News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဘာသာခြား သုံးယောက် အုပ်ချုပ်တဲ့ နိုင်ငံ

    ဘာသာခြား သုံးယောက် အုပ်ချုပ်တဲ့ နိုင်ငံ

    Phyo Ko Ko Naing ရေးသည်။

    Manmohan Singh , abdul kalam and sonia gandhi
    မွတ်ဆလင်သမ္မတ အဒူကာလမ်(၀ဲ) ဆစ်(ခ်)ဝန်ကြီးချုပ် မန်မိုဟန်ဆင်း(အလယ်) နှင့် ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီ (ညာ)

    (၂၀၀၂ – ၂၀၀၇) ကာလမှာ အိန္ဒိယရဲ့ သမ္မတက သိပံ္ပပညာရှင် အဒူကလာမ်။ သူ့ ကို အိန္ဒိယ လူထုက သိပ်ချစ်ကြတယ်။ သူက ပါကစ္စတန်ရဲ့ အဏုမြူ ခြိမ်းခြောက်မှု အန္တရာယ်ကို မျှခြေလုပ်ဖို့ (Pokhran – II nuclear tests) ကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်။ ဒုံးကျည် လူသားလို့ တင်စားတယ်။ အိန္ဒိယ (Vision 2020) စီမံကိန်းကို ဖန်တီးခဲ့တဲ့ အဓိကလူ လည်း ဖြစ်တယ်။ သမ္မတ ဖြစ်တော့ အိမ်တော်ကို စာအုပ်သေတ္တာ နှစ်လုံးနဲ့ တက်လာပြီး တာဝန်က နားတော့ ဒီသေတ္တာ နှစ်လုံးပဲ ပြန်ယူဆင်းသွားတယ်။

    ဘဝရဲ့  နောက်ဆုံးနေ့ မှာ စာသင်ရင်း ရုတ်တရပ် နှလုံးခုန် ရပ်ပြီး ကမ္ဘာကြီးကနေ နှုတ်ဆက် သွားတယ်။ သူက အစ္စလာမ် ဘာသာဝင်။ ဒါပေမယ့် ဟိန္ဒူဘာသာ အဓိက ကိုးကွယ်တဲ့ မိခင်တိုင်းပြည် အတွက် နောက်ဆုံးနေ့ အထိ ပေးဆပ်ခဲ့တယ်။ သူနဲ့ ဘာသာတူ အစ္စလာမ်မစ် နိုင်ငံ ပါကစ္စတန်ရဲ့  အဏုမြူ ပါဝါ ကို သူ အတတ်ပညာနဲ့ ဟန့်တားပေးခဲ့တယ်။

    သူနဲ့ တာဝန် တွဲယူလိုက်ရတဲ့ ဝန်ကြီးချုပ်က မန်မိုဟန်ဆင်း။ “ဆင်း” က စီးပွားရေး ပညာရှင်။ သူ တာဝန် စယူချိန်မှာ အိန္ဒိယ ဂျီဒီပီက အမေရိကန် ဒေါ်လာ “၇၂၁.၆ ဘီလီယံ”။ သူ ဦးဆောင်မှုနဲ့ ဂျီဒီပီက “ဘီလီယံ ၁၀၀၀” ထိ စံချိန်တင် တက်လာတယ်။ သူ အနားယူတဲ့ အချိန်မှာ ဂျီဒီပီက “ဘီလီယံ ၂၀၆၆.၉” အထိ ဖြစ်သွားပြီ။ မိခင် နိုင်ငံကို စီးပွားပျက်ကပ်ကနေ ဆွဲထုတ်ခဲ့တဲ့ သူကတော့ ဈေးအပေါဆုံး Maruti 800 ပြည်တွင်းဖြစ် ကားလေးကို စီးတယ်။ ဂျဝါဟလာနေရူး နောက်ပိုင်း လူထုရဲ့ အနှစ်သက်ဆုံး ဝန်ကြီးချုပ်လို့  သိရတယ်။ သူကျတော့ ဆစ်(ခ်)ဘာသာဝင်။

    ဆစ်(ခ်) တွေနဲ့  ဟိန္ဒူတွေ ကြားမှာက ဘာသာရေး အမုန်းတရားတွေ ရှိတယ်။ ၁၉၈၄ ကဖြစ်ခဲ့တဲ့ ဆစ်(ခ်)တွေရဲ့ ခွဲထွက်ရေး လှုပ်ရှားမှုကို နှိမ်နင်းဖို့ အိန္ဒိယရဲ့  သမ္မတ အင်ဒီရာဂန္ဒီက အမိန့် ပေးခဲ့တယ်။ ဒါကို မကျေနပ်လို့ အင်ဒီရာကို သူရဲ့  ဆစ်(ခ်) ဘာသာဝင် သက်တော်စောင့် က လုပ်ကြံ သတ်ပစ်ခဲ့တယ်။ ဒီ အကျိုးဆက်ကြောင့် အဓိကရုဏ်းတွေ ဖြစ်ပွားပြီး အပြစ်မရှိတဲ့ ဆစ်(ခ်) ဘာသာဝင်တွေ ထောင်ပေါင်း များစွာ သတ်ခံရတယ်။ သောင်းဂဏန်း အိမ်ခြေယာမဲ့ ဖြစ်ကုန်တယ်။ ဒီနေ့ထိ ဟိန္ဒူနဲ့ ဆစ်(ခ်) တွေကြားမှ မပြေသေးတဲ့ အမုန်းတရား တွေ ရှိသေးတယ်။ ဒါပေမယ့် “ဆင်း” မှာတော့ မရှိဘူး။ ကားစုတ်လေး စီးတဲ့ ဆစ်(ခ်) ဝန်ကြီးချုပ်က ဟိန္ဒူ ဘာသာဝင် ၈၀ ရာခိုင်နှုန်း နေတဲ့ မိခင်နိုင်ငံ စီးပွားရေးကို ၃ ဆလောက် ဆွဲတင်သွားပြီး တာဝန်ကျေခဲ့တယ်။

    အဲချိန်တုန်းက အာဏာရပါတီ ခေါင်းဆောင်က ဆိုနီယာ ဂန္ဒီ။ သူကတော့ အထူးပြောစရာ မလိုပါဘူး။ ကမ္ဘာ သြဇာ အကြီးဆုံးလူ စာရင်းမှာ အမေစုနဲ့ နှစ်တိုင်း အတူပါနေကြ ခေါင်းဆောင်။ အမေစုလိုပဲ သရဖူ မဆောင်းတဲ့ မင်းဧကရာဇ်။ အင်ဒီရာဂန္ဒီရဲ့ ချွေးမ၊ နေရူးမျိုးဆက်နဲ့ အိန္ဒိယ လူထုရဲ့  နှလုံး သည်းပွတ်။ သူကတော့ ခရစ်ယာန် ဘာသာ ကိုးကွယ်တယ်။

    မဲပေးခွင့်ရှိတဲ့ လူရဲ့  ၈၀ ရာခိုင်နှုန်း ဟိန္ဒူ ဘာသာ ဖြစ်တဲ့ အိန္ဒိယကို အစ္စလာမ် သမ္မတ၊ ဆစ်(ခ်) ဝန်ကြီးချုပ်နဲ့ ခရစ်ယာန် ပါတီ ခေါင်းဆောင် တို့ က ပြိုင်တူ အုပ်ချုပ်ဖူးတယ်။ ဘာသာခြား သုံးယောက် ပေါင်းပြီး တိုင်းပြည် အကျိုး ကို စွမ်းစွမ်းတမန် ဆောင်ရွက်သွားတယ်။

    ဒီမိုကရေစီ နိုင်ငံမှာ လူနည်းစု ဘာသာဝင်ကို သမ္မတ တင်တာမရှိဘူး ပြောနေတဲ့ ဥာဏ်တော် စူးရောက်သူ တွေကို သိစေချင် တာက အနားမှာတင် ဘာသာခြား သုံးယောက်ကို ခေါင်းဆောင် ပြိုင်တူ တင်မြှောက်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ အိန္ဒိယက စံပြ ရှိတယ်။

    မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ နိုင်ငံ။ ဗုဒ္ဓက ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ အတ္တ အစွဲတွေကို ဖြုတ်ခိုင်းတဲ့ အနတ္တ တရားကို ဖော်ထုတ်သူ။ သူ အဆုံးအမ အောက်မှာ နေမယ် ဆိုတဲ့ သူတွေက ဒုသမ္မတ တစ်ယောက်လောက် ကိုယ်နှင့် ဘာသာ မတူတာ ပါလာတာနဲ့ ကန့် ကွက် မယ် ဆိုတော့ ဗုဒ္ဓရဲ့ အနတ္တ တရား ကို ဆန့် ကျင် ဖျက်ဆီး နေတာလား (သို့ ) ဘာသာရေး အရေခြုံ လူယုတ်မာလား (သို့ ) ဥာဏ် မကောင်းလို့  တရားကို နားမလည် သေးတာလား လို့  မေးလည်း မေးချင်တယ်၊ မေးလည်း မေးရဲတယ်။

    တိုင်းပြည်ကို ကမ္ဘာအဆင်းရဲဆုံး ချောက်ထဲ ခုန်ဆင်းခဲ့အောင် ၁၉၆၂ ကနေ ဒီနေ့ထိ ဦးဆောင်သွားတာ တံဆိပ်ကပ် ဟန်ပြ ဗုဒ္ဓဘာသာတွေ ကြီးပဲ။ တိုင်းပြည်ရဲ့  အသွေး အသားတွေကို လှီးဖြတ်၊ အရိုးအဆစ် တွေကို ရိုက်ချိုး ချွတ် ရောင်းပြီး ကိုယ်ကျိုး ရှာခဲ့တာလည်း ဒီလို အမည်ခံကောင် တွေပဲ။ ဗုဒ္ဓရဲ့ ငါ မရှိတဲ့ အနတ္တ သာသနာ မှေးမှိန် သွားအောင် လုပ်ခဲ့တာ၊ နောင်ဘဝ ကောင်းစားရေး မျှော်လင့်ပြီး အပေးအယူနဲ့ ကုသိုလ်ပြုတဲ့ သင်္ချာ ဘာသာရေး ခေတ်စားအောင် လုပ်ခဲ့တာလည်း ဒီ ဗုဒ္ဓဘာသာ အရေခြုံ ဘာသာရေး ခေါင်းဆောင်တွေပါပဲ။

    စာရိတ္တကောင်းတဲ့ ဘာသာခြား ဒုသမ္မတ ဖြစ်လို့ တိုင်းပြည် မနစ်နာဘူး။ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် စာရိတ္တ မကောင်းတဲ့ သူခိုး ဒုသမ္မတ ဖြစ်ရင်သာ တိုင်းပြည် နစ်နာတယ်။

