News @ M-Media

Category: ဆောင်းပါး

  • စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

    စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

    စည်သူအောင်မြင့် ရေးသည်။
    မဇ္ဈိမ မှကူးယူဖော်ပြသည်။
    .
    အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။
    .
    ဘယ်ဂျာနယ်မှာ ဘာတွေ ဖော်ပြလာတာပါလဲ၊ အဲဒီ အကျိုးဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    ရည်ညွှန်းပါ ဆောင်းပါးကတော့ “တိုင်းပြည်အတွက် မဘသ” ဆိုတဲ့ ဆောင်းပါးဖြစ်ပြီး မေလ ၁၇ ရက်ထုတ် သာကီသွေး ဂျာနယ် စာမျက်နှာ (၆) မှာ ဖော်ပြထားတာပါ။ ဒီဆောင်းပါး ရေးသူကတော့ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကြီး ထင်ရှားနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ရဲ့ ဥက္ကဋ္ဌ ဆရာတော် အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင် တိလောကာ ဘိဝံသ ကိုယ်တိုင် ဖြစ်နေလို့ပါ။ ဒါကြောင့်လဲ အခုလို ဝေဖန် သုံးသပ်မှု ပြုရတာ ဖြစ်ပါတယ်။.
    .
    ဆောင်းပါးမှာ ဖော်ပြထားတာတွေကတော့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်ကနေ ကနေ့ထက်တိုင် ဘာသာခြား လူမျိုးခြား တွေရဲ့ ဖိနှိပ်၊ နှိပ်စက်၊ စော်ကား ခံခဲ့ရတဲ့အကြောင်း၊ ဒီအထဲမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီး တွေလည်း ပါဝင်တဲ့ အကြောင်း၊ အဲဒီ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးဖို့ အမျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာအတွက် အားကိုးလောက် သူတွေကို ရွေးချယ်ပေး ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
    .
    အဲဒီအထဲက စာပိုဒ် တစ်ပိုဒ်ကို ကောက်နှုတ်ဖော်ပြရရင် “ ယနေ့ မျက်မှောက်ခေတ် မှာလည်း ရခိုင်၊ မောင်တော ဒေသစသည်တို့၌ ဧည့်သည် လူမျိုးခြား၊ ဘာသာခြား ဘင်္ဂါလီများ က ဧည့်သည်ဝတ် ဖောက်ဖျက်ကာ အိမ်သည် မြန်မာများကို သတ်ဖြတ် နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများ အပါအဝင် ဗုဒ္ဓဘာသာ ဝင်များကို ဗြောင်တစ်မျိုး ကွယ်ရာတစ်ဖုံ သတ်ဖြတ် ညှဉ်းဆဲ နှိပ်စက်ကြလေပြီ။ ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များ က သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ် ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြ ရပါပြီ။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်း လုံးဝ မရှိခဲ့ပါ” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
    .
    ဒီ စာပိုဒ်ပါ “ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီး များကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြရပါပြီ” ဆိုတာ အလွန်အန္တရာယ်များတဲ့ အမုန်းတရား စာသားဖြစ်ပါတယ်။ အစိုးရ အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ ကေအိုင်အေ ကချင်သူပုန်တွေ၊ KNPP ကရင်နီ သူပုန်တွေကို ခရစ်ယာန် သူပုန်တွေအဖြစ် ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ချေမှုန်းနေတယ် ဆိုပြီး မှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြ လိုက်တာပါ။
    .
    လက်ရှိ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေတာမှာ ကချင်နဲ့ ဗမာ၊ ကရင်နီနဲ့ ဗမာ လူမျိုးခြင်း စစ်ပွဲ ဖြစ်နေကြတာ မဟုတ်သလို၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေကြတဲ့ စစ်ပွဲလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးရအောင် ခေတ်အဆက်ဆက် ဗဟိုအစိုးရ ကို တော်လှန်ပုန်ကန်နေကြတာသာ ဖြစ်ပါတယ်။ မဘသ ဆရာတော်ကြီးရဲ့ ရေးသားချက်ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူရရေး တော်လှန် ပုန်ကန်မှုကို ပုံပျက်ပန်းပျက် ဖြစ်အောင် စွတ်စွဲလိုက်တာ ဖြစ်သလို လက်ရှိ အစိုးရအဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
    .
    နောက်ထပ် မမှန်ကန်တဲ့ အချက်အလက်တွေ ရေးသား ဖော်ပြပြန်ပါတယ်။ “ရန်ကုန်၊ မန္တလေး စသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကား စော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ် လုံခြုံမှု စိုးရိမ်နေကြရပြီ” လို့ ဆိုပါတယ်။ ဒီ အခြေအနေ မှန်ကန်မှု မရှိဘူးဆိုတာ ရန်ကုန်၊ မန္တလေး နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ဒီလို ရေးသားဖော်ပြမှုဟာ နဂိုကတည်းကမှ တစ်ဦးအပေါ် တစ်ဦး သံသယ စိတ်နဲ့ ကြည့်နေကြတဲ့ မတူညီတဲ့ ဘာသာဝင်တွေအကြား ပိုပြီး သံသယပွား၊ ပိုပြီး အမုန်းပွားတဲ့ အကျိုးဆက်ပဲ ဖြစ်စေနိုင်ပါတယ်။
    .
    မဘသ ဆရာတော် နောက်ဆုံးရေးတာက အမျိုးစောင့် ဥပဒေကို ကန့်ကွက်သူတွေ ဟာ မြန်မာနိုင်ငံတော်ကို သစ္စာဖောက် သူတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး “ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံ့သစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျ ရွေးချယ်နိုင်ကြပါစေကြောင်း” ဆိုပြီး အတိအလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဆရာတော် အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းဆောင်၊ ကြိုက်နှစ်သက်ရာ ပါတီကို နှစ်သက်ခွင့် ရှိပါတယ်။ ဝိနည်းနဲ့ ညီတယ်ဆိုရင် ဘယ်လိုခေါင်းဆောင် ဘယ်လို ပါတီမျိုးကို မဲပေးရွေးချယ်ပါဆိုပြီး ကိုယ့် တပည့်ဒါယိကာ၊ ဒါယိကာမတွေကို တိုက်တွန်းနိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် မီးလောင်မယ့် အမုန်းတရား သွတ်သွင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့တော့ မသင့်တော်ပါကြောင်း၊ ဒါဟာ မဘသ အဖွဲ့ဝင် ဆရာတော် သံဃာတော် အားလုံးရဲ့ သဘောထားမျိုးလည်း မဟုတ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

     

