News @ M-Media

Category: ဆောင်းပါး

  • တေးဂီတရဲ့စွမ်းပကား

    တေးဂီတရဲ့စွမ်းပကား

    ဇန်နဝါရီ ၂၇ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင် ရေးသည်။
    Specific-music-notes-DNA-300x199
    လောကမှာရှိတဲ့ အရာတွေတော်တော်များများကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခံစားနိုင်ပါတယ်။ ဒါကလည်း ထင်သာမြင်သာ ရှိတာမို့ ငြင်းမရဘူးလေ။ ဒါပေမယ့် နှလုံးသားထဲကို နစ်ဝင်ထိရှပြီး ခံစားနိုင်တဲ့ အရာတွေဟာလည်း နှုတ်ကပြော မရသည့်တိုင် ရှိနေကြဆဲပါ။ ဆိုပါစို့ သံယောဇဉ်ဖွဲ့ခြင်း၊ အကြင်နာ၊ မေတ္တာ စတာတွေအပြင် တေးဂီတသံဟာလည်း တစ်ခု အပါအဝင်ပါပဲလို့ သုတေသနပညာရှင်တွေက အဆိုပြုကြတယ်။

    ကောင်းပြီ။ တေးဂီတသံနှင့် ပတ်သက်လို့ ဆန်းစစ် လေ့လာထားကြတဲ့ ပညာရှင်တွေရဲ့အာဘော်ကို ကြည့်ကြရအောင်ပါ။ တေးဂီတဟာ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို နိုးကြားသန်စွမ်းစေနိုင်ပါတယ်တဲ့။ အထူးသဖြင့်တော့ ဦးနှောက်ရဲ့အပြင် လျှာဆောင်ရွက်မှုတွေဖြစ်တဲ့ အာရုံစူးစိုက်မှုနှင့် ဥာဏ်ရည် (အိုင်ကျူ) ကို တိုးတက်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။

    စိတ်ဝေဒနာ ခံစားနေကြရသူတွေ ဆေးပညာရှင်တွေက ခေတ်မီနည်းပညာ၊ ဆေးဝါး စတာတွေနှင့် ကုသကြတဲ့အခါ ကုထုံးတစ်ခု အပြင် တေးဂီတကို အသုံးပြုလေ့ရှိတယ်။ တစ်နည်းပြောရရင် ဂီတသံဟာ အစွမ်းထက်တဲ့ ဆေးဝါးတစ်လက်လို့ ဆိုနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွင့်ပျံ့နေတဲ့ စိတ်အာရုံကြောင့် စိတ်ကစဥ့်ကလျား ဖြစ်နေတာတွေကို စုစည်းမှုရှိပြီး အာရုံစိုက်လာအောင် ကိုတော့ တေးဂီတသံနှင့် အကူအညီယူပြီး ကုသနိုင်တာကြောင့်ပါပဲ။ ဆေးပညာရှင်တွေရဲ့ ကုထုံးဆန်းသစ်မှုတွေအရ သိရတာကတော့ အာရုံကြောထိခိုက်မှုကြောင့် ဖြစ်ပွားလာရတဲ့ ကိုယ်၊ လက်၊ အကြောလေးခြင်း၊ စကားပြော မရတော့တာမျိုးတွေကို တေးဂီတ အသံအကူအညီယူပြီး သက်သာလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဂီတတေးသွားဟာ အရေးပါတဲ့ကုထုံးအဖြစ် အာရုံကြောထိခိုက်လို့ ခြေလက် လှုပ်ရှားမရ လမ်းလျှောက် မရတာမျိုးကို အကြောတွေပြန်ပြီး သန်စွမ်းစေရာမှာ အသုံးချပါတယ်။

    အသက်အရွယ်ရလာသူ သက်ကြီးပိုင်းတွေအတွက်လည်း တေးဂီတသံဟာ ထိရောက်မှုရှိလှပါတယ်လို့ ဆိုပြန်တယ်။ အထူးသဖြင့်တော့ အသက်ရလာလော သတိချို့ယွင်းပြီး မေ့မေ့လျော့လျော့ ဖြစ်လာလေမို့ (အသက်ကြီးသူတိုင်းမဟုတ်ပါ) တေးဂီတကိုအသုံချတာဟာ အထောက်အကူဖြစ်ကြောင်း သိရပါတယ်။ သာမန်အခြေအနေမှာဆိုရင်ပေါ့ အသက်အရွယ်ကြီးရင့်သူ အများစုဟာ အင်အားကုန်ခန်း သလိုဖြစ်ပြီး နားနားနေနေလေးပဲ နေချင်ကြတယ်။ ဒါပေမယ့် သူတို့တစ်တွေရဲ့ ငယ်ဘဝတုန်းက ခေတ်စား ခဲ့တဲ့ မြူးမြူးကြွကြွ တေးစာသားလေးတွေ ကို ကြားလိုက်ကြရတဲ့အခါ ဦးခေါင်းကိုမော့ (အရင်ကခေါင်းငိုက်စိုက်ချချင် ချထားတယ်) နောက်ပြီး ခေါင်းကိုလည်း တေးသွားအလိုက် ဘယ်ညာယိမ်းလားယိမ်းရဲ့၊ လက်ချောင်းကလေးတွေကို စည်းချက်ကျကျ လှုပ်ရှားလား လှုပ်ရှားရဲ့တေးဂီတသံမှာနစ်မျောနေတာမျိုးတွေကို တွေ့မြင်ရမှာပါ။

    မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာလည်း တေးဂီတဟာတော်တော်လေးကို အသုံးတည့်တယ်။ အထူးသဖြင့် နောက်ခံတေးသွားတစ်ခုခုကို အာရုံခံစားရာက ကိုယ့်ရဲ့မေ့လျော့နေတဲ့ အကြောင်းအရာတွေ အတိတ်က (ငယ်စဉ်ဘဝမှာ) အဖြစ်အပျက်တွေကို ပြတ်ပြတ်သားသား အမှတ်ရလာနိုင်တယ်လေ။ ဒါဟာ ဦးနှောက်ပိုင်းဆိုင်ရာကို နှိုးဆွပြီးလှုပ်ရှားစေတာကြောင့်ပါပဲ။

