News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကမ္ဘာချစ် စိတ်ဓာတ်နှင့် လူသားဝါဒ

    ကမ္ဘာချစ် စိတ်ဓာတ်နှင့် လူသားဝါဒ

    ဒီဇင်ဘာ ၃ ၊ ၂၀၁၅
    ဂျက်ဖရီတင်အုန်း ( ရန်ကုန်စက်မှုတက္ကသိုလ် R.I.T)
    world-peace1
    လူနှင့်တိရစ္ဆာန်ကွဲပြားခြားနားခြင်းသည် အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားဖြစ်သည်။ အကြောင်းနှင့်အ ကျိုး၊ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော စွမ်းအား၊ တိရစ္ဆာန်တွင် မရှိပါ။ လူတွင်ရှိသည်။

    လူအချို့တွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကား အမျိုးမျိုးရှိသည်။ ထို့ကြောင့် လူရှိလျှင် ပြဿနာရှိကောင်းရှိနိုင်သည်။ ပြဿနာရှိလျှင်၊ ဆင်ခြင်ဥာဏ်နှင့် မဖြေရှင်းပဲ ဒေါသရှေ့ထား၊ စိတ်လိုက်မာန်ပါ၊ ပြုလုပ်မိပါက ရာဇ၀တ်မှုတစ်ခုခုကို ကျူးလွန်မိပေမည်။ ကျူးလွန်သူကို အရေးယူ အပြစ်ပေးနိုင်ရန်၊ တရားဥပဒေရှိသည်။ ကျူးလွန်သည့် အမှုပေါ် မူတည်၍ ငွေဒဏ်၊ ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် ကျူးလွန်သူတိုင်းကို အရေးယူ အပြစ်ပေးနိုင်ရန်၊ နိုင်ငံတိုင်းမှာ တရားဥပဒေ ရှိပြီးဖြစ်သည်။

    ဥပဒေသည် နိုင်ငံသားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရာတွင် “မဟာတံတိုင်းတစ်ခုသဖွယ်” ဖြစ်သည်။ အားကိုးရာ မိဘသဖွယ်ဖြစ်သည်။ ဥပဒေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်း က “ဥပဒေရဲ့အထက်မှာ ဘယ်သူမျှမရှိစေရ” ဟူ၍ မြန်မာနိုင်ငံ၏ တရားရေးဝန်ထမ်းများအား မှာကြားခဲ့ ဖူးသည်။

    တရားဥပဒေသည် အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူလူထုအပေါ် လွှမ်းမိုးမှုရှိရမည်။ ဩဇာသက် ရောက်မှုရှိရမည်။ အသက်ဝင်မှုရှိရမည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံတစ်ခုအနေဖြင့်၊ ကမ္ဘာ အလယ် နှစ်(၇၀)မျှ ဦးဆောင်နိုင်ခဲ့သော အမေရိကန်နိုင်ငံတွင် သမ္မတ ဘစ်လ်ကလင်တန်သည် အိမ်ဖြူတော် White House ၀န်ထမ်းမော်နီတာ လူဝစ်စကီးဆိုသူ အမျိုးသမီးနှင့် လိင်ကိစ္စတရားစွဲ ခံရ၍သမ္မတကိုယ်တိုင် အာဏာရှိစဉ်အတွင်း တရားရုံးကို သွားခဲ့သည်။ ကမ္ဘာ့အင်းအားအကြီးဆုံးနိုင်ငံ
    အမေရိကန်သမ္မတကြီးလည်း တရားရုံးတော်ကို လေးစားသည်။ ဥပဒေကို လေးစားသည်ကို ကမ္ဘာ့တလွှားနိုင်ငံခေါင်းဆောင်များ အတုယူသင့်သည်။

    ယဉ်ကျေးသောနိုင်ငံ၊ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်းသည် တရားဥပဒေကို လေးစားသည်။ တရား ဥပဒေ၏အကာအကွယ်ကို ရယူသည်။ တရားရေးဝန်ထမ်းများသည်လည်း၊ တရားစီရင်ရာ၌ ဆင်းရဲချမ်းသာမကြည့် အာဏာ power ကိုမကြည့်၊ တရားမျှတမှု (Justice) ကိုသာကြည့်သည်။

