News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • Doctor Sparrow: စာကလေးတွေကို ဆေးပညာ ဘယ်သူများ သင်ကြားပေးထားပါလိမ့်။

    Doctor Sparrow: စာကလေးတွေကို ဆေးပညာ ဘယ်သူများ သင်ကြားပေးထားပါလိမ့်။

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်
    01.Doctor Sparrow
    ငှက်တွေဟာ သူတို့အသိုက်ကိုဆောက်ရာမှာ ကြုံရာအရွက်တွေကို သုံးပြီး ပြီးစလွယ်ဆောက်လုပ်ကြတာ မဟုတ်ပါဘူး။

    သူတို့ရဲ့ အရွက်ရွေးချယ်မူဟာ သူတို့ရဲ့ ဆေးပညာ ဗဟုသုတကို မီးမောင်းထိုးပြနေပါတယ်။

    ဥပမာအားဖြင့် အိန္ဒိယမှာ စာကလေး (House Sparrows) တွေဟာ အသိုက်ဟောင်းကို မွန်းမံရာမှာ အခြားအပင် အရွက်တွေကို လစ်လျှူရှုပြီး တမာရွက်တွေကို ရွေးချယ် အသုံးပြုလေ့ ရှိကြတယ်။

    ဘာလို့လဲဆိုရင် တမာရွက်တွေမှာ ပါဝင်တဲ့ Azadirachtin ဓာတုဗေဒ ကွန်ပေါင်းဟာ ထူးရှယ် အင်းဆက်သတ် စွမ်းရည်ရှိပြီး ၊ နောက်ထပ် ဓာတုဗေဒကွန်ပေါင်း တစ်ခုဖြစ်တဲ့ Beta-Sitosterol မှာလဲ အင်းဆက်တွေကို မောင်းထုတ်နိုင်တဲ့ အစွမ်းရှိရုံမက သွေးစုပ်ကပ်ပါးကောင်တွေ ဥ မဥနိုင်အောင် ဟန့်တားနိုင်စွမ်း ရှိနေတယ်လေ။

    ကလ်ကတ္တားမြို့တော်မှာ လူတွေ ငှက်ဖျားရောဂါဖြစ်နေတုံး စာကလေးတွေရဲ့ အပြုအမူကို သတိပြုမိခဲ့တဲ့ ဇီဝဗေဒပညာရှင် Sudhim Senegupta ဟာ အံ့အားသင့်ခဲ့ရတယ်။
    အဲဒီအချိန်ကာလမှာ စာကလေးတွေဟာ သူတို့အသိုက်တွေဆီ Krishnachura ပင်တွေဆီက ကွိုင်းနိုင်း (ကွီနိုင်) (Quinine , C_(20 ) H_(24 ) N_(2 ) O_(2 ) ) ကြွယ်ဝတဲ့ အရွက်တွေကို ရွေးချယ်ယူလာကြပါတယ်။

    ကွီနိုင် ကွန်ပေါင်းမှာ ငှက်ဖျားတိုက်ဖျက်ရေး စွမ်းရည်ရှိတယ်ဆိုတာ ကျွန်တော်တို့ အသိ။

    ဆိုတော့ ဇီဝဗေဒပညာရှင် Sudhim Senegupta က စာကလေးတွေဟာ ငှက်ဖျားရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ ဒီ ကွီနိုင်ကြွယ်ဝတဲ့ အရွက်တွေကို အသိုက်ဆီယူလာတာ ဖြစ်ရမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ( Wild Health: Lessons in Natural Wellness from the Animal Kingdom By Cindy Engel , Pg 124 – 125)

    M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။

  • ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု တစ်နှစ်ပြည့်သော်လည်း တရားခံမပေါ်သေး

    ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု တစ်နှစ်ပြည့်သော်လည်း တရားခံမပေါ်သေး

    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media

    kachin

    – လွန်ခဲ့သည့် တစ်နှစ်က အဓမ္မကျင့်သတ်ဖြတ်ခံလိုက်ရသည့် ကချင်တိုင်းရင်းသူ အမျိုးသမီး ၂ ဦးအတွက် အောက်မေ့ဖွယ် အခမ်အနားကို ယနေ့တွင် ရန်ကုန်မြို့၌ ကျင်းပမှုအတွင်း လူရာချီတက်ရောက်ခဲ့ကြသည်။

    လူ့အခွင့်အရေးအဖွဲ့များကတော့ အဆိုပါ စက်ဆုပ်စရာရာဇ၀တ်မှုမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်း မြန်မာစစ်တပ်၏ လုပ်ရပ်များ အရေးယူမခံရသည့်အဖြစ်ကို ညွှန်ပြနေသည်ဟု ပြောကြားခဲ့သည်။

    ၎င်းတို့အလုပ်လုပ်ကိုင်ရာ ရှမ်းပြည်နယ်ရှိ ရွာတွင် စခန်းချသော စစ်သားများက အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများ၏ စွပ်စွဲမှုနှင့်အတူ အသက် ၂၀ နှင့် ၂၁ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးငယ် ၂ ဦး၏ အဖြစ်အပျက်က ပြည်သူများအကြားတွင် ဒေါသူပုန်ထမှုကို ဖြစ်စေခဲ့သည်။

    မြန်မာအစိုးရကတော့ ထိုသေဆုံးမှုအတွက် စေ့စပ်သေချာစွာ စစ်ဆေးကာ ပါဝင်သော မည်သည့်စစ်သားကိုမဆို အရေးယူအပြစ်ပေးမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

    တစ်နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့ကိုမှ စွဲချက်မတင်နိုင်သေး။ အမေရိကန်အစိုးရကလည်း ပြည့်ဝသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းကာ ဖိအားပေးထားလေသည်။

    လူအခွင့်အရေးအဖွဲ့များကတော့ နယ်စပ်မြို့ဖြစ်သည့် မူဆယ်အနီးတွင် ဖြစ်ပွားခဲ့သော ထိုရာဇ၀တ်မှုကို ဖုံးကွယ်ရန် ရဲတပ်ဖွဲ့က စစ်တပ်အား ကူညီကောင်းကူညီခဲ့သည်ဟု ယုံကြည်နေကြသည်။

    ထိုအမျိုးသမီးငယ်နှစ်ဦး စေတနာ့ဝန်ထမ်း ဆရာမအဖြစ် ဆောင်ရွက်နေသည့် စာသင်ကျောင်းကို ဖွင့်လှစ်ထားသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က အာဏာပိုင်များမှာ ထိုအမှုကို ဖိဖိစီးစီးဆောင်ရွက်ပုံမပေါ်ဟု ပြောကြားခဲ့သည်။

    “ဘာသတင်း၊ ဘာမျှတမှုမှ ကျွန်တော်တို့ မရရှိပါဘူး” ဟု ယနေ့တွင် ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည့် အောက်မေ့ဖွယ်အခမ်းအနားတွင် KBC ၏ အတွင်းရေးမှူးဖြစ်သော ဆရာတော် Samson Hkalam က ပြောကြားခဲ့ပြီး ထိုအမှုက အာဏာပိုင်များအတွက် ဦးစားပေးမဟုတ်ခဲ့ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါဟာ မြန်မာနိုင်ငံက တရားရေးစနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ပြသနေတာပါပဲ”

    ကချင်ပြည်နယ်တွင်အခြေစိုက်သည့် လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သူ အောင်ထွန်းက ရဲတပ်ဖွဲ့မှာ အခင်းဖြစ်ပွားရာနေရာတွင် ကျန်ရစ်ခဲ့သော သွေး၊ လက်ဗွေရာနှင့် ဆံပင်တို့အပါအ၀င် DNA အထောက်အထားကို ကောင်းမွန်စွာ စုဆောင်းမှု၊ သိုမဟုတ် စစ်ဆေးမှု မရှိဟု ဆိုသည်။

    “တကယ်လို့များ ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေကို စနစ်တကျ စုဆောင်းခဲ့မယ်ဆိုရင် ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့နိုင်ဖို့ဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က ဒီလိုမလုပ်ခဲ့ပါဘူး” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်တို့အကြား ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်မှုများ ဖြစ်ပွားနေခဲ့သည့် တိုင်းရင်းသားဒေသများတွင် တရားဥပဒေစိုးမိုးရေးမှာ အားနည်းချက် ရှိနေဆဲဖြစ်သည်။ ထိုတိုက်ခိုက်မှုများကြောင့် လူသိန်းပေါင်းများစွားမျာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ထိုသို ကာလရှည်မငြိမ်သက်ဖြစ်ခြင်းနှင့်အတူ ရာစုနှစ်ဝက်ကြာ စစ်အာဏာရှင်အုပ်ဆိုးမှု ထပ်ပိုးခဲ့သာကြောင့် မြန်မာစစ်တပ်အတွင်း ယုံကြည်မှုကင်းမဲ့ခြင်းမှာ အမြစ်တွယ်လာခဲ့သည်။

