သြဂုတ် ၃၀၊ ၂၀၁၉
M-Media
Source – Aljazeera
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
သြဂုတ် ၃၀၊ ၂၀၁၉
M-Media
Source – Aljazeera
သြဂုတ် ၂၄၊ ၂၀၁၉
M-Media
-ကမ္ဘ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အမေဇုန်သစ်တောကြီး မီးလောင်နေတာသီတင်းပတ်နဲ့ချီရှိလာပြီး နိုင်ငံတကာက သတိပေးပြောဆိုမှုတွေလည်း ကျယ်လောင်လာပါတယ်။
အမေဇုန်ဟာ ကမ္ဘ္ဘာပေါ်မှာ အကြီးဆုံး အပူပိုင်းသစ်တောကြီးဖြစ်ပြီး ဘရာဇီးလ်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပြင်သစ်ဂီနီ၊ ဂူယာနာ၊ ပီရူး၊ ဆူရီနမ်နဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံမှာ စကွဲယားကီလိုမီတာ ၅ သန်းလောက် ပြန့်နှံ့နေတာပါ။
ကမ္ဘ္ဘာ့အကြီးဆုံး ကာဘွန်သိုလှောင်ရုံကြီးလည်းဖြစ်ပြီး လူသားတွေထုတ်လွှတ်တဲ့ ကာဘွန် စုစုပေါင်း နှစ် ၁၀၀ စာလောက်ကို စုပ်ယူထားပါတယ်။ ဒါ့ကြောင့် အမေဇုန်ဟာ ကမ္ဘ္ဘာ့ရာသီဥတုကို ထိန်းညှိပေးရာမှာ အလွန်အရေးပါပါတယ်။
လူသားတွေရှူသွင်းတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ ရာခိုင်နှုန်းကို အမေဇုန်က ထုတ်လွှတ်ပေးသလို၊ ကမ္ဘ္ဘာပေါ်မှာ စီးဆင်းနေတဲ့ ရေချို ၂၀ ရာခိုင်နှုန်းကို ထိန်းသိန်းပေးထားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အမေဇုန်သစ်တောရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဟာ ပြုန်းတီးသွားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ လာမယ့် ၁၀ စုနှစ်တွေအတွင်း ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် ထပ်မံပြုန်းတီးဖို့ရှိနေပြီး ဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို လူသားတွေ သိသိသာသာ ခံစားရမယ်လို့ သတိပေးထားပါတယ်။
ဘယ်မှာလောင်နေလဲ???
ဘရာဇီးလ်နိုင်ငံရဲ့ အမေဇုန်သစ်တောကြီးမှာ မီးတွေ လောင်ကျွမ်းနေတာပါ။
အမေဇိုနက်စ်ပြည်နယ်၊ အက်ရီပြည်နယ်၊ ရွန်ဒိုနီယားပြည်နယ်နဲ့ မာတိုဂရိုဆို ဒို ဆူလ် ပြည်နယ်တွေဟာ အမေဇုန်သစ်တော မီးလောင်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရပါတယ်။
ဘရာဇီးလ် အာကာသ စူးစမ်းရှာဖွေရေးအဖွဲ့ (INPE) က အမေဇုန်သစ်တောမှာ သြဂုတ် ၁၅ ရက်နေ့ကစလို့ မီးလောင်မှုပေါင်း ၉၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မီးခိုးငွေ့တွေကတော့ လက်တင်အမေရိက တစ်ဝိုက်နဲ့ အတ္တလန်တိတ် ကမ်းရိုးတမ်းတွေအထိ ပြန့်နှံ့နေပါတယ်။
ဘရာဇီးလ်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ် အမေဇိုနက်စ်မှာ သြဂုတ်လ ၉ ရက်နေ့ကတည်းက အရေးပေါ်အခြေအနေ ကြေငြာထားရပြီး အက္ကရီပြည်နယ်မှာတော့ သြဂုတ်လ ၁၆ ရက်နေ့မှာ သဘာသပတ်ဝန်းကျင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
INPE က အမေဇုန်ဒေသတစ်ဝိုက်က အခြားတိုင်းပြည်တွေမှာလည်း တောမီးလောင်မှုဟာ အရင်နှစ်တွေကထက် သိသိသာသာ များပြားလာတယ်လို့ ဆိုပါတယ။်
ဘယ်လောက်များလဲ???
အခုနှစ် ဇန်နဝါရီလကတည်းက ဘရာဇီးလ် အမေဇုန်သစ်တောမှာ မီးလောင်မှုပေါင်း ၇၃၀၀၀ လောက် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် အခုလိုအချိန်ကထက် ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာပါ။ ဒါဟာ INPE က လေ့လာမှုစတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ အမြင့်ဆုံး ပမာဏလည်း ဖြစ်ပါတယ်။
နာဆာရဲ့ သြဂုတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လက်ရှိ အမေဇုန်သစ်တောမှာ မီးလောင်မှု ပမာဏဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း လောင်းကျွမ်းမှုအားလုံးပေါင်းရဲ့ ပမာဏလောက်ရှိတယ်လို့ ဆိုပါတယ်။
ဘာ့ကြောင့်လောင်တာလဲ???
