ဇူလိုင် ၁၀ ၊ ၂၀၁၇
M-Media
“သူတစ်ပါးတို့၏ လွတ်လပ်ခွင့်အား ငြင်းပယ်နေသူများသည် ၎င်းတို့ကိုယ်တိုင် အတွက်လည်း လွတ်မြောက်မှုနှင့် မထိုက်တန်သူများသာ”
၁၆ ယောက် မြောက် အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်း
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
ဇူလိုင် ၇၊ ၂၀၁၇
M-Media
ရာဇာ တင်ဆက်သည်
ရှေးဟောင်း အီဂျစ်တွေ၊ မက်ဆိုပိုတေးမီးယားတွေ၊ အိန္ဒိယသားတွေ၊ ဂရိတွေ၊ ရောမတွေဟာ သတ္တုပစ္စည်း၊ ကျောက်သံပတ္တမြား တစ်ချို့အကြောင်းကို သိရှိကြပါတယ်။ ဒီလူမျိုးတွေရဲ့ ဒေသတွေဟာ နောက်ပိုင်းမှာ အစ္စလာမ့်ခလီဖာရဲ့ အုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး ပထမ နှစ် ၃၀၀ အတွင်း သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေကို အာရဘီဘာသာ ပြန်ဆိုခဲ့ကြပါတယ်။ အဲဒီနောက် မွတ်စလင် သိပ္ပံပညာရှင်တွေ၊ စူးစမ်းလေ့လာသူတွေဟာ သုတေသနပြု ဖော်ထုတ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အစ္စလာမ်ကမ္ဘာ ကျယ်ပြန့်လာတာကြောင့် မွတ်စလင်တွေရဲ့ ဘူမိဗေဒ လေ့လာဆန်းစစ်မှုတွေဟာ ဂရိတွေလို မြေထဲပင်လယ်ဒေသမှာတင် မဟုတ်တော့ဘဲ၊ ဥရောပ၊ အာရှနဲ့ အာဖရိကဒေသတွေအထိ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။ ၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ဆီနာ (Ibn Sina) ရေးသားတဲ့ The Book of Cure (ကုသမှုဆိုင်ရာကျမ်း) မှာ မလေးကျွန်းဆွယ်လောက်အထိ ဝေးလွန်းတဲ့ နေရာက တွင်းထွက်သတ္တု၊ ကျောက်သံပတ္တမြား၊ အပင်တွေနဲ့ သက်ရှိတိရစ္ဆာန်တွေအကြောင်း အသိပညာတွေကိုပါ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။
အနောက်တိုင်းမှာ အဗီဆီနာ (Avicenna) လို့သိတဲ့ အစ်ဗနေ့ဆီနာဟာ မွတ်စလင်လူ့အဖွဲ့အစည်း အထွတ်အထိပ် ရောက်နေတဲ့ကာလရဲ့ ထွက်ကုန်စစ်စစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ သူ့ကို ဘူမိဗေဒထက်စာရင် ဆေးပညာနဲ့ ဒဿနနယ်ပယ်လောက်မှာသာ လူတွေက ပိုသိကြပါတယ်။ သူ့ရဲ့ The Book of Cure စာအုပ်မှာ တွင်းထွက်ဗေဒ၊ မိုးလေ၀သဗေနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အခန်းတွေ ပါဝင်ပါတယ်။ အဲဒီအခန်းမှာ အစ်ဗနေ့ဆီနာဟာ သူ့ခေတ်သူ့အခါက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ် လက်တင်ဘာသာပြန်ဟာ ဉာဏ်သစ်လောင်းဥရောပမှာ ကျော်ကြားခဲ့ပြီး ၁၅ ရာစုက လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci)၊ ၁၇ ရာစုက နီကိုလက်စ် ဆတီနို (Nicolas Steno)၊ ၁၈ ရာစုက ဂျိမ်းစ် ဟတ်တန် (James Hutton) တို့လို ဥရောပ ဘူမိဗေဒတွေးအခေါ်ကို အုတ်မြစ်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တွန်းအားဖြစ်စေခဲ့တဲ့ ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အသိပညာနယ်ပယ်ကို ချဲ့ထွင်ပေးခဲ့တဲ့ မွတ်စလင်ပညာရှင်ဟာ အစ်ဗနေ့ဆီနာတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘူဗိဗေဒနယ်ပယ်က ကျော်ကြားတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ဘီရူနီ (Al-Biruni) လည်းပါဝင်ပြီး အစ်ဗနေ့ဆီနာနဲ့ ခေတ်ပြိုင်ဖြစ်ပါတယ်။
