News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်

    အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်

    Hosne Ara, 4, a Rohingya refugee who fled Myanmar two-months ago listens to children singing at a children’s centre in the Kutupalong refugee camp near Cox’s Bazar, Bangladesh, November 5, 2017. REUTERS/Hannah McKay/File Photo SEARCH “POY GLOBAL” FOR THIS STORY. SEARCH “REUTERS POY” FOR ALL BEST OF 2017 PACKAGES. TPX IMAGES OF THE DAY

    မကြာသေးမီက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ခြင်းမရှိတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တချို့ကတော့ ဒါဟာ အမျိုးသားရေးအစွန်းရောက်တွေကို မသိမသာ အားပေးလိုက်ရာကျတယ်လို့ဆိုကြပြီး တချို့ကတော့ ဒါဟာ သဘောထားတင်းမာမှုကို ရှောင်ကျင်တဲ့ သံတမန်ရေးရာ သဘောရိုးဖြစ်တယ်လို့ ဆိုကြပါတယ်။

    ကသ်လစ်ချက်ခ်ျရဲ့ အရှိုန်အဝါအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ “လူမျိုးစု သန့်စင်ရေး” စံနမှုအဖြစ် မှတ်တမ်းတင်လောက်တယ်လို့ ကုလသမဂ္ဂက ညွန်းဆိုရလောက်အောင် ဖြစ်ပျက်နေတဲ့ မြန်မာစစ်တပ်ရဲ့ “ရှင်းလင်းရေးလှုပ်ရှားမှု” ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ပါတယ်။

    ဒီလို ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ “ရိုဟင်ဂျာ” လို့နာမည်တပ်မခေါ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်မှ နာမည်တပ်ခေါ်တာကို ထောက်ကြည့်ခြင်းအားဖြင့် လက်ရှိရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လူသားခြင်းစာနာထောက်ထားမှု ချွတ်ခြုံကျနေတဲ့ အရေးကိစ္စဟာ မြန်မာပြည်အနေနဲ့ ပြည်တွင်း ပြည်ပ အမြင်သဘောထား ဘယ်လောက်ကွာခြားနေသလဲဆိုတာကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်တွေ စတင်ဖို့ ဆောင်ရွက်နေချိန် ရှေ့ ရက်သတ္တပတ်ကာလတွေမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအပေါ် အခြေအတင် ငြင်းခုံမှုတွေ ပေါ်လာဦးမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားအဖြစ် ပိုင်းခြားသက်မှတ်မှုဟာ တိုင်းရင်းသားဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူမျိုးစုဝင်ဖြစ်ခြင်း ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံပါတယ်။ ဒါဟာလည်း အာရကန် ဒေသကြီး [လက်ရှိ ရခိုင်ပြည်နယ်] နဲ့ တချို့နိုင်ငံတော်ပိုင်နက်တွေကို ဗြိတိသျှထံ ပေးအပ်လိုက်ရတဲ့ ပထမ အင်္ဂလိပ်-မြန်မာ စစ်မတိုင်မီ တနှစ်၊ ၁၈၂၃ ခုနှစ် မတိုင်မီ မှာ အခြေချနေထိုင်တဲ့ လူမျိုးစုတွေကို ရည်ညွန်းတယ်လို့ ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသား အပြည်အဝရှိဖို့ဆိုတာ အလုံးစုံမဟုတ်ရင်တောင် တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်တည်မှုက အဓိကကျနေပါတယ်။ ဒီလို နိုင်ငံသားဥပဒေ အတည်ပြုပြီး ၉ နှစ်အကြာမှ တိုင်းရင်းသားမျိုးနွယ်စုစာရင်း ၁၃၅ မျိုးကို အစိုးရက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ က တော့ အဲ့ဒီစာရင်းထဲမှာ ပါမလာပါဘူး။ ဒါဟာ စစ်တပ်ဦးဆောင်တဲ့ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသမိုင်းက ဖျက်ပစ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာဖြစ်လာပါတယ်။

    ရိုဟင်ဂျာတွေနဲ့ ရိုဟင်ဂျာအရေးလုပ်ရှုားသူ တွေဟာ ရိုဟင်ဂျာတွေက ရခိုင်ဒေသမှာ ၈ ရာစုလောက်ကတည်းက အခြေချနေထိုင်ကြသူတွေဖြစ်တယ်လို ဆိုပါတယ်။ တဖက်မှာ ရိုဟင်ဂျာအရေးဆန့်ကျင်သူ အများစုဟာ ဒီသမိုင်းကြောင်းကို ငြင်းဆိုကြပြီး ရိုဟင်ဂျာတွေဟာ ဗြိတိသျှ ကိုလိုနီခေတ် (၁၈၂၄-၁၉၄၈) အကြားမှာ ဒါမှမဟုတ် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းမှသာ ရောက်ရှိလာတဲ့ တရားမဝင်ပြောင်းရွှေ့လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားသားတွေက ဆင်းသက်လာတယ်ဆိုတာ ပေါ်လွင်အောင် သူတို့ကို “ဘန်ဂါလီ” လို့ ရိုဟင်ဂျာဆန့်ကျင်ရေးသမားတွေက ခေါ်ဝေါ်ကြပါတယ်။ “ဘန်ဂါလီ” တွေဟာ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာဝင်တွေ ပိုင်တဲ့ဒေသကို အန္တရာယ်ဖြစ်စေတယ်လို့ ဆန့်ကျင်ရေးသမားတွေက မကြာခဏ သတိပေး ပြောကြားလေ့ရှိပါတယ်။

    ရခိုင်ပြည်နယ်သမိုင်းကို ပြန်ကြည့်ရင်တော့ ဒီကိစ္စက ရောထွေးနေပါတယ်။ သေခြာတာကတော့ အမှန်တရားဟာ နှစ်ဘက်လုံးရဲ့ အလယ်မှာ ရှိနေပါတယ်။ တကယ့်အရေးကြီးတဲ့ အချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဆိုတာ လူအုပ်စု တစုတည်းကို ရည်ညွန်းတာမဟုတ်ဘူးဆိုတာပါပဲ။

    တကယ်တန်း ဖြစ်နိုင်ခြေများတာကတော့ အုပ်စုသုံးစုကနေ ပူးတွဲဆင်းသက်လာတာပါပဲ။ ပထမတစုကတော့ ဗမာ့ယဉ်ကျေးမှု မလွမ်းမိုးမီ ၁၀ နဲ့ ၁၄ ရာစုနှစ်တွေအကြားမှာ အာရကန် ဒေသ [နေထိုင်ကြပြီး လက်ရှိ ရခိုင်ဒေသ] မှာနေထိုင်ကြသူတွေရဲ့ မျိုးရိုးအနွယ်ဝင်တွေဖြစ်ပါတယ်။ ဒုတိယအစုကတော့ ၁၆ ရာစုနဲ့ ၁၇ ရာစုအကြား ရခိုင်ဘုရင်နဲ့ ပေါ်တူကီ ကုန်သည်တွေခေါ်ဆောင်လာတဲ့ သုန့်ပန်းတွေနဲ့ ကိုလိုနီခေတ်အတွင်းမှာ ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။ တတိယအစုကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူတွေဖြစ်ကြပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဗြိတိသျှဝင်ရောက်လာပြီးတဲ့နောက် ဥရောပရဲ့ “နိုင်ငံတော်” ဆိုတဲ့ အတွေးအခေါ်တွေမတိုင်ခင်က အခုခေတ်မှာ မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့ နှစ်နိုင်ငံကြားက နယ်ခြားစည်းဆိုတာ ခိုင်ခိုင်မာမာ ရှိခဲ့တာမဟုတ်ပါဘူး။ အာရကန် ဒေသ [လက်ရှိ ရခိုင်ပြည်နယ်] ဆိုတာကလည်း ဗမာ နဲ့ ဘန်ဂါလီ တို့ရဲ့ နှစ်ကမ္ဘာ အလည်မှာ တည်ရှိနေပြီး နယ်နမိတ်တွေ ကြပ်ကြပ်မတ်မတ် ကားစည်းထားတာမရှိတဲ့ ကြားခံ ဒေသကြီးတခုဖြစ်ပါတယ်။

