News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • စိုက်ပျိုးရေးတွင် အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦး ရှာဖွေတွေ့ရှိ

    စိုက်ပျိုးရေးတွင် အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦး ရှာဖွေတွေ့ရှိ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    saudi

    – သဘာဝ ဓာတ်မြေသြဇာအဖြစ် အသုံးပြုသည့် မြေဆီမြေနှစ်များတွင် တွေ့ရသည့် တီကောင် ဥများကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီဖြစ်စေမည့် နည်းလမ်းတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦးက ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတေးလျရှိ ဆော်ဒီယဉ်ကျေးမှုဌာန SACM က ကြေငြာလိုက်သည်။

    ဘက်စ်မာ ခါလက်ဖ်ဆိုသူဖြစ်ပြီး ၎င်းရှာဖွေတွေ့ရှိခဲ့သည့် နည်းလမ်းအသစ်က အဆိုပါဥများကို မြင့်မားသောနှုန်းဖြင့် ဖော်ထုတ်နိုင်မည်ဖြစ်ကာ မြေဆီမြေနှစ်များတွင် တီကောင်များအား လွယ်ကူလျင်မြန် တိကျစွာ ရှာဖွေ သိရှိနိုင်မည်ဖြစ်သည်။

    “အဲဒီလေ့လာမှုဟာ ဇီဝဓာတ်မြေသြဇာတွေကို သိုလှောင်တဲ့နေရာမှာ အသုံးပြုရတဲ့အချိန်ကို လျော့ချနိုင်မှာပါ။ အဲဒီလို လျော့ချနိုင်တာကြောင့် သိုလှောင်မှု ကုန်ကျစားရိတ်ကို လျော့ကျစေမည်ဖြစ်ပြီး စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကိုလည်း မြင့်တက်စေမှာဖြစ်ပါတယ်” ဟု ဘက်စ်မာက ပြောကြားခဲ့သည်။

    “ဒီရလဒ်ဟာ ဇီဝဓာတ်မြေသြဇာတွေကို အကျိုးရှိစွာအသုံးချရေး အစိုးရရဲ့ ပေါ်လစီကို အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်”

    ဘက်စ်မာမှာ သြစတေးလျရှိ RMIT တက္ကသိုလ်တွင် ဇီဝဗေဒနှင့် ဇီဝနည်းပညာဘာသာရပ်များဖြင့် Ph.D တက်ရောက်နေသူဖြစ်ပြီး သူမ၏ တွေ့ရှိချက်ကို ယခုနှစ်အစောပိုင်းတွင် International Water Association ဂျာနယ်၌ ဖော်ပြခြင်း ခံခဲ့ရသည်။

    “ကျွန်မရဲ့ Ph.D လေ့လာမှုမှာ မြေဆီမြေနှစ်တွေကို ခွဲခြမ်းစိတ်ဖြာရတာကြောင့် ကျွန်မရဲ့ တွေ့ရှိမှုကို မြေဆီမြေနှစ်စီမံရေး အသင်းအဖွဲ့တွေနဲ့ သုတေသနအဖွဲ့တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းနဲ့ ဆက်စပ်ပြီး တစ်စိတ်တစ်ပိုင်း ပါဝင်ရတာကိုလည်း ကျွန်မ ကျေနပ်မိပါတယ်” ဟု ဘက်စ်မာက ထည့်သွင်းပြောကြားခဲ့သည်။

    South East Water နှင့် ALS Water Resources Group တို့အပါအ၀င် သြစတေးလျရှိ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များမှာ ဘက်စ်မာ၏ အဆိုပါတွေ့ရှိချက်ကို အသိအမှတ်ပြုခဲ့ပြီး သူမ၏ ထိုနည်းလမ်းအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Arabnews

  • “ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခံရတဲ့ တိဘက်က ကြောက်မယ်ဖွယ် သဘာဝပတ်ဝန်းကျင် ပြဿနာများ

    “ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခံရတဲ့ တိဘက်က ကြောက်မယ်ဖွယ် သဘာဝပတ်ဝန်းကျင် ပြဿနာများ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    tibet

    – ကမ္ဘာ့ခေါင်းဆောင်တွေက ပဲရစ်မှာ ရာသီဥတုပြောင်းလဲမှုအတွက် ခေါင်းချင်းရိုက်ဆွေးနွေးနေကြတဲ့အချိန် “ကမ္ဘာကြီးရဲ့ ခေါင်မိုး” လို့ တင်စားခေါ်ဝေါ်ကြရတဲ့ တိဘက်နိုင်ငံကတော့ ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    နိုင်ငံတစ်ဝှမ်းက ရေခဲပြင်ကြီးတွေဟာ မြင့်တက်လာတဲ့ အူချိန်ကြောင့် လျင်လျင်မြန်မြန်ပဲ အရည်ပျော်နေတယ်လို့ တိဘက်တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    “တိဘက်ကုန်းပြင်မြင့်ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာအရေးပါမှုကို ကမ္ဘာကြီး၊ ကုလနဲ့ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက လှည့်ကြည့်သင့်တယ်လို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်။ ပြီးတော့ တိဘက်ကုန်းပြင်မြင့်ဟာ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွေမှာ အဓိကအကြောင်းအရာ ဖြစ်သင့်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပညာရှင် တမ်ပါ ဂျာလ်ဆန် ဇမ်လ်ဟာက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ ပဲရစ်က COP21 (ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ)အတွက် ကျွန်တော်တို့ တိုက်တွန်းချင်တဲ့ ကိစ္စပါပဲ”

    ဇမ်လ်ဟာ ဟာ ပဲရစ်က အဲဒီညီလာခံကို တီဘက်ပေါ်လစီရေးရာအသင်း CTA ကို ကိုယ်စားပြုပြီး တက်ရောက်နေတဲ့သူ ဖြစ်ပါတယ်။

