News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • နိုဘယ်ဆုရှင် မာလာလာကို ငြိမ်းချမ်းရေးသံတမန်အဖြစ် ကုလ ခန့်အပ်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    ကုလအတွင်းရေးမှူးချုပ်နှင့်အတူ တွေ့ရသည့် မာလာလာ ယူဆွဖ်ဇိုင်

    – ပါကစ္စတန်မှ ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ယမန်နေ့တွင် ‘ကုလ ငြိမ်းချမ်းရေး သံတမန်’ အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။

    “ခက်ခဲကြပ်တည်းဆုံး နေရာတွေကို ခင်ဗျား သွားဖူးပြီး၊ ဒုက္ခသည်စခန်း တော်တော်များများကိုလည်း လည်ပတ်ဖူးပါတယ်။ ခင်ဗျားရဲ့ ဖောင်ဒေးရှင်းကလည်း လက်ဘနွန်၊ ဘီကာ ချို့င့်ဝှမ်းဒေသတွေမှာ စာသင်ကျောင်းတွေ ဖွင့်ထားပါတယ်။ (ခင်ဗျားဟာ) ကမ္ဘာပေါ်မှာ အရေးပါဆုံးဖြစ်တဲ့ အားလုံအတွက် ပညာရေး အမှတ်သညာလည်းဖြစ်ပါတယ်” ဟု နယူးယောက်မြို့ရှိ ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် Trusteeship Council အခမ်းအနားတွင် အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

    ဂုဏ်ပြုခန့်အပ်မှုကို လက်ခံခဲ့သည့် မာလာလာက လူ့အဖွဲ့အစည်းများ၊ လူ့အသိုင်းအ၀ိုင်းများ တိုးတက်ရေးအတွက် ပညာရေး၏ အရေးကြီးပုံ၊ အထူးဖြင့် အမျိုးသမီးငယ်များအတွက် ပညာရေးအကြောင်းကို အလေးထား ပြောကြားခဲ့သည်။

    “(ပြောင်းလဲမှု ဆောင်ရွက်ဖို့ကို) ကျွန်မတို့နဲ့ စတင်ရမှာဖြစ်ပြီး၊ အခုပဲ စတင်သင့်ပါတယ်။ အနာဂတ်ကို တောက်ပစေချင်ရင်တော့ အခုပဲ စတင်ဆောင်ရွက်မှာပါ။ အခြားသူတွေကို စောင့်စရာ မလိုပါဘူး” ဟု မာလာလာက ဆိုသည်။

    “ကုလ၏ ငြိမ်းချမ်းရေးသံတမန်” အဖြစ် အရွေးခံရသူများမှာ ထူခြားသူများဖြစ်ပြီး အနုပညာ၊ စာပေ၊ သိပ္ပံ၊ ဖျော်ဖြေရေး၊ အားကစားနှင့် လူမှုဘ၀၏ အခြားသော နယ်ပယ်များမှ ဂရုတစ်စိုက် ရွေးချယ်ခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများမှာ ကုလ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ကိုင်ရန် သဘောတူရသည်။

    Ref: UN

  • တမန်တော်မုဟမ္မဒ်ပေးခဲ့သည့် ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစု အခွင့်အရေး

    တမန်တော်မုဟမ္မဒ်ပေးခဲ့သည့် ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစု အခွင့်အရေး

    ဧပြီ ၁၀၊ ၂၀၁၇
    M-Media

    – ဒီနေ့ ကမ္ဘာမှာ မွတ်စလင်အစွန်းရောက်အဖွဲ့တွေဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အဓိကခြိမ်းခြောက်နေတဲ့ အဖွဲ့တွေဖြစ်နေပါတယ်။

    တိုင်းတစ်ပါးက ကျူးကျော်မှု၊ ခေါင်းပုံဖြတ်မှု၊ အမြတ်ထုတ်မှု၊ ပြည်တွင်းအာဏာရှင် စနစ်၊ ဆင်းရဲမွဲတေမှု၊ လူမျိုးစုတွေအချင်းချင်းကြား မုန်းတီးမှုတွေကနေ ပေါက်ဖွားလာတဲ့ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လုစုတာ၊ ဘဏ္ဍာငွေရှာဖွေတာကနေတစ်ဆင့် အစ္စလာမ့်သွန်သင်ချက် အထူးသြ
    ဖင့် ကုရ်အာန်ကျမ်းတော်မြတ်နဲ့ တမန်တော်မုဟမ္မဒ်သခင်တို့ရဲ့ သြ၀ါဒတွေကို မိမိစိတ်ကြိုက် တစ်လွဲဘာသာပြန်ကာ ဘာသာရေးအသိပညာ နည်းပါးသူတွေကို သိမ်းသွင်းလာကြပြီး အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒီလို သာသနာပ အရေခြုံအဖွဲ့တွေကို ကမ္ဘာ့ အစ္စလာမ့်ပညာရှင်တွေ၊ မွတ်စလင်အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့မွတ်စလင်လူထုက ဆန့်ကျင်နေကြပြီး ဒီအဖွဲ့တွေကို တိုက်ဖျက်ရေးအတွက် မွတ်စလင်တွေကပဲ ဦးဆောင်နေကြတာပါ။

    တကယ်တော့ ကုရ်အာန်ကျမ်းတော်မြတ်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကဏ္ဍ ၁၀၉ ပါဒတော် ၆ “စင်စစ်မှာကား အသင်တို့အဖို့ အသင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍၊ ငါ၏အဖို့ ငါ၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်” ဆိုတဲ့ ကျမ်းချက်နဲ့ အာမခံပေးထားပါတယ်။

    တမန်တော်မုဟမ္မဒ်သခင် ကိုယ်တိုင်ကလည်း ဘာသာရေးသည်းခံမှု၊ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်မှုတွေကို လက်တွေ့ လုပ်ဆောင်ပြခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်ပါ။

