News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး

    အငြင်းပွားဖွယ်ဖြစ်လာတဲ့ မဘသအဖွဲ့ ဆက်လက်တည်ရှိရေး

    မဘသအဖွဲ့ကြောင့် သံဃာထုအတွင်း ပိုမိုစိတ်ဝမ်းကွဲလာနိုင်ကြောင်း ထင်ရှားတဲ့ သံဃာတချို့က မိန့်ကြားလိုက်ပါတယ်

    .Ma Ba Ta
    ထက်ခေါင်လင်း
    .
    ရန်ကုန် (Myanmar Now) –  အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူမျိုးရေး၊ ဘာသာရေး အကဲဆတ်တဲ့ မြန်မာနိုင်ငံမှာ လတ်တလော အငြင်းပွားစရာ အဖြစ်ဆုံး အဖွဲ့အစည်း ဖြစ်နေပါတယ်။
    .
    မဘသ လို့ အတိုကောက် ခေါ်ကြတဲ့ ဒီအဖွဲ့ဟာ ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားပြီး နောက်တစ်နှစ်မှာ ပေါ်ပေါက်လာတာပါ။ မဘသ ဆရာတော်အများအပြားရဲ့ ဟောပြောချက်တွေမှာ မွတ်စလင် ဆန့်ကျင်ရေး၊ အမုန်းတရားပွားများစေတဲ့ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
    .
    မန္တလေးမြို့၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာ ဘိဝံသက မဘသအဖွဲ့ရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ မိန့်ပါတယ်။
    .
    “မဘသကို သံဃာထုတွေက မနှစ်မြို့ကြပါဘူး။ သူတို့လုပ်နေတာကလည်း မနှစ်မြို့စရာတွေလေ။ ဒါပေမဲ့ သံဃာထုထဲမှာ သံဃာကောင်းတွေက ဘာမှမပြောချင်လို့သာ သူတို့အသံတွေ ကျယ်နေတာ” လို့ ဆရာတော်က မိန့်ပါတယ်။
    .
    မဘသ ပေါ်ပေါက်စမှာ  သံဃာအများအပြားက အမျိုးသားရေးတာဝန်အတွက်ဆိုပြီး ပူးပေါင်းပါဝင်ကြပေမယ့် နောက်ပိုင်းမှာ ထောက်ခံမှု လျော့နည်းလာတယ်လို့ ဆရာတော်က သုံးသပ်ပါတယ်။
    အငြင်းပွားဖွယ်ရာအဖွဲ့အစည်းဖြစ်တဲ့   မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့်  သံဃာထုကြား  စိတ်ဝမ်းကွဲပြားမှု ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ အထင်ကရ သံဃာတချို့က မိန့်ကြားကြပါတယ်။
    .
    မဘသ အဖွဲ့ တည်ရှိမှု
    ————————–
    မကြာသေးမီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက   မဘသအဖွဲ့ဟာ မလိုအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့ နှစ်ကြိမ် ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်အတွင်း အတော်လေး ဂယက်ရိုက်ခတ်ခဲ့၊ သတင်းစာမျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့တဲ့ သူ့ရဲ့ ပြောဆိုချက်ကြောင့် မဘသအဖွဲ့ ခေါင်းဆောင်ပိုင်းက ဇူလိုင် လဆန်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး လတ်တလော ရင်ဆိုင်ရတဲ့အခြေအနေအကြောင်း ဆွေးနွေးကြပါတယ်။
    .
    ဒီအတောအတွင်း သံဃာတွေကို လူသိထင်ရှား ဝေဖန်လေ့မရှိတဲ့ မြန်မာနိုင်ငံမှာ   မဘသ အဖွဲ့ မရှိသင့်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသူ အများအပြား ပေါ်ပေါက်နေပါပြီ။ အခြားတစ်ဘက်မှာတော့   မဘသ အဖွဲ့ ဆက်လက်တည်ရှိရေးကို လိုလားကြောင်း ပြောဆိုသူတွေကိုလည်း အများအပြား တွေ့ရမှာပါ။
    .
    မဘသ အဖွဲ့ထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ ဦးဝီရသူက ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။
    .
    “အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ မလိုအပ်ကြောင်း ပြောဆိုလာခြင်းသည် အာဏာရပါတီနှင့် နိုင်ငံတော်အစိုးရ၏ သဘောထားဖြစ်မှန်း သိသာထင်ရှားသည်” လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    .
    မဘသအဖွဲ့ကို မည်သည့်အခါကမှ အသိအမှတ် မပြုခဲ့ဘူး ဆိုတဲ့  နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ ဦးဝီရသူက အဲဒီလို တုန့်ပြန်လိုက်တာပါ။    သာသနာရေးဝန်ကြီးဌာနရဲ့  “အစိတ်အပိုင်းတစ်ခု” ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့ရဲ့ ကြေညာချက်ကြောင့်  ဘုရားသားတော်ညီနောင် အချင်းချင်း  စိတ်ဝမ်းကွဲစရာ အကြောင်းမရှိဘူး လို့လည်း  ဦးဝီရသူက တုန့်ပြန်ပါတယ်။
    .
    မဘသအဖွဲ့ ရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားသူများထဲမှာ ထင်ရှားကျော်ကြားတဲ့သူ အရေအတွက် နည်းပါးပါတယ်။ ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မဘသ အဖွဲ့ ရှိသင့်တယ် လို့ သဘောထား ပေးသူပါ။
    .
    ” ဗုဒ္ဓဘာသာမှာသာမက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာတွေမှာလည်း အဲဒီလို အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ မဘသ တစ်ခုတည်းကို ရွေးထုတ်ပြီးပြောဖို့ မသင့်ဘူး” လို့ ဝန်ကြီးဟောင်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၇ ရက်နေ့က ရေးလိုက်ပါတယ်။
    .
    မဘသ အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးချင်းကြားမှာ ခွဲခြားမြင်နိုင်ဖို့ လိုတယ်၊ ပြီးခဲ့တဲ့ မဘသ ညီလာခံမှာ ဆွေးနွေးချက်များ၊ မိန့်ခွန်းများကို လေ့လာရင် မဘသဟာ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမဟုတ်ဘူး ဆိုတာ တွေ့နိုင်ပါတယ်လို့ ဝန်ကြီးဟောင်းက ဆိုပါတယ်။
    .
    မဘသကို ဝေဖန်ပြောဆိုမှု၊ ကာကွယ်ပြောဆိုမှုတွေ အပြန်အလှန် ရှိနေချိန် မဘသ ဗဟိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဦးသောပါကက   “မဘသမှာက ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ကိုယ့်ရည်ရွယ်ချက်အတိုင်း၊ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဖော်ဆောင်သွားမှာပါ” လို့ သတင်းထောက်တွေကို မိန့်ပါတယ်။
    .
    ပြည်ပရောက် သံဃာတို့အပေါ် သက်ရောက်မှုတချို့
    ———————————————
    ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တချို့က ပြည်ခိုင်ဖြိုးပါတီဘက်ယိမ်းတဲ့အသံတွေ ထင်ထင်ရှားရှားပြသတဲ့နည်းနဲ့ မဲဆွယ်ပေးခဲ့ကြတယ် လို့ ၂ဝဝ၇ ရွှေဝါရောင် သံဃအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တပါးဖြစ်တဲ့  ကရင်ပြည်နယ်၊ ဘားအံမြို့၊ နောက်ပတုတ်ကျေးရွာ ဝိမုတိသုခဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဝေဖန်လိုက်ပါတယ်။
    .
    “အမျိုးကိုစောင့်ရှောက်ဖို့ဆိုပြီးခေါင်းစီးတပ်ထားပေမယ့် တချိန်လုံး သမ္မတဟောင်းဦးသိန်းစိန်တို့ဘက်ကို ထောက်ခံခဲ့တယ်။ မှားတာတွေကို ထောက်ပြဝေဖန်တာတွေ မလုပ်ခဲ့ဘူး။ NLD ကို တိုက်ခိုက်ပြီး အမုန်းတရားတွေ၊ အစွန်းရောက်တရားတွေ ဟောခဲ့ကြတယ်” လို့ ဆရာတော်က ဝေဖန်ပါတယ်။
    .
    မဘသအဖွဲ့မှာထင်ရှားတဲ့ ဆရာတော်ဦးဝီရသူဟာ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စရန်ဟီးလီကို သူ့ရဲ့ ၂ဝ၁၅ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း လူသိထင်ရှား ဆဲရေး တိုင်းထွာတာခြင်းဖြင့် ဝိနည်းနဲ့ မညီတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပေမဲ့  အဖွဲ့က  အရေးယူခြင်းမပြုခဲ့ဘူး၊  မဘသအဖွဲ့က ဦးစီးထုတ်ဝေတဲ့ စာစောင်တွေမှာ သူ့လုပ်ရပ် မှန်ကန်လို့ ထောက်ခံတယ်ဆိုပြီး ရေးသားခဲ့ကြောင်း  ဆရာတော်က ဆက်မိန့်ပါတယ်။
    .
    “မဘသအဖွဲ့ ပေါ်လာပြီးနောက်မှာလူတွေ၊ သံဃာတွေ စိတ်ဝမ်းတွေ ကွဲတယ်၊ မညီမညွတ်တွေ ဖြစ်လာတယ်။ အမျိုးကို စောင့်ရှောက်ပုံက လွဲမှားပြီး ဖျက်ဆီးသလိုကို ဖြစ်နေတာ” လို့ ဆရာတော်က မှတ်ချက်ပြုပါတယ်။
    .
    .မြန်မာပြည် ဒေသအများအပြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားတာကို ကမ္ဘာက သိရှိနေပြီး မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ပြည်ပရောက် သံဃာတွေ သီတင်းသုံးမှု၊ သာသနာပြုမှုကို ထိခိုက်စေတယ်လို့လည်း ဥရောပကို ၂ ကြိမ်သွားရောက်၊ ထိုင်းနိုင်ငံမှာ ၈ နှစ်ကြာ  သီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်က မိန့်ပါတယ်။
    .
    ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒိန်းမတ်နိုင်ငံမှာ ရှိနေစဉ် အစ္စလမ်ဘာသာဝင်တချို့က သူ့ကို နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။
    .
    “ဘယ်နိုင်ငံကလာတာလဲလို့ မေးတယ်။ မြန်မာကလို့ပြောရော မင်းတို့နိုင်ငံက ငါတို့ဘာသာဝင်တွေကို နှိပ်စက်နေတဲ့နိုင်ငံ၊ မင်းတို့ဘာသာက ငါတို့ဘာသာကို ဖိနှိပ်နေတဲ့ဘာသာဆိုပြီး နောက်ကနေ တကောက်ကောက် လိုက်ပြောဆိုနေတာ” လို့ ဆရာတော်က မိန့်ပါတယ်။
    “မဘသပေါ်လာပြီးမှ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာရတာလို့ အဲ့ဒီဥရောပမှာရှိတဲ့ ကိုယ့်မိတ်ဆွေတွေကလည်း ပြောကြတယ်”
    .
    သူ့မိတ်ဆွေတွေ ဖြစ်တဲ့ ပြင်သစ်ရောက် ဦးကုမာရ၊ ဆွီဒင်ရောက် ဦးသောမနတို့လည်း  အစ္စလမ်ဘာသာဝင်တွေရဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
    .
    လူသားတိုင်းကို မေတ္တာထားပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆောင်ရွက်ရေးက သံဃာတော်တွေရဲ့ တာဝန်ဖြစ်တာကြောင့် ဘာသာမတူသူကို ပစ်မှတ်ထားတဲ့ မဘသရဲ့ လုပ်ငန်းစဉ်တွေဟာ ဗုဒ္ဓလမ်းစဉ်ကို ဖျက်ဆီးသလိုဖြစ်စေတယ်လို့ မန္တလေးမြို့၊ မဟာဝိဇိတာရာမ ကျောင်းတိုက်က ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
    .
    “သာသနာ အကျိုး ယှဉ်တွဲ ဆောင်ရွက်ရာကနေ သံဃာထုကြားမှာ ထောက်ခံတဲ့အုပ်စုနဲ့ မထောက်ခံတဲ့အုပ်စု ဆိုပြီး   သူ့ဘက်ကိုယ်ဘက် အပြစ်တွေ အပြန် အလှန် ပြောနေကြရတဲ့အဆင့်ကို ရောက်နေပြီ” လို့ ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
    .
    သူက လွန်ခဲ့တဲ့ ၄ လကျော်က မဘသ ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူကို ဝေဖန်ခဲ့ပါသေးတယ်။ ဦးဝီရသူကို ထောက်ခံသူတချို့က သူ့ကို ဖုန်းဆက်ပြီး  သတ်ဖြတ်မယ်၊ ဓားနဲ့ ခုတ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
    .
    ပြီးခဲ့တဲ့လကလည်း ညပိုင်း    မဟာမြတ်မုနိဘုရားက အပြန်မှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်တိုက်ခံရပေမဲ့ ဘာကြောင့်တိုက်တယ်၊   ဆိုင်ကယ်သမား ဘယ်သူဆိုတာတွေကို အခုထိ မသိရဘူး လို့ ဆရာတော်က မိန့်ပါတယ်။
    .
    ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်ဆံရေး
    ———————————-
    မဘသအဖွဲ့ဟာ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ လွှတ်တော်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာတုန်းက   မျိုးစောင့်ဥပဒေ ၄ ခု  ပေါ်ပေါက်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။
    .
    မဘသအဖွဲ့ဟာ  ယခင် စစ်အာဏာရှင်တွေဘက်ကို ယိမ်းခဲ့တာ မှားတယ်လို့ ၂ဝဝ၇ ရွေဝါရောင် သံဃာ့အရေးအခင်း ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့  ရန်ကုန်မြို့ ရွှေသိမ်ကျောင်းတိုက် ဆရာတော် ဦးသန္တာသီရိက မိန့်ပါတယ်။
    .
    “သံဃာ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကို ထေရဝါဒသာသနာရောက်လာခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ဒီအချိန်လို သံဃာ သင်းကွဲတာတွေ၊ သံဃာဂိုဏ်းကွဲတာတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါကြောင့် မဘသရဲ့ လုပ်ရပ်တွေဟာ ဝိနည်းတော်နဲ့ မညီညွတ်ပါဘူး။ သံဃာထု မလိုလားတဲ့ ကိစ္စတွေကို ရပ်တန့်သင့်ပါတယ်” လို့ သူက တိုက်တွန်း မိန့်ကြားလိုက်ပါတယ်။
    .
    မဘသ အထွေထွေ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိကတော့ သူတို့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူ ရှိခဲ့တယ် ဆိုတဲ့ သုံးသပ်ချက်တွေ၊ စွပ်စွဲချက်တွေကို့ ပယ်ချပါတယ်။
    .
    စစ်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့  အသုံးချခံဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ယူဆချက်တွေဟာလည်း ယုတ္တိမရှိဘူး၊ မဘသ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသဟာ စစ်အာဏာရှင်ခေတ်က အကျဉ်းကျခံခဲ့ရဖူးတယ် ဆိုတဲ့ အချက်ကို သူက ထောက်ပြပါတယ်။
    .
    “ဒါပေမဲ့ မျိုးစောင့်ဥပဒေကို လျှောက်ထားရတော့မယ် ဆိုတော့ (ဦးသိန်းစိန်ဦးဆောင်တဲ့) အစိုးရဆီမှာ လျှောက်ထားရတာလေ။ အဲဒီတော့ အစိုးရနဲ့ပဲ ပူးပေါင်းပြီး လုပ်ရတာပေါ့”လို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။
    .
    မဘသအဖွဲ့ ဆက်ရှိနေသင့်တယ်၊ မရှိသင့်တော့ဘူးဆိုတဲ့ အငြင်းပွားမှုတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ရန်ကုန်မှာ အစည်းအဝေး ပြုလုပ်နေပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ အစည်းအဝေးတက်ရောက်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက  ကြည်ညိုလေးစားဖွယ်ရာ ထေရ်ကြီးဝါကြီး သံဃာတော် အများအပြား ပါဝင်တဲ့ မဘသအဖွဲ့ဟာ ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့  လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံရဘူးဆိုရင်   ရေရှည်ရပ်တည် နိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။     ။

