News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • အကြမ်းဖက်သမားများလက်မှ ခရစ်ယာန်များကို ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်သူရဲကောင်းကို ကင်ညာပြည်သူများ ဂုဏ်ပြု
    အကြမ်းဖက်သမားများလက်မှ ခရစ်ယာန်များကို ကာကွယ်ရင်း သေဆုံးခဲ့သူ မွတ်စလင်သူရဲကောင်းကို ကင်ညာပြည်သူများ ဂုဏ်ပြု
    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media
    kenyan
    ခရစ်ယာန်များအား အကြမ်းဖက်သမားများလက်မှ ကာကွယ်ရင်း ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့သည့် ကင်ညာမွတ်စလင်သူရဲကောင်း ဆာလာဟ် ဖာရာဟ်
    – အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်းမှာ ခရစ်ယာန်တွေကိုကာကွယ်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ကင်ညာက မွတ်စလင်ကျောင်းဆရာတစ်ယောက်ကို ကင်ညာပြည်သူတွေက “စစ်မှန်တဲ့သူရဲကောင်း”၊ တိုင်းပြည်ရဲ့အမှတ်သင်္ကေတအဖြစ် ချီးကျူးဂုဏ်ပြုကာ သူ့ရဲ့ ကျန်ရှိခဲ့တဲ့ မိသားစုအတွက် ကူညီထောက်ပံ့မှု ပြုလုပ်ဖို့လည်း စိုင်းပြင်းနေကြပါတယ်။
    ဆာလာဟ် ဖာရာဟ်လို့ အမည်ရတဲ့ အဲဒီ မူလတန်းပြ ကျောင်းဆရာလေးဟာ ပြီးခဲ့တဲ့လက မန်ဒီရာကနေ မြို့တော်နိုင်ရိုဘီကို သွားတဲ့ ဘတ်စ်ကားတစ်ခုမှာ အလ်ရှာဘက် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေကို ခွဲထိုင်ခိုင်းမှုကို ငြင်းဆန်ခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ခံလိုက်ရတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ခရစ်ယာန်တွေကို သီးသန့်ပစ်သတ်ဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အဲဒီကြိုးပမ်းမှုမှာ ဖာရာဟ်နဲ့အတူ မွတ်စလင်ခရီးသည်တွေဟာ အလ်ရှာဘတ်ကို အာခံခဲ့ကြတာပါ။
    အဲဒီဒဏ်ရာနဲ့ပဲ ပြီးခဲ့တဲ့တစ်ပတ်မှာ ဖာရာဟ်တစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ ဖာရာဟ်ကွယ်လွန်မှုကြောင့် အသက် ၂ နှစ်ကနေ ၁၀ နှစ်အတွင်းရှိတဲ့ သူရဲ့ ကလေး ၄ ရောက်နဲ့ လာမယ့်တစ်ပတ်ထဲမှာ ကလေးမီးဖွားဖို့ရှိနေတဲ့ ဇနီးတို့ဟာ ခိုကိုးရာမဲ့ခဲ့ရပါတယ်။
    ဖာရာဟ် သေဆုံးပြီးနောက်ပိုင်းမှာ သူ့ရဲ့မိသားစုကို ကူညီထောက်ပံ့ဖို့အတွက် အွန်လိုင်းလှုပ်ရှားမှုတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ Twitter စာမျက်နှာမှာ #HeroSalah လှုပ်ရှားမှုကို စတင်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အဘ်ဒူလာဟီ ဒီရိုးကတော့ “ဖာရာဟ်ဟာ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
    “သူ့မိသားစုမှာ သားယောက်ျားလေးဆိုလို့ သူတစ်ယောက်တည်း ပါတာပါ။ သူ့အဖေကလည်း အခုအချိန်မှာ အရမ်းအိုမင်းနေပါပြီ။ ကလေးတွေကလည်း အရမ်းငယ်ပါသေးတယ်” လို့ မန်ဒီရာမြို့သားတစ်ဦးဖြစ်တဲ့ ဒီရိုးက ဆိုပါတယ်။
    “သူ့မိသားစုအတွက် ဘယ်လိုကူညီနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ကြိုးစား စဉ်းစားကြည့်ပါတယ်။ သူလုပ်ခဲ့တာဟာ ကင်ညာပြည်သူတွေအတွက်သာ မကဘဲ၊ လူသားဝါဒအတွက်ဖြစ်ပြီး ကင်ညာပြည်သူတွေအဖြစ် အနည်းဆုံးတော့ ကျွန်တော်တို့ဟာ ချီးကျူးအသိအမှတ်ပြုရပါမယ်” လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုအတွက် ဆာလာဟ်ရဲ့ မိသားစုကို အုပ်ထိန်းသူအဖြစ် တာဝန်ယူထားတဲ့ ဖာရာဟ်ရဲ့ ၀မ်းကွဲညီအကို ရရှစ်ဒ်ဆီက ခွင့်ပြုချက် ရယူထားတယ်လို့ ပြောခဲ့ပါသေးတယ်။
    ရရှစ်ကလည်း ဖာရာဟ်ရဲ့ မိသားစုဟာ ဒီလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုထားတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
    “ကလေးတွေက ခိုကိုးရာလိုတယ်လေ။ သူတို့လေးတွေအတွက် ပညာရေး၊ စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ သူမိဘနှစ်ပါးကလည်း ဒီလိုပါပဲ” လို့ ရရှစ်က ပြောကြားခဲ့ပါတယ်။
    “ဖာရာဟ်က လေးစားခံရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ မူလတန်း ကျောင်းကြီး တစ်ကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်ကြီးအဖြစ် မကြာသေးခင်ကမှ ရာထူးတိုးခံထားရတာပါ။ ရွာကလည်း သူ့ကို တော်တော်လေး လေးစားကြပါတယ်”
    အခုအချိန်အထိတော့ ဖာရာဟ်ရဲ့မိသားစုကို ကူညီဖို့ဆောင်ရွက်တဲ့ လှုပ်ရှားမှုနေ ကင်ညာရှီလင် ၁၅၀၀၀၀ ကျော် (ကန်ဒေါ်လာ ၁၄၆၀) လောက် ရှိနေပါပြီ။
    “တစ်ကျပ်၊ နှစ်ကျပ်ဆိုပေမယ့်လည်း အများကြီးပေါင်းလိုက်တဲ့အခါ ကြီးမားတဲ့ ထူးခြားမှုကို ဖြစ်စေပါတယ်” လို့ ဒီရိုးက ပြောကြားခဲ့ပါတယ်။
