News @ M-Media

Category: ဆောင်းပါး

  • အမုန်းတွေထဲက အမြတ်ထုတ်ရမယ့်အချိန်

    အမုန်းတွေထဲက အမြတ်ထုတ်ရမယ့်အချိန်

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။

    10448771_1591878611024241_5417792898934692942_n

    ဒီမှာမွေး၊ ဒီမှာကြီး၊ ဒီမှာပညာသင်၊ ဒီမှာပဲ အလုပ်လုပ်၊ ဒီကလူတွေ အကျိုးအတွက် လုပ်ဆောင်ရင်း သက်တမ်း တစ်ဝက်ကျော်ခဲ့ပြီ။

    ငယ်ငယ်က မဆလထုတ်စာအုပ်တွေဖတ်ပြီး ငယ်သေးတဲ့အချိန်ဆိုတော့ ကိုယ်တွေပါ အကြောင်းမဲ့ ဗကပ ဆိုမုန်း၊ KNU ကိုမုန်း၊ ဒေသခံ သူပုန်တွေကိုမုန်း၊ မမုန်းတာ စစ်သားတစ်မျိုးတည်း။

    နယ်စပ်မြို့သေးသေးလေး အမည်းရောင်နယ်မြေတွေမှာ နှစ်ကို ဆယ်ချီကာ နေခဲ့ဖူးသူမို့ သေနတ်သံနဲ့ မစိမ်း။ ဗုံးသံလည်း ကြားခဲ့ဖူးပါရဲ့။ စစ်သားတွေ ရှေ့တန်းပြန်လာရင် မြို့လေးထဲကို အချိန်မတော်ဝင်လာကြ၊ အိမ်ရှေ့က လှမ်းအော်၊ အကိုတို့ အမတို့၊ အမေတို့ အဖေတို့ တံခါးလေးဖွင့်ပေးပါဦး၊ ကျွန်တော်တို့ တပ်မတော်သားတွေပါတဲ့။ ထမင်းမစားရတာ ဘယ်နှစ်ရက်ရှိနေပါပြီ။ အဖေက တံခါး ထွက်ဖွင့်၊ တစ်အိမ်လုံး၊ တစ်မြို့လုံးနိုးကုန်ကြ။

    ငယ်လွန်းသေးတော့ ဘာကိုမှမကြောက်၊ စစ်သားလာရင် ပျော်တောင်နေသေး။ ညနက်ချိန် ထမင်းမချက်ပါနဲ့တော့။ ကျန်တာလေးပဲ အရင်ကျွေးပါ..တဲ့။ ချပေးတဲ့ ထမင်းဟင်းအကျန် ထမင်းချိုးပါမကျန် အိုးထဲကပဲ နှိုက်စားကြ၊ ပန်းကန်ပြားတောင် မယူ။ အိမ်ရှေ့မှာပဲ သေနတ်တွေကို ပြုံပြီးထောင်ထားကြ၊ အမေအဖေကလည်း သဘောကောင်း၊ တောမှာဆိုတော့ ကြက်ဘဲက အကောင် သုံးလေးဆယ် မွေးထားတော့ အမြဲတမ်း အဆင်သင့်ရှိ။ မနက်ရောက်တာနဲ့ အဖေကိုယ်တိုင် ဘဲ ၁၀ ကောင်၊ ကြက် ၁၀ ကောင် ထုတ်ပေး။ ကိုယ့်အိမ်က ကြက်ဘဲ ရယ်ဒီရှိတော့ မနက်ပိုင်းမှာ ဗိုလ်မှူးအဆင့်ရှိသူတွေပါ အိမ်ကို ရောက်လာကြ၊ စားကြ သောက်ကြ၊ အဖေ့ကို ကျေးဇူးတင်၊ အိမ်မှာတည်း၊ အိမ်ရှေ့ကွက်လပ်မှာ အိပ်ကြ၊ ရဲဘော်တွေဆီက သေနတ် ယူကိုင်ဆော့ချင်ရင်တောင် ရသေးဗျာ။ ဗိုလ်ကြီးတွေဆီက ပစ္စတိုတွေလည်း ယူချင် ကိုင်ဖူးချင်ရင် ပေးကိုင်ပါရဲ့။ အဲလောက် မြို့ကလူတွေက ချစ်သလို၊ သူတို့ကလည်း ချစ်ကြသဗျ။ ပြည်သူ့တပ်မတော်သားတွေ ဖြစ်နေတုန်းအချိန်ကိုး။

    သူတို့ဖက်ကလည်း အိမ်သာကျင်းမရှိရင် တူးပေးကြ၊ ၀ါးခွဲ၊ အကြောသပ်၊ ၀ါးထရံကာ၊ ခြံစည်းရိုးတည့်ပေးကြတာတွေလည်း လုပ်ကြရဲ့။ စစ်သားတွေကိုယ်တိုင် အရာရှိ မခိုင်းဘဲ အလိုက်သိသိ လုပ်ပေးကြတာတွေ၊ ကျွန်တော့် အမေဆိုလည်း ရှိတဲ့ဆေးအတိုအထွာ အကုန်ချပေး၊ ရဲဘော်တွေ ခြေထောက်တွေ သဲဝဲစား၊ ခြေသည်းကွာ၊ ခြေချောင်းတွေ ရေစားပြီး ထက်ခြမ်းကွဲနေတာတွေကို ကိုယ်တိုင်ဆေးထည့်ပေး ပတ်တီးစည်းပေး၊ လုပ်ပေးတာကိုလည်း မြင်ဖူးခဲ့ရဲ့။

    တစ်မြို့လုံးမှာမှ ကျွန်တော်တို့မိဘတွေရဲ့ မွတ်ဆလင်တစ်အိမ်တည်း ရှိတာကို တစ်မြို့လုံးက ဗုဒ္ဓဘာသာတွေလည်း မချစ်မရှိ၊ ကျောင်းထိုင်ဘုန်းကြီးလည်း မကြာခဏကြွလာရဲ့။ အဖေနဲ့ ညဖက်-လေဖုတ်၊ ညကြီးပိုင်းမှပြန်၊ လက်ဆောင်တွေ ပေးကြယူကြ။ ဘယ်သူမှ ကုလားလို့ မခေါ်။ အဖြူထည်သက်သက်။ ခရစ်ယာန်နည်းနည်း၊ ချပ်ခ်ျမရှိ၊ နေကြတာပဲ။ နတ်ကိုးကွယ်တဲ့ လူတွေလည်း အများသား။

    အင်မတန်ချစ်စရာကောင်းခဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ နေထိုင်ကြီးပြင်းခဲ့ရတယ်။ သတိရတမ်းတစရာတွေချည်း။ ပတ်ဝန်းကျင်ကောင်းသလို လူတွေလည်း ကောင်းကြ၊ စိတ်ရင်းတွေလည်း ကောင်းကြ၊ အမုန်းမရှိ၊ အချစ်တွေချည်း။

    နောက်တော့ အတန်းက ကြီးလာ။ မိဘတွေတာဝန်ကျရာ လိုက်ပြောင်းရင်း အမည်သစ်တွေကြားရ၊ ကုလားဆိုတာ ကိုယ့်ကို ခေါ်မှန်း သေချာသိလာရ။ သြော်.. မြို့ပေါ်ကလူတွေက တောကလူတွေလောက် လူလူချင်း မလေးစားကြပါလား။ တစ်နေရာတည်း တစ်ခုတည်း ဒီလိုလို့ ထင်မိခဲ့သေး။ မဟုတ်ဘူးဗျာ။ ဒေသတိုင်းမှာ racists တွေ ကြီးစိုးနေကြပြီပဲ။ အသက်ပိုကြီးလာလေလေ အမုန်းတရားခါးခါးတွေကို မြန်မာပြည်အနှံ့တွေ့ရလေ။

