News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့် ပတ်သက်ပြီး အရပ်ဖက်အဖွဲ့ ၄၈ ဖွဲ့ စုပေါင်းပြီး ကြေညာထုတ်ပြန်

    မေလ-၁၄၊ ၂၀၁၃
    M-Media
    သုတ

    ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေး ဆောင်ရွက်နေသော အရပ်ဖက် လူမှုအဖွဲ့အစည်းများစုပေါင်း၍ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သဘောထားကြေညာချက်ထုတ်ပြန်

    ရန်ကုန် ။          ။     မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သဘောထားကြေညာထုတ်တစ်စောင်ကို ယနေ့ မေလ ၁၄-ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    အဆိုပါ သဘောထားကြေညာချက်ကို ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်းသဘောတူညီချက်ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
    ယင်း သဘောထားကြေညာချက်အား နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံရုံးများ၊ သတင်းမီဒီယာများနှင့် United Nations Representative Office သို့ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံလူငယ်များနှင့် မြန်မာ့အရေးကို ဆောင်ရွက်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သဘောထားထုတ်ပြန်ကြေညာချက်

    ၁။  ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ဖြစ်သည့် နိုင်ငံတော်အလံကို မည်သည့်အကြောင်းဖြင့်ဖြစ်စေ နှိမ့်ချစော်ကားသော မည်သည့်အပြုအမူမဆို ကျွန်ုပ်တို့ ဘာသာပေါင်းစုံ လူငယ်များမှ လုံးဝဆန့်ကျင် ရှုံ့ချကြောင်း အသိပေးကြေညာအပ်ပါသည်။

    ၂။  အစ္စလာမ့်ကုရ်အာန်ကျမ်းလာ ဂျီဟာဒ်အမည်အား အလွဲသုံးစားပြုကာ ပြည်ပမှ အကြမ်းဖက်မှုများလုပ်ဆောင်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်လူငယ်များအပါအ၀င် ဘာသာပေါင်းစုံလူငယ်များအနေဖြင့် လုံးဝ(လုံးဝ)လက်မခံပါ။

    ၃။  ဗုဒ္ဓ၏အဆုံးအမကို ဆန့်ကျင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်လူငယ်များအပါအ၀င် ဘာသာပေါင်းစုံ လူငယ်များအနေဖြင့် လုံးဝ(လုံးဝ)လက်မခံပါ။

    ၄။   မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံလူငယ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများသည် မည်သည့်အကြမ်းဖက်မှုကိုမှ မလိုလားသဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေအောက်တွင် ဘာသာလူမျိုးမခွဲခြားပဲ တန်းတူအခွင့်အရေးရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအလေးထားဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား တောင်းဆိုသည်။

    ၅။  ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ပိုမိုဆိုးရွာစေရန် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်သူများနှင့် အဆိုပါပုဂ္ဂိုလ်များ၏ လှုံ့ဆော်သော လှုပ်ရှားမှုမှန်သမျှကို ဘာသာပေါင်းစုံလူငယ်များမှ လုံးဝဆန့်ကျင်ရှုံ့ချသည်။

    ၆။  မိမိတို့ သက်ဆိုင်ရာ ဘာသာ သာသနာကို ထိန်းသိမ်းသော၊ သက်ဆိုင်ရာ ဘာသာ၏ အဆုံးအမကို လိုက်နာသော ငြိမ်းချမ်းစွာနေလိုသူ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများနှင့် ဘာသာအသီးသီး၏ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊ လူငယ်များကို လုံးဝထောက်ခံပြီး တစ်သားတည်း တည်ရှိနေကြောင်း အသိပေးကြေညာအပ်ပါသည်။

    ၇။  အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများအား အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအား လေးနက်စွာ တောင်းဆိုအပ်ပါသည်။

    ပူးပေါင်းပါဝင်သော အရပ်ဖက် လူမှုအဖွဲ့အစည်းများ
    1.  American Center Interfaith Club (ACIC)
    2.  Brave New Burma
    3.  Burma Partnership
    4.  Chin Youth Forum
    5.  Community Management Center
    6.  Community Response Group (Com Reg)
    7.  CSOs-IFI-Watch-Myanmar
    8.  Gender and Development Initiative – Myanmar
    9.  Interfaith Youth Coalition on Aids in Myanmar (IYCA – Myanmar)
    10. Kachin Peace Network
    11. Kachin Women Peace Network
    12. Mizzima Youth Network (MYN)
    13. Myanmar Environment & Social Network
    14. Myanmar ICT Development Organization (MIDO)
    15. Myanmar Muslim Students & Youth (MMSY)
    16. Myanmar Youth Contributive Organization (MYCO)
    17. Myanmar Youth Empowerment Programme (Myanmar YEP)
    18. Myanmar Youth Resource Society (MYRS)
    19. National Good-governance Individuals (NGI)
    20. Peace Cultivation Network (PCN)
    21. Peace Machine Group
    22. Pray For Myanmar
    23. Public Welfare Network
    24. Radiance Alliance For Social Care
    25. Rainfall Gender Support Group
    26. Safety Net
    27. Smile Education
    28. Spectrum Sustainable Development knowledge Network (Spectrum SDKN)
    29. Triangle Women Support Group
    30. Vatan Resource Center
    31. Volunteer Action Group (VAG)
    32. Women Organization Network
    33. Yangon Youth Network
    34. Youth Resource Development Programme (YRDP Myanmar)
    35. ကဗျာချစ်သူများအသင်း
    36. ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့
    37. ခေတ်သစ်လူငယ်
    38. ဇမ္ဗူသီရိ
    39. ပန်းပျိုးလက်
    40. မေတ္တာ Campaign
    41. ရွှေခြင်္သေ့
    42. သိက္ခာမြန်မာ
    43. သွေးမေတ္တာပရဟိတအဖွဲ့(ရန်ကုန်)
    44. အစ္စလာမ့်တံခွန်
    45. အလင်းစေတမန်
    46. အဖြူရောင်တွဲလက်များ
    47. အဖြူရောင်ဧရာဝတီလူငယ်များ
    48. အောင် Network

    img099

    img098

    img097

  • ရွှေစွန်းချောင်း ဆရာတော် ရေးသားသည့် မြတ်ဗုဒ္ဓ နှင့် အလ္လာဟ်ရှင်မြတ်ကို ပုန်ကန်ကြသူများ ဆောင်းပါးမှ ကောက်နှုတ်ချက်

    မေလ ၁၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစွန်းချောင်း ဆရာတော်) ရေးသားသော ssential Volume (1) No (41) ဂျာနယ်ပါ ဆောင်းပါး ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
    “မြတ်စွာဘုရားရှင်တို့က ထိုသို့ ဟောတော်မူကြသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ထိုဟောကြားချက်ကို ဂရုမစိုက်။ မကောင်းတာတွေ အကုန်လုပ်ကြ၏။ ကောင်းတာတွေ ဘာတစ်ခုမှမလုပ်။ စိတ်ဓာတ်ကလည်း ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျနေလိုက်သေး၏။ မြတ်စွာဘုရား၏ စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ခြင်းသည် မြတ်စွာ ဘုရားကို တော်လှန် ပုန်ကန်မူပင်ဖြစ်သည်။ ထိုအမှုသည်မြတ်စွာ ဘုရား၌ တာဝန်မရှိ။ တော်လှန် ပုန်ကန်သူတို့၌သာ တာဝန်ရှိ၏။

    ၁။ ခြေလှမ်း ၇-လှမ်းအတူတူသွားဖူးလျှင် (မိတ္တ) မိတ်ဆွေ။
    ၂။ ၁၂ -ရက်အတူသွား အတူနေဖူးလျှင် (သဟာယ) သူငယ်ချင်း။
    ၃။ ၁-လ၊ ၁-လခွဲ အတူနေဖူးလျှင် (ဥာတိ) ဆွေမျိုး
    ၄။ ထို့ထက်ကြာမူ (အတ္တသမ) ကိုယ်နှင့် ထပ်တူနှစ်ကိုယ့် တစ်စိတ်ပုဂ္ဂိုလ်
    ( ဇာတက ပါဠိ၊ ဧကက နိပါတ်၊ ကာဠကဏ္ဍိဇာတ်)
    ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ကိုယ်နှင့် ထပ်တူဆိုတာတွေကို စိတ်မ၀င်စား။ ကောလာဟလတွေကိုသာ စိတ်ဝင်စားပြီး တစ်ဖက်နှင့် တစ်ဖက်ဆော်ကြ၏။

    စဉ်းစားမလားသေမလားဟုမေးလျှင် မစဉ်းစားဘူးသေမယ်ဆိုသော လူစားတွေကများသည် ဟုထည့်သွင်းရေးသားထားသည်။

    အစ္စလာမ်တို့အတွက် အမြတ်ထားလိုက်နာကျင့်သုံးကြရသော ကျမ်းတော်မြတ်ကုရ်အာန်၌ အောက်ပါအတိုင်းမိန့်ဆိုထားချက်များရှိ၏။

    ကျမ်းတော်မြတ်ကုရ်အာန်သည် အစ-မှ-အဆုံးတိုင် ကရုဏာ ချည်းသာတည်း။ (ကျမ်းအဖွင့်)

    အကြင်သူသည် လူအများအပေါ်ဝယ် သနားကြင်နာမှုကင်းမဲ့၏။ ထိုသူအား အလ္လာဟ်ရှင်မြတ်လည်း သနားကြင်နာတော်မူမည်မဟုတ်။
    (ပထမတွဲ- စာမျက်နှာ ၂၂)

    အကြင်သူတစ်ယောက်သည် အလ္ဘာဟ်ရှင်မြတ်အား ယုံကြည်၏။ ဆွလာတ်ပြု၏။ သို့ရာတွင် သတ္တ၀ါများအားမကူညီမရိုင်းပင်း မပေးလှူ မကျွေးမွေးပါလျှင် ထိုသူသည် သူတော်စင် အစစ်အမှန် ဖြစ်နိုင်မည်မဟုတ်ချေ။ ကုရ်အာန်ကျမ်းတော်မြတ်၏ မြောက်များစွာသော

    ပါဒများတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။
    (ပထမတွဲ- စာမျက်နှာ- ၉)

    ထိုကုရ်အာန်ကျမ်းမြတ်၏ သွန်သင်ဆုံးမချက်များသည် မကောင်းပါသလော။ ကောင်းသည်သာ ဖြစ်၏။ အစ္စလာမ်အစစ်သည် ကုရ်အာန်ကျမ်းမြတ်နှင့် အညီ နေထိုင်ကျင့်သုံးရန် တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်က အစအဆုံး ကရုဏာကင်းသော အလုပ်များကို လုပ်သည်ဟု ဆိုလျှင်

    သဘာဝမကျ။ ထိုသူများသည်လည်း အလ္လာရှင်မြတ်ကို တော်လှန်ပုန်ကန်သူများ ဖြစ်၏။ ထိုသူများကို အလ္လာရှင်မြတ်က သနားမည် မဟုတ် ဟုထည့်သွင်းရေးသားထားသည်။

    အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကို အထူးလိုလားသော ဘာသာဖြစ်သည်။ သို့သော်လည်း အချို့သော အစွန်းရောက်ပြီးသဘောထား တင်းမာသူများက မိမိတို့ဘာသာတရား သိက္ခာကျစေမည့် အလုပ်နေကြလေ၏။ ထပ်ပြောမည်။ ထိုသူများသည် အလ္လာဟ်ရှင်မြတ်နှင့်