    မြင့်မြတ်သူတွေက ဘာသာတရားကို မေတ္တာတရား ပြန့်ပွားဖို့ သုံးတယ်။ အောက်တန်းကျတဲ့ ဘာသာရေး အရေခြုံတွေက အမုန်းတရား ဖြန့်ဖြူးဖို့ သုံးတယ်။ ကိုယ် ဖြစ်ချင်တဲ့ ဘဝ ကိုယ် ရွေးချယ်လို့ ရတယ်။

    Facebook လူမှုကွန်ယက်စာမျက်နှာမှာ လူကြိုက်များနေတဲ့ ဆောင်းပါး တပုဒ်ကို အမ်မီဒီယာ စာဖတ်ပရိတ်သတ် ဖတ်ရှု့နိုင်ဖို့ ထပ်ဆင့်မျှဝေဖော်ပြခြင်းဖြစ်ပါတယ်။

    မူရင်းလင့်ခ် Link

     

  • Prairie Dog နှင့် Bemoulli’s Principle

    Prairie Dog နှင့် Bemoulli’s Principle

    မတ် ၁၆ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Prairie Dog
    ၁၈ရာစုတုံးက ဆွစ်ဇာလန်သား သင်္ချာနဲ့ ရူပဗေဒပညာရှင် Daniel Bernoulli ဟာ အရည် ၊ အငွေ့တွေနဲ့ ဆိုင်တဲ့ စည်းမျဉ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။

    အရည်/အငွေ့တစ်ခုရဲ့ စီးဆင်းမူအမြန်နှုန်းဟာ အဲဒီ အရည်/အငွေ့ရဲ့ ဖိအားနဲ့ ပြောင်းပြန်အချိုးကျတယ်လို့ ။

    ဆိုတော့ မြန်မြန်စီးဆင်းလေ ဖိအားနည်းလေ ။ စီးဆင်းမှုနှေးလေ ဖိအားများလေပေါ့။

    ဒါကို Bernoulli’s principle လို့ ခေါ်ပါတယ်။

    Bernoulli’s principle ကို လူသားတိုင်းနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ ပညာရှင် Daniel Bernoulli မတိုင်ခင်ကတည်းက Prairie Dog တွေဟာ ဒီစည်းမျဉ်းကို နားလည်လို့ လက်တွေ့အသုံးချနေပြီ ဖြစ်ပါတယ်။

    Prairie Dog တွေဟာ မြေအောက် ကျွင်းလှိုင်ခေါင်းထဲမှာနေထိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အတွက် ကျွင်းထဲမှာ ကောင်းမွန်တဲ့ လေဝင်လေထွက်စနစ် ရှိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သူတို့ အသက်ရှုကြပ် သေဆုံးကုန်မှာပါ။

    သူတို့ဟာ သူတို့ရဲ့ မြေအောက်ကျွင်းလှိုင်းခေါင်းကို တူးတဲ့အခါမှာ လေဝင်လေထွက် အတွက် လှိုင်ခေါင်းထိပ်၂ဖက်ကို အပေါက် ၂ပေါက် ဖောက်ထားပါတယ်။

    တစ်ပေါက်ရဲ့ တည်နေရာဟာ ကျန်တစ်ပေါက်ရဲ့ တည်နေရာထက် ပိုမြင့်မားပါတယ်။

    ကျွန်တော်တို့သိတဲ့အတိုင်း လေတိုက်ခိုက်မူဟာ အမြင့်ရောက်လေ ပြင်းထန်မြန်ဆန်လေဖြစ်ပြီး၊ အနိမ့်ကိုရောက်လေ လေတိုက်နှုန်းနှေးကွေးလေ ဖြစ်ပါတယ်။

    ဆိုတော့ Prairie Dog တွေရဲ့ ကျွင်းပေါက် ၂ပေါက်ဟာ တစ်ခုနဲ့ တစ်ခု အနိမ့်အမြင့် မတူတဲ့အတွက် အဲဒီ ၂နေရာမှာရှိတဲ့ လေတိုက်နှုန်းတွေဟာ မတူညီပါဘူး။

    အနိမ့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေတိုက်ခိုက်မူက နှေးကွေးပြီး ၊ အမြင့်ပိုင်းမှာရှိတဲ့ လေတိုက်ခိုက်မူက မြန်ဆန်ပါတယ်။

    ဒါကြောင့် Bernoulli’s principle အရ အနိမ့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေထုဖိအားဟာ များပြားပြီး၊ အမြင့်ပိုင်းမှာရှိတဲ့ ကျွင်းပေါက်နား လေထုဖိအားဟာ နည်းပါးနေပါတယ်။

    အရည်/အငွေ့တွေဟာ ဖိအားများရာကနေ ဖိအားနည်းရာဆီ စီးဆင်းသွားလာပါတယ်။ ဒါကြောင့် ဖိအားများတဲ့ အနိမ့်ပိုင်းကျွင်းပေါက်ကနေ လေတွေဝင်လာပြီး အသိုက်လှိုင်ခေါင်း တစ်လျှောက်ဖြတ်သန်းကာ ဖိအားနည်းတဲ့ အမြင့်ပိုင်းကျွင်းပေါက်ကနေ ထွက်သွားပါတယ်။

    တကယ်လို့များ သူတို့တွေသာ ကျွင်းပေါက်၂ခုကို အမြင့်တူတူမှာ တည်ဆောက်ထားမယ်ဆို လေဝင်လေထွက်စနစ်ဟာ ဒီလို ကောင်းမွန်နေမှာမဟုတ်ပါဘူး။

    (South Carolina Science Grade 8 , Chapter 12: Gravity, Friction, and Pressure ၊ Pg , 421)
    ( Animal Physiology, Third Edition, by Richard Hill, Gordon Wyse, and Margaret Anderson , Chapter 22 : Induction of Internal Flow by Ambient Currents)

    Fluid Mechanics နဲ့ ပတ်သတ်တဲ့ စာအုပ်တစ်အုပ်မှမဖတ်ရှုဖူးတဲ့ ၊ Bernoulli’s principle အကြောင်း မသင်ကြားခဲ့ရဖူးတဲ့ Prairie Dog တွေဟာ သူတို့ရဲ့ အသိုက်တစ်လျှောတ် လေဝင်လေထွက်ကောင်းမွန်စေရန် ကျွင်းပေါက်၂ခုရဲ့ အမြင့်တွေကို ကွဲပြားစွာ ထားရှိရမယ်ဆိုတာကို ဘယ်လိုများ သိနားလည်နေကြပါလိမ့်။

    ** အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါသည်။

  • စစ်တွေ – နှစ်ခြမ်းခွဲထားတဲ့ မြို့

    စစ်တွေ – နှစ်ခြမ်းခွဲထားတဲ့ မြို့

    Sittwe-A-City-Divided-FEATURE-PHOTO
    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်မှာ ၃ နှစ်ကျော်ခဲ့ပါပြီ။ ယင်းပဋိပက္ခကြောင့် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ ထိခိုက်ခဲ့ကြသည်။ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာ ဟု ခေါ်လေ့ရှိသည့် မွတ်စလင်များကို မြန်မာအစိုးရက နိုင်ငံသားပြုခွင့် ငြင်းပယ်ထားပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားသည်။
    .
    ၂၀၁၂ ခုနှစ် အဓိကရုဏ်း၏ နောက်ဆက်တွဲဖြစ်ရပ်မှာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် နေထိုင်ကြသူများသည် စိုးရိမ် သံသယမကင်းသည့်စိတ် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ မကြာသေးမီက ဧရာဝတီ သတင်းဌာနအနေဖြင့် စစ်တွေမြို့သို့ သွားရောက် လေ့လာခဲ့ရာတွင် မြို့အနှံ့ လုံခြုံရေးဝန်ထမ်းများ ချထားပြီး မွတ်စလင်များ နေထိုင်သော ရပ်ကွက် အ၀င်လမ်းများတွင် စစ်ဆေးရေးဂိတ်များ၌  ရဲဝန်ထမ်းများကို တွေ့ခဲ့ရသည်။ ယင်းရပ်ကွက်အတွင်း လူသူနေထိုင်ခြင်း မရှိသည့် အိမ်များတွင် လုံခြုံရေး ရဲဝန်ထမ်းများ၏ စခန်းအဖြစ် အသွင်ပြောင်းထားသည်ကို တွေ့ရှိခဲ့ရသည်။
    .
    ဒေသခံများသည် လုံခြုံရေးများ၏ စောင့်ကြည့်မှုအောက်တွင် တိုးတိုးတိတ်တိတ် ပြောဆိုနေထိုင်ကြရပြီး ၎င်းတို့နေထိုင်ရသည့် အနေအထားကို နေအိမ်အကျယ်ချုပ် ကျခံနေရသည် အခြေအနေနှင့် နှိုင်းယှဉ်ခဲ့ပြီး စစ်တွေမြို့ကို လုံခြုံရေး လျှော့ချပေး ရန် မျှော်လင့်ကြောင်း ပြောကြသည်။
    .
    အခွင့်မရှိ မ၀င်ရ
    —————-
    ဧရာဝတီ သတင်းဌာနသည် စစ်တွေသို့ သွားရောက်ခဲ့ပြီး ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းရန် မျှော်လင့်ခဲ့ပါသည်။ သို့သော် တာဝန်ရှိသူများက မွတ်စလင် ရပ်ကွက်ဖြစ်သော အောင်မင်္ဂလာ (ဒေသခံများက အမ်ပါလာ ရပ်ကွက်ဟု သိကြသည်) ရပ်ကွက်သို့ ရခိုင်လူမျိုးများအား ၀င်ရောက်ခွင့် မပြုသကဲ့သို့ မွတ်စလင်များကိုလည်း ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ထွက်သွားလာခွင့် တားမြစ်ထားပါသည်။ ထို့သို့ ကန့်သတ်ထား ရခြင်းမှာ မမျှော်လင့်သော ဥပဒေချိုးဖောက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
    .
    မွတ်စလင်ရပ်ကွက်သို့ သွားရောက် လည်ပတ်မည်ဆိုပါက တရားဝင် ခွင့်ပြုချက် လိုအပ်ပသည်။ ဧရာဝတီ သတင်းဌာန သွားရောက်လေ့လာခဲ့ချိန်တွင် လက်နက်ကိုင်ထားသော လုံခြုံရေး ၀န်ထမ်းတဦးသည် အောင်မင်္ဂလာ ဗလီရှေ့တွင် စောင့်ကြပ်နေသည်ကို တွေ့ခဲ့ရသည်။ ဒေသခံအနည်းငယ်နှင့် စကားပြောနေခိုက် ယူနီဖောင်း ၀တ်ဆင်ထားသော ရဲဝန်ထမ်းတယောက် ရောက်ရှိလာပြီး  လာရောက် လည်ပတ်သည့် ဧည့်သည်များအား မေးခွန်းတချို့ မေးမြန်းပါသည်။
    .
    “ဒီမှာ ကျနော်တို့က သူတို့လုံခြုံရေးအတွက် တာဝန်ယူနေတာပါ။ သူစိမ်းတွေကို အထဲသွားခွင့် မပြုပါဘူး။ ဒီရပ်ကွက်ထဲကို ၀င်ဖို့အတွက် ခင်ဗျားတို့ တရားဝင် ခွင့်ပြုချက်လိုပါတယ်” ဟု ၎င်းက ပြောသည်။
    .
    စစ်တွေတွင် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော ရန်ကုန်မှ ရောက်ရှိနေသည့် မွတ်စလင်တဦးဖြစ်သူ ကိုဇော်ဇော်အတွက် ဒေသခံ အာဏာပိုင်များထံမှ ယင်းသို့ လည်ပတ်ခွင့်ပြုမိန့် တောင်းခံရခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။
    .
    “တကယ်လို့ ဒီရပ်ကွက်ထဲကို ၀င်ချင်ရင် ရခိုင်ပြည်နယ် အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်လိုပါတယ်” ဟု ကြားဝင်ရှင်းပြပြီး.မည်သည့် အင်တာဗျူးမဆို တာဝန်ကျ လုံခြုံရေးဝန်ထမ်းများ၏ စိစစ်အတည်ပြုချက် ရယူပြီးမှသာ မေးမြန်းဆောင်ရွက်
    ရကြောင်း ကိုဇော်ဇော်က ပြောသည်။ ကိုဇော်ဇော်က မွတ်စလင် ရပ်ကွက်များတွင် ရဲတပ်ဖွဲ့များ စခန်းချထားခြင်းမှာ နိုင်ငံရေး ရည်ရွယ်ချက်တခု ဖြစ်နိုင်သည်ဟု ယူဆထားသည်။
    .
    “ဆိုးရွားတဲ့ ရလဒ်တွေ မဖြစ်အောင် ကျနော်တို့ ရှောင်ရှားရမယ်။ ပြီးတော့ ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုလည်း သေသေချာချာ စဉ်းစားဖို့လိုပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ ကျနော်တို့ အာရုံစိုက်ရမှာပါ” ဟု ကိုဇော်ဇော်က ပြောသည်။
    .
    နေအိမ်အကျယ်ချုပ်
    ———————
    တချိန်က စစ်တွေမြို့ ၊ စည်ပင်ဈေးတွင် အောင်မင်္ဂလာ ရပ်ကွက်နေ မွတ်စလင်များပိုင်ဆိုင်သော ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိခဲ့သည်။ ယနေ့အချိန်တွင် မွတ်စလင်များကို ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနေထိုင်သော ရပ်ကွက်သို့ ၀င်ရောက်ခွင့် မပေးသည့်အတွက် စီးပွားရေးဆောင်ရွက်သော နေရာဖြစ်သည့် ထိုဆိုင်ခန်းများ အားလုံးမှာ ယနေ့အချိန်တွင် ပိတ်ထားရပါသည်။
    .
    စစ်တွေမြို့နယ် ဘုမေကျေးရွာတွင် နေထိုင်သူ အာမတ်အိုစန်က ၎င်းတို့ရွာသားများသည် ဈေးဝယ်ခွင့်နှင့် မြို့ထဲတွင် အလုပ်လုပ်ရန် တားမြစ်ခံထားရသည့်အတွက် သဲချောင်းရွာမှ လူသုံးကုန် ပစ္စည်းများကို ၀ယ်ယူကြကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောပါသည်။ သဲချောင်းရွာဆိုသည်မှာ တချိန်က ကျေးရွာဖြစ်သော်လည်း ယခုအခါတွင် ပြည်တွင်း မွတ်စလင်များကို ပြန်လည် နေရာချထားသော ဒုက္ခသည်စခန်းတခု ဖြစ်ပါသည်။
    .
    အာမတ်အိုစန်သည် လမ်းဘေး ဆိုင်ခန်းတခန်း ပိုင်ဆိုင်ပြီး တနေ့လျှင် အများဆုံး မြန်မာငွေ ၃၀၀၀ ကျပ် ၀င်ငွေရှိပါသည်။ သို့သော် ထိုပမာဏမှာ ၎င်းမိသားစုဝင် ၈ ယောက်အား ကျွေးမွေးရန် မလုံလောက်ပါ။ ၎င်း၏ နေအိမ်မှာ ပကတိအတိုင်း
    ကျန်ရှိခဲ့သော်လည်း ဘုမေရွာရှိ အိမ်ခြေ ၄၀ ကျော်သည် ပဋိပက္ခကာလအတွင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသောကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည်။
    .
    ဒေသခံ အာဏာပိုင်များက တချို့ ရခိုင်လူမျိုးများကို ဒုက္ခသည်စခန်းတွင် ကုန်ပစ္စည်းရောင်းရန် ခွင့်ပြုခဲ့သော်လည်း မွတ်စလင်များကို တူညီသော အခွင့်အရေးမပေးပါ။ စခန်းမှ မည်သည့် နေရာသို့မျှ ထွက်ခွာခွင့်မပြုပါ။
    .
    ဒုက္ခသည်များစခန်းသို့ ရွေ့ပြောင်းသူများသည် အကူအညီပေးသည့် အဖွဲ့များထံမှ အစားအစာနှင့် အ၀တ်အထည်များ စသည့် အထောက်အပံ့များ ရရှိကြသော်လည်း ရွာတွင် ကျန်ခဲ့သည့် လူများမှာ မည်သည့် အကူအညီမျှ မရရှိကြောင်း အာမတ်အိုစန်က ပြောသည်။
    “ဒုက္ခသည်စခန်းမှာ နေရတာထက်စာရင် ကိုယ့်အိမ်မှာ ကိုယ်နေရတာက ပိုကောင်းပါတယ်” ဟု အာမတ်အိုစန်က ပြောသည်။
    .
    လက်ရှိအချိန်တွင် တခြားသူများက ချုပ်နှောင်ခံထားရသူများနှယ် ခံစားနေရသော်လည်း ဘုမေရွာသား အာမတ်အိုစန် အဖို့.ယင်းသို့ တစိုးတစဉ်းမျှ မရှိ။
    .
    အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သော မွတ်စလင် အုပ်ချုပ်ရေးမှူး မာမတ်ဟူစိန်ကမူ “ကျနော်တို့ နေအိမ် အကျယ်ချုပ် ကျနေသလို ခံစားရပါတယ်” ဟု ၎င်းတို့ နေထိုင်ရသည့်ပုံစံကို ပြောသည်။
    .
    ပြောင်းလဲသွားတဲ့ ဆက်ဆံရေး
    ——————————–
    ကိုဇော်ဇော်က ၎င်းနှင့် ရင်းနှီးသည့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးသူငယ်ချင်း၊ မိတ်ဆွေများနှင့် ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပြီး.နောက်ပိုင်း ပျက်ယွင်းခဲ့ကြောင်း ပြောသည်။
    .
    “ပဋိပက္ခတွေ ဖြစ်ပြီးနောက်မှာ ကျနော်တို့ ဆက်ဆံရေးတွေ ပြောင်းလဲသွားခဲ့တယ်။ အခုတော့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ကျနော်တို့ ပြန်တည်ဆောက်နေကြပါပြီ။ လမ်းမှာတွေ့တဲ့ အခါကျရင် ကျနော်တို့က နှုတ်ဆက်တယ်။ တခါတလေ စီးပွားရေးအကြောင်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် အရင်လို အခြေအနေကို ပြန်ရောက်ဖို့က ခက်ခဲနေပါသေးတယ်” ဟု ကိုဇော်ဇော်က ပြောသည်။
    .
    စစ်တွေမြို့ ၊ ဘောက်သီးစုရပ်ကွက်၊ သာသနာ့ရံသီ ဘုန်းကြီးကျောင်းရှိ သြဇာတိက္ကမ ကြီးမားသော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဓမ္မိကသည် ၂၀၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားစဉ်ကာလတွင်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာ လူမှုအဖွဲ့အစည်းများ အကြား ပြေလည်မှုရစေရန် ကြားဝင် ဖျန်ဖြေခဲ့သူဖြစ်သည်။ လက်ရှိဖြစ်ရပ်များမှာ  မြန်မာအစိုးရက နှစ်ဖက်စလုံးကို အသုံးချ၍ လိုသလို ကစားနေသည်ဟု ဆရာတော်က ရှုမြင်သည်။ ထိုသို့ဆိုလျှင် နှစ်ဖက်စလုံး ထိခိုက်မည်ဖြစ်ပြီး၊ အားနည်းချက်ကို အခွင့်အရေးသမားများက အမြတ်ထုတ်သွားမည် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။
    .
    ဆရာတော် ဘဒ္ဒန္တ ဓမ္မိက မွတ်စလင် ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်တွင် လုံခြုံရေးဝန်ထမ်းများ ချထားခြင်းဖြင့် တာဝန်ရှိသူများက မတူညီသော ဘာသာနှစ်ခုကြား မယုံကြည်မှု၊ တင်းမာမှုများကို အသုံးချကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
    .
    “မွတ်စလင်ရပ်ကွက်တွေကို ရေရှည် စောင့်ကြပ်ဖို့ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ဒါဟာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူး။ အဓိက ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းကို ရှာရရမှာ” ဟု ဆရာတော်က ပြောသည်။
    .
    ထိုရပ်ကွက်များ၌ စောင့်ကြပ်နေသော ရဲဝန်ထမ်းအရေအတွက်ကို တာဝန်ရှိသူများက ဖြည်းဖြည်းချင်း လျှော့ချပေးသွားလိမ့်မည်ဟု ဆရာတော်က မျှော်လင့်သည်။
    .
    “တချို့နေရာတွေက လုံခြုံရေးအင်အား (လျှော့ချတာမျိုး) စမ်းသပ်သင့်တယ်။ တကယ်လို့ အဲဒီတနေရာမှာ အောင်မြင်ခဲ့ရင် တခြားနေရာတွေမှာလည်း အဲဒီလိုမျိုး စမ်းပြီးတော့ လုပ်လို့ ရတာပေါ့” ဟု ဆရာတော်က ပြောသည်။
    .
    ကိုဇော်ဇော်ကလည်း ဆရာတော် ဘဒ္ဒန္တ ဓမ္မိက၏ အကြံပြုချက်ကဲ့သို့ အပြောင်းအလဲများကို အသေးအမွှားမှ စတင်ကာ.ဆောင်ရွက်သင့်ကြောင်း ယူဆသည်။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် မွတ်စလင်တို့ အတူအကွ စုပေါင်း နေထိုင်ကြခဲ့ကြသော စစ်တွေမြို့ကို ယခင် အနေအထားသို့ ပြန်လည် ရောက်ရှိရန် ဒေသခံတို့ အတွက် စိတ်ကူးယဉ်ဖို့တောင် ခက်ခဲနေပါသေးသည်။
    .
    နှစ်ဖက်အသိုင်းအ၀ိုင်း ပြန်လည် သင့်မြတ်လာစေရေးအတွက် စစ်တွေမြို့တွင် အစိုးရ၏ မဖြစ်စလောက်သော အစပျိုးမှုသာ ရှိခဲ့သည်။ များမကြာမီ အာဏာလွှဲပြောင်းပေးရတော့မည့် သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သော ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်၍ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး တည်ဆောက်ရန် အဖွဲ့တဖွဲ့ တည်ထောင်ခဲ့ပါသည်။
    .
    ပဏာမ ရည်မှန်းချက်တခုမှာ ဘာသာရေး အဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုများ လျော့ကျရန် ဖြစ်သည်။ နှစ်ဖက်အသိုင်း အ၀ိုင်းတွေ့ဆုံကာ ဆွေးနွေးအဖြေရှာမည့် စကားဝိုင်းတခု စီစဉ်ပေးရန် ယင်းအဖွဲ့အား တောင်းဆိုခဲ့ကြသော်လည်း လက်ရှိ အချိန်ထိ ယင်းအစီအစဉ်မှာ အထမမြောက်သေးပေ။
    .
    အသေးစိတ် ထပ်မံ သိရှိနိုင်ရန် ဧရာဝတီ သတင်းဌာနက ဒေါက်တာ ကျော်ရင်လှိုင်၏ ဖုန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
    .
    အားကိုးရာမဲ့နေသော မတူညီသည့် လူ့အဖွဲ့စည်း နှစ်ခုက နောက်တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အထင်အရှား ရှိနေသေးသည့်  ပဋိပက္ခများ၏ နောက်ဆက် တွဲကိစ္စရပ်များကို ဖြေရှင်းရန် မျှော်လင့်လျက်ရှိသည်။
    .
    ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော မိုးမြင့်၏ Sittwe: A City Divided ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
    http://mobile.irrawaddy.com/article/2016/03/15/109970.html

