News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော

    နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ ကြောင်း မြန်မာမွတ်စလင် အစည်းအရုံးပြော

    ဇွန်လ ၂၃ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှုများအပါအဝင် လက်တလော ဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ်လျဉ်းပြီး မြန်မာ မွတ်စလင် အစည်းအရုံး (B.M.A) က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။
     
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
     
    နိုင်ငံသားများ၏ လုံခြုံရေး အစိုးရမှာ တာဝန်ရှိ
    ———————————————–
    ဒီမိုကရေစီအစိုးရသစ်သည် ရက်(၁၀၀)အတွင်း လူသစ်၊ မူသစ်တို့ဖြင့် စစ်အစိုးရ လမ်းကြောင်းဟောင်းမှ စတင်ခွဲခွါ ပြောင်းလဲတော့မည်ဟု လူထုကို မျှော်လင့်ချက် ပေးခဲ့သည်။
    .
    ၁။ သို့သော် ရက်(၁၀၀)အတွင်း ၂၀၁၆ ဇွန်လ၂၃ ရက်နေ့ ဝေါမြို့နယ် သူရဲသမိန်ရွာတွင် မြန်မာမွတ်စလင်များနှင့် သူတို့၏ ဗလီနှင့် အိုးအိမ်များ တိုက်ခိုက် ဖျက်ဆီးခံရသည်။ (မွတ်စလင်များ၏ ဥပုသ်လမှာ တိုက်ခိုက်ခြင်း ဖြစ်သည်။)
    .
    ၂။ ရက်(၁၀၀)အတွင်း ယခုလကုန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရွာရှိ မြန်မာမွတ်စလင်များ၏ ဗလီတစ်လုံးကို ဖျက်သိမ်းရန် စီစဉ်လျှက်ရှိသည်။
    .
    ၃။ ရက်(၁၀၀)အတွင်း မြိုင်ကြီးငူဆရာတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့၏ နေရာများတွင် ဥပဒေမဲ့ ကျူးကျော်စေတီများတည်၍ ရန်စ စော်ကားမှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။
    .
    ၄။ ရက်(၁၀၀)အတွင်း မဘသသုံးနှစ်မြောက် ပြည်လုံးကျွတ် ညီလာခံကြီး ကျင်းပပြီး မွတ်စလင်များ၏ ဗလီများ၊ အိုးအိမ်များကို ဖျက်ဆီးပစ်ဖို့ သတ္တိရှိကြရန် မြန်မာတစ်ပြည်လုံးရှိ သံဃာများနှင့် ပြည်သူများကို အတိအလင်း လူသိရှင်ကြား သွေးထိုးလှုံ့ဆော်ခဲ့သည်။
    .
    (မဘသသည် မြန်မာပြည်တွင် သံဃာ့မဟာနာယကအဖွဲ့ တစ်ဖွဲ့မှလွဲ၍ မည်သည့်သံဃာ အဖွဲ့အစည်းမှ ဖွဲ့စည်းခွင့်မရှိဟူသော တည်ဆဲ သံဃာ့မဟာနာယက ဥပဒေကို ဆန့်ကျင်၍ ယခင် ဦးသိန်းစိန်အစိုးရက မိမိဥပဒေကို မိမိချိုးဖောက်ပြီး ဖွဲ့စည်းခွင့်ပေးထားခဲ့သော ဥပဒေပြင်ပက အဖွဲ့အစည်းဖြစ်သည်။ မဘသကို ဆက်ရှိခွင့်ပေးလျှင် သံဃာ့မဟာနာယက ဥပဒေကို ဖျက်သိမ်းရမည်ဖြစ်သည်။)
    .
    ၅။ ရက်(၁၀၀)အတွင်း သာသနာရေးဝန်ကြီး ဦးသူရအောင်ကိုက တိုင်းရင်းသား မြန်မာမွတ်စလင်များကို ဧည့်နိုင်ငံသား အဖြစ် ပြောဆို လိုက်သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသူအဖြစ် သမိုင်းတွင်သွားသည်။)
    .
    ၆။ ရက်(၁၀၀)အတွင်း မြန်မာမွတ်စလင် ခလေးငယ်များကို ရှက်ရွံ့အားငယ်စေရန်၊ ကျောင်းသားအချင်းချင်း ခွဲခြားမှုများ ဖြစ်စေရန် ကျောင်းမှတ်ပုံတင်လုပ်ရာတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြန်သည်။
    .
    ၇။ ရက်(၁၀၀)အတွင်း တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာ ကန့်ကွက်ခဲ့သည်။
    .
    ၈။ ရက်(၁၀၀)အတွင်း နေ့စဉ်ရက်ဆက် ဘာသာရေးအရ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ အစွန်းရောက် အခြေခံဝါဒီများ မြန်မာနိုင်ငံတွင် မရှိပါဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်က ဂျီနီဗာရှိ လူ့အခွင့်အရေး ညီလာခံမှာ ယခင်စစ်အစိုးရများကဲ့သို့ ဖုံးကွယ် တင်ပြခဲ့သည်။
    .
    ၉။ ရက်(၁၀၀)အတွင်း တည်ဆဲဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်စွာ ဥပဒေမဲ့အဖွဲ့အစည်း မဘသ၏ ဆောင်ပုဒ်အတိုင်း တပ်မတော်သည် အမျိုး ဘာသာ သာသနာကို ကာကွယ်မည်ဟု ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရထက် အာဏာပိုရှိသော ကာချုပ် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံး ပြောကြားသည့် ကာချုပ်အဖြစ် သမိုင်းတွင်သွားသည်။)
    .
    အထက်ပါ အချက်အလက်များအရ ဒီမိုကရေစီအစိုးရသစ်သည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးများ လစ်လျူရှုရာတွင် ယခင်စစ်အစိုးရများနှင့် ထပ်တူကျနေသည့်အပြင် ပိုဆိုးလာသည်များကိုလည်း ဝမ်းနည်းစွာဖြင့် ထင်ထင်ရှားရှား တွေ့ရသည်။
    .
    ဒီမိုကရေစီ အစိုးရသစ်သည် ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူကို မိမိကတိပေးခဲ့သော မူများ၊ ကတိများအတိုင်း ကြံ့ကြံ့ခံ ရပ်တည်၍ နိုင်ငံသားများ၏ အသက်အိုးအိမ် လုံခြုံရေးအတွက် ဥပဒေချိုးဖောက်သူများကို ဟန့်တားလောက်သော စံပြ ပြစ်ဒါဏ်များဖြင့် ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် ချမှတ်အရေးယူရန် အရေးတကြီး လိုအပ်နေသည်။
    .
    ထိုကဲ့သို့ ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးမယူပါက အကြမ်းဖက်သူများသည် ပိုမိုအတင့်ရဲလာပြီး နိုင်ငံအနှံ့ အလားတူ အကြမ်းဖက်မှုများ တိုးပွါးလာအောင် အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားလျှင်
    လက်ရှိ ဒီမိုကရေစီ အစိုးရတွင်သာ အပြည့်အဝ တာဝန်ရှိသွားမည်ဖြစ်ကြောင်း အထူးသတိပေး တိုက်တွန်းလိုက်သည်။
    .
    ရက်စွဲ ၂၀၁၆ ဇွန်လ ၂၄
    BMA BMA-2
  • ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    khatun 2
    ဒိုင်ဖာ ခါတွန်ဆိုသည့် မွတ်စလင်အမျိုးသမီးကြီးက ဆောက်လုပ်လှူဒါန်းသွားခဲ့သည့် ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့မှ Firdaws ဗလီဝတ်ကျောင်းတော်နှင့် မဒ်ရာဆာ စာသင်ကျောင်း

    ၃။ လက်ရှိပညာရေးကဏ္ဍ
    —————————–
    မည်သို့ပင်ဆိုစေ ဤရှေးရိုးစွဲအစဉ်အလာမှာ လက်ရှိပညာရေးကဏ္ဍတွင် ပြောင်းလဲလာပြီဖြစ်သည်။ အစ္စလာမ့်သမိုင်းကြောင်းရှိ အမျိုးသမီးတို့၏အခန်းကဏ္ဍကို ပြန်လည်နေရာပေးရန် အားထုတ်လာသည့် လုပ်ရပ်အချို့ ရှိလာပြီး ၎င်းတို့အနက် ဥပမာနှစ်ရပ်အား အောက်ပါကဲ့သို့ တင်ပြပါမည်။

