News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြောင်း PCN ကြေငြာချက် ထုတ်

    အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက် ရှုတ်ချကြောင်း PCN ကြေငြာချက် ထုတ်

    ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများအား ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် (PCN ) က ထုတ်ပြန်လိုက်ပါတယ်။
    pcn

  • သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း

    သမ္မတနှင့် သားသတ်သမားတို့၏ လောင်းကြေးထပ်ခံရသည့် အာဖဂန်နိုင်ငံရေးအခင်းအကျင်း

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    kabul
    အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တွင် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ ဦးဆောင်သော ဟိဇ်ဘီအစ္စလာမီအုပ်စုနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနေသည့် အရှ်ရဖ် ဂနီ

    – ကဘူးလ်မြို့၏သားသတ်သမား ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် သဘောတူညီချက်ရယူလိုက်သော အာဖဂန်သမ္မတအဖို့ နိုင်ငံရေးအရ အသာစီးရသွားသော်လည်း ယင်းလုပ်ဆောင်ချက်က နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်လာစေနိုင်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က အာဖဂန်အစိုးရသည် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်ဘုရင် တဖြစ်လဲ ၀န်ကြီးချုပ်ဟောင်း ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ မျှော်လင့်ချက်ရော စိုးရိမ်စရာပါ မြင့်တက်လာခဲ့သည်။ အဓိကရသောင်းကျန်းသူအုပ်စုတစ်စု၏ ခေါင်းဆောင်ဖြစ်သူမှ ပထမဆုံး လက်နက်ချရန် သဘောတူညီခြင်း၊ နိုင်ငံ့ဥပဒေအောက်၌ ခိုလှုံခြင်းနှင့် မြေပေါ်နိုင်ငံရေးလမ်းကြောင်းသို့ ၀င်ရောက်ခြင်းဖြစ်၍ အဆိုပါသဘောတူစာချုပ်သည် မျှော်လင့်ချက်ကို သယ်ဆောင်လာစေသည်။

    သို့သော် ဟိက်မတ်ယာ၏ ဦးလှည့်ခြင်းက နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုပြဿနာများအား ဒလဟော သွန်ချပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။ နိုင်ငံ့အနာဂတ်ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်၏။

    “ကဘူးလ်မြို့မှသားသတ်သမား” ဟု အမည်တွင်သည့် ဟိက်မတ်ယာထံ၌ အငြင်းပွားဖွယ်သမိုင်းကြောင်း ရှိနေသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က သူသည် ကွန်မြူနစ်ခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းရန် အနည်းဆုံးနှစ်ကြိမ် ကြံစည်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။

    ၁၉၉၀ နှစ်များမှ အာဖဂန်ပြည်တွင်းစစ်ပွဲကာလအတွင်း သူ၏ အာဏာရရေးကြိုးပမ်းမှု၌ ဥဇဘက်ခေါင်းဆောင် ဗိုလ်ချုပ် အဗ်ဒုလ်ရရှီးဒ်ဒေါ့စ်သူးမ်နှင့် ဟာဇရာခေါင်းဆောင် အဗ်ဒုလ် အလီ မဇာရီ စသော သူ၏ ဂိုဏ်းကွဲမဟာရန်သူတော်များနှင့်ပင် မဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။

    ၎င်းနောက် မဟာမိတ်အားလုံးနီးပါးများထံမှ ခွဲထွက်ဘက်ပြောင်းပြီး မိမိ၏ကျော်စောမှုနောက်ကိုသာ အဖန်တလဲလဲ လိုက်ပါသူဖြစ်၍ စဉ်းလဲကောက်ကျစ်သည့်၊ ယုံကြည်ကိုးစားမှုနှင့်မထိုက်တန်သည့် စရိုက်သဘာဝ ရှိနေသည်။

    အကြံကြီးမှုများ

    လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က သူသည် နိုင်ငံအများအပြားမှ ထောက်လှမ်းရေးအေဂျင်စီများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူလည်းဖြစ်သည့်အပြင်၊ အလွန်အကြံကြီးပြီး အာဏာအတွက် ရက်စက်ရန် လက်မတွန့်သူတတ်သူ ဖြစ်ခဲ့၏။

    အာဖဂန်ပြည်တွင်းစစ်အတွင်း သမ္မတဖြစ်ရေးတိုက်ပွဲတွင် ဟိက်မတ်ယာသည် ကဘူးလ်မြို့အား ဒုံးကျည်များ ထောင်ချီသုံးကာ ဗုံးမိုးရွာစေခဲ့သဖြင့် သောင်းနှင့်ချီသော မြို့နေလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။

    သူသည် မိမိ၏ပြိုင်ဖက်များကို အမြစ်လှန်နိုင်ရန်၊ အာဏာရရှိရန် လူမျိုးရေးတင်းမာမှုများကို သွတ်သွင်းမီးမွှေးခဲ့သဖြင့် နာမည်ဆိုးတွင်ထားသူလည်း ဖြစ်ပြန်သည်။ ဤငြိမ်းချမ်းရေးစာချုပ်သစ်တွင် သူ၏နောက်ကြောင်းရာဇ၀င်ကဏ္ဍတိုင်းက သူ၏ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် အာဏာမက်မောခြင်းအား ညွှန်ပြလျက်ရှိနေသည်။

    ကဘူးလ်မြို့ရှိ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်လွယ်ပျက်လွယ် အပြောင်းအလဲများနိုင်သော အနေအထား၌ရှိနေ၏။ နိုင်ငံ့ဒေသအများအပြားတွင် မလုံခြုံမှုများက အဆက်မပြတ် ခြိမ်းခြောက်နေ၏။ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းတည်ထောင်သော အမျိုးသားညီညွတ်ရေးအစိုးရ – National Unity Government (NUG) အတွင်း၌ အုပ်စုကွဲအားပြိုင်နေမှုများက ဤအပြောင်းအလဲများနိုင်သော အခြေအနေကို ထပ်မံအားဖြည့်ပြီး လူမျိုးရေးတင်းမာမှုအား အသစ်တဖန် မြင့်တက်သွားစေခဲ့သည်။

    ဗဟိုအစိုးရ၏ ပျော့ကွက်က စစ်ဘုရင်များကို အင်အားဖြည့်ပေးရာရောက်ပြီး အာဏာကို အချည်းနှီး ဖြစ်စေခဲ့သည်။ အာဖဂန်နစ္စတန်သို့ ဟိက်မတ်ယာ၏ ပြန်လှည့်လာမှုသည် နိုင်ငံရေးအခင်းအကျင်းအား ထပ်ဆင့် ရှုပ်ထွေးစေနိုင်သည်သာမက နိုင်ငံရေး၊ လူမျိုးရေးနှင့် ဂိုဏ်းကွဲတင်းမာမှုများဆိုင်ရာ လှိုင်းဂယက်တစ်ခု အသစ်တဖန် ဖုံးလွှမ်းလာနိုင်ပေသည်။

    အကယ်၍ သူသည် ပြည်တွင်းစစ်ကာလအတွင်း ပြုမူခဲ့သကဲ့သို့ အာဏာရရှိရေးနှင့် ပြိုင်ဖက်ဖြိုလှဲရေးအတွက် လူမျိုးရေးကို ရှေ့ဆက်အသုံးချသည့် လမ်းကြောင်းကို ရွေးချယ်ပါက လူမျိုးရေးတင်းမာမှုများကို ထပ်မံ ဆိုးရွားလာစေတော့မည်ဖြစ်သည်။

    kabul-2
    ကဘူးလ်မြို့ အာဖဂန်အစိုးရနှင့် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားထုတ်လွှင့်ချက်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အာဖဂန်ပြည်သူများ 