    မွန်က ဗမာကို မုန်းတာလည်း မြင်ဖူး၊ ရခိုင်က ဗမာကို မုန်း၊ မွတ်ဆလင်ကိုမုန်း၊ ကရင်က ဗမာကို မုန်း၊ ချင်းက ဗမာကို မုန်း၊ တက္ကသိုလ်မှာ မဟာတက်ရင်း တွေ့ခဲ့တဲ့ ရှမ်းကြီးတစ်ယောက်နဲ့ ချင်းတွေဆို ဗမာအသေမုန်း။

    သူငယ်ချင်းလို့သာ အပြင်ပန်းက ဟန်ဆောင်နေကြပေမယ့် ရင်ထဲက အမုန်းတွေကို မြင်သာမိခဲ့ ခံစားမိခဲ့ပါရဲ့။ အသက်ရလာလေလေ အမုန်းတရားကို ခံစားမိလေလေပါပဲ။ ဘာသာတူတူ မတူတူ အဓိကအကျဆုံးက မိမိရင်ထဲက တစ်ဖက်သားကို မလေးစားချင်တဲ့စိတ်၊ အထင်သေးတဲ့စိတ်တွေ အပြင် တစ်ဖက်သားကောင်းစားရင် မုဒိတာပွားရမယ့်အစား မနာလိုမှု အပြည့်နဲ့ ရှင်သန်နေကြတဲ့ ပတ်ဝန်းကျင်တွေကို တစ်ခုပြီးတစ်ခု မြင်လာခဲ့ရတယ်။

    သိပ်မကြာပါဘူး။ ခရိုင်အဆင့်အရာရှိဖြစ်နေတဲ့ အဖေဟာ အစည်းအဝေးတစ်ခုကနေ မွတ်ဆလင်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ထုတ်ခံခဲ့ရတယ်။ အဲဒီနေ့က အဖေ့မျက်နှာ မကောင်း၊ နိုင်ငံတော်သမ္မတကိုယ်တိုင်ချီးမြှင့်တဲ့ဆုတွေကို အကြိမ်ကြိမ်ရဖူးတဲ့ အဖေဟာ အစည်းအဝေးတိုင်းမှာ ပွဲတိုင်းကျော်ပါပဲ။ အဲဒီနေ့က အစည်းအဝေးရဲ့ ပထမပိုင်းမှာ တက်ခွင့်ရပေမယ့် မပြီးသေးတဲ့ အစည်းအဝေးဒုတိယပိုင်းမှာ မွတ်ဆလင်ဖြစ်နေတဲ့ အဖေတစ်ဦးတည်း ဖယ်ထုတ်ခံခဲ့ရတယ်။ တစ်ပတ်အတွင်း ဆေးခွင့်တင်၊ အလုပ်လွှဲ ပင်စင်အပြီးယူလိုက်တယ်။

    အစိုးရကိုယ်တိုင် ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျန်ဘာသာတရားတွေကို အမုန်းထားနေပြီလို့ အဲဒီနေ့က အဖေပြောခဲ့တယ်။ မိဘနှစ်ပါးပေါင်း ၀န်ထမ်း လုပ်သက် နှစ် ၅၀ နီးနီးအတွက် အစိုးရတုန့်ပြန်တဲ့သဘောထားကို အဖေနားမလည်နိုင်ခဲ့။ တညလုံး တောက်ခေါက်သံတွေချည်း။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုကျယ်လာနေခဲ့လေရဲ့။ သေချာကြီးကို နားနဲ့ဆတ်ဆတ်ကြားမိနေသေး။

    နောက်နေ့မနက် အစောဆုံးပြောတဲ့ တစ်ခွန်းတည်းသောစကားက “မင်း အစိုးရ၀န်ထမ်းလုပ်ချင်ရင် ငါနဲ့ သေခန်းပြတ်ပြီ” တဲ့။ ကဲ… ဘယ်သူ့ကိုမှ မမုန်းဖူးတဲ့ မမုန်းတတ်တဲ့ အဖေ့ ရင်ဘတ်ကြီးထဲကို အစိုးရကိုယ်တိုင် ထည့်ပေးတဲ့ အမုန်းတရားတစ်ခုကို အဖေစကား ကတဆင့် ကျွန်တော်ခံစားခဲ့မိတယ်။

    ဒါတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က။ အခု ဒီထက် အဆ ရာချီ ပိုဆိုးကုန်ပါပြီ။ အမုန်းတရားကို ဘယ်သူတွေ တမင်ထည့်ပေးနေတယ်ဆိုတာကိုလည်း ခွဲခြားတတ်ပြီ။ အိမ်ကြက်ချင်း အိုးမဲသုတ်နေတာ ဘယ်သူတွေလဲ မြင်တတ်ပြီ။

    ရှေ့တန်းပြန်စစ်သားကြိုဖို့ ကျွန်တော်ကိုယ်တိုင် ပန်းကောက်ဖူးတာကို တွေးမိရင် နောင်တရမိသလို။ တစ်တိုင်းပြည်လုံးလည်း တစ်ဖက်နဲ့ တစ်ဖက် အမုန်းတရားအပြည့်။ ဗိုလ်ချုပ်တွေက ဘုန်းကြီး နဲ့ ကျောင်းသားတွေကို မုန်း။ ရိုက်နှက် ထုထောင်း ပစ်သတ်၊ မီးရှို့။ အရပ်သားထဲက နည်းနည်းထောင်နေရင် စာတတ်ပေတတ်ဆိုရင် မကြိုက်ချင်။ အလိုလို ကြည့်မရ။ အကြောင်းရှာ ဖမ်းဆီး ထောင်ချ။

    အစိမ်းရောင်မျက်နှာဖုံးစွပ် ဘုန်းကြီးတွေက ကုလားကို မုန်း။ ခရစ်ယာန်ကို မုန်း။ ဘာသာမတူ အကုန်မုန်း။ အရပ်သား အချင်းချင်း သတ်ဖြတ် မုန်းတီးကြ။ ကရင်က ဗမာကို ဆော်ကြ မုန်းကြ။ တစ်ယောက်က ကျန်တဲ့လူကို မုန်း။ ကချင်ကို စစ်တပ်က အမြောက်နဲ့ပစ်။ လေယဉ်နဲ့ ဗုံးကြဲ။ ၀ါဒဖြန့်မှုတွေကြားထဲမှာ ဗမာတွေက ကချင်ကို မုန်းကြ။ ကချင်တွေက ပြန်အော်။ ချင်းတွေက ထွက်ပြေး။ ရခိုင်တွေ ကုလားကို သတ်။ သူတို့ကိုယ်တိုင်လည်း မတည့်ကြ။ ရခိုင်က ဗမာကို မုန်း။ ကရင်တွေ မွန်တွေ နယ်စပ်ပြေးရ။ ပြေးကြ၊ ဆော်ကြ၊ ဆဲကြ၊ ပြေးကြရင်း ပြည်ထောင်စုကြီးလည်း ဗုန်းဗုန်းကျ။

    ဒီနေ့မနက်ထိ ဆော်နေကြတုန်း။ မြေဇာပင်တွေလည်း ကြေမွနေတုန်း။ ပြည်သူတွေလည်း ပြေးနေရတုန်း။ ဘယ်မလဲ ငြိမ်းချမ်းရေး။ ဘယ်မလဲ ဗြဟ္မစိုရ်တရားတွေ။ ဗုဒ္ဓဘာသာကိုင်းရှိုင်းလှပါတယ်ဆိုတဲ့ နိုင်ငံ၊ ကမ္ဘာမှာ ဘယ်မှာမှ မရှိတဲ့ တစ်မြို့တည်း စေတီ ပုထိုး ၂၀၀၀ ကျော်ရှိတဲ့ နိုင်ငံ။ ဘာအကြောင်းကြောင့် မငြိမ်းချမ်းပါသလဲ။ မတိုးတက်ရပါသလဲ။ တစ်ဦးနဲ့တစ်ဦး မချစ်ခင်နိုင်ရပါသလဲ။