    ကလေးသူငယ်တွေအတွက်တော့ တေးဂီတဟာ တကယ့်ကိုထိရောက်တဲ့ သင်ထောက်ကူပစ္စည်း တစ်မျိုးလို့ ဆိုနိုင်တယ်။ ဂီတသင်ခန်းစာကို (ကျောင်းဘာသာရပ်တွေ အပြင်) အပိုဘာသာရပ်မှာပိုပြီးတော်လာတာ (၂၅-ရာခိုင်နှုန်းလောက်အထိ ပိုတယ်)ကို ပညာရှင်တွေက လေ့လာဆန်းစစ်သိရှိရပါတယ်တဲ့။ ဒါ့အပြင် တေးဂီတဟာ ကြောက်ရွံ့ စိုးရိမ်တတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း စတာတွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ ရှေးတရုတ်လူမျိုးတို့ရဲ့ သံစဉ်ငါးမျိုးတီးခတ်မှုဟာ ကိုယ်ခန္ဓာအတွင်းက အစိတ်အပိုင်းတွေကို ဆွဲငင်ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြတယ်။

    တစ်စုံတစ်ခုကြောင့် ဒဏ်ရာအနာတရဖြစ်ပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရသူများ အတွက်တော့ တေးဂီတရဲ့အစွမ်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ သက်သာခွင့်ရစေခဲ့ပါတယ်။ ဂီတသံစဉ်တွေဟာ လူကိုယ် ခန္ဓာမှာဖြစ်ပွားနေတဲ့ သွေးတိုး၊ သွေးခုန်နှုန်းတွေကို သက်သာလျော့ပါးစေရုံသာမက ကြွက်သားလှုပ်ရှားမှုကိုလည်း ထိန်းပေးနိုင်စွမ်းရှိတယ်လို့ ဆိုတယ်။

    တကယ်တမ်းပြောရရင် တေးဂီတဆိုတာ လက်ဆုပ်လက်ကိုင် ဖော်ပြလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိစေနိုင်တယ်။ မူကြိုအရွယ်ကလေးတွေ (အသက် ၂-နှစ်ကနေ ၅-နှစ်အတွင်း) အတွက်တော့ တေးသီချင်းတွေနှင့် သီဆိုလေ့ကျင့်ပေးတာက သင်ခန်းစာတွေကိုပိုပြီး အလွယ်တကူမှတ်သားမိပြီး တတ်မြောက်လွယ်တာကို အခိုင်အမာဆန်းစစ်ထားတာ သိရှိရတယ်။ လူတစ်ယောက်ရဲ့ဘဝဟာ ဂီတနှင့် ယဉ်ပါးခဲ့ရတာအမှန်ပါပဲလို့ ဆိုလေ့ရှိကြတယ်။ ယဉ်ပါးဆို ကလေးဘဝကတည်းကပဲ အမေတို့ရဲ့သားချော့တေးတွေ တွင်တွင်ဆိုရင်း သားသမီးလေးတွေကို ချော့မြှူယုယခဲ့ကြတာကိုး။ ကလေးဘဝမှာတော့ အမေတို့ရဲ့နှုတ်ဖျားက တေးသီချင်းတွေနှင့် လူကြီးဘဝကို စတင်ခဲ့ကြရသည်ပဲလေ။ အမေတို့ကလည်း သားသမီးလေးတွေ အကြိုက်လိုက်ပြီး (သီချင်းမဆိုတတ်သည့်တိုင်) ဆိုဖြစ်သွားကြတာချည်းပေါ့။

    လူ့သဘာဝပဲဆိုပါတော့ တေးသီချင်း တစ်ပုဒ်ကို အစကနေအဆုံးအထိ မရဘူးပဲထား၊ ကိုယ်ရသလောက် သီချင်းစာသားတွေ၊ တေးသွား အလိုက်လေးတွေကို ဆိုမိညည်းမိတတ်ကြသည်။ ဒီကနေ့ခေတ်လူငယ် လူရွယ်တော်တော်များများဟာ သွားရင်းလာရင်းသော်မှ နားကြပ်လေးတွေနှင့် သီချင်းနားထောင်တတ်ကြသည်ပဲ။ တေးဂီတဆိုတာ ခက်ထန် မာကြောတဲ့နှလုံးသား ကိုတောင် နူးညံ့ပျော့ပျောင်းစေနိုင်တယ် လို့ အဆိုရှိတာကိုး။ သီချင်းတစ်ပုဒ်ဟာ သာယာနာပျော်ဖွယ်သံစဉ်မျိုးရှိမယ်ဆိုရင် ဂီတကိုဝါသနာမပါတဲ့သူတောင်မှ နားထဲစွဲသွားရော။ တချို့ဆိုရင်အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စတစ်ခုခုလုပ်ရင်း သီချင်း နားထောင်လေ့ရှိကြတယ်။ အကျိုးဆက်အနေနှင့်ကတော့ အလုပ်တာဝန်တွေကို အလွယ်တကူပြီးစီးသလို ခံစားရတဲ့အပြင် စိတ်လက်ပေါ့ပါးပြီးရွှင်လန်းသလို ဖြစ်လာတတ်တယ်။

    နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်ရင်း စိတ်ဖိစီးမှုတွေကို ခံစားကြရတာ မဆန်းပါဘူးနော်။ အဲဒီအခါ သက်တောင့်သက်သာ အနေအထားမျိုးထိုင်ချလိုက်ပြီး မျက်လုံးတွေကိုမှိတ်၊ အသက်ရှုသွင်းချိန်မှာ ဂီတသံတွေကို တစ်ပါတည်းအာရုံနှစ်ပြီး နားထောင်ပေးပါ။ အသက်ရှုထုတ်လိုက်တဲ့အခါ စိတ်ဖိစီးတင်းကျပ်မှုတွေ သိသိသာသာလျော့ပါးသွားမှာပါဆိုတဲ့ ပညာရှင်တွေရဲ့စကား ဘယ်လောက်အထိမှန်သလဲဆိုတာ … ကဲ … လက်တွေ့လုပ်ကြည့်လိုက်ရအောင်ပါ။

