News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အမှောင်ထဲက အလင်းတန်း

    “ထက်အောင်ခန့်”

    မြို့ငယ်လေးရဲ့ မြို့သစ်တစ်ခုမှာ နေထိုင်သော ထက်အောင်ခန့်ဆိုလျှင် ရပ်ကွက်ထဲတွင် မသိသူ မရှိပေ။ မုဆိုးမမိခင်အိုကြီးနှင့် သားအမိ နှစ်ယောက်တည်းနေပြီး မိခင်အပေါ် အလွန် နားလည်သိတတ်လိမ္မာသည့် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ထက်အောင်ခန့်သည် စိတ်ရင်း စေတနာလည်းကောင်းကာ ဘယ်သူ့ကို မဆို စိတ်စေတနာဖြူစင်စွာကူညီလေ့ရှိသဖြင့် လူချစ်လူခင် ပေါများလေသည်။ ထက်အောင်ခန့် (၁၅)နှစ်သား ကိုးတန်းကျောင်းသားအရွယ်မှာပင် ဖခင်တိမ်းပါးသွားသည်။ မိခင် ဒေါ်စန်းမူမှာ စီးပွားရေးလုပ်ငန်း မလုပ်တတ်မကိုင်တတ်သဖြင့် ဆင်းရဲဒုက္ခရောက်ခဲ့ရ သည်။ သို့ပေမယ့်လည်း သားလေးရဲ့ပညာရေးအတွက် ကြိုစား၍လုပ်ကိုင်ခဲ့သည်။ ဒါကိုသိသော ထက်အောင်ခန့်ကလည်း (၁၀)တန်းရောက်သောအခါ ကျောင်းမနေ ချင်တော့ပဲ အလုပ်လုပ်ချင်နေတော့သည်။

    “အမေ”

    “ဟေ…ဘာလဲသားရဲ့၊ သားဘာလိုလို့လဲ”

    “ကျွန်တော် ကျောင်းမနေချင်တော့ဘူးအမေ။ အမေ အလုပ်လုပ်နေရတာ အရမ်း ပင်ပန်းတယ်အမေရာ။ ကျွန်တော်ပဲ အမေ့ကိုလုပ်ကျွေးတော့မယ်ဗျာ” (more…)

  • သိမ်းဆည်းထားသော အတွေးတစ်ခုကို ဖွင့်ဟရေးသားမိရာ…

    ကျွန်မလွန်ခဲ့တဲ့  သုံးလေးလလောက်က အလုပ်ကိစ္စနဲ့ ကော့သောင်းနဲ့ မြိတ်ဘက်ကို ရောက်ခဲ့တယ်။ တနင်္သာရီတိုင်းကို ဒါပထမဆုံး အကြိမ်ရောက်ဖူးတာပဲ။ ကော့သောင်းမှာတစ်မြို့လုံး ဘယ်နားကြည့်ကြည့် မွတ်စ်လင်မ်တွေချည်းပဲမို့ စိတ်ထဲမှာအရမ်းလုံခြုံပြီး ဒေသ အသစ်လို့တောင် သိပ်မခံစားရဘူး။ ကော့သောင်းမှာ တစ်ညအိပ်ပြီး မြိတ်ကိုခရီးဆက်ခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ရေးဖြစ် ဖို့ကလဲ မြိတ်မှာ “သူမ” နဲ့ တွေ့ဆုံပြီးမှ ဖြစ်ခဲ့ရတာပါ။

    သူမ ဆိုတာကတော့ အိုင်အန်ဂျီအိုတစ်ခုကဖွင့်လှစ်ထားတဲ့ Drop-in-Centre (DIC) လို့ခေါ်ကြတဲ့ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ခံစားနေရသူ တွေနဲ့ ဒီရောဂါရနိုင်တဲ့အမူအကျင့်ရှိသူတွေအတွက်ဖွင့်လှစ်ထားတဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ အပန်းလည်းဖြေနိုင်တဲ့ နေရာတစ်ခုမှာ ကျွန်မတွေ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အလုပ်တာဝန်နဲ့ အဲဒီကိုရောက်ရင်း သူနဲ့စကားပြောဖို့ နာမည်မေး လိုက် တဲ့အချိန်မှာတင် ကျွန်မရင်ထဲမှာ တုန်လှုပ်သွားရပါတယ်။ သူ့နာမည်က “ဂျွမ္မာဘီ” တဲ့။ သူ့အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် သူ့မှာအိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိနေပြီ။ ၁၃ နှစ်သမီးအရွယ်ကတည်းက လမ်းမှားကိုရောက်ခဲ့ရပြီး အခုအချိန်ထိလဲ သူလမ်းမှန်ကို ပြန်မသွားနိုင်သေးရှာဘူး။ သူနဲ့စကားပြောရင်း မျက်ရည်မကျမိအောင် ကျွန်မမနည်းထိန်းထားရတယ်။ ကလိမာဟ်ကလွဲပြီး ဘာမှ မသိရှာသူ၊ နမားဇ်မဖတ်တတ်ရှာသူ၊ မြန်မာစာဆိုလဲ နာမည်တစ်လုံးပဲ ရေးတတ်တဲ့သူလေးပါ။ ကျွန်မမေးကြည့်တော့ သူ့အမေကတော့ အိမ်မှာ နမားဇ်ဖတ်ပါတယ်၊ ကျန်းမာရေးမကောင်းလို့ သူ့ဝင်ငွေကိုပဲ မှီခိုနေရတယ်လို့ ပြောပြပါတယ်။ အကျဉ်းချုံးပြောရရင် ကျွန်မ သူ့ကို ကျွန်မလဲသူ့အတွက်ဒိုအာလုပ်ပေးမယ်၊ သူကိုယ်တိုင်လဲ ဒီအလုပ်ကရုန်းထွက်နိုင်အောင် ကြိုးစားဖို့ ပြောဖြစ်ခဲ့ပါတယ်။

    သူနဲ့တွေ့ပြီးတဲ့နောက် ကျွန်မခေါင်းထဲမှာအတွေးတစ်ခုဝင်လာတယ်။ အခုဆိုရင် ကျွန်မတို့ဆီမှာ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်နဲ့ပတ်သတ်ပြီး ပညာပေးတွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ နောက်ဆုံး အေအာရ်တီဆေး ထောက်ပံ့ပေးအပ်တဲ့ အန်ဂျီအိုတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ အများကြီးရှိနေပါပြီ။ ဒါပေမယ့် သူတို့တွေခန့်ထားတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူ (Cousellor) နဲ့ ပညာပေးသူ (Educator) တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့က ရောဂါမ ရှိတဲ့သူဆို ရောဂါကူးစက်နိုင်တဲ့အမူအကျင့်တွေကဘယ်လို၊ ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး ပြောပြပေးတယ်။ ရောဂါရှိတဲ့သူ ကျတော့ ကိုယ်ကသူများကိုမကူးအောင်၊ သူများဆီကထပ်မံကူး စက်မခံရအောင်ဆိုပြီး နှစ်သိမ့်၊ ဆွေးနွေး၊ ပညာပေးတယ်ပေါ့။ ကျွန်မစဉ်းစားကြည့်မိတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ရောက်နေတဲ့ ဒီလမ်းမှားပေါ်က လူတွေကို သူတို့လုပ်ကိုင်နေတဲ့ အရာတွေ ရပ်တန့်သွားအောင်၊ ရပ်တန့်ချင်လာအောင် ကျွန်မတိုက မကူညီနိုင်ဘူးလား၊ အကောင်အထည်ဖော်ဖို့ မကြိုးစားနိုင်ဘူးလား။ သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှုအလိုက်ပညာပေးမှုတွေ၊ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ၊ ၀င်ငွေရရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်ဘူးလား။ နာမည်ကြီး အန်ဂျီအို တစ်ခုကဆရာဝန်မတစ်ယောက်နဲ့တွေ့တော့ သူကပြောတယ်။ ကျွန်မတို့က လူကိုလူလိုပဲမြင်တယ်တဲ့။ ဒီအလုပ်လုပ်တာဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းပဲတဲ့။ ဒိအတွက် ဘာမှသူ့ကိုရှုံ့ ချစရာမလိုဘူး။ သူကျန်းမာရေးကောင်းမွန်အောင် ပံ့ပိုးပေးတာပဲလုပ်ရမယ်။ ဒါကျွန်မတို့ရဲ့ ရည်မှန်းချက်ပဲတဲ့။ လူကိုလူလိုဆက်ဆံရမယ်ဆိုတဲ့ သူ့အတွေးကိုကျွန်မလေးစားပါတယ်။ ဒါပေမယ့် ကျွန်မတို့လူကိုလူလို တန်ဖိုးထားပြီး သိက္ခာရှိရှိနဲ့ ၀င်ငွေရှာဖွေနေတာကို မြင်ရတာ ပိုများမကောင်းဘူးလားရှင်။