    ‪#‎မြန်မာအမည်ဟာရန်လိုတဲ့လူတစ်စုလက်ထဲမှာကြေမွကုန်ပါပြီ‬။

    ဒါနဲ့ပဲ…

    ထိုင်းမှာ ထွက်ပြေးနေရတာ ကိုယ့်လူတွေချည်း။

    မလေးမှာ ထွက် အလုပ်လုပ်နေရတာ ကိုယ့်လူတွေချည်း။

    ဒူဘိုင်း၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်ရောက် ပညာတတ်တွေ၊ အလုပ်သမားတွေ၊ အိမ်ဖော်တွေအားလုံး ကိုယ့်လူတွေချည်း။

    အချင်းချင်း မုန်းတီးကြရင်း အားလုံးပြိုလဲကုန်ကြတဲ့ အဖြစ်တွေ။

    ညီကိုချင်း အိုးမဲသုတ် ရန်ဖြစ်ခိုင်းရင် အိမ်ပါပြိုကြတဲ့ အမုန်းတွေ။

    မိသားစုအချင်းချင်း ရန်ဖြစ်ကြရင်း ပြန်မရတော့တဲ့ အချစ်တွေ။

    ဘာသာတရားအကြောင်းခံပြီး ပျက်စီးသွားရတဲ့ ညီညွတ်မှုတွေ။

    အချင်းချင်းရန်တွေဖြစ်ရင်း ကျသွားခဲ့တဲ့ ကမ္ဘာ့အဆင့်တွေ။

    အချင်းချင်းဆဲဆိုစော်ကားကြရင်း ကျရှုံးသွားတဲ့ နိုင်ငံ့သိက္ခာတွေ။

    လွှတ်ပေးနေသေးသရွေ့ မြောင်းထဲကို အကုန်ရောက်မယ့် ကိုယ်ကျင့်တရားတွေ။

    အားလုံးကို ဒီအချိန်မှာ မပြင်နိုင်ရင် နောင် ဘယ်အချိန်မှာမှ မပြင်နိုင်တော့ပါဘူး။

    လွန်ခဲ့တဲ့အချိန်တွေတုန်းက ရှိခဲ့တဲ့ စည်းလုံးမှုတွေ၊ ညီညွတ်မှုတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ လှိုက်လှဲတဲ့ အပြုံးတွေ၊ ကျယ်လောင်တဲ့ ရယ်သံတွေကို အရင်တုန်းကလို ပြန်ကြားရအောင် လုပ်ဖို့ အချိန်တန်နေပါပြီ။

    အမုန်းတွေကို ခါချကြပါတော့။ အပြုံးတွေကို ရှာပြကြပါတော့။

    အမုန်းတရားတွေကို အဆုံးထိ လောင်မြိုက်စေတဲ့ ထိုင်ခုံရောဂါသည်အဖွဲ့အစည်းတွေကိုလည်း ၂၀၁၅ မှာ မြောက်ကြွမလာအောင် တောက်ချကြရမယ့် အချိန်ရောက်နေပါပြီ။ အချင်းချင်း လက်တွဲကြပါ။ ရင်ချင်းအပ်ကြပါ။ ပြုံးပြကြပါ။

    သွားတွေရှိနေတုန်း အလှပဆုံးပြုံးနိုင်ဖို့ ကြိုးစားကြပါ။

    သွားမရှိချိန်မှာမှ ပြုံးပြဖို့ကြိုးစားကြရင် အရာရာဟာ မလှပဘဲ နောက်ကျကုန်ပါလိမ့်မယ်။

    ဒါတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့အတွက် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့အားလုံးရဲ့ သားသမီးတွေ အနာဂတ်တွေ လှပဖို့ အတွက်ပါပဲ။ မြန်မာပြည်ရဲ့ မူလနေရာ ပြန်ရောက်ဖို့ မူလအမည်ကို ပြန်လည်ရရှိဖို့ပါပဲ။

    ချစ်ခြင်းဖြင့်ပါခင်ဗျာ။

    ဆွေမွန်
    ၂၇ ဖေဖေါ်ဝါရီ ၂၀၁၅

    လွန်ခဲ့တဲ့ နှစ် ၃၀ ကို တမ်းတမိရင်း ရေးမိတဲ့ ပို့စ်တစ်ခုပါပဲ။

  • “ယုံကြည်မှု” သည်အစွမ်းထက်သော ဆေးဝါးတစ်လက်

    “ယုံကြည်မှု” သည်အစွမ်းထက်သော ဆေးဝါးတစ်လက်

    ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၅
    နှင်းဆီခင် ရေးသည်။
    faith-2
    လူသားအသီးသီးမှာ (အများစုက) အားကိုးယုံကြည်မှုဆိုတာ ရှိစမြဲပါပဲ။ ရုပ်ဝတ္တုပစ္စည်းအနေနှင့် အကောင်အထည် လက်ဆုပ်လက်ကိုင် ပြလို့မရသည့်တိုင် လေးနက်တဲ့ ယုံကြည်မှုရဲ့အနှစ်အရသာကိုတော့ ရင်မှာခံစားလို့ ရနိုင်ပါတယ်။ သိပ္ပံပညာရဲ့ဆန်းသစ်တဲ့ တီထွင်ကြံဆမှုတွေအကြားမှာ စိတ်နှင့်သာ ခံစားသိမြင်နိုင်တဲ့ နာမ်တရားဟာလည်း ရှင်သန်လျက်ပါပဲ။

    လော့အင်ဂျေလိပ်မြို့မှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ အမျိုးသမီးအုပ်စုတစ်စုဟာ အပတ်စဉ် စည်းရုံးကြပြီး ကိုယ်လက် လှုပ်ရှားမှုတွေကို လေ့ကျင့်ရုံသာမက စိတ်ကိုလေးနက်တည်ငြိမ်စေတဲ့ တရားထိုင်ခြင်းများကိုပါ ပူးတွဲလေ့ကျင့်ကြတယ်။ နီဗါးဒါးတက္ကသိုလ် လက်ထောက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ရီနိုဟာဆုတောင်းခြင်းနှင့် ရိုးရာနည်း ကိုယ်လက်လှုပ်ရှားမှုနှင့်ကုသတဲ့ နည်းတွေကို နှိုင်းယှဉ်လေ့လာခဲ့တယ်။ သသနာပြုဆရာမတစ်ဦးဖြစ်တဲ့ ရိုဗာတာဟာ ဆုတောင်းမေတ္တာပို့သခြင်းနှင့် ညင်သာတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ရရှိတဲ့အေးချမ်းမှုကိုသိရှိခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဝေဒနာရှင်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိအောင် ကူညီသင်ကြားပေးခဲ့တယ်။

    မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာတရားအပေါ် အလေးအနက် ယုံကြည်ကိုးစားခြင်းဟာ လောကီချမ်းသာကို ပေးနိုင်တယ်လို့ ယေဘုယျ အနေနှင့် သတ်မှတ်သည်ပဲထား၊ အာဂန္တုရောဂါပဲဖြစ်ဖြစ် နာတာရှည်ရောဂါပဲဆိုဆို သက်သာပျောက်ကင်းနိုင်တဲ့အချက်ကို သိပ္ပံပညာရှင်တွေက အာရုံစိုက်ပြီး လေ့လာဆန်းစစ်ကြတယ်။