    နှင်းဆီခင်

  • ကြောင်တောင်နှိုက် လောင်မြှိုက်ခံရာ ပြည်မြန်မာ

    ကြောင်တောင်နှိုက် လောင်မြှိုက်ခံရာ ပြည်မြန်မာ

    ဇန်နဝါရီ ၂၆ ၊ ၂၀၁၅
    M-Media
    china 1
    မြန်မာ့အဖိုးတန် သဘာဝသယံဇာတများအပေါ် မောင်ပိုင်စီးလိုသည့် တရုတ်၏ မဟာ အတ္တတရား ခပ်ကြမ်းကြမ်း ပွင့်အံလာလေပြီ။ ပြောင်စင်အောင် ကြောင်တောင်နှိုက်မည့် ပုံစံဖြင့် တစ်မျိုး၊ လက်ဝါးကြီးအုပ် ခရိုနီပုံသွင်ဖြင့်တစ်ဖုံ တွေ့နေရသည်။ သဘာ၀၀န်းကျင် သို့မဟုတ် လူထုအရေး သောက မထားသလောက် မြေယာများကို ကိုယ်ကျိုးရှာအသုံးချရန် အားသန်လှစွာသော တရုတ်ကုမ္ပဏီတို့နှင့်  မြန်မာစစ်တပ်အခွင့်ထူးခံအုပ်စုသည် သဘောတူစာချုပ်များ ရှိနေကြ၏။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တစ်စိပ်တစ်ဒေသကို ထိန်းချုပ်ထားသော လက်နက်ကိုင်အုပ်စု ကချင်လွတ်မြောက်ရေးတပ်မတော် KIA သည်လည်း တရုတ်နှင့် ကုန်သွယ်ရေးအချို့၌ လက်ဝင်လျှိုထားသေး၏။ အထူးသဖြင့် ချွတ်ခြုံကျ ဘိန်းစွဲလုပ်သားတို့ကို အသုံးပြုနေသော ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွင် ဖြစ်သည်။

    ယခုရက်သတ္တပတ်အတွင်း တရုတ်အစိုးရ အာဏာပိုင်များသည် တရားမ၀င်သစ် ထုတ်မှု သံသယဖြင့် ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသားများ အရေး စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံထဲ ရှိနေခဲ့ကြသည်။ တရုတ်ပြည်သို့ တရားမ၀င်သစ် (အထူးသဖြင့် မြန်မာ့ ရှားပါးသစ်နက်ပင်များ) ခိုးထုတ်ရောင်းချမှုတို့က ပြဿနာကြီးထွားနေသည်။ ထိုအပင်များမှာ သုံးနှစ်အတွင်း မျိုးပြုန်းတော့မည်ဖြစ်ကြောင်း အစိုးရ အဖွဲ့အစည်းမဟုတ်သော ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ကြည့်ရေးအေဂျင်စီ Environmental Investigation Agency မှ သတိပေးထားသည်။

    ကျားနှင့်ကျားသစ်ခန္ဓာ အစိတ်အပိုင်း၊ ၀က်ဝံသည်းခြေနှင့် သင်းခွေချပ်များကို တရုတ်နိုင်ငံ၏ အာသာငမ်းငမ်း ၀ယ်ယူနေမှုကြောင့် တရုတ်နယ်စပ်အနီးရှိ Mong La မုံလ/မိုင်းလား မြို့မှာ တိရစ္ဆာန် ကုန်ကူးဈေးကွက်၊ ပြည့်တန်ဆာနှင့် လောင်း ကစား ဖြန့်ကျက်ရာဌာန တစ်ရပ် အသွင်သို့ ကူးပြောင်းသွားစေသည်။ မြန်မာ့ကျား အရေအတွက်မှာ အကောင် ၇၀ အောက်သာ အများဆုံး ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြသည်။

    အဖိုးတန်ကြေးနီသတ္ထုများ ရှာဖွေငွေဖော်နေခြင်းက သဘာဝပတ်ဝန်းကျင်နှင့် လူသားတန်ဖိုးအား အရေးမစိုက်တတ်ကြသည့် ဗမာလူမျိုးတို့ အပေါ် ဆန့်ကျင်အကြမ်းဖက်မှုဆီ ဦးတည်သွားလေသည်။ ၂၀၁၂ ခုနှစ်၌ တရုတ်နိုင်ငံ ၀မ်ပေါင်သတ္ထုတူးဖော်ရေး ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် စီးပွားရေး အင်အားစုအကြား ဖက်စပ်လုပ်ကိုင်နေသော မြန်မာ့အလယ်ပိုင်း လက်ပံတောင်းကြေးနီ သတ္ထုတွင်းအတွက် အဓမ္မ အိုးအိမ်ဖယ်ရှားရွှေ့ပြောင်းချက်များ အပေါ် ဒေသခံတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒပြ သူတို့အား မြန်မာရဲတပ်ဖွဲ့က စစ်မက်ရေး၌သာ အသုံးပြုသည့် ဖော့စ်ဖရပ်စ်ဖြူ မီးလောင်ဗုံးကို ပြောင်ပြောင်တင်းတင်း အသုံးပြု၍ ဖြိုခွင်းခဲ့ကြသည်။ ပြီးခဲ့သည့်လကလည်း ထိုဒေသတွင်း ထပ်မံနယ်ချဲ့လာမှုကို ဆန္ဒပြကြသူဒေသခံတို့အား ရဲအရာရှိများက သေနတ် ပစ်ဖောက်ခဲ့ရာ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် သေဆုံးရပြန်သည်။

    ကန့်ကွက်ဆန္ဒပြမှုများမှ မီးမောင်းထိုးပြနေသည်မှာ မြန်မာပြည်သူလူထုသည် ဤသို့ မောင်ပိုင်စီးနယ်ချဲ့လုယက်နေခြင်းကို ရပ်တန့်စေ လိုကြောင်း ထင်ရှားနေပေသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့် သဘာဝ ၀န်းကျင်ကို တန်ဖိုးထားလေးစား သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လိုအပ်နေပါသည်။ သယံဇာတများ ခွာထုတ်ဖဲ့ယူနေသော – နိုင်ငံရေးတည်ငြိမ်မှု ပျက်ယွင်းစေသော အကျင့်ပျက်ခြစားခြင်းနှင့် ခရိုနီစာချုပ်များအား ဇက်ထိန်းပဲ့ကိုင်ခြင်း၌ သမ္မတဦးသိန်းစိန်အပေါ် မူတည်လျက်ရှိပါသတည်း။

    xxxxxxxxxxxxxxx

    New York Times မှ အယ်ဒီတာ့အာဘော်ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

