News @ M-Media

Category: ဆောင်းပါး

  • မိဘတို့ ဝတ္တရားနှင့် မိန်းမတို့ ဘဝ

    မိဘတို့ ဝတ္တရားနှင့် မိန်းမတို့ ဘဝ

    ဇန်နဝါရီ ၁၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- သက်ဝေနှင်း
    wedding
    မည်သည့်ဘာသာ မည်သည့်လူမျိုးပင်ဖြစ်စေ အိမ်ထောင်ပြုခြင်းကိစ္စ၊ အိမ်ထောင်ပြုရန်၊ မိမိတို့၏သားသမီးများအား အိမ်ထောင် ချပေးကြခြင်းကိစ္စများနှင့် စပ်လျဉ်း၍ ဆင်းစီးပြီးမြင်းရံစေလိုသည် ဆိုသည့်စကားမှာ မြန်မာလူမျိုးတို့၏ လက်သုံးစကားပင်ဖြစ်၏။

    လူမျိုးတိုင်းလူမျိုးတိုင်းတွင် သမီးမိန်းကလေးအား အိမ်ထောင်ချပေးရန် ကိစ္စအပေါ်တွင် ထုံးတမ်းစဉ် သတ်မှတ်ချက်များ ရှိကြပေသည်။ ပထမဦးစွာ မြန်မာလူမျိုးနှင့် မြန်မာတို့၏ထုံးတမ်းစဉ်လာများအားလုံး သုံးသပ်ကြည့်မည် ဆိုလျှင် မြန်မာအမျိုးသမီး တစ်ဦးအရွယ်ရောက်ပြီး မြန်မာ အမျိုးသမီးငယ် တစ်ဦးအတွက် သူမ၏မိဘများမှ ဝတ္တရားဟု မှတ်ယူထားသော အိမ်ထောင်ချထားပေးခြင်း ကိစ္စအား ဆောင်ရွက်ရပေသည်။ ဤသည်ကား ယခင် ကလည်းရှိခဲ့သည်။ ယခုလည်းရှိနေဆဲပင်၊ နောက်နောင်ကိုကား ဤသို့ရှိမည် မရှိမည်ကို စာရေးသူအနေဖြင့်တော့ မပြောတတ်ပေ။

    မိဘများဟုဆိုရာတွင် မြန်မာလူမျိုး မြန်မာ အမျိုးသမီးငယ်များ၏ မိဘများသာ မဟုတ်ပါ။ သူ့လူမျိုးနှင့်သူ၊ သူ့အမျိုးဘာသာ သာသနာအရ ကျန်သည့်လူမျိုးများတွင်လည်း ထိုနည်းအတိုင်းပင် တွေ့ရလေ့ရှိပါသည်။ အချက်အလက်အနည်းငယ် သဘောတရားတစ်ချို့သာ ကွာခြားကောင်း ကွာခြားမည်။ ဝတ္တရားရှိသည်နှင့်အညီ ဆိုသည်ကတော့ ကွာခြားလိမ့်မည်မဟုတ်ပေ။

    ကမ္ဘာပေါ်တွင် အထင်ကရ ဘာသာကြီးလေးခုရှိ၏။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ စသည့် အထင်ကရ ဘာသာကြီးလေးမျိုးပင်တည်း။ ထိုဘာသာကြီးလေးမျိုး၌ရှိကြသော သမီးမိန်းကလေး (အမျိုးသမီး) တို့၏ မင်္ဂလာဆောင်နှင်းမှု အိမ်ထောင်ပြုခြင်းအကြောင်းအရာများအပေါ် ကြည့်မည်ဆိုလျှင်

    ဗုဒ္ဒဘာသာဝင်
    မြန်မာလူမျိုးများတွင် ရှေးယခင်ခေတ် အဆက်ဆက်မှ တည်ရှိခဲ့သော ဓလေ့ ထုံးတမ်းစဉ်လာအရ သတို့သားတစ်ဦးမှ သတို့သမီး တစ်ဦးအား လက်ထပ်ထိမ်းမြားရန် မိဘများထံသို့ ကန်တော့ပွဲဖြင့် သွားရောက်၍ စကားကြောင်းလမ်း တောင်းရမ်းရပေသည်။ ထိုရောအခါ မိန်းကလေးရှင်မှ သဘောတူညီပေးစားမည်ဆိုလျှင် မိမိတို့သမီးအတွက် တင်တောင်းအပ်သော အဖိုးတန်ပစ္စည်းများနှင့် စပ်လျဉ်း၍ စကားပြောကြပေသည်။ မိန်းကလေးရှင်များဘက်မှ တောင်းဆိုသော ကိစ္စရပ်များနှင့် ပတ်သတ်၍၊ ယောင်္ကျားလေးရှင်ဘက်မှ လိုက်လျောနိုင်သလောက် လိုက်လျော၍ ညှိနှိုင်းမှုများ ပြီးမြောက်အောင်မြင်ပြီဆိုမှ မင်္ဂလာကိစ္စ အထမြောက်ပေတော့သည်။ ထိုရောအခါ ဤမိန်းကလေးအား တခြားတစ်ပါးသော သူစိမ်းယောင်္ကျားသားသည် မိဘများထံမှ အပြီးတိုင် တရားဝင် အပိုင်ရရှိ၍သွားပြီဖြစ်ပေသည်။

    အစ္စလာမ်ဘာသာဝင်
    အစ္စလာမ်ဘာသာဝင်တို့တွင်လည်း ထုံးတမ်းအစဉ်အလာအရ မိန်းကလေးများအား ယောင်္ကျားလေးမှ တင်တောင်းကြရပေသည်။ မိဘတို့၏သဘောတူညီမှုဖြင့် စကားကြောင်းလမ်း၍ “မဟာ” ဟု ခေါ်တွင်သော ရွှေ (သို့မဟုတ်) သတ်မှတ်ရွှေနှင့် အလားသဏ္ဍန်တူသည့် ငွေကြေးအား သတို့သမီးသို့ တင်တောင်းရပေသည်။ ထိုသို့တင်သည့် `မဟာ´ ရွှေ အတိုင်းအတာအား ယောင်္ကျားလေးရှင်၏ ပြည့်စုံကြွယ်ဝမှုအပေါ်တွင် တည်မှီ၍ တောင်းဆိုလေ့ရှိကြသည်။ ထိုမဟာရွှေအား လက်ငင်းမတင်နိုင်လျှင် အကြွေးသဘောဖြင့် တင်တောင်းရလေသည်။ထိုမဟာရွှေအကြွေးအား ခင်ပွန်းသည်မှ မိမိဇနီးထံသို့ မသေမီအချိန်အတောအတွင်း ပေးဆပ်နိုင်ပေသည်။ ခင်ပွန်းသည်ဘက်မှ မည်မျှပင် မိမိ၏ဇနီးအား ရှာဖွေ၍ ဆင်မြန်းထားပါစေ သတ်မှတ်ထားသော ထိုမဟာရွှေအကြွေးကိုဖြင့် ကတိအတိုင်း ပေးကိုပေးအပ်ကြမည်ဖြစ်သည်ဟူ၍ ထုံးတမ်းစဉ်လာရှိပေသည်။  ခင်ပွန်းသော်လည်းကောင်း ဇနီးသော်လည်းကောင်း သေဆုံးခါနီးအချိန်တွင် မင်္ဂလာမဟာရွှေ အကြွေးကို ပေးဆပ်ထားခြင်း မရှိပါက ထိုမဟာရွှေနှင့်ပတ်သက်၍ ဇနီးသည်က ကျေနပ်ပါသည့်အကြောင်းပြောဆို၍ ခွင့်လွှတ်မှုပေးမှသာ ထိုအကြွေးကျေသည်ဟု ထုံးတမ်းစဉ်လာ သတ်မှတ်ကြပေသည်။

    ထိုသို့ ရွှေဖြင့်ချိန်စက်ကာ ယောင်္ကျား တစ်ဦးမှ မိန်းမတစ်ဦးအား တောင်းရမ်းလက်ထပ်ခြင်းကို နှစ်ဦးနှစ်ဘက် သဘောတူညီမှု လတ်မှတ်ရေးထိုးပြီးလျှင် ထိုမိန်းမအား ထိုယောင်္ကျားမှ တရားတော်နှင့်အညီ တရားဝင်ပိုင်ဆိုင်လေတော့သည်။

    ခရစ်ယာန်ဘာသာဝင်

    ခရစ်ယာန်ဘာသာဝင်တို့တွင်လည်း မိန်းကလေးရှင်ဘက်မှ တောင်းဆိုအပ်သော ပစ္စည်းဥစ္စာမှန်သမျှကို ယောင်္ကျားလေးရှင်ဘက်မှ တင်တောင်းရပေသည်။ ထိုဥစ္စာပစ္စည်းများသည် သတို့သမီးအတွက်၊ သတို့သမီး၏တန်ဖိုးပင်ဖြစ်၏။ သို့ဆိုလျှင် အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား ပိုင်ဆိုင်နိုင်ရန် တန်ဖိုးဖြစ်သတ်မှတ်ပြီး ဝယ်ယူလိုက်ခြင်းပင် မဟုတ်ပါလား။