    အတိတ်ဟောင်း၊ စနစ်ဟောင်းမှ လူသားများသည် “အင်အားသည် အမှန်တရား” (Might is Right) ဟု လွှဲမှားစွာ လက်ခံယုံကြည်ခဲ့ကြသည်။ အင်အားရှိသူ၊ အာဏာရှိသူတို့က၊ အင်အားချို့တဲ့သူ အာဏာမဲ့သူ တို့အပေါ်၊ အနိုင်ကျင့်၊ ဗိုလ်ကျ၊ လုယက်တိုက်ခိုက်၊ သိမ်းပိုက်ရာမှ၊ အရသာတွေ့သွားကာ ပဒေသရာဇ်စ နစ်၊ အာဏာရှင်စနစ်တို့ ကမ္ဘာတလွှားပေါ်ပေါက်ခဲ့ကြသည်။

    ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၃၀ ကျော်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၂၀၀ နီးပါးရှိ သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် စစ်အာဏာရှင်များ အုပ်ချုပ်သော တိုင်းပြည်များ မပါသလောက် ဖြစ်သည်။ ဥပမာပြရလျှင် မြောက်ကိုရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် ဇင်ဘာဘွေ၊ ဆူဒန် စသည့်နိုင်ငံများကို လေ့လာတွေ့ရှိနိုင်သည်။

    ကမ္ဘာ့ Media များ၏ ကျေးဇူးကြောင့် ကမ္ဘာ့ပြည်သူလူထုသည် လူထုကိုအခြေခံသော လူထုကတင် မြှောက်ရွေးကောက်သော ဒီမိုကရေစီစနစ်အရသာကို မြည်းစမ်းမိကြသည်။ လိုလားတောင့်တ လာကြသည်။ ထို့ကြောင့်လည်း အဖိနှပ်ခံ ကမ္ဘာတ၀န်းမှ ပြည်သူလူထုသည် အသက်သွေး၊ ချွေးတို့ကို စွန့်လွှတ် အနစ်နာခံကာ၊ ဒီမိုကရေစီ ပန်းတိုင်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

    ဒီမိုကရေစီစနစ်တွင် “အမှန်တရားသည် အင်အား” (Right is Might) ဖြစ်သည်။ လူဖြူ၊ လူမဲ၊ ဘာသာအယူဝါဒ၊ ဆင်းရဲချမ်းသာ မည်မျှပင် ကွဲပြားခြားနားပါစေ လူထုရွေးကောက်ပွဲများတွင် “အသည်းကြားက မဲတစ်ပြား” သည် အရေးပါလာသည်။ သက်ဆိုင်ရာဒီမိုကရက်တစ် အစိုးရများသည်၊ ပြည်သူလူထု၏ဆန္ဒကို အလေးထားရသည်။ သို့သော်လည်း ဥာဏ်နီ၊ ဥာဏ်နက်၊ ကလိမ်ကကျစ်၊ ဥာဏ်ဆင်သုံးပြီး မဲလိမ်၊ မဲခိုး၊ ကြိုတင်မဲ စသည်ဖြင့် လူထု၏ဆန္ဒကို ဥပက္ခာပြုကာ၊ လူထု၏ခုံကို အချောင်လုထိုင်ချင်သူ၊ ထင်ရာစိုင်း ရာဇ၀င်ရိုင်းအောင် ပြုလုပ်နေသည့် အာဏာရှင်များလည်း၊ ကမ္ဘာတ၀န်းမှာ ကျန်နေသေးသည်။

    ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင်၊ ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီ၏အတွင်းရေးများကို လူမှုရေးကွန်ရက် Facebook ပေါ်တွင် ဖော်ထုတ်တင်ပြမှုကြောင့်၊ ထိုအာဏာရှင်ကြီးသည် အကြီးအကျယ်ဒေါသအိုးပေါက်ကွဲကာ Post တင်သူအား ဖော်ထုတ်ပေးနိုင်သူအား ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်းပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။ ထို့ကြောင့် အာဏာရှင်များသည် Media ကိုကြောက်ကြသည်။ ဥာဏ်နီ၊ ဥာဏ်နက် မီးကုန်ယမ်းကုန်သုံး၍ Media ကိုထိန်းချုပ်ဖို့ ကြိုးစားကြသည်။

    Media ကြောင့်လည်း ၎င်းတို့၏ အဓမ္မလုပ်ရပ်သည် “ဘူးပေါ်သလို” ပေါ်ခဲ့သည်။ ယနေ့လူထုသည် Media ကိုအားပေးသည်။ အားကိုးသည်။ Media သည်လူထုအတွက် နားမျက်စိ ဖြစ်လာသည်။ ထို့ကြောင့်လည်းMedia ကို နိုင်ငံ၏စတုတ္ထမဏ္ဍိုင် ဟုတင်စားပြောဆိုကြခြင်းဖြစ်သည်။ Media ကြောင့် ယနေ့ကမ္ဘာကြီး သည် ရွာပုံစံ (Globalization) မြင်လာရသည်။

