News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ​သွေး​နှောရင်​ အ​မေရိကန်​​လောက်​​တော့ လုပ်​ပါဗျာ
    အ​မေဘက်​က​တော့ရှင်း၏ ကမာန်​နွယ်​၏ ။ သို့​သော်​လည်း ​ခေတ်​အဆက်​ဆက်​ ဗမာမှု ပြုကြမှု​ကြောင့်​ ​မောင်​ဗညား၏ ဘိုး​ဘေးဘီဘင်​များ လက်​ထက်​ ရုံးအ​ထောက်​ထား၌ပင်​ လူမျိုး ဗမာ ဟုအ​ဖြေထွက်​​လေ၏။ ဘိုး​ဘေးဘီဘင်​များအားလုံးသည်​ ၁၈၂၃ မတိုင်​မီ ​ရှေးရှင်​ဘုရင်​လက်​ထက်​ မင်းမှုထမ်းခဲ့​ကြောင်း. တပ်​မှုးများဖြစ်​​ကြောင်း ​ရှေ့မှီ​နောက်​မှီလူကြီးများက အမြဲ ​ပြောပြ၏။ ထို့​ကြောင့်​ မှတ်​ပုံတင်​ သက်​ပြည့်​လဲလှယ်​ရာမှာအဆင်​​ပြေမည်​ထင်​​နေသည်​ ။
    တစ်​ဖန်​ ၁၉၈၂ နိုင်​ငံသားဥပ​ဒေ အရလည်း​ကောင်း ၊.အမိန့်​ညွှန်​ကြားချက်​များ အရလည်း​ကောင်း ၊ ​သွေး​နှောမဟုတ်​သည်​မှာ​ပေါ်လွင်​​နေ၍ လဲလှယ်​ဖြစ်​သည်​။ ဥပ​ဒေ ကိုပြည်​သူလိုက်​နာသလို ဝန်​ထမ်းလည်း လိုက်​နာမည်​ဟုအထင်​ကြီးခဲ့သည်​ကလည်းဖြစ်​နိုင်​သည်​။
    ပထမဦးဆုံး မြို့နယ်​အဆင့်​လဝကနဲ့​တွေ့သည်​။ ကိုးကွယ်​ရာဘာသာ ကွဲလွဲမှု​ကြောင့်​ထင်​၏ ခရိုင်​သို့လွှဲသည်​။ ခရိုင်​မှလည်း တိုင်းအဆင့်​သို့လွှဲပြန်​သည်​။ တိုင်းအဆင့်​သို့သွား​ရောက်​​တွေ့ဆုံ​ကာ ကိုးကွယ်​ရာဘာသာ ​ကြောင့်​ ဤကဲ့သို့အဆင့်​ဆင့်​ လွှဲ​ပြောင်း​နေသည်​လား​မေး၏၊ မဟုတ်​ပါ​ဖြေ၏။ ​အောက်​​ခြေမြို့နယ်​မှုးနဲ့ မျိုးရိုးစဉ်​ဆက်​ အမှန်​ကန်​များ ကိုအစီရင်​ခံစာ​ရေးတင်​ခိုင်း၏။ ​မောင်​ဗညားနှင့်​မြို့နယ်​ဦးစီး ​ဆွေး​နွေးပြီး စီစဉ်​၏ ။
    .မြို့နယ်​ဦးစီး မည်​ကဲ့သို့တင်​သည်​​တော့မသိ အချိန်​အ​တော်​ကြာ၏ ၂၀၁၆ နှစ်​ကုန်​ပိုင်းက အစပြုခဲ့သည့်​မှတ်​ပုံတင်​ကိစ္စ ၂၀၁၇​ ခုနှစ်​ ဂျူလိုင်​လ​ရောက်​လာ၏။ ဘာမှမထူးခြား ။.အမိန့်​ညွှန်​ကြားချက်​အရ ဆိုပါက ​သွေး​နှောများသည်​ပင်​ ရက်​၉၀ သာကြာရမည်​သတ်​မှတ်​ထား၏။ သို့နှင့်​​မောင်​ဗညားတစ်​​ယောက်​ citizen law ၊ ၂၀၀၈​ ဖွဲ့စည်းပုံ အခန်း ၈ နိုင်​ငံသားအခွင့်​​ရေး၊ အမိန့်​ညွှန်​ကြားချက်​များ၊ နိုင်​ငံသားများ၏ အခွင့်​​ရေး ကာကွယ်​​စောင့်​​ရှောက်​​ပေးသည့်​ ဥပ​ဒေ ၊ လဝက လုပ်​ထုံးလုပ်​နည်းများ ကို အသည်းအသန်​​လေ့လာရ၏၊ ဥပ​ဒေ များသာကုန်​၏ ဥပ​ဒေ မလိုက်​နာသူများက ပြည်​သူမဟုတ်​သည်​ကို​တွေ့လာရသည်​၊ ဒီလိုနဲ့ တိုင်းညွှန်​ကြား​ရေးမှုးက ​ခေါ်​တွေ့ပြန်​၏။.​မောင်​ဗညားတစ်​​ယောက်​ မှတ်​ပုံတင်​ ရပြီ အထင်​ဖြင့်​ သွား​ရောက်​​တွေ့ဆုံ၏။ လမ်းခရီး၌ မိုးမိပြီးမဖျားယုံတမယ်​ဖြစ်​၏။  အဝတ်​စားများ ဝယ်​ဝတ်​ရ၏။ ​နေ့လည်​က ​တွေ့ဆုံဖို့သွား​သော်​လည်း.ည​နေပိုင်းမှ​တွေ့ခွင့်​ရ၏။
    ဗုဒ္ဓဘာသာကိုးကွယ်​သူတစ်​​ယောက်​သည်​​မောင်​ဖြူဖြစ်​မည်​ ။.​မောင်​ဖြူ.ကိုယ်​ရင်​ဝတ်​​သော်​ ဥူးဥတ္တမ ဘွဲ့ဖြစ်​မည်​။
    ခရစ်​ယာန်​ တစ်​​ယောက်​ ​မောင်​နီဖြစ်​မည်​။ ဘာသာ​ရေးအရ ​ရောဘတ်​​မောင်​နီဖြစ်​သွားမည်​။
    အစ္စလာမ်​တစ်​​ယောက်​ ​မောင်​ညိုဖြစ်​မည်​။ ဘာသာ​ရေးနာမည်​အရ ​အေဘရာဟင်​ဖြစ်​မည်​။
    လူမျိုးတိုင်းမှာ ဘာသာ​ရေးနာမည်​ ကို ကိုးကွယ်​သည့်​ဘာသာအရ အမျိုးမျိုး.ဖြစ်​နိုင်​သည်​။ နာမည်​ကိုကြည့်​၍.​သွေး​နှောဆုံးဖြတ်​မည်​လား​မေးရ၏။.တိုင်းအရာရှိ အကြပ်​ တွေ့ဟန်​တူသည်​ ရုံးချုပ်​မှညွှန်​ကြားချက်​ကိုဖတ်​ပြမည်​ဆိုပြီး​စောင့်​ခိုင်း၏။. ခနအကြာတွင်​ဖတ်​ပြသည်​။ လူမျိုးအမှန်​ဖြင့်​မှတ်​ပုံတင်​ထုတ်​​ပေးရမည်​ဆို၏။ ဗညား​ပျော်​သွားသည်​။ လုပ်​ဗျာ လူမျိုးအမှန်​ဆိုမှ​တော့ ကမာန်​၊ကရင်​၊ ရှမ်း၊.ဗမာ.ကြိုက်​ရာ​ရေးပြီးထုတ်​​ပေး​တော့ဆို​တော့ တစ်​ခုခု​နှောမှအဆင်​​ပြေမည့်​သ​ဘော​​ဝေ့လည်​​ကြောင်​ပတ်​​ဖြေသည်​။ သူတို့​နှော​စေချင်​သည်​က အိန္ဒိယ၊ ပါကစ္စတန်​ ၊.ဘင်္ဂလီ စသည့်​ ကိုယ်​မသိသည့်​တိုင်းပြည်​များဖြစ်​​နေသည်​။ ဒီ​တော့ဗညား က လူလည်​ ​နှော​စေချင်​ အဲ့နိုင်​ငံ​တွေ မလုပ်​ပါနဲ့ဗျာ အင်္ဂလန်​၊ အ​မေရိကန်​၊ ​နော်​​ဝေ.စတာ​တွေ ကို​နှော​ပေးဗျာ။.အဲ့သံရုံး​တွေကိုလည်းအ​ကြောင်းကြား​ပေး ဒါမင်းတို့ နိုင်​ငံသားအ​နှောလို့။
    ဟုတ်​တယ်​​လေ ဗျာ.​နှောခြင်း​နှော လူကိုလူလိုမြင်​တဲ့ ဒီမိုက​ရေစီပြည့်​ဝတဲ့ နိုင်​ငံအ​နှောခံလိုက်​မယ်
    တရားဝင်​​အောင်​သာ သံရုံး​တွေအ​ကြောင်းကြား​ပေးရင်​အို​ကေပြီ​လေ။.ဒါကဗညားအ​တွေးပိုင်​တယ်​မို့လား?