    ကျမ်းတော်မြတ် ကုရ်အာန်ကို တော်လှန်ပုန်ကန်သော အစ္စလာမ် အယောင်ဆောင် လူယုတ်မာများ ဖြစ်ကြ၏။

    ဤသို့ဖြင့် မြတ်ဗုဒ္ဓကို တော်လှန်ပုန်ကန်သူများနှင့် အလ္လာရှင်မြတ်ကိုတော်လှန်ပုန်ကန်သူများ ပဋိပက္ခဖြစ်ကြသည်။ လူချင်းဖြစ်သော  ပဋိပက္ခ၌ ဘယ်ဘုရားကမှ ၀င်၍မြှောက်ပေးတော်မူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာသာရေး ပဋိပက္ခဟု မခေါ်သင့် မခေါ်ထိုက်။ နိုင်ငံတော်

    သမ္မတဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဒါဟာသာမန် ပုဂ္ဂလိက အငြင်းပွားမူ သာမန်မှုခင်း တစ်ခုဟု ဆိုထားပေ၏။ ဘယ့်နှယ့်ကြောင့် အမှုကြီးအောင် ဘာသာတရားကို ဆွဲထည့်ပြီး ဘာသာရေးပဋိပက္ခဆိုချင်ကြပါသနည်း။ ဘာသာတရားတွေကို သိက္ခာမချကြပါနှင့် ဟုပြောချင်သည်။

    ဆက်လက်၍ ပဋိပက္ခများ ဖြစ်ပွားပါလျှင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမဲ့ရန် အကြောင်းသာ ရှိ၏။ ခွေးဟောင်တိုင်းထ ကြည့်သူကဲ့သို့ ကောလဟလတွေကို ယုံပြီး လူလူချင်းဆော်ကြပါလျှင် လောက၌ လူဟူ၍ ကြည့်စရာ ကျန်တော့မည် မဟုတ်ချေ။ ကျွန်ုပ်တို့

    သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီ။ ဤဆောင်းပါးကို မြတ်ဗုဒ္ဓ၏ စကားတစ်ခွန်းနှင့် အဆုံးသတ်လိုက်သည်။

    ကလဟော ၀ိနာသမူလမေ၀ ဟောတိ။
    ခိုက်ရန် ဒေါသဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏ ၀ိဝါဒကေသော တ္တိဘာဝေါနာမ နတ္တိ။
    အချင်းချင်း အညီညွှတ်သော နေရာ၌ စိတ်ချမ်းသာစရရာမရှိ။
    ( ဆင်းရဲ ကင်းကွာ ချမ်းသာကြပါစေ) ဟု ထည့်သွင်းရေးသားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

    OLYMPUS DIGITAL CAMERA

  • ၉၆၉ လှုပ်ရှားမှု ကန့်လန့်ကာရဲ့ နောက်ကွယ်မှာ ? (ဘာသာပြန် ဆောင်းပါး)

    မေ-၁၄၊ ၂၀၁၃
    M-Media
    ဘာသာပြန်- သာကီထက်ကောင်း

    မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်း မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မှာ ၉၆၉ လိုဂိုတံဆိပ်တွေ မြို့အနှံ့မှာ တင်းကြမ်းပြည့်နေပေမယ့်လည်း အရာရာအားလုံး တည်ငြိမ်အေးချမ်းနေသယောင်ရှိပါတယ်။ ဗဟိုမြို့မဈေးကြီးရဲ့ ရွှေဆိုင်တစ်ဆိုင်ထဲမှာ ဗုဒ္ဓ၀ါဒရတနာသုံးပါးကို ကိုယ်စားပြုထားတဲ့ စတစ်ကာဟာ ဘုရားစင်ငယ်လေးအထက်ပေါ် နေရာယူထားတာတွေ့ရလေရဲ့။ “ ဒါက ဗုဒ္ဓဘာသာဝင်ရဲ့ဆိုင်ပါ ဆိုပြီး လူတွေသိအောင်ကပ်ထားတာဖြစ်တယ်။့် ဗုဒ္ဓဘာသာဝင်တွေ ဒီမှာလာဝယ်နိုင်အောင်လို့လေ။ ဒါပေမယ့် မွတ်စ်လင်မ်ဖောက်သည်တွေကိုလည်း ကြိုဆိုဖိတ်ခေါ်ပါတယ် ” လို့ ဆိုင်ရှင်က ရှင်းပြပါတယ်။

    ဒီသင်္ကေတက မြန်မာနိုင်ငံရဲ့ ဘာသာရေးအခြေပြု အစွန်းရောက် အမျိုးသားရေးဝါဒကို အားပေးမြှင့်တင်ရာမှာ အသုံးပြုနေကြတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း မြန်မာနိုင်ငံအ၀ှမ်း လူ ၄၀ ကျော်သေဆုံးပြီး အိုးအိမ် အမြောက်အများ ဖျက်ဆီးခြင်းခံရတဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့လည်း ဆက်နွှယ်မှု ရှိနေပြန်တယ်။ မိမိကိုယ်ကို “မြန်မာဘင်လာဒင်”လို့ကြွေးကြော်ပြီး ပြည်တွင်းထောက်ခံမှု အများဆုံးရရှိနေတဲ့သံဃာ အရှင်ဝီရသူရဲ့ အခန်းကဏ္ဍက နိုင်ငံသတင်း သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံနေရတယ်။ ၉၆၉ လှုပ်ရှားမှုခေါင်းစဉ်အောက်က အစ္စလာမ်မုန်းတီး ဆန့်ကျင်ရေးကို မီးမွှေးပေးနေသူဆိုပြီးတော့ပေါ့။
    969သို့သော်လည်း ဒီ လိုဂိုဟာ မွတ်စ်လင်မ်လူဦးရေအတော်အတန်ရှိနေတဲ့ မော်လမြိုင်မြို့က ၉၆၉ လှုပ်ရှားမှုအတွင်းရေးမှူး အရှင် ဆေဒမာ ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ဖြန့်ချိလိုက်တာ ၇ လရှိပါပြီ။ အဲ့ဒီ အသက် ၃၇ နှစ်အရွယ် မြစေတီကျောင်းတိုက် ဆရာတော်က စတစ်ကာတွေ၊ ရောင်စုံလက်ကမ်းစာစောင်တွေ အစုအပြုံလိုက်ရှိနေတဲ့ ရုံးခန်းထဲမှာ သူ့ဒီဇိုင်းနဲ့ပတ်သက်ပြီး ဒီလို အားတက်သရော ပြောကြားရှင်းလင်းခဲ့ပါတယ်။

    “ ခြင်္သေ့တွေဟာ ရဲရင့်ခြင်းရဲ့သင်္ကေတဆောင်တယ်။ ဆင်ကတော့ ခွန်အား၊ မြင်းက လျင်မြန်မှု၊ နွား(သိုး)ကတော့ သည်းခံခြင်း သဘောဖြစ်တယ်။   တိရစ္ဆာန်လေးမျိုးကို ပုံဆောင်ပြုထားတဲ့ ရှေးခေတ်ဗုဒ္ဓဘာသာဝင်တွေရဲ့အမှတ်အသား အာသောကကျောက်တိုင်ကို တံဆိပ်ရဲ့အလယ်ဗဟိုမှာ ပုံဖော်ရည်ညွှန်းထားပါတယ် ”။

    အာသောကမင်းကြီးဟာ ၃ ရာစုနှစ်က ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံဆီ ဖြန့်ချိခဲ့တဲ့ အိန္ဒိယဘုရင်အဖြစ် အလွန်ထင်ရှားဂုဏ်တင်ခံရသူဖြစ်တယ်။

    “ မိမိရဲ့တိုင်းပြည် သို့မဟုတ် လူမျိုး သို့မဟုတ် ဗုဒ္ဓဘာသာအတွက်ကောင်းကျိုးတစ်ခုခုဆောင်ချင်သူအနေနဲ့ သူ့ရင်ထဲမှာ အာသောကမင်းကြီးရဲ့စိတ်ဓာတ်မျိုးကို ဒီတိရစ္ဆာန်သုံးမျိုးရဲ့အရည်အသွေးနဲ့တစ်ကွ ရှိရပါမယ်။ ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာရဲ့ရတနာသုံးပါးကို လူငယ်တွေ မသိကြတော့ဘူး။ သူတို့ကို ဒီ လိုဂိုနဲ့ နိုးကြားသတိဝင်အောင် လုပ်ထားတာ။ ဒီအမှတ်တံဆိပ်ကိုကပ်ထားသူအနေနဲ့ ဒီဂုဏ်တော်သုံးပါးကို ရွတ်ဆိုဆည်းကပ်နေသင့်တယ်။ စည်းလုံးညီညွတ်မှုကို ပြသဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုသွားရမယ်။ တကယ်လို့ ဒီအမှတ်တံဆိပ်ကို တခြားဘာသာဝင်တွေက ဟန်ဆောင်ပန်ဆောင် အသုံးပြုကြမယ်ဆိုယင်တော့ အရေးယူတာခံရမယ် ” စသဖြင့် သူက ဒီတံဆိပ်နဲ့ပတ်သက်ပြီး ညွှန်ကြားချက် တသီတတန်း ပေးခဲ့တယ်။

    ဒီအမှတ်တံဆိပ်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ သီတင်းကျွတ်လပြည့်နေ့က စတင် ထုတ်ဝေဖြန့်ချိတယ်။ ယမန်နှစ် ဇွန်လနဲ့အောက်တိုဘာလအတွင်း ရခိုင်မှာ ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို ဦးတည်တိုက်ခိုက်မှုတွေနဲ့ ဒီလှုပ်ရှားမှုက ဘာမှမပတ်သက်ဘူးလို့ သူက ဆိုထားတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူက မြန်မာပြည်ထဲဘင်္ဂါလီတွေ ကျူးကျော်ဝင်ရောက်ပြောင်းရွှေ့လာတာကြောင့် ပဋိပက္ခဖြစ်ပွားရတာလို့ ပြောကြားလာခဲ့တယ်။ သူရည်ညွှန်းနေတဲ့သူတွေဟာ စင်စစ်မှာတော့ မြန်မာနိုင်ငံထဲမှာ မျိုးဆက်အလီလီနေထိုင်လာခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေဖြစ်တယ်။ သူတို့အပေါ် အစိုးရနဲ့နိုင်ငံသားများစွာက နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ အမြင်မရှိဘူး ဖြစ်နေကြတယ်။

    “ သူတို့ဝင်လာယင် ဒို့တိုင်းပြည်ကို အလွယ်တကူ ချုပ်ကိုင်သွားလိမ့်မယ်။ သူတို့ဟာ ဒို့နယ်ဒို့မြေပေါ်မှာ သူတို့ ဘ၀တိုးတက်မှုကို ရှာကြံလိမ့်မယ်။ ဒါကြောင့် ဒီအမှတ်သင်္ကေတနဲ့လှုပ်ရှားမှုကို မိမိကိုယ်ကို ကာကွယ်ဖို့ရည်ရွယ်တယ်။  တစ်ချို့ ဘင်္ဂါလီမွတ်စ်လင်မ်တွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး ဒို့နိုင်ငံကို အစ္စလာမ်တိုင်းပြည်ဖြစ်အောင် ပုံသွင်းဖို့ လုပ်နေတယ်လို့ စိုးရိမ်ရတယ် ” လို့ ပူပန်စကားဆိုတယ်။