ခြောက်သွေ့ရာသီရောက်ရင် အမေဇုန်သစ်တောမှာ မီးလောင်မှု ပုံမှန်ဖြစ်ပွားပေမယ့် အခုလို မီးလောင်မှု အများအပြား မြင့်တက်လာတာကတော့ လူတွေရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပါတယ်။
တောင်ယာလုပ်ဖို့၊ ထင်းရဖို့ မီးရှို့မြေရှင်းရာကနေ မီးလောင်ကြတာဖြစ်ပြီး INPE ကလည်း မီးလောင်မှု သိသိသာသာမြင့်တက်လာတာဟာ သဘာဝထက် လူတွေရဲ့ ပယောဂါကြောင့်ဆိုတာ
ဝန်ခံခဲ့ပါတယ်။
အမေဇုန်သစ်တောမှာ မီးလောင်မှုအတွက် လက်ရှိ ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုလည်း အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ သစ်တောဒေသအတွင်း တောင်ယာနဲ့ သတ္တုတွင်းလုပ်ငန်းတွေ အုံနဲ့ကျင်းနဲ့ လုပ်ကိုင်ခွင့်ပေးလိုက်တာကြောင့် သစ်တော ခုတ်ထွင်မှုကို မတားဆီးနိုင်တော့တာလို့ ဆိုပါတယ်။ ဘိုလ်ဆိုနာရိုလက်ထက်မှာ အမေဇုန်သစ်တောအတွင်း မီးလောင်မှုက အလွန်အမင်းကို မြင့်တက်လာခဲ့ပါတယ်။
ဇူလိုင်လအတွင်း ဘရာဇီးလ်အမေဇုန်သစ်တော ဖျက်ဆီးခံရမှုဟာ ၂၇၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
သမ္မတကတော့ မိုးခေါင်တာလို သဘာဝအကြောင်းအရင်းတွေကို လက်ညှိုးထိုးခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကို ထိန်းနိုင်ဖို့နဲ့ တရားမ၀င် သစ်တောခုတ်ထွင်မှုကို ရပ်တန့်ဖို့အတွက် မနေ့က စစ်သားတွေ စေလွှတ်လိုက်ရပါတယ်။
အမေဇုန်ကို မှီခိုသူ ဘယ်လောက်ရှိလဲ???
အမေဇုန် သစ်တောကြီးမှာ လူနေထိုင်မှုသက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း ၁၁၀၀၀ လောက်ရှိခဲ့ပြီး လူပေါင်း သန်း ၃၀ လောက် မှီတင်းနေထိုင်ကြပါတယ်။ အဲဒီအထဲက ၃ ပုံ ၂ ပုံလောက်က သစ်တောတစ်ဖြစ်လဲ မြို့တွေမှာ နေထိုင်နေကြတာပါ။
အမေဇုန်မှာ နေထိုင်သူတွေထဲမှာ ၁ သန်းလောက်က ဌာနေမျိုးနွယ်တွေဖြစ်ပြီး စုစုပေါင်း လူမျိုးစု ၄၀၀ လောက် ရှိနေတယ်လို့ ဌာနေမျိုးနွယ်စု အခွင့်အရေးဆိုင်ရာအဖွဲ့ Survival International က ဆိုပါတယ်။
အများစုက အမေဇုန်သစ်တောတစ်ဝိုက်က ရွာတွေမှာ နေထိုင်ကြပေမယ့် တောတွင်းမှာ ဆက်လက်နေထိုင်သူတွေလည်း ရှိနေပါတယ်။
လူသားတွေအပြင် အမေဇုန်မှာ သားရိုင်းတိရစ္ဆာန်တွေလည်း မှီတင်းနေထိုင်နေကြပါတယ်။ ကမ္ဘ္ဘာပေါ်မှာ လူသားတွေ သိရှိထားတဲ့ သားရိုင်းတိရစ္ဆာန်မျိုးစိတ်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က အမေဇုန်မှာ ရှိနေတာပါ။ သဘာဝဆိုင်ရာ ကမ္ဘ္ဘာ့ရန်ပုံငွေအဖွဲ့ WWF က ပျမ်းမျှ ၃ ရက်တိုင်းမှာ အမေဇုန်သစ်တောအတွင်း တိရစ္ဆာန်နဲ့ အပင်မျိုးစိတ်အသစ်တွေ တွေ့ရှိလေ့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘ္ဘာကြီးက ဘယ်လိုတုန့်ပြန်လဲ???
