROM / THE IRRAWADDY | 31 Aug 2015
    [8]Ruling Party MP Cuts Ties to Contest November Poll as an Independent, ShweMaung, a USDP MP representing Arakan State’s Buthidaung Township, will contest the upcoming general election as an independent candidate, by MOE MYINT / THE IRRAWADDY | 11 Aug 2015
    [9]Muslim Party Facing Political Oblivion After Candidates Rejected, by MOE MYINT / THE IRRAWADDY | 01 Sep 2015
    [10]Muslim political group gets greenlight under condition, Myanmar Times, Khin Su Wai, Friday, 02 November 2012
    [11]Lawyers Speak Out Against Newly Minted Race and Religion Laws, by KYAW PHYO THA / THE IRRAWADDY | 02 Sep 2015
    [12]Muslim Myanmar candidates disqualified in election, World Bulletin / News Desk, 13:54, 18 September 2015 Friday
    [13]The Telegraph Group Limited, 
London, 2015, Muslims barred from Myanmar poll, The anti-Rohingya sentiment has spilled into a broader ostracisation of the community across the country, Philip Sherwell, September 10, 2015
    [14]Complaints continue over NLD’s controversial candidate list, Myanmar Times, EiEi Toe Lwin,Ye Mon   |   Monday, 10 August 2015
    [15]Moshe Yegar . (1972). The Muslims of Burma. Germany, Wiesbaden: Otto Harrassowitz, P. 47
    [16]Myanmar poll: NLD ‘rejects Muslim candidates’, Jonah Fisher reports, 8 September 2015 Last updated at 00:53 BST
    [17]Myanmar’s 2015 general elections explained, Preparations are underway for Myanmar’s general elections on 8 November, BBC’s Jonah Fisher, 20, July, 2015
    [18]Myanmar’s 2015 general elections explained, Will the vote be democratic?, BBC’s Jonah Fisher in Yangon explains the key issues, 20, July, 2015,
    [19]Suu Kyi Tells Voters to Ignore Election Intimidation, Burma’s opposition leader Aung San Suu Kyi tells voters to ignore intimidation and to cast their ballots without fear in the upcoming general election, by MIN KYI THEIN / THE ASSOCIATED PRESS,31 Aug 2015
    ဓာတ်ပုံ Credit – မင်းသားလေး
  • အုပ်စုဖွဲ့ဆောင်ရွက်ခြင်း (သို့မဟုတ်) Team Work
    အုပ်စုဖွဲ့ဆောင်ရွက်ခြင်း (သို့မဟုတ်) Team Work
    အောင်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    teamwork-success2
    လူဆိုတာလောကအလယ်မှာ ထီးတည်းနေလို့ရတာမျိုး မဟုတ်လို့ အပေါင်းအသင်း မိတ်ဆွေဆိုတာ ရှိစမြဲပါပဲ။ ကိုယ်နှင့်သဟဇာတမျှပြီး ဆက်ဆံရေး အဆင်ပြေလွယ်ကူသူတွေရှိသလို မေးခွန်းတစ်ခွန်းဖြေတစ်ခွန်း၊ မျက်နှာမှုန်ကုပ်ကုပ်နှင့် ဆက်ဆံရေး ခက်သူတွေလည်း ရှိပြန်တယ်။ အရာခပ်သိမ်း ကိုယ့်သဘောဆန္ဒနှင့် ကိုက်ညီသူတွေချည်း ကြုံဆုံရဖို့ကတော့ အခက်သားလား။ တစ်ခါတစ်ရံမှာတော့ ကိုယ့်မိသားစုဝင်တွေကို အပထား။ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်တောင်သိပ်ပြီး အဆင်မပြေချင်လှဘူး။ သူစိမ်းတစ်ရံဆိုလို့ကတော့ ဝေးလာဝေးပေါ့။
    ပထမအရွယ်ငယ်တုန်းကတော့ ပညာပြီး ပညာအရယူ ရှာဖွေကြရတဲ့အခါ ကိုယ်နှင့်အဆင်မချောတဲ့အတန်းဖော်တွေကို ကြုံရတတ်တယ်။ ပုံသေတော့ မဟုတ်ပေမယ့် ယေဘုယျ အနေနှင့်ကတော့ အကျိုးလိုတဲ့အခါ တစ်ရင်းတစ်နှီး ခင်မင်ချင်ဟန်ပြပြီး လိုဘပြည့်တဲ့အခါမှာတော့ လှည့်ကြည့်ဖော်မရတဲ့ လူစားမျိုးတွေ့ကြုံရတတ်တယ်။ခက်တာက ကိုယ့်ဘာသာ တစ်ယောက်တည်း လေ့လာသင်ယူလို့ချည်း မရနိုင်ပါဘူး။ အတန်းဖော်တွေနဲ့ရောထွေး ဆက်ဆံပြီး စုပေါင်းဆောင်ရွက်ရတာမျိုးတွေက ရှောင်လွဲလို့မရအောင် ရှိနေတတ်တာကိုး။ အဲဒီအခါ မနာလိုဝန်တိုစိတ်အားကြီးသူ၊ ကိုယ့်ကို မနာလိုဝန်တိုဖြစ်နေသူဆိုသလို ရှိနေနိုင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်ရတဲ့ ကျောင်းတွင်းကျောင်းပြင်တာဝန်တွေ ကိစ္စရပ်တွေမှာ ကိုယ်နှင့်စရိုက်တူတာ မတူတာ အမထားဆက်ဆံရသည်ပဲပေါ့။
    ကောင်းပြီ။ ပညာသင်ယူရတဲ့ကျောင်းသူကျောင်းသား ဘဝက လွတ်မြောက်လာလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါကျပြန်တော့လည်း ဒီလိုပါပဲ။ လူအမျိုးမျိုး စိတ်ထားအမျိုးမျိုးရှိသူတွေနှင့်ဆက်ံရပြန်ရော။ လုပ်ငန်းသဘာဝအရ ဆက်စပ်နေတာဆိုတော့ စုပေါင်းပြီးအုပ်စုဖွဲ့ဆောင်ရွက်ရတဲ့အခါ အခက်အခဲတွေ အနည်းနှင့်အများကြုံရတဲ့သဘော။ အစစအဆင်ပြေပြီးလုပ်ငန်းခွင်မှာ လုပ်ငန်းခွင်မှာပျော်မွေ့နေသူ မရှိမဟုတ် ရှိတယ်။ ဒါပေမယ့် ရှားတော့ရှားတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ စုပေါင်းဆောင်ရွက်ရတဲ့အခါ မလွှဲမရှောင်သာကြုံဆုံရတာတွေအတွက် ထွက်ပေါက်ရှာနည်းလမ်းတွေ အသုံးပြုဖို့တော့ လိုပါလိမ့်မယ်။
    လူ့သဘာဝအရစရိုက်တွေရှိကြပါတယ်။ အဲဒီအထဲမှ ဖော်ရွေခင်မင်တတ်သူတွေလည်း မနည်းမနောရှိနေတတ်တယ်။ အဲဒီသူတွေမှာ မိတ်ဆွေအပေါင်းအသင်းကတော့ များမှများပေါ့။ ဒါပေမယ့် တချို့ကျပြန်တော့ ပင်ကိုယ်သဘာအရ အေးဆေးတယ်။ တစ်ယောက်တည်းအထီးကျန်နေတတ်တယ်။ အဲဒီလိုလူစားမျိုးတွေအတွက် စုပေါင်းဆောင်ရွက်တတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ အလုပ်မျိုးပါ။ စုပေါင်းဆောင်ရွက်ကြရတဲ့အခါ ကိုယ့်တာဝန်ကို ပိုင်ပိုင်နိုင်နိုင် မထမ်းဆောင်ရင် ပိုဆိုးတယ်။ တကယ်တော့ မလွှဲသာမရှောင်သာ စုပေါင်းဆောင်ရွက်ရတော့မယ်ဆိုရင် တာဝန်ယူတတ်တဲ့စိတ်ထားမျိုးကို မဖြစ်မနေမွေးမြူရမှာပါ။ ဒါဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လို့ပါပဲ။
    အုပ်စုဖွဲ့ဆောင်ရွက်တယ်ဆိုတာ သူများတကာတွေရဲ့ အပြုသဘော အပျက်သဘောဆောင်တဲ့ စရိုက်တွေကို ကျင့်သားရအောင် လုပ်ယူရတာပါပဲပေါ့။ သူတို့တစ်ဦးချင်စီရဲ့ စရိုက်သဘာ၊ အကျင့်စာရိတ္တကအစ နားလည်နိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ ကိုယ်က ဦးဆောင်ရတော့မယ်ဆိုရင်လည်း အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရလိမ့်မယ်။