    အာဖရိကဦးချိုဒေသလို့သိကြတဲ့ ဆိုမာလီနိုင်ငံရဲ့ မြို့ကြီးတွေကနေ တိုက်ထုတ်ခံခဲ့ရပေမယ့်လည်း အလ်ရှာဘတ် အကြမ်းဖက်အဖွဲ့ကတော့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အာဖရိကသမ္မဂရဲ့ တပ်ဖွဲ့ဝင်တစ်စိတ်တစ်ပိုင်းအဖြစ် ဆိုမာလီမြို့ အလ်-အဒီမှာ တပ်စွဲထားတဲ့ ကင်ညာတပ်ဖွဲ့တွေကို အလ်ရှာဘတ်က တိုက်ခိုက်ခဲ့ပြီး ကင်ညာနိုင်ငံအတွင်းမှာလည်း တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
    ဖာရာဟ်နဲ့ပတ်သက်ပြီးဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုကို ပြည်သူတွေက အင်နဲ့အားနဲ့ ထောက်ခံကြတာဟာ ကင်ညာပြည်သူတွေအနေနဲ့ စုစည်းညီညွတ်ကြတယ်ဆိုတဲ့ သတင်းစကား အလ်ရှာဘတ်ကို ပေးလိုက်တာပဲလို့ ဒီရိုးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “တိုင်းချစ်ပြည်ချစ်စိတ်ပါပဲ။ သူရဲကောင်းဖာရာရဲ့ မိသားစုနဲ့ သူ့ကလေးတွေရဲ့ ပညရေးကို ကူညီတာဟာ အလ်-ရှာဘတ်အဖွဲ့ကို အာခံတာပဲလို့ ကင်ညာပြည်သူတွေက မှတ်ယူနေကြပါတယ်။ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုတဲ့နေရာမှာ ကျွန်တော်တို့ဟာ တစ်စိတ်တစ်ဝမ်းထဲပါပဲ”
    Ref: Aljazeera
  • ပါလက်စတိုင်းတို့၏ လယ်ယာလုပ်ငန်းကို နည်းမျိုးစုံးနဲ့ ဖျက်ဆီးနေတဲ့ အစ္စရေး
    ပါလက်စတိုင်းတို့၏ လယ်ယာလုပ်ငန်းကို နည်းမျိုးစုံးနဲ့ ဖျက်ဆီးနေတဲ့ အစ္စရေး
    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media
    pales
    ပါလက်စတိုင်းတို့၏ စိုက်ခင်းတစ်ခု
    – ဇန်န၀ါရီ ၇ ရက်နေ့က ဂါဇာအရှေ့ဘက်ခြမ်း အစ္စရေးနယ်စပ်ခြံစည်းရိုးနားမှာရှိတဲ့ ပါလက်စတိုင်းတို့ရဲ့ လယ်ယာစိုက်ခင်းတွေပေါ်မှာ လယ်ယာလုပ်ငန်းသုံး လေယာဉ်ငယ်တစ်စီးဟာ အနိမ့်ပျံသန်းပြီး ပေါင်းသတ်ဆေးတွေ ဖြန်းခဲ့တာကြောင့် ပါလက်စတိုင်းတို့ရဲ့ ကောက်ပဲသီးနှံနဲ့ လယ်ဧက ၁၆၂ ဟက်တာလောက် ပျက်ဆီးဆုံးရှုံးသွားခဲ့ရပါတယ်။
    “ဖြန်းသွားတဲ့ ပေါင်းသတ်ဆေးတွေက တော်တော်ပြင်းပါတယ်။ ဒါ့ကြောင့် မြေဆီထဲမှာ စိမ့်ဝင်သွားပြီး၊ ရေသိုလှောင်ထားတဲ့နေရာတွေအထိ ရောက်သွားပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် တော်တော်လေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်” လို့ ပါလက်စတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဓာတုဗေဒဓာတ်ခွဲခန်းရဲ့ မန်နေဂျာဖြစ်သူ အန်ဝါရ် အဘူ အက်ဆီ ပြောခဲ့ပါတယ်။
    အဲဒီအဆိပ်ရည်တွေဖြန်းသွားတဲ့နေရာဟာ ပါလက်စတိုင်းပိုင်နက်ထဲက မြေပေါ်မှာ အစ္စရေးက မဖြစ်သန်းရဇုန်အဖြစ် တစ်ဖက်သတ်ကြေငြာထားတဲ့ ဒေသထဲမှာ ပါဝင်ပါတယ်။
    အစ္စရေးက ဒီလို ပိုင်စိုးပိုင်နင်းသတ်မှတ်ထားတဲ့ မဖြတ်သန်းရဇုန်ဟာ ပါလက်စတိုင်းပိုင် ဂါဇာဒေသရဲ့ ၁၇ ရာခိုနှုန်းနီးနီးလောက် ရှိပြီး ဂါဇာကမ်းမြှောင်က အရေးပါပြီး မြေဆီမြေသြဇာပြည့်ဝတဲ့ စိုက်ပျိုးမြေရဲ့ ၃ ပုံတစ်ပုံလောက် အဲဒီအထဲမှာ ပါသွားခဲ့ပါတယ်။
    အသက် ၄၀ အရွယ် ယူဆက်ဖ် ရှာဟင်ကတော့ သူရဲ့ လယ်ယာမြေတွေနဲ့ ခန်ယူနစ်အရှေ့ပိုင်းဒေသ အလ်-ဖာရာဟင်က လယ်ယာမြေတွေကို ရေပေးဝေနေတဲ့ တိုင်ကီကြီးကို ပြီးခဲ့တဲ့တစ်ပတ်မှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖျက်ဆီးခဲ့ပြီးတဲ့နောက်ပိုင်း လယ်ယာမြေတွေကို ပြန်လည်ရှန်သန်အောင်လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။
    အဲဒီရေတိုင်ကီနဲ့ ရေဖြန့်ဖြူးရေးစနစ်တွေကို အစ္စရေးရဲ့ဖျက်ဆီးမှုက ဆာဟင်နဲ့ သူ့ရဲ့ အိမ်နီးချင်း လယ်သမားတွေကို ကန်ဒေါ်လာ ၁၅၀၀၀ လောက် ဆုံးရှုံးစေခဲ့ပါတယ်။ ဆာဟင်က အစိုးရကလည်း ထောက်ပံ့မှုမပေးဘူးလို့ ဆိုပါတယ်။
    “ထောက်ပံ့မှုမရှိဘဲနဲ့ ဒီစနစ်ကြီးကို ကျွန်တော်တို့ ဘယ်လို့မှ ပြန်မတည်ဆောက်နိုင်ပါဘူး။ ရေသွင်းစိုက်ပျိုးဖို့အတွက် ရေးပေးဝေမှုစနစ် ကျွန်တော်တို့မှာ မရှိတော့ပါဘူး။ ဒီတစ်နှစ်တော့ ကျွန်တော်တို့ သွားပါပြီ” လို့ ဆာဟင်က ပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်းလယ်ယာမြေတွေအတွက် ရေပေးဝေနေတဲ့စနစ်ကို အစ္စရေးစစ်တပ်က ဖျက်ဆီးမှုဟာ ဆာဟင်နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နောက်ထပ် ဒုက္ခတစ်မျိုး ရောက်စေခဲ့ပါတယ်။
    အစ္စရေးက တစ်ဖက်သတ် မဖြတ်သန်းရဇုန်လို့ ကြေငြာထားတဲ့ ဒီနေရာဟာ ဂါဇာကမ်းမြှောင်တစ်ခုလုံးက စားနိပ်ရိက္ခာဖူလှုံရေးအတွက် အင်မတန် အရေးပါတဲ့နေရာပါ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အစ္စရေးစ်သားတွေဟာ ဒီဇုန်ကိုဝင်လာတဲ့ ပါလက်စတိုင်း အနည်းဆုံး ၁၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအထဲက အများစုဟာ ခြံစည်းရိုးအနားမှာ ဆန္ဒပြနေတုန်း အစ္စရေးလက်ဖြောင့်တပ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