    ခရစ်ယာန် ဘုန်းတော်ကြီးတွေကို သူ့ရဲ့လက်နဲ့ ဆောက်လုပ်ထားတဲ့ ဗလီဝတ်ကျောင်းတော်မှာ ဘုရားဝတ်ပြုခွင့်ပေးခဲ့တဲ့ သမိုင်းကျောင်းအခိုင်အမာ ရှိခဲ့သလို၊ အုပ်ချုပ်ရေးအာဏာ အထွဋ်အထိပ်ရောက်နေချိန်မှာ ခရစ်ယာန်တွ၊ ဂျူးတွေရဲ့ ဘာသာရေးအဆောက်အဦး၊ အသက်အိုးအိမ်စည်းစိမ်းတွေကို ကာကွယ်စောင့်
    ရှောက်ပေးကာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးမယ်လို့ စာချုပ်စာတမ်းတွေနဲ့ ကတိပြု အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် အစ္စလာမ်ဆန့်ကျင်ရေး သမားတွေက လက်တစ်ဆုပ်စာ မွတ်စလင်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကို အရင်းတည်ကာ၊ အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး ပိုပိုသာသာလေး ရုပ်ဖျက်ဝါဒဖြန့်တာကြောင့် အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့သူတွေဟာ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို သိရှိဖို့
    ပိုပြီး အလှမ်းဝေးကွာသွားခဲ့ပါတယ်။

    ဒါ့ကြောင့် အစ္စလာမ်ရဲ့ သွန်သင်ချက် အစစ်အမှန်တွေကို သိရှိစေဖို့ ရည်ရွယ်ပြီး တမန်တော်မုဟမ္မဒ်သခင်လက်ထက် ခရစ်ယာန်တွေကို ပေးခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် မှတ်တမ်းတွေထဲက မှတ်ချက် ၁၀ ခုကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

    ၁။ ဘာသာရေးအရ ကာကွယ်ပေးမှု

    “ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သို့မဟုတ် ဘုရားဖူးတစ်ဦးအနေဖြင့် တောင်ပေါ် သို့မဟုတ် မြေပြန့်တွင်ဖြစ်စေ၊ ဂူတွင်း သို့မဟုတ် လယ်ကွင်းတွင်ဖြစ်စေ၊ ကန္တာရ သို့မဟုတ် ဘုရားကျောင်းတွင်ဖြစ်စေ အကာကွယ်ယူပါက ကျွန်ုပ်အနေဖြင့် ၎င်း၏ဖက်မှ ရပ်တည်ကာ ရန်စွယ်ဟူသမျှကို ကာကွယ်ပေးသွားမည် (ဆိုင်နိုင်းတောင်မှ ခရစ်ယာန် ဘုန်းကြီးများနှင့် တမန်တော် မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဉ်စာချုပ်မှ)

    ၂။ ဘာသာရေးလွတ်လပ်ခွင့်

    “ခရစ်ယာန်အမျိုးသမီးများ မွတ်စလင်တစ်ဦး၏အိမ်သို့ ရောက်လာလျှင် ကြင်နာစွာ ဆက်ဆံရမည်၊ သူမတို့ကို ဘုရားကျောင်းသို့ သွားရောက် ၀တ်ပြုခွင့်ပေးရမည်။ သူမနှင့် သူမ၏ ဘာသာတရားကို နှစ်သက်သည့် အမျိုသားအကြား မည်သည့် အနှောက်အယှက်မှ မရှိစေရ။ အလ္လာအရှင်မြတ်၏ ဤ ပဋိဉာဉ်တော်ကို ဖီဆန်သူ၊ ဆန့်ကျင်ဖက်လုပ်သူ မည်သူမဆို အရှင်မြတ်၏ ပဋိဉာဉ်တော်နှင့် အရှင်မြတ်၏ တမန်တော်ကို ပုန်ကန်သူသာ ဖြစ်သည်” (ဆိုင်နိုင်းတောင်မှ ခရစ်ယာန်ဘုန်းကြီးများနှင့် တမန်တော် မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဉ်စာချုပ်မှ)

    ၃။ မွတ်စလင်များ၏ တာဝန်

    “နီးနီး၊ ဝေးဝေး မည်သည့်နေရာမှ ဖြစ်စေ ယုံကြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကူညီရန်၊ ခရစ်ယာန်ဒေသတိုင်းတွင် ၎င်းတို့၏ ၀တ်ပြုကိုးကွယ်ရာနေရာများ၊ ဘုန်းတော်ကြီးများ၊ ရသေ့ရဟန်းများ သီတင်းသုံးသည့် ကျောင်းဆောင်များကို ကာကွယ်စောင့်ရှောက်ပေးရန်မှာ မိမိတို့၏ တာဝန်ဝတ္တရာဖြစ်သည်ဟု မွတ်စလင်တိုင်းက မှတ်ယူရမည်။ တောင်ပေါ်၊ မြေပြန့်၊ မြို့ကြီးပြကြီး၊ ဇနပုဒ်၊ ကန္တာရ စသဖြင့် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ၊ အရှေ့အရပ် သို့မဟုတ် အနောက်အရပ်တွင်ဖြစ်စေ၊ မြေပထ၀ီ သို့မဟုတ် အဏ္ဏ၀ါရေပြင်တွင်ဖြစ်စေ ၎င်းတို့ ကိုးကွယ်ယုံကြည်ရာ အယူဝါဒ၊ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးရမည်” (ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၄။ အတင်းအဓမ္မ ဘာသာမသွတ်သွင်းရ

    “အစ္စလာမ်သာသနာကို လက်ခံရန် မည်သည့် ခရစ်ယာန်ကိုမှ အတင်းအကြပ် မသွတ်သွင်းရ။ ၎င်းတို့အား မကောင်းထင်မြင်ခြင်းမပြုရဘဲ ကောင်းမွန်သည့်အရာများကိုသာ လိုလားရမည်။ မည်သည့်နေရာတွင်မဆို မွတ်စလင်များမှာ ခရစ်ယာန်များအတွက် သနားကြင်နာမှု၊ သည်းခံခွင့်လွှတ်မှုကို ကမ်းလှမ်းရမည်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သူများ၏ ညှင်းပမ်းမှုမှ ထိုခရစ်ယာန်များကို ကာကွယ် စောင့်ရှောက်ပေးရမည်” (ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၅။ မဟာမိတ်ကျင့်ဝတ်

    “ခရစ်ယာန်များမှာ မိမိ၏ လေးစားထိုက်သည့် မဟာမိတ်ဖြစ်သည်။ ၎င်းတို့မှာ မိမိ၏ အခွင့်အရေးကို အသိအမှတ်ပြုသည်။ မိမိတို့နှင့်တွေ့ဆုံမှုအတွင်း ပြုထားခဲ့သည့် ကတိများကိုလည်း ၎င်းတို့က ဖြည့်ဆည်းသည်။ ရှေ့တန်းသို့ မိမိပို့လိုက်သည့် စစ်သည်တော်များကိုလည်း ၎င်းတို့က ကူညီသည်။ မိမိနှင့် ချုပ်ဆု
ိထားသည့် စာချုပ်ပါ ၀တ္တရာများကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းပေးခဲ့ခြင်းကြောင့် မိမိ၏ ဂရုစိုက်မှုနှင့် လေးစားမှုကို ရရှိခဲ့သည်” (နဂ်ျရန်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၆။ ခရစ်ယာန်များကို လစ်လျူမရှုရ