    ၁၉၈၀ ခုနှစ်များကပင် ဟိဇ်ဘီ အစ္စလာမီသည် တာဂျစ်တို့၏ အဓိကအုပ်စုကွဲတစ်ခုဖြစ်သော ဂျမအတ်သီ အစ္စလာမီနှင့် ပြိုင်ဖက် ဖြစ်နေခဲ့၏။ ဤနိုင်ငံရေးပြိုင်ဖက် လက်နက်ကိုင်အုပ်စုနှစ်စုလုံးမှာ ဒီမိုကရေစီဘက်တော်သားများဖြစ်သော်လည်း ဟိက်မတ်ယာ၏ ဦးလှည့်လာမှုမှာကား နိုင်ငံရေးအရရော၊ ၎င်းတို့အကြား ပြင်းထန်သည့်ပဋိပက္ခကိုပါ မီးထတောက်စေမည့် အဓိကလောင်စာတစ်ရပ်ဖြစ်နေပေသည်။

    ခေတ်သစ်အာဖဂန်နစ္စတန်၌ လက်ခံကျင့်သုံးနေသော လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် ရေးသားတင်ပြခွင့်၊ အမျိုးသမီးများအခွင့်အရေး၊ အပြန်အလှန်လေးစားမှုအခြေတည် နိုင်ငံရေးပြိုင်ဆိုင်ခြင်း အစရှိသည်တို့အပေါ် ဟိက်မတ်ယာဖက်မှ လက်ခံသည့် အရိပ်အယောင် မပြသနိုင်သေးပေ။

     

    နိုင်ငံရေးခြေလှမ်းသာဖြစ်သည်

    ဟိက်မတ်ယာအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ခေါ်ဆောင်လိုက်သည့် သမ္မတ အရှ်ရဖ် ဂနီ၏ ပင်မရည်ရွယ်ချက်သည် နိုင်ငံရေးအရသာဖြစ်၏။

    စောင့်ကြည့်မှုအရ NUG ၏ ပုံဖော်ချက်ဖြစ်သော အာဏာခွဲဝေခြင်း သဘောတူညီချက်အရ ဟိက်မတ်ယာသည် သူ၏ပြိုင်ဖက် အမှုဆောင်ချုပ် အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့် သူ့အုပ်စုကို ပခုံးချင်းယှဉ်နိုင်မည့် အခြေခံပါဝါလိုအပ်ချက်များ လစ်ဟင်းလျက်ရှိနေသေးသည်။

    ဟိက်မတ်ယာ၏ တစ်ကျော့ပြန်လာခြင်းက သူ၏ပြိုင်ဖက်အုပ်စုကွဲ ဂျမအတ်သီ အစ္စလာမ်မီအုပ်စုမှ အာဏာရလာသည့် အဗ်ဒုလ္လာဟ်နှင့် ဂနီတို့အကြားရှိ သြဇာချိန်ခွင်လျှာအား ထိုးနှက်မှု ဖြစ်လာနိုင်၏။ သမ္မတ ဂနီ၏ လူမျိုးနွယ် ပက်ရှ်တွန်းမှ မျိုးကွဲအုပ်စုဖြစ်သော အရှေ့ပိုင်းဂီလ်ဇာအီတို့အကြားရှိ ဟိက်မတ်ယာ၏သြဇာလွှမ်းမိုးမှုက ဂနီအတွက် အဗ်ဒုလ္လာဟ်နှင့် ဂျမအတ်အုပ်စု၏ ဖိအားပေးမှုအပေါ် ရင်ဆိုင်ရေး၌ အသုံးတည့်လှချေသည်။

    ထို့အပြင် ဂနီအတွက် ၂၀၁၄ ခုနှစ်တွင် အနားယူသွားပြီး အာဏာပြန်လည်ရယူရန် အပူတပြင်းဖြစ်နေသော သမ္မတဟောင်း ဟာမစ်ကာဇာအီ(ဟာမစ်ကာဇိုင်း)၏ သြဇာနှင့်အာဏာကို ချိန်ညှိထိုးဆွခြင်း၌လည်း အထောက်အကူဖြစ်စေနိုင်၏။ NUG အတွင်း မညီညွတ်မှုကြောင့် အာဖဂန်နစ္စတန်၏ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးအနေအထား ပိုမို ဆိုးဝါးလာရသည်ဟု လူအများက ယုံကြည်လျက်ရှိကြသည်။

    ဟိက်မတ်ယာ၏ နိုင်ငံရေးသမိုင်းက ကာဇာအီထက် ပိုမိုခြေလှမ်းကျယ်သဖြင့် Loya Jirga (ခေါ်) နိုင်ငံရေးအကူးအပြောင်းတစ်ရပ်ဖြစ်သော အမျိုးသားရေးညှိနှိုင်းတိုင်ပင်မှု ထပ်မံပျက်ပြယ်မသွားအောင် လိုအပ်သည်ရှိသော် ကာဇာအီ၏ အာဏာပြန်ရရေးအပေါ် ကာကွယ်ခြင်း၌ ဟိက်မတ်ယာအနေနှင့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာပေမည်။

    ဤသဘောတူညီချက်အား ဖြစ်မြောက်စေရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်၏သဘောထားကမူ ပဟေဠိ ဖြစ်နေဆဲပင်။ ပါကစ္စတန်က ဟိက်မတ်ယာအား ကာလရှည် ပံ့ပိုးကာကွယ်ပေးခဲ့ပြီး လက်ရှိတွင် သူနှင့် သူ၏မိသားစုအား ခိုလှုံခွင့်ပေးထားသည်။ ယခုငြိမ်းချမ်းရေးပဋိညာဉ်အပေါ် ပါကစ္စတန်မှ တရားဝင်တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးလင့်ကစား ၎င်းတို့၏နှုတ်ဆိတ်နေမှုက လျစ်လျူရှုထားခြင်းသဘောလည်း မသက်ရောက်ပေ။

    kabul-3
    အရှ်ရဖ်ဂနီကို အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့်အတူ တွေ့ရစဉ် 

    ပါကစ္စတန်၏ထောက်ခံအားပေးမှု
    ပါကစ္စတန်၏ထောက်ခံအားပေးမှု မပါဘဲ ဟိက်မတ်ယာသည် အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်ကို ပြုလုပ်မည်မဟုတ်။ ကဘူးလ်နှင့် အစ္စလာမဘတ်အကြားရှိ ဆက်ဆံရေးမှာ မည်သည့်အခါမှ မတိုးတက်စဖူး။ NUG မှာလည်း စတင်ထူထောင်သည့် ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးနှင့်လုံခြုံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်နေသည်။ ယင်းသဘောတူညီမှုကို ထောက်ခံသည့်အသွင်ဆောင်ခြင်းမှာ တိုက်ရိုက်အကျိုးအမြတ်တစ်ရပ် ရှိမရှိ ရှင်းလင်းစွာ မသိနိုင်သေးပါ။

    ဖြစ်နိုင်ချေအလားအလာနှစ်ရပ်ရှိ၏။ ပါကစ္စတန်သည် အာဖဂန်၌ အိန္ဒိယ၏ သြဇာကြီးထွားလာမှုအား ဖြိုလှဲရန် ဟိက်မတ်ယာကို အသုံးချခြင်း ဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ အိန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ဖက်လှဲတကင်းရှိနေမှုက ၎င်း၏နိုင်ငံလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။

    ၁၉၈၀ နှစ်များတွင် ဆိုဗီယက်အား စတင် ခုခံတိုက်ခိုက်ချိန်ကတည်းက မူဂျာဟစ်ဒင်အုပ်စုများအကြားဟိက်မတ်ယာသည် ကက်ရှမီးယားနယ်ရှိ သူပုန်များအား မီးမွှေးပေးနိုင်သည့် ပြိုင်ဖက်ကင်းသူဖြစ်ခဲ့သည်။

