News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    ကာဘွန်ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချမယ့် မိုက်ခရိုဆော့ဖ်
    ==============
    မိမိတို့ကုမ္ပဏီ၊ ကုမ္ပဏီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကာဘွန်ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်ရောက်ရင် သုညရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကုမ္ပဏီအတွက် လိုအပ်တဲ့ဓာတ်အားကို ပြည့်ဖြိုးမြဲစွမ်းအင်တွေကနေ ရယူသုံးစွဲတာအပါအဝင် ရည်မှန်းချက် အောင်မြင်ရေး နည်းလမ်းပေါင်းစုံ အသုံးပြုမှာ ဖြစ်ပါတယ်။

    ကာဘွန်ထုတ်လွှတ်မှု လျော့ချတဲ့ နည်းပညာတွေ စူးစမ်းရှာဖွေဖို့လည်း မိုက်ခရိုဆော့ဖ်က ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ မတည်မယ်လို့ ဆိုပါတယ်။ နည်းပညာကုမ္ပဏီတွေအနေနဲ့ ရာသီဥတု ပြောင်းလဲမှုကို ထိထိရောက်ရောက် တားဆီးဟန့်တားဖို့ ဖိအားတွေ ရှိနေတဲ့အချိန် မိုက်ခရိုဆော့ဖ်ရဲ့ ဒီလိုထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။

    Facial recognition နည်းပညာကို ဥရောပသမဂ္ဂက ယာယီပိတ်ပင်မည်
    =================
    လူတွေရဲ့ မျက်နှာတွေကို လုံခြုံရေးကင်မရာကနေတစ်ဆင့် ကွန်ပျူတာစနစ်မှာ မှတ်သားသိမ်းဆည်းထားတဲ့ Facial recognition စနစ်ကိုအများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အသုံးပြုခွင့် ၅ နှစ်အထိ ပိတ်ပင်သွားဖို့ စီစဉ်နေတယ်လို့ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒီနည်းပညာကို တစ်လွဲသုံးတာမျိုး ရှောင်ရှားဖို့ဖြစ်ပြီး ဉာဏ်ရည်တု နည်းပညာ (AI) ကို စောင့်ကြည့်စစ်ဆေးတဲ့ အာဏာပိုင်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း ‌အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ ပိတ်ပင်ထားတဲ့ ၃ နှစ်ကနေ ၅ နှစ်အတွင်း Facial recognition နည်းပညာ တစ်လွဲသုံးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေကို ဥရောပသမဂ္ဂက ရှာဖွေသွားဖို့ ရှိနေပါတယ်။

    အာကာသယာဉ်မှူးများ အရေးပေါ် ခုန်ထွက်သည့်စနစ်ကို Space X က အောင်မြင်စွာ စမ်းသပ်
    =================
    ဒုံးပျံလွှတ်တင်မှုအတွင်း အာသာယာဉ်မှူးတွေလိုက်ပါတဲ့ယာဉ်ငယ် အရေးပေါ်ရှောင်ထွက်တဲ့စနစ်ကို Space X ကုမ္ပဏီက အမေရိကန်ပြည်ထောင်စု ကနေဒီ အာကာသစခန်းမှာ မနေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ Falcon-9 ဒုံးပျံလွှတ်တင်ပြီး စက္ကန့် ၈၀ အကြာမှာ ဖောက်ခွဲခဲ့ကာ အာကာသယာဉ်မှူးတွေ လိုက်ပါမယ့် Dragon ယာဉ်ငယ်ဟာ အထိအခိုက်မရှိ ထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့် နာဆာရဲ့ နိုင်ငံတကာအာကာသစခန်း (ISS) ထံ အနာဂတ် လူပို့လွှတ်မှုမှာ Space X က ပူးပေါင်းပါဝင်နိုင်ဖို့ အလားအလာ ရှိနေပါတယ်။ အခုစမ်းသပ်မှုအတွင်း လူလိုက်ပါခြင်း မရှိပါဘူး။