    တီဘက်ကုန်းပြင်မြင့်ဟာ ရေခဲပြင်ပေါင်း ၄၆၀၀၀ တည်ရှိတဲ့ နေရာဖြစ်ပြီး အဲဒီ ရေခဲပြင်တွေဟာ အိန္ဒိယရဲ့ တရုတ်နိုင်ငံတွေအပါအ၀င် အာရှနိုင်ငံတော်တော်များများကို စီးဆင်းတဲ့ မြစ်တွေရဲ့ အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပါတယ်။

    “တိဘက်ကနေ မြစ်ဖျားခံစီးဆင်းတဲ့ ရေကို အာရှပြည်သူ ၁.၃ ဘီလီယံလောက်က မှီခိုနေရပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် ဒီရေခဲပြင်ကြီးတွေဟာ နှစ်ဆတိုးအရည်ပျော်နေပြီး ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ရေခဲပြင်တွေထက် ပိုမြန်မြန် အရည်ပျော်နေတာလည်း ဖြစ်ပါတယ်။ ဒါဟာ ရေအရင်းအမြစ် ဖူလုံရေး ပြဿနာပါပဲ” လို့ COP21 ညီလာခံကို တက်ရောက်နေတဲ့ တီဘက်တက်ကြွလှုပ်ရှားသူ လော့ဘ်ဆန် ယန်ဆိုက ပြောပါတယ်။

    ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ အမြင့်မှာတည်ရှိပြီး ဟိမ၀န္တာတောင်တန်းရဲ့ထိပ်မှာ စကွဲယားကီလိုမီတာ ၂.၅ သန်း ကျယ်ပြန့်တဲ့ တိဘက်ကုန်ပြင်မြင့်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကုန်းပြင်မြင့်တွေထဲမှာ အကြီးဆုံး ကုန်းပြန်မြင့်လည်း ဖြစ်ပါတယ်။

    “အကြီးဆုံးနဲ့ အရေးပါဆုံး မြစ်ကြီး ၆ သွယ်က တီဘက်ကနေ မြစ်ဖျားခံလာပြီး အိန္ဒိယနဲ့ ပါကစ္စတန်အပါအ၀င် ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံး နိုင်ငံ ၁၀ ခုစီကို စီးဆင်းနေပါတယ်။ တိဘက်ကုန်းပြင်မြင့်မှာဖြစ်တဲ့ အပြောင်းအလဲတွေဟာ အဲဒီတိုင်းပြည်တွေအတွက်လည်း သက်ဆိုင်မှု ရှိနေမှာပါ။ ချက်ခြင်းလက်ငင်းဖြစ်မယ့် အကျိုးဆက်တွေက ရေကြီးတာမျိုးနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေပါပဲ” လို့ ဇမ်လ်ဟာက ဆိုပါတယ်။

    COP21 ညီလာခံပြီးဆုံးဖို့ တစ်ရက်သာလိုတော့တဲ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ကမ္ဘာ့အပူချိန်ကို အလျင်အမြန် မြင့်တက်စေတဲ့ ကာဘွန်ထုတ်လွှတ်မှု တရားဝင်လျော့ချရေး သဘောတူညီချက်ရရှိဖို့ နောက်ဆုံး မိနစ်အထိ ဆွေးနွေးငြင်းခုံနေကြတုန်းပါပဲ။

    စက်မှုထွန်းကားတဲ့နိုင်ငံတွေကတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဝန်ထုတ်ဝန်ပိုးကို ပိုမိုမျှဝေဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြပါတယ်။

    တိဘက်တက်ကြွလှုပ်ရှားသူတွေကတော့ တိဘက်က စီးဆင်းတဲ့ မြစ်ကြောင်းတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံကို အထောက်အကူပြုနေတာကြောင့် ကမ္ဘာကြီးဟာ တိဘက်ကို လစ်လျူမရှုသင့်ဘူးလို့ ဆိုပါတယ်။

    တရုတ်ဟာ တိဘက်မှာ ဆည်တွေအများအပြားဆောက်ထားပြီး၊ သတ္ထုတွင်းလုပ်ငန်းတွေကိုလည်း တော်တော်များများ လုပ်ကိုင်နေတာကြောင့် ရလဒ်အနေနဲ့ တိဘက်က လှည့်လည်သွားလာနေထိုင်သူ လူမျိုး(နော်မဒ်) တွေဟာ ပြောင်းရွှေ့ပေးနေရပါတယ်။

    “တရုတ်တွေကြောင့် နော်မဒ်လူမျိုး ၂ သန်းကျော်လောက်ဟာ သူတို့ရဲ့နေရာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိဘက်က ဒီနော်မဒ်တွေရဲ့ အသက်မွေးဝမ်းကြောင်းမှုဟာ မရေရာမသေချာတော့ဘူး။ လူငယ်မျိုးဆက်တွေဟာလည်း တိဘက်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ဆုံးရှုံးခဲ့ရပါတယ်။ တိဘက်ပြည်သူတွေဟာ ရာသီဥတုဆိုးဝါးမှုရလဒ်ကို လျော့ပါးသက်သာစေတဲ့၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်ပါတယ်” လို့ လော့ဘ်ဆန်က ပြောခဲ့ပါတယ်။