    တပ်မတော်မှာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု ဒေသခံများက စွပ်စွဲကြသည်။

    လာမည့်လတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်တင်မြှောက်ခံ အစိုးရက ၂၀၁၁ ခုတွင် စစ်တပ်အုပ်ချုပ်မှုကို အစားထိုးခဲ့သည့် အရပ်သားတစ်ပိုင်းအစိုးရထံမှ အာဏာကို လွှဲပြောင်းယူမည်ဖြစ်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများအပါအ၀င် တောင်ပြိုကမ်းပြို အနိုင်ရခဲ့မှုက တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို ရှေ့ရှုသည့် ဆွေးနွေးညှိနှိုင်းမှုကို ဦးဆောင်ရန် တာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းနှင့် နိုင်ငံ၏အဓိကကျသည့် ကာကွယ်ရေးနှင့် လုံခြုံရေးနေရာများကိုပါ ရယူကာ အာဏာပါဝါ ဆက်ရှိနေမည့် စစ်တပ်အား ဂရုတစ်စိုက် ရှောက်ကွင်းသွားရမည်ဖြစ်သည်။

    အချို့သော လက်နက်ကိုင်အဖွဲ့များက ၎င်းတို့၏ လက်နက်များကို စွန့်လွှတ်ပြီးဖြစ်သော်လည်း ရှမ်းနှင့် ကချင်ပြည်နယ်များတွင်မူ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

    တိုင်းပြည်ရှိ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်များအားလုံး ပါဝင်ရန် ရွေးချယ်ခြင်းမရှိခဲသောကြောင့် ဆွေးနွေးမှုများတွင် သက်ဆိုင်သူအားလုံးမပါဝင်မှုက စိုးရိမ်မှုများကိုလည်း ဖြစ်စေခဲ့လေသည်။

    Ref: AFP

    (AFP သတင်းဌာနမှ One year on, no justice for Kachin teachers murdered in Myanmar ဆောင်းပါးကိုေ
    လးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဆန်းသစ်ဖို့ လိုပြီလား ?

    မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဆန်းသစ်ဖို့ လိုပြီလား ?

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆

    M-Media
    china myan
    ၂၀၁၅ ဇွန်လ ၁၁ ရက်၊ တရုတ်ပြည်သူ့ခန်းမဆောင်၌ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံကြစဉ်

    – ဘေဂျင်းရဲ့အကူအညီ မပါဘဲနဲ့လည်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအကူးအပြောင်း အောင်မြင်နိုင်တယ်ဆိုတာက မှန်သယောင်နဲ့ မှားယွင်းလာပုံရပါတယ်။

    မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြမ်းတမ်းဆုံး နိုင်ငံရေးအပြောင်းအလဲတစ်ခုကို စတင်ကြုံတွေ့နေရပါပြီ။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီအနေနဲ့ သောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့တယ်။ အတိုက်အခံခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ်ဟာ များမကြာမီ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြပါတော့မယ်။ နှစ် ၆၀ ကြာ အာဏာရှင်အစိုးရရဲ့ ခွာတော်မူခဏ်း ခင်းကျင်းရခြင်းကို ထူးထူးခြားခြား ကိုယ်စားပြုနေပါတယ်။ သို့ပေမယ့်လည်း ဆယ်စုနှစ်များစွာ တိုင်းပြည်ကို ထိန်းချုပ်လာခဲ့တဲ့ ဗမာစစ်တပ်အတွက် ဖွဲ့ခြေဥအရ အရံသင့်နေရာတွေ ချန်ထားပေးရဆဲဖြစ်တယ်။ ဒီအခြေအနေအောက်က အကူးအပြောင်း ပြုလုပ်နေရပါတယ်။ များမကြာမီ မြန်မာနိုင်ငံရဲ့ စမ်းသပ်ခံဒီမိုကရေစီအဖွင့်အတွက် သေရေးရှင်ရေးအချိန်ကာလတစ်ခု ရောက်ရှိလို့လာပါတော့မယ်။

    သဟဇာတမူဝါဒနဲ့အတူ အနောက်တိုင်းအတွက် တံခါဖွင့်ပေးလိုက်တဲ့နောက် ကမ္ဘာ့မီဒီယာတွေက မြန်မာနိုင်ငံကို လက်ခံမှုများစွာနဲ့ အာရုံစိုက်လာခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာ-တရုတ်ဆက်ဆံရေး မဆိုစလောက် အားပျော့သွားတာတွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ခေါင်းထောင်လာခြင်းက ကမ္ဘာမှာ တစ်မူထူးခြားပြီး သူ့ရဲ့သြဇာသက်ရောက်မှုဟာ သူ့အိမ်နီးချင်း မြန်မာနိုင်ငံထက် အားကောင်းနေဦးမှာဖြစ်တယ်။

    လာမယ့်အစိုးရသစ်အနေနဲ့ အဓိကဦးစားပေးရမယ့် သော့ချက်နှစ်ခု ရှိနေပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး နဲ့ နှစ် ၇၀ နီးပါးကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရေးပဲ ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ပါမှ ဒီမိုကရေစီကူးပြောင်းမှုကို လုံခြုံစိတ်ချစေပြီး ရေရှည်တည်တံ့နိုင်ပါမယ်။ ဒီမျက်နှာစာနှစ်ရပ်စလုံးမှာ တရုတ်ပြည်ရဲ့ ပါဝင်မှုအခန်းကဏ္ဍ အတော်အတန် ကြီးမားနေပါတယ်။ မြန်မာနိုင်ငံက အနောက်တိုင်းကို တံခါးဖွင့်ပေးလိုက်သည့်တိုင်အောင် တရုတ်ပြည်က အရေးအကြီးဆုံး စီးပွားဖက်အဖြစ် တည်ရှိနေဆဲဖြစ်တယ်။ ဒါ့အပြင် မြန်မာမြောက်ပိုင်းနယ်စပ် ပိုင်နက်တစ်လျှောက်မှာ သူ့ရဲ့ သြဇာလွှမ်းမှုက အလွန်အကျွံ ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ မဖြစ်မနေ ထည့်သွင်းရဦးမယ့် အဓိကဇာတ်ကောင်လည်း ဖြစ်နေပါတယ်။

    နှစ်နိုင်ငံရဲ့အနာဂတ်ဆက်ဆံရေး တိုးတက်မြင့်မားဖို့ ပိုပြီး အရေးကြီးလာပါပြီ။ မြန်မာဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ ပါဝင်နေသော်လည်း တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှဒေသများရဲ့ ဖြတ်မှတ်တစ်ခု ဖြစ်နေတာကြောင့် ဒေသတွင်း အချက်အချာကျတဲ့ တိုင်းပြည်တစ်ခုပါ။ ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမယ့် ကကြိုးတန်ဆာဖြစ်တဲ့ ပထ၀ီဝင်အနေအထားကို မြန်မာခေါင်းဆောင်တို့ဟာ ပြိုင်ဖက်ကင်းအခွင့်အလမ်းတစ်ခုအဖြစ် ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ – တရုတ်ပြည်ရဲ့အောက်စည်းကနေ ရပ်တည်နေရတဲ့အနေအထားကို ဖယ်ရှားဖို့တော့ လိုအပ်ပါလိမ့်မယ်။

    တရုတ်ပြည်နဲ့ဆက်နွယ်နေတဲ့ မြန်မာ့သမိုင်းကြောင်းက ရှုပ်ထွေးပြီး စိတ်ပျက်စရာကောင်းလှပါတယ်။ ဒီပုံအတိုင်း ရှေ့ဆက်သွားဖို့ မလုံလောက်ပါဘူး။ အစိုးရသစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံကျကျ ပြန်လည်ဆန်းသစ်ရေးအတွက် ပုံစံချရပါလိမ့်မယ်။ တရုတ်ပြည်ရဲ့ မဟာဗျူဟာလမ်းစဉ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရင်း တစ်ချိန်တည်းမှာပဲ မြန်မာပြည်သူတွေရဲ့ အတွင်းအပြင် အကျိုးစီးပွားများကို ရှေ့ရှုဆောင်ရွက်သွားရမှာဖြစ်တယ်။

