News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကောင်းသထက်ကောင်းအောင် ကြိုးစားနေတဲ့ ၂၁ ရာစုထဲက တို့မွတ်စ်လင်မ်

    တစ်နေ့သ၌ ခြေခင်းလက်ခင်းသာသဖြင့် ကျွန်ုပ်ကား အွန်လိုင်းတခွင် လှည့်လည်ခြင်းအမှုကို ပြုလေ၏။ (ရွှေဥဒေါင်းကြီးအလုံးကို ဒဲ့ခိုးထားခြင်းဖြစ်သည်။) ယောင်တောင်ပေါင်တောင် အွန်လိုင်းတက်သူတို့ ထုံးစံအတိုင်း Google အရပ်သို့ ခြေဆန့်ပြီးသကာလ ဘာလုပ်ရမှန်းမသိသည့်အတူတူ News search box အတွင်းတွင် Muslim ဟု ရိုက်သွင်းကာ ကမ္ဘာတလွှားကိုယ့်ညီအကိုသားချင်းများသတင်းကို ရှုစားရန် ပြင်ဆင်လေတော့သည်။ အားပါးပါး…ကျွန်ုပ်ကား မည်သည့် အာမေဋိတ်ကို ပြုရမည်ပင် မသိလေတော့။ စကားလုံးအနည်းမျှဖြင့် ကျွန်ုပ်တွေ့မြင်သမျှ ဆိုရမည်ရှိသော် `တရားစွဲ´ `ဗုံးခွဲ´ `အကြမ်းဖက်´စသည်တို့သာ ဖြစ်ပေတော့၏။

    စိတ်လက်မသာမယာရှိပေစွတကား။ မြင့်မြတ်လှသည့် ဥပုသ်သီတင်းစောင့်တည်ရာကာလပင် ဖြစ်လင့်ကစား သတင်းတို့ကား ထူးမခြားနားသာ။ အိမ်း……ရှိစေတော့..ဒင်းတို့ အနောက်၊ အရှေ့ မီဒီယာများကား မွတ်စ်လင်မ်တို့နှင့် ပတ်သက်လာလျှင် အနှီသတင်းများကိုသာ ထုတ်လွှင့်ရန် အားသန်ကြပေစွဟု မှတ်ချက်ထားကာ တခြားတပါးသို့ ခြေဆန့်ရန် ပြင်၏။ ဟုတ်ကပီ..သို့ဆိုလျှင်..ကျုပ်တို့ညီနောင် သားချင်းများ ပျော်မွေ့ရာ ၀က်ဘ်ဆိုက်များကို လည်ပတ်လျှင်ဖြင့်ကား စိတ်ချမ်းမြေ့ဖွယ်ရာများ ကြုံရပေခြိမ့်။ ယင်းကား..ကျွန်ုပ် မျှော်လင့်ချက်။

    ရောက်ပဟဲ့ တစ်ဝက်ဘ်ဆိုက်။ အင်း….ကိုယ့်ညီနောင်သားချင်းများမှာလည်း အငြင်းပွားမှုတွင် အထုံပါရမီရှိဟန် တူပေစွ။ တစ်ဦးက ပြောလျှင် နောက်တစ်ဦးက ငြင်းလျှက် ယနေ့နိုင်ငံရေးလောကတွင် ခေတ်စားနေသည့် ညှိနှိုင်းရေးဆိုသည့် ဝေါဟာရကို နစရာနီစကားလုံးဟုဆိုကာ ပစ်ပယ်ထားကြပုံ ပေါ်ပေတော့သည်။ နောက်တစ်ဆိုက်။ ပညာဂုဏ်များအလီလီပြကြ၏။ ညဏ်စွမ်းများ ဖော်ကျူးကြ၏။ အငြင်းအခုံသီအိုရီများ အသုံးချကြ၏။

    အင်း..အဖြေ..ရလာဒ်..ယနေ့ခေတ်ပေါ် NGO စကားလုံးများ သုံးခြင်းမဟုတ်။ သို့သော်ငြား ဆွေးနွေးမှုများမှသည် ရလာဒ်ဆီသို့ဦးတည်သွားပြီး သိသာထင်ရှားသော ထွက်ကုန်တစ်ခုဖြစ်မြောက်လာခြင်းက ပိုမကောင်းပေဘူးလားဟု ကျွန်ုပ် မမှီ့တမှီညဏ်ကို သုံးကာ အတွေးပွားမိချေ၏။

    တစ်နေ့အခါကလည်း ရပ်ကွက်ထဲတွင် မော်လီဆပ်တပါးကား ကျွန်ုပ်တို့ မွတ်စ်လင်မ်များ တချိန်က ရွှေထီးဆောင်းခဲ့ကြ ပုံအကြောင်း ကွမ်းတစ်ယာပြီးတစ်ယာဝါးက အမိန့်ရှိပေ၏။ ကျွန်ုပ်ကား ဗလာနတ္ထိပြီးသော ဦးနှောက်ဖြင့် အမေးထောက်ချေသည်။ သို့ပေသော ခေတ်မျိုးကို ပြန်လည်ပိုင်ဆိုင်ရန် ကျွန်ုပ်တို့ အဘယ်ကြိုးပမ်းမှုများ လုပ်ရန် လိုပါဘိ။ မော်လီဆပ်ကား မုတ်ဆိတ်ကို လက်ဖြင့် တစ်ချက်သပ်ပြီး သကာလ အဲဒါပဲ၊ အဲဒါပဲ ဟု ညည်းညူဟန်ပြု၏။ ထို့နောက်တွင်ကား ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ထိုခေတ်မျိုးကို ပြန်လည်ပိုင်ဆိုင်ရယူနိုင်ကြောင်း ရှည်လျားစွာ ရှင်းပြလေတော့၏။ ကျွန်ုပ်မှာ နာယူမည် ပြင်ဆဲသကာလတွင် မြန်မာအမျိုးသားဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသူ ပညာတတ်မွတ်စ်လင်မ်တစ်ဦး ရောက်ရှိလာကာ ယနေ့မွတ်စ်လင်မ်တို့ အဖက်ဖက်တွင် အနှိမ်ချခံနေရခြင်းမှာ အစွန်းရောက်မှုကြောင့်ဖြစ်သည်ဟု အစချီကာ မဇ္ဇိမပဋိပတာလမ်းစဉ် အရေးကြီးပုံကို ပြောပြန်တော့၏။ ထိုနည်းဖြင့်သာ အစ္စလာမ်ကို ကမ္ဘာက လက်ခံရန် ကြံပေသင့်သည်ဟု အဆိုရှိပြီး နိဂုံးချုပ်ရန် ပြင်ဆဲ ဆံရှည်ကိုယ်တော်တစ်ဦး ကိုယ်ထင်ပြလာပြန်၏။ ထို့နောက် တပ်မက်ခြင်းတဏှာများကို ပယ်ဖျက်ပြီး သကာလ အတွင်းလမ်းစဉ်နှင့် ပဋိပတ္တိကျင့်ကြံမှုသည်သာ ကျွန်ုပ်တို့ လျှောက်လမ်းရာ လမ်းကြောင်းအမှန်ဖြစ်ရမည်ဟု မိန့်ဆိုချေ၏။ ထိုသုံးဦးကား ခုံတော်မောင်ကျဘမ်းပင် ဖြေရှင်းရန်ခက်ပေမည့် စကားစစ်ထိုးခြင်းအမှုကို ပြင်ရန်ပြုဆဲ ကျွန်ုပ်ကား ထိုကဲ့သို့ အတွေ့အခေါ်မြင့်မားပြီး ဒဿနဆန်သော စကားဝိုင်းမျိုးကို ကျွန်ုပ်လိုက်မှီရန်မလွယ်သည်ကို နည်းလည်ပြီးသကာလ ယောင်လည်လည်ဖြင့် စကားဝိုင်းမှ ခွာပေတော့သည်။

