News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • တြီဂိုနော်မေတြီ– ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၇)
    တြီဂိုနော်မေတြီ– ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၇)
    မေ ၁၃၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    trigo 3
    – တြီဂိုနော်မေတြီဆိုတာ တြိဂံတွေရဲ့ ထောင့်တွေ၊ အနားတွေကို တိုင်းတာတွက်ချက်တဲ့ ပညာရပ်တစ်ခုဖြစ်ပြီး နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုအတွက် အချိန်အတိအကျ သတ်မှတ်နိုင်ရေး မွတ်စလင်တွေ အားသွန်ခွန်စိုက် လေ့လာလိုက်စား ဖော်ထုတ်ခဲ့ကြတဲ့ နက္ခတဗေဒကို အခြေခံပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် မွတ်စလင်တွေမတိုင်ခင်မှာ ဂရိ နက္ခတဗေဒပညာရှင်တွေဟာ နေ၊ လနဲ့ အဲဒီတုန်းက သိရှိထားကြတဲ့ ဂြိုဟ်ကြီး ၅ လုံးရဲ့ လှုပ်ရှားသွားလာမှုကို နားလည်ဖို့အတွက် တြိဂံတစ်ခုစီရဲ့ အနားတွေ၊ ထောင့်တွေကို တိုင်းတာကာ ကျန်အနားတွေ၊ ထောင့်တွေရဲ့ တန်ဖိုးတွေကို တွက်ချက်တဲ့ ပညာရပ်ကို လိုက်လာစားခဲ့ကြပါတယ်။
    နေ၊ လနဲ့ ဂြိုဟ်တွေရဲ့ အနေအထားက ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေကြောင့် ပေါ်ထွက်လာခဲ့တဲ့ ဂျီသြမေတြီဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အဲဒီ ဂရိပညာရှင်ကြီးတွေဟာ ဇယားတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ရေးဆွဲခဲ့ကြပါတယ်။ ဒီဘာသာရပ်နှင့် ပတ်သက်ပြီး အပြည့်စုံဆုံး ဖော်ပြထားမှုကိုတော့ အေဒီ ဒုတိယရာစု အစောပိုင်းလောက်က အလက်ဇန်းဒရီးယားမှာ အလုပ်လုပ်ခဲ့တဲ့ နက္ခတဗေဒပညာရှင် တော်လမီ (Ptolemy) ရေးသားခဲ့တဲ့ အလ်မဂျက်စ် (Almagest) ကျမ်းမှာ တွေ့ရပါတယ်။ ဂရိဘာသာစကားနဲ့ ရေးသားထားပြီး The Great Arrangement (မဟာစီစဉ်မှုကြီး) လို့အမည်ရတဲ့ တော်လမီရဲ့ ဒီကျမ်းကြီးကို  မွတ်စလင်တွေက ဘာသာပြန်ကာ လိုရင်းတိုရှင်းဖြစ်အောင် တည်းဖြတ်ပြီး အလ်-မက်ဂျစ်စတီ (Al-Majisti) ဆိုတဲ့အမည်နဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ နောက်ပြီး မွတ်စလင်တွေထံကနေတစ်ဆင့်ပဲ ဒီကျမ်းကြီးဟာ ဥရောပညာရှင်တွေဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အလ်-မက်ဂျစ်စတီ ဆိုတဲ့ အဓိပ္ပါယ်ကတော့ The Greatest ဖြစ်ပါတယ်။
    အလ်မဂျက်စ်ရဲ့ အတွဲ ၁ မှာ A Table of Chords in a Circle (စက်ဝိုင်းတစ်ခုရှိ စက်ဝိုင်းဖြတ်မျဉ်းများဇယား) ဆိုတဲ့ ဇယားတစ်ခုပါဝင်ပြီး ရှေးခေတ် နက္ခတဗေဒ ပညာရှင်တွေကတော့ အဲဒီဇယားကိုအသုံးပြုကာ သာမန် တြီဂိုနော်မေတြီ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ အဲဒီဇယားမှာ စက်ဝိုင်းတစ်ခုအတွင်း ထောင့်တွေကို ဖြစ်ပေါ်လာစေတဲ့ စက်ဝိုင်းဖြတ်မျဉ်း (chord) တွေရဲ့ အလျားတွေကိုလည်း ဖော်ပြထားပါတယ်။
    al tusi
    သင်္ချာပညာရပ်တွင် အဖိုးမဖြတ်နိုင်သည့် The Transversal Figure ကျမ်းကို ရေးသားခဲ့သော အလ်-တူဆီ
    ၁၃ ရာစု မွတ်စလင် နက္ခတဗေဒပညာရှင်ကြီး အလ်-တူဆီရေးသားတဲ့ The Transversal Figure ဆိုတဲ့ ကျမ်းမှာ ထောင့်မှန်တြိဂံတွေနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ စက်ဝိုင်းဖြတ်မျဉ်း (chord) အလျားဇယားက ဘယ်လို အသုံးဝင်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ ပြီးတော့ အလ်-တူဆီဟာ တြိဂံတွေနဲ့ စက်ဝိုင်းတွေရဲ့ စက်ဝန်းပြတ် (arc) တွေအကြား ဆက်သွယ်ပေးနိုင်ခဲ့တဲ့ အရေးပါတဲ့ တွေ့ရှိချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ စက်ဝိုင်းတစ်ခုမှာ တြိဂံတစ်ခုကို ရေးဆွဲတဲ့အခါမှာ တြိဂံရဲ့အနားတွေဟာ စက်ဝန်းပျက်တွေကို ဖြစ်ပေါ်စေပြီး အဲဒီစက်ဝန်းပြတ်တွေဟာလည်း တြိဂံက ထောင့်တစ်ခုချင်းစီရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်ဆိုတာပါပဲ။
    ဒါပေမယ့် ဒီဇယားကို အသုံးပြုရာမှာ အစဉ်မပြေတာ ၂ ခု ရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့ ထောင့်မှန်တြိဂံတစ်ခုရဲ့ မသိသေးတဲ့ အနားရဲ့အလျားတွေ ဒါမှမဟုတ် ထောင့်တွေကို ဖြေရှင်းရာမှာ ပေါ်ထွက်လာနိုင်တဲ့ ခြားနားမှုတွေကိုအားလုံးကို ဖြေရှင်းဖို့အတွက် ဒီ ဇယားကြီးကို ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မွတ်စလင်သင်္ချာပညာရှင်ကြီးတွေက စည်းစနစ်တကျဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ sine၊ cosine၊ tangent၊ secant၊ cosecant၊ cotangent တွေလို တြီဂိုနော်မေတြီ လုပ်ဆောင်ချက်တွေနဲ့ ဒီပြဿနာကို ပြေလည်စေခဲ့ပါတယ်။ စက်ဝိုင်းဖြတ်မျဉ်းဇယားရဲ့ ဒုတိယ အဆင်မပြေမှုကတော့ စက်ဝန်းပြတ်တစ်ခုရဲ့အလျားကို တွက်ချက်ဖို့အတွက် တစ်ခါတစ်ရံမှာ ထောင့်တွေကို နှစ်ဆလုပ်ဖို့ လိုအပ်တာပါပဲ။
    albattani
    မွတ်စလင် နက္ခတဗေဒနှင့် သင်္ချာပညာရှင်ကြီး အလ်-ဘတ္တာနီ
    တကယ်တော့ မွတ်စလင်ပညာရှင်တွေဟာ ၁၀ ရာစုမတိုင်ခင်လောက်ကတည်းက တြီဂိုနော်မေတြီရဲ့ အခြေခံအုတ်မြစ်တွေကို ချပေးခဲ့ကြပြီး၊ အလ်-တူဆီကတော့ အဲဒီအခြေခံကို အသုံးချကာ နည်းလမ်းအသစ်တွေကို စုဆောင်းရှာဖွေ ဖော်ထုတ်ပြီး တြိဂိုနော်မေတြီပညာရပ်ကို ပိုပြီး ပြည့်စုံစေခဲ့ပါတယ်။ ဒီပညာရပ်မှာ အထင်ရှားဆုံး မွတ်စလင်ပညာရှင်တွေထဲက တစ်ဦးကတော့ တူရကီနိုင်ငံ ဟာရန် (Harran) မြို့က အလ်-ဘတ္တာနီ (Al-Battani) ဖြစ်ပါတယ်။ သူဟာ အကြီးကျယ်ဆုံး မွတ်စလင် နက္ခတဗေဒပညာရှင်၊ သင်္ချာပညာရှင်တွေထဲက တစ်ဦးအဖြစ် မှတ်ယူခံရသူဖြစ်ပြီး ၉၂၉ ခုနှစ်မှာ အီရတ်နိုင်ငံ ဆာမာရာ (Samarra) မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ တြီဂိုနော်မေတြီပညာရပ်မှာ ဖောက်ထွက်လေ့လာဖို့ အလ်-ဘတ္တာနီကို တွန်းအားဖြစ်စေခဲ့တာကတော့ ဂြိုဟ်ကမ္ဘာတွေရဲ့ လှုပ်ရှားသွားလာမှုနဲ့ပတ်သက်ပြီး သူ့ရဲ့တွေ့ရှိချက်ပဲဖြစ်ပါတယ်။
    ပိုပြီးအရေးပါတာက အလ်-ဘတ္တာနီဟာ သူ့ရဲ့ သင်္ချာနည်းကျ တွက်ချက်အဖြေထုတ်မှုတွေကို ရှင်းလင်းခဲ့ပြီး အဲဒီတွေ့ရှိမှုတွေကို ပြည့်စုံစေဖို့နဲ့ ပိုမိုချဲ့ထွင်ဖို့အတွက် ရှာဖွေစမ်းစမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့အတွက်လည်း နှောင်းလူတွေကို တိုက်တွန်းခဲ့ပါတယ်။ အလ်-ဘတ္တာနီ၊ အဘူ အလ်-၀ါဖာ၊ အစ်ဗနေ့ယူစွဖ်နဲ့ အစ်ဗနေ့ အလ်-ဟေသမ်တို့လို မွတ်စလင်ပညာရှင်တွေဟာ စက်လုံးဆိုင်ရာ တြီဂိုနော်မေတြီပညာရပ်ကိုလည်း ဖော်ထုတ်ခဲ့ကြပြီး၊ နက္ခတဗေဒ ပြဿနာတွေကို အဖြေရှာရေးမှာ လက်တွေ့အသုံးချခဲ့ကြပါတယ်။
    sine နဲ့ cosine ဆိုတဲ့ ဖော်ပြချက်တွေကို ပထမဆုံးအသုံးပြုပြီး ကျွန်တော်တို့ ဒီနေ့သိကြတဲ့ အချိုးတွေထက် သူတို့ရဲ့ အကွာအဝေးတွေကို အဓိပ္ပါယ်သတ်မှတ်ပေးခဲ့သူဟာလည်း အလ်-ဘတ္တာနီပဲ ဖြစ်ပါတယ်။ tangent ကို အလ်-ဘတ္တာနီက “ထပ်တိုးအရိပ်” (extended shadow) လို့ ရည်ညွှန်းခေါ်ဝေါ်ခဲ့ပါတယ်။  tangent နဲ့ cotangent တို့ရဲ့ တြီဂိုနော်မေတြီဆိုင်ရာ လုပ်ဆောင်ချက်တွေကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့သူကတော့ အလ်-ဘီရူနီ (Al-Biruni) ဖြစ်ပြီး အိန္ဒိယတွေရဲ့ မပြည်စုံသေးတဲ့ ဒီပုံစံတွေကို အမွေဆက်ခံကာ ဖွံ့ဖြိုးအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
    သက္ကရာဇ် ၉၇၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အလ်-ဘီရူနီဟာ ခေတ်ပေါ် တြီဂိုနော်မေတြီရဲ့ အုတ်မြစ်ကို ချပေးခဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ sine၊ cosine နဲ့ တြီဂိုနော်မေတြီဆိုင်ရာ ဇယားတွေကို ရှာဖွေဖော်ထုတ်ခဲ့တာကတော့ သက္ကရာဇ် ၇၈၀ မှာမွေးဖွားခဲ့တဲ့ အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ဖြစ်ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ဘာသာပြန်ဆိုကာ နောက်ပိုင်းမှာ အနောက်နိုင်ငံတွေဆီ ရောက်ရှိသွားခဲ့ပါတယ်။
    မွတ်စလင်ပညာရှင်တွေရဲ့ ဒီလိုဖော်ထုတ်မှုအပြီး နောက်ထပ် နှစ်ပေါင်း ၅၀၀ လောက်ကြာမှ သင်္ချာပညာရှင်တွေက tangent ရဲ့ တြီဂိုနော်မေတြီဆိုင်ရာ ဆက်သွယ်မှုကို တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် နှစ်ပေါင်း ၁၀၀၀ ကြာတဲ့အခါ နီကိုလက်စ် ကော့ပါးနီးကက်စ် (Nicolaus Copernicus) က ဒါကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။
    arabic
    တြီဂိုနော်မေတြီဆိုင်ရာ အာရဘီ လက်ရေးမူများထဲမှ တစ်ခု
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
  • ပရဟိတဆို လက်မနှေးတဲ့ သမိုင်းဝင် မန္တလေးက မြင့်မြတ်ဖြူစင်
    ပရဟိတဆို လက်မနှေးတဲ့ သမိုင်းဝင် မန္တလေးက မြင့်မြတ်ဖြူစင်
    ချစ်ဆွေ ရေးသည်။
    အနှိုင်းမဲ့မဂ္ဂဇင်း အတွဲ(၁) အမှတ် (၈)၊ ၂၀၁၆ မှ ကူးယူဖော်ပြပါသည်။
    Myint Myat Phyu Sin2
    .