    သူတို့ရဲ့ လယ်ယာမြေတွေနားကို ချဉ်းကပ်သွားတဲ့ ပါလက်စတိုင်း လယ်သမားတွေလည်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ သတင်းတွေ ထပ်ပြီး ထွက်ပေါ်လာခဲ့ပါသေးတယ်။
    “ဒီကောက်ပဲသီးနှံတွေကိုစိုက်ပျိုးတာဟာ နေ့စဉ် ဘ၀နဲ့ရင်းပြီး လုပ်နေရတာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ပါပြီ” လို့ ဆာဟင်က သူစိုက်ထားတဲ့ ဟင်းနုနွယ်မျိုးစေ့လေးတွေကို ကြည့်ရှုရင်း ပြောကြားခဲ့ပါတယ်။
    ဆာဟင်ဆုံးရှုံးသွားတဲ့ စိုက်ခင်းတွေထဲမှာ ဟင်းနုနွယ်စိုက်ခင်း၊ ပဲစိုက်ခင်း၊ မုန်လာစိုက်ခင်းနဲ့ ပဲတောင့်ရှည်စိုက်ခင်းတွေ ပါဝင်ပါတယ်။ ဆာဟင် ပြန်လည်စိုက်ပျိုးဖို့ ကြိုးစားမှုဟာလည်း အောင်မြင်မလားဆိုတာ မသေချာသေးပါဘူး။
    စိုက်ခင်းတွေပေါ်မှာ အစ္စရေးက ပေါင်းသတ်ဆေး အဆိပ်ရည်တွေ ဖြန်းမှုဟာ တစ်ဖတ်သက် သတ်မှတ်ထားတဲ့ မဖြတ်သန်းရဇုန်ထက်ကို ကျော်လွန်သွားခဲ့ပြီး၊ လေတိုက်ခတ်မှုကလည်း အဲဒီ ဓာတုဗေဒ ပစ္စည်းတွေကို ဂါဇာကမ်းမြှောင်ရဲ့ အခြားနေရာတွေအထိ ရောက်ရှိသွားစေတယ်လို့ လယ်သမားတွေက ပြောကြားခဲ့ပါတယ်။ ဒီအကျိုးဆက်တွေဟာ ရေရှည်ဒုက္ခပေးမှာကိုလည်း သူတို့ ကြောက်ရွံ့နေကြပါတယ်။
    အဘူအက်ဆီကတော့ ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေး တစ်ခုချင်းဆီဟာ သီးနှံတွေကို မစိုက်ပျိုးခင်မှာ အချိန်အဆနဲ့ သုံးရတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အခုလို ပြင်းထန်တဲ့ အနေအထားမျိုးဆိုရင်တော့ သူတို့ရဲ့ လယ်ယာမြေတွေဟာ ရေရှည်အတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း သူ့မှာ ရှိနေပါတယ်။
    အစ္စရေးစစ်တပ်က တာဝန်ရှိသူတစ်ဦးကတော့ သူတို့ဒီလိုဖျက်ဆီးတာဟာ လုံခြုံရေးအကြောင်းကြောင့်ပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ်အတွင်း ဂါဇာကို အစ္စရေးက တိုက်ခိုက်မှုအတွင်းမှာလည်း ပါလက်စတိုင်းတွေရဲ့ လယ်ယာကဏ္ဍဟာ ဆုံးရှုံးမှုတွေရှိခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၅၀ ဖိုးလောက် ပျက်ဆီးခဲ့ပါတယ်။ လယ်ယာမြေ ၁၄၀၀၀ ဟက်တာလောက်ဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အစ္စရေးက ဗုံးကြဲနေစဉ်အတွင်းမှာ လယ်ယာမြေတွေကို သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိတာကြေင့် နောက်ထပ် ကောက်ပဲသီးနှံတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေဟက်တာ ထောင်နဲ့ချီလည်း ပျက်ဆီးခဲ့ပါတယ်။
    လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အစ္စရေး တိုက်လေယာဉ်တွေဟာ ဂါဇာက အဓိက စိုက်ပျိုးရေး သုတေသနအဆောက်အဦးတစ်ခုကို ဗုံးကြဲဖျက်ဆီးခဲ့တာကြောင့် ကန်ဒေါ်လာ ၃ သိန်းဖိုးလောက် ထိခိုက်ပျက်ဆီးခဲ့ပြီး၊ သုတေသနအဆောက်အအုံ၊ ဓာတ်ခွဲခန်းတွေ၊ ယာဉ်တွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ကြီးတစ်ခုတို့လည်း ပျက်ဆီးခဲ့ပါတယ်။
    အဲဒီ သုတေသနဌာနဟာ ဒေသတွင်းက လယ်သမားတွေအတွက် မျိုးစေ့အသစ်တွေ၊ အပင်အသစ်တွေကို ထုတ်လုပ်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ဗုံးကြဲမှုအတွင်းမှာ အဆောက်အဦးကို လုံးဝဖျက်ဆီးခဲ့ပြီး ဒါဟာ လယ်ယာလုပ်ငန်းမှာ အမှီအခိုကင်းအောင်၊ လုံလုံလောက်လောက်ဖြစ်အောင် ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဒုက္ခရောက်စေဖို့ အစ္စရေးက ဆောင်ရွက်လိုတဲ့ပုံ ပေါ်ပါတယ်။
    သုတေသနဌာနရဲ့ မန်နေဂျာဖြစ်သူ ရှာဟာရ် အလ်-ရီဖီက လက်ရှိအချိန်မှာ သူတို့ရဲ့ဌာနဟာ ၇၀ ရာခိုင်နှုန်းလောက် သုံးလို့မရတော့ဘူးလို့ ဆိုပါတယ်။ လယ်ထွန်စက်တွေ၊ စိုက်ပျိုးရေစက်ပစ္စည်းတွေတင်သွင်းဖို့ အစ္စရေးက ကန့်သတ်ပိတ်ပင်ထားမှုနဲ့အတူ အပြည့်အ၀ ပြန်လည် လည်ပတ်ဖို့အတွက် တော်တော်လေးကြာအုံးမယ်လို့ အလ်-ရီဖီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အထွေထွေညွှန်ကြားရေးမှူး အဒဲလ် အာတာလာဟ်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးဟာ ဟောင်းနွမ်းအိုမင်းနေတဲ့ စက်ပစ္စည်းတွေကိုပဲ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒေသတွင်းလယ်သမားတွေဟာ အလုပ်လုပ်လို့မရတဲ့ ကိရိယာတွေကို အစားထိုးဖို့ ကြိုးစားရာမှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ အစ္စရေးက ဘာမှကို တင်သွင်းခွင့်မပေးပါဘူး”
    ဂါဇာက လယ်ယာစိုက်ပျိုးရေကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ထောင်သောင်းမက များပြားပါတယ်။ ရေသွင်းစိုက်ပျိုးမှုဟာ လျှင်စစ်ဓာတ်အား လုံလုံလောက်လောက်မရမှုကြောင့် အခက်အခဲဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားကလည်း တစ်နေ့ကို ၁၂ နာရီအောက်သာ ရရှိပါတယ်။ လယ်သမားတွေဟာ ရေတွေကိုစုပ်ဖို့ မီးစက်တွေကို အသုံးပြုရပြီး လောင်စာဆီအတွက် ထပ်မံကုန်ကျမှုဟာ သူတို့ရဲ့ စီးပွားရေး ထိခိုက်မှုအတွက် နောက်ထပ်အကြောင်း အရင်းလည်းဖြစ်နေပါတယ်။