သက္ကရာဇ် ၉၇၃ ခုနှစ် ခွါရီဇမ်မှာ မွေးဖွားခဲ့တဲ့ အလ်-ဘီရူနီကို နယ်ပယ်တစ်ခုတည်းမှာ ကန့်သတ်လို့မရဘဲ သူဟာ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးပညာ၊ ဒဿနိက၊ သမိုင်း၊ ဆေးဝါး၊ တွင်းထွက်သတ္တုဗေဒနဲ့ ဘူမိဗေဒ စတဲ့ နယ်ပယ်တွေမှာပါ စာအုပ်စာပေတွေ မြောက်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။
သိပ္ပံ၊ ၀ိဇ္ဇာနယ်ပယ်မှာ သူ့ရဲ့ အကြီးအကျယ်ဆုံး အောင်မြင်မှုရတဲ့အချိန်က အိန္ဒိယကို ရောက်သွားတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီမှာ အလ်-ဘီရူနီဟာ လူမျိုးနွယ်၊ ဘာသာတရား၊ ဘာသာစကားနဲ့ ဒေသတွေအကြောင်းကို လေ့လာခဲ့ပြီး Chronicles of India (အိန္ဒိယရာဇ၀င်ကျမ်း) လို့ခေါ်တဲ့ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဟင်ဒီဘာသာစကားကို ပြောဆိုတတ်သလို အလ်-ဘီရူနီဟာ ဂရိ၊ သက္ကတနဲ့ ဆီရီအက် ဘာသာစကားတွေကိုလည်း တတ်ကျွမ်းပါတယ်။ စာအုပ်စာပေတွေ ရေးသားတဲ့အခါမှာတော့ ပါရှန်နဲ့ အာရဘီကို သူက အသုံးပြုပါတယ်။ အိန္ဒိယမှာ ရှိနေတဲ့အချိန် သူဟာ သဘာဝသမိုင်းနဲ့ ဘူမိဗေဒတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ အလ်-ဘီရူနီဟာ ဂင်္ဂါမြစ်ဝှမ်းရဲ့ နုန်းပို့ချမှုသဘာဝကို မှန်ကန်စွာ ဖော်ပြနိုင်ခဲ့ပါတယ်။ တွင်းထွက်သတ္တုဗေဒနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြီးကျယ်တဲ့ ကျမ်းကြီးက Treatises on How to Recognize Gems (ကျောက်မြတ်များ မှတ်ကျောက်တင်မှုဆိုင်ရာကျမ်း) ဖြစ်ပြီး၊ ဒီကျမ်းကြောင့်ပဲ တွင်းထွက်သတ္တုဗေဒမှာ အလ်-ဘီရူနီဟာ ထိပ်တန်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒီနေ့ ဘူမိဗေဒလို့သိကြတဲ့ နယ်ပယ်မှာ အားထုတ်ကြိုးပမ်းခဲ့တဲ့ အခြား မွတ်စလင် သိပ္ပံပညာရှင်ကြီးတွေလည်း ရှိနေပါသေးတယ်။
(၈၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့) ယဟ်ယာ အစ်ဗနေ့ မာဆာဝေဟ် (Ibn Masawayh) ဟာ Gems and Their Properties (ကျောက်မြတ်နှင့် ၎င်း၏တို့၏ ဂုဏ်သတ္တိများကျမ်း) ကို ရေးသားခဲ့ပြီး၊ (၈၇၃ ခုနှစ်မှာ ကွယ်လွန်တဲ့) အလ်-ကင်ဒီ (Al-Kindi) ကလည်း တွင်းထွက်ဗေဒနဲ့ပတ်သက်လို့ စာအုပ် ၃ အုပ်ရေးသားခဲ့ကာ Gems and the Likes (ကျောက်မြတ်နှင့် ထိုကဲ့သို့သောအရများကျမ်း) က အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီစာအုပ်ဟာ ပျောက်ဆုံးနေပါတယ်။
၁၀ ရာစု မွတ်စလင်သိပ္ပံပညာရှင်ကြီး အလ်-ဟမ်ဒါနီ (Al-Hamdani) က ရွှေ၊ ငွေနဲ့ အခြားသော တွင်းထွက်သတ္တုတွေ၊ ကျောက်သံပတ္တမြား တည်ရှိရာဒေသနဲ့ ရှာဖွေတူးဖော်မှု၊ သူတို့ရဲ့ ဂုဏ်သတ္တိတွေအကြောင်း အာရေဗျဒေသမှာ စာအုပ် ၃ အုပ် ရေးသားခဲ့ပါတယ်။ အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများအဖွဲ့) လို့ အမည်ရတဲ့ ၁၀ ရာစု ပညာရှင်အုပ်စုတစ်ခုက တွင်းထွက်သတ္တုဗေဒအကြောင်း အထူးသဖြင့် သတ္တုတွေကို အမျိုးအစားခွဲမှုအကြောင်း ပါဝင်တဲ့ စွမ်စုံကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။
မွတ်စလင်ပညာရှင်တွေဟာ တွင်းထွက်ဗေဒ၊ ကျောက်သံပတ္တမြားတွေအကြောင်း စာအုပ်စာတမ်းတွေ တော်တော်များများ ရေးသားခဲ့ပေမယ့် အများစုကတော့ ပျောက်ဆုံးနေကာ အခုအချိန်မှာ နည်းနည်းလောက်သာ ကျန်ရှိပါတော့တယ်။
ပတ္တမြားဖြစ်ကြောင်း စမ်းသပ်ခြင်း