    “ကျွန်တော်တို့ဟာ သိပ္ပံနည်းကျကျ သက်သေပြလို့ မရတာကတော့ ဘုရားသခင်ဟာ ဝေဒနာတွေကို ပျောက်ကင်းစေတယ်ဆိုတာပါပဲ။ သက်သေပြနိုင်တာ တစ်ခုကတော့ ဘုရားသခင်ကို အလေးအနက် ယုံကြည်မှုရှိခြင်းကတော့ ထိရောက်တဲ့အကျိုးဖြစ်ထွန်းမှု ရှိတယ်ဆိုတာပါပဲ။”လို့ ဝါရှင်တန်ဆေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာဒေးလ် မက်သယူးက ကြေငြာတယ်။ နောက်ပြီး ဘာသာတရားအပေါ်အလေးအနက် ယုံကြည်မှုရှိခြင်းဟာ လူသားတွေကို ပိုပြီးကျန်းမာလာစေနိုင်တယ်ဆိုတာ ယုံမှားသံသယမရှိပါဘူးလို့လည်း ပြောပါတယ်။

    ဘာသာတရားအပေါ်ယုံကြည်မှုနှင့် ကျန်းမာရေးဆက်စပ်မှုကို သိပ္ပံသုတေသီတွေက လက်တွေ့လေ့လာမှုပေါင်း သုံးဆယ်ကျော် ဆောင်ရွက်ပြီးတဲ့နောက်မှာ အသက်ရှည်ကျန်းမာခြင်းဆိုတာကို လေ့လာဆန်းစစ်လို့ သိရှိခွင့်ရခဲ့တယ်။ ကယ်လီဖိုးနီးယားမှာနေထိုင်သူ ၅၂၈၆ ဦးကို သုတေသနပြုတဲ့အခါ ဘုရားရှိခိုးကျောင်းမှန်မှန်တက်သူတွေဟာ တက်ရောက်ခြင်းမရှိသူတွေထက် သေပျောက်နှုန်းလျော့နည်းတယ်လို့ သိရတယ်။ အသက်အန္တရယ်များလှတဲ့ ဆေးလိပ်၊ အရက်သောက်သုံးမှုနှင့် အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း တို့ကိုတော့ထည့်မစဉ်းစားဘူးပေါ့။

    ကင်ဆာရောဂါခံစားနေရသူ (၈) ဦးမှာ ဘာသာတရားကိုင်းရှိုင်းသူ၊ ဝေဒနာရှင် (၇) ဦးဟာ ဆိုးရွားတဲ့ရောဂါလက္ခဏ မတွေ့ရပါဘူး။ အလားတူပါပဲ သွေးတိုးရောဂါဖြစ်သူ (၅) ဦးမှာ (၄) ဦး၊ နှလုံးရောဂါသည် (၆) ဦးမှာ (၄) ဦးနှင့် အထွေထွေရောဂါသည် (၅) ဦးမှာ (၄) ဦးဟာ ဘာသာတရားကို လေးစားယုံကြည်စိတ် ပြင်းပြသူတွေဖြစ်ကြပြီး ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရသောကြောင်း လေ့လာဆန်းစစ်ထားတယ်။

    ဘာသာတရား ယုံကြည်လေးစားမှုနှင့် ကျန်းမာရေးတို့အကြား ဆက်သွယ်မှုမှာ ကိုးကွယ်ရာဘာသာ၊ ရေမြေဒေသ ယဉ်ကျေးမှုနှင့် အသက်အရွယ် စတာတွေနှင့် လုံးဝပတ်သတ်မှုမရှိဘူးဆိုတာကို လေ့လာမှု ၂၀၀ ကျော်လုပ်ပြီး သိရှိခဲ့ရတယ်လို့ အတိအလင်းကြေငြာခဲ့တယ်။

    ၁၉၃၀ နှင့် ၁၉၈၀ ခုနှစ် အကြား နာတာရှည်ဝေဒနာသည်တွေကို စူးစမ်းလေ့လာတဲ့ အခါမှာတော့ … အမေရိကန်ပြည်ထောင်စုက ပရိုစတက်တစ်တွေ၊ ဥရောပက ရိုမန်ကက်သလစ်တွေ၊ ဂျပန်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနှင့် အစ္စရေးနိုင်ငံက ဂျူးလူမျိုးတွေ (ကလေး၊ လူကြီးအပါအဝင်) ပါဝင်ပါတယ်။ ဆုတောင်းခြင်းက ရောဂါဝေဒနာကို ဘယ်လိုပျောက်ကင်းစေပါသလဲ ဆိုတဲ့အကြောင်း ကျွမ်းကျင်သူတွေက ဖြေရှင်းချက်များစွာပေးခဲ့တယ်။ တစ်နည်းပြောရရင် ယုံကြည်လေးစားမှုဟာ ဘာကြောင့်များ စွမ်းအားထက်လှတဲ့ အကာအကွယ်တစ်မျိုး ဖြစ်နေတာလဲဆိုတာကိုပေါ့။

    ဘာသာရေးဆိုင်ရာ စုဝေးဝတ်ပြုခြင်းများဟာ လူအများနှင့်ထိတွေ့ဆက်ဆံတာကို လေးနက်စေတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အဆင်ပြေဖို့ဆိုတာ သက်ရှည်ကျန်းမာခြင်းက အဓိကသော့ချက်ပဲလေ။ ယုံကြည်လေးစားမှုဟာ မျှော်လင့်ချက်အတွက် အသိအာရုံဖြစ်ပေါ်စေတဲ့အပြင် စိတ်ဖိစီးမှုဒဏ်ကို ထိန်းသိမ်းပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကိုလည်း ထိန်းသိမ်းနိုင်စွမ်းရှိတယ်။ ဘုရားသခင်ကို အာရုံပြုစုတောင်းနေသူဟာ သွေးတိုးနှုန်း၊ အစာချေဖျက်မှု နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းတွေ လျော့ကျနေတာမို့ စိတ်ရောလူပါ အပန်းပြေပြီး အသက်သာဆုံး အနေအထားမှာ ရှိနေပါတယ်လို့ ဒေါက်တာဟားဗတ်ဘင်ဆန်က ဆိုပါတယ်။ အလားတူပဲ စိတ်ပုတီးစိပ်ရင်း၊ တစ်စုံတစ်ခုသော တရားစာသား ဝေါဟာရတွေကို အဆက်မပြတ် ရွတ်ဆိုခြင်းကလည်း လူရောစိတ်ပါ အပန်းဖြေစေနိုင်ပါတယ်တဲ့။

    တခြားသူအတွက် ဆုတောင်းပေးခြင်းကရော ဝေဒနာကို လျော့ပါး သက်သာစေသလားဆိုတာ ဆေးပညာရှင်တွေက သုတေသနပြုကြပြန်တယ်။ နှလုံးရောဂါ ခံစားနေရသူတွေ (ဆန်ဖရန်စစ္စကို ဆေးရုံကြီးမှာ)ကို အုပ်စုနှစ်စု ခွဲလိုက်တယ်။ ပထမအုပ်စုကတော့ နိုင်ငံဝန်းကျင်အနှံ့မှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဆုတောင်းပေးခြင်းကိုခံရသူတွေ၊ ဒုတိယအုပ်စုကတော့ အဲဒီလို မဟုတ်ဘူး။ လူနာတွေကတော့ ဘယ်အုပ်စုမှာပါဝင်ခွင့်ရမယ်ဆိုတာကြိုပြီး သိမထားကြဘူး။