    “မွတ်စလင်များအနေဖြင့် ခရစ်ယာန်များကို စွန့်ပစ်မထားရ၊ လစ်လျူ မရှုရ။ ကူရာ၊ ကယ်ရာမဲ့ဘ၀တွင် မထားရ။ မွတ်စလင်များနှင့် ခရစ်ယာန်များမှာ ကောင်းအတူ ဆိုးအဖက်၊ အေးအတူပူအမျှ နေထိုင်သွားရန် အလ္လာဟ်အရှင်မြတ်၏ ကိုယ်စား ဤစာချုပ်ကို ကျွန်ုပ် ချုပ်ဆိုသည်” ( (နဂ်ျရန်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၇။ ခရစ်ယာန်များကို ကူညီရန်

    “ခရစ်ယာန်များက ၎င်းတို့ ဘုရားကျောင်းများ ပြုပြင်ရန်၊ ပဋိဉာဏ်စာချုပ် ချုပ်ဆိုရန်၊ ၎င်းတို့၏ အရေးကိစ္စများနှင့်၊ ဘာသာရေးကိစ္စများအတွက် မွတ်စလင်များထံ လာရောက် အကူအညီ တောင်းခံပါက၊ မွတ်စလင်များအနေဖြင့် ၎င်းတို့ကို လုံးဝ ကူညီပံ့ပိုးပေးရမည်” (ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)

    ၈။ ခရစ်ယာန်အခွင့်အရေး

    “ခရစ်ယာန်များမှာ မိမိတို့၏ ကာကွယ်စောင့်ရှောက်မှုကို ခြွင်းချက်မဲ့ ခံစားခွင့်ရှိသည်။ အခွင့်အရေးချိုးဖောက်မှုများမှလည်း ၎င်းတို့ကို ကာကွယ်ပေးမည်။ သို့မှသာ မွတ်စလင်များနှင့် အေးအတူ၊ ပူအမျှ တစ်သားတည်း ရှိနေမည်ဖြစ်သည်” (ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲသည့် ပဋိ
    ဉာဏ်စာချုပ်မှ)

    ၉။ ထူးချွန်သူကို ချီးမြှောက်မှု

    “ခရစ်ယာန်များတွင် ထက်မြက်သူ၊ ထူးချွန်သူများရှိပါက မွတ်စလင်များအနေဖြင့် ၎င်းတို့ကို ဂုဏ်ပြု ချီးမြှောက်ရမည်ဖြစ်ပြီး ၎င်းတို့၏ ကြီးကျယ်မှုအတွက် မနာလိုဝန်တိုမှု မဖြစ်ရ” (အက်ဆီရီယန် ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာတမ်း)

    ၁၀။ အပြစ်ရှိသူ

    “ခရစ်ယာန်များအပါ် တရားမဲ့သူ၊ မကြင်နာသူ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ တမန်တော်အမိန့်ကို ချိးဖောက်သည့် အပြစ်ရှိသည်” (အက်ဆီရီယန် ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်ချုပ်)

    (craigconsidinetcd.com တွင် လွှင့်တင်ထားသော 10 Great Prophet Muhammad Quotes on Christians ဆောင်းပါးကို လေးမောင်က ဘာသာပြန်ဆိုဖော်ပြသည်)

    (မူရင်းတင်ပြသူ ဒေါက်တာ ခရေ့ဂ်ျ ကွန်စီဒိုင်းမှာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာများကို အထူးပြု လေ့လာနေသူ တစ်ဦးလည်းဖြစ်သည်)

    Ref: craigconsidinetcd

  • ဆေးဘက် အသိပညာများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၄)

    ဆေးဘက် အသိပညာများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၄)

    ဧပြီ ၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    သူတို့ကွယ်လွန်ပြီးနောက်ပိုင်း ၁၀ စုနှစ်တွေ၊ ရာစုနှစ်တွေအထိ သူတို့ရဲ့ လေ့လာဖော်ထုတ်မှုတွေကို လက်တင်ဘာသာနဲ့ပြန်ဆိုကာ ဥရောပတစ်ခွင်လုံး အသုံးပြုခဲ့ကြတယ်ဆိုတာသာသိရင် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က မွတ်စလင်သမားတော်တွေဟာ ပျော်ရွှင်ကြမှာပါ။

    သက္ကရာဇ် ၈၃၀ မှာ တည်ထောင်ခဲ့တဲ့ အလ်-ကွေရာဝမ် (Qayrawan) လို့ခေါ်တဲ့ ရှေ့ဆောင်လမ်းပြ ဆေးရုံကြီးကြောင့် တူနီရှားနိုင်ငံဟာ ဆေးပညာနယ်ပယ် တိုးတက်ထွန်းကားရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီဆေးရုံဟာ လက်တွေ့ကုသရာ၊ စမ်းသပ်ဖော်ထုတ်ရာ ဆေးရုံလည်းဖြစ်တာကြောင့် ဆေးဘက်ဆိုင်ရာအသိပညာတွေကို ကျမ်းပေါင်းများစွာရေးသားကာ ထပ်ဆင့် မျှဝေခဲ့တဲ့ ဆေးပညာရှင်တွေလည်း ဒီဆေးရုံကနေ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီ စာအုပ်တွေကို ‘ကွန်စတန်တိုင် သည် အာဖရိကန်’ (Constantine the African) လို ပုဂ္ဂိုလ်မျိုးတွေက ဥရောပကို ဆောင်ကျဉ်းလာခဲ့ကြပါတယ်။

    တူနီးရှားက ခရစ်ယာန်ပညာရှင်တစ်ဦးဖြစ်တဲ့ ကွန်စတန်တိုင်ဟာ ၁၁ ရာစုမှာ မွတ်စလင်ပညာရှင်တွေရဲ့ ဆေးဘက်ဆိုင်ရာ စွမ်စုံကျမ်းကြီးတွေကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုခဲ့တာကြောင့် လက်တင်စကားပြော ဥရောပပြည်သူတွေဟာ ဒီအသိပညာတွေကို လေ့လာသင်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဥရောပရဲ့ ဆေးပညာရပ်နယ်ပယ်ကို တော်လှန်ပြောင်းလဲစေခဲ့ပြီး ထင်ရှားတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုလည်း ပေါ်ထွက်လာစေခဲ့ပါတယ်။ ကွန်စတန်တိုင်ရဲ့ အကျော်ကြားဆုံး ဘာသာပြန်မှုက ၁၀ ရာစု မွတ်စလင် သမားတော် အလီ အစ်ဗနေ့ အဘတ်စ် အလ်-မဂျူစီ ရေးသားတဲ့ The Royal Book (တော်ဝင်ဆေးကျမ်း) ဖြစ်ပြီး လက်တင်ဘာသာစကားနဲ့ Pantegni လို့ ခေါ်တွင်ပါတယ်။ ဒီစာအုပ်ကို ၁၅၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၊ ၁၅၃၆ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့တွေမှာ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