    သမိုင်းကြောင်းရဲ့ အချိန်ကာလ အပေါ်မူတည်ပြီး တချို့ကာလတွေမှာ အာရကန် ဒေသတွေဟာ ဘန်ဂါလီဘုရင်တွေလက်အောက်ကို ကျရောက်ခဲ့တာရှိသလို၊ တချို့ကာလတွေမှာ ရခိုင်ဘုရင်တွေက လက်ရှိ ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့ဖြစ်တဲ့ စစ်တကောင်း အထိ သိမ်းပိုက် အုပ်ချုပ်ခဲ့တာတွေလည်း ရှိပါတယ်။

    နာမည်ကိစ္စပြန်ဆက်ပြောရရင် ရိုဟင်ဂျာ ဆိုတာ ၁၉၅၀ ခုနှစ်လောက်ကမှာ ပထမဆုံး ပေါ်ပေါက်လာပြီး ရခိုင်ပြည်မြောက်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထုထောင်ချင်တဲ့ နိုင်ငံရေးတည်ဆောက်မှု ဒါမှမဟုတ် အရှေ့ပါကစ္စတန် [လက်ရှိ ဘင်္ဂလားဒေ့ရှ်] ထဲ သွတ်သွင်းချင်တဲ့ ဆန္ဒအပေါ် အခြေခံပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ဆန့်ကျင်လှုပ်ရှားသူတွေကဆိုပါတယ်။

    တဘက်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ဗြိတိသျှကိုလိုခေတ်မတိုင်မှီ ၁၇၉၉ ခုနှစ်ကမှတ်တမ်းတခုဖြစ်တဲ့ စကောဒ့်လူမျိုး Francis Buchanan ရဲ့ မှတ်တမ်းစာအုပ် “A Comparative Vocabulary of the Languages Spoken in the Burma Empire” မှာ “Rooinga” ရိုအ်ဂျာ လို့ အတိအလင်းရည်ညွန်းထားတာကို ထောက်ပြကြပါတယ်။

    Buchanan ရေးထားတာကို ပြန်ကြည့်ရင် “ဗမာအင်ပါယာမှာ သုံးနှုန်းပြောဆိုကြတဲ့ ပထမဆုံး ဘာသာစကားဟာ အာရကန်နယ်သား သို့မဟုတ် သူတို့ကိုယ်သူတို့ “ရိုအ်ဂျာ” လို့ခေါ်တဲ့ အာရကန်ဒေသမှာ အခြေချနေထိုင်ကြသူ မိုဟာမဒ်သာသနာဝင် [မွတ်စလင်] တွေပြောဆိုတဲ့ ဟိန္ဒူ နိုင်ငံက ဘာသာစကားက ဆင်းသက်လာတာဖြစ်တယ်” လို့ ရေးသားထားပါတယ်။

    ပြဿနာက ရိုဟင်ဂျာအရေး ထောက်ခံသူတွေရော ဆန့်ကျင်သူတွေဘက်ကပါ ပြောဆိုနေတဲ့အထဲမှာ အမှန်တရား လက္ခဏာတွေပါဝင်နေပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရှိခဲ့ကြောင်း သက်သေအထောက်အထားရှိတဲ့အတွက် ရိုဟင်ဂျာဆိုတာဟာ နောက်ပိုင်းမှ တီထွင်လာတဲ့ နာမည်အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်တလျောက် မှတ်တမ်းတွေ မှာ ဒီနာမည်ကို လုံးဝမတွေ့ရဘဲ ၁၉၅၀ ခုနှစ်လောက်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာပြန်ပါတယ်။

    ဒါကို အဖြေရှာကြည့်တဲ့အခါမှာ မျက်မှောက်ခေတ်က “ရိုဟင်ဂျာ” တချို့ဟာ “ရိုအ်ဂျာ” ဆိုတဲ့ မိဘမျိုးရိုးက ဆင်းသက်လာပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ၁၇၉၉ ခုနှစ်က မှတ်တမ်းမှာပါတဲ့ “ရိုအ်ဂျာ” ဆိုတာ ယနေ့မျက်မှောက်ခေတ်မှာ သုံးနေတဲ့ “ရိုဟင်ဂျာ” နဲ့ ရည်ညွန်းချက် အတူတူတော့ မဟုတ်နိုင်ပါဘူး။ ဒီအခေါ်အဝေါ်ဟာလည်း “အာရကန်” ဒေသကို ဘန်ဂါလီ အခေါ်အရ “ရိုဟဂ်” လို့ ခေါ်ရာက ဆင်းသက်လာဟန်ရှိပါတယ်။

    ဒါကြောင့် “ရိုဟဂ်” သား လို့ ရည်ညွန်းခေါ်ဝေါ်တဲ့ ရိုဟင်ဂျာ ဟာလည်း “အာရကန်” သား ကို ရည်ညွန်းတာဖြစ်ပါတယ်။ မကြာသေးမီကာလကမှ “ရိုဟင်ဂျာ” ဆိုတာကို လူမျိုးစုအမည်အဖြစ် တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဖြစ်နိုင်ပြီး တခြားလူမျိုးစုအမည်တွေနည်းတူ နိုင်ငံရေးရည်ရွယ်ချက်ကြောင်းလည်း ဖြစ်ပါတယ်။ လူမျိုးစုသွင်ပြင်လက္ခဏာ ဆိုတာဟာလည်း နိုင်ငံရေးအမွေအနှစ်ပဲ ဖြစ်ပါတယ်။

    ရိုဟင်ဂျာ လူမျိုးစုရဲ့ မူရင်းဇစ်မြစ်အပေါ် အမြောက်အများ ရေးသားပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် အလိုအလျောက် အသိအမှတ်ပြုခြင်းခံကြရတဲ့ တခြားလူမျိုးစုတွေရဲ့ မူရင်းဇစ်မြစ်တွေကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်တာတွေ သိပ်မရှိပါဘူး။ ရခိုင်ဆိုတဲ့ အမည်နာမနဲ့ လူမျိုးစု သွင်ပြင်လက္ခဏာဖော်ဆောင်လာတာတောင်မှ ၁၉ ရာစုနှစ်လောက်ကစတင် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာ ဆိုတာကလည်း မြန်မာနိုင်ငံအတွင်းမှာ ရခိုင်လူမျိုးတို့ရဲ့ နိုင်ငံရေး အားနည်းချက်နဲ့ သူတို့ရဲ့သွင်ပြင်လက္ခဏာဖော်ဆောင်မှု နောက်ကျခြင်းရဲ့ အပိုင်းအစလည်းဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဒီအငြင်းပွားမှုရဲ့ အခြေခံအကြောင်းတရားကတော့ လူမျိုးစုဆိုတာ စည်းဘောင်ပိတ်ထားတယ်၊ အပြောင်းအလဲမရှိဘူး၊ ရှေ့ယခင်ကတည်းက ယခုထက်တည်း တသတ်မှတ်တည်းရှိနေတယ် လို့ ထင်မြင်ယူဆနေကြလို့ပဲဖြစ်ပါတယ်။ တကယ်တန်းတော့ လူမျိုးစုဆိုတာ ပြောင်းလဲတက်တယ်၊ တိုးပွားတတ်တယ်။ လူမျိုးစုအဖြစ် သက်မှတ်တဲ့ သဘောတရားကိုယ်နှိုက်ကလည်း ပြောင်းလဲတတ်တဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားလှတဲ့ လူမျိုးစုတွေအကြားမှာ လူမျိုးစု ဆိုတာရော၊ လူမျိုးစုအဖြစ်သက်မှတ်တဲ့ သဘောတရားတွေကရော အချိန်ကာလ ကြာမြင့်တာနဲ့ အမျှ ပြောင်းလဲလာခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်တဲ့အခါ လူမျိုးစုတွေနဲ့ လူမျိုးစုအဖြစ် သတ်မှတ်တဲ့ သဘောတရားတွေဟာ အချိန်ကာလနဲ့မျှ ပြောင်လဲလာခဲ့ပြီး လက်ရှိကာလမှာ နိုင်ငံရေးရဲ့ အလယ်ဗဟိုမှာ အနယ်ထိုင် နေရာဝင်ယူလာတယ်ဆိုတဲ့ သမိုင်းကြောင်းကြီးတခုလုံးကို ခြုံငုံ ရှု့မြင်သင့်ပါတယ်။

