News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဘာကြောင့်မုစ်စလင်မ်ကမ္ဘာ အင်အားချည့်နဲ့ကျဆင်းနေသလဲ

    ကမ္ဘာတစ်ခုလုံးတွင်မုစ်စလင်မ် လူဦးရေသန်းပေါင်း ၁၅၀၀ကျော်ရှိနေသည်။ အာရှတိုက်တွင် သန်း ၁၀၀၀၊ အာဖရိကတွင် သန်း ၄၀၀၊ ဥရောပတွင် ၄၄ သန်း၊အမေရိကတွင် ၇ သန်း ကျော်နေထိုင်လျက်ရှိသည်။ကမ္ဘာ့လူဦးရေ အရ လူငါးဦးလျှင် မုစ်စလင်မ် တစ်ဦးဖြစ်သည်။ စဉ်းစားစရာကဤမျှများပြား နေသော်လည်း အဘယ်ကြောင့် အင်အားချည့်နဲ့ကျဆင်း နေရသနည်း။

    ပညာရှင်တို့စစ်တမ်းကောက်ကြည့်သည်။အကြောင်းက ရှင်းနေသည်။ IOC ကမ္ဘာ့မုစ်စလင်မ် အဖွဲ့အစည်းတွင် မုစ်စလင်မ်နိုင်ငံ ၅၇နိုင်ငံရှိသည်။ ထိုမုစ်စလင်မ် နိုင်ငံများအားလုံးတွင်တက္ကသိုလ် စုစုပေါင်း ၅၀၀ သာရှိသည်။ မုစ်စလင်မ်လူဦးရေနှင့်တက္ကသိုလ်အရေအတွကိကိန်းချကြည့်လျှင် မုစ်စလင်မ် သိန်းသုံးဆယ်အတွက် တက္ကသိုလ်တစ်ကျောင်းနှုန်း ဖြစ်သည်။ အခြားဘက်ကိုကြည့်ပါက အမေရိကန်တွင် တက္ကသိုလ်ပေါင်း ၅၇၅၈ ကျောင်းရှိနေသည်။

    ၂၀၀၄ ခုနှစ်၌ ရှန်ဂိုင်ဂျိယာဒွန်ဂ် တက္ကသိုလ်ကြီးက တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်များအနက် ထူးခြားသောအရည်အသွေးနှင့် အဆင့်အတန်း ပြည့်မီသည့် တက္ကသိုလ်များအား ရွေးချယ်စိစစ်လိုက်သည့်အခါ ပထမတန်းစားအဆင့်ရှိ တက္ကသိုလ် ၅၀၀ ထွက်လာသည်။ ထိုတက္ကသိုလ် ၅၀၀ တွင်မုစ်စလင်မ် နိုင်ငံများမှ တက္ကသိုလ်တစ်ခုမျှမပါ။

    ကုလသမဂ္ဂ UNDP အဖွဲ့၏စစ်တမ်းကောက်ယူချက်အရ အီစာအီကမ္ဘာတစ်ခုလုံး၌ စာတတ်မြောက်သူဦးရေမှာ ၉၀% ဖြစ်သည်။ စာတတ်မြောက်မှု ၁၀၀%ရှိသည့် အီစာအီနိုင်ငံမှာ ၁၅ နိုင်ငံပင်ရှိသည်။
    အထက်ပါဆန်းစစ်ချက်များအရ မုစ်စလင်မ် ကမ္ဘာ၏အသိပညာနိုးကြားရေးနှင့် အသုံးချနိုင်သည့်အရည်အချင်းမှာ အလွန်ပင်လျော့နည်းနေကြောင်းထင်းကနဲ မြင်သာသည်။ အသိပညာပြန့်ပွားရေးအတွက်မုစ်စလင်မ်များမည်မျှလုပ်ဆောင်နေသည်ကိုလည်း အောက်ပါအချက်နှစ်ချက်ဖြင့် လေ့လာဆန်းစစ်နိုင်သည်။

    ပါကစ္စတန်နိုင်ငံတွင်နေ့စဉ် သတင်းစာမှာလူတစ်ထောင်လျှင် ၂၃ စောင်နှုန်းဖြန့်ချိလျက်ရှိသည်။ စင်္ကာပူနိုင်ငံတွင် လူတစ်ထောင်လျှင် နေ့စဉ်သတင်းစာ၃၆၀ နှုန်းဖြင့်ဖြန့်ချိလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင်လူတစ်ထောင်လျှင်စာအုပ်၂၀၀၀ နှုန်းဖြန့်ချိလျက်ရှိသည်။ အီဂျစ်နိုင်ငံတွင်လူတစ်သန်းလျှင် စာအုပ် ၂၀နှုန်းသာဖြန့်ချိလျက်ရှိသည်။

    မုစ်စလင်မ် ကမ္ဘာတွင်အသိပညာဖြန့်ဝေမှုနှုန်းကျဆင်းနေကြောင်းအဖြေထွက်လာသည်။ နည်းပညာအသုံးချမှုနိုင်မှုကိုဤသို့လည်းဆန်းစစ်နိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ (Export) ပို့ကုန်များတွင်အဆင့်မြင့်နည်းပညာ အသုံးပြုထားသည့်ထုတ်ကုန်မည်မျှတင်ပို့နိုင်သည်ကို ယှဉ်တွဲကြည့်ကြပါစို့။ ပါကစ္စတန်နိုင်ငံ၏ပို့ကုန်များတွင် အဆင့်မြင့်နည်းပညာအသုံးပြုထားသည့်ပို့ကုန်မှာ ၁% သာရှိသည်။ ထိုနည်းတူစွာ ဆော်ဒီအာရေဗျနိုင်ငံတွင် ၀.၃% သာရှိသည်။ ကူဝိတ်၊မော်ရိုကို ၊အလ်ဂျီးရီးယားနိုင်ငံများတွင်လည်း ၀.၃% သာရှိသည်။ သို့သော်စင်ကာပူနိုင်ငံတွင် ၅၈% ရှိသည်။