    မြန်မာနိုင်ငံဟာ အလှူဒါနမှာ လက်မနှေးတဲ့ နိုင်ငံအဖြစ် ကမ္ဘာကပါ အသိအမှတ်ပြု ရတဲ့ နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၀) ရက်က Charities Aid Foundation (CAF) အဖွဲ့ရဲ့ ခြောက်ကြိမ်မြောက် ကမ္ဘာအရက်ရောဆုံး နိုင်ငံများ စာရင်း ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက နံပါတ် (၁) ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
    .
    ဒီလိုပဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုဖွားမြန်မာမွတ်စလင်များဟာလည်း အလှူဒါနနဲ့ ပရဟိတမှာ လက်မနှေးကြောင်း အကြိမ်ကြိမ်အခါခါပြသခွင့်ရခဲ့ပါတယ်။ ၂၀၀၈ နာဂစ်နဲ့ ၂၀၁၅ ရေဘေးအပါအ၀င် အခုနောက်ဆုံး မီးဘေးတွေထိအောင် လူမျိုးဘာသာ မခွဲခြားသလို၊ အာဃာတမထားဘဲ လက်မနှေးစတမ်း လှူဒါန်းခဲ့ကြတာ မြန်မာမွတ်စလင်တွေပါ။ မန္တလေးမြို့ အမြောက်တန်းဗလီ အစ္စလာမ် နိဗ္ဗာန်ဆော် အဖွဲ့ဆိုရင် ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတာ နှစ်ပေါင်း (၈၀) လောက် ရှိနေပါပြီ။ မန္တလေးမီးကြီးတုန်းကလည်း အဲဒီအစ္စလာမ်နိဗ္ဗာန်ဆော်အဖွဲ့က အားတက်သရော ကူညီပေးခဲ့ကြောင်းကို မီးကြီးမှီခဲ့သူ မန္တလေးသူ၊ မန္တလေးသားတိုင်း သိပြီးဖြစ်ပါလိမ့်မယ်။
    .
    မန္တလေးမြို့မှာ ပရဟိတ (လူမှုကူညီရေး) လုပ်ငန်းတွေကို အသင်းအဖွဲ့အနေနဲ့ရော တစ်ဦးချင်းစီပါ နေရာ အနှံ့အပြားမှာ ကျယ်ကျယ်ပြန်ပြန့် လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ပရဟိတဆိုရာမှာ နာရေးကူညီမှု၊ ကျန်းမာရေးကူညီမှု၊ သဘာဝဘေးအန္တရာယ် ကူညီမှု၊ ပညရေးကူညီမှု အစရှိတာတွေ ပါဝင်ပါတယ်။ တွင်ကျယ်လာတဲ့ ပရဟိတ လုပ်ငန်းတွေကြောင့် ရရှိလာတဲ့ ကောင်းမွန်တဲ့ အကျိုးဆက်တွေကို ပေးဆပ်သူရော ရယူသူတွေပါ ခံစားနေကြရပါပြီ။ ထိရောက်စွာ ကူညီလုပ်ဆောင်ပေးတဲ့ ပရဟိတအဖွဲ့တွေကြောင့် ပြည်သူလူထု၊ အထူးသဖြင့် ချို့တဲ့တဲ့ ပြည်သူတွေက ပိုပြီး အားကိုး လာကြတာတွေ့ရပါတယ်။
    .
    ၂၀၀၉ ခုနှစ်လောက်က မန္တလေးမြို့မှာ လူမှုကူညီရေးအသင်း (၄၀) ခန့်သာ ရှိခဲ့ရာကနေ အခုဆိုရင် (၇၂) သင်း ရှိနေပြီ ဖြစ်ကြောင်း မန္တလေးလူထုနေရာ (Community Center) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ အဲဒီထဲကမှ ချို့တဲ့တဲ့ ပြည်သူအများစု အားကိုးအားထားရာ ဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ ၊ လူမျိုးဘာသာမခွဲခြားဘဲ ကူညီစောင့်ရှောက်မှုပေးနေတဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကု ဆေးခန်းအကြောင်းကို ဖော်ပြလိုက်ရပါတယ်။ မြင့်မြတ်ဖြူစင်ကို ဦးဆောင်ပဲ့ကိုင်နေသူအများစုဟာ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေတာကို တွေ့ရပါတယ်။
    .
    မြင့်မြတ်ဖြူစင် ဆိုသည်မှာ
    —————————-
    မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းကတော့ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် က စတင်ပြီး တည်ထောင်ခဲ့ပါတယ်။ စစတည်ထောင်ချင်းမှာ ၀န်ထမ်းဦးရေ ၃၅ ယောက်နဲ့ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်မှာတော့ ၅၄ ယောက် ရှိနေပါပြီ။ သောကြာနေ့ ပိတ်ရက်မှအပ နေ့စဉ် မနက် (၈) နာရီကနေ (၄) နာရီအထိ ပုံမှန်လည်ပတ်လျက်ရှိပါတယ်။ စတင် တည်ထောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတင် လူနာဦးရေ ၄၄၂၈၀ ဦး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း ၆၀၆၈၈ ဦး ရှိခဲ့တဲ့အတွက် ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုဟာ နှစ် အနည်းငယ်အတွင်းမှာကို မြင့်တက်လာကြောင်း ပေါ်လွင်ပါတယ်။
    .20160103_112955
    “ဆေးရုံမှာ OPD (ပြင်ပလူနာဌာန) ပဲ လက်ခံတဲ့အတွက် စနေ၊ တနင်္ဂနွေ၊ တနင်္လာလို ရက်တွေက လူနာများတဲ့ ရက်တွေပေါ့။ အဲဒီလိုရက်တွေမှာ ပျဉ်းမျှ တစ်ရက်ကို သုံးရာကနေ လေးရာလောက်ထိ ရှိပါတယ်။ ကျန်တဲ့ရက်တွေကတော့ ၂၀၀ ပတ်ချာလည်လောက် ရှိပါတယ်။ ပျဉ်းမျှတစ်ပတ်လုံးကို ပြန်တွက်မယ်ဆိုရင်တော့ တစ်ရက်ကို ၂၀၀ နဲ့ ၂၅၀ ကြားမှာ ရှိပါတယ်။ ကျွန်တော်တို့ ဆေးခန်းက သောကြာတစ်ရက် ပိတ်ပါတယ်။ တစ်ပတ် ခြောက်ရက် ဖွင့်ပါတယ်” လို့ မြင့်မြတ်ဖြူစင်ဆေးခန်းရဲ့ အုပ်ချုပ်ရေးတာဝန်ခံ ဒေါက်တာကိုကိုအောင်က ပြောပါတယ်။
    .
    မြင့်မြတ်ဖြူစင်ဆေးခန်းမှာ ပင်တိုင်ဆရာဝန်အနေနဲ့ Medical Officer (MO) သုံးယောက်ရှိပါတယ်။ အဲဒီသုံးယောက်ထဲမှာ တစ်ယောက်ကတော့ အမျိုးသမီးလူနာတွေ ပြဖို့ အဆင်ပြေအောင် အမျိုးသမီး ဆရာဝန် တစ်ယောက်ခန့်ထားတာပါ။ ပင်တိုင် ဆရာဝန်တွေကတော့ မနက် (၉) နာရီကနေ ညနေ (၄) နာရီထိ ဂျူတီအပြည့်ဆင်းရပါတယ်။ အဲဒီ MO တွေက လူနာတွေကို ကြည့်ပြီးတော့မှ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေဆီကို လွှဲပြောင်းပေးတဲ့ စနစ်ကို ကျင့်သုံးထားပါတယ်။ ဆေးခန်းမှာ အထူးကုဆရာဝန်ကြီးတွေအနေနဲ့ သမားတော်လေးဦး၊ ခွဲစိတ်ဆရာဝန် တစ်ဦး၊ ကလေးအထူးကု တစ်ဦး၊ သားဖွားမီးယပ် ပါရဂူတစ်ဦး၊ နှလုံးအထူးကုတစ်ဦး၊ အရိုးခွဲစိတ် တစ်ဦး၊ ကင်ဆာဗေဒ ကျွမ်းကျင်ဆရာဝန် တစ်ဦး တို့ ထိုင်ပါတယ်။
    .
    “ကျန်တဲ့ အထူးကုဌာနတွေ ကျွန်တော်တို့ဆီမှာ မရှိသေးတဲ့အတွက် လိုအပ်တာဆိုရင် (မန္တလေး) ဆေးရုံကြီးကို လွှဲပါတယ်။ X-Ray ဓာတ်မှန်၊ ECG  ၊ Ultrasound ၊ Lab (ဓာတ်ခွဲခန်း) ဒါတွေပဲလုပ်နိုင်ပါသေးတယ်” လို့ ဒေါက်တာကိုကိုအောင် က ရှင်းပြပါတယ်။ “သမားတော်တွေကတော့ လူနာအကုန်လုံးနီးနီးကို ကြည့်ပါတယ်။ ဒါပေမဲ့လည်း ဥပမာ – နှလုံးနဲ့ပတ်သက်ပြီး တစ်သီးတစ်သန့်ကုရတော့မယ်ဆိုရင် ဆေးရုံကြီးကို လွှဲပေးတယ်။ တကယ်လို့ ကျောက်ကပ်၊ ဦးနှောက်နဲ့ အာရုံကြော၊ သွေးရောဂါ အစရှိတာတွေနဲ့ ပတ်သက်ရင် ဆေးရုံကြီးကို လွှဲပေးပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာဆိုရင်လည်း စိတ်ရောဂါကု ဆေးရုံကြီးကို လွှဲပေးပါတယ်။ မြင့်မြတ်ဖြူစင်က အထူးကုဆရာဝန်ကြီးတွေက ဆေးရုံကြီးကို လွှဲပေးတာပါ။ ဘာလို့လဲဆိုရင် အဲဒီရောဂါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ အထူးကုပေးမဲ့ ဆရာဝန်ကြီးတွေ တစ်ယောက်ချင်းစီ မရှိသေးလို့ပါ” လို့ သူက ဆက်ပြောပါတယ်။
    .
    မြင့်မြတ်ဖြူစင် အုပ်ချုပ်မှုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး ဆေးရုံကြီးကြပ်ရေး တာဝန်ယူထားတဲ့ ဦးထွန်းအောင် (Zu Zu – Maintance) က“နေ့စဉ် OPD ( ပြင်ပလူနာဌာန) ပြတဲ့ထဲမှာတော့ အစ္စလာမ်ဘာသာဝင်များတယ်၊ ဘာသာခြားနည်းတယ်။ အခုကျောက်ကပ် စဆေးဖို့ လုပ်လိုက်တာ တစ်နှစ်ပေါ့။ တစ်နှစ်ပြည့်သွားပြီ။ ဒီတစ်နှစ်လုံးမှာ ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့ ဘာသာခြားက တစ်လကို ၁၂၀ လောက်ရှိပါတယ်။ အစ္စလာမ်ဘာသာဝင်က တစ်လကို ၃၂ ယောက်လောက်ပဲရှိတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဘာသာခြားထဲမှာ လူဦးရေ စာရင်းအရလည်း ဘာသာခြားက ပိုများတဲ့အတွက်ကြောင့်ပါ။ သံဃာတွေ၊ မယ်သီလရှင်တွေဆိုရင် အဝေးတွေကပါ လာတယ်” လို့ ပြောပါတယ်။
    .
    မြင့်မြတ်ဖြူစင်ဆေးခန်းကို နယ်ပယ်အစုံက လူပေါင်းစုံလာရောက် ကုသကြပတယ်။ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမိတ်၊ ရွှေဘို၊ ကန့်ဘလူ၊ မူဆယ်၊ တန့်ယန်း၊ တောင်ကြီး၊ အောင်ပန်း၊ တာချီလိတ်၊ တောင်ငူ အစရှိတဲ့ နေရာစုံက လူနာတွေ လာရောက်ကုသကြကြောင်း ဒေါက်တာကိုကိုအောင်က ရှင်းပြပါတယ်။
    20160103_112254
    .
    မန္တလေးမြို့အနီး ကန်သာယာမြို့သစ်ကနေ ကျောက်ကပ်လာဆေးတဲ့ အသက် (၆၀) အရွယ် ဝေဒနာရှင် ဦးမြင့်ဆွေက လွန်ခဲ့တဲ့ ဒီဇင်ဘလ ကတည်းက မြင့်မြတ်ဖြူစင်ဆေးခန်းမှာ တစ်ပတ်ကို နှစ်ကြိမ် ကျောက်ကပ်ဆေးနေရတာပါ။ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝင်းက “အမျိုးသားက ကျောက်ကပ်ဆေးနေရတာ သုံးနှစ်ကျော်သွားပြီ။ အရင်တန်းက မန္တာဆေးရုံနဲ့ မန္တလေးဆေးရုံကြီးတို့မှာ ဆေးတယ်။ အခု ဒီကိုရောက်လာတယ်။မန္တလာမှာဆေးတုန်းက တစ်ခါဆေးရင် လေးသောင်းနဲ့ တစ်ပတ်ကို ရှစ်သောင်းကုန်တယ်။ ဆေးရုံကြီးမှာ တစ်ခါဆေးရင် တစ်သောင်းနှစ်ထောင့်ငါးရာ (၁၂၅၀၀) နဲ့ တစ်ပတ်ကို နှစ်သောင်းခွဲကုန်တယ်။ အခုမြင့်မြတ်ဖြူစင်မှာ ၂၀၁၅ ခုနှစ် ၁၂လ ပိုင်း ကမှ ရောက်တာ။ ဒီမှာက ကုန်ကျစရိတ် မရှိဘူး။ အဆင်ပြေတယ်” လို့ ပြောပါတယ်။ အခုလို အခမဲ့ ကုသခွင့်ရတာကြောင့် ၀မ်းသာကြောင်းလည်း သူက ပြောပါတယ်။
    .