    အိန္ဒိယသားများအား ဆန့်ကျင်မုန်းတီးမှု ဟူသော ဟိက်မတ်ယာ၏ကျောထောက်နောက်ခံက အာဖဂန်ရှိ အိန္ဒိယကြီးစိုးမှုကို ဖြိုလှဲရေး၌ အသုံးချနိုင်မည်ဟု အစ္စလာမာဘတ်က နားလည်ထားဟန်ရှိ၏။ ဤသည်မှာ ဖြစ်နိုင်ချေ ပထမအချက်တည်း။

    ဒုတိယအချက်မှာ ချည့်နဲ့နေသော ကဘူးလ်အုပ်ချုပ်ရေးအပေါ် ပါကစ္စတန်မှ အာဏာလွှမ်းရန် ကြိုးစားလာမှု၌ အခြေတည်နေ၏။ အာဖဂန်၏ ယိုင်နဲ့နေပြီဖြစ်သော နိုင်ငံရေးအခင်းအကျင်း (နှင့်) ကဘူးလ်၌ အရှိန်မြင့်နေသော အစ္စလာမဘတ်၏ သြဇာလွှမ်းမိုးမှုတို့ကို ဟိက်မတ်ယာ၏ ဦးလှည့်ဝင်လာမှုဖြင့် အကြွင်းမဲ့ ရှုပ်ထွေးသွားစေမည်ဟု ပါကစ္စတန်က ယုံကြည်ထားဟန်ရှိသည်။

    ဂနီအတွက်တော့ ဟိက်မတ်ယာအား ခေါ်ယူခြင်းမှာ နိုင်ငံရေးအသာစီးရမှု ဖြစ်သည်။ သို့ပင်သို့ငြား ၎င်း၏ ပြန်ရောက်လာမှုက နိုင်ငံရေးတည်ငြိမ်မှုကို အထောက်အကူပြုမည်လော သို့မဟုတ် ထိခိုက်စေမည်လော မသိနိုင်သေးပေ။

    အကယ်၍ ဟိက်မတ်ယာသည် ခွေးမြီးကောက်ကျည်ထောက်စွပ်သည့် ဥာဉ်အတိုင်း အာဖဂန်၏ လက်ရှိဒီမိုကရေစီစနစ်ကို လက်မခံဘဲ ငြိမ်းချမ်းရေးပဋိညာဉ်အပေါ် သဘောထားမဖြောင့်မှန်ပါက – ဂနီအစိုးရထံ၌သာ လုံးလုံးလျားလျား တာဝန်ရှိပေတော့မည်။ နိုင်ငံရေးအခင်းအကျင်းမှာ တိုးတက်မှုမဖြစ်ထွန်းဘဲ အဆိပ်ခံသလို ဖြစ်တော့မည်။ ဒီမိုကရေစီထောက်ခံသည့် ခေတ်သစ် အာဖဂန်နစ္စတန်မြေအတွင်းမှာပင် အန္တရာယ်တွင်းတူးရာ ရောက်ပေမည်။ ပြင်ပမှ သူဆောင်ယူလာသော နိုင်ငံရေးစနစ်ထက် ဆိုးဝါးသွားနိုင်သည်။

    ဟိက်မတ်ယာသည် အာဖဂန်နစ္စတန်၏ အကြမ်းကြုတ်ဆုံး စစ်ဘုရင်တစ်ဦး ဟူသော ခေါင်းစဉ်အောက်တွင် ရှိနေဆဲ။ သို့ဖြစ်ရာ ဂနီသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု နှစ်ခုစလုံးအပေါ် လောင်းကြေးတစ်ရပ်၏ ပန္နက်တိုင်ကို စိုက်ထူမိလေပြီ။

    (ကဘူးလ်အခြေစိုက်ပညာရှင်၊ အာဖဂန်နစ္စတန်ရေးရာနှင့် နိုင်ငံရေးကျွမ်းကျင်သူ သုတေသီအဖွဲ့ဝင် နဂျစ် ရှရဖီ၏ Al Jazeera ဖော်ပြချက်ပါ Ashraf Ghani’s gamble with ‘butcher of Kabul’ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

  • ရှုတ်ချဆန့်ကျင်ရတော့မည့် အရှေ့တောင်အာရှတွင်းက ဘာသာရေး သည်းမခံနိုင်မှုများ

    ရှုတ်ချဆန့်ကျင်ရတော့မည့် အရှေ့တောင်အာရှတွင်းက ဘာသာရေး သည်းမခံနိုင်မှုများ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media
    buddihst

    – အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် မတူညီသော လူမျိုးစုများနှင့် ကွဲပြားသော ဘာသာအယူဝါဒများအကြား အများဆုံး အတူယှဉ်တွဲတည်ရှိရာ အရပ်ဒေသတစ်ခုဖြစ်သည်။ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံကိုကြည့်လျှင် စံနမူနာပြ အနေဖြင့် သိနိုင်ပေသည်။ လူများစု ကိုးကွယ်ရာ ဘာသာကြီးများဖြစ်သော အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူနှင့် ခရစ်ယာန် ကိုးကွယ် ယုံကြည်သူတို့မှာ အုပ်စုသေးငယ်လှသော်လည်း တက်တက်ကြွကြွရှိလှသည့် ဆခ်၊ ဘဟာအီ၊ ကွန်ဖြူးရှပ်စ် နှင့်သာမက ဂျူးအသိုင်းဝိုင်းများအထိပါ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်း အတော်ကြာမြင့်ခဲ့ပေပြီ။ ယခုတော့ သီးခံခြင်းတရားဖြင့် တည်ဆောက်ထားခဲ့ကြသော လက်သင့်ခံနိုင်ဖွယ်ရှိသည့် မတူကွဲပြားမှုမှာ ခြိမ်းခြောက်ခြင်းကို ခံနေရပါပြီ။

    မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံလုံးမှာ  စစ်အာဏာရှင်စနစ်၏ ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးမှုအောက်မှ လွတ်မြောက်လာခဲ့ပြီး အထိမခံ ရွှေပုဂံလိုဖြစ်နေသော ဒီမိုကရေစီစနစ်ဆီသို့ ၀င်ရောက်ခဲ့ပါသည်။ ယနေ့တွင် နှစ်နိုင်ငံစလုံးမှာ အရပ်သား  ဦးဆောင်သော ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်လာခဲ့သော်လည်း၊ မြန်မာပြည်၌မူ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားဆဲ။ အင်ဒိုနီးရှားနိုင်ငံ၌လည်း  ပထုတ်ခြင်းခံထားရသော စစ်တပ်က လက်ရှိအုပ်ချုပ်ရေးပိုင်းသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းဆဲဖြစ်သည်။

    နှစ်နိုင်ငံစလုံးမှာလည်း အရှိန်အဟုန်မြင့်တက်လာသော ဘာသာရေး သည်းညီးမခံနိုင်မှု့များနှင့် နပန်းလုံးနေရသည်။ မြန်မာ နိုင်ငံ၏ ပြန်လည်ပေါ်ပေါက်လာခဲ့သော လွတ်လပ်ခွင့်များမှာလည်း စစ်သွေးကြွ အမျိုးသားရေး ဗုဒ္ဓ၀ါဒ၏  ခြိမ်းခြောက်မှု့ ဒဏ်ကို ခံနေရဆဲပင် ဖြစ်ပါသည်။ တိုင်းပြည်၏ မပြောပလောက်သော မွတ်စလင်လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုပ် သော မုန်းတီးမှုနှင့် အကြမ်းဖက်လှုပ်ရှားမှုတိုက်ပွဲ ပေါ်ပေါက်လာခဲ့ရသလိုပင် တစ်ဆက်တည်းမှာလည်း ယင်းတို့၏ဒဏ်ကို ခရစ်ယာန်များကပါ ရောပြီး ခံစားခဲ့ရသည်။