    လက်တွေ့မှာသိရတာက ဆုတောင်းပေးခြင်းခံရတဲ့အုပ်စုမှာ ပါဝင်သူတွေဟာ အဆုတ် အအေးမိတာ၊ နှလုံးထိခိုက်တာနှင့် နှလုံး ရပ်ဆိုင်းတာ နည်းပါးသလို ပဋိဇီဝဆေးသုံးစွဲရမှုလည်း လျော့နည်းတာကို တွေ့မြင်ရတယ်။ ဆရာဝန်တွေဟာ ဘာသာတရားကို အလေးအနက်ယုံကြည်သူ ဖြစ်သင့်တယ်လို့ ဆေးပညာရှင်တစ်ယောက်က မှတ်ချက်ချတယ်။ ဒါမှလည်း သူ့လူနာတွေအတွက် သီးသန့်ဆုတောင်းပေးမှာပါ။ နောက်ပြီး ဆရာဝန် (၂၆၉) ဦးကို ကွင်းဆင်းလေ့လာလို့ သိရှိရတဲ့အပြင် ကုသမှုပိုင်းဆိုင်ရာမှာ ထိရောက်လှတာကိုလည်း အထူးကုသမားတော်ကြီးတွေရဲ့ (၉၉) ရာခိုင်နှုန်းက ဆေးပညာညီလာခံတွေမှာ အတိအလင်းပြောကြတယ်။ ဆရာဝန်တစ်ဦးဆီရဲ့ သီးခြားအတွေ့အကြုံတွေကတစ်ဆင့် သိရှိရတာကတော့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ဖို့ ဘုရားသခင်က ကြားဝင်ပေးလေ့ရှိပါတယ်လို့ ဖြေကြားကြတယ်။ ဆုတောင်းခြင်းဟာ ဆေးကုသရာမှာ အစွမ်းထက်တဲ့ ကိရိယာတစ်မျိုးပါပဲတဲ့။ ဆေးပညာရဲ့ ရုပ်ပိုင်းဆိုင်ရာအစွမ်းဟာ ချိန်သီးလွှဲသလို တစ်ဖက်ကိုမြင့်တက်သွားသလောက် ယုံကြည်မှုပိုင်းအနေနှင့် တခြားတစ်ဖက်ကို ပြန်လိုလွှဲသွားသလိုပါပဲလို့လည်း ဆိုပါတယ်။ (ခွဲစိတ်ခန်းမဝင်ခင်) လေးလေးနက်နက် ဆုတောင်းခြင်းဟာ ထိရောက်အကျိုးများလှပါတယ် ဆိုတဲ့အကြောင်း။

    Ref: Phyllis Mc Intosh “Faith is Powerful Medicine”

    နှင်းဆီခင်

  • သဘာဝကိုအန်တုရင်း ရှုံးနိမ့်ခဲ့ရသူ (သို့) မိုက်ကယ်ဂျက်ဆင်

    သဘာဝကိုအန်တုရင်း ရှုံးနိမ့်ခဲ့ရသူ (သို့) မိုက်ကယ်ဂျက်ဆင်

    ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၅
    M-Media
    111
    ကမ္ဘာကျော်အဆိုတော်ဖြစ်ပြီး ပေါ့ဂီတရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ကျော်ကြားမှုနောက်ကွယ်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ရှိနေပါတယ်။ အသားမည်းမည်း နှုတ်ခမ်းထူထူ၊ နှာခေါင်းကြီးကြီးနဲ့ လူမည်းလူငယ်တစ်ယောက် နတ်ရေကန်ထဲ ဆင်းလိုက်သည့်အလား နှစ်အနည်းငယ်အတွင်းမှာ ပုံပန်းသွင်ပြင် လုံးဝပြောင်းလဲသွားတဲ့အတွက် လူတိုင်းက အံ့အားသင့်ခဲ့ရပါတယ်။

    သူ့ရဲ့ ပုံပန်းသွင်ပြင်ပြောင်းလဲမှုဟာ အမေရိကန် နာမည်ကြီးအဆိုတော်၊ ရုပ်ရှင်မင်းသမီးနဲ့ တေးရေး ဒိုင်ယာနာရို့စ်နဲ့ တူချင်တာကြောင့်လို့ သူ့ရဲ့ မိတ်ဆွေတစ်ချို့က ဆိုကြပြီး တစ်ချို့ကတော့ ဖခင်ကိုမုန်းတာကြောင့် ဖခင်နဲ့တူတဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲလိုက်တာလို့ ပြောကြပါတယ်။
    အသားအရေ၊ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်ခုံး၊ ပါး၊ မေးစေ့ စတဲ့နေရာတွေ ကို သူလိုချင်တဲ့ ပုံစံအတိုင်းဖြစ်အောင် ငွေတွေသောက်သောက်လဲ အကုန်ခံကာ အစားထိုးခွဲစိတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဂီတလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ မိုက်ကယ်ဂျက်ဆင် တစ်ယောက် ပုံပန်းသွင်ပြင်ပြောင်းလဲတဲ့နေရာမှာတော့ အောင်မြင်မှု မရခဲ့ပါဘူး

    ခွဲစိတ်မှုပေါင်း ၁၀၀ ကျော်ပြုလုပ်ပြီးတဲ့ နောက်ဆုံးမှာတော့ မသေသပ်တဲ့ ခွဲစိတ်မှုတွေနဲ့ ဆေးထိုးမှုတွေကြောင့် ပျက်ဆီးသွားတဲ့ နှာခေါင်းကို ပြုပြင်ဖို့အတွက် မိုက်ကယ်ဟာ စိတ်ပျက်စွာနဲ့ ကြိုးစားခဲ့ရပါတယ်။

    သူစိတ်ကူးထားတဲ့ ပုံပန်းသွင်ပြင်ရဖို့ နှစ်ပေါင်း ၃၀ လောက် ကြိုစားခဲ့ပေမယ့်လည်း မိုက်ကယ်ဂျက်ဆင်ဟာ ကော်စမက်တစ် ဆာဂျရီကြောင့် ဘေးတွေ့ခဲ့သူ တစ်ဦးသာ ဖြစ်ခဲ့ပါတယ်။

    သူ့ရဲ့ ခန္ဓာကိုယ်ခွဲစိတ်မှုနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုမှာ မိုက်ကယ်က သူဟာ ပထမဦးဆုံး နှာခေါင်း ခွဲစိတ်စဉ်တုန်းက အရမ်းတုန်လှုပ်ခဲ့ပြီး အမဖြစ်သူ လာတိုယာကို သူ့အတွက် အရင်အစမ်းသပ်ခံပေးဖို့ သွေးဆောင်ခဲ့သေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာတိုယာက ဒါနဲ့ပတ်သက်ပြီး ဒီလိုပြောပါတယ်။

    “သူက နှာခေါင်းကို ပြင်ချင်တယ်.. ပြီးတော့ ကျွန်မကို ‘ဘယ်လိုထင်လဲ’ လို့ တစ်မေးတည်းမေးနေတယ်။ ကျွန်မက – ‘မိုက်ကယ် – ဒါကို နင်တကယ်လုပ်ချင်ရင် နင်စိတ်ချမ်းသာလိမ့်မယ်။ လုပ်လိုက်စမ်းပါ’ လို့ ပြောခဲ့တယ်။ သူက ကျွန်မကို ‘အစ်မက ကျွန်တော့်အတွက် အစမ်းသပ်ခံပေးပါလား။ အစ်မနှာခေါင်းအရင်ပြင်ကြည့်ပြီး ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ကျွန်တော်ကြည့်မယ်လေ။ နာမလားလို့ပေါ့’ လို့ ပြန်ပြောခဲ့တယ်”

    လာတိုယာ နှာခေါင်းပြင်တာကို စိတ်တိုင်းကျသွားတဲ့ မိုက်ကယ်တစ်ယောက် ၁၉၇၉ ခုနှစ်မှာ သူ့ရဲ့ နှာခေါင်းကို ပြုပြင်ခဲ့ပါတယ်။

    နောက်ထပ် ၇ နှစ်အကြာမှာတော့ မိုက်ကယ်ဟာ ပလက်စတစ်ဆာဂျရီကို ခုံမင်သူဖြစ်တဲ့ သူ့ရဲ့သူငယ်ချင်း ဟောလီးဝုဒ် ဆံပင်ပညာရှင် စတီဗ် အာရ်ဟာ့ဒ်ကို မေးစေ့မှာ အချိုင့်ရာဖြစ်အောင် ခွဲစိတ်ဖို့ သွေးဆောင်ခဲ့ပါတယ်။