    Edmund Leach၊ F K Lehman နဲ့ Victor Lieberman တို့လို မနုဗေဒပညာရှင်တွေ၊ သမိုင်းသုတေသီတွေ ဖော်ထုတ်ပြသခဲ့သလို ကိုလိုနီခေတ်မတိုင်မှီ မြန်မာနိုင်ငံတော်က လူမျိုးစု အသွင်လက္ခဏာတွေဟာလည်း အစဉ်ပြောင်းလဲနေခဲ့ပါတယ်။ လူတွေကို ဘာသာစကားအပေါ်အခြေခံပြီး ဘောင်ခပ်၊ စည်းတား၊ အမျိုးအမည် ခွဲခြားခဲ့တာဟာ ဗြိတိသျှတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ တခါတရံမှာ တစုနဲ့တစု ကူးလူးဆက်ဆံမှုတွေကိုပါ ပိတ်ပင်ခဲ့တဲ့အတွက် အရင်က မရှိခဲ့တဲ့ သူ့လူ၊ ကိုယ့်လူ ဆိုတဲ့ အမာခံ ခွဲခြားတာတွေ စတင်လာခဲ့ပါတယ်။

    အဲဒီအပြင် ၂၀ ရာစု အတွင်းမှာ ဗမာလူမျိုးကြီးဝါဒတွေ၊ လူမျိုးစုအခြေခံ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးတွေဟာ ဒီခွဲခြား သက်မှတ်မှုတွေကို ပိုမို တင်းမာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စတင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာလည်း ဒီလို ခွဲခြားမှုတွေကို ထပ်လောင်း တင်းမာစေခဲ့ပြန်ပါတယ်။

    လူမှုဗေဒပညာရှင် Michael Mann ဟာ ယခုခေတ်နိုင်ငံတွေဟာ ရှုပ်ထွေးပြီး မထင်မှတ်ထားတဲ့ သမိုင်းကြောင်းတွေအပေါ်မှာ အခြေခံတဲ့ အတွေးအခေါ်အယူအဆတွေ၊ စီးပွားရေးတွေ၊ အစုအဖွဲ့တွေ၊ နိုင်ငံရေးတွေနဲ့ ပုံဖော်ထားတဲ့ လှောင်အိမ်တွေ လို့ တင်စားဖော်ပြဖူးပါတယ်။ မြန်မာနိုင်ငံက ပုံဖော်ထားတဲ့ လှောင်အိမ် ရဲ့ သံတိုင်တွေမှာတော့ လူမျိုးစု ဆိုတဲ့ သံတိုင်တွေလည်း ပါဝင် ဘောင်ခပ်ထားပါတယ်။

    ရိုဟင်ဂျာခေါင်းဆောင်တွေအနေနဲ့ ဒီလို သူတို့ရဲ့ လူမျိုးစုနာမည်ကို စွဲကိုင်ထားတာဟာ မြန်မာနိုင်ငံအတွင်းက သတ်မှတ်ထားတဲ့ လူမျိုးစုနိုင်ငံရေး ကစားကွက်တွေအတွင်း အံတုယှဉ်ပြိုင်နေရတာပါ။ သူတို့တွေဟာ ဒီလို လူမျိုးစု သက်မှတ်ချက်စည်းကမ်းတွေကို ရေးဆွဲသူတွေမဟုတ်ပေမယ့် ဒီကစားကွက်တွေထဲမှာ အံတုယှဉ်ပြိုင်နေခြင်းဟာလည်း သူတို့ကို ဖိနှိပ်နေပါတယ်ဆိုတဲ့ လူမျိုးစုနိုင်ငံရေးကို အားပေးအားမြှောက်လုပ်ပေးသလို ဖြစ်နေပြန်ပါတယ်။ သူတို့လည်း ဒီ မြန်မာ့လှောင်အိမ်ထဲမှာ ပိတ်မိနေတာပါပဲ။ သူတို့ရဲ့အခွင့်အရေးကို အာမခံရနိုင်ဖို့အတွက် တခြားရွေးချယ်စရာရှားပါးလာတယ်လို့ ခံစားရလို့ ဒီလို ရှိရင်းစွဲ လူမျိုးစုနိုင်ငံရေးအတွင်းကို ဝင်တိုးရတာဖြစ်တယ်ဆိုတာကိုတော့ နားလည်ပေးနိုင်ပါတယ်။

    ဒီလို သူတို့ရွေးချယ်ထားတဲ့ လူမျိုးစုနာမည် “ရိုဟင်ဂျာ” ဆိုတာကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ဖိနှိပ်ချုပ်ချယ်မှု တစိတ်တဒေသဖြစ်တယ်ဆိုတာကတော့ သံသယရှိနိုင်ဖွယ်ရာမဟုတ်ပါဘူး။ တဆက်တည်းမှာလည်း ဒီလို ဖိနှိပ်မှုတွေဟာ “ရိုဟင်ဂျာ” ဆိုတဲ့ နာမည်ကို ပိုပြီးခိုင်မာအောင် စွဲကိုင်စေဖို့ တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။

    သူတို့ရဲ့ ကိုယ်ပိုင်သွင်ပြင် လက္ခဏာသတ်မှတ်ပိုင်ခွင့် (Right of Self-Identification) ဟာ ငြင်းပယ်ထားစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာအရေး လုပ်ရှားသူတွေကြားမှာလည်း ဒီအခွင့်အရေးဟာ တထစ်ကျမရမနေရ အခွင့်အရေးတရပ်အဖြစ် မှတ်ယူထားတာလည်း ရှိပါတယ်။ ပြဿနာရဲ့ အခြေအမြစ်ကတော့ ရိုဟင်ဂျာ သွင်ပြင်လက္ခဏာကို ငြင်းဆန်နေတယ်ဆိုတာထက် မြန်မာနိုင်ငံရဲ့ လူမျိုးစုနိုင်ငံရေးကို ဦးစားပေးနေမှု နဲ့ မြန်မာနိုင်ငံရေးကို ပုံဖော်ထားတဲ့ လှောင်အိမ်တွေရဲ့ သံတိုင်တွေ အကြား ဆက်စပ်မှုတွေပဲ ဖြစ်ပါတယ်။

    အများစုမဟုတ်တောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာအတော်များများဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေရရှိမယ်ဆိုရင် ဒီနာမည်ကို စွန့်လွတ်ကြမယ့်သူတွေရှိနေပါတယ်။ တချို့ကလည်း ဒီလို အခွင့်အရေး ပေးတာကို ရယူခဲ့တာတွေရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်နယ်အလယ်ပိုင်း မြေပုံမြို့နယ်မှာ နိုင်ငံသားစီစစ်ရေး စမ်းသပ်တဲ့ အစီအစဉ်တခုကို အစိုးရက ပြုလုပ်ခဲ့ဖူးပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရခိုင်ပြည်နယ်မှာ နေထိုင်လာတဲ့ မျိုးဆက် သုံးဆက် ကို သက်သေပြနိုင်ရင် နိုင်ငံသား ပေးမှာဖြစ်ပါတယ်။ ဝေးလံလှတဲ့အရပ်ဒေသတွေမှာ နေထိုင်ကြပြီး နှစ်ရှည်လများ စာရွက်စာတမ်းအထောက်အထား မရရှိတဲ့အတွက် ဒီလို သက်သေပြဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ်။ တချို့ဆိုရင် ၁၉၉၀ ခုနှစ်လောက်ကတည်း နိုင်ငံသားစာရင်းက ဖယ်ထုတ်ခြင်းခံရတာတွေလည်းရှိပါတယ်။

    နောက်တခုကတော့ အကယ်လို့ မျိုးရိုးသုံးဆက် သက်သေပြနိုင်တယ်ဆိုရင်တောင် နိုင်ငံသား ကဒ်မှာ “ရိုဟင်ဂျာ” လို့ မသုံးဘဲ “ဘန်ဂါလီ” လူမျိုး ဆိုတဲ့ တံဆိပ်တပ်တာကို လက်ခံပေးရပါလိမ့်မယ်။ မြေပုံမှာရှိတဲ့ ရိုဟင်ဂျာ အားလုံးဟာ ၂၀၁၂ ခုနှစ် အဓိကရုန်း ကတည်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေကြရပြီး တော်တော်များများက အစိုးရရဲ့ နိုင်ငံသား စီစဉ်ရေး အစီအစဉ်ကို လက်ခံခဲ့ကြပါတယ်။