  • တိုင်းပြည်ကို မောင်းနှင်သူများရဲ့ လက်တစ်ကမ်းမှ ဦးသျှောင်

    တိုင်းပြည်ကို မောင်းနှင်သူများရဲ့ လက်တစ်ကမ်းမှ ဦးသျှောင်

    DASSK
    ၂၀၁၆ မတ်လ ၈ ရက်၊ ရန်ကုန်မြို့ NLD ဋ္ဌာနချုပ် ရံပုံငွေရောင်းချပွဲတွင်တွေ့ ရသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားများနှင့် NLD ပါတီအမှတ်တံဆိပ်ပုံများ။

    မတ် ၁၅ ၊ ၂၀၁၆
    M-Media

    ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်မလာနိုင်တော့ပေမယ့် ရှေ့ဆက်ဇာတ်လမ်းမှာ သူမကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။

    မြန်မာနိုင်ငံရဲ့ နောက်တက်မယ့် သမ္မတသစ် ဦးထင်ကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို နောက်ဆုံးအချိန်မှာ သိကြရပါပြီ။ ယခင်က သူနဲ့ပတ်သက်ပြီး မကြားဖူးကြပေမယ့် သိပ်မဆန်းကြယ်လှပါဘူး။ ဒါဟာ တစ်စိတ်တစ်ဒေသသော အစီအမံဖြစ်နေလို့ပါပဲ။

    ယခုသီတင်းပတ်အစောပိုင်းမှာ အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးထင်ကျော်ကို ပါတီရဲ့ဦးဆောင်ကိုယ်စားလှယ်လေင်းအဖြစ် အမည်တင်သွင်းခဲ့တယ်။ သမိုင်းဝင်နိုဝင်ဘာရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို အနိုင်ရပြီးတဲ့နောက် NLD အနေနဲ့ သမ္မတအမည်တင်သွင်းခွင့် ရရှိသွားတယ်။ သို့တိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သမ္မတ ဖြစ်ခွင့် ရှိမနေပါဘူး။ စစ်တပ်အာဏာရှင်တွေ စီမံရေးဆွဲထားခဲ့တဲ့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အဲ့ဒီထိပ်တန်းနေရာအတွက် သူမကို ပိတ်ဆို့တားဆီးထားလို့ဖြစ်ပါတယ်။ နိုင်ငံခြားသားဇနီးခင်ပွန်းနဲ့သားသမီးရှိသူ မည်သူပင်ဖြစ်စေ ပ,ထုတ်လိုက်ဖို့ စစ်ဗိုလ်ချုပ်တွေက ကြိုတင်ပြင်ဆင်စီမံထားခဲ့တာပါ။ အထူးသဖြင့် ဗြိတိသျှအမျိုးသားနဲ့လက်ထပ်ထိမ်းမြားခဲ့ပြီး ဗြိတိန်နိုင်ငံသား သားနှစ်ဦးရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။

    ဒါပေမယ့်လည်း မြန်မာမဲဆန္ဒရှင်အများစုက ဒါကိုအရေးမစိုက်ဘဲ မိမိတို့ဟာ သူမကိုသာ နိုင်ငံ့ဦးဆောင်သူအဖြစ် အလိုရှိကြောင်း သောင်းသောင်းဖျဖျ ပြသခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို ကောင်းကောင်း သိရှိထားပြီးသားပါ။ ရွေးကောက်ပွဲမတိုင်မီကလည်း ပါတီက အနိုင်ရရှိခဲ့ရင် အုပ်ချုပ်ရေးကဏ္ဍတိုင်းမှာ ကိုင်တွယ်စီမံဖို့ ရည်ရွယ်ထားပြီးဖြစ်တယ်လို့ အများသိအောင် ပြောကြားခဲ့ပြီးဖြစ်တယ်။ သူမဟာ “သမ္မတရဲ့အထက်မှာ ရှိနေမယ်၊ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်မယ်” ဆိုပြီး လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။ သမ္မတဆီမှာ အာဏာမရှိဘူးလို့ မပြောယုံတမယ်ပါပဲ။ အမှန်တကယ်မှာလည်း သူမကသာ ကိုင်တွယ်စီမံသွားမှာကြောင့်ဖြစ်တယ်။ ဦးထင်ကျော်(၆၉ နှစ်)ကို သူမ ရွေးချယ်လိုက်တာဟာ သူမရဲ့ကြွေးကြော်မှု အတိုင်း လျှောက်လှမ်းခြင်းကို ပြသလိုက်ခြင်းလို့ ဆိုရပါမယ်။

    ဦးထင်ကျော်ရဲ့ အရည်အသွေးပြည့်မီမှုက သံသယထားစရာ မလိုအပ်သော်လည်း ကိုယ်ပိုင်နိုင်ငံရေးသြဇာတက္ကိမ မကြီးမားလှပါဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်တန်းကျောင်းနေဖက်ဖြစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က စီးပွားရေးဘွဲ့ကို ဆွတ်ခူးခဲ့တယ်။ အစိုးရအလုပ်ကို ၀င်ရောက်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဒီမိုကရေစီထောက်ခံသူအတိုက်အခံဖက်နဲ့ ပိုမိုနီးစပ်လာခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ အစိုးရအလုပ်က နှုတ်ထွက်လိုက်ပြီး ဒေါ်စုကြည်ဖက်ကနေ လုပ်ငန်းဆောင်ရွက်ခဲ့တယ်။ ဒေါ်စုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ကားမောင်းပို့ဆောင်ပေးတဲ့အထိ သူဟာ သူမရဲ့ အနီးကပ်လက်ရုံးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ (ယခုရက်သတ္တပတ်အတွင်း နိုင်ငံခြားသတင်းဋ္ဌာနများကနေ သူ့အတိတ်အရည်အချင်းကို ခေါင်းစည်း တပ်မိလို့ မြန်မာဆိုရှယ် မီဒီယာတွေမှာ တော်တော့်ကို ပွက်လော ရိုက်သွားကြတယ်)။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အခရာစီမံခန့်ခွဲသူ ဦးထင်ကျော်ဟာ ရိုးသားပြီး နှိမ့်နှိမ့်ချချရှိသူ၊ သိမ်မွေ့ယဉ်ကျေးသူအဖြစ် အကြီးအကျယ် လေးစားခံရသူဖြစ်တယ်။ စစ်တပ်နဲ့နီးစပ်ရာ အရင်းအမြစ်တွေကဆီကပင်လျှင် သူ့ကို လူကောင်းသူမွန်တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြောင်း ပြောဆိုကြပါတယ်။

    အကယ်၍ NLD ကို မျိုးရိုးကြီးမြင့်သူတို့ရဲ့အုပ်စိုးမှုခံရတဲ့ပါတီလို့ ဆိုခဲ့မယ်ဆိုရင်လည်း ဦးထင်ကျော်ဟာ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တစ်ဦးပါလို့ ဆိုရပါမယ်။ သူရဲ့ကွယ်လွန်သူဖခင် စာဆိုကျော်ကြီး မင်းသုဝဏ်က ၁၉၉၀ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူပါ။ (သို့ပေမယ့်လည်း စစ်အစိုးရရဲ့ ပယ်ဖျက်မှုကြောင့် အမတ်နေရာ မရောက်ခဲ့ရပါဘူး)။ ဦးထင်ကျော်ရဲ့ ယောက္ခထီး ဦးလွင်(ကွယ်လွန်)ကလည်း NLD တည်ထောင်ခဲ့သူများအနက် အပါအ၀င်တစ်ဦးဖြစ်ခဲ့တယ်။ သူ့ဇနီး ဒေါ်စုစုလွင် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယုံကြည်ရဆုံး အတွင်းစည်းနိုင်ငံရေးသမား တစ်ဦးဖြစ်နေတဲ့အပြင် အောက်လွှတ်တော် အမတ်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

    ဦးထင်ကျော်ကို ဘာကြောင့်ရွေးချယ်ဖို့ဆုံးဖြတ်သလဲဆိုတာ ဒေါ်စုကြည်က ပါတီဝင်အမတ်များအစည်းအဝေးတစ်ရပ်မှာ အခုလို ပြတ်သားစွာ ပြောကြားခဲ့ပါတယ်။ “ဒီပုဂ္ဂိုလ်က ပါတီအပေါ် သစ္စာစောင့်သိသူဖြစ်ရပါမယ်။ သစ္စာစောင့်သိသူကိုသာ ကျွန်မတို့ ဦးစားပေး(ရွေးချယ်)တယ်”။ ဒီစကားအသွားအလာအရ ဦးထင်ကျော်သည်သာ NLD ခေါင်းဆောင်ရဲ့အမိန့်ကို ဦးလည်မသုန် နာခံဆောင်ရွက်သွားမယ့် “လမ်းကြောင်းခင်းကျင်းပေးမယ့် သမ္မတ” – Puppet president လို့ သတ်မှတ်ထားပုံရပါတယ်။