    သို့​ပေမယ့်​တိုင်းအရာရှိ​ပြောလာတာက ရုံးချုပ်​ကိုသာသွားပါဗျာတဲ့။.​ဘောလီ​ဘော ပဲပုတ်​တာလား? မလုပ်​ရဲတာလား ​တော့ မသိဘူးဗျို့။.ကျုပ်​​တော့ တိုင်းရုံးက ​နေ ​အောင်​ဖျာလိပ်​ပြန်​ခဲ့ရတယ်​။
    တိုင်းအရာရှိ​ပြောတာ​တွေအားလုံး ၁၉၈၂​.နိုင်​ငံသားဥပ​ဒေ အရလည်း​ကောင်း၊ ၂၀၀၈​ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ အရလည်း​ကောင်း မကိုက်​ညီတာကို​တွေ့လိုက်​ရတဲ့အပြင်​ ဝန်​ကြီးဌာနရဲ့ အမိန့်​ညွှန်​ကြားချက်​ကို ​ကျော်​လွန်​သည့်​သ​ဘော​တွေ့ရတယ်​။ အမိန့်​ညွှန်​ကြားချက်​အရ ခရိုင်​အဆင့်​တာဝန်​ရှိသူ​တောင်​ လုပ်​ပိုင်​ခွင့်​ ​ပေးထား​ပေမယ့်​ ​နေပြည်​​တော်​ကို တွန်းပို့​နေ၍ အလွန်​အံ့အားသင့်​မိပါတယ်​။ အမှန်​တကယ်​က ​အောက်​​ခြေအဆင့်​က ground ဆင်းစစ်​ပြီး ၅ ဦး​ကော်​မတီမှ တည်​ပြုထုတ်​​ပေးခွင့်​ထိ ချမှတ်​ထားပါလျက်​၊ ယခုလို ဟိုလွှတ်​ဒီလွှတ်​ ခိုင်း​စေခြင်း​ကြောင့်​ ကုန်​ကျစရိတ်​များလှသည်​။ထိုကုန်​ကျစရိတ်​များကို ပြည်​​ထောင်​စုအဆင့်​က အ​လျော်​​ပေးမည်​လား ၊.တိုင်းအဆင့်​က​ပေးမည်​လား၊ ခရိုင်​အဆင့်​က​ပေးမည်​လား မသိ​ချေ။ ​နေရာတကာပတ်​လွှတ်​​နေ၍ ​မောင်​ဗညားတစ်​​ယောက်​အမြင့်​ဆုံးအဆင့်​ ကုလသမဂ္ဂထိသွားနိုင်​ရန်​ အင်္ဂလိပ်​စကား​ပြော သင်​တန်းတက်​ရပါ​တော့မည်​။ ကုန်​ကျစရိတ်​များကလည်း အရင်းအနှီး တစ်​ခုသဖွယ်​ရှိ​နေသဖြင့်​ မည်​သူ့ကို အ​လျော်​​တောင်းရမည်​လည်း ? မှတ်​ပုံတင်​ ရရှိ​ရေး ကုလလုံခြုံ​ရေး​ကောင်​စီထိများလွှတ်​​နေမည်​လား အ​တွေးပွားရင်း.ပြည်​ပခရီးသွားရ​ရေး ​တွေးပြီး ငါဟဲ့ဗညား ဟုကြိမ်းဝါးကာ ကြိုးစားရ​ပေ​တော့သည်​။
    ဗညား (or)​အောင်​နိုင်​ဝင်း (or) Saw Lynn Loon
    **ဆောင်းပါးရှင်ထံမှ ခွင့်ပြုချက်တောင်းခံ၍ ကူးယူဖော်ပြပါသည်။
  • အာဇာနည်ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် ရှားရှားပါးပါး ရွှေစကား ရွှေအဆိုအမိန့်များ
    အာဇာနည်ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် ရှားရှားပါးပါး ရွှေစကား ရွှေအဆိုအမိန့်များ
    ဇူလိုင် ၁၇ ၊ ၂၀၁၇
    M-Media
    မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့သည် နယ်ချဲ့လက်ပါးစေ အာဏာရူးတစ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်မှာ ၂၀၁၇ခု ဇူလိုင်လ ၁၉ရက်နေ့တွင် နှစ်(၇၀)တိုင်ခဲ့ပေပြီ။ ဗိုလ်ချုပ် လုပ်ကြံခံရစဉ် ဗိုလ်ချုပ်၏အသက်သည် ၃၂နှစ်သာရှိသေးသည်။ ဗိုလ်ချုပ်သည် “ မတစ်ထောင် တစ်ကောင်ဖွား ယောက်ျားအာဇာနည်ကောင်းတစ်ယောက်” ဖြစ်သလို တစ်ခေတ်မှာ တစ်ယောက် ဟု  မော်ကွန်းတင်ထိုက်လောက်အောင် အပြောမဟုတ် အလုပ်နှင့်သက်သေပြခဲ့သည့် ပုဂ္ဂိုလ်ထူး ဖြစ်သည်။
    ခေါင်းဆောင်ကောင်းတို့သည် မိမိတိုင်းပြည်နှင့်လူမျိုးအတွက် “ဘာပေးဆပ်ရမလဲ” ဆိုတာကိုပဲ အမြဲတွေးတောသည်။ ခေါင်းရှောင်တို့သည် တာဝန်သိမှု၊ တာဝန်ယူမှုမရှိသူဖြစ်သည်။ မိမိအတွက် ဘာအခွင့်အရေးရမလဲ ဆိုတာကိုပဲ တွေးတောတတ်သူဖြစ်သည်။ ဗိုလ်ချုပ်သည် ခေါင်းဆောင်ပီသလွန်း၍ ပြည်သူလူထုကြီး၏ အချစ်တော်ဖြစ်ခဲ့ရသည်။ ဗိုလ်ချုပ်လုပ်ကြံခံရ၍ သေ ဆုံးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းကြာခဲ့ပြီဖြစ်သော်လည်း ဗိုလ်ချုပ်ပြောခဲ့၊ ဟောခဲ့သည်များကို လေ့ လာကြည့်လျှင် ပွင့်လင်းမှု့၊ရိုးသားမှု အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်မှုတို့ကို တွေ့ရှိရမည် ဖြစ်သည်။
    ဗိုလ်ချုပ်၏ ပညာရေးအားပေးပုံနှင့်ပတ်သက်၍ တင်ပြရလျှင် တစ်ချိန်က “ကျနော်စစ်ထဲဝင် ချင်တယ်” ဟုပြောခဲ့သော သတင်းစာဆရာကြီး ဦးဝင်းတင်အား “ ဘယ်နှစ်တန်းလဲ”ဟု ဗိုလ်ချုပ်က မေးခဲ့သည်။ “၇တန်း” ဟု ဖြေခဲ့သောအခါ “ ငယ်သေးတယ်။ ပညာတတ်အောင်ဆက် သင်။ စစ်ထဲမ၀င်နဲ့” ဟု ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ အကြံပြုခဲ့ပေသည်။
    ရဲဘော်တွေနဲ့ ပတ်သက်၍ ဇနီးသည် ဒေါ်ခင်ကြည်အား “ကြည်– အိမ်ကရဲဘော်တွေကို ဈေးခြင်းတောင်း မဆွဲခိုင်းပါနဲ့။ သူတို့က နိုင်ငံတော်အတွက်ကွ” ဟု ကြိုတင်တားမြစ်ခဲ့ဖူးသည်ကို ကြည့်လျှင်၊ တစ်နေ့ ရှမ်းတိုင်းရင်းသား မိတ်ဆွေကြီးတစ်ဦးက “ ဝေ့– ဗိုလ်ချုပ် နင်လိုရာသုံးဖို့၊ ရွှေ ဒင်္ဂါးကိုငါလာလှူတာ” ဟုပြောသောအခါ ဗိုလ်ချုပ်က “ ထားခဲ့ပါ။ ရှမ်းကြီးရယ် မနက်ကျရင် ဖဆပလ ကိုကျုပ်ပို့ပေးပါမယ်”ဟု အတ္တစိတ်ကင်းမဲ့ပုံကိုကြည့်လျှင် “အငယ်ဆုံးသမီးလေးကို နားကပ်လေးတစ်ရံ ခမည်းပေးဖို့ နတ်မောက်က အမေဆီ ပိုက်ဆံလှမ်းမှာထားရတယ်”ဟု ရိုးသား ပွင့်လင်းစွာ ပြောဆိုခဲ့ပုံများကို လေ့လာမိသူတိုင်း ရင်ထဲနင့်အောင်ခံစားရပါသည်။ ယနေ့တိုင် မမေ့ နိုင် အံ့ဝင်ခွင်ကျ မှန်ကန်နေတာကတော့ ၁၉၄၅ ခုနှစ်သြဂုတ်လ ဖဆပလအဖွဲ့ချုပ်၌ ဒီမိုကရေစီ ၀ါ ဒနှင့်ပတ်သက်၍ “ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ လွတ်လပ်တဲ့ မြန်မာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကိုအားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကို ကျွန်တော်တို့ ရည် ရွယ်ရမယ်” ဟု မိန့်ကြားခဲ့ပုံသည် ယနေ့ခေတ်စနစ်နှင့်တစ်ထပ်တည်းဖြစ်နေသည်။
    သူတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ “ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေအထားမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာနိုင်ငံသားတွေရဲ့ စိတ်ထဲမှာအော့နှလုံး နာစရာဖြစ်မယ်ဆိုရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်။ တပ်မတော်ခေါင်း ဆောင်တွေရဲ့ အရည်အချင်းညံ့ရင် ဒီတပ်လည်းညံ့မှာပဲ။ ဒီတပ်ညံ့ရင် ဒီတိုင်းပြည်၊ ဒီနိုင်ငံလည်းညံ့ မှာပဲ။ ဒီနိုင်ငံညံ့ရင် ဒီလွတ်လပ်ရေးလည်း အလကားပဲ။ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ဆက်ဆံတဲ့အခါ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ။ မှန်မှန်ကန်ကန်ဆက်ဆံပါ။ ရဲဘော်တို့ကို သူတို့အားကိုးချင်လာ အောင် အလုပ်လုပ်ပါ။ ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ဒီ ပြင်နိုင်ငံမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာမဟုတ်ဖူး။ စစ်သားမဟုတ်ပေမယ့်လည်း နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ စွန့်လွှတ်စွန့်စားလုပ်ခဲ့ကြတဲ့ သူတွေလည်းရှိတယ်။ ဒါကြောင့် စစ်သား မှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှင်းဆဲဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာစစ်တပ်ရဲ့အ စေခံ မဖြစ်စေရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြော တာ စစ်တပ်ကို ပြန်နှိမ်ချင်တဲ့သဘောနဲ့ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်သူတွေ ဖြစ်ကြသော်လည်း  မတရားတာမလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ” ဟု သူထူထောင်ခဲ့သော မြန်မာ့တပ် မတော်ကို “ဆောင်ရန်၊ ရှောင်ရန်” များကို မိန့်မှာခဲ့ဖူးခဲ့သည်မှာ မှတ်သားစရာကောင်းလှပါသည်။
    အချို့က နိုင်ငံရေးကိုငါတို့နှင့်မဆိုင်ဟု ယူဆကာ စိတ်ဝင်စားမှု့ မရှိကြ။ စိုးရိမ်ထိတ်လန့်ကြ သည်။ ကြောက်ရွံ့ကြသည်။ ထိုသူများကို ဗိုလ်ချုပ်က “ လူတိုင်းကတော့တိုင်းရေး ပြည်ရေးကိုသာ နိုင်ငံရေးလို့တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘဝ ရပ်တည်ရေးကစပြီး ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ကိုယ့်ကျေးရွာ၊မြို့နယ်၊ခရိုင်၊တိုင်းပြည်မကြီးတစ်ခုလုံးရဲ့ အလုံးစုံလူမှု့ရေးကိစ္စတွေ ဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးစကားနဲ့ ပြောရင်တော့ လူတွေရဲ့စားမှု့၊သောက်မှု့၊နေမှု့၊ထိုင်မှု့အား လုံးဟာ နိုင်ငံရေးပါပဲ” ဟူ၍ လူထုနားလည်အောင်ရှင်းပြနိုင်ခဲ့သည်။
    ထို့အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သူပြုစုပျိုးထောင်ခဲ့သော တပ်မတော်ကို အခွင့်ထူးခံလူတန်းစားတစ်ရပ် မလုပ်ကြဖို့၊ လွှတ်တော်အပေါ် လက်ဝါးကြီးမအုပ်ဖို့  ၁၉၄၇ ခုနှစ် ဇွန်လ (၁၀)ရက်နေ့တွင် တိုင်းပြု၊ပြည်ပြုလွှတ်တော်၌ ရွှေအဆိုအမိန့်တစ်ရပ် မိန့်ကြား ခဲ့သည်မှာ “ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ အဲဒီ ညီ ညွတ်ရေး နှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရအုပ်ချုပ်၊အုပ်ချုပ် “ဖာသည်” တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန် တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို မပျက်ပြားစေနဲ့။ ဘယ်သူက ဘာပဲလုပ်လုပ် မပျက် ပါစေနဲ့။အဲဒါ အင်မတန်အရေးကြီးတယ်။” ဟုလည်းကောင်း၊ သူ၏ တပ်မတော်နှင့် ပတ်သက်၍လည် “မှတ်ထားကြ။ ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ကောင်၊ တစ်ကောင်မှ မရှိစေရဘူး။ မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်မယ်။ လူထုဆင်းရဲရင် တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလည်းဆင်းရဲမယ်။ ငါတို့တွေတည်ထောင်ခဲ့တဲ့ ဒီ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်” ဟူ၍လည်းကောင်း၊ လွှတ်တော်နှင့်ပတ်သက်၍ စစ်တပ်ကို မိန့်ကြားခဲ့သည်မှာ “စစ်တပ်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမျှအစိုးမရတဲ့ စစ်အာဏာရှင်စနစ်မျိုး မရှိရလေအောင် စစ်တပ်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်” ဟူ၍ တိုင်းပြည်လွှတ်တော်အထက် စစ်တပ်မရှိသင့်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို တပ်မတော်ဖခင်ကြီး ကိုယ်တိုင် မလိုလားကြောင်း  ဒီမိန့်ခွန်းက မီးမောင်းထိုးပြနေပါသည်။
    မြန်မာနိုင်ငံကြီးတွင် မတူကွဲပြားသော ဘာသာဝင်များ၊ လူမျိုးနွယ်များ အတူတကွ ယှဉ်တွဲနေထိုင်နေကြောင်းကို သိနေသော၊ ဘာသာရေး လူမျိုးရေး မခွဲခြားတတ်သော ဗိုလ်ချုပ်ကို ဒီးဒုတ်ဦးဘချိုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းဖို့၊ တိုက်တွန်းပြောဆိုခဲ့သော အခါ ဗိုလ်ချုပ်က အနည်းငယ် စိတ်ဆိုးဒေါသဖြစ်ကာ ပြန်ပြောခဲ့သည်မှာ “ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင်တွေ ရှိတယ်။ အစကတည်းက နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေလည်း ရှိတယ်။ အဲဒီတောင်တန်းသားတွေဟာ မြန်မာပြည်ကြီး အင်္ဂလိပ်လက်အောက် ကျရောက်သွားတဲ့အခါ အချို့က ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်သွားကြပြီး အရိုးစွဲနေကြတာ ရှိတယ်။ သူတို့တွေအားလုံးဟာ နိုင်ငံသားတွေပဲ။ တိုင်းပြည်ကို ကျွန်တွင်းက တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း  ပါခဲ့ကြတာမဟုတ်ဘူး။ သူတို့အားလုံးလည်း ပါခဲ့ကြတယ်။ အခု ကျွန်တွင်းက လွတ်မယ် မကြံသေးဘူး။ သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါ့တို့ လူအများစုရဲ့ ဗုဒ္ဓဘာသာကို နိုင်င့တော်ဘာသာ ဖြစ်ရမယ်လို့ လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားကြမှာပါ ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ၊ ဘာတွေ လုပ်မနေစမ်းပါနဲ့။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံးကို စည်းရုံးဖို့လိုတယ်” ဟု ဘာသာရေးနှင့် နိုင်ငံရေးကို မရောထွေးဖို့၊ အမြတ်မထုတ်ဖို့၊ တစ်ကန့်စီ ခွဲထုတ်ကာ နိုင်ငံရေးအမြော်အမြင် ပြည့်ဝစွာ ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပေသည်။