    မြစေတီကျောင်းတိုက်ဆရာတော်က ၉၆၉ လှုပ်ရှားမှုဟာ မွတ်စ်လင်မ်တွေကိုဆန့်ကျင်ဖို့ရည်ရွယ်ထားတာ မဟုတ်ဘူးလို့ ငြင်းဆန်နေပေမယ့်လည်း “ အခုဆိုယင် အာရှဒေသအနည်းအကျဉ်းမှာသာ ဗုဒ္ဓဘာသာဝင်တွေ ကျန်ရှိနေတော့တယ်။ တစ်ချိန်တုန်းက တူရကီနဲ့အီရတ်အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန် စတဲ့ နိုင်ငံအများအပြားဟာ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်ခဲ့တယ်။ အခုတော့ ပျက်စီးပျောက်ကွယ်ကုန်ပြီ ” ဆိုပြီး အာရှတိုက်မှာ အစ္စလာမ် လွှမ်းမိုးလာမှာကို ပူပန်နေပြန်ပါတယ်။

    ၉၆၉ ပေါ်ပေါက်ပြီး မရှေးမနှောင်းမှာဘဲ မွန်ပြည်နယ် ၉၆၉ လှုပ်ရှားမှုအဖွဲ့အတွင်းရေးမှူးအဖြစ် သူ့ကို တင်မြှောက်ခဲ့ကြတယ်။ အခုဆိုယင် တစ်နိုင်ငံလုံး ပျံ့နှံ့နေပါပြီ။ ဒီအဖွဲ့က နိုင်ငံ့တရားဝင်အဖွဲ့အစည်း မဟုတ်ပေမယ့် နေရာဒေသအသီးသီးမှာ အာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်လျက်ရှိပါတယ်။ “အခြားသော ဒေသတွေ၊ မြို့တွေက မိမိတို့ကိုယ်ပိုင်အစီအစဉ်၊ ကိုယ်ပိုင်ရည်ရွယ်ချက် ကိုယ်စီနဲ့ ဖြန့်ချိနေကြတာပါ ”။

    ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ စီးပွားရေး၊ အိမ်ထောင်ရေး အဆက်အသွယ်ဖြတ်ဖို့ ဗုဒ္ဓဘာသာဝင်တွေအကြား မုန်းတီးရေးစကားသွတ်သွင်းနေသူအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ ၀ီရသူဟာလည်း မူလ ၉၆၉ လှုပ်ရှားမှုကနေ ခွဲထွက်ဆောင်ရွက်နေတာမျိုး ဖြစ်တယ်။ ဒီလှုံ့ဆော်ချက်ဟာ ဗုဒ္ဓလမ်းစဉ်မဟုတ်ပေမယ့် ၀ီရသူက ဗုဒ္ဓဘာသာဝင်တွေကို မွတ်စ်လင်မ်များကဲ့သို့ စည်းလုံးညီညွတ်စေလိုတာဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စတွေက ဗုဒ္ဓ၀ါဒကို အထောက်အကူဖြစ်စေတယ်ဆိုယင်တော့ လက်ခံရမှာဘဲ လို့ဆိုပြီး ရှင်းလင်းပြောဆိုလိုက်ပြန်ပါတယ်။

    ဧပြီလအတွင်း DVB နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေကို နောက်ခံပြု ခြံရံထားပြီး ဦးဝီရသူက စီးပွားရေးခေါင်းပုံဖြတ်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်းအားဖြင့်  မြန်မာနိုင်ငံကိုလွှမ်းမိုးဖို့ မွတ်စ်လင်မ်တွေရဲ့ မကောင်းကြံစည်ချက်ကို မိမိမှ ဖော်ထုတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ရိုဟင်ဂျာမွတ်စ်လင်မ်အများအပြားရှိနေတဲ့ ဒေသကို ရည်ညွှန်းပြီး “ ဒီကိစ္စကိုတားဆီးဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တစ်စုံတစ်ရာ မလုပ်ကြဘူးဆိုယင် သက္ကရာဇ် ၂၁၀၀ ကျယင် ရခိုင်ပြည်နယ်က မေယုဒေသလိုမျိုး တစ်နိုင်ငံလုံး ဖြစ်သွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေအဖို့ မွတ်စ်လင်မ်တွေနဲ့ စကားပြောဆိုနိုင်တယ်၊ ဒါပေမယ့် လက်ထပ်ထိမ်းမြားတာ မလုပ်ရဘူး။ သူတို့နဲ့ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်တယ်၊ ဒါပေမယ့် ကုန်သွယ်စီးပွားမလုပ်ရဘူး  ” လို့ ပြောကြားခဲ့တယ်။

    ဦးဝီရသူရဲ့ တို့မီးရှို့မီးတရားပွဲများ ဆက်တိုက်ပြုလုပ်ပြီးတဲ့နောက် မိတ္ထီလာမှာ မတ်လအတွင်း အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပေမယ့်လည်း သူဟာ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ၉၆၉ လှုပ်ရှားမှုဘူမိနက်သန်နယ်မြေ မွန်ပြည်နယ်မှာ ဖြစ်ပွားတဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မိမိတို့မှာတာဝန်မရှိဘူးလို့ ၉၆၉ အတွင်းရေးမှူးကလည်း ငြင်းဆိုထားပါတယ်။

    မြန်မာနိုင်ငံရှိမွတ်စ်လင်မ်တွေက ၇၈၆ ကိန်းဂဏန်းကို အသုံးပြုတာဟာ (၇+၈+၆=၂၁) အဓိပ္ပာယ်မျိုးနဲ့ ၂၁ ရာစုမှာ မြန်မာပြည်ကို အစ္စလာမ်နိုင်ငံဖြစ်အောင်လုပ်ဖို့ကြံစည်ထားတာဖြစ်တဲ့အတွက် တန်ပြန်ချေပချက်အဖြစ် ၉၆၉ ကို သုံးတာလို့ အများက ဆိုကြတယ်။ ဒါပေမယ့် ရန်ကုန်မြို့ဗလီကြီးတစ်ခုရဲ့ ရှေ့ဆောင်ဆရာက မွတ်စ်လင်မ်တွေအနေနဲ့ ၇၈၆ ကို အသုံးပြုတာဟာ ဘုရားသခင်ထံက ကူညီဆောင်မမှုနဲ့ကောင်းချီးမင်္ဂလာကို တောင်းခံခြင်း သဘောသာ ဖြစ်တယ်လို့ ပြောကြားပါတယ်။ သူက  “  မြန်မာ့ရာဇ၀င်မှာ ဗုဒ္ဓဘာသာဝင်တွေအပေါ် အစ္စလာမ့်အကြမ်းဖက်မှုဆိုတာ မရှိပါဘူး။ ဗလီဆရာတွေကလည်း မွတ်စ်လင်မ်လူငယ်တွေကို ငြိမ်းချမ်းရေးတရားကိုလက်ကိုင်ထားကြဖို့၊ ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမားတွေရဲ့ လှုံ့ဆော်ရန်စမှုများအပေါ် မတုန့်ပြန်ကြဖို့ ဟောပြောမှာကြားလျက်ရှိပါတယ်” လို့ ထပ်မံပြောကြားသလို ၉၆၉ လှုပ်ရှားမှုကန့်လန့်ကာနောက်ကွယ်မှာ ၀ီရသူနဲ့ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်သမားတွေရှိနေတဲ့အပြင် အစိုးရကလည်း ကျောထောက်နောက်ခံပြုပေးနေကြောင်း သံသယဖြစ်ရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်များစွာကလည်း ဒီအတိုင်း သံသယ၀င်နေကြပြီး စစ်တပ်ကို အာဏာပြန်သိမ်းရေးအတွက် လမ်းကြောင်းဖော်ပေးချက်အဖြစ် အမြင်ရှိနေကြောင်း ပြောဆိုနေကြပါတယ်။

    ဒီလိုပြောဆိုဝေဖန်သူထဲမှာ ကာလရှည်နိုင်ငံရေးလုပ်လာတဲ့ အသက် ၅၆ နှစ်အရွယ် အရှင် ပုဏ၀ံသ လည်း အပါအ၀င် ဖြစ်ပါတယ်။ သူဟာ ဘာသာပေါင်းစုံချစ်ကြည်ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ Peace Cultivation Network မှာပါဝင်သလို၊ ရိုဟင်ဂျာတွေက တရားဝင်နိုင်ငံသားဖြစ်ကြောင်း ရပ်တည်ကာကွယ်ပေးနေတဲ့ လူအနည်းငယ်ထဲကတစ်ဦးလည်း ဖြစ်ပါတယ်။ “ ၀ီရသူနဲ့၉၆၉လှုပ်ရှားမှုကို ခရိုနီတွေက ငွေကြေးထောက်ပံ့ထားပါတယ်။ တစ်ချို့ မွတ်စ်လင်မ်လုပ်ငန်းရှင်များဟာ စက်ရုံနဲ့လုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားကြတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပေါ့။ ခရိုနီတွေက အဲ့ဒါတွေကို အပိုင်စီးချင်နေတာလေ ” လို့ ပြောလိုက်ပါတယ်။

    ၁၉၅၈ ခုနှစ်က ဦးနုခေါင်းဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ဟာ လူမျိုးရေးပဋိပက္ခများကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကို အာဏာလွှဲပြောင်းပေးခဲ့တယ်။ လက်ရှိဖြစ်စဉ်က ဒီသဘောတရားနဲ့ထပ်တူထပ်မျှဖြစ်နေတယ်လို့လည်း သူက ဆိုလိုက်ပါတယ်။

    ဒီသုံးသပ်ချက်များ ဘယ်လောက်မှန်မမှန်တော့ မသိနိုင်ဘူး။ သေချာတာကတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေးတွေ မြန်မြန်ဆန်ဆန်ကြီးထွားလာနေပြီး အစိုးရက ဟုတ်တိပတ်တိ ၀င်ရောက်စွက်ဖက် (ဟန့်တား)မှု မပြုတာကတော့ အထင်အရှားပါဘဲ။ ရန်ကုန်မြို့မြောက်ဖက် မိုင် ၆၀ သာဝေးတဲ့ ဥက္ကံမှာ မကြာသေးမီကပဲ ဖြစ်ပျက်သွားတာဟာဖြင့် နိုင်ငံတစ်ခုလုံးကို ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ဖုံးလွှမ်းလိုက်တော့မလားဆိုပြီး ထပ်မံ စိုးရိမ်စရာဖြစ်လာရပါပြီ။

    (  သာကီ ထက်ကောင်း  )

    **    CARLOS SARDINA ၏  Who are the monks behind Burma’s ’969′ campaign ? ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်  **
    မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ

    မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ

    မေ-၁၀၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- သန်ဇင်အေး

    မြန်မာစာပေနှင့်မြန်မာ့သမိုင်းအကြောင်းပြောမယ်ဆိုရင်တော့ အများကြီးပါ။ စာရှုသူ တို့နဲ့လည်း ရင်းနှီးပြီးသားပါ။  အဲဒါတွေထဲကမှ စာရေးသူလေ့လာမိတာလေးတွေကို ပြန်လည် မျှဝေလိုက်တာပါ။