    ရန်ကုန်နဲ့ နယ်မြို့တစ်ချို့မှာ အန်ဂျီအိုတွေက ဖွင့်လှစ်ထားတဲ့ DIC အတော်များများကို ကျွန်မရောက်ဖူးတယ်။ နားခိုရာလို့ သူတို့ နာမည်လှလှပေးပြီး စိတ်သက်သာအပန်းဖြေဖို့ သူတို့ငွေကုန်ကြေးကျ အများကြီး ခံပြီးဖွင့်လှစ်ထားတဲ့နေရာတွေကို ကျွန်မကတော့ အားမနာတမ်း၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် မျိုးတူရာ စုပေးပြီး အင်အားကြီးထွားလာအောင် လုပ်ပေးနေသလားလို့ မချင့်မရဲ ဖြစ်မိတယ်။ လူဆိုတဲ့ အမျိုးက အများကြားမှာတစ်ယောက်ဆို ကိုယ့်ကိုယ်ကိုမ၀ံ့မရဲနဲ့ ပြုပြင်ဖို့ကြိုးစားကောင်း ကြိုးစားဦးမယ်။ အားလုံးတူတူပဲဆိုမှတော့ ယုံကြည်မှုတွေအပြည့်နဲ့ ကိုယ့်ရပ်တည်မှုကိုယ် အမှန်လို့မြင်ပြီး ပိုတောင်ခိုင် မာလာဦးမယ်။ နောက် သူတို့ရဲ့ အစီအစဉ်တွေကို ကြည့်လိုက်မိတော့ ရုပ်ရှင်ကြည့်အပန်းဖြေခြင်း၊ ကာရာ အိုကေသီဆိုခြင်း၊ အလှအပပြုပြင်ခြင်း၊ ဇယ်ခုံတောက်ခြင်း စတာမျိုးတွေပါပဲ။ ဘ၀ကို လိုချင်ရက်နဲ့ ဖြစ်ဖြစ်၊ အခြေအနေပေးလို့ပဲဖြစ်ဖြစ် စိတ်လွတ်လက်လွတ်ဖြတ်သန်းနေရတဲ့သူတွေအတွက် သူတို့စိတ်ဝင်စားမယ့် ဒီပျော်စရာအစီအစဉ်တွေ မလိုအပ်ဘူးလို့မပြောပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့စိတ်ကို လမ်းမှန်ကို ပြန်လည်ဦးတည်လာစေမယ့် ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာဟောပြောမှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ ထည့်ပေးလို့မရဘူးလား။ သို့လော သို့လော အတွေးတွေနဲ့ ကျွန်မရင်မှာ တစ်အုံ့နွေးနွေးဖြစ်နေတာ ကြာပြီမို့ MMSY ကမိတ်ဆွေတွေကို ရင်ဖွင့်တဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ဒါ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်အမြင်မို့ သဘောထားချင်း တိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်မှာပေါ့။ ဒီလိုရေးခွင့်ရတဲ့အတွက်တော့ Thanks, MMSY 🙂

    Aisha

  • ရွှေခေတ်ကို ပြန်လည်ရယူလိုပါလျှင် …

    ရွှေခေတ်ဟု ကျော်ကြားသော အစ္စလာမ်သာသနာဝင်မုစ်လင်မ်တို့၏အတိတ်ကာလသည် ဂုဏ်ယူစ၀င့်ကြွားဖွယ်ရာ အကြောင်းတစ်ရပ် ဖြစ်လျက်ရှိပါသည်။ စာရေးဆရာများနှင့်ဟောပြောသူများအဖို့ လက်၊လျှာ၊အာတွေ့ မဆုံးနိုင်အောင် ဖြစ်နေကြ၏။ အတိတ်မျှော်ဂုဏ်ဖော်နေခြင်းအား ယခုနေရာတွင် တန့်လိုက်ကြပြီး ခမ်းနားကြီးကျယ်လှသည့် ထိုခေတ်ကြီး မည်သို့ဖြစ်တည်လာခဲ့ကြောင်း အတွေးအမြင်အချို့ကို ဆွေးနွေးကြည့်ကြပါစို့။

    ကြွားဝါမာန်တက်ရေးအတွက် အဖြစ်အပျက်များမှ ရိက္ခာထုတ်ဖော်ခြင်းသည် အစ္စလာမ့်အနှစ်သာရနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေပါသည်။ ဖြစ်ရပ်များကို သုံးသပ်ရာတွင် အစ္စလာမ့်နည်းလမ်းသည် ထိုအရာများမှ သင်ခန်းစာ ရယူခြင်းဖြစ်သည်။ အရှိတရားကို မြင်အောင်ကြည့်ရှုစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား အမှန်တကယ်သင်ပေးလိုက်သည့်အချက်သည် အဘယ်အရာဟူသည်ကို ကောက်ချက်ချနိုင်ရပါမည်။ အကြောင်းအချက်များမှာ အရှိတရားအပေါ်အခြေမခံပါက စိတ်နှလုံးအတွက် ဓါတ်စာမဖြစ်၊ တလွဲမာန သွတ်သွင်းလိုက်သလိုသာ ဖြစ်ရပေ၏။

    အတိတ်ကာလမုစ်လင်မ့်သမိုင်းကို လေ့လာဆန်းစစ်ကြည့်သော်  – ၄င်းရွေခေတ်ကြီးသည် ယနေ့ခေတ်မုစ်လင်မ်များ လုပ်ဆောင်နေသလိုမျိုး အခွင့်အရေးတိုက်ပွဲဝင်မှုမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်သည်ကို တွေ့ရ၏။ ၄င်းခေတ်ကာလ၏ အောင်မြင်မှုသည် သူတစ်ပါးတို့အပေါ် ကျွန်ုပ်တို့၏အသုံးကျမှု ( ကောင်းကျိုးဖြစ်ထွန်းစေမှု ) ဖြင့် သတ်မှတ်နိုင်ပေသည်။ ယင်းအရည်အသွေး၏ဂုဏ်ရည်က မုစ်လင်မ်တို့အား ယင်းသို့သော ထိပ်တန်းအောင်မြင်မှုသို့ ရောက်ရှိသွားစေခဲ့ပါသည်။

    ယနေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ရုရှ(ဆိုဗီယက်)တို့မှာ ခေတ်သစ်ယဉ်ကျေးမှု၏ဗဟိုဌာနများအဖြစ် ထင်ပေါ်ကျော်ကြား၏။ သို့သော် ထိုအရာများ၏ဘူမိနက်သန်သည် ထိုနိုင်ငံများ မဟုတ်ချေ။ အသိပညာပြန်လည်ထွန်းကားမှုသည် ထိုဒေသများမှ အစပြုခဲ့သည်မဟုတ်ပါ။ ဥရောပတွင် အသိပညာနှင့်လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာသည် စပိန်၊ စစ္စလီနှင့် အီတလီ ဖြစ်ခဲ့ကြောင်းတွေ့ရလေသည်။ ဖော်ပြပါကမ်းရိုးတန်းဒေသများမှ အသိပညာပြန်လည်ရှင်သန်ခြင်း စတင်ခဲ့၏။ ၄င်းနောက် ခေတ်သစ်ယဉ်ကျေးမှု၏မျိုးစေ့များကို ကြဲဖြန့်ခဲ့၏။ ထိုမှတစ်ဆင့် အခြားဥရောပတိုင်းပြည်များသို့ ပျံ့နှံ့သွားခဲ့ပေသည်။