    ဒီအစီအစဉ်အရ လူအယောက် ၃၀၀၀ လောက်ပါဝင် လျောက်ထားပေမယ့် ၉၇ ယောက်ပဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အစိုးရရဲ့ အစီအစဉ်ကို လက်ခံ ပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူတွေကလည်း ဘာမှမထူးခြားလာဘူးဆိုတာကို တွေ့ရပြန်ပါတယ်။ ဒုက္ခသည်စခန်းမှာ ဆက်နေထိုင်ရပြီး ဆေးရုံကိုတောင်မှာ သွားပိုင်ခွင့်မရရှိပါဘူး။ သူတို့အတွက်ကတော့ နိုင်ငံသား ဆိုတာ မျှော်မှန်းထားသလို နိုင်ငံသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါမလာခဲ့ပါဘူး။

    နိုင်ငံသား ရရှိသွားတဲ့ အမျိုးသမီးတယောက်ကတော့ သူ့အဖေဟာ မြို့ထဲမှာ လူအများ လေးစားရတဲ့ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်က ဆိုရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ခွဲခြားမှုမရှိဘဲ ဆက်ဆံရေးကောင်းခဲ့တယ်လို့ ပြောပြပါတယ်။ လေးနှစ်ကြာ ဒုက္ခသည်စခန်းမှာ နေထိုင်ပြီးတာတောင် သူမအနေနဲ့ အရင်က ကိစ္စတွေက အကျုံးမဝင်တော့ဘူးဆိုတာ လက်မခံနိုင်သေးဘူး ဖြစ်နေပါတယ်။

    ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် တွန်းပို့ပြီး သူတို့ရဲ့ သမိုင်းကြောင်းကိုဖျောက်ဖျက်ကြသလို၊ အဲဒီအမျိုးသမီးရဲ့ ဘဝပုံပြင်ဟာလည်း ရခိုင်သိုင်းအဝိုင်းထဲမှာ မရှိတော့ပါဘူး။ ရိုဟင်ဂျာ အတွက် ကြေကွဲစရာကတော့ သူတို့တမျိုးသားလုံးရဲ့ သမိုင်းကို ထိမ်ချန်ထားတာထက် ပိုဆိုးတာကတော့ အဲဒီမှာနေထိုင်ကြသူ တဦးတယောက်ချင်းစီရဲ့ ဘဝသမိုင်းစာမျက်နှာတွေကို ဖျောက်ဖျက်ခြင်းခံနေတာပဲ ဖြစ်ပါတယ်။

    Carlos Sardina Galache ရေးသားထားတဲ့ The true origins of Myanmar’s Rohingya ဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်သလို ဘာသာပြန်ထားသည်။

    မူရင်း ဆောင်းပါး http://www.atimes.com/article/true-origins-myanmars-rohingya/

  • “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဘယ်စံတွေနဲ့ရွေးချယ်ကြမှာလဲ”

    “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဘယ်စံတွေနဲ့ရွေးချယ်ကြမှာလဲ”

     

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။

    Credit -ကာတွန်း – ဖိုးရှုပ်

    ၂၀၁၇ နိုဝင်ဘာလ ၁၂ရက်နေ့က ရပ်ကွက်၊ကျေးရွာ (ရပ်ကျေး) အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ အတွက် ကြီးကြပ်ရေးအဖွဲ့သား ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၃ ရက်တွင် ရွေးချယ်မှုကို ပြန်လည်ပြုလုပ်ရန် ညွှန်ကြားချက်ကို စာရေးသူတို့ နေထိုင်သည့် သင်္ကန်းကျွန်းမြို့နယ် ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းရှေ့တွင် တွေ့ရပါသည်။ နိုဝင်ဘာလ ၂၂ ရက် စာရေးသူတို့ ရပ်ကွက် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦး ကို အိမ်ထောင်စုတစ်ခု၏ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈နှစ် ပြည့်ပြီးသည့် မိသားစုဝင် တစ်ဦးဦး က ပုံစံ ၆၆/၆ လဝက သန်းခေါင်းစာရင်းတွင်ပါလျှင် ဆန္ဒပြုရွေးချယ်ခွင့်ရမည်ဖြစ်သည်။

    လက်ရှိတာဝန်ထမ်းဆောင်နေသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ၂၀၁၆ ဇန်နဝါရီလက ရွေးချယ်ခံထားရသူများဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့်ကာလမှာ လပေါင်း ၂၀ခန့်သာ ရှိပေသည်။

    မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ခရိုင်ပေါင်းမှာ ၆၆ခု၊ မြို့နယ်ပေါင်းမှာ ၃၇၂၊ ရပ်ကွက်ပေါင်းမှာ ၂၈၂၇၊ ကျေးရွာပေါင်း ၆၄၈၅၃ ခု၊ ကျေးရွာအုပ်စုပေါင်းမှာ ၁၃၇၀၈ ဖြစ်ပါသည်။ စာရေးသူတို့နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅မြို့နယ် ရပ်ကွက်ပေါင်း ၇၀၈ ကျေးရွာအုပ်စုပေါင်း ၆၂၅၊ ကျေးရွာပေါင်း ၂၀၉၃ခုရှိလေသည်။

    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၂ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပေသည်။ ထိုဥပဒေတွင် အုပ်ချုပ်ရေးမှူးသည် သင့်တင့်သောပညာ အရည်အချင်းရှိသူဖြစ်ခြင်းနှင့် စားဝတ်နေရေး ဖူလုံမှုရှိသူ ဖြစ်ခြင်းဆိုသည့် အချက်(၂)ချက်ကို ပယ်ဖျက်ခဲ့သည်။ ရပ်ကွက်ကျေးရွာအတွင်း တစ်ဆက်တည်းနေ အနည်းဆုံး (၁၀)နှစ် နေထိုင်သူဖြစ်ခြင်းအစား (၅) နှစ်နေထိုင်သူဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း ဆိုသည်ကို ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်သူ ဟူ၍ ပြင်ဆင်ခဲ့ပေသည်။ တတိယအကြိမ်ပြင်ဆင်ချက်တွင်
    ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်ဟု ဖော်ပြထားပေသည်။ ၂၀၁၇ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို နိုဝင်ဘာလ (၁၀) ရက်မှ ဒီဇင်ဘာလ (၁၀)ရက်အထိ တစ်လအတွင်းကျင်းပရန် အထက်မှ ညွှန်ကြားထားပေသည်။

    ယခင့်၊ ယခင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လေ့လာဆန်းစစ်ကြည့်သောအခါ အနည်းစု သာ လျှင် ရပ်ကွက်၊ကျေးရွာအကျိုးကို အမှန်တကယ် စွန့်လွတ်အနစ်နာခံပြီး လုပ်ဆောင်ခဲ့ကြောင်း တွေ့ရ သည်။ အုပ်ချုပ်ရေးမှူး အများစုသည် ဘဝမြင့် အောက်ခြေလွတ်ကာ အာဏာရှင်စိတ်ပေါက်လျက် ပြည်သူလူထုအားဟောက်စား၊ ငေါက်စားပြုလုပ်၍ မိမိအား အမြဲမျက်နှာချိုသွေး ငွေလမ်းခင်းပေးနေသူ များနှင့်သာ အဆင်ပြေနေပေသည်။ ထို့ကြောင့်လည်းလူထုက သူတို့အား ပြည်သူ့ချဉ်ဖတ်စာရင်းတွင် သွတ်သွင်းခဲ့ခြင်းဖြစ်ပါသည်။

    ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ပြည်သူအချို့စိတ်မဝင်စားရသည့် အကြောင်းရင်းကို စာရေးသူ လက်လှမ်းမှီသလောက်တင်ပြရလျှင် (၁)စားဝတ်နေရေးအတွက် အချိန်ပြည့် ရုန်းကန်နေရ ခြင်း (၂) ထိုသူတို့၏စိတ်ထဲတွင် “လူတွေသာပြောင်းသွားတယ်။စကားလုံးတွေ ခေါင်းစဉ်တွေသာ ပြောင်းသွားတယ်။ မူကတော့ သိသာထင်ရှားစွာ ပြောင်းလဲမှုမရှိခြင်း” (၃) ဆယ်စုနှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးရန်းမထွက်နိုင်သည့် “အထက်ဖား၊ အောက်ဖိ အုပ်ချုပ်ရေး နွံထဲမှ ရုန်းမထွက်နိုင်ခြင်း” (၄) ဆယ်အိမ်မှူး၊ ရာအိမ်မှူးဆိုသူများသည် လစာမဲ့လုပ်အားပေးသူများဖြစ်၍ လာဘ်ပေး၊လာဘ်ယူစနစ် တွင် သာယာနေခြင်းကို ရပ်ကျေးလူထု အချို့က သတိပြုမိခြင်း။ စသည့် အကြောင်းအချက်တို့ကြောင့် ရပ်ကျေးလူထုသည် အုပ်ချုပ်ရေးမှူးလောင်းရွေးပွဲကို အာရုံစိုက်မှု့ အားနည်းနေခြင်း ဖြစ်ဟန်တူပေ သည်။