    အလှူငွေ
    ————–
    မြင့်မြတ်ဖြူစင်ရဲ့ ကော်မတီဝင် ဦးထွန်းအောင်က ဆေးခန်းကိုထောက်ပံ့နေသူတွေဟာ စီးပွားရေးသမားတွေ ဖြစ်ကြောင်း၊ ဆေးခန်းရဲ့ဘဏ္ဍာရေးကို ဒိုင်ခံထောက်ပံ့ပေးသူ ကိုးယောက်လောက်ရှိကြောင်း၊ အဆောက်အဦး ပြင်မယ်ဆိုရင်လည်း ဆေးရုံရန်ပုံငွေထဲက မသုံးကြောင်း၊ တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကော်မတီအစည်းအဝေး ခေါ်ပြီး လုပ်ကြောင်း၊ အဲဒီမှာ ဘယ်သူတွေ အကုန်အကျခံမယ်ဆိုပြီး ဆုံးဖြတ်တဲ့ စနစ်နဲ့ သွားကြောင်း ပြောပါတယ်။
    မြင့်မြတ်ဖြူစင်ရဲ့ ဇကားသ် (ဆင်းရဲသားဒါနကြေး) စိစစ်ရေး တာဝန်ခံ ဖြစ်သူ ဦးမျိုးချစ် (မဒီနာ – သံဆိုင်) က ပြည်တွင်းစေတနာရှင်တွေ ကူညီထောက်ပံ့ပေးတာကြောင့် ဆေးခန်းဟာ ရပ်တည်နိုင်တာဖြစ်ကြောင်း၊ နိုင်ငံခြား အကူအညီ၊ နိုင်ငံခြားအလှူငွေ၊ နိုင်ငံခြားပံ့ပိုးမှုကို လုံးဝမယူသလို ရလည်းမရကြောင်း၊ ကမ်းလှမ်းထားခြင်းလည်း မရှိကြောင်း ရှင်းလင်းပြောကြားပါတယ်။
    .
    မြင့်မြတ်ဖြူစင်ရဲ့ ဘဏ္ဍာရေးဟာ ဆင်းရဲသားဒါနကြေးနဲ့ လည်ပတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ ဘဏ်တိုးငွေ ရယူသုံးစွဲပိုင်ခွင့် မရှိတာကြောင့် ဆင်းရဲသားတွေအနေနဲ့ ဆင်းရဲသားဒါနကြေးကို အားကိုးရပါတယ်။ဇကားသ်လို့ အာရဗီဘာသာစကားနဲ့ ခေါ်ဝေါ်ပြီး မြန်မာလို ဆင်းရဲသားဒါနကြေးလို့ အဓိပ္ပာယ်ရတဲ့ အလှူငွေဆိုတာ အစ္စလာမ်ဘာသာရဲ့ အဆုံးအမအရ တစ်နှစ်လုံးမှာ တစ်ကြိမ်၊ (မြန်မာပြည်ငွေကြေးတွက်ချက်မှုအရ) ငွေတစ်ရာကျပ်ကို နှစ်ကျပ်ခွဲနှုန်း မလှူမနေရ သတ်မှတ်ထားတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပေါက်ဈေးအရ အစ္စလာမ်ဘာသာဝင်တစ်ယောက်လက်ထဲမှာ ငွေကျပ်လေးသိန်းအောက် မလျော့ဘဲ လေးသိန်းနဲ့ အထက် အလုံးလိုက် အရင်းလိုက် ရှိနေတယ်ဆိုရင် အဲဒီလူဟာ ဆင်းရဲသား ဒါနကြေး မစားထိုက်ပါဘူး။ သဘောက သူဆင်းရဲစာရင်းမ၀င်ပါဘူး။ ဒါ့အပြင် ငွေကျပ်လေးသိန်း သို့မဟုတ် အဲဒီထက်များတဲ့ ငွေကြေးပမာဏ တစ်ခု ပိုင်ဆိုင်သူဟာ သူ့လက်ထဲမှာ ရှိသလောက် ငွေကြေးရဲ့ တစ်ရာကို နှစ်ကျပ်ခွဲနှုန်းနဲ့ မလှူမနေရ တစ်နှစ်ကိုတစ်ကြိမ် ပြန်လှူရပါတယ်။ အကယ်လို့ လက်ထဲမှာ လေးသိန်းရှိပေမဲ့ အဲဒီငွေကြေးဟာ ရှိလိုက်မရှိလိုက် ငွေမမှန်ဘူးဆိုရင် ဆင်းရဲသားဒါနကြေး စားထိုက်ပါတယ်။ လေးသိန်းအောက်သာ ပိုင်ဆိုင်သူ တိုင်းဟာလည်း ဆင်းရဲသားဒါနကြေးကို စားထိုက်ပါတယ်။
    .
    “ဆင်းရဲသားဟုတ်မဟုတ်၊ ဆင်းရဲသား ဒါနကြေး စားထိုက်မထိုက်ကို အဓိက စစ်ဆေးရပါတယ်။ စားထိုက်တယ်ဆိုရင် ဆင်းရဲသားဒါနကြေးနဲ့ အလှူငွေနဲ့ ကုသပေးပြီးတော့ မစားထိုက်တဲ့လူဆိုရင်လည်း ကုသပေးပါတယ်။ တခြားစရိတ်မျှပေး ဆိုတဲ့ သက်သာတဲ့ လျှော့ဈေးနှုန်းထားနဲ့ အဓိက ထားပြီး ကုသပေးပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဘယ်သူပဲ ကုကု၊ သူ့အစီအစဉ်နဲ့သူ သူ့စနစ်နဲ့သူ အကုန်လုံးကို ကုသပေးလို့ ရပါတယ်” လို့ ဦးမျိုးချစ်က ပြောပါတယ်။
    .20151221_145337
    ဦးထွန်းအောင်ကလည်း အခုလိုရှင်းပြပါတယ်။ “လုံးဝဆင်းရဲတဲ့လူကိုပဲ သက်ဆိုင်ရာ ရပ်ရွာရဲ့ ထောက်ခံစာနဲ့ ကုပေးတယ်။ ပိုက်ဆံရှိရဲ့သားနဲ့ ညာပြီးလာဆေးတယ်လို့ မသင်္ကာဘူးဆိုရင် စုံစမ်းရေးအဖွဲ့တွေက လိုက်စုံစမ်းတယ်။ စုံစမ်းရေးအဖွဲ့တွေဖွဲ့ထားတယ်။ မိရင် အဲဒီလိုမျိုး မလုပ်ဖို့ တောင်းပန်တယ်။ မလုပ်ပါနဲ့၊ ဒါဆင်းရဲသားတွေ အတွက်ဖြစ်ပါတယ်ပေါ့။ ရိုးရိုးလာကုတဲ့ထဲမှာတော့ အဲဒီလို ဖြစ်တာတွေ ကြုံ တယ်၊ ကျောက်ကပ်မှာတော့ မကြုံသေးဘူး။ ရိုးရိုးလူနာတွေထဲမှာ ကြုံတာနဲ့ အဲဒီလို လိုက်စစ်ဆေးမှန်း သိတော့ အဲဒီလို လူတွေ မလာတော့ဘူး။ တစ်ချို့ဆိုလည်း ဆေးယူသွားပြီး ရောင်းစားတယ်။ စောစောပိုင်းတွေက ကြုံတာပေါ့။ အဲဒီလူတွေကိုလည်း လိုက်စုံစမ်းပြီး မလုပ်ဖို့ တောင်းပန်တယ်။ ကောင်းကောင်းမွန်မွန်ပဲ ပြောပြတယ်။ နောက်တော့ အဲဒီလိုလူတွေလည်း မလာရဲကြတော့ဘူး။ လူလည်း သန့်သွားတာပေါ့လေ” လို့ သူက ဆိုပါတယ်။
    .
    ——————-
    မြင့်မြတ်ဖြူစင်မှာ လုပ်အားပေး ၀န်ထမ်းလုံးဝမခန့်ပါဘူး။ ၀န်ထမ်းခန့်ဖို့အတွက် ၀န်ထမ်းရွေးချယ်ရေးအဖွဲ့ သက်သက်ရှိပါတယ်။ ၀န်ထမ်းရွေးချယ်ရေးနဲ့ ကြီးကြပ်ပြီးတော့မှ ၀န်ထမ်းကိုခန့်ပါတယ်။ “ကျွန်တော်တို့ဆီက ၀န်ထမ်းမှန်သမျှ အကုန်လုံးသည် ဂျူတီအပြည့်နဲ့ လစာအပြည့်ပေးပြီးမှ ၀န်ထမ်းတွေကို ခန့်ပါတယ်” လို့ ဒေါက်တာ ကိုကိုအောင်က ရှင်းပြပါတယ်။ ဒါ့အပြင် ၀န်ထမ်းခန့်ရာမှာ အစ္စလာမ်ဘာသာဝင်တွေတင်မက မည်သည့်ဘာသာဝင်မဆို ဆေးခန်းနဲ့ သင့်တော်တဲ့ ၀န်ထမ်းမှန်သမျှကို ခန့်အပ်ပေးကြောင်း ဒေါက်တာကိုကိုအောင်က ပြောပါတယ်။
    မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းရဲ့ ကျောက်ကပ် ဌာနမှာ လုပ်သက် တစ်နှစ်ကျော် ရှိပြီ ဖြစ်တဲ့ သူနာပြုဆရာမ ဒေါ်ဇင်မာဖြိုးက သူ ဒီဆေးခန်းမှာ အလုပ်ဝင်ဖြစ်ပုံကို အခုလို ပြောပြပါတယ်။ “အစကတော့ Posting (အစိုးရအလုပ်) ၀င်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေနဲ့ဆိုတော့ အိမ်ကလည်း စိတ်မချတာနဲ့ အစိုးရအလုပ်ဆိုရင် နယ်တွေဘာတွေ ကျမှာ စိုးလို့ မလုပ်တော့ဘူး။ မြင့်မြတ်ဖြူစင်က အိမ်နဲ့လည်း နီးတာရယ်၊ ဟိဂျားဗ်လည်းဆောင်းပြီး ပရ်ဒါနဲ့နေရတော့ လုံခြုံမှုရှိတာရယ်ကြောင့် သဘောကျလို့ ဒီမှာ လုပ်ဖြစ်တာပါ” လို့ သူက ဆိုပါတယ်။ ဒေါ်ဇင်မာဖြိုးဟာ မြင့်မြတ်ဖြူစင်မှာ မလုပ်ခင်က မြတ်သုခ၊ တော်ဝင်နဲ့ မန္တလာဆေးရုံတို့မှာ တာဝန်ထမ်းဆောင်ဘူးတဲ့ သမ္ဘာရှိ ကျွမ်းကျင် သူနာပြုတစ်ယောက်လည်း ဖြစ်ပါတယ်။
    .
    ဆုရရှိမှု
    ———-
    မြင့်မြတ်ဖြူစင်ဆေးခန်းကတော့ လက်တလောဆုနှစ်ဆု ရယူထားတယ်လို့ ဒေါက်တာကိုကိုအောင်က ပြောပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ သွားရောက်ပြိုင်ဆိုင်ရာမှာ ငွေကြေးသုံးစွဲမှု အတိုင်းအတာ ဆိုင်ရာ စာတမ်းမှာ ဒုတိယဆု ရခဲ့ပါတယ်။ အဲဒီဆုဟာ အလှူငွေတွေနဲ့ မွတ်စလင်နဲ့ ဘာသာခြားတွေအပေါ် ဆေးဝါးကုသရာမှာ ဘယ်လိုအကျိုးရှိအောင် သုံးသလဲဆိုတဲ့ အချက်ပေါ်မှာ ကြည့်ပြီး ရခဲ့တာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
    .
    နောက်ထပ်ဆုတစ်ခုကတော့ ၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ လုပ်သွားတဲ့ အာရှဆေးရုံပေါင်း သုံးဆယ်ကျော် လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ HMA Hospital Award မှာ မြင့်မြတ်ဖြူစင်က CSR (Co-operative Social Responsibility) ခေါင်းစဉ်နဲပ ဆုရခဲ့ပါတယ်။ ပထမရွှေတံဆိပ်ကိုတော့ ဖိလစ်ပိုင်နိုင်ငံဆေးရုံက ရရှိသွားခဲ့ပါတယ်။ ကျန်သုံးဆုကတော့ Excellent ဖြစ်ပြီး မြင့်မြတ်ဖြူစင်က အဲဒီဆု တစ်ဆုရပါတယ်။
    .
    “မြန်မာနိုင်ငံအနေနဲ့ကတော့ မြင့်မြတ်ဖြူစင်နဲ့ မန္တလာတွဲထားတဲ့ ဆေးရုံတစ်ခုကပဲ ရပါတယ်။ တခြားဘယ်ဆေးရုံမှ မရဘူးလို့ သိရပါတယ်။ မြန်မာပြည်အနေနဲ့ကတော့ ကျွန်တော်တို့ပဲ ရတာပါ” လို့ ဒေါက်တာ ကိုကိုအောင်က ပြောပါတယ်။
    .
    အခက်အခဲ
    ————
    မြင့်မြတ်ဖြူစင်ဆေးခန်းဟာ ဖွင့်ပြီးပြီးချင်း သုံးလလောက်မှာ ပိတ်လိုက်ရပါသေးတယ်။ အဲဒီတုန်းကတော့ အထူးကု ဆေးခန်း လိုင်စင်မရသေးလို့ ပိတ်လိုက်ရတာဖြစ်ပြီး လိုင်စင်မရှိဘဲ ဖွင့်ရင် ပြဿနာဖြစ်မှာ စိုးရိမ်တာကြောင့် တာဝန်ရှိလူကြီးတွေက လိုင်စင်တင်လိုက်ပြီး ဆေးခန်းကို သုံးလလောက် ပိတ်ထားခဲ့ပါတယ်။
    .