    ပထမဆုံးတွေးမိတာကတော့ ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ဖြစ်တဲ့  “ပန်းစံပယ် နန်းလယ် မပေါ်ခိုက်ဟာမို့”နဲ့အစချီတဲ့ “စံပယ်ပန်း”ကဗျာလေးပါပဲ။ နန်းတော်တွင်းမှာ စံပယ်ပန်းတွေမပေါ်ခိုက်မှာ နန်းတွင်းသူတွေဟာ ခံပွင့်ပန်းလေးတွေကို သီကုံးပန်ဆင်ကြရပေမယ့် “နန်းရဝေ မန်းမြေမှာစံပယ်လှိုင်တော့”ဆိုသလို နန်းတော်တွင်းမှာ စံပယ်ပန်းတွေ လှိုင်လှိုင်ပေါတော့ ခံပန်းပွင့်လေးတွေဟာ တောလေ့ရွာသုံး ဖြစ်သွားပါတယ်။ ကဗျာအမည်က စံပယ်ပန်း ဆိုပေမယ့် ခံပွင့်ပန်းကလေးတွေရဲ့အဖြည့်ခံဘ၀ကိုပါ ဖေါ်ပြ သွားတာပါ။ လိုအပ်ရင်ခေါ်သုံးပြီး မလိုအပ်ရင် နည်းမျိုးစုံအကြောင်းပြပြီး ပစ်ပယ်တတ်တဲ့ အတ္တကြီးတတ်တဲ့ လူအချို့ရဲ့ လူ့သဘောကိုပါ ပေါ်လွင်စေပါတယ်။ ဒါပေမယ့် ခံပွင့်ဆိုတာ ပန်းကလေးတွေပါ။ ခံပွင့်ပန်းကဲ့သို့သော လူတွေလည်း ရှိပါသေးတယ်။ အဲဒီလို ခံပွင့်ပန်းကဲ့သို့သော လူတွေကို အားပေးချင်တာက လူဆိုတာ သူများထားရာနေ၊ စေရာသွား ဘ၀မှာ တစ်သက်လုံးမနေပါဘူး။ နည်းလမ်း ရှာတတ်ပါတယ်။ ကိုယ်ကသာကိုယ်ကျင့်တရား ကောင်းမြတ်ပြီး သမ္မာအာဇီဝကျမယ်ဆိုရင် ကိုယ့်ကိုသူများတွေကို ဘယ်လိုပဲအသုံးချနေပါစေ၊ စွန့်ပယ်နေပါစေ။ အချိန်တန်ရင်တော့ ကိုယ့်အတွက် ထွက်ပေါက်နဲ့ အောင်မြင်မှုဆိုတာ ရလာမှာပါ။ ဒါဟာ ဘာသာရေး အဆုံးအမတွေထဲမှာလည်း ရှိပါတယ်။

    နောက်တစ်ခုသွားတွေးမိတာက ဦးပုညရေး ဆဒ္ဒန်ဆင်မင်းဇာတ်။ အားလုံးသိကြပြီးဖြစ် တဲ့အတိုင်းပဲ၊ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဆဒ္ဒန်ဆင်မင်းဇာတ်။ စာဆိုတော်ဦးပုညရဲ့ ကလောင် စွမ်း၊ အားလုံးမြည်းဖူးကြမှာပါ။ ခံပွင့်ပန်းလိုလူတွေအကြောင်းပြောပြီးတော့ ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ထဲက သောနုတ္တရမုဆိုးလို လူတွေအကြောင်း ဆက်ပြောချင်ပါသေးတယ်။ မုဆိုး သောနုတ္တိုရ်ဘာလုပ်သလဲ၊ သတ်တယ်၊ ဖြတ်တယ်၊ ပြီးတော့ရော… အခက်အခဲကြုံလာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊ အဲဒီတော့ သင်ခန်းစာအဟောင်းလေး ပြန်တွေးကြည့်ရအောင်။

    ဆဒ္ဒန်ဆင်မင်းဇာတ်အကျဉ်းကို မျှဝေပါရစေ။ ဆဒ္ဒန်ဆင်မင်းမှာ မိဖုရားနှစ်ပါးရှိတယ်။ မဟာသုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါ။ တစ်ရက်မှာတော့ ဆဒ္ဒန်ဆင်မင်းက မိဖုရားနှစ်ပါးကို ပန်းပေးမယ် ဆိုလုပ်တယ်။ ဆင်တွေဆိုတော့လည်း သူတို့နည်းသူတို့ဟန်နဲ့ ပန်းပေးတာပေါ့နော်။ မိဖုရား နှစ်ပါးကို ၀ဲညာရံစေလျက် ဆဒ္ဒန်ဆင်မင်းက အင်ကြင်းပင်ကို ဦးနဲ့ဝှေ့တော့ သစ်ပင်ပေါ်က အင်ကြင်းပန်းတွေက ကျလာတာပေါ့။ အဲဒီမှာဖြစ်ချင်တော့ မဟာသုဘဒ္ဒါဘက်ကို ပန်းတွေ ကျပြီး စူဠသုဘဒ္ဒါဘက်ကိုတော့ ခါချဉ်ကောင်တွေကျလာခဲ့တယ်။ အဲဒီတော့ စူဠသုဘဒ္ဒါက အမျက်တော်ရှသွားခဲ့တယ်။ အဲဒီစူဠသုဘဒ္ဒါမိဖုရားက သေဆုံးသွားပြီး ဒီဘ၀မှာ လူပြန်ဖြစ်ပြီး ဘုရင်ကြီးရဲ့ မိဖုရားဖြစ်နေတယ်။ ဆဒ္ဒန်ဆင်မင်းကတော့ ကံမကုန်သေးဘူး။ ဆင်မင်းဘ၀နဲ့ပဲ ရှိနေသေးတယ်။  အဲဒီမှာ သူ့ရဲ့ဒီဘ၀ကလင်တော်မောင်ဘုရင်ကြီးကို သူက ဆဒ္ဒန်မင်းရဲ့ အစွယ်ကို နားကွင်းလုပ်ပန်ချင်တာကြောင့် ဆဒ္ဒန်မင်းကို သတ်ပေးဖို့ ပူဆာတော့တယ်။ အမှန်တော့ ဆဒ္ဒန်ဆင်မင်းကို လက်စားချေတာပေါ့လေ။ အဲဒီတော့ ဘုရင်က မုဆိုးသောနုတ္တရကို စေခိုင်းတော့တာပါပဲ။

    မုဆိုးသောနုတ္တိုရ်အကြောင်း…

    ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံတယ်။ နောက်ဆုံးဆဒ္ဒန်ဆင်မင်းက ထိုမုဆိုးကို ဖမ်းမိသွား တော့ သင်း(သောနုတ္တိုရ်)ဘာလုပ်သလဲ… သူ့အပြစ်လွတ်အောင် “မြမရှား စိန်မရှား အလွန်ပင် များသည့်ကြားက နားလေးလေဟန် ဆင်စွယ်ကိုမှ နားတောင်းကွပ်၍ ပန်ဆင်လိုပါသည်”ဆိုပြီး မိဖုရားကိုလွှဲချ၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ “သူ့မယားငိုတည့်လျှင် ဟိုလူကြီးက ပျာယီးပျာယာ ပဇာအရေး မမျှော်တွေးဘဲ ကျွန်တော်မျိုးအားဆင့်ခေါ်ပြီးလျှင် ဟယ်.. နော်လုဒ္ဒက ဆဒ္ဒန်အစွယ်မရက ဇီဝနတ္ထိ နင်သေမည်သိ”ဆိုပြီး ဘုရင်ကိုလွှဲချနဲ့… ကဲ…ကြည့်…..နောက်ဆုံး သူ့ကိုယ်သူတော့ဘယ်လိုပြောတယ်ထင်သလဲ။ “အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူမင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော် ကြံဖော်ကြံဖက် သုံးယောက် အနက်မှ ကံကွက်ကျား ငမိုက်သားမုဆိုးလေ”တဲ့..သောနုတ္တရတို့လျှောက်တင်ပုံများ။ ဆဒ္ဒန် ဆင်မင်းက သူ့ကိုလာသတ်နေတဲ့၊ သူ့ကိုလေးနဲ့ခွင်းထားတဲ့ ဒီမုဆိုးကို အပြစ်ပြောဖို့နေနေသာ သာ “သြော်…ဒီကောင်လေးလည်းနီးရာဓါးကြောက်ရရှာတာကိုး၊ သူ့အထက်ကခိုင်းလို့ လုပ်ရရှာတာကိုး”ဆိုပြီး ပြန်ပြီးတော့တောင် သနားရမလိုလို။ သောနုတ္တိုရ်ရဲ့လုပ်ရပ်ကလေးက အတုယူချင်စရာတောင်ကောင်းသလိုလို၊ အတုလည်းယူကြပါတယ်။ ထားပါတော့။ ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္တရလျှောက်တင်ချက်ကို သဘောပေါက်သွားပြီး ဆဒ္ဒန်ဆင်မင်းရဲ့ ယခင်ဘ၀က မိဖုရားစူဠသုဘဒ္ဒါရဲ့လက်စားချေတဲ့အကြံကို သိရှိသွားတဲ့အခါကျတော့ “လောင်စာရန်ငြှိုး မီးဆက်၍ပျိုးမည်စိုးသောကြောင့်” “မိန်းမဆိုးအမုန်း ဒီဘ၀နှင့်ပင်ဆုံး စေတော့”ဆိုပြီး မုဆိုးသောနုတ္တိုရ်ကို အလိုရှိရာကိုပြုနိုင်ကြောင်း ပြောလိုက်တဲ့ အခါမှာ စောစောကတော့ သူသေရမှာကို အကြောက်ကြီး ကြောက်ပြီး ဥာဏ်နီဥာဏ်နက်အစုံသုံးပြီး သူအပြစ်လွတ်အောင် ပျာပျာသလဲရှောင်နေတဲ့ မုဆိုးသောနုတ္တိုရ်တို့များ ပျော်လွန်းလို့ ထတောင်ကသတဲ့။ ဒါပါပဲ။ လူဆိုတာ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီလို့ထင်တဲ့အခါ စရိုက်မှန်က ပေါ်လာတတ်တာကိုး။ နောက်ပြီးတော့ ဘာလုပ်သလဲ။ ဦးပုည အရေးအသားအရမ်းကောင်းပါတယ်။ “မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာခေါင်ကိုလှန်၊ ဒိုင်းထောက်၍ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ်လွှကြီးနှင့်၊ အာစကိုဖြတ်တိုက်၊ ဦးနှောက်ခိုက်လုအောင်၊ အလျားလိုက်ထိုးသွတ်၊ စွယ်ရင်းကိုပွတ်၊ ဤတွင်ပေါက်လွတ်ဗလဖွာ၊ ကန်ကျိုး၍လာသကဲ့သို့၊ အာခေါင်တွင်းမှ သွေးချောင်းကျလျက် ၊ ကြီးစွာဝေဒနာ၊ ဖြစ်တော်မူ၏”တဲ့။ ကဲ..သောနုတ္ထရတို့ “မိုက်ချက်ကတော့ ကမ်းကုန်ပဲ”။ မိုက်တယ်ဆိုတာ မိုက်မဲတယ်၊ မိုက်ကန်းတယ် လို့ပြောချင်တာ၊ ချီးကျူးတာမဟုတ်ဘူး။ အဲဒီတော့ စာရေးသူအခု မျှဝေခဲ့တာ ဆဒ္ဒန်ဆင်မင်းဇာတ်တော်လာ မုဆိုးသောနုတ္ထိုရ်ရဲ့ အကြောင်းကိုအဓိကမျှဝေတာပါ။

