News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ခု တည်ထောင်ခြင်း
    M-Media
    ဆောင်းပါးရှင်-ဇော်မင်းထွေး
    အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ခု တည်ထောင်ခြင်း (သို့) ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခြင်း နည်းလမ်းများ
    coexist
    လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယဉ်ပါးလာခဲ့သော မြန်မာပြည်သည် နိုင်ငံရေး ကစားလိုသူများနှင့် ကိုယ်ကျိုးရှာ အတ္တ၀ါဒီ တို့အတွက် လိုအပ်သလို အမြတ်ထုတ်ရန် လွယ်ကူလှသော်ငြား ပဋိပက္ခ ဖြစ်ပွားသည်နှင့်အမျှ တိုင်းပြည်မှာ လွန်စွာထိခိုက်နစ်နာ ရကြောင်းကို သမိုင်းက အကြိမ်ကြိမ် သင်ခန်းစာများ ပေးခဲ့ပြီ ဖြစ်သည်။ သို့သော် စံနစ်ဆိုးအတွင်း နစ်ပေါင်းများစွာ နွံနစ်ခဲ့ရသော ပညာရေး၊ လူမှုရေး၊ စီးပွါးရေး တို့ကြောင့် ပြည်သူ အများစုသည် နုံနဲ့သော အတွေးအခေါ်များဖြင့် ရှင်သန်နေထိုင်ခဲ့ရကား နိုင်ငံရေး ထွက်ပေါက် ရှာသူများအဖို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် လိုအပ်တိုင်း အောင်မြင်စွာ အသုံးချနိုင်သော ၀ှက်ဖဲတစ်ချပ် ကဲ့သို့ ဖန်တီးလိုက်တိုင်း အောင်မြင်လေ့ ရှိနေသည်မှာ လက်ရှိအဖြစ်အပျက်များက သက်သေခံလျက်ရှိသည်။
    ကိုလိုနီ သူ့ကျွန်ဘ၀ ကျရောက်ခဲ့စဉ်က တိုင်းတပါး အရင်းရှင်အစိုးရ၏ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုအောက် ပြည်သူများ လွန်စွာ နစ်နာပြီး အတိဒုက္ခရောက်ခဲ့ကြသည်။ ထိုစဉ်ကာလများကလည်း ပြည်သူတို့၏ တော်လှန်လိုသော စိတ်ဓာတ်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများကို သေးသိမ် ပပျောက်စေရေး အတွက် လူမျိုးရေးအဓိကရုဏ်းများ ဖန်တီးပေးခြင်းအားဖြင့် လမ်းလွှဲ၍ ကိုလိုနီ အုပ်ချုပ်ရေးအား သက်ဆိုးရှည်စေခဲ့သည်။ အသက် သွေးချွေးပေါင်း မြောက်များစွာ စတေးခဲ့ရသော ကာလရှည်လွတ်လပ်ရေး ကြိုးပမ်းမှုကြီးကြောင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ပေငြား ၀ိဝါဒ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးနွယ်စု အချင်းချင်း မယုံကြည် မှုများအောက်တွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး တိုင်းပြည်ကြီးမှာ မိအေး အကြိမ်ကြိမ်နာ အဖြစ်မျိုးဖြင့် အတိဒုက္ခရောက်ခဲ့ ရပြန်သည်။ ပြည်သူ ပြည်သား အချင်းချင်း မညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမှုသည် စစ်ဝါဒီများ အကြိုက်ဖြစ်၍ အာဏာရှင် စနစ်ကို စည်ပင် ဖွံ့ဖြိုးစေရန် အဓိကကျသော မောင်းနှင်အားဖြစ်သည်နှင့် အညီ ကျွန်တော်တို့ တိုင်းပြည်ကြီးသည် သူ့ကျွန်ဘ၀ထက် သာပို ဆိုးရွားသော ကိုယ့် ကျွန်ဘ၀၌ ဆယ်ဆုနှစ်ငါးစုတိုတိုင် နွံနစ်ခြင်းဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံးတော ကျောမွဲဖွတ်ပြာ တိုင်းပြည် များစာရင်းတွင် ပါဝင်ခဲ့ရသည်။ ထိုမှတဖန် အတန်ငယ် လွတ်လပ်လာသော ယခုဒီမိုကရေစီ အကူးအပြောင်း ကာလတွင်နောက်ပြန် လှည့်လိုသူများ အမျိုးသားရေး အစွန်းရောက်များ နှင့် ဒီမိုကရေစီ စံနှုန်းကို မလိုလား မရှုစိမ့်သူများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ယနေ့ မြန်မာပြည်ကြီးသည် ပဋိပက္ခမီးလျှံများအောက် လောင်မြိုက်ပြာကျ သွားနိုင်ပေရာ ပြည်သူအများစု လိုလားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့ဂုဏ်သိက္ခာများ တင်းပြည့်ကျပ်ပြည့် ရရှိနိုင်ရေး မျှော်မှန်းချက်များ နှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများမှာ သဲထဲရေသွန် ဖြစ်လာနိုင်စရာ အကြောင်းများရှိလာသည်။
    ငြိမ်းချမ်းရေး (Peace) နှင့် တည်ငြိမ်အေးချမ်းမှု (Stability) ကင်းမဲ့နေသော တိုင်းပြည်တွင် ဖွံ့ဖြိုးတိုးတက်မှု (Development) ဟူသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိသည်ကို လတ်တလော လူမျိုးရေးတိုက်ပွဲများနှင့် ပြည်တွင်းစစ်များ ဆင်နွဲနေကြသော အာဖရိကန် တိုင်းပြည် အများစု၏ ဥပမာကို လေ့လာခြင်းအားဖြင့် သိရှိနားလည် သဘောပေါက်နိုင်သည်။ သို့ဖြစ်ပေရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို အမှန်တကယ် လိုလားသည်ဆိုပါလျှင် အမုန်းတရားကင်းစင်သော လူ့ဘောင် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်သည်။ အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်းကြီး ပေါ်ထွန်းလာစေရန်တွက်မှု အမုန်းတရားကို ဖြစ်ထွန်းပေါ်ပေါက်စေသော အပြန်အလှန် ယုံကြည်မှု နည်းပါးခြင်းနှင့် မျိုးနွယ်မတူ ဘာသာကွဲများအကြား သံသယဖြင့် နေထိုင်တတ်မှု တို့ကို ပြုပြင်ပြောင်းလဲနိုင်ရန် လွန်စွာအရေးကြီးလှသည်။ ကျွန်တော်တို့ မြန်မာပြည်ကြီးသည် ငြိမ်းချမ်းရေးကို အလွန်အမင်း လိုအပ်လျက်ရှိရာ အထက်ဖေါ်ပြပါ ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် အပြန်အလှန် ချစ်ခင်လေးစားမှုများ ဖြစ်ထွန်းပေါ်ပေါက်ရေး ကြိုးပမ်းရာတွင် အစိုးရတစ်ရပ်တည်း၊ လူပုဂ္ဂိုလ် တစ်ဦးတည်း၊ ပါတီတစ်ခုတည်းက အကောင်အထည်  ဆောင်ရွက်၍ မရနိုင်သည်မှာ မုချပင်ဖြစ်သည်။ ယင်းကဲ့သို့ တိုင်းပြည်၏ အနာဂတ်အား ထုဆစ်ပုံဖေါ်ရာတွင် ကျွန်တော်တို့ ပြည်သူလူထု၏ အခန်းကဏ္ဍမှာ အလွန်အမင်း အရေးပါလှသည်။
    မည်သို့အဖြေရှာကြမလဲ ?
    ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရောယှက်နေသော ကျွန်တော်တို့ တိုင်းပြည်ကြီးက ဘာလို့ မငြိမ်းချမ်းနိုင်လဲ။ ယထာဘူတကျတဲ့ အဖြေကတော့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွင် ပြဿနာများ ရှိနေ၍ဖြစ်သည်။ အဆိုပါ ပြဿနာတို့၏ လက်သည်တရားခံများမှာ တရားမျှတခြင်းမရှိမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမုန်းတီးမှု အာဏာ တစ်လွဲအသုံးချမှုများ ကိုယ်ကျိုးရှာ အုပ်ချုပ်မှုများ အပါအ၀င် လူမျိုးရေး ဘာသာရေး အမြင်ကျဉ်းမြောင်းမှု အစရှိသည်တို့ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား လိုလားသည် ဆိုပါလျှင် အဆိုပါပြသနာများကို ဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။ ဆိုပါစို့။ ကျွန်တော်တို့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိလာသည်။ Peaceful Coexistence ဆိုသည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကို ရွေးချယ် မလား။ သို့တည်းမဟုတ် No Existence ဆိုသည့် တိုင်းပြည်ပြိုကွဲခြင်းဟူသည့် လမ်းကြောင်းသို့ သွားမည်လား။ Peaceful Coexistence ကိုသွားမည်ဆိုပါလျှင် ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ အလုပ်လုပ်ရပါမည်။ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတရားများ ဒီမိုကရေစီ စံနှုန်းများကို ပြည်သူများအတွင်းစိမ့်ဝင် ပြန့်နှံသွားအောင် ကြိုးပမ်းရပါမည်။ ယင်းအတွက် သဘောတရားရေးရာ သင်တန်းများပေးခြင်း၊ Campaign လုပ်ခြင်းများတို့နှင့်သာ မလုံလောက်ပဲ ငြိမ်းချမ်းရေး သဘောတရားများကို ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံး၍ မိမိမိသားစု အပါအ၀င် မိမိ၏ အသိုင်းအ၀ိုင်းအတွင်း ဖြန့်ဝေပေးရန်မှာ ကျွန်တော်တို့ တာဝန်ဖြစ်သည်။
    ဘာကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးတည်ဆောက်ဖို့ လိုအပ်တာလဲ?