    ဟိန္ဒူဘာသာဝင်
    ဟိန္ဒူဘာသာဝင်တို့တွင်မူ အထက်ပါဘာသာဝင်များနှင့် အနည်းငယ်ဆန့်ကျင်လျက်ရှိ၏။ ဟိန္ဒူဘာသာဝင်တို့သည် သမီးမိန်းကလေးမွေးခြင်းကား ဂုဏ်သိက္ခာညှိုးမှိန် သိမ်ငယ်စေသည်ဟု သဘောထားကြသည်။ အဘယ်ကြောင့်ဆိုလျှင် မိန်းကလေးရှင်ဘက်မှ ယောင်္ကျားလေးရှင်အား တင်တောင်းရသော ထုံတမ်းစဉ်လာရှိပြီး မိမိတို့၏သမီးအား (ထိုသတို့သား) အမျိုးသားမှ တစ်သက်လုံးစောင့်ရှောက်ရမည်၊ ကျွေးမွေးရမည်ဖြစ်သောကြောင့် ထိုသတို့သားထံ မိဘများ (အထူးသဖြင့် ဖခင်)မှ ယို့ကျိုးခယ ပေးအပ်ကြရလေသောကြောင့်တည်း။ ထိုသို့သော ထုံးတမ်းစဉ်လာကြောင့်ပင် ဟိန္ဒူလူမျိုးများ၌ အမျိုးသမီးများသည် လင်ယောင်္ကျားများ၏ အနှိမ်ခံကျွန်သဖွယ် ဖြစ်ကြရလေသည်။

    တန်ဖိုးဖြတ်ခံရသည့် အမျိုးသမီးများ

    လူတစ်ယောက်၏တန်ဖိုးဆိုသည်မှာ စိန်၊ ရွှေ၊ ငွေ၊ ကြေး အဖိုးတန် အရာဝတ္တုများနှင့် တိုင်းတာ၍မရနိုင်ပါ။ ထို့အတူပင် မိန်းမတစ်ယောက်၏ ဘဝ၊ မိန်းမတစ်ယောက်၏ တန်ဖိုးအား ပိုင်းဖြတ် ကန့်သတ် တိုင်းထွာ၍ အခြားတစ်ပါးသော တစ်စိမ်းယောင်္ကျား တစ်ဦးထံသို့ အပ်လိုက်ခြင်းသည် မတရားမှုတစ်ခုဟု ဆိုချင်ပါသည်။ တစ်ခါတစ်ရံတွင် အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား တကယ့်မေတ္တာစစ်ဖြင့် ချစ်ပြီး မယားမှတ်မှတ်သား မှတ်မှတ် ရှာဖွေကကာကျွေးမွေးနိုင်သည့် အရည်အချင်းလည်း အပြည့်ရှိပါသော်ငြားလည်း ချမ်းသာသည့် အသိုင်းအဝိုင်းမှ မဟုတ်သည့် အတွက်ကြောင့်လည်းကောင်း၊ ဆင်းရဲခြင်းကို အကြောင်းပြ၍ ငြင်းဆိုလေ့ ရှိကြသည့် မိန်းကလေးရှင် မိဘများလည်း ရှိသေး၏။ ဤသို့ဖြင့် မိန်းမသားများ၏ဘဝသည် တန်ဖိုးဖြတ် သတ်မှတ်ခံရသော ရောင်းကုန်ဝယ်ကုန် တစ်ခု ဖြစ်နေပေတော့သည်။

    ရင်းနှီးမြှပ်နှံမှုနှင့် မင်္ဂလာဆောင်

    မိန်းမတစ်ဦးနှင့် ယောင်္ကျားတစ်ဦး ပေါင်းသင်းမှု အထိမ်းအမှတ်အဖြစ် မင်္ဂလာဆောင်ပွဲ ကျင်းပလေ့ရှိကြသည်။ မည်သည့်ရာစုနှစ်မှ စတင်ခဲ့သည် မသိ။ ယခုထိတိုင် ထိုပွဲများကား ရှိနေကြဆဲ။ ထိုသို့မင်္ဂလာပွဲပြုလုပ်သည့်အခါတွင် မင်္ဂလာပွဲပြုလုပ်ကျင်းပပေးသည့် မိဘများဘက်မှ (အထူးသဖြင့် ယောင်္ကျားလေးရှင်) ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် မတည်ငွေကို ထုတ်၍သုံးကြလေသည်။ သည့်နောက်တွင် ဖိတ်ကြားမည့် ဖိတ်စာ၏ ဈေးနှုန်းမှအစ၊ ကျွေးမွေးမည့်အစားအစာ၊ ပြန်လည်ကမ်းပေးမည့် အမှတ်တရပစ္စည်းမှအဆုံး စီစစ် တွက်ချက်၍ ရွေးချယ်ကြလေတော့သည်။ ၎င်းနောက် ဖိတ်ကြားရမည့် ဧည့်သည်များ၏ ပြန်လည်ပေးကမ်းနိုင်မည့် လက်ဖွဲ့ငွေကြေး ပမာဏများအား ချိန်တွက်၍ ဖိတ်သင့်သောပုဂ္ဂိုလ် မဖိတ်သင့်သော ပုဂ္ဂိုလ်ဟူ၍ ခွဲခြားပိုင်းဖြတ်ကြပြန်သည်။ ဖိတ်သင့်မဖိတ်သင့်သည့် ပုဂ္ဂိုလ် ဆိုရာတွင်လည်း ငွေကြေးနှင့်ပင် တိုင်းတာကြခြင်းဖြစ်သည်။ ငွေကြေးများများ လက်ဖွဲ့နိုင်မည့်သူ၊ လက်ဖွဲ့ကြေးနှင့် မတန်အောင်စားသွားမည့် ပုဂ္ဂိုလ်ဟူ၍တည်း။

    ငွေဖလားကြီးရှေ့ချ၍ ကုတင်ထက်တွင် သံဝါသပြုကြမည့် စုံတွဲအား ရုပ်ပြလျှက် အကျိုးအမြတ်အတွက်ကား ရင်းနှီးမြှုပ်နှံထားသည့် မင်္ဂလာဆောင်ပွဲသည် မိန်းမတစ်ယောက် အတွက် ပင်ကိုယ်၊ ကိုယ်ရည်ကိုယ်သွေး ပျောက်ဆုံးတော့မည့် ကျဆုံးခန်းပြယုဂ် တစ်ခုပင်ဖြစ်ပေတော့သည်။

    မိန်းမနှင့်ယောင်္ကျား ပေါင်းသင်းမှု

    ယောင်္ကျားတစ်ဦးနှင့် မိန်းမတစ်ဦး  ပေါင်းသင်းမှုပြုကြတော့မည်ဆိုလျှင် အဓိက အကျဆုံးအခန်းကဏ္ဍမှာ တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစားခြင်း၊ တစ်ဦးအပေါ်တစ်ဦး ညှာတာ စာနာမှုထားခြင်း၊ နားလည်မှုရှိခြင်း တို့ပင် ဖြစ်၏။ နှစ်ဦးနှစ်ဖက် အတ္တထားမှုများ ဖယ်ရှားပြီး ပရ သဘောဆောင်၍ လူ့လောက ခရီးရှည်ကြီးကို အတူတူဖြတ်သန်းလျက် အရာရာကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြရမည့် အဖော်မွန်အဖြစ် သဘောထားကာ ပေါင်းဖက်ကြမည်ဆိုလျှင် မိန်းမသားတို့၏ဘဝ နစ်နာဆုံးရှုံးမှုများမှ ကင်းဝေးနိုင်ပေလိမ့်မည်။

    သက်ဝေနှင်း

  • သူငယ်ချင်းကောင်းတဲ့လား

    သူငယ်ချင်းကောင်းတဲ့လား

    ဇန်နဝါရီ ၁ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင်ရေးသည်။
    Best-Friend-Quotes-7
    ထီးတည်းနေလို့မရတဲ့လောကကြီးမှာ အပေါင်းအသင်းမိတ်ဆွေဆိုတာ ရှိစမြဲပဲပေါ့။ အရေးကြီးတာက ကိုယ်ကသံယောဇဉ်ဖွဲ့သလို ကိုယ့်အပေါ်လည်း စိတ်ရင်းစေတနာအမှန်နှင့် ခင်တဲ့သူငယ်ချင်းကောင်းဖြစ်ဖို့ပဲလိုတယ်။ ကျွန်မဆီကိုစာဖတ်သူတော်တော်များများက စာရေးပြီးရင်ဖွင့်လေ့ရှိကြတာကတော့ သူတို့ခင်သလို မခင်ဘဲ၊ အရေးကြုံမှနောက်ပြီး သူငယ်ချင်းကောင်းတွေကို ခင်မင်ချင်စိတ်ပြင်းပြင်းပြပြရှိတယ်ဆိုတာတွေပေါ့။

    အမှန်ပါပဲ။ သူငယ်ချင်းဆိုတဲ့သူစိမ်းတစ်ရံဆိုတာ ဘဝမှာမိသားစုတွေ ဆွေမျိုးသားချင်းတွေပြီးရင် မရှိမဖြစ်လိုအပ်သူတွေပါပဲ။ ဟိုးကလေးဘဝအရွယ်ကတည်းကစပြီး ဘဝနေဝင်ချိန်ရောက်တဲ့အထိ ရင်ဖွင့်ဖော်တွေဆိုတာ အရေးပါတဲ့သူတွေအဖြစ် ဘဝမှာမှတ်မှတ်ထင်ထင်ရှိနေကြသူတွေပါ။