    တိုင်းပြည်တစ်ပြည်တွင် ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ခြင်းကို ခံရသော အစိုးရအဖွဲ့သာလျှင် အကောင်းဆုံးဖြစ်ကြောင်းကို တပ်မတော်ဖခင်က “တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရဖြစ်တာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာကို ကျုပ်တို့သိလာတဲ့တစ်နေ့မှာ ကျုပ်တို့ တွယ်ကပ်မနေဘူး။ ဒါပေမယ့် တစ်နှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါ ကျုပ်တို့ဟာ ဘယ်လိုလူစားမျိုးတွေလဲ။ ရာဇ၀င်သမိုင်းမှာ အရေးခံရမယ့် လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားမျိုးတွေလား ဆိုတာကို ခင်ဗျားတို့ကိုယ်တိုင် သိလာပါလိမ့်မယ်။” လူထုကြီးက မကြိုက်ရင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ‘မျှော့’ သတ္တ၀ါလို တွယ်ကပ်နေမည် မဟုတ်ကြောင်း မိန့်ကြားပုံများသည် လူထုဆန္ဒကို တန်ဖိုးထား လေးစားကြောင်း ပေါ်လွင်လှပေသည်။
    ဘာသာရေးခုတုံးလုပ် နိုင်ငံရေးအမြတ်ထုတ် အစိုးရအုပ်ချုပ်ရေး ယန္တရားကြီး ပရမ်းပတာဖြစ်အောင် နောက်ကွယ်က ၀င်ရှုပ်နေသူများနှင့် ပတ်သက်၍ “နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ ပြောဆိုနေကြသူများမှာ ယုတ်မာညစ်ထေးသူများသာလျှင် ဖြစ်တယ်။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့ အကြီးအကျယ် လီဆယ်ပြောဆိုခြင်းအားဖြင့် ပြည်သူတို့၏စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်နိုင်စွမ်း မရှိအောင် လုပ်ခြင်းမျှသာ ဖြစ်တယ်။ အမှန်မှာ ထိုသူတို့၏ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့ အကောက်ဥာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေးအတွက် တစ်နပ်စားနိုင်ငံရေးပင် ဖြစ်တယ်။ ကိုးကွယ်သည့် ဘာသာတရားများမှာ လူအသီးသီး၏ သက်ဝင်ယုံကြည်မှုပင်ဖြစ်သည်။ နိုင်ငံရေးမှာကား လူအသီးသီး ပေါင်းသင်းဆက်ဆံမှု၊ သိပ္ပံအတတ်ပညာသာလျှင်ဖြစ်တယ်” ဟု ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြား သိမြင်ဖို့လိုကြောင်း သတိပေးထောက်ပြခဲ့ခြင်းသည် ယနေ့ခေတ် အခြေအနေနှင့် စပ်ဟပ်လျက် ရှိသည်ကို တွေ့မြင်နိုင်သည်။
    ၁၉၄၄ ခု၊ ဒီဇင်ဘာလ ၂၄ ရက်တွင် တပ်မတော်ဟူသည် ပြည်သူလူထုအတွက် ဖြစ်ရမည် ကို ဗိုလ်ချုပ်က “ ပြည်သူ့တပ်မတော်သည် ပြည်သူတို့နှင့် တသားတည်း ရှိရမည်။ ပြည်သူ့တပ်မ တော်သည် ပြည်သူတို့၏ လက်ရုံး၊လက်သီး၊ပြည်သူများ၏ ဓားသွားဖြစ်ရမည်။ ပြည်သူများ၏ အကျိုးကို ကာကွယ်ရမည်” ဟူ၍လည်းကောင်း၊ “ အခြားနိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျုပ်တို့က ခြေလှမ်း ၄-၅- ၁၀ လှမ်း လှမ်းလိုက်နိုင်မှ အဲဒီလိုလိုက်နိုင်တဲ့အခါကျမှ နောက် ၁၀နှစ်၊ အနှစ် ၂၀ တန်သည့်အားဖြင့် အဲဒိလိုတန်းတူ၊ညီတူ ဖြစ်သွားမယ်။ တန်းတူ၊ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ “ဖာသည်” လိုနိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်”ဟု ခပ်ပြတ်ပြတ်ပြောဆိုခဲ့သော ဗိုလ်ချုပ်ကို ပြည်သူလူထုက အပြစ်မမြင် အချစ်သာမြင်ခဲ့ပေသည်။ ဗိုလ်ချုပ်သည် အာဏာမရူးကြောင်း၊ အာ ဏာမမက်ကြောင်းကို “လွတ်လပ်ရေးရပြီးရင် ကျုပ်နိုင်ငံရေးလောကမှ ထွက်မယ်။ ခြံလေးစိုက်ပြီး၊ စာပဲရေးချင်တယ်ဗျာ။ မင်္ဂလာဒုံက ခြံလေးကို ကြိုက်သား ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင် ဘူး။ ခြံမရှိရင်နေ ကလေးတွေကိုတော့ ကျောင်းကောင်းကောင်းထားချင်တယ်ဗျာ” လို့ ရိုးသားပွင့်လင်း ရင်တွင်းဖြစ်စကားများ အနာဂတ်ကြိုမြင်၊ကြိုတင်မိန့်ခဲ့သော ဗိုလ်ချုပ်ကို နယ်ချဲ့ကြိုးဆွဲရာကခဲ့ သည့် ဗမာလူမျိုး၊ဗုဒ္ဓဘာသာဝင် မျိုးချစ်ပါတီခေါင်းဆောင် ဦးစောနှင့်အပေါင်းအပါတစ်စုက ၁၉၄၇ ခု ဇူလိုင်လ ၁၉ရက်နေ့၊စနေနေ့ ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ အစည်းအဝေး  လုပ်နေစဉ် လုပ်ကြံခဲ့မှု့ကြောင့် ဗိုလ်ချုပ်ရခဲ့သွားသည်မှာ ကျည်ဆံ ၁၃တောင့်ပင်ဖြစ်သည်။
    ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးကျဆုံးခဲ့သော်လည်း “အာဇာနည်တို့သည် လူသာသေဆုံးပြီး နာမည်နှင့် သမိုင်း ဘယ်တော့မှမသေဆုံးကြောင်း၊မြန်မာ ပြည်သူလူထုသည် တိုင်းပြည်အတွက် ထိုက်ထိုက်တန်တန် စွန့်လွှတ်ပေးဆပ်သူတို့ကို ကမ္ဘာတည်သရွေ့ မြန်မာပြည်တွင် အမှတ်တရ ကျေးဇူးသိ ဂုဏ်ပြုနေမှာဖြစ်ကြောင်း” ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းဝင်ရွှေစကား ရွှေအဆိုအမိန့်များကို လက်လှမ်းမှီသလောက် တင်ပြရင်း ကျေးဇူးရှင် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးခဲ့လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြု မော်ကွန်းတင်အပ်ပါသည်။
    ဂျက်ဖရီတင်အုန်း (ရန်ကုန်တက္ကသိုလ် R.I.T)
  • ” ၁၉ ဇူလိုင် အာဇာနည်တွေရဲ့ မှတ်သားစရာ သမိုင်းဝင်စကားများ”
    ” ၁၉ ဇူလိုင် အာဇာနည်တွေရဲ့ မှတ်သားစရာ သမိုင်းဝင်စကားများ”
    ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံကို ၁၉၄၈ခု၊ဇန်နဝါရီလ ၄ရက်၊ မနက် ၄နာရီ ၂၀ မိနစ် တွင် လွတ်လပ်ရေးပေးခဲ့သည်။ ထိုသို့လွတ်လပ်ရေးကြီးရဖို့ရန် တိုင်းပြည်အတွက် အသက်သွေး၊ချွေး၊ ပေးဆပ်ခဲ့ကြသော အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးများ ပေါ်ထွန်းခဲ့ဖူးသည်။ လွတ်လပ်ရေး ဗိသုကာကြီး တပ်မတော်ဖခင်ကြီးဟု တင်စားခံရသော ဗိုလ်ချုပ်အောင်ဆန်း အပါဝင် အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး( ၉ )ဦးတို့သည် နယ်ချဲ့လက်ပါးစေ အလိုတော်ရှိများ၏ လုပ်ကြံသတ် ဖြတ်မှု့ကြောင့် ၁၉၄၇ခု ဇူလိုင်လ (၁၉)ရက်၊စနေနေ့ မနက် ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး (“မဆလ” အစိုးရခေတ် ဝန်ကြီးများရုံးဟုခေါ်ဆို) အစည်းအဝေးခန်းမအတွင်း အရေး ပေါ်အစည်းအဝေးပြုလုပ်နေစဉ် လုပ်ကြံခံခဲ့ရပါသည်။ ယခုဆိုလျှင်ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ နှစ် (၇၀) တိုင်ကြာခဲ့ပေပြီ။ သို့သော် စာရေးသူအပါဝင် မျိုးချစ်စိတ်ဓာတ်ရှိသည့် မြန်မာလူမျိုးတိုင်း ဇူလိုင်လ ၁၉ရက်ရောက်ခါနီးတိုင်း ရောက်တိုင်း ရင်ထဲ ဆို့နင့်ခံစား မျက်ရည်တွေလည်ခဲ့ရသည်မှာ နှစ်စဉ်လိုလိုပင် ဖြစ်သည်။