    နေ့စဉ်ဘဝမှာလည်း လူတွေနှင့် ဆက်ဆံမှုကနေ ရှောင်ပြေးချင်လို့လည်း မလွတ်တာပဲနော့။ ဒီတော့ ဘာလုပ်မလဲ။ အခက်အခဲတွေ အဆင်မပြေမှုတွေ ဖြစ်လာလေ မလားလို့တွေးပြီး စိုးရိမ်နေတာထက် အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ အရာရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အသွေးတွေ တိုးတက် ဖွံ့ဖြိုးလာမှာတော့ သေချာတယ်။ ကောင်းပြီ။ အုပ်စုဖွဲ့ဆောင်ရွက် ရတော့မယ်ဆိုရင် ဦးတည်ချက်ကဘာလဲဆိုတာ သိအောင်ဦးဆုံး လုပ်သင့်တယ်။ အဲဒီဦးတည်ချက်ကို ကိုယ့်ရဲ့အုပ်စုဝင်တွေသိအောင် ချပြပေးရမယ်။ ဘယ်သူ့မှာ ဘယ်လိုစရိုက်သဘာဝရှိတယ်၊ ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာ ကိုယ်က ခွဲခြားသိမြင်ပြီး သင့်တော်သလို စီမံခန့်ခွဲရင်း တာဝန်ခွဲဝေပေးနိုင်ရမယ်။ ဒါဟာ အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးဆောင်ရွက်မှုပါပဲ။ အုပ်စုဝင်တိုင်းဟာ လုပ်ငန်းပြီးမြောက်ဖို့ တာဝန်ရှိတယ်ဆိုတာရယ်၊ လူတိုင်းဟာ အရေးပါအရာရောက်တယ်ဆိုတာကို သူတို့အားလုံးသိပါစေ။ အလုပ်တစ်ခုကိုဆောင်ရွက်တဲ့အခါ ကိုယ်ကခေါင်းဆောင် သူတို့အားလုံးကငယ်သားဆိုတဲ့ သဘောမျိုး မပြောမဆိုမိဖို့နှင့် ခိုင်းစေတဲ့သဘောမျိုး မသက်ရောက်အောင်တော့ သတိပြုရမှာပါ။ စုပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ပြည့်အောင် လုပ်ဆောင်နေတာပါဆိုတဲ့အသိကို မဖြစ်မနေအသိပေးရမယ်။
    နားမလည်တာတွေ မရှင်းတာတွေ သူများ မကျွမ်းကျင်တာတွေကို ကိုယ်တိုင်ကူညီစဉ်းစားဖြေရှင်းပေးရင်း ရဲဘော်ရဲဘက် စိတ်ထားလို့ကတော့ သေချာတယ်။ အလုပ်အောင်မြင်မှာပါပဲ။ ကိုယ်တစ်ယောက်တည်း ဦးနှောက်ပူအောင် စဉ်းစားပြီး အဖြေရှာနေတာထက် အားလုံးစုပြီး ဆွေးနွေးမှု အကြိမ်ကြိမ်လုပ်တာ၊ အကြံဥာဏ်တွေ တင်ပြပြီး ဖလှယ်ယူကြတာ၊ မျှတတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြတာဟာ စုပေါင်းဆောင်ရွက်ခြင်းအတွက် အောင်မြင်မှုရဖို့ ရာခိုင်နှုန်းတော်တော်များများ သေချာနေပါပြီ။ လူတိုင်းကိုသူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးတွေ ထုတ်ဖော်ခွင့်ပေးတဲ့အခါ ပြောရဲဆိုရဲ ရှိလာကြမယ်။ ရင်းနှီးဖော်ရွေမှုရမယ်။ နောက်ပြီး အထီးကျန်နေတတ်တာမျိုးလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။
    လူတိုင်းတာဝန်ကိုယ်စီယူတတ်လာတာနှင့်အမျှ သတ်မှတ်ကာလမှာ အလုပ်ပြီးမြောက်ဖို့ သေချာနေပါပြီး ဦးဆောင်ရသူမှာလည်း ဝန်ပိုပိနေတာမျိုး မရှိနိုင်တော့တာမို့ စိတ်ဖိစီးတင်းကျပ်မှုတွေလျော့ပါးသွားမှာ သေချာတယ်။ တစ်ဦးနှင့်တစ်ဦးအဆင်ပြေပြေဆက်ဆံပြီး လုပ်ငန်းအဆင်ချောဖို့ဆိုတာ နည်းနိဿယတွေ၊ စာအုပ်ကြီးအတိုင်းကူးချပြီး ဆောင်ရွက်ရတာမျိုး မဟုတ်ဘူးလေ။ ဒီတော့ ကိုယ်နှင့် ဆက်နွယ်နေသူတွေရဲ့ အရည်အသွေးကောင်းလေးတွေကိုချည်း ရွေးမြင်တတ်တဲ့အကျင့်ရှိမယ်ဆိုရင်ပေါ့။ သူစိမ်းတစ်ရံဆံနှင့်အတူ လက်တွဲပြီး ပျော်ပျော်ကြီး ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်း။
    နှင်းဆီခင်
  • မိုဒီ၏ အာဏာ အရှိန်ဖြင့် ဟိန္ဒူ  အမျိုးသားရေး အစွန်းရောက်ဝါဒ အားကောင်းလာ
    မိုဒီ၏ အာဏာ အရှိန်ဖြင့် ဟိန္ဒူ အမျိုးသားရေး အစွန်းရောက်ဝါဒ အားကောင်းလာ
    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    hindutva
    – ၂၀၁၄ ခုနှစ် မေလတွင် လက်ယာယိမ်း BJP ပါတီခေါင်းဆောင် ဟိန္ဒူ အမျိုးသားရေးဝါဒီ နရန်ဒရာမိုဒီ ဝန်ကြီးချူပ် ဖြစ်လာကတည်းက ဟိန္ဒူ အမျိုးသားရေး အုပ်စုများမှာ နိုင်ငံတစ်ဝှမ်းရှိ ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ပြုလုပ်လာခဲ့ကြသည်။
    ထိပ်တန်း ခရစ်ယာန်လူ့အခွင့်အရေးအဖွဲ့တစ်ခု၏ အဆိုအရ မိုဒီ ရွေးကောက် တင်မြှောက်ခံရပြီးချိန်မှ ယခုနှစ် သြဂုတ်လအထိ ဟိန္ဒူ အမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုမှာ အနည်းဆုံး ၆၀၀ နီးပါး ရှိခဲ့သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုများထဲမှ ၁၄၉ ခုမှာ ခရစ်ယာန်များအပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့်အကြိမ်များက နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။
    ဝေဖန်သူများက ထိုတိုက်ခိုက်မှုများကို ဟိန္ဒူအမျိုးသားရေးနှင့် နိုင်ငံရေးဖိအားပေးအုပ်စု Rashtriya Swayamsevak Sangh (RSS ) ကို သစ္စာခံသည့် အစွန်းရာက်အုပ်စုများက စီစဉ်ကျူးလွန်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
    မွတ်စလင်များကိုလည်း အတင်းအဓမ္မ ဟိန္ဒူထဲသို့ ပြောင်းခိုင်းသည်။ အမဲသားစားသည်ဟုဆိုကာ အိမ်များကို မီးရှို့ပြီး လူများကိုလည်း သတ်ကြဖြတ်ကြလေသည်။ ဟိန္ဒူအယူဝါဒတွင် နွားက အထူးအခြေအနေတွင် ရှိလေသည်။
    တစ်ချိန်တည်းမှာပင် ဟိန္ဒူအမျိုးသားရေးဝါဒီများက အချို့ပြည်နယ်ရှိ ကျောင်းပြဌာန်းစာအုပ်များကို ပြင်ဆင်ကြပြီး၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးငယ်များအတွက် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ပေးကာ ၎င်းတို့၏ လုပ်ရပ်များတွင် ကလေးများကို ပြောင်ပြောင်တင်းတင်းပင် သွတ်သွင်းရန် ကြိုးစားလာကြသည်။
    ဟိန္ဒူနိုင်ငံစစ်စစ် လိုချင်သူများကို ရှာဖွေရန်နှင့် ၎င်းတို့၏ နိုးကြားမှုက ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး ဘာသာရေးမနွယ်သော ဒီမိုကရေစီကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ အနာဂတ်အတွက် မည်သည့် အဓိပ္ပါယ်ရှိသည်ကို ဖော်ထုတ်ရန် ဟိန္ဒူဒါရိုက်တာနှင့် ဂျာနစ်လစ်အမျိုးသမီး မန်ဒါကီရီ ဂါလော့တ်အား မိမိတို့က တောင်းဆိုခဲ့သည်။
    8fec474dae1640eebffbe6d7aff4d50c_18
    ဂါလော့တ်၏ အမြင်
    ———————–
    စက်တင်ဘာ ၂၈ ရက်နေ့တွင် အသက် ၅၂ နှစ်အရွယ် မွတ်စလင်အမျိုးသား မိုဟာမက် အက်ခ်လားက်မှာ အမဲသားစားသည်ဆိုသော ကောလဟလဖြင့် ဟိန္ဒူလူအုပ်စုကြီး၏ ရိုက်သတ်မှုကို ခံခဲ့ရသည်။
    ၎င်း၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူက ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာအများအပြား ရရှိခဲ့သည်။ အပ်ချုပ်စက်နှင့် ခေါင်းကို အရိုက်ခံရခြင်းဖြစ်ပြီး ဆေးရုံတွင် ဦးခေါင်းကို အဓိကခွဲစိတ်မှု ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရလေသည်။
    ဟိန္ဒူအယူဝါဒတွင် နွားက မြင့်မြတ်သည့် တိရစ္ဆာန်ဖြစ်သည်ဟု ယူဆပြီး နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ကြလေသည်။ အိန္ဒိယရှိ ပြည်နယ်အများအပြားတွင် ကျွဲနွားသတ်ဖြတ်မှု ထိန်းချုပ်သည့် ဥပဒေများကို ပြဌာန်းထားကြသည်။ သို့သော်လည်း ထိုဥပဒေကို ပိုမို တင်းတင်းကြပ်ကြပ် ပြဌာန်းရန် မကြာမီကာလအတွင်း ဟိန္ဒူအမျိုးသားရေးဝါဒီများက တောင်းဆိုလာကြပြီး အမဲသားအား ပိတ်ပင်ရန်ပင် ဆော်သြလာကြတော့သည်။ မတ်လအတွင်းက ဝန်ကြီးချူပ် မိုဒီ၏ BJP ဟိန္ဒူအမျိုးသားရေးပါတီ အာဏာရှိသည့် မဟာရက်ရှ်ထရာပြည်နယ်မှ အစိုးရမှာ ထိုအတိုင်း လုပ်လာခဲ့ပြီး အမဲသား ရောင်းချမှုနှင့် စားသုံးမှုတို့ကို ပိတ်ပင်ခဲ့လေသည်။
    လမ်းပေါ်တွင်လည်း ဟိန္ဒူအမျိုးသားရေး ၀ါဒီများ ထွက်ပေါ်လာက အခြားပြည်နယ်များတွင် ထိုဥပဒေအ တိုင်း ပြဌာန်းပေးရန် တောင်းဆိုကြလေတော့သည်။ ပြီးခဲ့နှစ်ကစ၍  နိုင်ငံတစ်ဝှမ်းတွင် ဟိန္ဒူအမျိုးသားရေးဝါဒီများ ထိုကိစ္စများနှင့်ပတ်သက်၍ ကိုယ့်လက်ကိုယ်ခြေ လုပ်လာကြသည်။ အစွန်းရောက်အုပ်စု Bajrang Dal မှ ခေါင်းဆောင်ဖြစ်သူ အက်ဂျူ ခိုဟန်က ၎င်းတို့အုပ်စု၏ ကင်းလှည့်မှုတွင် လိုက်လံရိုက်ကူးရန် မိမိတို့အား ခွင့်ပြုခဲ့သည်။ ခိုဟန်မှာ ဟိန္ဒူအမျိုးသားရေး လှုပ်ရှားမှုတွင် ၎င်းတို့က ခြေလျင်တပ်သားများဖြစ်သည်ဟု မှတ်ယူထားသူဖြစ်သည်။