    တစ်ခါတစ်လေမှာဆိုရင် သွေသားရင်းချာတစ်ချို့ထက်ပိုပြီး အားထား ယုံကြည်အပ်တဲ့သူတွေဖြစ်သလို ကိုယ်နှင့်အတူပျော်ပြီး ဝမ်းနည်းလည်းအတူ ခံစားပေးနိုင်ကြတယ်လေ။ သာတယ်နာတယ် မတွေးအားပါဘူး။ ကိုယ့်သူငယ်ချင်းအတွက် ယုံကြည်အားကိုးထိုက်သူ အဖြစ် တစ်ဘဝစာ သစ္စာရှိရှိနေပေးဝံ့ကြသူတွေလို့ဆိုနိုင်တယ်။

    ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးနေချိန်မှာ ကိုယ့်အပေါ်ကိုယုံကြည်စိတ်အပြည့်ထားသူဟာ ကိုယ့်ရဲ့သူငယ်ချင်းပဲပေါ့။ ခင်မင်ရင်းနှီးမှုဆိုတာ ကမ္ဘာကြီးတစ်ခုလုံးကို တစ်သားတည်းစုစည်းသွားအောင် ချည်နှောင်နိုင်တဲ့ကြိုးတစ်ချောင်းဖြစ်သလို သူငယ်ချင်းကောင်းတစ်ယောက်ကို အပေါင်းအသင်းတွေကြားမှာ ရှာဖွေရခက်ခဲ သလို၊ တွေ့ပြန်တော့လည်း မေ့ပျောက် ပစ်ဖို့ခဲယဉ်းပြန်ရော။

    ဘဝဆိုတဲ့ဟင်းလျာကောင်းတစ်ခွက်ရဖို့အတွက် သူငယ်ချင်းအပေါင်းအသင်းတွေဟာ အရေးကြီးဆုံးပါဝင်နေတဲ့ ဟင်းချက်စရာ ပစ္စည်းပစ္စယတွေလို့ ဆိုနိုင်တယ်။ တကယ် သံယောဇဉ်ရှိတဲ့ သူငယ်ချင်းဟာ ကမ္ဘာရဲ့ အကောင်းဆုံးတစ်နေရာမှာ ရှိနေပါစေ။ ကိုယ့်ရဲ့နှလုံးသားကိုထိရှ ခံစားပြီး နွေးထွေးနှစ်သိမ့်မှုကိုပေးနိုင်စွမ်းရှိသူပါပဲ။ နှင်းဆီမှန်ရင် ဆူးမကင်းတာအကုန်အသိပါပဲ။ ဒါပေမယ့် ခင်မင်မှုကို ရနံ့ကြွယ်တဲ့နှင်းဆီပွင့်လေးတွေနှင့် တင်စားမယ်ဆိုရင်ပေါ့။ အဲဒီပန်းပွင့်လေးတွေဟာ ဆူးမဲ့နှင်းဆီပဲဖြစ်မှာပါ။

    လူတွေဟာခေတ်ပေါ်နည်းပညာတွေဘယ်လောက်ကြီးပဲ တိုးတက်နေတယ်ဆိုပါစေ အိုင်တီခေတ်ကြီးထဲမှာလည်း ရှေးဟောင်း ပစ္စည်းတွေကို ဂန္တဝင် မှတ်တမ်းတစ်လို့ အမှတ်တရတန်ဖိုးထာလေ့ရှိကြပါတယ်။ ဒီတော့ အကောင်းဆုံးသော ရှေးဟောင်း ပစ္စည်း တစ်ခုကိုပြောပြစမ်းပါ လို့မေးလာခဲ့ရင် သူငယ်ချင်းဟောင်း သူငယ်ချင်းကောင်းတွေပါပဲ ဆိုတဲ့အဖြေကိုရမှာပါ။

    ကိုယ့်မှာအခြေအနေအကြောင်းကြောင့်ကြောင့် ကိုယ်စိတ်ပင်ပန်းခံစားနေရတဲ့ ပြသာနာအခက်အခဲတစ်ခုခုကြုံလာခဲ့ရရင်ပေါ့ ဆိုပါစို့ ကိုယ့်ရဲ့သိက္ခာထိပါးကျဆင်းရမဲ့ အခြေအနေမျိုးမှာ တစ်လောကလုံးကကိုယ့်ကို စွန့်ပြီးထွက်သွားကြတဲ့ အခါ နှစ်သိမ့်အားပေးကူညီချင် စိတ်တစ်ခုတည်းနှင့် ဝင်ရောက် လာမဲ့သူဟာ သူငယ်ချင်း အစစ်အမှန်ကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးပါ့မလဲနော်။

    လောကအဝှန်းမှာ ပန်းရောင်စုံ ပွင့်ဖူးနေကြတာဟာာ လောကကြီးကိုအလှဆင်နေတဲ့သဘော၊ ဒီလိုပါပဲ လူတစ်ယောက်ရဲ့ ဘဝစိုပြေလှပအောင် သူငယ်ချင်းဆိုတဲ့ ပန်းပွင့်လေးတွေက အလှကြီးလှအောင် ဆင်ယင်ပေးနေကြပါတယ်။ သူငယ်ချင်းစစ်တွေမှန်ရင် ကိုယ့်ရဲ့အပျော်လေးတွေကို နှစ်ဆတိုးအောင်စွမ်းဆောင်ပေးနိုင်ကြသလို ကြေကွဲဝမ်းနည်းခြင်းတွေကို ထက်ဝက်လျော့ကျ သွားအောင် ဆောင်ရွက်ပေးနိုင် စွမ်းရှိတယ်ဆိုတာကို အလေးအနက်ယုံကြည်ထားလိုက်ပါ။

    ကိုယ့်အပေါ်အမြဲတမ်းလို နားလည်စာနာပြီးအကောင်းကြီးကောင်းတဲ့သူငယ်ချင်းကောင်းတစ်ယောက်ရှိခဲ့မယ်ဆိုရင်လေ သူ့ကိုကျေးဇူးတင်ပြီး တသသဖြစ်နေဖို့အတွက် ယူသင့်တဲ့အချိန်ကာလကို သတ်မှတ်ချင်ရင် အချိန်နာရီနေ့ရက်တွေနှင့် မလုံလောက်ပါဘူး။ တကယ်တမ်းလိုအပ်တဲ့အချိန်ကာလက “တစ်သက်လုံး” ။

    အရေးကြီးတာကပေါင်းသင်းဆက်ဆံကြတဲ့အခါ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတဲ့စိတ်က သူငယ်ချင်းကောင်းတွေရနိုင်ဖို့အတွက် အဆီးအတားကြီးတစ်ခုဖြစ်နေတာတတ်တယ်ဆိုတာ မမေ့သင့်ဘူး။ ဟုတ်တယ် ဘဝမှာတွေ့ကြုံလာသမျှ မိတ်ဆွေသူငယ်ချင်းတွေကို အမြဲတမ်းလိုလိုလျှော့တွက်လေ့ရှိတယ်ဆိုရင်တော့ ဒါဟာအကျင့်ဆိုးတစ်ခုမို့ အမြန်ဆုံးပြင်သင့်ပါတယ်။ လူတိုင်းဟာပြီးပြည့်စုံတဲ့ လူတစ်ဦးမဖြစ်နိုင်တာ မှန်ပေမယ့် လူတိုင်းလူတိုင်းမှာကောင်းတဲ့ (ချစ်စရာကောင်းလှတဲ့) အရည်အသွေးတစ်ခုခု (အနည်းဆုံး) ရှိနေတတ်ပါတယ်။ တစ်နည်းပြောရရင် သူများတကာမှာရှိနေတတ်တဲ့ ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်တာ၊ အပြစ်ရှာမျက်လုံးတွေနှင့်ချည်းကြည့်ပြီး အဆိုးမြင်တတ်တာတွေက အပေါင်းအသင်းဝေးလို့ အထီးကျန်ဖြစ်စေနိုင်တာတော့ အသေအချာပါပဲ။

    သူငယ်ချင်းအစစ်၊ သူငယ်ချင်းကောင်းတွေကို တမ်းတမ်းတတရှိတယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်အလေးအနက် (မညာတမ်း) ဆင်ခြင်ကြည့်ဖို့ဦးဆုံးလိုပါတယ်။ အရိုးဆုံးပြောရရင် ကိုယ်တိုင်ကရော သူများတကာအတွက် တကယ်ပဲခင်မင် ရင်းနှီးထိုက်သူဖြစ်ရဲ့လား။ သူငယ်ချင်းကောင်းဆိုတဲ့အရည်အသွေးတွေနှင့် အားလုံး မဟုတ်တောင်မှ တော်တော်လေးပြည့်စုံ ရဲ့လားဆိုတာတော့ ကိုယ်တိုင်အသိဆုံးနေမှာပါနော်။

  • သောကများနှင့် ခရစ္စမတ် (သို့) ဖိအားများအောက်မှ အိန္ဒိယ ခရစ်ယာန်များ

    သောကများနှင့် ခရစ္စမတ် (သို့) ဖိအားများအောက်မှ အိန္ဒိယ ခရစ်ယာန်များ

    ဒီဇင်ဘာ ၃၁ ၊ ၂၀၁၄
    M-Media
    2014122713171782734_20
    – အိန္ဒိယရှိ ဘာသာရေးလူနည်းစုများအား ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့များက `အစုအလိုက်အပြုံလိုက် ဘာသာပြောင်းစေခြင်း´ နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွက် အိန္ဒိယရှိ ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ္စမတ် ပွဲတော်အပေါ်လည်း ထိုအရိပ်ဆိုးကြီးက ကျရောက်ခဲ့လေသည်။