    ဒါ့ကြောင့်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် တန်ဖိုးကြီးကြီးပေးဆပ်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် သူတို့၏အမှတ်တရ သမိုင်းဝင်စကားလေးများကို တင်ပြခြင်းသည် ဂုဏ် ပြုထိုက်သူကို ဂုဏ်ပြုရာရောက်သည်ဟု ခံစားမိပါသည်။
    ပြည်သူ့အချစ်တော် ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခု ဖေဖော်ဝါရိလ ၁၃ ရက်တွင် နတ် မောက်မြို့၊ မကွေးတိုင်းတွင် မွေးဖွားခဲ့သည်။ အသက် ၃၂ နှစ် ၅လ အရွယ်တွင် ဘုရင်ခံ အမှု့ဆောင် ကောင်စီဒုတိယ ဥက္ကဋ္ဌ လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် နို်င် ငံခြားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ “ ငါ့ပြည်သူတွေ အနွေးထည်ဝယ် မဝတ်နိုင်တာ ဟာ ငါ့အပြစ်” ဟုသဘောထားခဲ့သည်။ တစ်မျိုးသားလုံးအရေးကို ခေါင်းထဲအမြဲထည့်ခဲ့သော ကြောင့် “သားဖြစ်သူ ဗိုလ်ချုပ်ကို တွေ့ချင်လွန်းလို့ မကွေးက လာခဲ့တဲ့မိခင်ကြီးကို တိုင်းပြည်အရေး လုံးပမ်းနေရသောကြောင့် မချစ်ချင်ယောင်ဆောင်ခဲ့သည်။ မိခင်ကြီးအိမ်ပြန်တဲ့အခါ ရထားဘူတာရုံ ကိုလိုက်ပို့ခဲ့သည်။ ရထားလည်းထွက်ရော ဘူတာရုံမှာ ဒူးထောက်ရင်း ကြိတ်မှိတ်ခံစားငိုကြွေးခဲ့ သည်။ နှလုံးသားကို အကျဉ်းချပြီး တိုင်းပြည်လွတ်လပ်ရေးအတွက် အချိန်ပေးကြိုးပမ်းခဲ့သည့် မိမိ ၏ဘဝတစ်ခုလုံးကို စတေးခဲ့သည့် ထိုကဲ့သို့ “မတစ်ထောင်၊ တစ်ကောင်ပွား” ယောက်ျား အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးကို အာဃာတတရား အတ္တစိတ်များ၊ အာဏာရူးသွပ်မှု့များ မွန်ထူနေသော မျိုးချစ်ပါတီခေါင်းဆောင် နယ်ချဲ့ဗြိတိသျှ၏ လက်ပါးစေ ဂဠန်ဦးစောနှင့် အပေါင်းပါများ၏ နိုင်ငံတော်လုပ်ကြံမှု့ကြောင့် ကျည်ဆံ(၁၃) ချက်သင့်ကာ သူချစ်သော မြန်မာပြည်ကြီးနှင့် မြန်မာလူမျိုးတို့ကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပေသည်။
    ဗိုလ်ချုပ်၏ အစ်ကိုရင်းလည်းဖြစ်သူ ကျောင်းဆရာတစ်ဦးလည်းလုပ်ခဲ့ဖူးသူ အာဇာနည် ဦးဘဝင်းကို ၁၉၀၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အသက်၄၆ နှစ်အရွယ်တွင် ရေနံချောင်း ဖဆပလ ဥက္ကဋ္ဌ၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးအနေဖြင့် ဗိုလ်ချုပ်၏အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကို အင်္ဂလိပ်စာသင်ပေးခဲ့သော ဆရာတစ်ဦးလည်းဖြစ်သည်။ နယ်ချဲ့လက်ပါးစေ လက်ချက်ကြောင့် ကျည်ဆံ ၈ချက်သင့်ကာ ထိုနေရာတွင်ပင် အသက်ပေးလှူ သွားခဲ့သည်။
    မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းကို ၁၉၀၇ခုနှစ်တွင် မွေးဖွားခဲ့သည်။ အသက်၄၀တွင် နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ငယ်စဉ်က သူကိုယ်တိုင် “ပေါင်” ပေါ်တွင် “ကြောင်ရုပ်” ထိုးခဲ့မိတာကို ရှက်မိခဲ့ပြီး လူငယ်တွေကို “ဆေးမှင်ကြောင် မထိုးပါနဲ့လို့” မကြာခဏ မှာကြားပြောဆိုတတ်သည်။ ဦးခေါင်းတွင် ကျည်နှစ်ချက်သင့်ကာ ဇူလိုင် ၂၀ရက် မွန်းတည့်ချိန်တွင် သေဆုံးခဲ့သည်။
    အတွင်းဝန် ဦးအုန်းမောင်ကို ၁၉၁၃ခုတွင် မွေးဖွားခဲ့ပြီး အသက် ၃၄ နှစ်အရွယ်တွင် ဒုတိယ အတွင်းဝန် (အိုင်စီအက်စ်) ရာထူးအပြင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဋ္ဌာနဝန် ကြီးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သယ်ယူပို့ဆောင်ရေးစီမံကိန်းစာရွက်ကြီးကို ကိုင်စွဲကာ အစည်းအဝေးခန်းမထဲကို ငါးမိနစ်စောကာဝင်ခဲ့သည်။ “ကံဆိုးတယ် ပြောမလား၊ ကံကောင်းတယ် ပြောမလား”  လူသတ်သမားရဲ့ကျည်ဆံ ၅တောင့်က သူ့ကိုယ်ထဲနစ်ဝင်သွားလိုက်တာယူလာခဲ့တဲ့ စီမံကိန်းစာရွက်ကြီး သွေးစွန်းသွားခဲ့တာ သမိုင်းသက်သေတစ်ခုဖြစ်သွားခဲ့တယ်။
    ဆရာကြီးဒီးဒုတ်ဦးဘချိုကို ၁၈၉၃ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဒီးဒုတ်ဂျာနယ်တွင် မိမိတတ် သည့် ကလောင်စွမ်းနှင့် တိုင်းပြည်အတွက် ရှိသမျှခွန်အားပေးဆပ်ရင်း အသက်၅၄ နှစ်အရွယ်တွင် ပြန်ကြားရေးဝန်ကြီးတာဝန်ကို ထမ်းရွက်နေစဉ် လူသတ်သမား၏ ကျည်ဆံတစ်ခု ဦးနှောက်ထဲဝင် ခဲ့ပြီး ကျည် ၅ ချက်သင့်ကာ ဇူလိုင်လ ၁၉ရက် နေ့လည်ပိုင်းတွင် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
    အာဇာနည်ခေါင်းဆောင်ကြီး သခင်မြကို ၁၈၉၇ခုတွင် မွေးဖွားခဲ့ပြီး ၁၉ ဇူလိုင်တွင် ထမင်းကို ခပ်သွက်သွက်စားကာ ဇနီးသည်ကို နှုတ်ဆက် အိမ်ကအထွက် ဂျစ်ကားနှင့်ခြံတံခါးငြိနေတာတွေ့ တော့ ဇနီးဖြစ်သူက အတိတ်နိမိတ်ကံမကောင်းလို့ ယူဆတာနဲ့ “မသွားပါနဲ့လို့”  ပြောတဲ့ ဇနီးသည် ကို တစ်ချက်ကလေးပြုံးပြပြီး “ငါ့ကို ဗိုလ်ချုပ်စောင့်နေလိမ့်မယ်” လို့ ဖြေကြားခဲ့တဲ့ သခင်မြဟာ အသက် ၅၀မှာ ဘဏ္ဏာရေးဝန်ကြီးတာဝန်ကို ထမ်းရွက်နေစဉ်ဖြစ်တယ်။ “နှုတ်လုံတဲ့လူ” ဟု ခေါင်း ဆောင်များကြားထင်ရှားခဲ့ပြီး လူသတ်သမား၏ ကျည်တစ်ချက်အဆုတ်ကို ဖောက်ကာ ထိုနေရာ တွင်ပင် သေဆုံးခဲ့သည်။
    မန္တလေးမြို့က အမျိုးသားကျောင်း၊ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဆရာကြီး ဦးရာဇတ်ကို ၁၈၉၈ ခုနှစ်တွင် မန္တလေးတိုင်း၊မိတ္ထီလာမြို့တွင်မွေးဖွားခဲ့သည်။ အသက်၄၉ နှစ်အရွယ် ဗိုလ်ချုပ်၏ အစိုးရအဖွဲ့တွင် ပညာရေး နှင့် အမျိုးသားရေး စီမံကိန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အတွင်းဝန်ရုံး အစည်းအဝေးခန်းမတွင် ကျည်ဆံ ၆ ချက်သင့်ကာ ဒဏ်ရာအပြင်းအထန်ရနေစဉ် အတွင်း အနီးနားက သူတွေကို ပြောဆိုခဲ့တာက “ ဗိုလ်ချုပ်နှင့် သခင်မြကို အရင်ကြည့်ပါ။ ကျွန်တော်က အရေးမကြီးဖူး” ဟုပြောဆိုခဲ့သော ကိုယ်ချင်းစာနာစိတ်ပြင်းပြပြီး မေတ္တာဓာတ်ကြီးမား သူ အမျိုးသားကျောင်းအုပ်ဆရာကြီး၏ ရင်းတွင်းဖြစ် ခံစားချက် သမိုင်းဝင်စကားသည် မြန်မာ့သ မိုင်းတွင် ဘယ်သူဖျက်ဖျက် ဘယ်တော့မှဖျက်လို့ရမည့် အရာမဟုတ်ပေ။
