News @ M-Media

Category: ဆောင်းပါး

  • ကြက်တူရွေးနဲ့ မယ်ဘော်ပုံပြင်

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    Z.Y ရေးသည်။
    1111
    လူတစ်ယောက်အောင်မြင်ဖို့ဘာတွေလိုအပ်ပါသလဲ။ ကြိုးစားအားထုတ်မှု၊ အချိန်၊ ငွေ၊ ပေါင်းသင်းဆက်ဆံရေး၊ စန်းနဲ့ကြော်ငြာအားတွေလား၊ အထောက်အပံ့နဲ့ အရှိန်အဝါလား၊ အတိအကျ ဘယ်အရာက အဓိကလည်းဆိုတော့ ပြောရခက်ပါသည်။ သို့သော် ဒီနေ့ခေတ်တွင်တော့ အောင်မြင်မှုရဖို့အတွက် ဘာမှကြိုးစားအားထုတ်မှု မရှိ၊ ငွေကုန်ကြေးကျလည်း မများ၊ အချိန်လည်း သိပ်မကုန်စေဘဲ တခြားတစ်ယောက်ရဲ့အရှိန်အဝါ အထောက်အပံ့ကိုယူကာ ကြော်ငြာ အားကောင်းပစ်နေကြသည်ကို တွေ့ရ၏။

    ဥပမာဆိုရလျှင် အဖေသရုပ်ဆောင်၊ သားသရုပ်ဆောင်၊ အမေကဘာဒါကြောင့် သား သမီး ကဘာလိုက်လုပ်ကြသည်ပေါ့။ ပြသာနာမဟုတ်ပါ။ အရှိန်အဝါ အထောက်အပံ့ကိုယူကာ တကယ်ကြိုးစားကြသော သူများကိုတွေ့ရသည်။ ဟုတ်သည် ကိုယ့်အဖေ၊ အမေ၊ အစ်ကို၊ အစ်မ အောင်မြင်နေသည်ဆိုသည်မှာ ထိုင်နေရင်းရလာသည်မဟုတ်ဆိုတာကို နားလည်ထားသူတွေကတော့ တကယ်ကြိုးစားကြသည်။ တစ်ချို့က ဖြေရာနင်းကာအောင်မြင်ကြသလို တချို့ကတော့ စန်းမတောက်သဖြင့် အောင်မြင်မှုနည်းကြသည်ပေါ့။

    တချို့ကျတော့ အောင်မြင်နေသူ၏ အရှိန်အဝါကိုယူကာ ကိုယ့်ကိုကိုယ် နာမည်ကြီးအောင်ကြိုးစားအားထုတ်မှုမှ မလုပ်ဘဲ လိုချင်တပ်မက်နေကြသည်လည်းရှိ၏။ ထိုအရာသည်လည်း ပြသာနာတော့ မရှိလှသေး။ အဲ….. မပြည့်သောအိုးများက ဘောင်ဘင် လှုပ်သောအခါတွင်တော့ မြင်ရကြားရတာက ပြသာနာရှိလာသည်။

    နာမည်ကြီးသောသူ တစ်ဦး၏ ညီတစ်ယောက်ဆိုပါတော့။ ဘာမှသာ မဖြစ်သေး တကယ့် ကမ္ဘာကျော်နေသူလို ကိုယ့်ကို ကိုယ် မာန်တက်ပြနေတာမျိုးရှိ၏။ ဒါမျိုးကျတော့ ကြည့် မကောင်းဘူးဟုထင်သည်။ သူမာန်တက်သလိုမျိုး သူ့အစ်ကိုမှာ မာန်တက်ခွင့်ရှိသည်။ ဒါပေမယ့် အစ်ကို လုပ်သူကပြည့်သူဆိုတော့ ရေပွက် တစ်ချက်တောင် မထချေ။ လောကကြီးမှာ ဒီလိုလူမျိုးတွေရှိနေပါလားဆိုတာကို အကောင်းဆုံး ယှဉ်ကြည့်လို့ရသည့်အတွက်တော့ ကျေးဇူးကြံဖန်တင်ရပေမည်။

    နောက်ထပ်ကြုံရသူ တစ်ဦးကျတော့ ကိုယ်ပိုင်မီဒီယာထောင်ကာ စာရေးဆရာဘွဲ့ခံ၊ ပညာအလုပ်တွေ ထပ်တိုးလုပ် ဗီဒီယိုရိုက်မယ်ဆိုလား သီချင်းဆိုပြီဆိုလားလုပ်ရဲ့။ ဝါသနာပါသည်ဆိုတာကိုတော့ နားလည်ပေးနိုင်ပါသည်။ သို့ပေမယ့် ပါရမီမပါဘဲဝါသနာသက်သက် ကျော်ကြားချင်ယုံ သက်သက်နဲ့တော့ မလုပ်သင့်ဟုထင်ပါသည်။

    အင်း တစ်ခါတစ်လေတော့လည်း မကြားချင်သော အသံများကို ကြားရသော အခါများလည်းရှိသည်။ အောင်မြင်သော အိမ်ထောင်ဘက်၏ အရှိန်အဝါကိုသုံးကာ ကိုယ့်ကိုယ်ကို ကြော်ငြာနေသောအသံများပင်။ ကိုယ့်ကိုယ်ကို ကြော်ငြာတာက ပြသာနာ မဟုတ်သော်လည်း ကိုယ့်အိမ်ထောင်ဘက်အောင်မြင်နေတာပဲ။ ကိုယ်ကတော်လို့ ကိုယ်က ကွန်ထရိုးပေးထားလို့စသဖြင့် ကိုယ့်ကိုကိုယ်ဖော်မသူတော်လုပ်နေတာကြတော့ သိပ်မမိုက်တော့။

    ဘာကြောင့်များ ကိုယ့်အိမ်ထောင်ဘက်ကို နလပိန်းတုံးလိုဖြစ်အောင်ပြောနေရတာလဲ။ ကျွန်တော်လည်းနားမလည်တော့။ တကယ်အသုံးကျသူ၊ အဖိုးတန်သူ၊ ပြည့်ဝသူဆိုပါက ထိုသို့သောအပြုအမှု၊ ပြောစကားများကို ကျူးလွန်လိမ့်မည် မဟုတ်ဟု ကျွန်တော် ရဲရဲကြီး ယုံကြည်ပါသည်။

    လောကကြီးတွင် “ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ” ဆိုသော စကားပုံအတိုင်း နေထိုင်ကျင့်သုံးနေသော လူတွေဘယ်လောက်များရှိနေပြီလဲ။ ယခုကျွန်တော် ကြုံတွေ့ဖူးသော ထိုသူများကဲ့သို့ပင် မိတ်ဆွေတို့၏ ပတ်ဝန်းကျင်တွင်လည်း “မယ်ဘော်” များကိုတွေ့ဖူးလိမ့်မည်ဟု ထင်ပါသည်။

    အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်ကိုယ်တိုင်လည်း ဘာ မမဟုတ်သည့်တိုင် အပြုသဘောဝေဖန်ထောက်ပြခြင်းသာဖြစ်ပါသည်။ ကြက်တူရွေးထက်ကဲသောမယ်ဘော်များလည်း ဖတ်မိကြားမိပါက ဒေါသနမပွားကြဘဲ တတ်နိုင်သလောက်ဆင်ခြင်နိုင်ပါစေဟု တောင်းဆိုပြုလိုက်ပါသည်။ ဘာပဲပြောပြော ရေးစရာအကြောင်းဖန်တီးပေးသော “မယ်ဘော်” များကိုလည်း ဤနေရာမှပင်ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ရပါသည်ခင်ဗျား။
    Z.Y

  • ခွင့်လွှတ်မယ်……. ပြီးတော့ မေ့ပစ်လိုက်ရအောင်

    ခွင့်လွှတ်မယ်……. ပြီးတော့ မေ့ပစ်လိုက်ရအောင်

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    နှင်းဆီခင် ရေးသည်။
    forgive then fogot
    နိစ္စဓူဝကြုံတွေ့နေရတဲ့ ဘဝအမောတွေကြားမှာ အလူးအလိမ့်ခံနေရတဲ့ မိန်းမသားတွေအဖို့ စိတ်တိုစရာ၊ အလိုမကျတာတွေကတော့ အပြည့်ပဲပေါ့နော်။ တစ်ခုရှိတာက ယောင်္ကျားတွေလို ရင်ထဲရှိသမျှ ဒေါသအစိုင်အခဲတွေ လွှင့်ထွက်သွားအောင် ပြီးတော့ အခိုးအငွေ့တွေဖြစ်ပြီး ပျောက်သွားအောင်တော့ ဝုန်းဒိုင်းကြဲလို့မရပြန်ဘူး။ စိတ်ခံစားမှုတွေရဲ့ တော်တော်များများကိုတော့ ဟိုဟာငဲ့ရ ဒီဟာငဲ့ရမို့ ရင်ထဲမျိုမျိုချချရတာကတော့များသလားမမေးနှင့်။ မိန်းမဆိုတာလည်း လူသားပဲလေ ဒေါသဆိုတာ ရှိတာပဲပေါ့။ ဒါပေမယ့် အခါခပ်သိမ်းဆိုသလို ထုတ်ဖော်ပြလို့ မရတာမို့ မိန်းမပီပီသိုသိုသိပ်သိပ်ကလေးပဲ ရင်ထဲသိမ်းထားလိုက်ရရော။