အမေဇုန်သစ်တောကြီး မီးလောင်နေတဲ့အတွက် ကမ္ဘ္ဘာကြီးက ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုကို အဓိကထားပြီး ဝေဖန်ပြစ်တင်နေကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်နဲ့ အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဗာရဒ်ကာတို့ဆိုရင် ဘရာဇီးလ်အနေနဲ့ အမေဇုန်မီးလောင်မှုကို တားဆီးနိုင်အောင် မလုပ်မချင်း ဥရောပသမဂ္ဂနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းထားမယ်လို့ သတိပေးခဲ့ပါတယ်။
သြဂုတ် ၂၅ ရက်နေ့ ပဲရစ်မှာပြုလုပ်ဖို့ရှိနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စကို အဓိကထား ဆွေးနွေးဖို့ မာခရွန် တိုက်တွန်းခဲ့ပါတယ်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်ကတော့ အမေဇုန်သစ်တော မီးလောင်မှုဟာ တကယ့်ကိုအရေးပေါ်ကိစ္စဖြစ်ပြီး G7 ရဲ့ ရည်ရွယ်ချက်နဲ့လည်း သက်ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နော်ဝေနဲ့ ဂျာမနီနိုင်ငံတို့က အမေဇုန်ထိန်းသိမ်းရေးအဖွဲ့ Amazon Fund အပေါ် ငွေကြေးထောက်ပံ့နေမှုကို အခုလအစောပိုင်းမှာ ရပ်ဆိုင်းခဲ့ပြီး ဘရာဇီးလ်အစိုးရက အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အလေးမထားတာကြောင့်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာလည်း #PrayForAmazonia and #PrayForAmazon ခေါင်းစဉ်တွေနဲ့ အမေဇုန်သစ်တောကို ကာကွယ်ထိန်းသိမ်းရေး အရှိန်မြှင့် ဆော်သြလာကြပါတယ်။
Ref: Aljazeera
ဇူလိုင် ၂၁၊ ၂၀၁၉
M-Media
-ဇူလိုင်လ ၂၀ ရက်နေ့ဟာ လပေါ်ကို လူသားတွေ ခြေချနိုင်မှု နှစ် ၅၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင် နီးလ် အမ်းစထရောင်း၊ အာကာသယာဉ်မှူး မိုက်ကယ်ကာလင်းနဲ့ လဆင်းယာဉ်ငယ် ယာဉ်မှူး ဘက်ဇ် အောလ်ဒရင်တို့ရဲ့ Apollo 11 လသွားခရီးစဉ်ဟာ လူသားတွေရဲ့ အာကာသသမိုင်းမှာ ကြီးကျယ်တဲ့ အောင်မြင်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီခရီးစဉ် အောင်မြင်ဖို့အတွက် ၁၀ နှစ်လောက် အချိန်ယူ လုပ်ဆောင်ခဲ့ရပြီး လူ့အသက်တွေအပါအ၀င် ပေးဆပ်မှုပေါင်းများစွာလည်း ရှိခဲ့ပါတယ်။
သမိုင်းဝင် Apollo 11 အာကာသခရီးစဉ်က လူသိနည်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ၁၁ ချက်ကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ သေဘေးက သီသီလေးလွတ်ခဲ့တဲ့ အမ်းစထရောင်း
Apollo 9 စီမံကိန်းရဲ့ အရံယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ၁၉၆၈ ခုနှစ်က အမ်းစထရောင်းဟာ လေ့ကျင့်ရင်း အသက်ဆုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဟူစတန်မြို့က အဲလင်တန် လေတပ်စခန်းမှာ လဆင်းယာဉ်ပုံတူကို စမ်းသပ်ပျံသန်းနေစဉ် အမြင့်ပေ ၂၀၀ အရောက်မှာ ယာဉ်ငယ် မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ အမ်းစထရောင်းဟာ ပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့တာကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် NASA ရဲ့ အင်တာဗျူးအစီအစဉ်မှာ အမ်းစထရောင်းက လပေါ်မှာ လေတိုက်မှုနဲ့ အခြား ဆွဲအား ပြဿနာတွေ မရှိတဲ့အတွက် လဆင်းယာဉ် ဆင်းသက်ရတာ ကမ္ဘ္ဘာမြေထက် ပိုမိုလွယ်ကူတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