    မွတ်စလင်သမားတော်ကြီးများ၏ စာအုပ်ကို ၁၁ ရာစု တူနီးရှား ခရစ်ယာန်ပညာရှင် ကွန်စတန်တိုင်က ဘာသာပြန်ဆိုခဲ့ပြီး ဆယ်လာနိုတက္ကသိုလ်တွင် ၁၆ ရာစုနှစ်က သင်ကြားခဲ့သည့် စာအုပ်အဖုံး

    အလ်-ကွေရာဝမ်ဆေးရုံမှာ ပညာဆည်းပူးခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ မွတ်စလင်သမားတော် အစ်ဗနေ့ အလ်-ဂျက်ဇာရ် (Ibn al-Jazzar) ရေးသားခဲ့တဲ့ The Guide for the Traveler Going to Distant Countries or Traveler’s Provision (နိုင်ငံရပ်ခြားသို့ ခြေဆန့်သော ခရီးသွားများအတွက် လမ်းညွှန်းကျမ်း သို့မဟုတ် ခရီးသည်များ ဆောင်ရန်ရှောင်ရန်) ကျမ်းကြီးဟာ အလယ်ခေတ်ရဲ့ အရောင်းရဆုံး စာအုပ်ကြီးဖြစ်ပါတယ်။

    အလ်-ဂျက်ဇာရ်ဟာ အသက် ၈၀ ကျော်အရွယ် သက္ကရာဇ် ၉၅၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ရွှေဒင်္ဂါး ၂၄၀၀၀၊ ဆေးဘက်ဆိုင်ရာနဲ့ အခြားစာအုပ်ပေါင်း ၂၅ ကွင်တာ ( ၁ ကွင်တာသည် အလေးချိန် ၄၅ ကီလိုဂရမ်နှင့် ညီမျှသည်) ကျန်ရစ်ခဲ့ပါတယ်။ သူချန်ရစ်ခဲ့တဲ့ ပညာအမွေအနှစ်တွေထဲမှာ ‘အမျိုးသမီးရောဂါများနှင့် ၎င်းတို့ကို ကုသမှုဆိုင်ရာကျမ်း’ တစ်စောင်လည်း ပါဝင်ခဲ့ပါတယ်။ ဒီလို ရေးသားမှုက အလ်-ဂျက်ဇာရ်ကို ကျော်ကြားစေခဲ့ပြီး အလယ်ခေတ် အနောက်ဥရောပမှာ အလွန်သြဇာညောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်စေခဲ့ပါတယ်။

    ကွန်စတန်တိုင်ဟာ Traveler’s Provision ကျမ်းကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုခဲ့ပြီး Viaticum peregrinantis စာအုပ် ဖြစ်လာကာ စင်စီယို့စ် (Synesios) ဆိုသူက Zedat ha-derachim အဖြစ် ဂရိနဲ့ ဟီဘရူးဘာသာကို ပြန်ဆိုခဲ့ပါတယ်။ ဒီလို ဘာသာပြန်ဖော်ပြမှုတွေကြောင့် ဒီစာအုပ်ဟာ ကမ္ဘာ့ဖတ်ရှုမှုအများဆုံး စာအုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Traveler’s Provision ဟာ စနစ်ကျပြီး ပြည့်စုံတဲ့ ဆေးဘက်ဆိုင်ရာ ကျမ်းတစ်ခုဖြစ်ပြီး ဆဲလာမို၊ မောင့်ပီလီယာ၊ ဘိုလော့ဂ်နာ၊ ပဲရစ်နဲ့ အောက်စဖို့ဒ် စတဲ့မြို့တွေက ဆေးဘက်ဆိုင်ရာကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပြဌာန်းစာအုပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတဲ့ စာအုပ်စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီကျမ်းကြီးထဲမှာ ကျောက်ကြီးရောဂါ၊ ၀က်သက်ရောဂါနဲ့ပတ်သက်ပြီး ထူးခြားပြည့်စုံတဲ့ ဖော်ပြချက်တွေလည်း ပါဝင်ပါတယ်။

    အာရဘီဆေးကျမ်းတွေကို ဘာသာပြန်တဲ့စာအုပ်တွေဟာ ဥရောပရဲ့ အသိပညာ အချက်အခြာနေရာဖြစ်တဲ့ ဆဲလာမိုမြို့လို ဥရောပ ပညာ့ရပ်ဝန်တွေအားလုံးမှာ သိပ်မကြာခင် လူကြိုက်များ ကျော်ကြားလာခဲ့ကြပါတယ်။

    ဥရောပဆေးလောကကို အဓိက လွှမ်းမိုးခဲ့တဲ့ အခြားသော အာရဘီဆေးကျမ်းတွေထဲ အနောက်နိုင်ငံမှာ ‘သမားတို့၏ ဦးသျှောင်’ လို့ နာမည်ကျော်တဲ့ အစ်ဗနေ့ ဆီနာ (Ibn Sina) ရဲ့ လက်ရာတွေလည်း ပါဝင်ပါတယ်။ ၁၁ ရာစုက ရေးသားခဲ့တဲ့ သူ့ရဲ့ ဆေးကျမ်း Canon ဟာ နောက်ထပ် ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၆၀၀ လောက် ကမ္ဘာ့ဆေးပညာလောကရဲ့ ထိပ်ဆုံးပိုင်းမှာ ရှိခဲ့ပါတယ်။ အစ်ဗနေ့ဆီနာရဲ့ သိပ္ပံဆိုင်ရာ၊ ဒဿနဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေဟာ အလ်ဘာတက်စ် မဂ္ဂနပ်စ် (Albertus Magnus)၊ စိန့်သောမတ်စ် (St. Thomas)၊ ဒွန် စကိုတက်စ် (Duns Scotus) နဲ့ ရော်ဂျာ ဘေကွန် (Roger Bacon) တို့အပါအ၀င် နာမည်ကြီးပညာရှင် တော်တော်များများရဲ့ အပေါ်ကို လွှမ်းမိုးခဲ့ပါတယ်။

    ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေကို ဗျည်းအက္ခအလိုက် ခွဲခြားကာ၊ ရောဂါဘယတွေ၊ ဆေးဝါးတွေ၊ ဇီဝကမ္မဗေဒဖြစ်စဉ်တွေနဲ့ ကုသမှုတွေကို ပထမဆုံး စာရင်းပြုစုထားတာတဲ့ စာအုပ်ဟာ ‘ကီသဗ် အလ်-မာ’ (The Book of Water) စာအုပ်ဖြစ်ပြီး အစ်ဗနေ့ အလ်-သာဟာဘီ (Ibn al-Thahabi) လို့ သိကြတ့ အလ်-အဇ်ဒီ (Al-Azdi) က ရေးသားခဲ့တာဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမဆုံးအခန်းက ရေ (အလ်-မာ) အကြောင်း ဖြစ်တာကြောင့်  ကီသဗ် အလ်-မာလို့ ခေါ်တာဖြစ်ပါတယ်။

    အလ်ရာဇီရေးသားထားပြီး အတွဲပေါင်း ၂၀ ပါတဲ့ Comprehensive Book ကလည်း အဲဒီခေတ်အခါက သိရှိခဲ့တဲ့ ဆေးပညာရပ်အားလုံးကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို လက်တင်ဘာသာစကားနဲ့ ပြန်ဆိုကာ Liber Continens အဖြစ် ထုတ်ဝေခဲ့ပြီး အနောက်ကမ္ဘာမှာ အလွန် လေးစားခံခဲ့ရကာ ရာစုနှစ်ပေါင်းများစွာ ဆေးပညာဆိုင်ရာ သင်ရိုးစာအုပ်တစ်အုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ၁၃၉၅ ခုနှစ် ပဲရစ်တက္ကသိုလ်က စာကြည့်တိုက်ရဲ့ ဆေးပညာဆိုင်ရာကဏ္ဍမှာ ရှိတဲ့ စာအုပ် ၉ အုပ်ထဲမှာ ဒီစာအုပ်ကလည်း တစ်အုပ်အပါအ၀င် ဖြစ်ပါတယ်။

    သက္ကရာဇ် ၁၀၀ လောက်မှာ စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာက ထင်ရှားတဲ့ သမားတော်ကြီး အလ်-ဇဟ်ရာဝီ (Al-Zahrawi) ကလည်း ဆေးကျမ်းပေါင်းများစွာကို ရေးသားခဲ့ပါတယ်။ ခွဲစိပ်ပညာနဲ့ ပတ်သက်ပြီး သူရေးသားခဲ့တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) ကျမ်းကြီးဟာ အတွဲပေါင်း ၃၀ ပါဝင်ပြီး ဂျရတ် အော့ဖ် ခရီမိုနာ (Gerard of Cremona) က လက်တင်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ ဒီ ဘာသာပြန်ကို ၁၄၉၇ ခုနှစ်မှာ ဗင်းနစ်မြို့၊ ၁၅၄၁ ခုနှစ်မှာ ဘေဆယ်မြို့၊ ၁၇၇၈ ခုနှစ်မှာ အောက်စ်ဖို့ဒ် စတဲ့ မြို့တွေမှာ အကြိမ်ပေါင်းများစွာ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

    ဆဲလာနို (Salerno) နဲ့ မောင့်ပီလီယာ (Mountpellie) တို့ အပါအ၀င် ဥရောပရဲ့ ဆေးတက္ကသိုလ်အားလုံးနီးပါးမှာ ခွဲစိပ်မှုဆိုင်ရာ ဘာသာရပ်အတွက် ဒီစာအုပ်ကို သင်ရိုးအဖြစ် အသုံးပြုခဲ့ပြီး ဆေးဘက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းမှာ ရာစုနှစ်ပေါင်းများစွာ အဓိကစာအုပ်အဖြစ် ပါဝင်ခဲ့ပါတယ်။

    ဆီးရီးယား သမားတော်ကြီး အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis)

    နောက်ဆုံးပြောရင်တော့ ၁၂၈၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆီးရီးယား သမားတော်ကြီး အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis) ရဲ့ လက်ရာပါ။ သူဟာ အတွဲပေါင်း ၈၀ ပါဝင်တဲ့ The Complete Book on Medicine ကို ပြုစုခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ဒီကျမ်းကြီးရဲ့ အပိုင်းအစတွေကို ဒမတ်စကတ်၊ အလက်ပို၊ ဘဂ္ဂဒတ်၊ အောက်စဖို့ဒ်နဲ့ ကယ်လီဖိုးနီးယားက ပါလို အလ်တိုပြတိုက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ပါလို အလ်တို ပြတိုက်မှာတော့ အစ်ဗနေ့ အလ်-နာဖစ်ရဲ့ ကြီးမားတဲ့ လက်ရေးမူ အပိုင်းအစကြီးတစ်ခု ရှိနေပါတယ်။

    ခရူးဆိတ်စစ်သည်တွေကို ကုပေးတာမျိုးလို မွတ်စလင်သမားတော်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေလည်း မွတ်စလင်တွေရဲ့ ဆေးဘက်ဆိုင်ရာ အသိပညာတွေကို ဥရောပက ရရှိခဲ့ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကျော်ဘုရင် ‘ခြင်္သေ့ရစ်ချက်’ (Richard the Lion) ကိုယ်တိုင် မွတ်စလင်ဘုရင် ဆာလာဒင်ရဲ့ မိသားစု သမားတော်က ကုသပေးမှုကို ခံယူခဲ့ရဖူးပါတယ်။

    ဥရောပ ဆေးပညာနယ်ပယ်ရဲ့ မူလဘူတသာမက၊ ကျင့်သုံးမှုပုံစံကပါ အာရပ်အမွေအနှစ်တွေပါ။ အသိပညာနယ်ပယ်မှာ ဥရောသားတွေဟာ အာရပ်တွေရဲ့ အမွေစားအမွေခံတွေ ဖြစ်ပါတယ်။ (ဒေါက်တာ ဒေါ်နယ် ကမ်းဘဲလ် – အာရပ်ဆေးပညာဆိုင်ရာ ၂၀ ရာစု သမိုင်းပညာရှင်)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ကမ္ဘာ့ထိပ်တန်း မွတ်စလင်အမျိုးသမီး ဗိသုကာပညာရှင်၏ လက်ရာတစ်ခု ယူအေအီးတွင် ထွက်ပေါ်လာမည်