    Ref: Aljazeera
    (Aljazeera သတင်းဌာနမှ ဖော်ပြသည့် Israel spraying toxins over Palestinian crops in Gaza ဆောင်ပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၆)
    တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၆)
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    hygiene ၂
    –  အလယ်ခေတ်အချိန်ကာလတွေကို အနံ့ဆိုးတွေ၊ မှောင်မိုက်မှုတွေ၊ ကြမ်းတမ်းမှုတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ကာလတွေအဖြစ် မကြာခဏ ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ၁၀ ရာစုက အစ္စလာမ်ကမ္ဘာမှာတော့ တစ်ကိုယ်ရည်သန့်ရှင်းရေး စွန့်ဦးကျင့်သုံးမှုတွေရှိခဲ့ပြီး၊ အဲဒီခေတ်အခါက ရေချိုးခန်းတွေမှာလည်း ဒီနေ့ ကျွန်တော်တို့ သုံးစွဲနေတဲ့ တစ်ကိုရည်သန့်ရှင်းရေး ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေတာကို လေ့လာသိရှိရပါတယ်။
    whudu machine
    အလ်-ဂျာဇာရီ၏ ‘၀ူသူပြုစက်’ လက်ရေးမူဒီဇိုင်း
    မွတ်စလင်တွေဟာ ဆပ်ပြာကိုလည်း ဆီ (သံလွင်ဆီ) နဲ့ အလ်-ကွာလီ (Al-Quali – ဆားကဲ့သို့ ဒြပ်ပစ္စည်းတစ်မျိုး) တို့ကိုပေါင်းပြီး တီထွင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက ရေးသားထားတဲ့ လက်ရေးမှုတွေအရ ဒီပစ္စည်းနှစ်ခုကို သင့်တော်တဲ့ အပျော့အမာအနေအထားရောက်အောင် ကြိုပြီး၊ အခြောက်ခံကာ ဟမ်မမ်စ် (Hammams – ရေချိုးခန်း) တွေမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။
    အလယ်ခေတ်မွတ်စလင်တွေဟာ ရုပ်ဆင်းသွင်ပြင်အလှဆင်မှု အတတ်ပညာနဲ့ပတ်သက်ပြီး တော်တော်လေး ပေါက်မြောက်ခဲ့ကြပါတယ်။ အဲဒီအထဲက ကျွမ်းကျင်သူတစ်ဦးကတော့ အလ်-ဇာဟ်ရာဝီ (Al-Zahrawi) ပဲဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီး သူရဲ့ ဆေးပညာကျမ်းကြီးဖြစ်တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) မှာ အလှအပပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခန်းတစ်ခန်းကို The Medicines of Beauty (အလှအပအတွက် ဆေးနည်းများ) ခေါင်းစဉ်နဲ့ ထည့်သွင်းခဲ့ပါတယ်။
    အလ်-ဇာဟ်ရာဝီဟာ အဲဒီအခန်းမှာ ဆံပင်နဲ့အသားအရေ၊ သွားနဲ့ခံတွင်း ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းတွေ၊ အလှဆင်မှုနည်းလမ်းတွေကို ဖော်ထုတ်ရေးသားထားပြီး အဲဒီရေးသားချက်တွေအားလုံးဟာ အစ္စလာမ့်သတ်မှတ်ချက်ဘောင်တွေထဲက ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနံမွှေးစပရေး၊ ပလုပ်ကျင်းဆေး၊ လက်လိမ်းခရင်မ်၊ အထူးပုံစံခွက်ထဲမှာ လောင်းထားတဲ့ နံသာချောင်း ဖော်စပ်ထုတ်လုပ်မှု အကြောင်းတွေကိုလည်း ရေးသားခဲ့ပြီး အဲဒီနံသာချောင်းတွေဟာ ဒီနေ့ခေတ် Roll On အနံ့အသက်ပျောက်ဆေးတွေရဲ့ ရှေ့ပြေးလည်း ဖြစ်ခဲ့ပါတယ်။   နောက်ပြီး ဆံပင်နှုတ်ကိရိယာ၊ ဆံပင်ဆိုးဆေး၊ ဆံပင်တောင့်ဆေး စတာတွေကိုလည်း သူ့ရဲ့အဲဒီစာအုပ်ထဲမှာ အလ်-ဇာဟ်ရာဝီက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ နေပူဒဏ်ကိုကာကွယ်တဲ့ လိမ်းဆေးခရင်မ်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ဒီအခန်းမှာ တွေ့မြင်ရပြီး ဒီလိမ်းဆေးဖန်တီးဖို့အတွက် သုံးစွဲရမယ့် ပါဝင်ပစ္စည်းတွေကို ဖော်ပြထားမှုမှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီက ဇာဟ်-ရာဝီရဲ့ အံ့သြဖွယ် စဉ်းစားတွေးခေါ်ဉာဏ်ကို တွေ့ရှိခဲ့ရပါတယ်။
    လက်ရှိ အီရတ်နိုင်ငံမှာရှိတဲ့ ကူဖာ (Kufa) မြို့မှာ မွေးဖွားခဲ့တဲ့ အလ်-ကင်ဒီ (Al-Kindi) ဟာ ရေမွှေးနဲ့ ပတ်သက်တဲ့ ကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပြီး အဲဒီကျမ်းကြီးကိုတော့ Book of the Chemistry of Perfume and Distillations (ရေမွှေးနှင့် အဆီချက်လုပ်မှုဆိုင်ရာ ဓာတုဗေဒကြမ်း) လို့ ခေါ်တွင်ပါတယ်။ အဲဒီကျမ်းမှာ နံသာဆီနဲ့ ရေမွှေးတို့လို မွှေးအကြိုင်ပစ္စည်းတွေ ဖော်စပ်ထုတ်လုပ်မှုနဲ့၊ ဆေးဝါးထုတ်လုပ်မှုနည်းလမ်းတွေ ပါဝင်ပါတယ်။ အစပိုင်းမှာတော့ လူ့အဖွဲ့အစည်းက အထက်တန်းစားအလွှာတွေသာ ရေမွှေးကို သုံးစွဲနိုင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ လူတိုင်း အသုံးပြုလာနိုင်ခဲ့ပါတယ်။
    al-Zahrawi
    အလှအပဆေးနည်းများကို ဖော်ထုတ်ခဲ့သူ အလယ်ခေတ် ထိပ်တန်း မွတ်စလင်ခွဲစိတ်ဆရာဝန်ကြီး အလ်-ဇာဟ်ရာဝီ