    သရုပ်ဖော်ရုပ်ပုံ- Copy

  • မြန်မာနိုင်ငံနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ

    မြန်မာနိုင်ငံနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ

    ဇန်နဝါရီ ၂၆ ၊ ၂၀၁၅
    M-Media

    feature-image38-680x365
    – ဇန်န၀ါရီလ ပထမနှစ်ပတ်အတွင်းမှာပင် ရန်ကုန်ရှိ  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန DICA ရုံးခန်းသို့ နိုင်ငံရပ်ခြား ကုမ္ပဏီလေးခုမှ ကိုယ်စားလှယ်များ လာရောက်ကြသည်ဟု DICA ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    အဆိုပါကိုယ်စားလှယ်များမှာ Toyota Tsusho ကော်ပိုရေးရှင်း၊ နည်းပညာ ကုမ္ပဏီ ZTE ကော်ပိုရေးရှင်း၊ ရေနံကုမ္ပဏီ Shell Eastern Petroleum (Pte) Ltd နှင့် Siam Commercial Bank (SCB) တို့ဖြစ်ကြသည်။ ၎င်းတို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို DICA မှ အထွေထွေ ဒါရိုက်တာ ဦးအောင်နိုင်ဦးနှင့် ဆွေးနွေးခဲ့ကြသည်။

    SCB ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူကတော့ အမှုဆောင်ကော်မတီဥက္ကဌ၏ အကြံပေးဖြစ်ပြီး ရန်ကုန် ကိုယ်စားလှယ်များ ရုံးရှိ နိုင်ငံတကာ ဘဏ်လုပ်ငန်းရုံးချုပ်မှ ကမာလ်ခန့် အဂ္ဂါဝါလ်ဖြစ်သည်။

    စင်ကာပူအခြေစိုက် ရေနံကုမ္ပဏီ Shell Eastern Petroleum (Pte) Ltd မှ  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မန်နေဂျာ စတိဗ်ဂျုန်းစ်ကိုလည်း ဇန်န၀ါရီ ၈ ရက်နေ့က DICAရုံးခန်းတွင် တွေ့ဆုံခဲ့သည်။

    ထိုနေ့မတိုင်ခင် တစ်ရက်က ဦးအောင်နိုင်ဦးမှာ ZTE ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိ ၀မ်ဝေချောင်ကို တွေ့ဆုံခဲ့ပြီး ထိုနေ့မှာပင် Toyota Tsusho ကုမ္ပဏီကိုယ်စားလှယ် ဆင်နီချီ ဟွန်ဒိုကိုလည်း တွေ့ဆုံခဲ့သည်။

    SCB နှင့် ZTE တို့၏ ရုံးခန်းများက ရန်ကုန်တွင်ရှိနေပြီး တိုယိုတာလုပ်ငန်းအုပ်စု၏ တစ်ခုတည်းသော ကုန်သွယ်ရေးကုမ္ပဏီဖြစ်သော Toyota Tsusho က ဆက်သွယ်ရေး ရုံးမှတစ်ဆင့် လုပ်ငန်းများကို လုပ်ဆောင်နေသည်။ Shell ကတော့ မြန်မာနိုင်ငံတွင် ရုံးခန်းမရှိသေး။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိခဲ့သည့် နိုင်ငံခြား သဘာဝ သယံဇာတ ရှာဖွေရေးလုပ်ငန်းများထဲတွင် တစ်ခု အပါအ၀င် ဖြစ်လေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် မြန်မာနိုင်ငံက တံခါးဖွင့်လိုက်ကတည်းက ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများမှာ မြန်မာနိုင်ငံနှင့် ဆက်သွယ် လုပ်ကိုင်ရန် အတွက် စိတ်ဝင်စားမှုများ ပြလာသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးလာခဲ့လေသည်။

    ကန်ဒေါ်လာ ၆.၆ ဘီလီယံ စီမံကိန်း မီးစိမ်းပြပြီ

    ၂၀၁၄ ဧပြီလက စတင်ခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ ကိုးလအတွင်းမှာပင် ကန်ဒေါ်လာ ၆.၆ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ်များကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC က လက်ခံအတည်ပြုခဲ့သည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တစ်လျှောက်လုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၄.၁ ဘီလီယံသာရှိခဲ့ပြီး ယခုနှစ် ပထမကိုးလအတွင်းမှာပင် ထိုပမာဏထက် ၁.၄ ဘီလီယံ ကျော်တက်ခဲ့လေပြီ။

    ၂၀၁၄ ခုနှစ် အဆုံးသတ်သည့်အချိန်တွင် နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၅၉ ခုက လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိခဲ့ပြီး စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၅၂.၈ ဘီလီယံ ရှိခဲ့သည်။ လုပ်ပိုင်ခွင့်ရခဲ့သော ကုမ္ပဏီ စုစုပေါင်း၏ ၂၇.၄၃ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်ပြီး နံပါတ် ၁ ချိတ်ခဲ့သည်။ ထိုင်းနိုင်ငံက ၁၉.၄၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရှိနေပြီး၊ စင်ကာပူက ၁၅.၇၈ ရာခိုင်နှုန်းဖြင့် တတိယ၊ ဟောင်ကောင်က ၁၃.၁၆ ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ ယူကေက ၇.၀၃ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာတွင် ရှိခဲ့လေသည်။

    ထိုအထဲမှ နိုင်ငံပေါင်း ၃၁ နိုင်ငံ၏ ကုမ္ပဏီပေါင်း ၅၉၈ ခုက မြန်မာနိုင်ငံအတွင်း ကန်ဒေါ်လာ ၄၂.၇၈ ဘီလီယံတန်ဖိုး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် တရုတ်နိုင်ငံမှ ၆၇ ခုပါဝင်ပြီး အမြင့်ဆုံးဖြစ်ခဲ့ကာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၄၄ ဘီလီယံအထိ ရှိနေသည်။ ကုမ္ပဏီအားလုံး၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၃.၇ ရာခိုင်နှုန်းဖြစ်သည်။ ထို့နောက်တွင် စင်ကာပူ (၁၈.၇၀ ရာခိုင်နှုန်း)၊ ဟောင်ကောင် (၁၆.၀၄ ရာခိုင်နှုန်း)၊ ကိုရီးယားနှင့် ထိုင်း (၇.၃၆ ရာခိုင်နှုန်းစီ) အသီးသီးရှိနေကြသည်။ လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့သော ထိုင်းကုမ္ပဏီ ၈၁ ခုတွင် ၄၅ ခုက ရင်းနှီးမြှုပ်နှံခဲ့ကြပြီး စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၃.၂ ဘီလီယံ ရှိနေသည်။