    ဓါတ်ပုံ၊ ။ Time Magazine

  • ဂန္ထ၀င် အစ္စလာမ့် ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏ စွမ်းဆောင်ချက် (၃)

    ဂန္ထ၀င် အစ္စလာမ့် ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏ စွမ်းဆောင်ချက် (၃)

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    topkapi
    မက္ကာ၊ ဂျေရုစလင်နှင့် အစ္စတန်ဘူလ်မြို့များတွင် ရဟိတလုပ်ငန်းများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦးများ ဆောက်လုပ်ပေးမှုကြောင့် ထင်ရှားကျော်ကြားသည့် ရိုဇီလာနာ၏ ပုံတူပန်းချီ။ သူမမှာ အော်တိုမန်ပြည့်ရှင် ဆူလေမန်၏ မိဖုရားဖြစ်သည်။

    ၄။ အထွေထွေ သုံးသပ်ချက်
    ——————————
    အစ္စလာမ့်ယဉ်ကျေးမှုအတွင်း အမျိုးသမီးများ ရောက်ရှိခဲ့ကြသည့် ဂုဏ်အင်သိက္ခာက လက်ရှိပညာရှင်အသိုင်းအ၀ိုင်း၌ စတင်ပွင့်အံပေါ်လွင်လာပြီဖြစ်သည်။ ခလီဖဟ်တို့၏ ဆွေမျိုးသားချင်း အမျိုးသမီးများ၊ နန်းတွင်းသူများသည် စာပေထွန်းကားမှု၌ သူ့ထက်ငါ အပြိုင် ကြိုးစားခဲ့ကြ၏။ အန်ဒါလုစ်မှ မင်းသား အဟ်မဒ်၏သမီး အာအိရှဟ်သည် ကဗျာလင်္ကာနှင့် နှုတ်ရေးအတတ်တွင် သူမတူအောင် ထူးချွန်ခဲ့သည်။ သူမ၏မိန့်ခွန်းများသည် ကော်ဒိုဗာရှိ ခေတ်ဆွေးဒဿနရှင်များ၏ အတွေးအခေါ်တို့ကို ဂယက်ရိုက်စေခဲ့သည့်အပြင် သူမ၏စာကြည့်တိုက်မှာ ဘုရင့်နယ်မြေ၌ အကောင်းဆုံး၊ အပြည့်စုံဆုံး စာကြည့်တိုက်များအနက် အပါအ၀င်တစ်ခုဖြစ်ခဲ့၏။

    အနောက်တိုင်းပညာရှင်များအကြား ဗလာဒါ ဟု လူသိများသော အလ်မိုဟက်စ်၏ မင်းသမီး ၀လာဒဟ်သည် ကဗျာလင်္ကာပညာအရာတွင် ထင်ရှားကျော်ကြားခဲ့သူဖြစ်၏။ သူမ၏ အထုံပါရမီက သူမ၏ချစ်ဖွယ်သွင်ပြင်ထက် မနိမ့်ကျခဲ့ပေ။ သူမ၏ပြောစကားတို့မှာ လေးနက်ထိရောက်လှသဖြင့် မှတ်သားဖွယ်ရာများ ဖြစ်ခဲ့သည်။ သို့သာမက အိုင်ဘာရီယန်(စပိန်နှင့်ပေါ်တူကီ)ကျွန်းဆွယ်တစ်ခွင်မှ ပညာရှိများ၊ အာဝဇ္ဖာန်းရွှင်သူများကို ဖိတ်ခေါ်ယှဉ်ပြိုင်စေသော ကော်ဒိုဘာ ပညာရှင်ပြိုင်ပွဲများ၌လည်း တစ်ကြိမ်မှ မရှုံးနိမ့်သည့်အပြင် စကားပြေရေးသားမှုတွင်ဖြစ်စေ ကဗျာစပ်ဆိုမှုတွင်ဖြစ်စေ ပြိုင်ဖက်အားလုံးထက်အလျင် ပြီးစီးအောင် ရေးသားယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်၏။

    ဆယ်ဗစ်လီ Seville မှ အလ်ဃတ်စန်နီယဟ် နှင့် ဆဖီယဟ်တို့သည်လည်း ကဗျာလင်္ကာနှင့် နှုတ်ရေးကြွယ်ကြွယ် အဟောအပြော၌ ထင်ရှားကျော်စော်လှသည်။ ဆဖီယဟ်၏ လက်ရေးပန်းချီအတတ်ပညာခန်းကို သာလွန်အောင် မည်သူမျှ မစွမ်းဆောင်နိုင်ခဲ့၊ ထိုခေတ်၏ အကျော်အမော် အနုပညာရှင်များကပင်လျှင် သူမ၏ ခမ်းနားပြောင်မြောက်သော လက်ရေးပန်းချီပညာအပေါ် လက်မှိုင်ချရသည်အထိပင်။ အလ်ဖိုင်စူလီ၏သမီး ပါရမီရှင် မီရီယမ်သည် စာပေနှံ့စပ်မှုအရာ၌ အန်ဒလုစ်တခွင် ကျော်ကြားလှသည်။ သူမ၏ ထက်မြက်ထိရောက်သော
    ဇ၀နဥာဏ်နှင့် လိုတိုရှင်း သရော်ချက်များမှာ ပြိုင်ဖက်ကင်းလှကြောင်း အဆိုရှိသည်။

    အွမ္မုလ် စအဒ်သည် မွတ်စ်လင်မ်ထုံးဓလေ့များ၌ ကျွမ်းဝင်မှုကြောင့် ကျော်ကြားသည်။ “Labana of Cordoba” အား တိကျသောသိပ္ပံအချက်အလက်များဖြင့် သီကုံးထားသည်ကို ကြည့်၍ ရှုပ်ထွေးနက်နဲသည့် ဂျီသြမေတြီနှင့် အက္ခရာသချာင်္များကို အဖြေရှာခြင်း၌ သူမ၏စွမ်းရည် ထက်မြက်လှကြောင်း တွေ့ရ၏။ အထွေထွေ စာပေအနုပညာဖက်တွင်လည်း ကျယ်ပြန့်စွာ လေ့လာလိုက်စားထားနိုင်စွမ်းကြောင့် ခလီဖဟ် ဒုတိယမြောက် အလ်ဟကမ်က မိမိ၏အတွင်းလူယုံအဖြစ်ပင် အရေးပါသောနေရာ၌ ခန့်အပ်ခဲ့သည်။

    အိဘ်နု နဒီးမ် ရေးသားသော AI-Fihrist ၌ အထူးထူးသောနယ်ပယ်ရှိ ကျွမ်းကျင်သူ အမျိုးသမီးတို့ကို မှတ်တမ်းပြုဖော်ပြထား၏။ အရဗီဘာသာစကား အထူးကျွမ်းကျင်ခြင်းနှင့် ဆက်နွှယ်နေသည့် သဒ္ဒါပညာရပ်တွင် ကျွမ်းကျင်သူ နှစ်ဦး ပါဝင်သည်။ တစ်ဦးသည် အာရဗ်မျိုးရင်းနွယ်စုမှ ဆင်းသက်လာပြီး အာရဗ်တို့၏ဒေသိယဘာသာစကားဆိုင်ရာ ပညာရှင်ဖြစ်၏။ နောက်တစ်ဦးမှာ အာရဗ်ရိုးရာပုံပြင်များနှင့် ဆိုရိုးစကားများကို ကျွမ်းဝင်သူဖြစ်သည်။ တတိယမြောက်တစ်ဦးမှာ “ဝေါဟာရ၏ရင်းမြစ်များနှင့် ရှားပါးပုံစံများ” အမည်ရှိ စာအုပ်ကို ရေးသားခဲ့ပြီး စာဆိုကြီး အဘူ န၀ါ့စ် အတိုင်း ကန္တာရနေ မျိုးနွယ်စုများအကြား လှည့်လည်၍ အသိပညာများအား ဖြန့်ဝေပေးခဲ့သည်။ မတူကွဲပြားသည့် အခြားနယ်ပယ်တစ်ခုတွင်လည်း ပါးနပ်လိမ္မာသောအဆိုအမိန့်များဖြင့် ကျော်ကြားသူ အရ်ဝါ အကြောင်း ဖော်ပြထားပြီး သူမသည် “ဓမ္မဒေသနာ၊ ကိုယ်ကျင့်သီလနှင့် အသိဥာဏ်စဉ်” ဟူသော ကျမ်းကို ရေးသားခဲ့၏။

    အသုံးချသိပ္ပံပညာ၏ အဆင့်မြင့်အကိုင်းအလက်တစ်ခုဖြစ်သည့် အာကာသလေ့လာရေးအတွက် သုတေသနစမ်းသပ်ခန်းကို အလ်အိဂ်ျလီယဟ် ဘင့်န်သိ အလ်အိဂ်ျလိ အတ်စတူလာဘီမှ ဖော်ဆောင်ခဲ့သည်။ သူမသည် အလက်ပိုမှ ဖခင်၏သက်မွေးပညာရပ်ကို အမွေဆက်ခံထားခြင်းဖြစ်သည်။ အေဒီ ၁၀ ရာစုနှစ် ဘိုင်ဇန်တိုင်းအင်ပါယာ၏ နယ်စပ်ကျူးကျော်မှုအန္တရာယ်ကို ကာကွယ်ခဲ့သူ ဆီးရီးယားမြောက်ပိုင်း ဟမ်ဒါနီဘုရင်များ(ဟိဂ်ျရီ ၃၃၃-၉၄၄၊ ခရစ် ၃၅၇-၉၆၇)အနက် တစ်ဦးဖြစ်သော စာအိဖ် အလ်ဒေါင်လဟ် ၏ နန်းတွင်း၌ အမှုတော်ထမ်းစေခြင်း ခံရသည်။