    သမိုင်းတလျှောက်တွင် လူသားအတော်များများသည်  ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာတရားများကို အကြောင်းပြုကာ နှိပ်စက် ညဉ်းဆဲပြုမှု၊ နိုင်လို မင်းထက်ပြုခြင်းတို့ကို ခံစားခဲ့ကြရသည်။  ဥပမာ – ဂျူးလူမျိုးခြောက်သန်းကို သတ်ဖြတ်ခဲ့သော နာဇီပါတီ၏ ဟိုလိုကက်စ်ဖြစ်ရပ်၊ အိုင်ယာလန်၏ ဘာသာရေး မျိုးဖြုတ်သတ်ဖြတ်ပွဲ၊ အရှေ့အလယ်ပိုင်း ဒေသရှိ ဘာသာရေးကြောင့် ဖြစ်သော လူမျိုးရေးရာ ပဋိပက္ခများနှင့်စစ်ပွဲများ၊ နယ်မြေလုယက်မှုများ စသည်တို့က သက်သေ အထင်အရှားပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးသမားများ၏ နိုင်ငံရေး ကစားကွက် အတွက် ဘာသာတရားတို့အား လှည့်ဖြား အသုံးချကာ အကျိုးအမြတ်အတွက် ရည်ရွယ်သော စစ်ပွဲမျိုး တွေကိုလည်း မျက်မှောက် ကမ္ဘာတွင်တွေ့ရှိ နေရပြန်သည်။ ကျွန်တော်တို့ မြန်မာပြည်တွင်လည်း ရခိုင်အရေးအခင်း၊ မိထ္ထီလာမှ အစပြုသော ပဋိပက္ခတို့သည် ဘာသာရေးအဓိကရုဏ်း အသွင်ဆောင်လာပြီး အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ၀မ်းနည်းစဖွယ် ပျက်သုဉ်း ဆုံးရှုံးခဲ့ရသည်။ ဒီနေရာတွင် သတိပြုရန်လိုအပ်သည့်အချက်မှာ၊ ပဋိပက္ခ ဖန်တီးသူများ၊ လှုံ့ဆော်သူများ၊ နိုင်ငံရေး အမြတ်ထုတ်သူများသည် အကယ်စင်စစ် ဘာသာတရားအား ကိုယ်စားပြုသော ပုဂ္ဂိုလ်များ မဟုတ်ဟူသော အချက်နှင့်  ဘာသာ တရားများက ပြသနာများ ဖြစ်ပွါးရခြင်းတို့၏ အကြောင်းရင်းခံ မဟုတ်ကြောင်းဖြစ်သည်။ ပြဿနာတို့ ၏ လက်သည်သည် အဆိုပါ ပုဂ္ဂိုလ်များက ဘာသာတရားကို အသုံးချ၍ ၀ါဒမှိုင်းတိုက်ခြင်း ကြောင့်သာဖြစ်သည်။
    အကယ်စင်စစ် ဘာသာတရားတို့သည် လူသားတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခြင်းတို့အတွက် အဓိကကျသော မောင်းနှင်အား တစ်ရပ်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ အဆုံးအမများနှင့် မူရင်းလာ တရားတော်များ၌ ငြိမ်းချမ်းမှုဆိုင်ရာ သဘောတရားများနှင့် အေးချမ်း တည်ငြိမ်မှုတို့၏ ရေသောက်မြစ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတရားတော်တို့ကို အစစ်အမှန် လေးစား လိုက်နာခြင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် လုံလောက်သော အဖြေရှိသည်။ တစ်ခါတစ်ရံ၌ ဘာသာ တရားတို့သည် ပဋိပက္ခများအတွက် လောင်စာဖြစ်သွားတတ်ကြ သော်လည်း ထိုသို့ ဖြစ်ရခြင်းမှာ လူသားဖြစ်သော ဘာသာဝင်တို့၏ လွဲမှားစွာကျင့်သုံးခြင်း တို့ကြောင့်သာလျှင်ဖြစ်သည်။
    သို့ဖြစ်ပေရာ ဘာသာဝင်တို့ အနေဖြင့် ဘာသာတရားတို့အပေါ် အပြန်အလှန်နားလည်မှုရှိလျှင်၊ လေးစားသမှု ရှိနေလျင်၊ ပြည်သူများအကြား ပိုမိုတိုးတက် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ပါလျှင် အဆိုပါ နာလိုခံခက်ကိစ္စရပ်များမှ ရှောင်ရှားနိုင်ပြီးလျှင်၊ ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်မှုတည်းဟူသော တစ်ခုတည်းသော ဖြေရှင်းချက်ကို ဦးတည်နိုင်ရေးအတွက် အခြားဘာသာတရားများအား လေ့လာရေးနှင့်  အရှိတရားတို့အပေါ် နားလည်လက်ခံပေးရေးတို့မှာ အလွန် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ထို့ထက်ပိုအရေးကြီးသည့်အရာမှာ မိမိယုံကြည်လက်ခံထားသည့် သာသနာအား အကယ်ပင် သိရှိသဘော ပေါက်နားလည်ခြင်းနှင့် အမှန်တကယ် လိုက်နာကျင့်သုံးရေးပင်ဖြစ်သည်။
    ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး (Interfaith) နည်းလမ်းများ
    Interfaith လမ်းကြောင်းကို ဖေါ်ဆောင်သမှုပြုရာတွင် Dialogue တည်းဟူသော အပြန်အလှန် ဆွေးနွေးဖလှယ်မှုက ပဓာနကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ Dialogue များ ဖေါ်ဆောင်ရာတွင် Ideology ဟူသောသဘောတရား၊ အတွေးအခေါ်နှင့်   လောကအမြင်တို့အပေါ် အခြေပြုသည့် အခြေခံကျကျ ချဉ်းကပ်ဆွေးနွေးခြင်း (ဥပမာ – ဘာသာတရားတို့၏ အခြေခံ သဘောတရားများ၊ ကျင့်ဝတ်နှင့်နည်းနာများ၊ ယုံကြည်မှုများနှင့် ကျင့်သုံးနေထိုင်မှုပုံစံ၊ အစရှိသဖြင့်) နှင့် Issue များအပေါ် အခြေပြုသည့် ဖြစ်ရပ်များအပေါ်အဖြေရှာခြင်း (ဥပမာ- ကျားမတန်းတူညီမျှရေး၊ ပညာရေးမြှင့်တင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊  ဆင်းရဲမွဲတေမှုလျော့ချရေး) အစရှိသည့် နည်းလမ်းနှစ်မျိုးအား အသုံးပြုနိုင်သည်။
    မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ Interfaith ဖော်ဆောင်မည့်သူသည် အောက်ပါအကြောင်းအချက်များ အတွက် ကြိုတင်ပြင်ဆင် ထားမှုရှိရန်လိုအပ်သည်။
    Knowledge (ဘာသာတရားများနှင့်ပတ်သက်သော မှန်ကန်သည့် ဗဟုသုတရှိခြင်း)
    Interfaith ကို ဖေါ်ဆောင်မည့် တစ်ဦးတစ်ယောက် အနေဖြင့် ဘာသာတရားတို့နှင့် ပတ်သက်သော အခြေခံဗဟုသုတ ရှိထားရန် လိုအပ်ပြီးလျှင်၊ သိမှုအဆင့်၌ သမမျှတသော အတွေးအမြင်ရှိမှုကို ဦးစားပေးရမည်။ ထိုကဲ့သို့ ဘာသာတရားများနှင့် ပတ်သက်၍ လေ့လာမှု ပြုရာတွင်လည်း စစ်မှန်သော သတင်းအချက်အလက်များကို လေ့လာသင်ယူမှုက လွန်စွာအရေးကြီးပြီးလျှင် အမှန်တကယ် ကျင့်သုံးမှုပြုနေသော ပုဂ္ဂိုလ်များ ဘာသာရေးခေါင်းဆောင်များထံမှ လေ့လာစည်းပူး ရမည်ဖြစ်သည်။ ထိုသို့ လေ့လာသင်ယူရာတွင်လည်း Open Minded (ပွင့်လင်းလွတ်လပ်သော အတွေးအခေါ်) အပေါ်အခြေခံသော သင်ယူလေ့လာမှု ဖြစ်ရန်လည်း လွန်စွာမှပင် အရေးကြီးလှသည်။
    Reason (ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မြှော်မြင်မှုရှိခြင်း)
    Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်သည် မိမိက ဘာအတွက် ဖော်ဆောင်မည်လဲ၊ မည်သည့် ရလဒ်ကို ရရှိလိုသလဲ၊ မည်သည်က အဓိကကျသည့် အကြောင်းအရင်းများ ဖြစ်သလဲ အစရှိသည့် ခိုင်လုံ၍ ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မျှော်မြင်မှုရှိရန် လိုအပ်သည်။ ထိုသို့အားဖြင့် ယုတ္တိကျကျ ချဉ်းကပ်မှုပြုမှာသာ မိမိဦးတည်လိုသော ရလာဒ်များကို ရရှိစေနိုင်လိမ့်မည်ဖြစ်သည်။  ထို့ပြင်မက Interfaith ဖေါ်ဆောင်မှုပြုလိုသူများအနေဖြင့် ရိုးသားမှုအပေါ် အခြေခံပြီးလျှင် မိမိဘာသာကသာ သာ၍မြင့်မြတ်သည် ဟူသော အတွေးအခေါ်ကို လက်ကိုင်မထားပဲ Misionary သမား၏ စိတ်ဓာတ်မျိုးဖြင့် တစ်ဖက်သားအား စွဲဆောင် စည်းရုံးခြင်းမျိုးမဖြစ်ရန်လည်း အလွန်စွာမှပင် အရေးကြီးလှသည်။
    Wisdom (ဥာဏ်ပညာကို အခြေပြု၍ ရလာဒ်ကောင်းများဖေါ်ဆောင်ခြင်း)
    Knowledge ဟူသည် “To Know Something” ဖြစ်၍ Wisdom ဟူသည် “To do Something according to Knowing” ဖြစ်သည်။
    သိမှုကို ပြန်လည်အသုံးချခြင်းမှာသာလျှင် ပညာဥာဏ် အမျှော်အမြင် တည်ရှိသည်။ ထို့အတွက်ကြောင့် Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်များ အနေဖြင့် စားပွဲဝိုင်းထိုင် ဆွေးနွေးနေရုံ မျှ မဟုတ်ပဲ၊ လူ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ် အကျိုးပြုနိုင်မည့် ရလဒ် ကောင်းများ ရရှိရန် ဖေါ်ဆောင်ပေးနိုင်ရမည်။
    ဆိုခဲ့ပါ အချက်များအား လိုက်နာဖြည့်စည်း နိုင်ပြီ ဆိုပါလျှင် အောက်ပါအချက်များ အား ဦးတည်၍ Dialogue ဆွေးနွေးပွဲများ စတင် နိုင်ပါသည်။
    Common Ground အားရှာဖွေခြင်း
    Dialogue အမှန်တကယ်ဖြစ်ထွန်းလာစေရေး အတွက် ဘုံတူညီချက်များ ရှာဖွေ၍ ဆွေးနွေးမှုလွယ်ကူစေသော အနေအထား တစ်ရပ်ကို ဖန်တီး လမ်းဖွင့်ပေးနိုင်ရမည်။ ထို့အတွက် Similarity ဟူသော ဘာသာတရားအသီးသီးရှိ ဘုံတူညီသော အချက်များကို သိရှိထားရန်နှင့် ရှာဖွေရန်မှာ အရေးကြီးသည်။ Similarity ကိုစုစည်း ထားမှသာလျှင် ဆွေးနွေးရန် လွယ်ကူသော အနေအထား ကိုရောက်ရှိစေနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာပင် ဘာသာအသီးသီးရှိ Differences (ကွဲပြားခြားနားနေသော အချက်များ) ကိုလည်း သိရှိထားရန် အရေးပါလှသည်။ Differences များကိုလေ့လာသိရှိထားခြင်းအားဖြင့် Communication ဟူသော ဆက်သွယ် ပြောဆိုမှု  ပိုမိုကောင်းမွန်လာစေပြီးလျှင် တစ်ဖက်သားအား မထိခိုက် မနစ်နာစေသော လမ်းကြောင်းမှန်ဖြင့် ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။ ထိုနှစ်ချက်အား ပိုင်နိုင်စွာ သိလာပြီဆိုပါက အဓိက ရည်ရွယ်ရင်းဖြစ်သော Cooperation ဟုခေါ်သည့် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရေးနှင့်၊ Positive Interaction ဟုခေါ်သည့် အပြုသဘောဆောင်သော အပြန်အလှန် အကျိုးသယ်ပိုးပေးမှုဟူသည့် ပန်းတိုင်များကို ရရှိစေမည်မှာ မသွေမုချပင်ဖြစ်သည်။