    ဒီလိုလုပ်ဖို့ မလွယ်လှပါဘူး။ မြန်မာခေါင်းဆောင်တွေဟာ ဘေဂျင်းနဲ့ ဆက်ဆံရေးနွေးထွေးအောင် ရေရှည်ထိန်းသိမ်းဖို့ဆိုတဲ့ ခံယူချက်ရှိသော်လည်း တရုတ်ပြည်ဟာ ရံဖန်ရံခါ ဆိုးကျိုးပေးတတ်ကြောင်းကိုလည်း အမြင်ရှိထားပါတယ်။ ၁၉၆၀ နှစ်နှောင်းပိုင်းတွေမှာ တရုတ်က ကွန်မြူနစ်သူပုန်တွေကို နယ်စပ်ဖြတ်ကျော် လက်နက်တပ်ဆင်ပေးပြီး နိုင်ငံအရှေ့မြောက်ပိုင်းထဲ လွတ်မြောက်ဇုံတစ်ခုကို တည်ထောင်စေခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာတော့ အဲ့ဒီအုပ်စု ပြိုလဲသွားခဲ့ပေမယ့် ကျန်ရှိဆဲ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအသီးသီးနဲ့ ချိတ်ဆက်ထားပြန်ပါတယ်။ အဲ့ဒီအဖွဲ့တွေထဲမှာ အထူးခြားဆုံး အခိုင်မာဆုံး ချိတ်ဆက်နေတာကတော့ အင်အား ၂၅၀၀၀ ရှိတဲ့ ၀ပြည်နယ်တပ်မတော်ပဲ ဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ဆက်ဆံရေးအပြောင်းအလဲ ဖြစ်လာတယ်။ မြန်မာနယ်စပ် ယူနန်ပြည်နယ်ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်အောင် ပြုလုပ်ခဲ့တဲ့ ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းဟာ အငြင်းပွားဖွယ်ရာကိစ္စဖြစ်ပေါ်လာခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က ဆိုင်းငံ့ထားစေလိုက်တယ်။ ဘေဂျင်းဖက်က မကျေမနပ်ဖြစ်ခဲ့တယ်။ နှစ်ကုန်ပိုင်းကျတော့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗမာစစ်တပ်နဲ့ ကေအိုင်အေတို့အကြား မြန်မာနိုင်ငံမြောက်ဖျားမှာ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားတယ်။ ဒုက္ခသည် ထောင်ပေါင်းများစွာ ပေါ်ထွက်စေပြီး တရုတ်ပြည်ထဲ အမြောက်ပစ်ခတ်မှု လမ်းချော်ဝင်ရောက်သွားတယ်။ ၂၀၁၂ ခုနှစ်မှာ တရုတ်လူမျိုးတွေ ကိုင်တွယ်လည်ပတ်နေတဲ့ ကြေးနီသတ္ထုတူးဖော်ရေးလုပ်ငန်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပွင့်ထွက်လာခဲ့တယ်။ တရုတ်ပြည်မကုမ္ပဏီများရဲ့ ရင်းနှီးမြုပ်နှံမှုတန်ဖိုးဟာ ၂၀၁၀-၁၁ မှာ ဒေါ်လာ ၈.၂ ဘီလီယံရှိရာက ၂၀၁၃-၁၄ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ အထိ ဒလိမ့်ကောက်ကွေး ကျဆင်းသွားခဲ့တယ်လို့ ခန့်မှန်းသုံးသပ်ကြတယ်။

    ယခုအချိန်မှာတော့ မြန်မာအနေနဲ့ မိမိရဲ့မဟာအင်အားကြီး အိမ်နီးချင်းအပေါ် သဘောတူညီထားချက်ကို ပြန်လည်ဖော်ဆောင်ဖို့ အချိန်ကျရောက်လာပါပြီ။ ပြန်လည်ထူထောင်မယ့် ဆက်ဆံရေးအသစ်က ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သို့သော် အရေးကြီးတဲ့ အချက်သုံးရပ်ပါဝင်ဖို့ လိုအပ်ပါတယ်။ ပထမတစ်ချက်က – တရုတ်ကို လက်ဦးမှု ပေးခြင်းထက် မိမိတိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့ဖို့ လိုအပ်တဲ့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ကိုယ်ပိုင်အစီအမံကောင်းတွေကို ပြန်လည်ဆင်ယင်ထားရပါမယ်။ တရုတ်ပြည်ကို အဓိကဇာတ်ကောင်တစ်ဦးအနေနဲ့ ပြန်ပြီး လက်ကမ်းသင့်တယ်။ ဒါပေမယ့် ဆိုးကျိုးဒဏ်ခံ လူ့အဖွဲ့အစည်းဝင်တွေနဲ့ အနီးကပ်တိုင်ပင်နှီးနှောချက်များထဲက ချမှတ်ထားတဲ့ မြန်မာအစိုးရသစ်ရဲ့မူဘောင်ထဲကတော့ ဖြစ်ရပါလိမ့်မယ်။

    ဒုတိယတစ်ချက်က – ငြိမ်းချမ်းရေး မရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့တိုးလို့မရကြောင်း မြန်မာခေါင်းဆောင်များက လက်ခံထားရပါမယ်။ ဥပမာအားဖြင့် မြစ်ဆုံဆည်စီမံကိန်းနဲ့ဆက်စပ်နေတဲ့ အငြင်းပွားဖွယ်ကိစ္စများက စီးပွားရေးဆိုင်ရာဆွေးနွေးငြင်းခုံဖို့သက်သက်မျှ မဟုတ်ဘဲ ကချင်ပြည်နယ်ထဲက ရေရှည်ပဋိပက္ခအဖြေရှာခြင်းနဲ့ အတွင်းကျကျ ချိတ်ဆက်နေပါတယ်။ ဒေသခံလူ့အသိုင်းအ၀ိုင်းများက တရုတ်စီမံကိန်းများကြောင့် မိမိတို့ရဲ့ အိုးအိမ်၊ ဘ၀အနေအထားတွေ ပျက်စီးသွားမှာ စိုးရိမ်နေကြတယ်။ ဒါကလည်း သဘာဝကျတဲ့ အကြောင်းရင်းပါ။ အနာဂတ်အစိုးရအနေနဲ့ လူနည်းစုတိုင်းရင်းသားဒေသများထဲ ဖွံ့ဖြိုးရေးတွေကိုစဉ်းစားတဲ့အခါ – တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆက်နွယ်ထားတဲ့ လုပ်ငန်းအကျိုးစီးပွား သို့မဟုတ် စစ်တပ်ရဲ့မြေယာသိမ်းမှု စတဲ့ ထိလွယ်ရှလွယ်နိုင်ငံရေးပြဿနာများနဲ့တွဲဖက်ပြီး စဉ်းစားသုံးသပ်ကြရမှာဖြစ်တယ်။

    တတိယအချက်က – မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ထိရောက်မှုမဲ့ ထင်ရာစိုင်းခြင်း မဟုတ်ဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းလက်တွဲဖြေရှင်းတာမျိုး ဖြစ်သင့်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနောက်တိုင်းနဲ့ ဂျပန်တို့က သြဇာမညောင်းသင့်ဘူး၊ ဒါဟာ တရုတ်-မြန်မာနယ်စပ်ရဲ့ အနာဂတ်အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်ဆိုပြီး တရုတ်က စိုးရိမ်မကင်းတဲ့အမြင် ရှိနေပါတယ်။ မြေမြှုပ်မိုင်းရှင်းလင်းရေးကနေ အပစ်အခတ်ရပ်စဲနိုင်ရေးအထိ လိုအပ်ချက်တွေက ကြီးမားနေတုန်းပါပဲ။ တရုတ်နိုင်ငံလည်း ပါဝင်လက်တွဲနိုင်ပြီး ကုလသမဂ္ဂနဲ့ချိတ်ဆက်ထားတဲ့ လုပ်ငန်းယန္တရားအသစ်တစ်ရပ်အားဖြင့် သူတို့တစ်တွေ ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးအဖြေရှာအပ်ပါတယ်။

    နှစ်နိုင်ငံဆက်ဆံရေးအသစ်တစ်ရပ် အစပြုနိုင်ရေးအတွက် မြန်မာက ဘေဂျင်းကို နားချနိုင်ပါ့မလား ? တရုတ်တွေကို နယ်စပ်တွေမှာ သူတို့ရဲ့သြဇာညောင်းမှုကို အသုံးချလို့ သူတို့ရနိုင်မယ့် စီးပွားရေးအကျိုးအမြတ်အတိုင်းအတာတွေ ချပြပြီး သိမ်းသွင်းရပါလိမ့်မယ်။ အထက်ကဆိုထားပြီးတဲ့အတိုင်း သူတို့စိုးရိမ်နေတဲ့အချက်တွေ သူတို့ရဲ့မြင်ကွင်းကနေ မကွယ်ပျောက်မချင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြတ်သားတဲ့ ထောက်ခံမှု မပေးဘူးဆိုပြီး တင်းခံချင်ခံနေပါလိမ့်မယ်။