    အာရ်ဟာ့ဒ်က သူ့အနေနဲ့ ကာ့က်ဒေါက်ဂလပ်စ်လိုမျိုး ယောက်ျားပီသတဲ့သူရဲ့ မေးစေ့ကို လိုချင်တယ်လို့ မိုက်ကယ်ရဲ့ ခွဲစိတ်ဆရာဝန်ကို ပြောခဲ့ပါတယ်။ အာရ်ဟာ့ဒ်ရဲ့ မေးစေ့အသစ်ကိုမြင်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ အဲဒီလို မေးစေ့မျိုးရဖို့ အကြိမ်ပေါင်းများစွာ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ခွဲစိတ်မှုလုပ်ဖို့ စောစောပိုင်းမှာ တုန်လှုပ်ခဲ့ပေမယ့် မိုက်ကယ်ဂျက်ဆင်ဟာ အသားအရေ ချောမွတ်နုပျိုအောင်ဆေးထိုးတာ၊ အရေပြားအရောင်ချွတ်တာ၊ ပါးအစားထိုးတာနဲ့ ထူထဲတဲ့နှုတ်ခမ်းကို ပြုပြင်တာတွေလည်း လုပ်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ ကြီးမားတဲ့နှာခေါင်းကို ပြုပြင်ခဲ့ပြီး အဲဒီပြုပြင်မှုကြောင့် အသက်ရှူရ ခက်ခဲလာပါတော့တယ်။

    ခန္ဓာကိုယ် မူမမှန်မှုကို ကုသပေးတဲ့ ကျွမ်းကျင်ဆရာဝန် ဒေါက်တာ အီဒါ ဂေါ်ဘစ်က မိုက်ကယ်ဂျက်ဆင်ရဲ့ မူမမှန်တော့တဲ့ ပုံပန်းသွင်ပြင်ကိုကြည့်ပြီး မိုက်ကယ်ဟာ သူ့ရဲခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို ပြုပြင်ဖို့ အကြိမ် ၁၀၀ လောက် ခွဲစိတ်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

    နောက်ဆုံးမှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ မူလ ပုံပန်းသွင်ပြင်နဲ့ သူ့အမျိုးအနွယ်ရဲ့ပုံရိပ်ဟာလည်း လုံးဝ ပျောက်ပျက်သွားခဲ့ပါတော့တယ်။

    မှတ်တမ်းရုပ်ရှင်ရဲ့နောက်ဆုံးမှာ မိုက်ကယ်ရဲ့ မူလပုံပန်းသွင်ပြင်ကို ကွန်ပျူတာနဲ့ တွက်ချက်ပြီး ယခုအချိန်မှာ ဘယ်လိုပုံစံမျိုးရှိနေမလဲဆိုတဲ့ဓာတ်ပုံကို ပြတဲ့အခါမှာတော့ မိုက်ကယ်တစ်ယောက် သူ့ရဲ့ပုံပန်းသွင်ပြင်ကို မပြင်ခဲ့ဘူးဆိုရင် အခုအချိန်မှာ တည်ကြည်တဲ့မျက်နှာထား၊ နွေးထွေးတဲ့အပြုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ လူမည်းတစ်ယောက် ဖြစ်နေနိုင်မှာပါပဲ……..

    255EA54D00000578-2943351-image-a-18_1423264203315
    –  ၁၉၇၇ – အသက် ၁၉ နှစ်သာရှိသေးတဲ့ မိုက်ကယ်ဂျက်ဆင်တစ်ယောက် အဲဒီအချိန် အမေရိကန်မှာ နာမည်ကျော်နေတဲ့ အဆိုတော်အဖွဲ့ Jackson 5 နဲ့အတူ ဂီတကြယ်ပွင့်ဖြစ်လာပြီး တစ်ကိုယ်တော်ဖျော်ဖြေမှုကို စတင်ဖန်တီးတော့မယ့် အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မိုက်ကယ်ဟာ သူ့ရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့လည်း စိတ်ပျက်စ ပြုလာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူက “ကျွန်တော့်မှာ ၀က်ခြံတွေ ဆိုးဆိုးဝါးဝါးထွက်နေပြီး ကျွန်တော် သိပ်ရှက်ပါတယ်။ ကျွန်တော် နေ့တိုင်း မျက်ရည်ကျရပါတယ်” လို့ နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။ တကယ်တော့ ဒီဝေဒနာဟာ မိုက်ကယ်ရဲ့ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ အမဖြစ်သူ လာတိုယာက မိုက်ကယ်ဟာ သူ့ရဲ့ နှာခေါင်းအတွက်လည်း သောကရောက်နေကာ “သိပ်ကြီးနေ တယ်။ ဒါကို ပြင်ချင်တယ်” ဆိုပြီး ပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    2553F2C000000578-2943351-image-m-17_1423264189358

    ၁၉၇၉ – အသက် ၂၀ ရှိပြီး ယုံကြည်မှုပိုရှိလာတဲ့ မိုက်ကယ်ဂျက်ဆင်ဟာ သူ့ရဲ့နှာခေါင်းအသစ်ကို ပြသခဲ့ပြီးပိုသေးတဲ့နှာခေါင်းကို လိုချင်တယ်လို့လည်း ရှက်ရှက်နဲ့ဝန်ခံခဲ့ပါတယ်။ အကလေ့ကျင့်နေတုန်း ပြုတ်ကျပြီး နှာခေါင်းရိုးကျိုးသွား ခဲ့တဲ့နောက်မှာ နှာခေါင်းသေးအောင် ခွဲစိတ်ခဲ့တာပါလို့ သူက ပြောခဲ့ပါသေးတယ်။ပထမအကြိမ် ခွဲစိတ်ထားတဲ့နှာခေါင်းကို အနေအထားပြင်ဖို့ ဒုတိယအကြိမ်ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာ စတီဗင် ဟော့ဖ်လင်းကတော့ မိုက်ကယ်ဟာ အသက်ရှုရခက်လာတာကြောင့် ပထမအကြိမ်ခွဲစိတ်ခဲ့တဲ့ နှာခေါင်းအတွက် သိပ်မကြိုက်ဘူးလို့ ပြောခဲ့ပါတယ်။

    255C2A8D00000578-2943351-image-m-24_1423264432782
    ၁၉၈၃ – ဒီနှစ်မှာတော့ သူ့ရဲ့ အရောင်းရဆုံး အလ်ဘမ်ဖြစ်တဲ့ Thriller ကို ဖြန့်ချီတဲ့နှစ်ပါပဲ။ တစ်ချိန်တည်းမှာပဲ မိုက်ကယ်ဟာ သူ့ရဲ့ အာဖရိက ပုံပန်းသွင်ပြင်ကို ဖျောက်ဖို့ ကြိုးစားလာပြီး အသားဖြူမိတ်ကပ်ကို စပြီး လိမ်းလာခဲ့ပါတယ်။ သူ့ရဲ့နှာခေါင်းကလည်း ပိုသေးသွာပြီး၊ ပါးကို အစားထိုးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုနဲ့ပတ်သက်လို့ တုံ့ပြန်မှုတွေကို မိုက်ကယ်က နှစ်သက်ခဲ့ပြီး နောက်တစ်နှစ်မှာပဲ နှာခေါင်းကို တတိယအကြိမ်မြောက် ခွဲစိတ်ပြုပြင်ခဲ့ပြန်ပါတယ်။ ဒါတင်မကသေးဘဲ ပါးကို နေရာပိုများများ အစားထိုးခဲ့ပြီး ထူထဲတဲ့ မျက်ခုံးကိုလည်း သေးသွယ်အောင် ပြုလုပ်ခဲ့ကာ ပိုနေတဲ့အသားတွေကိုလည်း ဖယ်ထုတ်ခဲ့ပါတယ်။