    ဒါပေမယ့် အဲဒီ ဒါပေမယ့်က အရေးကြီးပါတယ်။ ရင်ထဲမှာ သိုလှောင် ထားရပါများလာတဲ့အခါ ထွက်ပေါက်မရှိတာမို့ ထင်မှတ်မထားတဲ့ တစ်ချိန်ချိန်မှာ ပေါက်ကွဲ တတ်ရော။ ရှိသေးတယ်။ ဒေါသအထုအထည်များများကို ကြိတ်မှိတ်မျိုသိပ်ရလွန်းတော့ ဒေါသတွေက ဒီအတိုင်းငြိမ်မနေဘူး။ ရင်ထဲတင်းကျပ်ပြီး စိတ်ဖိစီးမှုတွေ တစ်သီကြီး ခံစားပေရော။ တချို့မိန်းမသားတွေဟာ ရင်နှင့်မဆံ့အောင် ခံစားလာရတဲ့အခါ စိတ်ရောဂါ အဖြစ် ပြင်းပြင်ထန်ထန်ခံစားလာရတဲ့အထိပါပဲ။

    ကမ္ဘာကျော်သုတေသနရှင်တွေက အကြုံပြုထားတာကတော့ ရင်ထဲမှာကြိတ်ခံစားရတဲ့ ခံစားမှုတွေကို လျော့ပါးသက်သာသွားချင်တယ်ဆိုရင်ပေါ့။ ခွင့်လွှတ်ပါ ပြီးတော့ မေ့ပစ်လိုက်ပါတဲ့။ ဒါ့အပြင် တခြားသောအကြုံပြုဆန်းစစ်ထားတဲ့အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

    “တစ်စုံတစ်ယောက်က ကိုယ့်အပေါ်ပြောမှားဆိုမှားရှိတာတွေ၊ ကျူးလွန်မိတာတွေအတွက် အလွယ်တကူခွင့်လွှတ်ပေးကြည့်လိုက်စမ်းပါ။ သူကဘာကြောင့် အဲဒီကိစ္စ အကြောင်းအရာကို ကျူးလွန်တယ်ဆိုတာကိုတော့ နားလည်အောင်ကြိုးစားမနေပါနဲ့တော့” တဲ့။ တကယ်တော့ သူများကကိုယ့်ကို ဘာကြောင့်အပြစ် ဖို့တယ်။ စော်ကားတယ်ဆိုတာ သိအောင် လုပ်တာဟာ ကိုယ့်အတွက်ပိုပြီး စိတ်ဆင်းရဲရတာကလွဲလို့ ထူးပြီးအကျိုးဆက်ဖြစ်မလာနိုင်ပါဘူး။ တကယ်လို့များ သူ့ဘက်ကခွင့်လွှတ်ဖို့တောင်းပန်လာတဲ့ အခါ ကိုယ့်အနေနှင့် သူဘာကြောင့်အခုလို လုပ်ရတာဆိုတာကိုမေးနေဖို့ မလိုပါဘူး။ ရင်ထဲရှင်းသွားအေင် သူ့ကို ခပ်လွယ်လွယ်ပဲ ခွင့်လွှတ်လိုက်တာပေါ့။

    တကယ်တော့ ခွင့်လွှတ်ခြင်းဆိုတာ လူနှစ်ယောက်ကြားမှာ ကတိကဝတ်ထားကြခြင်းသက်သက်ပါပဲ။ တစ်ဦးကပြောလာမယ် သူ့အနေနှင့် ဒီလိုအပြုအမူ အပြောအဆိုမျိုးနောက်ထပ် ဘယ်တော့မှ မကျူးလွန်တော့ပါဘူးလို့။ ကျန်တဲ့တစ်ဦးကလည်းပြီးတာတွေပြီးပါစေတော့။ အားလုံးကိုမေ့ထားလိုက်ပါပြီ ဆိုတာမျိုးပြောလေ့ရှိတယ်။ တစ်နည်းပြောရရင် နှစ်ယောက်ကြား သဘောတူညီမှုလေးတစ်ခုရသွားတာမျိုး။ ကိစ္စရပ်တော်တော်များများမှာ နာကျည်းစရာ၊ ဒေါသဖြစ်စရာ အကြောင်းအရင်းတွေ ရှိနေတတ်စမြဲပဲလေ။ အဲဒီကိစ္စတွေကို တစ်ဖက်က ကျူးလွန်သူနှင့် အပွင့်လင်းဆုံးဖွင့်ပြောဖြစ်ရင် ရင်ထဲက ခံစားမှုတွေပြေလျော့ သွားမှာသေချာတယ်။ သူကြောင့်ကိုယ့်မှာ စိတ်ခံစားမှုအပြင်းအထန်ခံစားနေရချိန်မှာ သူကတောင်းပန်လာမယ်ဆိုရင်ပေါ့။ ဒါဆိုရင် သူတောင်းပန်တာ တကယ်မှဟုတ်ပါ့မလား။ ဟန်ဆောင်နေတာ များလားဆိုတာ လုံးဝတွေးမနေဘဲ သူ့တောင်းပန်မှုကိုအကြွင်းမဲ့ယုံကြည် လက်ခံပေးဖို့လိုတယ်။ အဲဒီအခါရင်ထဲက သံသယဆူးတွေကို အပြီးနုတ်ပစ်လိုက်သလိုမို့ ရေရှည်မှာ အရင်တိုင်းပဲ ဆက်ပြီးခင်မင်ဆက်ဆံသွားလို့ရပါပြီ။ သံသယတွေ အာဃာတွေထားရ စိတ်ပင်ပန်းလှပါတယ်။

    မိန်းမသဘာဝ အိမ်မှုကိစ္စ၊ မိသားစုတာဝန် ကိုယ့်ရဲ့အလုပ်အကိုင် (အလုပ်လုပ်ရင်) နှင့် တခြားဝေယျာဝစ္စတွေကြားမှာ ခေါင်းမဖော်နိုင်ကြပါဘူး။ ဒီကြားထဲအခုလို အဆင်မပြေဖြစ်ရတာတွေကို ရင်ထဲမှာ အကြိတ်အခဲ အဖြစ်ထည့်ထားရတာ လွယ်တော့မလွယ်လှပါဘူး။ တစ်ခါတစ်ရံမှာပေါ့ ကိုယ့်အကြောင်း မကောင်းပြောတာတွေ ပြန်ကြားရတဲ့အခါ ရှက်စိတ်၊ ဒေါသစိတ်နှင့် မကျေမနပ်ဖြစ်ရတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေနှင့်ပတ်သက်ပြီး ကိုယ့်ဘက်က လိပ်ပြာလုံမှတော့ ဘာမှထွေထွေထူထူး ခံစားနေစရာမလိုပါဘူး။ ဥပေက္ခာပြုလိုက်ရုံသာရှိတာပေါ့။ ဒါမှလည်း ကိုယ့်ရဲ့လုပ်လက်စအရေးကြီးတဲ့တာဝတန်ဝတ္တရားတွေ မပျက်ကွက်နိုင်မှာပါ။

    ဆရာဇော်ဂျီကပြောဖူးတယ် (စာတစ်အုပ်မှဖတ်ရတာ) ကိုယ်နှင့်ပတ်သက်ပြီး ထိုးနှက်တာတို့ ဝေဖန်တာတို့ရှိလာရင် အသေအချာစဉ်းစားကြည့်။ သူတို့ပြောတဲ့အတိုင်းကိုယ်က ဟုတ်များဟုတ်နေသလား။ ဒါဆိုရင် ကိုယ့်ကိုကိုယ်ပြုပြင်လိုက်ပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဥပေက္ခာပြုလိုက်ပါတဲ့လေ။ ဒီတော့လည်း စိတ်ရှင်းရှင်းနှင့် နေလို့ရပါပြီ။

    “အားအားလပ်လပ်ရှိတဲ့အခါ သူများအကြောင်းကို အချိန်ကုန်ခံပြီးတွေးမနေဘဲ ကိုယ့်ဘာသာအလေးအနက်ဆင်ခြင်စဉ်းစားကြည့်ပါ” လို့ ပညာရှင်တွေက ဆိုပါတယ်။ အနည်းဆုံးတော့ တစ်နေ့တာအတွက်ပဲဖြစ်ဖြစ်ပေါ့။ ကိုယ့်ရဲ့အောင်မြင်မှုတွေ အားရကျပ်စရာ လုပ်ရပ်တွေကို လေးလေးနက်နက်တွေး မိရင် ပျော်ရွှင်ကြည်နူးလာပြီး နောက်ထပ်တိုးအောင်မြင်ဖို့ ခွန်အားသစ်တွေရလာမှာပါ။ နေ့သစ်တွေအားလုံးကို အင်အားအပြည့်နှင့် ကျော်ဖြတ်နိုင်မှာ အသေအချာပါပဲ။ အဲဒီအခါ သူများတကာ အပေါ်ထားခဲ့မိတဲ့ နာကျည်း မုန်းတီးစိတ်တွေလည်း ကြက်ပျောက်ဌက်ပျောက်ဖြစ်သွားပြီပေါ့။