    ဒီလိုဆိုရင်တော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲက အမျိုးသားရေးတုန့်ပြန်မှုတစ်ရပ်ကို မီးမွှေးပေးရာ ရောက်သွားနိုင်ပါတယ်။ အစိုးရသစ်အဖို့လည်း တိမ်းချော်မှု ဖြစ်သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူဖြစ်လိုဖြစ်ငြား တရုတ်တွေရဲ့ တောင်းဆိုချက်တစ်ခုချင်းစီကို အနုစိပ် လိုက်စဉ်းစားပေးမယ်ဆိုရင်ပေါ့။ အဲ့ဒီအစား နှစ်နိုင်ငံဆက်ဆံရေးအတွက် နှစ်ဖက်စလုံးက ပရိယာယ်ကြွယ်ကြွယ်နဲ့ အမြင်သစ်တစ်ရပ်ရရှိဖို့ အားထုတ်ရမှာဖြစ်တယ်။

    မြန်မာဆီက တရုတ် လိုချင်နေတာတွေ အမှန်တကယ်လည်း ရှိနေတယ်။ မြန်မာအနေနဲ့လည်း ဒါကိုအသုံးချပြီး အမြတ်ထွက်အောင် လုပ်နိုင်ရပါမယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက မြန်မာနိုင်ငံပေါ် အမှီပြုထားပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး အခြေခံလူသုံးကုန်တွေကို ဒိုင်ခံဖြုန်းပေးခဲ့တဲ့ မြန်မာဟာ သူ့ရဲ့ အဓိက စားသုံးသူဈေးကွက်ဖြစ်နေတယ်။ မကြာသေးမီက ပြီးဆုံးသွားတဲ့ မြန်မာပြည်က ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ယူနန်ပြည်နယ်နဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းအထိ စွမ်းအင်လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေပါတယ်။

    အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာအတွက် ကုန်းကြောင်းတံတားတစ်စင်းလို ဖြစ်နေတဲ့ မြန်မာနိုင်ငံအနေအထားကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ ရှီကျင်းပင် ရဲ့ One Belt One Road ကူးသန်းလမ်းကြောင်းအစီအမံမှာ မြန်မာနိုင်ငံက အဓိကကြားခံနယ်ပယ် ဖြစ်နေပါတယ်။ တရုတ်ပြည်အနေနဲ့ သူ့နယ်အတွင်းပိုင်းကနေ ဘင်္ဂလားပင်လယ်အော်ထိ ခရီးပေါက်မယ့် မီးရထားလမ်းသစ်တစ်ခု၊ အိန္ဒိယထိ ချဲ့ထွင်မယ့် အဝေးပြေးလမ်းတွေ၊ အနောက်တိုင်းဖက်ပို့မယ့် တရုတ်ကုန်စည်များအတွက် ရေလမ်းကြောင်းတစ်ခုအဖြစ်အသွင်ပြောင်းနိုင်တဲ့ ဧရာဝတီမြစ် – ဒါတွေကို တရုတ်ပြည်က နှစ်သက်မှု ရှိနေပါလိမ့်မယ်။

    အဆုံးသတ်ဆိုရရင် တရုတ်နဲ့အမေရိကန်အကြား ကြီးထွားလာနေတဲ့ အားပြိုင်မှုမှာ မြန်မာပြည်က အရေးကြီးတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်မြန်မာနယ်နမိတ်မျဉ်းဟာ မိုင်ပေါင်း ၁၃၀၀ ထိ ရှည်လျားစွာ ထိစပ်လျက်ရှိပါတယ်။ ဒီနယ်စပ်တစ်ကြော အနောက်တိုင်းရဲ့စစ်ရေးအငွေ့အသက်တွေ မ၀င်လာသေးသမျှတော့ မြန်မာနိုင်ငံရဲ့ အနောက်တိုင်းနဲ့လက်တွဲမှု၊ တံခါးဖွင့်ဝါဒအပေါ် တရုတ်က အမြင်ကြည်လင်နေဦးမှာပါ။

    မြန်မာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာမိတ်ဆွေနိုင်ငံများအနေနဲ့ မြန်မာနဲ့ဘေဂျင်းအကြားက သိမ်မွေ့တဲ့အနေအထားကို တန်ဖိုးထားတတ်ဖို့၊ လမ်းဖယ်ပေးကြဖို့ အရေးကြီးပါတယ်။ မြန်မာပြည်ကလည်း မိမိလူထုကို အကျိုးဖြစ်ထွန်းစေနိုင်သော ဘယ်တိုင်းပြည်နဲ့မဆို အကောင်းဆုံးဆက်ဆံရေးကို ထားရှိနိုင်ရပါမယ်။ မြန်မာ-တရုတ်ဆက်ဆံရေးအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာမှ စိတ်ဝင်စားနေကြတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံခေါင်းဆောင်များက ပြန်လည်ဆန်းသစ်ရေးလိုအပ်ချက်ကို အသိအမှတ်ပြုဖို့၊ ဖြစ်မြောက်လာအောင် စတင်လိုက်ကြဖို့ အချိန်တန်လာပြီဖြစ်ပါကြောင်း။

    Ref: Foreign Policy
    (Thant Myint-U ၏ Why Burma Must Reset Its Relationship With China ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

  •  ဂီတ၏ အရင်းမူလ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၅)

     ဂီတ၏ အရင်းမူလ- ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၅)

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆

    M-Media
    ရာဇာ တင်ဆက်သည်
    arab music tools
    Classic အာရပ်တူရိယာများ

    – ဂီတဟာ ဘာသာစကားလိုပဲ တိုက်ကြီးတွေ၊ နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေ၊ လူမျိုးတွေနဲ့ ဓလေ့ထုံးတမ်း သဘာဝတွေကို ကျော်လွန်ကာ လူတစ်ဦးနဲ့တစ်ဦးကို ထိတွေ့ ဆက်သွယ်နိုင်စွမ်း ရှိပါတယ်။ ၂၀ ရာစု အနုပညာရှင်တွေ၊ အဆိုတော်တွေအနေနဲ့ သူ့တို့ရဲ့ အတတ်ပညာဟာ ၉ ရာစုက အရှေ့အလယ်ပိုင်း မွတ်စလင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကနေ အရင်းတည်လာတယ်ဆိုတာ သိမှသိပါလေစ။

    အဲဒီမွတ်စလင် အနုပညာရှင်တွေ- အထူးသဖြင့် အလ်-ကင်ဒီ (Al-Kindi) ဟာ ဂီတကိုဖော်ကျူးတဲ့ စနစ်ဖြစ်တဲ့ ဂီတသင်္ကေတတွေကို စတင် အသုံးပြုခဲ့သူ ဖြစ်ပါတယ်။ သူတို့တွေဟာ ဂီတကို ဖော်ကျူးတဲ့နေရာမှာ သာမန်အက္ခရာတွေအစား ဆိုလ်မိုက်ဇေးရှင်း (Solmization) လို့ခေါ်တဲ့ အသံနေအသံထားဖော်ကျူးတဲ့ သင်္ကေတတွေကို ဖော်ထုတ်အသုံးပြုခဲ့ပါတယ်။ အဲဒီသင်္ကေတတွေဟာ ဒီနေ့ခေတ် ဂီတရဲ့ အခြေခံသဘောတရားတွေ ဖြစ်လို့နေပါပြီ။ ကျွန်တော်တို့ အားလုံး ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ စတာတွေနဲ့ ရင်းနှီးနေကြပါပြီ။

    ဒီ အသံသင်္ကေတတွေရဲ့ ကနဦးဟာ အာရဘီ ဗျည်းအက္ခရာတွေဖြစ်တဲ့ ဒါလ်၊ ရာ၊ မင်မ်၊ ဖာ၊ ဆွာဒ်၊ လာမ်၊ ဆင်န် တို့ ဖြစ်ပါတယ်။ ဒီအက္ခရာတွေကို ကြည့်ရင် ဒီနေ့ခေတ် ဂီတအခြေခံ အသံသင်္ကေတတွေနဲ့ တော်တော်လေးသွားတူနေတယ်ဆိုတာ တွေ့မြင်နိုင်ပြီး ၉ ရာစုကတည်းက အာရဘီဗျည်းတွေကို အသံသင်္ကေတအဖြစ် စတင်အသုံပြုခဲ့တယ်ဆိုတာ အံ့သြစရာပါပဲ။