“အိန္ဒိယကထွက်တဲ့ ကျောက်ရိုင်းတုံးတစ်ချို့ကို ကျွန်တော်ဝယ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ချို့ကို အပူပေးတဲ့အခါ အဲဒီကျောက်တုံးတွေက အနီရောင်ပိုသန်းလာပါတယ်။ အနက်ဖက် တော်တော်သန်းတဲ့ ကျောက်တုံးနှစ်တုံးကို တွေ့ရပြီး တစ်တုံးက နီညိုရောင်ဖြစ်ကာ၊ နောက်တစ်ခုက အနီဖျော့ရောင်ဖြစ်ပါတယ်။ ဒီကျောက်တုံးနှစ်ခုစလုံးကို ဖားဖိုပေါ်တင်ပြီး ရွှေ ၅၀ မစ်ကဲလ် (mithqal – အာရပ်များ ရွှေကိုတိုင်းသာသည့် ယူနစ်ဖြစ်ပြီး 1 mithqal လျင် ၄.၂၅ ဂရမ် အလေးချိန်ရှိသည်) ကို ပျော်လောက်တဲ့ မီးအရှိန်နဲ့ တိုက်ရိုက်အပူပေးပါတယ်။ အအေးခံပြီး ပြန်ကြည့်တဲ့အခါ အနီဖျော့ရောင်က ကြည်လင်ပြီး နှင်းဆီနီရောင် သန်းလာတာကို သတိပြုမိခဲ့ပါတယ်။ အခြားတစ်တုံးဖြစ်တဲ့ နီညိုရောင်ကတော့ အရောင်ပျောက်သွားပြီး ဆာရာဒစ်ဘ် (သီရိလင်္ကာ) က နှမ်းဖက်ကျောက်လို ဖြစ်သွားပါတယ်။ ဒုတိယကျောက်တုံးကို နောက်ပိုင်း ဆန်းစစ်ကြည့်တဲ့အခါ ယာကွတ် (yaqut – ပတ္တမြား) ထက် ပျော့ပြောင်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အပူပေးလို့ အနီရောက်ပျောက်သွားရင် ဒါဟာ ပတ္တမြားမဟုတ်ဘူးဆိုတာကို ကျွန်တော် ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီကောက်ချက်က ပြောင်းပြန်တော့ အဓိပ္ပါယ်မသက်ရောက်ပါဘူး – ဆိုလိုတာက အပူပေးလို့ အနီရောင်မှာ ဆက်ရှိနေမယ်ဆိုရင် ဒါဟာ ပတ္တမြားပဲလို့ ကောက်ချက်ချလို့ မရနိုင်တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သံကလည်း အပူပေးပြီးသွားရင် အနီရောင်ဖြစ်နေတတ်လို့ပါ” (၁၁ ရာစု မွတ်စလင်ပညာရှင် အလ်-ဘီရူနီရေးသားသည့် Treatises on How to Recognize Gems ကျမ်းမှ ပတ္တမြားဖြစ်ကြောင်း စမ်းသပ်မှု)
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်
ဇူလိုင် ၅၊ ၂၀၁၇
M-Media
– အာဖဂန်အမျိုးသမီးတွေ ဘယ်လောက်စွမ်းဆောင်နိုင်ကြောင်းကို ကမ္ဘာသိအောင် ချပြနိုင်မယ့် အခွင့်အလမ်းမှာ ကိုယ်တိုင် မပါဝင်နိုင်ခဲ့ပေမယ့် မိမိတို့အနေနဲ့ လက်လျှော့သွားမှာမဟုတ်ဘူးလို့ အာဖဂန်က ဆယ်ကျော်သက် ထီတွင်ပညာရှင် အမျိုးသမီးအဖွဲ့တစ်ခုက ပြောကြားလိုက်ပါတယ်။
အထက်တန်းကျောင်းသူ အမျိုးသမီးငယ် ၆ ဦးပါဝင်တဲ့ အဲဒီအဖွဲ့လေးဟာ ဘောလုံးနဲ့ ကစားနိုင်ပြီး ဘောလုံးတွေကို အရောင်အလိုက် ရွေးထုတ်နိုင်တဲ့ စက်ရုပ်တစ်ခုကို တီထွင်ခဲ့ပြီး ၀ါရှင်တန်ဒီစီမှာ အခုတစ်ပတ်အတွင်း ပြုလုပ်မယ့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့စက်ရုပ်ကိုသာ ပြိုင်ပွဲက လက်ခံခဲ့ပြီး သူတို့ ၆ ယောက်ကိုတော့ အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ပါဘူး။
“ဒီလိုအငြင်းခံရတဲ့အတွက် ကျွန်မ တော်တော်လေး စိတ်ပျက်မိပါတယ်။ ဒီ ပရောဂျက်အတွက် ၆ လလောက် ကြိုစားခဲ့ရပြီး သူတို့ကို အားပေးတိုက်တွန်းတာတွေ၊ မိသားစုတွေဆီက ခွင့်ပြုချက်တောင်းတာတွ လုပ်ခဲ့ရပါတယ်။ ဒီိလိုကြိုးစားအားထုတ်မှုတွေ လုပ်ခဲ့ပေမယ့် ကောင်မလေးတွေဟာ အမေရိကန်ကို သွားရောက်ခွင့် မရခဲ့ပါဘူး။ သူတို့လည်း တော်တော်လေးကို စိတ်မကောင်းဖြစ်နေကြပါတယ်” လို့ Citadel ဆော့ဖ်ဝဲကုမ္ပဏီကို ထူထောင်ထားပြီး ဒီအမျိုသမီးအဖွဲ့ကို ဦးဆောင်နေတဲ့ ရိုယာ မဟ်ဘူးဘ်က ပြောကြားခဲ့ပါတယ်။