    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/44858-2015-05-20-05-27-09

  • ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသော အိပ်မက်များ

    ဂေါ်ရခါးသွေး၊ မြန်မာပြည်ချစ်စိတ်နဲ့ စီတာဒေဝီ၏ ပျောက်ဆုံးသွားသော အိပ်မက်များ

    TheYangonTimes‬ မှ ကူးယူဖော်ပြသည်။
    – မင်းညီ ရေးသည်။
    .1546084_973983885953865_2547262867942476917_n
    ”အတန်းထဲမှာ မှတ်ပုံတင်မရှိတဲ့လူတွေ မတ်တတ် ရပ်ဆိုရင် ကျွန်မတစ်ယောက်တည်း အမြဲတမ်းမတ်တတ် ရပ်ရတယ်။ ဆယ်တန်းစာမေးပွဲဖြေတုန်းကဆိုရင် ကျွန်မ တော်တော်လေးဝမ်းနည်းပြီး ငိုခဲ့ရတယ်။ ဘဝမှာ စိတ်အ နှောင့်အယှက်ဖြစ်ရဆုံးအချိန်ပဲ။ နောက်ဆုံး ဆရာမတွေ က ပြုနိုင်ငံသားကတ်(လျှောက်ထား ဆဲအနေ)နဲ့ ဖြေခွင့်ရ အောင်လုပ်ပေးလို့ ဆယ်တန်းဖြေခွင့်ရခဲ့တာပါ”။
    .
    သူ့နာမည်က စီတာဒေဝီ။ ရာမလက္ခဏာ ဇာတ်တော် ထဲက သီတာဒေဝီ မင်းသမီးရဲ့နာမည်လို့ဆိုရင် မမှားပါဘူး။ မြန်မာတွေက သီတာဒေဝီ(T)နဲ့ စာလုံးပေါင်းပြီး အိန္ဒိယ၊ နီပေါစတဲ့နိုင်ငံတွေမှာတော့ စီတာဒေဝီ(S)နဲ့ စာလုံးပေါင်း ပါတယ်။ ဒါကြောင့် ဂေါ်ရခါးသွေးပါတဲ့သူ့ကို မိဘတွေက စီတာဒေဝီလို့ နာမည်ပေးခဲ့တာပါ။ ဒါပေမဲ့ မူလတန်းကျောင်း စတက်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာကျောင်းနေရင် မြန်မာ နာမည်ရှိရမယ်ဆိုပြီး ဆရာ၊ဆရာမတွေက သူ့ကို မအိမွန် လို့ နာမည်ပြောင်းပေးခဲ့ပါတယ်။ ဒါကြောင့် သူ့နာမည်ဟာ ဆယ်တန်းအောင်လက်မှတ်မှာ မအိမွန်ဖြစ်နေပြီး မှတ်ပုံ တင်ထဲမှာတော့ စီတာဒေဝီဖြစ်နေခဲ့ရတာပါ။
    .
    ဇာတ်တော်ထဲက သီတာဒေဝီမင်းသမီးလေးရဲ့အလှ ကို မမြင်ဖူးကြပေမယ့် မြစ်ကြီးနားမြို့ Palm Spring ဟို တယ်မှာ လာရောက် တည်းခိုသူတွေကတော့ စီတာဒေဝီ ကို မိန်းမချောလေးတစ်ယောက်လို့ အားလုံးက အသိအ မှတ်ပြုကြပါတယ်။ သူက အဲဒီဟိုတယ်မှာ ဧည့်သည်တွေ ကောင်းကောင်းမွန်မွန်စားသောက်နိုင်အောင် ဝန်ဆောင် မှုပေးနေတဲ့ ဝန်ထမ်းတစ်ယောက်ပါ။
    .
    စီတာဒေဝီရဲ့အဘိုးအဘွားနှစ်ဖက်စလုံးဟာ ပထမ ကမ္ဘာစစ်မဖြစ်ခင် ကတည်းက ဗြိတိသျှစစ်တပ်နဲ့ အတူ မြန်မာ နိုင်ငံထဲကိုရောက်လာကြတဲ့ နီပေါ (ဂေါ်ရခါး) လူမျိုးတွေပါ။ စီတာရဲ့အဘိုးနှစ်ယောက်စလုံးဟာ အင်္ဂလိပ်စစ် တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဒုတိယကမ္ဘာ စစ်အတွင်း ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်ထဲက တိုက်ထုတ်ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်တဲ့ ဗမာ့တပ်မတော်နဲ့အတူ ရှေ့တန်းက ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူတွေလို့ သိရပါတယ်။
    .
    ၁၉၄၈ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာတော့ စီတာဒေဝီရဲ့အဘိုးတွေဟာ အင်္ဂ လိပ် စစ်တပ်နဲ့အတူ အိန္ဒိယကို ပြန်လည်လိုက် ပါခြင်း မပြုတော့ဘဲ မြန်မာ့တပ်မတော်ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်ရင်း မြန်မာပြည် တွင်းရောင်စုံ သူပုန်သောင်းကျန်းမှု အန္တရာယ်ကို ကာကွယ်ခဲ့ပါတယ်။
    .
    စီတာဒေဝီရဲ့အမေဘက်က အဘိုးနာမည်က ဆွတ်ချက်ထရီပါ။ ကလောမှာရှိတဲ့ အင်္ဂလိပ်စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ပင်းတယသူ ဒေါ်မိုကုမာရီနဲ့ အိမ် ထောင်ကျပါတယ်။ ဒေါ်မိုကုမာရီရဲ့ မိဘတွေကလည်း နီပေါနိုင်ငံကနေ အင်္ဂလိပ်တပ်နဲ့ အတူ မြန်မာပြည်ထဲကို ရောက်လာသူတွေပါ။ ဆွတ်ချက်ထရီနဲ့ ဒေါ်မို ကုမာရီတို့ နှစ်ဦးကနေ စီတာရဲ့အမေဖြစ်လာမယ့် ဗစ္စနိုးမာယာကို မွေးဖွားခဲ့ပါတယ်။
    .
    စီတာရဲ့အဖေဘက်က အဘိုးကလည်း ဒုတိယကမ္ဘာ စစ်တုန်းက နမ္မတီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂေါ်ရခါး စစ်သားတစ်ယောက်ပါပဲ။ အဲဒီနမ္မတီးစစ်တပ်မှာပဲ (Bean) ဘင့်ကုမာရီနဲ့အိမ်ထောင်ကျပြီး စီတာဒေဝီရဲ့ အဖေကိုးလ် ဗဟာဒူးကို မွေးခဲ့ပါတယ်။
    .
    ကိုးလ်ဗဟာဒူးနဲ့ ဗစ္စနိုးမာယာတို့နှစ်ဦး လက်ထပ်ပြီး စီတာဒေဝီအပါအဝင် မောင်နှမလေးယောက်ကို မွေးဖွား ခဲ့ပါတယ်။ သူတို့မိသားစုဟာ မျိုးရိုး အစဉ်အဆက် မြန်မာ ပြည်မှာ မွေးဖွားကြီးပြင်းခဲ့ သူတွေဖြစ်ပေမယ့် လက်ရှိအ ချိန်ထိ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရပါဘူး။ နှစ်ဖက်အဘိုးတွေက မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားကြီးတွေဖြစ်ခဲ့ပေမယ့် သားသမီးနဲ့ မြေးတွေကတော့ မြန်မာနိုင်ငံသားဖြစ် ခွင့်မရကြဘဲ ပြု နိုင်ငံသား အစိမ်းရောင်ကတ်နဲ့ နေထိုင်နေကြရပါတယ်။
    .
    မြန်မာပြည်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂေါ်ရခါးလူမျိုးတွေရဲ့အခန်းကဏ္ဍကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာ့တပ်မတော်မှာ တိုက်ရည်ခိုက်ရည် အင်မတန်ထူးချွန်ခဲ့တဲ့ ဂေါ်ရခါး စစ်ဗိုလ် စစ်သားတွေ များစွာရှိခဲ့ပါတယ်။ ( ဥပမာ။ ။ အောင်ဆန်း သူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) – တပ်သား (ကျဆုံး) / အမှတ် (၄) ခြေလျင်တပ်ရင်း) မြန် မာ့လက်ရွေးစင်ဘောလုံးသမား ဆပ်ဗဟာဒူးဆိုရင်လည်း အာရှအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ခံရတဲ့အထိ မြန်မာ့ ဂုဏ်ဆောင် ဂေါ်ရခါး သွေးပါသည့် ထူးချွန်ဘော်လုံးသမား ဖြစ်ခဲ့ပါသည်။
    .
    ဒီလိုပဲ မြန်မာပြည်ကို အသက်ပေးပြီး ချစ်ကြတဲ့ ဂေါ်ရခါးစစ်ဗိုလ် စစ်သားများစွာ မြန်မာ့သမိုင်း မှာ များစွာရှိခဲ့ပါတယ်။ ဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ကြီးတွေသာ ရှိနေဦးမယ်ဆိုရင် ‘ပြုနိုင်ငံသားကတ်’ကိုင်ထားရတဲ့ သူတို့ သားသမီးမြေးမြစ်တွေအတွက် ဘယ်လိုခံစားကြရမလဲဆို တာ စဉ်းစားစရာပါပဲ။ သေချာတာကတော့ သူတို့ ပျော်နိုင်ကြမယ်လို့တော့ မထင်ပါဘူး။
    .
    စီတာဒေဝီဟာ ၂ဝဝ၅ခုနှစ်မှာ ရပ်စောက် (ဗထူးတပ်မြို့) က ဆယ်တန်းအောင်ခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။
    .
    ”ကျွန်မခန္ဓာကိုယ်ထဲမှာ ဂေါ်ရခါးသွေးတွေ စီးဆင်းနေပေမယ့် မြန်မာပြည်မှာမွေးလို့ ကျွန်မ မြန်မာပြည်ကို ချစ်တယ်။ မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်။ ဒါကြောင့် တက္ကသိုလ်တက်တော့ မြန်မာစာ အဓိကယူ တယ်”။ သူဟာ ၂ဝ၁၁ ခုနှစ်မှာ တောင်ကြီး တက္ကသိုလ်က မြန်မာစာအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူ ငယ်စဉ်ကတည်းက အမြဲစိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းဆရာမ အလုပ်ကိုရဖို့ ကြိုးစားခဲ့ပါတယ်။ ပညာရေးကောလိပ်တက် ပြီး မူလတန်းကျောင်းဆရာမဖြစ်ဖို့ သူဟာ တောင်ကြီး ပညာရေးကောလိပ်ကို ဝင်ခွင့်လျှောက်လွှာတင်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့အိပ်မက်တွေ တစ်စစီ ရိုက်ချိုးဖျက် ဆီးခံလိုက်ရတဲ့ အကြောင်းပြန်ကြားချက် တစ်ခု ရောက် လာခဲ့ပါတော့တယ်။
    .
    ‘ပြုနိုင်ငံသားဖြစ်နေပါသဖြင့် ဖြေဆိုခွင့်မရှိပါ’တဲ့။
    .
    အဲဒီမှတ်ချက်လေးဟာ ဘဝမှာ ဆို့နင့်ကြေကွဲစရာ အကောင်းဆုံးလက်ခံရရှိတဲ့ ပြန်စာတစ်စောင်ပဲလို့ စီတာ ဒေဝီက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ(ပြုနိုင်ငံသား) ကတ်ကိုင်ထားသူတွေဟာ မြန်မာပြည်မှာ ဘာအတွက် အတန်းပညာသင်ကြားနေကြသလဲဆိုတာကို သူ မေးခွန်း ထုတ်ခဲ့ပါတယ်။
    .
    ”အစိုးရအလုပ်လုပ်ခွင့်မရဘူးဆိုတာ သိလိုက်ရတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ တစ်ဆက်တည်းမှာပဲ ဘာ ဖြစ်လို့ကျောင်း တက်မိပါလိမ့်။ ဘာဖြစ်လို့ ဆယ်တန်း ဖြေမိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် နောင်တရတယ်။ ကျောင်းတက်မိလို့ ပိုက်ဆံလဲအများကြီးကုန်ရတယ်”။
    .
    မြန်မာပြည်မှာ သူဝါသနာပါတဲ့ ကျောင်းဆရာမ အလုပ်ကို လုပ်ခွင့်မရတော့တဲ့အချိန်မှာ စီတာဒေဝီ ဟာ စင်ကာပူကို ၂ဝ၁၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ၂ဝ၁၃ စက်တင် ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ခရီးစဉ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့အခမ်းအနားကို စီတာဒေဝီလည်း တက်ရောက်ခဲ့ပါတယ်။ စင်ကာပူမှာနေရတဲ့ လေးနှစ်တာကာလ အတွင်းမှာ အဲဒီ နေ့ရက်လေးဟာ သူ့အတွက် အပျော်ဆုံးနေ့ရက်လေးပဲ လို့ ဆိုပါတယ်။
    .
    စီတာဒေဝီဟာ၂ဝ၁၄ခုနှစ် အောက်တိုဘာမှာ မြန် မာပြည်ကိုပြန်လာခဲ့ပြီး ကန်တော်ကြီးဟိုတယ်မှာ ဖွင့်လှစ် ထားတဲ့ ဟိုတယ်ဝန်ဆောင်မှုသင်တန်းကို တက်ရောက်ခဲ့ ပါတယ်။
    .
    ”မိသားစုစားဝတ်နေရေးကြောင့် ကျွန်မ ဟိုကိုသွား ရတယ်။ အဲဒီမှာလုံးဝမပျော်ဘူး။ မြန်မာပြည်ကိုပဲ သတိ ရနေတယ်။ မြန်မာပြည်ကိုပဲချစ်တယ်”။
    .
    ဟိုတယ်ဝန်ဆောင်မှု သင်တန်းအပြီးမှာ လုပ်ငန်းအ တွေ့အကြုံရဖို့ မြစ်ကြီးနားမြို့က Palm Spring ဟိုတယ်မှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ သူဟာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါနဲ့ ဓနုဘာသာစကားအပါအဝင် စုစုပေါင်း ဘာသာစကားခြောက်မျိုးတိတိ တတ်ထားလို့ ဧည့်သည်တွေနဲ့ ဆက်ဆံရာမှာတော့ များစွာအကျိုးသက် ရောက်မှုရှိခဲ့ပါတယ်။ အဲဒီဟိုတယ်မှာ လာရောက်တည်းခို ကြတဲ့ UNDP တို့ UNICIEF တို့လို ကုလသမဂ္ဂအဖွဲ့ အစည်းတွေရဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲတွေမှာ မကြာခဏ ဆိုသလို သူ့က စကားပြန်ဝင်လုပ်ပေးရလေ့ရှိပါတယ်။
    .
    ”ကျွန်မတို့အိမ်မှာ မိသားစုဝင်တွေအားလုံး နီပေါ စကားပဲပြောကြတာပါ။ အမျိုးထဲမှာ အိန္ဒိယတွေရှိလို့ အိန္ဒိယစကားလဲပြောဖြစ်ပါတယ်။ စလုံးမှာ လေးနှစ်လောက်အလုပ်လုပ်ခဲ့တော့ တရုတ်စကားလဲ ကောင်းကောင်းတတ်သွား တယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြီးလာတော့ ငယ်သူငယ်ချင်းတွေအားလုံးက ဓနုတွေလေ။ ဒါကြောင့် ဓနုစကားလဲ ကောင်းကောင်းပြောတတ်ပါတယ်။ အင်္ဂလိပ် စကားကတော့ ကျောင်းမှာလဲသင် ကိုယ်လဲစိတ်ဝင်စား ဆိုတော့ အဆင်ပြေအောင် ပြောနိုင်ပါတယ်။ ခုတောင် ကချင်စကား စသင်နေပြီ”။
    .
    စီတာဒေဝေရဲ့မောင်လေးက ဆယ်တန်းဖြေထားပြီး တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်အမှုထမ်း ချင်နေသူပါ။ ညီမလေးက ရှစ်တန်းကျောင်းသူဆိုပေမယ့် သူကတော့ အဘိုးတွေလိုမျိုး စစ်တိုက်ရတာကို ဝါသနာပါလို့ စစ်သမီးဖြစ်ချင် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိပ်မက်တွေဖြစ်လာဖို့ကတော့ ထင်သလောက် လွယ်ကူနိုင်ပ့ါမလား။
    .
    ”ကျွန်မကိုယ်တိုင် အစိုးရအလုပ်လုပ်ခွင့်မရတော့ သူ တို့အတွက် ဖြစ်နိုင်၊မဖြစ်နိုင် မသိတော့ဘူး”လို့ စီတာက ပြောပါတယ်။
    .
    သူ့ရဲ့ဖခင်(ကိုးလ်ဗဟာဒူး)ဟာ ၂ဝဝ၇ခုနှစ် ကွယ်လွန် ချိန်အထိ FRC (Foreign Registration Card ) အဖြူ ကတ်နဲ့ပဲ နေထိုင်ခဲ့ရတာပါ။ ခုချိန်မှာတော့ မိခင်(ဗစ္စနိုး မာယာ)အပါအဝင် မိသားစုတစ်ခုလုံးဟာ ပြုနိုင်ငံသား (အစိမ်းကတ်)နဲ့ နေထိုင်နေရပေမယ့် နိုင်ငံသားဖြစ်ခွင့် ပန်း ရောင်(နိုင်)ကတ်ကို မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့မျိုး နွယ်စုက နီပေါချက်ထရီမျိုးနွယ်စုပါ။ မြန်မာပြည်မှာတော့ ဂေါ်ရခါးလို့ လူသိများပါတယ်။ ချက်ထရီ(ထာပါ) ဇာတ်မို့ ဟိန္ဒူဘာသာ ကိုးကွယ်ကြပေမယ့် ဗုဒ္ဓဘာသာကိုလည်း သက်ဝင်ယုံကြည်သူတွေဖြစ်ပါတယ်။
    .
    ”မှတ်ပုံတင်ထဲမှာတော့ ဗုဒ္ဓဘာသာတစ်ခုပဲ ဖြည့်ထား တယ်။ ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေပဲ သွားဖြစ်ပါတယ်”လို့ စီတာက ရှင်းပြပါတယ်။ နီပေါနိုင်ငံမှာ အဘိုးအဘွားတွေရဲ့ ဆွေးမျိုးရင်းခြာတွေ ရှိနေသေးလို့ တစ်နေ့နေ့မှာ အဲဒီကို သွားလည်နိုင်အောင် ကြိုးစားနေ တယ်လို့ သူက ဆက်ပြောတယ်။ ဒါ့အပြင် အဲဒီနိုင်ငံမှာရှိတဲ့ အဘိုးရဲ့ဆွေမျိုးတွေဆီက happy dipawalli ဆုတောင်း ပို့စ်စကတ်လေးတွေ အမြဲပို့ပေးတယ်လို့လည်း ဆိုပါတယ်။
    .
    စီတာတို့မိသားစုအဖို့ လက်ရှိကိုင်ဆောင်ခွင့်ရထား တဲ့ အစိမ်းရောင်ကတ်ရဖို့တောင် အခက်အခဲမျိုးစုံနဲ့ ငွေ ကြေးများစွာ အကုန်ခံထားခဲ့ရတာပါ။ အဲဒီကတ်လေးက သူ့မျှော်လင့်ချက်တွေကို မဖြည့်စွမ်းပေးနိုင်ခဲ့သလို သူ့အိပ် မက်တွေကလည်း အရောင်ပြယ်လွင့်ခဲ့ပါပြီ။ အခုချိန်မှာ စီတာရဲ့အသက်က၂၉နှစ်ထဲ ဝင်နေပါပြီ။
    .
    သူဖြစ်ချင်တဲ့ အစိုးရကျောင်းဆရာမဘဝက အိပ်မက်တစ်ခုလိုပဲ ပျောက် ပျက်သွားခဲ့ပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး သူ့ရင်ဘတ်ထဲက ဝမ်းနည်းစကားသံလေးက”ဝင်ခွင့်စာမေးပွဲမအောင်လို့ အဖြူအစိမ်းဝတ် ကျောင်းဆရာမဘဝကိုမရခဲ့ရင်လဲ ကျွန်မ ဖြေသိမ့်နိုင်ပါတယ်။ အခုတော့ အဲဒီဝင်ခွင့်အဆင့်လေး အတွက် လျှောက်လွှာတင် ခွင့်တောင်မရလိုက်တဲ့ ကိုယ့် ဘဝကို ကိုယ်အရမ်း ဝမ်းနည်းမိတယ်။ ဖြစ်လေရာဘဝတိုင်း ဒီအဖြစ်မျိုး မကြုံပါရစေနဲ့လို့ပဲ ဆုတောင်းပါတယ်”။