    ပေါင်းစပ်ညှိနှိုင်းရေးကား ကျွန်ုပ်တို့ ၀ါဒစွဲဝါဒီများကြားတွင်ေ၀၀ါးကာ မေ့ပျောက်ခံဖြစ်နေပေသည်။ အစ္စလာမ်ဘာသာဝင်အချင်းချင်း ၀ါဒမညီညွတ်မှုကြောင့် တစ်ဦးကို တစ်ဦး `ငြင်းပယ်သူ´ `ဘာသာဝင်မဟုတ်သူ´ဟု စွတ်စွဲရဲ၏။ ဆိုမာလီယာအစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် အလ်ရှာဘာ့ဘ်အဖွဲ့မှာ မိမိတို့ဝါဒအတွက် ပြည်သူ သန်းနှင့်ချီ အငတ်ဘေးကြုံနေခြင်းကို ရှုစိမ့်၏။ အီရန်နှင့် အီရတ်တို့ ဆယ်စုနှစ်တစ်ခုနီးပါး တိုက်ခိုက်ခဲ့ကြ၏။ အီဂျစ်…ယီမင်…ပါလက်စတိုင်း….အာဖဂန်နစ္စတန်..ပါကစ္စတန်မှသည် မြန်မာပြည်….

    ကျွန်ုပ်အတွေးတို့ကား တောင်စဉ်ရေမရ လွင့်မြောချေတော့၏။ မည်သူ့ကို အပြစ်တင်၍ မည်သူ့ကို ချဉ်းကပ်ရမည်ကားေ၀၀ါးစွာရှိချေသည်။ လတ်တလောတွင်ကား ကျွန်ုပ်အတွေးတို့ကို ဖြတ်၍ အဆေးခံရန် စောင့်နေသော အိုးခွက်ပန်းကန်များနှင့် အလျှော်ခံရန် လိုအပ်နေသည့် အ၀တ်ပုံတို့ကြားမှ ကျွန်ုပ်ကို ကျွန်ုပ်သာ သနားမိပေတော့သည်။

    (ဇော်ဗလ။ ၀၅ သြဂုတ် ၂၀၁၁)

  • အမေရိကန်၏ အအောင်မြင်ဆုံး အစ္စလာမ့် စာပေထုတ်ဝေသူ အကြောင်း

    ဈေးနှုန်းချိုသာသော ပါကစ္စတန်က အစ္စလာမ့်ရေးရာစာအုပ်များတင်သွင်းရာကနေ အမေရိကန်၏ အအောင်မြင်ဆုံး အစ္စလာမ့် စာပေထုတ်ဝေသူအဖြစ်တက်လှမ်းနိုင်လိမ့်မည်ဟု Liaquat ali တစ်ယောက် မမျှော်လင့်မိခဲ့ချေ။ သို့သော် လက်ရှိအောင်မြင်မှု၏နောက်ကွယ်မှာလျှိုဝှက်ချက်ရှိနေတာကိုတော့ သူကယုံကြည်သည်။ “ကျွန်တော်တို ဘယ်သူကိုမှ လိမ်ညာခဲ့တာ မရှိပါဘူး” ဟု ကာဇီစာပေထုတ်ဝေရေးကိုတွဲဖတ်တည်ထောင်နိုင်ခဲ့သူ Ali က ပြောပါသည်။ “ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်နေတဲ့ လူတွေဆီက တိုင်တန်းတာ စောဒကတက်တာ တစ်ခါမှ မရှိပါဘူး”ဟု ဆိုသည်။ နှစ်ပေါင်း၄၀ကျော် မှန်မှန်ကန်ကန် လုပ်ကိုင် နိုင်ခဲ့သဖြင့် မြောက်အမေရိကတစ်ခွင် နာမည်အကြိးဆုံး ကာဇီ စာပေထုတ်လုပ်ရေးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။အသက် ၆၄နှစ်ရှိပြီဖြစ်သူ အလီက ၁၉၇၀ဘက်ကို ပြန်ပြောင်းသတိရနေသည်။