    “ပေါ်လစီရေးဆွဲတဲ့နေရာမှာ တိဘက်တွေရဲ့အသံကိုလည်း ထည့်သွင်းသင့်ပါတယ်။ တရုတ်အစိုးရကလည်း တိဘက်ပြည်သူတွေဟာ ပြဿနာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ပြဿနာရဲ့ အဖြေဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုသင့်ပါတယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    တိဘက်ပြည်သူတွေကတော့ တရုတ်နိုင်ငံဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို လစ်လျူရှုပြီး သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    တိဘက်ပြည်သူတွေရဲ့ နာမ်ပိုင်းဆိုင်ရာခေါင်းဆောင်ဖြစ်တဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားကတော့ မကြာသေးမီက ထုတ်ပြန်ခဲ့ဗီဒီယိုမှာ ဒီလိုပြောကြားခဲ့ပါတယ်။

    “ဒီစိမ်းလန်းတဲ့ကမ္ဘာကြီးဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော နေအိမ်ကြီးဖြစ်ပြီး တိဘက်ကတော့ အဲဒီအိမ်ရဲ့ အမိုးဖြစ်ပါတယ်။ တိဘက်ကုန်းပြင်မြင့်ဟာ ကာကွယ်ဖို့လိုအပ်နေပြီး ဒါဟာ တိဘက်ပြည်သူတွေအတွက်သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ကျန်းမာရေးနဲ့ ကမ္ဘာကြီးရေရှည်တည်တံ့ဖို့အတွက်ပါပဲ”

    ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့ခဲ့ရပြီး အဝေးရောက်အစိုးရဖွဲ့စည်းခဲ့ကာ ရုံးချုပ်ကတော့ အိန္ဒိယတောင်ပေါ်မြို့လေးဖြစ်တဲ့ ဒါရမ်ဆာလာမှာ တည်ရှိပါတယ်။

    တိဘက်ရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းဟာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွေက ဆွေးနွေးညှိနှိုင်းသူတွေရဲ့ စကားဝိုင်းမှာ အာရုံစိုက်မှု ရမှာမဟုတ်ဘူး ဆိုတာကိုလည်း တက်ကြွလှုပ်ရှားသူတွေက ရိပ်စားမိကြပါတယ်။

    “ကျွန်တော်တို့ဟာ အစိုးရတွေကိုပဲ မှီခိုလို့မရပါဘူး။ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ဖို့လိုတယ်။ ဒါဟာ အစိုးရကိစ္စမဟုတ်ပါဘူး။ ပြည်သူ့ကိစ္စပါ။ သူတို့ဟာ ရာသီဥတုပြောင်းလဲမှုကို အခံစားရဆုံးသူတွေပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို တကယ် ဂရုစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ ကွန်ယက်တွေ ဖွဲ့ဖိုပါပဲ” လို့ လော့ဘ်ဆန်က ပြောကြားခဲ့ပါတယ်။

    (Aljzaeera သတင်းဌာနမှ Roof of the world’ cries for climate action ဆောင်းပါးကို ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်)

     

  • ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ယာယီ ဆိုင်းငံ့ ဖို့ဖြစ်လာမှာလား

    ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ယာယီ ဆိုင်းငံ့ ဖို့ဖြစ်လာမှာလား

    daw-aung-san-suu-kyi-attends-parliament

    ဒေါ်အောင်ဆန်းစုကြည်အား  ဖွဲ့စည်းပုံဥပဒေမှ တားဆီးထားသည့် သမ္မတဖြစ်ရေး အခွင့်အလမ်းအတွက် အမြင်သစ်တစ်မျိုးဖြင့် တင်ပြလာသည်ကိုတွေ့ရသည်။

    ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော USDP ပါတီမှ  အမတ်တစ်ဦး ဖြစ်သည့် သူရဦးအောင်ကိုမှ အကြံပြုချက်တခုကို ပြောကြားခဲ့ခြင်းဖြစ်သည်။

    “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)ကို  ယာယီ ဆိုင်းငံ့ စေမည့် အဆိုတစ်ရပ်ကို လာမယ့် လွှတ်တော်မှာ တင်သွင်းလို့  လွှတ်တော်အမတ် ၅၀ ရာခိုင်နှုန်းအထက်၏ ထောက်ခံမဲ ရရှိခဲ့ရင် အတည်ပြုနိုင်ပါတယ်”  ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကိုယ်စားပြု  လက်ရှိ ပြည်သူ့လွှတ်တော်အမတ် သူရဦးအောင်ကို မှ The Myanmar Times သို့ ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

    ပုဒ်မ ၅၉(စ)မတွင် ခင်ပွန်းသည်နှင့် သားသမီးများက နိုင်ငံခြားသား စာရင်းဝင်နေသူကို သမ္မတ ရာထူးအတွက် အမည် တင်သွင်းခွင့် တားဆီးထား၏။

    သို့သော်လည်း စစ်တပ်မှ မိမိ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် ရေးဆွဲထားခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၌ အဆိုပါပုဒ်မအား ဆိုင်းငံ့ရင် ခွင့်ပြုထားခြင်း မပါရှိသော်လည်း ယခင် အခြေခံဥပဒေများ၌မူ ထိုသို့ပြုလုပ်ခွင့်ရှိကြောင်းတွေ့ရသည်။

    ပုဒ်မ ၅၉(စ) ဖယ်ရှားရန် သို့မဟုတ် အပြောင်းအလဲပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံပေးရန် လိုအပ်နေသည်။ သို့ဖြစ်ရာ လွှတ်တော်နှစ်ရပ်လုံးရှိ စစ်တပ်အုပ်စုက ၂၅ ရာခိုင်နှုန်၏အဆုံးအဖြတ်က အခရာကျနေကြောင်း ပေါ်လွင်လျက်ရှိ၏။