    ဆရာကြီး ဦးရာဇတ်၏ သက်တော်စောင့်ရဲဘော်ကိုထွေးကို ၁၉၂၉ခု တွင် မွေးဖွားခဲ့ပြီး လူသတ်သမား ရန်ကြီးအောင်ပစ်လိုက်သော ကျည် ၄ချက်သင့်၍ နေရာတွင်ပင် သေဆုံးသွား ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၁၈နှစ် လူပျို၊လူလွတ်တစ်ဦးဖြစ်ခဲ့ပြီး အာဇာနည်ဟူသည် အသက်ကြီး ငယ်မရွေး ဖြစ်နိုင်သည်ကို သမိုင်းသွေးရေးကာ လူငယ်ထုအတွက် သက်သေပြသွားခဲ့ ပါသည်။ ယနေ့ခေတ် လူငယ်ထု အတုယူ အားကျစရာပင်ဖြစ်သည်။
    ကရင်အမျိုးသား ခေါင်းဆောင်ကြီး မန်းဘခိုင်ကို ၁၉၀၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကရင်-ဗမာ ချစ်ကြည်ရေးကို ပျက်ပြားအောင် သွေးထိုးခဲ့သည့် ဗြိတိသျှနယ်ချဲ့ကို တုန့်ပြန်ခဲ့သည့် စကားတစ်ခွန်း ဖြစ်သည့် “ ကိုယ့်လူမျိုးအချင်းချင်း လက်အောက်ရောက်တာဟာ တိုင်းတစ်ပါးလက်အောက်ရောက်တာထက် အများကြီးသာပါတယ်” ဟူ၍ ပြောခဲ့သောစကားသည်  “သူ့ကျွန်မခံစိတ် ပြင်းပြပုံ” ကို မီးမောင်းထိုးပြလျက်ရှိသည်။ အသက်၄၄ နှစ်အရွယ်တွင် စက်မှု့ လက်မှု့နှင့် အလုပ်သမားဝန်ကြီး အဖြင့် တာဝန်ယူနေပြီး လွတ်လပ်ရေးရပြီး အစိုးရဖွဲ့လျှင် ဒုတိယဝန်ကြီးချုပ် ခန့်ထားရန် ဗိုလ်ချုပ်က လျာထားခဲ့သူလည်းဖြစ်သည်။ ကျည်ဆံ ၁၅ ချက် အများ ဆုံးသင့်ကာ နေရာတွင်ပင်သေဆုံးခဲ့ပါသည်။
    မည်သို့ပင်ဆိုစေ အာဇာနည်တို့သည် လူသာသေပြီး နာမည်နှင့်သမိုင်း ဘယ်တော့မျှ မသေ ကြောင်း အာဏာရှင်တို့သည် လူမသေ၊အသက်ရှည်သော်ငြားလည်းပဲ နာမည်နှင့် သမိုင်းအစော ကြီး သေသွားတတ်ကြောင်း သက်သေပြသ သွားခဲ့ပါသည်။ထို့အပြင် အာဇာနည်ခေါင်းဆောင်တွေ က တိုင်းပြည်အတွက် ဘာတွေပေးဆပ်ရမလဲဆိုတာကို အမြဲတွေးတော လုပ်ဆောင်တတ်ကြ ကြောင်း အတုစံနမူနာကောင်းများကို ယနေ့လူငယ်အပေါင်း အတုယူကာ အမိနိုင်ငံတော်ကြီး အတွက် တိုးတက်မှု့အလုံးစုံကို လုပ်ဆောင်သင့်ပါကြောင်း ၁၉ ဇူလိုင်အာဇာနည်နေ့က မီးမောင်းထိုးပြသနေပါကြောင်း တင်ပြလိုက်ပါသည်။
    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)
  • သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၉)
    သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၉)
    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ကောင်းကင်ပြာမှုကို ရှင်းပြသည့် ကားချပ်
    -ကောင်းကင်ကြီး ဘာ့ကြောင့် ပြာနေလဲ။ သက်တံ့ရောင်က ဘယ်မှာဆုံးသလဲ။ ပင်လယ်ကြီးက ဘာ့ကြောင့် သဲကိုဖုံးနေတာလဲ… စသဖြင့် ကလေးတွေရဲ့ မေးမြန်းမှုဟာ ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ပတ်ဝန်းကျင်က ဒီလို သဘာဝအဖြစ်အပျက် တော်တော်များများကို နားလည်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် မွတ်စလင်ပညာရှင်ကြီးတွေဟာ ၉ ရာစုလောက်မှာကတည်းက သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နားလည်ဖို့အတွက် စပ်စုချင်စိတ်ထက်ကိုကျော်ကာ နက်နက်နဲနဲ စဉ်းစားတွေးတောခဲ့ကြပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းမှုဟာ သူတို့ရဲ့စိတ်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။
    ကော်ဒိုဘာက ၁၀ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဟာဇမ် (Ibn Hazm) ခေတ် မတိုင်ခင်နဲ့ သူ့ခေတ်ကာလအတွင်းမှာ နက္ခတ္တဗေဒပညာရှင်တွေက ကြယ်တွေ၊ ဂြိုတွေမှာ ၀ိဉာဏ်တွေ၊ စိတ်မနောတွေရှိပြီး လူတွေအပေါ် လွှမ်းမိုးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အစ်ဗနေ့ဟာဇမ်ကတော့ ပိုပြီး ယုတ္တိရှိတဲ့အမြင်နဲ့ ကြည့်ခဲ့ပြီး အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါတယ်။
    “ဒီကြယ်တွေဆိုတာ ၀ိဉာဏ်တွေ၊ စိတ်မနောတွေမရှိတဲ့ အာကာသ ရုပ်ဝတ္ထုပစ္စည်းတွေ ဖြစ်တယ်။ သူတို့ဟာ အနာဂတ်ကို ကြိုမသိသလို လူသားတွေအပေါ်မှာလည်း သက်ရောက်မှုမရှိဘူး။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၀ိသေသလက္ခဏာတွေကသာ လူတွေအပေါ် ရိုက်ခတ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် နေရဲ့အပူရှိန်နဲ့ ရောင်ခြည်တွေဟာ ဂြိုဟ်တွေအပေါ် ရိုက်ခတ်သလိုမျိုး၊ လကြောင့် ဒီရေအတက်အကျ ဖြစ်သလိုမျိုးပါ”
    ၁၁ ရာစုက မွတ်စလင်ပညာရှင် အလ်-ဘီရူနီ (Al-Biruni) ကလည်း လရဲ့ လှုပ်ရှားမှုသံသရာကို အခြေခံပြီး ဒီရေ အတက်အကျ ဖြစ်ပေါ်မှုကို ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆွမ်နသ် (Somnath) ဆိုတဲ့ မြို့မှာ အလ်-ဘီရူနီဟာ ဒီရေအကြောင်း တော်တော် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး၊ လရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ပေးခဲ့ပါတယ်။
    အလ်-ကင်ဒီ (Al-Kindi)
    အာကာသအရာဝတ္ထုတွေကို လေ့လာဆန်းစစ်ကြတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ကင်ဒီ (Al-Kindi) လို တစ်ချို့ပညာရှင်တွေက ကောင်းကင်ကြီး ပြာနေတဲ့အကြောင်းအရင်းကို ချပြခဲ့ကြပါတယ်။ Treatise on the azure color which is seen in the air in the direction of havens and is thought to be the color of the heaven (အာကာသလမ်းကြောင်းမှာ မြင်နေရပြီး အာကာသအရောင်လို့ ထင်နေသည့် ကောင်းကင်ကြီး၏ အရောင်ဆိုင်ရာကျမ်း) လို့ အမည်ရှည်ရှည် ကျမ်းတိုတစ်ခုနဲ့ အလ်-ကင်ဒီက ဒီအကြောင်းကို ရှင်းပြခဲ့ပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်းပြောရရင် ကောင်းကင်ကြီးက ဘာ့ကြောင့် ပြာနေလဲဆိုတာ လူတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ အလ်-ကင်ဒီက ကောင်ကင်ကြီး ပြာနေတာဟာ ‘လေထဲက အမှုန်လေးတွေနဲ့ ရေခိုးရေငွေ့ပေါင်းထားတဲ့ ကောင်းကင်ရဲ့ အမှောင်တိုက်ကို နေရဲ့အလင်းရောင် ထိတွေ့မှုကြောင့်ဖြစ်တယ်’ လို့ ဆိုပါတယ်။
