News @ M-Media
Category: ဆောင်းပါး
  • ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုမှု မင်္ဂလာ သတင်းများ
    ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုမှု မင်္ဂလာ သတင်းများ
    စက်တင်ဘာ ၂၅ ၊ ၂၀၁၅
    တင်ဝင်း (ခေတ္တ-ဂျပန်) ရေးသည်။
    12032135_10205870710840374_3804666230962951060_n
    ဒီနှစ်ဆန်းပိုင်းက အမေရိကန်ပြည်ထောင်စုမှာ ဂျူးဘာသာဝင်များရဲ့ ဝတ်ပြုပွဲမှာ အစ္စလာမ် ဘာသာဝင်များက အတူတကွ ပါဝင် ဝတ်ပြုခဲ့ကြသလို အစ္စလာမ် ဘာသာဝင်တွေရဲ့ဝတ်ပြုပွဲမှာ ဂျူးဘာသာဝင်တွေက အတူတကွ ပါဝင် ဝတ်ပြုခဲ့ကြပါတယ်။
    ဂျူးဘာသာဝင်တွေရဲ့ နှစ်သစ်ကူးပွဲ Rosh Hashana မှာ အီရန် နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီ က ဂျူး ပြည်သူများ ထံ နှုတ်ခွန်းဆက် လွှာ ပေးပို့ခဲ့ပါတယ်။
    တနင်္လာနေ့ နံနက်စောစော အီရန် နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီရဲ့ တွီတာ အကောင့်မှာ “ကျွန်တော်တို့ သာသနာတွေ(ဂျူးနှင့် အစ္စလာမ်) ရဲ့ အတူတကွ ဆင်းသက်ပေါက်ဖွားလာခဲ့တဲ့ ပင်မ ဖြစ်တဲ့ အီဗရာဟီမီ ရင်းမြစ်က ကျွန်တော်တို့ကို ပိုမိုနက်နက်ရှိုင်းရှိုင်း အပြန်အလှန် လေးစားကြဖို့နှင့် အပြန်အလှန် နားလည်မှု တွေတိုးပွားလာပြီး ငြိမ်းချမ်းရေးကို ရယူနိုင်ဖို့ ဆောင်ကျဉ်းပေးပါစေ” လို့ရေးသားခဲ့ပါတယ်။ သင့်အပေါ် ကောင်းသောနှစ်သစ် ကျရောက်ပါစေလို့ အဓိပ္ပါယ်ရတဲ့ ဂျူးဘာသာစကာဒအရ L’shanah tovah tikatev v’taihatem ကို အတိုကောက်ခေါ်ဝေါ်တဲ့ L’Shanah Tovah လို့ ရေးသားထားပါတယ်။
    အီရန် နိုင်ငံရဲ့ အထွဋ်အထိပ် နိုင်ငံဦးသျှောင်လည်း ဖြစ်၊ ဘာသာရေး ခေါင်းဆောင် တဦးလည်း ဖြစ်သူက အခုလို အကြီးဆုံးရန်ဘက်လို့ အီရန်တွေက အမြဲ ယူဆလေ့ရှိတဲ့ ဂျူးတွေဆီကို နှစ်သစ်ကူး သဝဏ်လွှာ ပို့သခဲ့ခြင်းက မတူတဲ့ ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုရေး အတွက် နမိတ်ကောင်း တခုဖြစ်တာ သေချာပါတယ်။
    belluno-vatikan-karol-wojtyla-pope-john-paul-ii-kisses-the-koran-of-islam_johannes-8_32
    “Koran And Holy Bible Are The Same” His holiness Pope Francis At White House
    လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (၂၂/၉/၂၀၁၅) အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ မြက်ခင်းပြင်မှ တနာရီကြာ ပြောဆိုခဲ့တဲ့ သူရဲ့မိန်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ကျမ်းမြတ်ကုရ်အာန်နှင့် ကျမ်းမြတ်ကုရ်အာန်ပါ တရား ဒေသနာများ သမ္မာကျမ်းတော်နှင့် တန်းတူ ခိုင်မာ မှန်ကန်တဲ့ ကျမ်းဖြစ်တာကြောင့် သမ္မာကျမ်းတော်နှင့် တန်းတူ ရိုသေမြတ်နှိးကြရမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ယေရှုသခင်၊ (ဂျူးတို့၏) ဂျဟိုးဝါး ဘုရားသခင်နှင့် အလ္လာဟ် အရှင်မြတ်တို့ဟာ ကမ္ဘာအနှံ့ အမည်နာမ အမျိုးမျိုးနှင့် ခေါ်ဆိုနေကြပေမယ့် တဆူတည်းသော ဘုရားသခင်ကို ရည်ညွန်းတယ်ဆိုတာ ထင်ရှားပါတယ်။
    ကျွန်တော်တို့ရဲ့ တူညီတဲ့ ယုံကြည် ကိုးကိုယ်ရာကို ခွဲခြားပစ်ဖို့ ရာစု နှစ်ပေါင်းများစွာကြာအောင် မလိုအပ်ပဲ သွေးချောင်း စီးခဲ့ကြရပါတယ်။
    အမှန်မှာတော့ ဒီ တဆူတည်းသော ကိုးကွယ်ရာကို စည်းကပ် ကိုးကွယ်ခြင်းက ကျွန်ပ်တို့ကို လူထုကြီး အဖြစ်၊ အမျိုးသားတွေ နိုင်ငံတွေ အဖြစ် ကမ္ဘာ တဝှန်း ပေါင်းစည်း ပေးထားခြင်းပဲ ဖြစ်ပါတယ်။
    pope15
    သတ်မှတ် ခေါ်ဝေါ်တဲ့ အမည်နာမတွေ ဘယ်လိုပဲ ကွဲပြားနေပါစေ၊ ကျွန်တော်တို့ အားလုံးဟာ တဆူတည်း သော ဘုရားရှင်ရဲ့ သားသမီးများသာ ဖြစ်ကြပြီး၊ ကျွန်တော်တို့ကဟာ တဦးရဲ့ ယုံကြည်မှုကို တဦးက လေးစား အသိအမှတ်ပြုနိုင်တဲ့ အဖြစ်ကို ရောက်ပြီဆိုရင် ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ ရယူအောင်မြင် နိုင်ခဲ့ခြင်း မရှိဘူးသေးတဲ့ ငြိမ်းချမ်းတဲ့ ခေတ်ကာလကြီးကို ဆောင်ကျဉ်း နိုင်မှာ ဖြစ်ပါတယ်။
    ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုတွေကို တစုတစည်းထည်း ဖြစ်အောင် ပေါင်းစည်းခြင်းဖြင့် အံ့ဘွယ်သရဲ အောင်မြင်မှု တရပ်ကို ရယူရမယ့် အချိန်ဟာ အခု အချိန်ဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ ဒီဇင်ဘာလက ခရစ်ယာန်များရဲ့ အဓိက ဘာသာရေး ဗဟိုဌာန ဖြစ်တဲ့ ဗာတီကန် နန်းတော်ကြီးမှာ ရှည်လျားလှတဲ့ အစ္စလာမ် ဘာသာရေး ဝတ်ပြု ဆုတောင်းမှုကို ပြုလုပ်အပြီး၊ အစ္စလာမ် ဘာသာဝင်များက ပေးအပ်ခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ကို သက်တော် (၇၈)နှစ်ရှိပြီ ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နမ်းရှုပ်ခဲ့ပါတယ်။
    ဗာတိကန် နန်းတော်ကြီးက ပုပ်ရဟန်းမင်းကြီးက လာမည့် အောက်တိုဘာလ ကုန်လောက်မှာ အစ္စလာမ် ဘာသာဝင် အကြီးအကဲများနှင့် နောက်တချိန်တွေ့ဆုံပြီး အစ္စလာမ်သာသနာ အကြောင်း လူအများ ပိုမို သိရှိပြီး၊ ပိုမိုနားလည် လာအောင် ဘယ်ပုံဘယ်နည်း လုပ်ဆောင်ကြမှာလဲ ဆိုတာကို ပြောဆိုဆွေးနွေးကြဖို့ စီစဉ် ထားပါတယ်။
    ခရစ်ယာန် သာသနာရဲ့ အထွဋ်အထိပ် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အထက်ပါ အပြုအမူဟာ မတူတဲ့ ဘာသာ၊ သာသနာများ အကြား အပြန်အလှန် လေးစား အသိအမှတ်ပြုရေး အတွက် အလွန်အရေးပါတဲ့ ခြေလှမ်းသစ် တရပ် ဖြစ်တယ် ဆိုတာ ကတော့ အသေအချာပါပဲ။
    ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာ နိုင်ငံသား မွတ်စ်လင်မ်တွေက ကျွန်တော်တို့ နောင်တော်တွေနှင့် အပြန်အလှန် နားလည်မှုပြန်လည်ရရှိဖို့၊ အပြန်အလှန် ယုံကြည်မှု ပြန်လည်ရရှိဖို့ နှင့် ရှေးယခင်ကလို ပြန်လည်သင့်မြတ်ဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရှာဖွေကြပါစို့။
    တင်ဝင်း (ခေတ္တ-ဂျပန်)
    ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်။
    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် M-Media တွင် ဖော်ပြပါသည်။
  • မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ
    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ
    စက်တင်ဘာ-၁၂ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်-ညီညီလင်းဇော်
    Untitled
    **2012 မေလတွင် M-Media မှာ  တင်ခဲ့သော ဆောင်းပါး ကို ဆောင်းပါးရှင်မှ နိဒါန်းပြင်ဆင်ပြီး ပြန်တင်ခြင်းဖြစ်သည်။
    ၂၀၁၅ ရွေးကောက်ပွဲအတွက် မွတ်စလင်မ် အမတ်လောင်းတွေအားလုံးကို NLD က ပယ်ချလိုက်လို့ ဆိုပြီး မွတ်စလင်မ်တွေ တော်တော် စိတ်ဆိုးနေကြတယ်။
    ရွေးကောက်ပွဲမဲဆွယ်ကာလစလို့  NLD က ပြည်သူ့ ပါတီဆိုပြီး မင်းသားမင်းသမီးတွေရော၊ လူ့ အခွင့်အရေးလှုပ်ရှား သူတွေ ရော အုံလိုက်ကျင်းလိုက် မဲဆွယ်တာ တွေ့ ရတယ်။ မြန်မာမွတ်စလင်မ်တွေက NLD ကို ဘယ်လောက်ပဲ ၀ိုင်းရံခဲ့ ၀ိုင်းရံခဲ့၊ ကိုလိုနီခေတ်ကစလို့  ၁၉၈၈၊ ၂၀၀၇ အရေးတော်ပုံတွေမှာ ပြည်သူတွေဖက်က ဘယ်လောက်ပဲ ၀ိုင်းရံခဲ့ ၀ိုင်းရံခဲ့  ခုချိန်မှာ “ပြည်သူ့ ပါတီ” ဆိုတဲ့ ပါတီက မွတ်စလင်တွေကို လုံးဝဥသုံ လျစ်လျစ်ရှုခဲ့တဲ့ အတွက်  ခံပြင်းနေကြတယ်။
    တကယ်တော့ NLD ကို အပြစ်တင်ရမှာမဟုတ်ပါ။ ကျောအကြိမ်ကြိမ်ချ ခံရပြီးတာတောင် ဓားပြမှန်းမသိတဲ့ ကိုယ့်ကို ကိုယ်သာ အပြစ်တင်ရမှာပါ။ ဘယ်သူမပြု မိမိမှုပါ။ ဘာကြောင့်လဲ?