    တစ်ခုရှိတာက ပတ်ဝန်းကျင်နှင့်ပြောဆို ဆက်ဆံတဲ့အခါကိုယ့်ရဲ့ကြိုးပမ်းအောင်မြင်မှုတွေကိုချည်း ရွှန်းရွှန်းဝေအောင်ပြောနေမယ်ဆိုရင် နားထောင်ကြသူတွေက စကားဝိုင်းကထပြီး ထွက်သွားချင် စိတ်ပေါ်လာပါလိမ့်မယ်။ နောင်အခါတွေမှာလည်း ကိုယ့်ကိုမြင်တာနဲ့ဝေးဝေးကရှောင်သွားကြမှာပါ။ဒါကြောင့် ကိုယ့်ရဲ့အောင်မြင်မှုတွေကို ကိုယ့်ဘာသာကျေနပ်အားရဖြစ်ပြီး အသိအမှတ်ပြုတာ အကောင်းဆုံးပါပဲ။

    မိန်းမသားတစ်ယောက် အဖို့ ကိုယ့်မိသားစု ကိုယ့်လုပ်ငန်းခွင်တွေကို အာရုံစူးစိုက်ရတာမှန်ပေမယ့် ကိုယ်နှင့် ဆက်စပ်နေတဲ့ လူ့အသိုင်းကိုလည်း မေ့ထားလို့မရပြန်ဘူး။ ရပ်ရေးရွာရေး လူမှုရေးတွေမှာ တစ်နိုင်တစ်ပိုင် ပါဝင် ကူညီတာဟာ ရင်ထဲက စိတ်ဖိစီးမှုတွေနှင့် အာဃာတတွေ၊ အငြိုးအတေးတွေကို ပြေပျောက်စေမဲ့ နည်းလမ်းတစ်ခုပဲပေါ့။ အဲဒီလိုလူသားကောင်းကျိုး ကိစ္စရပ်တွေမှာ အာရုံနှစ်ထားတဲ့အခါ (အားလပ်ချိန်လေးမှာ) စိတ်ကြည်လင် လန်းဆန်းလာတာကိုတော့ လက်တွေ့ကြုံဖူးရင် ပိုပြီး ခံစားနိုင်ပါတယ်။

    ကိုယ့်ရဲ့မိသားစုအသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးထဲကနေ လောကကြီးထဲ တိုးထွက်ပြီး အမြင် ကျယ်ကျယ်မြင်တတ်တွေးတတ်မယ် ဆိုရင်တော့ လောကကြီးတစ်ခုလုံးဟာ အမုန်းတရားတွေတေးမှတ် နာကျည်းတာတွေ ကင်းကင်းနှင့် သာယာလှပနေပါလားလို့ ခံစားမိလာမယ်ဆိုတာတော့ယုံ။

    နှင်းဆီခင်

  • ငြိမ်းချမ်းရေး အကြောင်းပြောတိုင်း မငြိမ်းချမ်းသေးဘူးဆိုတာ သက်သေပြရတယ်

    ငြိမ်းချမ်းရေး အကြောင်းပြောတိုင်း မငြိမ်းချမ်းသေးဘူးဆိုတာ သက်သေပြရတယ်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၄
    M-Media
    ညီသွေးရေးသည်။

    341272
    သရုပ်ဖော်ကာတွန်း- ဂျိစံ

    ငြိမ်းချမ်းရေးဆိုတဲ့ မီးခိုးဖြူဖြူတွေနောက်မှာ မငြိမ်းချမ်းသေးတဲ့ ဘဝလောင်စာတွေက တစ်ချက်ခြစ် တစ်ချက်တောက်ပဲ။ ငြိမ်းချမ်းရေးအကြောင်းပြောတိုင်း မငြိမ်းချမ်းသေးဘူးဆိုတာ သက်သေပြရလို့၊ ရင်တွေနာရလို့၊ မျက်ရည်စို့ရလို့ တော်လောက်ပြီ။ ငြိမ်းချမ်းရေး အကြောင်း ပြောနေကြတာတွေ ရပ်သင့်ပြီ။ သခင်ကိုယ်တော်မှိုင်းပြောခဲ့တယ်။ ဒဂုန်တာရာပြောခဲ့တယ်။ အရွယ်သုံးပါးက စီးဆင်းလာတဲ့ မျက်ရည်တွေပေါင်းစုတဲ့ မျက်ရည်မြစ်ဆုံမှာရပ်ပြောခဲ့ကြတယ်။ အဲဒီလိုပြောရင်းနဲ့ပဲ တစ်ချို့ပျံလွန်တော်မူ၊ တစ်ချို့အရိုးဆွေး၊ တစ်ချို့လည်းသူငယ်ချင်းတွေနဲ့ဝေးခဲ့ရပြီ။ ခုချိန်ထိတော့ အာဏာမူးသူတွေရဲ့ အဘိဓာန်မှာ ဒီစကားလုံးဟာ စုန်းပြူးဖြစ်ဆဲပဲ။

    အဲဒီပန်းစကားတွေအောက်မှာ လေအေးစက်တပ်အခန်းထဲမှာ ငြိမ်းချမ်းရေးတေးကို ဘယ်လိုဆိုဝံ့ကြသလဲ မသိဘူး။ အဲဒီမှာ အတ္တတံခါးတွေ မပိတ်ရသေးခင် ကျောင်း တံခါးတွေ ပိတ်သွားခဲ့ရပြီ။ အဲဒီမှာလက်တွေဆွဲ မနှုတ်ဆက်ရသေးဘူး။ သားတစ်ကွဲ မယားတစ်ကွဲ တွဲလက်တွေဖြုတ်ခဲ့ရပြီ။ အဲဒီမှာလက်မှတ်တွေမရေးထိုးနိုင်ခင်မှာ ဒီမှာကျည်ဆံတွေက အသက်တွေကို လက်မှတ်ဖြစ်ပီးနေပြီ။ ပြည်တွင်းစစ်၊ ဒုက္ခသည်စခန်း၊ ဘာသာရေးပဋိပက္ခ၊ ဆန္ဒပြထုတ်ဖော်ပွဲ၊ ဒါတွေအားလုံးကို ခုမြန်မာပြည်တွင် ပြုလုပ်ပါသည်။ မိတ်အင်မြန်မာ ဂုဏ်ယူစရာပါ။ အဆင်းရဲဆုံးတိုင်းပြည်၊ ခြစားမှုအများဆုံးတိုင်းပြည်၊ စားနပ်ရိက္ခာဖွံ့ဖြိုးလုံလောက်မှု အနိမ့်ဆုံးတိုင်းပြည်၊ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံးတိုင်းပြည်၊ ဒီလိုဘွဲ့ထူး ဂုဏ်ထူးနဲ့ ဘွဲ့လွန်တွေ တစ်သီတစ်တန်းကြီးရထားတဲ့ တိုင်းပြည်မှာ ကျွန်တော်တို့နေထိုင်ပါတယ်။

    ခိုတောင်ကျွန်းက မြန်မာနိုင်ငံသား နှစ်ယောက် အတွက် အချိန်တွေယိုစိမ့်ခံတယ်။ ငွေကြေးတွေယိုစိမ့်ခံတယ်။ လူတွေပင်ပန်းခံရတယ်။ လက်နက်ကြီး ကျည်ကျလို့ မိုင်းနင်းမိလို့ ၂၀၁၄ အောက်တိုဘာ တစ်လတည်းအတွင်းမှာတင် အရပ်သားတွေ ၁၀ ဦးကျော်သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ကြားရတဲ့ သတင်းတွေရဲ့နောက်မှာတော့ တာဝန်ခံမည့်သူ မည်သူ၊ တာဝန်ယူမဲ့သူမည်သူ ဘယ်ဝါ မရှိကြပါဘူး။ ခိုတောင်ကျွန်းမှာက တိုင်းတစ်ပါးသားနဲ့ဖြစ်တာ ဒီမှာကကိုယ်ပြည်ထောင်စုသားရင်း အချင်းချင်းတွေရဲ့ အသက်ဝိညာဉ်တွေကြွေလွင့်သွားရတာ၊ အာဏာစက် ယန္တရားရဲ့ခွေးသွားစိတ်ကလေးတွေပမာ၊ ဇီဝတွေပွန်းပဲ့ခံခဲ့ရတာ ဘယ်သူက တားမြစ်မှာလည်း၊ ဘယ်သူတွေကရှက်ရမှာလည်း၊ နိုင်ငံတစ်ကာ လူမြင်ကွင်းတွေရဲ့ရှေ့မှာ လူနှစ်ယောက်အတွက် လုံးပမ်းကြိုးစားနေကြပေမယ့် မမြင်ရတဲ့ ကန့်လန့်ကာနောက်ကွယ်မှာ အပြစ်မဲ့ပြည်သူတွေရာနဲ့ထောင်နဲ့မြေစာပင်ဖြစ်နေတာ မတွေ့မမြင်မကြားဆွံအနဲ့ မိုက်ဇာတ်တွေ ခင်းနေကြတာ အံ့ဖွယ်သုတဖြစ်ရပါတယ်။