၂။ သမိုင်းဝင်ခရီးမှာ နောက်ကွယ်က ပါဝင်ခဲ့တဲ့ အမျိုးသမီးများ
ကက်သရင်း ဂျွန်ဆင်
လပေါ်ကို လူသားတွေ ပထမဆုံး ခြေချနိုင်မှုမှာ NASA သုတေသနဌာနက သင်္ချာပညာရှင် ကက်သရင်း ဂျွန်ဆင်ရဲ့ အရေးပါတဲ့ ကူညီပံ့ပိုးမှုတစ်ခုကို လူတွေက သိပ်မသိကြပါဘူး။
သူမဟာ Apollo 11ကို လပေါ်ကိုရောက်တဲ့အခါ ပျံသန်းနိုင်မယ့် အရှိန်နှုန်းကို တွက်ချက်ထုတ်ပြန်ပေးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အာကာသ သမိုင်းမှတ်တိုင် တော်တော်များများမှာလည်း ကက်သရင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာ အမေရိကန်ရဲ့ အာကာသကို ပထမဆုံး လူလွှတ်ခဲ့တဲ့ ခရီးစဉ်မှာ အလ်ရှက်ဟာ့ဒ် လိုက်ပါမယ့် အာကာသယာဉ် အမြန်နှုန်းကိုလည်း သူမပဲ တွက်ချက်ထုတ်ပြန်ပေးခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ အာသာယာဉ်မှူး ဂျွန်ဂလန်း ဆောင်ရွက်တဲ့ အကာသယာဉ်နဲ့ ပထမဆုံး ကမ္ဘ္ဘာပတ်မှုမှာလည်း သူမရဲ့ သင်္ချာဆိုင်ရာ ကူညီပံ့ပိုးမှုတွေက အဓိကကျခဲ့ပါတယ်။
NASA မတိုင်ခင် ရှိခဲ့တဲ့ အမေရိကန် လေကြောင်းဆိုင်ရာ အကြံပေးကော်မတီ NACA မှာ အင်ဂျင်နီယာတွေရဲ့ တွက်ချက်မှုကို ပြန်လည် ဆန်းစစ် အတည်ပြုပေးမယ့် ‘လူသားကွန်ပျူတာ’ အဖွဲ့မှာ အမျိုးသမီးအနည်းငယ်သာ ပါဝင်ခဲ့ပြီး ကက်သရင်းက အဲဒီထဲကတစ်ယောက် ဖြစ်ပါတယ်။
သူမဟာ ၂၀၁၅ ခုနှစ်မှာ Presidential Medal of Freedom ဆုကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က
ထွက်ခဲ့တဲ့ Hidden Figures ရုပ်ရှင်ကားကတော့ သူမရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မာဂရက် ဟာမီလ်တန်
Apollo အာကာသ စီမံကိန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ နောက်ထပ်
အမျိုးသမီးတစ်ဦးကတော့ ကွန်ပျူတာသိပ္ပံပညာရှင် မာဂရက် ဟာမီလ်တန် ဖြစ်ပါတယ်။
သူမဟာ အပိုလို အာကာသယာဉ်အတွက် လမ်းညွှန်စနစ်နဲ့ လမ်းကြောင်းရှာ စနစ်တွေကို ရေးသားခဲ့သူ ဖြစ်ပါတယ်။၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ Presidential Medal of Freedom ဆု ရရှိခဲ့ပါတယ်။
၃။ လပေါ်က မြေကြီးနှင့် ကျောက်ခဲများ
လပေါ်ကို ပထမဆုံး ခြေချပြီးပြီးချင်းမှာပဲ အမ်းစထရောင်းဟာ လပေါ်က ကျောက်ခဲတွေနဲ့ မြေကြီးတွေကို ကောက်ယူပြီး အာကာသ၀တ်စုံက အိပ်ထဲကို အပြည့်အသိပ် ထည့်ခဲ့ကာ ကမ္ဘ္ဘာမြေပြင် ပြန်ရောက်ရင် သိပ္ပံပညာရှင်တွေ လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
လပေါ်ကိုရောက်တာနဲ့ တွေ့သမျှအရာတွေကို စူးစမ်းချင်တဲ့စိတ် ပြင်းပြနေတယ်လို့ အမ်းစထရောင်းက ၂၀၀၁ ခုနှစ် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
လမျက်နှာပြင်ဟာ အမေရိကန်က ခြောက်သွေ့တဲ့ သဲကန္တာရနဲ့ ဆင်တူပြီး၊ လေထုမရှိတာကြောင့် ဖုန်တွေကို ခြေထောက်နဲ့ ကန်ရင်တောင် ပျံ့လွင့်တာမရှိဘူးလို့ သူက ဆိုပါတယ်။
ဓာတ်ပုံကတော့ လဆင်းယာဉ်အနားမှာ အမ်းထရောင်း ရပ်နေတဲ့ပုံ ဖြစ်ပါတယ်။
၎။ ထူးထူးခြားခြား ဒီဇိုင်းထုတ်ခဲ့ရတဲ့အလံ
Apollo 11 ခရီးစဉ်အတွင်း လပေါ်မှာ စိုက်ခဲ့တဲ့ အမေရိကန်အလံကို စီမံကိန်းရဲ့ နည်းပညာဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျက် ကင်ဇလာက ဒီဇိုင်းထုတ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