    ထို…မုဆိုး သောနုတ္ထိရ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ဒါတင်ပဲလား၊ မဟုတ်သေး ဘူး၊ အခက်အခဲကြုံလာရင် သူ့အပြစ်လွတ်အောင်ရှောင်တတ်တယ်။ သူများကို အပြစ်ပုံချ တတ်တယ်။ သူ့ကိုယ်သူ သနားစရာဖြစ်အောင်၊ မလွှဲသာမရှောင်သာလို့လုပ်ရတာ၊ နီးရာဓါး ကြောက်လို့လုပ်ရတဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်တယ်။ စကားကြွယ်တယ်၊ ပါးနပ်တယ်၊ ဥာဏ်နီဥာဏ်နက်များတယ်။ သူလုပ်ထားတဲ့ အကုသိုလ်ဒုစရိုက်အလုပ်ကို ပပျောက်စေဖို့ ခါတော်မီ လျှာပေါ်လာဇာတ်လမ်းတွေ ထွင်တတ်တယ်။ အဲ…ဒါပေမယ့် သူ့ရဲ့ပါးနပ်မှုကတော့ သူ့ကိုအခါခပ်သိမ်း ကောင်းကျိုးမပေးခဲ့ပါဘူး။ အဲဒီတော့ သူ့အကြောင်းကို ရာဇ၀င်ဆရာများက ဘယ်လို ရာဇ၀င်မှာ စာတင်ခဲ့ပါသလဲ။ “မုဆိုးညစ်ထေးငမိုက်ခွေး သောနုတ္တိုရ်”တဲ့။ အဲဒါကြောင့် သောနုတ္တရမုဆိုး နှင့်တူသောသူများ မိမိကိုယ်ကို အချိန်မီပြင်သင့်ပါပြီ။ အချိန်ရှိပါ သေးတယ်။ စာရေးသူကတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ် နာမည်တပ်ပြီး မပြောလိုပါဘူး။ အကုန်လုံးကို ၀ါးလုံးရှည်နဲ့သိမ်းရမ်းတာမျိုး စာရေးသူမလုပ်ချင်၊ မလုပ်ရဲပါဘူး။ တော်ကြာ.. ကိုယ်ပါ သောနုတ္တိုရ်လို လူမျိုးစာရင်းထဲပါသွားမှဖြင့်….။ ကဲ…ဒီဇာတ်တော်မှာ မုဆိုး သောနုတ္တိုရ် မကောင်းဘူးဆိုတော့ ဘုရင်နဲ့ မိဖုရားကရော…။ ရန်ငြှိုးကြီးမားတဲ့ မိဖုရားနဲ့ စဉ်းစားဆင်ခြင်ဥာဏ်မသုံးဘဲ မယားအလိုကျ မယားခိုင်းတာလုပ်တဲ့ဘုရင်..။ ဒီလိုပြောလို့ လည်း မိန်းမ မကောင်းဘူး၊ ယောက်ျားမကောင်းဘူးပြောတာမဟုတ်ပါဘူးနော်။ ဇာတ်သဘော အရပြောတာပါ။

    ယောမင်းကြီးဦးဘိုးလှိုင်နှင့် အမတ်ဒိန်မဏိရွတ်

    “ယောအတွင်းဝန် ဦးဘိုးလှိုင်”ဆိုတာနဲ့ ခေါင်းထဲကနေ တန်းထွက်လာမှာပါ။ ငယ်ငယ် တုန်းက အော်ကျက်ခဲ့ရတဲ့ အင်မတန်မှ ပြောင်မြောက်လှတဲ့ ရှင်ဘုရင်ကိုလျှောက်တင်ပုံလေး။ “အစ်မ၊ နှမ၊ သမီးကကို စ၍ဆက်နှင်း လက်ဆောင်သွင်း၍ စိုးမင်းချစ်မြတ် ထိုအမတ်သည် အတတ်မရှိ သတ္တိကင်းကွာ ဘုန်းကြီးလှာမူ ပြည်ရွာပျက်ကြောင်း”ဆိုပြီး မင်းတုန်းမင်းကြီး ကိုလျှောက်တင်ခဲ့တာ။ မင်းတုန်းမင်းကြီးက သူ့ကို လှံနဲ့ထိုးမယ် လုပ်တော့ “ထိုးတော်မူပါ ဘုရား”ဆိုပြီး ရင်ကော့ပေးခဲ့တာ။ ဒါပေမယ့် ဘုရင်က မင်းကျင့်တရားနဲ့ ပြည့်စုံတဲ့ဘုရင် ဖြစ်တော့ သူ့ကို လှံနဲ့မထိုးတဲ့အပြင် အစစအရာရာမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မင်းအလိုလိုက်၊ မင်းအကြိုက် ဆောင်တဲ့အမတ်မဟုတ်ဘဲ ဟုတ်တိုင်းမှန်ရာ လျှောက်တင်ရဲသူ ဆိုပြီး ချီးမွမ်းတော်မူပါသတဲ့။

    အမတ်ဒိန်တဲ့ ။ နာမည်က မွန်နာမည်။ မွန်ရာဇ၀င်မှာတော့ ဆင်ဖြူရှင်ဗညားဦးနဲ့ ရာဇာဓိရာဇ်လက်ထက်မှာ အလွန်ကျော်ကြားတဲ့အမတ်ကြီးပေါ့။ ဆင်ဖြူရှင်ဗညားဦးရဲ့သား တော် ဗညားနွဲ့ (ရာဇာဓိရာဇ်)က သူ့ဖခမည်းတော် နာမကျန်းဖြစ်နေစဉ်မှာ လက်နက်၊ လူသူ စုဆောင်းပြီး ထီးနန်းသိမ်းဖို့ကြံရွယ်တယ်။ ဒါပေမယ့် ထိုဗညားနွဲ့မင်းသားက သူ့ဖခမည်းတော် နှင့်သူဟာ ကြားကပယောဂတွေကြောင့် သွေးကွဲခဲ့ရပေမယ့် သူ့ဖခမည်းတော်ကိုတော့ သူ တော်တော်ချစ်ပါသတဲ့။ ဒီလိုနဲ့ ဆင်ဖြူရှင်နတ်ရွာစံကံတော်ကုန်တော့ ဗညားနွဲ့ဟာ ဟံသာ ၀တီထီးနန်းကို လက်နက်ဗိုလ်ပါတွေနဲ့ သိမ်းပိုက်ဖို့ရောက်လာခဲ့ပါသတဲ့။ အဲဒီမှာ ဟံသာဝတီ မြို့တံခါးမှူးက အမတ်ဒိန်။ ရာဇာဓိရာဇ်တပ်တွေဝင်ဖို့ မြို့တံခါးကို တစ်ဝက်ပဲဖွင့်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ နတ်ရွာစံကံတော်ကုန်သွားတဲ့ ရှင်ဘုရင်ဗညားဦးရဲ့ ရုပ် အလောင်းက မသဂြိုဟ်ရသေးဘူးကိုး။ နောက်တော့ ရှင်ဘုရင် ရာဇာဓိရာဇ်က နန်းသိမ်း ဘိသိက်ပွဲခံအပြီး ပထမဆုံးကျင်းပတဲ့ညီလာခံမှာ “ငါ့မျက်စိထဲဝင်နေတဲ့ စူးနှစ်ချောင်းမှာ တစ်ချောင်းကနှုတ်ပြီးပြီ၊ နောက် တစ်ချောင်း ကျန်သေးတယ်”လို့မိန့်တာကိုး။ သူပြောတဲ့ ဆူးနှစ် ချောင်းဆိုတာ သူ့ရဲ့ ယောက်ဖတော် သမိန်ပရှုနဲ့ အမတ်ဒိန်ကိုပြောတာ။ သမိန်ပရှုကိုတော့ ရာဇာဓိရာဇ်တို့က ကွပ်မျက်ပြီးပြီ။ အမတ်ဒိန်ကျန်သေးတယ်။ သူ့ကို မြို့တံခါးတစ်ဝက်ပဲဖွင့်ပေး လို့ အမျက်တော်ရှနေတာ။ ဒါကိုသိတဲ့အမတ်ဒိန်က ချက်ချင်းပဲ သူဟာ ထီးဆောင်းမင်းကိုသာ ခစားကြောင်း၊ သူပုန်မင်းကို မခစားလိုကြောင်း၊ ရာဇာဓိရာဇ်တို့တပ်တွေ မြို့ထဲဝင်လာတုန်းက လည်း ဆင်ဖြူရှင်နတ်ရွာမစံသေးဘူးဆိုရင် သူက အသက်ပေးပြီးခုခံမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဆင်ဖြူရှင်ဗညားဦး နတ်ရွာစံပြီးဖြစ်ပေမယ့် မသဂြိင်္ုဟ်ရသေးလို့ မြို့တံခါးတစ်ဝက်ကိုသာ ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ သူဟာ အဲဒီလို ရာဇာဓိရာဇ်ရဲ့ဖခမည်းတော်အပေါ်မှာ သစ္စာရှိခဲ့ ကြောင်း၊ အခုလည်း ထီးဆောင်းမင်းရာဇာဓိရာဇ်ကို သူယခင်ကဖခမည်းတော် ဗညားဦး အပေါ်မှာသစ္စာရှိသကဲ့သို့ သစ္စာရှိမည်ဖြစ်ပြီး အမှုတော်ထမ်းမည်ဖြစ်ကြောင်း လျှောက်တင်တဲ့ အခါ ရာဇာဓိရာဇ်က အမျက်တော်ပြေပြီး သူ့ကို “မဏိရွတ်”ရတနာကဲ့သို့ထွန်းလင်းတောက်ပ တန်ဖိုးရှိသောအမတ် ဆိုတဲ့ဘွဲ့ကိုချီးမြှင့်ပြီး သူကောင်းပြုခဲ့ပါတယ်။ ဘုရင်ကတောင် ပြန်ပြီး တန်ဖိုးထားရတဲ့ အမတ်တွေပါ။

    မင်းခယောက်ျား ကမ်းပါးသစ်ပင်ဆိုတာ

    မြန်မာစာပေမှာတော့ ဆိုရိုးရှိပါတယ်။ “မင်းခယောက်ျား ကမ်းပါးသစ်ပင်”တဲ့။ မင်းထံ အခစားဝင်ရတဲ့ယောက်ျားတွေဟာ ကမ်းပါးကသစ်ပင်တွေလိုပဲ မတည်ငြိမ်ဘူးပေါ့။ ရေကြီးလို့၊ ကမ်းပါးပြိုလို့ အစရှိတဲ့အကြောင်းတွေကြောင့် အချိန်မရွေး ပြိုလဲပျက်စီးနိုင်တယ်ပေါ့လေ။ ဒါပေမယ့် အခုစာရေးသူတင်ပြခဲ့တဲ့ ယောမင်းကြီးတို့လို၊ အမတ်ဒိန်တို့လို မင်းခယောက်ျားမျိုး တွေကြတော့ “ကမ်းပါးသစ်ပင်”တွေမဟုတ်ကြပါဘူးလို့ စာရေးသူက ဖြည့်တွေးလေး တွေးမိ ပါတယ်။ သူတို့က အမှန်တရား၊ သစ္စာတရားအတွက်ဆို သေမှာတောင်မကြောက်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ရာထူး စည်းစိမ်ဆိုတာလောက်တော့ စာတောင်ဖွဲ့ကြမှာမဟုတ်လို့ပါပဲ။ ဒီလိုလူမျိုးတွေရဲ့သတင်းကတော့ ရာဇ၀င်မှာအမှန်တကယ်ပဲ ကြည်ညိုစရာကောင်းခဲ့ကြ ပါတယ်။ ဒီနှစ်ဦးတည်းတော့ မဟုတ်ပါဘူး။ အခြားသောကြည်ညိုလေးစားဖွယ်ကောင်းတဲ့ အမတ်များ၊ မင်းခယောက်ျားများလည်း သမိုင်းမှာအများကြီးရှိပါသေးတယ်။