    ၃(က)။ မုဟဒ္ဒိဆဟ်များ ဖော်ထုတ်ခြင်း စီမံချက်
    ———————————————-
    ဒေါက်တာ မုဟမ္မဒ် အကရမ် နဒ်ဝီသည် အစ္စလာမ့်သမိုင်းကြောင်းတစ်လျှောက် ဟဒီးဆ်(တမန်တော့်သြ၀ါဒတော်နှင့် ဓလေ့များ)ဆင့်ပြန်ခြင်း၌ ပါဝင်ခဲ့သူ အမျိုးသမီးထောင်ပေါင်းများစွာ၏ အတ္ထုပ္ပတ္ထိများကို ပြန်လည် ဖော်ထုတ်ရေး အတွက် ရေရှည်လုပ်ငန်းစဉ်ကြီးတစ်ရပ်အဖြစ် နှစ်အတန်ကြာအောင် ဦးစီးလုံးပန်းခဲ့သည်။ (Foot Note 1)

    ဟဒီးဆ်များကို လေ့လာပြီး ပြန်လည်ပို့ချခဲ့ကြသော မွတ်စ်လင်မ်အမျိုးသမီးတို့၏ ဘ၀မှတ်တမ်းအဘိဓာန်ကို သူရေးသားခဲ့သည်။ ၎င်းသည် အရဗီဘာသာဖြင့် အတွဲ ၄၀ အထိရှိကာ ၎င်းကို အနှစ်ချုပ်၍ သူကပင် ပြန်လည်ရေးသားတင်ပြခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်ကို ဘ၀နေနည်းစနစ်အဖြစ် နားလည်လာအောင် မဟာလမ်းညွှန်ချက်ဖြစ်သော တမန်တော်မြတ်၏သွန်သင်ချက်များအား ထိန်းသိမ်းမှု၌ အမျိုးသမီးတို့မှာ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သူက ဤအကျဉ်းချုပ်တင်ပြချက်ထဲမှာပင် သာဓကပြထား၏။ ၀တ်စားဆင်ယင်မှုနှင့် ပြုမူဆောင်ရွက်မှု အကန့်အသတ်များကြားမှ အမျိုးသမီးတို့သည် အထင်ကရ ဗလီဝတ်ကျောင်းတော်များ၊ မဒ်ရဆာများသို့သွား၍ တက်ရောက်သင်ယူခြင်းနှင့် သင်ကြားခြင်းများကိုလည်းကောင်း၊ အသိပညာအလို့ငှာ ခရီးပြင်းထွက်ခြင်းကိုလည်းကောင်း၊ ဟဒီးဆ်ဆင့်ပြန်ခြင်းနှင့် ဆန်းစစ်ခြင်းကိုလည်းကောင်း၊ ဓမ္မသတ်များပေးခြင်းကိုလည်းကောင်း အစရှိသဖြင့် မပြတ်ဆောင်ရွက်ခဲ့ကြသည်။ အထူးကျော်စောထင်ရှားလှသည့် အမျိုးသားပညာရှင်အချို့က သူတို့၏ ပညာပေးသူဆရာမများ၏ပညာရေးအပေါ် မှီခိုအားထားခြင်းနှင့် ချီးမွှမ်းခြင်းတို့အား တွေ့ရပေသည်။ လူ့အဖွဲ့အစည်းများတွင် အတိုင်းအတာတစ်ရပ်အထိ အမျိုးသမီးပညာရှင်များ၏ ပေါက်ရောက်မှုမှာ ခြွင်းချက်များ မဟုတ်ဘဲ စံပြုချက်ပင် ဖြစ်နေခဲ့သည်။

    အဆိုပါ အလ်မုဟဒ္ဒိဆဟ်ကျမ်းပါ အချက်အလက်များအပေါ် အကျယ်တ၀င့်လေ့လာဆင်ခြင်ခြင်းဖြင့် အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတို့၏အရေးပါမှုကိုလည်းကောင်း၊ ၎င်းတို့၏ အတိတ်အောင်မြင်မှုနှင့် အနာဂတ်အလားအလာများကိုလည်းကောင်း သိနားလည်စေမည်ဖြစ်၏။ ဒေါက်တာ နဒ်ဝီ ၏ စုဆောင်းကျမ်းက ထပ်တိုးလေ့လာရန်၊ ဆန်းစစ်သုံးသပ်ရန်၊ သုတေသနပြုရန်အတွက် အလွန်ပင် အထောက်အကူပြုလျက် ရှိပါသည်။ (Foot Note 2 )

    ၃(ခ)။ မွတ်စ်လင်မ် အမျိုးသမီး ဒီပနီစွယ်စုံကျမ်း
    ——————————————–
    အာအိရှဟ် အဗ်ဒုရ်ရဟ်မာန်း ဗျူလေးသည် သူမ၏ Islam: The Empowering of Women စာအုပ်ကို နောက်ဆက်တွဲတိုးချဲ့မှုအဖြစ် Muslim Women: A Biographical Dictionary မွတ်စ်လင်မ် အမျိုးသမီး ဒီပနီစွယ်စုံကျမ်းကို ရိုက်နှိပ်ထုတ်ဝေလိုက်၏။ ၎င်း၌ ဟိဂ်ျရီ ပထမရာစုနှစ်မှ ဟိဂ်ျရီ ၁၃ ရာစုအလယ်ပိုင်းလောက်အထိ အစ္စလာမ့်သမိုင်းတစ်လျှောက် မွတ်စ်လင်မ်အမျိုးသမီးများဆိုင်ရာတို့ကို အဘိဓာန်အသွင်ဖြင့် စုစည်းဖော်ပြထားသဖြင့် အချိန်အခါနှင့်အညီ အလွန်အားထားစရာကျမ်းကောင်းတစ်အုပ်ဖြစ်ပေသည်။ ၎င်း၌ ရာစုနှစ်
    ၁၄ ခုအတွင်းရှိ မွတ်စ်လင်မ်အမျိုးသမီးတို့သည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အစရှိသည့် ကဏ္ဍများတွင် အောင်မြင်ထွန်းပေါက်ခဲ့သလို မယားဝတ်နှင့် မိခင်ဝတ်များလည်း မလစ်ဟင်းခဲ့သည့်အကြောင်းတို့အား အနုစိပ်ထည့်သွင်းတင်ပြထား၏။ (Foot Note 3)

    အမျိုးသမီးပညာရှင်များဆိုင်ရာ အထောက်အထားအချို့အတွက် မကြာခဏ မေတ္တာရပ်ခံချက်များကြောင့် ထိုစာအုပ်ကို စတင်ရေးသားဖြစ်ကြောင်း စာရေးသူက ဆိုသည်။

    “အတ္ထုပ္ပတ္ထိ ကျမ်းကိုးကျမ်းကားအတွက် မွှေနှောက်လေ့လာလိုက်ချိန်မှာ – ပညာရှင်တွေကနေ အုပ်ချုပ်သူများအထိ ဘ၀နယ်ပယ်အားလုံးထဲ ဦးဆောင်ကိုယ်စားပြုနေတဲ့ အမျိုးသမီး ပမာဏကို အံ့သြခြင်းကြီးစွာ တွေ့ခဲ့ရပါတယ်။ ဒီအချက်က မွတ်စ်လင်မ်အမျိုးသမီးများနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန်တဲ့ ကိုးကားကျမ်းတစ်စောင် ပြုစုဖို့ ဆုံးဖြတ်စေခဲ့တာပါပဲ။ အစ္စလာမ်ထဲက အမျိုးသမီးတွေရဲ့ ခေတ်မီအမြင်တွေကို ချပြထားတဲ့အပြင်၊ အစ္စလာမ့်သမိုင်းဦးကနေ လက်ရှိခေတ်အထိ အမျိုးသမီးတွေရဲ့ ထူးခြားထိရောက်တဲ့ စွမ်းဆောင်မှုပုံရိပ်တစ်ရပ်ကို ရရှိစေပါလိမ့်မယ်”။