လပေါ်မှာ လေမရှိတာကြောင့် ၃ ပေ၊ ၅ ပေ နိုင်လွန်အလံကို လွင့်နေတဲ့ပုံစံဖြစ်အောင် အလူမီနီယံချောင်းနဲ့ ပိုးထားရတာ ဖြစ်ပါတယ်။
လပေါ်မှာတွေ့ရတဲ့ အမေရိကန်အလံတွေဟာ Apollo 11 က အလံမဟုတ်ဘဲ အဲဒီနောက်ပိုင်းသွားခဲ့တဲ့ ခရီးစဉ်တွေက စိုက်ထားတဲ့အလံတွေ ဖြစ်ပါတယ်။
လဆင်းယာဉ်ငယ်ယာဉ်မှူး ဘက်ဇ် အောလ်ဒရင်က ခရီးစဉ်ပြီးလို့ လဆင်းယာဉ်ငယ် ပျံတက်တဲ့အချိန် အင်ဂျင်တွန်းကန်အားကြောင့် အလံဟာ လမျက်နှာပြင်ပေါ်ကနေ ပြုတ်ထွက်သွားတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။
ဓာတ်ပုံက လပေါ်မှာစိုက်ထူထားတဲ့ အမေရိကန်အလံတိုင်အနီး ဘက်ဇ် အောလ်ဒရင် ရပ်နေတာ ဖြစ်ပါတယ်။
၅။ လကျောက်ခဲများ
အမ်းစထရောင်းနဲ့ အောလ်ဒရင်တို့ဟာ လပေါ်ကနေ ကျောက်ခဲ ၄၇.၅၁ ပေါင်ကို ယူလာခဲ့ပါတယ်။
အဲဒီကျောက်ခဲတွေကနေ အာမာလ်ကိုလိုက်၊ ထရန်ကွီလီတီယိုက်နဲ့ ပိုင်ရိုဖာရိုက်ဆိုတဲ့ ဓာတ်သတ္ထု ၃ မျိုးကို တွေ့ခဲ့ပါတယ်။
အာမာလ်ကိုလိုက် သတ္တုကို လပေါ်က Sea of Tranquility (ထရန်ကွီလီတီပင်လယ်) မှာ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်း ကမ္ဘ္ဘာပေါ်မှာလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီသတ္တုကို အပိုလို ၁၁ က အာကာယာဉ်မှူးတွေ ဖြစ်တဲ့ အမ်းစထရောင်း၊ အောလ်ဒရင်နဲ့ ကောလင်းတို့ရဲ့ ထိပ်ဆုံးစာလုံးတွေကို ပေါင်းစပ် မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။
၆။ အမ်းစထရောင်းနဲ့ ကမ္ဘ္ဘာကျော်စကား
လပေါ်မှာ ပထမဆုံးခြေချပြီး နီးလ် အမ်းစထရောင်းပြောခဲ့တဲ့စကားဟာ ကမ္ဘ္ဘာကျော်စကား
ဖြစ်လာပါတယ်။
“လူသားတစ်ယောက်ရဲ့ ခြေရာအသေးလေးတစ်ခုက လူသားထုတစ်ရပ်လုံးအတွက် ကြီးကျယ်တဲ့ ခုန်ပျံကျော်လွှားမှု ဖြစ်ပါတယ်”
၂၀၀၁ ခုနှစ် အင်တာဗျူးမှာ အမ်းစထရောင်းက လပေါ်ကို ခြေချပြီးတဲ့နောက် ဘာပြောရမလဲဆိုတာကို တော်တော်စဉ်းစားခဲ့ရကြောင်း၊ အဲဒီစကားဟာ လူသားတစ်ယောက် ခြေလှမ်းတစ်ခုလှမ်းတာကို ရိုးရိုးလေးတွေးပြီး ပြောကြားခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဓာတ်ပုံကတော့ လပေါ်က ပထမဆုံး လူသားခြေရာ ဖြစ်ပါတယ်။
၇။ ကမ္ဘ္ဘာပေါ်ပြန်လာပြီးနောက် ကြုံတွေ့မှု
အမ်းစထရောင်းတို့အဖွဲ့ ပြန်လည်လိုက်ပါလာတဲ့ အာကာသယာဉ်ဟာ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ ဟာဝိုင်ယီကျွန်း အနောက်တောင်ဖက် မိုင် ၉၀၀ အကွာက မြောက်ပစိဖိတ် သမုဒ္ဒရာရေပြင်ပေါ်ကို ကျရောက်ခဲ့ပါတယ်။
အမေရိကန် အမှတ် (၁၁) ရေအောက်ဖြိုခွဲရေးအဖွဲ့က ဗိုလ် ကလန်စီ ဟက်လီဘာ့ဂ်က သူတို့အဖွဲ့ကို သက်ကယ်လှေနဲ့ သွားခေါ်ခဲ့ပါတယ်။ အဲဒီနောက် ရှေ့ပြေးမော်တော်ဘုတ်နဲ့ လေယာဉ်တင်သင်္ဘော USS Hornet ဆီကို ခေါ်ဆာင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် လေတပ်ကလေယာဉ်နဲ့
ဟူစတန်မြို့မှာရှိတဲ့ လေတပ်စခန်းကို ပို့ဆောင်ခဲ့ပါတယ်။
အမ်းစထရောင်းတို့အဖွဲ့ဟာ လပေါ်ကပြန်လာပြီး ၂၁ ရက်လုံးလုံး သီးသန့်စောင့်ကြည့်အခန်းထဲမှာ နေထိုင်ခဲ့ရပြီး အဲဒီနောက်ပိုင်းမှသာ အပြင်နဲ့ ထိတွေ့ခွင့်ရတာ ဖြစ်ပါတယ်။
၈။ ရွေ့လျားပိုးသတ်ခန်း