    ကျန်စစ်မင်းကြီးရဲ့သားတော် ရာဇကုမ္မာ

    ကျန်စစ်မင်းကြီးရဲ့သားတော်ရာဇကုမ္မာအကြောင်းလည်း သိကြပြီးသားပါ။ သူ့ဖခမည်း တော် မင်းကြီးက သူ့ကိုထီးနန်းမအပ်ဘဲ မြေးတော်ကိုထီးနန်းအပ်လိုက်ပေမယ့်လည်း ခမည်း တော်ကို အမျက်မသိုဘဲ ခမည်းတော်ပျံလွန်တော်မူကာနီးမှာ ခမည်းတော်အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ခမည်းတော် သာဓုခေါ်ဆိုနိုင်စေဖို့ ပြုလုပ်ခဲ့တာ.. ဒီလိုသားမျိုး။ ဒီလို စိတ်ဓာတ်မျိုး။ သြော်…. ကောင်းမြတ်တဲ့ကိုယ်ကျင့်တရား၊ ခန္တီတရားတွေ၊ စိတ်ဓာတ် ပြည့်ဝတဲ့သူတွေမှာတော့ မင်းစည်းစိမ်ဆိုတာ မရလည်း အေးဆေးပဲ။ တည်ငြိမ်စွာ သည်းခံနိုင်ကြတာပါလား။ ဒါဟာ စံနမူနာပြုစရာ ကောင်းမြတ်သော စိတ်ဓာတ်တွေ ပါလားဆိုတာ သိရပါတယ်။ ကြည်ညိုလေးစား ရပါတယ်။

    ပင်းယစကြိုသူမြတ်ရဲ့ ဆုံးမသြ၀ါဒ

    ရာဇာဓိရာဇ်အကြောင်းလေး နည်းနည်းထပ်ဆက်ချင်ပါသေးတယ်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်စဖြစ်ကာစအချိန်ပေါ့လေ။ အဲဒီအချိန်မှာ အင်းဝကနေ ပင်းယစကြိုသူမြတ် က မွန်ဘုရင် ရာဇာဓိရာဇ်ဆီကို ငြိမ်းချမ်းရေးသြ၀ါဒစကားမြွက်ကြားဖို့ ကြွရောက်တော်မူပါ တယ်။ ရာဇာဓိရာဇ်ကလည်း ပင်းယစကြိုသူမြတ်ကို ကောင်းမွန်စွာ ကြိုဆိုဧည့်ခံပြီး ပင်းယ စကြိုသူမြတ်ကိုကြည်ညိုတာရော၊ ပြီးတော့ ပင်းယစကြိုသူမြတ်အရှေ့မှာ ရာဇာဓိရာဇ်ရဲ့ တပ်က သမိန်သံကြယ်ဝင်လာပြီး ရွှေကြယ်ယက် ဘုရားကနေဖမ်းဆီးလာတဲ့ အင်းဝသား ဘုရားကျွန် ၇ ယောက်နဲ့ ခေါင်းပြတ် ၃၀ လောက်ကို ရာဇာဓိရာဇ်ကို လာရောက်ဆက်တာကို စကြိုသူမြတ်မြင်တော့ အတော်လေးစိတ်မကောင်းဖြစ်သွားပြီး ရာဇာဓိရာဇ်ကို “အင်းဝကို ချီလာတာ သာသနာတော်ကိုမြှောက်စားဖို့လို့ပြောပြီး ခုတော့ ဘုရားဝေယျာဝိစ္စလုပ်နေတဲ့ ဥပါသကာတွေကို သတ်တာမြင်ရလို့ ဒါတွေကိုမမြင်ချင်တော့ဘူး၊ အင်းဝပြန်ကြွတော့မယ်ဆို တော့ ရာဇာဓိရာဇ်က သူ့တပည့်တွေကို အရေးယူပါ့မယ်လို့ လျှောက်တယ်။ ပင်းယစကြို သူမြတ်ကလည်း သူ့ကို အာပတ်သင့်အောင်ထပ်မလုပ်ဖို့မိန့်တယ်။ ရာဇာဓိရာဇ်က အင်းဝသားတွေကိုသတ်ဖြတ်ပြီး သူ့ကိုလာဆက်သတဲ့ သူ့လက်အောက်ငယ်သားတွေကို အရေးယူမယ်ဆိုတာကို စကြိုသူမြတ်ကလက်မခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကြိုသူမြတ် ကြောင့်သာ ရာဇာဓိရာဇ်ရဲ့ငယ်သားတွေ ကွပ်မျက်ခံရမယ်ဆိုရင် စကြိုသူမြတ် အာပတ်သင့်မှာမို့ပါ။ “သြော်…. ၀ိနည်းနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ရဟန်း သံဃာတော်များ အတော်လေးစားဖို့ကောင်းပါလား”။ တကယ်တမ်းစဉ်းစားကြည့်ရင် စကြိုသူမြတ်က အင်းဝသား(အင်းဝကကြွလာတာ)၊ ရာဇာဓိရာဇ်တို့က ဟံသာဝတီ၊ အဲဒီအချိန်က အင်းဝနဲ့ ဟံသာဝတီ စစ်ဖြစ်နေတဲ့အချိန်။ ဒါကို အင်းဝကကြွလာတဲ့ စကြိုသူမြတ်က အင်းဝကို တိုက်နေတဲ့ ဟံသာဝတီတပ်သားတွေကို သူတို့ဘုရင်က ကွပ်မျက်မယ်ဆိုတာကို ဟန့်တား တာ။ ကြည့်.. ရန်သူကိုတောင်မှ မေတ္တာထားတာ။    ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အရေးယူရင် ပင်းယစကြို သူမြတ်ကြောင့်ဆိုပြီး ဖြစ်မှာကို လက်မခံတာပါ။ နောက်ဆုံး ရာဇာဓိရာဇ်က အင်းဝကိုမတိုက်တော့ပါဘူးလို့ ပင်းယစကြိုသူမြတ်ကို ကတိပေးတယ်။ ပြီးတော့ ရာဇာဓိရာဇ်က ဘုရားကျောင်းတော်တဆောင်ဆောက်လုပ်ဖို့ ခွင့်တောင်းတော့ ပင်းယစကြိုသူမြတ်ကခွင့်ပြုတယ်။ ဒါနဲ့ ရာဇာဓိရာဇ်လည်း သူစီးလာတဲ့ ရွှေဖောင်တော်ကြီးကို ဖျက်ပြီး ရွှေကြယ်ယက်ဘုရားတံတိုင်းတော်မှာ ဘုရားကျောင်းတစ် ဆောင်ဆောက်လုပ်လှူဒါန်းပြီး ဟံသာဝတီအပြန်လမ်းမှာ ပုဂံမှာရှိတဲ့ဘုရားတွေဝင်ဖူးဦးမှာမို့ စကြိုသူမြတ်ကိုလည်းဘုရားဖူးလိုက်ဖို့ပင့်တော့စကြိုသူမြတ်လည်းလိုက်မယ်လို့ဂတိပြုတာပေါ့။ ဟံသာဝတီတပ်တွေ စစ်ကိုင်းကနေတပ်ဆုတ်ပြီး ဧရာဝတီမြစ်ရေနဲ့အတူ စုန်ဆင်းသွားတာကို မြင်တာနဲ့ အင်းဝဘုရင်မင်းခေါင်က ရာဇာဓိရာဇ်လှူထားတဲ့ ရွှေကြက်ယက်ဘုရားက ကျောင်း ဆောင်ကို မီးရှို့ဖျက်ဆီးခိုင်းတော့တာပဲ။ အဲဒီအချိန် ရာဇာဓိရာဇ်ရဲ့တပ်ကြီးတွေက သိပ်ဝေး ဝေးမရောက်သေးဘူး။ ဒီတော့ ရွှေကြက်ယက်ဘုရားဘက်က မီးခိုးလုံးတွေ တလိပ်လိပ်တက် လာတာကိုကြည့်ပြီး သူလှူထားတဲ့ကျောင်းဆောင်ကို ဘုရင်မင်းခေါင်မီးရှို့ပြီဆိုတာ ရာဇာ ဓိရာဇ် သဘောပေါက်တာပေါ့။ သူ့တပ်တွေကိုလည်း အင်းဝကိုပြန်လှည့်ခိုင်းပြီး အင်းဝကို ပြန်တိုက်ဖို့လုပ်နေပြီ။ စကြိုသူမြတ်လည်း ဘုရင်မင်းခေါင်လုပ်ရပ်ကြောင့် အတော်ကလေး စိတ်မကောင်းဖြစ်သွားပြီ။ ဒါပေမယ့် ရာဇာဓိရာဇ်ကို သြ၀ါဒစကား မြွက်ကြားပါတယ်။ “ဒကာ တော်အရှင်မင်းကြီး၊ မီးခဲကိုကိုင်သူဟာ မီးလောင်သလိုပဲ၊ အရှင်မင်းရေစက်ချလှူဒါန်းထားတဲ့ ကျောင်းဆောင်တော်ဟာ သာသနာပိုင်ဖြစ်သွားပြီ၊ သာသနာ့ပစ္စည်းကို ဖျက်ဆီးသူဟာ သူပြုတဲ့အကြောင်းအတိုင်း ပျက်စီးမှုအကျိုးကိုရတော့မယ်။ အရှင်မင်းကြီးရင်ထဲမှာဖြစ်ပေါ်နေ တဲ့ ကုသိုလ်စိတ်ကြောင့်ဖြစ်တဲ့ ပီတိစိတ်ကိုအပျက်စီးမခံပါနဲ့၊ ခန္တီတရားကိုသာလက်ကိုင် ထားပါ”လို့ဆုံးမတော်မူပါတယ်။ ရာဇာဓိရာဇ်လည်း စကြိုသူမြတ်ရဲ့ဆုံးမသြ၀ါဒစကား၊ ပြီးတော့ သမိန်ဗြဇ္ဇနဲ့ အမတ်ဒိန်တို့လို အမတ်ကြီးတွေကပါ အင်းဝကို အခုနေသွားတိုက်ရင် အကျိုးထက်အပြစ်ပိုများလိမ့်မယ့်အကြောင်း လျှောက်တင်တော့ ဒေါသပြေပြီး ဟံသာဝတီ ပြန်သွားပါတော့တယ်။

       နိုင်ငံရေးကစားတဲ့ နေရာမှာ သာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့သူတွေဟာ အသုံးချခံဖြစ်သင့်ပါဘူးဆိုတဲ့အကြောင်းကို ပြောထားတဲ့ သမိုင်း အဖြစ်အပျက်လေးပါ။ အဲဒီလို မဟုတ်ဘဲ ဒီသာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့ပြည်သူတွေကိုထိပါးခဲ့ရင်တော့ စကြိုသူမြတ်ဟောသလို မီးခဲကိုကိုင်မိသူလိုဖြစ်ပြီး မီးလောင်ပါလိမ့်မယ်လို့သာ မျှဝေချင်ပါ တော့တယ်။

    လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံတဲ့ စစ်သည်တော် သူရဲကောင်း လဂွန်းအိမ်