    မုစ်စလင်မ်ကမ္ဘာ တွင်အသိပညာကိုလက်တွေ့အသုံးချနိုင်မှုဆုံးရှုံးနေကြောင်း အဖြေထွက်လာသည်။ယနေ့ မုစ်စလင်မ်ကမ္ဘာသည် အဘယ်ကြောင့် အင်အားချည့်နဲ့နေရသနည်းဟုမေးလာလျှင် “အချင်းချင်းအသိပညာ၊ အတတ်ပညာများ ကိုမပေးဝေ မဖြန့်ချိနိုင်သည့်အတွက်ကြောင့်ဖြစ်သည် ” ဟုသာဖြေရမည်။ယနေ့ မုစ်စလင်မ်ကမ္ဘာ သည်အဘယ်ကြောင့်တန်ဖိုးကျဆင်းနေရသနည်းဟုမေးလာလျှင် ” ခေတ်မီနည်းပညာများကိုအသုံးမပြုနိုင်သည့်အတွက်ကြောင့်ဖြစ်သည်” ဟုသာဖြေရမည်။ အနာဂတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်မှုမှာနည်းပညာအဆင့်အတန်းမြင့်မားသူများအတွက်သာဖြစ်ပါသည်။

    အချုပ်မှာယနေ့မုစ်စလင်မ် ကမ္ဘာအင်အားချည့်နဲ့နေရခြင်းမှာ ပညာနည်းသည့်အတွက်ကြောင့်ဖြစ်သည်ဟုသာ အဖြေထွက်သည်။

    ဒေါက်တာ ဖရပ်ခ်စလင်မ်၏ လေ့လာဆန်းစစ်ချက်ကို မော်လနာ ကာရီ ရဟ်မသွလ္လာဟ်-ပြင်ခရိုင် (အဇီဇီ) မှဆီလျော်အောင်ပြန်ဆိုသည်။

    အလ်မီဇားန် အစ္စလာမ့်သတင်းနှင့်နည်းပညာမဂ္ဂဇင်းမှ ကောက်နုတ်တင်ပြသည်။

  • ၂၁ရာစု မွတ်စလင်မ်ကမ္ဘာ အနေအထားနှင့် မွတ်စလင်မ်အွမ္မဟ်၏ ရာစုနှစ်မျှော်မှန်းချက်

    ကျမ်းတော်မြတ်ကုရ်အာန်တွင်မွတ်ဆလင်မ်အွမာဟ်ဟူသောအသုံးအနှုံးကို (၆၂) ကြိမ်ဖေါ်ပြပါရှိသည်။

    အွမ္မဟ်ဟူသောစကားလုံးမှာအွမ် ဟူသောအာရဗီပုဒ် (Mother)မိခင်နှင့် အီမာမ်ဟူသော(Leader)ခေါင်းဆောင်ဟူသည့်စကားလုံးတို့ကိုပေါင်းစည်းထားခြင်းဖြစ်သည်။

    အွမ္မဟ်ဟူသောစကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုပါက အနီးစပ်ဆုံးအားဖြင့် ကျင့်သုံးမှုပုံသဏ္ဍာန်နှင့် ဦးတည်ရာများတူညီမှုရှိသော သက်ရှိအစုအဝေးဟူ၍  ဖွင့်ဆိုနိုင်ပါသည်။

    ထိုသို့ဆိုလျှင် မွတ်ဆလင်မ် အွမ္မာဟ်ဟူသော အသုံးအနှုန်းသည် တူညီသောစရိုက်လက္ခဏာရှိပြီး ဦးတည်ချက်တူညီသည့် လူ့အစုအဝေး တစ်ရပ်ဟုယျေဘူယျအားဖြင့် သတ်မှတ်နိုင်သည်။

    (more…)

  • မြန်မာမှုပြု အစ္စလာမ်စာပေ (မောင်သန်းဝင်း-ရန်ကုန်တက္ကသိုလ်)

    မြန်မာဟူသည် မြန်မာနိုင်ငံတွင် နှစ်ကာလရှည်ကြာစွာ အစဉ်အဆက် အခြေစိုက်နေထိုင်ခဲ့သော တိုင်းရင်းသားလူမျိုးကို ဆိုလိုသည်။ အစ္စလာမ်ဟူသည် ‘ငြိမ်းချမ်းခြင်း’၊ ‘အမိန့်နာခံခြင်း’ဟု အဓိပ္ပာယ်ရသည်။ အလ္လာဟ်နှင့် အလ္လာဟ့်တမန်တော် မုဟမ္မဒ်သခင်(ဆွ)၏ အဆုံးအမများကို နာခံခြင်းဖြစ်သည်။ ဤသို့နာခံ ခြင်းဖြင့် ငြိမ်းချမ်းသောဘ၀ကို တည်ဆောက်နိုင်သည်။ အစ္စလာမ်သည်ပြီးပြည့်စုံသော ဘာသာသာသနာ အယူဝါဒလမ်းစဉ်ဖြစ်သည်။ စာပေဟူသည် ‘အကြောင်းအရာ၊ အတွေ့အကြုံ၊ အတွေးအခေါ်၊ အဖြစ်အပျက် တို့ကို ရေးသားပုံနှိပ်ထားချက်’ ဖြစ်သည်။ မြန်မာမှုပြု အစ္စလာမ်စာပေ ဆိုသည်မှာ မြန်မာစာပေဖြင့်ရေးသားထားသော ဘာသာရေးဆိုင်ရာ အကြောင်းအရာ၊ အတွေးအခေါ်တို့ကို ဆိုလိုပါသည်။

    အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စလာမ် ဘာသာသည် ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင်သည်။ ပုဂံ ကျောက်စာအချို့တွင် ”ပန်သိယ်””ပသည်” ဟုရေးသားထား သဖြင့် ပုဂံခေတ်ကပင် အစ္စလာမ် ဘာသာဝင်များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ ရန်ကုန်၊ တက္ကသိုလ်များ ပုံနှိပ်တိုက်၊ အတွဲ ၃၊ အပိုင်း ၄၊ စာ-၇၅၊ ၁၉၇၃၊ ဇူလိုင်။]

    ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါသည်။ (more…)

  • The Millionaire Mentality

    သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ ကံကောင်းမှု့၊ အလုပ်ကြိုးစားမှု့ ဒါတွေ အားလုံးလိုပါတယ်။ အထူးသဖြင့် အလုပ်ကြိုးစားမှု့ ပိုပြီးလိုပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးထက်အရေးကြီးတဲ့ အရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Millionaire Mentality လို့ခေါ်တဲ့ သူဌေးစိတ်ဓာတ် ပါပဲ။ မိမိစီးပွားရေး ရည်မှန်းချက်ကို ရောက်အောင် လူတစ်ဦး ချင်းစီရဲ့ ကျွမ်းကျင်မှု့တွေ၊ အရည်အသွေးတွေ အသိပညာတွေ အားလုံးကိုစုစည်း ကြိုးကိုင်နိုင်မောင်းနှင် နိုင်တဲ့ စိတ်ဓာတ်ကို ဆိုလိုပါတယ်။