    ကမ္ဘာပေါ်ရှိ ဘာသာတရားများကို စေ့စေ့စပ်စပ်လေ့လာကြည့်လျှင် မည်သည့်ဘာသာတရားကမျှ အစွန်းရောက်သူများ (Extremists)၊ အကြမ်းဖက်သူများ (terrorists)ကို လုံးဝအားပေးခြင်း မရှိကြောင်း တွေ့ရသည်။ ဘာသာတရားတိုင်းသည် ယုံကြည်သူတိုင်းကို လိမ္မာယဉ်ကျေးအောင် အကျင့်စာရိတ္တကောင်းမွန်အောင် လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းချုပ်နိုင်အောင် သင်ကြားပေးသည်။ မယုတ်၊ မလွန်၊ အလယ်၊ အလတ် လမ်းစဉ်သည် လောကလူအားလုံးအတွက် အကောင်းဆုံးဖြစ်ကြောင်းကို သင်ကြားပေးသည်။

    လူမျိုးရေး၊ ဘာသာရေးမှာ အစွန်းရောက်လျှင် လူ့ဘောင်အဖွဲ့အစည်း၏ အပြင်ဖက်ကို ရောက်သွားတက်သည်။ လူမျိုးစွဲ ဘာသာစွဲ အစွန်းရောက်မှိုင်းမိနေသူများသည် “စိတ်ရောဂါဝေဒနာရှင်များနှင့် တူသည်”ဟု ကမ္ဘာကျော် အမေရိကန်စိတ်ပညာပါရဂူတစ်ဦးက မိန့်ဆိုခဲ့ဖူးသည်။ ထိုသူများကို ဘာသာရေး၊ နိုင်ငံရေး”အဆိပ်မှိုင်းများ” သွတ်သွင်းရန် အလွန်လွယ်ကူသည်။ ထိုသူများသည် ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်တက်ပြီး၊ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ကင်းဝေးတတ်သည်ဟု ထိုပညာရှင်ကြီးက မှတ်ချက်ချ ပြောဆိုခဲ့ပါသည်။

    ကမ္ဘာပေါ်တွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ အမျိုးမျိုးရှိသည့်အနက်စေ့စပ်၊ ဆွေးနွေး၊ အဖြေရှာသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အချိန်အကြာဆုံးပွဲစဉ် ဖြစ်ကြောင်းတွေ့ရမည်။ နှစ်ဦးနှစ်ဘက် အလျော့၊ အတင်း၊ အပေး၊ အယူဖြင့်သာ  “ငြိမ်းချမ်းရေးပန်းတိုင်” ကို ရောက်နိုင်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အတ္တစိတ်များ ပါဝင်လာပါက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမည်။

    ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ရှိသည်။ လူမျိုးပေါင်း ၅၀၀၀ ကျော်ရှိသည်။ ဘာသာစကားပေါင်း ၆၀၀၀ ကျော်ရှိသည်။ အရှေ့တောင် အာရှတွင် လူဦးရေ အများဆုံး သန်း ၂၀၀ ကျော် ရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြောဆိုသုံးစွဲသည့် ဘာသာစကား ၂၅၀ ကျော်ရှိသည်ကို ထောက်ရှုလျှင် တိုင်းရင်းသား မျိုးနွယ်ပေါင်း မြောက်မြားစွာ နေထိုင်လျက်ရှိသည် သိနိုင်သည်။

    B.B.C အသံလွှင့်ဌာန၏ မှတ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ သန်းပေါင်း ၂၀၀၀ ကျော်သည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ သန်းပေါင်း ၁၆၀၀ ကျော်သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသည်။ သန်းပေါင်း ၈၀၀ ကျော်သည် ဟိန္ဒူဘာသာကို သက်ဝင်ယုံကြည်သည်။ သန်းပေါင်း ၅၀၀ ကျော်သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ မည်သည့်ဘာသာကိုမျှ သက်ဝင်ယုံကြည်ခြင်းမရှိသည့်သူပေါင်း သန်း ၈၀၀ ကျော် ရှိသည်။ ဂျူးဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျိန်းဘာသာ၊ ကွန်ဖြူးရှပ်ဝါဒနှင့် နတ်ကိုးကွယ်သည့်သူများလည်း ဒုနဲ့ဒေးရှိသည်။