    ဒီနိုင်ငံမှာကလွဲလွဲလေးပဲကောင်းပါတယ်ဆိုတဲ့ စကားနဲ့ နေသားကျနေတာကြာလှပါပြီ။ ဘယ်နေရာမှ သာယာအောင် မလုပ်နိုင်တဲ့ဌာနက စည်ပင်သာယာဆိုတဲ့ ဘွဲ့နာမည်ကို အလိုလိုရတယ်။ ဘယ်တုန်းကမှ မဝယ်ခဲ့ဘဲနဲ့ စည်ပင်ပိုင်၊ တပ်ပိုင်တွေဖြစ်ကုန်တယ်။  တိုးတက်များပြား လာတဲ့ လူ့အဖွဲ့အစည်းမှာ ပြသာနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းရ လွယ်ကူအောင်ပြည်သူ အများထဲကမှ သမာဓိရှိတဲ့ လူတစ်စုံကိုရွေးချယ် ခန့်အပ်ပြီး အားလုံးရဲ့ကိုယ်စား တာဝန်ယူရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ အဖွဲ့အစည်းရဲ့အဓိကတာဝန်ပါ။ အားလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းမဖြစ်ရပါဘူး။ အခုတော့ အားလုံးရဲ့ပြသာနာတွေကို ဖြေရှင်းပေးရမည့်အစား ဒီစည်ပင်တွေစစ်တပ်တွေနဲ့ ဆိုင်တဲ့ ပြသာနာတွေကိုချည်းပဲ ပြည်သူက လိုက်ဖြေရှင်းပေးနေရပါတယ်။

    ငြိမ်းချမ်းရေးလည်း ထိုနည်း၎င်း၊ စားပွဲဝိုင်းထိုင်ဖြေရှင်းနေကြ၊ လိုချင်ပါတယ်လို့ သမ္မတကြီးကပြော၊ လွှတ်တော်ဥက္ကကြီးကပြော၊ ကာချုပ်ကြီးကလည်းပြော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်းပြောနဲ့ အားလုံး ကပြောနေကြပါလျှက် ဘာကြောင့်သဘောတူ လက်မှတ် မရေးထိုးနိုင်ကြသေး တာပါပဲ။ ငြိမ်းချမ်းရေးရသွားနဲ့ တစ်နေ့ တစ်ချို့ဇာတ်လိုက်ကြီးတွေက ဇာတ်ရံတွေ၊ ဖြတ်လျောက်တွေဖြစ်သွားမယ်။ လက်နက်ကုန်သည်ကြီးတွေ မျက်ဖြူစိုက်ပြီး စီးဆင်းနေတဲ့ငွေမည်းချောင်းတွေ ရပ်တန့်သွားမယ်။ တစ်ချို့ကလည်း စစ်သံဘင်သံကြားမှ စိတ်ငြိမ်၍ စားဝင် အိပ်ပျော်ကြသည် မဟုတ်လား။ ငြိမ်းချမ်းရေးရသွားတဲ့ တစ်နေ့ ရှေ့တန်းရောက် တပ်မတော်သားကြီးဆိုတဲ့ ဝါကျဟာ မှိုတက်သွားမယ်။ ကာချုပ်ကြီးတို့ ဘာမှူးကြီးတို့ ညာမှူးကြီးတို့ ဆိုတာပြတိုက်ထဲက စကားလုံးတွေဖြစ်သွားမယ်။ လူတစ်စုအတွက်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ သူတို့မျက်စေ့ထဲဝင်နေတဲ့ ချည်မျှင်စပဲ။ သူတို့ဇလုပ်ထဲနင်နေတဲ့ ထမင်းစေ့ပဲ။

    အင်္ဂလိပ်ဗြိတိသျှက လွတ်လပ်ရေး မရခင် တောင်တန်းနဲ့ပြည်မဆိုတဲ့ စကားနှစ်လုံးထဲနဲ့ မြန်မာပြည်ကြီးကို သပ်လျှိုခဲ့လိုက်တာ နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပြီ။ ခုချိန်ထိ ဒီတုတ်ထိုးမှုကို အဆုံးမသတ်နိုင်သေးဘူး။ ကြာကြာ ဝါးမယ့်သွားတွေ အရိုးကြည့်ရှောင်ခဲ့ကြတဲ့ အနှစ် (၆၀)၊ လမ်းပြကြယ်ကြီးတွေ အလံပြမှားခဲ့ကြတာပေါ့။ မြန်မာ ရာဇဝင်ဆိုတာ ပဒေသရာဇ်ခေတ်ကတည်းက သတ်ပွဲဖြတ်ပွဲတွေနဲ့ ထောင်းလမောင်းကြေခဲ့ရတာ အခုထိလည်း နောက်လာနောင်သားတွေက ရာဇဝင်ကို တုတ်တစ်ပွဲ ဓါးတစ်ပွဲနဲ့ စာတင်နေကြတုန်းပဲ။ ကြီးနိုင်ငယ်ညှင်း ကမ္ဘာဦးဆန်နေတုန်းပဲ။ ခုချိန်ထိ ကိုယ်စီးနေတဲ့မြင်းဟာ ထိမည့်မြင်းလား မမယ့်မြင်းလားမသိ (ထိမှန်းမသိ၊ မမှန်းမသိ) ဖြစ်နေတုန်းပဲ။ နောင်မှာ မြန်မာ့သမိုင်းဆိုသည်မှာ စစ်ပွဲများ၊ ပဋိပက္ခများ၊ အရေးအခင်းများကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်လို့ အနာဂတ်ရဲ့ကလေးသူငယ်တွေ အမှတ်မှားရှာပေတော့မည်။

    ငြိမ်းချမ်းရေးဆိုတဲ့ မြေသြဇာထည့်မှသာ ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်တွေကို ပြည်သူက ခူးဆွတ်ခွင့်ရမှာပါ။ ဒီမိုကရေစီဆိုတာ ဘာကြောင့်တောင် ဒီပြည်သူတွေက လိုလားနေရတာပါပဲ။ ဒီမိုကရေစီဆိုတာ ဘာကောင်းလို့လဲဆိုတဲ့ မေးခွန်းတွေကိုအဖြေပေးတဲ့ သတင်းတစ်ပုဒ်ကိုတင်ပြပါမယ်။ အမေရိကန်နိုင်ငံ ဒုသမ္မတရဲ့သားကို သူတို့အမေရိကန်ရေတပ် အရန် တပ်ဖွဲ့ကဆေးကျ၍ အထုတ်ပယ်ခံလိုက်ရသည်ဆိုတဲ့သတင်းပါ။ ဒါဟာ ဒီမိုကရေစီပါ။ ဒီမိုကရေစီရှိခြင်းရဲ့ရလာဒ်ပါ။ သူ့ဟာသူ့ VIP မကလို့ သမ္မတ၏ သားဖြစ်နေပါစေ။ အရည်အချင်း မရှိလျှင် ထိုသူ့အတွက် သူတို့နိုင်ငံမှာ နေရာမရှိ။ အခွင့်အထူးခံလုပ်၍မရ။ ခြေမကောင်းလျှင်ခြေမ၊ ထိုက်တန်သူသာနေရာရမည်။ ဒီမှာတော့ ညွှန်မှူးတို့ ညွှန်ချုပ်သားတို့ အဆင့်ဖြင့်ပင် မော်တော်ပီကယ် မဖမ်းရဲတော့၊ မီးနီဖြတ်မောင်း အဆင့်တို့ရှိနေပြီလို့ ကိုယ့်ကိုကိုယ်အထင်ရောက်နေကြပြီ။ အလွဲကလေး အလွဲကြီး အလွဲဧရာမ များနဲ့အသင်းခေါင်းဆောင် သမ္မတကြီးတို့အဖွဲ့တန်းဆင်ရန်မှ မထွက်နိုင်သေး။