    နိဂုံးချုပ်ဆိုရလျှင် ကျွန်တော်တို့သည် မတူညီသော အယူဝါဒများကို လက်ခံကျင့်သုံးနေကြသူများ (သို့) မည်သည့်အယူဝါဒ ကိုမှ သက်ဝင်ယုံကြည်ခြင်း မရှိသူများအဖြစ် ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတကွ စုစည်းနေထိုင်ကြရသည် ဖြစ်သည်။ လူသားများ ဖြစ်ကြသည့်အလျှောက် ကျွန်တော်တို့အတွင်း ဘုံတူညီမှုများ မြောက်များစွာ ရှိကြပြီးလျှင် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်ရာ ခြားနားခြင်းကြောင့် မတူကွဲပြားမှုများ ရှိနေတတ်သည်မှာ ငြင်းပယ်ရှောင်လွှဲ၍ မရသည့် အမှန်တရားပင် ဖြစ်သည်။ မည်သည့်အယူဝါဒကို ယုံကြည်သက်ဝင်သည်ဖြစ်စေ (သို့) မည်သည့်အယူဝါဒကိုမှ သက်ဝင်ခြင်းမရှိပဲ ကောင်းမြတ်သော လူ့စံနှုန်းများကိုသာ ကျင့်သုံး ဆောင်ရွက်သူ ဖြစ်သည်ဖြစ်စေ၊ ကျွန်တော်တို့သည် ဘာသာတရားများ၏ ကောုးမြတ်သော သင်ကြားချက်များနှင့် လူ့စံနှုန်းကျင့်ဝတ်များအား လေးစားလိုက်နာ ကျင့်သုံးခြင်းကြောင့် လူပီသမှုကို ဖြစ်ထွန်းစေသော အခြေခံ ဥပဒေသများကို  လိုက်နာကျင့်သုံးရ၌ (ဥပမာ- ငါးပါးသီလစောင့်ထိန်းခြင်း၊ တစ်ပါးသူအား ကူညီသမှုပြုခြင်း၊ လူအချင်းချင်း မေတ္တာထားခြင်း၊ မကောင်းမှုများ ရှောင်ကျဉ်ခြင်းနှင့် ကောင်းမှုများ ကျင့်ဆောင်ခြင်း)တို့၌ ကွဲပြား ခြားနားမှု အလျဉ်းမရှိခြေ။ တစ်ဖက်တွင်လည်း ယဉ်ကျေးမှုနောက်ခံ မတူညီသော၊ အခြေခံအယူအဆများကွဲပြားသော အယူဝါဒများကို လက်ခံ ယုံကြည်သြသူများ ဖြစ်ပေရာ လူ့ကျင့်ဝတ်များကို မဖောက်ဖျက်သော၊ လူသားပီသမှုကို မထိခိုက်သော၊ ကိစ္စရပ်အချို့တွင် ကွဲလွဲမှုများ ရှိနိုင်ပေသည်။ (ဥပမာ- ၀တ်စားဆင်ယင်ခြင်း၊ အစားအသောက်၊ နေထိုင်မှုပုံစံ နှင့် ၀တ်ပြုကိုးကွယ်မှု) သို့ဖြစ်ပေရာ  တူညီမှုများအပေါ် တန်ဘိုးထားခြင်းဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ပြီးလျှင် မတူညီမှုများအား လေးစားပေးခြင်းဖြင့် အပြန်အလှန်နားလည်ပေးမှု (Mutual Understanding) နှင့် သဘောထားကြီးမှု (Tolerance) များအား ပြသခြင်းဖြင့် အမုန်းတရားကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ရပ် တည်ဆောက်နိုင်မည်မှာ မသွေမုချပင် ဖြစ်ပါတော့သည်။
    ဇော်မင်းထွေး
  • အဝေးသင်
    ဧပြီ ၂၈-၂၀၁၃
    M-Media
    ဆောင်းပါးရှင်- ကျော်မိုးအောင်
      distanceကျွန်တော် တက္ကသိုလ်နှစ်ခုတွင် အဝေးသင်ကျောင်းသားအဖြစ် ကျောင်းတက်ကာ ပညာသင်ယူဖူးပါသည်။
    ထိုတက္ကသိုလ်များအကြောင်းမပြောမီ မြန်မာနိုင်ငံတွင် ကျွန်တော်တို့ ပညာသင်ယူခဲ့ရသည့် ပညာသင်နှစ်၏ ထူးခြားမှုဖြင့်စတင်လျင် ပိုပြည့်စုံမည်ဖြစ်သဖြင့် ထိုအကြောင်းအရာမှ စပါရစေ။
    ကျွန်တော် သူငယ်တန်းစတက်တော့ ၁၉၈၈ ခုနှစ်။ ထိုနှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ဖြစ်ခဲ့သည့် ၈.၈.၈၈ သပိတ်ကြီးကြောင့် တစ်ပြည်လုံးရှိကျောင်းများ ပိတ်ခဲ့သောကြောင့် နောက်နှစ်တွင်လည်း သူငယ်တန်း ပြန်တက်ရသည်။ ထိုအချိန်မှ ၅နှစ်ပြည့်သော ကျောင်းသားသစ်များလည်း သူငယ်တန်းတက်ရာ ထိုပညာသင်နှစ်သည် အခြားအခြားသော နှစ်များထက် ကျောင်းသားဦးရေ စံချိန်တင် နှစ်ဆများသော ထူးခြားသည့်နှစ်ဖြစ်သည်။ တစ်နှစ်တစ်တန်း ပုံမှန်အောင်လာကြသူတို့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်တွင် ဆယ်တန်းဖြေဆိုကြရာ ၁၀တန်းဖြေသူ အများဆုံးနှစ် ဖြစ်ခဲ့ပြန်သည်။ ထို့နောက် တက္ကသိုလ် တက်ကြစဉ်လည်း ထိုနည်းလည်းကောင်း။ ကျောင်းသား အလွန်များသည့်နှစ်။
    ကျွန်တော် ၁၀တန်းအောင်တော့ အမှတ်က မကောင်းတကောင်းဟု ဆိုရပေမည်။ ဆေးနှင့်ဆိုင်သောတက္ကသိုလ် တက်နိုင်လောက်သော အမှတ်မမီသော်လည်း ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့  တက်နိုင်သည့် အနေအထား။ သို့သော် ထိုစဉ်က စဉ်းစားသည်က ကွန်ပြူတာသည်လည်း ပြင်ပတွင် လေ့လာနိုင်သလို နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာသင်တန်းများလည်း ပြည်တွင်းတွင် ဖွင့်နေပြီဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ မြို့နှင့် အတော်အတန် ဝေးကွာသောနေရာတွင် ဖွင့်လှစ်ထားသည့် ထိုတက္ကသိုလ်များတက်ပါက တစ်ရက်လျင် တစ်နာရီခွဲခန့် ဖယ်ရီကားပေါ်တွင် အချိန်ကုန်ရမည်ကို မလိုလားသောကြောင့်တစ်ကြောင်း အဝေးသင်တက္ကသိုလ်သာ တက်ရောက်ကာ အပြင်မှသာ အင်္ဂလိပ်ဘာသာစကားနှင့် ကျန်ဘာသာရပ်များ လေ့လာဖို့ရန်ပင် ဆုံးဖြတ်ခဲ့သည်။
    ထို့အတွက် ကျွန်တော်တို့အရင် ၁၉၉၈-၁၉၉၉ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် ဘာသာရပ်အလိုက် အနိမ့်ဆုံးဝင်ခွင့် သတ်မှတ်ချက်ကိုကြည့်ကာ စိတ်ဝင်စားမည့်ဘာသာရပ် ရွေးချယ်ရန် ဆုံးဖြတ်လျက် လေ့လာကြည့်တော့ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဥပဒေတို့က ထိပ်ဆုံးသုံးခု။ အမှတ်ပေါင်း ၂၉၀ကျော် အနည်းဆုံးရသူတို့ လျှောက်ထားနိုင်သည့်ဘာသာရပ်များ။ (မှတ်ချက် … ထိုစဉ်က ဆယ်တန်းတွင် ဘာသာရပ်၅ခု ဖြေရသည့်အချိန်ဖြစ်ရာ တစ်ဘာသာလျင် ပျမ်းမျှ အမှတ်၆၀ခန့် အနိမ့်ဆုံးရသူများ တက်ကြသည့် ဘာသာရပ်များဖြစ်သည်။) ထိုအထဲကမှ ဥပဒေပညာ သင်ယူရန် ရွေးချယ် လျှောက်ထားခဲ့သည်။
    လအနည်းငယ်ကြာတော့ ကျောင်းမှ ဝင်ခွင့်ပြုကြောင်း အကြောင်းကြားစာရောက်လာတော့ ကျောင်းသွားအပ်သည်။ ကျောင်းသွားအပ်သည့်အချိန်တွင် ပထမဆုံး စတင်ကြုံရသည်က ကျောင်းသားရေးရာတွင် ကျောင်းအပ်ရန် ရောက်နေသော သောင်းဂဏန်းရှိသည့် လူအုပ်ကြီးဖြစ်သည်။ ကျွန်တော်နှင့်အတူ ဥပဒေအထူးပြုသင်ယူကြမည့် ကျောင်းသားအရေအတွက်က ၃၀၀၀ နီးပါး။
    ကျွန်တော်တို့နှစ်အတွက် အနိမ့်ဆုံးဝင်ခွင့်အမှတ် မည်မျှသတ်မှတ်သည်ကို သိချင်သောကြောင့် ကြော်ညာသင်ပုန်းသွားကြည့်မိတော့ အတော်စိတ်ပျက်သွားမိသည်။ အနိမ့်ဆုံအမှတ် သတ်မှတ်ချက်က အမှတ် ၂၀၀။ ဒီအတိုင်းဆိုတော့ မအောင်မချင်းမော်ဒရေးရှင်းဖြင့် အောင်လာသူလည်း အတူတူ တက်ခွင့်ရသည်ပေါ့။ တစ်ဘာသာ အမှတ်၄၀ဖြင့် အောင်သည်ဆိုရုံမျှဆိုနိုင်ရုံ အောင်လာလည်း တန်းတူပဲပေါ့ ဆိုသည့်အတွေး ရောက်လာသည်။ အမှန်တော့ ကိုယ်နှင့်တိုက်ရိုက်မဆိုင်ဟု ဆိုလိုကလည်း ဆိုနိုင်သည့် ကိစ္စဖြစ်သော်လည်း ကိုယ့်ရမှတ်ကိုယ် ဘဝင်လေဟပ်၊ ဂုဏ်ယူကြေနပ်သူတစ်ဦးအနေဖြင့်တော့ စိတ်ပျက်စရာ။
    ဒီလိုနှင့် ပထမနှစ် စတက်ဖြစ်သည်။ ငွေစာရင်းသွင်းပြီးတော့ ချလံလေးတစ်စောင်ရသည်။ သင်ခန်းစာ စာအုပ်များ၊ ကက်ဆက်ခွေများ ကတော့ နောက်လလောက်မှ တစ်ခေါက်ပြန်လာဖို့ … ကျောင်းသား များလွန်းသောကြောင့် အားလုံးမရနိုင်သေး၊ ရှေ့ဆုံးလာအပ်သူ အချို့သာ ပေးလိုက်နိုင်သည်ဟု သိရသည်။ နောက်တစ်လ ကျောင်းသွားတော့ နောက်ထပ် တစ်လလောက်ကြာမှ ပြန်လာရန် ပြောပြန်သည်။ နောက်လလည်း ထိုနည်းလည်းကောင်း၊ နောက်တစ်လ (ကျောင်းဖွင့်ချိန်မှစလျင် ၃လအကြာ)မှသာလျင် လက်ထဲသို့ စာအုပ်များ အစုံအလင်ရသည်။
    ထိုနှစ်အတွက် Assignment စာစဉ်များ ဖြေဆိုရတော့ ကျွန်တော့်တွင် စာအုပ်များမရှိ။ သို့သော် ပြဿနာမရှိ … အသင့်ဖြေဆိုပြီးသား စာစဉ်များ ရောင်းသည်လေ။ ပြန်ကူးရေးရုံသာ … ဘာခက်တာမှတ်လို့။ မြန်မာစာနှင့် အင်္ဂလိပ်စာမှလွဲလျင် ကျန်သည်တို့ကို ကျွန်တော် နားမလည် …. ဒီတိုင်းပဲ ပြန်ကူးပေးလိုက်သည်။ ညောင်းလိုက်သည့်လက် … ပျင်းစရာ။
    စာမေးပွဲမဖြေခင် ၁၀ရက်အလိုရောက်တော့ အနီးကပ်သင်တန်း တက္ကသိုလ်တွင် သွားတက်ရသည်။ ဆရာတွေက စာမေးပွဲတွင်မေးမည့် မေးခွန်းများနှင့် အဖြေများ သင်ပေးသည်။ တစ်ဘာသာလျင် ၁၀ပုဒ် … ထိုအထဲက ၆ပုဒ်မေးကာ ၄ပုဒ်ဖြေရမည်။ ၃ပုဒ်ဖြေနိုင်လျင် စာမေးပွဲအောင်မည်။
    စာမေးပွဲဖြေရတော့ တက္ကသိုလ်ထဲမှာမဟုတ် … အစိုးရ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ စာမေးပွဲဖြေခါနီးတွင် ကျောင်းသား တစ်ယောက်မှ ဦးဆောင်ကာ ကျောင်းသားတစ်ဦးလျင် ၃၀၀ကျပ် လိုက်ကောက်သည်။ အခန်းစောင့်မည့်ဆရာမတို့အား ကန်တော့ရန်တဲ့။ စိတ်မဝင်စားသော်လည်း အားလုံးနှင့်ဆန့်ကျင်ကာ ကန့်လန့်မလုပ်လိုသောကြောင့်  ပေးလိုက်သည်။ ထူးထူးခြားခြားပါပင် …. ကျောင်းသားအားလုံးနီးပါး စာအုပ်ဖွင့်ကာ ပေါ်ပေါ်တင်တင် ကူးရေးကြသည်။ ခိုးကြောင်ခိုးဝှက် စာရွက်အတိုအစ သေးသေးမွှားမွှားတို့ဖြင့်မဟုတ်။ (ကြွားခြင်းမဟုတ်ပါ … ကျွန်တော် ကိုယ့်စာကိုယ်ကျက်ကာ မကူးဘဲ ဖြေခဲ့ပါသည်။ သူငယ်ချင်းကတော့ မင်းက သူရဲကောင်းလုပ်တာလား … ရူးတာလား တစ်ခုခုပဲတဲ့။)
    ခဏနေတော့ အတန်းစောင့်ဆရာမက စစ်ဆေးရေးလာလျင် ကူးရေးနေသည်ကို ခေတ္တရပ်ထားရန်နှင့် အခြား စာမေးပွဲခန်းများတွင် ကျောင်းသား တစ်ဦးလျင် ၅၀၀နှုန်းကန်တော့ကြကြောင်းဆိုလာသောကြောင့် ကျောင်းသားများ တစ်ဦးလျင် ၂၀၀စီ ထပ်ပေးကြရသည်။
    သည်လိုနှင့် ပထမနှစ်ပြီးဆုံးကာ ဒုတိယနှစ် ရောက်ခဲ့သည်။ သည်နှစ်တော့ နပ်သွားပြီ … လက်အညောင်းခံကာ စာစဉ်တွေ ကူးမရေးတော့။ ကျောင်းသွား အပ်စဉ်က မုန့်ဖိုးပေးကာ အကူအညီတောင်းခဲ့ဖူးသည့် ကျောင်းသားရေးရာ စာရေးက စုစုပေါင်း တစ်သောင်းကျပ်ဖြင့် စာစဉ်ရေးပေးကြောင်း ပြောလာတော့ သူ့လက် အပ်လိုက်သည်။ သက်သာသွားသည်ပေါ့ … ထုံးစံအတိုင်း စာမေးပွဲ ဖြေရပြန်သည်။ ဒီတစ်နှစ်လည်း ရိုးရိုးသားသာ ခိုးမစားသူလေးကျွန်တော်ပေါ့။ ပိုက်ဆံကတော့ (သူတို့အခေါ် ခန်းဝင်ကြေးတဲ့) တစ်ရက်၅၀၀ ကန်တော့ရတုန်း။
    တတိယနှစ်ယောက်လာတော့လည်း ထိုနည်းနှင်နှင်။ ဒီတစ်ကြိမ်တော့ ပထမနှစ်လောက် မရိုးသားတော့ … ကျက်ရမှတ်ရ လွယ်သည့်ဘာသာရပ်များ ကျက်မှတ်ကာ တစ်ချို့တစ်ဝက် ကူးရေးခဲ့သည်။