    လူမျိုး၊ ဘာသာ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှု မတူကွဲပြားခြင်း (Diversity) ကို “ငါနှင့်မတူ ငါ့ရန်သူ” ဟု မျက်မှန်စိမ်းတပ် ကြည့်နေမည့်အစား “မတူကွဲပြားခြားနားခြင်းကို” အင်အားတစ်ရပ် အလှအပတစ်ရပ်၊ ဂုဏ်ယူဖွယ်ရာတစ်ခုအနေနှင့် အသုံးချသင့်ပါတယ်ဟု ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိစဉ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် သမိုင်းဝင် မိန့်ခွန်းတစ်ခုမြွက်ကြားခဲ့ပါတယ်။ ထိုအခမ်းအနားကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ညာနိသရ၊ “၈၈” မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြသည်။

    လူတစ်ယောက်တွင် လက်ချောင်းငါးမတူကွဲပြား၊ ပုံသဏ္ဍာန်ရှိနေခြင်းသည် လက်တွေ့တွင် အသုံးတည့်ခြင်းကိုဖြစ်စေသည်။ သဘာဝကျသည်။ အဓိပ္ပါယ်ရှိသည်။ “ငြိမ်းချမ်းရေး၊ စမ်းရေအေးအေးကို သောက်သုံးလိုလျှင် ကမ္ဘာပြည်သူလူထုသည် လူသားဝါဒ(Humanism) ကို ကျင့်သုံးဆောက်တည်ရမည်။ လူသားဝါဒဟူသည် လောကတွင် လူကို လူလိုမြင်၊ လူလူချင်း တန်ဖိုးထားဆက်ဆံသည့် လမ်းစဉ်ဖြစ်သည်။နိုဘယ်ဆုရှင် ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး ပါမောက္ခ အိုင်းစတိုင်းက “အကြမ်းဖက်ခြင်းသည် အကြမ်းဖက်ခြင်းကို ဖြစ်စေသည်။” (Violence breeds Violence) ဟု ပြောခဲ့ဖူးသည်။

    ထို့ကြောင့် နေရာဒေသတစ်ခုတွင် မတူကွဲပြားခြားနားသည့် လူများ ထာဝရအတူ ယှဉ်တွဲနေထိုင်လိုလျှင်တစ်ဦးနှင့်တစ်ဦးပြင်ပ ပရောဂများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ သံသယများကို အသိနှင့်ယှဉ်ပြီး လက်ခံရမည်။ ဘာသာအယူဝါဒ၊ ဓလေ့ထုံးစံမတူကွဲပြားသူများ အချင်းချင်း ပွင့်လင်းမှုရှိရမည်။ နားလည်မှုရှိရမည်။ အပြန်အလှန် လေးစားချစ်ခင်မှုရှိရမည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ လူထုတရားပွဲများကို စုပေါင်းကျင်းပခြင်းသည် ပွင့်လင်းမြင်သာမှုကို ဖြစ်စေပြီး ဘာသာရေး ပဋိပက္ခများကို ဖြေရှင်းပေးနိုင်သည်။

    “သည်းခံခွင့်လွှတ်ခြင်းသည် နိဗ္ဓာန်၏ သော့ကိုပိုင်ဆိုင်ခြင်း “(Patience is the key of paradise) ဖြစ် သည်။ အကောင်းဆုံးသော ကလဲ့စားချေခြင်းသည် သည်းခံခွင့်လွှတ်ခြင်း (The best revenge is forgiveness) ဖြစ်သည်ဟူသော ဘာသာရေး အဆုံးအမများသည် ကမ္ဘာကြီးကို ငြိမ်းချမ်းစေသောငြိမ်းချမ်းရေး တရားများ ဖြစ်ကြသည်။ ငြိမ်းချမ်းရေးတရားများကို လက်ကိုင်ထားပြီး၊ လူသားအချင်းချင်း၊လူသား ၀ါဒကို ကျင့်သုံးမည်။ လူပီသအောင် နေထိုင်ကြမည်။ “မိမိကြောင့် ကမ္ဘာကြီး၏ ရေ၊ မြေ၊ လေ၊တော၊ တောင်၊ သဘာဝအလှတရားများ (Natural Beauty) ဘယ်တော့မှ မပျက်စီးစေရ” ဟူသော စိတ်ဓာတ်မျိုး ကမ္ဘာချစ်စိတ်ဓာတ် (Global spirit) လူတိုင်းရင်မှာ ထားနိုင်လျှင်၊ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အစွန်းရောက်ဝါဒ (Extremism) အကြမ်းဖက်ဝါဒ (Terrorism) များ အနှေးနှင့် အမြန်ပပျောက်သွားပြီး၊ သာယာဝပြောသော ငြိမ်းချမ်းသောကမ္ဘာကြီးတစ်ခုကို မုချဧကန် တည်ဆောက်နိုင်ပေမည်။