    လက်ရေးပန်းချီအတတ်ပညာထွန်းကားတိုးတက်ရေးတွင် အနည်းဆုံး အမျိုးသမီးတစ်ဦး ပါဝင်နေသည်။ အဘ္ဘာစစ်မင်းဆက် ခလီဖဟ် မန်ဆူးရ်၏သားတစ်ဦးကို အလွတ်သင်ဆရာအဖြစ် ဆောင်ရွက်နေသူ အိဘ်နု ကိုင်ယူမဟ် မိသားစု၌ ဆနာအ် အမည်ရှိ ကျွန်မ တစ်ဦး ရှိ၏။ အိဘ်နု ကိုင်ယူမဟ်သည် ဆရာကောင်းပီသလှသူ ဖြစ်ရကား မိသားစုပိုင် ကျွန်စေမလေးကို သစ္စာရှိတပည့်တစ်ဦးအဖြစ် ကျေးဇူးပြုခဲ့သူဖြစ်၏။ သူသည် ထိုခေတ်ကာလ ထိပ်တန်း လက်ရေးပန်းချီပညာရှင် အစ္စဟာ့က် ဘင်န် ဟမ္မာ့ဒ်ထံ ပညာသင်ရန် လူနှစ်ဦးကို စေလွှတ်ခဲ့သည်။ ၎င်းတို့အနက်တစ်ဦးမှာ ဆနာအ် ဖြစ်၏။ ၎င်းတို့၏ မူရင်းလက်ရာများကို တူညီအောင် မည်သူမျှ မရေးသားနိုင်သေးကြောင်း အိဘ်နု နဒီးမ်က ရေးသားတင်ပြထားသည်။ (Foot Note -1 )

    ဆက်လက်၍ အနာဂတ်သုတေသနနှင့် ရှေ့ဆက်စူးစမ်းမှုအတွက် စံပြနမူနာများအဖြစ် ဆေးဝါး၊ သချာင်္၊ အာကာသလေ့လာရေး၊ ပစ္စည်းထုတ်လုပ်ရေး စသည့်ကဏ္ဍများ၌ ကျွမ်းကျင်သူအမျိုသမီးများအချို့အကြောင်းအား အကျဉ်းချုပ် တင်ပြပါမည်။

    Ref : The Muslim Heritage

    (ဆက်လက်ဖော်ပြပါမည်)

    1- (ကြည့် – Waddy Charis, Women in Muslim History, London and New York: Longman Group, 1980, p. 72.)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”

    “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”