    ဤအတောအတွင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ဘာသာရေးမတူကွဲပြားမှု့ ဓလေ့ထုံးစံကို ထုံမွှမ်းစေသည့် ပန်ကြပ်ဆီလာ pancasila ခေါ် နိုင်ငံတော်၏ သာတူညီမျှ သဘောတရား – ယင်းမှာ တိုင်းပြည်က အသိမှတ်ပြုထားသည့် ဘာသာအယူ ၀ါဒ အသီးသီးအား သာတူညီမျှ အခွင့်ရေးပေးထားခြင်းဖြစ်သည် – မှာလည်း တယူသန် အစ္စလာမ်မစ်သမားများ၏ ရန်မှ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ အဟ်မဒီယာမွတ်စလင်နှင့် ရှီအာမွတ်စလင်တို့မှာ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံလာနေရပြီး ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းများကိုလည်း ပိတ်ပစ်ကာ တယူသန် အစွန်းရောက်ဝါဒီများနှင့် ဆူဖီဓမ္မ လမ်းစဉ်ကို ဘိုးစဉ်ဘောင်ဆက်ကျင့်သုံးလာခဲ့ကြသော တိုင်းရင်းသားမွတ်စလင်အသိုင်းဝိုင်းတို့အကြား ပြဿနာများလည်း မြင့်တက်လာခဲ့ရသည်။

    မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးမှာပင်၊ တိုင်းပြည်မှာ လက်ရှိပြဿနာနှင့် ရင်ဆိုင်နေခဲ့ရသည်။ ယခင် မြန်မာအစိုးရ သည် သည်းညီးမခံနိုင်မှု့အသစ် အတော်များများ၏ နောက်ကွယ်က လက်သည်တရားခံဖြစ်သော ဗုဒ္ဓဘာသာ- အမျိုးသားရေးဝါဒ လှုပ်ရှားမှု – မဘသကို မသိမသာ အထောက်အကူပေးခဲ့ကြသည်။ ယင်းမဘသမှာ အခြေခံလူ့အခွင့်ရေးများကို ဆိုးဝါးစွာချိုးဖောက်သော ဥပဒေများဖြစ်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် မတူညီသော ဘာသာ အချင်းချင်းကြား လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများကို တင်သွင်းခဲ့ကြသည်။

    မဘသ၏ အမုန်းတရား ဟောပြောနေမှုများနှင့် ဘာသာရေး ပဋိပက္ခ လှုံ့ဆော်နေမှု့များကို လူသိရှင်ကြားဝေဖန်ခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သူ ဦးထင်လင်းဦးအား နှုတ်ပိတ်ရန်အတွက် စစ်အစိုးရက ဘာသာရေးကို စော်ကားသည်ဟု စွပ်စွဲကာ ရာဇ၀တ်မှု့ကျူးလွန်သူအဖြစ် သတ်မှတ်ခဲ့ပါသည်။ လူမျိုးတုန်းသတ်ဖြတ်သည်ဟု အချို့သော နိုင်ငံတကာပညာရှင် များက ဖေါ်ပြနေကြသည့် တိုက်ပွဲပုံစံဖြင့် မီးတောင်သဖွယ် ပေါက်ကွဲပေါ်ထွက်လာခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်း ဖက်မှုများမှာလည်း ယခင်အစိုးရ လက်ထပ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

    ယင်းမှာ ဘာသာရေးတည်းဟူသော ပျားရည်တွင် အမုန်းတရား အဆိပ်ခတ်ထားခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အရပ်သားအစိုးရသစ်က အမွေဆက်ခံခဲ့ရသည်။ ယခုလို စိန်ခေါ်မှုများသာ မရှိပါလျှင်၊ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ချောမွေ့နေမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်ပင်၊ မဘသ တရားမ၀င်ကြောင်း ထုတ် ဖေါ်ပြောကြားခဲ့သည့် လက်ရှိအစိုးရ၏ မကြာသေးခင်က ခြေလှမ်းများကိုလည်း ကြိုဆိုအပ်ပါသည်။

    အင်ဒိုနီးရှားတွင်မူ၊ သမ္မတ ဂျိုကို ၀ီဒိုဒိုမှာ အလားတူ အာနိသင်ပြင်းသော ပျားရည်ကို လက်ခံသောက်သုံးခဲ့ရသည်။၂၀၀၄ ခုနှစ်မှ ၂၀၁၄-ခုနှစ်အထိ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုက ဘာသာရေး အဆောက်အအုံ ဆောက်လုပ်ရာနေရာများကို ကန့်သတ်ခြင်းနှင့် အချို့သော မွတ်စလင်များက မွတ်စလင်မဟုတ်ဟု ငြင်းပယ်ခံနေရသော ဘာသာခွဲတစ်ခုဖြစ်သည့် အဟ်မဒ်ဒီယာများအား ခွဲခြားကန့်သတ်သော ဥပဒေများကိုလည်း ထပ်မံ ပြင်ဆင်မွမ်းမံခဲ့သည်။ ၂၀၀၇-ခုနှစ်က မိန့်ခွန်းတစ်ရပ်တွင်၊ မစ္စတာ ယူဒိုယနိုက ဗဟုဝါဒ (မတူညီသော ဘာသာတရားများ)၊ pluralism ဘာသာရေးနဲ့ နိုင်ငံရေးအား မရောထွေးသောဝါဒ secularism ၊ လစ်ဘရယ်ဝါဒ liberalism နှင့် သွေ ဖယ်ညင်းဆန်ကြသူများကိုပေးသည့် ဖွဿွဝါဌာနကို  တိုင်းပြည်၏ လက်နက်အနေဖြင့် သုံးဖို့ ကတိစကားပေးသည် အထိ ပင် ဖြစ်ခဲ့ပါသည်။

    ဒေါ်အောင်ဆန်းစုကြည်ရော၊ ၀ီဒိုဒိုပါ အဆိုပါအတိတ်နှင့် မသက်ဆိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်းပင် ရပ်ဆိုင်းလိုက် ပြီးဖြစ်သည်။ ဘာသာရေး သည်းမခံနိုင်မှုများကို ဆန့်ကျင်ပြီး၊ ဗဟုဝါဒကို လေးစားတန်ဖိုးထားသည့် စိတ်ဓာတ် ထိုသူနှစ်ဦးစလုံးမှာ ရှိနေသည့်တိုင်၊ ထိုသူနှစ်ဦးလုံးအား ဘာသာရေးအစွန်းရောက်များ၊ အမျိုးသားရေးဝါဒီများနှင့် စစ်တပ် တို့က ပူးပေါင်းကာ ဘာမှလှုပ်လို့မရအောင် ဟန့်တားထားကြသည်။ ထို့ကြောင့် ထိုသူနှစ်ဦးစလုံးအား သူတို့၏ ဒီမိုကရေစီဝါဒ၊ မတူကွဲပြားမှု့များ ယှဉ်တွဲနေထိုင်နိုင်သည်ဟူသော အသိစိတ်ဓာတ်များကို ရပ်တည်ရှင်သန်နိုင်အောင် အားပေးရမည်ဖြစ်ပြီး မြင့်တက်လာသော ဘာသာရေး သည်းညည်းမခံနိုင်မှု့များကိုလည်း ထိုးနှက်ပစ်ရပေမည်။

    ဤဒေသအား ထူးခြားဆန်းကျယ်စေသည့် မတူကွဲပြားနေမှုအား ထိန်းသိမ်းထားရမည့် အဆင့်လေးချက်

    အဆိုပါ စိန်ခေါ်မှု့များကို ရင်ဆိုင်နိုင်ဖို့ အဓိက အချက် လေးချက် လိုအပ်ပါသည်။

    ပထမအချက်- ဘာသာရေး လွတ်လပ်ခွင့်(သို့မဟုတ်) လွတ်လပ်စွာ ယုံကြည်ခွင့်- လူ့အခွင့်ရေး အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်း အခန်းအမှတ် ၁၈ တွင် ဖေါ်ပြပါရှိသည့်အတိုင်း၊ လူတိုင်းအတွက် အခြေခံရပိုင်ခွင့်တစ်ခုကို အသိ မှတ်ပြုပေးရမည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် (သို့) ဘာသာရေးကို လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်မရှိလျှင်၊ သာတူညီမျှ လွတ်လပ်ခွင့်ဆိုသည်မှာလည်း ရှိတော့မည် မဟုတ်ချေ။ ယင်းမှာ လွတ်လပ်ရေး၏ အခြေ ခံအုတ်မြစ်ပင် ဖြစ်လေသည်။