    ကာလီဖိုးနီးယားက ကျတော့်ရဲ့ ရေနံလုပ်ကွက် တွေကို စီမံခန့်ခွဲဖို့ လူတစ်ယောက်ကိုငှားဖူးပါတယ်။ သူ့နာမည်ကို ဂျော့မီလာ လို့ပဲ ခေါ်ကြပါစို့။ သူက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ ပြီးတော့ ရေနံလုပ်ငန်းကိုလည်း ကျွမ်းကျင်ပါတယ်။ သူ့ကိုကျတော်ပေးတဲ့လစာဟာလည်း သူတာဝန်ယူရတဲ့ အလုပ်နဲ့ မျှတပါတယ်။ သူကိုယ်တိုင်လည်း ကျေနပ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီရေနံလုပ်ကွက်တွေကိုသွားပြီး ရေနံတွင်းတွေ၊ စက်ပစ္စည်းတွေကို စစ်ဆေး တိုင်း ကျတော် အားမရပါဘူး။ ဂျော့မီလာ ရဲ့ စီမံခန့်ခွဲမှု့ဟာ ထင်သလောက်အရာမရောက်ဘူးလို့ ဆုံးဖြတ်မိပါတယ်။ မလိုအပ် ပဲ လူတွေ အများကြီးခန့်ထားတယ်။ ကုန်ကျစားရိတ်တွေ အရမ်းများနေတယ်။ တချို့အလုပ်တွေ နှောင့်နှေးနေတယ်။ တချို့အလုပ်တွေ ကျပြန်တော့လည်း မြန်မြန်လုပ်ပြီး သေချာဂရုမစိုက်။ တချို့ပစ္စည်းကိရိယာတွေ လိုနေတယ်။ တချို့ဟာတွေကျ မလိုအပ် ပဲ ပုံနေတယ်။ ဂျော့မီလာကိုယ်တိုင်လည်း လုပ်ကွက် ထဲကို သေချာဆင်းပြီး မလေ့လာပဲ ရုံးခန်းမှာချည်းပဲ အချိန်ကုန်နေ တယ်လို့ ကျတော်ထင်ပါတယ်။ တကယ်တမ်းဆို ဒါတွေအားလုံးဟာ သူ့တာဝန်ပါ။ ဒါတွေကြောင့် အလုပ်ဟာ စားရိတ်တွေကြီး၊ ထုတ်လုပ်မှု့ကလည်း ကျ၊ အမြတ်လည်း လုံးဝအားရစရာမရှိဖြစ်နေပါတယ်။ ဒါပေမယ့် ကျတော် ဂျော့မီလာ ကိုသဘောကျ တယ်။ နောက်ပြီးသူ့မှာ ဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးပြည့်စုံတယ်လို့ကျတော်ယုံကြည်တယ်။ ဒါကြောင့် တနေ့မှာတော့ ကျတော် ဂျော့မီလာနဲ့ နှစ်ယောက်တည်း စကားပြောပါတယ်။ သူ့ရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ပဲ သူ့ကိုပြောပြလိုက်ပါတယ်။

    “ငါ ဒီဆိုဒ်ထဲမှာ တစ်နာရီလောက် အချိန်ယူလိုက်တာနဲ့ ဘာတွေလိုနေတယ်၊ ဘယ်လို ပြုပြင်ရမယ်ဆိုတာ ငါသိတယ်။ အပွင့်လင်းဆုံးပြောရရင် မင်းဘာလို့ ဒါတွေ မမြင်တာလည်းဆိုတာ ငါနားမလည်ဘူး။ ” ကျတော်က သူ့ကိုပြောပြသည်။

    “ဟုတ်မှာပေါ့။ ခင်ဗျားက ဒါတွေ အကုန်လုံးပိုင်တယ်လေ။ ဒီကရတဲ့ အကျိုးအမြတ်တွေအကုန်လုံးလဲ ခင်ဗျားပဲရမှာလေ။ ဒီတော့ ခင်ဗျားမျက်စိက ဘာတွေလိုတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ပိုမြင်တာပေါ့။” သူကလည်း ကျတော့်ကို ပွင့်ပွင့်လင်းလင်းပဲ သူ့အမြင်ကိုပြန်ပြောပါတယ်။
    အမှန်အတိုင်းပြောရရင် သူပြောတာကို ကျတော် အရင်က မစဉ်းစားမိပါဘူး။ ဒါနဲ့ကျတော်လည်း ရက်အနည်းငယ်လောက် စဉ်းစားပြီးတော့ စမ်းသပ်မှု့တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တကြိမ် ဂျော့မီလာ နဲ့ ကျတော်စကားပြောပါ တယ်။

    “ဒီမှာ ကြည့်စမ်း ဂျော့…. ဒီဆိုဒ် ကို မင်းကို ငါလွှဲပေးလိုက်မယ်။ မင်းကို ပုံမှန်လစာမပေးတော့ဘူး။ ဒီ ဆိုဒ် က ရတဲ့ အကျိုးအမြတ်ကို ရာခိုင်နှုန်းနဲ့ အချိုးကျ ခွဲပေးမယ်။ ဘယ်လိုလဲ။ မင်းလက်ခံမလား။”