    ဒီမိုကရေစီစနစ်ကို သွားချင်သည့် ပြည်သူလူထုသည် အပြောင်းအလဲများကို မိမိကိုယ်တိုင် မိမိ၊ မိသားစုဝင်၊ မိမိနေထိုင်သည့် ရပ်ကွက် စသည်တို့မှ အစပြု၍ ပြုပြင်ပြောင်းလဲမှု့များကို ပြုလုပ်ရပါမည်။
    မိမိရပ်ကွက်၊ကျေးရွာကို အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးသည် ရပ်ကျေးလူထု အများရဲ့သဘောထား ဆန္ဒ နှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ဖို့ လိုပေသည်။ ရပ်ကွက်နေလူထု နှင့် အနီးကပ်ထိတွေ့ဆက်ဆံနေသူကို ဦးစားပေးရွေးချယ်သင့်ပေသည်။

    စာရေးသူအနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ကြမည့် ပြည်သူလူထုကြီးအား “စံ” ထား ရွေးချယ်စေချင်တဲ့ အချက်များရှိပါသည်။ ယင်းတို့မှာ ကိုယ်ရွေးချယ်သည့် အုပ်ချုပ်ရေးမှူးသည်
    (၁) အကျင့်စာရိတ္တ ကောင်းသူဖြစ်ရပါမည်။
    (၂) ဒီမိုကရေစီဝါဒကို လိုလားပြီး ဝေဖန်ခံနိုင်သူဖြစ်ရပါမည်။
    (၃) မတူကွဲပြားစွာ ရောပြွမ်းနေထိုင်သည့် ရပ်ကျေးမျိုးတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နှင့် သဟဇာတဖြစ်သူ ဖြစ်ရပါမည်။
    (၄) စာပေဗဟုသုတ နှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပြီး၊ ပရဟိတလူမှုရေးစိတ်ဓာတ်ရှိသူဖြစ်ရပါမည်။
    (၅) လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ကို ယူဆောင်နေသူဖြစ်ပါက ထိုသူသည် လူထုကြား ပြဿနာကြီးငယ်ပေါ်တိုင်း မိမိ အစွမ်းအစနှင့် ပြေလည်အောင် မဖြေရှင်းပဲ၇ဲစခန်းနှင့် တရားရုံးကိုသာ အားကိုးပို့ဆောင်နေသူမျိုးကို မရွေးချယ်မိဖို့ အလွန်အရေးကြီးပါသည်။ ထိုလူမျိုးကို ရွေးချယ်မိပါက ကိုယ့်သေတွင်း၊ ကိုယ်တူးသလို ဖြစ်ပြီးမြွေပွေးခါးပိုက် ပိုက်သလိုမျိုး ဖြစ်နေမည်ဖြစ်ပြီး ပြည်သူလူထု ကြီး စိတ်ဆင်းရဲ ရမည်သာဖြစ်သည်။

    “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သည်။ “ဘယ်သူမပြု၊ မိမိမှုပင်” ဖြစ်သည်။ မိမိ ရပ်ကွက်၊ကျေးရွာ၏ အလုံးစုံ၊သာယာဝပြောရေးအတွက် ဦးဆောင်လမ်းညွှန်နိုင်သူ အုပ်ချုပ်ရေးမှူး ကောင်းကို စဉ်းစားရွေးချယ်ဖို့ အရေးကြီးပါသည်။
    ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးသည် ရပ်ကျေးအတွင်းတွင် အမြင့်ဆုံးထိပ်တန်းရာထူး တစ်ခုဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ပေးအပ်သည့်လစာမှာ ၁၂၀၀၀၀ ကျပ်ဝန်းကျင်သာ ဖြစ်လေသည်။ယနေ့လို အခြေအနေမျိုးတွင် အဆိုပါလစာငွေသည် မိသားစုတစ်စု၏ စားဝတ်နေရေး အတွက် လုံးဝ လုံလောက်မှုမရှိပေ။ ဒိရေအလားမြင့်တက်နေသည့် ကုန်ဈေးနှုန်းကြီးကို ကာမိစေခြင်းမ ရှိပေ။

    ထို့ကြောင့်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး များကို သက်ဆိုင်ရာတာဝန်ရှိ အာဏာပိုင်များအနေဖြင့် လုံလောက်သည့် လစာထောက်ပံ့ကြေးကို ပံ့ပိုး ပေးဆောင်နိုင်မှသာ အဆိုပါအုပ်ချုပ်ရေးမှူးများသည် မိမိတို့၏တာဝန်ဝတ္တရားများကို အဂတိတရား ကင်းစွာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်ဖြင့် ရပ်ကျေးပြည်သူလူထု၏ အကျိုးကို ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါသည်။ ။

     

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)

     

  •  ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

     ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda)

    –  စူးစမ်းလေ့လာရေးစင်တာတွေ ပေါများလားမှု၊ ညဖက် ကောင်းကင်ယံကို စိတ်ဝင်စားမှု မြင့်တက်လာတာနဲ့အတူ ၉ ရာစုနဲ့ နောက်ပိုင်း မွတ်စလင်နက္ခတ္တဗေဒပညာရှင်တွေဟာ ကောင်းကင်ယံကြီးကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းခဲ့ကြပြီး ကြယ်နက္ခတ်တွေ၊ ကြယ်စင်စုကြီးတွေအကြောင်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီလို ဖော်ထုတ်မှုတွေထဲမှာ ၁၀ ရာစု ပါရှန် ပညာရှင်ကြီး အဘ်ဒဲလ် ရဟ်မန် အလ်-ဆူဖီ (Abd al-Rahman) လည်း ပါဝင်ပါတယ်။ အလ်-ဆူဖီဟာ တကယ့်ကို တစ်ဖက်ကမ်းခတ်တဲ့ နက္ခတ္တဗေဒသမားကြီးဖြစ်ပြီး သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ကမ္ဘာနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda) အကြောင်းကို ရေးသားခဲ့ပြီး ‘တိမ်မရှိတဲ့ ဂလက်ဆီ’လို့ ဖော်ညွှန်းခဲ့ပါတယ်။

    ဒီဖော်ပြချက်ဟာ မိမိတို့ရဲ့ ဂလက်ဆီအပြင်ဘက်က အရာတွေအကြောင်းကို ပထမဆုံးဖော်ပြချက်လည်း ဖြစ်ပါတယ်။ အလ်-ဆူဖီဟာ ကြယ်တွေရဲ့ အနေအထား၊ အရွယ်အစား၊ အရောင်အဆင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြယ်အစုအဝေးတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကြယ်အစုအဝေး တစ်ခုချင်းစီအတွက်လည်း ကမ္ဘာကနေ မြင်ရတဲ့ပုံစံ၊ အာကာသကနေ မြင်ရတဲ့ပုံစံ စသဖြင့် နှစ်မျိုး ရေးဆွဲခဲ့ပါတယ်။ အလ်-ဆူဖီဟာ နက္ခတ္တအိမ်မြှောင်နဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေအကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

    ဒီလိုလေ့လာမှုတွေကြောင့် ကြယ်တွေနဲ့ ကြယ်အစုအဝေး တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါတွေအတွက် အခုအချိန်အထိ မူရင်းအာရဘီအမည်တွေကို သုံးစွဲနေကြတုန်းဖြစ်ပါတယ်။ မွတ်စလင် နက္ခတဗေဒပညာရှင်ကြီးတွေဟာ ကြယ်တွေကို နာမည်ပေးတာ၊ အကွာအဝေးသတ်မှတ်တာတွေ လုပ်ကြပြီး ဒီကနေ့မှာ ကြယ်တော်တော်များများကို မူရင်း အာရဘီအမည်ရဲ့ အငွေ့အသက်ပါတဲ့ အမည်တွေနဲ့ အခုအချိန်အထိ ခေါ်ဝေါ်နေကြတုန်း ဖြစ်ပါတယ်။