    သစ္စာစောင့်သိခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က အလေးထားဖော်ပြခြင်းဟာ တိုင်းပြည်သမိုင်းကို သိထားကြသူအတွက် တမင်ရွဲ့တယ်လို့ ခံစားကြရတယ်။ စစ်တပ်အာဏာသိမ်းပြီး ၁၉၇၀ နှစ်များအစောပိုင်းမှာ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက လူထုအကျိုးဆောင်ရွက်ဖို့အတွက် သစ္စာစောင့်သိခြင်းဟာ အရေးအကြီးဆုံးအဖြစ် ဦးထိပ်တင်ညွှန်းပြခဲ့တယ်။ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက်ဆောင်ပုဒ်က “လူကောင်း လူတော်” (ကောင်းခြင်းသည် ပထမ၊ တော်ခြင်းသည် ဒုတိယ) ဖြစ်ပါတယ်။ (ရိုးရာဆိုရိုးစကားဖြစ်တဲ့ လူတော်လူကောင်းကို ပြောင်းပြန်လှန်ထားတာပါ)။ ဗိုလ်ချုပ်နေ၀င်းအဖို့ လူကောင်း ဆိုတာ သစ္စာစောင့်သိခြင်းကို ရည်ညွှန်းခဲ့ပြီး သူ့အပေါ် သစ္စာစောင့်သိသူမှန်သမျှ အစိုးရရဲ့အဓိကနေရာများမှာ ဖြည့်သွင်းခန့်အပ်ခဲ့တယ်။ အာဏာရှင်ကြီးရဲ့အလိုအရ စွမ်းရည်၊ အရည်အချင်းတွေဆိုတာ သစ္စာစောင့်သိမှုရဲ့လက်အောက်ခံသာဖြစ်ပါတယ်။ ဒါကြောင့်လည်း အကျင့်ပျက်ခြစားမှုတွေ၊ အာဏာအလွဲသုံးစားပြုမှုတွေက ဒီရေအလား တိုးပွားလာခဲ့ရတယ်။

    အလားတူ သစ္စာစောင့်သိခြင်း စစ်ဆေးချက်ကို ဒေါ်စုကြည်က သူမရဲ့ ဒုတိယခြေလှမ်းသော့ချက်အဖြစ် အသုံးချလိုက်ပါပြီ။ ဖွဲ့ခြေဥမှာပါဝင်တဲ့ သပွတ်အူ နည်းစဉ်များအရ အထက်လွှတ်တော်အမတ်နေရာအများစု ရရှိခဲ့တဲ့ NLD ဟာ ဒုတိယသမ္မတနှစ်ဦးအနက် တစ်ဦးရဲ့အမည်ကိုလည်း တင်သွင်းခွင့်ရရှိခဲ့တယ်။ အဲ့ဒီနေရာအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဟင်နရီ ဗန်ထီးယူ (၅၇ နှစ်)ကို ရွေးချယ်ခဲ့တယ်။ ဒီရွေးချယ်မှုကလည်း အံ့အားသင့်စရာ ဖြစ်လာရပါတယ်။ ချင်းအမျိုးသားကိုယ်စားလှယ်ဖြစ်သူ ဦးဟင်နရီဟာ စစ်တပ်အရာရှိ အဖြစ် နှစ်ရှည်လများ အမှုထမ်းခဲ့ပြီး NLD ထဲ ရောက်လာတာ တစ်နှစ်မျှသာ ရှိပါသေးတယ်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုမှာ ဘာမှတ်တမ်းမှ မရှိထားပါဘူး။ ဒါ့အပြင် လူနည်းစုတိုင်းရင်းသားပါတီများမှာလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများမှာ လည်းကောင်း မည်သည့်ထင်ရှားတဲ့အခန်းကဏ္ဍမှာ မပါဝင်ခဲ့ပါဘူး။ (စိတ်ဝင်စားစရာကောင်းတာကတော့ ဗုဒ္ဓဘာသာဝင် အများစုကြီးစိုးတဲ့နိုင်ငံမှာ ဘာသာခြား ခရစ်ယာန်တစ်ဦးဖြစ်တဲ့သူက နိုင်ငံ့အမြင့်ဆုံး အဆင့်ကို ရှားရှားပါးပါး ရောက်ရှိသွားခြင်းပဲဖြစ်ပါတယ်)။

    သူ့ကို ဘာကြောင့် ရွေးချယ်ရပါသလဲ ?  အဖြေကတော့ လူနည်းစုတိုင်းရင်းသားအုပ်စုဝင်တစ်ဦးဦးကို လိုအပ်ချက်အရ ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် သူဟာ မည်သည့်အခိုင်အမာတိုင်းရင်းသားပါတီရဲ့ သစ္စာခံ မဟုတ်ပါဘူး။ ဒေါ်စုကြည်ကိုသာ အကြွင်းမဲ့ သစ္စာစောင့်သိသွားဖို့သာ ရှိနေပါတယ်။

    ဒုသမ္မတနေရာမှာ ဦးဟင်နရီကို အဆိုတင်သွင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ အရဲစွန့်ကြည့်လိုက်တယ်လို့ ဆိုရမှာပါပဲ။ ဒုသမ္မတနှစ်ဦးဟာ အမှန်တကယ်သြဇာရှိတဲ့ ပြယုဂ်ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ဦးက စစ်တပ်ကြီးစိုးထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ပေါ်ထွက်လာပါမယ်။ ဒုသမ္မတနှစ်ဦးစလုံးကလည်း အဲ့ဒီကောင်စီရဲ့အဖွဲ့ဝင်များ အဖြစ်ပါဝင်နေမှာပါ။ ဖွဲ့စည်းပုံဥပဒေက ဒီအစုအဖွဲ့ကို အတော်အတန်ကြီးမားတဲ့ အာဏာ အပ်နှင်းပေးထားပေမယ့်လည်း တိုင်းပြည်ကို ဗိုလ်ချုပ်တွေကပဲ ကြီးစိုးထားတဲ့အတွက် စစ်တပ်ကတော့ ဒီအဖွဲ့အပေါ် အမြတ်ထုတ်ဖို့ ခုထက်ထိ တစ်ပန်းသာနေဆဲပါ။ ခုဆိုရင် NLD ကအစိုးရအဖွဲ့ကို (အနိမ့်ဆုံးအားဖြင့် အမည်ခံအရ) တာဝန်ယူကိုင်တွယ်တော့မှာဖြစ်တယ်။ စစ်တပ်ကလည်း ဒီကောင်စီကို အသုံးချဖို့ အကြီးအကျယ် ခြေလှမ်းစလာဖွယ်ရှိနေပါတယ်။

    စစ်ဗိုလ်ချုပ်များက သစ္စာစောင့်သိခြင်းကို ဦးထိပ်ထားကြသူများပီပီ သူတို့ရဲ့ဒုသမ္မတကို သူတို့လို အခွင့်ထူးခံ လူတန်းစားထဲကပဲ ရွေးချယ်မှာဖြစ်တယ်။ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိရန်ကုန်မြို့တော်ဝန်နေရာကို ယူထားတဲ့ ဦးမြင့်ဆွေကို သူတို့ ရွေးထုတ်ထားကြတယ်။ သူဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်တစ်ဦးအဖြစ် ကျော်ကြားတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဦးသန်းရွှေဟာ ကန့်လန့်ကာနောက်ကွယ်က နိုင်ငံရေးအခင်းအကျင်းကို ကစားနေတုန်းပဲ ဆိုတာကို ဖော်ပြနေပါတယ်။

    ဦးမြင့်ဆွေကို အဆိုတင်သွင်းခြင်းဟာ မရိုးသားမှုအဖြစ် ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများဖက်က အမြင်ရှိနေကြတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကို ဖြိုခွဲမှုမှာ သူက အဓိကအခန်းကဏ္ဍထဲ ပါဝင်ခဲ့သူဖြစ်တယ်။ လက်ရှိမှာလည်း အကျင့်ပျက်ခြစားသူအစုအဖွဲ့ဝင်အဖြစ် စောင့်ကြည့်ခံနေရသူလည်းဖြစ်တယ်။ ဦးသန်းရွှေအနေနဲ့ ဒါတွေကို ကရုစိုက်ပုံမရပါဘူး။ သူ့ရဲ့ခြွေရံသင်းပင်းဝင်များထဲက ဒုသမ္မတနေရာ ထည့်သွင်းဖို့သာ အဓိကသောကထားနေပုံပါပဲ။ သို့မှသာ သူ့မိသားစုဝင်တွေ၊ သူတို့ရဲ့ကိုယ်ကျိုးစီးပွားတွေရဲ့ အနာဂတ်လုံခြုံရေးအတွက် အာမခံချက်ရှိမယ် မဟုတ်လား။

    ဦးထင်ကျော်ကို ဒုသမ္မတနေရာအတွက် အောက်လွှတ်တော်က မတ်လ ၁၁ ရက်မှာ အတည်ပြုခဲ့တယ်။ မတ်လ ၁၅ ရက်မှာ လွှတ်တော်နှစ်ရပ်စလုံးက ဒုသမ္မတသုံးဦးအနက်တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ ဘာဆက်ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားကြပြီးဖြစ်တဲ့အတွက် နောက်ထပ်အံ့အားသင့်စရာမရှိတော့ပါဘူး။ လမ်းကြောင်းခင်းကျင်းပေး သူများရဲ့ဦးသျှောင် ဒေါ်အောင်ဆန်းစုကြည် စတင်ကြိုးဆွဲမောင်းနှင်တော့မယ့် ဒီလုပ်ငန်းစဉ်ရဲ့ နောက်ထပ် တစ်ဆင့်ကိုသာ စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

     

    Foreign Policy တွင် ဖော်ပြခဲ့သော Min Zin ၏ ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

  • တက္ကသိုလ်တို့၏ နိဒါန်း – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၂)

    မတ် ၁၁၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    al azhar
    အီဂျစ်နိုင်ငံမှ အလ်-အဇ်ဟာရ် တက္ကသိုလ်