    ကျတော့် ကမ်းလှမ်းချက်ကို သူသေချာစဉ်းစားပြီးကျေကျေနပ်နပ်လက်ခံလိုက်ပါတယ်။
    ပြောင်းလဲမှု့ ကတော့ ချက်ချင်းဆိုသလိုပါပဲ။ ဒီဆိုဒ်က ရတဲ့ အကျိုးအမြတ်ဟာ သူနဲ့ ဆိုင်တယ်ဆိုတာလည်း သိရော၊ ဂျော့ ဟာ သူ့ရဲ့ အစွမ်းကို အကုန်ထုတ်သုံးတော့တာပါပဲ။ ကုန်ကျစားရိတ်တွေကို လျှော့ချတယ်။ ထုတ်လုပ်မှု့တွေတိုး တက်အောင်လုပ်တယ်။ အရင်က သူမမြင်ခဲ့တဲ့ လုပ်ပုံကိုင်ပုံအမှားတွေကို ချက်ချင်းပြင်ပါတယ်။ မလိုအပ်တဲ့ အလုပ်သမားတွေကိုလည်း ချက်ချင်းလျှော့ပစ်ပါတယ်။ အရင်တုန်းက တပတ်ကို သုံးရက်လောက် ရုံးခန်းမှာပဲ အချိန်ဖြုန်းနေတဲ့ ဂျော့ဟာ အခုတော့ ဆိုဒ်ထဲမှာပဲ အချိန်ကုန်ပါတယ်။ ရုံးခန်းကို တစ်လ လေးခေါက်လောက်ပဲ လာပါတော့တယ်။ နောက်နှစ်လ လောက်နေတော့ ကျတော် ဂျော့မီလာ ရဲ့ လုပ်ကွက်ကို ထပ်ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ဘာအမှား အယွင်းမှ မရှိပါဘူး။ ကျတော်ကိုယ်တိုင် သူ့နေရာဝင်ပြီးလုပ်ရင်တော့ သူ့လောက် အပေါက်အလမ်း တည့်အောင်လုပ်နိုင်မယ် မထင်ပါဘူး။ ကျတော်တို့ရဲ့ အမြတ်ဟာလည်း  ပြောစရာမလိုအောင်ကို  တောက်လျှောက်တိုးတက်လာခဲ့ပါတယ်။

    စီးပွားရေးရူ့ဒေါင့်က ကြည့်ရင် လူလေးမျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်ပိုင်စီးပွားရေးသမားတွေပါ။ သူတို့ ဟာ ဘယ်သူ့ဆီမှာမှ လခစား မလုပ်လိုပဲ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်သူတွေပါ။ လွတ်လွတ်လပ်လပ် နဲ့ကိုယ့် ဘ၀ရဲ့ အာမခံချက်အတွက် ကိုယ်တိုင်ကြိုးစားချင်သူတွေဖြစ်ပါတယ်။ ကိုယ်တိုင်စွန့်စားလုပ်ကိုင်မယ်။ ဖြစ်လာမည့် အကျိုးဆက်ကိုလည်း ကိုယ့်ဟာကို တာဝန်ယူရဲတဲ့သူတွေပါ။

    ဒုတိယတစ်မျိုးကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပိုင် စီးပွားရေးတော့ မလုပ်ပါဘူး။ ဒါပေမယ့် အမြတ်ခွဲဝေမှု့ ပုံစံနဲ့ သူများဆီမှာအလုပ်လုပ်တဲ့ပုံစံမျိုးပါ။ ဒီအမျိုးအစားထဲမှာ ကော်မရှင်နဲ့ လုပ်တဲ့အရောင်း ကိုယ်စားလှယ်ကနေ စီးပွားရေးလောက ရဲ့ ထိပ်တန်း မန်နေဂျာတွေ၊ စီအီးအိုတွေ အထိပါပါတယ်။ ဂျော့မီလာဟာ ဒီ ဒုတိယ အမျိုးအစားထဲမှာပါပါတယ်။

    တတိယတစ်မျိုးကတော့ ၀န်ထမ်းပဲ လုပ်ချင်သူတွေပါ။ သူတို့ဟာ ပုံမှန်လစာလိုချင်တယ်။ အလုပ်အာမခံချက်လိုချင်တယ်။ သူတို့ကိုခိုင်းတဲ့ အလုပ်ကိုလည်းကောင်းကောင်းမွန်မွန်လုပ်မယ်။ ဒီအုပ်စုမှာပါတဲ့သူတွေဟာ အလုပ်ကြိုးစားတဲ့၊ ယုံကြည်စိတ်ချရတဲ့ ၀န်ထမ်းကောင်းတွေပါ။ ဒါပေမယ့် သူတို့မှာ စွန့်စားလုပ်ကိုင်ချင်စိတ်၊ ဦးဆောင်ချင်စိတ် မရှိပါဘူး။ နောက်ပြီး ပထမအုပ်စုနဲ့ ဒုတိယအုပ်စုက လူတွေလိုမဟုတ်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လည်းနည်းပါးကြပါတယ်။

    စတုထ္တတစ်မျိုးကလည်း ၀န်ထမ်းတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့ အလုပ်အပေါ်မှာထားတဲ့ စိတ်ထားဟာ ဘာနဲ့တူသလဲ ဆိုရင် စာတိုက်ကစာရေးတွေ ဆက်သွယ်ရေးဝန်ကြီးဌာန အပေါ်မှာ ထားတဲ့သဘောထားမျိုးနဲ့တူပါတယ်။ စာတိုက်စာရေး တွေကိုစော်ကားတာမဟုတ်ပါဘူး။ ဒါပေမယ့် စာတိုက်စားရေးတွေဟာ သူတို့ အလုပ်ရှင် မြတ်သလား ရူံးသလားဆိုတာ သိတဲ့သူ၊ မြတ်စေလိုတဲ့ စိတ်နဲ့ ကြိုးစားအလုပ်လုပ်သူ မရှိသလောက်ရှားပါတယ်။ စာတိုက်ဌာနရဲ့ အရူံးဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ။ ဒီအရူံးတွေကို ပြည်ထောင်စု အစိုးရက ကျခံပေးပါတယ်။ ကျတော့် အထင်တော့ စာတိုက်စာရေး ဆယ်ယောက်မှာ တစ်ယောက် တောင် စာတိုက်ဌာန ရူုံးသလား၊ မြတ်သလားဆိုတာ ဂရုစိုက်သူမရှိဘူးလို့ထင်ပါတယ်။
    ဒီလိုစိတ်ထားမျိုးရှိသူတွေကို အလုပ်ခန့်တာဟာ စာတိုက်ဌာန အတွက် ဘာမှ မဖြစ်ပေမယ့် ဈေးကွက်စီးပွားရေးစနစ် မှာတော့ ဒီလိုစိတ်ထားရှိတဲ့သူကို အလုပ်ခန့်မိတဲ့ စီးပွားရေးလုပ်ငန်းဟာ ကိုယ့်သေတွင်းကိုယ်တူးတာပါပဲ။

    ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာ စာတိုက်စာရေးစိတ်ဓာတ်မျိုးရှိတဲ့ သူတွေ ရာထူးကြီးကြီးယူထားတာကို အများကြီးတွေ့ရပါတယ်။ သူတို့ဟာ လစာပုံမှန်ရနေသ၍ သူတို့ကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီ မြတ်သလား၊ ရူံးသလားဆိုတာကို သိတ်ပြီး ဂရုမစိုက်ကြပါဘူး။ ကျတော်ကိုယ်တိုင် ဒီလိုလူမျိုးတွေကို အများကြီးကြုံဘူးပါတယ်။ တချို့ဆိုရင် နာမည်ကြီး စီးပွားရေးကျောင်းတွေက ဘွဲ့ယူထားတဲ့သူတွေတောင်ပါပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ Balance Sheet ကိုတောင် ကောင်းကောင်းမကြည့်တတ်ပါဘူး။ အမြတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုတောင် နားလည်အောင် ရှင်းမပြနိုင်ကြပါဘူး။ ဒီလိုလူမျိုးတွေဟာ ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ဘွဲ့တွေကို ရထားပါစေ။ သူတို့ရဲ့ စိတ်ဓာတ်ဟာ စာတိုက် စာရေးထက် မပိုပါဘူး။ သူတို့ဟာ ကိုယ့်အကျိုးအတွက် ကြည့်တတ်တာကလွဲရင် သူလုပ်နေတဲ့ အလုပ် အပေါ်မှာ တာဝန်ယူလိုစိတ်မရှိကြပါဘူး။ သူတို့ဟာ အပြင်ပန်းအားဖြင့်တော့ ရာထူးကြီးကြီးအတွက် ထိုက်တန်တဲ့ အရည်အချင်းတွေ အတွေ့အကြုံတွေ ရှိသလိုလိုထင်ရပါတယ်။ တကယ်တမ်းကျ သူတို့ရဲ့ ဆယ်နှစ် အတွေ့အကြုံဟာ တစ်နှစ်အတွေ့အကြုံကိုပဲ ဆယ်ခါ ထပ်တလဲလဲ ရှိနေသလိုပါပဲ။ ဆယ်နှစ်အတွေ့အကြုံရှိတယ်ဆိုတဲ့ စကားနဲ့တန်တဲ့ အရည်အချင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိကြပါဘူး။ မြောက်များလှစွာသော စာတိုက်စာရေးစိတ်ဓာတ် နဲ့လူတွေဟာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပေမယ့် ဘာလို့ မအောင်မြင်တာပါလိမ့်၊ ဘာလို့ မကြီးပွားတာပါလိမ့်လို့ မေးတတ်ကြပါတယ်။
    ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ကြောင့်ပါပဲ။

    ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Millionaire Mentality လို့ခေါ်တဲ့ သူကြွယ်စိတ်ဓာတ် ဆိုတာ တကယ်ရှိပါတယ်။ ဒီစိတ်ဓာတ်ရှိသူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်သူဖြစ်စေ၊ ၀န်ထမ်း ဖြစ်စေ အောင်မြင်မှု့လမ်းကြောင်းမှာ သူများထက် ရှေ့ကရောက် နိုင်ပါတယ်။ အချုပ်အားဖြင့် ဆိုရင်တော့ သူကြွယ်စိတ်ဓာတ်ရှိသူဟာ ကုန်ကျစားရိတ်ကို တတ်နိုင်သမျှလျှော့ချ၊ အမြတ်ရရှိဖို့အတွက် ရှေ့ရူ့ပြီး လုပ်ကိုင်နိုင်တဲ့ အရည်အချင်းမျိုးရှိသူပါ။ ဒီလို သူကြွယ်စိတ်ဓာတ်မျိုးဟာ ကျတော် အပေါ်မှာပြောခဲ့တဲ့ လူလေးမျိုးထဲက ပထမတစ်မျိုးနဲ့ ဒုတိယ တစ်မျိုးမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ တတိယ အုပ်စုမှာ ဒီစိတ်ဓာတ်မျိုး သိတ်မတွေ့ရတတ်ပါဘူး။ ဒီအုပ်စုက လူတွေဟာ အလယ်အလတ်တန်းစားဘ၀ လောက် နဲ့တင်ကျေနပ် တတ်ကြတဲ့သူတွေပါ။ စတုထ္တအုပ်စုမှာတော့ ကျတော်ပြောတဲ့ သူကြွယ်စိတ်ဓာတ်မျိုး လုံးဝ မရှိနိုင်ပါဘူး။ ဒီလူမျိုးတွေဟာ နည်းနည်းလုပ်ပြီးများများပြန်လိုချင်သူတွေပါ။ သူတို့ဟာ အလုပ်ခန့်တဲ့ကုမ္ပဏီ ကို တိုးတက်အောင်၊ ကြီးပွားအောင် ၀ိုင်းဝန်းကြိုးပမ်းရမယ့် အရာလို့မမြင်ပဲ သူတို့လိုတာကိုပေးတဲ့ ပဒေသာပင် အဖြစ်မြင်ချင်ကြပါတယ်။

    ကျတော်အရင်တုန်းက တွေးဘူးပါတယ်။ သူတို့တွေ မအောင်မြင်ရတာဟာ ငါ့လောက် ကံမကောင်းကြလို့၊ ငါ ပညာတွေ သင်ခဲ့ရသလို သူတို့ မသင်ခဲ့ကြရလို့၊ ငါ့လောက် စီးပွားရေးအတွေ့အကြုံတွေ မရှိလို့ လို့ ဖေးဖေးမမ တွေးဘူးပါတယ်။
    ဒါပေမယ့် ကျတော် တဖြည်းဖြည်း နဲ့သိလာတာက ခုနက စီးပွားရေးအတွေ့အကြုံမရှိပါဘူး၊ ကံမကောင်းပါဘူး ဆိုတဲ့သူတွေဟာ သူတို့အကျိုးအတွက်ဆိုပါက အတော်ဆုံး စီးပွားရေးသမားတွေထက်တောင် တွက်တက်ချက်တတ်တယ် ဆိုတာပါပဲ။ ကျတော်တစ်ခါ တုန်းက ကုမ္ပဏီတစ်ခုကို ၀ယ်လိုက်ပါတယ်။ ဒီကုမ္ပဏီဟာ အောင်မြင်နိုင်တဲ့ အခြေအနေတွေ ၊ အခွင့်အလမ်းတွေ အများကြီးရှိပါလျက်နဲ့ မအောင်မမြင်ပါဘူး။ ဘာလို့လဲ ဆိုတာ ကျတော် အဖြေရှာကြည့်ပါတယ်။ မကြာပါဘူး ပြသနာရဲ့ အရင်းအမြစ်ကိုသိလိုက်ရပါတယ်။ ကုမ္ပဏီရဲ့ အဓိက တာဝန်ရှိသူ မန်နေဂျာ သုံးယောက်ဟာ စာတိုက်စားရေး တွေ ဖြစ်နေတာကိုး။ သူတို့ဟာ မလိုတဲ့အသုံးစားရိတ်တွေကို လျှော့ချရမယ်၊ အမြတ်ရရှိဖို့ ရှေ့ ရူ့အလုပ်လုပ်ရမယ် ဆိုတာ မသိကြပါဘူး။