မဟ်ဘူးဘ်ဟာ အာဖဂန်မှာ နည်းပညာကုမ္ပဏီထူထောင်သူ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ အမေရိကန်ဗီဇာရဖို့ ၂ ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး အမေရိကန်အစိုးရကတော့ ဘာ့ကြောင့် ဗီဇာငြင်းပယ်ရလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
လက်ရှိမှာ သူတို့ရဲ့စက်ရုပ်ဟာ ၀ါရှင်တန်က နိုင်ငံတကာ စက်ရုပ်ပြပွဲမှာ ၀င်ရောက်ပြသခွင့်ရပေမယ့် ထီထွင်တဲ့အဖွဲ့ကတော့ လိုက်ပါနိုင်ခြင်း မရှိပါဘူး။
ဒီအမျိုးသမီးငယ်လေးတွေဟာ အာဖဂန်အနောက်ပိုင်း လူနေထူထပ်တဲ့ ဟီရတ်မြို့ကဖြစ်ပြီး စက်ရုပ်ကို မတ်လကတည်းက တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မဟ်ဘူးဘ်က ဒီအမျိုးသမီးငယ်လေးတွေဟာ အာဖဂန်ရဲ့ အနာဂတ်သိပ္ပံနယ်ပယ်က ခေါင်းဆောင်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပြီး အာဖဂန်အမျိုးသမီးတွေ လုပ်နိုင်တယ်ဆိုတာကိုပြသဖို့ သူတို့အတွက် အခွင့်အလမ်းသာ လိုအပ်တယ်လို့ ဆိုပါတယ်။
“ဒီကလေးမလေးတွေရဲ့အနာဂတ်အတွက် ကျွန်မတို့ တော်တော်လေး မျှော်လင့်ထားပါတယ်။ သူတို့လေးတွေ ပညာဆက်သင်လို့ရအောင်နဲ့ သိပ္ပံနဲ့ နည်းပညာမှာ အနာဂတ်ခေါင်းဆောင်တွေဖြစ်အောင် ကျွန်မတို့ ကူညီသွားမှာပါ။ အခွင့်အရေးသာ ပေးမယ်ဆိုရင် သူတို့ဟာ ယောက်ျားလေးတွေလောက်ကို စွမ်းဆောင်နိုင်တယ်ဆိုတာ သူတို့ရဲ့ မိသားစုတွေနဲ့ အာဖဂန်အစိုးရအနေနဲ့ သိထားရပါလိမ့်မယ်။ သူတို့ကို ဒီလိုသာ ခွင့်ပြုမယ်ဆိုရင် ဒီကလေးမလေးတွေဟာ အာနာဂတ်ရဲ့ အင်ဂျင်နီယာတွေ သိပ္ပံပညာရှင်တွေ ဖြစ်လာမှာဖြစ်ပြီး ဒါဟာ သူတို့အတွက် ဘယ်လောက် အခွင့်အလမ်းဖန်တီးပေးလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”
Ref: BBC
မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင်များ၊ ခေါင်း ဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦး ကြီးကို ဗြိတိသျှနယ်ချဲ့လက်အောက်ကျရောက်စဉ် ၅-၁၂-၁၉၂၇ နေ့တွင် အုတ်မြစ်ချခွင့်ပြုခဲ့သည်။ သူဋ္ဌေးကြီး ဒေါက်တာဦးညိုက ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ သည်။ ထိုအဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ် ပင်မအဓိပတိလမ်းမကြီးကို မျက်နှာမူလျက်တည်ရှိပြီး မန္တလေးဆောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။
လွတ်လပ်ရေး ဗိသုကာလည်းဖြစ် တပ်မတော်ဖခင်လည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။
7 July ကျောင်းသားအရေးတော်ပုံကြီး ဖြစ်ပေါ်လာစေရန်စေ့ဆော်ဖန်တီးခဲ့သည့် သမိုင်း နောက်ခံ အကြောင်းရင်းများ အမှန်တကယ်ရှိခဲ့ပါသည်။ ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလအစိုးရသည် ၁၉၅၈ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်အစိုးရတစ်ရပ်အား တရားဝင် ခေတ္တအာဏာလွှဲပြောင်းပေးခဲ့သည့် လုပ်ရပ်သည် “အရူးအမဲသားကျွေးသည့် လုပ်ရပ်ဖြစ်ခဲ့ သည့်အတွက် ဝန်ကြီးချုပ်ဦးနုတွင် တာဝန် အပြည့်အဝရှိသည်ဟု ကျောင်းသားထုက ဝေဖန်ထောက်ပြခဲ့ကြသည်။ သမိုင်း သုတေသီများကလည်း ဤအချက်ကိုထောက်ခံခဲ့သည်။