    ၎င်းတို့အုပ်စု မြို့တွင်းရှိ လမ်းတစ်လျှောက် ကားများကို စစ်ဆေးခြင်းနှင့် နွားပေါ်ရန် ယူဆောင်လာသူများကို ရှာဖွေခြင်းလုပ်ငန်းစဉ်တွင် မိမိတို့က လိုက်ပါသွားခဲ့လေသည်။ ဖမ်းမိသူများ ဘာဖြစ်မည်ဆိုသည်နှင့်ပတ်သက်၍ ခိုဟန်က ပွင့်ပွင့်လင်းလင်းပင် ပြောသည်။
    “သူတို့ အသတ်ခံရမည် မဟုတ်သော်လည်း အသက်ထွက်လုမတတ် အရိုက်ခံရမည်ဟူ၏”
    564d5c1c4d5c4d53a14e34faad5e76cc_18
    ခိုဟန်နှင့် ၎င်းကဲ့သို့သော လူများကို တွန်းအားဖြစ်စေသည့် အရာကတော့ ဟိန္ဒူများမှာ ဖယ်ကျဉ်ခံနေရပြီး ၎င်းတို့၏ ဇာတိမြေတွင်ပင် ဘုံပျောက်နေသည်ဆိုသည့် အယူအဆပင် ဖြစ်လေသည်။
    “ကျွန်တော်တို့ပိုင်ဆိုင်တာကို ပြန်ယူဖို့ အချိန်ကြပါပြီ။ ဟင်ဒူစတန်ဒေသဟာ ဟိန္ဒူတွေအတွက်လို့ ကျွေးကြော်ဖို့ပေါ့ဗျာ” ဟု ခိုဟန်က မိမိတို့အား မကြာခဏ ပြောခဲ့လေသည်။
    တကယ်တော့ ဘာသာရေးတရားများ အပေါ် ယုံကြည်သက်ဝင်မှု ကိန်းဂဏန်းက ခိုဟန်ကျွေးကြော်မှုမှ ခြားနားသည့် အခြေအနေမျိုး ဖြစ်နေသည်။ ယခုလက်ရှိတွင် ဟိန္ဒူဘာသာမှာ အိန္ဒိယနိုင်ငံတွင် အလွန်အမင်းများပြားသည့် အဓိက ဘာသာရေးအုပ်စုကြီးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၉.၈ ရာခိုင်နှုန်းအထိပင် ရှိလေသည်။ ဒုတိယအကြီးဆုံး ဘာသာဝင်အုပ်စုက မွတ်စလင်များဖြစ်ပြီး ၁၄.၂၈ ရာခိုင်နှုန်း ရှိနေလေ၏။
    အစွန်းရောက် ဟိန္ဒူအုပ်စုများ၏ လှုပ်ရှားမှုများကို မိမိက လိုက်လံစောင့်ကြည့်နေသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ၁၈ လလောက်တွင်မှ လက်မခံနိုင်ဖွယ်ရာ၊ သည်းမခံနိုင်ဖွယ်ရာ ကိစ္စများ တစ်ခါတစ်ရံတွင် ၎င်းတို့၏ “ဟင်ဒူစတန်” (ဟိန္ဒူနိုင်ငံ) တိုင်းပြည်ဖြစ်ရမည်ဟူသော သဘောထားမှ သွေဖယ်သည့် မည်သူ့ကိုမဆို အကြမ်းဖက်မှုများ ပြုလုပ်သည်ကို ပို၍ တွေ့လာရသည်။
    နွားသားစားသည်ဟု စွပ်စွဲကာ တိုက်ခိုက်ခံခဲ့ရသည့် အက်ခ်လားက်တို့ အမှုက အူတာပရာဒက်ရှ်ပြည်နယ်ရှိ မြို့တော် နယူးဒေလီနှင့် ကီလိုမီတာ ၁၀၀ ပျော့ပျော့သာဝေးသော ဘီဆာရာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်အဖွဲ့မှ မှတ်တမ်းယူထားသည့် တိုက်ခိုက်မှုများထဲမှ အများအပြားမှာ ဤပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။
    အက်ခ်လားက်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် လူ ၁၁ ဦးမှ ၈ ဦးမှာ ဒေသတွင်း BJP စည်းရုံးရေးမှူး ဆန်ဂျေးရာနာနှင့် တိုက်ရိုက် အဆက်အသွယ်ရှိသူများဖြစ်ပြီး ၁ ဦးက ၎င်း၏သား ဖြစ်နေသည်။
    သို့သော်လည်း အစိုးရရုံးစိုက်ရာနေရာနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားခဲ့ပြီး အမုန်းတရားအခြေခံ ရာဇ၀တ်မှုအဖြစ် ထင်ရှားနေသော်လည်း အရေးယူရန်၊ ဖြေရှင်းရန် ဆော်သြမှုကို ၀န်ကြီးချုပ် မိုဒီတစ်ယောက် မသိချင်ယောင် ဆောင်နေလေသည်။ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုများ ပြုလုပ်နေပြီး မိုဒီကတော့ သိသိသာသာပင် နှုတ်ဆိတ်နေ၏။
    အခြားသော BJP ပါတီဝင်များက ထိုကိစ္စနှင့်ပတ်သက်၍ ခပ်ကြမ်းကြမ်းပင် မှတ်ချက်ပေးခဲ့ကြသည်။ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆက်ရှီ မဟာရဂ်ျက ၎င်းအနေဖြင့် နွားကို ကာကွယ်ရန်အတွက် လူသတ်ရန် ဆန္ဒရှိပြီး၊ သတ်လည်းသတ်သွားမည်ဟု ဗြောင်ပြောခဲ့သည်။
    ဟိန္ဒူအယူဝါဒမှာ ကမ္ဘာပေါ်တွင် ကြီးကျယ်သည့် ဘာသာတရား တစ်ခုဖြစ်ပြီး ရှေ့ဆက်၍လည်း ထိုကဲ့သို့ပင် ဖြစ်သွားမည်ဖြစ်သည်။ နတ်ဘုရားအများအပြားကို ကိုးကွယ်သည့် ဟိန္ဒူတို့၏ အယူဝါဒက (တစ်ခါတစ်ရံ မိသားစု တစ်ခုတည်းမှာပင် ကိုးကွယ်သည့် နတ်ဘုရားများ မတူကြ) မတူညီသော အမြင်များအတွက် သဘောထားကြီးမှုကို ဖော်ကျူးနေသည်။ ထိုသဘောထားကြီးမှုမှာ မျိုးဆက်ပေါင်း များစွာကြာအောင် ဟိန္ဒူဝါဒ၏ အမှတ်အသား ဖြစ်ခဲ့သည်။
    သို့သော်လည်း ဟိန္ဒူ အမျိုးသားရေးလှုပ်ရှားမှုက မိမိတို့၏ ဘာသာရေးအမှတ်သညာကို ပြန်ပေးဆွဲကာ အခြားသော အမြင်များကို မသိကျိုးကျွံပြု၍ တစ်ခါတစ်ရံ တိုက်ခိုက်၍ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ဖြင့် ကျင့်သုံးရန် ကြိုးစားလာကြသည်။
    အိန္ဒိယမှာ ကမ္ဘာပေါ်တွင် ဘာသာရေး မနွယ်သော ဒီမိုကရေစီကျင့်သုံးသည့် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေက လူနည်းစုများ ၎င်းတို့၏ ဘာသာတရားကို ကြောက်ရွံ့ခြင်း မရှိဘဲ လွတ်လပ်စွာကျင့်သုံးရန် အာမခံပေးထားလေသည်။ သို့သော်လည်း ယနေ့ခေတ်တွင်မူ မွေးရာပါ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့်မှာ ခြိမ်းခြောက်ခံနေရသည်ဟူသော စိုးရိမ်မှုများ ရှိလာခဲ့လေသည်။
    လူနည်းစုများအား တိုက်ခိုက်နေသော်လည်း ပြန်လည်ဆန်းသစ်လာသည့် ဟိန္ဒူ အမျိုးသားရေးဝါဒ ရှေ့တန်းတင်သော အဖွဲ့များမှာ ယခင်က ကြုံတွေ့ခဲ့ရဖူးသည်ထက် ပို၍ ထင်သာမြင်သာရှိကာ အန္တရာယ်အရိပ်အရောင် ပိုရှိနေသည်ဟု စာရေးဆရာများ၊ ပညာတတ်များက ရေးသားပြောဆိုနေကြလေသည်။ ဖြစ်ပျက်နေသည့် အခြေအနေထက် ၀န်ကြီးချုပ် မိုဒီ၏ ထိုကိစ္စအပေါ် ဆိတ်ဆိတ်နေခြင်းက ပို၍ ထိုထက် ပို၍ နိမိတ်မကောင်းပုံ ပေါ်နေလေ၏။
    Aljazeera တွင် ဖော်ပြခဲ့သည့် India’s Hindu Fundamentalists ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်သည်။
  • လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ
    လွှတ်တော် ကိုယ်စားလှယ်လောင်း မွေးဖွားစဉ် မိဘများ နိုင်ငံသားဖြစ်ရမည် ဆိုသည့် ဝိရောဓိ
    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ ရေးသည်။
    3069019.large
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း(၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဃ) ၌လွှတ်တော် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် (၁) ပြည်သူ့လွှတ်တော်၊ (၂) အမျိုးသားလွှတ်တော် (၃) တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ ပုဒ်မခွဲ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တစ်ရပ်သို့ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်ကိုသော် လည်းကောင်း….. ဟုဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၂၅)၊ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) ရွေးကောက်တင်မြှောက်ခံနိုင်ခြင်း အရည်အချင်းနှင့် ပြည့်စုံခြင်း မရှိကြောင်း၊ ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်နိုင်သည်ဟု အတိအလင်း ပြဌာန်းထားပါသည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေတို့အရ ကန့်ကွက်ခွင့်ရှိသူမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ ရွေးကောက်ခံမည့် မဲဆန္ဒနယ်မြေမှ ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကသာ လုံလောက်သော အထောက်အထား တင်ပြ၍ ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။