    သည်လိုနှင့်ပဲ နောက်ဆုံးနှစ်ရောက်ခဲ့သည်။ ဒီနှစ်ကတော့ ထူးခြားသည်။ တက္ကသိုလ်ထဲတွင် စာမေးပွဲဖြေရသည်။ အခန်းစောင့်ဆရာများကလည်း တက္ကသိုလ်ဆရာများ။ ယခင်ကလို လွှတ်မပေးရန် အထက်က ညွှန်ကြားထားသည်တဲ့။ BBC ၊ VOA ၊ RFA တို့တွင် သတင်း ပါခဲ့သည်ကိုး။ သူငယ်တန်းဖတ်စာပါ “သူစာကူး၏ … ပထမဆုရသည်” ဆိုသည်ကို ပြောင်လှောင်သည့်အတွက် ကျွန်တော်တို့ကြောင့် “သူပညာထူး၏ … ပထမဆုရသည်”ဟု ပြောင်းလဲ လိုက်သည့်နှစ်ဖြစ်သည်။ ထို့ကြောင့် ခိုးချသမျှအား စာရွက်သိမ်းသည်။ သုံးကြိမ်မြောက်အထိ ခိုးချရန်အားထုတ်သူကို စာမေးပွဲဖြေခွင့် ပယ်ဖျက်သည်။
    သုံးနှစ်သာလျင် တက်ခဲ့ကြရသူ အခြား ဘာသာရပ်များကို အထူးပြုလေ့လာသူတို့အတွက်ကတော့ ဘွဲ့သာရသွားသည် … ဤသို့သောစာမေးပွဲမျိုး တက္ကသိုလ်တွင် မကြုံလိုက်ရ။ နှစ်စဉ် ခန်းဝင်ကြေးပေးကာ စာကူးလျက် ကျောင်းပြီးသွားကြရလေသည်။
    ထိုနှစ်ကစာမေးပွဲကို ကျွန်တော် ပျော်ပါသည် … တကယ်တမ်းတော့ ဘာမှလည်းမခက်လှ။ ဒါမေးဒါဖြေ ၅ပုဒ်လောက် အလွတ်ကျက် လိုက်လျင် အောင်ပြီဖြစ်သည်။ သို့သော် ထိုနှစ်က မနည်းလှသော ကျောင်းသားများ စာမေးပွဲ ကျကြသည်. ကျမည်ပေါ့ … ယခင်သုံးနှစ်လုံးလုံး စာမှ မကျက်ခဲ့ကြရလေသည်ပဲလေ။ မဟုတ်တာလူမိမှာ အလွန်ကြောက်တတ်သောကျွန်တော်၊ သိက္ခာကျမှာ အလွန်ကြောက်တတ်သောကျွန်တော်ကတော့ စာကျက်လိုက်သည်ပေါ့ … ဒီနည်းက စာမေးပွဲခန်းထဲမှာ ချွေးပြန် သောကရောက်နေစရာမလိုသော၊ အသက်သာဆုံးသောနည်း။
    တက္ကသိုလ်မှပေးသော ပြဌာန်းစာအုပ်များ၊ ပို့ချချက် ကက်ဆက်ခွေများ လုံးဝမရလိုက်သည့်နှစ်လည်း ရှိခဲ့သည်။ ကက်ဆက်ခွေတို့တွင် အပေါ်မှ ပတ်ထားသော တိပ် ကိုပင် မခွာဖြစ်ခဲ့သည်တို့လည်း အများအပြား။ မှတ်မှတ်ရရ သုံးခွေသာ နားထောင်ဖြစ်ခဲ့ဖူးပါသည်။
    ထိုစဉ်က မြန်မာ့ရုပ်သံမှတစ်ဆင့်လည်း ပို့ချချက် သင်ခန်းစာများ ထုတ်လွှင့်ခဲ့ဖူးသည်။ ကျွန်တော် ကြိုးစားပမ်းစား အပတ်စဉ် စောင့်ကြည့်ခဲ့ဖူးပါသည်။ မှန်ရာ ပြောရလျင် အတော်ပင် ပျင်းရိဖွယ်ကောင်းနေကာ အသက်မဝင်သည်ကတော့ အမှန်ပါ။ ဆရာဆရာမများက အတောင့်လိုက်ကြီးနှင့် စာဖတ်ပြနေသည်မှာ ကြာတော့ ပျင်းလာသည့်အတွက် ဆက်နားမထောင်ဖြစ်တော့။
    ဒီလိုနှင့်ပင် လေးနှစ်တိတိ ပညာသင်ယူခဲ့ပြီးနောက် ကျွန်တော် ဘွဲ့တစ်ခုရခဲ့သည်။ ထိုဘွဲ့ယူရန် ဘွဲ့နှင်းသဘင် ကျွန်တော် မတက်ခဲ့ပါ။ ရှက်သည်လေ။ ခုချိန်ထိလည်း ကျွန်တော် ဘာဘွဲ့ရသလဲ မေးလာလျင် ဖြေရသည်မှာ လိပ်ပြာမလုံ …. နောက်ထပ်တက်ခဲ့သော၊ ကိုယ်တိုင်လည်း စိတ်ဝင်စားသော၊ အပြင်ကနေလည်း တတ်ကျွမ်အောင် လေ့လာသင်ယူခဲ့သော၊ တကယ်လည်း ကြိုးစားအားထုတ်ခဲ့သော နိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်စာ ဒီပလိုမာကိုလည်းကောင်း၊ အပြင်သင်တန်းတက်၊ စာမေးပွဲဖြေကာ ရရှိခဲ့သည့် နိုင်ငံခြားမှချီးမြှင့်သော အင်ဂျင်နီယာ ဒီပလိုမာတို့ကိုလည်းကောင်းသာ ဖော်ထုတ်ပြောတတ်သည်။ ဥပဒေဘွဲ့နှင့်စပ်လျဉ်းလျင်မူ  အာရုံမရောက်စေရန် ဖော့ပြောတတ်သည့်အကျင့် ရခဲ့သည်။ ဘာမှလည်း မတတ်ခဲ့ဘဲလေ။ ဥပဒနှင့်ပတ်သက်လျင် ၄၂၀၊ ၃၇၆ လောက်သာ သိသူဖြစ်သည်။
    ထိုခေတ်က အဝေးသင်တက္ကသိုလ်တက်ကာ ဘွဲ့တစ်ခုရခဲ့သူ လူတိုင်းကိုမဆိုနိုင်သော်လည်း မနည်းလှသည့် လူများကတော့ ကျွန်တော့်နည်းတူ …. သို့မဟုတ် ကျွန်တော့်ထက် ပိုမိုဆိုးရွားစွာ ကျောင်းပြီးကာ ဘွဲ့ဓာတ်ပုံအိမ်မှာ အလှချိတ်နိုင်သည့်အဆင့် ပညာရေး ရခဲ့ကြပါလိမ့်မည်။ ထိုသူတို့က ကျောင်းဆက် တက်ကြကာ တက္ကသိုလ်များတွင် ဆရာဖြစ်နေကြသူတွေလည်း ရှိနေလောက်ပြီ။ သို့မဟုတ်လည်း လုပ်ငန်းခွင် အသီးသီးတွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ဦးစီးဦးဆောင် ပြုနေသူများ ဖြစ်နေရလောက်ပါပြီ။
    ကွယ်လွန်သွားရှာပြီဖြစ်သော စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ ဦးကံချွန်၏ ဟောပြောမှုမှ ဟာသတစ်ခုကို သတိရမိသည်။ သူငယ်တန်းကျောင်းသား သားငယ်အား သူ့ဖခင်က “ဖေဖေ” ကို မည်သို့စာလုံးပေါင်းရကြောင်းမေးတော့ ကလေးက မပေါင်းတတ်ကြောင်းပြောသည်။ ထိုအခါ ဖခင်က “ဒါလေးတောင် မပေါင်းတတ်ဘူးလား … သေချာမှတ်ထား …. ဖေ့ရေးချဖေ ဖေ့ရေးချ ဖေ .. ဖေဖေ” ဟုပေါင်းပြသည်တဲ့။ ထိုအခါ မိခင်က ပြန်ပြောပုံက“ တော်က လူကြီးကို … ပေါင်းတတ်မှာပေါ့” တဲ့။ ဤသည်က ဟာသမြောက်အောင် အလွန်အကျူးပြောထားသော လက်တွေ့မဟုတ်သည့်အရာဆိုသော်လည်း ဆင်တူရိုးမှားတို့ တွေ့နေရသည်ကတော့ အမှန်ပါပင်။
    ထိုကာလများက ဘွဲ့ရကာ ဘာမှမတတ်ကြသူတွေ လုပ်ငန်းခွင်ထဲမှာလည်း တွေ့နေရသည်။ အင်္ဂလိပ်စာအထူးပြုဖြင့် MA မဟာဝိဇ္ဖာဘွဲ့၊ MRes မဟာသုတေသနဘွဲ့ရထားသူတွေ၊ PhD ပါရဂူဘွဲ့အတွက် လေ့လာပြင်ဆင်နေသူတွေက အင်္ဂလိပ်ဘာသာစကားအား ထမင်းစားရေသောက်အဆင့် သာသာတောင် ဖြစ်ဖြစ်မြောက်မြောက် မပြောနိုင်ကြသည်ကို အင်တာဗျူးများတွင် လက်တွေ့ကြုံ ရဖူးသည်။နောက်ထပ် မြင်သာသည့် ဥပမာ ပေးရလျင် တီဗီအစီအစဉ်တွင် ၅တန်းနှင့်ပြိုင်တာတောင် မနိုင်သူ ဘွဲ့ရများလည်း ဒုနှင့်ဒေး မဟုတ်ပါလော။
    ပြောရလျင် ကိုယ်တွေ့ အတွေ့အကြုံအရ  ထို့နောက်ပိုင်း အဝေးသင်ပညာရေးကို အထင်မကြီးမိတော့။ ယခင်က စာပေးစာယူ ခေတ်ကတော့ မသိ။ အဝေးသင်ကိုတော့ ပညာရေးနှင့် အဝေးရောက်အောင်ပင် သင်ပေးလိုက်သည့် စနစ်လားဟုပင် သံသယ ဖြစ်ခဲ့မိသည်။
    အဝေးသင်ပညာရေးကို ကြောက်သွားသူ ကျွန်တော် ၂၀၁၂မှ စတင်ကာ အဝေးသင်ပညာရေးနှင့် နောက်တစ်ကြိမ် ထိတွေ့ခွင့် ရခဲ့ရပြန်ပါသည်။
    ဒီတစ်ခါတော့ ပြည်တွင်းတက္ကသိုလ် မဟုတ်တော့။ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှ ဖွင့်သည့် မဟာဘွဲ့သင်တန်းဖြစ်သည်။ အဝေးသင်ဟုဆိုနိုင်သည့် စနစ်တစ်မျိုး ဖြစ်သည့် online e-learning course ဖြစ်သည်။ ပြည်တွင်း အင်တာနက်ဆက်သွယ်မှုမြန်နှုန်းဖြင့် အတော်ပင် စွန့်စွန့်စားစား ဆုံးဖြတ်ချက်ချကာ တက်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ဘက်ကလည်း ကိုယ့်နိုင်ငံ အင်တာနက်အနေအထားကို သိရှိလက်ခံထားသောကြောင့် ပြဿနာ ကြီးကြီးမားမားတော့ မရှိလှ။ စာမေးပွဲ ဖြေနေစဉ် အင်တာနက် ခေတ္တ ပြတ်တောက်သွားသောကြောင့် စိတ်ကသိကအောက် အနည်းငယ်ဖြစ်ခဲ့ဖူးသည်ကလွဲလျင် အဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။
    ယခင်က ကျွန်တော် ကြုံခဲ့ဖူးသည့် အဝေးသင်နှင့်မူ အတော် ကွာခြားလှပါသည်။ ကုန်ကျစရိတ် သင်တန်းကြေးအားဖြင့်လည်း အဆများစွာ ကွာသည်ကိုး။ သင်ရိုးပုံစံက (3-0-6) credit စနစ်ဖြစ်သည်။ ဘာသာရပ်တစ်ခုအတွက် သီတင်းပတ်တစ်ပတ်လျင် ၃နာရီစာ သင်ခန်းစာများကို video file များ download လုပ်ကာ ကြည့်ရှုလေ့လာရသည်။ 0 ဆိုသည်က lab တစ်ခုတွင် လက်တွေ့လုပ်ရသောအချိန်ဖြစ်သည်။ ကျွန်တော်ယူသည့်ဘာသာရပ်က သိပ္ပံအထူးပြုမဟုတ်သောကြောင့် လုပ်ဆောင်ရန်မလို။ ထို့နောက် တစ်ပတ်လျင် စုစုပေါင်း ၆နာရီစာမျှရှိသော reference readingများဖတ်ခြင်း၊  assignment များဆောင်ရွက်ခြင်း၊ project များ လုပ်ဆောင်ခြင်း၊  webinar ခေါ် web-seminar ဆွေးနွေးချက်များတွင် ပါဝင်ခြင်းများ လုပ်ရသည်။ ယခင်ကလို အဆင်သင့် ready-made ကူးရေးစရာ မရှိ။ သူများရေးထားသော စာအုပ်စာတမ်းအား ကိုးကားဖော်ပြချက် “quotation”  အနေဖြင့်မှလွဲလျင် ဝါကျတစ်ကြောင်းစာမျှပင် တိုက်ရိုက်ကူးယူပါက သူတစ်ပါးထံမှခိုးချသည် plagiarism ဟုသတ်မှတ်ကာ အပယ်ခံရမည်။ ကိုယ့်အားကိုယ်သာ အပြည့်အဝ ကိုးရသည်။ မရှင်းလင်းသည်ရှိကလည်း သင်ကြားသည့်ဆရာထံ email ပို့ကာမေးမြန်းခြင်းဖြင့်လည်းကောင်း၊ ကြိုတင်ချိန်းဆိုကာ  video conference လုပ်ကြလျက်လည်းကောင်း၊ forum များတွင် အခြားကျောင်းသားများနှင့် အပြန်အလှန် မေးကြဖြေကြဖလှယ်ကြခြင်းဖြင့်လည်းကောင်း မေးမြန်းဆွေးနွေးနိုင်သည်။ အဝေးမှသင်ယူနေသောကြောင့် အဝေးသင်ဟု ဆိုရသော်လည်း လက်တွေ့စာသင်ခန်းတွင်းတွင် သင်ယူနေရသည်နှင့် များစွာ မကွာလှ။ အိုးမကွာအိမ်မကွာ လုပ်ငန်းခွင်အားလပ်ချိန်တွင် လေ့လာနိုင်သည်က အားသာချက်ဖြစ်သည်။ ပြင်ပ တွန်းအားမရှိသော်လည်း ကိုယ့်ကိုကိုယ် တာဝန်ယူကာ အချိန်တစ်ခု သတ်သတ်မှတ်မှတ်ဖြင့် လေ့လာသင်ယူတတ်ရန်သာ အရေးကြီးပါသည်။
    ထိုသင်တန်း စတက်စဉ်မှစကာ မြန်မာပြည်၏ အဝေးသင်စနစ်နှင့် အပြုသဘော နှိုင်းယှဉ်သုံးသပ်နေမိသည်။ မိမိတို့ နိုင်ငံ၏ အဝေးသင်ပညာရေး စနစ်ကို ယခုလိုဖြစ်လာအောင် ဘာတွေ လုပ်ကြရန် လိုအပ်နေသည်လဲ။ ဘာတွေက အတားအဆီး ရှိနေသည်လဲ။ ဆရာနှင့်ကျောင်းသားအချိုး မမျှတသောကြောင့်လား … ကြိုးနီစနစ် ကြီးစိုးနေခြင်းကြောင့်လား … ပေးနိုင်သည်နှင့် ယူလိုသည် supply and demand မမျှတသောကြောင့်လား …. ကျောင်းသားဖြစ်သူတို့ကိုယ်တိုင် အပါအဝင် အဆင့်ဆင့်က ပြီးစလွယ်ပင် လက်မှတ်ရရုံသက်သက်သာလျင် လုပ်နေကြ၊လုပ်ခဲ့ကြခြင်းကြောင်းလား … စသည့် မေးခွန်းပေါင်းများစွာကို အဖြေထုတ်နေမိသည်။ တက္ကသိုလ်တွင် ကိုယ်တိုင်ကိုယ်ကျ on-campus လက်တွေ့သွားရောက် သင်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်မှန်သော်လည်း အဝေးသင်စနစ်သည်လည်း မှန်ကန်ကောင်းမွန်ပါက မဆိုးပါ။ အသုံးတည့်လှပါသည်။ ယခု ပြည်တွင်းအနေအထားကတော့ မည်သို့သော ပုံစံဖြင့် သင်သင်၊ တတ်သင့်သလောက် မတတ်သည်ကတော့ အရှိတရားပင်။