    “အဲဒီတုန်းကဗျာ ဇာတိပါကစ္စတန်ကနေ အနုပညာပစ္စည်းတွေ ၊ စာအုပ်တွေ ကို အမေ၇ိကန်ဆီ ယောက်ဖ နဲ့ အတူ စတင်သွင်းခဲ့တယ် ။ ချီကာဂိုက မိုဟာမဒ် ကာဇီ ပိုင်ရဲ့ ဆိုင်သေးသေးလေး အတွက်ပေါ့ ” ဟု လုပ်ငန်းစဖြစ်ခဲ့ပုံကို ပြောပါသည်။ ၂နှစ်ကြာပြီးနောက်သူသည် ချီကာဂိုသို့ ပြောင်းရွေ့ကာ ကာဇီ့ဆိုင်ကို ကြီးကြပ်ပေးခဲ့သည်။ ထိုအချိန်ကစလို့ အစ္စလာမ့်အေးရိပ်သို့ ရောက်ရှိခဲ့ကြသည့် အာဖရိကန် -အမေရိကန် မွတ်စလင်သစ်လွင်တို့ လိုအပ်နေသည့် အစ္စလာမ့် ရေးရာစာအုပ်များ ကို ပါကစ္စတန်မှတင်သွင်းရေးကို သာအာရုံစိုက် လုပ်ဆောင်ခဲ့သည်။ တစ်နေ့ အမေရိကန် အထင်ကရ သတင်းစာ တစ်ခု က သူဆိုင်အား အစ္စလာမ့် စာပေကောင်းများ ရရှိနိုင်သည့် နေရာတစ်ခုအဖြစ် ဖေါ်ပြခဲ့သည်။ “အဲဒီနေ့ကဆိုတော်တော်ကို အလုပ်ရှုပ်သွားတာပဲဗျ..ဘာတွေ ဖြစ်ကုန်မှန်း တောင်မသိတော့ ဘူးဗျ” ဟု ယခင်ချိန်ကို သတိသရ နှင့်ပြောဆိုသည်။၁၉၇၄ခုနှစ်တွင် ပထမဆုံးအဖြစ် မွတ်စလင်နာမည်မှည့်ခေါ်ပုံ စာအုပ်ကို စထုတ်ဝေခဲ့သည်။ “ ဒီမှာက လူတွေအစ္စလာမ်လက်ခံလာတော့သူတို့က ကလေးတွေကို မွတ်စလင်နာမည် တိတိကျကျ နဲ့ မှည့်ချင်ကြတယ်..ဘာနာမည်လဲဆိုတာ သူတို့တွေ မသိဘူးဖြစ်နေတယ် ”ဟု ပြောပြသည်။ ကာဇီစာပေတိုက်သည် ယခင်ဆယ်စုက ဒေါ်လာ ၂၅၀၀၀၀ ရှိခဲ့သော်လည်း ယနေ့ချိန်မှတော့နှစ်စဉ် အမေရိကန်ဒေါ်လာ ၁သန်းခန့် ရောင်းအားရှိနေပါပြီ။

    ၉-၁၁ဖြစ်ရပ်နောက်ပိုင်း အမေရိကန်တွင်အစ္စလာမ် သာသနာ အား စိတ်ဝင်စားမှု တစ်ဟုန်ထိုးဖြစ်လာခဲ့ရာမှ အမေရိကန်ရှိ အစ္စလာမ့် စာပေလုပ်ငန်း သည်လည်း ကြိးထွာလာခဲ့သည်။ အမေရိကန်တက္ကသိုလ်များတွင်ကျောင်းသာများက အစ္စလာမ့် လေ့လာရေး အတန်းသို့ရွေးချယ် တက်ရောက်ခဲ့ကြသည်။ ထိုကြောင့် ကုရ်အာန်ကျမ်း၊ တမန်တော်မြတ် မုဟမ္မ(ဆွ)၏ အထ္ထုပတ္ထိ နှင့်အခြားသောအစ္စလာမ့် ကျမ်းစာအမျိုးမျိုး ၀ယ်လိုအားမြင့်တက်လာခဲ့သည်။
    အမှန်တကယ်၌ ကာဇီ အစ္စလာမ့်စာပေတိုက်သည် သာမန်စီပွားရေးထက် ထူးနေပါသည်။ကာဇီ စာပေတိုက်၏ ပညာရှင် နှင့် ထုတ်လုပ်ရေး မန်နေဂျာ Laleh Bakhtiar ကပြောသည်မှာ အမေ၇ိကန်ရှိ မျိုးဆက်သစ် မွတ်စလင်လူငယ်များအား အစ္စလာမ့်အသိပညာပေးရေးတွင် ကာဇီစာပေတိုက် တွင် အဓိက တာဝန်ရှိသည်ကို လက်ခံထားသည်။ “အခုခါမှာတော့ ဂန္ဓ၀င် အစ္စလာမ့်ကျမ်းစာတွေကို ဘာသာပြန်ဖို့ ဦးစားပေးနေပါတယ်။အမေ၇ိကန်မှာရှိတဲ့မွတ်စလင်တွေမှာ ယဉ်ကျေးမှု၊သမိုင်းက ပျောက်ဆုံနေပတယ် ဟု ဆိုသည်။ကာဇီ စာပေက အစ္စလာမ့်ဂန္ဓ၀င်လက်ယာများဖြစ်သော မောင်လာနာရူမီ၏ မဆ်န၀ီကျမ်း၊အီမာမ်ဂဇာလီ၏ ပျော်ရွှင်ခြင်းအနှစ်သာရ ၊အလ်ရှဘသီ၏ကုရ်အာန်သဖ်ဆီရ် တို့ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေပါသည်။ ထို့ပြင် ကာဇိ စာပေသည် ဒအ်ဝဟ်လုပ်ငန်းများကို အစ္စလာမ့် စာပေဖြင့် ဆောင်ရွက်သည့်အနေနှင့် အမေရိကန်အကျဉ်းသားများအစ္စလာမ့်ကိုလေ့လာဆည်းပူးနိုင်ရန် အစ္စလာမ့် ဒဿနကျမ်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိနေပါ သည်။

  • နေရာ……

    ကားစထွက်တော့ ခြောက်နာရီထိုးပြီး ဆယ်မိနစ်ခန့်ပင် စွန်းနေလေပြီ။ အိပ်ယာထနောက်ကျ၍ ကားကိုမှီလုမီခင်ပင် ဖြစ်ပေသည်။ တနင်္ဂနွေမို့ ကားလက်မှတ်ကလည်း ၀ယ်ရကျပ်လေသည်။ ကြိုဝယ်မထားမိသည်က အမှားပင်။ မိုးတွင်းဖြစ်သည်မို့ တစ်ပြောက်နှစ်ပြောက်သော မိုးရေစက်များက ကားစထွက်သည်နှင့် ၀ရုန်းသုန်းကား ရွာချလိုက်လေတော့သည်။ ဘားအံ-မော်လမြိုင် လိုင်းကားလေးကတော့ ခရီးဆက်နေဆဲပင်ဖြစ်သည်………………..။