၁၉၆၀ခု ဇန်နဝါရီလ ၈ရက်နေ့တွင် ပြည်ထောင်စုဘဏ်က ဦးကောင်းလက်မှတ်ပါ ဒေါင်းတံ ဆိပ် တစ်ရာတန်ငွေစက္ကူများကို တရားမဝင်ငွေများအဖြစ် ကြေညာခဲ့ပြီး ဦးစံလင်း လက်မှတ်ပါ ဒေါင်းတံဆိပ် တစ်ရာတန် ငွေစက္ကူများကိုမူ ဆက်လက်သုံးစွဲခွင့်ပြုခဲ့သည်။ အာဏာ အရသာတွင် ယစ်မူးသွားခဲ့သော ဗိုလ်ချုပ်နေဝင်းဦးဆောင်သော (၁၇)ဦးပါ စစ်ခေါင်းဆောင်များသည် ပြည်သူလူ ထု၏ ရွေးကောက်ခံ သမ္မတကြီးစပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်ဦးနုတို့ထံမှာ ၁၉၆၂ခု မတ်လ ၂ရက် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သောအခါ သမ္မတကြီး၏ သားတစ်ဦး သေနတ်မှန်ကာ သေဆုံးခဲ့ သည်။
နောက်ဆက်တွဲရလာဒ်အနေဖြင့် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသစ်ကို ရန်ကုန်၊မန္တလေး၊ မော်လမြိုင်၊ပုသိမ်မြို့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၁၉၆၂ ခုဇူလိုင်လ (၅) ရက်နေ့တွင် တန်းမြင့်စာမေးပွဲ မေးခွန်းပေါက်ကြားသည့်ကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရ၏ အရေးယူကိုင်တွယ်ခဲ့ပုံကို ကျောင်းသားများက မကျေနပ်ခဲ့ကြပေ။ ထို့ကြောင့် ၁၉၆၂ ခု ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကမာရွတ်ရဲစခန်းအနီးတွင် တက္ကသိုလ်ကျောင်းသား များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့၏ပစ်ခတ်ဖြိုခွင်းမှု့ကြောင့် ကျောင်းသား တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
ထို့အပြင် အာဏာပိုင်များသည် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ရပ်ကို ကျောင်းသားများက မကျေနပ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ ရာမှ တက္ကသိုလ်ကျောင်းသားပေါင်း ၁၀၀ကျော် သွေးစွန်းခဲ့သည့် 7 July ကျောင်းသားအရေးတော်ပုံ ကြီး စတင်ခဲ့သည်။ ထိုနေ့ စနေနေ့ နေ့လည် ၁နာရီခန့်က အသက်ပေးစွန့်လှူသွားခဲ့သော တက္က သိုလ်ကျောင်းသား၊သူများသည် “တကသ” အဆောက်အဦးရှေ့မှ အဓိပတိလမ်းမတစ်လျှောက်လုံး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာတွင်
“ မတရားစည်းကမ်းတွေ အလိုမရှိ”
“ မတရားချုပ်ချယ်မှု့တွေ အလိုမရှိ”
“ ကျောင်းဆောင်တွေကို အကျဉ်းဆောင်မလုပ်နဲ့”
“ ချုပ်ချပစ်မှု့တွေ အလိုမရှိ”
“ မတရားစည်းကမ်းတွေ ဖျက်သိမ်းပစ်”
“ ကျောင်းသားထု ညီညွတ်ကြ” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။
ထိုနေ့ည ဇူလိုင် ၇ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းသည် မြန်မာ့ အသံရေဒီယိုမှ အသံလွင့်ပြောကြားရာ၌ “ဓား ဓားချင်း ဒုတ် ဒုတ်ချင်း ရင်ဆိုင်မယ်” ဟူ၍ လူမိုက်ဆန်ဆန် ပြောကြားခဲ့သော မိန့်ခွန်းသည် မဆလ တစ်ပါတီအာဏာရှင်ခေတ် ၈-၈-၈၈ ရှစ်လေးလုံး အရေး တော်ပုံ မတိုင်ခင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပခဲ့သော ပြည်နယ်တိုင်း မဆလ ဗဟိုကော်မတီ အစည်းအဝေးတွင် တစ်ပါတီအာဏာရှင် ဥက္ကဋ္ဌ ဦးနေဝင်း၏ “စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဖူး” ဟု ပြောကြားခဲ့ပုံနှင့် အတော်ဆင်တူကြောင်း ရှေ့မှီ၊ နောက်မှီ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက စာရေးသူအားပြောပြခဲ့ဖူးသည်ကို အမှတ်ရမိပါသည်။
၁၉၆၂ ခု “ 7 July” အရေးတော်ပုံကြီးကို အဓိကဖြိုခွင်းခဲ့သည့် ရှေ့တန်းစစ်ဆင်ရေးမှူးမှာ ဒု- ဗိုလ်မှူးကြီးစိန်လွင်ဖြစ်ပြီး နောက်တန်းစစ်ဆင်ရေးမှူးများမှာ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူး ကြီးလှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးစိုးမြင့်၊ ဗိုလ်မှူးကြီး တန်ယုဆိုင် တို့ဖြစ်ပါသည်။