    အဆိုပါပြဌာန်းချက် အရ ကန့်ကွက်သူသည် ၎င်းမဲဆန္ဒ နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းသာ ဖြစ်ရမည့် အပြင် ကန့်ကွက်ရာတွင်လည်း လုံလောက်သော အထောက်အထား (Sufficient Documents) များဖြင့် တင်ပြ ကန့်ကွက် ရမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ အခြားမည်သူတစ်ဦး တစ်ယောက်ကမျှ ခိုင်လုံသော အထောက်အထားမဲ့ ကန့်ကွက်ခွင့်ရှိကြောင်း ပြဌာန်းချက်လုံးဝ မပါရှိပါ။ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာကို ကန့်ကွက်သူမှာ (လ.ဝ.က) ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးဖြစ်နေပါက ယင်းကန့်ကွက်ချက်မှာ ဥပဒေနှင့်အညီ ညီညွတ်ခြင်း မရှိကြောင်း မြင်သာပါသည်။ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကသာ စိစစ်ပြီး အမိန့် ချမှတ်နိုင်ပါသည်။
    ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း-၂၊ နိုင်ငံသားဖြစ်မှု ပုဒ်မ-၁၀ ၌ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် နိုင်ငံသား တစ်မျိုးတည်းသာ ရှိရမည်။သီခြားနိုင်ငံသားဟူ၍ မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံသား ဟူ၍သာရှိရမည် ဟုပြဌာန်းထားပါသည်။ ထို့ကြောင့် ထိုဥပဒေကို ပြဌာန်း အတည်ပြုချိန်က နိုင်ငံခြားသား မဟုတ်သော၊ နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်သော၊ နိုင်ငံသားအဖြစ် ရွေးချယ်ရန် မလိုအပ်သောသူအားလုံး နိုင်ငံသားဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) ခုနှစ်အရ ထင်ရှားပါသည်။ နိုင်ငံခြားသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကိုလိုနီ အုပ်ချုပ်ရေးခေတ် ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေ (The Foreigners Act) ကို ပြဌာန်းခဲ့ပါသည်။
    ရည်ရွယ်ချက်မှာ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် မရှိဘဲ ဖြတ်သန်းသွားလာခြင်း၊ ခရီးသွားခြင်းတို့ကို တားဆီးရန် အတွက် ဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ (၁) ၌ “နိုင်ငံခြားသား “ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သူကို ဆိုလိုသည်ဟု အတိအလင်းပြဌာန်း ထားပါသည်။ ယင်းဥပဒေပုဒ်မ ၆ တွင် ပုဒ်မ(၅) အရ ကြေငြာထားသည့် အရပ်ဒေသသို့ ရောက်ရှိ လာသော နိုင်ငံခြားသားများသည် ယင်းဥပဒေအရ ခန့်အပ်ထားသော အရာရှိထံ သတင်းပို့ရမည်ဖြစ်ပါသည်။ ယင်းဥပဒေအရ အဆိုပါ နိုင်ငံခြားသားကို လတ်မှတ်ထုတ်ပေးရပြီး၊ လတ်မှတ်မပါဘဲ သွားလာနေထိုင်သူ နိုင်ငံခြားသားများအား မည်သို့ အရေးယူနိုင်ကြောင်း ပြဌာန်းထားပါသည်။ ဖောက်ဖျက်သူနိုင်ငံခြားသားအား ပြည်နှင်နိုင်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံလူဦးရေကို ယနေ့လူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသားကို မည်သို့ထိန်းချုပ်ခဲ့ကြောင်း မြင်သာပါသည်။ ထို့ကြောင့် ထိုအချိန်က နိုင်ငံခြားသား လက်မှတ် မကိုင်ဆောင်သောသူများကို နိုင်ငံသားအဖြစ် မှတ်ယူနိုင်ကြောင်း မြင်သာပါသည်။
    ၁၉၄၀ပြည့်နှစ် မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၇ဖြင့် (၂၃.၃.၁၉၄၀) ရက်တွင် နိုင်ငံခြားသားများ မှတ်ပုံတင်အက်ဥပဒေ (The Registration of Foreigners Act) ကို (၂၈.၃.၁၉၄၀) ရက်တွင် အာဏာ တည်စေခဲ့ပါသည်။ လွတ်လပ်ရေး မတိုင်ခင်ကာလဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၂ (က) တွင် “နိုင်ငံခြားသား” ဟူသည် နိုင်ငံခြားသားများဥပဒေ (၁၈၆၄) တွင် အဓိပယ် ဖော်ပြထားသည့် “နိုင်ငံခြားသား” ကို ဆိုလိုကြောင်း အတိအလင်းပြဌာန်းထားပါသည်။ ယင်းဥပဒေအရ ထိုအချိန်က မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံခြားသားများ မှတ်ပုံတင်ပြီးဖြစ်ရာ နိုင်ငံခြားသား မှတ်ပုံတင်မကိုင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၀ အရ တစ်မျိုးတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပါသည်။ နိုင်ငံခြားသား မဟုတ်ကြောင်း သက်သေ ထင်ရှားပြနိုင်သူများသည် နိုင်ငံသားဖြစ်ပါသည်။
    ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင် ဥပဒေအရ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ လွတ်လပ်ရေး ကာလဖြစ်ပါသည်။ ယင်း ဥပဒေသည် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ (၄.၁.၁၉၄၉) ရက်တွင် စတင်အာဏာတည်ခဲ့ပါသည်။ ယင်းနည်း ဥပဒေ အရ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်သော နိုင်ငံခြားသားများကို မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားသား မှတ်ပုံတင် မကိုင်ဆောင်သောသူများသည် (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ နိုင်ငံသားများသာဖြစ်ကြောင်း မြင်သာပါသည်။
    ထို့နောက် (၁၉၄၇) ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်) များ အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေ ပုဒ်မ-၂ (င) အရ “နိုင်ငံခြားသား” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သဖြင့် ထိုအချိန်က ရ နိုင်ငံခြားသားမဟုတ်သူများသည် “နိုင်ငံသား” ဖြစ်ကြောင်း မြင်သာပါသည်။ ယင်းဥပဒေပုဒ်မ-၂ (ဆ) အရ နိုင်ငံခြားသားများအား “ပြည်တွင်း ဝင်ရောက်နေထိုင်ခွင့် လက်မှတ်”  ထုတ်ပေးသဖြင့် ယင်းလတ်မှတ် ကိုင်ဆောင်သူ မဟုတ်သူများသည် နိုင်ငံသားများပင် ဖြစ်ပါသည်။ ထိုအချိန်အထိ နိုင်ငံသားများသည် မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ရခြင်း မရှိသေးသည်ကို သတိပြုသင့်ပါသည်။
    ဤကဲ့သို့ မြန်မာနိုင်ငံတွင် “နိုင်ငံသား” နှင့် “နိုင်ငံခြားသား” ကွဲပြားစေရန် ၁၈၆၄- ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေမှသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေပြဌာန်းပြီး စတင် အာဏာတည်သည့် (၄-၁-၁၉၄၉) ရက်ထိ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံသား လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) အရ နိုင်ငံသားအဖြစ် တရားဝင်ရပ်တည်နေသူများ ဖြစ်ပါသည်။
    ၎င်းနောက် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေပုဒ်မ-၂ တွင် အဆိုပါ မှတ်ပုံတင် စာရင်းကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်စာရင်းဟုခေါ်တွင် ရမည်ဖြစ်ကြောင်း ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးမှာ နိုင်ငံသားနှင့် နိုင်ငံခြားသားများရှိရာ နိုင်ငံခြားသားမဟုတ်သူများအား မည်သူဖြစ်ကြောင်း သက်သေခံကဒ်ပြားထုတ်ပေးရန် ပြဌာန်းထားပါသည်။ ပုဒ်မ-၇ အရ သက်သေခံကဒ်ပြားတွင် အမည် ကျား/မ၊ အသက်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာတိုင်းပြည်၊ နိုင်ငံသားစသည့် အကြောင်းအရာ ဖော်ပြချက်များကို ရေးသွင်းရပါသည်။ အမျိုးသား မှတ်ပုံတင်ဖြစ်ပါသည်။ ၎င်းမှတ်ပုံတင်အရ နိုင်ငံခြားသား မဟုတ်ကြောင်း ထင်ရှားနေရာ ထိုသူများသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း ထင်ရှားသည်။