    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စ လင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။
    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်း လိုပေမယ့် Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့ အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကိုဆုံးဖြတ်ဖို့   အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။
    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ (၂၀၁၂ ခုနှစ် က တင်ဆက်ခဲ့သည့် မူရင်းဆောင်းပါး)
    ——————————————-
    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စလင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။
    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်းလိုပေမဲ့  Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကို ဆုံး ဖြတ်ဖို့  အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။
    ကိုယ်မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က နိုင်ငံရေးနဲ့  မကင်းပါဘူး။ မိသားစုတွေ ဆွေမျိုး ရင်းချာတွေက နိုင်ငံ ရေးနဲ့  ပတ်သက်ကြတယ်။ ဒါပေမဲ့ မွတ်စလင်မ်အဖွဲ့  အစည်းတွေရှိပါ လျက်၊ မြန်မာမွတ်စလင်မ်အများစုက ဆင်းရဲ ပြီး ပညာရေးနှိမ့်ပါးတဲ့ အလုပ်သမား လူတန်း စားဖြစ်နေလို့ သီးသန့်  ကြိုးစားစရာများ လိုအပ်ပါလျက်၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးသ မားတွေက အစ္စလာမ်ဘာသာဝင်တွေ ခံစားနေရတာတွေကို မသိ ကျိုးကျွံပြုနေပါလျက် မြန်မာ မွတ်စလင်မ်တွေဟာ မွတ်စလင်မ်အရေးထက် တတိုင်းပြည်လုံးရဲ့  အရေးဆိုပြီးတော့သာ ဦးစားပေးနေ ကြတာကို တွေ့ ရတယ်။ လက်တွေ့  လိုအပ်ချက်ကို ဘေးချပြီး မွတ်စလင်မ်တွေ သဘောထားကြီးတယ် ဆိုတဲ့ လက်တွေ့ အ ကျိုးသက်ရောက်မှုမရှိတဲ့ မျက်နှာကောင်း (Symbolic အဓိပ္ဗါယ်) ရဖို့  သဘောထားကြီးပြနေသလိုဖြစ်နေတယ်။
    ကိုလိုနီခေတ်ကတည်းက ခုထက်ထိ မြန်မာမွတ်စလင်မ်တွေ ဘာလုပ်ခဲ့လဲ ပြန်ကြည့်ပါ။ နိုင်ငံအတွက်၊ လွတ်လပ် ရေးအတွက်၊ ဒီမိုကရေစီအတွက် ဆိုပြီး ဘယ်တုန်းကမှ မွတ်စလင်မ်တွေအတွက် သီးသန့် မလုပ်ခဲ့ဘူး။
    မွတ်စလင်မ်အတွက်ချည်း ကွက်လုပ်ရင် တိုင်းပြည်အပေါ် သစ္စာမရှိရာရောက်မယ်၊ အမြင်ကျဉ်းရာကျမယ်၊ တ တိုင်းပြည်လုံးခံစားနေရခြင်းအတူတူ မွတ်စလင်မ်အရေးချည်း မလုပ်သင့်ဘူးလို့  ယူဆကြတယ်။ တချို့ ကလည်း မွတ်စလင်မ်အရေးလုပ်ရင် မြန်မာ့နိုင်ငံရေးမှာ မ၀င်ဆံ့မှာစိုးကြတယ်။ ဒါတွေကြောင့် Mainstream မြန်မာ့နိုင်ငံ ရေးထဲဝင်ပြီး ကိုယ့်အတွက်မပါတဲ့ NLD အနိုင်ရရှိရေး၊ တိုင်းရင်းသားအရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည် ရေး၊ ရွေ့ ပြောင်းအလုပ်သမားအရေး စတဲ့ အရေးပေါင်း သောင်းခြောက်ထောင်တွေကို အခမဲ့ ရှေ့ နေလိုက်ပေး ကြတယ်။
    စကားဖျက်ပြောချင်ပါတယ်။ မွတ်စလင်မ်တွေက မွတ်စလင်မ်ကိစ္စ ကွက်မလုပ်သင့်ဘူးဆိုရင် Mainstream နိုင်ငံ ရေးက မြန်မာတနိုင်ငံလုံးအတွက် လုပ်နေတာဟုတ်လို့ လား။ ဟုတ်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေ ဒီ လောက်တိုက် ခိုက်စော်ကားခံနေရတာ၊ ကံမ္မနဲ့ ဖားကန့် မှာ ပလီဖျက် ပစ္စည်းလုခံရတာကို အားလုံး ဘာကြောင့် နှုတ်ပိတ်နေခဲ့ တာလဲ။ ကံမ္မမှာ ပလီဖျက်ပြီး မြန်မာမွတ်စလင်မ်တွေရဲ့  အိမ်တွေဖျက်ဆီးလုယက်တော့ ဘယ်ရှေ့  နေ၊ ဘယ်တရားသူကြီး၊ ဘယ်နိုင်ငံသမား၊ ဘယ်လူ့ အခွင့်အရေးသမားက ၀င်ပြောပေးလဲ။ ကျနော်တို့  ဘယ်အ ဖွဲ့ မှာ ဘာပဲလုပ်လုပ် သူတို့  ပြောတဲ့ ဒီမိုကရေစီနဲ့  တရားဥပဒေစိုးမိုးရေးဆိုတဲ့ထဲမှာ ကျနော်တို့ အတွက် မပါဘူး ဆိုတာ သက်သေပဲ။
    သမိုင်းတလျှောက်မှာလည်း ဒီလိုပဲ။ မွတ်စလင်မ်တွေက မြန်မာ့လွတ်လပ်ရေးအတွက်ပဲ ဦးစားပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေ ဆင်းရဲတွင်းနက်လာ နေပြီး အမျိုးသားရေးဝါဒီများက ဘာသာရေး လူမျိုးရေး နှိပ်ကွပ်လာ နေသည့်တိုင် လွတ်လပ်ရေးအတွက်ဆိုပြီး နိုင်ငံရေးသမားတွေကို ထောက် ပံ့ပေးခဲ့တယ်။ ဆုတ်ယုတ်လာနေတဲ့ မွတ်စလင်မ်တို့ ရဲ့ ဘ၀ကို လျစ်လျူရှုခဲ့တယ်လို့  မစွပ်စွဲလိုပေမဲ့ မွတ်စလင်မ်တွေအတွက် ပေးရမဲ့အချိန်၊ အင် အားနဲ့  ကာယဥာဏတွေကို လွတ်လပ်ရေး အတွက်ဆိုပြီး နိုင်ငံရေးသမားတွေကိုပေးခဲ့တယ်။
    ဗိုလ်ချုပ်အောင်ဆန်း အားထားရတဲ့ ဆရာကြီး ဦးရာဇတ်တို့ ကိုကြည့်ပါ။ အင်္ဂလိပ်ကို ဆန့် ကျင်ဖို့  ဗမာဗုဒ္ဓဘာ သာ အမျိုးသားရေးစိတ်ဓာတ်ကို အစပျိုး အမြစ်တွယ်စေခဲ့တယ်။ ဒို့ ဗမာအစည်းအရုံးက ကပြားလို့ ဆိုတဲ့လူတွေ ကို ဗမာပြည်မှာမွေး ဗမာပြည်မှာကြီးလို့  ဗမာတွေဖြစ်တဲ့အတွက် သီး သန့် မနေပဲ ဗမာလို နေပြီး ဗမာ့လွတ်လပ် ရေးမှာ ပါဝင်ဖို့  တိုက်တွန်းခဲ့တယ်။ အယူအဆတူတဲ့ ဆရာကြီး မွတ်စလင်မ်တွေ တကွဲတပြား တိုင်းရင်းသား နာမည်များခံကြမဲ့အစား ဗမာလိုနေကြဆိုပြီး ဆရာကြီးက ဆုံးဖြတ်ပေးခဲ့တယ်။ ဗမာကို ယုံကြည်ခဲ့တယ်။
    အခုတော့ကြည့်ပါ။ ပသီ၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတွေဟာ မူလတိုင်းရင်းသားစာရင်းက လည်း ထုတ်ခံရ၊ ဗမာလို့ လည်း သတ် မှတ်မခံရ၊ ကုလားများအဖြစ်သာ နှိပ်ကွပ်တာ ခံနေရတော့တယ်။ အရင်တုန်းက အခြေအနေတွေအရ ဦးရာဇတ်မမှားခဲ့ပေမဲ့ အခုတော့ အစ္စလာမ်ဘာ သာကိုးကွယ်သူမှန်သမျှ ကုလား တွေတွေဆို ပြီး ဂျောင်ထိုးလိုက်ကြပြီ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုခြောက်ဆိုတဲ့ စကားပုံများလားလို့  စဉ်းစားကြည့်မိ တယ်။ ဦးရာဇတ်အပြင်ရှိပါသေးတယ်။
    အမျိုးသားနေ့ ဖြစ်လာတဲ့ ပထမကျောင်းသားသပိတ်ကို ကြည့်ကြည့်ပါ။ ကျောင်းသားခေါင်းဆောင် ၁၁ ယောက် ထဲက ၁ ယောက်က မွတ်စလင်မ် ကျောင်းသားခေါင်းဆောင် ကိုဘရှင်။
    ဗြိတိသျှ ဘုန်းတော်ဘွဲ့ “God Saves The King” ကို မဆိုဘို့ ပထမဆုံး အာခံခဲ့တာ ပထမဆုံး ရန်ကုန်တက္ကသိုလ် သမဂ္ဂ ဥက္ကဌ ကိုထွန်းစိန်။
    ခင်ဗျားလိုလူမျိုး တော်လှန်ရေးမှာ မရှိလို့ မဖြစ်ဘူးဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားထားရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌလည်းဖြစ် အင်္ဂလိပ်ကို အံတုပြီး အလုပ်သမားသမဂ္ဂကို ဦးဆောင်ထူထောင်ခဲ့တဲ့ ဦးရာ ရှစ်။
    ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံမှာ ဗမာမွတ်စလင်မ်တွေ လူနည်းစုယူမလား လူများစုယူမလားဆိုပြီး ဒီးဒုတ် ဦးဘချိုကိုယ်တိုင် ကြိုက်တဲ့အခွင့် ရေးရွေးချယ်ခွင့် ပေးခဲ့တာတောင် တိုင်းပြည်လွတ်လပ်ရေး အရေးကြီး နေချိန် တစည်းတလုံးထဲဖြစ်အောင် သီးသန့် ခွဲမနေဘူးဆိုတဲ့ မြန်မာမွတ်စ လင်မ်တွေ။
    ဒီနေ့ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာစေဖို့ အသက်သွေးကြောဖြစ်တဲ့ ပင်လုံ ဆိုတဲ့ ညီလာခံကြီး ဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တောင်တန်းနဲ့ ပြည်ပ ပူးပေါင်းရေးအဆိုကို စပြီးတင်သွင်းခဲ့ ဗ.မ.က (ဗမာမွတ်စလင်မ်ကွန် ဂရက်)။
    ပင်လုံညီလာခံ ပျက်တော့မဲ့ဆဲဆဲမှာ ညီလာခံမဖြစ်ဖြစ်အောင် ကြိုစားကယ်တင်ခဲ့တဲ့ သံအမတ်ဟောင်း မွတ်စ လင်မ် ဦးဖေခင်။
    ဒါပေမယ့် ဘုရားပြီးတော့ ငြမ်းဖျက်ဆိုတဲ့ထုံးစံအတိုင်း လွတ်လပ်ရေးရပြီးတော့ ဘာသာရေးနဲ့ နိုင်ငံရေးမရောရ ဘူးဆိုပြီး ဗ.မ.က ကို ဖိအားပေးပြီး ဖျက်ခိုင်းခဲ့တယ်။ သမိုင်းဖျောက်တာများ ၂၀၁၀ က ၀င်းတင့်ထွန်းပြုစုတဲ့ ဗမာပြည်နိုင်ငံရေး အသင်းအပင်းများ အညွန်းဆိုတဲ့စာအုပ်မှာ ဖဆပလရဲ့ လက်ရုံးတဆူဖြစ်ခဲ့တဲ့ ဗမာမွတ်စလင်မ် ကွန်ဂရက်ကို လုံးဝဥသုန် ပေါ်တင်ချန်ခဲ့တယ်။ နောက်ပိုင်းမှာလည်း မွတ်စလင်မ်နိုင်ငံရေးသမားတွေရှိပါသေး တယ်။
    ဒီမိုကရေစီတိုက်ပွဲမှာ အသက်သေခံသွားခဲ့တဲ့ NLD ရဲ့ ဇာတ်ဆရာလိုတင်စားခေါ်ခံခဲ့ရတဲ့ မောင်သော်က(ခ) ဗိုလ်မှူးဘသော်။
    ဘဝအပျက်ခံ ထောင်ဒဏ် ဆယ်စုနှစ်နဲ့ ချီပြီးကျခံပြီး မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုခဲ့တဲ့ ကိုအောင်ထွန်း။
    ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး။
    ဒီလူတွေ ပေးဆပ်ခဲ့သလောက် ဒီနေ့မှာတော့  သောက်ကုလား၊ နိုင်ငံခြားသားတွေဆိုပြီး ကျော်မကောင်း ကြားမကောင်းစကားလုံးတွေနဲ့ ဆဲတာပဲ ခံကြရပြီ။
    နိုင်ငံရေးနယ်ပယ်ရယ်မှ မဟုတ်ပါဘူး။ သတင်းမီဒီယာနယ်ပယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။  ပြည် တွင်းပြည်ပ သတင်းဌာနတွေမှာ မွတ်စလင်မ်သတင်းထောက်တွေရှိတယ်။ မွတ်စလင်မ်သတင်းဌာနထောင်ပြီး ကိုယ်တိုင်မလုပ်ပဲ Mainstream မီဒီယာတွေမှာ လုံးဝနီးပါး အချိန်ပေးနေကြတယ်။ ကိုယ့်ရွေးချယ်မှုဖြစ်တဲ့ အတွက် အပြစ်မတင်ပါ။
    နိုင်ငံတော်ကောင်းစားရေးမျှော်ကိုးပြီး အဲ့ဒီနိုင်ငံရေးအဖွဲ့ တွေ၊ ပါတီတွေ၊  မီဒီယာတွေမှာ အခြေချလိုက်ခြင်း ဖြင့်  မြန်မာမွတ်စလင်မ်တွေ ဘာဆုံးရှုံးလဲ?
    အဆဲခံ အခွဲခြားခံ အနှိပ်ကွပ်ခံအပြင် အချက် ၂ ချက် ကို ထောက်ပြပါမယ်။ အရည်အချင်းတူသည့်တိုင် (သို့ ) သာနေသည့်တိုင် အဲ့ဒီ Mainstream ထဲကလူတွေ ခွဲခြားမှုကို ကျော်လွန်ပြီး သင့်တော်တဲ့နေရာရောက်အောင် မနည်း ကြိုးစားနေရ လို့  နိုင်ငံရေးထက် အတိုက်အခိုက် အခွဲအခြားမှုအတွက် ရင်ဆိုင် အချိန်ပေးရတယ်။ အ ရည်အချင်းရှိသည့်တိုင် ခွဲခြားမှုတွေကို ရင်ဆိုင်ကျော်လွားနေရလို့ နေရာလည်းမရ၊ တဖက်မှာ မွတ်စလင်မ် အတွက်လုပ်ပေးနိုင်တဲ့ အချိန်နဲ့ အင်အားတွေလည်း အလဟသဖြစ်ကုန်တယ်။
    ခွဲခြားမှုမရှိဘူးလို့ မပြောပါနဲ့ ။ အဖွဲ့ အစည်းကြီးတခုဆီက မွတ်စလင်မ်ဖြစ်လို့  အတွင်းရေးမှုးပေးလုပ်လို့ မရဘူး ဆိုတဲ့ သက်သေ အခိုင်အမာရှိတယ်။ ABSDF ကျောင်းသားဟောင်းတွေ၊ ဗကသ ကျောင်းသားဟောင်းတွေ နဲ့  NLD သမားတွေ အွန်လိုင်းမှာ ပေါ်တင် ဆဲနေတာတော့ ထည့်ပြောစရာတောင် လိုမယ်မထင်ဘူး။
    နောက်တချက် – ကိုယ်က အဲ့ဒီ Mainstream အဖွဲ့ တွေ မီဒီယာတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး  အိပ်ကပ်စိုက်လုပ်ထားပေမဲ့ မွတ်စလင်မ်တွေ ခံရတဲ့အချိန် အဲ့ဒီအဖွဲ့ အစည်းတွေက အသိကျိုးကျွံပြုတာပဲခံရတယ်။ (ဘာအနစ်နာခံခဲ့လို့ လဲဆိုတာ မေးရင် အနစ်နာခံခဲ့တဲ့ ဦးလေးမိသားစုအကြောင်းပြောပြပါမယ်။)
    88 မှာ မွတ်စလင်မ်တွေ အများနည်းတူပါဝင်ခဲ့တယ်။ ၂၀၀၇ မှာ သံဃာတော်တွေကို ၀ိုင်းရံခဲ့တယ်။ ၈၈ တည်းက ခုထိ NLD နဲ့  အတိုက်အခံတွေဖက် ရပ်တည်ခဲ့တယ်။ သတင်းသမားတွေလည်း တောကြိုတောင်ကြားသွားပြီး သတင်းယူပေးခဲ့တယ်။ မြစ်ဆုံတုန်းကလည်း မြစ်ဆုံ အများနည်းတူ ပါဝင်ခဲ့တယ်။ အခုတော့ဘာရလဲ။? ဖားကန့် နဲ့  ကံမ္မမှာ ပလီတွေ ဖျက်ဆီးတော့ ဘယ်သူဘာကူပြောပေးလဲ။? အန်အန်လ်ဒီကိုထောက်ခံတဲ့ မိန်းခလေးငယ်တွေကို မဖွယ်မရာဆဲလို့  သွားပြောတာတောင် အလေးမထားဘူး။
    မီဒီယာသမားတယောက်က ကိုယ့်ကိစ္စ ၀င်မပြောပေးလို့  စိတ်ဆိုးတာလားလို့  ရိပြောပြောတယ်။ တာဝန်ယူမှု နည်းပါးပုံများ မှတ်သားလောက်ပါတယ်။ မွတ်စလင်မ်တွေက ကိုယ်တိုင်ပြောဖို့  အင်အားမရှိလို့  အင်အားရှိတဲ့ နိုင်ငံရေးပါတီတွေ အုပ်စုတွေ သတင်း ဌာနတွေ ကို အကူအညီတောင်းတာ အဲ့ဒီလို ပေါ့ပျက်ပျက် ပြန်ဖြေတာ စဉ်းစားကြည့်ပါ။
    ကိုယ်က အင်အားဘာကြောင့် မရှိ တာလဲ။ အင်အားမရှိရတဲ့အကြောင်းရင်းက အရည်အချင်းရှိတဲ့ မွတ်စလင်မ် တွေက စုပေါင်းပြီး ကိုယ့်အင်အား ကိုယ်ထောင်ရ မဲ့အစား Mainstream မှာပဲ ကြားကပ်ခံရမယ်ဆိုတာ သိလျက် နဲ့  ခုထက်ထိ ၀င်ရော နေသေးလို့ လို့ ပဲယူဆတယ်။ အရည်အချင်းရှိပေမဲ့ နေရာတိုင်းမှာ ဆိုဒ်လိုင်းလုပ်ခံ လာရ လို့  တဖြည်းဖြည်းနဲ့  အားနည်းလာတာ အင်အားရှိ နိုင်ငံရေးပါတီ မပြောနဲ့ သြဇာညောင်း နိုင်ငံရေးသမားတွေ ကို ချည်းကပ်နိုင်တဲ့ မွတ်စလင်မ်တွေတောင် ဘယ်နား သွားရှာရမှန်းမသိဘူး။ ကိုယ့်ကို တိုက်ခိုက်နေလို့  တိုက်ခိုက် နေပါတယ်လို့  ဖွင့်ပြောဖို့  သတင်း ဌာနလည်းမရှိပြန်။
    စုဆောင်းထားတဲ့ ငွေကြေးတွေလည်း သူများအသိအမှတ်ပြုအောင်ဆိုပြီး NLD ကို လှူလိုက်၊ ဟိုအဖွဲ့ လှူလိုက် ဒီ အဖွဲ့ လှူလိုက် မြန်မာမွတ်စလင်မ်အဖွဲ့  အတွက်ကျတော့ ထောက်ပံ့မှုမပေးနိုင်ဘူး။
    မွတ်စလင်မ်တွေက ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ရဲ့  အချိန်၊ ကာယ၊ ဥာဏ ငွေကြေး စတာတွေကို Mainstream မှာပဲ ပုံအောလိုက်ကြတယ်။ အဲ့ဒီ Mainstream တွေ အနိုင်ရပြီး တိုင်းပြည်ကောင်းစားရင် ငါတို့ အ တွက်လည်း ပါမယ်ဆိုပြီး အယူမှား အမှတ်မှားပြီး Mainstream တွေမှာပဲ ၀င်အားဖြည့် ကြတယ်။ အနစ်နာခံကြ တယ်။ ပေးဆပ်ကြတယ်။ မွတ်စလင်မ်အဖွဲ့ ထောင်ဖို့ ၊ အင်အားရှိတဲ့ မွတ်စလင်မ်အဖွဲ့  မီဒီယာအဖွဲ့  ဖွံ့ ဖြိုးရေး အဖွဲ့ တွေ ဖြစ်လာဖို့  အလေးမစိုက်မိတော့ဘူး။