    “ဒီအဘိဓာန်က တမန်တော်ခေတ်ကနေ အကြမ်းအားဖြင့် (အစ္စလာမ် ၁၃ ရာစု) ခရစ် ၁၉ရာစုအလယ်ခေတ်အထိ ကာလအပိုင်းအခြားကို ခြုံလွှမ်းထားပါတယ်။ အကြောင်းအရာဖော်ပြချက်များအပေါ် စေ့စပ်သေချာစွာ ဆင်ခြင်ထောက်ရှုမယ်ဆိုရင် မွတ်စ်လင်မ်အမျိုးသမီးတွေကို အိမ်တွင်းပုန်း

    women
    အာဖဂန်နစ္စတန်၊ ဘာလ်ခါတွင် ရှိုင်းခ် ဗဟာအုဒ္ဒီးန် ဗီလာ၏တရားပွဲသို့ ကပ်လျက်အခန်းတစ်ခုမှ နာယူနေကြသည့် အမျိုးသမီးများ။

    ခိုင်းထားခြင်း အလျဉ်း မရှိခဲ့ကြောင်း တွေ့ကြရမှာပါ။ သူတို့ဟာ ကဏ္ဍအများအပြားမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ သီးသန့်ကိစ္စတစ်ခုခု ဆိုရုံမျှသာ မဟုတ်ပါဘူး။ ရှုပ်ထွေးပွေလီဆက်စပ်နေသမျှတွေထဲ ပါဝင်နေခဲ့ကြတာပါ။ သိကြတဲ့အတိုင်း အမျိုးသမီးတွေကတော့ အရာရာကို သိချင်လုပ်ချင်ပါဝင်ချင်ကြတာကိုး။ ဒါပေမယ့်လည်း ဒီအချက်က အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်သွားစေတတ်တာကို ဒီဖော်ပြချက်အကြောင်းရပ်တွေထဲမှာ တွေ့ကြရပါလိမ့်မယ်”။

    အဆိုပါဖော်ကျူးချက်များမှာ ကိုးကားမှီငြမ်းမှုများစွာဖြင့် ပြုစုထားခြင်းဖြစ်သည်။ အတ္ထုပ္ပတ္ထိစုစည်းချက် အများအပြားကို အိဗ်နု စအဒ်၏ Tabaqat ကျမ်းအတွဲ ၈ နှင့် အလ်စခါဝီ၏ ကိသာ့ဗွန် နိစာ့အ် ကဲ့သို့ ကျမ်းများရှိ အမျိုးသမီးများဆိုင်ရာ သီးသန့်ဖော်ပြမှုကဏ္ဍမှ ထုတ်နှုတ်မှီငြမ်းထားသည်။ ရံဖန်ရံခါ အခြားရင်းမြစ်များမှလည်း ကိုးကားသည်။ လေးစားဖွယ် ကျော်ကြားထင်ရှားသည့် ပညာရှင်စွာတို့က သူတို့၏ ဆရာအာစိရိယများကို ဖော်ပြရာဝယ် ၎င်းတို့အနက် အမျိုးသမီးအများအပြား ပါဝင်နေပါသည်။ အိဗ်နု ဟဂျားရ်သည် အမျိုးသမီး ၅၃ ဦးထံမှ လေ့လာသည် ။ စခါစီသည် အမျိုးသမီး ၆၈ ဦးထံမှ အိဂျာဇဟ် (ပြန်လည်ဖြန့်ချိရေးခွင့်ပြုချက်) ရရှိသည်။ ဆူယူသွီ၏လမ်းပြဆရာများ အနက် လေးပုံတစ်ပုံ (၃၃ ဦး)မှာ အမျိုးသမီးများဖြစ်ကြသည်။ လက်ရှိကာလတွင် မှီငြမ်းကိုးကားနိုင်သည့် အကောင်းဆုံးကျမ်းမှာ ‘Umar Rida Kahhala ၏ A’lam an-Nisa’ ဖြစ်၍ ထူးခြားထင်ရှားသည့် အမျိုးသမီးများနှင့်စပ်လျဉ်း၍ အတွဲ ငါးတွဲအထိပါရှိကာ အထူးပင် စုံလင်လှချေသည်။ (Foot Note 4)

    (ဆက်လက်ဖော်ပြပါမည်)

    1 – (ကြည့် – Oxford: Interface Publications, 2007 – hardcover and paperback)

    2 – (ကြည့် – Over the last few years Dr. Nadwi has, on several occasions and in different cities, given an introductory talk on the public authority and achievements of the women scholars of hadîth. One of those talks was given in New York. Carla Power, a London-based journalist attended that occasion, and has since reflected upon Akram Nadwi’s work in a magazine article published by the New York Times (25 February 2007): see A Secret History. A follow-up article, done after an interview with the author in Oxford, was published in the London Times, 14 April 2007. For another article, also after an interview with Akram Nadwi, this one in Arabic. Read also a PDF file (17 pp.) of Akram Nadwi’s introductory talk on the
    women scholars in Islam)

    3 – (ကြည့် – Aisha Abdurrahman Bewley, Muslim Women: A Biographical Dictionary, Ta-Ha Publishers, 2004.)

    4- (ကြည့် – Aisha Abdurrahman Bewley, Muslim Women: A Biographical Dictionary, Ta-Ha Publishers, 2004; introduction.)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • ချက်ခြင်းဖြေရှင်းရန် လိုအပ်သည့် နိုင်ငံအတွင်းမှ မေ့လျော့ခံ အိမ်တွင်းကလေးလုပ်သား ပြဿနာ

    ချက်ခြင်းဖြေရှင်းရန် လိုအပ်သည့် နိုင်ငံအတွင်းမှ မေ့လျော့ခံ အိမ်တွင်းကလေးလုပ်သား ပြဿနာ

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    child labour

    – လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများအသုံးပြုမှုအပေါ် ချက်ခြင်းအရေးယူမည်ဟု အစိုးရက ပြီးခဲ့သည့်တစ်ပတ်တွင် ကတိပြုခဲ့သည့် သတင်းမှာ သတင်းကောင်းတစ်ခုဖြစ်သည်။

    အသက် ၁၄ နှစ်အောက်ကလေးငယ်များအား စီးပွားရေးလုပ်ငန်းများတွင် အမြတ်ထုတ်အသုံးချနေမှုအပေါ် ထိုကဲ့သို့ အာရုံစိုက်လာခြင်းက ကြိုဆိုစရာကိစ္စတစ်ခုဖြစ်သော်လည်း နေအိမ်များတွင် ကလေးအလုပ်သမားများအား အသုံးပြုနေမှုမှာ ထင်ထင်ပေါ်ပေါ်မရှိဘဲ လှိုက်စားနေသည့် ပြဿနာတစ်ခု ဖြစ်လေသည်။

    မြန်မာနိုင်ငံတွင် အိမ်ပြင်ထွက်အလုပ်လုပ်ရသည့် အမျိုးသားများနှင့် အိမ်တွင်နေရသည့် အမျိုးသမီးများအကြား လှုမှုရေးဆိုင်ရာ စည်းခြားမှုကို နိစ္စဓူဝ မြင်နေကြရသကဲ့သို့ ကလေးအလုပ်သမားများအကြားတွင်လည်း ထိုစည်းခြားမှုမှာ သိသိသာသာ ရှိနေလေသည်။

    လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များနှင့် နိုင်ငံတစ်ဝှမ်း အခြားသော အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အလုပ်လုပ်ကိုင်နေကြရသော ယောင်္ကျာလေးများကို အလွယ်တကူ တွေ့နိုင်၊ မြင်နိုင်ကြသည်။

    သို့ရာတွင် နေအိမ်များ၌ အိမ်အကူအဖြစ် အလုပ်လုပ်နေကြရသည့် မိန်းကလေးငယ်များစွာမှာ အိမ်တွင်း၌ လုပ်ကိုင်ရသော ၎င်းတို့၏ အလုပ်သဘာဝကြောင့် ခေါင်းပုံဖြတ်ခံရမှု၊ အနိုင်ကျင့်ခံရမှု အခွင့်အလမ်း ပိုများနေသည်ဆိုသည့် ပြဿနာကိုမူ သိသင့်သလောက် မသိကြ။

    မြန်မာနိုင်ငံတွင် လူကုန်ကူးမှုအပေါ် အာရုံစိုက်မှုမှာ အတော်လေးမြင့်တက်လာခဲ့သည်။ မကြာသေးမီကပင် နိုင်ငံခြား အထူးသဖြင့် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ အနိုင်ကျင့်ခံရမှုများကို တားဆီးရေး ကြိုးပမ်းမှုအဖြစ် ဥပေဒေကြောင်းအရ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ရလဒ်မှာ အကောင်းအဆိုး ၂ မျိုးစလုံး ရှိခဲ့သည်။