    ကိုယ်တို့ သမ္မတကြီးကြောက်ပုံများပြောပါတယ်။ ကိုယ့်အခြေအနေ၊ ကိုယ့်အဆင့်အတန်းကို စာမေးပွဲကြေး မပေးရဘဲ အကဲဖြတ်ပေးနေသည့် ကုလသမဂ္ဂ၏ နှစ်စဉ်အဆို တင်သွင်းနေမှုကို ရပ်ဆိုင်းပေးပါလို့ ထုတ်ဖော်ပြောရသည်အထိ။ ကိုယ့်စာမေးပွဲ အောင်စာရင်းကိုပြန် မကြည့်ရဲသည်ကျောင်းသားဖြစ်နေ ပါသည်။ ကိုယ့်နိုင်ငံ ထဲပြန်ကြည့်တော့လည်း လူမြင်ကောင်းအောင် ထုံးဖြူဖြူသုတ်သည့် အဆင့်ကမတတ်သေး။ တစ်ခါကကိုဌက်ရဲ့ “ခေါင်းလောင်ကြီးလဲအိပ်ပျော်နေဆဲ စာသင်မယ့်ဆရာကိုမျှော်နေဆဲ၊… စာသင်ခုံတွေလည်း ဖရိုဖရဲပိုစားခြကိုက်နဲ့” ဆိုတဲ့စာသားတွေဟာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့သည့် တိုင်ခေတ်မှီနေဆဲ။ ကျေးလက်ရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက ဂရမ်မျဉ်းတွေရဲ့ မြေညီထပ်မှာပဲရှိနေသေးရဲ့။

    ဘယ်တုန်းကမှ တာဝန်မခံသည့် လူတွေက တာဝန်ခံတွေဖြစ်နေတော့လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ မျက်မမြင် ပုဏ္ဏားများလို ကိုယ်စမ်းမိတဲ့အရာ ဘာမှန်းမသိရမ်းသမ်း ဖွင့်ဆိုခဲ့ကြလို့ အသက်တွေ မအိုခဲ့ကြသေးဘူး။ ဘဝတွေ အိုခဲ့ရတဲ့ပြည်သူတွေများလှပါပြီ။ အထက်လူကြီးတွေရဲ့မျက်နှာမှာ အပြုံးပန်းကိုယ်စီ တပ်ဆင်ထားပေမယ့် အောက်ခြေ အဆင့်မှာတော့ တိုက်ပွဲတွေ၊ အသေအပျောက်တွေ၊ မုဆိုးမ လက်သစ်တွေ မိဘမဲ့သားရေးနည်းငါး လက်သစ်တွေစာရင်းတိုးနေဆဲပါ။

    တစ်ကယ်အပစ်အခတ် ရပ်စေလိုလျှင် နောက်ထပ် အသေအပျောက်တွေ ထပ် မတိုးလိုလျှင် ရိုးရှင်းလွယ်ကူသော အချက်တစ်ချက်မှ စတင်ရပါမည်။ ထိုအချက်မှာ တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်ပြီး တပ်ရင်းတွေနေရပ်ပြန်ပါမည်ဟု ဂုဏ်သိက္ခာရှိကြီးမြတ်သည့် ကြေငြာချက် ထုတ်ရန်သာဖြစ်ပါသည်။ သို့ဆိုလျှင် တပ်မတော်လည်း အမှတ်တစ်မှတ်ရ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လည်း အားကောင်းမောင်းသန် ခရီးလမ်းချောမွေ့နိုင်စရာရှိပါသည်။ တိုက်စရာလူ မရှိမှတော့ ဘယ်သူ့ကိုသွားတိုက်မှာလည်း။ တိုက်ပွဲတွေရပ်ဖို့ရန်မှာ ဒီတစ်လမ်းသာရှိပါသည်။ ခုလွှတ်တော်အတွင်းက အမတ်တွေကစု၍ ခိုတောင်ကျွန်း လူနှစ်ဦးအတွက် ငွေသိန်း ၃၀၀ လှူဒါန်းပါသည်။ အလွန်ကောင်းမွန်ပါသည်။ ထိုထက်ပိုကောင်းမယ့် လှူဒါန်းမှု တစ်ခုထပ်လုပ်နိုင်ရန်တင်ပြပါမည်။ ဒါကတော့ မြန်မာပြည်သူပြည်သားများအတွက် အပစ်အခတ်ချက်ချင်းရပ်ဖို့ လွှတ်တော်အမတ်တွေ အားလုံးတစ်ညီတစ်ညွတ်တည်း စုပေါင်းတောင်းဆိုသွားမည်ဆိုလျှင်ဖြင့် ဒီလိုတောင်းဆိုမှုကသာ အကောင်းဆုံး နတ်လူသာဓုခေါ်မည့် လှူဒါန်းမှုစစ်စစ်ဖြစ်လာမှာပါ။ ဖြစ်တည်ခွင့်ရနေတဲ့ခဏတာအချိန် ကာလလေး တစ်ခုအတွင်းမှာ သုဝဏ္ဏသာမ အလောင်းလျာရဲ့မိဘတွေလို သားရွှေအိုးထမ်းလာတဲ့ ဆုတောင်းမျိုး တောင်းတတ်ဖို့ လိုပါတယ်။
    ညီသွေး

  • ယူကရိန်းမြေမှ အမေ့ခံများ (သို့)အာဏာတိုက်ပွဲကြားမှ အပြစ်မဲ့များ

    ယူကရိန်းမြေမှ အမေ့ခံများ (သို့)အာဏာတိုက်ပွဲကြားမှ အပြစ်မဲ့များ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    141014151708-01-ukraine-1014-horizontal-gallery
    – ယူရီ ပို့ဇ်နီချန်ကိုတစ်ယောက် ရုရှားနှင့်နီးကပ်သည့် ယူကရိန်းနယ်စပ်ရှိ စတီပါနော့ဗ်ကာ ရွာလေးတွင်နေထိုင်နေသည်မှာ သူ၏ တစ်သက်ရှိပြီဖြစ်သည်။

    ထိုဒေသနှင့် ထိုဒေသအနီးရှိ မဟာဗျူဟာကျသည့် ဆောရ်မူဂီလာ တောင်ကုန်းအား နာဇီတို့လက်မှ ဆိုဗီယက်တပ်နီတော်က ပြန်လည်သိမ်းပိုက်ပြီးနောက်ပိုင်း မွေးဖွားခဲ့သည့် ပို့ဇ်နီချန်ကိုမှာ အသက် ၆၇ နှစ်ပင် ရှိခဲ့လေပြီ။ ပို့ဇ်နီချန်ကိုမှာ ဥပေက္ခာပြုတတ်သူ၊ လောကဓံကို ကြံကြံခံနိုင်သူတစ်ယောက်ဖြစ်၏။ သို့သော်လည်း ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက ၎င်းအား မျက်ရည်ကျစေခဲ့လေသည်။

    ပရီဒေ၀မီးများ

    သူနေထိုင်ရာဒေသတွင် ယူကရိန်းတပ်များနှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအကြား တိုက်ပွဲများဖြစ်ပွားချိန် ဇူလိုင် ၂၈ ရက်နေ့တွင် ယူကရိန်းအမျိုးသားအစောင့်တပ်မှ စနိုက်ပါသမားတစ်ဦးက အိမ်ရှိကားကို ဘေးကင်းရာသို့ရွှေ့ရန် ကြိုးစားသည့် ပို့ဇ်နီချန်ကို၏ အသက် ၃၆ နှစ်အရွယ် သားဖြစ်သူအား ပစ်သတ်ခဲ့သည်။

    `ကျွန်တော့်သားကို ခွဲထွက်ရေးသမားလို့ထင်လို့ ပစ်သတ်လိုက်တယ်လို့ သူတို့ကပြောပါတယ်။ နောက်ပိုင်းတော့ သူတို့တောင်းပန်တယ်။ ပြီးတော့ သားကို မြေမြှုပ်ဖို့အတွက် စစ်သားတစ်ယောက်က ကူညီပေးပါတယ်´ ဟု မျက်ဝန်းမှ မျက်ရည်များကို သုတ်၍ ပို့ဇ်နီချန်ကိုက ပြောပြခဲ့သည်။

    ဇွန်လ မိမိတို့ နောက်ဆုံးရောက်ခဲ့စဉ်က စတီပါနော့ဗ်ကာရွာလေးမှာ ရှုမျှော်မဆုံးသော စိုက်ခင်းများဖြင့် သပ်ရပ်လှပသည့် မြို့ကလေးတစ်မြို့ ဖြစ်ခဲ့သည်။ ထိုမြို့မှပြည်သူများမှာ ဆင်းရဲကြသည်။ သို့သော်လည်း အလုပ်လုပ်ကြပြီး စားသောက်ဖို့အတွက် ပူစရာမလို။ အရှေ့ဘက်အရပ်ဆီမှ ခါးသီးသောလေများ တိုက်ခတ်ပြီးနောက် ယခုအချိန်တွင်တော့ ထိုရွာလေးမှာ အတော်ပင် ပျက်ဆီးနေသည်။ ပျက်ယွင်းနေသော ယူကရိန်းတင့်ကား တစ်စီးက လမ်းကိုခွလျက် ပိတ်ဆို့ထား၏။ လျှပ်စစ်ဓာတ်ကြိုးများက တွဲလောင်းကျလျက်။ပို့ဇ်နီချန်ကို၏ နေအိမ်အပါအ၀င် အိပ်ပေါင် ၂၀ ခန့်မှာလည်း ပျက်ဆီးနေလေသည်။