    အခုလို မွတ်စလင်မ်တွေကို တိုက်ခိုက်လာတော့ ဘယ်မှာလဲ ကိုယ့်အဖွဲ့ အစည်း၊ ဘယ်မှာလည်း ကိုယ့်မီဒီယာ၊ ဘယ်မှာလည်း ကိုယ့်ခေါင်းဆောင်။ တခုမှ မရှိဘူး။ ကိုယ်တွေ ပါဝင်ပုံအောခဲ့တဲ့ ဒီမိုကရေအဖွဲ့ တွေ၊ လူ့ အခွင့်အ ရေးအဖွဲ့ အစည်းတွေလည်း အရေးကြုံလာရင် ကိုယ့်ကို ဂရုမစိုက်ဘူး။ ကိုယ့်ဖက်မှာ ကိုယ့်မိခင် အဖွဲ့ အစည်းတွေတောင်မရှိဘူး။ ဖွတ်မရ ဓားမဆုံး အစစ်ပဲ။
    ဒါကြောင့် အရင်က မွတ်စလင်မ်နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေရဲ့  သင်ခန်းစာယူပြီး အနာဂတ် မြန်မာမွတ် စလင်မ်တွေ အရင်ခေါင်းဆောင်တွေလို ပေးဆပ်တုန်းကပေးဆပ်ပြီး နောက်ဆုံးမှာ တော့ ကုလားလို့ ပဲ အဆဲခံ၊ အဖိခံရတဲ့ အဖြစ်ဆက်ခံအုံးမလားဆိုတာ စဉ်းစားဖို့ တိုက်တွန်းပါတယ်။ အနာဂတ် မှာ ဖွတ်မရချင်နေပါစေ၊ ဓားမ ထပ်ဆုံးလို့ တော့ မဖြစ်ဘူး။
    မှတ်ချက် – ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။
    ဆက်စပ်ဆောင်းပါးဖတ်ရန်
    ——————————-
    ဆရာ ဝင်းတင့်ထွန်းသို့ အိတ်ဖွင့်ပေးစာ
    http://www.m-mediagroup.com/news/2515
  • ၀န်ကြီး ဦးသိန်းညွန့် မွေးဖွားစဉ် မိဘများ တရုတ်နိုင်ငံသား ဖြစ်နေမှု ရွေးကောက်ပွဲကော်မရှင်  လျစ်လျူရှု
    စက်တင်ဘာ ၉ ၊ ၂၀၁၅
    M-Media
    minister-for-the-president-office-u-thein-nyunt
    သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် နှင့် တရုတ်သံအမတ် ဟုံလျန်တို့ သြဂုတ်လအတွင်းတွေ့ဆုံစဉ် (ဓာတ်ပုံ – တရုတ်သံရုံး)
    သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်၏ နောက်ခံကိုယ်ရေးရာဇ၀င်အား စေ့စပ်စွာ မလေ့လာ မသိရှိခဲ့ကြကြောင်း၊  ယခုအခါတွင် သူ၏ကိုယ်စားလှယ်လောင်းဝင်ခွင့် ပယ်ချရန် အခါနှောင်းသွားပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ၀န်ခံပြောကြားလိုက်သည်။
    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် အမတ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် နှင့်ပတ်သက်၍ မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်းတို့ အပါအ၀င် ဒါဇင်နှင့်ချီသော အတိုက်အခံများ၊ လူနည်းစု ပါတီများ၏ ရွေးကောက်ပွဲမျှော်လင့်ချက်များကို နိုင်ငံသားဖြစ်မှု စံနှုန်းက ထိုးနှက်ခဲ့သည်။
    မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်း ဦးသိန်းညွန့်၏ မိဘနှစ်ပါးမှာ သူမွေးဖွားစဉ်က တရုတ်နိုင်ငံသားဖြစ်နေဆဲဟူသည့် အချက်အပေါ် သြဂုတ်လ ၂၈ ရက်နေ့တွင် တိုင်ကြား အသိပေးချက် တစ်ရပ် ၀င်ရောက်လာခဲ့သည်။
    သို့သော် ၂၀၁၀ ရွေးကောက်ပွဲတင်မြှောက်ခံရသော တပ်မတော် အရာရှိဟောင်းဖြစ်ပြီး နေပြည်တော်မြို့တော်ဝန်လည်းဖြစ်နေသည့် အတွက် စိစစ်ခံ လုပ်ငန်းစဉ်ကို အဟန့်အတား မရှိ ကျော်ဖြတ်နိုင်ခဲ့သည်။
    “ခရိုင်ရွေးကောက်ပွဲကော်မရှင်က သူ့ကို ထဲထဲဝင်ဝင် မစိစစ်ဘဲ ခွင့်ပြုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ USDP ကိုယ်စားလှယ်လောင်းဖြစ်နေတာကြောင့်ပါပဲ” ဟု မအူပင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု  ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းမှ ပြောကြားသည်။
    ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် USDP ၏ ပြိုင်ဖက်များကိုလည်းကောင်း၊ အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စု မနှစ်မြို့သည့် ကိုယ်စားလှယ်လောင်းများကို လည်းကောင်း နိုင်ငံသား ဥပဒေတို့ဖြင့် ပယ်ချထိုးလှဲလျက် ရှိသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
    အချို့ပါတီများမှာ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ဆုံးရှုံး နစ်နာရသော်လည်း USDP မှာမူ စိစစ်ခြင်း ကာလကို ရှောရှောရှူရှူပင် ကျော်ဖြတ်နေကြ၏။
    ကိုယ်စားလှယ်လောင်းများ မွေးဖွားချိန်တွင် သူတို့၏ မိဘများသည် နိုင်ငံသားဖြစ် မနေပါက ၎င်းတို့မှာ အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် တရားမ၀င်ပါ။
    ဦးသိန်းညွှန့်သည် နိုင်ငံခြားသား မိသားစုမှဆင်းသက် လာကြောင်း တင်ပြထားချက်မှာ တိကျမှန်ကန်မှု ရှိပြီး၊ သူ့မိဘအမည်များမှာ ဦးအုံဝှက်နှင့် ဒေါ်ဂျင်းယင် ဖြစ်ကြောင်းကို “သူတို့က (ပြည်ပက ၀င်လာတဲ့) တရုတ် လူမျိုးတွေဖြစ်ပါတယ်” ဟု မအူပင်မြို့ခံ ကိုသန့်ဇင်က ဆိုသည်။
    အသိပေးတိုင်ကြားစာသည် စိစစ်ရေး ကာလကျော်လွန်ပြီးမှ ရောက်ရှိလာသည့်အတွက် ဦးသိန်းညွှန့်၏ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပြန်လည်သုံးသပ်မည် မဟုတ်ဟု မအူပင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မြင့်က The Myanmar Times  သို့ ပြောကြားသည်။
    “ဦးသိန်းညွန့်ကို အတည်ပြု လက်ခံထားပြီးဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများက သူ့ကို လက်ခံထားကြောင်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် တိုင်ကြား အသိပေးချက်တွေကို ကျွန်တော်တို့ မှတ်တမ်းတင်ထားပါ့မယ်”။
    တိုင်းခရိုင်ကော်မရှင်ရုံးမှ မအူပင်မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို သြဂုတ်လ ၁၈ ရက်နေ့က စစ်ဆေးခဲ့သည်။ စိစစ်ရေးကော်မတီ၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၀ ဦး၊ လ၀ကဋ္ဌာန အရာရှိ ၄ ဦးနှင့် ရပ်မိရပ်ဖ ၆ ဦး ပါဝင်ကြသည်။
    မအူပင် လ၀က ဒုဦးစီးမှူး ဦးကျော်ဝင်းက စိစစ်ရေး လုပ်ငန်းစဉ်အတွင်း ဦးသိန်းညွန့်၏ ကိုယ်ရေးရာဇ၀င်ကို သဘောမျှသာ ကြည့်ရှုခဲ့ကြကြောင်း ၀န်ခံပြောကြားသည်။ သို့သော် ဦးသိန်းညွှန့် မွေးဖွားချိန် နိုင်ငံသားဖြစ်နေခြင်း ရှိ မရှိကိုမူ အတည်ပြုဖြေကြားရန် ငြင်းဆိုခဲ့သည်။
    “သူ့ရဲ့စာရွက်စာတမ်းတွေကို အဖြစ်သဘော ကြည့်ရှုယုံလောက်ပါပဲ။ (တရားဝင်မ၀င် အထိ) စိစစ်စုံစမ်းခဲ့တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခွင့်ပြုချက်မဲ့ ထုတ်ပြန်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး”။
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ရွေးကောက်ပွဲ ၀င်ရောက်ခွင့်ရရှိသူသည် နောင်တစ်ချိန်တွင် တရားမ၀င်ကြောင်း တွေ့ရှိခဲ့သော် ပယ်ချခံရပြီး ပြစ်မှုကြောင်းဖြင့် အရေးယူခံရမည်ဟု ဆိုထား၏။