    တိုင်းပြည်အနာဂတ်ကောင်းတည်ဆောက်ရေးအတွက် ပညာရေးသည် အသက်သွေးကြော ဖြစ်ပါသည်။ အနာဂတ်ကျောင်းသားမျိုးဆက်သစ်များ ကျွန်တော်တို့ကြုံခဲ့ရသော ဘာမှမတတ်သည့်ပညာရေးမျိုး မကြုံရလေအောင် ဘာတွေလုပ်ကြရမည်နည်း။ လက်ရှိ  အဆိုပါ ပညာရေးဖြင့် ကျောင်းပြီးထားကြသူတို့အတွက်ရော ပြန်လည်ဖြည့်ဆည်း ကုစားနိုင်မည့်နည်းလမ်းများ မည်သို့ ရှာကြမည်နည်း။ သူတို့ကို ပြန်လည် မဖြည့်စည်းပေးနိုင်ပါကလည်း တိုင်းပြည်၏ ပစ္စုပ္ပန်က သူတို့လက်ထဲမှာ ရောက်နေရာ အနာဂတ်က ရင်လေးစရာ။ အစိုးရကိုသာ ရှိသမျှတာဝန် ပုံချအပြစ်တင်မည့်အစား တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကပညာရေး အခန်းကဏ္ဍတို့မှဖြစ်စေ မည်သို့ဆောင်ရွက်ကြမည်နည်း။ ကျွန်တော့်အနေဖြင့်ကတော့ ကြုံတွေ့ခဲ့ဖူးသည်ကို ပြန်လည် ဝေမျှလျက် အဖြေရှာနေသေးသူ တစ်ဦး သက်သက်သာ ဖြစ်ပါသည်။ စာရှုသူ မိတ်ဆွေကလည်း မိမိတို့ အတွေ့အကြုံ၊ အကြံပြုချက်များ မျှဝေပေးကြစေလိုပါသည်။
    ပညာရေး ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် နိုင်ငံတကာ အကူအညီများ ရယူခြင်းသည်လည်း အရေးပါသည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ အရေးကြီးသည်က ထိုသို့သောစနစ်ကို ကြုံခဲ့ဖူးသူတို့ ကိုယ်တိုင်က လိုလိုလားလားဖြင့် ထိုအခြေအနေမှ ထိုးဖောက်ထွက်နိုင်ရန် ကြိုးစားကြရန်ပင် ဖြစ်ပါသည်။ မည်သူမဆို မိမိကိုယ်ကို မိမိ ပြုပြင်ပြောင်းလဲမှသာ စစ်မှန်သော တိုးတက်ပြောင်းလဲမှုရရှိနိုင်ပါမည်။
    မှတ်သားဖူးသည့် ဆိုရိုးစကားအား ကိုးကားလျက် နိဂုံးချုပ်ပါမည်။
    “The difference between who you are and what you want to be is what you do.”
    “သင် လက်ရှိ ဘာဖြစ်နေသည်” နှင့် “သင် ဘာဖြစ်လိုသည်” ဆိုသည့်နှစ်ခုအကြား ကွာခြားချက်ကတော့ “သင် လက်တွေ့ ဘာလုပ်မည်” ဆိုသည်ပါပင်။
  • ” မြန်မာအစိုးရ မသိချင်ယောင်ဆောင်နေသည့် တည်ဆဲဥပဒေထဲက ပုဒ်မတစ်ခု ”
    ဧပြီ ၂၇ ၂၀၁၃
    M-Media
    ရေးသူ- အလိမ္မာရဲ့ချိန်ဘာ
    no jutice no peace
    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များအပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များကကျူးလွန်ခဲ့တဲ့ ပြစ်မှူ့တွေအထဲမှာ လူသတ်မီးရှို့မှူ့တွေအပါဝင် ဗလီဝတ်ကျောင်းတော်တွေ တော်တော်များများ ကို ဖျက်ဆီး ခဲ့မှူ့တွေလဲပါ ခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်တွေ အရေအတွက် ဘယ်လောက်များများ ပျက်ဆီး ခဲ့တယ်ဆိုတာကိုလဲ နိုင်ငံတော်အစိုးရက တော်တော် များများ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးနေတဲ့ အချိန်မှာလဲ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များလဲ အနီးအနားမှာ ရှိနေကြတယ် ဆိုတာ ထွက်ရှိလာတဲ့ ဗီဒီယိုမှတ်တမ်းများအရ ထင်ထင်ရှား ရှား သိရှိနိုင်ကြပါတယ် ။ အဲဒီတော့ ဘယ်သူ တွေပါဝင် ကျူးလွန်ခဲ့တယ် ဆိုတာကို ပြည်သူ့ရဲလို အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ က တာဝန်အရ မှတ်တမ်းလုပ်ထားရမှာ ပါ။ အဲဒီလိုမှ မှတ်တမ်းလုပ်ထားမှု့ မရှိရင် ပြည်သူ့ရဲလို့ အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ အပေါ် မေးခွန်းပေါင်းများစွာ မေးခွန်းထုတ်ရပါလိမ့်မယ် ။
    သူတို့ကိုယ်တိုင် ပါဝင်ပတ်သတ်ပြီး အားပေးအားမြှောက် ပြုခဲ့ကြတာလား? ဒါမှမဟုတ် တဖွဲ့ တည်း ပေလား? အကြမ်းဖက်တွေ စိတ်တိုင်းကြပြုမူ ဖို့ရန် အကြမ်းဖက်တွေ အတွက် လုံခြုံ ရေးယူပေးကြတာလား? စသည်ဖြင့်ပေါ့ဗျာ ။ မှတ်တမ်းလုပ်ထားထား မလုပ်ထားထား အစ္စလာမ်ဘာသာဝင်များ အပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက ကျူးလွန်ခဲ့တဲ့ပြစ်မှူ့တွေ အတွက် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရမှာ မြန်မာအစိုးရရဲ့ တာဝန်ဆိုတာ ငြင်းလို့မရပါဘူး ။ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးခဲ့တာနဲ့ပတ်သတ်ပြီး ၉၆၉ အမည်ခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက် ဖို့ ဥပဒေမရှိပါဘူးဆိုပြီးလဲ မြန်မာအစိုးရ အနေနဲ့ ငြင်း လို့မရပါဘူး ။ လုံးလုံးကို မသိချင်ယောင်ဆောင်နေ တာဘဲ ဖြစ်ပါ တယ်။
    ပြစ်မှူ့ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ မှာ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာ စော်ကားရန် အကြံဖြင့် ဖြစ်စေ ၊ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ် အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီးခြင်းသည် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် ၊ သို့တည်း မဟုတ်ယုတ်ညံ့စေခြင်းသည် ထိုဘာသာသာသနာကို စော်ကားသည်ဟု လူတစားကယူဆ တန်ရာသည်ကို သိလျှက်နှင့်ဖြစ်စေ ၊မည်သူမဆို ထိုလူတစား၏ ဘာသာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ်အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီးလျှင် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် ၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ် နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါတယ် ။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒီပုဒ်မကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင်မမှတ်ပါဘူး ဗျာ။
    ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ ၏ ဘာသာ သာသနာရေးဆိုင်ရာ ဗလီဝတ်ကျောင်း တော် တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှု့တွေကို မြန်မာအစိုးရ အနေနဲ့ အထက်ပါပုဒ်မနဲ့ အရေးယူဖို့ မသိချင်ယောင်ဆောင်နေတာ ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေတွေ အကုန်လုံး တဖြေးဖြေးနဲ့ အဟောသိကံ ဖြစ် ဖို့ရည်ရွယ်နေတယ် လို့ ကျနော်ယူဆမိပါတယ်ဗျာ ။
  • အစ္စလာမ် ဘာသာဝင်များကို အငြိုးထား မုန်းတီးနေသော ဘုန်းကြီးများ (BY FRANCIS WADE)
    ဧပြီ-၂၂-၂၀၁၃
    မူရင်းဆောင်းပါးရှင်- FRANCIS WADE
    375993_480213775383255_183662739_n
    မြန်မာပြည်တွင် လတ်တစ်လောဖြစ်ပျက်နေသော မွတ်စ်လင်မ်များကို အကြမ်းဖက်မှုများ၏ အဓိက လှုံဆော်ပေးသူများမှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများပင် ဖြစ်သည်။
    မဟာမြိုင်ကျောင်းအတွင်းမှ သေးငယ်သော ရုံးခန်းအတွင်းသို့ အပြေးဝင်လာသော ကိုကျော်လွင် ဆိုသူ၏ လက်ထဲတွင် ၉၆၉ စတစ်ကာများ ထည့်ထားသည့် အိပ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ ၉၆၉ ဆိုသည်မှာ မွတ်စ်လင်မ်မုန်းတီးရေး အမှတ်တံဆိပ်များပင်ဖြစ်သည်။ လွန်ခဲ့သော ၆လ ခန့်က၊ မဟာမြိုင်ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိမလ မှ ကျောင်းအနီးတွင်ရှိသော ပုံနှိပ်တိုက်တွင် ၉၆၉ တံဆိပ်ဖြင့် စတစ်ကာများကို ပထမဆုံးပုံနှိပ်မှာယူခဲ့သည်။ အခုအခါတွင် ရန်ကုန်မြို့ရှိ Taxi ကားများ၊ Bus ကားများ နှင့် ဆိုင်များ၏ မျက်နှာစာတို့တွင်ချိတ်ဆွဲထားပြီး အခြားအချက်အချာကျသည့်မြို့များတွင်လည်း ပျံနှံ့လျက်ရှိသည်။ ၉၆၉ သည် မြန်မာမွတ်စလင်မ်များက တိုင်းပြည်ကို ခြိမ်းခြောက်ခြင်းနှင့် စိုးမိုးခြင်းမှ ကာကွယ်နိုင်ရန် အစွန်းရောက်သမားများ၏ အသုံးပြုသင်္ကေတပင်ဖြစ်သည်။
    ထိုအစွန်းရောက်ဝါဒမှ စတင်ကာ အကြမ်းဖက်မှုများကို ဂယက်ထစေခဲ့သည်။ ၂၀၁၃ ခုနှစ် လွန်ခဲ့သော လအနည်းငယ်က ထိုဝါဒကြောင့် လူဦးရေ ၄၀ ကျော်ခန့်သေဆုံးခဲ့ကာ၊ ၁၃,၀၀၀ ကျော်ခန့် ဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ၉၆၉ လှုပ်ရှားမှု ကို မြန်မာပြည်၏တောင်ဘက် မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌် စတင်ခဲ့ပြီး၊ ၉၆၉ စတစ်ကာများမှ စတင်ကာ မြန်မာပြည်အနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာမွတ်စ်လင်မ်များကို အဓိကရုဏ်းဖြစ်ပွားစေခဲ့သည်။ ၉၆၉ တံဆိပ်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓ၏ သင်ကြားမှုများနှင့် နည်းလမ်းများကို ပေါင်းစုကာဖွဲ့ထားသော အထွဋ္ဋ်မြတ်ထားသော အရာဟု ဆိုသည်။
    ဦးဝိမလ မိန့်ကြားသည်မှာ..“ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်များကို ကယ်တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ” ။ ထို့အတူ လွန်ခဲ့သောနှစ်က ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုက မြန်မာပြည်တွင် ရှိနေသော ဗုဒ္ဓဘာသာဝင်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟုပါ ထည့်သွင်းဟောကြားခဲ့သည်။ “ အင်ဒိုနီးရှား၊ ဘင်္ဂါလားဒေ့ရှ်၊ ပါကစ္စတန် နှင့် မလေးရှားတွင် ယခင်က ဗုဒ္ဓဘာသာဝင်များ အများအပြားရှိခဲ့ရာ အစ္စလာမ် ဘာသာဝင်များ ရောက်ရှိမောင်းထုတ်ခဲ့သည့်အတွက် အခုလက်ရှိတွင် မွတ်စလင်မ် နိုင်ငံများအဖြစ်တည်ရှိနေခြင်းဖြစ်သည်၊ သမိုင်းပေါ်မူတည်၍ မြန်မာနိုင်ငံတွင်ထိုကဲ့သို့သောအဖြစ်ဆိုး မကျရောက်စေရန် ကာကွယ်ခြင်းဖြစ်သည် ”။