ဗိုလ်နေဝင်း စစ်အုပ်စု၏လက်နက်အားကိုး အကြမ်းဖက်ဖြိုခွင်းမှု့ကြောင့် ဇူလိုင်လ ၈ရက် မနက် ၄ နာရီအချိန်တွင် သမိုင်းဝင်တည်ရှိခဲ့သော ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးသည် ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ထိုအဆောက်အဦးကြီး၏ အတွင်းအပြင်ကျောင်းသားအများအပြားလည်း သွေးမြေကျ အသက်စတေးခံ သွားခဲ့ကြ ရပေသည်။
မြန်မာနိုင်ငံတွင် ဗိုလ်နေဝင်းစစ်အစိုးရ မတိုင်မှီ အစိုးရများသည် ကျောင်းသားထု၏ ဆန္ဒပြပွဲ များကို လွတ်လပ်စွာခွင့်ပြုခဲ့သည်။ တောင်းဆိုချက်များထဲမှ လိုက်လျောခွင့်ပြုတန်သည်များကို လည်း ခွင့်ပြုခဲ့သည့် အစဉ်အလာများရှိခဲ့ဖူးသည်။ မည်သည့်လက်နက်မျှမပါရှိဘဲ အနာဂတ်မျိုး ဆက်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် တွေ့ဆုံဆွေးနွေး စားပွဲဝိုင်းထိုင်ကာ ဖြေရှင်းခဲ့လျှင် သမိုင်းဝင်တက္ကသိုလ်ကြီးနှင့် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး သွေးစွန်းအကျည်း တန်ခဲ့မည်မဟုတ်ပေ။ အတိတ်ဟူသည် ယူတတ်လျှင်အဖိုးတန်သင်ခန်းစာများကိုပေးစွမ်းပါသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ တောရိုင်းဝါဒ ဥပဒေသတစ်ခုဖြစ်သည့် “အင်အားကြီးသူ အနိုင်ယူ” (Might is right )မူကို လက်ကိုင်ထားကာ လက်နက်အားကိုးဖြေရှင်း လျှင် သမိုင်းဆိုးမွေ အရိပ်မဲကြီး ကမ္ဘာတည်သရွေ့နောက်က လိုက်နေမည်ကို 7 July ကျောင်းသား အရေးတော်ပုံကြီးက မီးမှောင်းထိုးပြနေပါတော့သည်။
လေးစားလျက်
ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)
ဇွန် ၃၀၊ ၂၀၁၇
M-Media
ရာဇာ တင်ဆက်သည်
– ကမ္ဘာကြီးက စောင်းနေတယ်၊ ရွေ့နေတယ်၊ မိမိရဲ့ ၀င်ရိုးမှာ လည်ပတ်နေတဲ့ ဆူပွက်နေတဲ့ ကမ္ဘာကြီးကို ကုန်းမြေနဲ့ ရေပြင်တွေက ဖုံးလွှမ်းထားတယ် စသဖြင့် ထင်မြင်ယူဆခဲ့တဲ့ အချိန်တစ်ချို့ ရှိခဲ့ပြီး နေကို လမ်းကြောင်းတစ်ခုနဲ့ လှည့်ပတ်နေတယ်ဆိုတဲ့ အယူအဆက အဲဒီအချိန်မှာ ယုတ္တိကင်းတဲ့ အယူအဆမျိုး ဖြစ်ခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာ လေ့လာမှုတွေ၊ ဆန်းစစ်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းကျမှသာ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတာကို လူသားတွေ အသေအချာ သိရှိခဲ့ကြပြီး ‘ကမ္ဘာဂြိုဟ်’ လို့ ခေါ်တွင်ခဲ့ကြပါတယ်။
တော်လမီ (ဘီစီ ၁၂၇-၁၅၁) ဟာ ဒီအကြောင်းတွေကို အစောဆုံး တွေးခေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ရှေးခေတ်ရဲ့ ကြီးကျယ်တဲ့ နက္ခတ္တဗေဒနဲ့ သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့သူက ပုံသေရှိနေတဲ့ ကြယ်တွေရဲ့ လောင်ဂျီကျုဟာ နှစ် ၁၀၀ မှာ ၁ ဒီဂရီ၊ နှစ်စဉ် ၃၆ စက္ကန့် ရွေ့နေတယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပြီး သူ့ခေတ်အခါက ကမ္ဘာဗဟိုပြု စကြ၀ဠာစနစ်ဆိုတဲ့ အယူအဆကို ဖော်ထုတ်ရမှာ ဒီအချက်ကို တွက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီလောင်ဂျီကျု ရွေ့ရှားမှုကို the precession of the equinoxes လို့ ခေါ်ဆိုပြီး equatorial bulge အပေါ်မှာ နေနဲ့ လတို့ရဲ့ ဆွဲအားကြောင့် ကမ္ဘာလည်နေတဲ့ ၀င်ရိုးဟာ ဖြည်းဖြည်းချင်း ယိမ်းယိုင်မှုလို့ သိကြပါတယ်။