    အကယ်၍ သတ်မှတ် အရည်အသွေး မပြည့်မီဘဲ အမတ်လောင်း အဖြစ် တမင် ခွင့်ပြုခဲ့သည်ကို ခရိုင်အာဏာပိုင်များက တွေ့ရှိရ ပါလျှင် ပြည်ထေင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ တရားဝင် အရေးယူခံရမည် ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။
    သို့သော် မအူပင်မြို့နယ် လ၀ကရုံးသည် အထက်အမိန့်အရ သူ့အား လက်ခံအတည်ပြုရန် အတွက် သူ၏ကိုယ်ရေးရာဇ၀င်ကို အသေးစိပ်ကြည့်ရှုလေ့လာဖို့ ငြင်းဆိုခဲ့သည်ဟု လျှောက်ထားတိုင်တန်းခဲ့သူ NLD ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။
    ယမန်နေ့အထိ ဤကိစ္စအပေါ် တစ်စုံတစ်ရာမှတ်ချက်ပေးရန် နေပြည်တော်မြို့တော်ဝန်ရုံးမှ တုန့်ပြန်ခြင်း မရှိပေ။
    သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ဦးသိန်းညွန့်၏ ပုဂ္ဂလနောက်ခံ အကြောင်းများ၊ ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်များနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုပဲ ခင်ဗျားတို့ သွားမေးသင့်ပါတယ်”။
    မည်သို့ပင်ဆိုစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးတင်အေးက ရုံးချုပ်အနေဖြင့် ကော်မရှင်အဖွဲ့ခွဲများ၏ ကိုယ်စားလှယ်စိစစ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တို့၌ ၀င်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း အဆုံးသတ်ပြောကြားလိုက်သည်။
    Ref : MMTimes မှ အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။
  • ခွဲခြားဆက်ဆံမှုကို ဂုဏ်ယူကြသည့် မြန်မာနိုင်ငံမှ သဘောထား တင်းမာတဲ့ ဘုန်းကြီးများ
    ခွဲခြားဆက်ဆံမှုကို ဂုဏ်ယူကြသည့် မြန်မာနိုင်ငံမှ သဘောထား တင်းမာတဲ့ ဘုန်းကြီးများ
    စက်တင်ဘာ ၉ ၊ ၂၀၁၅
    M-Media
    wirathu
    – မြန်မာနိုင်ငံ၏ မကောင်းသတင်းဖြင့် အကျော်ကြားဆုံးဖြစ်သော ဘုန်းကြီးက နိုင်ငံအတွင်းရှိ မွတ်စလင်များအား နှိပ်ကွပ်ရန် ကြံ့ကြံ့ခံခဲ့ရသည့် အိပ်ပျက်ညများ အကြောင်းကို အပြုံးတစ်ပိုင်းဖြင့် ကိုယ်ရည်သွေး ပြောလေ့ရှိသည်။ သူပြောခဲ့သည်များထဲမှ တစ်ခုက ၎င်းမှာ ဘာသာရေးလူနည်းစုမှ သိန်းနှင့်ချီသောသူများကို မဲပေးခွင့်မရအောင် လုပ်ဆောင်ခဲ့သည် ဟူ၏။
    ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် ဘာသာရေး တင်းမာမှုများကို လှုံ့ဆော်မီးထိုးပေးခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီး ၀ီရသူက ၎င်းမှာ တိတ်ဆိတ်ငြိမ်သက်သော မန္တလေးရှိ ၎င်း၏ ဘုန်းကြီးကျောင်း၌ ညအများစုကို ကွန်ပြူတာ စခရွင်ရှေ့ထိုင်ကာ ကမ္ဘာ့အကြမ်းတမ်းဆုံး အစ္စလာမ့်မစ် အကြမ်းဖက်အဖွဲ့ အချို့မှ ဓာတ်ပုံများကို ရှာဖွေစုဆောင်းရင်းဖြင့် ကုန်ဆုံးသည်ဟု ဆိုသည်။
    ထို့နောက် ပရိတ်သတ် ၉၁၀၀၀ ရှိသည့် သူ၏ Facebook စာမျက်နှာတွင် စာများရေးကာ လွှင့်တင်ပြီး ဗုဒ္ဓဘာသာမှာ ခြိမ်းခြောက်ခံနေရသည် ဟူသော အယူအဆကို ဆွပေးလေသည်။ “ရက်တော်တော်များများ ဦးဇင်း မအိပ်ပါဘူး” ဟု သူက AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး မိမိ၏အလုပ်မှာ အလွန်ခက်ခဲသောကြောင့် သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ ကဲ့သို့ မိသားစုနှင့် ညစာစားခြင်း၊ အမြင်ကောင်းအောင် လုပ်ပြခြင်းတို့ အတွက် အချိန် မရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    နိုင်ငံလူဦးရေ ၅၁ သန်းအတွင်း အနည်းဆုံး ၅ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံမှ မွတ်စလင်များမှာ ပြည်သူ့ရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်သော ရှည်လျားသည့် သမိုင်းကြောင်း ရှိခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်က အာဏာရှင်နေရာကို အစားထိုး ၀င်ရောက်လာသည့် လက်ရှိ အရပ်သား တပိုင်း အစိုးရလက်အောက်တွင် ၎င်းတို့မှာ ဘေးဖယ်ထုတ်မှုကို ပိုမိုခံစားနေရသည်။
    မကြာသေးမီနှစ်များကပင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှု အဖြစ်အပျက်များကို တွေ့မြင်ခဲ့ရပြီး အမုန်းစကားများ ပြန့်နှံ့ခြင်းက နိုင်ငံ၏ သမိုင်းမှတ်တိုင်ဖြစ်သော နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနီးလာချိန်တွင် ပြဿနာများ ထပ်မံဖြစ်ပွားလာနိုင်သည်ဆိုသော ကြောက်ရွံ့မှုများလည်း ရှိလာခဲ့သည်။
    စကားလုံးများ၏ နောက်ကွယ်ရှိသည့် အမနာပ အမုန်းစကားက ပျော့ပြောင်းသည့် ၎င်း၏ အသံနှင့် တစ်ခြားစီဖြစ်နေသည့် ၀ီရသူမှာ မြန်မာနိုင်ငံ၏ အဓိကနိုင်ငံရေးလမ်းကြောင်းတွင် တင်းမာသည့် သဘောထားကို သွတ်သွင်းပေးသော ဘုန်းကြီများအဖွဲ့မှ လူသိများသည့် ဘုန်းကြီးတစ်ပါး ဖြစ်လေသည်။
    အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေကို လွှတ်တော်မှတစ်ဆင့် ပြဌာန်းရန် အစိုးရအား ဖိအားပေးခြင်းနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်မှ သိန်းနှင့်ချီသော ရိုဟင်ဂျာ မွတ်စလင်များ၏ မဲပေးခွင့်ကို ရုပ်သိမ်းရန် ကူညီပေးခဲ့ခြင်းအတွက် ၀ီရသူက အောင်ပွဲရသည်ဟု ကျွေးကြော်ခဲ့သည်။ ထိုဥပဒေမှာ အမျိုးသမီးများနှင့် ဘာသာရေး လူနည်းစုများကို ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
    ပြီးခဲ့သည့်မတ်လက မြန်မာအစိုးရမှာ ယာယီသက်သေခံကဒ်ပြားများအာ ရုပ်သိမ်းခဲ့ပြီး ထိုဆောင်ရွက်မှုက ပြည့်ဝသည့်နိုင်ငံသား မဖြစ်သောသူများ မဲပေးခွင့်ကို လွှတ်တော်က ရုပ်သိမ်းပြီးနောက် မဲပေးခွင့် ဆုံးရှုံးခဲ့သည့် ရိုဟင်ဂျာထောင်ပေါင် များစွာကို ထိခိုက်ခဲ့သည်။
    ဒီမိုကရေစီတိုးတက်မှုအတွက် အရေးပါသည့် စမ်းသပ်မှုအဖြစ် ရှုမြင်ကြသည့် ရွေးကောက်ပွဲအတွက် မွတ်စလင်အမတ်လောင်းများကို ပယ်ချခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ NLD ပါတီနှင့် အာဏာရပါတီနှစ်ခုစလုံးမှာ သဘောထားတင်းမာသူများကို အညံ့ခံခဲ့ရသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။
    မကောင်းသည့် ရှေ့ပြေးနမိတ်
    ————————————
    NLD ၏ အကြီးတန်းမွတ်စလင်အဖွဲ့ဝင်တစ်ဦးက ၂၅ နှစ်ကြာ တိုက်ပွဲဝင်ခဲ့ပြီး ပထမဆုံးဖြစ်သည့် လာမည့်ရွေးကောက်ပွဲ အတွက် အမတ်လောင်း ၁၀၀၀ ကျော်တွင် မွတ်စလင် တစ်ဦးမှမပါဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဘုန်းကြီးများကို ကြောက်ရသည်ဟု အမည် မဖော်လိုသည့် ၎င်းက ပြောကြားခဲ့သည်။