လပေါ်ကပါလာတဲ့ ပိုးမွှားတွေ လူသားတွေကို ကူးစက်မှာ စိုးရိမ်တဲ့အတွက် အမ်းစထရောင်းနဲ့အဖွဲ့ကို ရွေ့လျား ပိုးသတ်ခန်း MQF မှာ ၃ ပတ် ထားခဲ့ပါတယ်။
အဲဒီသီးသန့်ခန်းမှာ အိပ်ခန်း၊ မီးဖိုဆောင်နဲ့ ချေချိုးခန်းတွေ ပါဝင်ပြီး၊ ပြင်ပနဲ့ ဆက်သွယ်ပြောဆိုလို့ ရအောင်လည်း စီစဉ်ထားပါတယ်။
လပေါ်က ပိုးမွှားတွေ ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီလို ရွေ့လျား ပိုးသတ်ခန်းကို ဖန်းတီးထားတာ ဖြစ်ပေမယ့် လပေါ်မှာ သက်ရှိပိုးမွှားတွေ မရှိဘူးဆိုတာ သေချာပြီးတဲ့နောက် Apollo 14 ခရီးစဉ်နောက်ပိုင်းမှာ ဒီလို သီးသန့်ထား ပိုးသတ်တဲ့အစီအစဉ်ကို မလုပ်ဆောင်တော့ပါဘူး။
ဓာတ်ပုံက အာကာသယာဉ်မှူး ၃ ဦးဟာ အဲလင်တန် လေတပ်စခန်းမှာ ဇနီးတွေနဲ့ စကားပြောနေပုံ ဖြစ်ပါတယ်။
၉။ အကောက်ခွန်ဖောင် ဖြည့်ခဲ့ရ
လကမ္ဘ္ဘာကနေ ပြန်လာပြီး ဟိုနိုလူလူကိုရောက်တဲ့အခါ အာကာသယာဉ်မှူး ၃ ဦးစလုံးဟာ
အကောက်ခွန်နဲ့ လ၀က ဖောင်တွေ ဖြည့်ခဲ့ရပါတယ်။
အကောက်ခွန်ဖောင်က ယူဆောင်ပစ္စည်းနေရာမှာ ‘လကမ္ဘ္ဘာက ကျောက်တုံးနှင့် မြေကြီး နမူနာများ’ လို့ ဖြည့်ခဲ့သလို၊ ‘အာကာသယာဉ်ထဲက အခြေအနေကြောင့် ရောဂါတွေ ပြန့်နှံ့နိုင်လား’ ဆိုတဲ့ မေးခွန်းကို ဆန်းစစ်ရအုံးမယ်လို့ ဖြည့်ခဲ့ပါတယ်။
၁၀။ စံချိန်တင် ကြည့်ရှုမှု
လပေါ်ကိုလူဆင်းတဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသချက်ကို ကမ္ဘ္ဘာတစ်ဝှမ်းက လူပေါင်း သန်း ၆၅၀ လောက် ကြည့်ရှုခဲ့ပြီး အမေရိကန်မှာ ယနေ့အချိန်အထိ ရုပ်သံက လူကြည့်အများဆုံး အဖြစ်အပျက်အဖြစ် မှတ်တမ်း ၀င်နေပါတယ်။
အမ်းစထရောင်းဟာ တီဗီကင်မရာကို လဆင်းယာဉ်ရဲ့ ပေ ၃၀ အကွာမှာထားခဲ့ပြီး တစ်စက္ကန့်ကို ၅၁.၂ ကီလိုဘစ်နှုန်းနဲ့ ကမ္ဘ္ဘာမြေကို ဆစ်ဂနယ်ပို့လွှတ်တာ ဖြစ်ပါတယ်။
ပုံက လပေါ်မှာ အာကာသယာဉ်မှူး အောလ်ဒရင်ရဲ့ လေတိုက်နှုန်း စပ်သပ်နေမှု ဖြစ်ပါတယ်။
၁၁။ ၀မ်းနည်းကြောင်းပြောဖို့ ပြင်ဆင်ထား
အဲဒီအချိန်က အမေရိကန်သမ္မတ ရစ်ချက် နစ်ဆန်ဟာ အမ်းစထရောင်းနဲ့ ဘက်ဇ် အောလ်ဒရင်တို့ လပေါ်ဆင်းသက်မှု မအောင်မြင်ရင် နှစ်သိမ့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
မိန့်ခွန်းရေးပေးတဲ့ ဝီလီယံ စဖိုင်းယားက ခရီးစဉ် မအောင်မမြင်ဖြစ်ရင် အာကာသယာဉ်မှူးတွေရဲ့ ဇနီးသည်တွေကို ဖုန်းဆက်ပြီး ၀မ်းနည်းကြောင်း အရင်ပြောဖို့ အကြံပြုခဲ့ပါတယ်။
နှစ်သိမ့်မိန့်ခွန်းကို “လပေါ်မှာ ငြိမ်းချမ်းမှု သွားရောက်ရှာဖွေကြသူတွေကို ကံတရားက မျက်နှာသာ မပေးခဲ့ပါဘူး။ လပေါ်မှာပဲ ငြိမ်းအေးရာဘုံဘ၀ကို ရောက်ရှိသွားကြပါပြီ” ဆိုတဲ့ စာကြောင်းနဲ့ အစပြုထားပါတယ်။
‘သူတို့ရဲ့ စွန့်လွှတ်စတေးမှုဟာ လူသားတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်’ ဆိုတဲ့ စာကြောင်းလည်း ပြင်ဆင်ထားတဲ့ နှစ်သိမ့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။
နာဆာက အာကာသယာဉ်မှူးတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားရင် ခရစ်ယာန်ဘုန်းကြီးတွေက ဆုတောင်းပေးဖို့လည်း စဖိုင်းယားက စီစဉ်ထားပါတယ်။
ဓာတ်ပုံက သမ္မတ နစ်ဆင်ဟာ လပေါ်က အောလ်ဒရင်၊ အမ်းစထရောင်းတို့နဲ့ စကားပြောနေပုံကို တီဗီက ထုတ်လွှင့်နေမှု ဖြစ်ပါတယ်။
၁၂။ ကမ္ဘ္ဘာတစ်ပတ် အောင်ပွဲခံ