    အထူးသဖြင့် ဂျပန်မှ ကုမ္ပဏီ ၄၆ ခုက ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့ကြပြီး ကန်ဒေါ်လာ ၂၈၅ သန်း တန်ဖိုးရှိ၏။ ထိုမျှမကသေး- သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ တည်ဆောက်ပြီးနောက် ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ၍ ၀င်လာဖွယ်ရှိနေသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်ကိုလည်း ဂျပန်ကုမ္ပဏီများက ဦးဆောင်ကာ အကောင် အထည်ဖော်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများတွင် ဥရောပနိုင်ငံအတော်များများနှင့် ရုရှား၊ ပနားမား၊ မော်ရေးရှက်စ်နှင့် ဆာမိုအာ နိုင်ငံများလည်း ပါဝင်လေသည်။

    ပြီးခဲ့သည့်နှစ် အတွင်းက ပြုလုပ်ခဲ့သော ထိုင်းရင်းနှီးမြှုပ်နှံသူများအတွက် ရှင်းလင်းပြောကြားမှုတစ်ခုတွင် Standard Chartered Bank (Myanmar) မှ အကြီးအကဲ တီနာ ဆင်းဆာချာက ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်ရန် မြန်မာအစိုးရ၏ ကတိက၀တ်၊ သဘာဝ သယံဇာတများနှင့် လုပ်သားအလျှံပယ်ရှိနေခြင်း စသည့်အချက်များက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အဓိကဆွဲဆောင်နိုင်သည့် အချက်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတွင် ခုန်ပျံကျော်လွှားနိုင်မည်ဟုလည်း သူမက ထည့်ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ် အတွင်း ငွေကြေး ခ၀ါချမှုကို ကျော်လွှားနိုင်ခဲ့သည့် ဥပမာတစ်ခုကို သူမက ထောက်ပြခဲ့သည်။ သေးငယ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံး နိုင်ငံများမှ တစ်နိုင်ငံဖြစ်နေသော်လည်း နိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်း ၂၃ ခုက နိုင်ငံတစ်ဝှမ်း မိုဘိုင်း ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးရန် စီစဉ်နေသည်။

    သို့သော်လည်း ရန်ကုန်အတွင်း ရင်းနှီးမြှုပ်နှံရန်အတွက်မှာ အလွန်စောနေသေးပြီး ရန်ကုန်ရှိ လမ်းများပိတ်ဆို့မှု၊ အခြေခံ အဆောက်အဦးများ အားနည်းမှုနှင့် အင်တာနက်မြန်နှုန်း နှေးကွေးမှုတို့က အဓိက စိန်ခေါ်မှုများဖြစ်နေသည်ဟု သူမက ထောက်ပြခဲ့သည်။

    `နိုင်ငံအကြောင်းနားလည်ဖို့ အောက်ခြေကို တတ်နိုင်သလောက်ဆင်းကြည့်ကြပါ။ မျက်စိတွေနားတွေ ဖွင့်ထားဖို့လိုပြီး မြန်မြန်ဆန်ဆန် လုပ်ဖို့အတွက် ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းတစ်လျှောက်လုံမှာ စိတ်ရှည် သည်းခံဖို့လိုပြီး ရှေ့နေကောင်း တစ်ယောက်လည်းလိုအပ်ပြီး ရေရှည် စွဲစွဲမြဲမြဲလုပ်ဖို့လည်း လိုအပ်ပါတယ်။ ကျွမ်းကျင်လုပ်သားတွေ နည်းပါးတာကြောင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွေရှိတဲ့ ဘယ်လိုလုပ်ငန်းမဆို ရေရှည်မှာ အကျိုးကျေးဇူးရနိုင်ပါတယ်´ ဟု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် လိုအပ်သောအချက်အချို့ကို သူမက မီးမောင်းထိုးပြခဲ့သည်။

    ref: The Nation
    လေးမောင် ဘာသာပြန်ဆိုသည်။

  • အရှိန်တက် တရုတ်-အမေရိကန် အားပြိုင်မှုကြားက မြေစာပင် မြန်မာ

    အရှိန်တက် တရုတ်-အမေရိကန် အားပြိုင်မှုကြားက မြေစာပင် မြန်မာ

    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    us-china-pipeline
    ရပ်တည်ချက်အတိုင်း မယိုင်မလဲရှေ့ဆက်ရန် နေပြည်တော်သို့ ၀ါရှင်တန်မှ တွန်းအားပေးလိုက်ပြီးသည့်နောက် တရုတ်ပြည်မှ လိပ်ခဲတည်းလည်း ခံစားနေရသည်။ မြန်မာနိုင်ငံသည် ဘေဂျင်း၏ စွမ်းအင်လုံခြုံရေးနှင့် ပိုးလမ်းမကြီး စီမံကိန်းများဆိုင်ရာ မဟာဗျူဟာဒေသဖြစ်နေ၍ပင်။

    ပြည်ပနေ တရုတ်လူမျိုးတို့၏ ၀က်ဘ်ဆိုဒ်ဖြစ်သော Duowei မှ တင်ပြသည်မှာ – ၀ါရှင်တန် ကျောထောက်နောက်ခံ လက်တင် အမေရိကနိုင်ငံများနှင့် လက်ပွန်းတတီးဆက်ဆံမှု၌ တရုတ်၏ အာရုံစိုက်နေမှုသည် မြန်မာနိုင်ငံအား အမေရိကန်၏ တွန်းအားပေး ဆုံးဖြတ်ချက်အပေါ် သြဇာသက်ရောက်စေရန်ဖြစ်သည်။