    https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119789940281/973983885953865/?type=1&theater

  • ၂၀၀၈ ဖွဲ့စည်းပုံ အရ သုံးနှုံးခွင့် မရှိသော သွေးနှော စကားလုံးအား ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ

    ၂၀၀၈ ဖွဲ့စည်းပုံ အရ သုံးနှုံးခွင့် မရှိသော သွေးနှော စကားလုံးအား ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ

    မေ ၁၁၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- မောင်သမာဓိ

    ၂၀၀၈ ဖွဲ့စည်းပုံ အရ သုံးနှုံးခွင့်မရှိသော သွေးနှော စကားလုံးအား ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ (သို့မဟုတ်) ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီထံ အိတ်ဖွင့်ပေးစာ  
    .Discrimination
    မြန်မာ့ဆေးတက္ကသိုလ်မှ တရားဝင်ပေးထားသည့် ဘွဲ့ရဆရာဝန် တစ်ဦးဖြစ်သော ကျွန်တော်နှင့် လက်ရှိ တာဝန် ထမ်းဆောင်စဲ နိုင်ငံ့ဝန်ထမ်း တစ်ဦး ဖြစ်သော ကျွန်တော့် ဇနီးနှစ်ဦးစလုံးမှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြ ပြီး သမီးနှစ်ဦး ထွန်းကား ခဲ့ပါသည်။ မြန်မာ နိုင်ငံသားမိဘနှစ်ဦးမှ မြန်မာ့မြေပေါ်တွင် မွေးဖွားလာသော ကလေး သည် မွေးရာပါ မြန်မာနိုင်ငံ သားသာ ဖြစ်ကြောင်း အောက်ပါ ပုဒ်မက ညွှန်းဆိုပါသည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၅
    —————————–
    အောက်ဖေါ်ပြပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် ၏ နိုင်ငံသားများ ဖြစ်ကြသည်။