    မွတ်စလင်ဓာတုဗေဒပညာရှင်တွေဟာ အပင်တွေ၊ ပန်းပွင့်တွေကနေ အဆီချက်လုပ်ကာ ရေမွှေးတွေ၊ ဆေ၀ါးတွေကို ထုတ်လုပ်ဖော်စပ်ခဲ့ကြပါတယ်။
    မွတ်စလင်တွေရဲ့ ဒီ တီထွင်ကြံဆမှုတွေ၊ အယူအဆတွေဟာ ဥရောပကို ကုန်သည်တွေ၊ ခရီးသွားတွေနဲ့ ခရူးဆိတ်စစ်သားတွေကနေတစ်ဆင့် တစ်ဖြည်းဖြည်းခြင်း စိမ့်ဝင်ရောက်ရှိသွားကြပါတယ်။ မွတ်စလင်တွေရဲ့ အလှအပ၊ ရေမွှေးနဲ့ဆိုင်တဲ့ ဒီအသိပညာ၊ အတတ်ပညာတွေဟာ နောက်ဆုံးမှာ ရေမွှေးလုပ်ငန်းအတွက် အသင့်တော်ဆုံး ရာသီဥတုနဲ့ ရေခံမြေခံရှိတဲ့ ပြင်သစ်တောင်ပိုင်း ဟူတီပြည်နယ် (Haute) ကို ရောက်ရှိသွားခဲ့ပြီး နှစ် ၇၀၀ ကြာညောင်းသည့်တိုင်အောင် ရှင်သန်ခဲ့ပါတယ်။
    အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့ နောက်ထပ်အရေးပါတဲ့ အလှအပ ပစ္စည်းကတော့ လက်တွေမှာ ကနုတ်ပန်းပုံစံကို ရှုမငြီးဖွယ် ပုံဖော်ထားလေ့ရှိတဲ့ ‘ဒန်း’ ပဲဖြစ်ပါတယ်။ အစ္စလာမ်သာသနာ ပြန့်နှံ့မှုနဲ့အတူ ဒီ ဒန်းဆိုးဆေးဟာလည်း ကမ္ဘာ့တစ်နှံတစ်လျားကို ရောက်ရှိခဲ့ပြီး အလှအပပစ္စည်းတွေအတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။
    တမန်တော် မုဟမ္မဒ်နဲ့ သူရဲ့ သာဝကကြီးတွေဟာ မုတ်ဆိတ်ကို ဒန်းဆိုးလေ့ရှိပြီး၊ အမျိုးသမီးတွေဟာလည်း သူတို့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ဆံပင်တွေကို ဒီနေ့ခေတ် အမျိုးသမီးတွေလိုပဲ ဒန်းဆိုးခြယ်သကြပါတယ်။ ခေတ်ပေါ် သိပ္ပံပညာရှင်တွေက ဒန်းဟာ ဘက်တီးရီးယား၊ မှိုတက်မှုတို့ကို ကာကွယ်ပေးသလို သွေးတိတ်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒန်းဟာ အနာကိုကျက်စေပြီး၊ အရေပြားမှိုစွဲရောဂါနဲ့ ရောင်ရမ်းမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါသေးတယ်။
    ဒန်းပင်ရဲ့အရွက်နဲ့ အစေ့တွေမှာ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေရှိပြီး နှစ်ခုစလုံးဟာ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို အေးမြစေပါတယ်။ ဒါတင်မကသေးပဲ ဒန်းမှာ ဆံပင်ကို သန်စွမ်းနက်မှောင်စေတဲ့ သဘာဝပစ္စည်းတွေလည်း ပါဝင်ပါတယ်။
    ခေါင်းလျှော်မှုနဲ့ အကြောဖြေနှိပ်နယ်မှု
    KbR1JBHWJFEL4JMffD4ECCWT
    အိန္ဒိယမွတ်စလင် မာဟိုမက်၏ ရေနွေးရေချိုးခန်း
    ၁၇၇၀ ပြည့်နှစ်တွေနဲ့ ၁၇၈၀ ပြည့်နှစ်တွေဟာ အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ ကမ်းခြေအပန်းဖြေလုပ်ငန်း ကြီးထွားလာတဲ့နှစ်တွေ ဖြစ်ခဲ့ပြီး အိန္ဒိယ မွတ်စလင်တစ်ဦးဖြစ်တဲ့ ရှိခ် ဒင် မာဟိုမက် (Sheikh Dean Mahomed) ကလည်း အဲဒီအချိန်ကာလမှာပဲ ဘရိုက်တန်ကို ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ပတ္တနာ (Patna) မြို့က မွတ်စလင်မိသားစုတစ်ခုကနေ ဆင်းသက်လာတဲ့ မာဟိုမက်ဟာ ၁၇၅၉ ခုနှစ်မှာ ဘရိုက်တန်ရဲ့ ပင်လယ်ကမ်းခြေမှာ အိန္ဒိယရေနွေးရေချိုးခန်း (Indian Vapour Baths)  ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီရေချိုးခန်းဟာ တူရကီရေချိုးခန်းတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။
    ဒါပေမယ့် ဒီအိန္ဒိယရေချိုးခန်းမှာတော့ ဖောက်သည်တွေကို ရွက်ဖျင်တဲတစ်ခုချင်းဆီမှာ ထားစေပြီး ရွက်ဖျင်တဲရဲ့ ဟနေတဲ့နေရာကနေ လက်နှစ်ချောင်းဝင်လာကာ အိန္ဒိယက ချမ်ပီ (Champi – ခေါင်းလျှော်) ၀န်ဆောင်မှုနဲ့ အကြောဖြေနှိပ်နယ်ပေးတဲ့ ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးပါတယ်။ ထူးခြားတဲ့ ဒီရေနွေးရေချိုးခန်းနဲ့ ခေါင်းလျှော်ပေးတဲ့ ၀န်ဆောင်မှုကြောင့် ရှိခ် ဒင် မာဟိုမက်ဟာ အင်္ဂလန်မှာ နာမည်ကြီးခဲ့ပြီး အင်္ဂလန်ဘုရင် ဂျော့ဂ်ျ ၄ (George IV) နဲ့ ၀ီလီယံ ၄ (William IV) တို့လက်ထက်မှာ “ခေါင်းလျှော်ဝိဇ္ဇာ” အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်
    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်
    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်
    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်
    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 
  • ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…
    ချစ်ခြင်းဖြင့် တည်ဆောက်ယူပါ…
    ဇန်နဝါရီ ၂၁ ၊ ၂၀၁၆
    M-Media
    ပျံလွှား ရေးသည်။
    No one is born
    ဒီနေ့ ကျောင်းကအပြန် ၂၀၂ ကားလိုင်းပေါ်က ဖြစ်ရပ်လေးတစ်ခုက ဘာသာရေးနဲ့ လူမျိုးရေး နဲ့ ပဋိပက္ခတွေနဲ့ ကမ္ဘာချီ နာမည်ဆိုးရနေတဲ့ နိုင်ငံအတွက် ကျွန်တော့်ရင်ထဲမှာ မျှော်လင့်ချက်တစ်ခု ပီတိနဲ့ယှဉ်ပြီး ဖြစ်ခဲ့ရပါတယ်။