    255E89F400000578-2943351-image-a-25_1423264437490

    ၁၉၉၁ – အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ဟာ သိုသိပ်စွာနေလာခဲ့ပါတယ်။ နှာခေါင်းခွဲစိတ်ပြုပြင်မှု ၄ ကြိမ်နဲ့ ၅ ကြိမ်မြောက် ပြုလုပ်ခဲ့အပြီးမှာတော့ မိုက်ကယ်ရဲ့ နှာခေါင်းပေါက်တွေဟာ တြိဂံပုံစံဖြစ်လာပါတယ်။ (၁၉၉၂ ခုနှစ်မှာတော့ မသေသပ်တဲ့ ခွဲစိတ်မှုကြောင့် သူ့ရဲ့ နှာခေါင်းဟာ ပုံပျက်ခဲ့ပြီး နှာနုအတု တပ်ခဲ့ရပါတယ်) သူ့ရဲ့မေးစေ့မှာ အချိုင့်တစ်ခုဖြစ်လာခဲ့ပြီး အဲဒီမေးရိုးကို ကြီးဖို့အတွက် မေးရိုးအစားထိုးကုသမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ မိုက်ကယ်ရဲ့ တစ်ကိုယ်လုံးဟာ ပိုဖြူလာပြီး သူက အရေးပြားအရောင် လွင့်သွားခြင်းရဲ့ ရလဒ်လို့ ဆိုပါတယ်။

    255C248400000578-2943351-image-m-31_1423264592375၁၉၉၅ – အသက် ၃၇ နှစ်အရွယ်ရှိလာတဲ့ မိုက်ကယ်ရဲ့ အသားတွေဟာ အရေပြားဆရာဝန်ပေးတဲ့ အရောက်ချွတ်ဆေးတွေသုံးတာ၊ မိတ်ကပ်တွေကို အလွန်အကျွံလိမ်းတာကြောင့် တော်တော်လေဖြူးဖွေးလာခဲ့ပြီး ဆံပင်အတုလည်း တပ်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ယူရီ ဂဲလ်လာက ဘာကြောင့် ပုံပန်းသွင်ပြင်ပြောင်းတာလည်းလို့ မေးတဲ့အခါ မိုက်ကယ်က “ငါ့အဖေနဲ့တူတာ ငါမကြိုက်ဘူး” လို့ ပြန်ဖြေခဲ့ပါသတဲ့။ ဒီနှစ်မှာပဲ မိုက်ကယ်ဟာ လီစာ မာရီ ပရက်စလေနဲ့ လက်ထပ်ခဲ့ပြီး နောက်တစ်နှစ်မှာ ခွာပြဲခဲ့ပါတယ်။

    005A2A2E00000258-2943351-image-a-32_1423264599188
    ၂၀၀၂ – မသေသပ်တဲ့ ခွဲစိတ်မှုကြောင့် နှာခေါင်းကနေ အရည်တွေကျပြီး ပါးစပ်ထဲ ရောက်ရောက်လာတာကို တားဆီဖို့အတွက် မိုက်ကယ်ဟာ ဒီနှစ်ပိုင်းအတွင်း နှာခေါင်းမှာ ပလာစတာကို တစ်ချိန်လုံး ကပ်ထားခဲ့ရပါတယ်။ နာမည်ကျော် ခန္ဓာကိုယ်ခွဲစိတ်ဆရာဝန် ဒေါက်တာ ပါမယ်လာ လစ်ပ်ကင်က “နှာခေါင်းက ဆက်ထားတဲ့အရိုး ဒါမှမဟုတ် အစားထိုးထားတဲ့အသားတွေက ရွေ့လာတာကြောင့် သူ့ရဲ့အရေပြားမှာ အပေါက်ဖြစ်လာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆေးပညာမှာတော့ ဒါဟာ ပြုပြင်လို့မရတော့တဲ့ အခြေအနေ end-stage လို့ ခေါ်ပါတယ်”  လို့ မိုက်ကယ်ရဲ့နှာခေါင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။

    2553F07C00000578-2943351-image-m-40_1423264752240

    ၂၀၀၃ – သူ့ရဲ့တတိယမြောက် ကလေး ဘလန့်ကတ်ကို မွေးပြီးတဲ့အချိန်မှာတော့ မိုက်ကယ်ရဲ့ မျက်နှာပေါက်ဟာ မိန်းမဆန်လာခဲ့ပါတယ်။ မာတင်ဘရှီးရ်ဆိုသူ ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်မှာ မိုက်ကယ်က “ကျွန်တော့်ရဲ့ မျက်နှာကို ပလက်စတင်ဆာဂျရီ မလုပ်ဖူးပါဘူး။ နှာခေါင်းကိုပဲလုပ်တာပါ။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အသက်ရှူရတာ ပိုကောင်းလာပြီး နုတ်အမြင့်တွေကို ဆိုနိုင်သွားပါတယ်။ ကျွန်တော်အမှန်ကိုပြောနေတာပါ။ ကျွန်တော့်မျက်နှာကို ဆာဂျရီမလုပ်ခဲ့ပါဘူး” လို့ ဆိုပြီး စင်ပေါ်မှာ မျက်နှာဖုံးဝတ်ရတာကို ပိုနှစ်သက်တယ်လို့ သူက ထည့်ပြောခဲ့ပါတယ်။

    255E9A7600000578-2943351-image-a-41_1423264759440

    ၂၀၀၉ – အသက် ၅၀ အရွယ် မိုက်ကယ်ဂျက်ဆင်ဟာ ပေါင် သန်း ၃၅၀ လောက်အကြွေးတင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ This Is It အမည်နဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်မယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဒေါတာအလန်က “ဒီအချိန်မှာ သူ့ရဲ့နှာခေါင်းဟာ အရမ်းကို သေးနေပါပြီ။ သာမန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တာကြောင့် နှာခေါင်းကို ပြန်ဖာပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ မိုက်ကယ်ရဲ့ မျက်နှာကို ပြန်လည်ပုံဖော်ဖို့ နားရွက်က တစ်ရှူးကိုလည်း ဖြတ်ယူသုံးစွဲခဲ့ရပါတယ်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲမစခင် ဇွန်လမှာပဲ  မိုက်ကယ်ဟာ နှလုံးရပ်ပြီး သေဆုံးခဲ့ပါတယ်။ အိပ်ပျော်အောင်ပေးတဲ့ အိပ်ဆေး လွန်သွားတာကြောင့်လို့ စစ်ဆေးမှုများအရ သိရပါတယ

    255C1A0B00000578-2943351-A_computer_generated_image_of_how_Michael_Jackson_would_have_loo-a-49_1423265024279

    ဒီပုံကတော့ တကယ်လို့ မိုက်ကယ်ဂျက်ဆင်သာ သူ့ရဲ့ ပုံပန်းသွင်ပြင်ကို မပြင်ခဲ့ဘူးဆိုရင် ကနေ့ရှိနေမယ့် အနေအထားကို ကွန်ပျူတာနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။

  • လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်မှုနဲ့ တာဝန်ယူတတ်မှု

    လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်မှုနဲ့ တာဝန်ယူတတ်မှု

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။
    10959841_1401896736785891_1174115988918441662_n
    အင်္ဂလန်နိုင်ငံက ပရီးမီးယားဘောလုံးအသင်းဖြစ်တဲ့ ချယ်လ်ဆီးကလပ်အသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်သစ်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။