    တရုတ်ပြည်၏ မဟာဗျူဟာပြည်နယ် တစ်ခုဖြစ်သော ယူနန်သည် မြန်မာပြည်တွင်း အမေရိကန်၏ ထိုးဖောက်မှုများအတွက် အကြွင်းမဲ့ ပစ်မှတ်ဟု သုတေသီများက ဆိုကြသည်။ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံနယ်နမိတ်များနှင့် ထိစပ်လျက်ရှိပြီး အရှေ့တောင်အာရှထွက်လမ်းအဖြစ် တည်ရှိကာ သမ္မတ စီဂျင်းပင်၏ ၂၁ ရာစု ပင်လယ်ဖောက် ပိုးလမ်းမကြီး 21st century Maritime Silk Road (MSR) စီမံကိန်း စတင်ရာ အပါအ၀င်နယ်မြေတစ်ခု ဖြစ်၏။

    အောက်တိုဘာလတွင်ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲ အကြိတ်အနယ် အချိန်တွင် သြဇာပြိုင်ဆိုင်မှုမှာ အထွဋ် အထိပ်သို့ ရောက် လာနိုင်ပြီး၊ ၎င်း၏ရလဒ်များက ပထ၀ီနိုင်ငံရေးရေချိန်အား သတ်မှတ်ပေးဖွယ်ရှိနေသည်။

    Duowei ၏အဆိုအရ ဇန္န၀ါရီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း အမေရိကနှင့် မြန်မာအကြား လူ့အခွင့်အရေး စကားဝိုင်းများ ရှိခဲ့သည်။ စကားဝိုင်းအတွင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်သူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လုပ်သားရေးရာ ဒုဝန်ကြီး Tom Malinowski အပြင် အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်မှ ထိပ်တန်း အရာရှိကြီးနှစ်ဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး အင်ထော်နီ ခရခ်ျဖီးလ်ဒ်၊ အရှေ့အာရှရေးရာ လက်ထောက် ကာကွယ်ရေးရေး ဝန်ကြီး David F Helvey လည်း ပါဝင်ခဲ့၏။ ပြည်တွင်းစစ်၌ ကြားညှပ်နေသောဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့သို့လည်း ဗိုလ်ချုပ် ခရခ်ျဖီးလ်ဒ် မှ အလည်အပတ် သွားရောက်ခဲ့သေးသည်။

    ကချင်ပြည်နယ်၏တိုက်ပွဲများအကြား ပိတ်မိနေသည့် တရုတ်နိုင်ငံသားအချို့အတွက် လတ်တလောတွင် တရုတ်သံ အမတ်ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် မြစ်ကြီးနားသို့ ရောက်လျက်ရှိသည်။

    မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား အသည်းအမည်း တိုက်ပွဲ တစ်ရပ်နောက်ပိုင်း ဖြစ်ပေါ်လာသော အခြေအနေဆိုးမှန်သမျှကို တရုတ်ပြည်အား စိုးရိမ်လာစေသည်၊ အကြောင်းမှာ ယင်း စစ်မက်ဇုံနှင့် မဝေးကွာလှသည့် ယူနန်ပြည်နယ်သို့ ဒုက္ခသည်များ လှိမ့်ဝင်လာနိုင်စေခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

    တရုတ်နယ်စပ်အနီး ကချင်အခြေစိုက်တစ်ခုဖြစ်သော ဖားကန့်အား မြန်မာစစ်တပ်မှ ၀င်ရောက်တိုက်ခိုက်မှုက ယူနန်နယ်အတွင်း ဒုက္ခသည်များ ထိန်းမရအောင် ၀င်ရောက်စေမည့်ခြေလှမ်းအစ ဖြစ်ကြောင်း၊ ယူနန်နယ်စပ် ကိုးကန့်အထူးဒေသအတွင်း အစိုးရတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၀၉ ခုနှစ်အခြေအနေအတိုင်းဖြစ်ကြောင်း Sina Military Network ၀က်ဘ်ဆိုဒ်မှလည်း သတင်းများ ထုတ်လွှင့်နေသည်။

    ကချင်လူမျိုးမှ မျိုးနွယ်တစ်စုဖြစ်သော ဂျိန်းဖောတို့သည် ယူနန်ပြည်နယ်၌ မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းအုပ်စုတစ်စုနှင့် အတူတူပင်ဖြစ်သဖြင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလာသူများအား စာနာနားလည်ပေးမည်မှာလည်း သဘာဝပင်။ သို့ဖြစ်ရာ ဒုက္ခသည်တစ်ဦးဦးမှ လူမှုရေးတင်းမာမှုများ မီးမွှေးပေးနိုင်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မတည်ငြိမ်မှုက စီးပွားရေးကဏ္ဍကိုလည်း အရှုပ်အထွေး ဖြစ်စေနိုင်ပြန်၏။ အကြောင်းသော် ကချင်တောင်တန်းများမှ မြစ်ဖျားခံထွက်ရှိနေသော ကျောက်စိမ်းနှင့်ရတနာများ၊ ကျွန်းသစ်များအတွက် တရုတ်ပြည်မှာ အဓိကဈေးကွက်ဖြစ်သောကြောင့်တည်း။

    မြန်မာပြည်ရှိ စားကျက်တစ်ခုအားဆုံးရှုံးခြင်းက စီးပွားရေးခါးစည်း ပိုးလမ်းမနှင့် MSR ၏ အချက်အခြာတစ်ရပ်ကို ဖယ်ရှားပစ်နိုင်သည်။ ပိုးလမ်းမနှင့် MSR နှစ်မျိုးလုံးသည် အာရှနှင့်ဥရောပ စီးပွားရေးများပေါင်းစုရေးအတွက် တရုတ်ပြည်ကြားခံထားရန် မရှိမဖြစ် အရေးပါလွန်းလှသည်။ ဘင်္ဂလားပင်လယ်ဝရှိ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းနှင့် ယူနန်ပြည်နယ်အကြား ရထားလမ်းဖောက်လုပ်ရန် တရုတ်ပြည်မှ သဘောတူလက်မှတ် ရေးထိုးထားသည်။ သို့သော် စီမံကိန်းအကောင်အထည်ပေါ်ပါက အမေရိကမှ လွှမ်းမိုးထားသော အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်သွယ် လမ်းတစ်ခုဖြစ်သည့် မလက္ကာရေလက်ကြားကို တရုတ်ပြည်အနေဖြင့် ရှောင် ကွင်းသွားနိုင်ပေမည်။ ထိုထိုသော အချက်များကြောင့် အကြီးအကျယ် သောကရောက်နေခြင်းဖြစ်၏။ ရွေးကောက်ပွဲ ၏နောက် ၀ါရှင်တန်ထောက်ခံသည့် အစိုးရတစ်ရပ်လတက်လာလျှင်ကား ဤအတားအဆီးများ ဆင့်ကဲဆင့်ကဲ ကြီးမားလာပေလိမ့်မည်။