    – ဒီနေ့ခေတ်လူတွေရဲ့ အဆင့်မြင့်ပညာသင်ကြားမှု အခြေအနေဟာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလို အသိပညာတွေကို ကျားကုတ်ကျားခဲ ရှာဖွေရမယ်ဆိုတဲ့အသိဟာ အလယ်ခေတ်မွတ်စလင်တွေရဲ့ နှလုံးသွေးကြောထဲမှာ စီးဝင်ပြန့်နှံ့ခဲ့ဖူးပြီး မွတ်စလင်တွေအနေနဲ့ ပညာပြည့်ဝ နှလုံးလှဖို့၊ စူးစမ်းရှာဖွေဖို့၊ တစ်ဆင့်ပြန်လည်မျှဝေဖို့ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးမှာ အားပေးတိုက်တွန်းထားခြင်းရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။ ဒီသွန်သင်ချက်က ဗလီဝတ်ကျောင်းတော်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သုတေသနစင်တာတွေနဲ့ ပညာရှင်တွေရဲ့နေအိမ်တွေ စတဲ့နေရာတွေမှာ အဆင့်မြင့်ပညာရပ်တွေ သင်ကြားပို့ချမှုစနစ်ကို ဖြစ်တည်စေခဲ့ကာ အလယ်ခေတ် မွတ်စလင်ကမ္ဘာကို ထွန်းပြောင်စေခဲ့သလို၊ အဲဒီ အသိပညာတွေ၊ သင်ကြားမှုစနစ်တွေကိုလည်း နောက်ဆုံးမှာ ဥရောပဆီ အမွေပေးနိုင်ခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာက စာသင်ကျောင်းနဲ့ တက္ကသိုလ်ပေါ်ပေါက်လာမှုမှာ တူညီမှုတစ်ချို့ ရှိခဲ့ပြီး ဒါကတော့ ဒီ သင်ကြားမှုစနစ် နှစ်ခုစလုံးဟာ ဗလီဝတ်ကျောင်းတော်တွေမှာ အစပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကိုတော့ အာရဘီလို “ဂျာမီအာဟ်” (Jami’ah) လို့ခေါ်ပြီး ဗလီဝတ်ကျောင်းတော်အတွက် သုံးနှုန်းတဲ့ ဂျာမီ (Jami’) ဆိုတဲ့စကားလုံးရဲ့ ဣတ္ထိလိင်သဘောသဘာဝကို ဖော်ညွှန်းတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာရဘီမှာ ဘာသာရေးဆိုင်ရာနေရာနဲ့ အဆင့်မြင့်ပညာ သင်ကြားရေးဌာနတွေဟာ ဆက်နွယ် ပတ်သက်နေပါတယ်။ ဒါပေမယ့် အခြားသောဘာသာတရားတွေနဲ့ ယဉ်ကျေးမှုတွေမှာတော့ ဒီလို ထပ်တူကျမှုမျိုးကို မတွေ့ရပါဘူး။ အစ္စလာမ်သာသနာက အချို့သော ဗလီဝတ်ကျောင်းတော်တွေဟာ ရှေးအကျဆုံး တက္ကသိုလ်တွေ ဖြစ်ခဲ့ပါတယ်။

    ဗလီအခြေပြု တက္ကသိုလ်များ

    ဗလီဝတ်ကျောင်းတော်အခြေပြုတဲ့ တက္ကသိုလ်တွေထဲက ကျော်ကြားတဲ့ တက္ကသိုလ်တွေထဲမှာ အီဂျစ်နိုင်ငံက အလ်-အဇ်ဟာရ် (Al-Azhar) တက္ကသိုလ်လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး နှစ်ပေါင်း ၁၀၃၀ ကျော်ကြာပြီဖြစ်ပေမယ့် ယနေ့တိုင် အသိပညာတွေကို ဖြန့်ဖြူးပေးနေဆဲ ဖြစ်ပါတယ်။ အီဂျစ်က အဆင့်မြင့်ပညာ သင်ကြားမှုမှာ အချက်အခြာနေရာတစ်ခု ဖြစ်တာကြောင့် အလ်-အဇ်ဟာရ်တက္ကသိုလ်ကြီးဟာ ထိပ်တန်း အသိပညာရှင်၊ အတတ်ပညာရှင်တွေ စုဝေးရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ တည်ထောင်ခဲ့တဲ့ သက်တမ်း ကြာမြင့်မှုကြောင့် နာမည်ကြီးသလို၊ နောက်ထပ် နာမည်ကြီးရတဲ့ အကြောင်းအရင်းကတော့ လက်တွေ့အသုံးချ အလင်းပညာရပ်ရဲ့ ဖခင်ဖြစ်ပြီး ဒီတက္ကသိုလ်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့တဲ့ အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham)၊ ၁၄ ရာစုက ထိပ်တန်း လူမှုဗေဒပညာရှင်  အစ်ဗနေ့ အလ်-ခါလ်ဒန် (Ibn al-Khaldun) တို့လို စွယ်စုံရ ပညာရှင်ကြီးတွေ ပေါ်ထွက်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အလ်-ခါလ်ဒန်ဟာ အလ်-အဇ်ဟာရ်မှာ ဆရာတစ်ယောက်အဖြစ် သင်ကြားပို့ချပေးခဲ့သူတစ်ယောက်ပါ။

    နောက်ထပ်ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်တစ်ခုကတော့ မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့က အလ်-ကွာရာဝီယင် (Al-Qarawiyin) ပဲဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကို  အစ်ဒရီဆစ်ဒ်မင်းဆက် (Idrisids) အုပ်ချုပ်တဲ့အချိန်အတွင်း ဖာတီမာ အလ်-ဖီဟ်ရီ (Fatima al-Fihri) လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ သက္ကရာဇ် ၈၅၉ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော်အဖြစ် စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဖာတီမာဟာ အလွန် စိတ်နှလုံးသားဖြူစင်ပြီး ဘာသာရေးကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပညာလည်းတတ်ပြီး အောင်မြင်တဲ့ စီးပွားရေးသမားဖခင် ကွယ်လွန်သေဆုံးခဲ့တဲ့အခါ အမွေအမြောက်အများရခဲ့တဲ့ ဖာတီမာဟာ သူ့ရဲ့ ငွေကြေးပိုင်ဆိုင်မှုအားလုံးကို ဖက်ဇ်က ပြည်သူတွေအတွက် သင့်လျော်တဲ့ ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်တွေ တည်ဆောက်ဖို့မှာ အသုံးပြုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတော့တယ်။ အဆောက်အဦး ဆောက်လုပ်ရာမှာ သူမဟာ ကန့်သတ်ချက်တစ်ခု ထားရှိပြီး ဒါကတော့ အဲဒီအဆောက်အဦးအတွက် ပါဝင်ပစ္စည်းတွေဟာ ဒေသတစ်ခုတည်းကပဲ ဖြစ်ရမယ်ဆိုတာပါပဲ။ စီမံကိန်းစတင်ချိန်ကစလို့ ပြီးဆုံးချိန်အထိ သူမဟာ နေ့စဉ် ဥပုသ်သီလကို မပြတ်တမ်း ဆောက်တည်ခဲ့ပါတယ်။

    Fatima al-Fihri
    ရရှိသည့်အမွေများကို ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည့် အာဖရိကန်မွတ်စလင် အမျိုးသမီး ဖာတီမာ အလ်-ဖီဟ်ရီ

    ကြီးကျယ်ခမ်းနားတဲ့ ဗလီဝတ်ကျောင်းတော်အချို့လိုပဲ အလ်-ကွာရာဝီယင် ဗလီဝတ်ကျောင်းတော်ဟာလည်း တည်ဆောက်ပြီး သိပ်မကြာခင်မှာ ဓမ္မရေးရာသင်ကြားမှုနဲ့ နိုင်ငံရေး ဆွေးနွေးမှုတို့အတွက် အဓိကနေရာတစ်ခု ဖြစ်လာပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သသဘာဝသိပ္ပံလို ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်အားလုံးကို သင်ကြားပို့ချပေးတဲ့ ကျောင်းတော်ကြီးဖြစ်လာခဲ့ပြီး သမိုင်းတစ်လျှောက် အစောဆုံးတက္ကသိုလ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ အလ်-ကွာာရာဝီယင် ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်မှာ နက္ခတဗေဒ ကိရိယာတွေ၊ ဆက်ခြေလျှောတိုင်းကိရိယာ၊ သဲနာရီ အပါအ၀င် အချိန်ကို တိုင်းတာမှတ်သားနိုင်တဲ့ အခြားသော ပစ္စည်းကိရိယာတွေ ပါဝင်တဲ့ ‘အချိန်ပြ အခန်းများ’ အစရှိတဲ့ အဆင်မြင့်ပညာ လေ့လာမှုဆိုင်ရာ ပစ္စည်းပစ္စယာ အစုံအလင်ကိုလည်း ထားရှိပေးခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်၊ ဘာသာရေး၊ ဥပဒေ၊ အပြောအဟော၊ စကားပြေ၊ ကဗျာလင်္ကာ ရေးသားစပ်ဆိုမှု၊ အတွက်အချက်၊ သင်္ချာ၊ ပထ၀ီနဲ့ ဆေးပညာရပ်တွေကိုလည်း ဒီတက္ကသိုလ်ကြီးမှာ သင်ကြားပို့ချပေးသလို သဒ္ဒါ၊ မွတ်စလင်သမိုင်း၊ ဓာတုဗေဒပညာရပ် စတာတွေဟာလည်း တက္ကသိုလ်ရဲ့ ပြဌာန်းဘာသာရပ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဘာသာရပ်စုံလင်မှု၊ သင်ကြားနည်းစနစ် ကောင်းမွန်မှုတွေကြောင့် အလ်-ကွာရာဝီယင်တက္ကသိုလ်ဟာ အဲဒီခေတ်အခါက အာဖရိက နေရာအနှံ့မှာရှိတဲ့ ပညာရှင်တွေ၊ ကျောင်းသားတွေကို ဆွဲဆောင်နိုင်တဲ့ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်အခြေပြု ဒီတက္ကသိုလ်တွေရဲ့ ကျော်ကြားမှုဟာ ဒေသတွင်းမှာသာမကဘဲ ပတ်ဝန်းကျင်က အခြားနိုင်ငံတွေအထိပါ ပြန့်နှံ့ခဲ့ပြီး အဲဒီဒေသ တစ်နံတစ်လျားက ကျောင်းသားတွေအတွက် အားကိုးအားထားပြုစရာ အသိပညာစင်တာတွေ ဖြစ်ခဲ့ပါတယ်။ အဘ္ဘာစစ်မင်းဆက်အုပ်စိုးစဉ် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က တက္ကသိုလ်တွေ နာမည်ကြီးတဲ့အချိန်မှာ ဆီးရီးယား၊ ပါရှားနဲ့ အိန္ဒိယလို နိုင်ငံတွေက ကျောင်းသားတွေဟာ တကူးတကလာရောက်ပြီး ဆေးပညာ၊ ဆေးဝါးပညာ၊ အင်ဂျင်နီယာပညာ၊ နက္ခတဗေဒနဲ့ အခြားသောပညာရပ်တွေကို သင်ယူလေ့လာခဲ့ကြပါတယ်။ ကိုင်ရိုမြို့က အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ လာရောက်ပညာသင်ကြားသူတွေထဲ အီဂျစ်နိုင်ငံတစ်ဝှမ်းက ပြည်သူတွေနဲ့အတူ နိုင်ငံခြားသားအရေအတွက် အမြောက်အများ ပါဝင်ခဲ့ပါတယ်။