    လက်တလော လက်တွေ့ကျတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး ဒေါက်တာကိုကိုအောင်က အခုလို ပြောပါတယ်။ “ကျွန်တော်တို့ ဆေးခန်းကြီးက ကုသိုလ်ဖြစ်ဆေးခန်းဆိုတော့ အလှူငွေနဲ့ ရပ်တည်နေတာပါ။ အဲဒီအလှူငွေကလည်း ပြည်တွင်း (Local) ပါ။ နိုင်ငံခြားက အကူအညီတစ်ခုမှ မပါပါဘူး။ နိုင်ငံခြားကနေလည်း ဘာအထောက်အပံ့မှ မရပါဘူး။ အများပြည်သူရဲ့ အလှူငွေနဲ့ ရပ်တည်နေတာဆိုတော့ ဒီပုံစံအတိုင်း ရေရှည် တည်တံ့ နေဖို့ကတော့ အလှူငွေအခက်အခဲ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါကြောင့်လည်း မည်သူမဆို အလှူငွေနည်းများမဆို လာရောက်ပြီး လှူဒါန်းဖို့အတွက်လည်း ကျွန်တော်တို့က အမြဲတမ်း ဖိတ်ခေါ်နေရတာပါ လို့ ပြောပါတယ်” လို့ သူကဆိုပါတယ်။
    .
    “ပြည်တွင်းမှာနေထိုင်ကြတဲ့ လူမျိုးမရွေးဘာသာမရွေး ကျွန်တော်တို့ ဆေးခန်းလေးကို နည်းများမဆို လာပြီးတော့ လှူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲဒါမျိုးသာဆိုရင် ကျွန်တော်တို့ ပိုပြီးတော့ အဆင်ပြေမှာပါ” လို့ သူက ဆက်ပြောပါတယ်။
    .
    မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်း – ၇၄လမ်း၊ ၃၆x၃၇ကြား၊ စင်္ကြာနွယ်စဉ်ရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (ဖုန်း ။ ၀၂ – ၇၇၂၁၁)
    —–
    ဆက်စပ်သတင်းနှင့် ဆောင်းပါးများဖတ်ဖို့
    ————————-
    မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း
    http://www.m-mediagroup.com/news/53023
    .
    မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ်ဆေးခန်း (၄)နှစ်ပြည့် အထိမ်းအမှတ် ကျောက်ကပ်တု သွေးသန့်စင်သည့် ဌာန ဖွင့်လှစ်
    http://www.m-mediagroup.com/news/34754
  • ပဋိပက္ခနယ်မြေမှ မတူကွဲပြား ရွှေလက်တွဲ မြဲနေဆဲ မြင်ကွင်းတစ်ခု
    ပဋိပက္ခနယ်မြေမှ မတူကွဲပြား ရွှေလက်တွဲ မြဲနေဆဲ မြင်ကွင်းတစ်ခု
    မေ ၁၁၊ ၂၀၁၆
    M-Media
    arakan
    မိတ်ဆွေများဖြစ်ကြသော မွတ်စ်လင်မ်အုပ်စုခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကာလု(၀ဲဖက်) နှင့် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်အုပ်စုခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်း(ယာဖက်)တို့ကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ရွာတွင် အတူရပ်လျက်တွေ့ရစဉ်။ (ဓာတ်ပုံ – Fiona MacGregor / The Myanmar Times)
    – ပူလောင်အိုက်စပ်သော မေလ၏ နေ့တစ်နေ့။ ရခိုင်ပြည်နယ် နုံချာနွမ်းပါးလှသည့် ရွာလေးတစ်ရွာမှ အိမ်တစ်အိမ်၏ အိမ်ရှေ့တွင် ပလပ်စတစ်ထိုင်ခုံများ အစီအရီခင်းကျင်းထား၏။ ၎င်းမြင်ကွင်းနှင့်မလိုက်ဖက်စွာ ဂေါက်ရိုက်ပစ္စည်းတစ်စုံကိုလည်း တွေ့ရ၏။ ထိုနေရာတွင် အမျိုးသားနှစ်ဦးက ဒေသတွင်း ဘာသာရေးတင်းမာမှုအကြောင်းအရာများကို ဆွေးနွေးနေကြ၏။ စပ်စပ်စုစုနိုင်လှသော အိမ်နီးချင်းများကလည်း သူတို့အနီးတွင် ၀ိုင်းရံလျက်ရှိ၏။
    “ရိုဟင်ဂျာတို့ ဘင်ဂါလီတို့ ဆိုတဲ့နာမည်တွေကို ကျွန်တော်ကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ကြားခဲ့ရတယ်။ ဒီမှာရှိတဲ့လူတွေအားလုံးက (မိမိကိုယ်ကို) မွတ်စ်လင်မ်လို့သာ သုံးနှုန်းကြတာပါ” ဟု ဆင်တက်မော် မွတ်စ်လင်မ်ရွာ၏ ရွာလူကြီးဟောင်း ဦးကာလုက ဆိုသည်။
    ထိုရွာအနီး ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတို့နေထိုင်သော စင်အိရွာ၏လူကြီးလည်းဖြစ်၊ သူ၏မိတ်ဆွေဟောင်းလည်းဖြစ်သော ဦးထွန်းအေးသိန်းက ထိုအချက်ကို သဘောတူညီကြောင်း အများမြင်သာအောင် ခေါင်းညိတ်ပြလေသည်။
    ပေါက်တောမြို့နယ်ရှိ ဆင်တက်မော်နှင့် ၎င်းဝန်းကျင်မှ ဗုဒ္ဓဘာသာဝင် တံငါရွာတို့မှာ တစ်နေရာနှင့်တစ်နေရာ အလှမ်းဝေးကြ၏။ တစ်ဖက်တွင် တောင်တန်းများ၊ နောက်တစ်ဖက်တွင် ပင်လယ်ပြင်တည်ရှိပြီး ပြင်ပကမ္ဘာနှင့် သွားလာဆက်ဆံနိုင်ရန် လှေတစ်စင်းတော့ လိုအပ်ကြသည်။ ပူးပေါင်းဆောင်ရွက်မှု၌လည်းကောင်း၊ ကုန်သွယ်မှု၌လည်းကောင်း ဒေသခံ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့မှာ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နှစ်ကာလများစွာ နေထိုင်လာခဲ့ကြသူများဖြစ်သည်။
    ရခိုင်ပြည်နယ်တစ်ခွင်၌ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့အကြား လူမျိုးရေးတင်းမာမှုများသည် ပေါက်ကွဲလုမတတ် တအုံနွေးနွေး ဖြစ်နေသော်လည်း ဦးကာလုနှင့် ဦးထွန်းအေးသိန်းတို့က လူ့အဖွဲ့အစည်းခေါင်းဆောင်များအနေနှင့် သူတို့၏နယ်မြေစပ်ပေါ်ရှိသည့် ကယ်ဆယ်ရေးစခန်းတစ်ခုကို ကန့်ကွက်ဆန္ဒပြရန် လက်ချင်းချိတ်ထားကြကုန်သည်။ ထိုစခန်းမှာ လူအများ အိုးမဲ့အိမ်မဲ့ဒုက္ခသည်ဘ၀သို့ရောက်စေခဲ့သော ဘာသာရေးအကြမ်းဖက်မှုထက်ပင် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့၏ ကောင်းမွန်နေသည့်ဒေသတွင်းဆက်ဆံရေးအတွက် အန္တရာယ်ကြီးမားလာစေနိုင်ကြောင်း သူတို့ကဆိုသည်။
    ဆင်တက်မော်စခန်းတွင် ကမန်မွတ်စ်လင်မ်ပေါင်း ၂၂၀၀ ၀န်းကျင် နေထိုင်လျက်ရှိသည်။ သူတို့သည် ကျောက်ဖြူဒေသတွင် နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စ်လင်မ်တို့ထက် လူဦးရေများပြားသည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တစ်ဝှန်း အကြမ်းဖက်မှုကာလအတွင်း လူ ၂၀၀ သေဆုံးပြီး တစ်သိန်းလေးသောင်း အိုးအိမ်မဲ့ဒုက္ခသည်များ ဖြစ်ခဲ့ရသည်။ အများစုမှာ မွတ်စ်လင်မ်များဖြစ်သည်။ အဆိုပါစခန်းသို့ ထိုသူများသည် နေရပ်စွန့်ပြေးကာ ရောက်ရှိနေထိုင်လာခဲ့ကြသည်။
    “ဒုက္ခသည်စခန်း(က ပြဿနာတွေ)ကြောင့်သာမဟုတ်ရင် လူတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားပါလိမ့်မယ်” ဟု ဦးကာလု(၅၂ နှစ်)က ပြောပြသည်။ သူသည် ဆင်တက်မော်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ လတ်လတ်ဆတ်ဆတ် အနားယူထားပြီး နိုင်ငံသားပြုအဖြူရောင်ကတ်ပြား တစ်နည်း ယာယီနိုင်ငံသားကတ်ပြား ကိုင်ဆောင်ထားသူဖြစ်၏။ မိမိ၏လူမျိုးသည် မွတ်စ်လင်မ်၊ ဘာသာတရားသည် အစ္စလာမ်ဟု သူက ကြေညာပြောဆိုထားသည်။
    ရခိုင်အမျိုးသား ဦးထွန်းအေးသိန်း(၄၅ နှစ်)မှာ သူနှင့် အသက်အရွယ်ကွာခြားသော်လည်း ဘာသာနှစ်ရပ်၏ ရင်သွေးများ တစ်မိုးတည်းအောက်ပေါင်းစည်းရာ စာသင်ကျောင်းတစ်ခုတည်းတွင် အတူတက်ရောက်သင်ကြားခဲ့သူဖြစ်၏။ လူ့အဖွဲ့အစည်းတင်းမာမှု ကျယ်ပြန့်လာလင့်ကစား သူတို့နှစ်ဦးကမူ ဘုံတူညီချက်အများအပြားရှိနေသည့် မိတ်ဆွေရောင်းရင်းကောင်းများအဖြစ် ဖော်ထုတ်ပြောကြားနေသည်။
    “ကျုပ်တို့က သူငယ်ချင်းရောင်းရင်းတွေပဲဗျို့” ဟု တစ်ဦးကိုတစ်ဦး ဖက်ပွေ့ထားလျက် ဦးထွန်းအေးသိန်းက ရယ်ရယ်မောမော ပြောဆိုပါသည်။
    မြန်မာနိုင်ငံလူထုအများစုအမြင်၌ ယင်းသို့သော ချစ်ခင်ရင်းနှီးမှု မရှိနိုင်ဟု ယူဆကြပေမည်။ ၂၀၁၂ အကြမ်းဖက်မှုနောက်ပိုင်း ဗုဒ္ဓဘာသာဝင်ရခိုင်နှင့် မွတ်စ်လင်မ်တို့အကြား ဆက်ဆံရေးမှာ လုံးဝပြိုကွဲသွားပြီဖြစ်၍ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ပြန်လည်ရင်ကြားစေ့ပေးရေးအလုပ်မှာ မည်သို့မျှ မဖြစ်နိုင်တော့ဟု အဖွဲ့အစည်းများစွာက ယူဆသုံးသပ်ထားကြ၏။
    မကြာသေးမီ ခွာတော်မူနန်းစွန့်ခဲ့ရသည့် အစိုးရဟောင်းသည် လူ့အသိုင်းအ၀ိုင်းနှစ်ခုအကြား သွေးခွဲသော မူဝါဒတစ်ရပ်ကို သွတ်သွင်းကျင့်သုံးစေခဲ့သည်။ ၎င်းက ယခုတိုင် အသက်ငင်နေဆဲ။ လူဦးရေတစ်သန်းထက် မနည်းသော မွတ်စ်လင်မ်တို့မှာ နေထိုင်သွားလာရေးအတွက် တင်းကြပ်မှုများကို ရင်ဆိုင်နေရဆဲပင်။
    “၂၀၁၂ ခုနှစ်အလျင်က လူ့အသိုင်းအ၀ိုင်းအသီးအသီးအကြားက အခြေအနေတွေဟာ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့တစ်တွေလည်း တစ်ဖက်နဲ့တစ်ဖက် မိသားစုလိုက် သွားလာလည်ပတ်မှုတွေ ရှိခဲံကြတယ်။ ဒီရပ်ဝန်းအလယ်မှာ ကလေးတွေအားလုံး တက်ရောက်ကြတဲ့ စာသင်ကျောင်းတစ်ခုလည်း ရှိခဲ့တယ်။ အခုတော့ လူတွေက အပြန်အလှန် တရင်းတနှီး မရှိကြတော့ဘူး။ မေးထူးခေါ်ပြောလောက်သာ ဖြစ်ကုန်ကြပြီ” ဟု ဦးကာလုက ပြောပြသည်။