    အသိပညာနှင့်ယဉ်ကျေးမှုများသည် ဥရောပသို့ မုစ်လင်မ်တို့မှတစ်ဆင့် ရောက်ရှိခဲ့ခြင်းသာဖြစ်သည်။ မုစ်လင်မ်တို့၏ခေတ် မတိုင်မီက ဥရောပတိုက်သည် အမှောင်ကမ္ဘာကြီးဖြစ်ခဲ့၏။ ထိုကာလမှာ   မှောင်မိုက်ခြင်းနေ့ရက်များ ဟု သမိုင်းတွင် ထင်ရှား၏။  မုစ်လင်မ်တို့သည် ပင်လယ်ကိုဖြတ်ကာ အာဖရိကမှ ဥရောပသို့ ဦးစွာဝင်ရောက်ခဲ့ကြ၏။ မော်ရိုကိုမှ စပိန်သို့ ရေကြောင်းခရီးဖြင့် ရောက်ခဲ့ကြ၏။ အလားတူပင် တူနီးရှားမှ မြေထဲပင်လယ်ကို ကျော်ဖြတ်ပြီး စစ္စလီနှင့် အီတလီသို့ ၀င်ခဲ့ကြသည်။ ၄င်းနောက် မုစ်လင်မ်တို့သည် ယင်းဥရောပနိုင်ငံများအတွင်း ပညာနှင့်ယဉ်ကျေးမှု၏အုတ်မြစ်ကို ချခဲ့ကြကုန်၏။   အနောက်ဥရောပ တစ်ခွင်သို့ လက်ဆင့်ကမ်းပျံ့နှ့ပြီး နောင်သောအခါ အမေရိကန်ပြည်ထောင်စုသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ လေ့လာသင်ကြားခြင်းဟူသော အလင်းတန်းကို ဥရောပသို့ ထုတ်လွှတ်ပေးခဲ့သူများမှာ မုစ်လင်မ်များဖြစ်ကြကြောင်း မည်သူမျှ  မငြင်းနိုင်ခဲ့ပါ။

    ထိုခေတ်ကာလတွင် မုစ်လင်မ်တို့သည် ကမ္ဘာကိုခါးစောင်းတင်ခဲ့ကြသူများဖြစ်၏။ ထိုခေတ်မုစ်လင်မ်တို့အနေနှင့် ကမ္ဘာမြေ၀ယ် ခြေတစ်လှမ်း လှမ်းလေတိုင်း ထိုနေရာမှ ပညာရေစမ်း ပန်းထွက်လာ၏၊  သမိုင်းထဲက အမှောင်နေ့ရက်များကို ယဉ်ကျေးမှုထွန်းတောက်သည့်ကာလအဖြစ်  လှည့်ပြောင်းပေးခဲ့ကြ၏။ နေရာတစ်ခုခုတွင် မုစ်လင်မ်တို့ အခြေချသည့်အခါတိုင်း ခြောက်သွေ့မြေပေါ် နတ်ဘုံရေစင်ဆိုက်ရောက်သကဲ့သို့ ဖြစ်ရသည်အထိ  သူတို့၏အသိပညာဖြန့်ချိရေးစွမ်းရည် မြင့်မားခဲ့ကြလေသည်။

    လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်ကြီးဝယ် ခရစ်သက္ကရာဇ်(774)ခုနှစ်က သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါးတစ်ချပ်ရှိ၏။ ရှေးဟောင်းအင်္ဂလန်ပြည့်ရှင် Offa Rax (757 – 796 ) လက်ထက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဒင်္ဂါး၏မျက်နှာစာတစ်ဖက်တွင် ထိုဘုရင်၏အမည်ကို တွေ့ရပြီး အခြားတစ်ဖက်တွင်မူကား မုစ်လင်မ်တို့၏ယုံကြည်ချက်သက်သေခံစကားရပ်ကို အရဘီဘာသာဖြင့် တွေ့ရလေသည်။ ပရော်ဖက်ဆာ Philip K.Hitti က မိမိ၏စာအုပ်  History of the Arabs(1979)၊ စာမျက်နှာ(၃၁၆)တွင် ထိုဒင်္ဂါး၏ဓါတ်ပုံကို အောက်ပါကဲ့သို့ ခေါင်းစဉ်တပ်လျက် ဖော်ပြထားပါသည်။

    အာရဗ် ဒီနာရ်(ဒင်္ဂါး)ကို တုပထားသော (၇၇၄)ခုနှစ်မှ အင်္ဂလို ဆက်ဆွန် ရွှေဒင်္ဂါး

    (၈)ရာစုနှစ်မုစ်လင်မ်တို့သည် ဂရိဆေးဝါးပညာယူဆချက်များကို လိုက်စားခဲ့ကြ၏။ သို့သော်  ၄င်းလမ်းကြောင်းပေါ် တစိုက်မတ်မတ် ရည်မှန်းချက်ဖြင့် စွမ်းစွမ်းတမံ အားထုတ်ခဲ့မှုကြောင့် နောင်တစ်ချိန်ဝယ် ကြောက်ခမန်းလိလိ တိုးတက်မှုများ ဖြစ်ပေါ်လာ၏။ နောက်ဆုံးတွင် သူတို့သည် သူတို့၏ခေတ်ကာလအတွင်း ကမ္ဘာ့ဆေးးပညာလောက၏ ဦးဆောင်သူများအဆင့်သို့ ရောက်ခဲ့ကြကုန်၏။ သမားတော်ကြီး Avicenna က ဗြိတိသျှစွယ်စုံကျမ်း(၁၉၈၄)တွင် ကျမ်းတစ်စောင်အကြောင်းကို  ဖော်ပြထားပုံမှာ –

    (မုစ်လင်မ်တို့ပြုစုခဲ့သော) ဆေးဝါးနှင့် ကုထုံးနိသျှကျမ်းကြီးသည် ဆေးပညာသမိုင်းတွင် အကျော်ကြားဆုံး ကျမ်းဂန်များအနက် အပါအ၀င်ဖြစ်နေဆဲပင်                                                                        (I/681)

    စစ္စလီ၏ဘုရင် ရော်ဂျာ – ၂(၁၀၉၅ – ၁၁၅၄)သည် သူ့ခေတ်ကာလတွင် ဥရောပ၏လျှမ်းလျှမ်းတောက် ဘုရင်များအနက် တစ်ဦးဖြစ်သည်။ သူသည် မိမိပိုင်နက်၏တည်နေရာအမှန်(နယ်နမိတ်)ကို အတိအကျ ဖော်ပြနိုင်သော ကမ္ဘာ့မြေပုံ တစ်ခုရေးဆွဲရန် အထူးစိတ်ဝင်စားခဲ့၏။ ထိုရည်ရွုယ်ချက်အကောင်အထည်ဖော်ရန် ပညာအပြည့်အ၀ဆုံးသူကို ရှာဖွေစေရာ  အလ်အိဒ်ရိစီ ကို တွေ့လေ၏။ သူသည် မော်ရိုကိုနိုင်ငံတွင် မွေးဖွားခဲ့ပြီး စပိန်ရှိ မုစ်လင်မ်တက္ကသိုလ်များမှ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထို့နောက် သူသည် အာရှ၊ အာဖရိကနှင့် ဥရောပတစ်လျှေုာက် ကျယ်ပြောသောခရီးစဉ်ကြီးတစ်ခုထွက်ခဲ့၏။ ယဉ်ကျေးမှုဖြစ်ထွန်းစ ထိုခေတ်၏ အထက်မြက်ဆုံး ပထ၀ီဗေဒပါရဂူမှာ အလ် အိဒ်ရိစီ ပင်ဖြစ်ပေသည်။ ဗြိတိသျှစွယ်စုံကျမ်းတွင် သူနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားပေသည်။