    မူလတန်းပြဆရာမတစ်ယောက်အတွက်တော့ တနင်္ဂနွေနေ့ဖြစ်သော်လည်း ရှောင်တခင်အလုပ်တာဝန်တစ်ခုပေါ်လာ၍ မလွဲရှောင်သာလှပေ။ ကားက နံနက်ခြောက်နာရီအခေါက်ဖြစ်သည်မို့ ဈေးသည်များပါမက အိမ်ပြန်ကြသည့် တက္ကသိုလ်ကျောင်းသူများဖြင့်ပါ ပြည့်သိပ်ကျပ်နေသည်မှာ ခြေချစရာပင်မကျန်တော့ချေ။ မော်လမြိုင်မြို့မှ ဘားအံမြို့ထိဆိုလျှင် တစ်နာရီခွဲကျော်ခန့်သာ စီးရသော်လည်း ကျွန်မလိုနေရာမရ၍ မတ်တပ်ရပ်စီးရသည့် လူတစ်ယောက်အတွက်တော့ မထောင်းသာလှပေ။ သို့သော်လည်း ခရီးရောက်ဖို့က အရေးကြီးနေသည်မို့ သွားရပေဦးမည်။

    ကျွန်မလိုပင် မတ်တပ်ရပ်စီးကြရသည့် ခရီးသည်များက အပုံအပင်။ သို့သော် သူတို့ဘယ်လမ်း၊ ဘယ်ခရီးတစ်ထောက်တွင် ဆင်းကြမည်ဆိုသည်ကိုတော့ ကျွန်မ မသိချေ။ ကံဆိုးသည်ကတော့ ကျွန်မနံဘေးတွင် မတ်တပ်ရပ်လိုက်ပါလာသူတစ်ဦးမှာ အရက်စော်များနံစော်နေ၍ ကိုယ့်ကိုယ်ကိုပင် မတ်မတ်မရပ်နိုင်ဘဲ ဇက်က ကျိုးကျလုနီးပါးဖြစ်နေပေသည်။ ကျွန်မနှင့် မလှမ်းမကမ်းတစ်ခုံကျော်ရှိ လူကုံထံမိန်းမကြီးတစ်ယောက်ကတော့ သူမအတွက် တစ်ယောက်စာကို ထိုင်ခုံနှစ်ခုံဝယ်ထားသည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြီးမားလှသော လက်ကိုင်အိတ်ကြီးကို ကျန်ခုံအလွတ်ပေါ်တွင်တင်၍ ဖုန်းပြောနေပါသည်။ သည်းကြီးမည်းကြီးရွာနေသော မိုးသံတွေကိုတော့ သူမ၏အသံက အံ့သြစရာကောင်းလွန်းလှအောင် ဖြိုခွဲလိုက်နိုင်ပါသည်။ ကိုယ်ပိုင်ကားက စက်တခုခုချို့ယွင်းသွား၍ လိုင်းကားနှင့်သာ ခရီးသွားလိုက်ရသည့်အကြောင်းကို သူမ၏ အယောက်ငါးဆယ်မျှရှိသော မိတ်ဆွေများထံသို့ သေရေးရှင်ရေးတမျှ အကြောင်းကြားလျက်ရှိနေလေသည်။

    လိုင်းကားကြီးသည် ကားလမ်းကြမ်းကို ဖြတ်ကျော်တိုင်း ဘယ်ညာယိမ်းထိုးလျက်ရှိရာ ကျွန်မခေါင်းအပေါ်တည့်တည့်ရှိ ကားအမိုး၏ အပေါက်အပြဲကြောင်းမှတဆင့် မိုးပေါက်များက ခေါင်းပေါ်သို့ တဖြောက်ဖြောက်ကျနေပေသည်။ ခံစားတတ်သူအဖို့တော့ ဂီတသံတစ်ခုနှင့်ပင် တူနေသေးပေဦးမည်။ ကျွန်မခြေထောက်အရှေ့တည့်တည့်တွင်တော့ မျှစ်ချဉ်တောင်းများ ဖြစ်မည်ထင်သည်။ မိုးနှင့်အတူ လေတချက်တချက်ဝေ့တိုင်း မျှစ်ချဉ်နံ့က စူးစူးရှရှ ထွက်လာလေသည်။ မျှစ်ချဉ်သည်၊ ငါးခြောက်ငါးပိသည်များနှင့် အမျိုးအမည်အတိအကျမသိသော ကုန်ပစ္စည်းများကို ထုပ်ပိုးကိုင်ဆောင်လာသူ ခရီးသွားများလည်း များစွာရှိလေသည်။ ကားစပယ်ယာတစ်ယောက်၏အသံမှလွဲ၍ ကျန်လူများ၏အသံက တိတ်ဆိတ်လွန်းလှပေသည်။ နံနက်စောစောဖြစ်သည့်အပြင် မိုးကလည်း အေးစိမ့်လှသည်မို့ ကိုယ့်အတွေးနှင့်ကိုယ်မျောနေကြသည့် သူများသာဖြစ်လေသည်။ အချို့ခရီးသွားများ၏ မျက်နှာတွင် ပရိယေသန၀မ်းစာရေးအတွက် အပြင်းအထန်ရုန်းကန်လှုပ်ရှားနေရမှုကြောင့် ပရိဒေ၀အရိပ်အယောင်များက အထင်းသားရှိနေပေသည်။

    ကားနောက်ဆုံးတန်းရှိ တောင်းကြီးဘေးတွင် ထိုင်နေသူမိန်းမကြီးတစ်ယောက်၏ နေလောင်ထားသောမျက်နှာပြင်ပေါ်တွင် ပါးကွက်ကြားကြီးများက နေရာယူထားလေသည်။ မိုးငွေ့တွေက အေးစိမ့်နေသည့်တိုင်အောင် သူမရင်ထဲရှိ သောကမီးကို မငြိမ်းသတ်နိုင်သည့်အလား ပါးကွက်ကြီးပေါ်သို့ နဖူးဆံစမှ ချွေးကြောင်းကြီးများက စီးကျနေပေသည်။ သို့သော် ကြည့်တတ်သူအဖို့ မြင်၏ဟုပင် ပြောရလေမလား သို့မဟုတ် အလှတရားကို မြင်အောင်ကြည့်လျှင် မြင်နိုင်သည်ဟူ၍ပဲ ပြောရလေမလား မသိချေ။ ကျွန်မ၏ မျက်လုံးများထဲတွင်တော့ ထိုပါးကွက်ကြားကြီးများပေါ်ရှိ ချွေးကြောင်းကြီးများသည် သံလွင်မြစ်ကြီးစီးဆင်းနေသယောင်အလား ပသာဒရှိလှပေသည်။ သူမ၏ဘေးတွင်တော့ စာကလေးအကြွပ်ကြော်ခွေရောင်းသည့် ကောင်လေးသည် ပလတ်စတစ်အိတ်ဖြင့် စွပ်၍ချည်ထားသော သူ၏ စာကလေးခွေကြော်များပေါ်ရှိ မိုးရေစက်များကို အပြင်းအထန်ခါချလျက်ရှိကာ ထိုင်ခုံနောက်တန်းက သံတိုင်လေးများကို အပြေးအလွှား ဆုပ်ကိုင်ထားလျက်ရှိပေသည်။ ကားတစ်ချက်ခုန်တိုင်း လွတ်ထွက်သွားလုမတတ်ဖြစ်သော သူ၏လက်များကို ဂရုစိုက်မနေအားဘဲ စာကလေးခွေကြော်များ ကြေမွသွားရတော့မည့်အရေးကိုသာ အာရုံပေးစူးစိုက်နေရသည့် သူ၏ဘ၀ပေးတာဝန်ကိုတော့ ကိုယ့်ကိုယ်ကိုထက်ပင် ကျွန်မ ပိုသနားသွားမိလေသည်။