    ကမ္ဘာ့ထိပ်တန်း မွတ်စလင်အမျိုးသမီး ဗိသုကာပညာရှင်၏ လက်ရာတစ်ခု ယူအေအီးတွင် ထွက်ပေါ်လာမည်

    ဧပြီ ၂၊ ၂၀၁၇
    M-Media

    ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးပြီး ယူအေအီးတွင် ဆောက်လုပ်နေသည့် အဆောက်အဦး

    – ကမ္ဘာ့ထိပ်တန်း ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ အီရတ်-ဗြိတိသျှ ဗိသုကာပညာရှင် အမျိုးသမီး ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးထားတဲ့ ရင်သပ်ရှု မောဖွယ် အဆောက်အဦးတစ်ခုကို ယူအေအီးနိုင်ငံမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်းက ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကုမ္ပဏီ Bee’ah ရဲ့ ဌာနချုပ်ဖြစ်လာမယ့် ဒီအဆောက်အဦးကို ရှာရ်ဂျာဟ်ဒေသမှာ ဆောက်လုပ်နေတာဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း ပြီးစီးသွားတဲ့အခါမှာတော့ ပင်လယ်ကွေ့ဒေသ ဗိသုကာနယ်ပယ်မှာ အထူးခြားဆုံး အဆောက်အဦးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဆောက်လုပ်ရေးအတွက် ပြန်လည်ပြုပြင်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုမှာဖြစ်ပြီး အဆောက်အဦးမှာ အသုံးပြုမယ့် စွမ်းအင်ကို ပြန်ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ၁၀၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲမှာ ဖြစ်ပါတယ်။

    ဇာဟစ်ဟာ ဒီအဆောက်အဦးကို စွမ်းအင်သုံးစွဲမှု အနည်းဆုံး၊ ရင်းမြစ်သုံးစွဲမှု အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။

    ၂၀၁၆ မတ်လတွင် ကွယ်လွန်သွားခဲ့သည့် ဇာဟာ ဟာဒစ်

    နေစွမ်းအင်၊ စွန့်ပစ်ပစ္စည်းကနေ ထုတ်လုပ်တဲ့စွမ်းအင်တွေကို အသုံးပြုမှာဖြစ်တာကြောင့် အဆောက်အဦးရဲ့ ကာဘွန်ထုတ်လုပ်မှုဟာ သုညသာ ရှိမှာဖြစ်ပါတယ်။ သဘာဝအလင်းရောင်၊ သဘာဝအတိုင်း အပူချိန် ထိန်းညိမှုစနစ်တွေလည်း ပါဝင်မှာဖြစ်ပြီး၊ ဆောက်လုပ်ရေး ကုန်ကြမ်းတွေကိုတော့ ပြန်လည် ပြုပြင်ထားတဲ့
    ပစ္စည်းတွေကို အသုံးပြုသွားမှာပါ။

    အဆောက်အဦးဟာ အလုပ်သမားတွေအားလုံးအတွက် ကျန်မာရေးအရ သင့်တော်တဲ့ လုပ်ငန်းခွင် ဖြစ်လာမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ အဆောက်အဦးတွေအတွက် ချီးမြှင့်တဲ့ အမြင့်ဆုံး အသိအမှတ်ပြုလက်မှတ် Platinum LEED ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

    ဇာဟာ ဟာဒစ် တည်ထောင်ခဲ့တဲ့ Zaha Hadid Architects လုပ်ငန်းက သူတို့အနေနဲ့ ဟာဒစ် ဒီဇိုင်းဆွဲပေးသွားတဲ့ စီမံကိန်း ၃၆ ခုကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ဆောင်ရွက်နေပြီး တစ်ချို့တွေက ဆောက်လုပ်ပြီးဖြစ်သလို၊ တစ်ချို့တွေက ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    ယူအေအီးမှာ ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးသွားတဲ့ အဆောက်အဦးတွေက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။

    ၂၀၁၀ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ အဘူဒါဘီက Sheikh Zayed တံတား၊ ဆာဒီယတ်ယဉ်ကျေးမှုမြို့တော်က Performing Arts Centre အနုပညာစင်တာ၊ ဒူဘိုင်းက Opus တာဝါတွေကလည်း ဟာဒစ်ရဲ့ နာမည်ကျော် လက်ရာတွေထဲမှာ ပါဝင်ပါတယ်။

    ဟာဒစ်ဟာ ၂၀၀၄ ခုနှစ်မှာ ဗြိတိန်ရဲ့ ဂုဏ်သိက္ခာအရှိဆုံး ဗိသုကာပညာဆိုင်ရာဆု Pritzker Architecture Prize အပါဝင် ကမ္ဘာထိပ်တန်း ဗိသုကာဆိုင်ရာဆု အများအပြားကို ဆွတ်ခူးရရှိခဲ့ပြီး၊ ကမ္ဘာနိုင်ငံပေါင်းများစွာမှာ အပြောင်မြောက်ဆုံး အဆောက်အဦးတွေကို ဒီဇိုင်းဆွဲပေးခဲ့သူဖြစ်ပါတယ်။

    Ref: Alarabiya

  • မြန်မာပြည်မှ ရာသက်ပန် ‘သူစိမ်းတရံများ’

    မြန်မာပြည်မှ ရာသက်ပန် ‘သူစိမ်းတရံများ’

    ဘာသာပြန်သူ – ရဲမင်းဒင်

    မြန်မာပြည်မှ အာဏာပိုင်ပုဂ္ဂိုလ်များသည် လူနည်းစုရိုဟင်ဂျာမွတ်စလင်များအား အမှန်တကယ်ရှိနေသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်အန္တရာယ်ပြုနေကြသူများအဖြစ် ပုံဖေါ်သတ်မှတ်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဤသို့ ရိုဟင်ဂျာမျိုးနွယ်စုဝင်များအား နိုင်ငံခြားသားများ သို့မဟုတ် သူစိမ်းတရံများအဖြစ်ဆက်ဆံကာ ကာလရှည်ကြာ ကျင့်သုံးခဲ့သည့် မူဝါဒများကြောင့် ရိုဟင်ဂျာများသည် ‘ပြင်ပရန်သူများ’ ဖြစ်သည်ဟူသည့် အမြင်များ ဖြစ်လာစေခဲ့သည်။ ယင်းအချက်ကြောင့်ပင် မြန်မာပြည်၌ မည်သို့ပင် ခေါင်းဆောင် သို့မဟုတ် အစိုးရအပြောင်းအလဲများ ဖြစ်လာစေကာမူ ပဋိပက္ခများ အဆုံးမသတ်နိုင်သေးဘဲ ဆက်လက်ရှိနေခြင်းဖြစ်သည်။