    ဇူလိုင် ၁၄ ၊ ၂၀၁၆
    ရေးသားသူ- ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
    .law-and-justice-image1
    NLD ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်ချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကို ဦးစာပေးဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ NLDရဲ့ဦးစားပေးအစီအစဉ်ထဲမှာ အမြဲတန်းပါဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်စဉ်ကပင် “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး”ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တာကြောင့်၊ ယခု နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လိုလားမှာဖြစ်ပါတယ်။သူမကိုယ်တိုင်လည်း လူစုလူဝေးနဲ့ တိုက်ခိုက်တာ ခံခဲ့ရဘူးတော့ ကိုယ်ချင်းစာနာစိတ်ရှိမှာကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပါဘူး။
    .
    တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် ပြုလုပ်ခြင်းဟာ ယနေ့နိုင်ငံတော်ရဲ့နိုင်ငံရေးဦးတည်ချက်များကို ထိခိုက်စေရုံသာမက အသွင်ကူးပြောင်းရေးကာလကိုလည်း ဖျက်လိုဖျက်စီးပြုရာ ရောက်ပါတယ်။ အဲဒီလိုအခြေအနေမှာ ဘာသာရေးလူနည်းစုများဟာ တည်ကြက်ကဲ့သို့ မြေဇာပင်များ ဖြစ်နေပါတယ်။
    .
    အစိုးသစ်မှာ နိုင်ငံရေးအာဏာ အပြည့်အဝ မရှိသေးတာကိုလည်း သတိချပ်ဖို့ လိုပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍများကလည်း အစိုးရသစ်ကို အပြည့်အဝ အထောက်အကူပြုဖို့လည်း အရေးကြီးပါတယ်။
    .
    အစိုးရသစ်ရဲ့မူဝါဒများကို စိတ်ရောကိုယ်ပါ အကောင်အထည်ဖေါ်ဖို့ တာဝန်ရှိပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များနဲ့ ပတ်သက်တဲ့ အချို့ကိစ္စများကိုဆန်းစစ်ကြည့်မယ်ဆိုရင်အုပ်ချုပ်ရေးပိုင်းက အစပြုထားတဲ့ကိစ္စများကို လူစုလူဝေးက အဆုံးသတ်ထားတာ တွေ့ရှိရပါတယ်။
    .
    ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊မန္တလေးတိုင်းဒေသ၊ ရမည်းသင်းမြို့နယ်၊မိတ္ထီလာမြို့နယ်၊နဲ့ ကရင်ပြည်နယ်၊မြဝတီတို့မှာ ဝတ်ပြုဆောင်၊ စာသင်ကျောင်း၊သုသာန်များကို ဖျက်သိမ်းဖို့ အောက်ခြေ အုပ်ချုပ်ရေးပိုင်းကညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။NLD အစိုးရသစ်ရဲ့ ရက်ပေါင်း (၁၀၀) အတွင်းဖြစ်ပျက်နေတာ ဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် အစ္စလာမ်ဘာ သာဝင်များရဲ့ရာမ်ဇန် ဥပုဒ်လအတွင်း မှာဆောင်ရွ က်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂို လ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုသားပြန်လည်သင့်မြတ်ရေး နဲ့ ၂၁ရာစု ပင်လုံညီလာခံ ကြိုးပမ်း ချက်များနဲ့လည်း တိုက်ဆိုင်နေတာကို သတိပြုမိပါတယ်။
    .
    သူရဲသမိန်ရွာဗလီကိစ္စကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး စကားများတာကစပြီး၊ ဗလီကို လူစုလူဝေးနဲ့ ဖျက်ဆီးတာနဲ့ အဆုံးသတ်တာ တွေ့ရှိရပါတယ်။ ဘာမှမဆိုင်ပါဘူး။ ဖျက်ဆီးပြီးတော့လည်း ဗလီမှာ ပြန်ပြီး ဝတ်ပြုခွင့် လည်း မပြုတော့ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး စကားများတာကြောင့်ဆိုရင် ဖျက်ဆီးခံရတဲ့ဗလီကို ပြန်ဖွင့်ပြီး ဝတ်ပြုခွင့်ပြုသင့်ပါတယ်။ တိုင်တန်းခြင်း မရှိလို့ အရေးယူခြင်းလည်း မရှိပါဘူးလို့ ဆိုပါတယ်။ ဒီလိုပြောဆိုမှုတွေဟာ ဥပဒေနဲ့ ညီညွှတ်မှု ရှိရဲ့လား? ဆိုတာကို သုံးသပ်ဖို့ လိုလာပါတယ်။
    .
    ဖားကန့်မြို့နယ်၊လယ်ပြင်ကျေးရွာဝတ်ပြုဆောင်ရဲ့ နောက်ဆုံးသတင်းကတော့၊ အစ္စလာမ်ဝတ်ပြုဆောင် ကိုဖျက်ဆီးခဲ့တယ်လို့ သံသယရှိသူ (၆) ဦးကိုဖမ်းဆီးပြီး၊ ပုဒ်မ-၁၄၅၊ ၄၃၆၊ ၁၁၄ အရအမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။ ခုလိုဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံများကို လူစုလူဝေးနဲ့ ဖျက်ဆီးမှုများကို ပုဒ်ထီး၊ ပုဒ်မတွေတန်းစီပြီး၊ တည်ဆဲတရားဥပဒေများနဲ့အညီ ထိထိရောက်ရောက်အရေး ယူရမှာ ဖြစ်ပါတယ်။
    .
    လူစုလူဝေးနဲ့ သောင်းကျန်းတဲ့ ပြစ်မှုများကျူးလွန်လို့ အရေးယူနိုင်တဲ့ ပုဒ်မတွေကတော့ ပြစ်မှုဆိုင်ရာဥပဒေ အခန်း-၈၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများအောက်မှာဖော်ပြထားပါတယ်။
    .
    ပုဒ်မ-၁၄၃(ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးတွင် ပါဝင်သူဖြစ်ခြင်း) ထောင်ဒဏ် ၆လထိ/ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၄ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် သေစေလောက်သော လက်နက်ကိုင်စွဲကာပါဝင်ခြင်း) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိပါလျက်၊ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း၊သို့တည်းမဟုတ် ဆက်လက်ပါဝင်နေခြင်း ) ထောင်ဒဏ် နှစ်နှစ်ထိ/ ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၇ (ရုန်းရင်းဆန်ခတ်မှု) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၈ (သေစေလောက်သောလက်နက်ကိုင်လျက် ရုန်းရင်းဆန်ခတ်မှုပြုခြင်း) ထောင်ဒဏ်၃နှစ်ထိ /ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၅၀ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်စေရန် လူကိုငှားရမ်းခြင်း၊ စေခိုင်းခြင်း) အစုအဝေးတွင် ကိုယ်တိုင်ပါဝင်ဘိ သကဲ့သို့၊ ပြစ်မှုကိုကိုယ်တိုင် ကျူးလွန်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရမည်။
    .
    ပုဒ်မ-၁၅၃-က (ပြည်ထောင်စုမြန်မာနိုင်ငံတွ င် နေထိုင် သူအမျိုးအစားတစ်ခုနှင့်တစ်ခုရန်ငြိုးထားစေရန်၊ မုန်းတီးစေရန် အားပေးအားမြှောက်ပြုခြင်း) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    အခန်း-၁၅၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများကတော့၊
    ————————————————-