    ရာဇာဓိရာဇ်လက်ထက်က ထင်ရှားခဲ့တဲ့ သူရဲကောင်းစစ်သည်တော်ပါ။ လဂွန်းအိမ် အကြောင်းပြောရရင်တော့ တော်တော်များပါတယ်။ ရဲစွမ်းသတ္တိရှိတယ်၊ စစ်သည်တော် ယောက်ျားကောင်းပီသတယ်၊ ဒါပေမယ့် သူ့ဘုရင်ကို ကလေးဆိုးလို ဆိုးပြတယ်။၊ ဘုရင်ကိုတောင် သူကပြန်ပြီး အချစ်စမ်းလိုက်သေးတယ်။ အန္တရာယ်များတဲ့စစ်ပွဲတစ်ပွဲ မတိုက်ရသေးခင်မှာ သုရှင် ရာဇာဓိရာဇ်နဲ့မိဖုရားက တပ်သားတွေကိုအားပေးတယ်။ ပြီးတော့ စစ်ထွက်မယ့်အချိန် လဂွန်းအိမ်တို့အိပ်ရာကမထ၊ ဘာဖြစ်လို့လဲလို့မေးတော့ အခုန သူတို့ စစ် သည်တော်တွေကိုလာအားပေးသွားတဲ့ သုရှင်ရာဇာဓိရာဇ် မိဖုရားကိုကြိုက်လို့၊ အဲဒီမိဖုရား အလှမှာယစ်မူးသွားလို့၊ အဲဒီမိဖုရားကို သူ့မပေးရင် သူ့ကိုသတ်ချင်သတ်၊ သူစစ်မထွက်ဘူး ဆိုတာကိုး။ အမတ်တွေလည်း ခေါင်းမီးတောက်ပြီး ရာဇာဓိရာဇ်ကိုလျှောက်တော့ ရာဇာဓိရာဇ်က ရုတ်တရက်တော့ ဒေါသထွက်တယ်။ ဒါပေမယ့် စစ်ဘုရင်ဆိုတော့လည်း စစ်သားကို ပိုအလေးထားသလားမဆိုနိုင်ပါဘူး။ သူ့မိဖုရားကို ဖောင်တော်နဲ့ လဂွန်းအိမ်ဆီကို ပို့လွှတ်လိုက်တယ်။ မိဖုရားကလည်းငိုလို့။ ကဲ..ကြည့်။ အဲဒီခေတ်က အမျိုးသမီးများ။ ဘုရင့် မိဖုရားဖြစ်ရတာတောင်….။ ထားပါတော့. ။ အဲဒီလိုနဲ့ လဂွန်းအိမ်ဆီရောက်လာတော့ လဂွန်း အိမ်က ဘုရင့်မိဖုရားသူ့ဆီလာပြီကိုသိတာနဲ့ သူ့တပ်သားတွေကိုခေါ်၊ ပန်းနဲ့အမွှေးနံ့သာတွေနဲ့ ကန်တော့ပွဲဆင်ပြီး မိဖုရားကိုကန်တော့တောင်းပန်၊ အခုတိုက်မယ့်တိုက်ပွဲက အန္တရာယ်အရမ်း ကြီးတာမို့ သုရှင်က သူ့ကို တကယ်ချစ်/မချစ်သိချင်လို့ သုရှင်ကိုအချစ်စမ်းတာပါ၊ တကယ် တော့ သူ့မှာ မိဖုရားကိုစော်ကားလိုစိတ်မရှိပါဘူးဆိုပြီး မိဖုရားကိုကန်တော့၊ ပြီးတော့ သုရှင် ရှိရာဒေသဖက်ကိုမှန်းဆပြီးကန်တော့…အဲဒီလိုပွဲခံတာ။ အဲဒါ လဂွန်းအိမ်။ အဓိကမျှဝေချင်တဲ့ အကြောင်းပဲပြောပါတော့မယ်။

    အင်းဝနဲ့ဟံသာဝတီစစ်ပွဲက အနှစ်(၄၀)လုံးလုံးမနားတမ်းတိုက်နေတာမဟုတ်ဘူးလေ။ ငြိမ်းချမ်းရေးစကားဆိုတဲ့အချိန်ရှိတယ်၊ စစ်နားထားတဲ့အချိန်တွေလည်းရှိတယ်။ ထားပါတော့။ တစ်ခါတော့ အင်းဝဘက်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတော့ ရာဇာဓိရာဇ်က သဘောတူတယ်။ အင်းဝတပ်သားတွေနဲ့ ဟံသာဝတီတပ်သားတွေက နှစ်ဖက်တပ်တွေကြားက သဲသောင်ပြင်မှာ နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး ဆွေးနွေးမယ်။ ပြီးရင်ငြိမ်းချမ်းရေးစာချုပ်ချုပ်မယ်ပေါ့။ အဲဒီပွဲကို ပဲခူးက အိမ်ရှင်ဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီပွဲအတွက် မဏ္ဍပ်ထိုးဖို့၊ အခင်းအကျင်း ပြင်ဆင်ဖို့နဲ့ စားရေးသောက်ရေးကိုတာဝန်ယူတယ်။ အဲဒီပွဲက ငြိမ်းချမ်းရေးပွဲဆိုတော့ နှစ်ဖက် စစ်သည်တော်တွေလက်နက်မယူလာရဘူးပေါ့။ ဒါပေမယ့် ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အဲဒီပွဲကျင်းပမယ့်သဲသောင်ပြင်မှာ လက်နက်တွေကြိုမြှုပ်နှံထားဖို့မှာပြီးသား၊ အင်းဝတပ်သား တွေကိုရှင်းဖို့ပေါ့။ သစ္စာပြုမဏ္ဍပ်ဟာ ၂ဖက်တပ်ချထားရာနဲ့ နည်းနည်းလှမ်းတယ်။ နှစ်ဖက် မှူးမတ်တွေဟာ ရာထူးအဆင့်တူချင်း  တတွဲစီတွဲပြီးသွားရသတဲ့။ အဲဒီပွဲမှာ လဂွန်းအိမ်နဲ့တွဲရ တဲ့ အင်းဝဘက်က မှူးမတ်က မိုးညှင်းသတိုးတဲ့။ အဲဒီမှာ မိုးညှင်းသတိုးက လဂွန်းအိမ်ကို “ခင်ဗျားလည်းစစ်သား၊ ကျွန်တော်လည်းစစ်သား၊ စစ်သားစကားပြောကြရအောင်၊ ဒီပွဲက တကယ်ရော ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့လုပ်တဲ့ပွဲလား”လို့ မေးပါသတဲ့။ အဲဒီမှာ ဇာတ်လိုက်ကျော်ကြီးလဂွန်းအိမ်က မိုးညှင်းသတိုးကို “ခင်ဗျားရူးနေလား၊ ခင်ဗျားတို့နဲ့ကျုပ်တို့ စစ်တိုက်နေတာ၊ စစ်သဘောမှာ အောင်မြင်မှုဆိုတာကလွဲလို့ တရားမျှတမှုဆိုတာရှိလို့လား၊ ခင်ဗျားကိုကျုပ်ရလည်း ခင်ဗျားကိုကျုပ်သတ်မှာပဲ၊ ကျုပ်ကိုခင်ဗျားရလည်း ကျုပ်ကို ခင်ဗျား သတ်မှာပဲ၊ စစ်တိုက်ရင်းပြုတဲ့သစ္စာဟာ ယုံကြည်ထိုက်တယ်လို့ ခင်ဗျားထင်နေတုန်းလား၊ ဒါဆိုခင်ဗျားရူးနေလို့ပေါ့ဗျာ”လို့ ခပ်ပြတ်ပြတ်ပြန်ပြော၊ မိုးညှင်းသတိုးကလည်း ပါးနပ်တော့ ချက်ချင်းပဲ သူတို့ခေါင်းဆောင် မြင်စိုင်းစားသရေစည်သူကို သွားပြောတော့ ရာဇာဓိရာဇ် အကြံမအောင်ဘဲပွဲပျက်၊ ရာဇာဓိရာဇ်က လဂွန်းအိမ်ကိုအမျက်ထွက်ပြီးကွပ်မျက်ဖို့မိန့်၊ ဒါပေမယ့် အမတ်ဒိန်တို့၊ သမိန်ဗြဇ္ဇတို့၊ မင်းကံစီတို့ ၊ အဲမွန်ဒယာတို့ ကယ်လို့ လဂွန်းအိမ်လွတ်ငြိမ်းချမ်းသာခွင့်ရ။ စာရေးသူမျှဝေချင်တဲ့လဂွန်းအိမ်အကြောင်းပါ။ “သူ့ဘုရင်ကို သူသိပ်ချစ်တယ်။ အရမ်းလည်း သစ္စာရှိတယ်။ ဒါပေမယ့် သူ့ဘုရင်လည်း သူ့အရှေ့မှာ မတရားတာ၊ မမှန်ကန်တာမလုပ်နဲ့၊ လဂွန်းအိမ်ကတော့ အသေသာခံလိုက်မယ်၊ သူ့ဘုရင်ကိုတော့ ရာဇ၀င်မှာ နာမည်အပျက်ခံမှာ မဟုတ်ဘူး”ဒီလိုစစ်သားမျိုး။ ရှာမှရှားတဲ့ အာဂစစ်သည်တော်။

    ရာဇာဓိရာဇ်ကံကောင်းပါတယ်။ သူ့အနားမှာ အမတ်ဒိန်တို့လို၊ မင်းကံစီတို့လို၊ လဂွန်းအိမ်တို့လို ပုဂ္ဂိုလ်ကျော်တွေရှိနေတာ။ ဒါကြောင့်လည်း ရာမညတိုင်းဌာနမှာ ရာဇာဓိရာဇ်တို့ နာမည်ကျော် ခဲ့တာပေါ့။

    စာရေးသူလည်းဒီနေရာမှာ အလျဉ်းသင့်လို့ ဗျတ်ဝိ၊ ဗျတ္တ တို့အကြောင်း ရေးချင်တာ ပေါ့။ တော်ကြာ “ဟာ..ဒီကောင်၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြီ”လို့အပြောခံရမှာစိုးလို့။ မရေး ချင်ဘဲနေမလားနော်… ပုဂံရာဇ၀င်ရဲ့ အာဂစစ်သည်တော်တွေပဲဟာ။ ပုဂါရာမ ပုဂံနေပြည် တော်ကြီးမှာ ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းတောက်ပစေဖို့ သထုံဘုရင်မနူဟာဆီက ပိဋကတ်သုံးပုံပင့်ဖို့ ချီ ရာမှာ အသက်ပေးဆပ်ခဲ့ရတဲ့ မြန်မာမွတ်စလင်မ် စစ်သည်တော်ပဲဟာ။ ဗျတ္တက မွတ်စလင်မ်လို့မင်းဘယ်သူပြောတုန်းလို့မေးလာခဲ့ရင်တော့ သမိုင်းပါမောက္ခ(ငြိမ်း)၊ သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့် ကိုသာမေးကြည့်ကြပါ။ ပြီးခဲ့တဲ့လအနည်းငယ်က တော်ဝင်နှင်းဆီခန်းမမှာကျင်းပခဲ့တဲ့ ဦးရာရှစ်အခမ်းအနားမှာ သူပြောခဲ့တဲ့ မိန့်ခွန်းလေးလည်း နားထောင်ကြည့်ကြပါ။ အခြားပညာရှင်တွေရေးတဲ့စာအုပ် စာတမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ တောင်ပြုန်းကိုလည်း သွားကြည့်ကြပါဦး။ ဗျတ္တရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ ရွှေဖျဉ်းညီနောင်(မင်းကြီးမင်းလေး)ကိုးကွယ်သူများက သူတို့ကိုးကွယ်တဲ့နတ်များက မွတ်စလင်မ်နတ်တွေဖြစ်လို့ဆိုပြီး ၀က်သားမစားကြပါဘူး။ တချို့များဆိုရင် “သောကြာနေ့ ဆိုရင် မင်းကြီး၊မင်းလေး နတ်နှစ်ပါးကို ပင့်လို့မရပါဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ဗလီသွားတက်နေကြလို့တဲ့…”ကဲ..အေးရော။