    သို့သော်လည်း အရေးတယူဆောင်ရွက်ခြင်းမခံရဘဲ၊ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံအတွင်းရှိ အိမ်အကူအမျိုးသမီးငယ်များ အနိုင်ကျင့်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းပြဿနာအပေါ် ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်၊ ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။

    မြန်မာနိုင်အတွင်းရှိနေသည့် ကလေးအိမ်အကူလုပ်သားအရေအတွက်နှင့် ပတ်သက်သည့် တိကျသော ကိန်းဂဏန်း မှတ်တမ်းများမရှိ။ သို့သော်လည်း အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေး ၅ ဦးတွင် ၁ ဦးမှာ ကျောင်းမတက်ရဘဲ အလုပ်လုပ်နေရသည်ဟု သန်ခေါင်စာရင်းကောက်ယူမှုမှ အလုပ်အကိုင်နှင့် ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရလေသည်။

    မိန်းကလေးငယ်များအား အိမ်အကူအဖြစ် အသုံးပြုမှုကို နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရယုံသာမက၊ အများစုကလည်း ထိုအခြေအနေကို လက်ခံထားကြသည်။ အချို့သောအခြေအနေများတွင် ဆင်းရဲနွမ်းပါးသည့် အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသော ကလေးများကို နေရာထိုင်ခင်းနှင့် အလုပ်အကိုင်ပေးသည့် ထိုအခြေအနေမျိုးကို လူမှုဖူလုံရေး ပုံစံတစ်ခုအဖြစ်ပင် မှတ်ယူကြသည်။

    ထိုကဲ့သို အိမ်အကူအဖြစ် ခိုင်းစေကြသူ အိမ်ရှင်အချို့မှာ ရည်ရွယ်ချက်ကောင်းများ ရှိသည်ဆိုသော်လည်း အနိုင်ကျင့်ခံရနိုင်ခြေ ရှိသည်ဆိုသည့် အခြေအနေကိုတော့ ငြင်း၍ မရ။ အိမ်အကူ မိန်းကလေးငယ်များအား အလွန်အမင်း ခိုင်းစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ပြဿနာများကိုလည်း မကြာခဏ တွေ့မြင်နေရသည်။ ထိုကဲ့သို့ အနိုင်ကျင့်မှု တော်တော်များများမှာ တိုင်ကြားမှုမရှိ၊ အရေးမှုမရှိ ဆိုသည်ကိုလည်း သိရှိရသည်။

    အစိုးရကတော့ အသက် ၁၄ နှစ်အောက် ကလေးငယ်များအား အလုပ်မခိုင်းရန်နှင့် မလိုက်နာပါက ဒဏ်ငွေ သိန်း ၅၀ မှ၊ သိန်း ၁၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု စီးပွားရေးလုပ်ငန်းရှင်များအား ပြီးခဲ့သည့်တစ်ပတ်တွင် သတိပေးခဲ့သည်။ ဟော်တယ်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ အလတ်စားနှင့် အငယ်စား စက်ရုံပိုင်ရှင်များ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အလယ်အလတ်အဆင့် အိမ်ရှင်မများအား ရှင်းပြပြောဆိုရန်နှင့် အိမ်အကူများအပေါ် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းများကို ရှောင်ရှားရေး သတိပေးရန်မှာလည်း အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။

    စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရည်ရွယ်ပြဌာန်းထားသော ဥပေဒများတွင် မီးဖိုဆောင်အပါအ၀င် အန္တရာယ်ရှိသော နေရာများတွင် ကလေးငယ်များအား အလုပ်လုပ်ကိုင်စေခြင်းမှ တားဆီးရေး သတ်မှတ်ချက်လည်း ပါဝင်သည်။ သို့သော်လည်း ချက်ခြင်းပြုတ်ခြင်းက အိမ်အကူများ၏ အလုပ်တာဝန်များတွင် ပုံမှန်ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

    လက်တွေ့လိုက်နာကျင့်သုံးမှု နည်းပါးသော်လည်း ထိုဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ ကလေးငယ်များအား တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်ခိုင်းစေခြင်းကို တားမြစ်ထားသည်။ သို့ဆိုလျှင် အိမ်အကူ အမျိုးသမီးငယ်အများအပေါ် ထိုကဲ့သို့ အချိန်ပိုင်းအလုပ် စီစဉ်ပေးသူ၊ သို့မဟုတ် ခွင့်ပြုသူ အိမ်ရှင်မည်မျှ ရှိသနည်းဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။

    လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ အသက် ၁၆ နှစ် သို့မဟုတ် ၁၈ နှစ်အောက် ကလေးများအား အလုပ်ခိုင်းစေမှုကို ချက်ခြင်းလက်ငင်း အရေးယူခြင်းမှာ လက်တွေ့မကျဆိုသည်က အမှန်တရားတစ်ခုဖြစ်ပြီး လူငယ်တော်တော်များများနှင့် ၎င်းတို့၏မိသာစုများ ၀င်ငွေပြတ်လပ်မှုအထိ ဦးတည်သွားနိုင်လေသည်။

    သို့သော်လည်း ထိုအချက်က ကလေးငယ်များအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို ဖာထေးရန် ဆင်ခြေတစ်ခု ဖြစ်၍မရ။ ကလေးငယ်များ အလုပ်လုပ်နေရမှုအခြေအနေကို အဆုံးသတ်ရန် လိုအပ်သည့် ကြိုးပမ်းအားထုတ်မှုတိုင်းကို တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်ရမည်ဖြစ်သည်။

    ကလေးများ အလုပ်ခန့်ထားမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားရာတွင် အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံနှင့် အထွေထွေအလုပ်သမားရေးရာ ဥပဒေများ လေ့လာဆန်းစစ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်က ဥပဒေရေးရာ တာဝန်ဝတ္တရာများကို အဓိကထား ပြောကြားခဲ့သည်။

    “နိုင်ငံတကာသဘောတူညီချက်တွေအရ၊ အသက် ၁၈ နှစ်အောက်ဆိုရင် ကလေးလို့ပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်က ကျွန်တော်တို့နိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံနဲ့ အဆင်မပြေဘူးလေ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို အလုပ်မခိုင်းဘူးဆိုရင် သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပြီး သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀င်ငွေရဖို့ ခက်ခဲမှာပါ” ဟု ညွှန်ကြားရေးမှူးကဆိုသည်။

    သို့သော်လည်း ကလေးများအား ကျောင်းမထားဘဲ ကျွမ်းကျင်မှုမရှိသည့် အလုပ်များတွင် ခိုင်းစေခြင်းက ရေရှည်တွင် မိသားစု၏ ဆင်းရဲတွင်းကို ပို၍ နက်သထက် နက်လာစေမည်ဖြစ်သည်။ မိန်းကလေးငယ်များကို အိမ်အကူလုပ်ငန်းတွင်သာ ဘ၀တစ်သက်တာလုံး ထည့်သွင်းနှစ်မြှုပ်ထားခြင်းက နိုင်ငံအတွင်း ရှင်သန်ကြီးထွားရန် လိုအပ်နေသည့် ကျား၊ မ တန်းတူညီမျှရေးအတွက် တိုင်းပြည်ရှိ အခွင့်အလမ်းများကို ဓားမြတိုက်ယူလိုက်ခြင်းဖြစ်သည်။

    တိုင်းရင်းသားရေးရာ တန်းတူညီမျှမှုကို ဆောင်ရွက်သည့်အခါမျိုးတွင် အိမ်တွင်း ကလေးလုပ်သားပြဿနာကိုလည်း အရေးပါသည့် ကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။ မည်သည့်တိုင်းရင်းသားလူမျိုး အသိုင်းအ၀ိုင်းတွင်မဆို ကလေးငယ်များအနေဖြင့် ၎င်းတို့အတွက် ကုန်ကျစားရိတ်ကို ပြန်လည်ရှာဖွေပေးရမည်ဆိုသည့် သဘောထားမျိုး အချို့မိသားစုများတွင် ရှိနေသည်မှာ ၀မ်းနည်းစရာကောင်းသည့် ကိစ္စဖြစ်သည်။

    သို့သော်လည်း အချို့သော အသိုင်းအ၀ိုင်းများတွင် ပိုကောင်းသည့်ဘ၀တစ်ခုကို အလိုအလျောက်ရရှိနိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်များဖြင့် ကလေးများအား မြို့ကြီးများတွင် အလုပ်လုပ်ရန် စေလွှတ်မှုများမှာလည်း တွင်ကျယ်သည့်ကိစ္စ ဖြစ်နေပြီး ထိုပြဿနာမှာလည်း ဖြေရှင်းရမည့်ပြဿနာ ဖြစ်သည်။