    3RWUrRHHSXCeT9K2h9SABFdV
    သီချင်ရေးသားသီကုံးမှု၊ စည်းဝါးဆိုင်ရာနှင့် ပတ်သက်၍ ကာမာနီ ခီဒီရ် အဂ္ဂါ (Kamani Khidir Aga) က ၁၈ ရာစုတွင် ရေးသားခဲ့သည့် တက်ဖ်ဟင်မ် အလ်-မာကွာမတ် (Tafhim ak-maquamat) ကျမ်း လက်ရေးမူမှ ကွီတာရာ (ဂစ်တာ) ပုံ

    ဂီတပညာရှင်ကြီး အလ်-ကင်ဒီ နောက်ပိုင်း နှစ်ပေါင်း ၇၀ အကြာမှာတော့ အလ်-ဖာရာဘီ (Al-Farabi) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ တယောမိသားစုရဲ့ ရှေ့ပြေးဖြစ်တဲ့ ရာဘာဘာဟ် (Rababah) နဲ့ ကွာနန် (Qanun-ဗျတ်စောင်း) ကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဂီတနဲ့ပတ်သက်ပြီး အလ်-ဖာရာဘီဟာ ကျမ်းကြီး ၅ စောင်ကို ရေးသားပြုစုခဲ့ပြီး အဲဒီအထဲမှာ ဂီတရဲ့ သီအိုရီ သဘောတရားတွေကို ဖော်ကျူးထားတဲ့ ဂီတပညာကျမ်းကြီး (The Great Book of Music) ဟာ အပြောင်အမြောက်ဆုံး လက်ရာ ဖြစ်ပါတယ်။ ၁၂ ရာစုလောက်မှာတော့ ဒီကျမ်းကြီးကို ဟီဘရူးဘာသာ ပြန်ဆိုခဲ့ပြီး၊ နောက်ပိုင်းမှာ လက်တင်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ အလ်-ဖာရာဘီနဲ့ သူ့ရဲ့ ဂီတပညာဆိုင်ရာ စာအုပ်တွေရဲ့ လွှမ်းမိုးမှုဟာ ၁၆ ရာစုအထိ ဆက်လက် ရှိနေခဲ့ပါတယ်။

    လှည့်လည်သွားလာနေတဲ့ ဂီတပညာရှင်တွေ၊ ကုန်သည်တွေနဲ့ ခရီးသွားသူတွေဟာ အာရဘီဂီတကို ဥရောပဆီ ရောက်ရှိစေခဲ့ပါတယ်။ ပြီးတော့ ဒါကပဲ မွတ်စလင်တွေရဲ့ နှစ်ပေါင်း ၈၀၀ အုပ်ချုပ်မှုအောက်မှာ စပိန်နဲ့ ပေါ်တူဂီက ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ်ကို လူတစ်လုံးသူတစ်လုံး ဖြစ်စေခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အစောဆုံး ဥပမာတွေထဲက တစ်ခုကတော့ ကွန်တီဂက်စ် ဒီ ဆန်တာ မာရီယာ (Contigas di Santa Maria) လို့ခေါ်တဲ့ တေးပေါင်းချုပ်ကြီးထဲမှာ တွေ့မြင်နိုင်ပါတယ်။ ကက်စတီလာ (Castilla) နဲ့ အာရဂွန် (Aragon) ပြည့်ရှင်ဘုရင် အလ်ဖွန်ဆို ၁၀ အလ် ဆာဘီယို (Alfonso X el Sabio) အမိန့်တော်မှတ်မှုနဲ့အတူ ၁၂၅၂ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ အဲဒီလက်ရာတွေထဲမှာ မယ်တော် မေရီ (Virgin Mary) နဲ့ ပတ်သက်တဲ့ ဓမ္မတေး ၄၁၅ ပုဒ် ပါဝင်ပါတယ်။

    အဲဒီအထဲက တော်တော်များများဟာ ဥရောပကို ပြန့်နှံ့သွားခဲ့တဲ့ ဂီတအသစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းကို ခံခဲ့ရပါတယ်။ ဆန်တာ မာရီယာ တေးပေါင်းချုပ်ကြီးကို ဖန်တီးမှုအပေါ်မှာ တော်တော်လေး လွှမ်းမိုးမှုရှိခဲ့တာကတော့ မည်းနက်တဲ့အသား၊ ချိုသာတဲ့အသံကြောင့် ဇီရ်ယဘ် (မဟူရာငှက်) လို့ အမည်ပြောင်ပေးခြင်းခံရတဲ့ မွတ်စလင်ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ သူဟာ ဘဂ္ဂဒတ်က နာမည်ကျော် ဂီတပညာရှင်ကြီးတစ်ဦးရဲ့ ပါရမီရှင် တပည့်ဖြစ်ခဲ့ပြီး ဂီတအပေါ် သူ့ရဲ့ ပါရမီနဲ့ ကျွမ်းကျင်လိမ္မာမှုက တစ်ဖြည်းဖြည်းနဲ့ ဆရာကိုတောင် ကျော်တက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် အိုမိုင်ယဒ် (Umayyad) ခလီဖာဟာ သူ့ကို အန်ဒါလူစီယာ (စပိန်တွင်ရှိသည်) ကို ဖိတ်ခေါ်ပြီး ချီးမြှင့်မြှောက်စားခဲ့ပါတယ်။

    သက္ကရာဇ် ၈၂၂ ခုနှစ် အူမိုင်ယဒ် ခလီဖာရဲ့သား ဘုရင် အဘ်ဒဲလ် အလ်-ရဟ်မန် ၂ (Abd al-Rahman II) လက်ထက်မှာ ဇီရ်ယဘ်ဟာ ကော်ဒိုဘာနန်းတော်မှာ အခြေကျခဲ့ပါတယ်။ အဲဒီအချိန်ကနေစလို့ ဇီရ်ယဘ်တစ်ယောက် သူ့ရဲ့ အနုပညာစွမ်းရည်တွေကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီး တစ်လကို ရွှေဒင်္ဂါး ၂၀၀ နဲ့ အဆောင်အယောင်၊ ခံစားခွင့် အများအပြားရတဲ့ နန်းတွင်းက ဂီတပညာရှင်တစ်ဦး ဖြစ်လာပါတော့တယ်။

    Al-Farabi
    ၁၀ ရာစုမှ စွယ်စုံရ မွတ်စလင် ဂီတပညာရှင်ကြီး အလ်-ဖာရာဘီ

    အနုပညာဘက်မှာ ဇီရ်ယဘ်ရဲ့အောင်မြင်မှုဟာ ပြောမကုန်နိုင်အောင်ရှိပြီး အဲဒီအထဲမှာ စည်းဝါးနဲ့ တေးရေးဖွဲ့နည်းတွေကို သင်ကြားပေးတဲ့ ကော်ဒိုဘာက ဂီတအနုပညာသင်ကျောင်း တည်ထောင်မှုလည်း ပါဝင်ပါတယ်။ ဇီရ်ယဘ်ဟာ အာရပ်ဗျတ်စောင်း အလ်-လုဒ် (Al-Lud) ကိုလည်း ဥရောပနဲ့ မိတ်ဆက်ပေးခဲ့ပြီး အဲဒီဗျတ်စောင်းမှာ အနိမ့်သံ ကြိုးတစ်ကြိုး ထပ်မံထည့်သွင်းမှု၊ သစ်သားနဲ့ လုပ်ငန်းထားတဲ့ ပက်ထရမ်နေရာမှာ လင်းတရဲ့ ဆူးတောင်နဲ့ လုပ်ထားတဲ့ ပက်ထရမ်ကို အစားထိုးတာ စတဲ့မွမ်းမံမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ရစ်သမ်ပိုင်းဆိုင်ရာ မူဘောင်တွေကို သတ်မှတ်ပေးခြင်းအားဖြင့် ဂီတသီအိုရီတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။

    ပြင်သစ်က ၂၀ ရာစု သမိုင်းပညာရှင် ဟင်နရီ တာရက်ဆီက ဇီရ်ယဘ်ရဲ့ အနုပညာ ပါရမီနဲ့ ပတ်သက်ပြီး ဒီလို မှတ်ချက်ပြုခဲ့ပါတယ်။

    “ဒီအရှေ့တိုင်းသား ရောက်လာပြီးတဲ့နောက်မှာ ဘ၀ရဲ့ နှစ်လိုမှု၊ ပျော်ရွှင်ချမ်းမြေ့မှု လေပြေလေညှင်းလေးဟာ ကော်ဒိုဘာတစ်ခွင်မှာ ညင်သာစွာ တိုက်ခတ်ခဲ့ပါတယ်။ ဇီရ်ယဘ်ရဲ့ ပတ်ဝန်းကျင်မှာ ကဗျာလင်္ကာနဲ့ လှပညင်သာတဲ့ ကြည်နူးမှုတွေလည်း ဆွတ်ပျံ့နေခဲ့ပါတယ်။ သူဟာ ညဘက်မှာ ဗျတ်စောင်းတီးပေးတဲ့ အစေခံနှစ်ယောက်နဲ့အတူ ဂီတသံစဉ်တွေကို ဖန်တီးလေ့ရှိပြီး၊ မကြုံစဖူး တစ်မူထူးခြားတဲ့ အနုပညာတန်ဖိုးတွေကို ချန်ရစ်ခဲ့သူလည်းဖြစ်ပါတယ်”