    ပုဒ်မ-၂၉၅ (ကိုးကွယ်ဝတ်ပြုသောနေရာကိုဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း) ထောင်ဒဏ် ၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၂၉၅-က (နိုင်ငံတော်တွင်နေထိုင်ေ သာလူတစားကိုးကွ ယ်ယုံကြည်သောဘာသာ၊ ယုံကြည်မှုကိုစကား/စာဖြင့်/ ထင်ရှားသောပုံသဏ္ဍန်ဖြင့်စော်ကားမှု) ) ထောင်ဒဏ် ၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ၂၉၆(ဘာသာရေးအခမ်းအနားအစုအဝေးကိုနှောက်ယှက်ခြင်း) ထောင်ဒဏ် ၁နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၂၉၇ (ကိုးကွယ်ဝတ်ပြုသောနေရာ/ သင်္ချိုင်း/ မသာအခမ်းအနားများကို ကျူးကျော်စော်ကားခြင်း) ) ထောင်ဒဏ် တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၂၉၈ (ဘာသာရေးစိတ်ကိုနာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုခြင်းကိုယ် အမူအရာပြုခြင်း၊ အရာဝတ္တုတစ်ခုခုကိုထားခြင်း ) ထောင်ဒဏ်တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    အခန်း-၁၇၊အများပြည်သူကိုဖြစ်စေ၊လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အကျိုးဖျက်စီးမှုတွေကတော့…
    .
    ..ပုဒ်မ-၄၂ရ (အကျိုးဖျက်ဆီးမှု )ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၄၃၆(ကိုးကွယ်ဝတ်ပြုသည့်နေရာ/နေအိမ်/ပစ္စည်းသိုလှောင်ရာနေရာကို မီး (သို့)ပေါက်ကွဲစေသော အရာဖြင့် အကျိုးဖက်ဆီးမှု) တစ်သက်တစ်ကျွန်း/ထောင်ဒဏ်ဆယ်နှစ်ထိ + ငွေဒဏ်
    .
    ပုဒ်မ-၄၄၀ (သေစေမှု/နာကျင်စေမှု အတွက်ပြင်ဆင်ပြီး အကျိုးဖျက်ဆီးမှု) ထောင်ဒဏ်ငါးနှစ်ထိ + ငွေဒဏ်
    .
    အခန်း-၁၇၊ရာဇဝတ်မကင်းသော ကျော်နင်းမှုများမှာ……
    .
    ပုဒ်မ-၄၄၇ (ရာဇဝတ်မကင်းသော ကျော်နင်းမှု) ထောင်ဒဏ် သုံးလထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၄၄၈ (လူနေအိမ်/ကိုးကွယ်ဝတ်ပြုသောနေရာ/ပစ္စည်းသိုလှောင် ရာနေရာသို့ ဝင်ရောက်ခြင်း) ထောင်ဒဏ် တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    အခန်း-၂၂၊ ရာဇဝတ်မကင်းသော ချောက်လှန့်မှု၊ စော်ကားမှုများနဲ့ စိတ်ငြိုငြင်စေမှုများကတော့…..
    .
    ပုဒ်မ-၅၀၄ (ငြိမ်ဝပ်ရေးကို ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း) ထောင်ဒဏ် နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၅၀၅(ခ) (နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူ၏အကျိုးကို ပျက်စီးစေမှု) ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၅၀၅(ဂ) (လူအမျိုအစား/လူမျိုးစုအချင်းချင်း၊ တစ်ဖက်နှင့်တစ်ဖက် ကျူးလွန်ချင်လာအောင် လှုံ့ဆော်ခြင်း) ထောင်ဒ ဏ်နှစ်နှ စ်ထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ခွင့်ပြုချက်မရဘဲ မြို့နယ်အသီးသီးကိုဖြတ်ကျော်ပြီး၊ ဆန္ဒပြတဲ့အမှုများမှာ တစ်မြို့နယ်ချင်း ငြိမ်း-စု-စီ နဲ့ အမှုဖွင့်ပါတယ်။ အဲ့ဒီအမှုများမှာ သီးခြားပြစ်ဒဏ်ကျခံစေပါတယ်။ ခုလဲ ပြစ်မှူအင်္ဂါရပ်များနဲ့ အကျုံးဝင်တဲ့ပုဒ်မများနဲ့စွဲဆိုပြီး သီးခြားကျခံစေခြင်းဖြင့် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်များ ချမှတ်နိုင်ပါတယ်။
    .
    နောက်တစ်ချက် ရှင်းရပါအုံးမယ်။ တိုင်ကြားသူမရှိလို့ အရေးမယူဘူးဆိုတဲ့ကိစ္စ။ ရဲအရေးပိုင်တဲ့ အမှုများမှာ ပြစ်မှုကျူးလွန်သူကို ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပါတယ်။ ဥပမာ၊ လူသတ်မှုကျူးလွန်တယ်ဆိုရင် တိုင်ကြားသူ ရှိရှိမရှိရှိ ရဲကအမှုဖွင့်ပြီး နိုင်ငံတော်က တရားလိုအဖြစ် အမှုမှာ ဦးဆောင်ပါဝင်ရမှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေကိုယ်တိုင်က ဥပဒေကို အလေးမထားဘဲ ပြောနေတာတွေက တရားဥပဒေစိုးမိုးရေးကို ချိနဲ့အားပျော့စေပါတယ်။
    .
    ပြည်သူ့ဝန်ထမ်းရဲများရှေ့မှာ ပြစ်မှုကျူးလွန်ခဲ့ရင်လည်း အဲဒီရဲများမှာ တာဝန်ရှိပါတယ်။
    .
    အခန်း-၅၊အားပေးကူညီမှုတွင်
    .
    ပုဒ်မ-၂၂၁ (ဖမ်းဆီးရန်တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းသည် မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း) သေဒဏ်ထိုက်သော ပြစ်မှုဖြစ်လျှင် ထောင်ဒဏ်ခုနစ်နှစ်ထိ+ငွေဒဏ်/ငွေဒဏ်မပါထောင်ဒဏ်ဆယ်နှစ်အော က်လျှော့သောပြ စ်မှုဖြစ်လျှင် ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ငွေဒဏ်မပါ
    .
    ပုဒ်မ-၁၁၄ကတော့ အားပေးကူညီမှု ဖြစ်ပါတယ်။
    .
    ချုပ်ပြီးပြောရရင်၊
    .
    လူစုလူဝေးနဲ့ သောင်းကျန်းရင် နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသော ပုဒ်မများနဲ့ အရေးယူပါ။
    .
    ဘာသာသာသနာကို စော်ကားရင် ဘာသာ သာသနာဆိုင်ရာပုဒ်မများနဲ့ အရေးယူပါ။
    .
    ကိုးကွယ်ဝတ်ပြုသည့်နေရာ/နေအိမ်/ပစ္စည်းသိုလှောင်ရာနေရာများကို ဖျက်ဆီးရင် ဘာသာ အကျိုးဖျက်ဆီးမှု ပုဒ်မများနဲ့ အရေးယူပါ။
    .
    အများပြည်သူရဲ့အကျိုးကို ထိခိုက်ပျက်ဆီးစေရင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ပျက်ပြားစေတဲ့ပုဒ်မများနဲ့ အရေးယူပါ။
    .
    ပြစ်မှုတစ်မျိုးစီ ကျူးလွန်ရင် ပုဒ်မတစ်မျိုးစီတပ်ပြီး၊ အရေးယူပါ။ရဲအရေးပိုင်တဲ့ အမှုများကို ရဲက ဖမ်းဆီး အရေးယူပါ။
    .
    မိမိတို့ကိုယ်တိုင် နစ်နာသူများကလည်း တိုင်တန်း တရားစွဲဆိုနိုင်ပါတယ်။ ပြည်သူ့ဝန်ထမ်းရဲများလည်း တည်ဆဲဥပဒေများကို လေးစားလိုက်နာဖို့လိုပါတယ်။ ရာဇဝတ်မှုဆိုတာ ကာလစည်းကမ်းသတ်လည်းမရှိ၊ ရာဇဝတ်မှုတွေ ရဲ့လက်တံက တော်တော်ရှည်ပါတယ်။ လူစုလူဝေးနဲ့ တရားစီရင်ရေးကို ဖိအားပေးတာကိုလည်း တားဆီးဖို့ လိုအပ်ပါတယ်။
    .
    နိုင်ငံတော်မှလည်း ဘာသာရေးပဋိပက္ခဆိုင်ရာ ဖြေရှင်းမည့် ကော်မရှင်အဖွဲ့ကို မကြာမီ ဖွဲ့စည်းမည်ဟု သိရှိရပါတယ်။၂၀၀၈ခြေ/ဥ ပုဒ်မ-၃၆၄ ကိုလည်းဥပဒေ ပြဌာန်းဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ကြိုးပမ်းနေကြပါပြီ။ထိခိုက်နစ်နာသူများ အနေနဲ့လည်း စတင်တရားစွဲဆိုနေကြပါပြီ။ တရားဥပဒေစိုးမိုးရေးအတွက် အားကောင်းမောင်းသန်ဖြစ်စေတဲ့ အလားအလာတွေ ဖြစ်ပါတယ်။
    .
    ၂၀၀၈ ခြေ/ဥ ပုဒ်မ-၂၁(ဂ)နဲ့ ပုဒ်မ-၃၈၇တို့ အရ ‘ပြည်သူတို့ ၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပါတယ်။’တရားဥပဒေစိုးမိုးရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြ သကဲ့သို့ ရှေ့နေရှေ့ရပ် အသင်းအဖွဲ့များ၊ကွန်ယက်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ ကလည်း မိမိတို့အနေနှင့် တာဝန်ရှိကြသည့်အလျှောက် ဦးဆောင်ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါတယ်။
    .
    အကောင်းဆုံးကတော့ တရားဥပဒေစိုးမိုးရေးကို တက်ညီလက်ညီ ဖေါ်ဆောင်ကြပြီး၊ အားလုံး ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဖြစ်ပါတယ်။ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”မဟုတ်ပါလား။
    .
    ခင်မောင်ချို
    ၁၄-၇-၂၀၁၆