    လျှပ်စစ် သုံးဘီးကားများကို Amazon က အိန္ဒိယသို့ ပထမဆုံး တင်သွင်း
    ===================
    Amazon ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး လျှပ်စစ် သုံးဘီးကားတွေကို ဒီကနေ့မှာ အိန္ဒိယကို စတင်တင်သွင်းခဲ့ပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲရေး တိုက်ဖျက်သွားမယ်ဆိုတဲ့ စက်တင်ဘာလက ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၅ မှာ အစီးရေ တစ်သောင်း ၂၀၃၀ ရောက်ရင် အစီးရေ တစ်သိန်းအထိ တင်ပို့ဖို့ Amazon က စီစဉ်ထားပါတယ်။ အခု လျှပ်စစ် သုံးဘီးကားတွေဟာ ကာဘွန်ထုတ်လွှတ်မှု သုညသာ ရှိမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်က အိန္ဒိယတစ်ဝှမ်းမြို့တွေမှာ စမ်းသမ်းအသုံးပြုခဲ့ပါတယ်။

    Android နှင့် IOS ဗားရှင်းအဟောင်များတွင် WhatsApp အသုံးပြုနိုင်တော့မည်မဟုတ်
    ================
    Android version 2.3.7 နဲ့ အဲဒီထက်နိမ့်တဲ့ ဗားရှင်းတွေ၊ iOS 8 နဲ့ အဲဒီအရင်ဗားရှင်းတွေမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မိမိတို့စနစ်အသုံးပြုမှုကို ပိတ်ပင်သွားမယ်လို့ WhatsApp က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာလိုက်ပါတယ်။ WhatsApp ဟာ Windows ဖုန်းတွေမှာလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ မှတ်တမ်းတွေကို Export လုပ်ထားကြဖို့လည်း WhatsApp က တိုက်တွန်းထားပါတယ်။

    Ref: CNN,BBC, Gadget

  • ကမ္ဘာတစ်ဝှမ်း သူဌေး ၂ ထောင်ကျော်၏ ပိုင်ဆိုင်မှုက လူ ၄.၆ ဘီလီယံထက် ပိုများနေ

    ကမ္ဘာတစ်ဝှမ်း သူဌေး ၂ ထောင်ကျော်၏ ပိုင်ဆိုင်မှုက လူ ၄.၆ ဘီလီယံထက် ပိုများနေ

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်က သန်းကြွယ်သူဌေး ၂ ထောင်ကျော်ရဲ့ ပိုင်ဆိုင်မှုဟာ ဆင်းရဲသား သန်း ၄၆၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုထက် များပြားနေပြီး၊ လုပ်ခမရတဲ့၊ လုပ်ခနည်းတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေရဲ့ လုပ်အားကလည်း ကမ္ဘာ့စီးပွားရေးမှာ နည်းပညာလုပ်ငန်းထက် ၃ ဆလောက် ပါဝင်နေတယ်လို့ Oxfam အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    Oxfam အဖွဲ့ဟာ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ အခြေစိုက်တဲ့ ပရဟိတအဖွဲ့တစ်ခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မတိုင်ခင်Time to Care အမည်နဲ့ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အမျိုးသမီးတွေရဲ့ စုစုပေါင်း အလုပ်လုပ်ချိန်ဟာ ၁၂.၅ ဘီလီယံနာရီ ရှိနေပေမယ့် လုပ်ခလစာ မရတာ၊ အသိအမှတ်ပြု မခံရတာတွေ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ သူတို့ရဲ့ လုပ်အားဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁၀.၈ ထရီလီယံလောက် တန်ကြေးရှိပြီး၊ ကမ္ဘာ့စီးပွားရေးမှာ နည်းပညာလုပ်ငန်းရဲ့ ပါဝင်မှုတန်ဖိုးထက် ၃ ဆလောက် ပိုများနေတာ ဖြစ်ပါတယ်။