    (က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ၊
    (ခ) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။
    .
    ဟု ရေးသားထားသဖြင့် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ အစ္စလာမ်ဘာသာဝင် မိဘနှစ်ပါးမှ မွေးလာသော သွေးနှော ကလေး သည်လည်း (Citizen by birth) မွေးရာပါ နိုင်ငံသား အလို အလျှောက် ဖြစ်ပြီးဖြစ်သည်။
    .
    ယခုအခါ လေးတန်းကျောင်းသူဖြစ်သော ကျွန်တော့်သမီးမှာ ၁၀ နှစ်ပြည့်ပြီ ဖြစ်၍ ၁၀ နှစ်ပြည့် မှတ်ပုံ တင် စတင်လျှောက်ထားရာတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့် လုံးဝ ဆန့်ကျင်နေသော လူဝင်မှုကြီးကြပ်ရေးဌာန၏ လုပ် ထုံးလုပ်နည်းများဖြင့် ရင်ဆိုင်ရပါတော့သည်။
    .
    မိဘနှင့် နှစ်ဖက် အဘိုး၊ အဘွားများ၏ ဇာတိဖြစ်သော သက်ဆိုင်ရာ မြို့နယ်လိုက် လူဝင်မှုကြီးကြပ်ရေး ဌာနများမှ ချိပ်ပိတ် ပေးပို့လာသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ပြည့်စုံအောင် တောင်းခံပြီး သောအခါ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားလာသော ဗုဒ္ဓဘာသာဝင် ကလေးများ အတွက် လုပ်ဆောင်စရာ မလိုသော် လည်း ဥပဒေအရ နိုင်ငံသား မိဘများမှ မွေးဖွားသော သွေး နှော ကလေးငယ်များ၊ အထူးသဖြင့် အစ္စလာမ် ဘာသာဝင် ကလေးငယ်များအတွက် မြို့နယ်နိုင်ငံသား စိစစ်ရေး အဖွဲ့ အမည်ခံ အောက်ပါဌာန ၆ ခုကို တစ်ရုံး ဝင် တစ်ရုံးထွက် လက်မှတ်ထိုးစေခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၈ နှင့် ပုဒ်မ ၂၁ (က) ကိုသာမက ခလေး အခွင့် အရေးကိုပါ ချိုးဖေါက်ရာကျပါသည်။
    23.
    မြို့နယ် နိုင်ငံသား စိစစ်ရေး အဖွဲ့
    .——————————
    (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ။    ။ ဤရုံးသို့ ၁၀ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားရန် ၃ ခေါက်တိတိ သွားရောက် ထောက်ခံချက် တောင်း ရပါသည်။ အိမ်ထောင်စု ဇယားတွင် မွေးတိုး တိုးစဉ်က တစ်ကြိမ်၊ ၁၀ နှစ် ပြည့် စတင် လျှောက်လွှာတင်သော အခါ တစ်ကြိမ်နှင့် အထောက်အထား အပြည့်အစုံ တင်ပြပြီး ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေ ပုဒ်မ ၇ (က) နှင့် အကျုံးဝင်  ပြည့်စုံပြီးနောက် တတိယ အကြိမ် သွားရောက်ခဲ့ရပါသည်။
    (၂) မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး။
    (၃) စီမံကိန်းရေးဆွဲရေး ဦးစီးဌာန။
    မှတ်ချက်။    ။ စီမံကိန်းရေးဆွဲရေးဌာန အနေဖြင့် ရဲစခန်းတွင် ပြစ်မှု ကင်းစင်ကြောင်း ထောက်ခံစာ အရင် လက်မှတ် ရေးထိုး ပြီးမှသာ ထောက်ခံပေးမည် ဖြစ်ကြောင်းပြောဆိုရာ ၁၀ နှစ်အရွယ် ကလေးတွင် ပြစ်မှု တစ်စုံ တစ်ရာ ရှိလျှင် နိုင်ငံသား ဖြစ်ခွင့် ကုန်းဆုံးသွားမည့် သဖွယ် ဖြစ်နေပါသည်။
    (၄) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး။
    (၅) မြို့နယ်အုပ်ချုပ်ရေးမှူးရုံး။
    (၆) လူဝင်ကြီးကြပ်ရေး ဦးစီးဌာန
    ဆက်လက်၍  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂) ခုကို ကိုးကား ကြည့်ပါဦးမည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၈
    ————————–
    နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုး ကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား အမျိုးသမီး၊ ဆင်းရဲချမ်းသာ တို့ကို အ ကြောင်းပြု၍ ခွဲခြားမှု မရှိစေရ၊
    အထက်ပါ ပုဒ်မ ၃၄၈ အရ ပုဒ်မ ၃၄၅ တွင် နိုင်ငံသားအဖြစ် ပြဌာန်းထားသော (က) နိုင်ငံသားများနှင့် (ခ) ဥပဒေအရ နိုင်ငံသားများအကြား၊ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်နိုင်ငံသားများနှင့် အစ္စလာမ်ဘာသာဝင် နိုင်ငံသားများအကြား ခွဲခြား ဆက်ဆံရေး စကားလုံးတစ်ခု ဖြစ်သော (သွေးနှော) ကို ဖျက်သိမ်း ပြစ်သင့် သည်။
    .
    မှတ်ချက်။    ။ ယခုအခါသည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်ရန် ဆိုင်းပြင်းနေသည့် ကာလဖြစ်သဖြင့် အထက်ပါပုဒ်မ ၃၄၈ တွင် (ဆင်းရဲ ချမ်းသာ၊ သွေးနှောခြင်း စသည်တို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ) ဟု ပြင်ဆင်ဖြည့်စွက် ရေးသားမည် ဆိုလျှင် ဤကဲ့သို့ သွေးနှော (ကပြား) များကို ခွဲခြားဆက်ဆံသည့် နည်းဥပဒေ နှင့်လုပ်ထုံး လုပ်နည်းများ ပြဌာန်းခြင်း အလေ့ကို ကာကွယ်နိုင်ပါလိမ့်မည်။ သို့မဟုတ် မြန်မာစာ အဘိဓာန်တွင် မပါသော (သွေးနှော) စကားလုံးသုံးစွဲ နေခြင်းကို ပယ်ဖျက်ပြစ်မှသာ ၂၀၀၈ ဖွဲ့စည်းပုံ အသက်ဝင်လာမည် ဖြစ်သည်။

    2008
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၁ (က)
    ———————————-
    နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမှု အခွင့် အရေး၊ လွတ်လပ်မှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိစေရမည်။
    .
    အထက်ပါ ပုဒ်မ ၃၄၈ နှင့် ပုဒ်မ ၂၁ (က) တို့ကို လေ့လာခြင်းဖြင့် ယခုကဲ့သို့ တိုင်းရင်းသား မိဘ တစ်ဦး ဦးက နိုင်ငံခြားသား (ဘာသာခြား) အိမ်ထောင်ဖက်ကို ရွေးချယ်ခဲ့သော အပြစ်အတွက် မိမိ၏ မိဘ နှစ်ပါးကို ရွေးချယ်ခွင့် မရှိကြသော သွေးနှော သားသမီးများကို အရေးယူသည့် ပုံစံဖြင့် နည်းဥဒေများ ပြဌာန်းနေခြင်း သည် ဖွဲ့စည်းပုံနှင့် လုံးဝ ဆန့်ကျင် နေပါသဖြင့် လက်ရှိကျင့်သုံးနေသော လူဝင်မှုဝင်မှု ကြီးကြပ် ရေးဌာန၏ လုပ်ထုံးလုပ်နည်းများသည် တရား မဝင်ကြောင်း အောက်ပါ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂ ခုကို ဆက်လက် လေ့လာ ကြည့်စေချင်ပါသည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၉၈ (က)
    ——————————
    လွှတ်တော် အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီး အဖွဲ့များက ပြဌာန်းသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။
    .
    (က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ပြဌာန်းလိုက်သည့် ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲ ဥပဒေ တရပ်ရပ်သည်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ  အခြေခံ ဥပဒေပါ အတိုင်း လိုက်နာ ကျင့်သုံးရမည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၉
    ——————————
    ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတော် အတွင်းရှိ ဥပဒေ အားလုံး၏ အခြေခံ ဥပဒေ ဖြစ်သည်။
    .
    ထို့ကြောင့် ဥပဒေတကာတို့၏ အချုပ်ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည့် လူဝင်ကြီးကြပ် ရေး ဝန်ကြီးဌာန၏ အပြစ်မဲ့ (innocent) သွေးနှော များကို ခွဲခြားဆက်ဆံသည့် လုပ်ထုံးလုပ်နည်းများနှင့် လွတ် လပ်စွာ ဘွဲ့လွန် ပညာသင်ခွင့် ပိတ်ပင် ထားခြင်းများကို အမြန်ဆုံး ရပ်တန့်မှသာ ပြည်တွင်းရှိ လူ့စွမ်းအား အရင်း အမြစ်များကို မပြုံးတီးစေဘဲ သမ္မတ ကြီး၏ တတိယလှိုင်း (Third wave) သည် အောင်မြင်နိုင်မည် ဖြစ်သည်။
    .
    တစ်ကယ်တော့ လူဝင်မှု ကြီးကြပ်ရေးဌာန၏ ခွဲခြား ဆက်ဆံမှုသည်ကျွန်တော် ဆေးကျောင်းတက်စဉ် ကာလ၊ ၁၉၇၄ ဖွဲ့စည်း ပုံနှင့် အုပ်ချုပ်စဉ် ကပင် စတင်ခဲ့ ပါသည်။ ဆေးကျောင်းတက်စဉ်ကာလ တစ်လျှောက် လုံး တစ်တန်း အောင်လျှင် တစ်ခါ လူဝင်မှု ကြီးကြပ်ရေး ဌာန၏ စစ်ဆေးမှုကို ခံရပြီးမှ နိုင်ငံသား ဒေါင်ဒေါင်မြည် ဖြစ်သော ကြောင့် ဆရာဝန်ဘွဲ့ ပေးအပ်ခြင်းကို ခံခဲ့ရ ပါသည်။ အခြား ကျောင်းနေဖက် အတန်းဖေါ် သူငယ်ချင်း များ အစစ် မခံရဘဲ ကျနော်နှင့် အခြား ၃၅ ဦးခန့် အစစ်ခံရသည်မှာ သွေးနှော/တရုတ်ဖြစ်နေသော ကြောင့်ဟု ဆိုပါ သည်။
    .
    ဤနေရာတွင် ထောက်ပြလိုသော အချက်တစ်ခုမှာ ဗမာ စစ်စစ် မိခင်မှ မွေးဖွားလာသော ကျနော်ကို သွေးနှောဖြစ်သည် ဟုဆိုကာ ဆေးကျောင်းတွင် မကြာခဏ အစစ်ဆေး ခံရရုံမျှမက ဘွဲ့ရပြီးနောက် ဘွဲ့လွန် သင်တန်း များကိုပါ တက်ခွင့် မပြုသော်လည်း နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားလာသော ကျောင်းသား တစ် ဦးမှာမူ တိုင်းရင်းသား မိဘနှစ်ပါး၏ တရားဝင် စာချုပ်စာတန်းဖြင့် မွေးစားခြင်းကို ခံယူပြီးနောက် မွေးစား မိဘ များ၏ မှတ်ပုံတင် နံပါတ်များ ဖြည့်သွင်း ပြီးကျောင်းအပ်ရာ ဆေးကျောင်းတွင် တစ်ခါဘူးမျှ အစစ်မခံရရုံမက ဘွဲ့ရပြီးနောက် ဘွဲ့လွန်သင်တန်းများကိုပါ တက်ခွင့်ရပြီး အထူးကု ဖြစ်နေလေသည်။ မသိသူကျော်သွား သိသူ ဖေါ်စား လူဝင်မှု ကြီးကြပ်ရေး ဥပဒေဟုပင် ဆိုချင်ပါတော့သည်။
    .
    တဖန် လောဂျစ်နည်းဖြင့် စဉ်းစားကြည့်ပါဦးမည်။ မြန်မာစစ်စစ် ကျနော့် မိခင်နှင့် နိုင်ငံခြားသား လက် မှတ်ကိုင် မြန်မာပြည်ပေါက် ကျနော့်ဖခင်တို့ လွန် ခဲ့သော အနှစ် ၈၀ ခန့်က ၎င်းတို့၏ လွတ်လပ်သော သဘော ဆန္ဒအရ အကြောင်းပါ လက်ထပ်ခဲ့ခြင်းကြောင့် သွေးနှောအဖြစ် မွေးဖွားလာသော အပြစ်မဲ့ (innocent) ကျနော့်မှာ အပြစ် ရှိပါသလား။ ယခု ကျနော်သာမက ကျနော်မျိုးဆက်ထိ ကိုယ်တိုင်မကျူးလွန်သော အပြစ် အတွက် အပြစ်ပေး ခံနေရလေသည်။ ဥပဒေရေးဆွဲနေကြသော ဥပဒေပညာရှင်များ စဉ်းစားကြလေကုန်။
    .
    ထို့အပြင် မြန်မာ့အမွေစီမံခန့်ခွဲမှု ဥပဒေအရ ကျနော့် မြန်မာမိခင်ထံမှ အမွေဆက်ခံခဲ့သော မြန်မာ နိုင်ငံတော်တွင်း မှီတင်း နေထိုင်ခွင့်၊ ခံစားခွင့်များကို ကန့်ကွက်၊ ဟန့်တား၊ ခွဲခြား ဆက်ဆံ နေ သည့် ဥပဒေ၊ နည်း ဥပဒေများကို မည်သည့် လွှတ်တော် ကိုယ်စားလှယ်မျှ ထောက်ခံမဲလည်း မပေးသင့်သလို မည်သည့် ဥပဒေ ပညာရှင်မျှ မတရားသော ဥပဒေများကို ရေးဆွဲ မပေးသင့်ပါ။ ဥပဒေတစ်ရပ်သည်လည်းကောင်း၊ နည်း ဥပဒေ တစ်ရပ်သည်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများသည်လည်းကောင်း  ဥပဒေ တကာတို့၏ အချုပ် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ နိင်ငံသားတိုင်းအတွက် တရား မျှတမှု ရှိရပါလိမ့်မည်။
    .
    ထို့အတူ နိုင်ငံသားသွေးနှောများသည် ရွေးကောက်ပွဲများတွင် မဲပေးခွင့် ရှိသော်လည်း ကိုယ်တိုင် ရွေး ကောက်ခံခွင့် မရှိခြင်းသည်လည်း နိုင်ငံရေးသင်းသတ်ခြင်း (Politicide) တစ်မျိုးဖြစ်၍ အနာဂတ် နိုင်ငံတော်တွင် (all inclusive) အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်မည်ဆိုသော သမ္မတကြီး၏ ရည်မှန်းချက်ကို ထိခိုက်နိုင်ရုံမျှ မက ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၇၊ ၂၁ (က)  တို့နှင့် ဆန့်ကျင်ဖက် ဖြစ်နေမည် ဖြစ်ကြောင်း တင်ပြ အပ်ပါ သည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၇
    —————————–
    နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ ဟုဆို၏။
    .
    မြန်မာနိုင်ငံ စစ်မှုထမ်း ဥပဒေ အရ သွေးနှောများလည်း မလွဲမသွေ စစ်မှုထမ်းရမည် ဖြစ်သောကြောင့် နိုင်ငံသား သွေးနှောများအား ဘွဲ့လွန်ပညာ သင်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များကို အခြား နိုင်ငံသားများနည်း တူ ရယူ ခံစား ပိုင်ခွင့် ပေးသင့်ပါသည်။ သွေးနှော ကလေးငယ်များ၏ အနာဂတ်ကို လှပ စေခြင်းသည် တိုင်းပြည် ၏ အနာဂတ်ကို လှပစေခြင်းသာဖြစ်သည်။
    .
    အပြန်အလှန်၊ အနုလုံ ပဋိလုံ စဉ်းစား ကြည့်ပါဦးမည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံသား သွေးနှောက လေးငယ်များ၏ အနာဂတ်ကို အနှစ် ၅၀ ကျော်ခန့် ဖျက်ဆီးခြင်း၊ အရုပ်ဆိုး အကြည်းတန်စေခြင်းတို့မှ တဆင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို မလှ၊ မပ ဖြစ်စေခဲ့သည့် လွဲမှားသော စီမံခန့်ခွဲမှုများကြောင့် မြန်မာ နိုင်ငံသည် အ ဆင်း ရဲဆုံး နိုင်ငံဘဝ သက်ဆင်းခဲ့ရုံမျှမက ယနေ့ လက်ရှိ အနေအထားကို ကြည့်လျှင်လည်း အီသီယိုးပီးယား နိုင်ငံ ထက်ပင် ဖွဲ့ဖြိုးတိုးတက်မှုတွင် နိမ့်ကျနေသည်မှာ မြန်မာနိုင်ငံ၏ လက်တွေ့ ခါးသီးသော အတွေ့ အကြုံပင် မဟုတ်ပါလား။