    ပြင်သစ်ကလပ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အင်္ဂလန်ကို ပြန်ဖို့အတွက် ပဲရစ်မက်ထရိုဘူတာရုံမှာ ချယ်လ်ဆီးပရိတ်သတ်တွေ စုပြုံပြီး ရှိနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ပြင်သစ်နိုင်ငံမှာ အလုပ်လုပ်တဲ့ ပြင်သစ်မော်ရစ်သျှအနွယ် လူမည်းအမျိုးသား ဆူလေမန်ဟာ အဲဒီ ဘူတာရုံကနေ နေအိမ်သို့ ပြန်ဖို့ ရထားပေါ်အတက်မှာ ချယ်လ်ဆီးပရိသတ်တွေရှိနှင့်ပြီးတဲ့ ရထားတွဲကနေ အ၀င်မခံဘဲ လူမျိုးရေးခွဲခြားခံရပြီး ရထားတွဲရဲ့အပြင်ဖက်ကို တွန်းထုတ်ခံခဲ့ရပါတယ်။ သူ့ကို လူမျိုးရေးခွဲခြားသူ ချယ်လ်ဆီးပရိတ်သတ်အချို့က နှစ်ကြိမ်တိတိ တွန်းထုတ်တာကို ဘူတာရုံက လုံခြုံရေးကင်မရာတွေမှာ မှတ်တမ်းတင်ထားပြီးသား ဖြစ်နေခဲ့ပါတယ်။

    11021171_1401896806785884_6685398281534694316_n

    လူမျိုးရေးခွဲခြားသူချယ်လ်ဆီးပရိတ်သတ်အချို့ဟာ ရထားထွက်ခွာချိန်မှာလည်း “ငါတို့ဟာ လူမျိုးရေး ခွဲခြားသူတွေ ဖြစ်ကြတယ်။ ဒါကို ငါတို့ နှစ်သက်တယ်” လို့ အော်ဟစ်သွားခဲ့ကြပါသေးတယ်။

    လူလူချင်း အသားအရောင်ကွဲပြားမှုအပေါ်မှာ ခွဲခြားဆက်ဆံတာ၊ ဘာသာတရားအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာတွေကို ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမှ လက်ခံခြင်းမရှိတဲ့အတွက် လူမျိုးရေးခွဲခြားသူချယ်လ်ဆီးပရိတ်သတ်အချို့အတွက် ချယ်လ်ဆီးဘောလုံးကလပ်ပိုင်ရှင် အဗရာမိုဗစ်နဲ့ ကလပ်မန်နေဂျာ ဟိုဆေးမော်ရင်ဟိုတို့ဟာ အဲဒီဆိုးသွမ်းပရိတ်သတ်တွေရဲ့ လုပ်ရပ်အတွက် ရှက်ရွံ့ စက်ဆုတ်မိကြောင်း ချက်ချင်းဆိုသလို ထုတ်ဖော်ပြောကြားခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ အပါအ၀င် အင်္ဂလန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာ၊ Football against Racism နဲ့ Kick it out အဖွဲ့အစည်းတွေက အပြင်းအထန်ရှုတ်ချ အပြစ်တင်ခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်အာဏာပိုင်တွေကလည်း လူမျိုးရေးခွဲခြားမှု ကျူးလွန်သူကို ပူးတွဲဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။

    11015107_1401897140119184_5724592622316901241_n

    ပြင်သစ်ဘူတာရုံက လုံခြုံရေးကင်မရာ မှတ်တမ်းကို စစ်ဆေးကာ ကျူးလွန်သူကို စစ်ဆေးဖော်ထုတ်နေစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ပထမဆုံးပြန်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားဘောလုံးပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းသားတွေဟာ ‘‘တန်းတူညီမျှမှုကို အားပေးတဲ့ ကစားပွဲ’’ လို့ရေးသားဖော်ပြထားတဲ့ တီရှပ်တွေကို ၀တ်ဆင်ပြီးတော့ လူမျိုးရေးခွဲခြားမှုကို ကလပ်ကစားသမားတွေပါ လက်ခံခြင်း မရှိကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။

    အသက် ၃၃ နှစ်အရွယ်ရှိ လူမည်းအမျိုးသား ဆူလေမန်ဟာ ချန်ပီယံလိဂ်ည ပထမအကျော့ညက လူမျိုးရေးခွဲခြားစော်ကားခံခဲ့ရအပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ ဆက်သွယ်တောင်းပန်မှုအပြင် ပြင်သစ်သမ္မတ ဟော်လန်ရဲ့ ဖုန်းဆက်အားပေးစကားပြောဆိုမှု၊ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေဆီက အားပေး နှစ်သိမ့်မှုများကိုပါ လက်ခံရရှိခဲ့ပါတယ်။

    11022631_1401896933452538_7897389257552226191_n

    ခုချိန်မှာတော့ ချယ်လ်ဆီးဘောလုံးကလပ်အသင်းနဲ့ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ဟာ အဲဒီညက လူမျိုးရေးခွဲခြားခဲ့သူ သုံးဦးကို ပူးပေါင်းဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပြီး ချယ်လ်ဆီးကလပ်အသင်းက ရာသက်ပန် ပွဲကြည့်ခွင့် ပိတ်ပင်ပြစ်ဒဏ်ချမှတ်ပြီးတော့ အရေးယူသွားခဲ့ပြီလို့ သိရပါတယ်။

    ပြင်သစ်နိုင်ငံဥပဒေအရ အများနဲ့ဆိုင်တဲ့သယ်ယူပို့ဆောင်ရေးနေရာတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုပြုလုပ်ခဲ့ရင် ဒဏ်ငွေ စတာလင်ပေါင် ၄၅၀၀၀ ( ခန့်မှန်း မြန်မာငွေ ၆၇၅ သိန်းခန့်) အပြင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိကျခံရနိုင်တာကြောင့် ဒီလူတွေဟာ ပြင်သစ်ဥပဒေနဲ့ အရေးယူခံယူဖွယ်ရှိနေသေးကြောင်း သိရပါတယ်။

    Nay Myo Wai

    မြန်မာနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ပုံနှိပ်ဖော်ပြပြီးသော်လည်းကောင်း၊ လက်ကမ်းကြော်ငြာစာအုပ်များ၊ တရားဝင်ပုံနှိပ်မီဒီယာများမှ ဘာသာရေးခွဲခြားစော်ကားမှုများကို ရေးသားဖော်ပြ၍သော်လည်းကောင်း၊ တရားဝင်ပါတီထောင်ကာ လူမျိုးရေးခွဲခြားခွင့်လိုင်စင်ကို တရားဝင်ရနေသလို အာဏာပိုင်များမှ ခွင့်ပြုနေ၍သော်လည်းကောင်း၊ သင်္ဃန်းစီးကာ လူမျိုးရေးခွဲခြားမှု ဘာသာရေးခွဲခြားစော်ကားနေမှုများအား မည်သူမျှ အပြစ်တင် ရှုတ်ချခြင်း မရှိသလို မလုပ်သင့်ဘူးဟုပင် တားမြစ်ခြင်းများပင် ရှိမနေသေးသည်က…

    တန်းတူညီမျှမှု အပြည့်ရှိသော ဒီမိုကရေစီစနစ်ကိုသွားနေပါပြီဟု ကြွေးကြော်နေမှုများမှာ မည်မျှ အဓိပ္ပါယ်မဲ့နေသည်ကို မြင်မိစေရန် ယခုသတင်းအား ဘာသာပြန်ကာ ရေးသားရခြင်းဖြစ်ပါကြောင်း။

    10903928_1401898500119048_2669832706304706626_o

    Ref :
    http://www.france24.com/en/20150219-chelsea-bans-three-fans-over-paris-metro-racism/
    http://www.bbc.co.uk/news/uk-31575123
    https://uk.eurosport.yahoo.com/news/football-ashamed-chelsea-announce-new-bans-185523617–sow.html

    ဆွေမွန်
    ၂၃ ဖေဖေါ်ဝါရီ ၂၀၁၅

  • အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    righteous-muslims2
    – `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)

    အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။

    ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။

    စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။

    Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။

    မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။

    ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။

    ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။

    အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။

    ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။

    ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။

    ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။

    ref:.huffingtonpost
    မိုးဝေ ဘာသာပြန်ဆိုသည်။