    မြန်မာပြည်ရှိ လူဦးရေ၏ လေးရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ ဤကဲ့သို့ အတူယှဉ်တွဲနေထိုင်ခြင်းမှ ပြသနာများ စတင်ခဲ့ရခြင်းဖြစ်သည် ဟု ဦးဝိမလ က ဟောကြားခဲ့သည်။ မော်လမြိုင်မြို့၏ ရှုပ်ထွေးပြည့်ကျပ်နေသော ဈေးရုံထဲတွင် မွတ်စ်လင်မ် ဈေးသည်များသည် ၄င်းတို့အနီးရှိ ဗုဒ္ဓဘာသာဝင်များ၏ ဈေးဆိုင်များတွင်ကပ်ထားသော ၉၆၉ တံဆိပ်များကို လျစ်လျူရှုကာ အေးချမ်းစွာ ရောင်းဝယ်ခြင်းကို လုပ်ဆောင်နေကြသည်။ ဗုဒ္ဓဘာသာဝင် taxi မောင်းသမားများ နှင့် အရောင်းဆိုင်များမှာ အစ္စလာမ်ဘာသာဝင်များအား ၀န်ဆောင်မှုပေးရန် သူတို့တွင် ပြဿနာ မရှိဟု ပြောကြားခဲ့သည်။
    လူတိုင်းတွင် တူညီသောအတွေး မရှိသည်က အစ္စလာမ်ဘာသာဝင်များအတွက် ကံဆိုးစေသည့်အချက်ပင်ဖြစ်သည်။ လွန်ခဲ့သောတစ်လခန့်က မုန်းတီးမှုများ ပေါက်ကွဲထွက်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်များသည် မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တွင် ခိုက်ရန်ဖြစ်ပွားရာမှ နှစ်ရက်တိုင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး၊ အထူးသဖြင့် မွတ်စ်လင်မ်များ၏ အိမ်ရာ ၈၀၀ ကျော်နီးပါး ပျက်စီးခဲ့ရသည်။ မျက်မြင်များ၏ပြောပြချက်အရ အကြမ်းဖက်သမားများသည် အသေအချာအစီစဉ်တကျ လုပ်ဆောင်ခဲ့ပြီး၊ ရဲများသည် မျက်စိအောက်တွင်ဖြစ်ပျက်နေသော သတ်ဖြတ်မှုများအား လျစ်လျူရှုကာကြည့်နေ ခဲ့ကြသည်။ ပြောဆိုချက်များအရ အစိုးရ တာဝန်ရှိသူများ အကြမ်းဖက်မှုတွင်ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲမှုများဖြစ်ပေါ်လာခဲ့သည်။ သံသယများမှတစ်ဆင့် ပြည်တွင်းမငြိမ်မသက်မှုများမှာ ပြောင်းလဲမှုများကြောင့် ငြိမ်သက်ခဲ့ရသော စစ်အစိုးရအား  ပြန်လည်အသက်သွင်းရန် လုပ်ဆောင်ခဲ့ခြင်းဟု ယူဆရပါသည်။ ယနေ့ထုတ်ပြန်ခဲ့သော လူ့အခွင့်ရေးစောင့်ရှောက်မှု အဖွဲ့အစည်း၏ အစီရင်ခံစာ “ political and religious leaders in Arakan state ” တွင် ပြီးခဲ့သော အောက်တိုဘာလတွင်ဖြစ်ခဲ့သည့် ရိုဟင်ဂျာများနှင့်အခြား မွတ်စလင်မ်များအား တိုက်ခိုက်မှုတွင်ပါဝင်သော စီစဉ်မှုများ၊ အဖွဲ့အစည်းများ နှင့် လှုံဆော်မှုများ အဓိကထား၍ ပြောကြားထားသည်။ (ပြောကြားချက်တွင် ပြီးခဲ့သောနှစ်က ရခိုင်ဒေသ၌ သွေးထွက်သံယိုဖြစ်ခဲ့ခြင်း နှင့် အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်ခဲ့ရသော ၁၂,၅၀၀၀ နီးပါး ရိုဟင်ဂျာ မွတ်စလင်မ်များ ရှိခဲ့သည်။)
    ရခိုင်ဒေသ နှင့် မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှုများ၏ အဓိကမီးမွှေးသူမှာ စစ်အစိုးရ ဆိုသော်ငြားလည်း ဗုဒ္ဓဘာသာဝင်များ၏ရင်တွင်း၌ ထည့်သွင်းခံထားရသည့် မွတ်စ်လင်မ် မုန်းတီးရေး ၀ါဒများက လောင်စာသဖွယ်ဖြစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်မှစတင်ခဲ့သော ဘင်္ဂါလီ မွတ်စလင်မ်များအား သတ်ဖြတ်မှု၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာများအားသတ်ဖြတ်မှု စသည်တို့သည် ဗုဒ္ဓဘာသာနှင့် မျိုးချစ်စိတ်ကိုပေါင်းစည်းသည့်ဝါဒမှ စတင်ခဲ့ခြင်းဖြစ်သည်။
    P6020001
    အကြမ်းဖက်မှုနှင့်ပတ်သက်သောပြောပြချက်များအရ  ၉၆၉ ၏လုပ်ဆောင်မှုများသည် မွတ်စ်လင်မ်မုန်းတီးရေးမှ မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်မ်များအားရှင်းလင်းရန်၊ မြန်မာနိုင်ငံအား အစ္စလာမ်ဘာသာဝင်များ မရှိသော နိုင်ငံအဖြစ် ဖန်တီးရန် ပါဝင်ခဲ့သည်။ အကြမ်းဖက်မှုကို ဆန့်ကျင်သူများသည် ၉၆၉ သင်္ကေတအား ဆန့်ကျင်ခဲ့ကြသည်။ သို့သော် မတူညီစွာ ယူဆသူများ၊ ၉၆၉ သင်္ကေတအား ဖြန့်ဖြူးနေသူများနှင့် ကိုင်ဆောင်သူများကြောင့် အမြစ်မပြတ် သေးကြောင်းတွေ့ရှိရသည်။ အချို့သူများက ခရစ်ယာန်ဘာသာဝင်များ၏ လက်ဝါးကပ်တိုင်ကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ စည်းရုံးမှုကို ပြသသော သင်္ကေတ အလားသဏ္ဍာန်ဖြစ်သည်ဟု ယူဆကြသလို၊ အခြားသူများကလည်း မွတ်စ်လင်မ်များ၏ ဈေးဆိုင်များတွင်ရှိသော ၇၈၆ သင်္ကေတနှင့် အလားတူစေရန် ဖော်ဆောင်ထားသည် ဟု ဆိုလိုသည်။ “ ဗုဒ္ဓဘာသာဝင်များသည် ၉၆၉ ကို အသက်သွင်းရန် လုပ်ဆောင်ခြင်းကြောင့် များစွာဝမ်းနည်းမိကြောင်း ” ၂၀၀၇ တွင် အကျဉ်းကျခဲ့သော ရွှေဝါရောင်တော်လှန်ရေးတွင်ပါခဲ့သည့် ဘုန်းတော်ကြီး ဦးဂမ္ဘီရက ဆိုသည် “ သူတို့ မုန်းတီးသောအရာကို သူတို့က ပုံတူ ကူးချနေခြင်းသာ ဖြစ်ကြောင်း ” ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    အစွန်းရောက်သမားများသည် ၉၆၉ အားလက်ခံယုံကြည်စေရန် ၄င်းတွင်ပါဝင်သော နာမ်ဝိဥာဉ် သန့်စင်မှုအယူဆကို ရှင်းလင်းပြသခဲ့သည်မှာ – ဘုရားဂုဏ်တော် ၉ ပါး ၊ တရားဂုဏ်တော် ၆ ပါး ၊ သံဃာ့ဂုဏ်တော် ၉ ပါး ကိုပေါင်းစည်းကာ မြန်မာပြည်တွင်ရှိသော ဗုဒ္ဓဘာသာဝင်အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ဟူ၍ ရှင်းလင်းပြောဆိုမှုများကြောင့် ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှုကို ချက်ခြင်း ရရှိခဲ့ရာ၊ ဦးဆောင်သူများမှ မွတ်စ်လင်မ် မုန်းတီးရေးဝါဒကို ဖြန့်ချီရန် နှင့် မုန်းတီးသူရော မမုန်းတီးသူပါ ပါဝင်ပတ်သက်မှုကို ရရှိခဲ့သည်။
    အဓိက ဦးဆောင်သူမှာ ဦးဝီရသူ ဖြစ်ပြီး မန္တလေး မစိုးရိမ် ကျောင်းတိုက်၏ ဦးဆောင်ဆရာတော် ဖြစ်သည်။ ယခင်က မစိုးရိမ်ကျောင်းမှာ အာဏာရှင် ဆန့်ကျင်ရေးလုပ်ဆောင်မှုများတွင်ပါဝင်ခဲ့ပြီး၊ ယခုအခါ ဦးဝီရသူ၏ မွတ်စ်လင်မ် မုန်းတီးရေးဝါဒ ဖြန့်ချိမှုများကြောင့် ဂုဏ်သတင်း ညှိုးနွမ်းခဲ့သည်။ ယခင်က စစ်အစိုးရကို ဆန့်ကျင်ခဲ့သော်လည်း၊ ယခု အကြမ်းဖက်မှုတွင် စစ်တပ်၏ပါဝင်ပတ်သက်မှုမှာ ရှုပ်ထွေးမှုများ ရှိသည်ဟု ဦးဝီရသူက ပြောခဲ့သည်၊ အစ္စလာမ် ဘာသာဝင်များသည် အန္တရာယ် အဖွဲ့ဝင်များ ဟု သူက ယုံကြည်ခဲ့သည်။ ၀ီရသူ၏ အင်တာဗျူးကို ကိုယ်ပိုင်ဓာတ်ပုံများနှင့် တန်ဆာဆင်ထားသော သူ၏အခန်းထဲတွင် လုပ်ဆောင်ခဲ့ပြီး ၄င်းရှိနောက်ခံမြင်ကွင်းသည် သူ့အား နှိမ့်ချနေထိုင်သော ဘုန်းတော်ကြီးအစား ဘာသာရေးအစွန်းရောက်သူ အဖြစ် ပို၍မြင်စေသည်။ “ ကျွန်ုပ်၏ လေ့လာတွေ့ရှိချက်အရ မြန်မာပြည်တွင်ရှိသော ၁၀၀ ရာခိုင်နှုန်းရှိ မုဒိန်းအမှုများကို လုပ်ဆောင်သူများမှာ မွတ်စ်လင်မ်များဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါဘူး ” ဟုဆို၍ “ ဗုဒ္ဓဘာသာ မိန်းကလေးငယ်များအား အတင်းအဓမ္မ လက်ထပ်ယူကြပြီး၊ မိန်းမများသည် ဗုဒ္ဓဘာသာအား ဆက်လက်ကိုးကွယ်ပါက နေ့တိုင်းညှင်းပန်း နှိပ်စက်ကြတယ် ” ဟု ၄င်းမှ ဆက်ပြောကြားသည်။
    555195_442207505850449_244281815_n
    Photo- U U Mhaw Sayar FB
    ဦးဝီရသူ ကို ၂၀၀၃ ခုနှစ်က မွတ်စ်လင်မ်မုန်းတီးရေးဖြင့် မငြိမ်သက်မှုလုပ်ဆောင်ခြင်းကြောင့် အကျဉ်းချခံခဲ့ရသည်။ (ယခုလက်ရှိ ဖြစ်ပျက်နေသော ပဋ္ဋိပက္ခများနှင့်ပတ်သက်၍ သူက ငြင်းဆိုခဲ့သည်။) သို့သော် ယခုတစ်ခေါက်တွင် တိကျသောအရေးယူဆောင်ရွက်မှုများကို အစိုးရက မလုပ်ဆောင်ခဲ့သဖြင့် မြန်မာပြည်၏မတည်ငြိမ်မှုများတွင် အစိုးရ၏အကျိုးရရှိရန် လုပ်ဆောင်မှုများရှိနေသလောဟု သံသယဖြစ်ဖွယ်ရှိသည်။
    အကြမ်းဖက်မှုအစီစဉ်များသည် မွတ်စ်လင်မ်များ အနေထိုင်များသော နေရာဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သောလ၌ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် မွတ်စ်လင်မ် မုန်းတီးရေး poster များကို ဓာတ်မီးတိုင်များပေါ်ကပ်ထားကြောင်းနှင့် ထိုဒေသတွင်နေထိုင်သော လူဦးရေ ၁၀၀,၀၀ တွင် မွတ်စ်လင်မ်အရေအတွက်မှာ ရာဂဏန်းမျှသာရှိသည် ဟုသိရသည်။ ဒေသခံများပြောပြချက်အရ တရုတ်ပြည်ဖက်သို့ တိတ်တဆိတ် ပို့ဆောင်နေသော ဆီ နှင့် ဓာတ်ငွေ့ပိုက်လိုင်းများသည် အနီးနားတွင်ရှိပြီး၊ အတူတကွအေးဆေးစွာ နေထိုင်လာခဲ့သော နေရာများတွင် ဘာသာရေးလှုံ့ဆော်မှုများ  ရုတ်တရက် ဖြစ်ပေါ်လာခြင်းမှာ ဓာတ်ငွေ့ပိုက်လိုင်းများကိစ္စဆန့်ကျင်ဆန္ဒပြမှုများမှ ဦးလှည့်စေရန်ဟု ယူဆရသည်ဟု ဆိုသည်။
    လေ့လာချက်အရ ဘာသာရေး ပဋ္ဋိပက္ခများသည် မြန်မာပြည်ရှိ အဓိက အင်အားကြီးသော – အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သောလူစုများ၊ အစိုးရနှင့် စစ်တပ်တွင် အဓိကကျသူများကို အကျိုးဖြစ်ထွန်းစေပြီး၊၄င်းတို့ ပြန်လည် အားကောင်းလာပါက မြန်မာပြည်တွင်  ဒီမိုကရေစီ စံနစ်ရရှိရန် ဝေးကွာသွားမည် ဖြစ်ပေသည်။
    ဆောင်းပါးရှင် FRANCIS WADE မှ http://www.foreignpolicy.com တွင် The Monks Who Hate Muslims အမည်ဖြင့် ရေးသားသည့် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • မြန်မာ မွတ်စလင်မ် နှင့် နိုင်ငံသား အခွင့်အရေး
    မြန်မာ မွတ်စလင်မ် နှင့် နိုင်ငံသား အခွင့်အရေး
    ဧပြီ-၁၉-၂၀၁၃
    ဆောင်းပါးရှင်- ဇော်မင်းထွေး