    သူတို့ရဲ့ တစ်လ လစာဟာ ထောင်ဂဏန်းရှိပါတယ်။ လကုန်ခါနီးတော့ သူတို့ လစာထဲက ငါးဒေါ်လာ နုတ်ထားဖို့ စာရင်းဌာန ကို ကျတော်ညွန်ကြားလိုက်ပါတယ်။ တကယ်လို့ သူတို့ဘက်က မေးလာရင် ကျတော့်ဆီကို တိုက်ရိုက်လွှတ်လိုက် ဖို့လည်း ထပ်ပြီး ညွန်ကြားထားလိုက်ပါတယ်။ ကျတော်ထင်ထားသလိုပါပဲ လစာချက် ရပြီး တစ်နာရီအတွင်းမှာ မန်နေဂျာကြီးသုံးယောက်ကျတော်ဆီရောက်လာပါတယ်။

    “ကုမ္ပဏီ စာရင်းအင်းတွေကို ငါ အကုန်ကြည့်ပြီးပြီ။ ဒီထဲမှာ မလိုအပ်တဲ့ အသုံးစားရိတ်တွေ အများကြီးတက်နေတာတွေ့ရတယ်။ ဒါတွေကြောင့် မနှစ်တုန်းက ဒေါ်လာသောင်းဂဏန်းလောက် နစ်နာခဲ့တယ်။ မင်းတို့ ဒါတွေကို ဂရုမစိုက်ခဲ့ဘူး။ ပြီးတော့ ဒီလို အသုံးစားရိတ်တွေ အများကြီး ဘာလို့တက်နေတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာလည်းမရှာဘူး။ ပြင်လည်း မပြင်ဘူး။ အခု မင်းတို့ လစာ ငါးဒေါ်လာလျှော့နေတာကျတော့ ချက်ချင်း သိပြီး complain လုပ်တယ်။” ကျတော်လည်းသူတို့ကို ဆုံးမရပါတယ်။ နှစ်ယောက်ကတော့ ကျတော့်စကားကို နားထောင်ပြီး ပြင်ကြပါတယ်။ နောက်တစ်ယောက်ကတော့ တခြားမှာအလုပ်ရှာဖို့ ထွက်သွားပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုဟာ အမြတ်မရပဲ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောစရာကိုမလိုပါဘူး။ နောက်ပြီး စီးပွားရေးတစ်ခုမှာ ပိုင်ရှင်ရော အလုပ်သမားတွေရောဟာ ထုတ်လုပ်မှု့တိုးတက်ဖို့၊ အသုံးစားရိတ်တတ်နိုင်သလောက်လျှော့ချနိုင်ဖို့၊ ထုတ်လုပ်မှု့အရည်အသွေး တိုးတက်ဖို့ ဒါတွေကို သတိရှိရှိနဲ့ အမြဲကြိုးစားနေရမှာပါ။ ဒါမှလည်း စီးပွားရေးလုပ်ငန်းဟာ တိုးတက်လာမှာပါ။ ဒါတွေဟာ စီးပွားရေး ပညာရဲ့ အခြေခံအကျဆုံး အပိုင်းတွေပါ။ ဒီသဘောတရားကို တချို့ စီးပွားရေးသမားတွေသိတ်နားမလည် ကြပါဘူး။ တချို့ဆိုလုံးဝ ကိုနားမလည်တာပါ။

    စီးပွားရေးလောကမှာ အားလုံးသိတဲ့ သဘောတရားတစ်ခု အကြောင်းကိုလည်းပြောချင်ပါသေးတယ်။ တခါတုန်းက လူငယ်မန်နေဂျာ တစ်ယောက်ဟာ သူ့ဌာန အသုံးစားရိတ်ခွင့်ပြုမှု့ကို ဒေါ်လာ ၂၀,၀၀၀ လျော့ချလိုက်တဲ့အကြောင်း ကျတော့ ကို မကျေမနပ် ပြောပြပါတယ်။
    “အဲလို လျှော့ချလိုက်တဲ့အတွက် မင်း ဌာနရဲ့ စွမ်းဆောင်ရည် ဒါမှမဟုတ် ထုတ်လုပ်မှု့ ကျသွားလို့လား။” ကျတော်သူ့ကို ပြန်မေးလိုက်ပါတယ်။
    သူက ခဏစဉ်းစားပြီး “အဲလိုတော့ မဟုတ်ပါဘူး။”
    “ဒါဖြင့် ဘယ်နှယ့်ကြောင့် မကျေမနပ်ဖြစ်နေတာတုန်း။”
    “ဒါပေမယ့် ကျတော်တို့ သုံးစရာတစ်ခုခုတွေ့လာမှာပေါ့။ နောက်ပြီး စီးပွားရေးမှာ အောင်မြင်ဖို့အတွက်ဆို အကြီးကြီးစဉ်းစားပြီး ပိုက်ဆံများများသုံးရမယ်မို့လား။” သူကလည်း သူ့သဘောထားကိုပြန်ပြောပါတယ်။
    ဒီကောင်လေးဟာ ကျတော့် ၀န်ထမ်း မဟုတ်တာတော်သေးတယ်လို့ အောက်မေ့မိပါတယ်။ နို့မဟုတ်ရင် အဲနေရာမှာတင် သူ့ကို အလုပ်ဖြုတ်ပစ်မှာ။