    24
    .
    (သွေးနှော) ဟူသည့် အိုးမဲသုတ် စကားလုံးကို ဆန့်ကျင်ကြစို့။
    ————————————————————–
    တကယ်တော့ သွေးနှောခြင်း၊ မနှောခြင်းသည် ဥပဒေနှင့် မဆိုင်သော ကိုယ်ရေးကိုယ်တာ (personal) သာဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း သည်သာ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွင် အလေးထားသင့်သည်။ ယခု အခါ လူဝင်မှုကြီးကြပ်ရေးဌာန၏ သွေးနှော စားလုံးကို တွင်တွင်ကြီးသုံးစွဲနေခြင်းမှာ နိုင်ငံသားများ အကြား ခွဲခြားဆက်ဆံနိုင်စေရန်သာ ရည်ရွယ်ကြောင်း သိသာပါသည်။
    .
    အိန္ဒိယပြည်ရှိ သီပေါမင်း၏ ဆွေတော် မျိုးတော်များ အကြောင်းရေးသားထားသော စာအုပ်တွင်  သွေး နှော ဟူသည် မျိုးမစစ်ဟုသော အဓိပ္ပါယ်လည်း သက်ရောက်ပါသဖြင့် အထူးသဖြင့် ဘာသာခြားများကို နှိမ်ခေါ် ခြင်းသာဖြစ်သည်။ ပညာရေး ဝန်ကြီးဌာန မြန်မာစာ အဖွဲ့ ဦးစီး ဌာနက ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေသည့် မြန်မာ စာ အဘိဓာန်တွင်လည်း လုံးဝ မပါရှိသည့်အပြင် အဓိပ္ပါယ် ဖွင့်ဆိုချက်လည်း တိတိကျကျ မရှိသော သွေးနှော ဟူသည့် စကားလုံးကို အသစ်တီထွင်ပြီး သုံးဆွဲနေခြင်းသာဖြစ်၍ ကျွန်ုပ်တို့ စုစည်းညီညွတ်စွာ ဆန့်ကျင် ကြရ မည်။
    .
    အနှိမ်ခံ ပြည်သူများ အသုံးပြုသင့်သည့် နည်းဗျူဟာများ။
    ——————————————————–
    (၁) မြန်မာ အဘိဓာန်နှင့် မြန်မာ စကားတွင် သွေးနှော ဟူသော စကားလုံး (လုံးဝ) မပါရှိကြောင်း မှတ်ပုံတင်ရုံး ဝန်ထမ်းများကို ပြောပြကြပါ။ အဓိပ္ပါယ်ကို ရှင်းပြခိုင်းပါ။
    (၂) မျိုးမစစ်ဟု အဓိပ္ပါယ်ရသည့် အပြင် မိဘများကို နာမ်နှိမ်၍ ခေါ်သော စကားလုံးတစ်ခု ဖြစ်သည့် အတွက် ကျွန်ုပ်တို့ မုန်းတီးကြောင်း၊ မကြိုက်ကြောင်း၊ အပြင်းအထန် ဆန့်ကျင် ကြောင်း ထုတ်ဖေါ် ပြောဆိုကြပါ။
    (၃) လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများအားများအား မိမိရှေ့တွင် သွေးနှောစကားလုံးကို မပြောရန် တောင်းဆိုထားကြပါ။ ဗမာစကားတွင် လုံးဝမရှိသည့်အပြင် ကိုယ်ရေးကိုယ်တာ (Personal) ကို ထိခိုက် စေသော စကားလုံးဖြစ်၍ မိမိရှေ့တွင် မသုံးနှုံးရန် ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုထားပါ။
    (၄) လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်များ တွေ့ဆုံချိန်တွင်လည်း လူဝင်မှုကြီးကြပ်ရေး လုပ်ထုံး လုပ်နည်း များတွင် သုံးနှုံးထားသော အိမ်ကြက်ခြင်း အိုးမဲသုတ် စကားလုံး တစ်ခုဖြစ်သည့် (သွေးနှော) ဆိုသည့် စကားလုံးကို ဖျက်သိမ်းပေးဖို့ မဲဆန္ဒရှင်များ အနေဖြင့် တောင်းဆို သင့်ကြပါသည်။
    (၅) သွေးနှော ဟု မိမိအား နှိမ့်ချ ခေါ်ဝေါသည်ကို ခေါင်းငုံခံမနေကြဘဲ တနည်းနည်းဖြင့် မဖြစ်မနေ ဆန့်ကျင်ကန့်ကွက် ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ဥပမာအားဖြင့် မိမိအား သွေးနှော ဟု အခေါ်ခံရပါက မျိုးမစစ်ဟု မျက်နှာ ပြုံးပြုံးလေးဖြင့် ပြန်ခေါ်ပေးလိုက်ပါ။
    (၆) အထက်တွင် ဖေါ်ပြခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၄၈)အရလည်း နိုင်ငံသားများ အကြား ခွဲခြားရေး ကရိယာဖြစ်သော သွေးနှောကို သုံးစွဲခွင့် မရှိကြောင်း လက်ဆင့်ကမ်း သတင်းဖြန့်ဝေ ပေးကြပါ ဟုတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
    .Myanmar Dictionary (2)
    မှတ်ပုံတင် ခုံရုံး (Citizenship Tribunal of the Union) ဖွဲ့ပေးပါ။
    —————————————————————
    လိုအပ်သော အထောက်အထား အပြည့်အစုံကို မည်သို့ပင်တင်ပြစေကာမူ အထက်အမိန့်ရ သွေးနှော တံဆိပ်ကပ် ထားသော နိုင်ငံသား မွတ်စလင် များ၏ အမှုတွဲ များကို တိုင်းအထိ စိစစ်ပြီးမှ ထုတ်ပေးပါမည် ဆို သော စကားတစ်ခွန်းဖြင့် ခွဲခြားဆက်ဆံ၊ အချိန်ဆွဲ ဆိုင်းငံ့ထားလေ့ ရှိပါသည်။
    .
    ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် မှတ်ပုံတင်များ လျှောက်ထားရာတွင် လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်း များ၏ မသမာမှု၊ အချိန်ဆွဲမှုများ ရှိပါက တရားရုံးများသို့ အထောက်အထားအခိုင်အလုံ တင်ပြလျှောက်ထား လျှင် မှတ်ပုံတင် ထုတ်ပေးမိန့်အား တရားရုံးများက ချပေးခွင့်ရှိသည်ဟု နိုင်ငံသားပြုမှု ဥပဒေတွင် ထည့် သွင်း ပြဌာန်း ပေးမည် ဆိုလျှင်ကောင်းလေစွ။ ဖွဲ့စည်းပုံခုံရုံး ဖွဲ့ပေးသကဲ့သို့ မှတ်ပုံတင် (နိုင်ငံသား)  ခုံရုံး ကို ဖွဲ့ပေး စေလိုခြင်း ဖြစ်၏။ သို့မှသာ အသွင်ပြောင်းကာလတွင် ခွဲခြားဆက်ဆံမှု ကင်းသွားပေလိမ့်မည်။
    .
    နောက်ဆုံး သတင်းစကားပေးလိုသည်မှာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ အနေဖြင့်လည်း လူဝင်မှု ကြီးကြပ်ရေးဌာန စားပေါက် အတွက် မွေးစားထားသော ဝါဟာရ တစ်ခု ဖြစ်သည့် သွေးနှော ဝေါဟာရကို ဌာနတွင်း မသုံးရန် တာမြစ်ပေးပါ၊ အစ္စလာမ် ဘာသာဝင်များကို သွေးနှောဟု ပစ်ညတ်ကာ ဗုဒ္ဓဘာသာဝင် နိုင်ငံသားများနှင့် အစ္စလာမ် ဘာသာဝင် နိုင်ငံသား များအကြေား ခွဲခြား ဆက်ဆံ နေခြင်းအား ရပ်တန့်ပြီး နိုင်ငံသား ပြည်သူများကို စိတ်ချမ်းသာခွင့် ပေးသင့် ပါပြီ။