    ကျေးလက်ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ခံစားရခြင်းကြောင့် မြို့သို့လွှတ်၍ အလုပ်ခိုင်းခြင်းကို နားလည်ပေး၍ရသည်။ အချို့သော မိသားစုများက ၎င်းတို့ထံတွင် အလုပ်လုပ်နေသည့် ကလေးများအား ကျောင်းတက်ရန် ခွင့်ပြုသည်။

    သို့သော်လည်း ကလေးငယ်များအား ၎င်းကျင်လည်ရာအသိုင်းအ၀ိုင်း၊ တတ်ကျွမ်းရာဘာသာစကားနှင့် ဝေးရာသို့ပို့ခြင်း၊ ကျောင်းမထားခြင်း၊ အမြတ်ထုတ်ခံရနိုင်ဖွယ်ရှိသည့် အခြေအနေများသို့ ပို့ဆောင်ခြင်း စသည်တို့ကြောင့် ရေရှည်တွင်ဖြစ်လာမည့် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများကိုမူ တိုင်းပြည်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အနာဂတ်တို့အား ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အမှန်တစ်ကယ် စိတ်ဆန္ဒရှိသူများအနေဖြင့် ချက်ခြင်းဆောင်ရွက်ရမည့် အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။

    အချုပ်ဆိုရလျှင် မည်သည့်တိုင်းရင်းသားမျိုးနွယ်မဆို၊ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကလေးငယ်တိုင်းမှာ အထက်တွင်ဖော်ပြထားသည့် အခြေအအနေမျိုးတွင် ထိခိုက်ခံစားနေရသည်ကို မိမိတို့က သတိတရ ရှိရမည်ဖြစ်သည်။

    စီးပွားရေးလုပ်ငန်းများတွင် ကလေးငယ်များ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရမှုများကို ဖြေရှင်းရန် အစိုးရက ဆောင်ရွက်နေသည်ကို မြင်ရခြင်းမှာ အပြုသဘောဆောင်သည့် အခြေအနေဖြစ်သည်။ သို့ရာတွင် နေအိမ်များအတွင်း ဖြစ်နေသည့် ကလေးငယ်များအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှာလည်း မေ့လျော့ထား၍မရသည့် ကိစ္စပင် ဖြစ်ပေတော့သည်။

    Ref: mmtimes

    (Myanmar Times တွင် ဖော်ပြထားသည့် The fight against child labour begin at home ဆောင်းပါးအား လေးမောင်မှ
    ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • သူရဲသမိန် သို့မဟုတ် နိဂုံးချုပ်သင့်နေပြီဖြစ်တဲ့ ဘာသာရေး ပဋိပက္ခ

    သူရဲသမိန် သို့မဟုတ် နိဂုံးချုပ်သင့်နေပြီဖြစ်တဲ့ ဘာသာရေး ပဋိပက္ခ

    မကြာခင်ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သူရဲသူမိန် ကျေးရွာက အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး  ကိုယ်တိုင် သတင်းသွားယူခဲ့သူ သတင်းထောက်တဦးရဲ့ သုံးသပ်ရေးသားချက်ပါ။  အမ်မီဒီယာ စာဖတ် ပရိတ်သတ်များ ဆင်ခြင်သုံးသပ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။

    13495084_142416532846219_1696156508156562036_n

    စိုးဇေယျာထွန်း ရေးသည်။
    .

    သရဲသမိန် ဆိုပြီး နာမည်ကြားလိုက်တော့… ဒီရွာနာမည်ကလဲ ဘာလို့များ သရဲနာမည် ပေးထားတာလဲလို့ ထင်လိုက်တာ… နောက်တော့ ဘယ်ဟုတ်မှာလဲ… ရာဇဝင်ထဲက သူရဲကောင်း သူမိန်ဗရမ်းနာမည်ကို အစွဲပြုပြီး သူရဲသမိန် လို့ နာမည်ပေးထားတာတဲ့လေ…
    .
    ရွာက ပဲခူးတိုင်း ဝေါမြို့နယ်ထဲမှာရှိတာ… ကုန်လမ်း မပေါက်ဘူး…. စစ်တောင်းတံတား ဟောင်းကနေ နှစ်နာရီလောက် အထက်ကို လှေနဲ့ ဆန်တက်ပြီး သွားလို့ရသလို… မွန်ပြည်နယ် ကွမ်းဆိပ် ရွာအထိ ကားနဲ့ သွားပြီး ဟိုဘက်ကမ်းကို လှေနဲ့ ကူးသွားလို့လည်းရပါတယ်…
    .
    ရွာကတော့ ရွာကြီးပါ… တိုက်နယ် ရဲစခန်း ဆေးရုံ ဈေးရှိပါတယ်… အိမ်ခြေ နှစ်ထောင်ကျော် ရှိပြီး… မွတ်စလင်အိမ်ခြေကတော့ သုံးဆယ့်ငါးအိမ်လောက် ရှိတယ်လို့ ဆိုပါတယ်….
    .
    မြန်မာပြည် တစ်နှံ့တစ်လျှားမှာ ဘာသာရေး ပဋိပက္ခတွေ အားကောင်းတဲ့ 2012 ကနေ 2014 ကာလတွေထိတောင် ဒီရွာမှာ မွတ်စလင်နဲ့ ဗုဒ္ဒဘာသာက အန္တရာယ် ကင်းကင်းနဲ့ နေလာကြတာပါ… ဒါပေမယ့် အစိုးရ အသစ်လက်ရဲ့ ပထဆုံး ဘာသာရေး အဓိကရုန်းက ဒီရွာမှာ စဖြစ်သွားပါတယ်…
    .
    ပြသနာရဲ့အစ
    ————–
    ရွာထဲမှာ ကိုရာရှစ်ဆိုတဲ့လူက ဗလီနဲ့ မလှမ်းမကမ်းက မြေတစ်ကွက်ကို သိန်းသုံးဆယ်နဲ့ ဝယ်လိုက်တယ်လို့ဆိုပါတယ်… သူက ကမ်းနားမှာ အိမ်ဆောက်ပစ္စည်းဆိုင် ဖွင့်ထားတာပါ…. သူ့ပစ္စည်းတွေ ထားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူဝယ်ထားတဲ့ မြေနေရာမှာ အဆောက်အုံတစ်ခုကို စဆောက်ပါတယ်….
    .
    မွတ်စလင်တွေဘက်က ပြောတာကတော့ ရာရှစ်က ဂိုထောင်ဆောက်တာပါ ဘာသာရေး စာသင်ကျောင်း မဟုတ်ဘူးလို့ အခိုင်မာငြင်းပါတယ်…
    .
    ဒါပေမယ့် ရွာသားတစ်ချို့ကတော့ ဂိုထောင်ဆောက်တယ်လို့ မယုံကြည်ပါဘူး…. ဘာသာရေး စာသင်ကျောင်းဆောက်တယ်လို့ ယုံကြည်ပါတယ်… အဲဒီမှာ ရွာသားတစ်ချို့က ဓာတ်ပုံရိုက် ဖေ့ဘုတ်ပေါ်တင် တိုင်တန်း တန်းတာတွေ လုပ်ပါတယ်…
    .
    အဲဒီတော့ အထက်က လာရောက်စီစစ်ပြီး အဆောက်အအုံဆောက်လုပ်တာကို ခေတ္တရပ်ထားဖို့နဲ့ ဘယ်လို ဆောက်မယ်ဆိုဆိုတာ…. တိတိကျကျ ပြန်တင်ဖို့ ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်…
    .
    အဲဒီတော့ ရာရှစ်ရဲ့ အဆောက်အုံက တန်းလန်းနဲ့ ရပ်ထားရတာပါ… အဲဒါကို မကျေနပ်တော့… ရွာထဲမှာ လူမျိုးနဲ့ ချီပြီး ဆဲတယ်လို့….. အိမ်နီးနားချင်းတွေကပြောပါတယ်….

    လူမျိုးနဲ့ ချီပြီးဆဲတယ်ဆိုတဲ့ သတင်းထွက်လာတော့ ထုံးစံအတိုင်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရာရှစ်အိမ်ကို ဝိုင်းကြတော့တာပဲ… အဲဒီကနေ တစ်ဆင့် ရာရှစ်ကို ရိုက် အိမ်ကိုဖျက် ဗလီကိုဖျက် ဆောက်လက်စ အဆောက်အဦကိုဖျက် သုသန်က နံရံတစ်ချို့ကိုဖျက်… ဒီလို အခြေနေ ရောက်သွားတာပါ….