    “အောင်မြင်ဖို့အတွက် ကြီးကြီးစဉ်းစားပြီး များများသုံးရမယ်” ဆိုတဲ့သဘောတရားကို ကျတော်စီးပွားရေးလောက ထဲစ၀င်လာကတည်းက ကြားဘူးပါတယ်။ ဒီသဘောတရားလောက် နားလည်မှု့လွဲမှားခံရတဲ့ သဘောထား စီးပွားရေးလောက မှာ မရှိဘူးထင်ပါတယ်။ စီးပွားရေးမှာ အောင်မြင်ဖို့အတွက်ဆိုရင် စဉ်းစားဥာဏ်ရှိရမယ်။ မျက်စိတစ်ဆုံးကို ကြိုတင်တွေးတောနိုင်ရမယ်ဆိုတာ ကျတော် နားလည်ပါတယ်။ နောက်ပြီး ငွေကြေးကိုလည်း လိုအပ်တဲ့နေရာမှာ သုံးစွဲရမယ်၊ လိုအပ်ရင် ဆုံးရူံးနိုင်ချေ ရှိတဲ့နေရာမှာတောင် ရင်းနှီးရမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမမယ့် သုံးတဲ့နေရာမှာ သေချာတွက်ချက်ရမယ်။ ဆုံးရူံးနိုင်ချေ ရှိတဲ့နေရာမှာလည်း ဆုံးရူံးနိုင်ချေ ကို သေချာတွက်ချက်ပြီး ပြန်ရမှာနဲ့ တန်တဲ့ နေရာတွေမှာပဲ ရင်းနှီးရမှာပါ။ ဆင်ကန်းတောတိုး သလိုလုပ်ဖို့ မဟုတ်ပါဘူး။

    ကျတော့် ကိုယ်ပိုင်အမြင်အရတော့ သူကြွယ်စိတ်ဓာတ်ရှိသူတစ်ယောက်ဟာ ကြီးကြီးမားမားတွေကိုစဉ်းစားဖို့ထက် အသေးစိတ်ကိစ္စတွေကို သတိထားဖို့ ပိုပြီးလိုတယ်လို့ထင်ပါတယ်။ မလိုအပ်တွေအသုံးစားရိတ်တွေကို လျှော့ချဖို့အတွက် အသေးစိတ်ကိစ္စတွေကို သေသေချာချာလေ့လာသင့်ပါတယ်။ ကျတော် ဒီသဘော ကိုပြောတဲ့အခါ တစ်ယောက်က စီးပွားရေးမှာအောင်မြင်ဖို့ ကပ်စီးနည်း ရမှာလားလို့ မေးဘူးပါတယ်။ တစ်နေရာမှာ ကပ်စီးနည်း တယ်လို့ ထင်ရတဲ့ကိစ္စလေး တွေဟာ တခြားတနေရာမှာ ကြီးမားတဲ့ကုန်ကျစားရိတ်တွေကို သက်သာစေနိုင်တယ်လို့ ကျတော်သူ့ကို သေချာရှင်းပြရပါတယ်။ တစ်ခါတုန်းက အမေရိကန် ကော်ပိုရေးရှင်းကြီးတစ်ခု ဟာ သူ့ရုံးခန်းအမှိုက်ပုံးထဲက စွန့်ပစ်ပစ္စည်းတွေကို လေ့လာ ပါတယ်။ ဒီထဲက အသုံးဝင်မည့် ပစ္စည်းအသေးအမွှားလေးတွေကို ရွေးပြီး တန်ဖို့းဖြတ်ပါတယ်။ ဥပမာ- စက္ကူညှပ်တဲ့ကလစ်တို့၊ သားရေကွင်းတို့၊ ခဲတံတို့ပေါ့။ ဒါတွေအာလုံး ပေါင်းလိုက်တာ တစ်နှစ်ကို ဒေါ်လာ ၃၀,၀၀၀ လောက်ဟာ အမှိုက်ပုံးထဲရောက်နေတာကိုတွေ့ရပါတယ်။ ထရပ်ကား ကုမ္ပဏီတစ်ခု မှာလဲ အဲသလိုပါပဲ။ ကားသမားတွေဟာ ကားကို ဓာတ်ဆီဖြည့်တဲ့အခါ ပိုက်ထဲမှာ ကျန်ပြီး မြေကြီးပေါ်ကျ ကုန်တဲ့ ဓာတ်ဆီဟာ တစ်နှစ်ကို ဒေါ်လာ ၁၅,၀၀၀ လောက် ရှိပါသတဲ့။

    ကျတော်ပိုင်တဲ့ကုမ္ပဏီတစ်ခုက အငယ်တန်းမန်နေဂျာတစ်ယောက်ဟာ ထုတ်လုပ်မှု့ကို သေချာလေ့လာပြီး ပစ္စည်းတစ်ခုကို ဆင့်တ၀က် ထုတ်လုပ်မှု့ကုန်ကျစားရိတ်သက်သာအောင်လုပ်ပါတယ်။ ဒါပေမယ့် အဲဒီဆင့်တစ်ဝက် ဟာ တစ်နှစ်လုံးပေါင်းလိုက်တဲ့အခါ ဒေါ်လာ ၂၅,၀၀၀ ရှိပါတယ်။ ဒီပမာဏဟာ သူ့လစာ ထက်များပါတယ်။ နောက်တစ်နှစ်ကျတော့လည်း အဲဒီ မန်နေဂျာပဲ သူ့ဌာနမှာ ကုန်ကျစားရိတ် ၂၀ ရာနှုန်းလျော့ချပြီး၊ ထုတ်လုပ်မှု့ ၁၂ ရာနှုန်းတက်လာ အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီကောင်လေးမှာ ကျတော်ပြောတဲ့ သူကြွယ်စိတ်ဓာတ်အပြည့်အ၀ ရှိပါတယ်။ ကျတော် သေသေချာချာပြောရဲ ပါတယ်။ ဒီကောင်လေး ဟာ အငယ်တန်း မန်နေဂျာအဖြစ်နဲ့ပဲမနေဘူးဆိုတာ။ မကြာခင်အချိန်အတွင်းမှာ သူ ကိုယ်တိုင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်မှာပါ။