    လက်ယာစွန်းရောက် ဟိန္ဒူအဖွဲ့များမှာ နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်တွင် ဘာသာကူးပြောင်းမှုအခမ်းအနားများကို အများအပြားကျင်းပခဲ့ကြပြီး ခရစ္စမတ်နေ့တွင်လည်း အစုလိုက်အပြုံလိုက် ဘာသာပြောင်းပွဲ ကျင်းပပြုလုပ်ရန် စီစဉ် ထားသည်ဟု ကြေညာခဲ့သည်။

    အလီဂါမြို့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ထိုအခမ်းအနားအား ရပ်ဆိုင်းထားပြီး ရက်အသစ်ကို မသတ်မှတ်ရသေးသော်လည်း ထိုဘာသာကူးပြောင်းပွဲအစီအစဉ်က နိုင်ငံအတွင်းရှိ လူနည်စုများအကြား မကျေနပ်ဖြစ်စေပြီး လူမျိုးစုတိုက်ခိုက်မှု အဖြစ်သို့ ရောက်ရှိနိုင်မည့် အလားအလာပင် ရှိနေလေ၏။

    BJP ပါတီမှ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကတော့ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဘာသာကူးပြောင်းစေမှုနှင့် ပတ်သက်၍ ယခုအချိန်အထိ နှုတ်ဆိတ်နေသည်။ အတိုက်အခံများကမူ မိုဒီအနေဖြင့် ထိုကိစ္စအတွက် ပါလီမန်တွင် ကြေညာချက် ထုတ်ရန် တောင်းဆိုခဲ့သည်။

    `အဲဒီလိုလှုပ်ရှားမှုတွေကို လစ်လျူရှုလိမ့်မယ်လို့ ခံစားနေရတာကြောင့် အစိုးရဟာ အဓိကနေရာကနေ ပါဝင်နေလား ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေက စိုးရိမ်နေကြပါတယ်´ ဟု အလီဂါရှိ ခရစ်ယာန်လူ့အဖွဲ့အစည်းမှ အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်သူ ဥပဒပညာရှင် အော်စမွန် ချားလ်စ်က ပြောကြားခဲ့သည်။ အလီဂါမြို့မှာ စက်မှုလုပ်ငန်းနှင့် နာမည်ကျော် အလီဂါရ် မွတ်စလင် တက္ကသိုလ်တို့ကြောင့် ထင်ရှားသည့်မြို့လည်း ဖြစ်သည်။

    ယုံကြည်သက်ဝင်မှု

    ဟိန္ဒူအမျိုးသားရေး အဖွဲ့ဟု လူသိများသည့် RSS နှင့် ချိတ်ဆက်မှုများရှိနေသည့် Dharam Jagran Manch အဖွဲ့မှ အစုလိုက်အပြုံလိုက် ဘာသာကူးပြောင်းပွဲကို ကျင်းပရန် စီစဉ်ထားသော်လည်း မြူခိုးမြူငွေ့များ အုပ်ဆိုင်းနေသည့် ခရစ္စမတ်နေ့ နံနက်စောစောတွင် အလီဂါရှိ ခရစ်ယာန်ဘုရားကျောင်းများ၌ ယုံကြည်ချက်ပြင်းထန်မှုနှင့် စိတ်ချမ်းသာမှုတို့ကို တွေ့မြင်နေရသည်။

    ၁၈၃၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး သေးငယ်သော်လည်း လှပစွာ ဆင်ယင်ချယ်ထားသည့် Christ Church ဘုရားကျောင်းသို့ ခရစ်ယာန်ဘာသာဝင် ၅၀ ခန့်က ဝေလီဝေလင်းအချိန်တွင်ရောက်ရှိလာခဲ့ကြသည်။ ထိုအထဲတွင် နဗ်နိ ကေဒါရ်ဟုခေါ်သည့် အမျိုးသားတစ်ဦးနှင့် ၎င်း၏ မိသားစုလည်း ပါဝင်လာခဲ့သည်။

    `အိမ်မှာနေ့ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ဒါဟာပွဲတော်ရက်ပါ´ ဟု ကေဒါရ်က ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

    ဂီတပညာရှင်တစ်ဦးဖြစ်သည့် ၎င်းက ကလေးဘ၀ထဲကပင် အဆိုပါဘုရားကျောင်းသို့ တစ်စိုက်မတ်မတ် တက်ရောက်လာခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ် ဘုရားကျောင်းအား ပြုပြင်မွမ်းမံပြီးသည့် အခါတွင်တော့ ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုသူများ တိုးပွားလာရေး အတွက် ကေဒါရ် တစ်ယောက် ရှေ့ဆုံးမှ စွမ်းစွမ်းတမံ အကျိုးတော်ဆောင်ခဲ့လေသည်။

    `ကျွန်တော်နဲ့ ကျွန်တော့် ဇနီးက ၀တ်ပြုမှုရဲ့ အစိတ်အပိုင်းအဖြစ် ဓမ္မတေးသီကျူးမှုကို လွမ်းဆွတ်ခဲ့ပါတယ်။ ဒါ့ကြောင်ပဲ ဒီဘုရားကျောင်းမှာ ကွိုင်ယာအဖွဲ့ (ခရစ်ယာန်ဓမ္မတေး သီကျူးသည့်အဖွဲ့) ကို ဒီမှာ ဖွဲ့စည်းခဲ့တာပါ´

    အလီဂါမြို့တွင်းရှိ ပိုမိုကြီးမားသည့် Church of Ascension ဘုရားကျောင်းတွင်တော့ ပင်စင်စား ပရင် တဂ်ျ မာစီတို့ကဲ့သို့ ၀တ်ပြုသူများက အခြားသောအယူဝါဒမှ သူများနှင့် ရောနှောနေသည်။

    `ဘုရားကျောင်းကိုလာတဲ့သူတွေကို ကျွန်တော်တို့ ကြိုဆိုနေပါတယ်။ ကျွန်တော့်ရဲ့ ဘိုးဘေးတွေကလည်း ၁၈၆၈ ခုနှစ် ဒီဘုရားကျောင်း တည်ဆောက်တည်းက ဘုရားကျောင်းကို တက်ခဲ့ကြတာပါ။ ဟိန္ဒူလူအုပ်ကို ကြောက်ရွံ့စိတ် မရှိပါဘူး´ ဟု မာစီက ပြောခဲ့သည်။

    ဘုရားကျောင်း၏ အပြင်တွင်တော့ သစ်လွင်တောက်ပစွာ ၀တ်စားဆင်ယင်ထားကြသည့် လူအုပ်ကြီးက အပြန်အလှန် နှုတ်ဆက်နေကြပြီး အခြားသောဘာသာဝင်များနှင့်အတူ ဓာတ်ပုံများလည်း တွဲရိုက်နေကြလေသည်။ ထိုအထဲတွင် ခရစ်ယာန်မဟုတ်သည့် ကောလိပ်ကျောင်းသူ ဆူဘီ ဘန်ဆဲလ်နှင့် ယာရှိ ဂျိန်းတို့လည်း ပါဝင်သည်။

    `ကျွန်မတို့ သီလရှင်ကျောင်းတွေကို သွားခဲ့ကြပြီး ကျွန်မတို့ရဲ့သူငယ်ချင်းတွေနဲ့အတူ ရှိခဲ့တဲ့ ပျော်ရွှင်စရာအချိန်ကို ပြန်ရချင်ပါတယ်´ ဟု ဂျိန်းက ဆိုလေသည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ ၀တ်ပြုရန်လာရောက်ကြသည့် လူအုပ်စုကြီးအတွင်း ပျော်ရွှင်နေပြီး ကွိုင်ယာအဖွဲ့၏ ဓမ္မတေးသီဆိုမှုတွင်ပင် ၎င်းတို့က ပါဝင်ခဲ့ကြသည်။

    `ဘာသာရေးပွဲတော်မျိုးစုံကို ကျွန်မတို့သွားပါတယ်။ ဘာသာအယူဝါဒအားလုံးကို လေးစားတာဟာ သိပ်ကောင်းပါတယ်´ ဟု ဘန်ဆဲလ်က ဆိုလေ၏။

    စီးပွားရေးသမားတစ်ဦးဖြစ်သူ အန်နီလ်ဂျာကော့ဘ်ကတော့ ဘာသာရေးအဖွဲ့များနှင့် ရောနှောပါဝင်မှုမှာ သာမန်မဟုတ်သည့် ကိစ္စရပ်မျိုးမဟုတ်ဟု ဆိုသည်။

    `တနင်္ဂနွေနေ့တိုင်း လူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုစားမှုကိုပြဖို့ ဒီကို လာကြပါတယ်။ တစ်ခါတစ်ရံမှာ ခရစ်ယာန်ဘာသာဝင်တွေထက် အခြားသော အယူဝါဒတွေက လူတွေလည်း ပါလာတတ်ကြပါတယ်။ ဒါဆို ဘာလို့ ကျွန်တော်တို့ကို ခွာပြေစေတဲ့ စကားမျိုးတွေ ဘာကြောင့် ရောက်လာတာလဲ´ ဟု ဂျာကော့ဘ်က မေးခွန်းထုတ်ခဲ့သည်။

    မွတ်စလင်များလည်း ခံရ

    Dharam Jagran Manch အဖွဲ့ကမူ ၎င်းတို့အနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့အား ဘာသာကူးပြောင်းပွဲအခမ်းအနား ပြုလုပ်မည့်နေ့အဖြစ် လွန်ခဲ့သည့်သီတင်းပတ် အနည်းငယ်က ရွေးချယ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ghar wapsi (ဇာတိသို့ပြန်ခြင်း) ဟု ခေါ်သည်။