    အဘယ်ကြောင့်ဆိုသော် ၂၀၁၄ နှစ်ကုန်ပိုင်းက အထောက်အထား ပြည့်စုံသော အမှုတွဲကို  တင်ထား ပြီးဖြစ် သော်လည်း ယခု ၂၀၁၅ ဘတ်ဂျက်ကာလ ကုန်ဆုံးပြီး ရပ်ကွက်အတွင်း မိုးပွင့် စီမံချက် ဆင်းသည် မေလ အထိ ၁၀ နှစ်ပြည့် မှတ်ပုံတင် မရသေးသောကြောင့် ဖြစ်ပါသည်။
    .
    မြန်မာနိုင်ငံသား ကလေးငယ်တိုင်း၏ အနာဂတ်လှပစေခြင်းမှတဆင့် နိုင်ငံ၏ အနာဂတ် လှပစေရန် ရည်ရွယ်ရေးသားပါသည်။

    လေးစားစွာဖြင့်၊
    မောင်သမာဓိ

    ဆက်စပ် သတင်း ဆောင်းပါးများ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/tag/1982-citizenship-law

  • စည်သူအောင်မြင့် – “၀ိဘဇ္ဇ ပဲ့တင်သံ ”

    စည်သူအောင်မြင့် – “၀ိဘဇ္ဇ ပဲ့တင်သံ ”

    စည်သူအောင်မြင့်
    မြန်မာတိုင်းမ် ဂျာနယ်၊ ၂၉-၄-၁၅။

    11249160_420980881418051_4700072899996279586_n
    .
    ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ရန်ကုန် ဗိုလ်အောင်ကျော်လမ်း၊ Home ခန်းမမှာ အလွန်ထူးခြားတဲ့ စာအုပ် မိတ်ဆက်ပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ စာအုပ်နာမည်က “ ၀ိဘဇ္ဇ ပဲ့တင်သံ” ဖြစ်ပြီး စာအုပ်ကို မိတ်ဆက်ကြတာကလည်း ဆရာတော်၊ သံဃာတော်တွေချည်း ဖြစ်နေလို့ပါပဲ။ လက်ရှိ မြန်မာနိုင်ငံထဲမှာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန်၊ ဘုန်းတော်ကြီးတစ်ချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့က ဘာသာခြား အမုန်းတရား ဖြန့်ဖြူးနေကြချိန်၊ အေးမြငြိမ်းချမ်းတဲ့ မြတ်ဗုဒ္ဓ သာသနာဟာလည်း နိုင်ငံတကာ့ အလည်မှာ အထည်အမြင်လွဲ ခံနေရချိန် ခုလို စာအုပ် ထွက်ပေါ်လာတာပါ။ ဒီ စာအုပ် ဘယ်လို ဖြစ်ပေါ်လာသလဲ၊ ဘယ်သူတွေ က ဘာအကြောင်းအရာတွေ ပါဝင်ရေးသားကြသလဲ၊ ဘာတွေထူးခြားမှု ရှိသလဲဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

    ယနေ့ နာမည်ကျော်ပါတယ် ဆိုတဲ့ မဘသ ထဲက ဆရာတော်ဟာ ဒေ၀ဒတ်လောက် နာမည်ကျော်လို့လား။ ဒေ၀ဒတ်လောက် ဈာန် အဘိဥာဏ်တွေ ရကြလို့လား။ ဈာန်အဘိဥာဏ်ရမှုနဲ့ ကြော်ကြားမှု တစ်ခုတည်းကိုပဲ ကြည့်ပြီး လိုက်သွားတဲ့၊ သောတာပန် ဖြစ်နိုင်လောက်အောင် ပါရမီ ပါလာတဲ့ အဇာသသတ်ဟာ သူ့အဖေကို သတ်မိသည်အထိ လမ်းမှားသွားတာ သူ့ရဲ့ သန္တာန်မှာ ၀ိဘဇ္ဇဥာဏ် မရှိလို့ပဲ သူငယ်ချင်း၊ ဒါကြောင့် ငါကတော့ မဘသ အဖွဲ့ကြီးထဲကို လုံးဝ လုံးဝ မ၀င်ရေးချ မ၀င်ပဲ သူငယ်ချင်းရေ”