    အလ် အိဒ်ရိစီသည် စစ္စလီနိုင်ငံ၊ နော်မန်ဘုရင် ရော်ဂျာ ၂ ၏အရင်းနှီးဆုံးမိတ်ဆွေ၊ ၄င်းအပြင် အကြံတော်ပေးလည်း ဖြစ်၏။ နန်းတွင်းဝယ် ပထ၀ီဝင်ဗေဒပညာရှင်အဖြစ် အမှုထမ်းခဲ့၏။ ရော်ဂျာ ၂ က မိမိလိုချင်သော ကမ္ဘာ့မြေပုံတစ်ခုဖန်တီးရန် အလ်အိဒ်ရိစီအား စစ္စလီသို့ ဖိတ်ကြားခေါ်ယူခဲ့ခြင်း ဖြစ်သည်။  (9/198)

    ကျွန်ုပ်တို့ ဘိုးဘေးဘီဘင် ရှေးအဆက်အနွယ်များ၏အခြေအနေမှာ ယင်းသို့ ဖြစ်ပါသည်။ ယနေ့သော်ကား ပြောင်းပြန်ဇောက်ထိုး ဆန့်ကျင်ဖက်အခြေအနေသို့ ဆိုက်ရောက်နေပါ၏။ ကမ္ဘာတစ်ဝှန်းရှိ မုစ်လင်မ်တို့မှာ ပြသနာ၏အရင်းခံများ ဖြစ်နေကြ၏။ အဖိုးထိုက်တန်လွန်းသူများ မဟုတ်ကြလေတော့။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍတိုင်းတွင် နောက်ကောက် ကျခဲ့ကြကုန်၏။ ရှေးအတိတ် မုစ်လင်မ်တို့ဆောင်ရွက်ခဲ့ကြကုန်သည့် သြဇာအရှိန်အ၀ါအခြေအနေမျိုးဆိုလျှင် မိမိတို့ဘ၀၏ မည်သည့် အခန်းကဏ္ဍမျှ ရှိမနေကြတော့ပါလေ။ ခေါင်းဆောင်ဆိုသူများကလည်း မိမိတို့ဖာသာ ဖန်တီးပုံဖော်ထားသော စိတ်ကူးယဉ် သုခဘုံ အတွင်း ရောက်ရှိစေအံ့ ဟု လူတို့အား ချော့သိပ်မှိုင်းတိုက်လျက် ရှိကြကုန်၏။

    အချုပ်အားဖြင့် လက်ရှိမုစ်လင်မ်(အများစု)တို့မှာ ရယူသူများ ဖြစ်ကုန်ပြီး ပေးဆပ်သူများ အလျဉ်းမဟုတ်ကြတော့။ ယှဉ်ပြိုင်ရင်ဆိုင်ခြင်းနှင့် ကြိုးပမ်းရုန်းကန်ခြင်းတို့ဖြင့် အတိပြီးသော ယခုကမ္ဘာကြီးဝယ် တကယ်လို့များ သူတို့သည် ဂုဏ်ယူဖွယ် အနေအထားတစ်ရပ်သို့ မည်သည့်အခါမျှ ပြန်လည်မရောက်ရှိတော့ပါလျှင် …………………….

    မိမိတို့၏လုပ်ရပ်သည် မိမိတို့၏အကျိုးသာ ဖြစ်ရပေအံ့။

    မောင်လာနာ ၀ဟီဒုဒ္ဒီးန် ခန်း ၏  Getting What One Deserves   ကို မြန်မာပြန်ဆိုတင်ပြခြင်း ဖြစ်သည်။

    စလာမ်၊ ဒုအာအ်ဖြင့်

    ဂျူလိုင်ရဲရင့်

  • ဟောင်ကောင်မှ ဗလီနှင့် ဆွလာသ်ဝတ်ပြုဆောင်များ အပိုင်း (၂)

    ဒီရက်ပိုင်း ရုံးမှာအလုပ်ရှုပ်နေတာနဲ့ အပိုင်း ၂ ကို ဆက်မရေးဖြစ်ခဲ့တာပါ။ စိတ်ထဲမှာတော့ အကြွေးတစ်ခုကျန်နေတာမို့ ကသိ ကအောက်နဲ့ပါ။ အက်ဒ်မင်က ကျွန်မရဲ့ပိုစ့်စ်ကို ခရီးသွားဆောင်းပါးဆိုတဲ့ ခေါင်းစဉ်အောက်ထည့်ပေးတာ ကျေးဇူးပါ။ နေရာဒေသ တွေချည်းပဲရေးရတာ ပျင်းစရာကောင်းပါတယ်။ အတွေ့အကြုံလေးပါထည့်ရေးမှ ဖတ်တဲ့သူလဲ စိတ်ဝင်စားမှာပေါ့…နော်။ နောက်ထပ်ရေးပြချင်တဲ့ ဗလီကတော့ ၀န်ချိုင်းဆိုတဲ့အရပ်မှာရှိတဲ့ မက်စ်ဂျစ်ဒ်အမ်မာ နဲ့အွတ်စ်မန်းရမ်ဂျူးစဒစ်အစ္စလာမ်မစ်စင်တာပါ။ ၁၉၈၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လူအယောက် ၇၀၀ဆံ့ပါ တယ်။ ဒီဗလီမှာအမှတ်ရစရာကတော့ မြန်မာပြည်က (more…)

  • လူမျိုးဆိုတာ

    လူမျိုးဆိုတာ လူကို အမျိုးအစားခွဲခြားသတ်မှတ်တဲ့ အမည်ပညတ်ပါ။ ဘာလူမျိုး၊ ညာလူမျိုးရယ်လို့ ခွဲပြောတဲ့အခါမှာသာ ဒီဝေါဟာရကို သုံးနှုန်းလေ့ရှိပါတယ်။ အဲဒီ ဘာလူမျိုး၊ ညာလူမျိုးဆိုတာတွေက ဘယ်အပေါ်မှာ မူတည်ပြီး ခွဲတာပါလဲ။

    ဟောဒီကမ္ဘာပေါ်မှာရှိနေတဲ့ လူမျိုးကွဲတွေဟာ ဟိုဂြိုဟ် ဒီဂြိုဟ်တွေကနေ ပေါင်းစုံပြီး ရောက်လာကြသူတွေမဟုတ်ဘူး။ အဲဒီလိုအထောက်အထားလည်း လူ့သမိုင်းရဲ့ ဘယ်မှတ်တမ်းမှာမှ မရှိခဲ့ဘူး။ ဒါဆို လူတွေဘယ်ကစသလဲ။ လူသားအစနဲ့ပတ်သက်လို့ အဆိုကွဲတွေ ရှိပါတယ်။

    မြန်မာတွေက ဗြဟ္မာကြီးလေးဦးက စသတဲ့။ ခရစ်ယာန်တို့ အစ္စလာမ်တို့ကတော့ အာဒမ်နဲ့ ဧ၀ကစတယ်လို့ ယုံကြည်ကြ တယ်။ တစ်ခါ ဒါဝင်ရဲ့ သိပ္ပံအယူအဆအရ လူတွေဟာ မျောက်က ဆင်းသက်တာပါလို့ ဖြစ်ပြန်ရော။ ဘယ်ဟာ အမှန်ဆိုတာကို ခဏထား လိုက်ပါ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီအယူအဆတွေထဲက တစ်ခုသာလျှင် အမှန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာပေါ်မှာ တချို့က အာဒမ်လူမျိုး၊ တချို့က မျောက်က ဆင်းသက် လာတဲ့ မျောက်သက်လူမျိုး၊ တချို့က ဗြဟ္မာမျိုးရယ်လို့ ကိုယ့်အမျိုးနဲ့ကိုယ် ခွဲခြားခံယူပြီး ကွဲပြားနေတာမျိုးမှ မရှိတာ။