    141005155951-01-ukraine-1005-horizontal-gallery

    ပို့ဇ်နီချန်ကိုနှင့် ဇနီးဖြစ်သူ ၂ ဦးသာလျှင် ၎င်းတို့မိသားစုထဲမှ စတီပါနော့ဗ်ကာရွာတွင် ကျန်ခဲ့သူများဖြစ်သည်။ သူတို့တွင် သွားစရာမြေမရှိ။ လျှပ်စစ်မီးမရှိ၊ ရိက္ခာမှာလည်း အနည်းငယ်သာရှိလေ၏။ ၎င်းတို့နေထိုင်ရာ အဆိုပါ ရွာလေးအား ယခုလက်ရှိတွင် အပြည့်အ၀ ထိန်းချုပ်ထားသည့် (ခွဲထွက်ရေးသမားများက ၎င်းတို့ကိုယ်တိုင် ကြေညာထားသော) ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံ အာဏာပိုင်များက လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသော်လည်း လိုအပ်သည်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမရှိဟု ပို့ဇ်နီချန်ကိုက ဆိုလေသည်။ သီတင်းပတ်အနည်ငယ်အတွင်းမှာပင် ထိုဒေသရှိ အပူချိန်မှာ ရေခဲမှတ်သာသာ၌သာ ရှိတော့မည်။

    အာဏာတိုက်ပွဲမှ ရလဒ်များ

    ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ အပျက်အဆီးများက စတီပါနောဗ့်ကာရွာအပါအ၀င် ယူကရိန်းအရှေ့ပိုင်းရှိ ရွာများ၌ ပြန့်ကျဲရှုပ်ပွနေသည်။ သုံးပြီးသားကျည်ခွံများက ဆောင်းနေရောင်အောက်တွင် တစ်လက်လက်တောက်နေသည်။ အဆီးအတားများလုပ်ရာတွင် အသုံးပြုသည့် သဲအိတ်များက ဗုံးဒဏ်ကြောင့်ဖြစ်သာ ချိုင့်ခွက်များအတွင်းသို့ ပေါက်ကျနေ၏။ တင့်ကားများပျက်များနှင့် အခြားသော စစ်ဘက်ဆိုင်ရာ ယာဉ်များမှာ တစ်ဖြည်းဖြည်းခြင်း သံချေးတက်နေလေ၏။

    141001093136-01-ukraine-1001-horizontal-gallery

    မည်သည့်နေရာကိုပင်ကြည့်ကြည့် အိမ်များမှာ မီးလောင်ထားသည့် အုတ်ပုံများဖြစ်နေသည်။ မီးလင်းဖိုများကတော့ အဆီအငေါ်မတည့်စွာပင် လဟာပြင်ထဲ၌ ထီးထီးချည်း ရှိနေလေ၏။ မှန်များကွဲနေသာ ပြတင်းပေါက်များက တကျွီကျွီမြည်လျက် ရှိနေ၏။ ခွေးများက ကိုယ့်အားကိုယ်ကိုးကာ အမှိုက်ပုံသို့ သွားရောက် အစာရှာနေရသည်။

    စက်တင်ဘာလအစောပိုင်းတွင် ရရှိခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်က ယူကရိကန်းအရှေ့ပိုင်း တိုက်ခိုက်မှုအရှိန်ကို လျော့ကျစေခဲ့သည်။ တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများ လုံးဝရပ်သွားသည်။ ခွဲထွက်ရေးသမားများ၏ ပစ်မှတ်ဖြစ်သော ဒွန်တက်စ်လေဆိပ်၏ မတိုးသာမဆုတ်သာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အမြားကို သုံးခဲ့ကြသည်။ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခြင်းခံခဲ့ရသော လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကြီးက ရှိပင်မရှိတော့။

    141001093238-02-ukraine-1001-horizontal-gallery

    လေဆိပ်အရှေ့ကိုမျှော်ကြည့်ပါက ဒီဘဲလ်စီဗီရှိ လမ်းဆုံနှင့် ရထားလမ်းရှိရာနေရာတစ်ဝိုက်တွင် မြို့တော်မှ ယူကရိန်း စေတနာ့ဝန်ထမ်းတပ်သား ၃၀ ခန့်က နှင်းမှုန်များအတွင်းသို့ စူးစိုက်ကြည့်နေလေ၏။ သုံးဘက်သုံးတန်က ၀န်းရံခြင်းခံထားရသည့် ယူကရိန်းပိုင် ကုန်းကြောလေးတစ်ခုကို ၎င်းတို့က သိမ်းပိုက်ထားသည်။

    ၎င်းတို့ထဲကအချို့မှာ ထိုနေရာကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း တိုက်ခိုက်ခြင်းခံရသည်ဟု ၎င်းတို့ကဆိုသည်။ သို့သော်လည်း ယခုအချိန်အထိ ထိုနေရာကို ၎င်းတို့ ထိန်းထားနိုင်ပြီး သေလုမတတ်အေးခဲမှုကို အန်တုရန်အတွက် မြေအောက်လှိုင်ခေါင်းများပင် တူးထားနိုင်လေပြီ။ သိုသော်လည်း ပြင်းထန်သည့် ထိုးစစ်များကို ကြံ့ကြံ့ခံရန် ၎င်းတို့တွင် လက်နက်များ၊ အထောက်အပံ့များ မရှိတော့။

    ငြိမ်းချမ်းရေး မျှော်လင့်ချက်မဲ့

    အနီးအနားရှိ မြို့လေးတွင်တော့ `လူငယ်တွေကတော့ အကုန်သွားပြီး။ ကျွန်တော်တို့ချည်းပဲ ရှိတော့တယ်´`နှစ်ဘက်စလုံးက နေတိုင်းလိုလိုဗုံးကြဲနေကြတယ်´ `တစ်ယောက်ရောက်လာတာနဲ့ အိမ်တွေမီးလောင်တော့တာပဲ´ `ဘယ်သူပဲနိုင်နိုင် ဂရုမစိုက်ဘူး။ ငြိမ်းမှုကိုပဲလိုချင်တာ´ စသဖြင့် ငြီးတွားသံများကို ကြားရလေသည်။

    အသက် ၇၃ နှစ်အရွယ် အဖွားအို ဂါလီနာမှာ သူမ၏ရွာတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် သူမသယ်နိုင်သည့်အရာကိုယူ၍ ဒီဘဲလ်စီဗီသို့ ရောက်ရှိလာသည်။ ပါးလွှာနေပြီဖြစ်သည့်သူမ၏ ဘွတ်ဖိနပ်ကို ငုံကြည့်၍ သူမက အမြှောက်ဖြင့် ပစ်ခတ်မှုများကို အလွန်ကြောက်ရွံမိပြီး နှလုံးသားများပင် အပြင်သို့ထွက်လုမတတ် ခံစားရသည်ဟု ဆိုလေ၏။ သူမမှာ အိပ်ရန်၊ စားရန်တွက်ပင် ကြောက်ရွံ့နေရှာသည်။

    140923094937-02-ukraine-0923-horizontal-gallery

    အပစ်အခတ်ရပ်စဲရေးမှာ စိတ်ပျက်စရာဖြစ်လာပြီး၊ နှစ်ဖက်ရန်လိုသော စကားများကြောင့် ငြိမ်းချမ်ရေးအလားလားလည်း မမြင်ရ။ ကြောက်စရာကောင်းသော ပြိုကွဲမှုအတွင်း ယူကရိန်းမှာ ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။ ၀န်ကြီးချုပ် အာဆန်ညီ ယတ်ဆန်ယွတ်က ခွဲထွက်ရေးသမားများနှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှု မပြုလုပ်ဟုဆိုသည်။ သမ္မတ ပိုရိုရှန်ကိုကလည်း ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားသည့် ဒေသအားလုံးရှိ အစိုးရ၀န်ဆောင်မှုများကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ ထို့သိုရပ်ဆိုင်းရာတွင် လူမှုဖူလုံးရေးအတွက် ထောက်ပံ့ကြေးပေးခြင်းနှင့် ကျောင်းဆရာများနှင့် ဆရာဝန်များအတွက် လခပေးခြင်းတို့လည်း ပါဝင်၏။ ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံတော်နှင့် ပေါင်းထားသော လူဟန့်စ်ဒေသ၏ ၀န်ကြီးချုပ်အဖြစ် မိမိကိုယ်ကို ကြေညာထားသူ အီဂေါ ပလော့နစ်စကီကလည်း ပိုရိုရှန်ကိုအစိုးရအား စိန်ခေါ်ခဲ့လေသည်။

    ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်ဟန်ရေးပြနေချိန်တွင် ဒွန်တက်စ်မြို့၏ အချို့တဲ့ဆုံးသူများက စေတနာ့ဝန်ထမ်းအဖွဲ့များ၏ အစေားသောက်ဝေငှမှုအား ရယူရန်အတွက် မြို့တွင်းရှိ ယခင်က လမ်းဆုံဟောင်းများတွင် တန်းစီနေရလေသည်။ သို့ရာတွင် ထိုသို့ဝေငှမှုမှာ နှစ်ပတ်လျှင် တစ်ကြိမ်သာဖြစ်၏။