    “လူထုဆန္ဒအရ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆန္ဒအရ NLD ဥက္ကဋ္ဌကို သမ္မတနေရာ တင်မြှောက်ရေးအတွက် လက်ရှိအနေအထားမှာ ပုဒ်မ ၅၉(စ)ကို ပြောင်းလဲလိုက်ဖို့ မလိုအပ်ပါဘူး။ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဒီပုဒ်မကို (အသက်ဝင်မှု ဆိုင်းငံ့ထားရေး) အဆိုပြုချက်တစ်ရပ်ကို တင်သွင်းရပါ့မယ်။ တကယ်လို့ လွှတ်တော် ကိုယ်စားလှယ် ထက်ဝက်ကျော်က ထောက်ခံမယ်ဆိုရင် လွှတ်တော်က ဒီအတိုင်းဖြစ်စေဖို့ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်နိုင်ပြီဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောပြသည်။

    သူရဥိးအောင်ကိုသည် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် နီးစပ်သူဖြစ်ပြီး၊ ပြီးခဲ့သည့်သြဂုတ်လအတွင်း ပါတီတွင်းအာဏာသိမ်းပွဲ၌ အခြားသော USDP ခေါင်းဆောင်များနှင့် သဘောထားကွဲလွဲခဲ့သူတစ်ဦးဟု ကျော်ကြားသည်။ ၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းကို ဆက်လက် ထိန်းသိမ်းလိုသူဖြစ်ကာ လွှတ်တော်ထဲတွင် ဘေးချင်းယှဉ် အတူထိုင်လေ့ရှိသည်။ သို့သော် သူသည် ဤအခွင့်အရေးကို ကြာရှည်ရတော့မည် မဟုတ်။ သူနှင့်ဦးရွှေမန်း နှစ်ဦးစလုံး နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ ရှုံးနိမ့်သွားခဲ့၍ဖြစ်သည်။

    ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး စိတ်ကူးနှင့်ပတ်သက်ပြီး ဥပဒေကျွမ်းကျင်ပညာရှင်များအကြား အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးလျက်ရှိကြသည်။

    “စစ်တပ်အတွက်ကတော့ စွန့်စားရမယ့် ခြေလှမ်းပါ။ ဒီအချက်က အခြေခံဥပဒေ အပြောင်းအလဲအပေါ်ရှိတဲ့ ဗီတို အာဏာကို ထိခိုက်သွားနိုင်လို့ပါပဲ၊ အဲ့ဒီဗီတိုအာဏာကိုလည်း ဆိုင်းငံ့ရမယ့်အနေအထား ဖြစ်နေပါတယ်” ဟု ၀ါရင့်  နိုင်ငံရေး သုံးသပ်သ တစ်ဦးက သုံးသပ်သည်။

    NLD ၏ ဥပဒေအကြံပေး ဦးကိုနီက လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုအားဖြင့် ပုဒ်မ ၅၉(စ) ယာယီဆိုင်းငံ့မှုမှာ နည်းပညာအယူအဆပိုင်းအရ ဖြစ်နိုင်သည်ဟု မိမိ ယုံကြည်ကြောင်း၊ သို့သော် ၎င်းတို့ထက် အရေးအကြီးဆုံးမှာ စစ်တပ်၏ သဘောတူထောက်ခံမှုဖြစ်နေသဖြင့် ဖြစ်နိုင်ဖွယ် နည်းပါးကြောင်း  မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာ တင်မြှောက်နိုင်ရေးအတွက် ပုဒ်မ ၅၉(စ)အား ဖျက်သိမ်းခြင်းထက် ယာယီဆိုင်းငံ့ခြင်းကို စစ်တပ်မှ သဘောတူလိုလားနိုင်ခြေရှိသည်ဟုလည်း နိုင်ငံရေး သုံးသပ်သူ အချို့မှ သုံးသပ်နေကြသည်။

    လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါး ရရှိထားသည့် NLD ပါတီ၏ခေါင်းဆောင် အသက် ၇၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သမ္မတ နေရာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ အနာဂတ်အစိုးရကို ပဲ့ကိုင် ထိန်းကျောင်းပေးသွားမည်ဟု ရှင်းလင်းစွာ ဆိုထားခဲ့ပြီးဖြစ်သည်။

    ဒီဇင်ဘာ ၄ ရက်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် NLD ခေါင်းဆောင်တို့၏ ရှောင်တခင်တွေ့ဆုံခဲ့ချိန်ကစပြီး ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များအပေါ် ငြင်းခုံခန့်မှန်းချက် အမျိုးမျိုးဖြစ်နေသည်။

    ကြားဝင်သူအဖြစ်ဆောင်ရွက်ခဲ့သော အာဏာရှင်ဟောင်း၏ မြေးဖြစ်သူ၏စကားများအရ “ရွေးကောက်ပွဲအနိုင်ရပြီးသည့်နောက် မြန်မာ့ အနာဂတ်ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါမည်” ဟု ဦးသန်းရွှေမှ ပြောကြားခဲ့ကြောင်း သိရသည်။

    အဆိုပါပြောကြားချက်များ၊ ဒီဇင်ဘာ ၂ ရက်က သမ္မတဦးသိန်းစိန်နှင့် စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ သူရဦးရွှေမန်းနှင့် ဆွေးနွေးနွေးမှုများ အပေါ်မူတည်ပြီး ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးဖြစ်နိုင်ဖွယ်ရာ မြင့်မားနေသည်ဟူ၍ မိမိဖက်မှခံစားရကြောင်း၊ အဆိုပါဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ထွက်ရှိခဲ့ကြောင်း၊ နာမည်ပျက် စာရင်းဝင် အေးရှားဝေါလ်ရန်ကုန်ဆိပ်ကမ်းနှင့်အခြားအခရာကျသည်များအပေါ် အမေရိကန်၏ ပိတ်ဆို့မှုလျှော့ချမည့် ဆုံးဖြတ်ချက်ဖြစ်လာသည်ကို တွေ့လာရကြောင်း  တရားစီရင်ရေးနှင့်ဥပဒေရေးရာစိစစ်ရေး ကော်မတီခေါင်းဆောင်သူရဦးအောင်ကိုက ဆိုသည်။