    ဆောင်းပါးရှင် ဂျက်ဖရီတင်အုန်း ( ရန်ကုန်စက်မှုတက္ကသိုလ် R.I.T) ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။

  • ဆည်းဆာကို အလှဆင်သူ (သို့) အိုမင်းသော်လည်း စွမ်းသူများ

    ဆည်းဆာကို အလှဆင်သူ (သို့) အိုမင်းသော်လည်း စွမ်းသူများ

    ဒီဇင်ဘာ ၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    hard-work-inspirational
    အရုဏ်တက်စနေခြည်နုနုလေးကို လူတွေက နွေးနွေးထွေးထွေးကလေး ခံစားတတ်ကြတယ်။ သိပ်မကြာပါဘူး။။ နေရောင်ခြည်ဟာ တစ်စတစ်စပြင်းလာတယ်။ တက်ကြွလန်းဆန်းတဲ့သဘော။ မွန်းတည့်ချိန်မှာတော့ အရှိန်ကအပြင်းဆုံးအင်အားရှိသမျှ အကုန်ထုတ်သုံးပြီး နေရောင်ခြည်စွမ်းအင်ကို ဖြန့်ဝေပေးချိန်ပဲပေါ့။ တစ်စတစ်စနှင့်ပြင်းအားကလျော့ပါးစပြုလာတော့ မွန်းလွဲချိန်လို့သတ်မှတ်ထားကြသလို ညနေခင်းရောက်လေ အပူရှိန်လျော့ပါးလေဖြစ်လာတယ်။ ညနေဆည်းဆာချိန် မှာတော့ နေရောင်ခြည်ပြင်းပြမှုဟာ မရှိသလောက်ဖြစ်သွားပြီ။ ရှိသမျှအလင်းရောင်လေးနှင့်ပဲ ပတ်ဝန်းကျင်မှာရှိနေတဲ့ တိမ်စိုင်တိမ်လွှာတွေကို အရောင်ဖျော့ဖျော့၊ ခရမ်းနုရောင်စတာတွေနှင့် အလှဆင်ဖို့ ကြိုးစားဆဲ။ အဲဒီနောက်တော့ နေလုံးကြီးပျောက်ကွယ်သွားရာက လောကကြီးတစ်ခုလုံးမှောင်မိုက်သွားခဲ့ရတယ်။

    ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပါ။ လူတိုင်းလူတိုင်းသတိမထားမိသည်ဖြစ်စေ၊ အမှတ်တမဲ့ပဲဖြစ်ဖြစ် နေ့စဉ်ပုံမှန်ဖြစ်နေကျ သဘာဝတရားတွေပါပဲ။ ဆည်းဆာချိန်လေးကိုအလုအယက် အသုံးချပြီး လှပတဲ့ရောင်စဉ်တွေ ဖြာပေးခြင်းကနေ ဘဝရဲ့ဒသာနတစ်ခုကို ကျွန်မလေးလေးနက်နက်ခံစားမိလိုက်တယ်။

    ဆိုပါစို့ လူတွေကရော၊ လောကကြီးထဲကိုရောက်လာခါစမှာ တကယ့်ကိုနုနုနယ်နယ်လေး အရုဏ်ဦးနေခြည်နွေးနွေးလေး လိုပါပဲ။ မြင်ရသူတွေကို တသိမ့်သိမ့်နွေးထွေးစေတတ်တယ်။ သိမ်မကြာပါဘူး။ ပျိုရွယ်မှုတွေ သန်စွမ်းမှုတွေအပြည့်နှင့် ကြီးပြင်းလာလိုက်တာ ငယ်ဂုဏ်က အရာရာကို ရင်ဆိုင်ဖို့တက်ကြွမှု၊ လန်းဆန်းမှုနှင့်နေ့သစ်တွေကို ရင်ဆိုင်ဖို့ ခွန်အားတွေပေးနေတယ်။