    အဆိုပါ အခမ်းအနားကို စီစဉ်ဆောင်ရွက်သူ ဆက်ယာပရာခါ နဗ်မန်က `မိမိတို့အနေဖြင့် ဘာသာကူးပြောင်ခြင်းဆိုသည့် စကားလုံးနှင့် မတူညီသောအရာကို ပြုလုပ်ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာသို့ လူများအား ကူးပြောင်းစေခြင်းအားဖြင့် နဂိုမူလအယူဝါဆီသို့ ပြန်လည် သွတ်သွင်းခြင်း´ ဖြစ်သည်ဟု ပြောခဲ့လေသည်။

    ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်နေ့ကို ရွေးချယ်ခဲ့ခြင်းက ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသူများကို နှစ်ခြင်းခံရန်အတွက် ထိုနေ့တွင် ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခြင်းကြောင့်ဖြစ်ပြီး မိမိတို့၏ ပြည်သူများအား မူလအယူဝါဒသို့ ပြန်လည်သွတ်သွင်းရန် ထိုနေ့ကိုပင် မိမိတို့က အသုံးပြုချင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့လေသည်။

    ခရိုင်အုပ်ချုပ်ရေးဌာနကမူ အဆိုပါအခမ်းအနားကျင်းပရန် စီစဉ်မှုအား ဖျက်သိမ်းခဲ့ပြီး မြို့အတွင်းတွင်လည်း လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။ ခရစ္စမတ်နေ့တွင်တော့ အလီဂါရှိ ခရစ်ယာန်ဘုရားကျောင်းများ၏ အပြင်ဘက်တွင် ရဲအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာယူခဲ့ကြသည်။

    ထိုကဲ့သို့ ရပ်ဆိုင်းထားသော်လည်း နဗ်မန်ကမူ အာခံလျက်ပင်ရှိနေသည်။

    `ဒီအခမ်းအနားကို ရပ်ဆိုင်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အတွင်းပိုင်းက ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့ဗျာ´ ဟု ခပ်ပေါ့ပေါ့ပင်ပြောလေ၏။

    အိန္ဒိယရှိ အခြားသောဒေသများတွင် ပြုလုပ်သည့် ထိုကဲ့သို့ ဘာသာကူးပြောင်းခြင်း အခမ်းအနားများက ပြည်သူများအကြား စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ အူတာပရာဒက်ရှ်ပြည်နယ် အဂ္ဂရာတွင် ဒီဇင်ဘာလ အစောပိုင်းက အစ္စလာမ်ဘာသာဝင် ၂၀၀ အား ဟိန္ဒူဘာသာသို့ ကူးပြောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ကန့်ကွက်သံများလည်း ပေါ်လာခဲ့သည်။

    အတင်းအဓ္ဓမ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်သည်ဟု တွင်တွင်ပြေနေသော အာဏာရ BJP ပါတီကတော့ ထိုအခမ်းအနားများနှင့် ဝေးဝေးမှာနေသည်။ သို့ရာတွင် သဘောထားတင်းမာသူများကမူ မိုဒီရွေးကောက်ပွဲကတည်းက နိုင်ငံအား ဟိန္ဒူနိုင်ငံအဖြစ် ပြောင်းလဲသွားမည်ဆိုသည့်အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သည်။

    BJP အစိုးရသက်တမ်း ရက်ပေါင်း ၂၀၀ အတွင်းမှာပင် နိုင်ငံအတွင်းရှိ ခရစ်ယာန် ဘာသာဝင်များအပေါ် တိုက်ခိုက်မှု၊ ဖမ်းဆီးမှု၊ ၎င်းတို့၏ ဘာသာရေးအဆောက်အဦးများအား မီးရှို့မှု၊ ဖျက်ဆီးမှု၊ နှောက်ယှက်မှု၊ ဓားမြတိုက်မှုနှင့် မြေယာများသိမ်းပိုက်မှု စုစုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့သည်ဟု ခရစ်ယာန်အဖွဲ့တစ်ခုမှ ယခုလစောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် နယူးဒေလီမြို့ရှီ စိန့် စီဘက်စတီယန် ခရစ်ယာန် ဘုရားကျောင်းမှာ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

    အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ လောကီရေးရာကို အခြေခံသော်လည်း နိုင်ငံခြားရေးဝန်ကြီး ရှူမာ ဆွာရက်ဂ်ျကမူ ဟိန္ဒူဘာသာ၏ ကျမ်းစာတစ်အုပ်ဖြစ်သော Bhagwad Gita ကျမ်းအား နိုင်ငံတော်ကျမ်းအဖြစ် သတ်မှတ်သည်ဟု ဒီဇင်ဘာလအစောပိုင်းတွင် ကြေညာခဲ့သည်။

    ဘာသာကူးပြောင်းစေခြင်းနှင့်ပတ်သက်၍ ၀န်ကြီးချုပ်အနေဖြင့် ရှင်းရှင်းလင်းလင်း ဆောင်ရွက်ရမည်ဟု ပါလီမန်တွင် အတိုက်အခံများက တောင်းဆိုမှုများ ရှိနေသော်လည်း ဟိန္ဒူအမျိုးသားရေး RSS ၏ အမာခံအဖွဲ့ဝင်ဖြစ်သော မိုဒီ၏ နှုတ်ဆိတ်နေမှုက စိုးရိမ်ပူပန်မှုများကို မီးထိုးပေးသကဲ့သို့ ဖြစနေသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ပြောကြားများ ရှိနေသည့်အချိန်တွင် အထက်လွှတ်တော် အစည်းဝေးကို ခရစ္စမတ်မတိုင်ခင် အကြိမ်ကြိမ်အခါခါ ရွှေ့ဆိုင်းခဲ့ပြီး အဓိက ဥပဒေပြုမှုများနှင့်ပတ်သက်၍ အားနည်းစေခဲ့သည်။

    လက်ရှိ အိန္ဒိယ၏ဥပဒေအရ မသမာသောနည်းလမ်းဖြင့် ဘာသာပြောင်းစေခြင်း၊ သို့မဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းစေခြင်းကို တရားမ၀င်ဟု သတ်မှတ်ထားသည် သို့သော်လည်း အဂ္ဂရာမြို့တွင် ဘာသာပြောင်းခံလိုက်ရသည့် မွတ်စလင်များက ၎င်းတို့မှာ ကြောက်ရွံ့မှုကြောင့် ဘာသာပြောင်းခဲ့ရခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

    လုံခြုံရေးအရ စိုးရိမ်မှုများ

    အိန္ဒိယလူဦးရေ သန်း ၁၂၀၀ ကျော်တွင် ခရစ်ယာန် ဘာသာဝင်အရေအတွက်က ၂ ရာခိုင်နှုန်းသာ ရှိလေသည်။ အလီဂါရှိ ခရစ်ယာန်လူ့အဖွဲ့အစည်းမှာ သေးငယ်သော်လည်း နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်လာကြသူများဖြစ်ပြီး အခြားသော ဘာသာတရားများနှင့်လည်း သဟဇာတဖြစ်သည်ဟု ချားလ်စ်က ပြောကြားခဲ့သည်။

    `ဒီနိုင်ငံက ပြည်သူတွေခံစားရတဲ့ သာမန်ပြဿနာမျိုးကို ကျွန်တော်တို့လည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့မှာ ပညာရေး အခက်အခဲတွေရှိတယ်။ အလုပ်အကိုင်နဲ့ အခြေခံရပ်တည်မှုအခြေအနေနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိနေပါတယ်´ ဟု ၎င်းကဆိုပြီး ထိုပြဿနာများမှာ နိုင်ငံရေး အမှတ်သညာအနောက်တွင် ဖယ်ကျဉ်ခြင်းခံထားရကြောင်း၊ မိမိတို့၏ မျိုးနွယ်တွင်ပင် အယူဝါပေါင်းစုံ ပါဝင်သည့် ကြွယ်ဝသော အမွေအနှစ်များရှိကြောင်း ထည့်သွင်းပြောကြားခဲ့လေသည်။

    `ကျွန်တော့်အဖိုးက ကိုဟက်ဒေသက ပရှက်တန် အမျိုးအနွယ်ပါ။ ကျွန်တော့်ရဲ့ မျိုးရိုးထဲမှာ မွတ်စလင်တွေ၊ ဟိန္ဒူတွေရှိပါတယ်။ ကျွန်တော့်ရဲ့ မိသားစုမှာ ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေပါတယ်´

    ခရစ်ယာန်ဘာသာဝင်အချို့က ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်မှုများ တိုးလာချိန်တွင် အချို့ကတော့ ဆုံးဖြတ်ရန် စောလွန်းသေးသည်ဟု ဆိုသည်။ Network အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဆာချင် ဆာဟေက

    `အခုအချိန်ထိတော့ မလုံခြုံဘူးလို့ ကျွန်တော် မခံစားရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အယူဝါဒကို လွတ်လပ်စွာ လိုက်နာကျင့်သုံးခွင့် ရှိသင့်ပါတယ်´ ဟု ၎င်း၏ စိုးရိမ်မှုမကင်းသောအမြင်ကို ဖွင့်ဟခဲ့သည်။