    Oxfam Inida ရဲ့ စီအီးအိုဖြစ်သူ အီသာ့ဘ် ဘီဟာရ်က လခမရဘဲ လုပ်နေရတဲ့ အမျိုးသမီးတွေရဲ့ လုပ်အားတွေဟာ ကမ္ဘာ့စီးပွားရေးမှာ ပျောက်ကွယ်နေတဲ့ အင်ဂျင်တစ်ခု ဖြစ်တယ်ဆိုတာကို အလေးထားရမယ့်အချိန် ရောက်နေပြီး၊ ဒါကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယမှာ အမျိုးသမီးတွေဟာ ‌သောက်သုံးရေရဖို့ ၃ ကီလိုမီတာလောက် သွားခပ်ရတာ၊ ချက်ပြုတ်၊ လျှော်ဖွပ်ရတာ၊ ကလေးတွေကို ပြုစုပျိုးထောင်ရတာ၊ လုပ်ခအလွန်နည်းတဲ့ အလုပ်တွေကို လုပ်ကိုင်ရတဲ့အချိန်ဟာ တစ်နေ့ကို ၁၆ နာရီကနေ ၁၇ နာရီအထိ ရှိနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ဒီအမျိုးသမီးတွေကို Buchu Devi လို့ ခေါ်ပါတယ်။

    “Buchu Devi ဆိုတာ တစ်ယောက်တည်းကို ပြောတာမဟုတ်ပါဘူး။ အိန္ဒိယမှာနေတဲ့ ကျွန်တော်ဟာ ဒီအမျိုးသမီးတွေကို နေ့စဉ်တွေ့ရပြီး၊ ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း ဒီလိုအမျိုးသမီးတွေ ရှိနေပါတယ်။ ဒါကို ပြောင်းလဲဖို့ လိုပါတယ်။”

    Ref: Reuters

  • ဂျိမ်းစ်ဘွန်းဇာတ်ကောင် အမျိုးသမီးဖြစ်လာမည် မဟုတ်သေး

    ဂျိမ်းစ်ဘွန်းဇာတ်ကောင် အမျိုးသမီးဖြစ်လာမည် မဟုတ်သေး

    ဇန်နဝါရီ ၁၈၊ ၂၀၂၀
    M-Media

    -အနာဂတ် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ဟာ အသားအရောင်အပြောင်းအလဲရှိနိုင်ပေမယ့် အမျိုးသမီးဖြစ်မှာ မဟုတ်ဘူးလို့ ထုတ်လုပ်သူ ဘာဘာရာ ဘရိုကိုလီက ပြောကြားလိုက်ပါတယ်။

    007 ဇာတ်ကားသစ် No Time To Die ကို လာမယ့်ဧပြီလမှာ ပြသဖို့ရှိနေပြီး ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ဒန်နီယဲလ်ခရေ့ဂျ်ဟာ ဒီကားရိုက်ပြီးတဲ့နောက်ပိုင်း ထုတ်လုပ်ရေးကုမ္ပဏီနဲ့ လမ်းခွဲခဲ့ပါတယ်။

    ဒီဇာတ်ရုပ်အတွက် သရုပ်ဆောင်သစ်လိုက်ရှာနေတဲ့ ထုတ်လုပ်သူ ဘရိုကိုလီက အနာဂတ် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ဟာ အသားအရောင်ကွဲတာမျိုးရှိနိုင်ပေမယ့် ‌အမျိုးသမီးတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ Variety ကို ပြောကြားခဲ့ပါတယ်။