    “ကမ္ဘာကြီးရဲ့အလင်းနဲ့ ကြယ်တွေရဲ့အလင်း ရောပြီးတော့ အပြာရောင်ဆိုတဲ့ အမှောင်နဲ့ အလင်းကြားက အရောင်မျိုးနဲ့ ကျွန်တော်တို့ခေါင်းပေါ်က အမှောင်တိုက်ကို မြင်နိုင်တယ်။ ဒါဟာ ကောင်းကင်ရဲ့ အရောင်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ် အလင်းနဲ့အမှောင်တို့ဟာ ဒီလေထုကို လာရိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အမြင်အာရုံမှာ မှောက်မှားသွားတာ ဖြစ်ပါတယ်။ နေထွက်တဲ့အချိန်မှာလို အရောင်မရှိတဲ့ အရာတစ်ခုအနောက်ကနေ တောက်ပတဲ့ အခြားအရာတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ပုံမှန်အရောင်တွေကို မြင်ရမှာဖြစ်ပြီး မှန်တစ်ခုရဲ့ အနောက်ကနေ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ မှန်ရဲ့အရောင်နဲ့ အရာဝတ္ထုရဲ့အရောင် ကြားက ကာလာတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ”
    သူ့ခေတ်သူ့အခါက ထိပ်တန်းပညာရှင်အသိုင်းအ၀ိုင်းမှာ ဒီအချက်ဟာ ဗဟုသုတနေအဖြစ်နဲ့တောင် ရှုပ်ထွေးပြီး နားမလည်နိုင်စရာလို့ ထင်ရပေမယ့် အလ်-ကင်ဒီရဲ့ ဒီယူဆချက်ဟာ မှန်ကန်ခဲ့ပြီး ကောင်းကင်ဟာ အမှန်တကယ်တော့ ပြာနေတာမဟုတ်ပါဘူး။ ၉ ရာစု ဘဂ္ဂဒတ်မှာ သိပ္ပံ၊ သင်္ချာ၊ ဂီတနဲ ဆေးပညာမှာ ထူးချွန်တဲ့ က၀ိအကျော်အမော်ဖြစ်တာကြောင့် အလ်-ကင်ဒီရဲ့ ဒီအမြင်တွေဟာ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။
    မွတ်စလင်ပညာရှင်ကြီတစ်ဦးဖြစ်တဲ့  အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham) ဟာ သူ့ခေတ်သူ့အခါက သမရိုးကျအမြင်တွေကို ဖောက်ထွက်သူတစ်ဦးပါ။ နိုင်းမြစ်ရေကြီးတာကို ထိန်းချုပ်ဖို့အတွက် အီဂျစ်ပြည့်ရှင်ရဲ့ ခိုင်းစေမှုကို မလုပ်နိုင်တာကြောင့် အလ်-ဟေသမ်ဟာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ရှေးဟောင်းအီဂျစ်တွေက ဒါကို မလုပ်နိုင်ခဲ့တာကြောင့် သူလည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ အလ်-ဟေသမ်က သိခဲ့ပါတယ်။ သူ့အပေါ် ကျရောက်လာမယ့် အန္တရာယ်ကို ရှောင်ရှားဖို့နဲ့ စူးစမ်းလေ့လာမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ အလ်-ဟေသမ်တစ်ယောက် ရူးချင်ယောင် ဆောင်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်ချထားတာဟာ သူ့အတွက် သင့်လျော်ခဲ့ပြီး အဲဒီအချိန်အတွင်း ပြင်တင်းပေါက်ကနေ ၀င်လာနဲ့ နေရောင်ခြည်အကြောင်းကို အာရုံစိုက် လေ့လာခဲ့ပါတယ်။
    သူ့ရဲ့ ဒီ စူးစမ်းလေ့လာမှုတွေကြောင့် သက်တန့်ဖြစ်ပေါ်လာမှု၊ ရောင်ခြည်ဖျာမှုတွေ၊ နေနဲ့ လတွေဟာ မိုးကုပ်စက်ဝိုင်းနဲ့ နီးလာတဲ့အချိန် အရွယ်အစားကြီးလာတာကို မြင်ရမှု စတာတွေကို ရှင်းပြနိုင်ခဲ့ပါတယ်။ ဒီလို အရွယ်အစားကြီးလာမှုဟာ လေထုကြောင့်ဖြစ်ပြီး ဦးနှောက်က ဖြစ်ပေါ်တဲ့ အမြင်လှည့်ဖျားမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ နေဟာ မိုးကုပ်စက်ဝိုင်းရဲ့အောက် ၁၉ ဒီဂရီမှာ ရှိနေချိန် နေအလင်းရောင်ဟာ လေထုကိုဖြတ်တဲ့အခါ အလင်းယိုင်ပြီး မိမိတို့ဆီကို ရောက်လာတာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ဒါကို အခြေခံကာ လေထုရဲ့အမြင့်ဟာ ၁၀ မိုင်လောက်ရှိတယ်လို့လည်း တွက်ချက်ခဲ့ပါတယ်။
    စပိန်နိုင်ငံ အန်ဒါလူစီယာရှိ အစ်ဗနေ့ဟေသမ်၏ ဂုဏ်ပြုရုပ်ထု
    လုံးနေတဲ့ မှန်သားအတွင်းပိုင်းက အလင်းရဲ့လမ်းကြောင်းအကြောင်း အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ ဖော်ထုတ်မှုကို သက္ကရာဇ် ၁၃၁၉ လောက်မှာ ကွယ်လွန်ခဲ့တဲ့ မွတ်စလင်ပညာရှင်ကြီး ကမာလ် အလ်-ဒင် အလ်-ဖာရစ်စီ (Kamal al-Din al-Farisi) က ပိုမိုပြည့်စုံအောင် လုပ်နိုင်ခဲ့ပါတယ်။ ရေစက်ရေပေါက်လေးတွေကို နေအလင်းရောင်ဖြတ်သွားတဲ့အခါ အလင်းယိုင်မှုနဲ့ပတ်သက်ပြီး အလ်-ဖာရီစီက ဖော်ထုတ်ရာကနေ  ၃မြှောင့်ဖန်တုံးကို အလင်းက ဖြတ်သွားတဲ့အခါ ရောင်စဉ်တွေ ကွဲထွက်လာမှုကို တွေ့ရှိခဲ့ပြီး သက်တံ့ရောင်ဖြစ်ပေါ်လာမှုကို ရှင်းပြနိုင်ခဲ့ပါတယ်။
    ဒါ့ကြောင့် နောက်တစ်ခါမှာ ကလေးငယ်တွေက ‘ဘာ့ကြောင့်’ ဆိုတဲ့အမေးမျိုး မေးလာရင်တော့ အလယ်ခေတ် ဒီ မွတ်စလင်ပညာရှင်ကြီးတွေရဲ့ လေ့လာဖော်ထုတ်မှုအကြောင်းကို ပြောပြပြီး တစ်ဦးချင်း စူးစမ်းလေ့လာမှုကို ကောင်းကောင်းကြီး မီးမောင်းထိုးပြနိုင်မှာ ဖြစ်ပါတယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်
  • “ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ပင်စင်ပေးသည့်စနစ်ပြင်ဆင်သင့်ပြီ”
    “ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ပင်စင်ပေးသည့်စနစ်ပြင်ဆင်သင့်ပြီ”
    နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အသေချာဆုံးသော ရင်းနှီးမြှပ်နှံခြင်းသည် ပညာရေးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ စနစ်တစ် ခုမှတစ်ခုသို့ကူးပြောင်းရာတွင် AUTO စက်ယန္တရားများကဲ့သို့ တမုဟုတ်ခြင်း ချက်ချင်းလက်ငင်း ကူးပြောင်းရန်လည်း လွယ်ကူမည်မဟုတ်ပေ။
    နိုင်ငံတစ်ခု၏သဘာဝသံယံဇာတများဖြစ်သည့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မျက်ရတနာများကို အဓိကထားရပ်တည်နေသော နိုင်ငံတစ်ခု သည် တစ်နေ့တစ်ချိန်တွင် ဒုက္ခကြီးငယ်နှင့်ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ အကြောင်းမှာ ထိုသဘာဝရင်းမြစ်များသည် အချိန်ကာလတစ်ခုတွင် ကုန်ဆုံးရပ်တန့်သွားကြမည်ဖြစ်သည်။