    မြန်မာပြည်တွင် ရိုဟင်ဂျာများကို သူစိမ်းတရံများအဖြစ်သတ်မှတ်ကာ နှစ်ရှည်လများဖယ်ထုတ်ထားခဲ့ပြီး၊ ၎င်းတို့၏ လူမှုဘ၀လွတ်လပ်ခွင့်များအပါအ၀င် အဘက်ဘက်မှ ပိတ်လှောင်ထားရန် ချမှတ်ကျင့်သုံးခဲ့သည့် မူဝါဒအမျိုးမျိုးကြားတွင် ရှင်သန်နေခဲ့ရသည်။ ဥပမာတစ်ခုဆိုရလျှင် ၁၉၈၂ ခုနှစ် အောက်တိုဘာလတွင် အာဏာရှင်ဟောင်း ဦးနေ၀င်းက မြန်မာ နိုင်ငံသားဥပဒေသစ်ရေးဆွဲခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် “ကုလားနှင့် တရုတ်လူမျိုးများသည် ယုံကြည်လို့ မရသည့်အတွက် အပြည့်အ၀နိုင်ငံသားအဖြစ်သတ်မှတ်ကာ နိုင်ငံသားအခွင့်အရေးများပေးရန် မပေးသင့်ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။ အကြောင်းရင်းမှာ နိုင်ငံတော်လုံခြုံရေးနှင့်ဆိုင်သည့်အတွက်ဟု ဆိုပါသည်။ ယင်းသို့ပင် ရိုဟင်ဂျာများသည် အခြေခံအခွင့်အရေးများ ငြင်းပယ်ခံခဲ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

    စစ်အာဏာရှင်ခေတ် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရိုဟင်ဂျာများအပေါ် သီးသန့်မူဝါဒများချမှတ်ကျင့်သုံးမှုမှာ ပိုမို၍ စနစ်တကျဖြစ်လာခဲ့သည်။ မြန်မာပြည်၏ ထိပ်တန်းအာဏာပိုင်များနှင့် နိုင်ငံရေးသမားများက ရိုဟင်ဂျာများသည် နိုင်ငံ့အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေး၊ လူမှုဘ၀လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာလုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်အန္တရာယ်ပြုနေသူများအဖြစ် ပုံဖေါ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ရိုဟင်ဂျာအရေးသည် သာမန်နိုင်ငံရေး အ၀န်းအ၀ိုင်းတွင် ဆွေးနွေးရမည့် ကိစ္စမျိုးမဟုတ်တော့ဘဲ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အထူးခေါင်းစဉ်အောက် ရောက်သွားခဲ့သည်။ ထိုမှတဆင့် အစိုးရက ရိုဟင်ဂျာတို့အား ခလေးမီးဖွားခြင်းကို ကန့်သတ်ထိန်းချုပ်သည့် အမိန့်၊ ခရီးသွားလာခွင့်ကို ကန့်သတ်ချုပ်ခြယ်မှုများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်ခွင့် အပါအ၀င် အဆင့်မြင့်ပညာများ တက်ရောက်သင်ကြားခွင့်ကို ငြင်းပယ်ခြင်းများအထိ အလွန်ဆိုးဝါးပြင်းထန်သောမူဝါဒများ ချမှတ်ကာ ကျင့်သုံး အကောင် အထည်ဖေါ်ခဲ့သည်။ ဤသို့ မူဝါဒများချမှတ်ကျင့်သုံးရခြင်းမှာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်အတွက် လုပ်သင့် လုပ်ထိုက်ကြောင်း တရားဘောင်ထူကြပြီး၊ ယင်းကပင် မြန်မာလူထုအတွင်း ရိုဟင်ဂျာလူမျိုးများအား “ပြင်ပရန်သူများ” ဖြစ်သည်ဟူသည့် အမြင်ကို ပိုမိုအားကောင်းလာစေသည်။

    ၂၀၁၂ ခုနှစ် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဤလုပ်ဆောင်ချက်များမှာ ပိုမိုပြင်းထန် လာခဲ့သည်။ အာဏာပိုင်များက သာမာန်လူထုအကြားတွင် ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား အန္တရာယ်ပေးမည့်ခြိမ်းခြောက်မှု အဖြစ် မကြာခဏပုံဖေါ်ဖန်တီးခဲ့သော်လည်း ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ ယခုအခါ ဤသဘောထားအမြင်များမှာ ပြည်သူလူထုအတွင်း ဆွေးနွေးပြောဆိုမှုများနှင့် စဉ်းစားတွေးခေါ်မှုများအပြင်၊ ပညာရေးကဏ္ဍ၊ အစိုးရသတင်းစာများနှင့် လူမှုကွန်ယက်မီဒီယာများပေါ်တွင်ပါ နက်ရှိုင်းစွာအမြစ်တွယ်နေပြီဖြစ်သည်။ ထို့ပြင် လူဖတ်များသည့် သတင်းစာများမှ သတင်းသမားများ၊ ပညာရှင်များ၊ လူမှုအသိုင်းအ၀ိုင်းများ၏ ခေါင်းဆောင်များအပြင် သာမာန်ပြည်သူများကပါ ထိုကဲ့သို့ “လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအန္တရာယ်”ဟူသည့် ၀ါဒဖြန့်မှုများအတွင်း ကိုယ်တိုင်ပါဝင်စီးမျောရင်း ရိုဟင်ဂျာများကို လူသားမျိုးနွယ်တစ်ခုအဖြစ်ပင် မမြင်နိုင်တော့သည့် ပြောဆိုရေးသားမှုများ ရှိလာသည်။

    ရိုဟင်ဂျာပြဿနာအား လုံခြုံရေးဆိုင်ရာအန္တရာယ်တစ်ရပ်အဖြစ် ပုံဖေါ်ဖန်တီးမှုက အခိုင်အမာဖြစ်တည်လာသည့်အတွက် အာဏာပိုင်များနှင့် လူထုအကြား အဆိုပါ ရိုဟင်ဂျာခြိမ်းခြောက်မှုဆိုသည့်အယူအဆကို ဖယ်ရှားရန် စိတ်မ၀င်စားတော့ပေ။