    “ဆိုင်းငံ့တယ်ဆိုတာ ရုပ်သိမ်းလိုက်တာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ သံတမန်ရေးရာတွေမှာတော့ အခွင့်အာဏာ တည်နေဦးမှာပါ။ တကယ်လို့ တိုင်းပြည်နောက်ပြန်ဆုတ်ခဲ့ရင်တော့ အဲ့ဒါတွေက ပြန်လည်အသက်ဝင်လာမှာပဲ”။

    ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သူမသည် သူရဦးအောင်ကို၏ အမြင်ကို ထောက်ခံကြောင်း မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    “ဒါဟာ ပြောင်းလဲဖို့အခွင့်အရေးပါပဲ။ တကယ်လို့ လူတိုင်းက လက်ခံသဘောတူမယ်ဆိုရင် လက်ရှိလွှတ်တော်သက်တမ်း မကုန်ဆုံးခင် ဖြစ်ပေါ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လူတိုင်းက မြင်တွေ့ချင်နေကြတာလေ”။

    သို့သော်လည်း ယင်းအဆိုပြုချက်အပေါ် USDP အတွင်းပိုင်း၌လည်း အတိုက်အခံပြုနေသူများ ရှိသည်။

    ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးဇော်မြင့်ဖေက “ဒီ(အခြေခံဥပဒေ ဆိုင်းငံ့ခြင်း)ကိစ္စကို ကျွန်တော် ကြားပြီးပါပြီ။ ဒါပေမယ့် ကျွန်တော့်အမြင်အရ ဒါဟာ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

    ယင်းအရေးအရာကို ဥပဒေကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားလိုက်ပါသည်။

    “ဆွေးနွေးမှုတွေကတော့ ရှိနေဦးမှာပါပဲ။ အဲ့ဒီနောက် အဖြေတစ်ခုကို ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxx

    The Myanmar Times မှ ထူးသန့် ရေးသားသော New idea floated to allow NLD leader to assume presidency သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • လူနည်းစုဝင်များကို အထောက်အထားမဲ့ မတရားစီရင်နေသော မြန်မာအာဏာပိုင်များ

    လူနည်းစုဝင်များကို အထောက်အထားမဲ့ မတရားစီရင်နေသော မြန်မာအာဏာပိုင်များ

    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media

    muslim
    – မြန်မာမွတ်စ်လင်မ်တပ်မတော် အမည်ရှိအဖွဲ့မှ သင်တန်းတက်ခဲ့ခြင်းဟု စွပ်စွဲခံထားရသော မွတ်စ်လင်မ်အမျိုးသား ၁၂ ဦးကို တရားမျှတစွာ အမှုရင်ဆိုင်နိုင်ရေးအပေါ် ငြင်းဆိုလိုက်သဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သော Fortify Rights က မြန်မာအစိုးရအား ပြင်းထန်စွာဝေဖန်လိုက်သည်။

    တရားခံရှေ့နေများနှင့် လုံခြုံရေးကျွမ်းကျင်ပညာရှင်များက အဆိုပါ Myanmar Muslim Army ဟူသည့် အဖွဲ့အစည်းသည် အလျဉ်းရှိမနေကြောင်း၊ မွတ်စ်လင်မ်များအပေါ် နှိပ်ကွပ်ရေးအတွက် အကြမ်းဖက်သမားများအဖြစ် အမည်တပ်ပြီး ရမည်ရှာနိုင်ရန် အာဏာပိုင်တို့မှ တီထွင်ဖန်တီးချက်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

    Fortify Rights အဖွဲ့၏ တနင်္ဂနွေနေ့ထုတ်ပြန်ချက်တွင် အာဏာပိုင်များက အစွပ်စွဲခံထားရသူများကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ယခုအခါ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တရားရုံးတွင် အမှုကိုစစ်ဆေးစီရင်နေသည်ဟု ဖော်ပြခဲ့သည်။

    “နှိပ်စက်ညှင်းပန်းမှုကို မပိတ်ပင်မတားဆီးနိုင်ဘူးဆိုရင် တရားမျှတမှု ပေါ်လွင်လာမှာ မဟုတ်ပါဘူး။ ခိုင်မာတဲ့စွဲချက်အထောက်အထား မတင်ပြနိုင်မချင်း – မျှတမှန်ကန်တဲ့ တရားစီရင်မှုစံနှုန်း မရှိမချင်း ဒီအမှုမှာ အစွန်းအထင်းညစ်ညမ်းမှုတွေ ကင်းရှင်းနိုင်ဦးမှာ မဟုတ်ပါဘူး” ဟု ၎င်းလူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မက်သျူး စမစ်က ဆိုသည်။

    စိုးမိုးအောင်(၂၄ နှစ်)အား ထိန်းသိမ်းထားစဉ်အတွင်း အာဏာပိုင်များက ရိုက်နှက်ခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ စစ်ဆေးမေးမြန်းချိန်၌ အမျိုးအမည်မသိသော ဆေးများထိုးသွင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း၊ အကြပ်ကိုင်မှုအားဖြင့် သူသည် ၀န်ခံထွက်ဆိုချက်ဟု ယူဆရသော စာရွက်ပေါ်၌ လက်မှတ်ထိုးပေးခဲ့ရကြောင်း သိရသည်။