    “လူသားအားလုံး အာဒမ်ဧ၀က စတယ်”

    “လူသားအားလုံး ဗြဟ္မာကြီးလေးဦးက စတယ်”

    “လူသားအားလုံး မျောက်က ဆင်းသက်တယ်”

    လို့သာ လူသားအားလုံးရဲ့အစနဲ့ပတ်သက်ပြီး အယူအဆကွဲနေကြတာပါ။ ဒီအချက်ကို ကြည့်ရင်ပဲ ဘယ်အယူအဆက မှန်မှန်၊  သေချာတာ ကတော့ လူသားအားလုံးဟာ တူညီတဲ့ရေသောက်မြစ်ရှိပြီး ပင်စည်တစ်ခုတည်းက ဖြာထွက် လာတဲ့ အခက်အလက်တွေ ဆိုတာကို ဖော်ညွှန်းနေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် လူမျိုးမှန်သမျှဟာ ကမ္ဘာ့အိမ်ထောင်စုဝင် ညီနောင်သားချင်းတွေဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာလက်ခံထားကြဖို့ လိုပါတယ်။

    ““လူသားအားလုံးဟာ တစ်စုတစ်ဖွဲ့တည်း ဖြစ်တယ်””      (၂း ၂၁၃)

    ဒါကတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အတည်ပြုချက်ပါ။ ကိုယ့် သမိုင်းရဲ့ တာထွက်အစမှတ်ကို ကိုယ်တိုင်ပြန်ရှာမတွေ့နိုင်တော့တဲ့ သနားစရာ့ လူသတ္တ၀ါတွေအတွက် ဖန်ဆင်းရှင်အလ္လာဟ်က လူသားအစနဲ့ပတ်သက်ပြီး အခုလို အသိပေးထားပါသေးတယ်။

    ““ထိုအရှင်မြတ်သည် အသင်(လူသား)တို့အား တစ်ဦးတစ်ယောက် တည်းမှ  အစပြုဖန်ဆင်းထားခြင်း ဖြစ်၏။ ထိုတစ်ဦးတစ်ယောက်မှ သူ၏ကြင်ရာကို ခွဲထုတ် ဖန်ဆင်း၏။ သူတို့မောင်နှံမှတစ်ဆင့် များစွာသော ယောက်ျား၊မိန်းမတို့ကို ပြန့်ပွားစေ၏”” (၄း ၁)

    ကျမ်းတော်လာ မူလအစ တစ်ဦးတည်းသောသူဆိုတာ အာဒမ်ဖြစ် ကြောင်းလည်း ကျမ်းတော်(၂း ၃၀-၃၄)မှာ ဖော်ပြထားချက်အရ သိရပါတယ်။ တစ်ယောက်ကနေ တစ်စုံ၊ တစ်စုံကနေ အများအပြား ဆင့်ပွားပြန့်နှံ့လာခဲ့တာပါ တဲ့(ကုရ်အာန် ၄း ၁)။

    အဲဒီလို အာဒမ်ရဲ့ မိသားစုကြီးဟာ တဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာ စားရေရိက္ခာပေါများရာ၊  နေပျော်ရာအရပ်တွေကို ပြောင်းရွှေ့နေထိုင်ရင်း ပြန့်နှံ့ ကုန်ပါတယ်။ ဘာသာစကားတွေ ကွဲကုန်တယ်။ ရေမြေအလိုက် ဓလေ့စရိုက်တွေ ခြားလာတယ်။ လုပ်ငန်းဆောင်တာ ၀မ်းစာရှာသဘာဝတွေလည်း ကွဲလာတယ်။ ရာသီဥတုအလိုက် ၀တ်စားဆင်ယင်ပုံ စားသောက်နေထိုင်ပုံတွေလည်း မတူတော့ ဘူး။

    ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အခါမှာ နယ်မြေအလိုက် ယဉ်ကျေးမှုတံတိုင်းတွေက သိသိသာသာခြားကုန်တယ်။ တစ်စုနဲ့တစ်စုရဲ့ ကွဲပြား ခြားနားချက်တွေက ပိုပြီးမြင်သာထင်သာရှိလာကြတယ်။ ဒီလိုနဲ့ လူမျိုးကွဲတွေအဖြစ် သတ်မှတ်ချက်တွေ ဖြစ်လာပါတယ်။ အဲဒီလိုကွဲပြားနေတဲ့ လူမျိုးကွဲတွေကို အစ္စလာမ်က ဘယ်လိုရှုမြင်ပါသလဲ။ ကုရ်အာန်က ပြောတာကတော့-

    ““အို-လူသားတို့၊ ငါအရှင်သည် အသင်တို့ကို ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်မှအစပြု ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့အချင်းချင်း ခွဲခြားသိမြင် မှတ်မိကြရန်အတွက်သာ လူမျိုးအသီးသီးကို ပြုလုပ်တော်မူခဲ့ခြင်းဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်ထံ၌ အမြင့်မြတ်ဆုံးသောသူသည် အပြစ်ရှောင်သူဖြစ်၏””  (၄၉း ၁၃)တဲ့။

    ဒီအာယသ်တော်က ပထမတစ်ဆင့် လူတွေဟာ တစ်မိတစ်ဖတည်းက ဆင်းသက်လာတဲ့ တအူတုံ့ဆင်း မောင်ရင်းနှမ ညီနောင်သားချင်းတွေဖြစ်တယ် ဆိုတာကို အသိပေးနေတယ်။

    ဒုတိယတစ်ဆင့် လူမျိုးဆိုတာ မှတ်မိလွယ်အောင်ရည်ရွယ်ချက်နဲ့သာ ဖန်တီးထားတာလို့ အသိပေးတယ်။ လူတွေတစ်ယောက်နဲ့တစ်ယောက် မှတ်မှတ် သားသားလေးဖြစ်အောင် ကိုယ်ပိုင်နာမည်လေးတွေ ပေးထားကြသလိုပေါ့။ လူမျိုး ဆိုတာကလည်း လူတွေအဆမတန်များပြားလာတဲ့အခါမှာ ကိုယ့်ကိုယ်ပိုင် အမှတ်သင်္ကေတလေးတွေနဲ့ သီးသီးခြားခြားဖြစ်နေရင် ပိုပြီးမှတ်မှတ်သားသား ဆက်ဆံပေါင်းသင်းကြဖို့ လွယ်ကူရုံသက်သက်ပါပဲ။ ဒါကြောင့် အစ္စလာမ်က လူမျိုးရဲ့ ယဉ်ကျေးမှုသွင်ပြင်လက္ခဏာတွေကို ဘယ်တော့မှ မရိုက်ချိုးဘူး။ ယဉ်ကျေးမှု အောက်တန်းနောက်တန်းကျနေတဲ့ လူမျိုးတွေကိုသာ ယဉ်ကျေးမှု မြင့်မားလာအောင် ခေတ်တိုင်း ဒေသတိုင်းမှာ တမန်တော်တွေစေလွှတ်ပြီး ပြုပြင် မြှင့်တင်ပေးခဲ့တာ။(ကြည့် ၁၆း ၃၆)

    အထက်က အာယသ်တော်ရဲ့ တတိယအဆင့် သတင်းစကားကတော့ အမြင့်မြတ်ဆုံးသောသူဟာ အပြစ်ရှောင်သူ၊ ကိုယ်ကျင့်တရားကောင်းသူသာ ဖြစ်တယ်တဲ့။ ဒါကလည်း လူမျိုးကွဲပြားမှုဟာ ခွဲသိနိုင်ဖို့အတွက် ရှိနေရပေမယ့် အားလုံးဟာ တစ်မိသားစုဝင် သားချင်းတွေသာဖြစ်ကြတဲ့အတွက် သွေးခွဲသွေးကွဲ မှုတွေ မရှိအပ်ဘူးလို့ဆိုလိုတာပါ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်သူထက် ဘယ်သူ ကမှ ယုတ်ညံ့ခြင်း၊ မြင့်မြတ်ခြင်းမရှိဘူး။ တန်းတူရည်တူသဘောထားအပ်တယ်။ မြင့်မြတ်တယ် ယုတ်ညံ့တယ်ဆိုတာက လူမျိုးအချင်းချင်းမှ မဟုတ်ဘူး။ လူမျိုး တစ်မျိုးထဲက လူတစ်ယောက်ချင်းစီမှာလည်း ကိုယ်ကျင့်တရားအရသာ ကွာခြားမှု တွေရှိနိုင်တယ်ဆိုတာကို သတိပေးထားတာပါ။