    ဆယ်ကျော်သက်ကိုလွန်တော့ လူငယ်အဲဒီကနေ လူလတ်၊ လူကြီးစသည့်ဖြင့် အဆင်ဆင့်ပြောင်းလဲလာလိုက်တာ။ ပုံမှန်သက်တမ်းစေ့နေရမယ်ဆိုရင်တော့ အသက်(၆၀) ပြည့်ပြီဆိုတာနှင့် (ဝန်ထမ်းဖြစ်ရင်) နိုင်ငံတော်က ငြိမ်းငြိမ်းချမ်းချမ်းစားသောက်နေထိုင်ဖို့ အငြိမ်းစား(ပင်စင်) ပေးလိုက်တယ်။ တချို့သက်ကြီးပိုင်းတွေကတော့ အလုပ်ခွင်မှာ ဆုံလည်နွားလိုရုန်းခဲ့ပြီမို့ ဘဝအမောနှင့်သောကတွေ ငြိမ်းချမ်းချင်ကြပြီ။ ငဲ့ကြည့်လိုက်တဲ့အခါ သားသမီးတွေက သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ကြပြီ။ သားတစ်ဖျာ မြေးတစ်ရာနှင့် အေးလို့ငြိမ်းလို့ ဘဝကိုအနိုင်နှင့် ပိုင်းခဲ့ကြပြီပေါ့။

    တချို့သက်ကြီးပိုင်းတွေကျတော့ အငြိမ်းစားဘဝမှာ မငြိမ်းမချမ်းဘဲ ယောက်ယက်ခတ်နေရတုန်း။ အေးချမ်းတဲ့ဘဝလေးတစ်ခုကို မတည်ဆောက်နိုင်သေးပါဘူး။ သားသမီးတာဝန် (တချို့မြေးတာဝန်ပါ) မပြတ်သေးလို့ ရုန်းတုန်းကန်တုန်း။

    တချို့သက်ကြီးပိုင်းတွေ (ဒေါက်တာမြင့်ဦးရဲ့စကားကိုဌားသုံးရင်) အိုလတ်တွေကတော့ သူတို့အထက်တွေကို တိုးလာသမျှ ကိန်းဂဏန်းအပြောင်းအလဲတွေလို့ပဲ ယူဆထားပြီး အရေးတယူလုပ်မနေကြဘူး။ တကယ်တမ်းပြောရရင် အိုရင်မင်းမစွမ်းတော့ဘူး ဆိုတဲ့စကားရပ်ကို ဥပေက္ခာပြုပြီး ရှင်သန်နေသရွေ့ အချိန်ကလေးမှာ အိုသော်လည်း စွမ်းအောင်ဆောင်ရွက်သွားသူတွေဟာ ကမ္ဘာနှင့်အဝန်းရှိနေကြပါတယ်။

    လောကကြီးအတွက် တစ်ထောင့်တစ်နေရာလေးမှာ အသုံးကျအောင်နေသွားသူတွေဟာလည်း ရှိနေဆဲပါ။ (၃) စက်တင်ဘာ ၂၀၁၅ ကြသပတေးနေ့ စံတော်ချိန်နေ့စဉ်မှာ ဆောင်းပါးရှည်ကြီးတစ်ပုဒ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ ဒေါက်တာမြင့်ဦး (ထွေ/ကု- ထီလာ) ဟာ ကျွန်မရဲ့စာပေမောင်နှမရင်းချာတစ်ဦးပါ။ မိတ္တီလာကနေပြီး ကျွန်မဆီကို မကြာမကြာဖုန်းဆက်တတ်သလို ကျွန်မကလည်း သတိရတိုင်း ဖုန်းဆက်ဖြစ်တယ်။ (ဆရာ့ဆောင်ပါးတွေဖတ်ရတိုင်း ဖုန်းဆက်ဖြစ်တယ်။)

    “ဆရာမတို့ ကျွန်တော်တို့ဟာ ၆၀ စွန်းလာပြီဆိုတော့ အိုလတ်တွေဖြစ်လာကြပြီး အစားအသောက်အနေအထိုင်နဲ့ Life Style ကိုသတိထားကြရတော့မယ်။ အိုမင်းလာပေမယ့် စိတ်ဓာတ်ကိုတော့ နုပျိုသန်စွမ်းနေမှနော်။ ဒါမှလည်း နေရသခိုက်လေးမှာ လူသားအကျိုးပြုလုပ်နိုင်မှာဗျ” တဲ့။