    အခုဒီဆောင်းပါးမှာ စာရေးသူတင်ပြခဲ့တဲ့ သံဃာတော်၊ ရှင်ဘုရင်များ၊ အမတ်များ၊ သူရဲကောင်းများအစရှိတဲ့ ကောင်းမြတ်သောစံနမူနာယူထိုက်စရာ သံဃာတော်များနဲ့ ရှင်ဘုရင် များ၊ မင်းခလုလင်များ၊ စစ်သည်တော်များ စာရေးသူတို့မြန်မာပြည်မှာ များစွာပေါ်ထွန်း ခဲ့ပါတယ်။ စာရေးသူလက်လှမ်းမီရာကိုသာ ပြန်လည်မျှဝေခြင်းပါ။

    အချုပ်အားဖြင့်တော့ သာလွန်မင်းတို့၊ မင်းတုန်းမင်းတို့လိုဘုရင်မျိုး၊ အမတ်ဒိန်တို့လို၊ ယောမင်းကြီးတို့လိုအမတ်မျိုး၊ လဂွန်းအိမ်တို့လိုစစ်သည်မျိုး၊ ရာဇကုမ္မာလို သားကောင်းသား မြတ်မျိုးတွေနဲ့သာ စာရေးသူတို့တိုင်းပြည်ကြီး ရှေ့ခရီးဆက်ရမည်ဆိုလျှင်တော့ စာရေးသူတို့ တိုင်းပြည်ကြီးဟာ “လောကနိဗ္ဗာန်ကဲ့သို့အလား” ထင်မှတ်မှားရပါလိမ့်မယ်။ မုဆိုး သောနုတ္တိုရ် လိုလူမျိုးတွေကိုတော့ ဝေးဝေးကရှောင်ရပါလိ့မ်မယ်လို့ အကြံပြု တိုက်တွန်းရင်း…။ ။

    မှီငြမ်း

    ၁။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (ဒေါက်တာနိုင်ပန်းလှမြန်မာပြန်)
    ၂။ တက္ကသိုလ်ဝင်တန်းနှင့် အဆင့်မြင့်တန်း (မြန်မာစာအထူးပြု)အတွက် မြန်မာစာနှင့် မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်း စာအုပ်များ

  • မွတ်စလင်များအား နှိပ်ကွပ်နေသော ဦးသိန်းစိန်အစိုးရ

    မေ-၉၊ ၂၀၁၃
    M-Media
    ရေးသူ- ညီညီလင်းဇော်

    Nay Myo Wai
    အစ္စလာမ် မုန်းတီးရေး လုပ်ဆောင်နေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ နေမျိုးဝေ နှင့် သမ္မတ ဦးသိန်းစိန်တို့ (၅-၅-၂၀၁၃) တွေ့ဆုံ စဉ်က  နေမျိုးဝေ၏ FB စာမျက်နှာ https://www.facebook.com/naymyowai

    ရခိုင်အရေးအခင်းမှစ ယခုထက်ထိ မွတ်စလင်များအပေါ် ပြုကျင့်နေသည့် ဦးသိန်းစိန်အစိုးရ၏ မူဝါဒများသည် မွတ်စလင်များ၏ နှိပ်ကွပ်နေခြင်းသာဖြစ်ကြောင်း ပို၍သာ ထင်ရှားလာနေ သည်။ သမ္မတဦးသိန်းစိန်၏ မွတ်စလင်များကို ကာကွယ်ပေးမည်ဆိုသော မိန့် ခွန်းမှာလည်း လိမ်ညာနေခြင်းဖြစ်ပြီး ရှေ့ လာမည့် နှိပ်ကွပ်မှုများအတွက် ကြိုတင် ကာဗာယူထားခြင်းသာဖြစ် သည်။

    တောင်ကုတ်တွင် အပြစ်မဲ့ ခရီးသွားမွတ်စလင် ၁၀ ဦး ရက်ရက်စက်စက် ရိုက်သတ်ခံရသည်။ ရိုက်သတ်သည့် မည်သူ့ ကိုမျှ တရားစွဲသည်ဟုမကြား။ နေ့ ခင်းကြောင်တောင် လူ ရာနဲ့ ချီဝိုင်း ရိုက်ခဲ့သည့်တိုင် မျက်မြင်သက်သေမရှိဟုဆိုကာ ပယ်ချခဲ့သည်။

    ရခိုင်အမျိုးသမီး မသီတာထွေးအား အဓမ္မပြုကျင့်သူဟု စွပ်စွဲခြင်းခံရသည့် ၂ ဦးကို သေဒဏ်ချ ခဲ့သည်။ သူတို့ အမှန်တကယ်ကျူးလွန်မကျူးလွန်ဆိုသည် မည်သူမျှ အသေအချာမသိ။ စွပ်စွဲခံရသူများကိုသာ ကွပ်မြက်ခဲ့သည်။ အဓိကစွပ်စွဲခံရသည့်တယောက် အချုပ်ခန်းထဲတွင် မိမိကိုယ်တိုင် အဆုံးစီရင်သွားသည်ဟုဆိုသည်။ ထောင်တွင်း ကြိုးဆွဲချသေနိုင်သည့် မယုံနိုင်ဖွယ်ဇာတ်လမ်းမှာ အစိုးရက အမှန်တရားဖုံးအုပ်ထားပြီး မွတ်စလင်များကို တမင်ရန်ရှာမှန်းသိသာသည်။

    ရခိုင်အရေးအခင်းအတွင်း ပညာတတ်မွတ်စလင်များကိုဖမ်းဆီးလိုက်သည်။ မွတ်စလင်များ ထံမှ မိမိကိုယ်မိမိကာကွယ်ရန်လိုအပ်သည့် ပစ္စည်းများကို သိမ်းဆည်းပြီး အကာအကွယ် မဲ့ဖြစ် နေချိန်တွင် သတ်ဖြတ်နှိပ်ကွပ်ခဲ့သည်။

    မိတ္ထီလာ၊ ပဲခူးရိုးမ အနောက်ဘက်တခြမ်း၊ ဥက္ကံအပါအ၀င် ယခင် ကံမ္မ၊ စိုင်းတောင် တွင် ဗလီဖျက်ခြင်း၊ ကျောင်းများ ဖျက်ခြင်း၊ အိမ်များဖျက်ခြင်း၊ လူအရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်းများတွင် ပါဝင်သော ဗုဒ္ဓဘာသာဝင်များစွာကို ဖမ်းဆီးအရေးယူခြင်းမရှိသေး။ ဟန်ပြဖမ်းထားသူများရှိသော်လည်း အရေးယူခြင်းမရှိ။

    မွတ်စလင်မုန်းတီးရေး တရားဟောနေသော ၉၆၉  ဘုန်းကြီးများ လွတ်လပ်စွာ စည်းရုံးဟော ပြောနေသည်။ ၉၆၉  တရားပွဲများအပြီး အကြမ်းဖက်မှုများဖြစ်ခဲ့သည့် ပဲခူးတိုင်း အကြမ်းဖက်မှုများ သိသာထင်ရှားသောလည်း မည်သူ့ ကိုမျှ တားဆီးခြင်း၊ ဖမ်းဆီးခြင်း၊ အရေးယူခြင်းမရှိ။ ၉၆၉  တံဆိပ်ခွာခဲ့သည့် မွတ်စလင်တစ်ဦးကိုသာ ထောင်ဒဏ် ၂ နှစ်ချခဲ့သည်။

    ဥက္ကံအငြင်းပွားမှုတွင် ကိုယ်ရင်နှင့်ပတ်သက်ခဲ့သော အမျိုးသမီး ၂ ဦးကို သာသနာ ငြိုးနွမ်းမှု ဖြင့် ဆွဲဆိုထားသော်လည်း ဥက္ကံအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သော ဗုဒ္ဓဘာသာဝင်များဓာတ်ပုံ များ အတိအကျရှိပါလျက်၊ မွတ်စလင် ၂ ဦး အသတ်ခံရပါလျက် မည်သူ့ ကိုမျှ ရုံးတင်စစ်ဆေး ခြင်း၊ အပြစ်ပေးခြင်းမရှိသေး။ မိတ္ထီလာတွင် ဘုန်းကြီးသတ်မှုဖြင့် မွတ်စလင် ၇ ဦးကိုသာ တရားစွဲ ထားသည်။ တရားစွဲထားသည့်ထဲတွင် ဘုန်းကြီးအမှုနှင့် မပတ်သက်သူများလည်းပါနေသည်။ ရွှေဆိုင် တွင် သာမာန်ရန်ပွဲဖြစ်ပွဲခဲ့သည့် ရွှေဆိုင်ပိုင်ရှင် မွတ်စလင်မ် ၃ ဦးကို ထောင် (၁၄) နှစ် ချသည်။ မိတ္ထိလာတမြို့လုံး မီးလောင်တိုက်အသွင်းခံရပြီး လူပေါင်း ၄၀ ကျော် အသတ်ခံရသည့် အတွက် ထင်သာမြင်သာရှိသည့် အရေးယူဆောင်၇ွက်မှုများ မတွေ့ရသေးပေ။

    အွန်လိုင်းဆိုရှယ်မီဒီယာများတွင် အဓိကရုဏ်းများ ဖြစ်စေရန်၊ မွတ်စလင်မ်မုန်းတီးရေး လုပ်နေသူများ၊ နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဌ နေမျိုးဝေလို လူမျိုးကို မည်သည့်အရေးယူမှုမျှမလုပ် မကြာသေးခင်ကပင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖက်လှဲတကင်း တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

    မွတ်စလင်များဖက်မှ ပလီများ၊ ကျောင်းများ၊ အိမ်များ၊ ဆိုင်များဖျက်ဆီးခံရခြင်း၊ ပစ္စည်းများလု ယက်ခံရခြင်း၊ လူအသတ်ခံရခြင်းတို့ ရှိသော်လည်း မည်သူ့ ကိုမျှ အရေးမယူသေး။

    မွတ်စလင်များကို ကာကွယ်ပေးမည်ဆိုသော သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းသည် အစိုးရ၏ အလိမ်များထဲမှ တခုသာဖြစ်သည်။ အမှန်မှာ မွတ်စလင်များကို မည်သူမျှ အကာအကွယ် မပေး။ အစိုးရ ကိုယ်တိုင် နှိပ်ကွပ်နေခြင်းဖြစ်သည်။

    ယခုသမိုင်းအတွေ့ အကြုံသည် မြန်မာမွတ်စလင်များ အတွက် တသက်မေ့မည်မဟုတ်ပါ။ သမိုင်းမှတ်တိုင်းများသာဖြစ်သည်။ အစိုးရမြန်မာမွတ်စလင်များ၏ အသက်၊ သွေးနှင့် မျက်ရည် များသည်သာ မွတ်စလင်များအတွက် သွေးသစ္စာသဖွယ်ဖြစ်စေမည်ဖြစ်သည်။

    မှတ်ချက်- ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။