    မိုးတွေသည်းကာ ပတ်ဝန်းကျင်တစ်ခွင်လုံး မှုန်မှိုင်းနေသည့်အပြင် ကားကလည်း အသက်လုမောင်းနေရသည့်အတွက် ပတ်ဝန်းကျင်မြင်ကွင်းများကတော့ သဲကွဲမနေပါ။ ရိပ်ကနဲရိပ်ကနဲ ကျန်ခဲ့သော အပင်စိမ်းစိမ်းများ၊ လယ်ကွင်းပြင်များ၊ ဘုရားငုတ်တိုလေးများ၊ ဘုန်းကြီးကျောင်းများနှင့် တောင်တန်းငယ်လေးများကတော့ အတော်ကြည့်ကောင်းလှပေသည်။ ခရီးတထောက်နားလိုက်၊ ခရီးသည်များတက်လိုက်ဆင်းလိုက်ဖြင့်ပင် ကားလေးက ခရီးဆက်နေဆဲ…….။ အမှန်တကယ်တမ်းတော့ လူတစ်ယောက်၏ တာဝန်နှင့်ဝတ္တရာများသည် ပျားတစ်ကောင်ကဲ့သို့ပင် ရှုပ်ထွေးများပြားနေပေသည်။ သည်လိုနှင့်ပင် ဘားအံမြို့နားသို့ ရောက်လုရောက်ခင်ဖြစ်သော ကော့ကျိုက်ကျေးရွာလေးသို့ပင် ဆိုက်ရောက်ခဲ့ချေပြီ။ ကော့ကျိုက်ကျေးရွာမှ ဘားအံမြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် တစ်ဆယ့်ငါးမိနစ်ခန့်မျှ ကြာမြင့်ပေလိမ့်မည်။ ကော့ကျိုက်ကျေးရွာအရောက် ကျွန်မ၏ ညာဘက်ဘေးခုံတွဲရှိ လူတစ်ယောက်ဆင်းသွားလေသည်။ ထိုသူထသွားတော့ ထိုင်ခုံနေရာအလွတ်လေးတစ်လုံး ကျန်ခဲ့ပေသည်။

    ထိုအချိန်တွင် မတ်တပ်ရပ်စီးသူများထဲမှ လူရွယ်တစ်ယောက်နှင့် အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်တို့သည် ကျန်လူအားလုံးကို နင်းဖြတ်ကျော်လွှားလာကာ ထိုထိုင်ခုံနားသို့ ဒရောသောပါးဖြင့် ပြေးဝင်လာကြပါသည်။ ထိုအချိန်တွင် မထင်မှတ်သည့် ကိစ္စတစ်ခုက ဖြစ်ပွားလာခဲ့လေသည်။ အသက်ခပ်ကြီးကြီးလူကြီးက ထိုင်ခုံလုပွဲတွင် ပန်းဝင်သွားပြီး ၀င်ထိုင်လုဆဲဆဲ ခြေလှမ်းပြင်နေသည်ကို အစောက လူရွယ်က ခြေဖြင့်လှမ်းထိုးလိုက်ရာ ထိုလူကြီးက ဟန်ချက်ပျက်သွားပြီး ရှေ့သို့အနည်းငယ်ယိုင်သွားကာ မှောက်ကျလုမတတ်ဖြစ်သွားလေသည်။ ပြုတ်ကျမသွားဖို့အရေး ကျန်လူများက ၀ိုင်း၍ ဖမ်းဆုပ်ပေးထားကြရပါသည်။ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူ၍ လူရွယ်က ၀င်ထုင်လိုက်လေသည်။ ထိုအခါ ခပ်အုပ်အုပ်ရယ်သံများ ကားထဲမှ လွင့်ပျံလာပါသည်။ ရယ်သောသူအများအပြားမှာ ထိုင်ခုံနေရာရထားပြီးသူများနှင့် အစောက လူရွယ်လည်း အပါအ၀င်ပင်ဖြစ်လေသည်။

    ကျွန်မကတော့ အတော်ပင် အံ့သြမှင်သက်မိလေသည်။ တစ်ဆယ့်ငါးမိနစ်မျှသော ခရီးအကွာအဝေးသည် အဘယ်မျှရှိမည်ကိုတော့ ကျွန်မ အတိအကျမသိချေ။ သို့သော် တစ်ဆယ့်ငါးမိနစ်မျှသောအချိန်သည် အလွန်တိုတောင်းနေမှန်းတော့ ကျွန်မ သေချာသိပါသည်။ ထိုတိုတောင်းလှသောအချိန်လေးအတွင်းတွင် ထိုင်စရာနေရာမရတော့ကော ဘာအရေးနည်း။ ဘာတွေများနစ်နာဆုံးရှုံးစရာ ရှိနိုင်မည်နည်း……..။