     

    စစ်ဘင်ခရာတီးဝိုင်း

    Y83bXEEbBXaLASQAV44dJE95
    အော်တိုမန်အင်ပါယာ၏ ဂျာနစ်ဆာရီ စစ်ဘင်ခရာတီးဝိုင်း

    တူရကီတွရဲ့ အော်တိုမန်အင်ပါယာဟာ အမြဲတမ်း စစ်ဘင်ခရာတီးဝိုင်းကို စတင်ခန့်ထားတဲ့ ပထမဆုံး ဥရောပ-အာရှ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ ၁၂၉၉ မှာ ဖွဲ့စည်းခဲ့တဲ့ မဟ်တာဟိန်း (Mehterhane) စစ်ဘင်ခရာအဖွဲ့ဟာ ကျော်ကြားခဲ့ပြီး ဆူလ်တန်ရဲ့ သွားလေရာနောက်ကို လိုက်ပါရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ စစ်သားတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့နဲ့ ရန်သူတွေ ထိတ်လန့်ကြောက်ရွံ့စေဖို့ စစ်မြေပြင်တွေမှာပါ လိုက်ပါတီးခတ်ခဲ့ရပါတယ်။ အော်တိုမန်ရဲ့ ဂျာနစ်ဆာရီ (Janissary) လို့ခေါ်တဲ့ အထူးတပ်ဖွဲ့မှာ အဖွဲ့ဝင် ၆ ဦးကနေ၊ ၉ ဦးအထိ ပါဝင်တဲ့ ဘင်ခရာအဖွဲ့တစ်ခု ရှိပြီး ဒရမ် (Zuma)၊ ကလဲနက်၊ လင်းကွင်း (Zil)၊ စစ်သုံး ဒရမ် (kos နဲ့ naqqara) စတဲ့ တူရိယာတွေ ပါဝင်ပါတယ်။ ဒီတူရိယာတွေကိုတော့ ကုလားအုတ်ပေါ်မှာ တင်ပြီး သယ်ဆောင်တီးမှုတ်ကြတာ ဖြစ်ပါတယ်။

    ဥရောပသားတွေဟာ ဂျာနစ်ဆာရီတပ်ဖွဲ့ရဲ့ ဒီဘင်ခရာတီးဝိုင်းကို စစ်ဖြစ်နေတဲ့အချိန်နဲ့ ငြိမ်းချမ်းနေတဲ့အချိန်တွေမှာ တွေ့ကြုံခဲ့ရတာပါ။ သံတမန်ဆိုင်ရာ လက်ခံတွေ့ဆုံပွဲတွေမှာ အော်တိုမန် တာ့က်တွေရဲ့ တူရိယာတွေကို ထားရှိတီးမှုတ်ကြတာဟာ ဖက်ရှင်တစ်ခု ဖြစ်လာခဲ့ပြီး ဥရောပမှာတော့ ဒါကို တာကွီရီဖက်ရှင် (Turquerie) လို့ ခေါ်ဆိုကြပါတယ်။ ၁၆၈၃ ခုနှစ် ဗီယင်နာအ၀င် တိုက်ပွဲမှာ ဂျာနစ်ဆာရီတပ်ဖွဲ့ ရှုံးနိမ့်ခဲ့တဲ့အခါ သူတို့ရဲ့ ဂီတတူရီယာတွေ ကျန်ရစ်ခဲ့ပါတယ်။ ဒါက ဥရောပစစ်တပ်တွေမှာ စစ်ဘင်ခရာပေါ်လာခြင်းရဲ့ အစလည်း ဖြစ်ပါတယ်။ နပိုလီယံ ဘိုနာပတ်ရဲ့ ပြင်သစ်စစ်ဘင်ခရာတွေမှာတောင်မှ အော်တိုမန်တွေရဲ့ တူရီယာဖြစ်တဲ့ လင်ကွင်းတွေ၊ စစ်သုံး ဒရမ်တွေကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ၁၈၀၅ ခု အော်စတာလစ်ဇ်တိုက်ပွဲ (Austerlitz) မှာ နပိုလီယံအနိုင်ရရှိမှုမှာ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို ဖြစ်စေတဲ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေက ထွက်လာတဲ့ ဒီ ဘင်ခရာအသံတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ပြောစမှတ် ပြုကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း (၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

     

     

     

     

     

  • နိုင်ငံရပ်ခြားအထိ လက်တံရှည်လာတဲ့ မြန်မာဟက်ကာများ

    နိုင်ငံရပ်ခြားအထိ လက်တံရှည်လာတဲ့ မြန်မာဟက်ကာများ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆

    M-Media


    – အင်တာနက်ကို ကောင်းစွာအသုံးချနိုင်မှုက မြန်မာဟက်ကာအသိုင်းအ၀ိုင်းကို မြှင့်တင်ပေးနေသလိုဖြစ်နေ၏။ ၎င်းတို့အနက် အဖွဲ့အ၀င်အချို့သည် အိမ်နီးချင်းနိုင်ငံတို့ကိုပင် ဆိုက်ဘာစစ်ပွဲ ဆင်နွှဲနေပေသည်။

    “ကျွန်တော်တို့က မြန်မာကို မတိုက်ဘူး။ အများအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား ၀က်ဘ်ဆိုက်တွေကို Hacking ဖောက်ယူပါတယ်” ဟူ၍ မိမိကိုယ်ကို Cyber Root ဟု အမည်ပေးထားသော မြန်မာဟက်ကာတစ်ဦးက ဆိုသည်။

    လွန်ခဲ့သော ၃ နှစ်ကတည်းက ၎င်း Cyber Root နှင့် အခြားဟက်ကာ အမြောက်အများတို့သည် ဘင်္ဂလားဒေ့ရှ်မှ ဟက်ကာတို့ကို မြေအောက်ဆိုက်ဘာစစ်ဆင်ရေးတစ်ရပ် ပြုလုပ်နေခဲ့ကြသည်။

    “သူတို့ဟာ ကျွန်တော်တို့ရဲ့ အစိုးရနဲ့လုပ်ငန်းပိုင်းဆိုင်ရာ ၀က်ဘ်ဆိုက်တွေကို တိုက်ခိုက်ကြတယ်။ ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အညွှန်းတွေ၊ သွင်ပြင်လက္ခဏာတွေကိုပြောင်းလဲပြီး အချက်အလက်အားလုံးကို ဖျက်ဆီးပစ်ကြပါတယ်။ သူတို့က မြန်မာနိုင်ငံကို အကျည်းတန်အောင် လုပ်ချင်နေပုံရတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်တုန့်ပြန်ရမယ်။ မြန်မာ(ရဲ့ပုံရိပ်)ကို ကျွန်တော် ကာကွယ်သွားမယ်” ဟု Mr.$ud0 အဖြစ် လူသိများသည့် နောက်ထပ်ဟက်ကာတစ်ဦးက Frontier သို့ပြောကြားသည်။

    ဘင်္ဂလားဒေ့ရှ်ဝက်ဘ်ဆိုက်များကို တိုက်ခိုက်နေသည့် မိမိတို့၏လုပ်ရပ်များကို ဖော်ပြ၍ ဂုဏ်ယူလျက်ရှိကြသော်လည်း မြန်မာပြည်တွင်းရှိ အစိုးရ၀က်ဘ်ဆိုက်များ၌ ယင်းသို့ပြုလုပ်ရန်အစီအစဉ် ရှိမရှိ အဆိုပါဟက်ကာများကို မေးမြန်းသောအခါ မည်သူမျှအားတက်သရော မရှိကြောင်း တွေ့ရ၏။ ယင်းမေးမြန်းချက်ကို တစ်ဦးသောသူက “တခြားသူတွေနဲ့ အင်တာဗျူးတာတွေလည်း ကံကောင်းပါစေ” ဟုသာ တုန့်ပြန်ခဲ့သည်။