    အဆိုပါ တရားစွဲဆိုခြင်းခံရသူများအားလုံးသည် မန္တလေး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ အသက် ၁၉ နှစ်မှ ၅၈ နှစ်အတွင်းရှိ မွတ်စ်လင်မ်အမျိုးသားများဖြစ်ကြသည်။ ၎င်းတို့သည် ၂၀၁၄ ခုနှစ်အတွင်းက Myanmar Muslim Army အမည်ရှိ အဖွဲ့နှင့် ဆက်သွယ်ပူးပေါင်းခဲ့သည်ဟုဆို၍ အစိုးရတရားလိုများဖက်က စွပ်စွဲထားသည်။

    သို့သော် ရုံးတင်စစ်ဆေးသောအခါတွင်မူ အာဏာပိုင်များဖက်မှ အဖွဲ့တည်ရှိမှု၏အထောက်အထားသော်လည်းကောင်း၊ ၎င်းအုပ်စုနှင့် တရားလိုများ၏ဆက်နွှယ်မှုကိုသော်လည်းလည်းကောင်း မတင်ပြနိုင်ခဲ့ကြ။ အစိုးရဖက်မှ တရားလိုအဖြစ်ဆောင်ရွက်ကြသူ ရဲအရာရှိများကလည်း နိုင်ငံတော်၏လျှို့ဝှက်အက်ဥပဒေအရ အထောက်အထားများကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်မရှိဟု ထွက်ဆိုခဲ့ကြသည်။

    “တရားစီရင်မှုဆိုတာ အချက်အလက်၊ အထောက်အထားများအပေါ် အခြေခံရပါတယ်။ သံသယတွေ၊ လျှို့ဝှက်မှုတွေနဲ့ စီရင်ဆုံးဖြတ်လို့ မရပါဘူး။ ဒီတရားပြိုင် (အစိုးရအခေါ် တရားခံ)တွေကို အရေးယူနိုင်တဲ့ စီရင်ချက်ချနိုင်အောင် နိုင်ငံတော်ဖက်က အထောက်အထားတစ်စုံတစ်ရာ ပြသဖို့ ပျက်ကွက်နေပါပြီ” ဟု စမစ်က ဆိုသည်။

    တရားစွဲခံရသူများမှာ နိုဝင်ဘာ ၁၄ မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံအရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။ ယင်းဥပဒေအရ သူတို့မှာ ထောင်ဒဏ် ၇ နှစ်ထိ ကျခံရဖွယ်ရှိသည်။ ၎င်းတို့အနက် သုံးဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရန် မန္တလေးတရားရုံးမှ ဒီဇင်ဘာ ၇ ရက်နေ့တွင် စီရင်ချက်ချလိုက်ကြောင်း စမစ်က ဆိုသည်။

    “လူမျိုး၊ ဘာသာ၊ စွဲချက်တင်ပြစ်မှုအမျိုးအစား မခွဲခြားဘဲ အားလုံးကို တစ်တန်းတည်းထားပြီး မှန်ကန်မျှတစွာ တရားစီရင်ခွင့်ကို မြန်မာအစိုးရအနေနဲ့ ခိုင်မာအောင် လုပ်ဆောင်ပေးရပါလိမ့်မယ်။ နှိပ်စက်ညှင်းပန်းမှုအပေါ် အားထားခြင်းနဲ့ ကျင့်ဝတ်မဲ့တရားစီရင်ခြင်းက မတရားမှုကို သက်ဆိုးရှည်စေတဲ့အပြင် အနာဂတ်ပဋိပက္ခအတွက် မျိုးစေ့ကြဲနေခြင်းသာ ဖြစ်ပါတယ်”။

    Rajaratnam School of International Studies(RISS) ၏ ၂၀၁၅ အစီရင်ခံစာတွင် ဖော်ပြထားသည့် Myanmar Musim Army ဟူသည်ကို ကြားသိသူ မရှိသလောက်ပင်။ ၎င်းအစီရင်ခံစာအတွင်းမှာလည်း Gunaratna က “အတည်မပြုနိုင်သောသတင်းများအရ Myanmar Muslim Army – MMA ဟူသည့်အုပ်စုတစ်ခု ထွက်ပေါ်လာသည်။ ထိုင်းနယ်စပ်တွင် မြန်မာမွတ်စ်လင်မ်များကို လေ့ကျင့်ပေးရန်ဟု သတင်းရရှိခဲ့သည်” ဟူ၍ ရေးသားထား၏။

    ထိုအုပ်စု အမှန်တကယ် ရှိမရှိဟူသည်ကို လူ့အခွင့်အရေးအုပ်စုများ၊ အကြမ်းဖက်မှုကျွမ်းကျင်သူများ၊ အမေရိကန်အစိုးရ အဖွဲ့အစည်းများပင် အတည်မပြုနိုင်သေးချေ။

    မေလက ၀ါရှင်တန်ဒီစီရှိ အမျိုးသားစစ်ပညာကောလိပ်မှ အရှေ့တောင်အာရှဒေသတွင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Zachary Abuza သည် “မိမိအနေဖြင့် Myanmar Muslim Army ဆိုသည်ကို လုံးဝ မကြားခဲ့ဖူးကြောင်း” The Intercept ဒီဂျစ်တယ်မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက်တော့ ဒါဟာ တမင်လီဆည်ဖန်တီးထားချက်လို့ မြင်ပါတယ်။ နိုင်ငံအစိုးရကို ပုန်ကန်သူအုပ်စုတွေအနေနဲ့ နိုင်ငံအစိုးရကတရားဝင် သုံးနှုန်းနေသော မြန်မာဆိုတဲ့ ဝေါဟာရကို ခေါင်းစဉ်တပ်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုပြီး ကျွန်တော် သံသယမကင်း ဖြစ်နေပါတယ်”။