    ၁၉၁၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေဒပုဒ်မ-၂ (ဃ) အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကဒ်ပြား (အမျိုးသားမှတ်ပုံတင်) ထုတ်ပေးပါသည်။ ပုဒ်မ ၈ (၁) အရ မှတ်ပုံတင်စာရင်းပုံစံ-၁ ပြုလုပ်ပါသည်။ ပုဒ်မ- ၁၂ (၁)အရ အသက် (၁၂) နှစ်ပြည့်ပြီးသူအားသက်သေခံကဒ်ပြား ထုတ်ပေးပါသည်။ အဆိုပါ သက်သေခံကဒ်ပြားသည် နိုင်ငံခြားသားကို ထုတ်ပေးခြင်းမရှိပါ။ ပုဒ်မ-၃၃ ၌ အထက်ပါနည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံခြားသားများသည် နည်းဥပဒေ ၂၉၊၃၁ မှတစ်ပါး အခြားဥပဒေများနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားပါသည်။
    ယင်းဥပဒေပုဒ်မ ၃၃ (က)(ခ) တို့အရ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသား မှတ်ပုံတင်နည်း ဥပဒေများအရ မှတ်ပုံတင် ထားသည့် နိုင်ငံခြားသားများသည် ဤနည်းဥပေ ဒအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားဖြစ်သည်ဟု ဆိုလိုခြင်းကြောင့် နိုင်ငံခြားသား မှတ်ပုံတင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။
    နိုင်ငံခြားသားများမှတ်ပုံတင်သည့် နည်းဥပဒေများ အရ ထုတ်ပေးသည့် သက်သေခံလတ်မှတ်သည် ဤနည်းဥပဒေအရ နိုင်ငံခြားသားသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြား ဖြစ်သည်ဟုဆိုလိုခြင်းကြောင့် နိုင်ငံခြားသားမှတ်ပုံ တင်ထားခြင်း မဟုတ်သူများသို့ ထုတ်ပေးသည့် သက်သေခံကဒ်ပြားသည် နိုင်ငံသားသို့ ထုတ်ပေးသည့် မှတ်ပုံတင်သက်သေခံ ကဒ်ပြားသာဖြစ်ကြောင်း မြင်သာပါသည်။
    ၎င်းနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စုသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ ၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် – ၂၆ ကို (၃.၈.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ မတိုင်မီအချိန်ထိ ၁၉၄၉ ခုနှစ်အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေတို့အရ အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြားကို မည်သူ့ကိုမျှ ထုတ်ပေးခြင်း မရှိသေး၍ နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင်သူများမှအပ ကျန်နိုင်ငံသားများ မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ခွင့်မရှိသေးကြောင်း တွေ့မြင်နိုင်ပါသည်။ အမျိုးသားမှတ်ပုံတင် (၃-ခေါက်ချိုး) ကို ၁၉၅၆ ခုနှစ်ခန့်ကမှ ထုတ်ပေးသည်ဟု သိရပါသည်။ မှတ်ပုံတင်မရမီသေဆုံးသူများ၏ အထောက်အထားကို တင်ပြနိုင်မည် မဟုတ်သကဲ့သို့ သေဆုံးသည့်အခါ သက်ဆိုင်ရာသို့ အပ်လိုက်ရသူများ၏ အထောက်အထားကိုလည်း တင်ပြနိုင်မည် မဟုတ်ကြောင်း မြင်သာပါသည်။
    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန် ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား ခံယူလိုသော နိုင်ငံသား မဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထား ခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသား လက်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေ ပုဒ်မခွဲ (က) (ခ)(ဂ)(ဃ) (င) နှင့်ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (က) (ခ) (ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။
    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား အဖြစ် (ရွေးချယ်ရေး) အက်ဥပဒေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ- ၁၁ (ဃ) အရ အရည်အချင်းပြည့်သူတို့အား မြန်မာနိုင်ငံသား အဖြစ် ရွေးချယ်ခွင့်ပေးရန်ပြဌာန်းခြင်းဖြစ် သဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသားခံယူလိုသော နိုင်ငံသားမဖြစ်သေးသူများအား နိုင်ငံသားလျှောက်ထားခွင့်ပေးခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုသားလတ်မှတ် (UCC) ဖြစ်ပါသည်။ ထိုသူသည် ယင်းဥပဒေပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)နှင့် ညီညွတ်လျှင် နိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သဖြင့် ၁၉၄၇-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁ (က)(ခ)(ဂ) အရ နိုင်ငံသား အရည်အချင်း ရှိပြီးသူများ လျှောက်ထားရန်ပင် မလိုကြောင်း မြင်သာပါသည်။
    ထိုသို့လျှောက်ထားခွင့်ရှိသူများသည် နိုင်ငံခြားသားများသာဖြစ်ကြောင်း ၁၉၄၈-ခုနှစ် နိုင်ငံသားရွေးချယ်ရေးဥပဒေပုဒ်မ-၈၊ ပုဒ်မခွဲ(၃) အရထင်ရှားပါသည်။ ပုဒ်မခွဲ(၃) တွင်လျှောက်ထားသူသည် နိုင်ငံခြားသား အဖြစ်ကို စွန့်လွှတ်ကြောင်း မြန်မာနိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း ကျမ်းကျိန် သစ္စာပြုရမည်ဖြစ်ကြောင်း ဖော်ပြထားချက်အရ သိသာထင်ရှားပါသည်။
    ထို့နောက် ၁၉၄၈ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၁၉၄၈-ခုနှစ် အက်ဥပဒေ အမှတ်- ၆၆) ကို (၄.၄.၁၉၄၈) ရက်တွင် ပြဌာန်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ-၃(၁) အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၁၁ (က) အလို့ဌာ တိုင်းရင်းသား တစ်မျိုးမျိုးဆိုသည်မှာ ၁၉၄၈ခုနှစ် မြန်မနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၃ (၁) တွင် ဖော်ပြထားသော လူမျိုးအမည်များ အပြင် ၁၈၂၃-ခုနှစ်မတိုင်မီ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သောနယ်မြေတစ်ခုခု၌ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများသည်လည်း “မြန်မာနိုင်ငံ တိုင်းရင်းသား” ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။ ပြည်ထောင်စုနယ်မြေဆိုသည်မှာလည်း ယခုတည်ရှိသော နယ်မြေမဟုတ်ဘဲ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နယ်မြေများကို ရည်ညွှန်းကြောင်းလည်း ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) အရမြင်သာပါသည်။ ထိုနယ်မြေဆိုသည်မှာ ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏပျံ့နှံ့ရာနယ်မြေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတော်လွတ်လပ်ရေးအက်ဥပဒေပူဒ်မ-၂(၂) တွင်ဖော်ပြထားသော နယ်မြေများကို ဆိုလိုပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂ (က) အရ “ယခင်ကဘုရင်ခံမှ တဆင့်ဗြိတိသျှဘုရင်မင်းမြတ် စီရင်အုပ်ချုပ်ခဲ့သော နယ်မြေအားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သည်” ဟုဆိုထ်ားပါသည်။