    အမည်မဖော်လိုသည့် ခရစ်ယာန်အမျိုးသမီး တစ်ဦးကလည်း `နိုင်ငံရေးသမားတွေမှာ ဘာသာတရား မရှိပါဘူး။ ကိုယ်ကျိုးပဲ ကြည့်ကြတာပါ။ သူတို့ဟာ ပြဿနာရှာနေကြတဲ့ သူတွေပါပဲ´ ဟု ပြောကြားခဲ့သည်။

    ခရစ္စမတ်နေ့တွင် ဘာသာကူးပြောင်းမှုအခမ်းအနား ဆောင်ရွက်မည်ဟု DJM က ကြေညာခဲ့ချိန်တွင် ဒေသခံ မွတ်စလင်နှင့် ခရစ်ယာန်ကိုယ်စားလှယ်များက ဒေသတွင်း နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    `အုပ်ချုပ်ရေးပိုင်းက ကျွန်တော်တို့ကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စိတ်သက်သာရာရစေဖို့ သူတို့ ရှေ့ထွက် လာတယ်။ ပြီးတော့ သူတို့ရဲ့ အားထုတ်မှုကြောင့်ပဲ အဲဒီနေ့ဟာ အေးဆေးဆေးနဲ့ ကုန်ဆုံးခဲ့ပါတယ်´ ဟု Church of Ascension နှင့် Christ Church ဘုရားကျောင်းတို့မှ ဆရာတော် ဆူနီလ် လုကေးက ပြောကြားခဲ့သည်။

    သို့သော်လည်း ခရစ်ယာန်လူငယ်များ အတွက် တစ်နှစ်တာ၏ အကြီးမြတ်ဆုံးသောနေ့အား ဆင်နွှဲခြင်းကို ထိုပြဿနာက အနှောက်အယှက်ဖြစ်စေခဲ့သည်။

    `ကျွန်တော့ရဲ့ ကွိုင်ယာအဖွဲ့ကို သူငယ်ချင်းတွေက ၀င်ရောက်လာကြပြီး ခရစ္စမတ်အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ ဆိုတာကို သိချင်ကြပါတယ်။ ကျောင်းမှာ ဒီပြဿနာကို ကျွန်တော်တို့ လုံးဝ မပြောကြပါဘူး´ ဟု အသက် ၁၂ နှစ်အရွက် ဂါနစ်ရှ်ကာ ကေဒါရ်က ပြောကြားခဲ့၏။

    အသက် ၂၅ နှစ်အရွယ်ရှိ အေဗရာဟမ် ဗာ့ဂ်ဟီစီ၏ မိသားစုကတော့ အလီဂါမှ အခြားသော ခရစ်ယာန်မိသားစုများကဲ့သို့ပင် မွတ်စလင်သူငယ်ချင်းများ လွယ်ကူစွာပါဝင်ဆင်နွှဲနိုင်ရန် ရမ်အရက်၊ သို့မဟုတ် ၀ိုင်အရက်တို့မပါသည့် စားသောက်ပွဲများကို ပြင်ဆင်နေကြလေသည်။

    `(ဟိန္ဒိုအဖွဲ့ကသုံးသည့်) `ဇာတိသို့ပြန်ခြင်း´ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဇာတိမြေမှာ ရှိနေကြပြီပဲ´ ဟု ခြိမ်းခြောက်မှုတစ်ဝက်ပါသည့် ဟိန္ဒူအဖွဲ့၏ အသုံးအနှုန်းအတွက် တုံ့ပြန်ပြောကြားခဲ့လေသည်။

    Al Jazeera မှာ ဖော်ပြထားတဲ့ “Uneasy Christmas for India’s Christians ” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • သက္ကရာဇ်ရဲ့ပြက္ခဒိန်နံရံထက်မှာ ကြက်ခြေခတ်ရာတွေပြည့်လို့

    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    ဆောင်းပါးရှင် – ညီသွေး
    M-Media

    10891948_817259068316565_1931739408314451615_n

    နော်ဝေဘုရင်တစ်ရက်အတွက် ဂေါဝိန်သားတွေဘဝပျက်ပြီးနောက် “ဘယ်သူ့ကိုမှကြောက်မနေဘူး။ အားလုံးကိုတိုက်ရဲတယ်” ဆိုသော ကာချုပ်ရဲ့သတ္တိနှင့် အခက်အခဲပဋိပက္ခကို လော်စပီကာဖြင့် ဖြေရှင်းပြလိုက်တဲ့ ဦးဆောင်စည်ပင်နဲ့ ရန်ကုန်မြို့ကြီးရဲ့နောင်ရေး စိတ်မချသေးခင် တိုင်းပြည်မငြိမ်မသက်ဖြစ်လျှင် အာဏာပြန်သိမ်းမည်ဆိုသော ရွေးကောက်ပွဲကော်မရှင် ကျင်းပရေးဥက္ကဌ၏ ခြောက်လုံးလှန့်လုံးများကြား၊ “လှိုင်သာယာစက်မှုဇုံမှ လူရမ်းကားအုပ်စုကြီးနှင့် ကျောက်ရုပ်ရဲသားကြီးများ” ရဲ့ ဇာတ်လမ်းတွေ မဆုံးသေးခင် အခု ပူနွေးနေတဲ့သွေးစတွေနဲ့ လက်ပံတောင်းတောင်ရဲ့ နောက်ဆုံးဓားစားခံဖြစ်ရရှာတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနာဟာ အခု မြေချပါတော့မယ်။

    ဂျာနယ်အပေါင်းရဲ့စာမျက်နှာ ဒိုရေမီဖာတွေဟာ ပဋိပက္ခ၊ သပိတ်စခန်းဖြိုခွင်း၊ အိမ်ယာမြေဖျက်သိမ်း၊ အင်အားသုံးဖြေရှင်းစဉ် သွေးမြေကျ စတဲ့အမင်္ဂလာသံတွေညံလို့၊ ကဗျာမဆန်သောနေ့ရက်များ၊ လူမဆန်သောနေ့ရက်များသာ သက္ကရာဇ်ရဲ့ ပြက္ကဒိန်စာမျက်နှာထက် ကြက်ခြေခတ်ရာတွေ ပြည့်နှက်လို့…. သြော် – မြန်မာ မြန်မာ၊ ဒီမြန်မာပြည်မှာ သန်မာထွားကျိုင်းတာဆိုလို့ မတရားမှုတွေပဲ ရှိပါတော့လား။ နတ်လူအပေါင်း သာဓုခေါ်စေကြောင်းသတင်း၊ ပြည်သူအများရဲ့ လတ်ခုတ်သြဘာ စိတ်ချမ်းသာရစေမည့်သတင်း၊ မေတ္တာတရား ကိုယ်ချင်းစာတရားနှင့် အရာရာကိုကြိုးပမ်းအောင်မြင်သွားတယ်ဆိုတဲ့သတင်း၊ တနည်းအားဖြင့် လူဆန်သောသတင်းများကို ဖတ်ခွင့်၊ ရေးခွင့် ကြုံရဖို့ဆိုတာကိုတော့ “မျှော်သာမျှော် ပေါ်မလာသည်၊ ရင်မှာဝေဒနာ ပွင့်ခက်ဝါနီ” ဆိုသလို။

    တိုင်းပြည်ကချောက်ထဲမကျသေး။ ချောက်ထဲကဆွဲတင်မယ်ဆိုတဲ့ ကယ်တင်ရှင်တွေကတော့ အခုကတည်းက ဟန်ရေးပြနေကြပြီ။ အာဏာရှင်တွေဟာ သိပ်ကြောက်စရာကောင်းသလို၊ တရားသံဝေဂဆိုတဲ့ အရာအားလုံးကလည်း အဲဒီအာဏရှင်တွေထံမှပဲ ထွက်ပေါ်ပါတယ်။ ကမ္ဘာတစ်ခုလုံး ကြောက်ရပါတယ်ဆိုတဲ့ အာဏာရှင်ပဲဖြစ်ဖြစ်၊ တစ်နိုင်ငံလုံးက ကြောက်ရပါတယ်ဆိုတဲ့ အာဏာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လောက်တန်ခိုးကြီးကြီး ဘယ်လို`ရာဇမာန်´ ပြပြ နောက်ဆုံးဇာတ်သိမ်းခန်းကတော့ ထူးမခြားနားပါပဲ။ မြေအောက်ခန်းထဲ မိသားစုလိုက်သတ်သေ၊ ပစ်သတ်ခံရ။ ပြည်သူလူထုလက်ချက်နှင့် အသေမကောင်း၊ ကြိုးစင်တင်ခံရ။ လူမသိသူမသိ မသာချ၊ သင်္ချာပုစ္ဆာတစ်ပုဒ်လို ပေးထားချက်က အာဏာရှင်သို့ အကြွင်းကသုံးည ဇာတ်သိမ်းမလှပါပဲ။