    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာ အများစုအပါအ၀င် လူနည်းစု မြန်မာမွတ်စ်လင်မ်တို့သည် ၂၀၁၂ ခုနှစ် လူမျိုးရေးဘာသာရေး အသွင်ဆောင်အကြမ်းဖက်မှုဖြစ်စဉ်ကစပြီး ယနေ့တိုင် အန္တရာယ်ကင်းဘေးရှင်းသည့်အဖြစ် ရှိမနေသေးပါ။

    နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင်လည်း နိုင်ငံသားသတ်မှတ်ချက်နှင့်ငြိစွန်းသည်ဟု အကြောင်းပြချက်ဖြင့် မွတ်စ်လင်မ်များစွာသည်လည်းကောင်း၊ ရိုဟင်ဂျာလူမျိုး သိန်းဂဏန်းမျှသည်လည်းကောင်း မဲပေးခွင့် မရရှိခဲ့ကြ။ အစွန်းရောက်အမျိုးသားရေးဝါဒီတို့မှ ၎င်းတို့အား စာရင်းမသွင်းရန် လှုံ့ဆော်ချက်များအပေါ် နိုင်ငံအစိုးရမှ ဦးညွတ်လိုက်လျောပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

    Fortify Rights သည် အကျိုးအမြတ်အခြေမတည်သော လူ့အခွင့်အရေးအဖွဲ့တစ်ရပ်ဖြစ်သည်။ ဆွစ်ဇာလန်နှင့် အမေရိကတွင် တရားဝင်မှတ်ပုံတင်ထားပြီး အရှေ့တောင်အာရှ၌ အခြေစိုက်သည်။

    Ref : Anadolu Agency

    (Joshua Carroll ရေးသားသော Myanmar gov’t accused of denying 12 Muslims fair trial သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ပြန်ဆိုတင်ပြသည်။)

  • IS ကို လက်နက်တွေ ဘယ်သူထောက်ပံ့နေလဲ

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    – အီရတ်နဲ့ ဆီးရီးယားမှာ IS အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အဲဒီအဖွဲ့ကို တိုက်ခိုက်မယ်လို့ ဆိုထားတဲ့ နိုင်ငံတွေက လက်နက်တွေ သွယ်ဝိုက်ထောက်ပံ့ပေးခြင်းအားဖြင့် ကူညီနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က အင်္ဂါနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Taking Stock: The arming of Islamic State ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ ဒီလို ဖော်ပြလိုက်တာဖြစ်ပြီး ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်စစ်ကလည်း ဒီအကြမ်းဖက်အဖွဲ့ကို လက်နက်တွေ တစ်ပုံတစ်ပင် ရရှိစေခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

    IS အဖွဲ့ဟာ သူတို့ရဲ့ လက်နက်ခဲယမ်းတွေကို အီရတ်စစ်တပ်ရဲ့ လက်နက်တိုက်တွေကို ၀င်စီးရာကနေ ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေ၊ အီရတ်စစ်တပ်ရဲ့ အညံ့ခံမှုနဲ့ တရားမ၀င်ကုန်သွယ်မှုတွေကနေ တစ်ဆင့်လည်း သူတို့ဟာ လက်နက်တွေ ရရှိခဲ့ပြီး သူတို့အတွက် လက်နက်ခဲယမ်းဟာ ဖူဖူလုံလုံ ဖြစ်ခဲ့ပါတယ်။

    အစီရင်ခံစာမှာတော့ ၂၀၁၄ ခုနှစ်မှာ အီရတ်ရဲ့ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့ကို IS က သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း အီရတ်စစ်တပ်ရဲ့ လက်နက်တိုက်တွေကနေ အမေရိကန်က ထုတ်လုပ်တဲ့လက်နက်တွေ စစ်ဘက်ဆိုင်ရာယာဉ်တွေ အပါအ၀င် နိုင်ငံတကာထုတ် လက်နက်တွေကို IS က အုံနဲ့ကျင်းနဲ့ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြမ်းဖက်အဖွဲ့ကတော့ သူတို့ လုယက်ရရှိထားတဲ့ အဲဒီလက်နက်တွေကို ကိုင်ပြီး စစ်ရေးပြတာကို ဆိုရှယ်မီဒီယာတွေမှာတောင်မှ လွှင့်တင်လိုက်ပါသေးတယ်။

    “အီရတ်ကို ဆယ်စုနှစ်များစွာ လက်နက်တွေ အဆီးအတားမရှိ စီးဝင်ခဲ့တာဟာ IS အဖွဲ့က အဲဒီဒေသတွေကို ထိန်းချုပ်နိုင်တဲ့အခါ သဘောပါလာခဲ့ပြီး သူတို့တွေဟာ အရုပ်ဆိုင်ထဲက ကလေးတွေလို မြူးထူးကြပါတော့တယ်။ ယူကေအပါအ၀င် အခြားနိုင်ငံတွေက အမှုမှတ်အမှတ်မဲ့ တင်ပို့ပေးလိုက်တဲ့ လက်နက်တွေက IS လက်ထဲမှာ အဆုံးသတ်သွားတယ်ဆိုတဲ့ အချက်အလက်ဟာ လက်ရှိ လက်နက်ရောင်းဝယ်မှု သဘောတူညီချက်တွေကို ရပ်တန့်ဖို့ အကြောင်းပြချက်ကောင်း ဖြစ်သင့်ပါတယ်” လို့ ယူကေ Amnesty အဖွဲ့ရဲ့ လက်နက်အစီအစဉ်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ အိုလီဗာ စပရာဂူးက ဆိုပါတယ်။

    “အန္တရာယ်တွေကို ပိုပြီး ဂရုတစ်စိုက် တွက်ဆသင့်တယ်။ ပြီးတော့ ရက်စက်ကြမ်းကြုတ်မှုတွေကို မီးလောင်ရာ လေပင့်ပေးမယ့် လက်နက်ရောင်းချမှုတွေကို တားဆီးဖို့ မဆောင်ရွက်ခင် အဆိုးဆုံးအခြေအနေကြီးကို ကျွန်တော်တို့ စောင့်မနေသင့်ပါဘူး”