    ကားနှင့်သွားနေရသည့်ခရီးကို “ဘ၀ခရီး” ဟုပြောလျှင် ကားပေါ်မှခရီးသည်များသည်လည်း “ဘ၀ခရီးသည်” များပင်ဖြစ်လေသည်။ သည်လိုဆိုလျှင် ထိုတိုတောင်းလှသော ဘ၀ခရီးအတွက် ထိုင်စရာနေရာတစ်နေရာကို အများသူငါ မှောက်ရက်လဲအောင် ခြေထိုးပြီး ရှာရမည်လား။ ကျွန်မကတော့ သူများအထုပ်ဖြည်ပြပြီးမှ ရလာမည့်နေရာတစ်ခုကို တမ်းမက်ခြင်းမရှိသည်မှာ သေချာလှပေသည်။ ကျွန်မ၏ ဘ၀ခရီးတွင် ခြေစုံချပြီးပဲ မတ်တပ်ရပ်ရရပ်ရ၊ ခြေတစ်ချောင်းထောက်၍ပဲ မတ်တပ်ရပ်ရရပ်ရ၊ ကျွန်မ၏ ဖြစ်တည်မှုအတွက် ရိုးသားစွာရပ်တည်ခွင့်တစ်နေရာကိုပဲ အာသာငမ်းငမ်းလိုချင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ဘ၀ခရီးကို တစ်ဆယ့်ငါးမိနစ်ခန့်မျှသာ သွားရသော ခရီးတိုတစ်ခုဟုပင် ယူဆနေမိသောကြောင့် ဖြစ်လေသည်။

    Khalay

  • ဆွေးနွေးခြင်း အနုပညာ

    ဇူလိုင်-၂၁ ၂၀၁၁
    M-Media
    ဆောင်းပါးရှင်-သန်းမင်းထိုက်(မြန်မာစာ)

    နိဒါန်း

    “ဆွေးနွေးခြင်း”ကို အနုပညာဟု ကျွန်တော်က ဆိုချင်သည်။ အများသဘောကိုတော့ မပြောတတ်။ လက်မခံသဖြင့် အကြောက်အကန် ကန့်ကွက်မည့်သူရှိလျှင်လည်း ဖြေရှင်းရန် ကျွန်တော် ကြိုးစားအားထုတ်မည်မဟုတ်ပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်သည်ပင် ဆွေးနွေးခြင်း၏ အခြေခံမူတစ်ရပ် ဖြစ်သည်။

    ပြောသာပြောရသည်။ ဆွေးနွေးပွဲနှင့်တူသော ဆွေးနွေးပွဲမျိုး ကျွန်တော်တို့လောကမှာ အလွန်ရှားသည်။ “ဆွေးနွေးခြင်း”ဆိုင်ရာ အခြေခံ သဘောတရာများနှင့်အညီ အောင်မြင်ပြီးမြောက် လိုရင်းရောက်သော ဆွေးနွေးပွဲမျိုး ကျွန်တော်တို့လောကမှာ အလွန်ရှားသည်။

    ပရိသတ်ကဆွေးနွေးပွဲကိုချစ်သည်။ ”ဆွေးနွေးပွဲဟေ့”ဆိုလျှင်သွေးကြွ၍ နေတတ်သည်။ အင်္ကျီလက် တစ်မမဖြစ်၍ နေတတ် သည်။ လက်သီးလက်မောင်းတန်း၍ နေတတ်သည်။ ဦးဆောင်ဆွေးနွေးမည့်ဆရာကို အလဲထိုးအမှောက်ဆော်နိုင်မည့် မေးခွန်းများနှင့် စကားလုံးများကို ကြိုတင်ပြင်ဆင်ထားကြသည်။

    ဆွေးနွေးပွဲ = လက်ဝှေ့ပွဲ ———–ဟု ထင်နေပုံရ၏။ (more…)

  • HIV/AIDS၊ မွတ်စ်လင်မ် နဲ့ မြန်မာနိုင်ငံ

    ၁၉၈၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ AIDS ရောဂါကြောင့် ကမ္ဘာပေါ်မှာ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၅ သန်းကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးကူးစက်ခံရသူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၀.၆% ရှိပါတယ်။ HIV/AIDS ဟာ သာမန် ဆေးပညာဆိုင်ရာ ရောဂါတစ်ခုထက် ပိုတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ အသိကြောင့် ရောဂါ ကူးစက်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်မားတတ်ကြပါတယ်။ အဲဒါကြောင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံအများစု HIV/AIDS ကာကွယ်တားဆီးရေးနဲ့ ရောဂါပိုးကူးစက်ခံရသူတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာကြပါတယ်။

    HIV ပိုးဟာ လူမျိုး၊ ဘာသာ၊ နေရာအစွဲမထားတတ်တာမို့ ဒီရောဂါဟာ မွတ်စ်လင်မ်နိုင်ငံနဲ့ အသိုင်းအ၀ိုင်းတွေကြားမှာလဲ လျစ်လျူရှုထားလို့မရတဲ့ ကိစ္စတစ်ခုဖြစ်လာပါပြီ။ နိုင်ဂျီးရီးယားနဲ့ အီသီယိုပီးယားတို့လို မွတ်စ်လင်မ်လူဦးရေ ၅၀%  အထက်ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်းဟာ နိုင်ငံလူဦးရေရဲ့ ၈-၁၀% ရှိပါတယ်။ တစ်ချိန်လုံး HIV ကင်းစင်ပါတယ်လို့ ဆိုခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ နိုင်ငံအတွင်း HIV ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိကြောင်း ကြေငြာခဲ့ပါတယ်။ တစ်ချိန်က HIV ရောဂါဟာ၊ အထူးသဖြင့် လိင်မှုဆိုင်ရာကိစ္စနဲ့ ဆက်စပ်မှုရှိတာကြောင့်၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှာ လက်သင့်မခံနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်က တခြားနေရာတွေမှာ အသုံးပြုနေတဲ့ HIV/AIDS ပညာပေးနည်းစနစ်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ ထိရောက်မှုမရှိဖြစ်ခဲ့ရပါတယ်။

    အစောပိုင်းကာလတွေက အဲဒီလို အသိပေး၊ ပညာပေးမှုတွေ လုပ်နေတဲ့ကြားက HIV ပိုးရှိကြောင်းတွေ့ရှိတဲ့ သားဖြစ်သူကို မိသားစု သတိမေ့မျောတဲ့ထိ ရိုက်နှက်ပြီး အိမ်ကနေ မောင်းထုတ်တာ၊ ခင်ပွန်းသည်ကြောင့် ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးကို အသိုင်းအ၀ိုင်းက သပိတ်မှောက်ပြီး နေရပ်ကနေ မောင်းထုတ်တာစတဲ့ ပြဿနာတွေကို မွတ်စ်လင်မ်လူမှုအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာဖရိက မွတ်စ်လင်မ်နိုင်ငံတွေမှာ ကြုံခဲ့ရပါတယ်။