    ဒီမိုကရေစီအကူးအပြောင်းကာလ မြန်မာပြည်၏ အပြောင်းအလဲများသည် မူလက လွန်စွါမှပင် ငြင်သာသည်ဟုထင်ရငြား လတ်တလော နိုင်ငံရေး ထွက်ပေါက်ရှာမှုများ နှင့် လူမျိုးရေး အဓိကရုဏ်းတို့က မြန်မာပြည်သည် စစ်မှန်သည့် အပြောင်းအလဲကို ဖော်ဆောင်နိုင်ပါ့မလား ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိလာသည်။ အပြောင်းအလဲဆိုသည်မှာ အတိတ်နှင့်လက်ရှိ အချိန်တို့တွင် ဖြစ်ပေါ်နေသောအနေအထားနှင့် စနစ်တို့ကို လက်မခံနိုင်သောကြောင့် ပိုကောင်းသည့် အနေအထား တစ်ရပ်ကို ဖန်တီးခြင်းဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။ သို့လင့်ကစား လက်ရှိကျွန်တော်တို့ လူ့အသိုင်းအဝိုင်း၏ ပရမ်းပတာမျှော်လင့်ချက်နှင့် တလွဲအသုံးချလိုသည့် ကိုယ်ကျိုးရှာစိတ်ဓာတ်များအကြား ပေါက်ဖွားလာခါစ အပြောင်းအလဲမှာ မည်သို့ ဆိုးရွားစွာ ပုံသွင်းခံရမည်ကို မတွေးဝံစရာပင် ဖြစ်သည်။ မှန်ပါသည်။ စနစ်ဟောင်းအကြား အကျဉ်းချ ခံထားရသည့် ဦးနှောက်များနှင့် ကြီးပြင်းလာကြသော ကျွန်တော်တို့ သဘောထား မကြီးနိုင်ကြသေးသည်မှာ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စရာသည်။ သို့ပေငြား ယခုလက်ရှိ ဖြစ်ပေါ်နေသော အနေအထားတို့ကို သုံးသပ်ချက်များအရ မြန်မာပြည်သူများသည် စစ်မှန်သည့်အပြောင်းအလဲကို အကယ်စင်စစ်လိုလားရဲ့လား ဟူသည့် အချက်မှာမေးခွန်းထုတ်စရာပင်ဖြစ်သည်။
    တိုင်းပြည်တည်ဆောက်ရေးတွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော “Social Capital” ဟူသည့် လူမှုအရင်းကို အသုံးချရေးအတွက် လူတိုင်းပူးပေါင်း ဆောင်ရွက်ရေးတို့မှာ နိုင်ငံ စည်ပင်ဖွံ့ဖြိုးရေးအတွက် အသက်သွေးကြောများ သဖွယ်ဖြစ်သည်။ သို့ပေငြား အမျိုးသား စည်းလုံးညီညွတ်ရေးကို မျက်ကွယ်ပြုလိုသော မျိုးချစ်အမည်ခံ အဖျက်သမားများနှင့် အမျိုးသားရေး ခေါင်းစဉ်အောက်တွင် လူမျိုးရေးမုန်းတီးမှုကို အသက်သွင်းနေကြသော နောက်ပြန်ဆွဲ ဝါဒီတို့အကြား မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုးတဝါးနှင့် အချိန်မရွေးပျောက်ပျက်သွားနိုင်သော အနေအထားတွင်ရှိနေသည်။
    ယခုလတ်တလော အွန်လိုင်းမီဒီယာများနှင့် လူမှုရေးဝက်ဘ်ဆိုဒ်များတွင် တွေ့နေရသော ပို့စ်အများစု၊ ကွန်းမန့်များနှင့် လုပ်ကြံဓာတ်ပုံအချို့တို့သည် လူမျိုးရေးမုန်းတီးမှုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖန်တီးနေကြလျက်ရှိပြီး ကနဦးတွင် ရိုဟင်ဂျာဆန့်ကျင်ရေးအသွင်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွင် အစ္စလာမ် ဆန့်ကျင်ရေးကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြကာ မြန်မာပြည်တွင်းရှိ လူနည်းစုမွတ်စလင်မ်များအား တိုက်ဖျက်ရေး ဟူသည့် ခေါင်းစဉ်သို့ အသွင်ပြောင်းသွားကြသည်။
    ထိုအချက်ကထူးပြီး မဆန်းလှ။ အသိဥာဏ်အမှောင်တိုက်ထဲ ပိတ်မိနေသော လူတစ်စု၏ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပြီး၊ ယခင်ကလည်းရှိခဲ့သည်၊ ယခုလည်းလုပ်နေသည်၊နောင်လည်းဆက်လက် ရှိသွားမည်ဖြစ်သည်။ သို့သော် ကျွန်တော့်အတွက် ထူးဆန်းနေသည်ကား နိုင်ငံကိုချစ်လှပါသည် ဆိုသော နိုင်ငံရေးသမား ကြီးများက ရေငုံနှုတ်ပိတ် နေကြသည်။ နောက်ကိုပြန်မလှည့်ပါဆိုသော ပုဂ္ဂိုလ်များက မျက်ကွယ် ပြုထားကြသည်။ ပွင့်လင်းလာပါသည်ဆိုသော မီဒီယာက သတင်းထိန်ချန်ထားကြသည်။ ထို့ထက်ပိုပြီး ဆိုးသည်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယက်မသဖွယ် ပဲ့ကိုင်ထိန်းသိမ်းပေးရန်တာဝန်ရှိသော လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း(NGO) များနှင့် အဆိုပါ NGO တို့၏ တာဝန်ရှိသည့်သူများကပါ ဝိုင်းဝန်းမြောက်ထိုးပင့်ကော် လုပ်ကြလေပြန်သည်။ အဆိုးရွားဆုံးအနေဖြင့်မူကား အတိုက်အခံ နိုင်ငံရေးပါတီတို့၏ ခေါင်းဆောင်ပိုင်းတစ်ချို့နှင့် ပါတီဝင် အများစုကပါ မွတ်စလင်မ် ဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးပြီး ကိုယ်ထိလက်ရောက် ပါဝင်ပတ်သတ် ကြလေသောအခါ … တိုင်းပြည်၏ အနာဂတ်အတွက် ကျွန်တော်လွန်စွာမှပင် တုန်လှုပ် ခြောက်ခြားမိပါသည်။
    ထိုမျှသာမကသေးအတန်ငယ် သဘောထားပျော့ပြောင်းသူများက အကြမ်းဖက်မှု ကို လက်မခံပေငြား ၎င်းတို့၏ နှုတ်ထွက် စကားတို့တွင် မြန်မာ မွတ်စလင်မ်များသည် ဧည့်သည်များ ဖြစ်သောကြောင့် အိမ်ရှင်ဖြစ်သူ ဗုဒ္ဓဘာသာဝင်များနှင့် သင့်မြတ်အောင် နေထိုင်ရမည်ဟူသော သြ၀ါဒများခြွေလာကြသော အခါ လွန်စွာမှပင် ခံပြင်းမိသည်။ ထိုစကားလုံးသည် အပေါ်ယံအားဖြင့် လူတစ်ချို့အတွက် နားထောင်ကောင်းပေငြား လူ့အခွင့်အရေးနှင့်နိုင်ငံသား အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှု ချိုးဖေါက်ခြင်း(တနည်း) အနုနည်းဖြင့် အကြမ်းဖက်ခြင်းသာ ဖြစ်သည်။ ယခု ဆယ်စုနှစ်တွင်း ခိုးဝင်လာပါသည်ဟု စွပ်စွဲခံထားရသော သူများအား ထားရှိသော မြန်မာပြည်သူတို့၏ သဘောထားအပေါ်ကျွန်တော်မှတ်ချက်မပေးလိုပါ။ သို့ပေငြား ယခင့်ယခင်က ဖွဲ့စည်းပုံ အခြေခံဥပဒေများ အရရော ယခုလက်ရှိ 2008 ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရပါ၊ နိုင်ငံသား ဖြစ်ပြီးသူ မြန်မာမွတ်စလင်မ်များအပေါ် ဧည့်သည်ဟူ၍ သတ်မှတ်ဆက်ဆံ နေခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါသည်။ ယခုဆောင်းပါးတွင် ကျွန်တော်သည် နိုင်ငံသားဖြစ်မှုအား သတ်မှတ်ခြင်း၊ နိုင်ငံသားဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များနှင့် နိုင်ငံသား အခွင့်အရေးနှင့် ဆက်ဆိုင်သော မြန်မာပြည်၏ ဥပဒေပြဌာန်းချက်များအား ဆွေးနွေးမည် ဖြစ်ပါသည်။
    ရှေးဦးစွာဆွေးနွေးလိုသည်မှာ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးတို့က သဘောတူညီသတ်မှတ်မှုပြုပြီးသော နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များကို တင်ပြဆွေးနွေးလိုပါသည်။ နိုင်ငံသား ဖြစ်ပြီးသော ပြည်သူတို့အပေါ် မည်သည့်အုပ်ချုပ်သူအစိုးရကမျှ ဧည့်သည်ဟူ၍ သတ်မှတ်လို့မရပါ။ ရှေးဦးစွာ အခြေချမှုနှင့် ကာလရှည်ကြာအတည်တကျ နေထိုင်မှုတို့အပေါ် မူတည်၍ သတ်မှတ်ချက်များ ကွဲပြားနိုင်သော်လည်း ဥပဒေ၏ရှေ့မှောက်တွင် မည်သည့် နိုင်ငံသားမဆို ရပိုင်ခွင့်မှာ ထပ်တူကျသည်သာဖြစ်၏။
    သို့ဖြစ်ပေရာ အောက်တွင်ဖေါ်ပြမည်ဖြစ်သော နိုင်ငံသားဖြစ်မှုအပေါ်တွင် ကွဲပြားသောသတ်မှတ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
    Ethnicity (လူမျိုးစု ဖြစ်ခြင်း)
    လူမျိုးစုဖြစ်ခြင်းသည် အစုအဖွဲ့အပေါ်အခြေခံသည်။ ယေဘုယျအားဖြင့် တူညီသော မျိုးဗီဇနှင့် ၀ိသေသလက္ခဏာများ (ဥပမာ – ဘာသာစကားတူခြင်း၊ သမိုင်းအမွေအနှစ် တူညီခြင်း၊ ယဉ်ကျေးမှုတူညီခြင်း) စသည်တို့ဖြစ်ကြသည်။ အများအားဖြင့်လူမျိုးစု ဖြစ်ခြင်းသည် ပထ၀ီအနေအထားအရ နေရာဒေသ တစ်ခုတည်းတွင် အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊တူညီသော စားသောက်နေထိုင်မှု ပုံစံရှိခြင်း၊ ကိုးကွယ်ရာ အယူအဆတူညီခြင်းတို့သည် လူမျိုးစုဟုခေါ်တွင် သတ်မှတ်ရာ၌ အရေးပါလှသည်။
    Race (လူမျိုးနွယ်ဆက်)
    လူမျိုးနွယ်ဆက်ဟူသည် Ethnicity (လူမျိုးစု) နှင့် ဆင်တူပေငြား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသွင်သဏ္ဍာန်၊ အသားအရောင်၊စသည်တို့နှင့် ပိုမိုပတ်သက် ဆက်စပ်သည်။ လူမျိုးနွယ်ဆက်ဟူသည် ဇီဝသဘောတရားအရ သတ်မှတ်ထားမှုဖြစ်ပြီး ဆင်းသက်ရာ မျိုးဗီဇတူညီခြင်း (ဥပမာ – ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရိုးအဆစ် တည်ဆောက်မှု၊မေးရိုး အသွင်သဏ္ဍာန်) အစရှိသည့် တူညီမှုများအပေါ်တွင် အခြေခံ၍ သတ်မှတ်ခြင်းဖြစ်သည်။
    Nationality (အမျိုးသား/နိုင်ငံသားဖြစ်မှု)
    (အမျိုးသား/နိုင်ငံသားဖြစ်မှု) သတ်မှတ်ရာတွင် အဓိကအားဖြင့် လူပုဂ္ဂိုလ်၏ မွေးဖွားရာ နိုင်ငံပေါ် အခြေခံခြင်း (သို့) Citizen နိုင်ငံသား သတ်မှတ်ချက် နှင့် ဘောင်ဝင်မှုတို့အပေါ် မူတည်သည်။ သို့သော် ရံဖန်ရံခါတွင် နိုင်ငံသား ဖြစ်မှုကို ထိုပုဂ္ဂိုလ်၏ လက်ရှိ အခြေတကျ နေထိုင်ရာဒေသ (သို့) အမျိုးသားရေး လက္ခဏာများ ထပ်တူကျခြင်း စသည်အားဖြင့်လည်း သတ်မှတ်လေ့ရှိသည်။ ဥပမာ လူတစ်ဦးသည် နိုင်ငံ A တွင်မွေးဖွားခဲ့ငြား နိုင်ငံ B သို့ ထာဝရ ရွှေ့ပြောင်း နေထိုင်မည်ဆိုပါက ယင်းပုဂ္ဂိုလ်အားနိုင်ငံ B အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက နိုင်ငံသားဖြစ်မှုကို ခွင့်ပြုပေးရမည်ဖြစ်သည်။ နိုင်ငံသားဖြစ်မှု သတ်မှတ်ရာတွင် အရေးပါသော အခြားအချက်တစ်ချက်မှာ အချို့မျိုးနွယ်စုများသည်ပြည်နယ် အတည်တကျ သတ်မှတ် ထားပေးမှု မရှိငြား (သို့) နိုင်ငံတကာက အသိအမှတ်ပြုမှု နည်းပါးငြား ယင်းမျိုးနွယ်စုများ အနေဖြင့် နိုင်ငံသားဖြစ်မှုတွင် ရပိုင်ခွင့် အပြည့်အ၀ရှိသည် ဟူ၍ သတ်မှတ်ထားသည်။ (ဥပမာ – ပါလက်စတိုင်းများ၊ ကာ့ဒ်လူမျိုးများနှင့် တမီလ်လူမျိုးများ)
    Citizen(နိုင်ငံသားဖြစ်ခြင်း)