    IS ရဲ့ လက်နက်တိုက်ထဲက လက်နက်တွေထဲမှာ လူက အလွယ်ထိန်းချုပ်လို့ရတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် MANPADSတွေ၊ ပဲ့ထိန်း တင့်ဖျက်ဒုံးကျည်တွေ၊ လက်နက်တပ် တိုက်ပွဲဝင်ယာဉ်တွေ၊ ရုရှားနဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာလာရှင်ကော့ဗ် ရိုင်ဖယ်မျိုးစုံ၊ အမေရိကန်ထုတ် M16 ရိုင်ဖယ်တွေနဲ့ Bushmaster လက်နက်တွေ ရှိနေပါတယ်။

    “IS လို့ခေါ်တဲ့ လက်နက်ကိုင်အုပ်စုဟာ အမျိုးအမျိုးအဖုံဖုံသော လက်နက်တွေကို အသုံးပြုနိုင်နေတာက ပစ်စလတ်ခတ် လက်နက်ရောင်းဝယ်မှုဟာ ဒီလို ကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြစ်စေတတ်ပါလားဆိုတဲ့ အကောင်းဆုံးသော ဥပမာ တစ်ရပ်ပါပဲ” လို့ Amnesty International က လက်နက်ထိန်းချုပ်မှု၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသနပညာရှင် ပက်ထရစ် ၀ီလ်ကန်က ဆိုပါတယ်။

    “ညံ့ဖျင်းတဲ့စည်းမျဉ်းဥပဒေတွေ၊ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းမှာ အီရတ်နိုင်ငံကို လက်နက်အဆီးအတားမရှိ စီးဆင်းမှုတွေကို စောင့်ကြည့်အကဲဖြတ်မှု လစ်ဟာတာတွေက IS နဲ့ အခြားလက်နက်ကိုင်အုပ်စုတွေ မကြုံစဖူး လက်နက်အင်အားကို ရရှိစေခဲ့ပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် အမေရိကန်တော့ ယခင်ကအမှားတွေကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နာယူမယ့်ပုံ မပေါ်သေးပါဘူး။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အကြားမှာ အမေရိကန်ဟာ အီရတ်အစိုးရနဲ့ ဒေါ်လာဘီလီယံနဲ့ချီ လက်နက်ရောင်းချမှု စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို အီရတ်ကို ပေးပို့ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ အမေရိကန်ကွန်ဂရက်ဟာ အာဖဂန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေလို နိုင်ငံခြားတိုင်းပြည်တွေက စစ်ပွဲတွေအတွက် ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ပေးဖို့အဆိုကို အတည်ပြုခဲ့ပါတယ်။ အလယ်အလတ်သူပုန်တွေကို လေ့ကျင့်ပေးဖို့ ဒေါ်လာ သန်း ၅၀၀ လောက်ကုန်ကြမယ့် အစီအစဉ်တစ်ခုမှာ လက်တစ်ဆုပ်စာလောက်သာ လူလူသူသူ ဖြစ်လာတာကလွဲလို့ အစီအစဉ် အလုပ်မဖြစ်တဲ့အခါမှာတော့ အိမ်ဖြူတော်ဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ပါတယ်။

    ဒီထက်ပိုဆိုးတာက အလတ်လတ်သူပုန်တွေဟာ သူတို့ရဲ့လက်နက်တွေကို အလ်-နူဆရာတပ်ဦးလို အဖွဲ့တွေကို လက်လွှဲခဲ့ပြီး ဆီးရီးယားကို ဖြတ်ကျော်သွားခဲ့တဲ့ အခါမှာတော့ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ အဲဒီသူပုန်တွေရဲ့ လက်နက်တွေဟာလည်း အကြမ်းဖက်အုပ်စုတွေလက်ထဲကို ရောက်ရှိသွားခဲ့ပြန်ပါတယ်။

    “ကျွန်တော်တို့ဟာ အလ်-ကိုင်းဒါးလို အကြမ်းဖက်အဖွဲ့ကို အမှုမဲ့အမှတ်မဲ့ ကူညီနေသလိုများ၊ အားပေးနေသလိုများ ဖြစ်နေမလားဆိုပြီး စောစောပိုင်းကတည်းက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိုးရိမ်မှုက တကယ်ဖြစ်လာတာကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်” လို့ ကွန်နက်တီကတ်ပြည်နယ်က ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သူ ခရစ် မာဖီက ပြောပါတယ်။

    အမေရိကန် Amnesty International အဖွဲ့က အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ အသိပညာပေးအဖွဲ့ ဒါရိုက်တာဖြစ်သူ ဆန်ဂျီးဗ် ဘာရီကလည်း ဒီလိုပဲ ဝေဖန်ခဲ့ပါတယ်။

    “IS လက်နက်ကိုင်တပ်ဖွဲ့ကို အားနည်းစေဖို့ ချေမှုန်းပစ်ဖို့ ဒရောသောပါး ဆောင်ရွက်မှုမှာ အိုဘားမားအစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ၀တ္တရားတွေကို နင်းခြေမပစ်ဖို့ လိုပါတယ်” လို့ ဘာရီက ဆိုပြီး ဒီလို မဆင်မခြင် လုပ်ဆောင်မှုဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြီးအကျယ်ကျူးလွန်နေတဲ့ လက်နက်ကိုင်အုပိစုတွေရဲ့လက်ထဲကို လက်နက်တွေပိုပြီး ရောက်သွားစေဖို့ လမ်းဖွင့်ပေးလိုက်တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: RT