    ဒီအခြေနေဟာ… လူမသေဘဲ အေးအေးလေး ခပ်အေးအေးလေး ပြီးသွားတယ်ဆိုပေမယ့်… တက်သစ်စ အစိုးရအတွက်တော့ အရှိုက်ကို အထိုးခံလိုက်ရတဲ့ ခပ်ပြင်းပြင်း လက်သီး တစ်ချက်ပါပဲ….

    ဒီလို ပဋိပက္ခမျိုးတွေကိုတော့…. အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေလို့ နိုင်ငံရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်…..

    မကြာသေးခင် နှစ်များကစပြီး နိုင်ငံတကာရဲ့ ပဋိပက္ခများရဲ့ အကြောင်းတရား ဆိုင်ရာ subject-matter ဟာ ပုံစံပြောင်းလာခဲ့ပါတယ်…. အရင်က ပဋိပက္ခတော်တော်များများဟာ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံချင်း ဖြစ်ကြတဲ့ ပြသနာတွေဖြစ်ပြီး အဲဒါကို inter-state လို့ခေါ်ပါတယ်….

    ကမ္ဘာကုလ အဖွဲ့စည်းနိုင်ငံချင်းနဲ့အတူ ပြသနာတွေကို စစ်ပွဲတွေထက် စားပွဲဝိုင်းပေါ် စေ့စပ် ဆွေးနွေးညှိနိုင်း အလေ့ထဆီကို ဦးတည်သွားပြီး နိုင်ငံချင်း ဖြစ်တဲ့ ပြသနာတွေ လျှော့နည်းသွားပါတယ်… ဒါပေမယ့် intra-state လို့ခေါ် တိုင်းပြည်တစ်ခုထဲမှာ ရှိတဲ့ အုပ်စုဖွဲ့ လူမျိုးစုတွေကြားမှာ ဖြစ်တဲ့ ပြသနာတွေက ပိုတိုးလာပါတယ်…

    1989 ကနေ 1996 ခုနှစ်ထိ ကမ္ဘာပေါ်ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပြသနာပေါင်း ၁၀၁ ခုမှာ ၉၆ ခုက ပြည်တွင်းပြသနာတွေဖြစ်တယ်လို့ဆိုပါတယ်….

    ကျွန်တော်တို့နိုင်ငံက ဘာသာရေး ပြသနာကတော့ လက်နက်ကိုင် ပဋိပက္ခအဆင့်ထိ မရောက်သေးပေမယ့်…. လေးနှစ်ကျော်လာပြီဖြစ်တဲ့ အတွက် အမြစ်တွယ်စပြုတဲ့ အဆင့်မှာ ရောက်နေပါပြီ….

    ဒီလို အမြစ်တွယ်စ ပြုနေတဲ့ လူမျိုးရေး မကျေနပ်ချက်တွေ… နိုင်ငံရေးအရ မကျေနပ်ချက်တွေနဲ့ မုန်းတီးမှုတွေဟာ နောက်ဆုံးမှာ လက်နက်ကိုင် ပဋိပက္ခဆီကို အရောက်တွန်းပို့ပြီး….. တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း မြောက်များစွာနဲ့ ကျွန်တော်တို့ နိုင်ငံက မအေးချမ်းနိုင်သေးတာ အားလုံး အမြင်ပဲဖြစ်ပါတယ်….

    နဂိုကတည်းကမှာ တိုင်းပြည်ထဲမှာ နိုင်ငံရေး ပြသနာတွေကြောင့် တိုင်းရင်သား လက်နက်ကိုင် မြောက်များစွာ ရှိကြတဲ့အထဲမှာ… ဘာသာရေး ပဋိပက္ခက ဆက်အမြစ်တွယ်နေဦးမယ်ဆိုရင်တော့….. ကျွန်တော်တို့ တိုင်းပြည်အတွက် ရေရှည်မှာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး…

    နောက်တစ်ခုကတော့…
    ထစ်ကနဲရှိ အကြမ်းဖက်တဲ့ အကျင့်ကို မလုပ်ဖို့…

    ဘာဖြစ်လို့လဲဆိုတော့… ဆယ်တန်းအောင်စာရင်းကြည့်တာတောင် ဆယ့်ငါးမိနစ်လောက်ကို မအောင့်နိုင်လို့ လူစုလူဝေးနဲ့ ကျောင်းတံခါးကြီးကို ရိုက်ဖျက်လိုက်ကြတာ…. ဒါက သိပ်ရုပ်ဆိုးပါတယ်….. ဒါတောင် ရန်ကုန်မြို့မှာဖြစ်သွားတာပါ….

    အဲလိုလူစုစုရှိရင် ဖျက်ကြမယ် အကြမ်းဖက်မယ်ဆိုတဲ့ အကျင့်တွေဟာ ဘာသာရေးနဲ့ ပတ်သက်လာတော့ သူများ အိုးအိမ် အဆောက်အုံတွေ သူများ ဘာသာရေး အဆောက်အုံတွေကို ဖျက်ကြတော့တာပဲ….

    ဒါဟာ ရိုင်းပြတဲ့အပြုမှု ယဉ်ကျေးတဲ့ လူ့အဖွဲ့စည်း အသိုင်းဝိုင်းမှာ လက်မခံနိုင်တဲ့ အကြောင်းဖြစ်တဲ့ အပြင် ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ဟောပြောတာတွေ စည်းရုံးတာတွေ လုပ်သင့်ပါပြီ…. ကျူးလွန်တဲ့လူတွေကိုလည်း ထိထိရောက်ရောက် ဖမ်းဆီး အရေးယူတာမျိုးတွေ လုပ်သင့်ပါပြီ….

    နောက်တစ်ခုက ကောလဟာလပါ… ကောလဟာလက သိပ်ကြောက်ဖို့ ကောင်းပါတယ်…

    ဥပမာ

    ဂျပန် အိုကီနာဝါမှာ အခြေစိုက်နေတဲ့ အမေရိကန် ရေတပ်သား သုံးယောက်ဟာ အသက် ဆယ့်နှစ်နှစ်ရွယ် ဂျပန်မလေး တစ်ယောက်ကို မဒိန်းကျင့်တဲ့ ဖြစ်စဉ်က 1995 ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်…..

    သူတို့ကို ချုပ်နှောင်ပြီး ရုံးမထုတ်ခင်ကာလာမှာ ဂျပန်မှာ ကောလဟလာ ဘယ်လို့ပျံ့ခဲ့သလဲဆိုတော့… အမေရိကန် စစ်သားသုံးယောက်ကတော့ လွတ်သွားပြီ… ရောမမှာ ဟန်ဘာဂါ ထိုင်စားနေတာတောင် မြင်ခဲ့တယ်ဆိုတဲ့ သတင်းတွေက ပျံ့နှံ့သွားခဲ့ပါတယ်…

    ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့တဲ့ 2012 ဖြစ်စဉ်ကလည်း ထပ်တူပါပဲ…. မဒိန်းကျင့်တယ်လို့ စွတ်စွဲခံရသူတွေဟာ လွတ်သွားပါပြီဆိုတဲ့ ကောလဟာလဟာ ရခိုင်ဒေသတွင်းမှာ တွင်တွင်ကျယ်ကျယ် ပျံ့နှံ့သွားခဲ့ပါတယ်… အဲဒီရဲ့ နောက်ဆက်တွဲကတော့… ဘာသာရေး ခေါင်းဆောင် ဆယ်ယောက်ကို လူစုလူဝေးနဲ့ သတ်ပြီး ဘာသာရေး အဓိကရုန်းက တစ်နိုင်ငံလုံးကို ပျံသွားခဲ့တာပါ….

    ကျွန်တော်ကတော့… 2012 ရခိုင်ဖြစ်စဉ်ကစလို့ အခု နောက်ဆုံး သူရဲသမိန် အထိ… ဖြစ်စဉ်အားလုံးကို ကိုယ်တိုင် သတင်းယူခဲ့တဲ့သူပါ…. အဲဒီဖြစ်စဉ်တွေအားလုံးကို ကောက်ချက်ဆွဲကြည့်ရင် တူညီတာလေးတွေ သွားတွေ့ရပါတယ်…

    ကောလဟက နှစ်ဖက်စလုံးမှာ ပျံ့နေပါတယ်….
    အဲဒါကို နှစ်ဖက်စလုံးက ယုံကြည်ကြတယ်….