ဒီဝင်ရိုးဟာ လည်ပြီး မူလနေရာကို ပြန်ရောက်ဖို့အတွက် နှစ်ပေါင်း ၂၅၇၈၇ နှစ် ကြာမြင့်တယ်လို့ ဒီနေ့ခေတ်မှာ သိရှိထားပါတယ်။ နေနဲ့ အနီးဆုံး၊ အဝေးဆုံး အချိန်တွေမှာ ဒီယိမ်းယိုင်မှုက သက်ရောက်မှုရှိပြီး အထူးသဖြင့် ရာသီဥတုတွေအပေါ်ကို ဖြစ်ပါတယ်။
မွတ်စလင် နက္ခတ္တပညာရှင်တွေကတော့ တော်လမီထက်ပိုပြီး ကမ္ဘာ့ဝင်ရိုး ဖြည်းဖြည်းချင်း ရွေ့နေမှုအတွက် တိကျတဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘဂ္ဂဒတ်မှာ ၁၀ ရာစုက ကျော်ကြားခဲ့တဲ့ မွတ်စလင် နက္ခတ္တဗေဒပညာရှင် မိုဟာမက် အလ်-ဘတ္တာနီ (Muhammad al-Battani) က ၀င်ရိုးဟာ နှစ်ပေါင်း ၆၆ နှစ်မှာ ၁ ဒီဂရီ၊ တစ်နှစ်မှာ ၅၄.၅၅ စက္ကန့် ရွေ့ပြီး မူလနေရာကို ပြန်ရောက်ဖို့အတွက် ၂၃၈၄၁ နှစ် ကြာမြင့်တယ်လို့ ပြောခဲ့ပါတယ်။ ၁၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မွတ်စလင်ပညာရှင် အစ်ဗနေ့ ယူနွတ်စ် (Ibn Yunus) ကလည်း တစ်နှစ်ကို ၅၁.၄၃ စက္ကန့်နဲ့ နှစ် ၇၀ ကြာရင် ၀င်ရိုးက ၁ ဒီဂရီ ရွေ့ပြီး တစ်ပတ်ပြည့်ဖို့ဆိုရင် နှစ်ပေါင်း ၂၅၁၇၅ နှစ် ကြာမြင့်မယ်လို့ ဆိုပါတယ်။ ဒီတွက်ချက်မှုတွေဟာ ဒီနေ့ခေတ် တွက်ချက်ထုတ်ပြန်ထားတဲ့ တစ်နှစ်ကို ၅၀.၂၇ စက္ကန့်နဲ့ တစ်ပတ်ပြည့်ဖို့ နှစ်ပေါင်း ၂၅၇၈၇ နှစ်ကြာတယ်ဆိုတဲ့ အချက်အလက်နဲ့ အံ့သြဖွယ်ကောင်းလောက်အောင် နီးစပ်နေတာကို တွေ့မြင်ရပါတယ်။
ကမ္ဘာကြီးက နေကို လည်ပတ်နေတဲ့ဖြစ်စဉ်မှာ ကမ္ဘာ့ဝင်ရိုးရဲ့ တိမ်းစောင်းမှုကြောင့် ရာသီဥတုတွေ ဖြစ်ပေါ်ပြောင်းလဲတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာ့မြောက်ခြမ်းက နေဘက်ကို စောင်းနေရင် နွေရာသီကို ကြုံတွေ့ရတာမျိုးပါ။ မွတ်စလင်တွေဟာ ရာသီဥတုတွေအကြောင်းကို စူးစမ်းခဲ့တာကြောင့် သူတို့ဟာ ကမ္ဘာကြီး တိမ်းစောင်းမှုနဲ့ပတ်သက်ပြီး လေ့လာတွက်ချက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။
တော်လမီနောက်ပိုင်း ရာစုနှစ်တွေအတွင်း နက္ခတ္တဗေဒ ပညာရှင်တွေနဲ့ သင်္ချာပညာရှင်တွေဟာ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှု အတိအကျကို ဖော်ထုတ်နိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြပါတယ်။ ၁၀ ရာစုနှောင်းပိုင်းမှာတော့ အလ်-ခူဂျန်ဒီ (Al-Khujandi) ဆိုတဲ့ မွတ်စလင်ပညာရှင်တစ်ဦးဟာ အီရန်နိုင်ငံ တီဟီရန်မြို့အနီး ရေး (Rayy) ဆိုတဲ့အရပ်မှာ သုတေသနစင်တာကြီးတစ်ခု ထူထောင်ခဲ့ပြီး နေရဲ့ meridian transits တွေကို လေ့လာခဲ့ပါတယ်။ ဒီအားထုတ်မှုကြောင့်ပဲ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုကို အလ်-ခူဂျန်ဒီတစ်ယောက် အနီးစပ်ဆုံး တွက်ချက်နိုင်ခဲ့ပါတယ်။
ဒီနေ့မှာ ကမ္ဘာရဲ့ဝင်ရိုးဟာ ၂၃ ဒီဂရီ ၂၄ မိနစ် စောင်းနေတယ်လို့ ကျွန်တော်တို့ သိရှိထားပြီး အလ်-ခူဂျန်ဒီရဲ့ တွက်ချက်မှုကတော့ ၂၃ ဒီဂရီ ၃၂ မိနစ်နဲ့ ၁၉ စက္ကန့်ဖြစ်ပြီး တော်တော်လေးကို နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်ကို အသုံးချပြီး အလ်-ခူဂျန်ဒီဟာ ကမ္ဘာ့ အဓိကမြို့ကြီးတွေရဲ့ လတ္တီကျု၊ လောင်ဂျီကျုတွေကို တွက်ချက် ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ဒီတွေ့ရှိချက်မတိုင်ခင် ရာစုနှစ်တစ်ခုအရင် ၉ ရာစုက ဘုရင် အလ်-မာမွမ် (Al-Mamum) ဟာ မွတ်စလင် နက္ခတ္တဗေဒ ပညာရှင်တွေကို စုစည်းပြီး ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တိုင်းတာစေခဲ့ပါတယ်။ ဒီအုပ်စုဟာ ကမ္ဘာကို တစ်ပတ်ပတ်ပြီး တိုင်းတာကာ ကမ္ဘာ့အကျယ်ဟာ အာရေဗျမိုင် ၅၆၆၆၆ မိုင်၊ ကီလိုမီတာ ၁၁၁၈၁၂ (၆၉၄၇၇ မိုင်) ရှိတယ်လို့ တွေ့ခဲ့ရပြီး စက်ဝန်းမျဉ်းကို တွက်မယ်ဆိုရင်တော့ ၄၀၀၆၈.