    .ဒီစာအုပ် ဖြစ်မြောက်လာရေးအတွက် ကနဦး ကမကထ ပြုလုပ်ခဲ့တဲ့ သံဃာတော် နှစ်ပါးကတော့ အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတော်မူတဲ့ ဆရာတော်ဦးဇ၀န နဲ့ ဂျာမဏီနိုင်ငံမှာ သီတင်းသုံးတဲ့ ဆရာတော် ဦးရာဇိက တို့ပဲ ဖြစ်ပါတယ်။ ဆရာတော်တွေ စဉ်းစားမိကြတာက ၂၀၀၇ သံဃာ့အရေးအခင်း ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းက မြန်မာနိုင်ငံက ရဟန်းသံဃာတွေဟာ ဖိနှိပ်ခံနေရပြီး၊ ဆင်းရဲမွဲတေနေတဲ့ ပြည်သူလူထု ဘက်က မားမားမတ်မတ် ရပ်ကာ၊ အကြမ်းမဖက် ငြိမ်းချမ်းတဲ့ နည်းနဲ့ အစိုးရကို ဆန္ဒပြခဲ့ကြကြောင်း၊ နေပူ မိုးရွာကြီးထဲမှာ ဖိနပ်မပါ၊ ထီးမပါ မေတ္တာပို့ လမ်းလျောက် ကြွချီကြတဲ့ သံဃာတော်တွေရဲ့ ပုံရိပ်ကို မြင်ကြရတဲ့ နိုင်ငံတကာ မိသားစုဟာ မေတ္တာဂရုဏာ သက်ခဲ့ကြတဲ့အကြောင်း၊ ဗုဒ္ဓသာသနာရဲ့ ပုံရိပ်ဟာ ကမ္ဘာ့အလည်မှာ တင့်တယ်ခဲ့ကြောင်း၊ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာ၊ အဲဒီ ပဋိပက္ခထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့က ပုံစံမျိုးစုံနဲ့ ပါဝင်ပါတ်သက်မှုတွေ ရှိလာတော့ ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာ ပုံရိပ် ညှိးနွမ်း ညစ်ထေး ခဲ့ရကြောင်း၊ ဒါကြောင့် ပုံရိပ်ကောင်း ပြန်ထင်ဟပ်နိုင်ဖို့၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့ တကယ့် တရားစစ်တရားမှန် ပြန်ပြီး ထွန်းကားလာစေဖို့ ဒီ “ ၀ိဘဇ္ဇ ပဲ့တင်သံ” ဆိုတဲ့ စာအုပ် ရေးသား ပြုစု ထုတ်ဝေဖို့ လုပ်ကိုင်ခဲ့ကြတာ ဆိုပြီး ဘ၀အလင်း ဆရာတော်က မိတ်ဆက်ပွဲမှာ မိန့်ပါတယ်။
    .
    ဒီစာအုပ်ထဲ ပါဝင်ရေးသားခဲ့တဲ့ ဆရာတော် သံဃာတော်တွေကတော့ မြ၀တီမင်းကြီး ဆရာတော်၊ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၊ သန္တိသုခ ဆရာတော်(ဒါးက)၊ ကံထွန်းသစ်၊ ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ၊ အရှင်ဇ၀န၊ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)၊ သစ္စာနွယ်(ကျောက်တိုင်)၊ သားအေးည၊ အရှင် ဓမ္မိသာရ၊ ကိုသစ် (သီတဂူ)၊ ဓမ္မဂ္ဂင်္ါ၊ အရှင်ထာဝရ၊ ဦးသောဘိတ (ဘ၀အလင်း)၊ ဘုန်းဘုန်း ဦးကောဝိဒ၊ အရှင်ဓမ္မ- ဒေလီ၊ အရှင်ရာဟုလာ (မစိုးရိမ်)၊ အရှင်သံဝရာ လင်္ကာရ၊ အဝေရာမောင်၊ ဦးရာဝိက၊ အရှင်စန္ဒိမာ (မွန်စိန်တောရ)၊ အရှင်နိယာမ (အောင်သာဝတီ)၊ အရှင်ညာဏိန် (မစိုးရိမ်)၊ အရှင်နန္ဒမာလာ (မာဂဓ တက္ကသိုလ်)၊ မိုးသု (မန္တလေး)၊ ၀တီနွယ် တို့ဖြစ်ကြပါတယ်။ စုစုပေါင်း ဆရာတော် သံဃာတော် ၂၆ ပါးရဲ့ စာတွေပါ။
    .
    စာအုပ်ထဲ ရေးသားထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြရရင် မဘသ အဖွဲ့နဲ့ ပတ်သက်ပြီး ဆရာတော် အရှင် ဇ၀န က “ မဘသ တို့ဇ။် အမျိုးစောင့်ဥပဒေသည် အမျိုးစောင့်ရာ မရောက်ပဲ တိုင်းပြည်ပျက်ဖို့ လှုံ့ဆော်နေသလို ဖြစ်နေတော့သည်။ တိုင်းရင်းသားတို့ဇ။် (ဗမာ) မြန်မာ များအပေါ် သံသယက ပြည်တွင်းစစ်မီးဇ။် မူလ အကြောင်းဖြစ်သည်။ တိုင်းရင်းသားတို့ဇ။် သံသယကို ပိုမို ခိုင်မာစေမည် ဖြစ်သော ဥပဒေ ”။ “ ဘာသာရေးနှင့် နိုင်ငံရေးကို မရောထွေးပါနှင့်ဟု ခေတ်အဆက်ဆက်က အုပ်စိုးသူတွေ လက်ကိုင်ပြု ပြောကြားခဲ့ကြသည်။ သူတို့တွေပင် ဘာသာရေးကို အသုံးချပြီး လူတွေကို စည်းရုံးကြပြန်သည်။ အထူးသဖြင့် စစ်အာဏာရှင်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှု အများဆုံးဟု ဆိုရမည်” ဆိုပြီး ရေးသားခဲ့ပါတယ်။ (စာ- ၄၅)
    .
    မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကတော့ “ ဒို့ဘုရားရဲ့ ၀ါဒဟာ အမှားအမှန်တွေကို ဥာဏ်ပညာနဲ့ သေခြာပိုင်းခြား စိစစ်ပြီးမှ လက်ခံတဲ့ ၀ိဘဇ္ဇ၀ါဒ ဖြစ်တယ်၊ ဘယ်ဆရာတော်ကြီးမို့လို့ ဘိဝံသ ဘွဲ့တွေရလို့ စာတတ်ပေတတ် အကျော်အမော်ဖြစ်လို့ မှားမှားမှန်မှန် မျက်စေ့စုံမှိတ် လက်ခံရမယ် ဆိုတဲ့ ၀ါဒ မဟုတ်ဘူး။ ယနေ့ နာမည်ကျော်ပါတယ် ဆိုတဲ့ မဘသ ထဲက ဆရာတော်ဟာ ဒေ၀ဒတ်လောက် နာမည်ကျော်လို့လား။ ဒေ၀ဒတ်လောက် ဈာန်အဘိဥာဏ်တွေ ရကြလို့လား။ ဈာန်အဘိဥာဏ်ရမှုနဲ့ ကြော်ကြားမှု တစ်ခုတည်းကိုပဲ ကြည့်ပြီး လိုက်သွားတဲ့၊ သောတာပန် ဖြစ်နိုင်လောက်အောင် ပါရမီ ပါလာတဲ့ အဇာသသတ်ဟာ သူ့အဖေကို သတ်မိသည်အထိ လမ်းမှားသွားတာ သူ့ရဲ့ သန္တာန်မှာ ၀ိဘဇ္ဇဥာဏ် မရှိလို့ပဲ သူငယ်ချင်း၊ ဒါကြောင့် ငါကတော့ မဘသ အဖွဲ့ကြီးထဲကို လုံးဝ လုံးဝ မ၀င်ရေးချ မ၀င်ပဲ သူငယ်ချင်းရေ” လို့ ရေးသားထားပါတယ်။ (စာ-၅၅)
    .
    ဆရာတော် ဦးရာဝိက ကတော့ “ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းဟာ မိမိကိုယ်မှာ ဗုံးပတ်ပြီး အသေခံ ဗုံးခွဲသူများနဲ့ မဖွဲ့စည်းစေချင်ဘူး။ ဗုဒ္ဓဘာသာကို အထူးအခွင့်အရေးပေးရမယ်လို့ အစိုးရကို အကြပ်မကိုင်ရဘူး။ မဲရအောင် မဘသ ကို ထောက်ခံကြလို့ မပြောဟောဘူး။ ငါတို့ကို မထောက်ခံရင် နာပြီသာမှတ်လို့ မခြိမ်းခြောက်ဘူး။ ဗုဒ္ဓဘာသာဆိုတာ အင်မတန်မှ သိမ်မွေ့နူးညံ့တယ်။” လို့ဆိုပါတယ်။ (စာ-၁၄၁)
    .
    ဒါတွေကတော့ စာမြည်း နမူနာလောက်ပါ။ စာအုပ်ထဲမှာ ဆရာတော်၊ သံဃာတော်တွေ ရေးထားတဲ့ အခြားသော ဖတ်စရာ မှတ်စရာ၊ မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်အလက် များစွာ ပါပါတယ်။ အခြားတစ်ဖက် လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေကို ပြန်ကြည့်လိုက်ရင် ဘာသာခြား အမုန်းတရား ဖြန့်ဖြူးမှု အရှိန်အဟုန် ကောင်းနေဆဲပါ။ ဘွဲ့ရ ပညာတတ် ဘုန်းတော်ကြီးတစ်ချို့ဟာ တရားပွဲတွေမှာ ဘာသာခြား မုန်းတီးရေး ပြောင်ပြောင်တင်းတင်း ဟောပြောနေကြသလို၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ နွေရာသီ ကလေး တရားစခန်းလို နေရာမျိုးမှာတောင် ကလေးသူငယ်တွေ မကြည့်အပ်၊ မမြင်အပ်တဲ့ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ထားတဲ့ ဗီနိုင်း ပိုစတာကြီးတွေ ချပြပြီး ဘာသာခြား မုန်းတီးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာ တွေ့မြင်ကြရပါတယ်။
    .
    အဲလို ဘာသာခြား အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ကြသလို၊ သူတို့လက်ထဲမှာ အပတ်စဉ် ဂျာနယ် ထုတ်ဝေတာ အပြင် လုံးချင်းစာအုပ် ထုတ်ဝေမှုကအစ မီဒီယာ တစ်ချို့ကို အသုံးပြု လုပ်ကိုင်နေ တာလည်း တွေ့ကြ ရပါတယ်။ အခု ၀ိဘဇ္ဇ ပဲ့တင်သံ စာအုပ်ကတော့ ဆရာတော် သံဃာတော် အပါး နှစ်ကျိပ်ကျော်ရဲ့ ဆောင်းပါးတွေကို ပထမ ဦးဆုံးအကြိမ် စုစည်းထားတာ ဖြစ်လေတော့ ရှိနေနှင့်ပြီးသား အစွန်းရောက် အမုန်းတရားတွေကို ဘယ်လောက် ဖေါက်ထွင်းနိုင်မလဲ၊ ဘယ်လောက် ကျယ်ပြန့်လေမလဲ မမှန်းဆနိုင်သေးပါဘူး။
    .
    တကယ်တော့ မြန်မာနိုင်ငံမှာ အစွန်းရောက် ၀ါဒ ခြေချစ ပြုလာတဲ့ဆီမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ချို့ ပါဝင်ပတ်သက်နေသလို၊ စစ်မှန်တဲ့ ဗုဒ္ဓရဲ့ ၀ိဘဇ္ဇ၀ါဒ ထွန်းကားလာရေးမှာလည်း ဆရာတော် သံဃာတော်တွေကပဲ အဓိက စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခု စာအုပ်ကိုတော့ ဆရာတော် ဦးကောဝိဒ က အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာမှာ ဖြန့်ဝေဖို့ အစီအစဉ် ရှိတယ်လို့လည်း ဆိုပါတယ်။ တကယ့်တကယ် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဗုဒ္ဓရဲ့ တရားတော်တွေ ထွန်းကားလာဖို့၊ အစွန်းရောက် ၀ါဒတွေကို ထိထိရောက်ရောက် ဟန့်တား တိုက်ဖျက်နိုင်ဖို့ ဆိုတာဟာ နိုင်ငံတကာ မိသားစု အမြင်ကောင်းလာရေးထက် ပိုပြီး အရေးကြီးနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    https://www.facebook.com/sithu.aungmyint/posts/420980881418051:0