  • ဂျီသြမေတြီ အနုပညာ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၁)

    ဂျီသြမေတြီ အနုပညာ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၁)

    ဇူလိုင် ၈၊ ၂၀၁၆

    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    Arabesque 1
    Arabesque အနုပညာလက်ရာတစ်ခု

    – အကြည့်တစ်ချက်အတွင်းမှာပဲ ပုံသဏ္ဍာန်တစ်မျိုး၊ အနေအထားတစ်မျိုးကို ပြောင်းလဲသွားတဲ့ အနုပညာလက်ရာမျိုးကို သင်တို့အနေနဲ့ မြင်တွေ့၊ ခံစားဖူးမှာပါ။ ဒီလို အနုပညာမျိုးဟာ ဂျီသြမေတြီကိုအခြေခံတဲ့ အနုပညာဖြစ်ပြီး သင်္ချာသဘောတရားနဲ့ ဟင်းလင်ပြင်နိယာမကို ပေါင်းစပ်ဖော်ကျူးထားတာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ပုံသဏ္ဍာန်တွေ အပြန်အလှန်သက်ရောက်မှုရှိနေတာ၊ ထပ်တလဲလဲဖြစ်တာမျိုးလည်း ဖြစ်ပါတယ်။ အဲဒီလို အနုပညာလက်ရာမျိုးဟာ လူတွေရဲ့ ပုံပန်းသွင်ပြင် မဟုတ်ဘဲ မျဉ်းကြောင်းတွေ၊ စတုရန်းတွေ၊ စတုဂံတွေနဲ့ ပုံဖော်ထားတဲ့ ဆန်းကျယ်တဲ့ဒီဇိုင်းတွေသာ ဖြစ်ပါတယ်။ အဲဒီဒီဇိုင်းတွေဟာ ကြည့်နေရင်းနဲ့ကို ပြောင်းလဲလှုပ်ရှားနေကြပြီး အာရုံစူးစိုက်မှု၊ အတွေးနယ်ချဲ့မှုတွေ ပြုလုပ်ဖို့အတွက် တွန်းအားလည်း ဖြစ်စေပါတယ်။ ဒီလို ဆန်းကျယ်လှတဲ့ ဂုဏ်သတ္တိတွေကြောင့်ပဲ ဒီ ဂျီသြမေတြီ အခြေပြု အနုပညာလက်ရာတွေကို ဗလီဝတ်ကျောင်းတော်တွေမှာ ထည့်သွင်းအလှဆင်ကြတာဖြစ်ပါတယ်။

    တမန်တော်မုဟမ္မဒ်သခင်ဟာ အနုပညာမှာ လူသားတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ပုံကိုမဆွဲဖို့ မွတ်စလင်တွေကို တားမြစ်ခဲ့ပါတယ်။ ဒါဟာ အစ္စလာမ်မတိုင်ခင်ကရှိခဲ့ပြီး တစ်ဆူတည်းသော ဘုရားသခင်ဘက်ကနေ သွေဖည်သွားစေနိုင်တဲ့ ရုပ်ထုဆင်းတု၊ သဘာဝတရားမှာ တည်ရှိနေတဲ့အရာတွေအပေါ် ယုံကြည်ကိုးကွယ်မှုတွေလို လမ်းလွဲမှုတွေ ဖြစ်သွားနိုင်တဲ့ အလားအလာကြောင့် ဖြစ်ပါတယ်။

    ဒါ့ကြောင့် ဂျီသြမေတြီဟာ မွတ်စလင်ကမ္ဘာရဲ့ အဓိကအာရုံစိုက်ရာ အနုပညာနယ်ပယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မွတ်စလင်အနုပညာရှင်ကြီးတွေဟာ ဒီနယ်ပယ်မှာ သူတိုရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုကို ဇက်ကုန်လွှတ်ပေးခဲ့ပြီး ရလဒ်အနေနဲ့ Arabesque လို့ခေါ်တဲ့ ဂျီသြမေတြီ အနုပညာသစ်တစ်ခု ပေါ်ထွက်လာခဲ့ပါတော့တယ်။ Arabesque ဆိုတာ ဂျီသြမေတြီ အစိတ်အပိုင်းအများအပြားကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်လိမ်ယှက်ကာ ပေါင်းစပ်ဖန်တီးထားတဲ့ အနုပညာရပ်တစ်တစ်ခု ဖြစ်ပါတယ်။ ပုံသဏ္ဍာတစ်ခုဟာ အခြားတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်သလို၊ အခြား ပုံသဏ္ဍာန်တစ်ခုဟာလည်း မူလပုံသဏ္ဍာတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် တည်ရှိနေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ပုံသဏ္ဍာတစ်ခုချင်းစီကို ကြည့်ရင် ပြည့်စုံလှတဲ့ ဒီဇိုင်းတစ်ခုအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ နောက်ထပ် ဆန်းကျယ်တဲ့ဒီဇိုင်းတစ်ခု ဖြစ်လာပါတော့တယ်။ ဒီလို နှစ်ဖက်မြင် ဂျီသြမေတြီ ဒီဇိုင်းတွေကို များသောအားဖြင့် မျက်နှာကျက်တွေ၊ နံရံတွေ၊ ကော်ဇောတွေ၊ ပရိဘောဂပစ္စည်းတွေနဲ့ အထည်လိပ်တွေမှာ အသုံးပြုကြပါတယ်။

    ဒီ ဆန်းပြားတဲ့ အနုပညာနယ်ပယ်ရဲ့ ရှေအကျဆုံးလက်ရာတွေကိုတော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ တွေ့ရှိခဲ့တဲ့ “တော့ပ်ကာပီ ပရပိုက်” (Topkapi Scroll) မှာ တွေ့ရပါတယ်။ အဲဒီပုရပိုက်ထဲမှာ နံရံတွေနဲ့ အမိုးခုံးတွေမှာ အသုံးပြုနိုင်မယ့် ဂျီသြမေတြီ အနုပညာဒီဇိုင်းပေါင်း ၁၁၄ ခု ပါဝင်ပြီး သက္ကရာဇ် ၁၅ ရာစုနဲ့ ၁၆ ရာစုအတွင်း ပါးရှားပြည် (Persia) မှာ ကျော်ကြားခဲ့တဲ့ ထိပ်တန်း ဗိသုကာပညာရှင်တစ်ယောက်ရဲ့ လက်ရာ ဖြစ်ပါတယ်။ ဒီလက်ရာတွေဟာ ဂျီသြမေတြီ အနုပညာနယ်ပယ်မှာ အကောင်းအတိုင်းတွေ့ရတဲ့ လက်ရာတွေထဲက ရှေ့အကျဆုံးလည်း ဖြစ်ပါတယ်။ ဒီ “တော့ပ်ကာပီ ပရပိုက်” ကိုမတွေ့ခင်မှာ အစောဆုံးလို့ သတ်မှတ်ခဲ့တဲ့ အစ္စလာမ့် ဗိသုကာဆိုင်ရာ လက်ရာကတော့ ၁၆ ရာစု ဥဇဘက်ကစ္စတန်နိုင်ငံ ဘူခါရာမြို့က ပုရပိုက်အပိုင်းအစမှာပါဝင်တဲ့ လက်ရာပဲဖြစ်ပါတယ်။

    topkapi scroll
    Topkapi Scroll

    Arabesque အနုပညာလက်ရာတွေကို ပန်းနွယ်ယှက်ဖျာတဲ့ ပုံစံမျိုးနဲ့လည်း တွေ့မြင်နိုင်ပါတယ်။ ရိုးတံ၊ အရွက်၊ ပန်းပွင့်တွေ ဒါမှမဟုတ် ဂျီသြမေတြီ သွင်ပြင်တွေနဲ့ ပေါင်းစပ်ထားတဲ့ အဲဒီ အနုပညာလက်ရာ ဒီဇိုင်းတွေဟာ ဥရောပ အနုပညာရှင်တွေကို အံ့သြရှုမောစေခဲ့ပါတယ်။ ဥရောပရဲ့ Renaissance ကာလက အနုပညာလက်ရာတွေဖြစ်တဲ့ Baroque၊ Rococo၊ ခေတ်ပေါ်အနုပညာ (အထူးသဖြင့် Grotesque) နဲ့ Strap work စတဲ့ အနုပညာပုံစံတွေမှာ Arabesque လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။