    အဲဒါကြောင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်းမှာ HIV/AIDS ဆိုင်ရာ အသိပညာပေးရေးအစီအစဉ် အတွက် နည်းလမ်းအသစ်တွေ လိုအပ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ အစ္စလာမ် သာသနာ့ပညာရှင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းကို ဦးဆောင်နေရာပေးပြီး ကြိုးပမ်းနိုင်ခဲ့တာကြောင့် အခုဆိုရင် ကမ္ဘာ့မွတ်စ်လင်မ် အသိုင်းအ၀ိုင်း တော်တော်များများကြားမှာ အဲဒီလို မလိုလားအပ်တဲ့ ပြဿနာတွေကို ကျော်လွှားလာနိုင်ပါပြီ။

    မွတ်စ်လင်မ် နိုင်ငံတော်တော်များမှာ အဲဒီလို ဘာသာရေးဆိုင်ရာဦးဆောင်ပုဂ္ဂိုလ်တွေကို ၁၉၉၀ ခုနှစ်စောပိုင်းကာလတွေကတည်းက ပညာပေးအစီအစဉ်တွေ၊ အသိပေးလှုံ့ဆောင်မှု (Advocacy) တွေ လုပ်ထားကြတာကို တွေ့ရပါတယ်။

    ယူဂန်ဒါနိုင်ငံမှာ Islamic Medical Association of Uganda (IMAU) အဖွဲ့က ကုရ်အာန်၊ ဟဒီးစ်တွေနဲ့ ကိုက်ညီတဲ့ HIV ပညာပေးအစီအစဉ်တစ်ရပ် စတင်ဖို့  ၁၉၈၀ နှောင်းပိုင်း ကာလတွေမှာ စတင်ကြိုးစားခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ သြဇာအထိရောက်ဆုံးဆိုတာကို တွေ့ရှိပြီးတဲ့နောက် IMAU က ရှေ့ဆောင်ဆရာ (အီမာမ်) တွေကို စုစည်းပြီး HIV ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲ ကာလအတွင်းမှာ HIV ဆိုင်ရာ အချက်အလက်တွေကို သိပ္ပံနည်းကျ နားလည်လာပြီးတဲ့နောက် ယူဂန်ဒါနိုင်ငံရဲ့ ဓမ္မသတ်မှူးချုပ်က AIDS ဆန့်ကျင်ရေးဂျီဟဒ် (Jihad on AIDS) အဖြစ် ကြေငြာခဲ့ပါတယ်။ အဲဒီအချက်ဟာ “အီမာမ်များဦးဆောင်သော မိသားစု AIDS ပညာရေးနှင့် ကာကွယ်ရေးအစီအစဉ်´´ (Family AIDS Education and Prevention through Imams – FAEPTI) ကို အကောင်အထည်ဖော်ဖို့ IMAU အတွက် အဓိက အထောက်အကူပြုခဲ့ပါတယ်။

    အဲဒီနောက် အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အီမာမ်တွေကို လူထုကြား ကျန်းမာရေးပညာပေး လုပ်ငန်းတွေမှာ ပါဝင်စေခဲ့ပါတယ်။ သောကြာနေ့တရားပွဲနဲ့ တခြားလူစည်ကားတဲ့နေရာတွေမှာ အဲဒီ အီမာမ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ အဓိကကတော့ ဝေဒနာသည်တွေရဲ့ အိမ်တွေကို သွားပြီး ၀တ်ပြုဆုတောင်း၊ ဒိုအာလုပ်ပေးတာ၊ ဝေဒနာသည်တွေကို အားပေးစကားပြောတာတွေကို လုပ်ကြပါတယ်။ အီမာမ်တွေကိုယ်တိုင်ဦးဆောင်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း ဝေဒနာသည်တွေကို ပစ်ပယ်ထားတဲ့ အခြေအနေကနေ ပုံမှန်အတိုင်းဆက်ဆံမြဲဆက်ဆံပြီး လိုအပ်ရင် ဖေးမကူညီတဲ့ အခြေအနေကို ရောက်လာတယ်ပေါ့လေ။ ကက်ရှ်မီးယားမှာ HIV/AIDS ပညာပေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုကလည်း တခြားနည်းလမ်းတွေ (IEC၊ ရေဒီယို၊ တယ်လီဗေးရှင်း၊ ဟောပြောပွဲ စသဖြင့်) အသုံးချပြီးတဲ့နောက်ဆုံး ဘာသာရေးပညာရှင်တွေကို အသုံးပြုတာက အထိရောက်ဆုံးဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

    ဆိုတော့..ဒီစီမံကိန်းဟာ ထိရောက်မှုရှိတဲ့အတွက်ကြောင့် UNAIDS အဖွဲ့က မွတ်စ်လင်မ်အသိုင်းအ၀ိုင်းတွင်း HIV/AIDS ပညာပေးလုပ်ငန်းအစီအစဉ်မှာ အကောင်းဆုံးစံစီမံကိန်းအဖြစ် သတ်မှတ်ခံရပါတယ်။ အခုနောက်ပိုင်း မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်း HIV/AIDS အစီအစဉ်တွေနဲ့ ပတ်သက်ရင် မွတ်စ်လင်မ်နိုင်ငံတွေကရော၊ မွတ်စ်လင်မ်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေကပါ ဒီပုံစံ (Model) ကို စံထား အသုံးပြုလာကြပါတယ်။ ပါကစ္စတန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံအပါအ၀င် တခြားကမ္ဘာ့မွတ်စ်လင်မ်နိုင်ငံအများစုက HIV/AIDS အပေါ်ဂျီဟဒ် ကြေငြာခဲ့ပါတယ်။

    ဒါ့အပြင် IMAU က ကြီးမှူးပြီးတော့ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင်များတိုင်ပင် ဆွေးနွေးပွဲ သုံးခုကို ကမ်ပါလာ (ယူဂန်ဒါ) မှာ ၂၀၀၁ ခုနှစ်၊ ကွာလာလမ်ပူ (မလေးရှာ) မှာ ၂၀၀၃ ခုနှစ်နဲ့ အက်ဒစ်အဘာဘာ (အီသီယိုပီးယား) မှာ ၂၀၀၇ ခုနှစ်တို့မှာ ကျင်းပခဲ့ပါတယ်။