    ဒုတိယအချက်- လူမျိုးရေး၊ဘာသာရေးကို နိုင်ငံရေးနှင့် မရောထွေးမိစေရန် သင်ယူရမည်။ ယင်းသုံးခုစလုံးမှာ မကြာခဏ ဆိုသလိုပင် တစ်ခုနှင့်တစ်ခု နီးစပ်လွန်းရကား ရောယှက်သွားတတ်ကြသည်။ လူများစုအနေဖြင့်၊ မြန်မာ (သို့မဟုတ်) ထိုင်း ဖြစ်လျှင် ဗုဒ္ဓဘာသာ ဖြစ်မည်။ မလေး (သို့မဟုတ်) အာချေးနယ်သား ဖြစ်လျှင် မွတ်စလင် ဖြစ်မည်။ ဖီလစ်ပိုင် လူမျိုး များအတွက်ကတော့၊ ခရစ်ယာန်ဘာသာသည် လူ့အသိုင်းဝိုင်းနှင့် ကိုယ်ပိုင် အမှတ်သင်္ကေတတို့တွင် နှလုံးသည်းပွတ်၌ ရှိနေကြပါသည်။ ဘာသာတရားတစ်ခုကို မကြာခဏဆိုသလို နိုင်ငံရေး၌လက်နက်သဖွယ် လွဲမှားစွာ အသုံးချလေ့ရှိကြ သည်။ ဘာသာရေးဆိုသည်မှာ စိတ်၊နှလုံး၊ ၀ိဥာဉ်တို့နှင့်သာ သက်ဆိုင်သော အရေးကိစ္စဖြစ်သင့်ပြီး မျိုးနွှယ် (သို့မဟုတ်) မွေးဖွားရာ ဇာတိတို့နှင့် သက်ဆိုင်သည့် အကြောင်းရာ မဖြစ်သင့်ချေ။ လူတို့သည် သူတို့ မွေးဖွားရာ ဇာတိတိုင်းပြည်တွင် နိုင်ငံသားများဖြစ်ကြပြီး ဘာသာရေးကိုအခြေမခံပဲ သာတူညီမျှအခွင့်ရေး၌ တန်းတူရရမည်ဟူသော အမြင်အတွက် ကျွန်ုပ်တို့ တွန်းလှန်တိုက်ပွဲဝင်ရပါမည်။

    နိုင်ငံသား စိစစ်ရေးကဒ်ပြားများတွင် ဘာသာထည့်သွင်း ဖေါ်ပြထားမှု့ကို ပယ်ဖျယ်ပေးသင့်ပြီး အမျိုး၊အတန်းအစား ခွဲခြား ထားမှု့ ဆိုသည်မှာ အထွေထွေစာရင်းအင်း ကိစ္စရပ်များတွင်သာ အသုံးပြုရမည်ဖြစ်ပြီး လူတစ်ယောက်အား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ရန်အတွက် မဟုတ်ပေ။ ဘာသာတရားအားလုံးကို နားလည်လာအောင် ဘာသာရေးပညာကို အားပေးချီးမြှောက်သင့်သည်။ နိုင်ငံသားအားလုံးသည် တိုင်းပြည်၏ အနာဂတ်တွင် အေးအတူပူအမျှ တူညီစွာ ဝေစုရှိသူ များ ဖြစ်သဖြင့် အားလုံးကို တန်းတူအခွင့်ရေးပေးရမည်ဟု ကျွန်ုပ်တို့ အလေးနက်ထားရမည်။

    သာသနာရေး ၀န်ကြီးဌာနတစ်ရပ်ကို ထားရှိသော အစိုးရများသည် ဘာသာ/သာသနာ တစ်ခုက အခြား ဘာသာ/သာ သနာများအား အလွဲသုံးစွာပြုနေသလား၊ အားပေးချီးမြှောက်နေသလား (သို့တည်းမဟုတ်) ဘာသာ/သာသနာများ အား ထိန်းချုပ်နေသလား ဆိုသည်ကို စဉ်းစားသင့်ပေသည်။ယုတ်စွအဆုံး၊ ယင်းအစိုးရများက ဘာသာ/သာသနာ အားလုံးတို့ အပေါ်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်အား အားပေးအားမြောက်ပြု၍ အကာကွယ်ပေးနေသည် ဟု စိတ်ချယုံကြည်လာအောင် ပြုပြင်ပြောင်းလဲသင့်က  ပြုပြင်ပြောင်းလဲရပေမည်။

    တတိယအချက်- ပြည်နယ်၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းဖေါ်ပြရမည်။ လုံခြုံရေးတပ်ဖွဲ့များက အားအင်ချိနဲ့ရှာသော လူနည်းစု ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုတို့အား ရပ်တန့်ရန် အကာကွယ်ပေးရပေမည်၊ အမုန်းတရား လှုံ့ဆော်နေသူ များနှင့် ရာဇ၀တ်မှု့မြောက်သည့် အကြမ်းဖက်သမားများကို တရားဥပဒေရှေ့တော်မှောက်သို့ ပို့ဆောင်ကာ ခွဲခြားဆက်ဆံ ရန် ရည်ရွယ်ရေးဆွဲထားသော မတရားဥပဒေများကိုလည်း ပြုပြင်သင့်ကပြုပြင်၊ ပယ်ဖျက်သင့်က ပယ်ဖျက် ပစ်ရပေမည်။ အဆိုပါ ဥပဒေများသည် လူနည်းစုများအပေါ် ရည်ရွယ်နှိပ်ကွပ်ထားလင့်ကစား၊ ယခုထက်တိုင်၊ တရား ဥပဒေစိုးမိုးရေးမှာ လူ့အသိုင်းဝိုင်းတစ်ခုလုံးအား သဟဇာတဖြစ်ရန်အတွက် ဦးစားပေးလုပ်ဆောင်နေရသည်။ စောစောက အမြင်ကို အခြေခံ လူ့အခွင့်ရေးတစ်ရပ်ဖြစ်သည့် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ခြင်းဆိုသည့် ဦးစားပေးအစီစဉ်သစ်ဖြင့် အစားထိုး လုပ်ဆောင်ရပေမည်။ အကြမ်းဖက်အုပ်စုများ၏ သက်ရောက်မှု့မှန်သမျှကိုလည်း လျော့ချခြင်းအားဖြင့် ငြိမ်းချမ်းတည်ငြိမ်မှု့ ကို ထိန်းသိမ်းရာ ရောက်ပေမည်။

    နောက်ဆုံးအချက်- အနေဖြင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့် (သို့မဟုတ်) ဘာသာရေး လွတ်လပ် ခွင့်များကို လူသားအားလုံးရရှိအောင် ကျွန်ုပ်တို့ နှုတ်မှ ထုတ်ဖေါ်ပြောကြားရပေမည်။ မြန်မာပြည်မှ ပထမဦးဆုံး ကာဒီနယ် ဖြစ်သူနှင့် ယခင်အင်ဒိုနီးရှားဝန်ကြီးချုပ်ဟောင်းနှင့် ထင်ရှားသောအစ္စလာမ်ဘာသာရေးဆရာတစ်ဦးလည်း ဖြစ်သူ – (Gus Dur )အဗ္ဗဒူလ်ရာဟ်မာန် ၀ါဟိဒ် ၏ သမီးတစ်ယောက်အနေဖြင့်၊ ကျွန်တော်တို့ နှစ်ဦးစလုံးက ယင်းကိစ္စကို မည်မျှအထိပင် အရေးပါကြောင်း ယခုလို ကြိုးစားပမ်းစား သာဓကများဖြင့် သက်သေပြခဲ့ပါသည်။ မြန်မာပြည်မှ မွတ်စလင်များအတွက် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ခရစ်ယာန်များအတွက်လည်းကောင်း သူတို့ ခွဲခြားဆက်ဆံခံရပြီး နှိပ်စက်ညှင်းပန်းခံနေ ရချိန်တွင် ကျွန်ုပ်တို့ နှစ်ဦးစလုံးမှာ အသံများထွက်ပြခဲ့ပါပြီ။ ထိုသို့လုပ်ရန်လည်း ထိုဒေသရှိ ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင်များအားလုံးကို  ကျွန်ုပ်တို့က ပန်ကြား တိုက်တွန်းလိုက်ရပေသည်။