    ထို့ကြောင့် ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၁) အရ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၁(က)(ခ)(ဂ) ပါ နိုင်ငံသားများသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားများ အဖြစ် တည်ရှိနေသည်ဟု ပြဌာန်းချက် အရလည်း နိုင်ငံသားဖြစ်မှုမှာ အလွန်ရှင်းလင်းပါသည်။ ယင်းဥပဒေများအရ တိုင်းရင်းသားဖြစ်ခွင့်ပင်ရှိသူများကို နိုင်ငံသားခွဲခြားရန် မသင့်ကြောင်း မြင်သာပါသည်။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂ (က) ပါနယ်မြေတွင် မွေးဖွားခဲ့သူများသည် ပုဒ်မ-၁၁(ခ) အရ မြန်မာနိုင်ငံတွင်ပါဝင်လတ္တံသော အာဏာ ပိုင်နက်တွင်မွေးဖွားသူများပင် ဖြစ်ပါသည်။ ထိုသူများသည် ပုဒ်မ-၁၁(ဂ) ပါ အာဏာပိုင်နက်တွင် မွေးဖွားသူအဖြစ်လည်း အကျူံးဝင်ပါသည်။ ပုဒ်မ-၁၁(ဃ) အရ အဆိုပါ အာဏာပြန့်ရာနယ်မြေတွင် မွေးဖွားခဲ့ပြီး ယင်းအခြေခံဥပဒေ အာဏာတည်သည့်နေ့ရက် မတိုင်မီ သို့မဟုတ် ၁-၁-၁၉၄၂ ရက်မတိုင်မီ (၁၀) နှစ်အတွင်း အနည်းဆုံး ၈-နှစ် ထို အာဏာပိုင်နက်အတွင်း နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထာဝရနေထိုင်ရန်ကြံရွယ်၍ နိုင်ငံသား အဖြစ်ရွေးချယ်သူတိုင်းသည်လည်း နိုင်ငံသားဖြစ်ပါသည်။
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၄(၂)အရ၊ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုတွင် အနည်းဆုံး ဘိုးဘွားအားလုံး လက်ထက်မှစ၍ မိမိတို့၏ပင်ရင်း တိုင်းပြည် အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက်နေထိုင်ခဲ့သည့် အပြင် မိမိ၏မိဘနှစ်ပါးနှင့် တကွ မိမိကိုယ်တိုင် ထိုနယ်မြေ တစ်ခုခုတွင် မွေးဖွားသူဖြစ်လျှင် ထိုသူအား မြန်မာနိုင်ငံသားဟု မှတ်ယူရမည်ဟု ပြဌာန်းချက်အရ ပြည်ထောင်စု နယ်မြေ တစ်ခုခုတွင် အဘိုး၊အဘွားတို့သည် ပင်ရင်းတိုင်ပြည်အဖြစ် မျိုးဆက်မပြတ်ထာဝစဉ် အခြေစိုက်နေထိုင်လာ ခဲ့သည့် အပြင် မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့လျှင် နိုင်ငံသားပင် စီစစ်ရန် အကြောင်းမရှိတော့ဘဲ ယင်းဥပဒေပြဌာန်းချက် အရ မြန်မာနိုင်ငံသားဖြစ်ပြီးသူများသည် ယခုလည်း နိုင်ငံသားပင်ဖြစ်ကြောင်း ထင်ရှားနေပါသည်။
    ထို့ပြင်၁၉၄၈ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က)(ခ)(ဂ) တို့အရ မွေးဖွားသူများသည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်ငံသားများဖြစ်ပါသည်။ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ-၅ (က) အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အာဏာတည်ပြီးမှ မြန်မာနိုင်ငံသား မိဘ တစ်ပါးပါးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မွေးဖွားသူသည်လည်း နိုင်ငံသားဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၁၄၆၌ နိုင်ငံသားဖြစ်ပြီးသူများ အားလုံး နိုင်ငံသားပင်ဖြစ်ကြောင်း ပြဌာန်းချက် အရ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ မပြဌာန်းမီက အထက်ဖော်ပြပါ ဥပဒေများ အရ နိုင်ငံသားဖြစ်ပြီးသူများအား နိုင်ငံသားစီစစ်ရန်ပင် မလိုတော့ဘဲ နိုင်ငံသားဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့ကြောင့် ထိုသူများနှင့်မိဘနှစ်ပါးအား ၁၉၈၂-ခုနှစ်တွင် နိုင်ငံသား ဥပဒေဖြင့် စီစစ်ရန် မလိုကြောင်း မြင်သာပါသည်။
    လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀ (င) အရ၊ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသားသည် ရွေးကောက်ပွဲတွင် တင်မြှောက်ခံ ပိုင်ခွင့်မရှိစေရဟူသည့် ပြဌာန်းချက်သည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်။ အတိအလင်းနိုင်ငံခြားသားဖြစ်သော မိဘများနှင့်သာ သက်ဆိုင်စေသင့်ပါသည်။ ပုဒ်မ-၈ (က)(ခ)(ဂ) ပါ အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား၊အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် ပြဌာန်းချက် အရ (၂၀၀၈-ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီကလည်းကောင်း၊ ယင်းဥပဒေအရ ၁၉၈၉၊ ၁၉၉၀ ခုနှစ်ခန့်က နိုင်ငံသားစီစစ်ခြင်းမပြုမီ ကွယ်လွန်ခဲ့ကြသော အမျိုးသားမှတ်ပုံတင် သက်သေခံကဒ်ပြား ကိုင်ဆောင်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစွာ ရှိပါသည်။ အမျိုးသားမှတ်ပုံတင် မပေါ်သေးခင်က ကွယ်လွန်ခဲ့ကြသော မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာလည်း ရှိပါသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ခံ ပိုင်ခွင့်ပြုသည်ဆိုလျှင် အလားတူအခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့်ရှိကြောင်း မြင်သာပါသည်။
    သာဓကအားဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကာလ (၂၀၁၅) ခုနှစ်တွင် အသက်(၇၀) ခန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအား ၎င်း၏မိဘနှစ်ပါးက ၎င်းအား (၁၉၄၅)  ခုနှစ်ခန့်က မွေးဖွားရမည်ဖြစ်ပါသည်။ ၎င်းကိုမွေးဖွားပြီးနောက် အမျိုးသားမှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်းမတိုင်မီ ၎င်းမိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့လျှင် မည်သည့် အထောက်အထားမျှ ရှိမည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အဆိုပါကိုယ်စားလှယ်လောင်း၏ မိဘနှစ်ပါး၏ မိဘများဖြစ်ကြသော ဘိုးဘွားများမှာ ပို၍ပင် အထောက်အထားရှိရန် အကြောင်းရှိမည် မဟုတ်ပါ။
    ထို့ကြောင့်၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ လည်းကောင်း၊ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် နည်းဥပဒေအရ လည်းကောင်း၊ နိုင်ငံသားဖြစ်ပြီးသော မိဘနှစ်ပါးက မွေးဖွားသူသည် နိုင်ငံသားဖြစ်ကြောင်း မှတ်ယူနိုင်သည်ဖြစ်ရာ၊ ၎င်းအားမွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြောင်း ထင်ရှားနေပါ သဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ၊ပုဒ်မ-၈ (ခ) နှင့် ညီညွတ်ပါသည်။ ပုဒ်မ-၁၀ (ခ) နှင့် ငြိစွန်းခြင်းမရှိသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။
    သို့ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားဖြစ်ရမည်ဆိုသည့် ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်သည် ယခင်တည်ရှိခဲ့ပြီးသော ဥပဒေများနှင့် ဝိရောဓိမဖြစ်စေရန်နှင့် ယင်းဥပဒေများအရ ရရှိပြီးဖြစ်သော နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေသင့်ကြောင်း တင်ပြအပ်ပါသည်။
  • “အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”
    “အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”
    ၂ ရက်အတွင်း ထပ်ဆင့် ရှယ်သူ ၁သောင်းခွဲ ကျော်သွားပြီဖြစ်တဲ့ လူကြိုက်များတဲ့ အတွေးအမြင်ဆောင်းပါးလေးကို အမ်မီဒီယာ စာဖတ် ပရိတ်သက် ဖတ်ရှုနိုင်ဖို့ ထပ်ဆင့်မျှဝေလိုက်ပါတယ်။