    နိုင်ငံသား ဖြစ်ခြင်းသည် သတ်မှတ် နိုင်ငံတစ်ခုတွင် မွေးဖွားခြင်း (သို့) အခြားနိုင်ငံတစ်ခုသို့ ရောက်ရှိစဉ်မွေးဖွါးမှုပြုခြင်း (သို့) အခြားနိုင်ငံသား/သူ တစ်ဦးနှင့် လက်ထက်မှု ပြုခြင်း (သို့)စရိုက်လက္ခဏာနှင့် ၀ိသေသ တူညီခြင်းတို့ အပေါ်မှုတည်၍ အသိအမှတ်ပြုခြင်း စသည်အားဖြင့် ပုံစံအမျိုးမျိုးနှင့်သတ်မှတ် လက်ခံထားကြသည်။ နိုင်ငံသား ဖြစ်ခြင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက အဆိုပါပုဂိုလ်သည် တင်းပြည့် နိုင်ငံသား ဖြစ်၍ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ရရှိရမည်ဖြစ်သည်။ (ဥပမာ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်)
    သို့ဖြစ်ပေရာမည်သည့် လူမျိုးစု၊ မျိုးနွယ်ဆက်၊ တိုင်းရင်းသားတို့မှ ဆင်းသက်လာသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကာလရှည်ကြာရွှေ့ပြောင်းနေထိုင်မှု မှနိုင်ငံသားဖြစ်ခွင့်နှင့် ကိုက်ညီမှုရှိသောကြောင့် နိုင်ငံသားဖြစ်လာသည်ဖြစ်စေ မည်သည့်နိုင်ငံသားမဆို အဆိုပါတိုင်းပြည်အပေါ် သစ္စာစောင့်သိမှု ပြုရမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း နိုင်ငံတော်မှ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ပေးရန်လိုအပ်သည်။
    ဆက်လက်၍ မြန်မာပြည်၏ ယခင့်ယခင် ဖွဲ့စည်းပုံ အခြေခံဥပဒေများအရသော်လည်းကောင်း၊ တည်ဆဲဥပဒေများအရသော် လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားတို့၏ အခွင့်အရေးသတ်မှတ်ချက်များကို ဆက်လက်ဆွေးနွေးသွားပါမည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ဟူသည်ကို –
    – Personborn of parents both of whom are nationals of the Republic of the Union of Myanmar
    (က)  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူ
    – Personwho is already a citizen according to law on the day this Constitution comesinto operation.(ခ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဌာန်းသည့် နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ
    –  Sect: 345, 2008 constitution
    အဆိုပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ သို့ဖြစ်သောကြောင့်၊ လူတစ်ဦးအနေဖြင့် ၄င်းကိုယ်တိုင်ကော၊ ၄င်း၏မိဘနှစ်ပါးကပါ မြန်မာပြည်တွင် မွေးဖွါးသည်ဆိုပါက၊ မြန်မာနိုင်ငံသားဖြစ်ခွင့်ကို အလိုအလျောက်ရရှိပြီး ဖြစ်သည်။ ၄င်းအပြင် အခြေခံဥပဒေကြီးက နိုင်ငံသားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ပြဆိုရာတွင်
    – Equalrights before the law  and  legal protection
    နိုင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်။
    –  Non-discrimination based on race,birth, religion, official position, status, culture, sex andwealth
    နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။ ယင်းအပြင် တန်းတူအခွင့်အရေး အနေဖြင့် –
    –  Equalopportunity
    (a) Publicemployment
    (b) Occupation
    (c) Trade
    (d) Business
    (e) Technical know-how and vocation
    (f) Exploration of art, science and technology.
    sect:347, sect:348, Sect:349
    ဖေါ်ပြပါမူရင်းအတိုင်း တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအခွင့်အရေး တန်းတူရှိရမည်ဟူ၍ လည်းကောင်း၊ မျိုးနွယ်၊ ကိုးကွယ်ယုံကြည်မှု၊ရာထူးရာခံ၊ ယဉ်ကျေးမှု၊ ဥစ္စာဓန၊ လိင်သဘာဝ စသည်အားတို့ဖြင့် ခွဲခြားဆက်ဆံမှုမပြုရ ဟူ၍လည်းကောင်း ဖေါ်ပြပါရှိပြီးဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ မည်သည့်နေရာတွင်မျှ မည်သည့်နိုင်ငံသားတို့ကအိမ်ရှင်ဖြစ်၍ မည်သို့သော နိုင်ငံသားတို့က ဧည့်သည် ဖြစ်သည်ဟူ၍ ဖွင့်ဆိုထားခြင်းအလျဉ်းမရှိငြား၊ လူပုဂိုလ် အချို့တို့၏ အိမ်ရှင်၊ဧည့်သည်ဟူသည့် အယူအဆကိုတွင်တွင်ပြောဆိုနေခြင်းမှာ လွန်စွာမှပင် ရယ်ဖွယ်ကောင်းလှသည်။
    အထက်ဖေါ်ပြပါအချက်များကို ထောက်ရှုခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တိုင်းပြည်တည်ဆောက်ရေးကိုအမှန်တကယ် လိုလားသည် ဆိုပါက လူတစ်ဦးခြင်းစီ၏ ဖြစ်တည်မှု၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် ၄င်းတို့၏ တန်ဖိုးတို့ကို လက်ခံလေးစားပေးမှု ပြုရမည်ဖြစ်ပြီး ၄င်းတို့၏ အသက်ရှင်သန် ရပ်တည်မှုနှင့် ဂုဏ်သိက္ခာရှိမှု တို့ကိုအသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ပေးမှု ပြုရမည်ဖြစ်သည်။
    ထို့အပြင် နိုင်ငံသားတို့၏ နောက်ဆက်တွဲအခွင့်အရေးများ အဖြစ်အခြေခံဥပဒေမှ ပြဌာန်းထားသေးသည်တို့မှာ –
    –  TheRight to life, dignity and personal freedom  (sect:44,353, 354, 355)
    –  Freedomof opinion and expression
    –  Peacefulassembly
    –  Freedomof association and organization
    –  Theright to language, culture ,  literature, education and health ( sect:22,28,366)
    –  Forcelabor, enslaving and anti-trafficking in person are prohibited. (sect:358, 359)
    –  Religiousfreedom ( sect:34)
    စသည်ဖြင့်အသက်ရှင်ခွင့်၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်၊ လွပ်လပ်စွာနေထိုင်ခွင့်၊ လွပ်လပ်စွာဖေါ်ပြ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အကျိုးပြု အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ပညာရေး ကျန်းမာရေးတို့တွင် တန်းတူညီမျှရပိုင်ခွင့်နှင့် စောင့်ထိန်းခွင့်၊ အတင်းအကျပ် အလုပ်စေခိုင်းခြင်း နှိပ်စက်ကလူပြုခြင်းတို့မှ အကာအကွယ်ရရှိခွင့်၊ လွပ်လပ်စွာ ကိုးကွယ်ခွင့် တို့ကိုသတ်မှတ် ပြဌာန်းပေးထားပြီး ဖြစ်ပေရာ၊ မြန်မာပြည်တွင် ပေါက်ဖွါးသော မိဘကမွေးဖွါးသည့်၊မြန်မာပြည်သား ကျွန်တော်တို့ မြန်မာမွတ်စလင်မ် အားလုံး၏ ရပိုင်ခွင့်တို့နှင့် အကျုံးဝင်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။
    ယင်းအပြင်အရေးအကြီးဆုံး အချက်အနေဖြင့် အပိုဒ် ၃၆၄ တွင် ပြဌာန်းထားသည်မှာ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် “ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက်ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဌာန်းနိုင်သည်။” ဟူ၍ အတိအလင်း ဖေါ်ပြထားသည်။
    ထို့အတွက်ကြောင့် လူမျိုးရေးမုန်းတီးမှုကို အသက်သွင်းသူများ၊ ဘာသာရေး အမြင်ကျဉ်းမြောင်းသူများ၊ ဘာသာရေးအကြောင်းပြ အမုန်းတရား သွတ်သွင်းသူများသည်မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေသည် ဖြစ်စေ၊ ဥပဒေကို ချိုးဖေါက်သူများဖြစ်ကြသည်။ လူ့အခွင့်အရေးကို မျက်ကွယ်ပြု ချိုးဖောက်သူများ ဖြစ်ကြသည်။ ယင်းအပြင် ထိုကဲ့သို့ အပြုအမူမျိုးကို မြင်တွေ့ကြားသိရပါလျက် မျက်ကွယ်ပြုနေသူများ၊ နှုတ်ဆိတ်နေကြသူများ၊ အားပေးအားမြောက်ပြုနေကြသူများသည်လည်း တိုင်းပြည်အား အဖျက်အမှောင့်လမ်းကြောင်းသို့ ပို့ဆောင်ပေးနေသောတရားခံများ ဖြစ်မှန်းမသိ ဖြစ်နေကြသည်ကို သတိပြုသင့်သည်။
    အချုပ်အားဖြင့် ဆိုရသော် ယနေ့လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများမှာ မြန်မာမွတ်စလင်မ် တစ်မျိုးတည်းသာမဟုတ်။ ကျန်တိုင်းရင်းသား လူမျိုးစုများ အပါအ၀င် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများသည်လည်း ဆိုးဆိုးရွားရွားလူ့အခွင့်အရေး ချိုးဖေါက်ခံနေရသည်သာ ဖြစ်သည်။ သို့ပေငြား လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရာတွင် မိမိလူမျိုးတစ်မျိုးတည်း အခွင့်အရေးရပြီးရော၊ တစ်ခြားလူမျိုးများက ဆက်လက်ပြီး အခွင့်အရေးများ မရပါစေနှင့် ဟူသည့် စိတ်ဓာတ်မျိုးက လူပီသသော စိတ်ထားမျိုးမဟုတ်ချေ။ ထို့ပြင် မြန်မာမွတ်ဆလင်မ် များအနေနှင့်လည်း မိမိတို့အရေးကိုသာလျှင် ကွက်ကွက်လေး မတွေးပဲနိုင်ငံသားပီသသော စိတ်ဓာတ်ဖြင့် တိုင်းပြည်၏ အရေးကိစ္စ အားလုံးတို့တွင် အနစ်နာခံ အပင်ပန်းခံဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သားအားလုံး၏ ကောင်းကျိုးကို ဖေါ်ဆောင်ရာတွင် တာဝန်ယူစိတ်များပြသရန်လိုအပ်သည်။ ကျန်တိုင်းရင်းသား ပြည်သူများအားလုံးအနေဖြင့် လည်း မိမိတို့အရေးကိုသာရှေ့တန်းတင် ဆောင်ရွက်ခြင်းမပြုပဲ တစ်တိုင်းပြည်လုံးအရေးကို ပြည်ထောင်စုသား စစ်စစ်စိတ်ဓာတ်မျိုးဖြင့် ဖန်တီးပုံဖေါ်သွားရမည်ဖြစ်သည်။ ပြိုင်တူတွန်းမှ ရွေ့နိုင်မည့် အပြုသဘောဆောင်သည့်အပြောင်းအလဲ များကိုမြင်တွေ့လိုပါက ကျွန်တော်တို့ သဘောထားကြီးရန်၊ စည်းလုံးညီညွတ်ရန်လိုအပ်သည်။သို့မဟုတ်ပါက မည်သည့် ပြုပြင်ပြောင်းလဲမှုမျိုးကို ဖေါ်ဆောင်သည်ဖြစ်ပါစေ သမင်မွေးရင်းကျားစားရင်း အဖြစ်မျိုးဖြင့် အဟောသိကံ ဖြစ်နေဦးမည်မှာ မုချမလွဲပင်ဖြစ်သည်။
    ========================