    (ဤဆောင်ပါးကို မြန်မာနိုင်ငံမှ ကာဒီနယ် ချားလ်စ် ဘိုနှင့် အင်ဒိုနီးရှားနိုင်ငံမှ မစ္စ၀ါဟဒ်တို့ ပူးပေါင်းရေးသားသည်။ ကာဒီနယ် ဘိုမှာ မြန်မာပြည်မှ ပထမဆုံး ရွေးချယ်ခံရသည့် ကာဒီနယ်နှင့် ရန်ကုန်မြို့၏ ခရစ်ယာန် ဂိုဏ်းချုပ် သာသနာ ပိုင် တစ်ဦးဖြစ်သည်။ မစ္စ ၀ါဟဒ်မှာလည်း ယခင် အင်ဒိုနီးရှား သမ္မတဟောင်း အဗ္ဗဒူလ်ရာဟ်မာန် ၀ါဟဒ်၏ သမီးတစ်ဦး ဖြစ်ပြီး Gusdurian Network ၏ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါသည်။)

    (THE WALL STREET JOURNAL တွင် ဖေါ်ပြပါရှိသော Rejecting Religious Intolerance in Southeast Asia ကို ဆလိုင်းမှူးထန်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

     

     

  • အစ္စလာမ်က ဘ၀အတွက် အဓိကဖြစ်သည်ဟု မူစတာဖီ ပြော

    အစ္စလာမ်က ဘ၀အတွက် အဓိကဖြစ်သည်ဟု မူစတာဖီ ပြော

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    mustafi

    – အစ္စလာမ်သာသာနာ၏ အဆုံးအမတိုင်း ရှင်သန်နေုထိုင်ခြင်းက မိမိအတွက် အရေးပါပြီး၊ ယခုကဲ့သို့ အနေအထားမျိုး ရောက်ရှိစေရန်အတွက်လည်း အထောက်အကူ ဖြစ်စေခဲ့သည်ဟု အာဆင်နယ်အသင်း၏ ဂျာမနီနောက်ခံလူ ရှာကိုဒရန် မူစတာဖီက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ မူစတာဖီမှာ ဗလင်စီယာအသင်းမှ ယခုနှစ် နွေရာသီတွင် ပေါင် ၃၅ သန်းဖြင့် အာဆင်နယ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အသင်းနောက်တန်းတွင် အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

    မူစတာဖီကမူ ၎င်း၏ ဘာသာတရားက ၎င်းအတွက် သာမညမဟုတ်ဟု ဆိုသည်။

    “မွတ်စလင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ အရာအားလုံးထက်ကို ပိုပြီးကို အရေးကြီးတာပါ။ ခရီးသွားရတဲ့အခါ ကျွန်တော်ဟာ တစ်ခါတစ်ရံမှာ ဘုရားဝတ်ပြုချင်ပေမယ့် အခက်အခဲတွေ ရှိပါတယ်။ ယူရိုပြိုင်ပွဲကလည်း ကျွန်တော့်အတွက် ပြဿနာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ရမ်ဇာန်ဥပုသ်လအလယ်မှာ ကစားရတာဖြစ်ပြီး ကျွန်တော့်ရဲ့ အစားအသောက်ကို ကန့်သတ်ဖို့ မဖြစ်နိုင်တဲ့ အချိန်မျိုးပါ။ အားကစားသမားတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေမျိုးမှာ ဥပုသ်စောင့်စရာမလိုတဲ့ ခြွင်းချက်ရှိတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်” ဟု မူစတာဖီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အစ္စလာမ်ကိုသာမက အခြားသော ဘာသာတရားများကိုလည်း လေ့လာသည်ဟု ဆိုသည်။

    “ကျွန်တော် ကုရ်အာန်ကျမ်းတော်မြတ်ကို ခရစေ့တွင်းကျ လေ့လာသလို အခြား ဘာသာတရားတွေကိုလည်း လေ့လာပါတယ်။ ကျွန်တော့်ရဲ့ ဘာသာတရားဟာ ကျွန်တော့်အတွက်၊ ကျွန်တော့်ရဲ့ ကစားသမားဘ၀အတွက် တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော့်ကိုလည်း အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်။ တိုတိုတုတ်တုတ်ပြောရရင် ကျွန်တော်ဟာ နိဗ္ဗာန်ဘုံကို ရှာဖွေတဲ့ အခြားသော လူသားတွေလိုပါပဲ။ ဒါက ကျွန်တော့ရဲ့ အဓိကလုပ်ငန်းဖြစ်ပါတယ်”

    ပြီးခဲ့သည့် ဗလင်စီယာတွင် ကစားစဉ် သတင်းစာရှင်းလင်ပွဲတစ်ခု၌ ဘီယာဗူးကိုင်ရန် အသင်းက ညွှန်ကြားမှုကို ငြင်းဆိုခဲ့ပြီး မိမိအနေဖြင့် ပြဿနာရှာလို၍မဟုတ်ဘဲ ဘီယာကြော်ငြာနေသည်ဟု လူအများ မြင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု မူစတာဖီက ပြောကြားခဲ့သည်။

    “နောက်ဆုံးမှာတော့ ကလပ်အသင်းရော၊ ဘီယာချက်စက်ရုံကပါ ကျွန်တော့်ကို တောင်းပန်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဟာ ဘယ်လိုပုံစံမျိုးနဲ့မဆို အရက်ကို မသောက်ရဘူးဆိုတာ သူတို့ နားလည်သွားတာကြောင့် ဖြစ်ပါတယ်။ ဒီလို ကိုယ်ကျင့်တရားမျိုးကို အခုအချိန်မှာ ဗလင်စီယာက လေးစားတတ်လာပါပြီ”

    Ref: mirror

  • “မြန်မာမွတ်စလင်မ်များနှင့် မှတ်ပုံတင် အခက်အခဲ”

    “မြန်မာမွတ်စလင်မ်များနှင့် မှတ်ပုံတင် အခက်အခဲ”

    အောက်တိုဘာ ၅ ၊ ၂၀၁၆
    ဝေမိုးနိုင် ရေးသည်။

    ဒီရက်ပိုင်း လ.၀.က နဲ့ နိုင်ငံသားစိစစ်ရေးကတ်ကိစ္စက သိပ်ခေတ်စားနေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်က အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကနေ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကို လဲနေချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်။ လွှတ်တော်မှာ ရန်ကုန်က အမတ်တစ်ယောက် အဆိုမတင်ခင် ရက်ပိုင်းလေးမှာပဲ ကျနော်က (၁၈)နှစ်ပြည့်ကတ်လဲဖို့ မြို့နယ်ရုံးကို သွားခဲ့ပါတယ်။ ရောက်ရောက်ချင်း စာရွက်စာတမ်းတွေကြည့်ပြီး ထားခဲ့ဖို့ပြောပါတယ်။ ဘယ်ရက်လောက်ကို ပြန်လာခဲ့ရမလဲ၊ အချိန်ဘယ်လောက်စောင့်ရမလဲမေးတော့ “သွေးနှောဖြစ်တာမို့ အထောက်အထားတွေ ပြန်လည်စိစစ်ရမယ်။ စိစစ်မှုလုပ်ငန်းစဉ်က အချိန် အကန့်အသတ် မရှိ စောင့်ရမယ်” လို့ ဖြေပါတယ်။