    ကြပ်သည်လည်းမဟုတ် ချောင်သည်လည်းမဟုတ်တဲ့ ကားပေါ်အနေအထားမှာ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဘက်အခြမ်းမှာ ၄-၅နှစ်အရွယ် ကလေးငယ်တစ်ဦးကို ချီပွေ့ထားသော လူကြီးပိုင်းတစ်ယောက်နဲ့ အခြားလူလတ်ပိုင်းတစ်ဦး။
    ကလေးကို ပွေ့ချီထားတဲ့ လူကြီးက အသားခပ်လတ်လတ်နဲ့ ယနေ့ခေတ်အမြင်နဲ့ ဗမာဟု ယေဘူယျမှတ်ယူနိုင်သည့်ပုံစံမျိုး။
    လူလတ်ပိုင်းကတော့ ယဉ်ကျေးစွာပြောလိုလျှင် အသားညို၊ ဒဲ့ပြောလျှင်တော့ အသားမည်းမည်းပေါ့၊ မုတ်ဆိတ်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရပ်ခေါ်တိုင်း အများခေါ်သည့်အတိုင်း ခေါ်မည်ဆိုလျှင် ကုလားဟု ခေါ်ခံရမည့် ပုံစံ။
    သူတို့နှစ်ဦးတွင် တူညီတာက နှစ်ဦးစလုံး ရှပ်အင်္ကျီနှင့် လုံချည်ကို ဝတ်ဆင်ထားခြင်းပင်။ တူညီမှုထဲက မတူညီတာက လူကြီးပိုင်းသူက အင်္ကျီ လက်ရှည်ကို ဝတ်ဆင်ထားပြီး အင်္ကျီအောက်စွန်းကို လုံချည်ထဲ သေသေသပ်သပ်ထည့်က ဝတ်ဆင်ထားသည်။
    လူလတ်ပိုင်းသူကတော့ အင်္ကျီလက်တိုကို အပြင်ထုတ်ဝတ်ထားသည်။
    နောက်တူညီမှုတစ်ခုကတော့ သူတို့ နှစ်ဦးစလုံး အပြုံးကိုယ်ဆီဖြင့် ပွင့်လင်းခင်မင်သည့် အမူအရာဖြင့် တစ်ဦးကို တစ်ဦး စကားပြောဆိုနေကြခြင်းပါ။
    အဲ့ဒီနောက် ကျွန်တော်လည်း လှမ်းနေသည်က တစ်ကြောင်း၊ ကိုယ့်အတွေးနဲ့ ကိုယ်ကတစ်ကြောင်းဖြင့် လိုက်ပါလာပြီး အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။
    အဝိုင်းမှတ်တိုင်ရောက်ခါနီးမှာ ကားအပေါက်ဘက်ကို အမှတ်မထင် အာရုံပြုမှုလိုက်သည့်အချိန် လူကြီးပိုင်းသူက သားငယ်လေးကို ပွေ့ချီလျက် ဆင်းရန်ဟန်ပြင်နေပြီး သူ့ကလေးငယ်ကို “သားရေ ဦးဦးကို နှုတ်ဆက်လိုက်ဦး” ဆိုပြီးပြောလိုက်သံကြားလိုက်သည်။
    “ဦးဦး သွားတော့မယ် တာ့တာ” ဆိုပြီး လက်ဝှေ့ကာ အပြစ်ကင်း လှိုက်လှဲစွာ ပြုံးပြပြီး သူတို့ နှစ်ဦး ဆင်းသွားကြသည်။ ထိုအချိန် လူလတ်ပိုင်းသူမှာ ပြုံးလျက် ကားပေါ်တွင် ကျန်ခဲ့ကာ ဆက်လိုက်ပါလာခဲ့ပါတယ်။
    ဒီမိနစ်ပိုင်း အဖြစ်အပျက်လေးက ကျွန်တော့်ခေါင်းထဲကို အတွေးပေါင်းများစွာကို ဝင်ရောက်စေခဲ့ပါတယ်။
    အသားအရောင် အမျိုးနွယ် ပုံစံ (ဘာသာတရားလည်း ကွဲပြားမယ်လို့ ယူစမိပါတယ်၊ ဒါပေမယ့် ဘာသာတရားများဟာ ကန့်သတ်မှုကို လွန်မြောက်တဲ့အတွက် အသားအရောင် မျက်နှာအသွင်အပြင်စတာတွေနဲ့ မခွဲကောင်းတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါ)စတာတွေ မတူတဲ့ လူနှစ်ဦး ဘာကြောင့် တူညီစွာ တစ်ဦးကိုတစ်ဦး ပြုံးပြနိုင်ကြတာလဲ။
    ပြုံးရုံတင်မကဘဲ မိမိရဲ့ မျိုးဆက်ဖြစ်တဲ့ ကလေးငယ်လေးကိုပါ ကိုယ်နဲ့ မတူကွဲပြားတဲ့ သူတစ်ဦးကို ဟက်ဟက်ပက်ပက် ရိုးသားစွာ ပြုံးပြတတ်အောင် သင်ပေးနိုင်ရတာလဲ။
    ကျွန်တော် ငြိမ်းချမ်းရေး လူသားကြီး နယ်လ်ဆင် မင်ဒဲလား Nelson Mandela ရဲ့ စကားကို တွေးမိနေရင်း…
    “No one is born hating another person because of the color of his skin, or his background, or his religion. People must learn to hate, and if they can learn to hate, they can be taught to love, for love comes more naturally to the human heart than its opposite.”
    (ဘယ်သူကမှ အခြားသူတစ်ယောက်ကို သူရဲ့ အသားရောင်၊ နောက်ကြောင်း ဒါမှမဟုတ် ဘာသာတရားကြောင့်ဆိုပြီး မုန်းတီးပြီး မွေးလာတာ မဟုတ်ပါဘူး။ မုန်းဖို့ဆိုတာလည်း သင်ယူရတာပဲ။ မုန်းဖို့သင်ယူနိုင်ရင် ချစ်တတ်ဖို့ သင်ပေးနိုင်တာပဲ။ ချစ်ခြင်းမေတ္တာက အမုန်းတရားထက် စာရင် လူသားရဲ့ နှလုံးသားနဲ့ ပိုနီးပါတယ်။)
    မှတ်ချက် – မနှစ်တုန်းက ကိုယ်တွေ့ဖြစ်ရပ်လေးကို ရေးထားပြီး အခုမှ မျှဝေဖြစ်တာပါ။
  • မဟာမိတ် မြောက်ကိုရီးယားကို မြန်မာအစိုးရ လမ်းခွဲလိုက်ပြီလား
    မဟာမိတ် မြောက်ကိုရီးယားကို မြန်မာအစိုးရ လမ်းခွဲလိုက်ပြီလား
    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media
    shew man
    – ဇန်န၀ါရီ ၁၃ ရက်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုးရီးယား၏ ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်မှုအပေါ်အထူးစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နျူကလိလျှော့ချရပ်တန့်ရေးဆုံးဖြတ်ချက်ကိုလိုက်နာရန် ၎င်းက ပြုံးယမ်းသို့ တိုက်တွန်းလိုက်သည်။ ယင်းပြောကြားချက်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ ထူးပြီးမဆန်းလှသော်လည်း လက်ရှိမြန်မာ့သမိုင်းအတွက်မူ အလွန်အရေးကြီး၍ တာသွားခဲ့ပေသည်။ အကြောင်းမှာ အမေရိကန်ကို စံပြဆန့်ကျင်နေသည့် မြောက်ကိုးရီးယား၏သြဇာလွှမ်းနေမှုအား အရိုးစင်းဆုံး ရပ်တန့်စေလိုသည့် နိုးကြားချက်တစ်ရပ်၊ ၎င်းအပြင် အမေရိကန်ရော တရုတ်နှင့်ပါ ဆက်ဆံရေး ရှေ့ဆက်တိုးမြှင့်သွားလိုသောဆန္ဒကို မြင်တွေ့ရသောကြောင့်ဖြစ်၏။