  • ယုံကြည်မှုရှိရအောင်

    ယုံကြည်မှုရှိရအောင်

    မေ ၆ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    confidence
    နေ့စဉ်ဘဝမှာ လူတိုင်းလိုလို အသက်မွေးဝမ်းကျောင်းတစ်ခုခုကို လုပ်နေကြတာမို့ လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် မဖြစ်မနေ ဆက်ဆံရပါတယ်။ လုပ်ငန်းသဘာဝအရ ငွေကြေးနှင့် ပတ်သက်ရတာရှိသလို အလုပ်တာဝန်ပိုင်းနှင့် ဆက်စပ်ရတာမျိုးတွေ ရှိပြန်တယ်။ အလုပ်လုပ်တယ်ဆိုရာမှာ ပထမအရွယ်ကို လွန်ခြောက်လို့ ဒုတိယအရွယ် (လူငယ် သို့မဟုတ် လူလတ်) ဘဝမှာ အားတက်သရော အပြိုင်အဆိုင်ဆိုသလို စီးပွားရှာကြသည်ပဲပေါ့။ ကိုယ့်အတွက်၊ ကိုယ့်ရဲ့အနာဂတ်စိတ်ကူးကို ပုံဖော်ဖို့ (ဆိုပါစို့ ဘဝလက်တွဲဖော်နှင့် အတူနေဖို့) ဒါ့အပြင် မိသားစုအတွက် ရည်သန်ပြီး ကျားကုတ်ကျားခဲကြိုးပမ်းကြတာ ယေဘုယျ သဘာဝ တစ်ခုပါပဲ။ အောင်မြင် တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က တူချင်တူပေမယ့် တကယ်တမ်းလက်တွေ့မှာ လူတိုင်း လူတိုင်းအောင်မြင် တိုးတက်ကြတာမျိုးချည်း မဟုတ်တာတော့ လက်တွေ့သိသာနိုင်ပါတယ်။ လောကဓံရဲ့ အထိုးအနှက်ကြောင့် ပျက်စီးဆုံးရှုံးရတာပါလို့ တချို့ကအကြောင်းပြရင်း စိတ်ဓာတ်တွေ ဖရိုဖရဲလွင့်စဉ်ခဲ့ရတယ်။

    ကံကြမ္မာကြောင့်ချည်း မဟုတ်ဘဲ လူကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်တဲ့ နည်းလမ်း မဟုတ်တာကြောင့် ဘဝမှာ နာလန်မထူနိုင်အောင် အလဲလဲအပြန်ပြန်ဖြစ်တာလည်း ရှိပြန်တယ်။ အဲဒါဘာကြောင့်များလဲ။ အဖြေကရှင်းပါတယ်။ မျက်စိတစ်ဆုံး အဝေးကြီးကို မြော်မြင်ဆင်ခြင်မှု မရှိဘဲ မျက်မွှေးတစ်ဆုံး ယာယီ ခရီး တိုတိုလေးလောက်ကိုပဲ ဦးစားပေးမိတာကြောင့်ပါပဲ။ တစ်နည်းပြောရရင် တစ်နပ်စား ဥာဏ်သုံးလို့ အညာအလှိုင်းတွေကြားမှာ ခဏယာယီစီးပွားတက်လိုက်သလိုရှိပေမယ့် ကိုယ့်ရဲ့အနာဂတ် ပျောက်ကွယ်သွားတာကိုတော့ ရေရှည်မှာကြုံဆုံရမှာ အသေအချာပါပဲ။ ကောင်းပြီ အခုလို ဆုံးရှုံးနစ်နာမှုမျိုးဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို စီစစ်ကြည့်ရင်တော့ ထင်ရှားသိသာနိုင်တာ တစ်ခုပဲရှိတယ်။ အဲဒါက “ယုံကြည်မှု”။ အမှန်ပါပဲ စီးပွားရှာကြည့်ရာမှာ အမြတ်နှင့်အရှုံးဆိုတာ ခွဲမရအောင်တတွဲတွဲကပ်ပါနေတာမျိုးလေ။

    ဒီတော့လုပ်ငန်းလုပ်ရင်းကိုင်ရင်းငွေကြေးဆုံးရှုံးသွားတာ သိပ်ပြီးဆန်းလှတယ်တော့ မဟုတ်ဘူးပေါ့။ ငွေမျောမှာတော့ လိုက်ရမှာက ငွေပဲလေ။ ငွေကြေးဆုံးရှုံးတာ ဆုံးရှုံးမှုတစ်ခုပဲလို့ ဆိုနိုင်သလို မိတ်ဆွေကောင်းဆုံးရှုံးတာပိုပြီး ဆုံးရှုံးတဲ့သဘော။ အကျင့်စာရိတ္တ ဆုံးရှုံးလို့ကတော့ အရာခပ်သိမ်းဆုံးရှုံးသွားပြီဆိုတဲ့ကြားဖူးနေကျ အဆိုအမိန့်အတိုင်းပါပဲ။

    အကျင့်စာရိတ္တရဲ့ သော့ချက်ဟာ ရိုးသားဖြောင့်မတ်ခြင်းအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ “ယုံကြည်မှု” ပါလို့ဆိုရမှာပါ။ လူ့အသိုင်းအဝိုင်းမှာ ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့အစည်းတွေအောင်အောင်မြင်မြင် ရပ်တည်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ အဆင်ပြေလွယ်ကူရေးစတာတွေအတွက် ယုံကြည်မှုဟာ မဖြစ်မနေအရေးပါတဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။

    ယုံကြည်မှုမရှိခဲ့ရင် သူစိမ်းတစ်ရံဆံတွေနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေမှု လုံးဝမရှိနိုင်ပါဘူး။ အောင်မြင်တဲ့ခေါင်းဆောင်ကောင်း၊ အုပ်ချုပ်ရေးမှူး (မန်နေဂျာ)၊ အရောင်းမြှင့်တင်ရေးဝန်ထမ်း၊ အဖွဲ့အစည်းတစ်ခုရဲ့အသင်းဝင်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ၊ သူနာပြုနှင့်နည်းပြ၊ ဆရာဝန်နှင့် သူနာပြုအစရှိတဲ့ လူတန်းစာအလွှာအသီးသီးအပြင် အလုပ်ရှင်နှင့် အလုပ်သမားစသူတွေအတွက် လုပ်ငန်းအဆင်ပြေချောမွေ့ ယုံကြည်မှုကအဓိကအကျဆုံးအရာတစ်ခုပါ။ အခြေအနေတစ်ခုခုမှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအားနည်းသွားခဲ့ရင် ရန်လိုမှု၊ နာကြည်းမုန်းတီးမှုတွေက ရှိရင်းစွဲအဖြူရောင် ခင်မင်ရင်းနှီးမှုကို ဖျက်ဆီးပစ်လိုက်မှာ သေချာတယ်။

    ဘဝမှာ ကြုံတွေ့ဆက်ဆံနေကြရသရွေ့တော့ အချင်းချင်း ယုံကြည်မှုရှိမှဖြစ်မယ်ဆိုတာကိုတော့ ပညာရှင်အသီးသီးက အထပ်ထပ်ပြောလေ့ရှိကြပါတယ်။ လွယ်လွယ်ကူကူလေးနှင့်ပဲ လူတကာရဲ့ ယုံကြည်မှု၊ ကိုးစားမှု ခံရအောင် လေ့ကျင့် ယူနိုင်ကြောင်းလည်း နည်းပေးလမ်းပြ ပြုထားကြတယ်။

    ဒီတော့ပညာရှင်တွေရဲ့ ညွှန်းဆိုတာတွေကို လေ့လာကြည့်နိုင်သလို ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ဦးစီးဦးဆောင်လုပ်နေသူတွေ လုပ်ဖော်ကိုင်ဖက်နှင့် နီးစပ်ရာ ပတ်ဝန်းကျင်ကို မျှဝေလို့လည်း ရနိုင်ပါတယ်။

    ကိုယ်တကယ်တမ်းလုပ်မယ်လို့ ရည်ရွယ်ထားတာကိုပြောပြခဲ့ရင် ပြောတဲ့အတိုင်းဖြစ်အောင် ဆောင်ရွက်ရပါလိမ့်မယ်။

    ရိုးရိုးသားသားနှင့်ပဲ ကိုယ့်အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် တို့ကို မကြာမကြာဆက်သွယ်ရင်း ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။ လုပ်ငန်းသဘောအရ ဆက်သွယ်နေသူတွေ၊ ကိုယ့်ရဲ့ဘဝလက်တွဲဖော်တွေနှင့်လည်း ရိုးသားဖြောင့်မတ်မှုအပြည့်နှင့် စဉ်ဆက်မပြတ်ဆက်ဆံနေခြင်းကလည်း ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

    အနှစ်နှစ်အလလ တည်ဆောက်လာတဲ့ ယုံကြည်ဆက်ဆံမှု၊ တစ်ရက်တည်းနှင့် ရရှိခဲ့တဲ့ယုံကြည်မှု။ ဘာပဲဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်းမှာ ပျက်ဆီးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့်ပေါ့။ ဒီတော့ အသေအချာဆင်ခြင် သုံးသပ်ပြီးမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချသင့်တယ်။

    ခဏယာယီ အဆင်ပြေအောင်မြင်မှုရဖို့ထက် ရေရှည်ဆက်ဆံနိုင်အောင် ယုံကြည်မှုအပြန်အလှန်ထားတတ်ဖို့တော့လိုတယ်။ ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေ၊ အထက်အရာရှိတွေ အားလုံးကိုယ့်အပေါ်ယုံကြည်မှုအပြည့်ရှိအောင် နေထိုင်ပြောဆိုတတ်ဖို့ အရေးကြီးဆုံး။ ဒါမှမဟုတ် အောင်မြင်မှုနှင့်အဝေးမှာ သေချာတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်မှုရှိပြီး ကိုယ့်အထက်အရာရှိ (အလုပ်ရှင်) ကို လေးစားယုံကြည်မှုရှိလို့ကတော့ လုပ်ငန်းအောင်မြင်ဖို့က တကယ့်ကိုကျိန်းသေပဲလို့ ဆိုရမှာပါ။ အလိမ်အညာတွေက ခဏယာယီ စိတ်ကိုနှစ်သိမ့်နိုင်သည်ပဲထား ရေရှည်အတွက် မျှော်မှန်းရင်တော့ ယုံကြည်မှုကို အသက်လိုတန်ဖိုးထားရလိမ့်မယ်။ လူသားအချင်းချင်း စာနာနားလည်ပေးရင်း ကောင်းကျိုးဆောင်ရွက်သူကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ယုံကြည်မှု အပြည့်အဝထားမှာဖြစ်လို့ ရိုးသားဖြောင့်မတ်ခြင်းက ယုံကြည်မှုရဲ့အခြေခံ ဒေါက်တိုင်တွေလိုပါပဲလို့။

    နှင်းဆီခင်