    “ရဲရဲရင့်ရင့်ဇာတ်ရုပ်ပုံစံမျိုး အမျိုးသမီးဇာတ်ကောင်သစ်တွေ ‌ဖန်တီးသင့်တယ်လို့ ကျွန်မယုံကြည်တယ်။ ဒါပေမယ့် အမျိုးသား ဇာတ်ရုပ်ကိုဖယ်ပြီး အမျိုးသမီးကိုအစားထိုးတာမျိုးတော့ ကျွန်မ စိတ်မဝင်စားပါဘူး။ အမျိုးသမီးတွေဟာ ‌ဒါမျိုးကို စိတ်မဝင်စားဘူးလို့ ထင်ပါတယ်”

    00 အေးဂျင့်အဖြစ် သရုပ်ဆောင်ခဲ့သည့် လာရှာနာ လိုင့်ချ်

    No Time To Die ဇာတ်ကားမှာ ဂျိမ်းစ်ဘွန်း ရာထူးကနေနှုတ်ထွက်သွားတဲအချိန် မင်းသမီး လာရှာနာ လိုင့်ချ်က 00 အေးဂျင့်အဖြစ် သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် အနာဂတ် ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ဟာ အမျိုးသမီး ဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    ထုတ်လုပ်သူ ဘရိုကိုလီကတာ့ ကောင်းကောင်းဆိုးဆိုး အမျိုးသားဇာတ်ရုပ်ကိုပဲ ဆက်လက်အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    -ကမ္ဘာပေါ်က အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၀ ခုကို AirlineRatings.com က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ရာမှာ ဩစတေးလျ နိုင်ငံပိုင်လေကြောင်းလိုင်း Qantas က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

    AirlineRatings.com ဟာ ကမ္ဘာတစ်ဝှမ်းက ‌လေကြောင်းလိုင်းပေါင်း ၄၀၅ ခုလောက်ကို စောင့်ကြည့်နေတာဖြစ်ပြီး အန္တရာယ်အကင်းဆုံးလို့ ယူဆရတဲ့ လေကြောင်းလိုင်းတွေစာရင်းကို နှစ်စဉ် ထုတ်ပြန်လေ့ ရှိပါတယ်။

    Qantas လေကြောင်းလိုင်းဟာ ၂၀၁၄ ခုနှစ် ၂၀၁၇ ခုနှစ်အထိ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ လေကြောင်းလိုင်းပေါင်း ၂၀ လောက် အန္တရာယ်အကင်းဆုံးအဖြစ် ပူးတွဲရပ်တည်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မှာ Qantas လေကြောင်းလိုင်းက အဆင့် ၁၊ နယူးဇီလန်ရဲ့ Air New Zealand လေ‌ကြောင်းလိုင်းက အဆင့် ၂၊ ထိုင်ဝမ်ရဲ့ EVA Air လေကြောင်းလိုင်းက အဆင့် ၃၊ ယူအေအီးအခြေစိုက် Etihad Airways လေကြောင်းလိုင်းက အဆင့် ၄၊ ကာတာရဲ့ Qatar Airways လေကြောင်းလိုင်းက အဆင့် ၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

    အရပ်ဖက်လေကြောင်းအဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ သုံးသပ်မှုတွေ၊ မတော်တဆဖြစ်မှု မှတ်တမ်း၊ လေယာဉ်တွေရဲ့ သက်တမ်း၊ ဘဏ္ဍာရေးအခြေအနေ၊ လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးမှုတွေကို သုံးသပ်ကာ ဒီစာရင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ထိပ်တန်းနေရာမှာ ရှိခဲ့တဲ့ British Airways၊ ANA, American Airlines နဲ့ United လေကြောင်းလိုင်းတွေကတော့ အခုနှစ် အန္တရာယ်အကင်းဆုံးစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

    ကမ္ဘာ့ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၄ ခု

    Ref: CNN

  • အီတလီနိုင်ငံတွင် အိမ်တစ်လုံး ၁ ဒေါ်လာဖြင့်ရောင်းချသည့်စျေးကွက် မြင့်တက်

    အီတလီနိုင်ငံတွင် အိမ်တစ်လုံး ၁ ဒေါ်လာဖြင့်ရောင်းချသည့်စျေးကွက် မြင့်တက်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    အိမ်တစ်လုံး ၁ ဒေါ်လာဖြင့်ရောင်းချသည့် အီတလီမြို့တစ်မြို့