    “လူတွေကတော့ ဒါဟာ ဘာသာရေး ခွဲခြားဆက်ဆံမှုလို့ မြင်ကြပါတယ်။ မွတ်စလင်တော်တော်များက သူတို့ဟာ မဲပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ထိုအတွက် စိတ်ပျက်မှုကို မန္တလေးမှ လူစည်ကားသည့် သမိုင်းဝင် ဂျွန်းဗလီတွင် အထင်အရှားတွေ့ရလေသည်။ ထိုဗလီဝတ်ကျောင်းတော်မှ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးခင်မောင်ဝင်းက ဒေသခံမွတ်စလင်များမှာ NLD ကို ယခင်ကတည်းကပင် ထောက်ခံခဲ့ကြသည်ဟု ဆိုသည်။
    “ဒါမျိုးက မွတ်စလင်တွေကိုလုံးဝ လက်မခံဘူးဆိုတဲ့ပုံပါပဲ။ စစ်မှန်တဲ့ဒီမိုကရေစီမှာ ကျွန်တော်တို့ဟာ ရွေးချယ်ခံပိုင်ခွင့် ရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။ သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာဝင်များက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မွတ်စလင်များကို စာနာထောက်ခံသူအဖြစ် ဖော်ပြကြသည်။ ဒါက ရွေးကောက်ပွဲတွင် ပျော့ကွက်ဖြစ်မည့် အလားအလာလည်း ဖြစ်သည်။
    မြန်မာနိုင်ငံအတွက် အကောင်းဘက်သို့ ပြောင်းခြင်းမှာ အလွန်အမင်း စိုးရိမ်စရာဖြစ်နေသည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးတတ်သိပညာရှင်များအဖွဲ့ Tampadipa Institute မှ လေ့လာဆန်းစစ်သူ ခင်ဇော်က ဆိုသည်။
    “နိုင်ငံရဲ့ မွတ်စလင်တွေအတွက် ဒါက တော်တော်လေး မကောင်းတဲ့ ရှေ့ပြေးနမိတ်ပါပဲ”
    ဘာသာမတူသူများ လက်ထပ်မှု၊ မိသားစုအရေအတွက်နှင့် ဘာသာကူးပြောင်းမှုတို့ကို တားဆီးကန့်သတ်မှုများ ပါဝင်သော ဥပဒေမူကြမ်းလေးခုကို ဥပဒေအဖြစ် ပြဌာန်းမှု အောင်ပွဲအနေဖြင့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်အတွက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများက ဆောင်ရွက်နေကြသည်ဟု သင်္ကန်းရုံထားသည့် ၀ီရသူက ဆိုသည်။ ထိုဥပဒေများအား ထောက်ခံရန် တွန့်ဆုတ်ခဲ့သော NLD အား “အလိုမရှိ” တံဆိပ်ကပ်ခဲ့ကာ ထို ဥပဒေများကို ပြောင်းလဲရန် မည်သည့်ကြိုးပမ်းမှုကို မဆို ၀ီရသူက သတိပေးခဲ့သည်။
    “ဒီဥပဒေကို ပြင်ဆင်တဲ့ ဘယ်အစိုးရမဆို ဖြုတ်ချခံရမှာပဲ” ဟု သူက ဟောကိန်းထုတ်သည်။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ယန်ဟီးလီကို “-ာသည်မ” ဟု ခေါ်ဝေါ်ခဲ့မှုအတွက် နိုင်ငံတကာတွင် မကောင်းသတင်းဖြင့် ကျော်ဇောခဲ့သည့် ၀ီရသူက မွတ်စလင်အမတ်များ မရှိမှုကိုလည်း ကြိုဆိုခဲ့သည်။ “ဦးဇင်းတို့က လွှတ်တော်မှာ ဘယ်နိုင်ငံခြားသားကိုမှ မလိုချင်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။
    လွတ်လပ်၍၊ မျှတမည်မဟုတ်
    ———————————–
    လက်ရှိလွှတ်တော်အမတ် ဦးရွှေမောင်က ထိုလှုပ်ရှားမှု၏ ဓားစာခံ ဖြစ်ခဲ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရိုဟင်ဂျာအမတ်ဖြစ်သူ ၎င်းမှာ နိုဝင်ဘာရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ မကြာသေးမီကပင် ပယ်ချခံထားရသူ ဖြစ်သည်။
    လက်ရှိတွင် လွှတ်တော်အမတ် ဖြစ်နေပြီး ဖခင်ဖြစ်က အကြီးတန်းရဲအရာရှိဖြစ်သည်ဆိုသည့် ခိုင်မာသော အချက်အလက်များ ရှိနေသော်လည်း မိဘများမှာ နိုင်ငံသားမဖြစ်ဟုဆိုကာ ရွေးကောက်ပွဲ တာဝန်ရှိသူများက ဦးရွှေမောင်အား ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမမှီဟု သတ်မှတ်ခဲ့သည်။
    “ကျွန်တော်တို့က ဘယ်နှစ်ကြိမ်လောက် အတည်ပြုဖို့လိုမှာလဲ။ အခု ၂၁ ရာစုအလယ် – ၂၀၁၅ ရောက်နေပြီး ကျွန်တော်တို့ဟာ  မြန်မာနိုင်ငံမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို အသွင်းကူးပြောင်းနေတာပါ။ တကယ်လို့ ဒါမျိုးတွေဖြစ်လာရင်တော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး” ဟု ဦးရွှေမောင်က နိုင်ငံ၏ စီစဉ်သတ်မှတ်ထားသော နိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် စစ်အာဏာရှင်များ သုံးစွဲသည့် အခေါ်အဝေါ်ဖြင့် ပြောဆိုခဲ့သည်။
    မြန်မာနိုင်ငံတွင် ရှည်ကြာသည့် သမိုင်းကြောင်းများ ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများအဖြစ် မကြာခဏ တံဆိပ်ကပ်ခံရသည့် ရိုဟင်ဂျာများကို အားနည်းချက်များရှိခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မျက်နှာချိုသွေးခဲ့သည်။
    သို့သော်လည်း ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းဖြင့် ရိုဟင်ဂျာများမှာ ၀ိုင်းကျဉ်ခံခဲ့ရသည်။ အဆိုပါ မငြိမ်မသက်မှုများကြောင့် ရိုဟင်ဂျာ ၁၄၀၀၀၀ ခန့်မှာ ဆိုးရွားသည့် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခြင်း ခံခဲ့ရသည်။
    ဦးရွှေမောင်၏ ရခိုင်ပြည်နယ်မှ မဲဆန္ဒနယ်ဖြစ်သော ဘူသီးတောင်မြို့နယ်တွင် မွတ်စလင်များ၏ မဲမှာ ၂၀၁၀ ခုနှစ်က ၁၅၀၀၀၀ ရှိခဲ့ရာမှ ယာယီသက်သေခံလက်မှတ်များကို ရုပ်သိမ်းခြင်းနှင့် မဲပေးပိုင်ခွင့်အတွက် ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ၁၀ ယောက်ခန့်သာ ရှိတော့လေသည်။
    “ပြည်သူတွေက မဲမပေးနိုင်တော့ဘူးဆိုရင် အမတ်လောင်းက ဘာအသုံးဝင်တော့မှာလဲ။ တကယ်လို့ အမတ်လောင်းက ငြင်းပယ်ခံရင် ပြည်သူတွေက ဘယ်သူ့အတွက် မဲပေးရမှာလဲ” ဟု ဦးရွှေမောင်က ပြောကြားခဲ့လေသည်။
    AFP သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ “Hardline monks claim victory as Myanmar Muslims face poll exclusion” ဆောင်းပါးကို ‘မိုးဝေ’ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
  • ပင်မ မြန်မာနိုင်ငံရေး စင်မြင့်ပေါ်သို့ သြဇာရှင် အဖြစ် ဝင်ရောက်လာတဲ့ မ.ဘ.သ
    ပင်မ မြန်မာနိုင်ငံရေး စင်မြင့်ပေါ်သို့ သြဇာရှင် အဖြစ် ဝင်ရောက်လာတဲ့ မ.ဘ.သ
    စက်တင်ဘာ ၂ ၊ ၂၀၁၅
    M-Media
    Ashin Tilawkar Biwonsa (C), 77, Ma Ba Tha's founder and chairman, talks during a meeting at Ma Ba Tha's head office in Yangon August 26, 2015. REUTERS/Soe Zeya Tun
    မဘသအဖွဲ့ တည်ထောင်သူနှင့် နာယက အရှင် တိလောကာဘိဝံသ (၇၇ နှစ်)အား ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)