    မွတ်စလင်ပညာရှင်ကြီးတွေဟာ ကြယ်ပြမြေပုံတွေကိုလည်း တီထွင်ရေးဆွဲခဲ့ကြပြီး ဒါတွေကို ဥရောပနဲ့ အရှေ့တိုင်းမှာ ရာစုနှစ်နဲ့ချီ အသုံးပြုခဲ့ကြပါတယ်။ အာကာသကောင်းကင်ကို ဖော်ကျူးရေးဆွဲမှုတွေဟာ မွတ်စလင်ကမ္ဘာမှာ အနုပညာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ဂျော်ဒန်နန်းတော်ကြီး ‘ကူဆီရ် အမ်ရာ’ (Qusayr’ Amra) ရဲ့ ရေချိုးခန်းအမိုးခုံးမှာ အင်မတန် လက်ရာမြောက်တဲ့ စက်လုံးသဏ္ဍာန် မိုးကောင်းကင်ပြမြေပုံ ရေးချယ်ထားပါတယ်။ အဲဒီရေးဆွဲထားမှုထဲက အကောင်းပကတိအတိုင်းရှိနေတဲ့ အစိတ်အပိုင်းတွေမှာ ကြယ်အစုအဝေး ၃၇ ခုနဲ့ ကြယ်ပေါင်း ၄၀၀ လောက်ကို တွေ့မြင်နိုင်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • အမျိုးသားကျောင်း၊ အမျိုးသားပညာရေးရဲ့ အမွေအနှစ်

    အမျိုးသားကျောင်း၊ အမျိုးသားပညာရေးရဲ့ အမွေအနှစ်

    ဆောင်းပါးရှင်- ဆူးငှက်

    ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန် တက္ကသိုလ်က တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ သပိတ်မှောက်ကြတယ်။ ကျောင်းသား ကိုဘဦးအပါအ၀င် (၁၁)ဦးက ဦးဆောင်ပြီး သပိတ် မှောက်ကြတာပါ။ ဒီပထမကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အသိအမြင်တွေကို ပထမဆုံးစတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ်္မာကို ကိုယ့်ဖာသာ စီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ် မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်း ဖြစ်ခဲ့တယ်။ဒါကြောင့် ပထမ ကျောင်းသားသပိတ်ကြီး အပြီး၊ ရန်ကုန်မှာ ဗဟန်း အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများအပြင် တစ်ပြည်လုံး အတိုင်းအတာ အထိ၊ အမျိုးသားကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။

    ဒါကြောင့် ၁၂၈၃ခု သီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခု အောက်တိုဘာ ၂၄ရက်)နေ့က မန်္တလေးမှာကျင်းပတဲ့ န၀မမြောက် ဂျီစီဘီအေ အသင်း အစည်းအဝေးကြီးမှာ ပထမကျောင်းသား သပိတ်ကြီး စတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့ တယ်။ ဒါကြောင့် ၁၂၈၃ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့က စတင်ပြီး တစ်ပြည်လုံးအတိုင်း အတာနဲ့ အမျိုးသားအောင်ပွဲနေ့တွေ စတင် ကျင်းပခဲ့ကြတယ်။ နောင်တစ်ချိန်မှာ ပထမကျောင်းသား သပိတ်ကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အမျိုးသား ကျောင်းတွေက အမျိုးသားအောင်ပွဲနေ့တွေကို ထူးထူးခြားခြား ကျင်းပခဲ့ကြတာလည်း အထင်အရှားပါပဲ။

    ပထမကျောင်းသား သပိတ်ကြီးကြောင့် အမျိုးသားကျောင်းတွေ ဖွင့်လှစ်ရာမှာ မန္တလေး က ဆရာကြီး ဦးရာဇတ်ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေး မှာ (၁)လမ်း၈၀နဲ့ ၈၁လမ်းကြား၊ လမ်း ၃၀နဲ့ ၃၁လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက်အဆောက်အဦးကြီးမှာ ဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃၀နဲ့၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာဆရာမကြီး ဒေါ်စောအုံကျောင်းအုပ်အဖြစ် ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊ (၃) ဆိုင်းတန်း သင်္ဘော တန်းရပ်မှာ နေရှင်နယ် အလယ်တန်းကျောင်းနဲ့ (၄) ညောင်ပင်ဈေးမှာ ညောင်ပင်ဈေးနေရှင်နယ်ကျောင်း ဆိုပြီး ၄ကျောင်းဖွင့်လှစ်ခဲ့တယ်။ မန်္တလေးက အမျိုးသားကျောင်းတွေဟာ ဆရာကြီး ဦးရာဇတ်ရဲ့ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး၂ခြမ်းအကွဲ၊ အမျိုးသားကျောင်းများ အထောက်အပံ့ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသား အထက်တန်း ကျောင်းကြီး တည်တံ့ခဲ့တယ်။ ဒီကနေ့အထိ အမှတ် ၂ အ.ထ.က အဖြစ်နဲ့အထိပေါ့။ မန်္တလေးမြို့မိ မြို့ဖ တွေကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေး ထောက်ခံခဲ့ကြရုံမက၊ ကိုယ့်သားသမီးတွေကိုလည်း ဆရာကြီးဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသား ကျောင်းမှာပဲ ကျောင်းအပ်ခဲ့ကြတာပါ။ ဒါကြောင့် မန်္တလေးရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက ထင်ရှားတဲ့ ပုဂိ္ဂုလ်ကြီးတွေ အများစုဟာ အမျိုးသားကျောင်းထွက်တွေ အများစုဖြစ်ခဲ့တယ်။

    ဒီအထဲမှာ ဆရာမြို့မငြိမ်းကလည်း ကနဦးအစ ဗုဒ္ဓသာသနာ့နုဂ္ဂဟအထက်တန်းကျောင်းမှာ နေခဲ့ပေမယ့် နောက်တော့ မန္တလေး ဗဟို အမျိုးသားကျောင်းမှာ ပညာဆက်သင်ခဲ့တယ်။ (ဆရာမြို့မငြိမ်း ရဲ့ သားသမီးတွေ အားလုံးကလည်း အမျိုးသားကျောင်း ထွက်တွေပါပဲ။) ဒါကြောင့် နှစ်စဉ်ကျင်းပတဲ့ အမျိုး သားအောင်ပွဲနေ့တွေမှာ ဗဟိုအမျိုးသား အထက်တန်း ကျောင်းက ပဒေသာကပွဲများအထိ ပါဝင်ဆင်နွှဲကြတော့ ဆရာမြို့မငြိမ်းက အမှတ်တရ ဂုဏ်ပြုသီချင်း တွေ နှစ်တိုင်းရေးစပ်ပေးခဲ့ပါတယ်။ ပြန်လည် စုဆောင်း၊ ရှာဖွေစုဆောင်းတော့ ဆရာမြို့မငြိမ်းရေး စပ်ခဲ့တဲ့ အမျိုးသားနေ့ ဂုဏ်ပြုသီချင်း (၅)ပုဒ်တွေ့ရှိ ခဲ့ပါတယ်။

    ““ထောင့်နှစ်ရာရှစ်ဆယ့်နှစ်တွင် အတိတ်ခေတ် ကြေးမုံပြင်၊ ပြန်လည်သုံးသပ်ကာမြင်၊ ဂုဏ်ယူလောက် ဖွယ်ပင်..””လို့ အစချီတဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းမှာ သူ့မိခင်ကျောင်းတော်ကြီးကိုလည်း အခုလို ဂုဏ်ပြု စပ်ဆိုခဲ့ပါသေးတယ်။
    ““ကောင်းသော မိုးသောက်ထမှာ ဒို့မြင်xx ကိုယ့်စိတ်လန်းဆတ်ကြည်လင်၊ ၀မ်းမြောက် ပျော်ရွှင်xx ကျက်သရေပင်
    အိမ်တိုင်းစေ့ ရှုမငြီး၊ အလံတော်ကြီးတွေ ဝေဖြာလွင်xx တခုံတမင် ဗဟိုအမျိုးသားကျောင်း သောင်းသောင်းဖြဖြxx
    အောင်ပွဲသဘင် ဆင်မြဲဝင်နွှဲ အကြိမ်ကြိမ်ပင်..”” တဲ့။