    ဒီအာယသ်တော်ကို အကြောင်းပြုပြီး တမန်တော်မြတ်ကလည်း နောက် ဆုံး ဟဂ်ျမိန့်ခွန်းတော်မှာ-

    ““အာရဗ်လူမျိုးက အခြားလူမျိုးထက် ပိုမမြတ်၊ အခြားလူမျိုးကလည်း အာရဗ်လူမျိုးထက် ပိုမမြတ်၊ လူမည်းဟာ လူဖြူထက်မမြတ်၊ လူဖြူကလည်း လူမည်းထက် မမြတ်။ မြင့်မြတ်မှုဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်မှုအပေါ်မှာ သာ မူတည်တယ်။ သင်တို့အားလုံးဟာ ကမ္ဘာဦးဖခင်ကြီး အာဒမ်ရဲ့သားသမီးတွေ ဖြစ်ကြတယ်။ ဖခင်ကြီးအာဒမ်ကို မြေကြီးကနေ ဖန်ဆင်းထားတယ်””လို့ ဟောကြားတော်မူခဲ့ပါတယ်။

    ဆိုလိုတာက လူတစ်ယောက်နဲ့တစ်ယောက် သာလွန်နိုင်တဲ့အချက်က ကိုယ်ကျင့်တရားပဲ။ ကိုယ်ကျင့်တရားစံသာ အလ္လာဟ်အရှင်အသိအမှတ်ပြုတဲ့ မြင့်မြတ် သာလွန်တဲ့ စံဖြစ်တယ်။ လူမျိုးတို့၊ အသားအရောင်တို့ဆိုတာ လူလူချင်း  ခွဲခြားမြင်စရာ၊ ခွဲခြားဆက်ဆံစရာ ပေတံမဟုတ်သလို ဇာတိအနွယ်ဆိုတာကလည်း ကွဲပြားစေရာ အကြောင်းခံမဟုတ်ဘူး။ လူတိုင်းဟာ အာဒမ်ရဲ့ သားသမီးတွေ ဖြစ်ကြသလို လူတိုင်းဟာ မြေကြီးကနေဖြစ်တဲ့ ဇာတိအနွယ်တူတွေချည်းပဲဆိုတာ ကို သတိပေးထားတာပါပဲ။

    နောက်ပြီးတမန်တော်မြတ်က မိမိရဲ့ ကုရိုက်ရှ်မျိုးနွယ်စုတွေကို မှာခဲ့တဲ့ စကားလေးကလည်း မှတ်သားစရာပါ။

    ““အို၊ ကုရိုက်ရှ်မျိုးနွယ်စုအပေါင်းတို့၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် အမိုက်ခေတ်၏ မာနထောင်လွှားမှုနှင့် မိဘဘိုးဘေးတို့ကို အကြောင်းပြု၍ ဆွေဂုဏ်မျိုးဂုဏ် ၀င့်ကြွားမောက်မာမှုကို အဆုံးသတ်လိုက်ပြီ””တဲ့။

    ဒီတော့ ဆွေဂုဏ်မျိုးဂုဏ်ကို အကြောင်းပြုပြီး ၀င့်ကြွားပလွှားမှုဟာလည်း အစ္စလာမ်က တားမြစ်ထားတဲ့၊ မနှစ်သက်မလိုလားတဲ့ အမိုက်ခေတ်က မိစ္ဆာ လမ်းစဉ်မျိုးသာ ဖြစ်ပါတယ်။

    တကယ်တော့ မျိုးနွယ်စွဲဟာ လူသားတွေရဲ့ ကမ္ဘာ့အိမ်ထောင်စုမှာ အဆိပ်အတောက်ကိစ္စပါ။ မျိုးနွယ်ကိုအစွဲပြုပြီးတက်တဲ့ မာန်မာနကို ပါဠိလိုတော့  ဇာတိမာန်လို့ ခေါ်ပါတယ်။ လူသားဗီဇအရ ဇာတိမာန်ဟာ ခပ်ပါးပါးရှိနေရင် ကိုယ့်မျိုးကိုယ့်နွယ်အတွက် အကျိုးပြုလိုစိတ် စောင့်ရှောက်လိုစိတ်ရှိဖို့ အထောက် အကူဖြစ်တတ်ပေမယ့် ထူထူထဲထဲဖြစ်လာရင်တော့ အတ္တကြီးပြီး မဟာလူမျိုးကြီး ၀ါဒကို ကိုင်စွဲလာမိတတ်တယ်။ အခြားလူမျိုးတွေကို ကဲ့ရဲ့ရှုံ့ချ စော်ကားဆက်ဆံ မိတတ်တယ်။ လူမျိုးခြားကို စည်းတားဆက်ဆံတဲ့အလေ့ ခွဲခြားနှိမ်ချတဲ့အလေ့ သာတူညီမျှသဘောမထားနိုင်တဲ့အလေ့တွေကို ဇာတိမာန်လို့ ဂုဏ်ယူမိလာပြီဆိုရင် တော့ အဲဒီဇာတိမာန်က ကိုယ့်လူမျိုးတိုးတက်ရာတိုးတက်ကြောင်းကိုပါ တစ်နည်း တစ်ဖုံနဲ့ အဟန့်အတားဖြစ်စေတတ်ပါတယ်။ နောက်ဆုံး အာရီယန်(လူဖြူ)မျိုးနွယ် တွေသာ အခြားလူမျိုးတွေထက်ပိုပြီးမြင့်မြတ်ကြီးကျယ်ပါတယ်လို့ ဇာတိမာန် သွေးနားထင်ရောက်ခဲ့တဲ့ ဟစ်တလာလို သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်စေမယ့် လုပ်ရုပ်မျိုးတွေလည်း လုပ်မိလာတတ်ပါတယ်။

    ကမ္ဘာဦးကာလမှာ အာဒမ်ကို ဦးချဖို့ အီဗ်လီစ်က ငြင်းခဲ့တဲ့အကြောင်းက လည်း ဇာတိမာန်ပြင်းထန်လွန်းလို့ပါ။ သူပြောတာက သူက မီးနဲ့ ဖန်ဆင်းခံရတာ၊ အာဒမ်က မြေနဲ့ဖန်ဆင်းခံရတာ၊ ဆိုလိုတာကတော့ သူက အာဒမ်ထက်မြတ်တယ် ပေါ့၊ ဒါကြောင့် ဦးမချနိုင်ပါဘူးတဲ့။ ဒီလို မျိုးနွယ်စွဲကြောင့် သူဟာ မျှော်လင့်ချက် ကင်းဝေးသူအဖြစ်နဲ့ ရှိုင်သွာန်ဘ၀ကို ကိယာမသ်တိုင် ရောက်သွားရတဲ့အပြင် အကျိုးဆက်အနေနဲ့လည်း နောက်ဆုံးမှာ ငရဲမီးမှာအဆုံးသတ်ရမယ့်သူဖြစ်တယ်။ ဒါဆို မျိုးနွယ်စွဲစိတ်ပြင်းထန်သူတွေ၊ မျိုးနွယ်ကို အကြောင်းပြုပြီး ခွဲခြားလိုစိတ် ရှိသူတွေဟာ ရှိုင်သွာန်ရဲ့ စိတ်ဓာတ်မျိုးကို အမွေခံထားသူတွေ၊ ရှိုင်သွာန်ရဲ့ လမ်းစဉ်ကို ဖ၀ါးခြေထပ်လိုက်သူတွေဆိုတာ ထင်ရှားပါတယ်။