    ဒီနေရာမှာ အကြောင်းသင့်လို့ အိန္ဒိယနိုင်ငံသမိုင်းမှာ တန်ခိုးတင့်တယ်လှတဲ့ စူလတန်ဘုရင်ကြီးတစ်ပါးအကြောင်း အတွေးစပေါ်မိတယ်။ ဘုရင်က အလွန်စည်းစိမ်မက်၊ ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေချည်း နှစ်သက်ခုံမင်၊ ဆင်ယင်ခြယ်သလေ့ရှိသပေါ့။ အကောင်းဆုံးစီးတော်ယဉ်၊ အဖိုးအကြီးဆုံး အဝတ်အထည်၊ အရည်အသွေးအရှိဆုံး လက်ဝတ်ရတနာ စသဖြင့် အမြဲတမ်း နံပါတ်ဝမ်းပေါ့။ တစ်နေ့တော့ ခမ်းခမ်းနားနား သူ့စက်တော်ခေါ်ရာခန်းမထဲက နူးညံ့တဲ့မွေ့ရာထူထူပွပွကြီးကို သန့်ရှင်းရေးလုပ်ပေးရတဲ့ ကျွန်မတစ်ယောက်ဟာ သန့်ရှင်းရေးလုပ်ရင်း လှည်းရင်းကျင်းရင်းကနေ အိစက်ညက်ညောနေတဲ့ ဖဲမွေ့ရာပေါ် ခေတ္တခဏ ထိုင်မိ၊ လှဲလျောင်းမိလိုက်တယ်။ ပင်ပင်ပန်းပန်းအလုပ်လည်းလုပ်ရ၊ အိပ်ယာခင်းရဲ့နူးညံ့မှုက ဆွဲဆောင်လိုက်မှုအပေါ် ရုတ်တရက်မှေးကနဲ အိပ်ပျော်သွားမိလေရဲ့။ အဲဒီမှာဘုရင်က ဝင်အလာနဲ့ ပက်ပင်းတိုး အဖြစ်ဆိုးကြီးနဲ့ ကိုယ်ကျိုးနည်းရတာပေါ့။ ဘုရင့်ဒေါသမာန်က သူ့အိပ်ယာကို ရှယ်ယာဝင်ရမလားဆိုပြီး ချက်ချင်းပဲ ကြိမ်ဒဏ်အချက် (၁၀၀) ချ မှတ်မှတ်ရရဖြစ်စေရမယ်ပေါ့။ အားလုံးစိတ်မကောင်းပေမယ့် သက်ဦးဆံပိုင်ဘုရင်။ ဘယ်သူမှမလွန်ဆန်ရဲ။ စပြီးတစ်ချက်ရိုက်တယ်။ အားကနဲ နားကျဉ်းမြည်တမ်း အော်ဟစ်သနားခံ၊ ငိုသံတွေအစား ဟက်ဟက်ပက်ပက်ရယ်မောသံ၊ နောက်တစ်ချက်ထပ်ရိုက် နောက်ထပ်ရယ်မောသံ၊ နန်းရင်းပြင်ဟာ ဘုရင်နဲ့သူ့မူးမတ်တွေရဲ့ “ဟာ”၊ “ဟင်”၊ “အို” အာမေဋိတ်သံတွေ ညံသွားတယ်။

    ဘုရင်က ရိုက်နေတဲ့ ရိုက်ချက်တွေကိုရပ်ပြီး အံ့သြတကြီးနဲ့မေးရပြီပေါ့။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ။ သင်မရဲ့ ငိုသံအစား ရယ်မောသံဟာ ငါ့ဘုရင်ကို ပုစ္ဆာဖြစ်စေတယ်။ အဲဒီမှာ ကျွန်မကလေးပြန်ဖြေတဲ့စကား “ကျွန်မဟာ မိမိရင်ထဲက အိပ်ချင်တဲ့ဆန္ဒမပါဘဲ ကိုယ်ပိုင်မဟုတ်တဲ့ အိပ်ရာပေါ်မှာ ခေတ္တလဲလျောင်းမိရာက အိပ်ပျော်သွားမိတဲ့အပေါ်မှာ ကြိမ်ဒဏ်အချက်တစ်ရာ အရိုက်ခံရတယ်။ ဒီအိပ်ရာကြီးပေါ်မှာ နှစ်ရှည်လများ ဇိမ်ခံအိပ်စက်လာခဲ့တဲ့သူ အဖို့တော့ ဘယ်လိုများ၊ ဘယ်လောက်တောင် သံသရာမဆုံးခင်မှာ ခံရ၊ ပေးဆပ်ရမလဲဆိုတာ တွေးဆစဉ်းစားမိလို့ ရယ်မောရတာပါလို့ လျှောက်သတဲ့။ ဘုရင်ကြီး ခေါင်းနပန်းကြီးသွားတယ်။ ဘာသာတရား၊ လောကနီတိတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ဘုရင် ငြိမ်ငြိမ်သက်သက် စဉ်းစားတယ်။ စောစောစီးစီး အချိန်မီ နောင်တနဲ့သံဝေဂ ပေါင်းရသွားတယ်ထင်ပါရဲ့။ ကြိမ်ဒဏ်ပေးတာကိုရပ်စဲလိုက်တယ်။ သူ့နှလုံးသားကို ဆွဲဟဖွင့်ဟပေးလိုက်တဲ့ `ကျွန်´မကို သူကောင်းပြုလိုက်တယ်။ နန်းစည်းစိမ်ကို စွန့်တဲ့အထိ နှလုံးသားဂွမ်းဆီထိပြီး တရားဘာဝနာကျင့်ကြံအားထုတ် သူတော်စဉ်သူတော်ကောင်းဘဝနဲ့ သူ့နောက်ဆုံးအချိန်တွေကို တန်ဖိုးရှိစွာ၊ နှောင်ကြိုးမဲ့စွာ ကုန်လွန်သွားခဲ့ပါတယ်။”

    အစိုးရသော ထီးဆောင်းမင်းတရားကြီးတွေဟာ ဒီပုံပြင်ကို သင်ခန်းစာမယူလည်း ရပါတယ်။ ဒါပေမယ့် ထီးနန်းစည်းစိမ်အားလုံးဟာ ပြည်သူ့ဘဏ္ဍကနေ စီးဆင်းလာတာချည်းပါပဲ။ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်တယ်ဆိုရင်တော့ သူတစ်ပါးယုံကြည်စိတ်ချလို့ အပ်နှံထားတဲ့ငွေကို အလွဲသုံးစားလုပ်လျှင် ဒီဘဝအပြင် နောင်သံသရာမှာလည်း ပုဒ်မများစွာဖြင့် စွဲချက်တင်ခံရမည်သာ။

    မိုးကြိုးပြင်ရွာက အသက် (၅၆) နှစ်ပဲရှိသေးတဲ့ ဒေါ်ခင်ဝင်းကတော့ သေဆုံးလို့ သူ့ဘဝ၊ သူ့ဝါကျဟာ အစစအရာရာမှာ ရပ်တန့်ပြီးသွားခဲ့သယောင်ပါ။ ဒါပေမယ့် ဝမ်ပေါင်နဲ့သူ့အပေါင်းအပါများ၊ ခွင့်ပြုမိန့်ချမှတ်ပေးခဲ့တဲ့သူ၊ တာဝန်ရှိသူ၊ တာဝန်မခံသူ အားလုံးရဲ့ ဈာပနကတော့ အခုမှစတင်တော့မှာပါ။ သေလျှင်လက်တစ်ဆုပ်စာမြေကို ယူဆောင်မသွားနိုင်တဲ့သူတွေက အဲဒီမြေအတွက် ဘဝတွေကိုစတေး၊ အသက်တွေကိုစတေး၊ မိသားစုအသိုက်အမြုံတွေကို စတေးခိုင်းနေတာ ရင်နင့်စရာပါ။ သေမင်းကို မသန့်ရှင်းတဲ့မြေ၊ မတရားတဲ့ငွေတွေနဲ့ လာဘ်ထိုးဖို့ ကြိုးစားမရဘူးဆိုတာ သိသိကြီးနဲ့ ဇွတ်မှိတ်တိုးနေသူတို့အဖို့ကတော့ ပြည်သူတွေရဲ့မျက်ရည်စတွေ သွေးစတွေက ဟိုးအဆုံးစွန်သောအဆင်းလမ်းကို ညွှန်ပြပါလိမ့်မယ်။ နောက်ဆုံးတော့လည်း လက်ပံတောင်းတောင်ဆိုတာ အာဏာရှင်တွေအတွက် အကောင်းဆုံးသောရတနာသိုက်၊ ဝမ်ပေါင်ဆိုတာ ဆင်သေကောင်နား တဝဲလည်လည်ဖြစ်နေရရှာတဲ့ ကျီးကန်း၊ ဒေသခံပြည်သူတွေအတွက်တော့ မပြေနိုင်သောလျော်ကြေး ဖြစ်ခဲ့ရပါပြီ။ ဒီလျော်ကြေးဟာ တစ်နိုင်ငံလုံးကပြည်သူတွေကို အချိန်နဲ့အမျှကူးစက်၊ အားကောင်းမောင်းသန် ဆက်လက်ရွေ့လျားလို့နေပါတယ်။ အခုကိစ္စက အမှိုက်ကစ ပြသာဒ်မီးလောင်တာမဟုတ်။ ပြသာဒ်ကို ဓါတ်ဆီလောင်း မီးရှို့တဲ့ကိစ္စ ဖြစ်နေပါတယ်။

  • ရုပ်လုံးမကြွသေးသည့် ဘဝများ (သူ့အမြင်)

    ဒီဇင်ဘာ ၂၈၊ ၂၀၁၄
    M-Media

    10891693_816480348394437_5708292146008077858_n

    ရေးသားသူ – ထက်မြတ်

    မနက်မိုးသောက် နေလုံးနီနီကြီးက အရှေ့အရပ်မှ ထွက်လုနီးနီးဖြစ်နေပြီ။ အချိန်ကား နံနက် (၄) နာရီခန့်ပင်။ တစ်နေ့ တစ်နေ့ အချိန်ကုန်တာ မြန်လွန်သလား အောက်မေ့မိသည်။ အိပ်ရတာ ဘယ်လောက်မှပင် မရှိသေး။ မနက်မိုးသောက်ကို ရောက်နေပြီ။ အိပ်ချင်မူးတူး ဖြစ်နေသော်လည်း မတတ်နိုင်ပေ။ ဝမ်းစာအတွက် ကြိုးပမ်းရဦးမည် မဟုတ်လား။ အဲဒီစိတ်နှင့်ပင် မောင်ကောင်းတစ်ယောက် အိပ်ရာမှ လူးလိမ့်ထခဲ့ရသည်။