    ဆောင်းပါးရှင်
    Min Myat Maung
    10342807_501317983361852_3895813451612472125_n
    မယုံနိုင်စရာ ထူးဆန်းလွန်းလို့ နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားသွားတဲ့ မှုခင်းကြီး တစ်ခု ၂၀၁၃ ခုနှစ်တုန်းက အမေရိကားမှာ ပေါ်ပေါက်လာခဲ့တယ်။ တရားခံကို ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်အပြင် နောက်ထပ် နှစ် ၁,၀၀၀ ပေါင်းလိုက်သေးတယ် ဆိုတော့ ဘယ်လောက် အပြစ်ကြီးတဲ့ အမှုလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။
    အဲဒီမှုခင်းဟာ စဉ်းစား အဖြေရှာစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီမှုခင်းကို လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေ လည်း တူညီတဲ့ ဖြစ်ရပ်တွေ အတွေးထဲမှာ အလိုလို ပေါ်လာပါလိမ့်မယ်။
    အေရီယယ်လ် ကတ်စထရို ဆိုတဲ့ လူတစ်ယောက်က ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး ၁၀ နှစ်ကျော် နှစ်ရှည်ကြာ မုဒိမ်းကျင့်နေတဲ့ အမျိုးသမီး သုံးယောက်နဲ့ ၆ နှစ်အရွယ် သမီးလေးကို ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့က ကယ်တင်လိုက်နိုင်တဲ့ ကိစ္စဟာ မယုံနိုင်စရာ အထူးခြားဆုံး သတင်း ဖြစ်သွားခဲ့တယ်။
    အေရီယယ်လ် ကတ်စထရိုဟာ အသက် ၄၁ နှစ်ကျော် အရွယ်၊ ၂၀၀၂ ခုနှစ်က စပြီး အမျိုးသမီး သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးခဲ့ပါတယ်။ အရင်အိမ်ထောင်ဟောင်းက သူ့သမီးအရင်းရဲ့ ၁၄ နှစ်ရွယ် သူငယ်ချင်းမလေးကို ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး သုံးယောက်မြောက်အဖြစ် ဖမ်းဆီးပြီး သူ့အိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်။
    ၁၀ နှစ်ကျော် ချုပ်နှောင်ထားရင်း အမျိုးသမီး သုံးယောက်ကို နေ့စဉ် မုဒိမ်းကျင့်နေတာ ပတ်ဝန်းကျင်က လုံးဝ မသိကြဘူး။ သူ့အိမ်က မြို့ပြင် လူနေကျဲပါးတဲ့နေရာ ခြံကြီးဝင်းကြီးထဲမှာ မဟုတ်ဘဲ လူနေစိတ်တဲ့ ကလိဗ်လင်း မြို့လယ် သာမန်ရပ်ကွက်ထဲမှာပါ။ ကျယ်ကျယ်အော်ရင် ဘေးအိမ်တွေက ကြားနိုင်အောင် အိမ်ချင်း ကပ်နေပါတယ်။
    ပြီးတော့၊ တရားခံဟာ နေ့မှာ အချိန်ပြည့် အလုပ်သွားနေရင် အိမ်ထဲမှာ အမျိုးသမီး အကျဉ်းသား သုံးယောက်တည်း ကျန်ခဲ့တာပါ။ ဘာဖြစ်လို့ ထွက်ပြေးဖို့ မကြိုးစားကြတာလဲ၊ ဘာဖြစ်လို့ အော်ဟစ် အကူအညီမတောင်းကြတာလဲ၊ ဘာဖြစ်လို့ သုံးယောက်နဲ့ တစ်ယောက် မခုခံ မတိုက်ခိုက်ကြတာလဲ ဆိုတဲ့ မေးခွန်း ပဟေဠိတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။
    ကျနော့အတွက်တော့ ဒီဖြစ်ရပ်ဟာ ဘဝရဲ့ အသိဉာဏ် အလင်းရောင်တွေ အများကြီး ရလိုက်တာကြောင့် မမေ့မပျောက် မှတ်တမ်းတင်ထားရမှာပါ။
    သူတို့ လွတ်မြောက်လာတဲ့ ဖြစ်စဉ်မှာ ကျနော့ အာရုံကို ဖမ်းစားလိုက်တဲ့ ကိစ္စကတော့ ဒီလိုပါ။
    အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်ကတည်းက ပြန်ပေးဆွဲခံရတဲ့ အာမန်ဒါ ဘယ်ရီက အော်ဟစ် အကူအညီတောင်းလို့ အိမ်နီးချင်းတွေ သွားပြီး ကယ်တင်တဲ့အခါ အသက်၂၇ နှစ် ရှိနေပြီ ဖြစ်တဲ့ အာမန်ဒါနဲ့ သူ့ရဲ့ ၆ နှစ်သမီးလေးတို့ အိမ်ထဲက လွတ်မြောက်လာပါတယ်။ တစ်ခြားအမျိုးသမီး နှစ်ယောက်ကတော့ အိမ်ထဲမှာပဲ ကျန်နေပြီး ရဲတွေရောက်လာမှ ကယ်တင်လိုက်ရပါတယ်။
    ဒီအမျိုးသမီး နှစ်ယောက်ဟာလည်း ၁၁ နှစ်ကျော် အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက် (အခု ၃၂ နှစ်) နဲ့ ၁၀ နှစ်နီးပါး အဖမ်းခံထားရတဲ့ ဂျီနာ ဒီဟေးဆုစ်(အခု ၂၄ နှစ်) တို့ ဖြစ်ပါတယ်။ သူတို့ကို တွေ့တဲ့အချိန်မှာ ဘာမှ ချည်နှောင် ဖမ်းဆီးထားတာ မရှိပဲ ထွက်ပြေးချင်ရင် ပြေးလို့ရပါတယ်။
    သူတို့ သုံးယောက်ကို ဖမ်းထားခါစမှာပဲ သံကြိုးတွေနဲ့ တုပ်နှောင်ပြီး မြေအောက်ခန်းမှာ ချုပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အနှောင်အဖွဲ့မရှိပဲ အိမ်ထဲမှာ လွတ်လွတ်လပ်လပ် နေခွင့်ရှိတယ်။ ထွက်ပြေးဖို့ အခွင့်အလမ်းအများကြီး ရှိတယ်။
    အဲဒီမှာ မေးစရာ မေးခွန်းကြီးတခု ပေါ်လာပါတော့တယ်။ အိမ်နီးချင်းတွေက အိမ်ရှေ့တံခါးကို ဖျက်ပေးလိုက်တဲ့ အပေါက်ကနေ အာမန်ဒါနဲ့ သူ့သမီးလေး ထွက်ပြေးသွားသလို သူတို့ နှစ်ယောက်က ဘာဖြစ်လို့ လိုက်မသွားပဲ အိမ်ထဲမှာ နေရစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကြီးပါပဲ။
    အက်ဖ်ဘီအိုင်က မှုခင်းစိတ်ပညာရှင်တစ်ဦးကို CNN သတင်းဌာနက တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးမှာ အဲဒီမေးခွန်းတွေကို ဖြေကြားသွားတာ အလွန်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
    သူတို့လည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်၊ ကတ်စထရိုက သော့ခတ်ဖို့ မေ့သလိုလို၊ တံခါး ပွင့်နေသလိုလို တမင် ထောင်ချောက်ဆင်ထားတာ ဖြစ်လေတော့ ပြေးဖို့ကြံရင် မိပြီး သေလုမျောပါး နှိပ်စက်ခံရတယ်။ တစ်ပတ်လောက် အစာမကျွေးဘဲ အငတ်ထားတယ်။ ဒါကြောင့်၊ အခွင့်အလမ်း ပေါ်လာတာတောင် တစ်ကယ်လား၊ ထောင်ချောက်လား မခွဲခြားနိုင်ဘဲ မပြေးရဲတော့ဘူးတဲ့။
    ပြီးတော့၊ သူတို့ သုံးယောက်ကို စိတ်ပိုင်းဆိုင်ရာလည်း ကတ်စထရိုက ချုပ်ကိုင်ထားတယ်။ အချင်းချင်း မတည့်အောင် ရန်တိုက်ပေးထားလို့ တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်လောက် မခေါ်မပြော ဖြစ်ကြတာမျိုးတွေ ရှိသေးတယ်။ ဒါက လွယ်တယ်လေ။ တစ်ယောက်ကို အခွင့်အရေး ပိုပေးရင် ကျန်တဲ့ နှစ်ယောက်က မနာလိုဖြစ်၊ တစ်ယောက်ကို မဲပြီး ညှဉ်းပန်းနှိပ်စက်နေရင် ကျန်တဲ့နှစ်ယောက်က ကိုယ်နဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ကြတော့ စိတ်ဝမ်းကွဲတော့တာပေါ့။ အကျဉ်းစံဘဝက လွတ်မြောက်အောင် အတူတူ စည်းစည်းလုံးလုံး ကြိုးစားဖို့ထက် အချင်းချင်း ငြူစူစောင်းမြောင်း ရန်ဖြစ်နေကြတယ်။
    ပြီးတော့၊ သူတို့ထဲက အသက်အကြီးဆုံး၊ အချိန်အကြာဆုံး အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက်ဆိုရင် ၁၁ နှစ်ကာလအတွင်းမှာ ကိုယ်ဝန် ၅ ကြိမ်ရခဲ့တယ်။ အဲဒီ ၅ ကြိမ်စလုံး အပြင်းအထန် ရိုက်နှိက်၊ ဝမ်းဗိုက်ကို ထိုးကြိတ် ကန်ကျောက်ပြီး ကိုယ်ဝန်ပျက်ကျအောင် လုပ်တယ်။
    သူတို့ဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ နှိမ်ချဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ် ကုန်ခမ်းနေပါပြီ။ သူတို့ ဒီဘဝက လွတ်မြောက်မှာ မဟုတ်တော့ဘူးလို့ စိတ်အစွဲ ဖြစ်နေတာတဲ့။
    သူတို့ရဲ့ ဘဝဟာ လွတ်မြောက်ရင်လည်း လူ့အသိုင်းအဝိုင်းမှာ မဝင်ဆန့်တော့ပါဘူးဆိုတဲ့ အောက်ဆုံးအဆင့်အထိ စိတ်နှလုံး ဂျုံးဂျုံးကျသွားပြီ ဆိုပါတော့။
    တစ်နည်းအားဖြင့် သူတို့ဟာ ‘စိတ်ရဲ့ အကျဉ်းသား’ (mind prisoner) ဖြစ်နေတာပါ။ သူတို့ကို ဖမ်းထားသူဟာ တရားခံ အေရီယယ်လ် ကတ်စထရို မဟုတ်တော့ပါဘူး၊ သူတို့ရဲ့ စိတ်က သူတို့ကို ဖမ်းထားတာပါလို့ စိတ်ပညာရှင်က ရှင်းပြပါတယ်။