    လီယိုနာဒို ဒါဗင်ချီ (Leonardo da Vinci) ဟာ Arabesque အနုပညာလက်ရာရဲ့ လှပသေသပ်မှုကို တွေ့မြင်ခဲ့ပြီးနောက်ပိုင်းမှာ ရှုပ်ထွေးနက်နဲပြီး မျက်စိပသာဒရှိတဲ့ ဒီဇိုင်းအသစ်တွေ ဖန်တီးဖို့အတွက် သူ့ရဲ့ အချိန်တော်တော်များများကို သုံးစွဲခဲ့ပါတယ်။ ကြိုးထုံးအခြေပြုပြီး နာမည်ကျော်တဲ့ knot ဒီဇိုင်း အနုပညာလက်ရာတွေကိုတော့ အင်္ဂလန် ဘုရင်တစ်ဦးဖြစ်သူ ဟင်နရီ ၈ (Kenry VIII) က ကြိုက်နှစ်သက်ခဲ့ပြီး သူ့ရဲ့ အပေါ်ရုံအင်္ကျီအနားကွပ်တွေနဲ့ နန်းတော်သုံး ခန်းဆီးလိုက်ကာတွေမှာ တွေ့ရှိရပါတယ်။ Renaissance ကာလ ဂျာမန်ထိပ်တန်း ပန်းချီပညာရှင် ဒူရာ (Durer)၊ ၁၆ ရာစု အီတလီ ပန်းချီအကျော်အမော် ရာဖေးလ် (Raphael) တို့ဟာ သူတို့ရဲ့ လက်ရာတွေမှာ ဂျီသြမေတြီဒီဇိုင်းတွေကို ထည့်သွင်းသုံးစွဲခဲ့သလို ၁၇ ရာစု ပြင်သစ် အနုပညာရှင် ဂျန် ဘယ်ရိန်း (Jean Berain) ရဲ့ လက်ရာတွေမှာလည်း ဒီ ဒီဇိုင်းတွေကို တွေ့ရပါတယ်။ ၁၆ ရာစုက အီတလီအနုပညာရှင်တွေကတော့ အာရပ်တွေ ဖော်ထုတ်ခဲ့တဲ့ ဂျီသြမေတြီအခြေပြု အနုပညာလက်ရာကို Arabeschi လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။

    ဂျီသြမေတြီအခြေပြု အနုပညာလက်ရာရဲ့ ဖမ်းစားခြင်းခံခဲ့ရတဲ့ ၂၀ ရာစု နာမည်ကျော် ပန်းချီပညာရှင်ကတော့ ဒက်ခ်ျလူမျို အမ် စီ အက်စ်ချာ (M.C. Easher) ဖြစ်ပါတယ်။  အက်စ်ချာဟာ ထူးခြားပြီး စွဲမက်ဖွယ်ကောင်းတဲ့ အနုပညာလက်ရာတွေကို ဖန်တီးခဲ့ပြီး သူ့ရဲ့ အဲဒီလက်ရာတွေထဲမှာ သင်္ချာဆိုင်ရာ အယူအဆတော်တော်များများကို တွေ့မြင်ရမှာပါ။ ဒီလို လက်ဖျားခါလောက်တဲ့ အနုပညာလက်ရာတွေကို ဖန်းတီးနိုင်တဲ့ အကြောင်းအရင်းက ၁၉၃၆ ခုနှစ်မှာ တစ်ချိန်က မွတ်စလင်တွေ အုပ်စိုးခဲ့တဲ့ စပိန်နိုင်ငံ ဂရာနာဒါမြို့က အလ်ဟမ်ဘရာဒေသ (Alhambra) ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ မွတ်စလင်တွေရဲ့ အမွေအနှစ်ဖြစ်တဲ့ ဂျီသြမေတြီအခြေပြု အနုပညာလက်ရာတွေကို သူဟာ ရက်ပေါင်းများစွာ ကူးဆွဲခဲ့ပြီး အဲဒီလက်ရာတွေက “မိမိနှစ်သက်ခဲ့ရတဲ့ အနုပညာလက်ရာတွေထဲမှာ ဉာဏ်ကွန့်မြူးဖို့ တွန်းအားအပေးဆုံး ရင်းမြစ်တွေဖြစ်တယ်” လို့ အက်စ်ချာက နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။

    ဥရောပက ဆက်ခံခဲ့တဲ့ မွတ်စလင်တွေရဲ့ အနုပညာအမွေအနှစ်တွေဟာာ Arabesque တစ်ခုတည်း မဟုတ်ပါဘူး။ ၁၄ ရာစု ဥရောပအနုပညာလောကမှာ အရေးပါးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မွတ်စလင်တွေဆီကနေ ဆီဆေးနဲ့ ပန်းချီဆွဲခြင်းအတတ်ပညာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အရင်တုန်းက ဥရောပသားတွေဟာ သစ်သားပြားတွေမှာ Tempera လို့ခေါ်တဲ့ ကြက်ဥအကာရောရတဲ့ ရေဆေးကို အသုံးပြုပြီး ပန်းချီရေးဆွဲရတာဖြစ်ပါတယ်။ အဲဒီ Tempera ကို ကြက်ဥ၊ ရေနဲ့ ပျားရည်တို့ ပေါင်းကာ ဖော်စပ်တာတာပါ။ နှမ်းကြက်ဆီကို အသုံးပြုတဲ့ ဆီဆေးကတော့ ဥရောပ ပန်းချီလောကကို သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေရှိခဲ့ပြီး ၁၅ ရာစုမှာ ဥရောပမြောက်ပိုင်းနဲ့ အီတလီတို့မှာ ပေါ်ထွန်းခဲ့တဲ့ Flemish နဲ့ Venetian အနုပညာလက်ရာ ပန်ချီကားတွေမှာ အရောင်းအသွေးစိုပြေမှုကို တစ်ခတ်ဆန်းစေခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ယူရိုပြိုင်ပွဲဝင်အသင်းများမှ ထိပ်တန်း မွတ်စလင် ဘောလုံးသမားများ

    ယူရိုပြိုင်ပွဲဝင်အသင်းများမှ ထိပ်တန်း မွတ်စလင် ဘောလုံးသမားများ

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    eu 0

    – ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကြီးဟာ လက်ရှိအချိန်မှာ ဆီးမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး မကြာမီမှာ ဥရောပရဲ့ အကောင်းအဆုံးအသင်းတစ်သင်း ပေါ်ထွက်လာတော့မှာပါ။

    ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပနိုင်ငံတိုင်းက သူတို့ရဲ့ အသင်းတွေကို အမြင့်ဆုံးမျှော်လင့်ချက်တွေ ထားခဲ့ကြပြီး၊ နိုင်ငံ့တာဝန်တစ်ခုကို ထမ်းဆောင်မယ့် ကစားသမားတွေကိုလည်း အဆုံးစွန်ဆုံး အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    အစ္စလာမ်ဘာသာဝင် ဘောလုံးသမား တော်တော်များများလည်း သူတို့ရဲ့ အမိနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံးပေးဆပ်ခဲ့ကြ၊ ပေးဆပ်နေကြပါတယ်။ အဲဒီအထဲကမှ ထိပ်တန်းမွတ်စလင် ကစားသမား ၁၀ ဦးကို M-Media ပရိတ်သတ်တွေ ဗဟုသုတ ရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

    ၁။ မီဆု အိုဇေးလ် (ဂျာမနီ)

    eu 1

    တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အိုဇေးလ်ဟာ တိုက်စစ်သားအားသန်တဲ့ အလယ်တန်းကစားသမား တစ်ဦးဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျာမနီကလပ် ၀ါဒဘရီမင်အသင်းမှာ ကစားနေတဲ့ အိုဇေးလ်ကို ရီးယဲလ်က ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအမြောက်အများသုံးကာ ခေါ်ယူခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဆ်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ မောင်းနှင်အားတစ်ခု ဖြစ်နေပါတယ်။

    ၂။ ဆာမိ ခီဒီရာ (ဂျာမနီ)

    eu 2

    ခီဒီရာဟာလည်း ဂျာမနီအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီတလီထိပ်သီး ဂျူ ဗင်တပ်စ်အသင်းမှာ ကစားနေပါတယ်။ သူ့ကို တူနီးရှားဖခင်နဲ့ ဂျာမနီမိခင်တို့က ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဂျာမနီမှာ စတုဂတ်၊ စပိန်မှာ ရီးယဲလ်မက်ဒရစ်တို့နဲ့ ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