    ကျောက်ဖြူသည်လည်း ယူနန်နယ်သို့ ရှေ့ရှုသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အစပြုနေရာဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံတွင် မိမိတို့ အပေါ် သဘောထား ညွှတ်ပြောင်းခြင်း မရှိသည့် အစိုးရတစ်ရပ် တာဝန်ယူလာခဲ့လျှင် ဒေသတွင်း စီမံကိန်းဆန့်ကျင် ဆန္ဒပြမှုများ ဆင့်ကဲမြင့်မားလာနိုင်ခြင်းကို ဘေဂျင်းမှ အလစ်မပေး စောင့်ကြည့်နေပြီဖြစ်ကြောင်း သုတေသီများက ဆိုကြ၏။

    xxxxxxxxxxx
    မူရင်း – Myanmar becomes battleground for growing China-US rivalry(The Hindu)
    ဘာသာပြန် – မြင့်မိုရ်မောင်မောင်

  • စေတနာထားတဲ့ ဥက္ကဌကြီး

    စေတနာထားတဲ့ ဥက္ကဌကြီး

    ဇန်နဝါရီ ၂၄၊ ၂၀၁၅
    M-Media
    Z.Y ရေးသည်။
    mlm-scam-pyramid1
    သိပ်တော့မကြာသေး ဟိုတစ်လောကမှဖြစ်သည်။ ငယ်စဉ်ကထဲက ခင်မင်ခဲ့ရသော ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာသည်။ “သူရန်ကုန်ရောက်နေတယ် လာတွေ့ပါတဲ့” ဟုတ်ပြီ အတူဆုံကြမယ်ပြောပြီး ကတိပေးလိုက်သည်။

    ငယ်စဉ်ကလေးဘဝထဲက နယ်တစ်နယ်ထဲမှာနေပြီး တစ်ကျောင်းတည်ဒအတူတက်ခဲ့ကြသော သူငယ်ချင်းတွေဆိုတော့လည်း ခင်မင်မှု သံယောဇဉ်ကြောင့် တွေ့ချင်တာလည်းပါသည်။ တစ်ချိန်က ကိုယ်နေထိုင်ခဲ့သော မြို့လေး၏ တိုးတက်ပြောင်းလဲမှု၊ အခြားသော အဆင်ပြေမှု၊ မပြေမှု တို့ကို မျှဝေ ခံစားစေချင်တာလည်းပါသည်ပေါ့။ ဒါပေမယ့် အဲဒီမှာစပြီး ငါးပါးမှောက်လေတော့သည်။ ဖြစ်ပုံက ဒီလို…..

    သူငယ်ချင်းချိန်းသည့်နေရာက သူတို့အလုပ်မှ သင်တန်းပေးရန်ဌားပေးထားသော တိုက်ခန်းဟုဆိုသည်။ သူငယ်ချင်းချိန်းသော တိုက်ခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ဘာမှန်းမသိသော စကားများကိုပြောလိုက် လက်ခုပ် လက်ဝါးတီးလိုက်လုပ်နေသော လူတစ်စုကိုတွေ့ရသည်။ အံ့သြစရာကောင်းပေမယ့် ကိုယ်နှင့် ဘာမှမဆိုင်သောကြောင့် အသာပင် မသိမသာနေပေးလိုက်သည်။

    ထိုင်စောင့်ပြီး မကြာခင်မှာပင် သူငယ်ချင်းက အတွင်းခန်းထဲက ထွက်လာသည်။ ကျွန်တော်ဝမ်းသာအားရ နှုတ်ဆက်ပြီး နယ်ကအကြောင်း အခြားသော သူငယ်ချင်းများအကြောင်းကိုမေးလိုက်သည်။ ထိုအခါ သူငယ်ချင်းက အဲဒီကိစ္စတွေ အရေးမကြီးဘူးထားလိုက် အခုငါကမင်းကို သူဌေးဖြစ်အောင် လုပ်ပေးမှာ ဟုဆိုကာ သူ၏ သူဌေးဖြစ်သည့်နည်း သြဝါဒကို မနားတမ်းပို့ချလေသည်။

    သူတို့၏အလုပ်က (Network Marketing) ဟုဆိုသည်။ လောလောဆယ် ကျွန်တော်က (Member) ဝင်ရမည်။ ပြီးလျှင် သူတို့ဆီက ဆေးပစ္စည်း၊ အလှကုန် စသည်တို့ကို သိန်း ဂဏန်းဖိုးဝယ်ရမည်။ ကိုယ့်လက်အောက်ခံဆီမှ ကော်မရှင် စားခွင့်ရအောင် ကိုယ်က အခြားသူများကို ဆွယ်ကာ (Member) ဝင်ခိုင်းပြီး ပစ္စည်းများရောင်းရမည် စသဖြင့်ပေါ့တဲ့။

    ပြောတာတော့ တော်တော့်ကိုလွယ်သည်။ တစ်ကယ်တမ်း ကိုယ်ပြန် အကျိုးအမြတ်ရမည် မရမည်ကမသေချာ။ ဒါကို သူတို့သတိမထားမိဘူးလား။