အမ်းစထရောင်းတို့ဟာ ကမ္ဘ္ဘာတစ်ဝှမ်း ၂၄ နိုင်ငံက မြို့ပေါင်း ၂၇ မြို့ကို Air Force Two လေယာဉ်နဲ့ ၄၅ ရက်ကြာ အောင်ပွဲခံခရီး လှည့်လည်ခဲ့ပါတယ်။
လှည့်လည်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ဂျပန်၊ မက္ကဆီကို၊ ပါကစ္စတန်၊ ကနေရီကျွန်း၊ ကွန်ဂိုနဲ့ အီရန်နိုင်ငံတွေ ပါဝင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး၊ တော်ဝင်မိသားစုတွေ၊ အစိုးရတာရှိသူတွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပုံကတော့ နယူးယောက်မြို့က ဘရော့ဝေးလမ်းမှာ လှည့်လည်နေမှု ဖြစ်ပါတယ်။
Ref: Reuters
ဇူလိုင် ၁၊ ၂၀၁၉
M-Media
-လတ်တလော ဥရောပတိုင်းပြည်တွေမှာ အပူချိန်လွန်ကဲပြီး တောမီးလောင်မှု၊ လူသေဆုံးမှုတွေ ဖြစ်လာတာဟာ ကမ္ဘ္ဘာကြီးက ကြုံတွေ့နေရတဲ့ ရာသီဥတု ဖောက်ပြန်မှုကို မီးမောင်းထိုးပြနေတာဖြစ်ပြီး အချိန်မီ ဆောင်ရွက်ဖို့ လိုအပ်လာနေပြီလို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဥရောပမှာ ပူလှိုင်းဖြတ်နေပြီး မြောက်ပိုင်းနဲ့ အနောက်ပိုင်း နိုင်ငံတွေက အပူအချိန်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြင်သစ်၊ အီတလီနဲ့ စပိန်တို့မှာ အပူချိန် အလွန်အမင်းမြင့်မားမှု နောက်ဆက် ပြဿနာတွေကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ အပူချိန် မြင့်တက်လာမှုကြောင့် တောမီးလောင်တာတွေလည်း ဖြစ်နေပါတယ်။
ပြင်သစ်နိုင်ငံရဲ့ သောကြာနေ့အပူချိန် ၄၅.၉ ဒီဂရီ ဆဲလ်စီးယက်စ်ဟာ နိုင်ငံသမိုင်းတစ်လျှောက် အပူချိန် အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ အပူချိန် ၄၅ ဒီဂရီကို ကျော်သွားတဲ့ ဥရောပနိုင်ငံ အရေအတွက်ဟာ ပြင်သစ်အပါအ၀င် ၇ နိုင်ငံ ရှိလာပြီ ဖြစ်ပါတယ်။ အပူချိန် မြင့်တက်လာတာကြောင့် ပြင်သစ်မှာ ကောက်ပဲသီးနှံတွေ ပျက်ဆီးမှုလည်း ရှိလာပါတယ်။
၂၀၀၃ ခုနှစ်မှာလည်း ပြင်သစ်ဟာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၁၅၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စပိန်က ဒေသ ၅၀ မှာ ၄၀ ကို အပူချိန်သတိပေးချက် ထုတ်ပြန်ထားရပြီး၊ ဒေသ ၇ ခုကတော့ အဆိုးဝါးဆုံး အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ စပိန်နိုင်ငံမြောက်ပိုင်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန် ၄၃.၉ ဒီဂရီ ဆဲလ်စီးယက်စ်ကို ရောက်ရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း အပူချိန် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အပူချိန်အလွန်အမင်း မြင့်တက်လာမှုကြောင့် ဥရောပက မြို့ကြီးတစ်ချို့မှာ လေထုသန့်ရှင်းမှု အရည်အသွေး ကျဆင်းကာ အာဏာပိုင်တွေက အရေးပေါ် ဆောင်ရွက်မှုတွေ ပြုလုပ်နေရပါတယ်။
အပူဆုံးနှစ် ၂၀၁၉
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်ဆောင်တာကြောင့် အပူချိန်တွေဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်လို့ မိုးလေ၀သပညာရှင်တွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀၀ အတွင်း ဥရောပဟာ အပူဆုံးနှစ် ၅ နှစ်ကို အခုရာစုနှစ်မှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ဟာ ကမ္ဘ္ဘာ့ အပူဆုံးနှစ်တွေထဲကတစ်ခု ဖြစ်လာနိုင်ပြီး ၂၀၁၅-၂၀၁၉ ကာလဟာ အပူချိန် စံချိန်တင်အမြင့်ဆုံး ၅ နှစ်တာကာလ ဖြစ်လာမယ်လို့ ကမ္ဘ္ဘာ့ မိုးလေ၀သအဖွဲ့ World Meteorological Organization က ပြီးခဲ့တဲ့တစ်ပတ် အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒါဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာခြင်းနဲ့ အဓိက သက်ဆိုင်နေတာကြောင့် ဖြစ်ပါတယ်။