    ဆိုက်ဘာစစ်ပွဲများကြောင့် မြန်မာသမ္မတရုံးနှင့် ဘင်္ဂလားဒေ့ရှိလေတပ် ၀က်ဘ်ဆိုက်များအပါအ၀င် ရာနှင့်ချီသော ၀က်ဘ်ဆိုက်များ ကျဆုံးခဲ့ကြသည်။ ဟက်ကာတစ်ဦး၏အဆိုအရ ၎င်းတို့သည် အကယ်၍ အကြောင်းတစ်ရပ်ရပ်ကို သိစေလိုလျှင် သတင်းနှင့်မီဒီယာဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားမည်၊ ထိုးဖောက်သိမ်းဆည်းခံရသည့် မြန်မာဝက်ဘ်ဆိုက်တစ်ခုကို ပြန်ပေးလိုလျှင် ၎င်းတို့၏အစိုးရ၀က်ဘ်ဆိုက်များကို ထိုးဖောက်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။

    နှစ်ဖက်စလုံးမှ တူညီစွာအသုံးပြုနေကြသည်မှာ DDos – Distributed Denial of Service တိုက်ခိုက်ရေးနည်းလမ်းနှင့် ၀က်ဘ်ဆိုက်များကို အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ ယင်းသို့နည်းလမ်းမှာ Hacking လောကတွင် ရိုးစင်းလွန်းလှသော်လည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ကြ၏။

    ဆိုက်ဘာပဋိပက္ခသည် လူနည်းစုမြန်မာမွတ်စ်လင်မ်များနှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ပြုမူဆက်ဆံမှု၌ အခြေပြုနေသည်။ ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံသားအများစုက ယုံကြည်နေခြင်းကြောင့် သူတို့ကို ဘင်္ဂလီများဟူ၍ ခေါ်ဆိုကြသည်။

    “ကျွန်တော်တို့က အချင်းချင်း သတ်နေကြတယ်လို့ သူတို့(ဘင်္ဂလားဒေ့ရှ်သား)တွေက ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသတ်ကြဘူး၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု ရှိကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိပါဘူး” ဟု Cyber Root က ဆိုသည်။

    ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်တို့အကြား ပွင့်ထွက်လာသည့် အကြမ်းဖက်မှုက ဆိုင်ဘာစစ်ပွဲကို အရှိန်မြင့်တက်သွားစေခဲ့သည်။ အစိုးရထုတ်ပြန်ချက် စာရင်းအင်းအရ ယင်းမတည်ငြိမ်မှုကြောင့် လူ ၂၀၀ သေဆုံးပြီး တစ်သိန်းလေးသောင်းခန့် အိုးအိမ်မဲ့ခဲ့ရသည်။ အများစုမှာ မွတ်စ်လင်မ်များ ဖြစ်ကြသည်။

    “မြန်မာနိုင်ငံထဲမှာ အပြစ်မဲ့မွတ်စ်လင်မ်တွေ သတ်ဖြတ်ခံနေကြရတယ်။ မွတ်စ်လင်မ်တွေအပေါ် ဒီလို တရားမဲ့လုပ်ရပ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာလောကကိုတိုက်ခိုက်ချက်ဟာ ကျွန်တော်တို့ကို ပြန်လည်တုန့်ပြန်လာစေဖို့ တွန်းအားပေးခဲ့ပါတယ်” ဟူ၍ ၂၀၁၂ ဇွန်လ ၁၉ ရက်တွင် မြန်မာကို ဆိုက်ဘာစစ်ပွဲဆင်နွှဲမည်ဟု ကြေငြာလိုက်သော ဘင်္ဂလားဒေ့ရှ်မှ Cyber Army – BCA က ဆိုသည်။ များမကြာမီ ပြည်ထဲရေးဝန်ကြီးဋ္ဌာနအပါအ၀င် မြန်မာပြည်မှ နာမည်ကြီးဝက်ဘ်ဆိုက်တို့ကို BCA မှ စတင်တိုက်ခိုက်တော့သည်။ ဟိုတယ်များ၊ ခရီးသွားလာရေးလုပ်ငန်းများအပါဝင် ၀က်ဘ်ဆိုက်အများအပြားကို ထိုးဖောက်သိမ်းယူနိုင်ခဲ့ကြသည်။

    နောက်တစ်နေ့၌ မြန်မာဟက်ကာများ လက်တုန့်ပြန်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၀က်ဘ်ဆိုက် ၉၂ ခု အွန်လိုင်းပေါ်မှ ပျောက်သွားသည်။ စစ်တကောင်းတက္ကသိုလ်ဝက်ဘ်ဆိုက်မှာ အသွင်ပြောင်းခံရသည်။ ဘင်္ဂလားဒေ့ရှ်၏ ပင်မသတင်းဋ္ဌာနတစ်ခုဖြစ်သော BDNews24 သတင်းဆိုက်၏ အချက်အလက်များစွာ ဖျက်ဆီးခံရသည်။ အဆိုပါတိုက်ခိုက်မှုပြီးသည့်နောက် မြန်မာဟက်ကာတစ်ဦးက “အလိမ်အညာတွေရပ်၊ ရိုဟင်ဂျာတွေအကြောင်း အသင်တို့ မသိ၊ အသင်တို့လူကို အသင်တို့တိုင်းပြည်ထဲ ပြန်ခေါ်သွားကြ၊ ဗမာပြည်ကို ကျူးကျော်ဖို့ မကြိုးစားနှင့်” ဟု ရေးသားခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့နာမည်ကြီး Anonymous အဖွဲ့က ၎င်း၏ပစ်မှတ်ကို မြန်မာအစိုးရဖက်သို့ လှည့်ပြောင်းသည့်အခါ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ဤဆိုင်ဘာစစ်ပွဲအပေါ် စိတ်ဝင်စားလာကြလေသည်။ Anonymous အဖွဲ့ကို နိုင်ငံတကာမှ လှုပ်ရှားတက်ကြွသူဟက်ကာများနှင့် လျော့တိလျော့ရဲ ဖွဲ့စည်းထားပြီး၊ V for Vendetta ရုပ်ရှင်ဇာတ်ကားမှ နာမည်ကြီး မျက်နှာဖုံးစွပ်ပုံအမှတ်အသားဖြင့် လူသိများထင်ရှားသည်။

    Anonymous အဖွဲ့သည် မြန်မာအစိုးရအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်မှုပြုသော်လည်း၊ မိမိတို့သည် ဆိုင်ဘာပဋိပက္ခ၏ မည်သည့်ဖက်ကိုမျှ မလိုက်ဟု အဖွဲ့သားတစ်ခုမှ Frontier သို့ပြောကြားသည်။

    “ဒီမြန်မာဟက်ကာတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်ခိုက်ကြတယ်။ ပြီးတော့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေတဲ့ နောက်အစိုးရတစ်ရပ်ကိုလည်း တိုက်ခိုက်ကြပြန်တယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့နလပိန်းတုံးလုပ်ရပ်တွေထဲ ပစ်မှတ် လွဲချော်နေကြတယ်။ ရိုဟင်ဂျာတွေအပေါ် နောက်ထပ်တိုက်ခိုက်မယ့်အစီအမံဆိုင်ရာ ကောလဟလတွေကို ကျွန်တော်တို့ ၂၀၁၃ ခုနှစ်မှာ စတင်တုန့်ပြန်ခဲ့ကြတယ်။ အဲ့ဒီချိန်ကစပြီး ကျွန်တော်တို့ရဲ့ပန်းတိုင်ဟာ အာဏာပိုင်အစိုးရဖက်က ကျူးလွန်တဲ့ဒုစရိုက်တွေကို ဖော်ထုတ်ဖို့ သို့မဟုတ် ဇောင်းပေးဖော်ပြဖို့ဆိုပြီးဖြစ်လာပါတယ်။ ကာလတစ်ရပ်အထိတော့ တကယ်ကို ထိရောက်အောင်မြင်ခဲ့ကြတယ်။ ဒါပေမယ့် ဘေးဒုက္ခတစ်ခုပြီးတစ်ခု ဆက်တိုက်စုပြုံကျရောက်နေတဲ့ လောကတစ်ခုထဲ ရေရှည်တည်တံ့မယ့်အပြောင်းအလဲတစ်ရပ်ကို ဖန်တီးဖို့ဆိုတာ အတော်ခဲယဉ်းလှပါတယ်”။