    ကြက်သွေးရောင်သင်္ကန်းစည်းထားပြီး အသက် ၇၇ နှစ်အရွယ်ရှိ အရှင် တိလော ကာဘိဝံသ ဟာ အခြွေအရံများနဲ့တစ်ကွ လူစုလူရုံးကြားထဲက ဖြတ်လျှောက်လာချိန် သူ့ကိုထောက်ခံသူများက ရိုသေစွာ မတ်တပ်ရပ် ခစားနေကြတယ်။ အဲ့ဒီနောက် သူ့ပုံတူပန်းချီကားချပ်အောက်က စားပွဲဝိုင်းထိပ်မှာ နေရာယူလိုက်ပါတယ်။
    ရန်ကုန်မြို့စွန်ဖက် မထင်မရှား ဘုန်းတော်ကြီးကျောင်းတစ်ခုထဲကနေ အဲ့ဒီကျောင်းထိုင် ဆရာတော်ကြီးဟာ သူတွဲဖက် တည်ထောင်ထားခဲ့တဲ့ သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာဝင်အုပ်စုကို မြန်မာ့နိုင်ငံရေး ပင်မလမ်းကြောင်းထဲ တိုးဝင်ဖို့ စတင် တွန်းအားပေး မိန့်ကြားနေပါတယ်။
    မဘသ လို့ ကျော်ကြားပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အလို့ငှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ သူရဲ့ကော်မတီက ဥပဒေမူကြမ်း လေးရပ်ကို တင်သွင်းခဲ့တယ်။ အခုဆိုရင် လွှတ်တော်က လက်ခံ အတည်ပြုလို့ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ပါပြီ။ ဒီဥပဒေသစ်များဟာ အမျိုးသမီးတွေ၊ နိုင်ငံ့ လူနည်းစုဝင် မွတ်စ်လင်မ်တွေအပေါ် ခွဲခြား ချိုးနှိမ်လို့ရအောင် တရားဝင် ခွင့်ပြုလိုက်သလိုဖြစ်တယ်လို့ ဝေဖန်သံများ ထွက်လာကြပါတယ်။
    မဘသအဖွဲ့ဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးဆိုင်ရာ ရိုက်ချက်ပြင်းပြင်းနဲ့အတူ ပြည်သူ့ပုံရိပ်တွေကို ပဲ့ထိန်း ပုံသွင်းနေပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ ၂၅ နှစ်အတွင်း ပထမဆုံး လွတ်လပ်စွာ မဲပေးခွင့်ရှိပါတယ်(လို့ ဆိုထားပါတယ်)။ သဘောထားတင်းမာသည့်  အဆိုပါ ဗုဒ္ဓဘာသာဝင် အုပ်စုကတော့ ပြည်တွင်းရဲ့အကျော်ဒေးယျ ရုပ်သံလိုင်းတစ်ခုမှာ မိမိတို့ရဲ့ အစီအစဉ်တွေကို ပုံမှန် ထုတ်လွှင့်နေသလို မဂ္ဂဇင်း တစ်စောင်ကိုလည်း ထုတ်ဝေလျက်ရှိပါတယ်။
    A copy of Aung Zay Yathu, a weekly promoting nationalism published by Ma Ba Tha, is seen at the head office of the Buddhist group, in Yangon August 26, 2015. REUTERS/Soe Zeya Tun
    ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရသော မဘသအဖွဲ့ထုတ် အောင်ဇေယျတု အမျိုးသားရေး လှုံ့ဆော်မဂ္ဂဇင်း။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)
    “တိုင်းပြည်က အားကိုးအားထားပြုရမယ့် အမတ်တွေပဲ လွှတ်တော်ထဲမှာ ရှိနေသင့်တယ်။ ဗုဒ္ဓဘာသာကို ချည့်နဲ့အောင် လုပ်ကိုင်နေသူ တစ်ချို့ လွှတ်တော်ထဲမှာ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် မွတ်စ်လင်မ်တွေပေါ့။ ဒါကြောင့် ဗုဒ္ဓဘာသာအတွက် ပြင်းထန် အားကောင်းတဲ့သူတွေကို လိုအပ်တယ်” ဆိုပြီး အရှင် တိလောကာဘိဝံသမှ အင်တာဗျူးတစ်ခုမှာ ပြောကြားပါတယ်။
    မဘသအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံပြုမယ့် လက္ခဏာ တစ်စုံတစ်ရာ မပြသပါဘူး။ သို့ပေမယ့် သူတို့ရဲ့ ဥပဒေလေးရပ်ကို ဆန့်ကျင်သူတွေကို သတိပေးသွားမယ်လို့ ဆိုပါတယ်။ အညွှန်းခံရသူတွေထဲမှာ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီလည်း ပါဝင်ပါတယ်။
    လွန်ခဲ့သော ၂ နှစ်က ၉၆၉ လှုပ်ရှားမှုကနေ ဖြစ်ဖျားခံလာတဲ့ မဘသအဖွဲ့ကို ကျင့်ဝတ် အားနည်းနေတဲ့ ရဟန်းသံဃာများနဲ့ စုစည်း တည်ထောင်ခဲ့ကြတာဖြစ်တယ်။ အဲ့ဒီရဟန်းသံဃာများဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ် မွတ်စ်လင်မ် လူနည်းစုတွေအပေါ် အကြမ်းဖက်ခဲ့တဲ့ လှိုင်းလုံးများထဲ ချိတ်ဆက်ပါဝင်ပတ်သက်နေခဲ့ကြသူတွေပါ။
    မတန်တဆလူဦးရေပေါက်ကွဲနေတဲ့ မွတ်စ်လင်မ်များဟာ ဗုဒ္ဓဘာသာအပေါ် အန္တရာယ်ရှိကြောင်း ၉၆၉ အဖွဲ့က နိုးကြား သတိဝင်အောင် လုပ်နိုင်ခဲ့သော်လည်း အဖွဲ့ဟာ ပရမ်းပတာဖြစ်နေတဲ့အပြင် ဦးဆောင်မှု ပီပီပြင်ပြင်မရှိခဲ့ဘူးလို့ ထိပ်တန်းအဆင့် မဘသအဖွဲ့ဝင်များက ဆိုပါတယ်။ “အဲ့ဒီ (၉၆၉ ဆိုတာ)က ဗုဒ္ဓဘာသာရဲ့အမှတ်သင်္ကေတသာ ဖြစ်ပါတယ်” လို့ အရှင် တိလောကာဘိဝံသက ပြောကြားခဲ့ပါတယ်။
    မဘသ အဖွဲ့ကို ထောက်ခံအားပေးချင်စရာ နိုင်ငံရေးသြဇာရှင်အဖြစ် အကောင်းမြင် အရောင်လက်သွားအောင် မီဒီယာနယ်ပယ်ကနေ ဥပဒေပြုနယ်ပယ် အထိ ရွှေချပေးနေကြတဲ့ ကျွမ်းကျင်သူတွေ တစ်နေတစ်ခြား တိုးတက်များပြားနေပါတယ်။ အဲ့ဒီထဲက တစ်ဦးကတော့ ဦးအေးပိုင် ဖြစ်ပါတယ်။ သူဟာ ဒီတလွဲ အသုံးချနယ်ပယ်ထဲ မရောက်မီ မြန်မာနိုင်ငံရဲ့အပုပ်နံ့ထွက် တရားရုံးတွေမှာ နှစ်ပေါင်း ၂၀ အထိ နစ်မြှုပ်လုပ်ကိုင်နေသူ တစ်ဦးပါ။
    The logo of the 969 movement is seen on a paper puncher at the head office of Buddhist group Ma Ba Tha in Yangon August 26, 2015. REUTERS/Soe Zeya Tun
    ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရသော ၉၆၉ အမှတ်တံဆိပ်။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)
    နောက်ဆုံးကျန် မျိုးစောင့်ဥပဒေ တစ်ရပ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် တနင်္လာနေ့မှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပေးခဲ့တယ်။ ဒီဥပဒေကြမ်းများကို ရေးဆွဲခဲ့သူများကတော့ ဦးအေးပိုင်နဲ့ မဘသအဖွဲ့ဝင် ရှေ့နေများ ဖြစ်ကြပါတယ်။
    မြန်မာနိုင်ငံရဲ့ တရားဝင်ဥပဒေ အကျိုးဆောင်တွေ ဆင်ယင်ကြတဲ့ အနက်ရောင် တိုက်ပုံဝတ်လေ့ရှိသူ ဦးအေးပိုင်(အသက် ၅၂ နှစ်) က “ဥပဒေ၊ စီးပွားရေး၊ အိုင်တီ ကျွမ်းကျင်သူတွေနဲ့ အခြားနယ်ပယ်ကပညာရှင်များက မဘသအဖွဲ့ကို အလွန်စည်းစံနစ်ကျနပြီး ဥပဒေနဲ့ညီညွှတ်တဲ့ အပြင် အဖက်ဖက်ကပြည့်စုံအောင် ဖန်တီးပေးထားလိုက်ပါပြီ။ ကျွန်တော်တို့ ဆွေးနွေးတယ်၊ အကြံပေးကြတယ်၊ စိတ်ကူးစိတ်သန်းတွေကို ဝေမျှကြတယ်” လို့ ပြောဆိုပါတယ်။
    မဘသရဲ့သြဇာကြီးထွားလာစေတဲ့ နောက်ထပ် အကြောင်းတစ်ရပ်ကတော့ ဒီအုပ်စုရဲ့ဋ္ဌာနချုပ် ဘုန်းတော်ကြီးကျောင်းတွေဆီ နိုင်ငံခြားသံတမန်များ ပုံမှန်ဝင်ထွက် သွားလာနေခြင်းကြောင့်ဖြစ်ပါတယ်။
    အမေရိကန်သံအမတ် ဒဲရက် မစ်ရှဲလ်ဟာ ဘာသာတရားများအကြား သဟဇာတဖြစ်စေလိုမှု၊ နိုင်ငံရေးမှာ ဘာသာရေး ကင်းဝေးစေလိုမှုအတွက် မေလတစ်လ အတွင်း အဲ့ဒီနေရာကို ၂ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ထုတ်ပြန်ချက်က ဖော်ပြနေပါတယ်။
    ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံက ကြည်ညိုစရာသြဇာကြီးမားတဲ့ ဘုန်းတော်ကြီးများဟာ ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဒီမိုကရေစီ အရေးများစွာကို ဦးဆောင်ခဲ့ကြတယ်။ သို့သော် ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေး အမည်ခံ အရပ်သားတစ်ပိုင်းစစ်အစိုးရ အာဏာလွှဲပြောင်းရယူပြီး နောက်ပိုင်းကျတော့ နှုတ်မထိန်းတဲ့ သံဃာအချို့က – အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာကို မှေးမှိန်အောင်၊ တိုင်းပြည်ချည့်နဲ့အောင် လုပ်နေတယ်လို့ ယိုးစွပ်ကြွေးကြော်လာကြတယ်။
    နိုင်ငံအနှံ့ မဘသရုံး ၂၅၀ အထိ ရှိတယ်၊ ထောက်ခံအားပေးသူအရေအတွက် ဘယ်လောက်ထိရှိတယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူးလို့ အရှင် တိလောကာဘိဝံသမှ ခုချိန်မှာ တရားဝင်ပြောကြားလာပါပြီ။ ရန်ကုန်မြို့မှာ ဇွန်လကကျင်းပတဲ့ မဘသနှစ်ပတ်လည် ညီလာခံမှာတော့ တက်ရောက်သူပေါင်း ၁၅၀၀ ကျော်ရှိခဲ့ပါတယ်။
    လတ်တစ်လောမှာတင် မဘသအဖွဲ့ရဲ့ဟောပြောချက်တွေကို လွှင့်တင်ပေးဖို့ နာမည်ကြီး ရုပ်သံလိုင်း SkyNet နဲ့ သဘောတူညီချက် ရသွားပြီဖြစ်ပါတယ်။
    မဘသအဖွဲ့၏ အမျိုးသားရေးလှုံ့ဆော်စာစဉ်နောက်တစ်ခုဖြစ်သော သာကီသွေး ဂျာနယ်များအား ၂၆.၈.၂၀၁၅ ရက်နေ့က နိုင်ငံတစ်ဝှန်းဖြန့်ဝေရန် ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ အဖွဲ့ဝင်များမှ ထုပ်ပိုးနေကြစဉ်။ (ဓာတ်ပုံ - စိုးဇေယျာထွန်း၊ Reuters)
    မဘသအဖွဲ့၏ အမျိုးသားရေးလှုံ့ဆော်စာစဉ်နောက်တစ်ခုဖြစ်သော သာကီသွေး ဂျာနယ်များအား ၂၆.၈.၂၀၁၅ ရက်နေ့က နိုင်ငံတစ်ဝှန်းဖြန့်ဝေရန် ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ အဖွဲ့ဝင်များမှ ထုပ်ပိုးနေကြစဉ်။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)
    ထုတ်လွှင့်မှု အစီအစဉ်ဟာ မဘသနဲ့ ပတ်သက်ပြီး အမှန်တရားသိစေဖို့ လူထုကို ကူညီသွားမှာဖြစ်ကြောင်း လက်ရှိမှာ မဘသအဖွဲ့ နိုင်ငံတကာ ဆက်ဆံရေးဋ္ဌာနဦးဆောင်သူ ကျောင်းဆရာမဟောင်း ဒေါ်ခိုင်ခိုင်ထွန်းက ဆိုပါတယ်။
    အဲ့ဒီ ရုပ်သံထုတ်လွှင့်မှု အတွင်း တစ်လနှစ်ကြိမ်ထုတ် အဖွဲ့မဂ္ဂဇင်းရဲ့ကဏ္ဍလည်း သတင်းဖြန့် အစီအစဉ်တစ်ခုအနေဲ့ ပါဝင်လာမှာဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း မဘသ ဘုန်းတော်ကြီးများရဲ့ဟောကြားရေးသားမှုတွေ ပါဝင်တဲ့ အဆိုပါမဂ္ဂဇင်းဟာ စောင်ရေ ငါးသောင်းအထိ ပုံမှန်ရိုက်နှိပ်ထုတ်ဝေနေပါတယ်။
    ဘဏ်လုပ်ငန်း၊ သတ္ထုတူးဖော်ရေး၊ နိုင်ငံ့သယံဇာတဆိုင်ရာ ဥပဒေအရေးဟာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း မဘသရဲ့ မျိုးစောင့်ဥပဒေများကတော့ လွှတ်တော်ကနေ တဆင့် အားလုံးထက်အလျင် ကျော်ခွဖြတ်ထွက်လာခဲ့တယ်။
    ဥပဒေ တစ်ရပ်မှာ အချို့အမျိုးသမီးများအနေနဲ့  အနည်းဆုံး သုံးနှစ် သားဆက်ခြားရမယ်လို့ ဖော်ပြပါရှိတယ်။ နောက်ဥပဒေတစ်ရပ်မှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအနေနဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်သူအမျိုးသားနဲ့မထိမ်းမြားမီ ကိုးကွယ်ရာ ဘာသာကူးပြောင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်ဆီက ခွင့်ပြုချက်ရယူရမယ်လို့ ပါရှိနေပါတယ်။
    ဒါဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို မွတ်စ်လင်မ်အမျိုးသားတွေက ညှင်းပန်းနှိပ်စက်ခြင်းနဲ့ အဓမ္မဘာသာပြောင်းစေခြင်းအမှု ရပ်တန့်အောင် လုပ်တာဖြစ်တယ်လို့ အရှင် တိလောကာဘိဝံသက ဆိုပါတယ်။
    ရန်ကုန်မြို့ရှိ မဘသရုံးချုပ် စာအုပ်အရောင်းဆိုင်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရသော မဘသအဖွဲ့ထုတ် အမျိုးသားရေးလှုံ့ဆော်ချက် စာအုပ်စာတမ်းများ။ (ဓာတ်ပုံ - စိုးဇေယျာထွန်း၊ Reuters)
    ရန်ကုန်မြို့ရှိ မဘသရုံးချုပ် စာအုပ်အရောင်းဆိုင်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရသော မဘသအဖွဲ့ထုတ် အမျိုးသားရေးလှုံ့ဆော်ချက် စာအုပ်စာတမ်းများ။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)
    ဒေါ်စုကြည်နဲ့ သူမရဲ့ NLD ပါတီက ဒီဥပဒေများကို ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဝင် အာဏာပိုင်များနဲ့ နိုင်ငံရေး သမားများ ကတော့ မဘသအပေါ် ဝေဖန်မှု မရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုရင် ဒီအုပ်စုရဲ့အမြင်ရှုထောင့်နဲ့ သဘောညီတာ ဖြစ်ချင်ဖြစ်၊ သို့တည်းမဟုတ် ရွေးကောက်ပွဲနှစ်ဖြစ်နေလို့ မဘသအားပေး အင်အားစုရဲ့ငြိုငြင်မှုခံရမှာ ကြောက်ရွံ့နေတာ ဖြစ်ပါတယ်။
    “သူတို့က မဘသကို ကြောက်ရွံ့နေကြတယ်” လို့ အဆိုပါဥပဒေများကို ကန့်ကွက်တဲ့ အမျိုးသမီး စွမ်းရည်မြှင့်အဖွဲ့တစ်ခုဖြစ်သော Gender Equality Network ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောပြပါတယ်။
    “မဲပေးခွင့်ရှိသူတွေကို ခြယ်လှယ်ဖို့ကြိုးစားတဲ့ အစီအမံဟူသရွေ့ ဥပဒေချိုးဖောက်ခြင်းပါပဲ။ သူတို့ကို ထိန်းချုပ်ဖို့၊ တားမြစ်ဖို့ အစိုးရအပေါ် တာဝန်ရှိပါတယ်” ဆိုပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဆိုလိုက်ပါတယ်။
    +++++++++++++++++++++++++++
    တင်မိုသီ မက်ကလောရင်း Timothy Mclaughlin နှင့် နှင်းရတနာဇော် ရေးသားသော ရိုက်တာသတင်းဆောင်းပါး Anti-Muslim Buddhist group moves toward Myanmar’s mainstream ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။
     ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရသော မဘသအဖွဲ့ ဝန်ထမ်းများ။ (ဓာတ်ပုံ - စိုးဇေယျာထွန်း၊ Reuters)
    ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ ၂၆.၈.၂၀၁၅ ရက်နေ့က တွေ့ရသော မဘသအဖွဲ့ ဝန်ထမ်းများ။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)
    မဘသအဖွဲ့၏ အမျိုးသားရေးလှုံ့ဆော်စာစဉ်ဖြစ်သော သာကီသွေး ဂျာနယ်များအား ၂၆.၈.၂၀၁၅ ရက်နေ့က နိုင်ငံတစ်ဝှန်းဖြန့်ဝေရန် ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ အဖွဲ့ဝင်များမှ ထုပ်ပိုးနေကြစဉ်။ (ဓာတ်ပုံ - စိုးဇေယျာထွန်း၊ Reuters)
    မဘသအဖွဲ့၏ အမျိုးသားရေးလှုံ့ဆော်စာစဉ်ဖြစ်သော သာကီသွေး ဂျာနယ်များအား ၂၆.၈.၂၀၁၅ ရက်နေ့က နိုင်ငံတစ်ဝှန်းဖြန့်ဝေရန် ရန်ကုန်မြို့ရှိ မဘသရုံးချုပ်၌ အဖွဲ့ဝင်များမှ ထုပ်ပိုးနေကြစဉ်။ (ဓာတ်ပုံ – စိုးဇေယျာထွန်း၊ Reuters)