    -အီတလီနိုင်ငံ စစ္စလီကျွန်းပေါ်က ဘီဗိုနာဆိုတဲ့မြို့ငယ်လေးမှာ အိမ်တစ်လုံးကို ၁ ဒေါ်လာနဲ့ ရောင်းချနေပြီး ဝယ်ယူသူတွေအနေနဲ့ တစ်ခြားခံစားခွင့်တွေလည်း ရရှိမယ်လို့ ဆိုပါတယ်။

    ပညာရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ပိုများမယ့် မြို့ကြီးတွေကို ရွှေ့ပြောင်းနေသူတွေ များလာတာကြောင့် ‌အီတလီနိုင်ငံရဲ့ ဒေသတစ်ချို့က မြို့ငယ်တွေမှာ လူနေထိုင်မှုတွေ နည်းလာပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက မြို့တွေ မပျောက်သွားရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။

    နိုင်ငံတောင်ပိုင်း စစ္စလီကျွန်းက ဘီဗိုနာဆိုတဲ့မြို့လေးမှာလည်း ဒီလိုအခြေအနေမျိုးကို ကြုံတွေ့နေရပါတယ်။ ၁၆ ရာစုလောက်ကနေ စည်ကားခဲ့တဲ့ ဒီမြို့မှာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း လူဦးရေ ထက်ဝက်လောက် ကျဆင်းသွားပြီး ဒီကနေ့မှာတော့ လူဦးရေ ၃၈၀၀ သာ ကျန်ရှိပါတော့တယ်။

    မြို့မသေဆုံးဖို့အတွက် မြို့တော်ကောင်စီက မြို့တွင်းမှာရှိနေတဲ့ နေအိမ်တွေကို တစ်ဒေါ်လာနဲ့ ရောင်းချပေးမယ့်အပြင် အခွန်ကင်းလွတ်ခွင့်ပါ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

    စစ္စလီကျွန်း

    မြို့တောင်ကောင်စီရဲ့ ယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူ အိန်ဂျလာ ကာနီဇာရိုက ဒီဆောင်ရွက်ချက်ဟာ တစ်ချိန်က စည်ကားခဲ့တဲ့ မြို့ရဲ့သမိုင်းကြောင်းကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘီဗိုနာမြို့အပြင် စစ္စလီကျွန်းက အခြားမြို့တွေမှာလည်း လူနေထိုင်မှု နည်းလာတာကြောင့် နေအိမ်တွေကို ၁ ဒေါ်လာလောက်နဲ့ ရောင်းချမှုတွေ ပြုလုပ်နေပါတယ်။ တစ်ချို့ဒေသတွေမှာဆိုရင် ဝယ်ယူသူတွေကို ထောက်ပံ့ကြေးပေးမယ်၊ စီးပွာရေးလုပ်ငန်း ထူထောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေတောင် ရှိနေပါတယ်။

    အဲဒီတစ်ဒေါ်လာဟာ အိမ်ရဲ့ တန်ဖိုးဖြစ်ပြီး မဝယ်ခင်မှာ ဒေါ်လာ ၃ ထောင်ကနေ ၅ ထောင်အထိ စပေါ်ပေးရတာတွေ ရှိပါတယ်။ ၁ နှစ်ကနေ ၃ နှစ်အတွင်း အိမ်ကို ပြင်ဆင်မယ်ဆိုတဲ့ ကတိကဝတ်နဲ့ စပေါ်ပေးထားရတာဖြစ်ပြီး အဲဒီကာလမှာ အိမ်ပြင်ဆင်ပြီးရင်တော့ စပေါ်ငွေကို ပြန်ထုတ်နိုင်မှာပါ။

    Ref: CNN