    ၃။ အဒီလ် ရာမီ (ပြင်သစ်)

    eu 3

    အရပ် ၆ ပေ ၃ လက်မရှိပြီး သန်မာတောင့်တင်းတဲ့ ရာမီဟာ အိမ်ရှင်ပြင်သစ်ရဲ့ နောက်တန်းမှာ လော့ရင့် ကွန်စီယဲလ်နီနဲ့ တွဲကာ အမာခံ နောက်ခံလူတစ်ဦး ဖြစ်နေပါတယ်။ သူလက်ရှိ ကစားနေတဲ့ ကလပ်အသင်းကတော့ စပိန်ကလပ် ဆီးဗီးလားဖြစ်ပြီး ယူရိုပါဖိုင်နယ်မှာ လီဗာပူးလ်ကိုအနိုင်ယူကာ ဖလားကိုင်မြှောက်ထားနိုင်သူပါ။ မော်ရိုကိုနွယ်ဖွားဖြစ်တဲ့ ရာမီဟာ ဗလင်စီယာနဲ့ အေစီမီလန်တို့လို ဥရောပထိပ်သီးအသင်းတွေမှာ ကျင်လည်ခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    ၄။ မာရူနီ ဖယ်လိုင်နီ (ဘယ်လ်ဂျီယံ)

    eu 4

    လက်ရှိ မန်ယူမှာကစားနေတဲ့ ကွင်းလယ်လူဖယ်လိုင်နီဟာ သူ့ရဲ့ ဆံပင်ပုံစံကြောင့် ဘောလုံးပွဲကြေငြာသူတွေ အလွယ်တကူ သိနိုင်သူတစ်ဦး ဖြစ်ပါတယ် အရပ် ၆ ပေ ၄ လက်မှာရှိတဲ့ သူဟာ ခံစစ်နဲ့ တိုက်စစ် ၂ မျိုးစလုံးအတွက် အမြင့်ဘောကစားရာမှာ ကျွမ်းကျင်ပါတယ်။ ဘယ်လ်ဂျီယံထိပ်သီး Standard Liege မှာ ကစာသမားဘ၀ကို စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အဲဗာတန်အသင်းက သူ့ကို ခေါ်ယူခဲ့ပါတယ်။ ဒေဗစ်မိုယက်စ် မန်ယူနည်းပြ ဖြစ်လာပြီးနောက်ပိုင်း ဖယ်လိုင်နီဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာပါ။

    ၅။ ဇာဒန် ရှာကွီရီ (ဆွစ်ဇာလန်)

    eu 5

    အလ်ဘေးနီးယန်းမိဘတွေကနေ သူ့ကို ဂျီလန်မြို့မှာ ၁၉၉၁ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မိသားစုနဲ့အတူ ဆွစ်ဇာလန်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ကစားပေးထားတဲ့ ရှာကွီရီဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ ခြေထောက် ၂ ဖက်စလုံးကို အသုံးပြုနိုင်ပြီး ပြေးအားကောင်းသူတစ်ယောက်ဖြစ်ကာ ကွင်းလယ်မှာ နေရာစုံကစားနိုင်ပါတယ်။ ရှာကွီရီရဲ့ ကစားသမားဘ၀ဟာ ဘေဆယ်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဂျာမနီက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

    ၆။ ဂရာနစ် ဇာကာ (ဆွစ်ဇာလန်)

    eu 6

    ဇာကာကလည်း အယ်လ်ဘေးနီးယားနွယ်ဖွားတစ်ယောက်ဖြစ်ပြီး မိသားစုနယ်အတူ ငယ်ငယ်ကတည်းက ဆွစ်ဇာလန်ကို ပြောင်းရွှေ့လာသူပါ။ ကွင်းလယ်မှာ ပြေးပြေးလွှားလွှား ကစားနိုင်တဲ့ ဇာကာဟာ ဂိုးသွင်းခွင့် တော်တော်များများကိုလည်း ဖန်တီးပေးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းအစကိုသိတဲ့ အာဆင်ဝင်းဂါးဟာ မေလကပဲ ပေါင် ၃၅ သန်း ၀န်းကျင်လောက်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဇာကာရဲ့ အစ်ကိုဖြစ်တဲ့ တော့လန့်ဟာလည်း ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး သူမိဘတွေရဲ့ဇာတိ အယ်လ်ဘေးနီးယားမှာ ကစားနေသူဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ယူရို အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ဆွစ်ဇာလန်က အိမ်ရှင်ပြင်သစ်ကိုကျော်ကာ အုပ်စု ပထမနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

    ၇။ အာဒါ တူရန် (တူရကီ)

    ကွင်းလယ်ကစားသမား တူရန်ဟာ တူရကီကစားသမားတွေထဲကမှ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ကစားနေပါတယ်။ အသက် ၂၇ နှစ်သာရှိသေးပေမယ့် တူရန်ဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၉၀ လောက် ကစားပေးထားပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ အသင်းတွေထဲမှာ တူရကီကလပ် ဂါလာတာစာရေးအသင်းလည်း ပါဝင်ပြီး အသက် ၂၁ နှစ်လောက်နဲ့ အသင်းခေါင်းဆောင်ဖြစ်ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့လည်း တူရန်ဟာ ၂၀၁၄ ခုနှစ်မှာ လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ တူရကီအသင်းခေါင်းဆောင်အဖြစ် ယူရိုမှာ ပါဝင်ခဲ့ပါတယ်။

    ၈။ အမ်ရီ ကန် (ဂျာမနီ)

    eu 8

    နည်းပြ ယာဂန်ကလော့ပ်လက်ထက်မှာ အမ်ရီ ကန်ဟာ လီဗာပူးလ်မှာ ပုံမှန်နေရာရလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ကလပ်အသင်းမှာ ပြသနိုင်တဲ့စွမ်းရည်ကြောင့် ဂျာမနီလက်ရွေးစင်အသင်းမှာ ထိုက်ထိုက်တန်တန် နေရာရခဲ့သူပါ။ တူရကီနွယ်ဖွားဖြစ်တဲ့ ကန်ကို ဂျာမနီနိုင်ငံ ဖန့်ဖတ်မြို့မှာ မွေးဖွားခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဘိုင်ယန်၊ လေဗာကူဆင်လို ပြည်တွင်း ထိပ်သီးအသင်းတွေနဲ့ လက်တွဲခဲ့ရပါတယ်။ သူဟာ လျင်မြန်ဖြတ်လတ်မှုကြောင့် ကျော်ကြားပြီး ကွင်းလယ်တင်မက နောက်တန်းမှာပါ ကစားနိုင်သူတစ်ဦး ဖြစ်ပါတယ်။

    ၉။ မူဆာဒမ္ဘီလီ (ဘယ္လ္ဂ်ီယံ)

    မာလီ-ဘယ္လ္ဂ်ီယံ ကျပားတစ္ဦျဖစ္တဲ့ ဒမ္ဘီလီဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံက အသင်းငယ်တစ်သင်းနဲ့ ကစားသမားဘ၀ကို စတင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နယ်သာလန်က Willem II အသင်း၊ အဲဒီကတစ်ဆင့် အေဇက် အလ်ခမာအသင်း စသဖြင့် တစ်သင်းပြီးတစ်သင်း ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် စပါးက ၂၀၁၂ ခုနှစ်မှာ ခေါ်ယူခဲ့ပြီး အခုအချိန်မှာတော့ စပါးရဲ့ ပင်တိုင်ကစားသမား ဖြစ်လို့နေပါပြီ။

    ၁၀။ ပေါလ် ပေါ့ဘာ (ပြင်သစ်)

    eu 10

    တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး ယူ-၂၁ ကစာသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတစ်ဦးပါ။ ပေါ့ဘာဟာ အခု ယူရိုပြိုင်ပွဲမှာ အများက စောင့်ကြည့်ခံရတဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေ ၄ ကြိမ်ဆက်ချန်ပီယံဖြစ်မှုမှာ ပေါ့ဘာရဲ့ ကူညီပံ့ပိုးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အကောင်းဆုံး အချိန်ကိုရောက်ရှိနေတဲ့ ပေါ့ဘာကို အသင်းဟောင်း မန်ယူက ပြန်ခေါ်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပေါ့ဘာရဲ့ မိဘ ၂ ဦးစလုံးဟာ ဂီနီနွယ်ဖွားတွေဖြစ်ပြီး သူ့ရဲ့ ညီအကိုစ် ၂ ယောက်ဟာလည်း ပြင်သစ်နဲ့ စတော့တလန်တို့မှာ ဘောလုံးကစားနေကြပါတယ်။ ဘောလုံးဆွဲယူပြီးပြေးစဉ်မှာ ခြေထောက်လှုပ်ရှားမှုဟာ တော်တော်လေး လျင်မြန်တာကြောင့် သူ့ကို “ရေဘ၀ဲ” လို့လည်း ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။

    Ref: mvslim.com