    ၂၀၁၃ မတ်လ ၂၄ ရက် ကြေငြာတိုက်ခိုက်မှု နာရီအနည်းငယ်အတွင်း Anonymous အဖွဲ့၏ ဗွေဆော်ဦးလက်စွမ်းပြချက်က သိသိသာသာ ကသောင်းကနင်း ဖြစ်သွားစေခဲ့၏။ သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနအပါအ၀င် အစိုးရ၀က်ဘ်ဆိုက် ၁၄ ခု အွန်လိုင်းပေါ် တက်မရတော့။ အခြားဝက်ဘ်ဆိုက်အများအပြားမှာလည်း အစိုးရဆန့်ကျင်ရေးကြွေးကြော်ချက်တို့နှင့်တစ်ကွ ပုံပြောင်းခံလိုက်ရသည်။ ယင်းအုပ်စုသည် #RohingyaNOW ဟူသောစာသားနှင့်အတူ ရိုဟင်ဂျာပုံ ပရိုဖိုင်းများကို တင်ကြရာ ၂၀၁၃ မတ် ၂၄ ရက်၌ တစ်နာရီအတွင်း ယင်းစာသားအသုံးပြုမှု အကြိမ်ရေ ၂၄၀၀၀ အထိ ကမ္ဘာ့ hashtag ကဏ္ဍအတွက် စံချိန်တင်သွားခဲ့သည်။

    “ဒီအရေးကို ထိပ်ဆုံးအထိ ဆွဲတင်ပြီး နိုင်ငံတကာအရေးဖြစ်အောင် စီမံကူညီပေးဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ရိုဟင်ဂျာတွေဟာ နိုင်ငံသားအဖြစ် သူတို့ရဲ့ မူလအခွင့်အရေးနဲ့ ကာကွယ်မှုရလာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီလုပ်ဆောင်ချက်ကို ရပ်နားပါမယ်။ အဲ့ဒါပြီးတဲ့နောက်မှာ မြန်မာပြည်သူလူထုတွေအတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားဦးမှာဖြစ်ပါတယ်” ဟု ၎င်းက အသိပေးလိုက်သည်။

    မြန်မာနိုင်ငံဖက် ပစ်မှတ်ထားနေသော Anonymous ၏ လှုပ်ရှားမှုများက ကျဆင်းလာသော်လည်း မျက်ခြေမပြတ် စောင့်ကြည့်နေဆဲဖြစ်သည်။ ထိုအုပ်စုက ၂၀၁၅ ဇွန်လအတွင်း တစ်ယူသန်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများအဖွဲ့ ၉၆၉ (နှင့်) ၎င်း၏ခေါင်းဆောင် မဘသအဖွဲ့ဝင် အရှင်ဝီရသူတို့အား တုန့်ပြန်သော Operation 969 ကို စတင်ရန် အချက်ပြခဲ့ကြသည်။ Anonymous ၏အဆိုအား လက်ခံသည့်အနေနှင့် ဘာသာမဲ့မြန်မာဟက်ကာအုပ်စုက ဦးဝီရသူ၏ ဖေ့စ်ဘွတ်နှင့် ဂျီမေးလ်အကောင့်များကို တိုက်ခိုက်ခဲ့ကြသည်။

    “ဒီလူတွေဟာ လူထုအကြား အမုန်းတရားထည့်သွင်းမွှေနှောက်ပြီး သွေးကွဲအောင် – လူမျိုးခွဲခြားရေးဝါဒ ကြီးထွားလာအောင် နိုင်ငံတော်က ကျောထောက်နောက်ခံပြုစီမံထားတယ်လို့ ယုံကြည်ယူဆထားသူတွေဖြစ်တယ်။ ဒီလူတွေ(မြန်မာနိုင်ငံသားလှုပ်ရှားတက်ကြွသူတွေ)က ဒီအချက်ကို သတိပေးနှိုးဆော်ပေးချင်လို့ ဒီလိုလုပ်ကြတာပါ။ ရိုဟင်ဂျာနဲ့ မြန်မာမွတ်စ်လင်မ်တွေ၊ ဒါ့အပြင် ကရင်နဲ့ကချင်တွေထဲမှာလည်း အားပေးကူညီသူတွေ အများအပြား ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဒါကို ထုတ်ဖော်ပြောချင်မှပြောပါလိမ့်မယ်” ဟု အဆိုပါ Anonymous အဖွဲ့ပြောရေးဆိုခွင့်ရှိသူက အစိုးရအပေါ် ပြည်တွင်းဟက်ကာများ၏တိုက်ခိုက်မှု မြင့်မားလာကြောင်းကိုပါ ထည့်သွင်းရှင်းပြခဲ့သည်။

    အထူးသဖြင့် E-Commerce စနစ်ဖက်သို့ အရှိန်အဟုန်မြင့် ကူးပြောင်းလာလျှင် ဆိုက်ဘာပဋိပက္ခများသည် မြန်မာနိုင်ငံအတွက် တကယ့်အန္တရာယ်ကြီးတစ်ရပ်အဖြစ် ဆက်လက်တည်တံ့နေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက် ဆိုက်ဘာလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Doron Landau က အောက်ပါအတိုင်း ပြောကြားသည်။

    “လက်ရှိအချိန်မှာ အပျော်တမ်းလက်သင်တွေအဆင့်ပဲ ရှိနေပေမယ့် (မကြာခင်) အံတိုနောကျေပြီး တိုက်ခိုက်မှုများ မြင့်တက်လာပါတော့မယ်။ မြန်မာနိုင်ငံထဲ ပီပြင်ခိုင်မာတဲ့ ဆိုက်ဘာလုံခြုံရေးစနစ်ဆိုတာ မရှိသေးပါဘူး။ ဒါကြောင့်မို့ ဆိုက်ဘာဒုစရိုက်မှုက အဲ့ဒီအချိန်မှာ အန္တရာယ် အထူးကြီးမားလာမှာဖြစ်ပါတယ်။ ဆိုက်ဘာစစ်ပွဲခေါင်းစဉ်အောက်က ပါဝင်နေကြတဲ့ ဒီဟက်ကာများဟာ – ငါတို့က ငွေကြေးတွေ ခိုးယူနေတာ မဟုတ်ဘူးလို့ အကြောင်းပြပြောဆိုနေကြတယ်။ သို့သော် သူတို့ဟာ ပြစ်မှုကျူးလွန်သူစာရင်းထဲ ပါဝင်နေကြပြီဖြစ်တယ်။ ပြီးတော့ ဒီလိုလုပ်ရပ်မျိုးနဲ့ ငွေအပုံအပင် ရှာနိုင်ကြောင်း သူတို့ နားလည်သွားတဲ့အခါ သူတို့ ဒီလိုမလုပ်ပါဘူးလို့ ဘယ်သူပြောနိုင်မလဲ”။

    မြန်မာနိုင်ငံ၏ E-Commerce သက်တမ်းနုနုလေးမှာပင်လျှင် ငွေကြေးဆိုင်ရာ ဆိုက်ဘာရာဇ၀တ်မှု၏ သားကောင်ဘ၀ ရောက်ခဲ့ရပြီးဖြစ်၏။

    ၂၀၁၄ ခုနှစ်တွင် ATM ကဒ်အတုပြုလုပ်ပြီး လူလိမ်များက ကျပ်ငွေ ၂၅.၂ သန်း ခိုးယူရန် ကြံစည်ခဲ့သည်။ ရန်ကုန်မြို့ ဟော်တယ်တစ်ခုတွင် ရုံးဖွင့်ထားပြီး နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ၌ လေ့လာသူများကိုစေလွှတ်ကူညီခဲ့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Carter Center ရုံးလိပ်စာကို သူခိုးတစ်ဦးမှ hacking လုပ်ကာ ၂၀၁၅ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၄၂၄၆၆ (ကျပ်ငွေ ၅၅ သန်းခန့်) ခိုးယူသွားခဲ့သည်။

    မြန်မာဆိုက်ဘာစစ်ပွဲမှာ အရှိန်လျော့ခြင်း၊ ရပ်တန့်ခြင်း၏ မည်သည့်လက္ခဏာမျှ မတွေ့ရ။ သာမန် hacking နည်းပညာများအပြင် အခြားနည်းလမ်းများ အသုံးပြုမည့် အရိပ်အယောင်ကိုလည်း မမြင်သေးချေ။ သို့သော် မစ္စတာ Landau က သတိပေးစကားတော့ ဆိုလိုက်ပါသည်။

    “ဒီကာလမှာဖြစ်စေ နောင်တစ်ချိန်မှာဖြစ်စေ ဖောက်ယူလိမ်လည်တဲ့ အဓိကရအဖွဲ့တစ်ခု ပေါ်ပေါက်လာပါလိမ့်မယ်။ ဒီဟက်ကာတွေထဲကဟုတ်မဟုတ် မပြောတတ်ပေမယ့် ဒီလိုကိစ္စတွေ ဖြစ်လာပါလိမ့်မယ်”။

    ရန်ကုန်မြို့ အင်တာနက်ဆိုင်တစ်ဆိုင်တွင် တွေ့ရသော လူငယ်တစ်ဦး (ဓာတ်ပုံ – AFP)

    (Ref : James Coe’s The Cyber Wars ; Frontier Myanmar)

    ပြန်ဆိုသူ – သာကီထက်ကောင်း