    ခေတ်ဆိုး စနစ်ဆိုးများကို ဖြတ်သန်းရင်း နှစ်ပေါင်း ၅၀ကျော်ပြည်တွင်းစစ်မီးလျှံများကြား နစ်မွမ်းရင်း အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံအောက် ရောက်မှန်းမသိ ရောက်သွားခဲ့သော စာရေးသူတို့နိုင်ငံကြီးကို အသိပညာရှင်၊အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များဖြင့် တည်ဆောက်ချိန် တန်နေပေပြီ။ ထိုလူ့စွမ်းအားအရင်းအမြစ်ယန္တရားအဆာက်အအုံကြီး ခိုင်မာဖွံဖြိုး ဖို့ရန် “ ပညာတည်း” ဟူသော အခြေခံအုတ်မြစ် အမြောက်အမြားလိုနေပေသည်။
    “အတွေ့အကြုံသည် အကောင်းဆုံးသော ဆရာဖြစ်သည်” (Experience is the best teacher) ဟူသောစကားပုံသည် လုပ်ငန်းခွင်နယ်ပယ်တိုင်း အလုပ်လုပ်ရင်း အချိန်ကြာလာသည် နှင့်အမျှ ရရှိလာသော ဗဟုသုတ အတွေ့အကြုံများသည် လူ့အဖွဲ့အစည်းတစ်ရပ်အား ဆရာတစ်ဆူအလား အထောက်အကူဖြစ်စေသည်ကို မီးမောင်းထိုးပြနေပါသည်။
    နှစ် ၃၀ကျော် ကျောင်းဆရာဘ၀ကိုဖြတ်သန်းရင်း ကျောင်းသား၊ကျောင်းသူများ၏ ရင်တွင်း ဖြစ်ခံစားချက် ပဲ့တင်သံများကို နားထောင်ပေးတတ်သော စာရေးသူအနေဖြင့် မြန်မာ့ပညာရေး လောက၏ ကွက်လပ်ဖြစ်နေသော “ဟာကွက်” တစ်ခုကို တိုင်းပြည်အတွက်၊ကျောင်းသားထုအ တွက် ထိခိုက်နစ်နာစရာတစ်ခုအနေနဲ့ ရှုမြင်မိသဖြင့် ဝေဖန်ထောက်ပြအကြံပြုချင်ပါသည်။
    နိုင်ငံတိုင်း၌ ပြည်သူ့ဝန်ထမ်းများနှင့် ပတ်သက်သည့် ဥပဒေသည် အခိုင်အမာရှိပြီးဖြစ် သည်။ ၀န်ထမ်းလုပ်သက်ပြည့်လျှင် သို့မဟုတ် ကျန်းမာရေးမကောင်းလျှင် ဆေးပင်စင်၊ လုပ်သက်ပြည့်ပင်စင် စသည်ဖြင့် တရားဝင်ခံစားနိုင်သော အခွင့်အရေးများကို ဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။
    မြန်မာနိုင်ငံ၏ပညာရေးနယ်ပယ်တွင် စာသင်ကြားပေးနေသော အစိုးရ၀န်ထမ်း ကျောင်း ဆရာ၊ဆရာမတစ်ဦးသည် မိမိ၏လုပ်သက်ပြည့်သည့် “ရက်၊လ” ရောက်သည်နှင့် တစ်ပြိုင်နက် တည်း မိမိ၏တပည့်အပေါင်းနှင့် မိမိ၏မိခင်ကျောင်းတော်ကြီးကို လက်ပြနှုတ်ဆက်ခွဲခွာခဲ့ရသည့် အစဉ်အလာသည် ယနေ့တိုင်ဖြစ်သည်။ ပင်စင်ယူသွားသည့် ဆရာမနေရာတွင် အချိန်နှင့်တပြေး ညီ အစားထိုးဝင်ရောက်သင်ကြားပေးနိုင်စွမ်းရှိသည့် ဆရာမတစ်ဦးအား သက်ဆိုင်ရာကျောင်းများ တွင် အချိန်မီ ခန့်အပ်တာဝန်ပေးနိုင်ခြင်းသည် လွယ်မရောင်နှင့် ခက်လှသည်။ တိမ်မရောင်နှင့် နက်လှသည်။ သို့သော် စာရေးသူ၏လေ့လာတွေ့ရှိချက်အရ ပညာရေးဝန်ကြီးဌာနသည် ထိုပင်စင် ယူသွားသည့် ဆရာမအစား အလားတူ အရည်အချင်းပြည့်ဝသည့် ကျောင်းဆရာမတစ်ဦးအား အ ချိန်မီ ခန့်အပ်တာဝန်ပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် သက်ဆိုင်ရာကျောင်းနှင့် ကျောင်းသားထုအ တွက်များစွာ ထိခိုက်နစ်နာရပါသည်။
    အချို့သော ကျောင်းများတွင် ကျောင်းအုပ်ဆိုသူများသည် အစားထိုးခန့်အပ်မည့် ဆရာမ တစ်ဦးရောက်မလာ မချင်း ပြီးစလွယ်တာဝန်ပေးသည့် လုပ်ရပ်များစွာရှိခဲ့ဖူးပါသည်။ ဥပမာတင်ပြရ လျှင် စာရေးသူ၏ တူမတစ်ဦးတက်ရောက်နေသည့် အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ် အတန်းမှူးဆရာမတစ်ဦးသည် စာသင်နှစ်ဝက်လောက်တွင် လုပ်သက်ပင် စင်ပြည့်၍ အထက်အမိန့် စည်းမျဉ်းစည်းကမ်းအရ မဖြစ်မနေ ပင်စင်စားအနားယူလိုက်ရပါသည်။ အထက်မှ ဆရာမတစ်ဦး ထိုကျောင်းသို့ အချိန်မီမခန့်အပ်ခင် ကျောင်းအုပ်ဆိုသူ၏ တာဝန်ပေးချက်အရ ဇီဝဗေဒ သင်ကြားနေရသော  ဆရာမသည် တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာ ကို သင်ရိုးကုန် အထူးထုတ်စာအုပ်ကြီး တစ်အုပ်ကို ကိုင်၍ သင်ကြားပါတော့သည်။ အင်္ဂလိပ်စာ သည် ဘာသာစကား Language ဖြစ်သည့်အတွက် ဆရာမသည် အချို့သောအဓိပ္ပါယ် (၂)မျိုး၊ ပုံစံ (၂)မျိုး (၃)မျိုးဖြင့် ဖြေဆိုနိုင်သော မေးခွန်းများကို သင်ကြားရာတွင် အလွန်အခြေခံကောင်း၍ စာ ကြိုးစားသော ကျောင်းသား၊ကျောင်းသူများ၏ ဆင်ခြေ၊ဆင်လက်များနှင့် ရင်ဆိုင်ရသောအခါ “နွား ကျောင်းသားအမေး၊ဘုရားလောင်းမဖြေနိုင်သည့် ဖြစ်စဉ်များ”  ပေါ်ပေါက်ကာ စာသင်နေစဉ် အိုးနင်း ခွက်နင်းဖြစ်ကာ ဒေါသမီးများ မကြာခဏလောင်ကျွမ်းခဲ့ရတော့သည်။
    ထိုသို့ဖြစ်ရသည်မှာ ပညာရေးဝန်ကြီးဌာနရှိ အထက်အရာရှိဆိုသူများ၏ စနစ်တကျ စီမံခန့် ခွဲမှု့၊တာဝန်ပေးမှု့ အားနည်းခဲ့သောကြောင့် ပြည်နယ်တိုင်းဒေသကြီးရှိ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသကျောင်းများတွင် ဆရာအင်အားမလုံလောက်သည့်ပြဿနာ၊ ကျောင်းသားအင် အားနှင့် ဆရာမအင်အားမမျှတသည့် ပြဿနာ စသည်တို့ကို ယနေ့တိုင် ကြုံတွေ့ရင်ဆိုင်နေရပါ သည်။
    ပညာရေးဝန်ကြီးဌာန အနေဖြင့် စာသင်နှစ်စကတည်းက မည်သည့်မြို့နယ်၊မည်သည့် ကျောင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြဆရာ၊ဆရာမသည် “ မည်သည့်နေ့၊ မည်သည့်လ” တွင် သက်ပြည့်ပင်စင်ယူမည်။ ထိုသက်ဆိုင်ရာ ဆရာမနေရာတွင် အချိန်နှင့် တပြေး ညီ ခန့်အပ်တာဝန်ပေးရန် စီမံခန့်ခွဲမှု့ အလုံးစုံကို တာဝန်ယူမှု့၊တာဝန်သိမှု့ရှိစွာ ကြိုတင်တွက်ဆ  ဆောင်ရွက်ရပါမည်။ သို့မဟုတ်ပါက အံ့လွှဲ၊အံ့ချော်မှု အပေါင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရမည်ဖြစ် သည်။
    အကြောင်းအမျိုးမျိုးကြောင့် ပင်စင်သက်တမ်းပြည့်၍ အနားယူတော့မည့် သက်ဆိုင်ရာ ဆရာမ၏ရာထူးနေရာတွင် အလားတူ အရည်အချင်းရှိသည့် ဆရာမတစ်ဦးကို မရမချင်း Academic ပညာသင်နှစ်ကုန်ဆုံးသည်အထိ လစာပေးကာ၊ မေတ္တာရပ်ခံကာ တာဝန်ပေး ဆောင်ရွက်စေပါက သင်ပေး၊သင်ယူပြုလုပ်နေကြသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၏ ဟန်ချက်ညီ ပညာရေးစနစ် နှစ်ဦးနှစ်ဘက် ပြေလည်နေသည့် စနစ်တစ်ခုကို အထောက်အကူပြုရာ ရောက်ပါလိမ့်မည်။ ဆရာ၊ဆရာမများအား စာသင်နှစ် တစ်ဝက်တစ်ပျက်ကြားကာလတွင် ပင်စင်ပေးခြင်းထက် သက်ဆိုင်ရာစာသင်နှစ်ကုန်ဆုံးချိန် ရောက်မှ ပင်စင်ပေးခြင်းသည် အလွန်သင့်မြတ်လျော်ကန်ပါကြောင်း အကြံပြုလိုက်ပါတော့သည်။
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)