    ထို့ကြောင့်ပင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်မှ ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်သို့ ခေါင်းဆောင်မှု အပြောင်းအလဲဖြစ်လာသော်လည်း ရိုဟင်ဂျာအရေးအပေါ် သိသာသည့်အပြောင်းအလဲ ရှိမလာခဲ့ပေ။ ရိုဟင်ဂျာပြဿနာ ကို ပြန်လည်ပုံဖေါ်ရန် ကြိုးပမ်းလုပ်ဆောင်မှုများလည်း မရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရပါတီဖြစ်သည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း နောင်တော်အစိုးရအဆက်ဆက် ကိုင်ဆွဲခဲ့သည့်လမ်းစဉ်ကိုသာ သွေဖီခြင်းမရှိ ဆက်လက်လျောက်လှမ်းနေသည်။ ဤသည်ပင် ရိုဟင်ဂျာပြဿနာ၏ လုံခြုံရေးအယူကဲသည့် သဘောထားမှာ ၎င်းတို့ တတွတ်တွတ်ရွတ်ဆိုခဲ့သည့် လူ့အခွင့်အရေးနှင့် ပြန်လည်သင့်မြတ်ရေးဂါထာမန္တာန်တို့ထက်ပင် ပိုမိုအလေးအနက်ထား ကာ အထိအခိုက်မခံနိုင်ကြောင်း သိသာစေပါသည်။

    ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် လုံခြုံရေးအမြင်ကဲသည့် သဘောထားကို ပြန်လည်တည့်ပုံဖေါ်ရန် သိသိသာသာခက်ခဲ သွားစေသည့် အဓိကအကြောင်းရင်း သုံးရပ်ရှိပါသည်။

    ပထမအချက်မှာ – “ပြင်ပအန္တရာယ်”ဟူသည့် အယူအဆသည် မိမိကိုယ်တိုင်ပုံဖေါ်ဖန်တီးထားသည့် ခြိမ်းခြောက်မှု အန္တရာယ် (သို့မဟုတ်) အမှန်တကယ်ရှိမနေသည့် စိုးရိမ်ကြောင့်ကြမှုကို ဆက်လက်တည်မြဲနေစေရန် မရှိမဖြစ်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ရိုဟင်ဂျာလူမျိုးများကို လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားမှုမှာ မြန်မာ့နိုင်ငံရေးတွင် ကြားနေကျဖြစ်သည့် အဟောအပြောများအတွင်း စိမ့်ဝင်နေပါသည်။ ၎င်းမှာ ဗုဒ္ဓဘာသာဝင်လူအများစု၏ ရိုဟင်ဂျာများ အပေါ် ‘သူစိမ်း’များအဖြစ် သဘောထားသည့် ဆန့်ကျင်ဘက်အမြင်များ မပြောင်းလဲသမျှကာလပတ်လုံး၊ ၎င်းတို့အပေါ် ထားရှိသည့် သဘောထားအမြင်များ ပြောင်းလဲလာရန်မှာ ဖြစ်နိုင်ချေမရှိချေ။

    ဒုတိယအချက်မှာ – ရိုဟင်ဂျာအသိုင်းအ၀ိုင်းနှင့်ပက်သက်သည့် သဘောထားအမြင်များမှာ အခိုင်အမာပီပီပြင်ပြင် ဖြစ်တည်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုမှာ ကဏ္ဍပေါင်းများစွာသို့ ကူးစက်ပျံ့နှံ့သွားသည်။ ရိုဟင်ဂျာဟူသည့် ခြိမ်းခြောက်မှု၏ရင်းမြစ်ကို ဘာသာရေး၊ လူမျိုးရေး အမှတ်လက္ခဏာများ၊ နိုင်ငံတော်နယ်နိမိတ်၊ လူ့အသိုင်းအ၀ိုင်းနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများနှင့် ဆက်စပ်နေမှုအား ဖြတ်ပစ်ရန်မလွယ်ကူပေ။ ယင်းပြဿနာက အလုံးစုံ သို့မဟုတ် နတ္ထိ ဟူသည့် အခြေအနေတစ်ရပ်ကို ဖြစ်လာစေသည်။ ထိုအခြေအနေမျိုးတွင် ခြိမ်းခြောက်မှုရင်းမြစ်ကို ကဏ္ဍတိုင်းမှ အလုံးစုံ ဖယ်ထုတ်ခြင်းမပြုနိုင်ပါက လူမှုရေးဆိုင်ရာဖိအားများကို ခါးစည်းခံနိုင်ရန်မှာ ပေးဆပ်ရမည့်တန်ဖိုး ကြီးမားလွန်းမည် သို့မဟုတ် အန္တရာယ်များလွန်းမည်ဖြစ်သည်။

    နောက်ဆုံးအချက်မှာ – ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နေသည့် သဘောထားသည် ၎င်းကိုယ်နှိုက်က သက်ဆိုးရှည်စေသည့် သဘောသဘာဝရှိသည်။ ဆိုခဲ့ပါသဘောထားအယူအဆကို လှိုက်စားမည့် စိန်ခေါ်မှုများ မရှိသမျှကာလပတ်လုံး သို့တည်းမဟုတ် လူအဖွဲ့အစည်းအတွင်းရှိ အလွှာအသီးသီးမှ ထောက်ခံမှုများ ရရှိနေသမျှကာလပတ်လုံး ယင်းအယူအဆကို ခုခံရန် သို့မဟုတ် အဆုံးစွန်ထိ ဖယ်ရှားပစ်ရန်မှာ အလွန် ခက်ခဲဦးမည်ဖြစ်သည်။

    ထို့ကြောင့်ပင် ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပစ်မှတ်ထားကာ ဆက်ဆံခြင်း ကသာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများစုနှင့် သာမာန်လူထုအတွက် သင့်တော်သော သို့မဟုတ် ဆင်ခြင်တုံတရား ရှိသော ရွေးချယ်မှုတစ်ခုဖြစ်နေသေးရာ အပြောင်းအလဲကိုသွားရာလမ်းမှာ ဝေးလွန်းနေသေးသည်ဟု ဆိုရမည်ဖြစ်ပါသည်။

     စာရေးသူ ကျော်ဇေယျာဝင်းသည် သုတေသီတစ်ဦးဖြစ်ပြီး၊ လူနည်းစုရေးရာကိစ္စရပ်များကို အဓိကထား၍ သုတေသန ပြုလုပ်နေပါသည်။

    ဤ ဆောင်းပါးမှာ Australian National University’s Myanmar Update 2017  တွင် ၎င်းတင်သွင်းခဲ့သည့် စာတမ်းအား အနှစ်ချုပ်ဖေါ်ပြထားခြင်း ဖြစ်သည်။

    မူရင်းဆောင်းပါးကို http://www.eastasiaforum.org/2017/03/25/myanmars-perpetual-other/  တွင် ဖတ်ရှုနိုင်ပါသည်။