    တူနီးရှားနိုင်ငံက ဇေတူနာ (Zaytuna) ဗလီဝတ်ကျောင်းတော်မှာ သဒ္ဒါ၊ ယုတ္တိဗေဒ၊ အချက်အလက် စုဆောင်းမှု ဘာသာရပ်၊ သုတေသနာဆိုင်ရာ စည်းကမ်းနည်းလမ်းများ၊ စကြာဝဠာဗေဒ၊ သင်္ချာ၊ ပထ၀ီ၊ တွင်းထွက်ဗေဒနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ် စတာတွေကို သင်ကြားပို့ချပေးခဲ့တဲ့ လက်ရေးမူတွေကို ယနေ့တိုင် တွေ့နိုင်ပါသေးတယ်။ တူနီးရှားနိုင်ငံ ကွေရာဝမ်မြို့ (Qayrawan) က  အာတီကာစာကြည့်တိုက် (Atiqa) မှာ သက္ကရာဇ် ၄၂၀ မတိုင်ခင် စိန့် ဂျယ်ရိုမီ (Jerome) ရေးသားတဲ့ Ancient Nations (ရှေးခေတ်နိုင်ငံများ) စာအုပ်ရဲ့ အာရဘီဘာသာပြန်ကို တွေ့မြင်နိုင်ပါတယ်။

    အဲဒီ ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေဟာ ခက်ခဲနက်နဲပြီး အထူးသဖြင့် လမ်းသစ်ဖောက်ရတဲ့ ဆေးပညာရပ်မှာ တော်တော်လေး အားထုတ်ခဲ့ရပါတယ်။ ဒီတက္ကသိုလ်တွေရဲ့ ဆေးပညာဌာနတွေဟာ အချိန်ကြာပြီး နက်နဲတဲ့ စူးစမ်းရှာဖွေမှုတွေကိုလည်း လုပ်ဆောင်ခဲ့ရပါတယ်။

    ဥပေဒပညာမှာဆိုရင်လည်း ကျောင်းသားတွေဟာ ဘွဲ့ကြိုသင်တန်းပေးမှုကို တက်ရောက်ရပြီး အဲဒီသင်တန်း အောင်မြင်မှသာ သူတို့ရဲ့ဆရာဖြစ်သူက တပည့်အဖြစ် ရွေးချယ်တာဖြစ်ပါတယ်။ အဲဒီအချိန်ကျမှ ကျောင်းသားတွေဟာ တက္ကသိုလ်ဘွဲ့အတွက် ဆက်လက်လေ့လာရပြီး အချိန်ကာလတစ်ခု ကြာမြင့်ပါတယ်။ ဥပဒေပညာမှာ ပေါက်မြောက်တဲ့ဆရာတစ်ဆူ ဖြစ်ဖို့အတွက် နှစ် ၂၀ လောက်အထိ တက်ကြရပြီး ဥပဒေပညာရှင်တစ်ယောက်အဖြစ် ဆောင်ရွက်ချင်တယ်ဆိုရင်တော့ အသိအမှတ်ပြုလက်မှတ်နဲ့ အာဏာပိုင်တွေဆီက လိုင်စင်ကို လိုအပ်ပါတယ်။

    ဘွဲ့ပေးမှုကိုလည်း မွတ်စလင်များက စတင်ခဲ့

    အဲဒီအသိအမှတ်ပြုလက်မှတ်ကို အီဂျာဇက် (Ijazas) လို့ခေါ်ပြီး၊ ရိုးရိုးဘွဲ့ကို ခေါ်ဆိုတဲ့ ‘ဘာကာလာရက်စ်’ (baccalareus) ရဲ့ မူလအစလည်း ဖြစ်ပါတယ်။ အဲဒီ ဘာကာလာရက်စ် စကားလုံးဟာ ပုပ် ဂရီဂိုရီ ၉ (Pope Gregory IX) ၁၂၃၁ မှာ တည်ထောင်ခဲ့တဲ့ ပဲရစ်တက္ကသိုလ် (University of Paris) ရဲ့ ဘွဲ့ချီးမြှင့်မှုစနစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒါဟာ မွတ်စလင်တွေအသုံးပြုတဲ့ အာရဘီစကားလုံး ဘီ-ဟာ့က် အလ်-ရီဝါယဟ် (Bi-haqq al-riwayah) ကို အနောက်တိုင်းမှု ပြုလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘီ-လ်ဟာ့က် အလ်-ရီဝါယဟ်ရဲ့ အဓိပ္ပါယ်ကတော့ ‘အခြားတစ်ယောက်ကို သင်ကြားပေးနိုင်ခွင့်’ ဖြစ်ပြီး ဒီစကားလုံးကို အီဂျာဇက် အသိမှတ်ပြုလက်မှတ်တွေမှာ ရာစုနှစ်ခြောက်ခုလောက် ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်သင်ကြားမှု ပြီးဆုံးပြီဆိုရင် ဒီ အီဂျာဇက် အသိအမှတ်ပြုလက်မှတ်ကို ရရှိပြီး သူဟာ အခြားတစ်ယောက်ကို သင်ကြားပေးနိုင်ပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

    ဒီနေ့ခေတ် နိုင်ငံတကာကကျောင်းတွေမှာတော့ Baccalaureate ဆိုတာ အခြေခံပညာ နောက်ဆုံးအဆင့်ကို အောင်မြင်ပြီးမြောက်ပြီး တက္ကသိုလ်တက်ဖို့အတွက် အဆင့်မီတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

    မွတ်စလင်တွေဟာ အဆင့်မြင့်ပညာ သင်ကြားမှုစနစ်တွေကိုလည်း သတ်သတ်မှတ်မှတ် ပြဌာန်ပေးခဲ့ပါတယ်။ ၀င်ခွင့်စာမေးပွဲတွေ၊ နောက်ဆုံးစာမေးပွဲတွေ၊ ဘွဲ့လက်မှတ်ချီးမြှင့်မှု၊ ဌာနတစ်ခုကနေ နောက်တစ်ခုကို သွားရောက်သင်ယူမှု၊ နိုင်ငံတကာကျောင်းသားများ လက်ခံသင်ကြားမှု၊ ပညာတော်သင်ဆု ပေးအပ်ချီးမြှင့်မှု စတာတွေကိုလည်း မွတ်စလင်တွေကပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အလယ်ခေတ် မွတ်စလင်ကမ္ဘာက တက္ကသိုလ်တွေရဲ့ သင်ကြားမှုနည်းလမ်းတွေ၊ ပုံစံတွေဟာ ဒီနေ့ခေတ်တက္ကသိုလ်တွေနဲ့ တော်တော်လေး သွားတူနေပါတယ်။ သူတို့မှာ ကောလိပ်ပညာရေးစနစ်လည်း ရှိခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကိုလိုက်ကာ ပညာတော်သင်ဆုပေးတာ၊ ချီးမြှောက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    ဥရောပကို ရောက်ပြီ

    မွတ်စလင်တွေရဲ့ ပညာရေးစနစ်ဟာ ၁၂ ရာစုလောက်မှာ အလယ်ခေတ်ဥရောပကို ရိုက်ခတ်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀၀ အရင်လောက်က အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို လက်တင်ဘာသာစကားနဲ့ ဘာသာပြန်ဆိုမှုကို အုံနဲ့ကျင်းနဲ့ ပြုလုပ်ခဲ့ကြပြီး၊ မွတ်စလင်တွေရဲ့ လက်တွေ့စမ်းသပ်မှုကနေ ရရှိခဲ့တဲ့ အယူအဆတွေကိုလည်း ဥရောပက ထိတွေ့ခွင့်ရခဲ့ပါတယ်။ အကိုးအကားအထောက်အထား ခိုင်ခိုင်မာမာရှိတဲ့ ပညာရပ်တွေကို ရရှိခြင်းက တတိယအဆင့်လောက်သာရှိတဲ့ ဥရောပပညာရေးကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့ပြီး၊ ဥရောပမှာ ခေတ်စားခဲ့တဲ့ ဘာသာရေးနဲ့သိပ္ပံပညာအကြား ထိပ်တိုက်တွေ့နိုင်တယ်ဆိုတဲ့ အယူအဆကိုလည်း ယိုင်နဲ့စေခဲ့ပါတယ်။ ၁၁၄၀ ပြည့်နှစ်တွေမှာ ချာထရက်စ်မြို့ (ယခုပြင်သစ်တွင်ရှိသည်) က ဒဿနပညာရှင် သီယာရီ (Thierry) ဟာ ချာထရက်စ် ကက်သလစ်ဘုရားကျောင်း (Chartres Cathedral) မှာ သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုက သမ္မာကျမ်းစာပါ ကမ္ဘာကြီးဖန်ဆင်းမှုနဲ့ လိုက်လျောညီထွေရှိတယ်လို့ သင်ကြားပို့ချပေးခဲ့ပြီး ရီနေဆန်း (Renaissance) လို့ခေါ်တဲ့ ဉာဏ်သစ်လောင်းတော်လှန်ရေးကြီးကို လမ်းခင်းပေးခဲ့ပါတယ်။

    ဥရောပက ပထမဆုံးတက္ကသိုလ်ဟာ အီတလီနိုင်ငံက ဆာလာနိုမြို့ (Salerno) မှာ ပေါ်ထွက်လာခဲ့ပြီး ၁၁ ရာစုမှာ ကွန်စတန်တိုင်း သည် အာဖရိကန် (Constantine The African) လို့ခေါ်တဲ့ ဆရာဝန်တစ်ယောက် ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ နာမည်ကျော်လာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ မွန့်ပဲလီယာ (Montpellier) မြို့က တက္ကသိုလ်ကတော့ ဆာလာနိုတက္ကသိုလ်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး မွတ်စလင်တွေ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဆေးပညာရပ်တွေ၊ နက္ခတဗေဒပညာရပ်တွေကို အထူးပြုလေ့လာရာ စင်တာကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ မွန့်ပဲလီယာမြို့ဟာ အဲဒီခတ်အခါက မွတ်စလင်နဲ့ ဂျူးလူမျိုးအရေအတွက် အတော်များများ ရှိတဲ့နေရာဖြစ်ပြီး၊ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်နဲ့လည်း နီးစပ်မှု ရှိခဲ့ပါတယ်။