    အခုလို ပြိုင်ဆိုမှု့တွေ အရမ်းများနေတဲ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတိုင်းဟာ ကုန်ကျစားရိတ်လျှော့ချဖို့နဲ့ ထုတ်လုပ်မှု့တိုးတက်ဖို့ကို အပြင်းအထန်ကြိုးစားနေကြရတာပါ။ ဒီလိုခေတ်ကြီးမှာ ကုမ္ပဏီတစ်ခု ရဲ့ အနိမ့်ဆုံးဝန်ထမ်းနေရာမှာ တောင် စာတိုက်စာရေးလို လူစားမျိုးတွေ အတွက် နေရာမရှိပါဘူး။ အဲသလိုပဲ Millionaire Mentality ရှိတဲ့ မန်နေဂျာတွေ ၀န်ထမ်းတွေ အလွန်လိုအပ်ပါတယ်။

    ကျတော်နောက်တစ်ခေါက်ထပ်ပြောပါရစေ။ သူကြွယ်စိတ်ဓာတ်ရှိတယ်ဆိုတာ ကပ်စီးနည်းတာ၊ တွန့်တိုတာကိုပြောတာမဟုတ်ပါဘူး။ မိမိပိုင်တဲ့ ဒါမှမဟုတ်လဲ မိမိ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ အကျိုးကို မျှော်မှန်းပြီး မလိုအပ်တဲ့ကုန်ကျစား ရိတ်တွေကို လျှော့ချဖို့၊ အမြတ်ရရှိဖို့အတွက် ရှေ့ရူ့လုပ်ကိုင်ဖို့ပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ဆိုရင် မိမိကို ကုမ္ပဏီရဲ့ အစုရှယ်ယာ ပိုင်ရှင်တွေဟာ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ လွှဲအပ်ထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှု့နဲ့တန်အောင် ကိုယ်က ကြိုးစားဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု ဆက်လက်ရပ်တည်နေဖို့ တစ်ခုတည်းမဟုတ်ပဲ အခွင့်အရေးရတိုင်း ဘယ်လို တိုးချဲ့လုပ်ကိုင်မယ်ဆိုတာကိုပါ ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ ။

    ***********************************************************************

    ရေနံသူဌေးကြီး J. Paul Getty ၏ How to be rich စာအုပ်မှ The Millionaire Mentality ကို ကျတော်နားလည်သလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ Getty ဟာ တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ Getty Interest ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းမှာ ရေနံစ တူး တဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း အများကြီးလုပ်ခဲ့ပါတယ်။ သူဟာ အနုပညာပစ္စည်း စုဆောင်းရတာကိုလည်း ၀ါသနာပါပြီး သူစုဆောင်းခဲ့တဲ့ အနုပညာပစ္စည်းတွေကို အခုအခါမှာ Getty Museum မှာ ပြသထားပါတယ်။ Getty ပြောတဲ့ Millionaire Mentality စိတ်ဓာတ်မျိုးရှိဖို့ ကျတော်တို့ လူငယ်တွေအတွက် အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။ အရာရာကို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ ဟိုယောင်ယောင်၊ဒီယောင်ယောင် တောင်မရောက်မြောက်မရောက်ဖြစ်နေမဲ့အစား အလုပ်တစ်ခုခုကို Millionaire Mentality စိတ်ဓာတ်မျိုးနဲ့ သေသေချာချာလုပ်ကြဖို့လိုမယ်လို့ ထင်ပါတယ်ခင်ဗျာ။

    လူမင်းဟန်

  • မွတ်စလင်မ်ပညာရှင်များနှင့် အက္ခရာသင်္ချာ

    အယ်(လ)ကွာရာဇမီ

    ယနေ့ခေတ် သင်္ချာသမားများသုံးစွဲနေသော အက္ခရာသင်္ချာ(Algebra) ကိုစတင်ခဲ့သူမှာ မူဆလင်ပညာရှင် အယ်(လ)ကွာရာဇမီ Al-Khuwarazmi(AD-847) ဖြစ်သည်။ သူရေးသားခဲ့သော ကျမ်းစာအုပ်ဖြစ်သည့် The Book of Summary concerning calculating by transposition and reduction ဆိုသောစာအုပ်မှ Algebra ဆိုသောဝေါဟာရ ကိုရရှိခဲ့သည်။ ယခုကွန်ပျူတာများ တွင်သုံးသော အဆင့်ဆင့်တွက်နည်း algorithm ဟူသောနာမည်မှာ ထိုပုဂ္ဂိုလ်၏အမည်မှဆင်းသက်လာခြင်းဖြစ်သည်။ အယ်(လ)ကွာရာဇမီသည် သင်္ချာညီမျှခြင်းများကို ဖြေရှင်းရာတွင် နည်းနှစ်နည်း သုံး၍တွက်ချက်နိုင်သည်ဟုဆိုသည်။

    ပထမနည်းမှာ ညီမျှခြင်းများ၏ ဘယ်နှင့်ညာရှိကိန်းများကို ပို့သောနည်းဖြစ်သည်။ ထိုအခါ အပေါင်းသည် အနှုတ်၊ အနှုတ်သည်အပေါင်း ဖြစ်သွားလေသည်။ ဥပမာ X=40-4x သည် 5x=40 ဖြစ်သွားသကဲ့သို့ ဖြစ်သည်။ ထိုနည်းကို အယ်(လ)ဂျာဘရာ (Al-jabr) ဟုခေါ်သည်။ ဒုတိယနည်းကို အယ်(လ)မူကာဘာလာ(Al-mauqabala) ဟုခေါ်ပြီး ထိုနည်းမှာ ဘယ်နှင့် ညာ ကို ညီနေအောင် ညှိသောနည်းဖြစ်သည်။ ထိုနည်းတွင် အနှုတ်လက္ခဏာ လုံးဝမရှိအောင် ဟိုဘက်ဒီဘက် ညှိလိုက်ခြင်းကို အဓိကထားသည်။

    အယ်(လ)စာမော်ဝါ(လ)

    အယ်(လ)စာမော်ဝါ(လ) Al-Samaw’al (1175 A.D) သည် အက္ခရာသင်္ချာဆိုင်ရာ အဆိုများကို သင်္ကေတသုံး၍ ပထမဆုံးရေးခဲ့သူဖြစ်သည်။ [1]

    source

    မူရင်း ဒေါက်တာခင်မောင်ဝင်း၊ သင်္ချာမိတ်ဆက်၊ မုံရွေးစာအုပ်တိုက်ထုတ်