    အမျိုးသားအောင်ပွဲနေ့အတွက် ဆရာမြို့မငြိမ်း စပ်ဆိုခဲ့တဲ့ နောက်ထပ်သီချင်းတစ်ပုဒ်မှာ ““လွတ်လပ် ရေး ရယူစေသော မျိုးစေ့ပင်၊ ဒီနေ့မျိုးစိုက်သည်တွင်၊ ဒို့အောင်မြင်”” ဆိုတဲ့စာသားတစ်ပိုဒ်ပါဝင်တယ်။ အင်မတန် ကျစ်လျစ်အားကောင်းပြီး အဓိပ်္ပာယ် လေးနက်ပါတယ်။ ကျန်ပညာရေးကို မလိုလား၊ လက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ သပိတ်မှောက်တယ်။ ဒီလုပ်ဆောင်ချက်နဲ့ တစ်ဆက်တည်း အမျိုးသား ကျောင်းတွေ ပေါ်ပေါက်လာတယ်။ အမျိုးသား ကျောင်းတွေက လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ သားကောင်းသမီးကောင်းတွေ မွေးထုတ်ပေးတယ်။ ဒီသားကောင်းသမီးကောင်းတွေက လွတ်လပ်ရေး တိုက်ပွဲမှာ အဓိက အားအင်တွေဖြစ်ခဲ့တယ်။ ဒါကို ဆရာမြို့မငြိမ်းက အကျစ်လျစ်ဆုံး အားကောင်းတဲ့ စကားလုံးတွေနဲ့ ရေးစပ်ခဲ့တာပါ။

    ဆရာမြို့မငြိမ်းရဲ့ အမျိုးသားနေ့ ဂုဏ်ပြု နောက် ထပ်သီချင်းတစ်ပုဒ်မှာတော့…
    ““ပညာရေးလောကကြီးပေါက်ဖွားစေxx အမျိုးသားနေ့ မမေ့အပ်ပေ ထူးမြတ်သလေxx
    အောင်ပွဲဆင်မြဲ ကျောင်းသားကျောင်းသူ မောင်မယ်ဆွေxx
    အမျိုးစိတ်တွေ မြင့်လျက်တိုးတက်နေxx ဒို့မြေဒို့ပြေ၊ ဒို့မြေဒို့ပြေ ဘိုးဘွားများအမွေxx ပြည်ထောင်စုကို မြတ်နိုးအကျိုးဆောင်မယ်လေ”” တဲ့။ အမျိုးသားအောင်ပွဲနေ့လို့ သတ်မှတ်လိုက်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့က အမျိုးသား ပညာရေးလောကကြီးပေါ်ပေါက်လာခဲ့ပုံ ကို မှတ်တမ်းတင် လိုက်ခြင်းပါပဲ။

    ဆရာမြို့မငြိမ်းရဲ့ နောက်ထပ်သီချင်းတစ်ပုဒ် ကတော့ တစ်ပုဒ်လုံးမျှ အဓိပ်္ပာယ်လေးနက်လှပါတယ်။ ခေတ်အမြင် ခေတ်အတွေးနဲ့ အမြင်ကျယ်လှပါတယ် လို့ပြောရပါမယ်။ တိုင်းပြည်ဟာ ခေတ်နဲ့အညီ ကမ်္ဘာ နဲ့ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ပညာရေးက အရေးကြီး ကြောင်း။ တိုင်းသူပြည်သား (လူထု)ရဲ့ ပညာဥာဏ် ရည် အနိမ့်အမြင့်ကိုလိုက်ပြီး တိုင်းပြည်ရဲ့ အဆင့် အတန်း အနိမ့်အမြင့်ရှိနိုင်တယ်။ တိုင်းပြည် ထိပ်တန်း ရောက်ဖို့ လူထုရဲ့ ပညာဥာဏ်ရည် အနိမ့်အမြင့်က အရေးပါတယ်လို့ လေးနက်စွာဖွင့်ဆိုလိုက်ခြင်းပါ။

    ““ထိပ်တန်းသို့ မြန်မာနိုင်ငံရောက်ဖို့ မြင့်ရန် အရေးဝယ်xx လူထု၏နိမ့်မြင့်ပညာ ဥာဏ်ရည်လိုက် လို့မြင့်နိုင်မယ်xx ထို့ကြောင့် လူငယ်၊ မြန်မာပြည်ဖွား တိုင်းရင်းသားမောင်မယ်xx လသင်ကြားအားထုတ် ကြိုးကုတ်ပညာ မလင့်မီအခါဝယ်xx ကြီးလာတော့ တိုင်းပြည်အကျိုး ထမ်းပိုးနိုင်မယ် နောက်နောင်ဝယ်”” တဲ့။

    ဒီသီချင်းကို အမျိုးသားနေ့ အောင်ပွဲအတွက် သာမက ၁၉၄၈ ခုနှစ် ဇွန်လမှာမန်္တလေး ယူနီဗာစီတီ ကောလိပ်အဖြစ် ဖွင့်လှစ်နိုင်တဲ့ အထိမ်းအမှတ် ဖွင့်ပွဲ မှာလည်း ယိမ်းအဖွဲ့တွေနဲ့အတူ ကျောင်းသူ မတင် တင်မြင့်နဲ့ မစီစီဝင်းတို့က သီဆိုခဲ့ကြသတဲ့။ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေကို အနှစ်သာရရှိရှိ ကျင်းပခဲ့ကြခြင်းဟာ ကျောင်းသားလူငယ်တွေရဲ့ နှလုံးသားထဲမှာ သမိုင်းအမှန်နှင့်အတူ စစ်မှန်တဲ့ နိုင်ငံချစ်စိတ်တွေ ကိန်းအောင်း ရှင်သန်စေခဲ့တာ အမှန်ပါပဲ။ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာ ကဗျာဆရာ စတဲ့ အနုပညာရှင်ကြီးတွေ ၊ ဥယျာဉ်မှူး ဆရာ ဆရာမကြီးတွေ၊ ပါမောက္ခ ပညာရှင်ကြီးတွေ အားလုံးလိုလိုဟာ အမျိုးသားကျောင်းများရဲ့ အမျိုးသားပညာရေးက မွေးဖွားပေးလိုက်တာပါပဲ။

    ဆရာ ဆူးငှက်၏ လူမှုကွန်ယက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • “ငြိမ်းချမ်းရေး ဦးတည်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ”

    “ငြိမ်းချမ်းရေး ဦးတည်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ”

    ဓါတ်ပုံ- ပေါ်ပျူလာမီဒီယာ

    ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀ကျော် ရှိသည့်အနက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းမှာ ၁၉၅ နိုင်ငံသာရှိပါသည်။ ကမ္ဘာ့လူဦးရေသန်းပေါင်း ၇၀၀၀ကျော် ရှိသည့်အနက်၊ လူမျိုးနွယ်အုပ်စုပေါင်း ၅၀၀၀ကျော်ရှိပြီး ထိုလူသားမျိုးနွယ်များ၊ ပြောဆိုသုံးစွဲနေသော ဘာသာ စကားပေါင်းမှာ ၆၀၀၀ကျော်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားများသည် မိမိတို့ အားသန်ရာ ဘသာတရားများကို ကိုးကွယ်ယုံကြည် ကြပါသည်။ ဘာသာတရားအသီးသီးသည် လူ့ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားများ စာရိတ္တမဏ္ဏိုင် များ ဖွံ့ဖြိုးတိုးတက်ကြံ့ခိုင်လာစေရန်နှင့် လောကီနှင့် လောကုတ္တရာ အေးချမ်းစေရာ တရားများကို သာ ညွှန်ပြလျက်ရှိပါသည်။

    ကမ္ဘာ့ပေါ်ရှိ လူသားများ ယုံကြည်ကိုးကွယ်နေကြသည့် ဘာသာတရားများကို ဆန်းစစ် လေ့လာကြည့်လျှင် ခရစ်ယာန်ဘာသာဝင်များက သန်းပေါင်း၂၂၀၀ ကျော်ရှိသည်။ အစ္စလာမ် ဘာသာဝင်များက သန်းပေါင်း ၁၈၀၀ကျော်ရှိသည်။ ဟိန္ဒူဘာသာဝင်ဦးရေက သန်းပေါင်း ၁၁၅၀ ကျော်ရှိသည်။ မဟာယနနှင့်ထေရဝါဒ ဗုဒ္ဓဘသာဝင်ဦးရေက သန်းပေါင်း ၅၃၅ သန်းကျော် ရှိသည်။ မဟာယနဗုဒ္ဓဘာသာဝင်ဦးရေမှာ သန်းပေါင်း ၃၆၀ ကျော်ဖြစ်ပြီး။ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တောာင်ကိုးရီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံတို့တွင် တွေ့ရပါသည်။ ထေရဝါဒဗုဒ္ဓဘာသာကို အများစုလက်ခံယုံကြည်သည့်နိုင်ငံမှာ သီရိလင်္ကာနိုင်ငံနှင့် စာရေးသူတို့ မြန်မာနိုင်ငံဖြစ်ပါသည်။ မည်သည့်ဘာသာတရား၊ အယူဝါဒကိုမျှ လက်ခံခြင်းမရှိဘဲနေသော လူဦးရေပေါင်းမှာ သန်းပေါင်း ၁၀၀၀ကျော် ရှိနေပြီး ကမ္ဘာ့ကွန်မြူနစ်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ရုရှားနိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့ဖြစ်ပါသည်။

    ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူကွဲပြားသော လူမျိုးနွယ်အုပ်စုများရှိကြသည်။ ထိုသူတို့တွင် မတူကွဲပြားသော ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုများ၊ ဘာသာစကားများရှိကြသည်။

    အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင်ပင် လူမျိုးနွယ်အုပ်စုပေါင်း ၃၀၀ကျော်ရှိသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မဟုတ်ဘဲ နှုတ်မိန့်ညွှန်ကြားချက်အရ ပြောဆိုရေးသားနေသော လူမျိုးနွယ်ပေါင်း ၁၃၅ မျိုးနှင့် ၂၀၁၄ ခု၊ မတ်လ ၃၀ရက်တွင် ကောက်ယူ ခဲ့သော သန်းခေါင်းစာရင်းအရ ပေါ်ထွက်လာသော လူမျိုးနွယ်ပေါင်း ၈၀၀ ကျော်ရှိနေသည်။

    ထို့ကြောင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ရိုးရာဓလေ့ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ပြည့်နှက်နေသည့် ကမ္ဘာ့လှည့်ခရီးသည်များ စိတ်ဝင်စားခြင်းခံရသည့် နိုင်ငံသည် စာရေးသူတို့ မြန်မာနိုင်ငံဖြစ်လာသည်မှာ ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ မတူကွဲပြားသော ပန်းအမျိုးအစား ပေါင်းစုံ စုဝေးလျက်ရှိသည့် ပန်းဥယျာဉ်ကြီးသည် လူအများ၏ စိတ်အာရုံကို ညှို့ယူဖမ်းစားနိုင်သကဲ့ သို့ပင်ဖြစ်သည်။

    ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုး ရေးစပ်ခဲ့သလို “ဖိုးလမင်းလည်း သူ့အဆင်းနဲ့ သူ့အလင်းနဲ့၊ ပိုးစုန်းကြူးလေးလည်း သူ့အဆင်းနဲ့ အလင်းနဲ့” ဆိုသလိုပင်ဖြစ်သည်။

    စာရေးသူတို့ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အစိုးရများ၏ စီမံ၊ ခန့် ခွဲမှု့၊ ညံ့ဖျင်းမှု၊ လောဘ၊အတ္တ၊ ကိုယ်ကျိုးရှာမှုများနှင့် ပြည်တွင်းစစ်မီးများကြောင့် ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်ခဲ့ရပေသည်။ ယခုအချိန်သည် အရပ်သားအစိုးရ အုပ်ချုပ်နေသော အချိန်ကာလ ဖြစ်၍ တိုင်းပြည်အတွက် မိမိတို့ပေးဆပ်နိုင်သည့် ကာယ၊ ညာဏ၊ စွမ်းအားများကို ပေးဆပ်ချိန် တန် နေပြီ။ အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောစေရန် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မတူကွဲ ပြားသော ဘာသာဝင်များ၊ အတူတကွလက်တွဲ၍ “ငြိမ်းချမ်းရေး ဆုတောင်းပွဲ” များကို အလျဉ်းသင့် သလို ကျင်းပနေခြင်းသည် ကောင်းမြတ်သည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် လည်း ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ အောက်တိုဘာ (၁၀) ရက်နေ့က “ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ” များကို အောင်ဆန်းအားကစားကွင်း၌ လည်းကောင်း၊ဒုတိယအကြိမ် အင်ယားကန်ပေါင်ပေါ်တွင် လည်းကောင်း၊ တတိယအကြိမ် အနေဖြင့် အောက်တိုဘာ (၂၄)ရက် သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (Event Park) ၌ လည်းကောင်း ကျင်းပခဲ့ရာ စာရေးသူလည်းတက်ရောက်ခဲ့ပါသည်။ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ပြည်သူအချို့ စုစုပေါင်း ၅၀၀၀ ကျော် တက်ရောက် ဆုတောင်း မေတ္တာ ပို့သ ခဲ့ကြပါသည်။ ညနေ ၆နာရီကျော်တွင် ဘာသာပေါင်းစုံမှ အမျိုးသမီးကိုယ်စားလှယ်များက “ငြိမ်းချမ်း ရေး ဖယောင်းတိုင်ရှည်ကြီး” ကို ထွန်းညှိ၍ အဆိုပါ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထေရ ဗုဒ္ဓဘာသာအဖွဲ့၊မဟာယနဗုဒ္ဓဘာသာအဖွဲ့၊ အစ္စလာမ်ဘာသာအဖွဲ့၊ ခရစ်ယာန်ဘာသာအဖွဲ့၊ ဟိန္ဒူ ဘာသာကိုယ်စားပြုအဖွဲ့များက ငြိမ်းချမ်းရေးကို အထူးရည်ရွယ်လျက် မိမိတို့ဘာသာအလိုက် ဓမ္မတေးပုံစံ ဖော်ဆောင်ကာ သီဆိုသွားခဲ့သည်မှာ တက်ရောက်ခဲ့သည့် ပရိသတ်အပေါင်း စိတ်နှလုံး အေးချမ်းမှုအပေါင်းကို ပေးစွမ်းခဲ့သည်ဟု စာရေးသူထင်မြင်ခံစားမိပါသည်။

    ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လူထုပရိသတ်ကြီးအား ကျေးဇူးတင်စကား ပြောကြားရာတွင် “ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာ နိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့၊ အေးချမ်း သာယာဖို့ အတွက် ခိုင်မာတဲ့ယုံကြည်ချက်တွေ ရှိနေရင် ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး အဖြစ်သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ဒီလိုရောက်ရှိနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ညီညွတ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကောင်းမြတ်တဲ့ မေတ္တာတရားနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ကြိုးပမ်း ကြဖို့ လိုအပ်ပါတယ်။ ဒီအတွက်၊ ဒီနေရာမှာ တူညီတဲ့စိတ်ဓာတ်နဲ့ တူညီဆန္ဒတွေ တူညီတဲ့ မေတ္တာ တရားတွေနဲ့ စုစည်းရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေ၊ မေတ္တာတရားတွေ၊ ခိုင်မြဲတဲ့ လက်တွေနဲ့ နိုင်ငံတော်ကြီး တည်ဆောက်ကြပါစို့။ ကျွန်တော်တို့ရဲ့ ယနေ့ စုစည်းနေတဲ့ စိတ်ဓာတ်ခွန်အားတွေ ရှေ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကျွန်တော်တို့ မျှော်လင့်နေတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းရုန်းကန်ကြပါစို့” ပြောကြားခဲ့သောအခါ လူထုပရိသတ်ကြီးက တခဲနက် လက်ခုပ်သြဘာတီး အားပေးခဲ့ပါသည်။

    တက်ရောက်လာသော လူထုကြီးက ငြိမ်းချမ်းရေး ဖယောင်းတိုင်များကို ထွန်းညှိကာ အမိ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် စုပေါင်း၊ သံပြိုင်၊ မေတ္တာပို့သခဲ့ပေသည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ခြင်းဖြင့်၊ မတူကွဲပြားသော ဘာသာဝင်များ၏ ခံစားမှု၊ လိုလားတောင့်တမှု၊ ချစ်ကြည်ရင်းနှီးမှုများ၊ ယခင်ကထက် ပိုမိုရရှိစေပါသည်။ ညီညွတ်ခြင်းသည် အင်အား၊ စည်းလုံးခြင်းသည်ခွန်အားဟူသော ဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

    ထို့ကြောင့်လည်း အောက်တိုဘာ ၃၁ ရက်နေ့ ရန်ကုန် မြို့တော်ခန်းမရှေ့၌ ပြုလုပ်မည့် စတုတ္ထအကြိမ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင်လည်း နိုင်ငံရေး၊ အရည်အသွေး ပြည့်မီသည့် ရန်ကုန်ပြည်သူလူထုကြီးသည် ဖြားယောင်း သွေးဆောင်ခြင်းမရှိဘဲ ခြိမ်းခြောက်ခြင်း မရှိဘဲ တစ်ခဲနက် အားပေးထောက်ခံကြမည်ကို စာရေးသူ ကြိုတင်တွေးမြင်မိပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)