    အဲဒီတိုင်ပင်ဆွေးနွေးပွဲတွေကနေ အစ္စလာမ့်နည်းကျ HIV/AIDS ပြဿနာ ချဉ်းကပ်နည်း လုပ်ငန်းခွင်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် (Operational Definition of the Islamic Approach to HIV/AIDS) တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာရေးပညာရှင်များ HIV/AIDS ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပပြီး အလားတူ မူဘောင် တစ်ခုကို ရေးဆွဲထားပါတယ်။

    အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မူဘောင်တွေမှာ အဓိကပါဝင်တာကတော့ ရောဂါသည်တွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးဖို့ပါ။ ရောဂါသည်တွေကို ပုံမှန်ဆက်ဆံဖို့၊ အားပေးကူညီဖို့၊ အစ္စလာမ့်ထုံးတမ်းဓလေ့တွေကို သာမန်လူတွေအတိုင်း ကျင့်သုံးနိုင်ဖို့ (ဥပမာ – ထိမ်းမြားလက်ထပ်ခြင်း၊ ကလေးငယ်များ အရေပြားလှီးဖြတ်ခြင်း၊ အသုဘအခမ်းအနားစသဖြင့်)၊ လင်မယားကွာရှင်းမှုဆိုင်ရာ (ဖသ်ဝါ) ဥပဒေများ ကြေငြာခြင်း စတာတွေ ပါဝင်ပါတယ်။

    တစ်ဖက်မှာ ကမ္ဘာပေါ်မှာ ဒီလို စနစ်တကျ အကောင်အထည်ဖော်နေတာတွေရှိရဲ့နဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီကိစ္စက ဘာသာရေးဆရာတွေ ကြားမှာ အခုထိ စိမ်းနေသေးတာက အနည်းငယ် ထူးဆန်းနေပါတယ်။

    ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီရောဂါဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းကြားမှာ ကူးစက်ပြန့်ပွားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ ကူးစက်ခံရသူတွေဟာ တခြားနိုင်ငံ၊ ဒေသတွေက မွတ်စ်လင်မ်တွေလို အခွင့်အရေးမရရုံမက အနှိမ်ခံ၊ အပယ်ခံ ဘ၀ကို ရောက်ပြီး အခြေအနေ ဆိုးသထက်ဆိုးသွားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်၊ HIV ဆိုင်ရာ အသိချို့တဲ့ချိန်က အာဖရိကတိုက်မှာ ကြုံခဲ့ရတာမျိုး ကျွန်တော်တို့ ကြုံနေရပါတယ်။

    အဲဒီအချက်တွေကြောင့် HIV/AIDS လုပ်ငန်းနဲ့ဆက်စပ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ မွတ်စ်လင်မ် လူငယ်တွေဟာ မွတ်စ်လင်မ် ဝေဒနာသည်တွေ တွေ့တဲ့အခါမှာ ထိထိရောက်ရောက် ဆက်လက်ကူညီဖို့ အခက်အခဲတွေ့ရပါတယ်။ တခြား ဘာသာဝင်တွေအတွက် ဘာသာရေးဆိုင်ရာအစီအစဉ်တွေနဲ့ ကူညီအားပေးနေတဲ့အချိန်မှာ ကိုယ့်မွတ်စ်လင်မ်တွေကတော့ ဘာသာရေးအသိုင်းအ၀ိုင်းက ပစ်ပယ်ခြင်းခံနေရတာကို ကြုံရတာကြောင့် စိတ်ပျက်ညည်းညူသံတွေကိုလည်း ကြားရပါတယ်။ လူငယ်တွေ၊ HIV/AIDS ဆိုင်ရာ ပညာရှင်တွေဟာ အတွေးအခေါ်၊ အတွေ့အကြုံတွေရှိပေမယ့် အဲဒီလို ဘာသာရေးအသိုင်းအ၀ိုင်းက ပွင့်လင်းစွာ လက်မခံမှုကြောင့် ရှေ့ဆက်လုပ်ငန်းဆောင်ရွက်ဖို့ နှောင့်နှေးရပါတယ်။ ဒါပေမယ့် တဖက်မှာ မနှောင့်နှေးပဲ အရှိန်နဲ့ဆက်သွားနေတာက HIV/AIDS ရောဂါသည်တွေရဲ့ ဝေဒနာပါ။ ခင်ပွန်းသည်ကြောင့် ရောဂါပိုးကူးစက်ခံရသူအမျိုးသမီးတွေ၊ မိဘက တဆင့် ကူးဆက်ခံရတဲ့ ရင်သွေးငယ်လေးတွေ၊ ဆေးထိုးအပ်က ကူးစက်ခံရသူတွေ၊ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေလျှက်က ဘာကြောင့်မှန်း မသိဘဲ ကူးစက်ခံရသူတွေ…အများစုဟာ မိမိကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ရောဂါပိုး ကူးစက်ခံရသူတွေပါ။ ကျွန်တော်တို့ရဲ့ အတ္တတွေကြောင့် သူတို့၊ သူတို့တွေ၊ ကိုယ့်ရဲ့ မွတ်စ်လင်မ်သွေးသားတွေ ဝေဒနာပေါ် ဝေဒနာဆင့်ခံစားရမယ်ဆိုရင်…ဒါဟာ..အလ္လာဟ်အရှင်မြတ်နဲ့ အလ္လာ့ဟ်ရဲ့ တမန်တော်က လိုလားတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းလို့ ပြောဖို့ ခက်သွားပါလိမ့်မယ်။

    သာသနာ့ပညာရှင်တွေဟာ သာသနာ့အလံကို ကိုင်ဆောင်ထားသူတွေဖြစ်တယ်ဆိုတဲ့အတိုင်း အဲဒီ ကိစ္စကို အထိရောက်ဆုံး ဦးဆောင်ဖြေရှင်းပေးနိုင်တာကတော့ သာသနာ့ဦးဆောင်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ သာသနာ့ပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ ဒီလုပ်ငန်းမှာ တက်ကြွစွာ ပါဝင်လာမယ်ဆိုရင် အဲဒီဝေဒနာသည်လေးတွေရဲ့ ဘ၀တွေ တဖန်ပြန် လန်းဆန်းလာပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့ သာသနာရဲ့ ရင်ခွင်မှာ အေးမြတဲ့ ဘ၀တွေကို ပြန်လည် ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်။

    ဘာပဲဖြစ်ဖြစ်..ကျွန်တော်တို့ နောက်မကျသေးပါဘူး။ ကောင်းတဲ့ လုပ်ငန်းတွေအတွက် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး…..

    ကိုဇော်ထက် စီစဉ်တင်ပြသည်။