    မျိုးနွယ်စွဲစိတ်ဟာ တဖြည်းဖြည်းကြီးထွားလာရင် လူမျိုးမုန်းတီးရေးကို ဖြစ်စေတတ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က-

    ““လူမျိုးတစ်မျိုးကို အမုန်းစိတ်နဲ့ မလွန်ကျူးရ””( ၅း ၂)

    လို့ ပြတ်ပြတ်ထင်ထင် တားမြစ်ထားပါတယ်။ အမုန်းတရားဟာ ကမ္ဘာ့အိမ်ထောင်စု ရဲ့ ငြိမ်းချမ်းသာယာမှုကို ရိုက်ချိုးပစ်နိုင်စွမ်းပါတယ်။ မေတ္တာတရားကသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါတယ်။ အစ္စလာမ်ဘာသာနည်းတူ အခြား ဘာသာတရားတွေဟာလည်း မေတ္တာတရားကို အခြေပြုကြတာများပါတယ်။ ဒီတော့ ဘာသာတရားတွေ ထွန်းကားနေတဲ့ ဒီနေ့ခေတ်မှာ ကိုယ့်ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ တကယ်နေထိုင်ကြမယ်ဆိုရင် လူမျိုးမုန်းတီးရေးဆိုတာဟာလည်း ရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။

    ဒီနေရာမှာ စကားစပ်လို့ လူမျိုးနဲ့ ဘာသာတရားယုံကြည်မှုကဏ္ဍလေးကိုလည်း ကြားဖြတ်ပြောချင်ပါတယ်။ တချို့က လူမျိုးနဲ့ ဘာသာတရားကို အသေချည်နှောင်ထားကြတာမျိုးတွေ ရှိပါတယ်။ တကယ်တော့ လူမျိုးနဲ့ ဘာသာ တရားဟာ သီးခြားပါ။ ဒီလူမျိုးကြားပေါက်ဖွားလာလို့ ဒီလူမျိုးဖြစ်နေရခြင်းဟာ ပြင်ဆင်လို့ မရတော့တဲ့ လက်ခံလိုက်ရမယ့်ကိစ်္စပါ။

    ဘာသာတရားယုံကြည်မှုဆိုတာကတော့ လူတစ်ယောက်ချင်းရဲ့ နှလုံးသားကိစ္စပါ။ လူ့ဘ၀ပန်းတိုင်နဲ့ တမလွန်သေပြီးနောက် ကိစ္စတွေအပေါ်မှာ ကိုယ်ယုံကြည်မိရာ ဘာသာတရားကို တစ်ဦးချင်းက ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ရွေးချယ်ခွင့်ရှိပါတယ်။ တစ်ခါတစ်ခါမှာ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မိဘကို ရွေးချယ်ခွင့်မရှိသလို၊ လူမျိုးကို ရွေးချယ်ခွင့်မရှိသလို ဘာသာတရားကိုလည်း ဒီလူမျိုးက ဒီဘာသာတရားပဲ ဖြစ်ရမယ်ဆိုတဲ့ ခပ်ရှော်ရှော် အတွေးအခေါ်တွေကို စွန့်ပစ်ကြဖို့သင့်ပါပြီ။

    အိန်္ဒိယလူမျိုးဟာလည်း ကွမ်ယင်မယ်တော်ကို ကိုးကွယ်ချင် ကိုးကွယ်နိုင် ပါတယ်။ တရုတ်လူမျိုးဟာလည်း ဟိန္ဒူဘာသာဝင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဗမာ လူမျိုးစစ်စစ်ကလည်း ခရစ်ယာန်ဘာသာဝင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ လူမျိုးက တခြား၊ ယုံကြည်ကိုးကွယ်မှုက တခြားပါ။ ယုံကြည်ကိုးကွယ်မှုခြားတိုင်း လူမျိုးခြား လို့ သတ်မှတ်တာမျိုး၊ ငါတို့နဲ့မဆိုင်ဘူးလို့ စည်းခြားပစ်လိုက်တာမျိုးတွေ လုပ်လာရင် အဲဒီလူမျိုးမှာ သွေးကွဲမှုတွေ ဖြစ်လာပြီး စည်းလုံးညီညွတ်မှုပြိုကွဲပြီး နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကိစ္စတွေမှာလည်း ခရီးမတွင်ဖြစ်တတ်ပါတယ်။

    နောက်တစ်မျိုးရှိသေးတာက နိုင်ငံတစ်နိုင်ငံကို လူမျိုးတစ်မျိုးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မတည်ထောင်စကောင်းပါ။ နိုင်ငံတိုင်းမှာ လူမျိုးခွဲ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာချည်းပါပဲ။ အဲဒီတိုင်းရင်းသားတွေဟာ ဒီနိုင်ငံ အတွင်းကဆိုပေမဲ့ ရောက်ရှိဖြစ်ပေါ်လာရာလမ်းကြောင်းတွေက တူချင်မှ တူကြပါ တယ်။  မတူသော်ငြားလည်း အစဉ်အဆက်နေထိုင်လာပြီး အခြေကျဖွံ့ဖြိုးလာတဲ့ ယဉ်ကျေးမှုနဲ့အတူ မူလလာရာမျိုးနွယ်ကနေ ကွဲထွက်ပြောင်းလဲသွားကြပါပြီ။ အခြားလူမျိုးတွေနဲ့ ရောနှောယှက်ဖြာသွားကြပါပြီ။

    ဒီအချိန်မှာ သူတို့သိတာက သူတို့ရဲ့ လူနေမှုဘ၀မြင့်မားရေး၊ သူတို့ နေထိုင်ရာ တိုင်းပြည်ကြီးပွားတိုးတက်ရေးပါပဲ။ ဘယ်သူကမှ ကိုယ်မွေးဖွားကြီးပြင်း နေထိုင်ရာ ဇာတိရပ်ရွာထက် ဘိုးဘေးဘီဘင်တို့ နေထိုင်ရာဒေသကို ပိုချစ်တဲ့ လူရယ်လို့ မရှိပါဘူး။ တမန်တော်မြတ်ရဲ့ သြ၀ါဒတော်တစ်ပါးမှာ တိုင်းပြည်ကို ချစ်ခြင်းဟာ ယုံကြည်ချက်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ မွတ်စလင် တစ်ယောက်အဖို့ မိမိဘာသာတရားကို တကယ်ယုံကြည်သူဖြစ်ဖို့ဆိုရင် ကိုယ်နေ ထိုင်ရာ တိုင်းပြည်ကိုလည်း ချစ်မြတ်နိုးရပါတယ်။

    တိုင်းပြည်ကို ချစ်ခြင်း မချစ်ခြင်း ကိစ္စကို သွေးနဲ့တိုင်းတာလို့ မရပါဘူး။ သွေးမနှော သွေးမရောဘဲ ဖြစ်လာတဲ့ လူမျိုးဆိုတာလည်း ကမ္ဘာပေါ်မှာမရှိပါဘူး။ တကယ်တော့လည်း ကပြားတို့ သွေးနှောတို့ဆိုတာက ပညတ်ပါ။ အားလုံးဟာ ကမ္ဘာဦးအစမှာ တစ်မိတစ်ဖ တည်းက မွေးဖွားလာကြတဲ့ လူသွေးချင်းတူကြသူတွေ ချည်းပါပဲ။