Ref: Aljazeera
ဇွန် ၂၇၊ ၂၀၁၉
M-Media
-အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း အတ္တလန်တိတ် သမုဒ္ဒရာအောက်မှာ ဧရာမ ရေချိုရင်းမြစ်တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး ရေချို ရှားပါးလာတဲ့ ကမ္ဘ္ဘာကြီးအတွက် ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ရေချိုရင်းမြစ်ဟာ သမုဒ္ဒရာအောက် ပေပေါင်း ၆၀၀ လောက်မှာ ရေအောင်းလွှာအဖြစ်
သီးခြား တည်ရှိနေတာ ဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်ကနေ မက်ဆာချူးဆက်ပြည်နယ်အထိ ၇၅ မိုင် ရှည်လျားတဲ့ ဒီရေအောင်းလွှာမှာ ရေချို ဂါလံပေါင်း ၇၃၉ ထရီလီယံလောက် ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဒါဟာ အိုလံပစ်မှာ အသုံးပြုတဲ့ ရေကူးကန်ပေါင်း ၁.၁ ဘီလီယံလောက်ကို ရေဖြေည့်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။
ရှာဖွေဖော်ထုတ်မှုကို ကိုလံဘိယာ တက္ကသိုလ်နဲ့ အမေရိကန်အခြေစိုက် သမုဒ္ဒရာဆိုင်ရာ လေ့လာမှုအဖွဲ့ Woods Hole Oceanographic Institution တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ရလဒ်ကို ပြီးခဲ့တဲ့တစ်ပတ်က Scientific Reports ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီရေအောင်းလွှာဟာ လူ့သမိုင်းတစ်လျှောက် တွေ့ရှိရသမျှ ပင်လယ်အောက် ရေအရင်းအမြစ်တွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး ကမ္ဘ္ဘာ့အခြေားဒေသတွေမှာလည်း ဒီလို ရေအရင်းအမြစ်တွေ ရှိနေအုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကမ္ဘ္ဘာကြီးမှာ မိုးခေါင်ရေရှားပြီး လူဦးရေ မြင့်တက်လာနေတဲ့အချိန် ဒီတွေ့ရှိမှုက အရေးပါတဲ့ တွေ့ရှိမှု ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။
၁၉၇၀ ပြည့်နှစ် အမေရိကန်ကမ်းရိုးတန်းဒေသတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတင် တူးဖော်ထုတ်လုပ်စဉ် အချိန်ကတည်းက အရှေ့မြောက် သမုဒ္ဒရာအောက်မှာ ရေချိုရင်းမြစ် ရှိတယ်ဆိုတာကို သိခဲ့ရပေမယ့် အခုအချိန်မှ တိတိကျကျ ဖော်ထုတ်နိုင်တာလည်း ဖြစ်ပါတယ်။
သမုဒ္ဒရာအောက် ရေချိုတွေ ဘယ်ကရောက်လာသလဲ
သိပ္ပံပညာရှင်တွေက ရေခဲခေတ်နှောင်းပိုင်းမှာ ရေခဲတွေ အရည်ပျော်ရာကနေ သမုဒ္ဒရာအောက်က အလွှာတစ်ခုမှာ ပိတ်မိခဲ့တာကြောင့် ဒီနေ့အချိန်အထိ ရေချိုတွေ ရှိနေတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။
အမေရိကန်ရဲ့ အခြား ကမ်းရိုးတန်းဒေသတွေမှာ ရှာဖွေဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့လည်း ပညာရှင်တွေက စီစဉ်ထားပါတယ်။ အခုတွေ့ရှိထားတဲ့ ရေချိုရင်းမြစ်မှာ ရေတွေဟာ ပင်လယ်ရေအနည်းငယ်ဝင်ထားပြီး ဆားဓာတ် နည်းနည်းပါနေတာကြောင့် သန့်စင်ပြီးမှ သောက်သုံးနိုင်မယ်မှာ ဖြစ်ပါတယ်။
Ref: CNN