    ပြီးတော့ ဆက်ပြောသောသည်သူတို့၏ သူဌေးက ဒီနိုင်ငံသားမဟုတ်သော နိုင်ငံခြားသား တစ်ဦး၊ သူတို့တတွေက ထို သူဌေးကို ဥက္ကဌကြီးဟုခေါ်သည်တဲ့။ ဥက္ကဌကြီး၏ ကိုယ်ရေးမှတ်တမ်းဆိုကာ ထုတ်ထားသော စာအုပ်တစ်အုပ်ကိုလည်း ထုတ်ပြသေးသည်။ ဘယ်နိုင်ငံကသာ ဘွဲ့ရခဲ့တာ။ ဘယ်လို အစည်းအဝေးမှာ ဘယ်ပုံ တက်ရောက်ခဲ့တာ။ နိုင်ငံရပ်ခြား တိုင်းပြည်ဘယ်နှစ်ခုမှာ စက်ရုံ ဘယ်နှစ်ခုပိုင်တာ စသဖြင့်ရေးသားထားသော ကိုယ်ရည်ကိုယ်သွေး မှတ်တမ်းတစ်အုပ်ပင်ဖြစ်သည်။

    ကျွန်တော် တစ်ခုတော့မေးလိုက်ချင်သည်။ ထိုဥက္ကဌကြီးသည် ထိုသူသည် ဘယ်နိုင်ငံမှာ သူ့ဟာသူဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ သူဈေးကွက်ချဲ့ထွင်ထားသော (ရိုင်းရိုင်းပြောရရင်) ခိုင်းစားနေသော ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ငွေတစ်ကျပ် တစ်ပြားတောင်မှ လှူခဲ့ဖူးရဲ့လားဟုပင်။ သို့သော် မမေးခဲ့ပါ။ စိတ်အားတက်ကြွနေသော သူငယ်ချင်းကို အားနာသောကြောင့်ဖြစ်သည်။

    နောက်ပြီးတော့ သူတို့၏ဆေး ပစ္စည်းတွေကိုလည်းကြည့်ဦး။ ဒီဆေးသောက်လျှင် အသည်း ကျန်းမာရေးကောင်းမည်ဆိုပါစို့။ သို့သော် ဘေးထွက်ဆိုးကျိုး (side effect) က နှလုံးထိမည့်တဲ့။ ထို့ကြောင့် နှလုံးအတွက် ကောင်းတဲ့ဆေးပါတွဲသောက်။ ထိုဆေးမှာပါ side effect ရှိနေပြန်သဖြင့် နောက်ထပ်ဘာနှင့် တွဲသောက်စသဖြင့် ဆေးတစ်မျိုး ဝယ်သောက်လျှင် နောက်က ထပ်၍ ဆေးခြောက် မျိုးလောက်လိုက်သောက် ရတော့မလို ဖြစ်နေသည်။

    ထပ်မံပြီး သူငယ်ချင်းဖြစ်သူက သူအရောင်းအဝယ်တော်သောကြောင့် (Promotion) ရသော နိုင်ငံခြားခရီးစဉ်မှသူနှင့်အခြားတွဲဘက် လုပ်ငန်းကိုင်သူများ၏ ဓါတ်ပုံကို ထုတ်၍ပြသေးသဖြင့် အားနာပါးနာကြည့်ပေးရပြန်သည်။

    နောက်ဆုံးတော့ အချိန်တွေလည်း အတော်ကုန်သွားပြီဖြစ်သဖြင့် ကျွန်တော်လည်း သူငယ်ချင်းကိုမရမက နှုတ်ဆက် ကာပြန်ခဲ့ ရတော့သည်။ ဒါတောင်သူမက မလျှော့ အတင်းကာရော (Member) ဝင်ခိုင်းနေသဖြင့် မျက်နှာခပ်ပြောင်ပြောင်ထားကာာ ပိုက်ဆံမပါလို့ဟုသာ ငြင်းပစ်ခဲ့ရလေသည်။

    ထိုသူငယ်ချင်းနှင့်တွေ့အပြီး နောက်တစ်ပတ်ခန့်အကြာမှာပင် ကျွန်တော်တို့နယ်မှအခြားကျောင်းနေဖက် သူငယ်ချင်းနောက် တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်လာသောကြောင့် ထွေရာလေးပါးပြောရင်းထို (Member) ဝင်ခိုင်းသူ သူငယ်ချင်းအကြောင်းကို အစအဆုံးပင်သိခဲ့ရပါလေရော။

    သူ (Promotion) ရလို့သွားခဲ့သည်ဆိုသော ထိုနိုင်ငံခြားခရီးစဉ်ကို လိုက်ပါနိုင်ရန် ပွိုင့်များလိုနေခြင်းကြောင့် ထိုကုမ္ပဏီမှ ဆေးပစ္စည်းနှင့် အခြားအသုံးအဆောင်များကို သူကိုယ်တိုင်ပင်ပြန်ဝယ်ကာ ပွိုင့်ဖြည့်၍ လိုက်ပါခဲ့ရခြင်းဖြစ်ကြောင်း။ ထိုနိုင်ငံခြားခရီးစဉ် အတွက် လိုအပ်နေသော ပွိုင့်များကိုဖြည့်ရန် သူဝယ်ယူခဲ့သော ငွေကစုစုပေါင်း သိန်းနှစ်ဆယ့်ဖိုးကျော်ကြောင်း ထိုအတွက်သူ့အမေ၊ သူ့ညီမနှင့် သူ့အမျိုးသမီးတို့က လက်ဝတ်လက်စားများပါ ချွတ်ကာရောင်းချပေးခဲ့ရကြောင်း စသည်တို့ကို အံ့အားသင့်စွာပင်ကြား သိခဲ့ရလေတော့သည်။

    သူတို့ညွှန်ဆိုသော သူတို့ ဥက္ကဌကြီး၏ စေတနာထားချက်ကတော့ ကမ်းကုန်အောင်ပင် ဟုဆိုရမလို။ ဘာကြောင့်လဲဆိုတော့ သူသိန်းနှစ်ဆယ်ကျော် ကုန်ကျခံခဲ့သော ထိုနိုင်ငံခြား ခရီးစဉ်မှာ သူတို့မိသားစု လိုက်သွားရင်တောင် ဆယ်သိန်း ဆယ်ငါ့သိန်း ထက်ပိုမကုန်သော ခရီးဖြစ်နေသောကြောင့်ပင်ဖြစ်၏။

    “သြော်…. စေတနာ တကယ်ကိုကောင်းရှာတဲ့ ဥက္ကကြီးပါလား” ဟုတီးထိုးရေရွတ်ရင်းသာ။

    Z.Y