    အသက် (၁၃) နှစ်အရွယ်သာသာရှိလှသည့် မောင်ကောင်းတစ်ယောက် ရန်ကုန်မြို့သို့ သတင်းစာလှည့်လည်ရောင်းရန်အတွက် မျက်နှာသစ်ပြီး ညကကျန်သည့် ထမင်းကြမ်းခဲလေးနှင့် ဟင်းကျန်လေးကို သူ၏မိခင်မှ ပန်းကန်ထဲထည့်ပေးပြီး မနက်စာအဖြစ် စားလာခဲ့ရသည်။ မောင်ကောင်း၏အမေမှာ မုဆိုးမတစ်ယောက်ဖြစ်၍ သားနှစ်ယောက်နှင့် နေထိုင်လာခဲ့ရသည်မှာ အငယ်လေးဖြစ်သော မောင်စိန်၏ တစ်သက်ပင် ဖြစ်သည်။ မောင်ကောင်းတို့သားအမိမှာ ၎င်းတို့မိသားစုသုံးယောက်ဝမ်းစာနှင့် မောင်စိန်လေး၏ ကျောင်းစရိတ်အတွက် လုပ်ကိုင်စားသောက်နေကြရခြင်း ဖြစ်သည်။

    မောင်ကောင်းမှာ မနက်စောစော သတင်းစာဒိုင်တွင် ယနေ့ထုတ်သတင်းစာများကို သွားရောက်ယူဆောင်ပြီး ရန်ကုန်မြို့ လူစည်ကားရာနေရာ၊ လူထူထပ်ရာနေရာများတွင် သတင်းစာများကို လှည့်လည်ရောင်းရသည့် တာဝန်ကို နေပူပူ မိုးရွာရွာ နေ့စဉ်ထမ်းဆောင်လျှက်ရှိသည်။

    ရန်ကုန်မြို့ မနက်စောစောသည် ကျောင်းကားများစည်ကားသော အချိန်ဖြစ်သည်။ အဖြူ အစိမ်းကလေးနဲ့ ကလေးတွေကို တွေ့ရင်ပဲဖြစ်ဖြစ်၊ ပုဂ္ဂိလိကကျောင်းက ကလေးတွေကို တွေ့ရင်ပဲဖြစ်ဖြစ် မောင်ကောင်းတစ်ယောက်မှာ လည်ပြန်မကြည့်ဘဲနှင့် မနေနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မောင်ကောင်းတစ်ယောက်မှာ ကျောင်းအလွန်တက်ချင်နေသောကြောင့် ဖြစ်သည်။ မိသားစုအခြေအနေ အကြောင်းအရင်းကြောင့် မောင်ကောင်းမှာ ၃ တန်းနှင့် ကျောင်းထွက်ခဲ့ရသည်။ အငယ်ဖြစ်သူညီလေးကို ငဲ့ကွက်ပြီး ညီလေးကျောင်းတက်နိုင်ရန်နှင့် အသက်အရွယ်ကြီးနေပြီဖြစ်သည့် အမေအိုကြီးကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် ကျောင်းထွက်ကာ စီးပွားရှာနေခြင်းဖြစ်သည်။

    အမေအိုကြီးမှာတော့ မိန်းမသား အသက်ကြီးနေပြီဖြစ်သော်လည်း သွက်လက်ချက်ချာနေတုန်း။ သူမက အရွယ်နဲ့မလိုက်အောင်ကို အလုပ်လုပ်နိုင်နေတုန်းပါပဲ။ သူမကျွမ်းကျင်နေတဲ့ အလုပ်ဖြစ်တဲ့အတွက်ကြောင့်လည်း မိသားစုကို ယင်းအလုပ်ဖြင့် ၀င်ငွေရှာဖွေပေးနိုင်ခြင်းဖြစ်သည်။

    ဒေါ်ဖြူအလုပ်သည်ကား ပန်းဒိုင်မှ ပန်းများဝယ်ယူပြီး ဝေဟင်မှာပျံသည့် လေယာဉ်အလား လိုင်းကားတိုးစီးကာ မနက်စောစောဈေးထဲတွင် ထိုပန်းများကို ရောင်းချရသည့်အလုပ်ပင် ဖြစ်သည်။ မနက် (၅) နာရီမှစကာ မောင်ကောင်းနှင့်အတူ အိမ်မှထွက်ခွာလာပြီး ညနေ ပန်းများကုန်သည်အထိ သူမ၏ခန္ဓာကိုယ်အစုံကို လှုပ်ရှားရင်း ရောင်းဝယ်ဖောက်ကားနေရသည်။

    သတင်းစာများကုန်သွားလောက်သည့်အချိန်ဖြစ်သည့် နေ့လည်တွင် မောင်ကောင်းတစ်ယောက် ဆန်ဝယ်၊ ဟင်းဝယ်ပြီး အိမ်သို့ပြန်ကာ ညီလေးထမင်းစားကျောင်းဆင်းချိန်အမီ ချက်ပြုတ်ရလေသည်။ မနက်စာစားသောက်ပြီးချိန်တွင် မောင်ကောင်းတစ်ယောက် ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နေ့တစ်ဝက် စားပွဲထိုးလုပ်ရပြန်သည်။ ကလေးအရွယ်နှင့် မလိုက်ဖက်အောင် မိသားစုတာဝန်ကို ထမ်းဆောင်နေသည့် မောင်ကောင်း၏ဘဝမှာ ည (၉) နာရီမှ အိမ်သို့ပြန်လည်ရောက်ရှိလာရသည်။

    အိမ်တွင်ကျန်ရှိနေခဲ့သည့် (၄) တန်းကျောင်းသားအရွယ် မောင်စိန်လေးမှာ မနက် (၇) နာရီတွင် အိပ်ယာမှထ မျက်နှာသစ် မုန့်စား ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကျောင်းသို့ အသော့နှင်ရသည်။ မောင်စိန်လေးမှာ ကျောင်းဝတ်စုံ (၂) ထည်သာရှိပြီး လှည့်ပတ်ဝတ်နေရသည်။ မောင်စိန်လေးမှာလည်း သူ့အားညှာတာကာ ရှာဖွေကျွေးမွေးနေသည့် အကိုဖြစ်သူနှင့် အမေအိုကြီး၏ ကျေးဇူးကို သိမြင်တတ်သူတစ်ဦးဖြစ်၍ ကျောင်းနှင့်ပတ်သက်သည့် လိုအပ်သည့်အရာများကို မပြောပဲ ၎င်းကိုယ်တိုင် တတ်နိုင်သလောက် ဖြေရှင်းသည်။ ကျောင်းမှဆရာ ဆရာမများနှင့် သူငယ်ချင်းများကလည်း မောင်စိန်လေးကိုချစ်ကြသည်။ လိုအပ်သည်များကို တတ်နိုင်သလောက် ကူညီပေးကြသည်။

    ၎င်းတို့မိသားစုသုံးယောက်တွင် နှစ်ယောက်မှာ အလုပ်ရှိသော်ငြားလည်း ၎င်းတို့မိသားစုတွင် ကျောတစ်ခင်းစာ နေစရာ အစိုးမရ၊ လယ်တစ်ကွက်မပိုင်၊ ဒီနေ့ မနက်ဖြန်အတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ၎င်းတို့မိသားစုနှင့် ဘဝတူမိသားစုပေါင်း မြောက်မြားစွာ အမိမြန်မာနိုင်ငံတော်ကြီးတွင် မည်မျှရှိနေမည်နည်း။ ကျောင်းတက်ရမည့်အရွယ်တွင် ကျောင်းမတက်ရဘဲ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နေရမည့် ကလေးသူငယ်များ မည်မျှရှိနေမည်နည်း။ စသည့် အတွေးပေါင်းမြောက်များစွာနှင့် တွေးကာနေမိသည်။

    နိုင်ငံတော်အစိုးရက ဆင်းရဲသားပပျောက်မှုတွေ လုပ်နေတယ်လို့ ဆိုနေပေမယ့်လည်း မြန်မာနိုင်ငံရဲ့ သာမန်ဆင်းရဲသား အောက်ခြေလူတန်းစားတွေကို ဘာတွေများ ပြောင်းလဲပေးခဲ့ပြီးပြီလဲ။ ပြောင်းလဲမှုတွေနဲ့ ဘာတွေတွေ့မြင်ခဲ့ရသလဲဆိုရင်တော့ ဒီမေးခွန်းတွေရဲ့အဖြေတွေဟာ ဘာမှထူးခြားလာတာမရှိပါဘူးလို့ပဲ ပြောရမှာပါ။ အပြောနဲ့လက်တွေ့တွေက တစ်ခြားဆီ သီးသန့်ကို ဖြစ်နေပါတယ်။ လူလုံးမလှ ရုပ်လုံးမကြွသေးသည့် ဘဝပေါင်းများစွာ ကျန်ရှိနေသေးသည်ဆိုတာကို သတိချပ်မိစေရင်း။