    ၁၂ ရာစု အစပိုင်းကစလို့ အနောက်တိုင်းရဲ့ ပညာရေးဆိုင်ရာ အချက်အခြာနေရာဟာ ပဲရစ်မြို့ဖြစ်ခဲ့ပြီး “က၀ိပညာရှင်များ၏မြို့တော်” လို့ အမည်တွင်ခဲ့ပါတယ်။ သိပ္ပံနဲ့ဝိဇ္ဇာနယ်ပယ်မှာ အာရပ်တွေရဲ့ တွေ့ရှိချက်တွေ၊ အားထုတ်ကြိုးပမ်းမှုတွေဟာလည်း လှည့်လည်သွားလာနေတဲ့ ပညာရှင်တွေနဲ့အတူ အနောက်တိုင်းကို ရောက်ရှိလာခဲ့ကြပါတယ်။ တကယ်တော့ အောက်စဖို့ဒ်တက္ကသိုလ် (Oxford) လို အစောဆုံး အင်္ဂလိပ်တက္ကသိုလ်တွေဟာ ပညာပြည့်ဝတဲ့ ဒီလို ခရီးသွားပညာရှင်တွေ၊ ခရူးဆိတ်စစ်ပွဲကနေ ပြန်လာတဲ့ စစ်သားတွေကနေတစ်ဆင့် အစပြု ဖြစ်တည်လာတာဖြစ်ပြီး၊ ကော်ဒိုဘာ (Cordoba) လို မွတ်စလင်တက္ကသိုလ်တွေကို သွားရောက်လည်ပတ်မှုကနေတစ်ဆင့် ဘာသာရေးတစ်ဖက်ပိတ် သဘောတရားထက် ကျိုးကြောင်းဆင်ခြင်မှုအပေါ် အခြေခံတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေကို ဘာသာပြန်ဆို ယူဆောင်လာကြတာဖြစ်တယ်လို့ ဒီနေ့ခေတ်သမိုင်းပညာရှင်တွေက ၀န်ခံပြောဆိုထားကြပါတယ်။

    ပါမောက္ခ ထိုင်ခုံ

    UtHyCEE2X9CdSN8yQVDrS9f8
    ဗလီဝတ်ကျောင်းတော်အတွင်းရှိ မင်ဗရ် (တရားဟောစင်မြင့်) ပေါ်ထိုင်၍ တရားဒေသနာများ ဟောကြားမှုကို ရေးဆွဲထားသည့် ပုံတူ

    ပါမောက္ခဆိုတဲ့ရာထူးအတွက် သီးသန့်ထိုင်ခုံတစ်ခုထားပေးတာ၊ အစည်းအဝေးမှာ ဥက္ကဌတစ်ယောက် ခန့်အပ်တင်မြှောက်တာတွေကိုလည်း မွတ်စလင်တွေကပဲ အစပြုခဲ့တာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်အရင်က မွတ်စလင်တွေရဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားတွေက ပါမောက္ခရဲ့ပတ်ပတ်လည်မှာ ၀ိုင်းထိုင်ပြီး ပညာဆည်းပူးလေ့လာလေ့ရှိကြကာ ဒါကို ဟာလာကက် အလ်-အီလ်မ် (Halaqat al-‘ilm) ဒါမှမဟုတ် ဟာလာကာ (halaqa) လို့ ခေါ်တွင်ခဲ့ပါတယ်။ အဲဒီလိုဆည်းပူးကြတဲ့အခါ ကျောင်းသားတွေ မြင်နိုင်အောင်၊ သင်ကြားပို့ချပေးတဲ့အသံကို ကျောင်းသားတွေ ကြားနိုင်အောင်လို့ ပါမောက္ခဟာ ခုံမြင့်မြင့်လေးပေါ်မှာ ထိုင်လေ့ရှိရာကနေ ပါမောက္ခထိုင်ခုံ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပါမောက္ခကိုတော့ တိုင်းပြည်ကိုအုပ်စိုးတဲ့ ခလီဖာသမ္မတ ဒါမှမဟုတ် ပညာရှင်များကော်မတီကနေ ရွေးချယ်ပြီး အဓိကဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ခန့်ထားလေ့ရှိကာ အဲဒီပါမောက္ခဟာ အသက်ထက်ဆုံးတိုင် ပညာသင်ကြားရေးလုပ်ငန်းကို လုပ်ဆောင်ကြပါတယ်။ ဒါ့ကြောင့် အလယ်ခေတ်မွတ်စလင်ကမ္ဘာမှာ သက်တမ်းရင့် ပါမောက္ခတွေ ပုံမှန်လိုလိုရှိပြီး အဘူ အလီ အလ်-ခါတာနီ (Abu Ali al-Kattani) လို့ခေါ်တဲ့ ပါမောက္ခကြီးဟာဆိုရင် အသက် ၈၀ ကျော် ကွယ်လွန်တဲ့အချိန်အထိ ကျောင်းသားတွေကို ပညာသင်ကြားပို့ချပေးခဲ့ကာ ပါမောက္ခရာထူးကို နှစ်ပေါင်း ၅၀ လောက် ရရှိခဲ့ပါတယ်။

    ဆန်ကိုရီတက္ကသိုလ် (University of Sankore)

    sankore

    ကမ္ဘာ့တောင်ဘက်အခြမ်းကို မွတ်စလင်တွေအုပ်စိုးခဲ့တဲ့အချိန် ပြောစမှတ်ပြုလောက်စရာ တက္ကသိုလ်တစ်ခုကတော့ မာလီနိုင်ငံ တင်ဘွက်တူမြို့ (Timbuktu) က ဆန်ကိုရီတက္ကသိုလ် ဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်ဟာ မာလီနိုင်ငံတွင်သာမကဘဲ အိမ်နီးချင်း ဂါနာ (Ghana) နဲ့ ဆွန်ဟေး (Songhay) တို့က လာရောက်ပညာသင်ကြားရတဲ့အထိ အသိပညာပိုင်းဆိုင်ရာမှာ အချက်အခြာနေရာ ဖြစ်ခဲ့ပါတယ်။

    ဒီတက္ကသိုလ်ဟာ တင်ဘွက်တူ တရားသူကြီးချုပ်ဖြစ်တဲ့ အလ်-ကွာဒီ အကွစ်ဘ် အစ်ဗနေ့ မဟ်မူးဒ် အစ်ဗနေ့ အူမာရ် (Al-Qadi Aqib ibn Mahmud ibn Umar) က သက္ကရာဇ် ၉၈၉ မှာ တည်ဆောက်ခဲ့တဲ့ ဆန်ကိုရီ ဗလီဝတ်ကျောင်းတော်ကနေတစ်ဆင့် ဖြစ်တည်လာတာ ဖြစ်ပါတယ်။ အစ်ဗနေ့ အူမာရ်ဟာ ပညာရေးမှာ နှံ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆန်ကိုရီဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းအပြင်ဆင်ဟာ မက္ကာမြို့က ကအ်ဗာဟ် (Ka’bah) ၀တ်ကျောင်းတော်ရဲ့ အနေအထားအတိုင်း အတိအကျ ဆောက်လုပ်ထားတာပါ။ မန်ဒီကာမျိုးနွယ် (Mandika) က ကြွယ်ဝတဲ့အမျိုးသမီးတစ်ဦးဟာ နောက်ပိုင်းမှာ ဆန်ကိုရီတက္ကသိုလ်ကို ငွေကြေးထောက်ပံ့ပေးခဲ့ပြီး၊ တက္ကသိုလ်ကလည်း ဒေသအတွင်းမှာ ပညာရေးဆိုင်ရာ အရေးပါတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ်ကြီးဟာ အောင်မြင်ခဲ့ပြီး ၁၂ ရာစုမှာအရောက်မှာတော့ လူပေါင်း ၁ သိန်းလောက်ရှိတဲ့ တင်ဘွက်တူမြို့က ဆန်ကိုရီ တက္ကသိုလ်မှာ ကျောင်းသားပေါင်း ၂၅၀၀၀ အထိ ရှိခဲ့ပါတယ်။

    ဆန်ကိုရီတက္ကသိုလ်မှာ လွတ်လပ်တဲ့ကောလိပ်ပေါင်း အမြောက်အများရှိခဲ့ပြီး အဲဒီကောလိပ် တစ်ခုချင်းစီကို ပါမောက္ခတစ်ဦးချင်းစီက ကြီးကြပ်အုပ်ချုပ်ခဲ့ပါတယ်။ သင်ကြားပေးတဲ့ ဘာသာရပ်တွေထဲမှာလည်း ကုရ်အာန်ကျမ်းတော်မြတ်၊ အစ္စလာမ့်ရေးရာ၊ ဥပဒေပညာ၊ စာပေ၊ ဆေးပညာ၊ ခွဲစိတ်ပညာ၊ နက္ခတဗေဒ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနိကဗေဒ၊ ဘာသာစကား၊ ပထ၀ီ၊ သမိုင်းနဲ့ အနုပညာဘာသာရပ် စတာတွေ ပါဝင်ခဲ့ပါတယ်။

    ဒီပညာရပ်တွေတင်မကဘဲ ကုန်သွယ်မှုပညာ၊ စီးပွားရေးပညာနဲ့ လောကနီတိတွေလို ပညာရပ်မျိုးတွေကိုလည်း သင်ကြားပို့ချပေးပါသေးတယ်။ ကုန်သွယ်မှုပညာမှာတော့ လက်သမားအတတ်၊ လယ်ယာလုပ်ငန်းအတတ်၊ ငါဖမ်းနည်း၊ ဆောက်လုပ်ရေး၊ ဖိနပ်ထုတ်လုပ်ရေး၊ အပ်ချုပ်အတတ်ပညာနဲ့ ရေကြောင်းသွားလာရေး အတတ်ပညာ စသဖြင့် ဘာသာရပ်အမျိုးမျိုး ခွဲခြားထားပါတယ်။

    ဆန်ကိုရီတက္ကသိုလ်က အမြင့်ဆုံးဘွဲ့ဟာ ဒီနေ့ခေတ် ဒေါက်တာဘွဲ့ (Ph.D) နဲ့ တူညီပြီး ဒီဘွဲ့ရဖို့အတွက် ၁၀ နှစ်လောက် ပညာဆည်းပူးရပါတယ်။ ဒီဘွဲ့ကို ရရှိသွားပြီဆိုရင်တော့ အဲဒီအချိန်က ကမ္ဘာ့အဆင့် ပညာရှင်တစ်ယောက်အဖြစ် မှတ်တမ်းဝင်ပြီး သူတို့ရဲ့ ရေးသားမှုတွေနဲ့ သူတို့ရဲ့ ပညာပြည့်ဝမှုတွေကိုလည်း အသိအမှတ်ပြုခံရပါတော့တယ်။ ဆန်ကိုရီက ဒေါက်တာဘွဲ့အတွက် ရေးသားရတဲ့ စာတမ်းကို ရီစာလဟ် (Risaleh) လို့ခေါ်ပြီး၊ ဒေါက်တာဘွဲ့ရသူကို အာယာသွလ္လာဟ် (Ayatullah) လို့ ခေါ်တွင်ပါတယ်။ ဒီဘွဲ့ပေးအပ်မှုဟာ ကွမ် (အီရန်) နဲ့ နဂျက်ဖ် (အီရတ်) တို့မှာ ယခုအချိန်အထိ ဆက်လက်ရှိနေပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများဖတ်ရန်

    အပိုင်း (၈) – အလင်းပညာရပ်နှင့် ကင်မရာ – ဖတ်ရန်

    အပိုင်း (၉) – ဖက်ရှင်နှင့် စတိုင်ဖတ်ရန်

    အပိုင်း (၁၀) – ကော်ဇောထုတ်လုပ်မှုဖတ်ရန်

    အပိုင်း (၁၁) – စာသင်ကျောင်းများ ဘယ်ကစ ဖတ်ရန်