    မွတ်စ်လင်မ်ရွာသူရွာသားများအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု ကန့်သတ်ခံနေရခြင်းကဲ့သို့ ပြဿနာများ ရှိနေလင့်ကစား ဆင်တက်မော်ဒေသရှိ တင်းမာမှုများမှာ ရခိုင်ပြည်နယ်ရှိအခြားဒေသများလောက် မဆိုးရွားလှပါကြောင်း၊ အခြေအနေများသည် ပိုမိုကောင်းမွန်ပြေလည်လာနိုင်ကြောင်း၊ လူတို့အကြား ကုန်သွယ်ရောင်းဝယ်မှုများ ရှိနေကြောင်း၊ သွားလာမှုကန့်သတ်ခံရသည့် မွတ်စ်လင်မ်ရွာသားများသည်လည်း ရိက္ခာသယ်ယူရေးအတွက် နီးစပ်ရာ ဗုဒ္ဓဘာသာဝင်တို့အပေါ် မှီခိုနေရလေ့ရှိကြောင်း ထည့်သွင်းပြောကြားပါသည်။
    လူ့အသိုင်းအ၀ိုင်းနှစ်ရပ်အကြား ဆက်ဆံရေးကိစ္စများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဦးထွန်းအေးသိန်းက အောက်ပါအတိုင်း ထောက်ပြဖြေကြားခဲ့၏။
    “ဘာသာရေးနဲ့ ငွေရှာလို့မရပါဘူး။ စီးပွားရေးနဲ့ ငွေရှာရတာပါ။ အသိုင်းအ၀ိုင်းနှစ်ရပ်အကြားမှာ လူမှုရေးပြဿနာ ကြီးကြီးမားမား ရှိမနေကြပါဘူး။ စီးပွားရေးပြဿနာကလွဲလို့ပေါ့။ IDP စခန်းတွေ ရောက်မလာခင်က ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ် နှစ်ဖက်စလုံးဟာ သောက်သုံးရေ၊ ငါးဖမ်းလုပ်ငန်းနဲ့ အခြားသော အခြေခံအရင်းအမြစ်များကို အတူတစ်ကွ မျှဝေခံစားခဲ့ကြတယ်။ ဒါပေမယ့် အခုကျတော့ အချိုးညီအောင် မလုံလောက်ကြတော့ဘူး။ တကယ်လို့ လုံလောက်မယ်ဆိုရင် နှစ်ဖက်နှစ်ဝဒေသခံလူတွေအတွက် မိတ်ဆွေဖြစ်လာဖို့ သိပ်လွယ်ကူလှပါတယ်။ ဒီ IDP စခန်းက ဒုက္ခသည်များဟာလည်း အကြမ်းဖက်မှုဒဏ် ခံစားထားရတော့ ကွဲပြားတဲ့အမြင်တွေ ရှိနေမှာပဲ။ အာရကန်(ဗုဒ္ဓဘာသာရခိုင်)တွေက သူတို့ကို ဒုက္ခပေးကြမလားဆိုပြီး စိုးရိမ်နေကြတယ်။ အဲ့ဒီဂယက်က ဒေသခံမွတ်စ်လင်မ်တွေကြားထဲကိုလည်း ရိုက်ခတ်မှုရှိလာတယ်။ ဒါကြောင့် မူလကတည်းက ဒီရေမြေမှာအတူမှီတင်းနေထိုင်လာကြတဲ့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေကို သူတို့ရဲ့မူရင်းနေရပ်ဆီ ပြန်ပို့ပေးဖို့ အထက်အာဏာပိုင်ကို ပူးပေါင်းတောင်းဆိုကြပါတယ်”။
    ဒေသခံများက မိမိတို့ကိုထွက်ခွာစေလိုသည့်အတွက် မိမိတို့လည်း နေရပ်ပြန်လိုကြောင်း ကနဦးပိုင်းတွင် The Myanmar Times သို့ ဒုက္ခသည်များပြောပြခဲ့ကြသည်။ သို့သော် ရခိုင်ပြည်နယ်အစိုးရကမူ မည်သည့် သဘောထားကိုမျှ ထုတ်ဖော်ခြင်း မပြုသေးချေ။
    “ပထမဆုံးအနေနဲ့ လွန်ခဲ့တဲ့သုံးလက လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနဆီ ကျွန်တော်တို့ စာရေးပေးပို့ကြတယ်။ ဒါပေမယ့် နောက်တက်မယ့်အစိုးရကို တင်ပြပေးပါမယ်လို့ သူတို့က ပြောတယ်။ ခုချိန်ထိ နောက်ထပ် ဘာအသံမှ မကြားရတော့ဘူး” ဟု ဦးကာလုက ဆိုသည်။
    မိမိနှင့် မိမိအသိုင်းအ၀ိုင်းအတွက် ဦးကာလု၏ ရိုဟင်ဂျာဝိသေသငြင်းပယ်ချက်သည် နိုင်ငံရေးအရ ရေလိုက်ငါးလိုက် ပြောဆိုခြင်းဟုတ်မဟုတ် အသေအချာ မသိရပေ။ အဘယ်ကြောင့်ဆိုသော မိမိကိုယ်ကို အလယ်အလတ်လမ်းစဉ်သမားဟု ခံယူထားသူ မြန်မာလူထုများစွာတို့ပင်လျှင် ထိုဝေါဟာရအပေါ် ခါးသည်းနေခြင်း၊ ဗုဒ္ဓဘာသာဝင်အစွန်းရောက်အမျိုးသားရေးဝါဒီများအတွက် လက်ကိုင်ခလုတ်သဖွယ်ဖြစ်နေခြင်းကြောင့်တည်း။
    နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ၎င်းရွာကို ရိုဟင်ဂျာရွာဟု သတ်မှတ်ဖော်ပြခဲ့သော်လည်း အဘယ်ကြောင့် ယင်းသို့သမုတ်ကြောင်းကိုမူ ရှင်းလင်းချက် မပေးနိုင်ခဲ့ပါ။
    အတိတ်ကာလမွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ရိုဟင်ဂျာအဖြစ် သတ်မှတ်ထားမှု မရှိကြောင်း၊ ၂၀၁၂ အကြမ်းဖက်မှုတွင် ညှင်းပန်းနှိပ်စက်ခံလိုက်ရသည့် လူတစ်စုအား မီးမောင်းထိုးပြချိန်မှစ၍ ယင်းကဲ့သို့ အသံထွက်လာကြောင်း ရခိုင်လူမျိုးအချို့က ဆိုသည်။
    ဦးကာလုကမူ မိမိ၏ကိုယ်ပိုင်သတ်မှတ်ချက်အား ဤသို့ ပြတ်သားစွာ တင်ပြပါသည်။
    “ကျွန်တော်တို့အပေါ် ရိုဟင်ဂျာ သို့မဟုတ် ဘင်ဂါလီလို့ ခေါ်ဝေါ်နေခြင်းကို လက်မခံပါဘူး။ ကျွန်တော်ဟာ မွတ်စ်လင်မ်ဖြစ်ပါတယ်။ ကျွန်တော့်အဖိုးနဲ့အဖွားက အစိမ်းရောင်နိုင်ငံသားကတ်တွေကို ကိုင်ဆောင်ခဲ့ကြသူပါ။ ဒီကလူတွေအများစုဆီမှာ အစိမ်းရောင်ကတ်၊ ပန်းရောင်ကတ်၊ အဖြူရောင်ကတ် တစ်ခုမဟုတ်တစ်ခု ရှိနေကြပါတယ်။ ကျွန်တော်တို့ဘိုးဘွားတွေရဲ့အဆိုအရ ဒီရွာရဲ့သက်တမ်းဟာ နှစ်ပေါင်း ၈၀၀ ၀န်းကျင်ရှိနေပါပြီ”။
    ၎င်းနောက် ဦးထွန်းအေးသိန်းအား ရွာ၏သက်တမ်းများနှင့်ပတ်သက်သော ဦးကာလုအဆိုနှင့်စပ်လျဉ်း၍ မည်သို့သဘောထားရှိကြောင်း သီးသန့်တွေ့ဆုံမေးမြန်းရာ “မဖြစ်နိုင်ပါဘူး။ ချဲ့ကားပြောဆိုတဲ့ လက်ဆင့်ကမ်းစကား ဖြစ်ပါလိမ့်မယ်” ဟု ရယ်မောလျက် ပြောသည်။ သို့ပင်သို့ငြား ယင်းမွတ်စ်လင်မ်ရွာသည် မိမိတို့၏ရွာထက် ဦးစွာ တည်ခဲ့ခြင်းဖြစ်ပြီး ပို၍သက်တမ်းရှည်ပါကြောင်း၊ ခန့်မှန်းခြေအားဖြင့် ယင်းလူ့အဖွဲ့အစည်းမှာ နှစ်ပေါင်း ၈၀ မှ ၁၀၀ အထိ ကြာမြင့်ပြီဖြစ်ကြောင်းကိုမူ လိုလိုလားလားပင် အသိအမှတ်ပြောကြားခဲ့ပေသည်။
    တွေ့ဆုံပြောကြားမိသော အနီးဝန်းကျင် ဗုဒ္ဓဘာသာဝင်များသည် ဆင်တက်မော်ကျေးရွာ၏ မူလဘူတနေထိုင်သူတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် မသတ်မှတ်ကြောင်း အခိုင်အမာသက်သေတစ်ရပ်ဖြစ်နေပေသည်။
    ဆက်တက်မော်ကျေးရွာအုပ်စုငါးစုအနက်တစ်ခုမှာ မွတ်စ်လင်မ်ရွာဖြစ်ပြီး ယခုသော် လူဦးရေ ၃၇၀၀ ခန့် ရှိနေသည်။ ၎င်းတို့အနက်အချို့မှာ ကျောက်ဖြူမှ တိမ်းရှောင်လာသူများဖြစ်ပြီး IDP စခန်းတွင်မနေဘဲ ထိုဒေသ၌ အခြေချသဖြင့် မူလထက် လူဦးရေတိုးပွားလာခဲ့သည်။
    ဆင်တက်မော်၏ ကျန်ကျေးရွာအုပ်စုလေးခုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး လူဦးရေ ၂၀၀၀ ခန့်ရှိကြောင်း ရွာလူကြီးများက ဆိုသည်။ မွတ်စ်လင်ရပ်ကွက်များနှင့် ဘေးချင်းကပ်လျက်တည်ရှိနေသော ပိုက်စိပ်ကျေးရွာငယ်တွင် ဗုဒ္ဓဘာသာဝင် ၁၅၀ ခန့်သာ မှီတင်းနေထိုင်ကြ၏။ ၎င်းတို့ကလည်း အဓိကပြဿနာမှာ ဒုက္ခသည်စခန်းဖြစ်ကြောင်း ဆိုကြ၏။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်တွေ့ရသည့်သူတစ်ဦးကလည်း “ဒုက္ခသည်စခန်းသာမရှိရင် ကျွန်တော်တို့အားလုံး အတူတစ်ကွ ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်ပါတယ်။ အဲ့ဒါက မွတ်စ်လင်မ်လူဦးရေ ပိုမိုများပြားလာစေတဲ့အတွက် ပြဿနာဖြစ်လာရတယ်။ ကျွန်တော်တို့လည်း ရင်တထိတ်ထိတ်ပါပဲ” ဟူ၍ ပြောဆိုခဲ့သည်။
    ဦးကာလုနှင့် ဦးထွန်းအေးသိန်းတို့၏စကားများ၌ အခြေခံအားဖြင့် တူညီချက်ရှိနေသည်ကို တွေ့ရ၏။
    “၂၀၁၀ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီးတဲ့နောက် UNDP က ဒီဖက်မှာ မုန်တိုင်းကာတံတိုင်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘတ်ဂျက် မလုံလောက်ဘူး။ ဒါကြောင့် နေရာအတော်များများက မုန်တိုင်းကို မကာကွယ်နိုင်ဘူး။ ရာသီဥတုအပြောင်းအလဲကလည်း အခြေအနေကို ပိုဆိုးဝါးလာစေတယ်” ဟု ဦးထွန်းအေးသိန်းက ပြောပြသည်။
    ကျွန်ုပ်တို့ သတင်းအဖွဲ့နှင့်အတူလိုက်ပါလာကြသော ကလေးငယ်များသည် ပင်လယ်ကမ်းခြေတစ်နေရာအရောက်တွင် မမြင်ရသောအတားအဆီးတစ်ခုကို ကြုံတွေ့သည့်အလား တုန့်ကနဲ ရပ်တန့်လိုက်ကြသည်။ ထိုနေရာရှိ ကျိုးပျက်နေသည့်နံရံ၌ အပေါက်တစ်ခု ပွင့်လှပ်နေသည်။ ၎င်းသည် မွတ်စ်လင်မ်ရပ်ကွက်အဆုံးနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ရပ်ကွက်အစ ဖြစ်သည်။
    သူတို့သည် ဘာသာရေးတင်းမာမှုများကို နားလည်နိုင်သေးသော အရွယ်မဟုတ်၊ သို့သော် လူ့အဖွဲ့အစည်းနှစ်ရပ် ခွဲခြားခံနေရကြောင်းကိုမူ သိရှိနေကြပေသည်။
    ထိုအခြေအနေမျိုးမှာ ပဋိပက္ခမတိုင်ခင် နှစ်အနည်းငယ်အထိ မဖြစ်ခဲ့စဖူး၊ ဘာသာတရားနှစ်ဖက်လုံးမှ ကလေးငယ်တို့သည် တစ်ကျောင်းတည်း အတူတက်ခဲ့ကြကြောင်း ကျေးရွာအကြီးအကဲများက ဆိုသည်။ သူတို့သည် ရခိုင်နယ်သားအားလုံး၏အနာဂတ်အတွက် မျှော်လင့်ချက်ထားရှိနေကြဆဲ ………..