၀ ကီလိုမီတာ (၂၅၀၁၂ မိုင်) ရှိပါတယ်။ ယနေ့သိထားတဲ့ ကမ္ဘာ့စက်ဝန်းမျဉ်း အတိအကျဟာ အီကွေတာတစ်လျှောက် ၄၀၀၆၈.၀ ကီလိုမီတာ (၂၄၈၉၇ မိုင်) ဖြစ်ပြီး၊ တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်း စက်ဝန်းမျဉ်းကတော့ ၄၀၀၀၀.၆ ကီလိုမီတာ (၂၄၈၅၅ မိုင်) ဖြစ်ပါတယ်။ ဒါ့ကြောင့် အလ်-မာမွမ်ရဲ့ နက္ခတ္တဗေဒပညာရှင်တွေ တွက်ချက်မှုဟာ သိပ်ပြီး ကွာဟာတာမျိုး မဖြစ်ခဲ့ပါဘူး။
၁၁ ရာစုက စွယ်စုံရပညာရှင် အလ်-ဘီရူနီ (Al-Biruni) က “ကမ္ဘာ့စက်ဝန်းမျဉ်းကို သဲကန္တာရထဲ လမ်းလျှောက်ဖို့မလိုဘဲ ဖော်ထုတ်လို့ရတဲ့ နောက်ထပ်နည်းတစ်နည်း ရှိပါတယ်” လို့ အရွှန်းဖောက်ခဲ့ပါတယ်။ သူက ဒီစက်ဝန်းမျဉ်းကို အဆင့်မြင်တဲ့ ‘စက်လုံးထုတိုင်း ညီမျှခြင်း’ (geodesic equation) နဲ့ တိုင်းတာခဲ့ပြီး သူ့ရဲ့စာအုပ် On the Determination of Coordinates of Cities (မြို့ကြီးများ၏ ကိုသြဒီနိတ်မျဉ်းများကို ဖော်ထုတ်ခြင်း) ဆိုတဲ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
သမိုင်းဆရာတစ်ဦးဖြစ်တဲ့ လန် ဘရဂ်ဂရန် (Len Berggren) က ” လူအုပ်စုနှစ်ခု သဲကန္တာရထဲမှာ လမ်းလျှောက်ပြီး စူးစမ်းဖော်ထုတ်ခဲ့ရတာကို တွက်ချက်မှုတစ်ခုနဲ့ သာမန် သင်္ချာနည်းလမ်း ပေါင်းစပ်လိုက်တာလောက်နဲ့ လုပ်နိုင်တယ်ဆိုတဲ့ အလ်-ဘီရူနီရဲ့ ဉာဏ်စွမ်းကို မြင်ရတာဟာ အံ့မခန်းပါပဲ” လို့ ရေးသားခဲ့ပါတယ်။
အလ်-ဘီရူနီရဲ့ အဲဒီစာအုပ်မှာ ကမ္ဘာ့မျက်နှာပြင်တိုင်းတာမှုကို အသေးစိတ်နဲ့ စနစ်တကျ လေ့လာဖော်ပြထားပါတယ်။ သူဟာ လတ္တီကျု၊ လောင်ဂျီကျုတွေကို တိုင်းတာခဲ့ပြီး၊ ကမ္ဘာ့ ဟိုဘက်အစွန်း ဒီဘက်အစွန်းနဲ့ ကမ္ဘာကြီးရဲ့ လုံးဝန်းမှုတွေကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ အလ်-ဘီရူနီဟာ သူ့ခေတ်သူ့အခါက တော်တော်လေးကို ရှေ့ရောက်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ဂယ်လီလီယို (Galileo) မတိုင်ခင် နှစ်ပေါင် ၆၀၀ အရင်ကတည်းက ကမ္ဘာကြီးဟာ သူ့ရဲ့ဝင်ရိုးပေါ်မှာ လည်ပတ်နေတယ်ဆိုတဲ့အကြေင်း ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အလ်-ဘီရူနီအပါအ၀င် မွတ်စလင်ပညာရှင်ကြီးတွေက ကမ္ဘာဟာ အလုံးကြီး ဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ၁၀ ရာစု ကော်ဒိုဘာကနေ ပေးပို့တဲ့စာမှာ အစ်ဗနေ့ ဟာဇမ် (Ibn Hazm) က “လူတော်တော်များများက လက်မခံပေမယ့် ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်ပါတယ်… နေဟာ ကမ္ဘာ့ ဘယ်နေရာကကြည့်ကြည့် ဒေါင်လိုက်ဖြစ်နေတာက သက်သေပါပဲ” လို့ ရေးသားခဲ့ပါတယ်။ ဒါက မွတ်စလင် သိပ္ပံပညာရှင်တွေဟာ ကြားဖူးနားဝါတွေ၊ ဒဏ္ဍာရီပုံပြင်တွေထက် ဆန်းစစ်လေ့လာမှုကို အခြေခံပြီး ထိပ်တန်း သုတေသတွေ ပြလုပ်ခဲ့တယ်ဆိုတဲ့ နောက်ထပ် ဥပမာတစ်ခုပါပဲ။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်