    အရင်အစိုးရလက်ထက်က တစ်ခုခု ဖြစ်ခဲ့ရင် သတင်းအမှန်ကို ထုတ်ပြန်ဖို့ရာ ဝန်လေးနေပါတယ်…. သတင်းမီဒီယာတွေက သမ္မတရုံးကို လှမ်းမေးပြီး ရေးထားတဲ့ သတင်းကိုပဲ ပြည်သူတွေက ဖတ်ကြရတာပါ…

    တကယ်ဆိုရင် ဖြစ်သင့်တာက တစ်ခုခု ဖြစ်လာရင် ဖြစ်ရပ်မှန်ကို ပြည်ထဲရေးဝန်ကြီး ပြန်ကြားဝန်ကြီး နယ်လုံဝန်ကြီးတွေက မြေပြင်သတင်းကို ချက်ချင်းယူပြီး နာရီပိုင်းအတွင်း မြန်နိုင်သမျှ အမြန်ဆုံး ပြည်သူလူကိုကို သူတို့ကိုယ်တိုင် ရှင်းလင်းပြောကြားသင့်ပါတယ်….

    အရင်အစိုးရလက်ထက်က လူစုလူဝေး အကြမ်းဖက်မှုတွေအပေါ် ကိုင်တွယ်တဲ့နေရာမှာ…. လိုအပ်တဲ့ လုံခြုံရေး အင်အားကို လိုအပ်သလောက် မသုံးနိုင်ခဲ့ပါဘူး…

    ဥပမာ မိတ္ထီလာလိုဖြစ်စဉ်မျိုးမှာ….
    ဦးရဲမြင့်ကတော့ ပြောပါတယ် အခြေနေကတော့ အန်ဒါကွန်ထရိုးပါတဲ့….

    သူကသာ အန်ဒါကွန်ထရိုး ပြောနေတာ…. ခရိုင်ရုံးပေါ်မှာ သူကိုယ်တိုင်ရှိနေချိန်မှာတောင်…. ဓား ဒုတ်ကိုင်ထားတဲ့ လူတစ်စုဟာ ခရိုင်းရုံးအရှေ့မှာ ကောင်းကောင်း လမ်းသလားနေပါသေးတယ်…. ဒါတောင် တတိယ မြောက်နေ့ဖြစ်သွားပါပြီ….

    တကယ်ထိန်းမနိုင်သေးတဲ့ အခြေနေကို ထိန်းနိုင်ပါတယ်လို့ ပြောပြီး ရှိတဲ့ ရဲအင်အားလေးနဲ့ လုပ်နေတော့… အိမ်တွေက ဟိုနားမီးထပ်လောင် ဒီနားထပ်လောင်နဲ့ နောက်ဆုံးတော့ မိတ္ထီလာ မြို့တစ်ဝက်လောက် မီးထဲပါသွားတော့တာပဲ…. နောက်နေ့ကြမှ စစ်ကားတွေ အတန်းလိုက် ရောက်လာပြီး…. လုံခြုံရေးချလိုက်တော့မှ တကယ် ထိန်းသိမ်းတဲ့ အခြေနေ ရောက်သွားပါတယ်…

    စစ်တွေမှာ ဖြစ်တဲ့ ဖြစ်စဉ်ဆိုရင်…. ဘုမေဆိုတဲ့ မွတ်စလင်များဆုံးနေတဲ့ ရပ်ကွက်နဲ့…. မင်းဂံဆိုတဲ့ ရခိုင်တွေ အများဆုံးနေတဲ့ ရပ်ကွက်… ကြားထဲမှာ သံလမ်းတစ်ခု ခြားပါတယ်….

    အဲဒီသံလမ်းကို ဗဟိုပြုပြီး ဟိုဘက်က လူအင်အားကောင်းရင် တက်လာလိုက် ဒီဘက်က ကောင်းရင် တက်လာလိုက်…. ခနလောက်နေရင် ရဲက ရောက်လာ သေနတ်ဖောက်လိုက်…. ဒီနေရာမှာ မှာ သေနတ်ဖောက်နေတုန်း…. ဟိုဘက်မှာက ဆူဆူ ဖြစ်လိုက်နဲ့…. အဲလိုနဲ့ သုံးလေးရက်တွင်းမှာ…. နာဇီဈေးကြီး တစ်ခုလုံး ပြာကျပြီး ဘုမေနဲ့ မင်းဂံမှာရှိတဲ့ အိမ်တွေ မီးလောင်… သံတော်လီနဲ့ ဗျိုင်းဖြူမှာ လူတွေသေ….

    ကျွန်တော် ပြောချင်တာကတော့… တာဝန်ရှိသူ တစ်ဦး အနေနဲ့ ဖြစ်ပျက်နေတဲ့ ဖြစ်အပျက်ကို အထက်ကို သတင်းပို့တာပဲဖြစ်ဖြစ်…. အများပြည်သူကို ပြောတဲ့နေရာမှာဖြစ်ဖြစ် အမှန်ကို အမှန်တိုင်းပြောသင့်ပါတယ်… ထိန်းမနိုင်ရင် ထိန်းမနိုင်သေးတဲ့ အခြေနေဖြစ်ကြောင်း ဝန်ခံပြီး ထိန်းနိုင်တဲ့ အခြေနေ ဖြစ်တဲ့အထိ လုံခြုံရေး ထပ်ဖြည့်သင့်ပါတယ်…

    နောက်တစ်ခုကတော့ မဒိန်းမှုပါ… မဒိန်းမှုကတော့ တော့ နိုင်ငံတိုင်းလူမျိုးတိုင်း နေရာဒေသတိုင်းမှာ ရှိနေတဲ့ ပြသနာတစ်ခုပါ… ကျွန်တော့အမြင်ကတော့ ဘာသာရေးနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး…. မဒိန်းကျင့်တဲ့လူကို ဘာသာရေး အရေတွေ ဆွဲထည့်နေမဲ့အစား…. မဒိန်းကျင့်တဲ့လူကို လူမျိုးဘာသာမရွေး ကြီးလေးတဲ့ အပြစ်ဒါဏ် တစ်ခု ချမှတ်နိုင်တဲ့ ဥပဒေတစ်ခု ထွက်လာစေဖို့ အစိုးရကို တိုက်တွန်းခြင်းက…. လူမျိုးတစ်မျိုး ဘာသာ တစ်ခုကို စွပ်စွဲပြစ်တင်နေတာထက် ပိုထိရောက်တဲ့ နည်းလမ်း ဖြစ်လာမယ်လို့ ထင်ပါတယ်…

    ကျွန်တော်တို့ နိုင်ငံမှာ 2014 ရဲ့ ခုနှစ်သန်းကောင်စာရင်းအရ လူဦးရေ သန်းငါးဆယ်ကျော်ရှိပါတယ်…. အလုပ်သမား အဖွဲ့စည်းတွေရဲ့ ခန့်မှန်းထားတဲ့ စစ်တမ်းအရ ထိုင်း နိုင်ငံမှာ အလုပ်သမား သွားလုပ်နေရတဲ့ လူဦးရေဟာ လေးသန်းကနေ ငါးသန်းကြားမှာရှိပါတယ်…

    ဆိုလိုတာကတော့ ကျွန်တော်တို့ နိုင်ငံလူဦးရေရဲ့ ဆယ်ပုံတစ်ပုံလောက်ဟာ သူများနိုင်ငံမှာ အလုပ်သွားလုပ်နေကြရတာပါ…. အဓိကကတော့ နိုင်ငံရေး မတည်မှုငြိမ်မှုတွေကြောင့်ပါ…

    နိုင်ငံရေး မတည်ငြိမ်တော့ စီးပွားရေး မငြိမ်ဘူး… စီးပွားရေး မငြိမ်တော့ အလုပ်အကိုင်ရှား သူများနိုင်ငံမှာ သွားပြီး အလုပ်လုပ်ကြရတယ်…. ကိုယ့်နိုင်ငံခေါင်းဆောင် ရောက်လာတောင် သူတို့ရဲ့ အနှိမ်ခံ ဘဝတွေအကြောင်း ပြောပြခွင့် မရလို့ မိုးရေထဲမှာ တိုးဝှေ့ငိုကြွေးနေကြချိန်မှာ

    ကိုယ့်ပြည်တွင်းက လူတွေက….. ပြသနာတစ်ခုကို တရားဥပဒေအရ မဖြေရှင်းဘဲ… လူစုဖွဲ့ပြီး…သူများဘာသာရေး အဆောက်အအုံတွေ သွားဖျက်ဆီးလိုက်တယ်ဆိုတာ…. သိပ်ကိုရုပ်ဆိုးအကျဉ်းတန်စေပါတယ်….