    ထိုဝေငှမှုအား ရယူရန်အတွက် လာရောက်တန်းစီကြသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး သောကရောက်နေသော မျက်လုံများ၊ ချောင်ကျနေသောမျက်နှာများဖြင့် ခိုကိုးရာမဲ့ မိခင်အချို့လည်း ပါလေသည်။ ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံအပြင်ဘက်မှ လာရောက်ပို့ဆောင်သည့် အဆိုပါ ရိက္ခာများမှာ ဒွန်ဘက်စ်မြို့တွင် တစ်ချိန်က သြဇာအာဏာကြီးခဲ့သည့် စတီးလ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းရှင် ရင်နက် အက်ခ်မီတော့ဗ်က ကူညီထောက်ပံ့ခြင်းဖြစ်၏။ ထိုဒေသ ခွဲထွက်ရေးသမားများ လက်ထဲသို့ ကျရောက်သွားပြီးနောက် ကိဗ်မြို့သို့ ရွှေ့ပြောင်းနေထိုင်နေသည့်သူက ယူကရိန်း ညီညွှတ်ရေးကို အားပေးထောက်ခံသူ ဖြစ်၏။

    ခိုကိုးရာမဲ့

    ဒွန်တက်စ်မြို့မှ ထွက်ခွာရန်အတွက် တန်းစီနေသောလူများက ဘတ်စ်ကားဂိတ်တွင် အပြည့်။ အများစုက အစိုးရက ထိန်းချုပ်ထားသော ဒေသသို့သွားရောက်ကာ စာရင်းပေးနေကြပြီး သို့မှသာ ၎င်းတို့၏ ပင်စင်ငွေများကို ရရှိမည်ဖြစ်သည်။ သို့သော်လည်း သီးတင်းပတ်အနည်းငယ်တိုင်းတွင် အန္တရာယ်ရှိသော ထိုဒေသို့ ပြန်လာရမြဲပင်ဖြစ်၏။ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ နေထိုင်ရန် ၎င်းတို့မှာ မတတ်နိုင်ကြ။

    မြို့အတွင်း ဘဏ်များလည်း မဖွင့်တော့သလို ငွေထုတ်စက်များကလည်း အလုပ်မလုပ်တော့။ ကယီဗ်စကီကဲ့သို့ ခရိုင်များမှာ အမြှောက်များဖြင့် ထရစပ်ပစ်ခတ်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့သည့် ခြေချင်းညာမြို့ ဂရို့ဇ်နီ၏ ပျက်ဆီးပုံမျိုးနှင့် သွားတူနေသည်။ လူအများစု ၀င်ရောက်ခိုလှုံကြသည့် ဗုံးရှောင်နေရာများတွင် အရေပြားရောဂါများ ဖြစ်ပွားနေကြပြီး ကလေးများအကြားတွင် အဖြစ်များနေကြောင်း သိရှိရသည်။

    ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ကိုယ်ပိုင် လခပေးမည့်စနစ်ကို ကျင့်သုံးမည်ဟု ကတိပြုထားသော်လည်း အမေရိကန်ပြည်ထောင်စုမှ ကွန်နက်တီကတ်ပြည်နယ် အရွယ်နီးပါးရှိသည့် အဆိုပါဒေသတွင် ထိုသို့ဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေး ကျွမ်းကျင်မှုကတော့ ဆိုးရွားစွာ ပြတ်လပ်နေလေ၏။ သို့ရာတွင် အဆိုပါဒေသ၌ ကိုယ်ပိုင် အမှတ်အသားဖြင့် လက်ဆောင်ပစ္စည်းရှိသည်။ ကိဗ်မြို့နှင့် မတူသည့် စံတော်ချိန်လည်း ရှိလေသည်။

    ဒွန်ဘက်စ်ဒေသမှ ပြည်သူများအကြားတွင် ကိဗ်အစိုးရအပေါ် မလိုမုန်းထားမှုများ ရှိနေသည်။ အမျိုးသားအစောင့်တပ်ကတော့ မုန်းတီးမှုအခံရဆုံး ဖြစ်သည်။ အဆိုပါတပ်မှာ ရမ်းသမ်း၍ အမြှောက်ဖြင့် ပတ်ခတ်သည်ဟု ပြည်သူများက စွပ်စွဲကြ၏။ လုပ်ခလစာနှင့် လာဘ်လာဘများ ပိတ်ပင်သွားမှုက စစ်သားအများစုကို မျှော်လင့်ချက်မဲ့သွားစေသည်။ တစ်ချိန်တည်းမှာပင် ဒွန်တက်စ် ပြည်သူ့သမ္မတနိုင်ငံမှ ၎င်းတို့အား မကူညီနိုင်ခြင်းကို ပြည်သူများက မကျေနပ်။ ထိုအစိုးရ၏ အခြေခံအဖွဲ့အစည်းများ မရှိခြင်းကိုလည်း ညည်းတွားကြလေသည်။ ဇူလိုင်လက မလေးရှားလေယာဉ် ပစ်ချခံလိုက်ရသည့် နေရာနှင့်နီးသည့် တိုရစ်ဇ်ကဲ့သို့ မြို့များတွင် အသေးစား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ယူကရိန်း၏ နှစ်ခြမ်းကွဲမှုက ပိုအရုပ်ဆိုးလာပြီး ဒွန်ဘက်စ်မှ သာမန်ပြည်သူများကတော့ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့် အသက်ရှင်ရပ်တည်ရေးအတွက်သာ အာရုံစိုက်နေကြရသည်။ ပြီးခဲ့သည့် ၉ လအတွင်း ၎င်းတို့၏ဘ၀များကို အစိတ်စိတ်အမွှာမွှာဖြစ်စေခဲ့သာ တိုက်ခိုက်မှုများမှ လွတ်မြောက်သည့် နည်းလမ်းလည်း ၎င်းတို့တွင် မရှိကြ။

    ၎င်းတို့ထဲမှ ခါးကုန်းနေသည့် အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးက ဒွန်တက်စ်မြို့ရှိ နောက်ဆုံး ဖွင့်ခဲ့သော ယူကရိန်း ဘဏ်တစ်ခု၏ အရှေ့တွင် ရပ်နေပြီး အခြားသူများက အဆိုပါဘဏ်၏ တံခါးကို ထုရိုက်နေလေ၏။ နေမ၀င်ခင် ထိုဘဏ်မှာ ကွဲကြေပျက်စီးပေတော့မည်။

    `အဘွားမှာ ပိုက်ဆံမရှိဘူးလေ။ စားစရာမရှိလို့ သေကောင်းသေသွားနိုင်တာပေါ့´

    အဘွားအို၏ မျှော်လင့်ချက်မဲ့သော စကားပင်ဖြစ်လေ၏။

    CNN မှ သတင်း ဆောင်ပါးကို လေးမောင်(M-Media) ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

  • ဝေဝါးနေသော အနာဂတ်များ

    ဝေဝါးနေသော အနာဂတ်များ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    ထက်မြတ် ရေးသည်။

    2195345705_24a7c5118d

    လူငယ်များသည် အနာဂတ်ကိုပိုင်ဆိုးကြသူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အနာဂတ်ကို လူငယ်တို့ကသာ ပိုင်ဆိုင်သည်။ လူကြီးတို့ကမပိုင်ပါ။ အနာဂတ်ကို စဉ်းစားမည်ဆိုလျှင် လူငယ်တို့ကို ချန်လှပ်ထား၍မရပါ။ လူငယ်တွေမပါဝင်ပဲ အနာဂတ်ကိုတည်ဆောက်၍မရပါ။

    လူငယ်တွေရဲ့အနာဂတ်လှပဖို့ ဘာတွေပြင်ဆင်ကြရမည်နည်း။ သိပ်ကိုစဉ်းစားစရာကောင်းတဲ့ အရာတစ်ခုပင်ဖြစ်သည်။

    ယနေ့ခေတ်လူငယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက် အစီအစဉ်တွေနဲ့ လှုပ်ရှားလုပ်ကိုင်နေတဲ့ လူငယ်တွေရောရှိပါသေးရဲ့လား။ အနည်းငယ်တော့ရှိမည်ဟု ထင်မိသည်။ တချို့သောလူငယ်များမှာလည်း အနာဂတ်ရည်မှန်းချက် ပျောက်ဆုံးနေပြီး

    မရေရာမသေချာတဲ့ဘဝတွေနဲ့ ရပ်တည်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လူငယ်များတွင် သတ္တိတွေ၊ အားမာန်တွေ အပြည့်ရှိနေပါလျက်နှင့်ပင် ထိုသတ္တိ၊ အားမာန်တွေကို မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချရမည်ကို လူငယ်တွေအနေနှင့် ဆန်းတဝါးဝါး ဖြစ်နေကြသည်။