    ကျနော်က နိုင်ငံခြားခရီးစဉ်တစ်ခုရှိတဲ့အတွက် နိုင်ငံကူးလက်မှတ် အမြန်လုပ်ဖို့လိုအပ်နေတာမို့ ဖြစ်နိုင်ရင် တတ်နိုင်သမျှ မြန်အောင် ကူညီဆောင်ရွက်ပေးဖို့ ပြောတော့ အဲဒီလို လုပ်ခွင့်မရှိဘူးလို့ဆိုပါတယ်။

    ဒါနဲ့ ကျနော်က လ.၀.က တိုင်းဒေသကြီး ညွှန်ကြားရေးမှူးကို လိပ်မူပြီး စာတင်ပါတယ်။

    အဲဒီစာထဲမှာ

    – ဒီခရီးစဉ်ဟာ ပုဂ္ဂလိကခရီးစဉ်သက်သက် မဟုတ်ကြောင်း၊ အစိုးရရဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာနနဲ့ ချိတ်ဆက်နေ တာဖြစ်ကြောင်း (စေလွှတ်မဲ့လူငယ်ကိုယ်စားလှယ်ရွေးချယ်မှုကိုတော့ အစိုးရကလုပ်တာမဟုတ်ပါဘူး။ Myanmar Youth Forum 2016 လုပ်ငန်းအဖွဲ့ကို လူငယ်ကိုယ်စားလှယ်သုံးဦးရွေးချယ်ပေးဖို့ အစိုးရက ပြန်လည် လွှဲအပ်တာဖြစ်ပါတယ်။ MYF2016 working committee ထဲကမှ Application Form Check-up စနစ်၊ Interview စနစ်တွေနဲ့ စိစစ်ပြီး ရွေးချယ်ပေးတဲ့ လူငယ်ကိုယ်စားလှယ်သုံးဦးကို အစိုးရရဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ကိုယ်စားပြု စေလွှတ်မဲ့ လူငယ်များအဖြစ် Mandate ပေးတာဖြစ်ပါတယ်)

    – သွေးနှောဖြစ်လို့ အထောက်အထားတွေကို ပြန်လည်စိစစ်ရတယ်ဆိုတာကို လုပ်ထုံးလုပ်နည်းတစ်ရပ်အနေနဲ့ လက်ခံပါတယ်။ စိစစ်ရမှာပါ။

    – ဒါပေမဲ့ အဲဒီလို စိစစ်တဲ့ လုပ်ငန်းစဉ်ဟာ “သွေးနှော” ဖြစ်လို့ အချိန်အကန့်အသတ်မရှိ စောင့်ရမယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်ကတော့ သင့်တော်မှု ရှိ၊ မရှိပြန်လည်စိစစ်ပေးဖို့

    – မျိုးရိုးစဉ်ဆက် နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူ ၀န်ထမ်းများရဲ့ မျိုးဆက်ဖြစ်သည့်အပြင် ကိုယ်တိုင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ရရှိရန် အကြိမ်ကြိမ်အထပ်ထပ် စိစစ်မှုခံယူကာ ကိုင်ဆောင်ထားသူဖြစ်ကြောင်း

    – အရင်အစိုးရလက်ထက်က ငြိမ်းစုစီဥပဒေအရ အမှုဖွင့်ထားတာတွေကြောင့် နိုင်ငံကူး လက်မှတ်လျှောက်လို့မရတဲ့ အတွက် နိုင်ငံခြားခရီးစဉ်တစ်ရပ် လွဲချော်ခဲ့ဖူးကြောင်း၊ အစိုးရသစ်လက်ထက်မှာ ငြိမ်းစုစီအရ အမှုဖွင့်ထားတာတွေကို ရုပ်သိမ်းပြီးဖြစ်တဲ့အတွက် ယခုတစ်ကြိမ်မှာတော့ ၁၈ နှစ်ပြည့် မှတ်ပုံတင် ထုတ်ပေးရန် ကြာမြင့်နေမှုကြောင့် ထပ်မံလွဲချော်ရတာမျိုး မဖြစ်လိုတာကို စာနာနားလည်ပေးစေလိုကြောင်း

    – တစ်ဖက်မှာလဲ လူ/ကယ်/ပြန်ဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ်ကို တောင်းနေပြီဖြစ်တာမို့ မှတ်ပုံတင်အမြန် ရရှိနိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း

    အစရှိတဲ့ အချက်တွေနဲ့ လူ/ကယ်/ပြန်ဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့ တရားဝင်စာကိုပါ နောက်ဆက်တွဲအဖြစ် တင်ပြလိုက်ပါတယ်။

    စာသွားပေးတဲ့အချိန်မှာ တိုင်းရုံး စာဝင်စာထွက် စားပွဲကနေ ဒုညွှန်မှူးထိ အဆင့်ဆင့် လက်လွှဲပြီးတဲ့နောက် ကိုယ်တိုင်ဝင်တွေ့ပြီး ပေးပါလို့ ဆိုတာကြောင့် ညွှန်မှူးအခန်းထဲဝင်ပြီး ကိုယ်တိုင်ပေးပါတယ်။

    ညွှန်မှူးကလဲ ကျနော့်ရှေ့တင် စာကို အစအဆုံးဖတ်ကြည့်ပြီး သူသိချင်တာတွေ မေးပါတယ်။ ပြီးတဲ့နောက် မြို့နယ်ရုံးကို ချက်ချင်း ဖုန်းကောက်ဆက်ပြီး အမှုတွဲတွေ အမြန်ဆုံးတင်ပြပေးဖို့ ညွှန်ကြားပါတယ်။ ကျနော့်အမှုတွဲဖိုင်ကလဲ ကျနော်နဲ့အတူပါလာတာမို့ ဖိုင်တွဲထိပ်မှာ သူ့နာမည်၊ လက်မှတ်၊ တံဆိပ်တုံးနဲ့ နိုင်ငံခြားခရီးစဉ်ရှိသဖြင့် “အမှုတွဲများ အမြန်စိစစ်တင်ပြရန်” ဆိုတဲ့ မှတ်ချက်ကို ရေးပေးလိုက်ပါတယ်။

    ဒီနောက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရာမှာတော့ စနေ၊ တနင်္ဂနွေ နဲ့ ညွှန်မှူးရဲ့ နယ်ဝေးခရီးစဉ်တွေကို ဖယ်လိုက်ရင် ရုံးဖွင့်ရက်အတွင်း ကြာမြင့်ချိန်ဟာ စုစုပေါင်း (၆)ရက်ပဲကြာပါတယ်။ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျနော့်လက်ထဲ ရောက်လာပါတယ်။

    ဒါဆိုရင် မိခင်နိုင်ငံသား၊ ဖခင်နိုင်ငံသား၊ ဘိုးဘွား နိုင်ငံသားဖြစ်ပါလျက် နိုင်ငံသားကတ်လျှောက်ထားရာမှာဖြစ်စေ၊ ကျနော့်လို (၁၀)နှစ်ကတ်ကနေ (၁၈)နှစ်ကတ် လဲတာလေးမှာပင်ဖြစ်စေ “သွေးနှော” ဖြစ်လို့ အချိန်အကန့်အသတ်မရှိ စိစစ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ အမှန်တကယ် လိုအပ်လို့ သတ်မှတ်ထားတာ ဟုတ်၊ မဟုတ် စဉ်းစားစရာပါ။

    ကျနော့်ကိစ္စမှာတော့ ကျနော်က ပြောစရာရှိတာကို ရဲရဲတင်းတင်းပြောဆိုခဲ့တင်ပြခဲ့တဲ့အတွက် ရခဲ့ပေမဲ့ ဒီလိုမပြောရဲတဲ့ သူတွေအတွက်ဆိုရင်ကော ဘယ်လိုအခြေအနေတွေ ကြုံတွေ့နေရမလဲ တွေးကြည့်နိုင်ပါတယ်။