    အဲဒီမှာ ထပ်ဆင့်မေးခွန်းက ကဲ…ဒါဖြင့် အာမန်ဒါကျတော့ ဘာဖြစ်လို့ လွတ်ဖို့ ကြိုးစားသလဲ၊ ဘာဖြစ်လို့ ပြေးသလဲ။
    အဖြေကတော့ သူဟာ တစ်ခြားအမျိုးသမီး နှစ်ယောက်နဲ့ အခြေအနေချင်း မတူပါဘူး။ သူ့မှာ ၆ နှစ်အရွယ် လူမမယ်သမီးလေး ရှိတယ်။ သူ့အတွက် မစဉ်းစားရင်တောင် သူ့သမီးလေးအတွက် စဉ်းစားရတော့မယ်။
    အာမန်ဒါ ဘယ်ရီဟာ လူယုတ်မာ ကတ်စထရိုနဲ့ပဲ ကိုယ်ဝန်ရလာတော့ လူမသိအောင် ဖုံးဖိထားတယ်။ ရှေ့က မစ်ရှယ်လ် နိုက်ရဲ့ အဖြစ်ဆိုးတွေကို မြင်တွေ့ထားတယ်လေ။ ကိုယ်ဝန် လရင့်လာမှ ကတ်စထရို သိသွားတော့ ဖျက်ဖို့ မလွယ်တော့ဘဲ မွေးခွင့်ပေးလိုက်ရတယ်။ (သူ့ကို သတ်ပြီး အစဖျောက် မပစ်လိုက်တာ ကံကောင်းပါသေးရဲ့။)
    အကျဉ်းစံအိမ် မြေတိုက်ခန်းထဲက ကစားစရာ လေမှုတ်ရေကန်လေးထဲမှာ သမီးလေးကို ဖွားမြင်ခဲ့ရတယ်။ ဒီသမီးလေး မွေးဖွားလာခြင်းဟာ သူတို့အားလုံးအတွက် အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်။ သမီးလေးအပေါ် အားလုံးက ချစ်ခင် မေတ္တာထားကြလို့ အရင်တုန်းက မတည့်တဲ့ အမျိုးသမီး သုံးယောက်လည်း ပြန်ပြီး အဆင်ပြေလာတယ်။ လူယုတ်မာကလည်း သမီးလေးကြောင့် တင်းကျပ်ချုပ်ကိုင်မှုတွေကို နည်းနည်းပါးပါး လျှော့ပေါ့ပေးခဲ့တယ်။
    သမီးလေးရဲ့အနာဂတ်ကို ဒီလို အကျဉ်းစံဘဝနဲ့ပဲ အလဟဿ အဆုံးရှူံးခံမလား၊ လွတ်မြောက်ရေးအတွက် စွန့်စားမလား ဆိုတာကို အာမန်ဒါ အလေးအနက် စဉ်းစားလာရပြီလို့ စိတ်ပညာရှင်က တင်ပြပါတယ်။ (ဒီအချက်ကို စာဖတ်သူအားလုံး သတိပြုစေချင်ပါတယ်။)
    ကျောင်းနေရမယ့် အရွယ်ရောက်နေပြီ ဖြစ်တဲ့ သမီးလေးကို ဦးစားပေးပြီး ထွက်ပြေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ကို စိတ်ပညာရှင်က ‘အလှည့်အပြောင်းမှတ်’(breaking point) လို့ ခေါ်ပါတယ်။
    ဒါကြောင့် အခွင့်အရေး ရခိုက်မှာ အာမန်ဒါက လွတ်မြောက်ရေးအတွက် ကြိုးစားတယ်၊ အော်ဟစ် အကူအညီတောင်းတယ်၊ ဖောက်ပေးတဲ့အပေါက်က သမီးလေးကို အပါခေါ်ပြီး မတွန့်မဆုတ် သူ ထွက်ပြေးတဲ့အချိန်မှာ တခြားနှစ်ယောက်ကတော့ အကျဉ်းစံအိမ်ထဲမှာပဲ ကျန်နေခဲ့ကြတယ်။ ရဲတွေက အိမ်ထဲအထိ ဝင်ပြီး ခေါ်ထုတ်မှ အပြင်ကို ထွက်ရဲကြတယ်။
    မှုခင်းစိတ်ပညာရှင်ရဲ့ ရှင်းလင်း ပြောကြားချက်ကို ကြည့်ရှုနားထောင်ပြီးချိန်မှာတော့ ကျနော့နားထဲမှာ ‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…ဆိုတဲ့ အသံက မြည်ဟီး ရိုက်ခတ်နေပါတယ်။
    ကျနော် နားမလည်တဲ့ ပဟေဠိတခုရဲ့ အဖြေကိုလည်း လင်းကနဲ တွေ့လိုက်ရသလိုပါပဲ။
    ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဘဝဟာလည်း အခု ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းနဲ့ တော်တော်ကို တူနေတာ တွေ့ရပါလိမ့်မယ်။
    နှစ် ၅၀ ကျော် စစ်အာဏာရှင်ရဲ့ သံလှောင်အိမ်ထဲမှာ အကျဉ်းကျနေတဲ့ မြန်မာပြည်သူတွေလည်း လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ ကြိုးစားတိုင်းလည်း သွေးချောင်းစီး နှိမ်နင်းသတ်ဖြတ်ခံကြရတယ်။ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဘဝဆုံးကြရတယ်။ ဒါကြောင့်၊ လွတ်မြောက်ရေး ကြိုးပမ်းချင်စိတ်တွေ အားလျော့လာကြတော့တယ်။ တစ်နည်းအားဖြင့်၊ စိတ်ရဲ့ အကျဉ်းသားဘဝကို အလိုလို ရောက်သွားကြရပြီလေ။ လက်ရှိအခြေအနေမှာ မသေရုံတမယ် အသက်ရှင်နေရတာလေးကိုပဲ တင်းတိမ်ကျေနပ်ပြီး ဘဝအပြောင်းအလဲအတွက် ရုန်းကန်ကြိုးစားဖို့ အားမထုတ်ချင်တော့ဘူး။ စိတ်လျှော့ အရှုံးပေးထားလိုက်ပြီ။
    အဲဒီကြားထဲမှာ အာဏာရှင်က အခွင့်အရေးပေးသူနဲ့ ဖိနှိပ်ခံရသူ ဆိုပြီး အချင်းချင်း သွေးခွဲလာတော့ စည်းလုံးညီညွတ်ရေးလည်း ဖရိုဖရဲ ဖြစ်နေလေရဲ့။ အာဏာနဲ့ အခွင့်အရေး မစို့မပို့ ပေးထားတဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေက မောက်မာထောင်လွှားပြီး လူတန်းစားတစ်ရပ်လို ဖြစ်လာတယ်။ သာမန် ပြည်သူတွေကို မတူမတန် ဖိနှိပ်ဆက်ဆံကြတယ်။ သူတို့အတွက် စစ်အာဏာရှင်တွေကသာ ကျေးဇူးရှင်တွေ ဖြစ်လာပြီး ဒီအခွင့်အရေးတွေ လက်လွတ်သွားမှာ စိုးလို့ ခေတ်ပြောင်းမှာကို သေမလောက် ကြောက်ရွံ့နေကြလေရဲ့။
    အခုအခါမှာတော့၊ ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်က လင်းရောင်ခြည်တန်းလေး မြင်လာရပြီ။ ဒီလိုအခွင့်အခါကောင်းမှာ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ပြည်သူတွေ စည်းလုံးမိကြပြီ။ အတူတူ ရုန်းကန်နိုးထလာကြတာ အားရစရာပါ။ ပြည်သူလူထုကြီးက လွတ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းချိန်မှာ အခွင့်ထူးခံ ကြံ့ဖွတ်တွေနဲ့အတူ တစ်စင်ထောင် နှောင့်ယှက်လာတာကတော့ မ.ဘ.သ. ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်းပဲ။
    ကျနော်ပြောခဲ့တဲ့ မှုခင်းအကြောင်း ပြန်စဉ်းစားကြည့်လေ။ သားသမီး မရှိတဲ့ အမျိုးသမီးနှစ်ယောက်က ဖြစ်သမျှ ခေါင်းငုံ့ခံဖို့ မလှုပ်ရဲချိန်မှာ အာမန်ဒါကတော့ သမီးလေးအတွက် အသက်သေချင် သေပစေ၊ စွန့်စွန့်စားစား အားမာန်အပြည့်နဲ့ ကြိုးစားတယ်။ အဲဒါဟာ အနာဂတ်မရှိသူနဲ့ ရှိသူ စဉ်းစားတွေးခေါ်ပုံ ကွာခြားတာပဲ။
    သားသမီးရှိသူတွေဟာ ကိုယ့်အတွက်သာမကဘဲ နောင်မျိုးဆက်အတွက်ပါ စဉ်းစားကြတယ်။ သားသမီးရဲ့ အနာဂတ်ဘဝ သာယာလှပရေးကို ဦးစားပေးကြတယ်။
    ဒါပေမယ့်၊ မ.ဘ.သ.ဆိုတဲ့ ဘုန်းကြီး၊ မယ်သီလ အရေခြုံတွေမှာ သားသမီး မရှိဘူး။ (လုံးဝ သေချာတယ်၊ မှားရင် လည်ဖြတ်ခံမယ်။) သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံဟာ မိသားစုဘဝ တည်ဆောက်နေတဲ့ မိခင်ဖခင်တွေနဲ့ လုံးဝ ကွဲပြားခြားနားတယ်။ သူတို့ဟာ “ဗုဒ္ဓဘာသာ” ဆိုတဲ့ သာသနာတော်ကြီးကို ဗန်းပြပြီး ကိုယ်တစ်ဦးတည်း စားဝတ်နေရေး အဆင်ပြေအောင် လုပ်ကြတဲ့ အချောင်သမားတွေသာ ဖြစ်တယ်။
    သူတို့ရဲ့ တစ်ကိုယ်ရေဘဝမှာ သူတစ်ပါးကို ခေတ်ဆိုးခေတ်ပျက်ကြီးထဲက လွတ်မြောက်အောင် မကယ်တင်တဲ့အပြင် ဆွဲနှစ်ပြီး ကိုယ်ကျိုးစီးပွားရှာသူများပါပဲ။ ဘဒ္ဒန္တ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇ ဂုရု ဆိုတဲ့ ဘွဲ့တွေ အရှည်ကြီးရပြီး စစ်အာဏာရှင်တွေက ချီးမြှင့်မြှောက်စားရင် ကျေနပ်ပြီလေ။ နောင်လာနောက်သား မျိုးဆက်သစ်များကို နှမ်းတစ်စေ့လောက်တောင် တန်ဖိုးမထားတတ်သူတွေပါ။ စစ်မှန်တဲ့ ရဟန်းသံဃာများက ကိုးကွယ်သူ ဒကာဒကာမတွေကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ငြိမ်းချမ်းတဲ့ တရားရေအေး တိုက်ကျွေးကြတယ်။ မ.ဘ.သ.တွေကတော့ ပူလောင်ဆင်းရဲစေတဲ့ ဘာသာရေး၊ လူမျိုးရေး အမုန်းတရားများသာ ဟောကြားပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေကြလေရဲ့။
    သူတို့ပြောသမျှ ယုံစားနေတဲ့ လူဝတ်ကြောင် မ.ဘ.သ.များ စဉ်းစားစေချင်တယ်။ အနာဂတ်မျိုးဆက်သစ်အတွက် အပြောင်းအလဲဖြစ်အောင် ရုန်းထွက်ကြမလား။ သားသမီးတွေကို စစ်ကျွန်ဘဝမှာ နှစ်ထားခဲ့မလား။
    တစ်ကယ်တော့ မြန်မာ့ အနာဂတ်မျိုးဆက်သစ်အတွက် “ပြောင်းလဲချိန်တန်ပြီ” ။