    လူမျိုးစွဲစိတ်ကြီးလာတော့ ငါ့မျိုးနွယ်မှငါမျိုးနွယ်ဆိုတဲ့စိတ်နဲ့ လူလူချင်း မရောမယှက်ဖို့ တံတိုင်းတွေခြားထားမိတတ်ကြပါတယ်။ တကယ်တော့ ဒီကနေ့ ကမ္ဘာမှာ ထိပ်ဆုံးကနေ စွာနေတဲ့ အမေရိကန်ဟာ လူမျိုးပေါင်းစုံရောယှက်ပြီးနေတဲ့ နိုင်ငံပါ။ သူတို့အားလုံးဟာ သူ့နိုင်ငံတိုးတက်ကြီးပွားရေးကိုသာ ရှေးရှုပြီး နိုင်ငံသား အကျိုးကိုသာ ကြည့်ကြပါတယ်။ ကိုယ့်နိုင်ငံသားဆိုရင် ဘယ်လူမျိုးဖြစ်ဖြစ် တန်ဖိုးထားကြပါတယ်။ ဒါတောင် သူတို့ဆီမှာ လူဖြူလူမည်းခွဲခြားမှုဟာ တော်တော်ကြီးထွား အမြစ်တွယ်ခဲ့တယ်။ အခုတော့ လူမည်းတစ်ယောက်ဟာ လည်း နိုင်ငံသမ္မတဖြစ်နိုင်တဲ့အထိ ခွဲခြားမှုတွေ ခ၀ါချခဲ့ကြပါပြီ။

    ဒီလိုပဲ စင်္ကာပူနိုင်ငံမှာ စင်္ကာပူနိုင်ငံသား ဆိုတာတွေဟာ တရုတ်အနွယ် လည်းဖြစ်နိုင်သလို အိန်္ဒိယအနွယ်လည်း ဖြစ်နိုင်ပါတယ်။ အဖြူအမည်းကွဲပေမယ့် တိုင်းပြည် တိုးတက်ရေးအတွက်တော့ ဒါတို့နိုင်ငံ တို့တိုးတက်အောင်လုပ်ကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်မှာတော့ တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံက တိုးတက်ပါတယ်။ ဒီတော့ မှီတင်းနေထိုင်ရာ လူမျိုးက ဘယ်လူမျိုးသာ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးမကြီးတာ ထင်ရှားပါတယ်။

    ဘယ်လူမျိုး ဘယ်အနွယ်ပဲဖြစ်ပါစေ တိုင်းပြည်မှာ အေးအတူ ပူအမျှ နေထိုင်ပြီး တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းရွက်ချင်စိတ်ရှိရင် သူဟာ တိုင်းပြည်က လိုလားမျှော်လင့် အားထားရမယ့် သားကောင်းရတနာဖြစ် သွားတာပါပဲ။ ဘာသာစွဲ လူမျိုးစွဲကြောင့် ချန်ထား၊နှိမ်ထားရင် ထိုက်တန်တဲ့နေရာမှာ ထိုက်တန်တဲ့ လူ့အရင်း အမြစ်တွေ မသုံးစွဲနိုင်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတား ဖြစ်ရတတ်ပါတယ်။

    လူမျိုးတွေမှာ အင်အားကြီးတာက အင်အားနည်းတာကို ဝါးမျိုသွားတတ် တာ သဘာဝပါပဲ။ လူမျိုးတွေဖြစ်လာတာ သဘာဝဖြစ်သလို ပျောက်ကုန်တာ လည်း သဘာဝပါပဲ။ လူမျိုးတစ်မျိုးပျောက်သွားခြင်းဟာ အခြားလူမျိုးတစ်မျိုးပေါ် လာဖို့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ပျူတွေပျောက်ပြီး မြန်မာဆိုတာပေါ်လာသလို ပေါ့။ ဒါကြောင့် မြေမျိုလို့ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူမျိုးမနှောရေးဝါဒဟာ ကိုယ့်လူမျိုးရဲ့ ဇာစ်မြစ်ကို ကိုယ်တိုင်ပြန်မေ့နေ ကြသူတွေရဲ့ လက်တွေ့မကျတဲ့၊ သဘာဝတရားနဲ့ ကင်းကွာတဲ့စကားပါ။

    ကမ္ဘာ့သမိုင်းမှာ ဆမူးဒ်လူမျိုးတွေဟာ ငလျင်ဒဏ်နဲ့ မြေမျိုလို့ လူမျိုး ပျောက်ခဲ့ရပါတယ်(ကြည့် ကုရ်အာန် ၇း ၇၉)။

    ဒါကြောင့် မြေမျိုလို့ လူမျိုးပျောက်တာ ရှိပါတယ်။

    ဒီလိုပဲ တမန်တော်နူးရ်ရဲ့ လူမျိုးတွေက ရေကြီးပြီးနစ်မြုပ်သွားလို့ မျိုးပျောက်ခဲ့ရတယ်။(၂၉း ၁၄)

    တမန်တော် လူးသ်ရဲ့ လူမျိုးတွေဟာ ခဲမိုးရွာပြီး မျိုးပျောက်ဇာတ်သိမ်း ခဲ့ရတယ်။      (၇း ၈၄)

    အားဒ်လူမျိုးတွေဟာလည်း လေပြင်းမုန်တိုင်းဒဏ်သင့်ပြီး မျိုးပျောက်ခဲ့ရ တယ်။ (၄၆း ၂၄)

    သူတို့တွေ ဘာကြောင့် မျိုးပျောက်ခဲ့ရပါသလဲ။ ကိုယ်ကျင့်တရား ပျက်ပြားမှုကြောင့်ပါ။ သစ္စာတရားကို ဟောကြားပို့ချတဲ့ တမန်တော်တွေကို လက်မခံငြင်းဆန်ပြီး ထင်ရာစိုင်းခဲ့ကြတဲ့အတွက် ဒီလိုအဖြစ်ဆိုးတွေနဲ့ ဇာတ်သိမ်း ခဲ့ကြရတာပါ။ ဒါဆို ဘာလူမျိုး ညာလူမျိုးဆိုတာတွေက အရေးကြီးသလား၊ ကိုယ်ကျင့်တရားက အရေးကြီးသလားဆိုတာ ခွဲခြားသိမြင်နိုင်လောက်ပါတယ်။

    ကုရ်အာန်ကျမ်းတော်မှာ သတိပေးထားတာက-

    ““လူမျိုးအသီးသီးအတွက် ကာလအပိုင်းအခြားရှိ၏။ ယင်းတို့၏ အချိန်ကျသော် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်ရှေ့တိုးပြုလုပ်နိုင်မည်မဟုတ်”” တဲ့။

    ဒီတော့ လူမျိုးတစ်မျိုးကို ထာဝရအဓွန့်ရှည်အောင် ကြိုးစားဖို့ဆိုတာကလည်း မိုက်မဲတဲ့ ရေပေါ်အရုပ်ရေးလုပ်ရပ်မျိုးပါပဲ။

    အချုပ်ကိုပြောရရင် လူသားအားလုံးဟာ တစ်မိတစ်ဖတည်းက ပေါက်ပွားလာတဲ့ ညီင်္နောင်သားချင်းတွေဖြစ်တယ်။ လူမျိုးဆိုတာက ခွဲမှတ်ရုံအတွက် သက်သက်ပဲ။ ခေတ်ကာလအမျိုးအမျိုး အခြေအနေအမျိုးမျိုးအရ လူမျိုးတွေဟာ အမည်ပညတ်အမျိုးမျိုးနဲ့ ပေါ်လာလိုက် ပျောက်သွားလိုက်ရှိမှာပဲ။ ဘယ်လိုပဲ ရှိရှိ လူကို လူလိုမြင်ပြီး လူသားဝါဒကိုလက်ကိုင်ပြုမယ်၊ လူသားချင်းစာနာထောက် ထားမယ်၊ သာတူညီမျှ ဆက်ဆံမယ်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခွဲခြားမှုမရှိဘဲ လေးစားတန်ဖိုးထားမယ်၊ ညီရင်းအစ်ကိုလိုသဘောထားမယ်ဆိုရင် လူ့အဖွဲ့အစည်း အသီးသီးဟာ ညီညွတ်စွာ တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကမ္ဘာတစ်ခု မိသား တစ်စုဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းတဲ့ ဥယျာဉ်ဘုံတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာကို မမှိတ်မသုန်ယုံကြည်မိပါတယ်။

    သန်းမင်းထိုက်(မြန်မာစာ)

    (ဒီရေထဲက ပန်းကလေးများ-အစ္စလာမ့်ဓမ္မရသစာစုများ မှ)