    အားလုံး ပြောင်းလဲချိန်တန်ပါပြီ… တရားဥပဒေမဲ့ လူစုဝေးနဲ့ အကြမ်းဖက်တဲ့ အကျင့်တွေပြုပြင်သင့်ပါပြီ…

    တိုင်းရင်းသားချင်း နိုင်ငံရေးမုန်းတီးမှုတွေကြောင့်ဖြစ်လာတဲ့ လက်နက်ကိုင် မဋိပက္ခတွေဖြေရှင်းလို့ မပြီးသေးခင်… ဘာသာရေးပြသနာက ထပ်ဆင့်လာမယ်ဆိုရင်…

    ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး… ဗိုလ်ချုပ်အောင်ဆန်း ပြန်လာလဲ ကျုပ်တို့နိုင်ငံကတော့ ဆက်မွဲနေဦးမှာပါပဲ….

    အချို့သော အချက်လက်များကို – Democracy and Deep-Rooted Conflict: Options for Negotiations စာအုပ်နှင့်
    – 1995 Okinawa rape incident တို့မှ ရယူပါသည်။

    မူရင်းလင့်ခ် https://www.facebook.com/Poemgrapher/posts/10153485040486923

  • မွတ်စလင်များအား အစ်ဖ်သာရ်ဝါဖြေပွဲ ဝေငှပေးကာ စည်းလုံးမှုကို ပြသလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘုန်းကြီးကျောင်း

    မွတ်စလင်များအား အစ်ဖ်သာရ်ဝါဖြေပွဲ ဝေငှပေးကာ စည်းလုံးမှုကို ပြသလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘုန်းကြီးကျောင်း

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    iftar 14

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခု၏ရှေ့တွင် မွတ်စလင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်ရာပေါင်းများစွာတို့က အခမဲ့ အဖ်သာရ်ဝါဖြေပွဲရယူရန် တန်းစီနေကြသည်။

    အစ်ဖ်သာရ်ဝါဖြေခြင်းဆိုသည်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်ထွက်စားသောက်ခြင်းဖြစ်သည်။

    ထိုကဲ့သို့ အစ်ဖ်သာရ်ဝါဖြေပွဲ လှူဒါန်းမှုကို ဒါကာမြို့ရှိ ဓမ္မရာဇိက ဘုန်းကြီးကျောင်းက ပြုလုပ်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် မွတ်စလင်များအား အစားအသောက်များ ဝေငှခြင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြင်ရခဲသည့် လူမှုရေးသဟဇာတဖြစ်မှု၏ သာဓကလည်း ဖြစ်လေသည်။

    ဓမ္မရာဇိကဘုန်းကြီးကျောင်းမှာ ထိုလှုပ်ရှားမှုကို လွန်ခဲ့သည့် ၆ နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးများကတော့ ရမ်ဇာန်ဥပုသ်လမှာ ချို့တဲ့သောမွတ်စလင်များအား ကူညီရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    ထိုလှုပ်ရှားမှုကို စတင်ခဲ့သည့် ကျောင်းထိုင်ဆရာတော် ဆူဒါနန်ဒို မိုဟာသီရိုကမူ လူပီသမှုမှာ “လူသားများ၏ အန္တိမ ရည်မှန်းချက်” ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

    ထိုဒေသတွင်နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အဘ်ဒူလ် ဘာဆာရ်က အဆိုပါ ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများမှာ လူမှုကူညီရေးလုပ်ငန်းအများအပြားတွင် ယခင်ကလည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

    “အဲဒီကိုယ်တော်တွေလုပ်နေတဲ့ လှုပ်ရှားမှုတွေထဲက အထင်ရှားဆုံးကတော့ ချို့တဲ့သူတွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲ လှူ ဒါန်းတာပါပဲ”

    ဒါကာမြို့ ဘာဆာဘိုရပ်ကွက်အတွင်းရှိ အဆိုပါ ဓမ္မရာဇိက ဘုန်းကြီးကျောင်းကို ၁၉၅၁ ခုနှစ်တွင် စတည် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီး ကာရူနာ ဘိက္ခူက မိမိတို့မှာ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်ရေးအတွက် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းရှိသော မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းမှုဖြစ်သည်ဟုလည်း ဘုန်းတော်ကြီးက ထပ်လောင်းမိန့်ကြားခဲ့သည်။ လူဦးရေ သန်း ၁၆၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင်မှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိလေသည်။

    ထိုရပ်ကွက်ရှိ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သော ဟာရွန်မီယာကလည်း လွန်ခဲ့သည့် ၅ နှစ်လုံးလုံး အဆိုပါဘုန်းကြီးကျောင်းမှ လှူဒါန်းသည့် အစ်ဖ်သာရ် ၀ါဖြေပွဲများကို ဒိုင်ခံ ချက်ပြုတ်ကျော်လှော်ပေးခဲ့သည်။ သူက ဘုန်းကြီးကျောင်း၏ အစ်ဖ်သာရ်ဝါဖြေပွဲတွင် အစာသွတ်မုန့်၊ မုန့်အချို့၊ စွန်ပလွံသီး စသည့် မုန့်မျိုးစုံပါဝင်ပြီး ဘူးတစ်ခုတွင်ထည့်၍ ဝေငှသည်ဟု ဆိုသည်။

    ဘုန်းကြီးကျောင်း၏ လက်ထောက်ကျောင်းထိုင်ဆရာတော် ဘူဒါပရီယာ မဟာသီရိုကမူ ရမ်ဇာန်ဥပုသ်လတွင် နေ့စဉ် အနည်းဆုံး လူ ၃၀၀ ခန့်ကို အစ်ဖ်သာရ်ဝါဖြေပွဲ ဝေငှလှူဒါန်းနေသည်ဟု ပြောကြားခဲ့သည်။

    “၃ နာရီလောက်ကတည်းက လူတွေဟာ ကျောင်းဝင်းအတွင်းမှာ တန်းလာစီကြပါတယ်”

    အစ်ဖ်သာရ်ဝါဖြေပွဲကို ဖွယ်ဖွယ်ရာမလုပ်နိုင်သည့် ဆကီနာလို သူဆင်းရဲတစ်ဦးအတွက် ထိုဘုန်းကြီးကျောင်းမှဝေငှသည့် အစားအသောက်များက နတ်သုဒ္ဒါအလား ဖြစ်လေသည်။

    “ကျွန်မတို့နဲ့အတူယှဉ်တွဲနေထိုင်တဲ့ တစ်ခြားဘာသာဝင်တွေဆီက ရရှိဖို့ မျှော်လင့်ထားတဲ့ လေးစားမှုကို ဒီမှာ ကျွန်မတို့ ရရှိပါတယ်” ဟု ဆကီနာက ပြောကြားခဲ့သည်။

    တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့သော်လည်း ဓမ္မရာဇိက ဘုန်းကြီးကျောင်းမှ သံဃာများကတော့ မိမိတို့မှာ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့်အတွက် မိမိတို့၏ လုံခြုံမှုကို မစိုးရိမ်ဟု ဆိုသည်။

    ဘာသာအချင်းချင်း သဟဇာတဖြစ်ရေးအပေါ် ခိုင်မြဲစွာယုံကြည်နေသည့် ဘုန်းတော်ကြီး မဟာသီရိုကမူ “ဘာ့ကြောင့် ပဋိပက္ခဖြစ်ရမှာလဲ။ ဘုန်းကြီးတို့အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပဲလေ။ ဒီတိုင်းပြည်က ဘုန်းကြီးတို့အားလုံးအတွက်ပါ။ တစ်ဦးကိုတစ်ဦး ကူညီခြင်းကနေပဲ ဒီတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်နိုင်မှာပါ” ဟု မိန့်ကြားခဲ့လေသည်။

    iftar 13

     

    iftar 12

    iftar 11

    iftar 10

    iftar 9

    iftar 8

    iftar 7

    iftar 6

    iftar 5

    iftar 4

    iftar 3

    iftar 2

    iftar 1

    Ref: Aljazeera