    တိုက်ဆိုင်တာက ကျနော်က ညွှန်မှူးဆီ စာတင်ပြီး နောက်တစ်ရက်လားမှတ်ပါတယ်။ လွှတ်တော်မှာ အဖေနိုင်ငံသား၊ အမေနိုင်ငံသားဖြစ်ပါလျက် သွေးနှောဖြစ်လို့ မှတ်ပုံတင် ထုတ်မပေးဘဲ ဆိုင်းထားတဲ့ ကိစ္စကို အမတ်တစ်ဦးက မေးပါတယ်။ ၀န်ကြီးကလဲ စိစစ်ရမဲ့ လုပ်ငန်းစဉ်လေးတွေရှိပါတယ်လို့ ပြန်ဖြေပါတယ်။ ကျနော်လက်ခံပါတယ်။ စိစစ်ပါ။ ဒါပေမဲ့ အချိန်ကန့်သတ်ချက်တစ်ခုတော့ ရှိရမယ်လို့ မြင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အချိန်အကန့်အသတ်မရှိ စောင့်ရမယ်ဆိုတာက “ပေးချင်တဲ့ အချိန်ပေးမယ်” ဆိုတဲ့ သဘောကို မရည်ရွယ်ဘူးဆိုတဲ့တိုင်အောင် သက်ရောက်စေပါတယ်။ ဒါဟာ အရင်အစိုးရတွေလက်ထက်မှာ နိုင်ငံသား အချင်းချင်း ကိုးကွယ်ရာ ဘာသာ ကွဲပြားရုံနဲ့ သူတို့နဲ့ – ငါတို့နဲ့၊ ငါတို့နဲ့ – သူတို့နဲ့ မတူဘူးဆိုတဲ့ အမြင်ကို အားကောင်းစေပြီး မယုံကြည်မှုနဲ့ သံသယတွေကို ဆင့်ကဲ ဖြစ်ထွန်းစေခဲ့တဲ့ အချက်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။

    ကျနော်တို့ အမြဲပြောလေ့ရှိကြပါတယ်။ စစ်အာဏာရှင် လက်ထက်မှာ ချမှတ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အသားကျခဲ့တဲ့ ဗျူရိုကရေစီယန္တရားကို ပြုပြင်ပြောင်းလဲပေးရမယ်ဆိုတဲ့စကားပါ။ တစ်ဆက်တည်း ကပ်ပါလာတာက အပြောင်းအလဲမှာ လူထုကိုယ်တိုင်က ပါဝင်ရမယ်ဆိုတဲ့ စကားပါ။

    ကျနော်ကတော့ ကျနော်ရသင့်ရထိုက်တဲ့ ညီညွတ်မျှတတဲ့ ရပိုင်ခွင့်ကို ရအောင် ကျနော် တောင်းယူပါတယ်။ ကိုယ်နဲ့ အမှန်တကယ် ထိုက်တန်တဲ့ ရပိုင်ခွင့်ကို နည်းမှန်လမ်းမှန် တောင်းယူခြင်းသည်ပင်လျှင် ဒီနေ့မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီ ယန္တရား ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုလို့ ကျနော်ကတော့ မြင်ပါတယ်။ ခက်ပါလိမ့်မယ်။ အစိုးရပြောင်းတာနဲ့ စနစ်တွေ အားလုံး ၀ုန်းဒိုင်းပြောင်းမယ်လို့ မျှော်လင့်ထားရင်တော့ ရူးနှမ်းရာကျပါလိမ့်မယ်။ တဖြည်းဖြည်းချင်းနဲ့ အကောင်းဘက်ကို ပြောင်းသထက် ပြောင်းအောင် အားလုံး ၀ိုင်းဝန်းတွန်းရွှေ့ကြရမှာပါ။ ဒီလိုတွန်းရွှေ့နိုင်တဲ့အင်အားဟာ လူထုလက်ထဲမှာရှိတယ်ဆိုတာ လူထုကိုယ်တိုင်က နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် အသုံးချဖို့ လိုပါတယ်။

    တစ်ဖက်မှာလဲ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက မေးခွန်းမေးမြန်းသလို၊ လွှတ်တော်ဥက္ကဌရဲ့ လ၀က ၀န်ကြီးကို မေတ္တာရပ်ခံချက်လို၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးရဲ့ ဖြေကြားချက်လို ပြည်သူ့ကိုယ်စားလှယ်များရဲ့ မဲဆန္ဒရှင်ပြည်သူကို မျက်နှာမူမှုကိုလဲ အလေးအမြတ်ပြုရမှာဖြစ်ပါတယ်။

    တစ်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က သွေးနှောဖြစ်လို့ မှတ်ပုံတင် မရတာ၊ ကြန့်ကြာနေတာရှိရင် သူ့ကို ပြောဖို့နဲ့ သူကိုယ်တိုင် မြို့နယ်ရုံးမှာ ဘာကြောင့် ကြန့်ကြာရသလဲ၊ မရသလဲဆိုတာ လိုက်လံ ဆန်းစစ်ပေးမှာဖြစ်ကြောင်း၊ ဒီလိုပဲ ဥပဒေမဲ့ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကိုလဲ အရေးယူရမှာဖြစ်ကြောင်း ဖြေသွားတာ နားထောင်လိုက်ရပါတယ်။

    စည်းမျဉ်းဥပဒေနဲ့ မညီတဲ့ ဘယ်သူဘယ်ဝါကိုမဆို ဘယ်လိုအကြောင်းပြချက်မျိုး အတွက်နဲ့မှ ဘောင်ကျော်ဆောင်ရွက်ပေးတာမျိုး မပြုသင့်သလို၊ စည်းမျဉ်းဥပဒေနဲ့ ကိုက်ညီနေတဲ့ ဘယ်သူ့ကိုမဆို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကန့်သတ်တာမျိုးလဲ မဖြစ်သင့်ပါဘူး။ အားလုံးကို စည်းမျဉ်းဥပဒေအတိုင်းပဲ တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်တာပါ။

    ဆက်စပ်လို့ ပြောရရင် အသက် (၁၈)နှစ်ပြည့် ကတ်က ကျနော့်လက်ထဲ ရောက်တဲ့ အပြင် နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာပါ အသုံးပြုနေပြီဖြစ်ပေမဲ့ လ.၀.က ရုံးကို ကျနော် ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာမှ မပေးခဲ့ရပါ။ ညွှန်မှူးရုံးခန်းထဲကို စာသွားတင်ပြစဉ်ကလဲ ဘာလက်ဆောင်၊ ဘာငွေကြေးမှ မပေးခဲ့ရပါ။ ကတ်ရပြီးတဲ့အချိန်မှာလဲ လက်ဆောင်တစ်စုံတစ်ရာ သွားပေးခဲ့သော် ဒါလုပ်ပေးလို့ ဒါပေးတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်ချင်တာကြောင့် လုံးဝခြေဦးမလှည့်ဖြစ်ပါ။

    ဒါပေမဲ့ ခရီးစဉ်က ပြန်လာရင်တော့ နိုင်ငံတော်သမ္မတရုံးရဲ့ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်အရ ငွေကျပ် (၂၅၀၀၀) ထက်မပိုတဲ့ တရုတ်ပြည်အမှတ်တရ ပစ္စည်းတစ်ခုခု ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသဘောအနေနဲ့ လက်ဆောင်သွားပေးမယ်လို့ စိတ်ကူးထားပါတယ်။

    ဒီလိုညွှန်မှူးမျိုးတွေ့ရခဲလို့ပါ။

    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ၄င်း၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
    ဆက်စပ် ဆောင်းပါး ဖတ်ရှုရန်
    —————————-
    လ.ဝ.က သွားတောလား
    http://www.m-mediagroup.com/news/5171