    ဦးကာလု၏ရင်တွင်းစကားကို ရင်ဖွင့်နားဆင်ကြည့်လိုက်ပါလေ။
    “ဒီနယ်မြေမှာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အတူတစ်ကွ နေထိုင်ရှင်သန်ခဲ့ကြပြီးပါပြီ။ နောက်တစ်ကြိမ် (ငြိမ်းချမ်းစွာ) အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက်တော့ အနာဂတ်ပြဿနာတစ်ရပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မထင်မြင်ပါဘူး။ ဒါပေမယ့် တခြားဒေသများအတွက်တော့ အစိုးရပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အရေးအရာအားလုံးကို ဆုံးဖြတ်နေတာက အာဏာပိုင်အစိုးရပါ။ ငြိမ်းချမ်းစွာ အတူတစ်ကွ ယှဉ်တွဲနေထိုင်ကြပါလို့ လူတွေကို ကြားကောင်းယုံပြောနေတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ဗျာ”။
    (The Myanmar Times မှ Fiona Macgregor နှင့် Nyan Lynn Aung ရေးသားသော Rakhine Buddhists and Muslims form an unlikely alliance ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။)
  • ဝယ်၍မရသော အတွေးစများ
    ဝယ်၍မရသော အတွေးစများ
    မေ ၁၀ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။
    images
    လူအမျိုးမျိုးမို့ ဝါသနာအမျိုးမျိုး ရှိကြသည်ပေါ့။ တချို့ကတော့ စာဖတ်ခြင်းကို အရူးအမူးစွဲလမ်းကြတယ်။ စာစုံဖတ်တယ်။ စာပေရဲ့ရသကို တစိမ့်စိမ့်ခံစားတယ်။ စာဖတ်ခြင်းဟာ စာဖတ်သူကို သီးခြားကမ္ဘာလေးတစ်ခုထဲမှာ နစ်မျောစေနိုင်သည်ပဲ။ စာဖတ်နာချင်သူဆိုရင်တော့ စာရေးသူကပေးတဲ့ အတွေးနဲ့ ဒဿနတွေကို လွယ်လွယ်ကူကူ မှတ်ယူလေ့မရှိကြဘူး။ အထပ်ထပ်အပြန်ပြန် ပယ်သင့်သည်ကို ပယ်တတ်ပါတယ်။ စာကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရတာဟာ ဘာနဲ့မတူအောင် ရင်မှာထိရှိပြီး တသသဖြစ်နေရော။ အသပ်အရွယ်ရလာတဲ့တိုင် နှလုံးသားထဲ စွဲထင်ကျန်ရစ်နေတဲ့ စာမျိုးကိုတော့ မေ့ပစ်နိုင်စွမ်းမရှိပါဘူး။ စာရေးသူရဲ့ အတွေးတွေဟာ ဘဝအတွက် ခွန်အားတွေ၊ အားမာန်တွေ ဖြစ်ရသည်လည်း ရှိသလို တစ်ဘဝစာ မေ့မရအောင် တရှိုက်မက်မက် ဖြစ်ရတာမျိုးလည်း ရှိတတ်တာပါပဲ။ ဒါက စာဖတ်သူရဲ့အပိုင်း။
    စာရေးသူဘက်ကရော ဦးနှောက်ရော နှလုံးသားပါမကျန် ရင်မှာခံစားပြီးမှ စာတစ်ပုဒ်ကို ရေးချလိုက်ရတာဆိုတော့ တန်ဖိုးထားအပ်တဲ့ ရတနာတစ်ပါးလို့ ဆိုရမှာပါ။ သုတပဲဖြစ်ဖြစ် ရသပဲဆိုဆို ကိုယ်စွမ်းဥာဏ်စွမ်း စိုက်ထုတ်ရတာခြင်းကတော့ မကွာလှပါဘူး။ စာတစ်ပုဒ်ရဲ့ အသက်လို့ဆိုရမယ့် အတွေးတစ်စကိုတော့ စာရေးသူက မျှဝေခံစားစေတာအမှန်။ စာဖတ်သူရဲ့ဆန္ဒနဲ့ ကိုက်ညီ၊ မညီဆိုတာကတော့ သူ့သဘောနဲ့သူ။
    စာရေးခြင်းဆိုတဲ့ အတတ်ပညာဟာ ရော့.. အင့်လို့ ချပေးမရတဲ့ အစွမ်းထက်တဲ့ပညာရပ်ပါ။ ဒါကြောင့်ပဲပေါ့။ စာရေသူဦးရေဟာ ကိန်းဂဏန်းအများကြီးမရှိတာကိုသာကြည့် လို့ ရင်းနှီးတဲ့စာရေးစရာတစ်ဦးက ပြောဖူးပါတယ်။ စာတစ်ပုဒ်ရေးမယ်လို့ စိတ်ကူးလိုက်ရင် အတွေးစတွေကို စုစည်းရတာ အခက်ခဲဆုံး၊ စိတ်ကူးယဉ်ဖြစ်ဖြစ်၊ အတွေ့အကြုံပဲဖြစ်ဖြစ်ပေါ့။ ဟော ပြီးစီးသွားပြီဆိုတော့လည်း ရင်ထဲမှာ ကြည်ကြည်နူးနူးကြီးဖြစ်ပြီး ဝန်ပေါ့သွားသလို ခံစားရတတ်တာ ယေဘုယျ သဘာဝလို့ ပြောရမှာပါ။ ကျွန်မရဲ့စာရေးသက်တမ်းလျှောက်မှာ ဒီလိုပဲ ခံစားဖြစ်ခဲ့ပါတယ်။
    တနင်္ဂနွေတစ်နေ့ အလုပ်အားရက်မှာ ကျွန်မရဲ့သူငယ်ချင်းမနွယ်က ဖုန်းဆက်လာတယ်။ သူ့အဒေါ်က ကျွန်မကိုတွေ့ချင်လို့ မှာတယ်ဆိုတဲ့အကြောင်း မနွယ်ပြောပြထားလို့ အန်တီစိုးအကြောင်းကို သိတန်သလောက် သိထားပါတယ်။
    အန်တီစိုးက (အငြိမ်းစား) တက္ကသိုလ်ပါမောက္ခတစ်ဦး။ စာပေဝါသနာကြီးတယ်။ နည်းပြဆရာဘဝကတည်းက ကဗျာတွေရေးခဲ့တယ်။ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတွေမှာလည်း ရေးလေ့ရှိတယ်။ ကျွန်မစာတွေကိုလည်း ဖတ်ပြီး ဝေဖန်လေ့ရှိပါတယ်။ မနွယ်လိုပဲ ကျွန်မကလည်း အန်တီစိုးလို့ တရင်းတနှီး ခေါ်ဝေါ်သုံးစွဲတယ်။ အန်တီစိုးဟာ ပညာထူးချွန်တာကြောင့် မဟာဘွဲ့အတွက် တစ်ကြိမ်၊ ပါရဂူဘွဲ့အတွက် တစ်ကြိမ်၊ နိုင်ငံခြားပညာသင်ဆု ချီးမြှင့်ခံခဲ့ရတယ်။
    မနွယ်တို့အိမ်ကိုရောက်သွားတော့ အန်တီစိုးကို ကျန်းကျန်းမာမာနဲ့ တွေ့ရတယ်။ အသက် (၇၀) ကျော်ဆိုပေမယ့် ကျန်းမာရေးကို ဂရုစိုက်တာကြောင့် အန်တီစိုးဟာ သွက်လက်ဖျက်လတ်တုန်း။ ကျွန်မကိုတွေ့တော့ အားရဝမ်းသာနှုတ်ဆက်တယ်။
    “ခင်လေးကို အန်တီပြစရာလည်း တစ်ခုရှိတယ်။ ပြောစရာလေးရှိလည်းရှိလို့ မနွယ်နဲ့မှာလိုက်တာ။ အားမှ အားရဲ့လားဟင် အချိန်ရောရရဲ့လား”
    “ရပါတယ်  အန်တီ။ အန်တီနဲ့လည်း တွေ့ချင်ပါတယ်။ အန်တီ့ဆီက ဗဟုသုတတွေရတာဆိုတော့ ကျွန်မအတွက် တကယ့်ကို အကျိုးရှိတာပါ”
    အန်တီစိုး မနွယ်နဲ့ ကျွန်မတို့သုံးယောက် စကားစမြည်ပြောနေကြတုန်းမှာပဲ။ အန်တီစိုးက သူ့အခန်းထဲကို ဝင်သွားပြီး စာအိတ်ရှည်ကြီးတစ်ခု ယူလာပြီးပေးတယ်။
    စာအိတ်ကိုဖွင့်လိုက်တော့ ဝါကြန့်ကြန့်ဖြစ်နေတဲ့ စာရွက်လေးငါးရွက်ကို တွေ့လိုက်ရတယ်။ ညီညာလှပတဲ့ လက်ရေးလေးတွေက မိန်းကလေးလက်ရေးဖြစ်မှာပဲလို့ ထင်လိုက်တယ်။ Dear Soe အစချီတဲ့ စာရှည်ကြီးကို မဖတ်ရသေးခင် အန်တီစိုးက ပြောလိုက်တယ်။
    “အန်တီ မဟာဘွဲ့အတွက် ပထမအကြိမ် အနေနဲ့ အင်္ဂလန်ကို သွားခဲ့ရတယ်။ မြန်မာနိုင်ငံမှာတုန်းကတည်းက ကဗျာလေး ရေးနေကျဆိုတော့ ဟိုရောက်တော့လည်း အဲဒီကမဂ္ဂဇင်းတစ်ခုကို အင်္ဂလိပ်ကဗျာရှည်တစ်ပုဒ်ရေးပို့လိုက်တာ ပါလာတယ်။ ဒါနဲ့ နောက်တစ်လလောက်မှာ နောက်ထပ်ကဗျာတစ်ပုဒ် ရေးပြန်တယ်။ သိပ်မကြာပါဘူး။ အဲဒီမဂ္ဂဇင်းတိုက်ကတစ်ဆင့် အန်တီဆီကို ဒီစာရောက်လာတော့တာပါပဲ။ စာကိုတော့ ခင်လေးအိမ်ကိုယူသွားပြီး အေးအေးဆေးဆေးဖတ်ကြည့်။ နောက်တစ်ပတ်လောက်ကျရင် အန်တီနဲ့ ပြန်တွေ့ကြတာပေါ့။ မကောင်းဘူးလား”။
    “ဟုတ်ကဲ့ အန်တီ။ နောက်အပတ် တနင်္ဂနွေနေ့မှာ ကျွန်မ အန်တီ့ဆီကို ဆက်ဆက်လာခဲ့ပါမယ်။”
    အိမ်ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျွန်မစာအိတ်ကို ဖွင့်ဖတ်ဖြစ်တယ်။ နှစ်ပေါင်းများစွာက စာရွက်လေးမို့ ဟောင်းနွမ်းနေပေမယ့် မင်ရောင်ရင့်ရင့်နဲ့ရေးထားတဲ့ စာသားတွေကိုတော့ ကောင်းကောင်းကြီး ဖတ်လို့ရပါတယ်။
    “ဆရာမစိုးရဲ့ကဗျာက အမေနဲ့သမီးအကြောင်းမို့ ကျွန်မခံစားရလွန်းတာကြောင့် ဆရာမဆီကို စာရေးမိတာပါ။ အချိန်ပေးပြီးဖတ်ပါလို့ ကျွန်မအနူးအညွတ် တောင်းပန်ပါတယ်နော်။”
    “ကျွန်မနာမည်က အင်မလီ။ ကျွန်မရဲ့အကြောင်းစုံကို ဖတ်ပြီးတဲ့အခါ ဆရာမအတွက် ကဗျာတစ်ပုဒ် ရေးဖွဲ့နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မမှာ မျိုးရိုးနာမည်မရှိပါဘူး။ အင်မလီလို့ပဲ သိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကို မွေးကင်းစအရွယ်ကတည်းက မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တာကြောင့်ပဲ။ ဘယ်သူကပို့တယ်။ မိဘဘယ်သူဆိုတာ ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မဟာ သာမန်မိန်းကလေးတစ်ဦးပါပဲ။ ချောချောလှလှ မဟုတ်ပါဘူး။ ပညာလည်း မတော်ပါဘူး။ ကျွန်မကို မွေးစားဖို့သူလည်းမရှိတော့ မိဘမဲ့ကျောင်းမှာပဲ အသက်ပြည့်တဲ့အထိနေထိုင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ကျောင်းကအစီအစဉ်နဲ့ပဲ သိုးမွေးစက်ရုံတစ်ရုံမှာ ကျွန်မအလုပ်ဝင်ရတယ်။ တစ်ပတ်မှာ (၆) ရက်အလုပ်ဆင်းရပြီး တနင်္ဂနွေတစ်ရက်တော့ နားရပါတယ်။ အဲဒီတုန်းက ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပေါ့။”
    “ကျွန်မလည်း တနင်္ဂနွေအားရက်မှာ ကျောင်းနားက ပန်းခြံလေးတစ်ခုကို သွားလေ့ရှိတယ်။ အဲဒီမှာ ကျွန်မလိုပဲ ပန်းခြံကိုလာလေ့ရှိတဲ့ လူတစ်ယောက်နဲ့ မျက်မှန်းတန်းမိရာက မိတ်ဆွေဖြစ်သွားကြရော။ ကျောင်းကအုပ်ချုပ်ရးမှူးက မှာထားတာတော့ရှိတယ်။ ဘယ်သူစိမ်းယောကျာင်္ားတစ်ယောက်ကိုမှ သူများမိတ်ဆက်မပေးဘဲနဲ့ မိတ်ဆွေမဖွဲ့ရဘူး။ ဒါပေမယ့် သူ့(ဂျွန်) ကိုကြည့်ရတာ လူရိုးလူကောင်းလို့ ခန့်မှန်းမိတာကြောင့် ကျွန်မတို့ချင်း ခင်မင်ရင်းနှီးခဲ့ကြတယ်။”