    လူငယ်အချို့ကိုကြည့်မည်ဆိုလျှင် ဟိုနားထိုင်၊ ဒီနားထိုင်၊ လက်ဖက်ရည်ဆိုင်မှာ ညဥ့်နက်သန်းခေါင်ချိန်ထိ ဘောလုံးပွဲကြည့်။ ဘောလုံးပွဲကြည့်ရတာကိုက သူတို့အတွက် အလုပ်တစ်ခုလိုပင်ဖြစ်နေတော့သည်။ လူငယ်အချို့မှာလည်း ပညာမတတ်တဲ့အနေအထားတစ်ခုကို ရောက်နေကြတယ်။

    မိသားစုစီးပွားရေးအခြေအနေ စသည့်အကြောင်းရပ်တစ်ခုခုကြောင့် လူငယ်များအနေနှင့် ပညာဆက်လက်သင်ကြားခွင့်မရတဲ့ အတိုင်းအတာတစ်ခုထိဖြစ်နေခဲ့တယ်။ ရုပ်လုံးမကြွသေးသည့် ဘဝများစွာကျန်ရှိနေပါသေးသည်။

    တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်ဆက်တော့မယ်ဆိုတော့လည်း လူငယ်အများစုမှာ မိမိဆန္ဒသဘောအတိုင်း ကျောင်းကိုရွေးချယ်ခွင့်မရှိဘဲ လူကြီးမိဘများနှင့် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတို့ ရွေးချယ်ရာကို မိမိတို့ကလိုက်တက်ရသည်ကများမည်ဟုထင်မိသည်။

    လူတိုင်းတွင်မိမိအားသန်ရာ ကိုယ်စီရှိကြသည်။ မိမိစိတ်မပါသည်သည့်အရာတစ်ခုကိုပြုလုပ်ရမည့်အစား မိမိစိတ်ပါသည့်အရာ တစ်ခုကို ခေါင်းစိုက်ပြီး ကြိုးစားလိုက်မည်ဆိုပါက ထိုသူသည် ထူးချွန်လာမည်မှာ မြေကြီးလက်ခက်မလွဲပါ။ လူကြီးတွေအနေနှင့်လည်း လူငယ်တွေရဲ့မျှော်လင့်ချက်၊

    စိတ်ထက်သန်မှုတွေကို နားလည်ပေးစေလိုပါတယ်။ သူတို့သိနေတဲ့ လိုချင်တဲ့ စီးကြောင်းကြီးထဲကိုပဲ တွန်းပို့သင့်ပါတယ်။

    ကျောင်းတက်လို့ ဘွဲ့ရသွားပြီဖြစ်တဲ့ လူငယ်တွေအတွက်လည်း နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးမပေးနိုင်ဘူးဖြစ်နေတယ်။ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျလဲကျချင်စရာဖြစ်နေတယ်။ ရရှိထားတဲ့ ဘွဲ့ကတစ်မျိုး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတာက

    မိမိဘွဲ့နှင့်အနည်းငယ်မှ  စပ်လျဉ်းမှုမရှိ။ လူငယ်များအနေနှင့် မျှော်လင့်ချက်ယုံကြည်ချက်များ ကင်းမဲ့နေသည်မှာလည်း သူတို့ကိုအပြစ်တင်၍မရပါ။

    သူတို့အတွက်တိကျသေချာတဲ့ အလုပ်အကိုင်မှမရှိတာကိုး။ ဘွဲ့ရပြီးတော့ ယောင်ယောင်ဖြစ်နေကြတယ်။ ဒီကျောင်းပြီးရင် ဒီအလုပ်ရမယ်ဆိုတဲ့ကျောင်းဟာ လက်ချိုးရေလို့ရပါတယ်။  ကျောင်းပြီးရင် မိမိတက်မြှောက်ခဲ့တဲ့ပညာနဲ့ သက်ဆိုင်တဲ့အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ သိပ်ကိုလိုအပ်နေပါပြီ။

    လူငယ်ဆိုတာခေတ်ရဲ့ရေစီးကြောင်းထဲမှာ အချိန်တစ်ချိန်တော့ မျောကြရတာပါပဲ။ လူငယ်တွေကိုနားလည်ပေးနိုင်ဖို့ထက် လူငယ်တွေရဲ့ပြသာနာတွေကို နားလည်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်လို့ထင်ပါတယ်။ နည်းပညာရပ်တွေတိုးတက်လာတာနှင့်အမျှ အခုခေတ်လူငယ်တွေကလည်း

    နိုင်ငံတွင်းထက် နိုင်ငံအပြင်ဘက်ကိုကျော်ကြည့်ရကောင်းမှန်း တော်တော်များများသိလာကြတယ်။ ကမ္ဘာကြီးကရွာကြီးသဖွယ်ဖြစ်နေပါပြီ။ လိုချင်တဲ့အရာ၊ သိချင်တဲ့သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ရှာဖွေနေနိုင်ပါပြီ။

    ဒါပေမယ့်ခက်တာက အဲ့လောက်ခွင်ကျယ်နေတဲ့ခေတ်ကြီး၊ လိုချင်တာအကုန်ရ၊ သိချင်တာအကုန်သိလို့ရနိုင်တဲ့ခေတ်ကြီးထဲမှာ “ငါဘာဖြစ်ချင်တယ်၊ ငါဘာကိုဇောက်ချလုပ်မှာလဲ” ဆိုတဲ့ အနာဂတ်ရည်မှန်းချက်တွေက ဝေဝါးနေပါတယ်။ ငါကတော့ ဒါကိုပဲလုပ်မယ်၊

    ဒါငါ့ရည်မှန်းချက်ကဘာလဲဆိုတာကို focus မလုပ်နိုင်ကြဘူးဖြစ်နေတယ်။

    အခုခေတ်လူငယ်တွေ သူများတွေ LCCI တက်တယ်ဆိုရင်လိုက်တက်ကြတယ်။ သူများတွေ ကွန်ပျူတာသင်တယ်ဆိုရင် လိုက်သင်ကြတယ်။ အဲဒါတွေ တက်ထားပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို သူတို့ကိုယ်တိုင်မဝေခွဲတတ်တော့ဘူး။ ဘယ်သူကမှ ဒီဟာကိုဒီလိုလုပ်ရင်

    ဘယ်လိုဖြစ်မယ်ဆိုပြီး Guide လုပ်ပေးမယ့်လူလည်းမရှိဘူး။

    လူငယ်တွေမှာ အရည်ချင်းတွေရှိပါတယ်။  လူငယ်တွေရဲ့အောင်မြင်မှုဟာ ကိုယ့်ဘာသာအောင်မြင်တာရှိသလို လူကြီးတွေကလည်း ဖန်တီးပေးရပါ့မယ်။ လူကြီးတွေက စင်မြင့်တွေဖန်တီပေးရပါ့မယ်။ လူငယ်တွေမှာ အောင့်မြင်နိုင်တဲ့အစွမ်းအစတွေရှိရင် အစဆွဲထုတ်ပေးပါ့မယ်။ လူငယ်တွေအရည်အချင်းရှိလာအောက် လူကြီးတွေအနေနဲ့လည်း ဆွဲခေါ်ပေးသင့်ပါတယ်။ လူငယ်တွေဟာ လူ့အသိုင်းအဝိုင်းမှာ တန်ဖိုးရှိတဲ့သူတွေဖြစ်တဲ့အပြင် လူသားမျိုးနွယ်တွေရဲ့ အဓိကကျောရိုးလည်းဖြစ်တယ်။ လူငယ်တွေရဲ့ တိမ်မြုပ်နေတဲ့ အခွင့်အရေးတွေကို ဖော်ထုတ်ပေးကြပါ။

    လူငယ်တွေအနေနဲ့ ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အချိန်တွေအများကြီး ကျန်ပါသေးတယ်။ “ငါဘာလုပ်ရင်ကောင်းမလဲ” ဆိုတာကို ကိုယ့်ကိုကိုယ်သေချာမေးပြီး ကိုယ့်ရည်မှန်းချက်ဘာလဲဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချသင့်နေပါပြီ။ အစောဆုံးမြင်ခဲ့ရင်

    မိမိရည်မှန်းချက်ကို အောင်မြင်နိုင်မှာပါ။ စာအုပ်တွေဆီကလည်း လူငယ်တွေအတွက် ရစရာတွေအများကြီးရှိပါတယ်။ စာဖတ်တတ်တဲ့အလေ့ရှိရင်ကောင်းမှာပါ။ တခြားဟာတွေနဲ့အချိန်ဖြုန်းမနေပါနဲ့။ စာပေကိုလည်း သေချာလေ့လာပြီး ဘဝအတွက်အကျိုးရှိမဲ့အရာတွေကို အသုံးချကြပါ။

    ပညာဆိုတာ ဆုံးခန်းတယ်ဆိုတာမရှိပါဘူး။ အမြဲလေ့လာနေပါ။ အကျိုးမဲ့တယ်ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူးဆိုတာကို အကြံပြုချင်ပါတယ်။

    ထက်မြတ်