    ဘီလ်ကလင်တန်နှင့် ဂျော့ဒဗလျူဘုရှ်အစိုးရတို့က မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးအပြောင်းအလဲ အတွက် တွန်းအားပေးခဲ့ကြရာ အမေရိကန်သည် ထိုရည်မှန်းချက်ပြည့်ဝရေးအလို့ငှာ ကျူးကျော်နယ်ချဲ့တော့မည်လောဟု မြန်မာခေါင်းဆောင်များအကြား စိုးရိမ်စိတ် ၀င်ခဲ့ကြ၏။ တစ်ချိန်က သြဇာကြီးမားခဲ့သည့် စစ်ထောက်လှမ်းရေးအဖွဲ့က အမေရိကန်သည် အလားတူ ရည်ရွယ်ချက်မျိုး အထမြောက်အောင် အခြားတိုင်းပြည်များကို ကျူးကျော်ဖြိုခွဲခြင်း အဖန်တလဲလဲ ပြုလုပ်တတ်သည့်အချက်ဖြင့် ထောက်ပြခဲ့ကြသည်မှာ သာဓကဖြစ်၏။ ထို့ကြောင့်လည်း နျူကလိယလက်နက်အစီအမံ ဖွံ့ဖြိုးကြီးမားအောင် ဆောင်ရွက်ခြင်းက အဆိုပါအဖြစ်မျိုးကို ကာကွယ်နိုင်မည်ဟူ၍ မြောက်ကိုးရီးယားမှ သင်ခန်းစာပေးနေပုံရပေသည်။ ဤသုံးသပ်ချက်မှာ မရေရာမတိကျသည်သာမက အပေါ်ယံလျှပ်တွေးမှုနှင့် ဂယက်ရိုက်ခတ်မှုတစ်ရပ်ပင်။ စစ်မက်ကင်းမဲ့ဇုန်တစ်လျှောက် တအုံတကျင်းသောမြောက်ကိုးရီးယား၏ရွေ့လျားအမြောက်ယာဉ်များက တောင်ကိုးရီးယားအား ဓားစာခံပြုလုပ်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ ပြုံးယမ်း၏ နျူကလိလက်နက်များနှင့်မသက်ဆိုင်သည့် သုံးသပ်ချက်ဟု ဆိုရပေမည်။ သို့သော် မြန်မာဗိုလ်ချုပ်များက ၎င်းနှင့်ပတ်သက်၍ ဖျောင်းဖျသင့်သည်ဟု ယူဆနေနိုင်ပါသည်။
    မြန်မာလူမျိုး ရာဂဏန်းမျှသည် ရုရှား၌ နျူကလိအင်ဂျင်နီယာဘာသာရပ်အမျိုးမျိုးကို သင်ကြားလေ့ကျင့်ရန် စေလွှတ်ခံရသည်။ မည်သူ၏ဆုံးဖြတ်ချက်ဟု မသိရသော်လည်း မြန်မာအစိုးရ၏ထိပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာသည်တော့ သေချာ၏။ ၎င်းက မြန်မာစစ်ခေါင်းဆောင်များသည် ယူရေနီယံ လျှို့ဝှက်ထုတ်လုပ်ရေးစခန်းများနှင့်အတူ နျူကလိလက်နက်အစီအမံတစ်ရပ် ဖော်ဆောင်နေသည်ဟူ၍ ကောလဟလများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နျူကလိယ ကင်းစင်ရေးကို လူသိရှင်ကြား ထောက်ခံထားသည့်တိုင် နိုင်ငံ့အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအပါအ၀င် အဆိုပါအစီမံအား ထောက်ခံသည့် ထိပ်တန်းအာဏာပိုင်အချို့ ရှိကောင်းရှိနေပေမည်။ သို့သော် မည်သို့သော နျူကလိ ရည်မှန်းချက်ရှိစေကာမူ လက်တွေ့အကောင်အထည်ဖော်ခြင်းအဆင့် မရောက်ခဲ့ချေ။
    စိုးရိမ်မှုနှင့် သံသယလွန်ကဲခြင်း
    မြန်မာနိုင်ငံ၏ နျူကလိရည်မှန်းချက်များဆိုင်ရာ အသီးအပွင့်များရှိနေကြောင်း မည်သည့်နေရာမှ အခိုင်အမာအထောက်အထား ထွက်မလာခဲ့။ သို့သော် စစ်ဗိုလ်ချုပ်တို့၏ သံသယကြီးတတ်မှုမှာ ပျောက်ခဲလှပါဘိခြင်း။ ၂၀၀၈ ခုနှစ် နာရ်ဂီးစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ ခန့်မှန်းချေ လူပေါင်း ၁၈၄၀၀၀ သေဆုံးပြီး အများအပြား ဒုက္ခပင်လယ်ဝေခဲ့ကြ၏။ သို့သော် ၀ါရှင်တန်အစိုးရမှ တစ်ဖက်လှည့်ဖြင့် ခြေလှမ်းစတင်မည်ကိုစိုးသဖြင့် အမေရိကန်၏တိုက်ရိုက်ဝင်ရောက်ကူညီကယ်ဆယ်ခြင်းအပေါ် စစ်အစိုးရမှ ခွင့်မပြုခဲ့ပေ။
    ဤစိုးရိမ်မှုများမှာ ယခုသော် ငြိမ်သက်သွားလေပြီ။ နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု အများအပြားဆောင်ရွက်ခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရအပေါ် အိုဘားမား၏မူဝါဒ ပျော့ပြောင်းလာသောကြောင့်ဖြစ်သည်။ တောင်ကိုးရီးယားသားတို့ကလည်း ဒါဇင်နှင့်ချီသော မြန်မာတို့ကို နျူကလိယထိန်းချုပ်ရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ သို့သော် တောင်ကိုးရီးယား(ဆိုးလ်)သည် တစ်ချိန်က အင်ဒိုနီးရှား၌ မျှော်လင့်ထားသကဲ့သို့ မြန်မာနိုင်ငံအတွင်း တစ်နေ့တွင် နျူကလိယစွမ်းအင်စက်ရုံတစ်ခု ဘေးကင်းစွာ တည်ဆောက်နိုင်ရေး မျှော်လင့်တွေးဆချက်ဖြင့် ယင်းသို့ ဆောင်ရွက်ပေးခဲ့ကြောင်း ဖြစ်တန်ရာ၏။
    မြန်မာနှင့် မြောက်ကိုးရီးယားဆက်ဆံရေးက ကုလသမဂ္ဂနှင့်အမေရိကန်၏ ပြုံးယမ်းအပေါ် ပိတ်ဆို့ထားမှုများကို ချိုးဖျက်ပစ်နိုင်မည်လောဟု အနောက်တိုင်းအား စိုးရိမ်စိတ်ပြင်းထန်စေခဲ့သည်။ စင်စစ်၌ ပြုံးယမ်းအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုမှာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုထက် များစွာ ၀န်ပေါ့နေပါ၏။ အာဏာရှင် ဗိုလ်ချုပ်နေ၀င်းခေတ် ၁၉၈၃ ခုနှစ်တွင် တောင်ကိုးရီးယားသမ္မတ ချွန်ဒူးဝမ်အား ပြုံးယမ်း၏လုပ်ကြံမှု မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေး၏အနေအထား အနိမ့်ဆုံးအဆင့် ရောက်ရှိသွားခဲ့သည်။ ယင်းလုပ်ကြံမှုကြောင့် တောင်ကိုးရီးယားထိပ်တန်းအရာရှိ ၁၇ ဦး သေဆုံး၍ သမ္မတမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရသည်။ ၁၉၉၀ ခုနှစ်များနှောင်းပိုင်း ပြုံးယမ်းနှင့်ပြန်လည်ရင်ကြားစေ့ရေးအစီအစဉ်ဖြစ်သော ဆိုးလ်၏ “အရုဏ်ဦးရောင်ခြည်” မူဝါဒ စတင်သည့်အချိန်အထိ ဗိုလ်ချုပ်နေ၀င်းသည် မြောက်ကိုးရီးယားကို သံအဆက်အသွယ်ဖြတ်တောက်ထားခဲ့၏။ ၎င်း၏နောက်မှာမှ မြောက်ကိုးရီးယားအား မြန်မာမှ တရားဝင် ပြန်လည်အသိအမှတ်ပြုခဲ့သည်။
    ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်အကြီးအကဲတစ်ဦးဖြစ်သော ဒုဗိုလ်ချုပ် ရွှေမန်း (ယခု လွှတ်တော်သဘာပတိ)သည် မြောက်ကိုးရီးယားသို့ လျှို့ဝှက်ခရီးစဉ်တစ်ရပ် သွားရောက်ပြီး စစ်တပ်ဋ္ဌာနအချို့ကိုလေ့လာ၍ စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာပြီး၊ ကျူးကျော်မည်ကိုစိုးရိမ်စိတ်လျော့ပါးလာသည်နှင့်အမျှ မြောက်ကိုးရီးယားထံမှ လက်နက်များဝယ်ယူမှု လျှော့ချလိုက်သည်။ ၎င်းမှာ ၀ါရှင်တန်နှင့်သံတမန်ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် အမေရိကန်၏ပိတ်ဆို့မှုများ ရုပ်သိမ်းရေး အနေအထားအတွက် သော့ချက်တစ်ရပ် ဖြစ်ခဲ့လေသည်။
    ၂၀၁၁ ခုနှစ်တွင် အမေရိကန်စစ်ရေယာဉ်တစ်စင်းမှာ ဒုံးကျည်များသယ်ဆောင်ထားသော မြောက်ကိုးရီးယားကုန်တင်သင်္ဘောတစ်စင်းအား တားဆီးခဲ့သည်ဟူသည့် သတင်းတစ်ခုနှင့်အတူ အရောင်းအ၀ယ် သို့မဟုတ် ထောက်ပံ့ပေးကမ်းမှု လက်နက်များ ပါဝင်ဖွယ်ရာရှိသည့် မြောက်ကိုးရီးယားသင်္ဘောအချို့ မြန်မာနိုင်ငံမှ လှည့်ပြန်သွား၏။
    မည်သို့ဆိုစေ နျူကလိယစမ်းသပ်ချက်နှင့်စပ်လျဉ်း၍ မြန်မာ၏ပြောကြားချက်မှာ မြန်မာ-မြောက်ကိုးရီးယားဆက်ဆံရေးကို အထိုက်အလျောက် အစိမ်းရောင်သန်းသွားစေမည်မှာ မလွဲပေ။ ၎င်းက မြန်မာနှင့်အမေရိကန် ဆက်ဆံရေးကောင်းဖြင့် ရှေ့ဆက်ဦးမည့်သဘောထားကို ထပ်ဆင့်အတည်ပြုလိုက်သကဲ့သို့ ဖြစ်နေ၏။ မြန်မာနိုင်ငံတွင် ယုံကြည်ခိုင်မာသည့် အစိုးရရှိလာပြီဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်များကိုသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ခင်းကျင်းပြသရေး၌ ဤအချက်ကို အသုံးချမည်မှာ သံသယ၀င်စရာမရှိပေ။ ဤကြေငြာချက်သည် တရုတ်နိုင်ငံ၏အမြင်သဘောထားကိုလည်း မျက်စပစ်ပြလိုက်ရာ ရောက်၏။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုးရီးယား၏ အစောပိုင်းနှင့် လတ်တလော စမ်းသပ်ချက်များအပေါ် တရုတ်မှ ဝေဖန်ထားသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ၌ အာဃာတတရား မရှိကြောင်း သရုပ်ဖော်ချက်ဟုလည်း ဆိုနိုင်ပေသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ သမူဟအစဉ်အလာများမှ သာဓကတစ်ရပ်ကို ခေတ်သစ်ကမ္ဘာသို့ သယ်ဆောင်ချပြလိုက်ခြင်းဟု အချို့က သုံးသပ်ကြသည်။
    ဤထုတ်ပြန်ပြောကြားရန် ဆုံးဖြတ်ရာ၌ သက်တမ်းကုန်သွားသည့် ဦးသိန်းစိန်အစိုးရ၏ ကိုယ်ပိုင်ပြုမူချက်သက်သက်လော၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တိုင်ပင်ထားထားလေသလော၊ အနာဂတ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု ပါဝင်လေသလော ဟူသည်ကို နိုင်ငံခြားသုတေသီများမှ မသိနိုင်ကြချေ။ တိကျသည့်ကောက်ချက်တစ်ရပ် ချပြရန် မလွယ်ကူသော်လည်း နိုင်ငံခြားရေးဝန်ကြီး၏ ၎င်းထုတ်ပြန်ချက်ကို ဒေါ်စုကြည်မှ လက်သင့်ခံပြီး ဖြစ်နိုင်ပေလိမ့်မည်။ အကြောင်းသော် ပြီးခဲ့သည့်ဇွန်လတွင် သူမ၏တရုတ်နိုင်ငံခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာခြင်း (နှင့်) သူမ၏လာမည့်အစိုးရသစ်မှ ဆက်လက်ကျင့်သုံးအံ့သော နိုင်ငံခြားရေးမူဝါဒအား အံဝင်ခွင်ကျ အားဖြည့်ပေးရာရောက်နေခြင်းကြောင့် ဖြစ်၏။
    သို့သော် မြန်မာသည် မြောက်ကိုးရီးယားနှင့်ဆက်ဆံရေးအား မည်သည့်အတိုင်းအတာအထိ လျှော့ချမည်နည်းဟူသည်ကို မေးခွန်းထုတ်ရန် ကျန်ရှိနေပါသေးသည်။ ဦးသိန်းစိန်သည် စစ်တပ်အား မည်မျှအဆင့်အထိ ထိန်းချုပ်ကိုင်တွယ်ထားသည်မှာ သေချာတပ်အပ် မဆိုနိုင်သေး။ ထို့အတူ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးကိစ္စသည်လည်း နောက်ထပ်အရေးကြီးသော အချက်တစ်ရပ် ဖြစ်နေသည်။ ဆက်ဆံရေးကဏ္ဍ၌ အနှုတ်လက္ခဏာဖက် ရောက်လာသော်လည်း တပ်မတော်သည် အဆိုပါ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်နေမှုအား တိကနဲဖြတ်တောက်လိုမည် မဟုတ်သဖြင့် အထက်ပါမေးခွန်းများမှာ အရေးကြီးလှပါကြောင်း။
    (Georgetown တက္ကသိုလ် အာရှရေးရာ ဂုဏ်ထူးဆောင် အကြံပေးပါမောက္ခ (နှင့်) Johns Hopkins တက္ကသိုလ် အဆင့်မြင့်နိုင်ငံတကာရေးရာဋ္ဌာန၏ ဧည့်သည်တော်ပညာရှင် David I. Steinberg ၏ Myanmar turns its back on North Korea သုံးသပ်ချက်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)