    “ဂျွန်က ပြောပြတယ်။ သူဟာ ကျွန်မတိုမြို့လေးရဲ့ အစွန်းမှာ စခန်းချနေတဲ့ တပ်သားတစ်ယောက်ပါတဲ့။ သူ့အမေက တခြားမြို့မှာရှိတယ်တဲ့လေ။ သိပ်မကြာပါဘူး။ သူက ကျွန်မကိုချစ်တယ်လို့ ပြောလာတယ်။ ဒါပေမယ့် လက်ထပ်ဖို့တော့ အချိန်ယူရမယ်ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေက လုံးဝသဘောတူမှာ မဟုတ်လို့ဘဲ။ သူ့လခရယ် ထောက်ပံ့ကြေးအားလုံးကို အမေ့ကိုပို့ပေးရတဲ့အပြင် အသက်အာမခံကိုလည်း အမေ့နာမည်နဲ့ပဲ ထားတာကြောင့်လို့ ပြောပါတယ်။”
    “ကျွန်မက ဝင်ငွေရှိတဲ့အပြင် သူ့ကိုအရမ်းချစ်တာကြောင့် သူ့လစာငွေကို လုံးဝထည့်မစဉ်းစားကြောင်း ပြောပြလိုက်တယ်။ အဆုံးမှာ ကျွန်မတို့လက်ထပ်ဖြစ်ကြတယ်။ အိမ်သေးသေးလေးတစ်လုံးဌားပြီး နေကြတယ်။ ကျွန်မတို့ အရမ်းပျော်ခဲ့ကြတယ်။ ဂျွန်ဟာ ကျွန်မအပေါ် အရမ်းကြင်နာတယ်။ ကျွန်မဘဝဟာ ကံကောင်းလာပြီလို့ ကျွန်မယုံကြည်နေတုန်းမှာ ဂျွန်ဟာတိုက်ပွဲထွက်ဖို့ အမိန့်ကျလာတယ်။ သီတင်းခြောက်ပတ်လောက်အကြာမှာ ကျွန်မဆီကို သတင်းရောက်လာတယ်။ ဂျွန်တိုက်ပွဲမှာ ကျသွားပီတဲ့။ ကျွန်မ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ အဲဒီအချိန်မှာ ကျွန်မသမီးလေး ကိုယ်ဝန်ကို ကျွန်မလွယ်ထားရပြီလေ”
    ပြောရဦးမယ်။ ဂျွန်ဆီက ကျွန်မလက်ဆောင်ထုပ်လေးတစ်ထုပ် ရလိုက်တယ်။ သတင်းဆိုးကြီးနဲ့အတူပေါ့။ အဲဒါကတော့ ကျွန်မတို့လက်ထပ်တုန်းက သူမပေးဖြစ်ခဲ့တဲ့ လက်ထပ်လက်စွပ်လေးတစ်ကွင်းနဲ့ ကလေးစောင်လေးတစ်ထည်။ ကျွန်မလေ ကိုယ့်ကိုကိုယ် အားတင်းလိုက်တယ်။ ဂျွန်ကျွန်မဆီက ထွက်သွားပေမယ့် ကျွန်မအတွက် သမီးလေးထားရစ်ခဲ့ပေးတာကိုပေါ့။ သမီးလေးကိုမွေးပြီး တစ်လခွဲအကြာမှာ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ အပ်လိုက်တယ်။ ကျွန်မငယ်ငယ်တုန်းကဘဝမျိုးတော့ မဟုတ်တော့ဘူးပေါ့။ ကျွန်မလေ သမီးလေးအတွက် ပိုပြီးအလုပ်လုပ်တယ်။ သမီးလေးကို ဂျွန်ပေးထားတဲ့စောင်လေးနဲ့ ထွေးပတ်ထားရတာ ကျွန်မအနားမှာ ဂျွန်ရှိနေသလို ခံစားရတယ်။ သမီးလေးနဲ့ ကျွန်မဘဝဟာ သိပ်ကိုပျော်စရာကောင်းပါတယ်။ သမီးလေးဟာ သူ့အဖေနဲ့တူပြီး သိပ်ချစ်စရာကောင်းပါတယ်။
    တစ်နေ့ ကျွန်မအလုပ်ရုံမှာရှိနေတုန်း သမီးကျောင်းက ဖုန်းဆက်လာတယ်။ ကျောင်းကို အမြန်ဆုံးလိုက်ခဲ့ပါတဲ့။ သမီးလေးဟာ အဖျားကြီးရာက အသက်ပါဆုံးသွားခဲ့ရပြီလေ။ ကျွန်မဘဝတစ်လုံး ဘာအလင်းရောင်မှ မရှိတော့ဘူး။ မှောင်မည်းနေပြီ။ ကျွန်မဘာဆက်လုပ်ရမှာလဲဟင်။ ဆရာမပြောသလို အမေနဲ့သမီးကြား မေတ္တာတရားဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဒါပေမယ့် ကျွန်မမှာက ချစ်ဖို့သမီးလေးမှ မရှိတော့တာဘဲ။ ကျွန်မချစ်တဲ့သူအားလုံး ကျွန်မအနားမှာ မရှိတော့ဘူးပါရှင်။ ကျွန်မရင်ထဲက ခံစားမှုတွေကို ဆရာမရယ် ကဗျာလေးတစ်ပုဒ်လောက် ဖွဲ့ပေးပါလားဟင်။ ကျွန်မရင်ထဲက ဝေဒနာများ လျော့သွားမလားလို့ပါ။ ဆရာမရေ အတွေးဆိုတာ ဝယ်လို့ရတာမျိုး မဟုတ်ပါဘူးနော်။
    ပြောရဦးမယ်။ ကျွန်မလေ အခုတော့ ကျွန်မဘဝစခဲ့ရတဲ့ မိဘမဲ့ကျောင်းကို ပြန်ရောက်သွားပါပြီ။ ကျောင်းအမှုထမ်းလုပ်ရင်း ကျွန်မလို၊ ကျွန်မသမီးလေးကို ဘဝတူကလေးတွေနဲ့ပဲ ပျော်အောင်နေနေပါတယ်ရှင်။
    ချစ်ခင်လေးစားလျက်
    အင်မလီ
    စာကိုဖတ်ပြီး ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အန်တီစိုးနဲ့ဆုံတော့ မေးတယ်။ ဘယ်လိုလဲ ခင်လေး စာဖတ်ပြီးပြီလားတဲ့။
    “စာကစိတ်ဝင်စားစရာကောင်းပါတယ် အန်တီ။ ဒါနဲ့ အန်တီနောက်ပိုင်းမှာ အင်မလီနဲ့ ဆက်သွယ်ဖြစ်သေးလား။”
    “အန်တီ သူ့ကိုအဆက်အသွယ် လုပ်ခဲ့ပါသေးတယ်။ အန်တီ အိမ်မပြန်ခင် သူ့ကိုစာတိုက်ကတစ်ဆင့် ကဗျာလေးတစ်ပုဒ်ရေးပို့လိုက်ပြီး ငွေလည်း ပို့လိုက်ပါတယ်။”
    “ဒါပေမယ့် အန်တီ့ကဗျာကို သူမဖတ်လိုက်ရဘူး”
    “ဘာဖြစ်လို့လဲဟင်”
    “အန်တီ့စာမရောက်ခင်တစ်ရက်ကပဲ အင်မလီဟာ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားပြီတဲ့။ အင်းလေ သူ့နှလုံးသားမှာ ဒဏ်ရာအထပ်ထပ် ရနေမှတော့ကွယ်”
    ကျွန်မအတွေးထဲမှာ သူမအကြောင်းတွေက တဝဲလည်လည် ဖြစ်ခဲ့ရပါတယ် ဆိုတာကိုတော့။
    နှင်းဆီခင်
  • Aleppo မြို့စစ်မြေပြင်မှ ခလေးငယ်များ
    Aleppo မြို့စစ်မြေပြင်မှ ခလေးငယ်များ
    မေ ၁၀ ၊ ၂၀၁၆
    မင်းသိန်း ရေးဖွဲ့သည်။
    A Syrian woman comforts her children aft...A Syrian woman comforts her children after their house in the Sahour nieghbourhood of the northern Syrian city of Aleppo was bombed on May 14, 2014. Once home to some 2.5 million residents and considered Syria's economic powerhouse, Aleppo has been divided between government and opposition control since shortly after fighting there began in mid-2012. FP PHOTO / ZEIN AL-RIFAIZEIN AL-RIFAI/AFP/Getty Images
    ဧည့်ခန်းကျယ်ကြီးအတွင်း လူသံတိတ်ဆိတ်နေသည်။တချက်တချက် ခပ်ပြင်းပြင်း နှလုံးခုံသံတစ်ခု ကြားရရုံမှအပ အခန်းတခန်းလုံး တိတ်ဆိတ်လျှက်ရှိသည်။ အာရပ်ကော်ဖီကရား ပူပူကို လက်တဖက်က ကိုင်ရင်း ခွက်ထဲကို ကော်ဖီငှဲ့ထည့်နေတဲ့ အသက် ၄၀ ကျော် အမျိုးသ္မီးတစ်ဦးရဲ့ မျက်နှာပြင်မှာ သူမရဲ့ ရင်တွင်းက ဝေဒနာမီးတောက်ကို အထင်းသားမြင်နေကြရတယ်။
    ” ဒီလို မနက်စောစော ကော်ဖီ သောက်တဲ့အချိန်ဟာ ကျွန်မအတွက် ရူးမတတ်ခံစားရတဲ့ အချိန်တချိန်ပါဘဲရှင်”။
    သား၊သမီး ၄ ယောက်ရဲ့ မိခင် Hala က တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းကို သူမရဲ့ နှလုံးသားထဲက ပွင့်အံထွက်လာတဲ့ စကားလုံးတွေနှင့် ဖြိုခွင်းလိုက်တယ်။ ခရားရေလွှတ်ထွက်လာတဲ့ သူမရဲ့ စကားတွေကို နားထောင်ရင်း ဧည်သည်တစ်စု အသက်ရှူ ဖို့ မေ့နေတဲ့အလား ဖြစ်နေကြတယ်။ ” မနက်စောစော အိပ်ယာထတိုင်း ကျွန်မရဲ့ ပထမဆုံးအလုပ်က ကော်ဖီ အိုးပြေးတည်ရတယ်။ သူနှင့်အတူ ကော်ဖီ ထိုင်သောက်ရတယ်။ သူအလုပ်သွားပြီဆိုမှ အိမ်အလုပ်တွေကို စလုပ်ရတာ။ တခါတခါ အလုပ်ထဲကနေ အလုပ်နားရင် သူ ကော်ဖီလာသောက်မယ်ဆိုပြီး ဖုန်းလှမ်းဆက်တယ်။ သူက ကော်ဖီအရမ်းကြိုက်တာ။ အရသာခံပြီးလဲ တစိမ့်စိမ် သောက်တတ်တယ်။ စားစရာဘာမှမရှိရင် နေပါစေ၊ ကော်ဖီ ခါးခါးလေးတစ်ခွက်ရရင် သူ့အတွက် လုံလောက်ပြီ” ။ Hala ပြောပြနေတဲ့ (သူ) ဆိုတာ အာဏာရှင် Assad ရဲ့ အစိုးရကို ပထမဆုံး လက်နက်ကိုင်တော်လှန်ခဲ့ တဲ့ ပြည်သူထဲက တော်လှန်ရေးခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ သူမရဲ့ခင်ပွန်း Abu Ali အကြောင်းဘဲဖြစ်ပါတယ်။ Abu Ali ဟာ အာဏာရှင် Assad ရဲ့ စစ်တပ်တွေ Aleppo မြို့ကို တိုက်ခိုက်လာတဲ့အချိန် Aleppo မြို့ အာဏာရှင်လက်ထဲ ကျရောက်မသွားအောင် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။
    ” ဆီးရီးယားမှာ Assad အစိုးရကို ပြည်သူတွေ လက်မခံတော့ မြို့တိုင်းလိုလိုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အာဏာရှင် Assad စစ်တပ်က အကြမ်းနည်းနှင့် ဖြေရှင်းလာတော့ ပြည်သူတွေမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ရရာလက်နက်စွဲကိုင် ကြရတယ်။ တချို့မိသားစုတွေက ကိုယ်ပိုင်ဆိုင်တာတွေထဲက သယ်နိုင်တာတွေအားလုံးကို ယူပြီးထွက်သွားကြတယ်။ တချို့မိသားစုတွေမှာ ယောက်ျားတွေ ဟာ စစ်မြေပြင်မှာကျန်ခဲ့ပြီး မိသားစုသားသ္မိးအားလုံးကို အန္တရာယ်ကင်းမယ် ထင်တဲ့ နေရာတွေကို ပို့ကြတယ်။ သူများတွေလိုဘဲ ကျွန်မယောက်ျားက ကျွန်မကိုခေါ်ပြီး ခလေးတွေကို ခေါ်ပြီး စစ်မြေပြင်နှင့် ဝေးရာကို ထွက်သွားဖို့ ပြောလာတယ်။ သူကတော့ အာဏာရှင်လက်အောက်ကပြည်သူတွေလွှတ်မြှောက်ရေးအတွက် အသက်ကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့အတွက် အာဏာရှင်ပြုတ်ကျသွားတဲ့အထိ ဒီနေရာက ဘယ်မှ မခွာတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောလာခဲ့တယ်”။
    အဆက်မဖြတ်စီးကျလာနေတဲ့ မျက်ရည်တွေကို သုတ်ရင်း သူ့ရဲ့ငိုနေတဲ့ မျက်လုံးတွေနှင့် ဧည့်သည်တွေကို စိုက်ကြည့်ရင်း မေးခွန်း တစ်ခုမေးလိုက်တယ်။
    “တကယ်လို့ ရှင်တို့သာ ကျွန်မနေရာမှာ ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ”
    မမျော်လင့်ဘဲ မေးခွန်းမေးခံလိုက်ရတဲ့ ဧည့်သည်တွေက ဆွံ့အ သလိုဖြစ်နေတဲ့အချိန် အဖြေကိုစောင့်မနေတော့ဘဲ Hala က ပြောလက်စ စကားကိုဆက်ပြောလာတယ်။
    ” ကျွန်မတို့ အိမ်ထောင်သက် ရှစ်နှစ်ပြည့်တဲ့ထိ သား၊သမီး မရနိုင်ခဲ့ဘူး။ ကျွန်မတို့ အမျိုးမျိုး ကြိုးစားကြည့်ခဲ့တယ်။ နောက်ဆုံး အသျှင်မြတ်ရဲ့ သနားကြင်နာမှုနှင့် ဒီခလေး လေးယောက် ရလာခဲ့တယ်။ သူဟာ ကျွန်မတို့မိသားစု အတွက် မရှိမဖြစ်လိုအပ် တဲ့ ဖခင် တစ်ယောက်ဖြစ်တယ်။ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်နှင့် မချတတ်သလို၊လွယ်လွယ်နှင့်မဖျက်တတ်တာ သိနေတဲ့ကျွန်မအတွက် အဲဒီညဟာ ကျွန်မအတွက် တကယ့်ကမ္ဘာပျက်တဲ့ညတညလိုပါဘဲ။ ရှင်တို့စဉ်းစားကြည့်လေ အာဏာရှင် Assad ဟာ ခလေးတွေကိုဘဲ ရှာပြီးသတ်နေသလားလို့ ထင်ရလောက်အောင် Aleppo မြို့နှင့် နိုင်ငံတ၀န်းမှာ သေလိုက်တဲ့ခလေးတွေ။ ကျွန်မခလေး တွေလဲ ဒီမှာနေရင် တနေ့မဟုတ်တနေ့ ဒီအဖြစ်ဆိုးနှင့် ကြုံလာရမှာဘဲ။ ကျွန်မခလေးတွေအားလုံးက လူမမယ်လေးတွေ၊ဘာမှ သိတတ်ကြသေးတာမဟုတ်ဘူး။သူတို့အဖေကတော့ သူပြောချင်တာ ပြောပြီး သေနတ် တစ်လက်ကိုင်ပြီးထွက်သွားလိုက်ပြီ။ အပြစ်ကင်းတဲ့ ကျွန်မခလေးတွေ ရဲ့ မျက်နှာကို အစိမ့်စိမ့်ကြည့်ရင်း ကျွန်မနှလုံးသားထဲမှာ ဘလောင်ဆူနေခဲ့တယ်။ ကျွန်မ ဆုံးဖြတ်ချက်တခု ပီပီပြင်ပြင်ချဖို့ လိုအပ်ပြီလို့ အားတင်းလိုက်ပြီး ခလေးအားလုံးကို ကျွန်မအနားကိုခေါ်လိုက်တယ်။ ကျွန်မအတတ်နိုင်ဆုံး ရင်ထဲကခံစားချက်တွေကို ခလေးတွေမရိပ်မိအောင် မြိုသိပ်ရင်း သူတို့အဖေ ပြောခဲ့တဲ့စကားတွေထဲက လိုရင်းကို ပြောပြလိုက်တယ်။”
    နင်တို့အဖေက ငါတို့အားလုံးကို လုံခြုံတဲ့နေရာကို ထွက်သွားခိုင်းတယ်။ ဒီမှာက တနေ့ထက်တနေ့ အန္တရာယ်က ပိုများလာနေတယ်။ နင်တို့ဘယ်လိုသဘောရလဲလို့မေးလိုက်တော့ ခြောက်နှစ်အရွယ်ကျွန်မသ္မီးလေး Sara က
    “ကျွန်မအဖေနှင့် အတူနေခဲ့မယ်”
    လို့ချက်ချင်းပြောပြီး သူ့အဖေရှိရာကို ထွက်သွားလိုက်တယ်။ ကျွန်မအတန်တန်အော်ခေါ်တာတောင်လှည့်မကြည့်ခဲ့ဘူး။ စဉ်းစားကြည့်ပါရှင် Abu Ali နှင့် ကျွန်မက အဆိုးအကောင်းအားလုံးကို မျှဝေ ခံစားမယ်ဆိုပြီး ဘ၀တစ်ခုကို အတူတူ လက်တွဲတည်ဆောက်ခဲ့ကြတာလေ။ ပြီးတော့ ဒီအာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကို ယောက်ျားတွေဘဲ သီးသန့်ခံနေရတာ မဟုတ်ဘူးလေး၊ ယောက်ျား၊ မိန်းမ၊ ခလေး၊လူကြီး အားလုံးက ခံနေရတာ။ မိန်းမတွေကကော ဘာသားနှင့်ထုထားလို့လဲ ကျွန်မတို့မှာလဲ နိုင်ငံချစ်စိတ်၊ လွှတ်မြှောက်ချင်စိတ် ရှိတာပေါ့ရှင်။
    ” ရိုင်ဖယ်ကိုကိုင်ကာကွယ် နိုင်အောင်သာတိုက်ပါမောင်ရယ်၊ မောင်တို့က ပုခုံးနှင့်ထမ်းလို့ မယ်တို့က ခေါင်းနှင့်ရွက်ပါ့မယ်”
    ဆိုသလို ဒီတော်လှန်ရေးမှာ ကျွန်မတို့လဲ ကိုယ့်ယောက်ျားနှင့်အတူ ကျရာတာဝန်ကို ထမ်းဆောင်ခွင့်ရချင်တာပေါ့ရှင်။ မိခင်တယောက်ဖြစ်နေတဲ့ ကျွန်မအနေနှင့် စဉ်းစားတာတခုဘဲရှိတယ်။ အပြစ်ကင်းစင်တဲ့ ခလေးတွေကို ကျွန်မတို့နှင့်အတူ နိုင်ငံအတွက် အသက်စွန့်ခိုင်းတာဟာ ကျွန်မတို့အတွက် သိပ်များ မတရားရာကျနေမလားလို့ပါ။ Sara လေးပြောလိုက်တဲ့စကားကိုကြားပြီး ကျွန်မမျက်လုံးတွေ လင်းဝင်းလာတယ်။သားကြီးနှင့်သမီးကြီး မျက်နှာကိုလှည့် ကြည့်လိုက်တော့ သားကြီးက သူ့အဖေလို တည်ငြိမ်တယ်။ ကျွန်မပြောနေတာတွေကို တချိန်လုံးခေါင်းငုံ့ပြီးနားထောင်နေရာကနေ ကျွန်မကိုမော့ကြည့်ပြီး “အမေ သားတို့အားလုံး အဖေနှင့်အတူတူ ဒီမှာဘဲ နေရင်ကောင်းမယ်” လို့ ပြောလာတယ်။ ကျွန်မလေ သားကြီးစကားကို ကြားပြီး ၀မ်းသာလွန်းလို့ ချုံ့ပွဲချငိုပြစ်လိုက်မိတယ်။ ဘယ်လိုဝမ်းသာ သွားမှန်းကို မပြောတတ်တော့ပါဘူးရှင်။ ခံတပ်လုပ်ထားတဲ့ နေရာကနေ သူ့အဖေ ပြန်ရောက်လာတော့
    “ရှင့်ခလေးတွေ ရှင်နှင့်ခွဲပြီး ဘယ်မှမသွားဘူးလို့ ပြောကြတယ်။ သွားစေချင်ရင်တော့ ရှင်ကိုယ်တိုင် ရှင့်ခလေးတွေကို စည်းရုံးကြည့်” ပြောပြီး ကျွန်မ အိမ်ထဲဝင်သွားလိုက်တယ်။ သူကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်ပြီး ဒီကိစ္စကို လေးလေးနက်နက် တွေးနေမယ်ဆိုတာ ကျွန်မသိနေတယ်။
    Hala ရဲ့ လင်းဝင်းတက်ကြွလာတဲ့ မျက်နှာကိုကြည့်ပြီး ငြိမ်ပြီးနားထောင်နေကြတဲ့ဧည့်သည်တွေဟာ အနည်းငယ်လှုပ်ရှားလာကြတယ်။ ခွက်ထဲက အေးစက်စက် ကော်ဖီကို မော့သောက်တဲ့သူကသောက်၊ ခန္ဓာကိုယ်သက်တောင့်သက်သာ အနေအထားဖြစ်အောင် နေရာ ရွေ့ထိုင်သူထိုင်နှင့် စကားဝိုင်းက နည်းနည်း လှုပ်ရှားလာတယ်။
    “ISIS တွေ ဘယ်အချိန်လောက်က Aleppo မြို့ထဲကို ရောက်လာတာလဲအမ”
    ဧည့်သည်တယောက်ရဲ့ မေးခွန်းက ပြန့်နေတဲ့အာရုံတွေကို စုစည်းပေးလိုက်သလို ဖြစ်သွားတယ်။ တိုင်ပင်မထားဘဲ ဧည့်သည်အားလုံးရဲ့ မျက်လုံးဟာ Hala ဆီကိုဦးတည်လာပြီး သူမဆီက ထွက်လာမယ့်စကားသံကို နားစွင့်နေကြတယ်။
    “၂၀၁၄ ခုနှစ်အစဟာ ကျွန်မတို့မိသားစု တစ်ခုရဲ့ ကမ္ဘာစပျက်တဲ့ ကာလပါဘဲရှင်။ ISIS တွေဟာ ကျွန်မတို့အိမ်ပေါ်တက်လာပြီး ကျွန်မယောက်ျားကို လက်ပြန်ကြိုးတုတ်ထားတယ်။ ကျွန်မနှင့် ခလေးတွေကို သူနှင့်ခပ်လှမ်းလှမ်းက သူမြင်နိုင်လောက်တဲ့ တနေရာမှာ သေနတ်တွေနှင့် ချိန်ထားတယ်။ ကျွန်မယောက်ျားကို ရိုက်စစ်နေတဲ့လူတွေက မျက်ရိပ်ပြရင် ကျွန်မတို့နားကကောင်တွေက ခလေးတွေရဲ့ခေါင်းကို သေနတ်ပြောင်းနှင့်ထိုးရှိန်တယ်။ အစ္စလာမ်နာမည်ကို အလွှဲသုံးစားလုပ်ပြီး ယုတ်မာနေတဲ့လူတွေပါရှင်။ လူသားစိတ်တစ်စက်မှကို မရှိတဲ့ လူတွေလို့ဘဲ ကျွန်မကတော့ မြင်တယ်။ သူတို့ ကျွန်မယောက်ျားကို ကျွန်မရဲ့ခလေးတွေရှေ့မှာ အမျိုးမျိုးနှိပ်စက်ပြီး နောက်ဆုံးဖမ်းခေါ်သွားတယ်။ဒီမိစ္ဆာတွေအပေါ်ထားတဲ့ ဒေါသစိတ်ကြောင့် ကျွန်မ ခလေးတွေကို ထိမ်းဖို့မေ့နေတယ်။ ခလေးတွေကတော့ရှင့် သူတို့အဖေနှိပ်စက်ခံနေရတာကိုကြည့်ပြီး ကမ္ဘာပျက်နေကြတာပေါ့ရှင်။ ISIS တွေက အချုပ်ခန်းထဲမှာ သူ့ကိုနှိပ်စက်ပြီး သတ်ပြစ်လိုက်ပြီလို့ ပြောကြတယ်။ တချို့ကလဲ မသေသေးဘူး အသက်ရှင်လျှက်ရှိနေသေးတယ်လို့ ပြောကြတယ်။ အတိအကျတော့ အခုထိ ဘယ်သူမှမသိကြဘူး။ သူ့တပ်သားတွေကတော့ သူနှင့်ပတ်သက်တဲ့သတင်းတွေရရင် ကျွန်မဆီပို့ပေးပါတယ်။
    သူမရှိတဲ့နောက်ပိုင်း Aleppo မြို့ထဲကစစ်မြေပြင်မှာ မှတ်တမ်းယူနေတဲ့ ဂျာမန်သတင်းထောက် Marcel Mettelsiefen က ခလေးတွေရဲ့ အနာဂါတ်အတွက် ဂျာမဏီနိုင်ငံကို ရွေးပြောင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းလာတယ်။ ကျွန်မယောက်ျား ရှိစဉ်တုန်းကလည်း အိမ်ကိုရောက်လာတိုင်း Marcel ကကျွန်မကို ဂျာမဏီကိုပြောင်းရွေးဖို့ သူအစစအရာရာကူညီမယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်။ ကျွန်မယောက်ျားကိုလဲ သူခဏခဏသွားပြောတယ်။ Abu Ali ကတော့ ဘာမှပြန်မပြော။ကျွန်မကတော့ သူလာပြောတိုင်း ငြင်းတာပါဘဲ။ အခုလို ကျွန်မတို့မိသားစုတွေ ဂျမဏီမှာ အဆင်ပြေပြေနေရတာ၊ ကျွန်မခလေးတွေ ကောင်းကောင်းမွန်မွန် ကျောင်းတက်နေရတာ သူရဲ့ အကူအညီတွေ အများကြီးပါပါတယ်။
    ကျွန်မဟာ ဒီနိုင်ငံမှာအဆင်ပြေပြေ နေရပေမယ့် ကျွန်မ၀ိဥာဏ်က Aleppo မြို့မှာ ကျန်ခဲ့ပါတယ်ရှင်။ ကျွန်မယောက်ျားက ISIS လက်ကလွှတ်လာပြီး အသက်ရှင်နေသေးတယ်ဆိုရင်လဲ သူ့ရဲ့ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း တော်လှန်ရေးကို ဆက်ပြီးလုပ်စေချင် ပါတယ်။ ကျွန်မတို့ဆီးရီးယား ပြည်သူတွေဟာ အာဏာရှင် Assad ကိုတော်လှန်ကြတယ်။အခုက မိစ္ဆာကောင်တွေကိုလဲ တိုက်ထုတ်နေကြရတယ်။ ကျွန်မတို့ပြည်သူတွေ ဘယ်တောများ ငြိမ်းငြိမ်းချမ်းချမ်းနေကြရမလဲ မသိတော့ပါဘူးရှင်။”  Hala ရဲ့ နိဂုံးချုပ်စကားကို ကြားပြီး ဧည့်သည်တွေဟာ တယောက်မျက်နှာတယောက်ကြည့်ရင်း သူတို့ရဲ့ စာနာနားလည်မှုကို ကိုယ်စီဖေါ်ပြကြပြီး Hala ကို နှစ်သိမ့်ကြပါတယ်။ သား၊သ္မီး တွေအတွက်ဘဲ အသက်ရှင်သန်နေရတဲ့ မိခင်တယောက်ရဲ့ ပုံရိပ်ကို Hala ဆီမှာ ပီပီပြင်ပြင်မြင်နေကြရတယ်။
    မင်းသိန်း(မိခင်များနေ့အမှတ်တရ မိခင်အားလုံးအားဂုဏ်ပြုရင်း)
    **** M-Media သို့ စာရေးသူ ဆက်သွယ်ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။