    “မျှော်လင့်ခြင်းများစွာ သို့မဟုတ် တကယ်ချစ်ကြသူများ”ဆိုတဲ့ ဆရာ့စာတစ်ပုဒ်က ဆရာ့ကိုဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို လှမ်းပြနေတယ်။ ဆရာက သူ့အချိန်ဇယားနှင့်သူ ရွာစဉ်ကိုစက်ဘီးလေးတစ်စီးနှင့်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လေ့ရှိတယ်။ နှစ်သိမ့်ဆွေးနွေးတာ ဆရာရဲ့အသက်သွေးကြောလုပ်ငန်း။ ဝေဒနာတစ်ခုဖြစ်ရင် ဆရာရှေ့ချပြလိုက်တိုင်း “ဆရာမရေ ဘာမှမပူနဲ့။ ဘယ်ဆေးကိုဘယ်လိုသောက်၊ ဘာတွေစားသောက်” စသည်ဖြင့် နှစ်သိမ့်အားပေးတာ စိတ်ရှည်ရှည်ရှင်းပြတာဟာ မိုင်ပေါင်းများစွာဝေးတဲ့ ရန်ကုန်နဲ့ မိတ္ထီလာကြားမှာပါ။

    တကယ်တော့ ၆၀ ကျော်ပြီဆိုကတည်းက လူ့ဘောင်မှာ အသုံးမဝင်တော့ဘဲ လူပိုတွေဖြစ်သွားတာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကို ဇရာကိုဆွဲချလိုက်တိုင်း အိုစာသွားပေမယ့် စိတ်ဓာတ်တွေက ခြင်္သေ့တစ်ကောင်လို ခွန်အားရှိတုန်း။ ယုန်ကလေးတစ်ကောက်လို ကြင်နာပြီး နှုးညံ့တဲ့ နှလုံးသားရှိတုန်းဆိုရင်လေ။

    ဆည်းဆာချိန်ရဲ့နောက်ဆုံးလက်ကျန်ရောင်ခြည်လေးကို လူ့အသိုင်းအဝိုင်းကို တစ်စုံတစ်ရာအကျိုးပြုရင်း ကုန်ဆုံးသွားပါလားလို့  ကျန်ရစ်ရှင်သန်နေသူတွေ နှလုံးသားမှာ တသသဖြစ်ကျန်နေကြမှာ သေချာပါတယ်။ တကယ့်ကို သေချာပါတယ်။

    နှင်းဆီခင်

  • မတူကွဲပြား တမူထူးခြား ညီညွတ်ခြင်းကိုပြသတဲ့ နိဗ္ဗာန်ဈေးပွဲတော်လေး”

    မတူကွဲပြား တမူထူးခြား ညီညွတ်ခြင်းကိုပြသတဲ့ နိဗ္ဗာန်ဈေးပွဲတော်လေး”

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media
    ဂျက်ဖရီ တင်အုန်းပေးပို့သည်။

    20151129_161643

    ရန်ကုန်တိုင်း သင်္ကန်ကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက် ရှိပါတယ် ထို ရပ်ကွက်များအနက် (ခ)ရပ်ကွက်မှာ တမူထူးခြားသော ယဉ်ကျေးမှု့အစဉ်အလာကောင်းလေးတစ်ခု မြင်ခဲ့ရပါတယ်။

    ၎င်းမှာ ပဉ္စမအကြိမ် ( ခ )ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် ဓမ္မာရုံလူငယ်များဦးဆောင် ကျင်းပပြုလုပ်သော နိဗ္ဗာန်ဈေးပွဲတော်လေးတွင် ဗုဒ္ဓဘာသာဝင်၊ အစ္စလမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် စတဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်သော ဘာသာပေါင်းစုံညီညွတ်ရေးကို သက်သေပြသည့်( ခ) ရပ်ကွက် နိဗ္ဗာန်ဈေးပွဲတော်လေးတခု ကျင်းပနေတဲ့ မြင်ကွင်းလေးပဲဖြစ်ပါတယ်။

    မတူကွဲပြားသော ဘာသာဝင်များ နှစ်ပေါင်းများစွာ အေးအတူပူအမျှ အတူတကူနေထိုင်နေကြသော ထိုရပ်ကွက်လေးထဲတွင် ကိုးကွယ်ရာဘာသာဝင်ကို ကိုယ်စားပြုသည့် ဓမ္မာရုံတစ်ခု ဗလီဝတ်ကျောင်းတော်တစ်ခု
    ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း တစ်ခု နှင့်ဟိန္ဒူဘုရားကျောင်းတစ်ခု စသည့် ဘာသာ ၄ ခုကို ကိုယ်စားပြုသည့် ဘာသာရေးအထိမ်းအမှတ် အဆောက်အဦး ၄ ခုတို့  ယနေ့တိုင် ထိုရပ်ကွက်လေးထဲတွင် တည်ရှိလျက်ရှိပါတယ်။

    ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ညီညွတ်ရေးအစဉ်အလာကောင်းကို သမိုင်းမော်ကွန်းတင်ကာ လက်တွေ့အကောင်အထည်ဖော်နေသော အများနှင့်မတူ တမူထူးခြားသော စံပြရပ်ကွက်လေးတစ်ခုပင်ဖြစ်တယ်ဆိုတာကို ကိုယ်တိုင် လက်တွေ့မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ပြန်လည်ပြီး ဝေမျှလိုက်ရပါတယ်။

    20151129_161645

    20151129_164243

    20151129_161517

  • အစွန်းရောက် ကင်ဆာရောဂါနှင့် စစ်ခင်းရန် နည်းလမ်း ၆  ရပ်

    အစွန်းရောက် ကင်ဆာရောဂါနှင့် စစ်ခင်းရန် နည်းလမ်း ၆ ရပ်

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၅
    M-Media
    banner-1
    – မိမိကိုယ်ကို အစ္စလာမ့်နိုင်ငံတော် Islamic State ဟု အမည်ပေးထားပြီး၊ ISIS အဖြစ် ကျော်ကြားသောအုပ်စုသည် အရှေ့အလယ်ပိုင်း၌ လူသတ်ပွဲကြီးကို ရှေ့ဆက်နေဆဲဖြစ်သည်။ မွတ်စ်လင်မ်တို့အနေဖြင့် အကြွင်းမဲ့အာဏာရှင်စနစ်၏ အဘိဓမ္မာများကို သက်ဝင်လှုပ်ရှားနေစေသည့် အဆိုပါအဖွဲ့နှင့်တစ်ကွ အခြားသောအကြမ်းဖက်အုပ်စုများကို ထိပ်တိုက်ရင်ဆိုင်ရပေမည်။ အကြမ်းဖက်သမားတိုင်း၏ စည်းမျဉ်းကား အစ္စလာမ်အမည်နှင့် ထွက်ပေါ်လာပြီး နိုင်ငံသား အချင်းချင်း သွေးကွဲစေခြင်း၊ အစ္စလာမ့် ယုံကြည်ချက် လက္ခဏာများကို အမြင်မှားစေခြင်းတို့ဖြင့်  မွတ်စ်လင်မ်အပေါင်းကို ပြင်းထန်လွန်းစွာ ထိခိုက်နစ်နာစေသည်ချည်းပင်။

    အစွန်းရောက် အကြမ်းဖက်သူတို့၏ ယုတ်မာရက်စက်ခြင်းများအတွက် အစ္စလာမ်သာသနာကို ပြစ်တင်ရှုတ်ချခြင်းမှာ တရားမျှတမှု မရှိပါ။ အကြမ်းဖက်သမားများက မွတ်စ်လင်မ်ဝတ်ရုံခြုံ၍ မွတ်စ်လင်မ်တို့၏လက္ခဏာကို ပြသကာ မွတ်စ်လင်မ်ဟု အမည်ခံကြွေးကြော်ခြင်း သက်သက်သာလျှင် ဖြစ်၏။ သို့ဖြစ်ရကား ကျွန်ုပ်တို့၏ လူ့အသိုင်းအ၀ိုင်း၌ ဤကင်ဆာရောဂါ နောက်တစ်ဆင့် တက်မလာအောင် ကာကွယ်ရန် အီမာန်ရှင်(သက်ဝင်ယုံကြည်သူ)များအဖို့ ရသည့်နည်းနှင့် တားဆီးကာကွယ်ရပါမည်။ အကယ်၍ ကျွန်ုပ်တို့မှ မပြုလုပ်ခဲ့ပါလျှင် ကျွန်ုပ်တို့ယုံကြည်ရာ ဘာသာတရားအပေါ် အမည်းစက်စွန်းထင်းလာမှုအတွက် ကျွန်ုပ်တို့လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် တာဝန်ရှိသွားပေမည်။

    ပထမဆုံးအားဖြင့် ကျွန်ုပ်တို့မှ အကြမ်းဖက်ဖြစ်စဉ်များကို ကန့်ကွက်ရှုတ်ချရပါမည်။ အကြမ်းဖက်သမားဟူသော ထောင်ချောက်ထဲ ပါဝင်မသွားအောင် သတိထားရပါမည်။ အဖိနှိပ်ခံရခြင်းသည် အကြမ်းဖက်သမားဖြစ်လာအောင် လမ်းဖွင့်ပေးသည့် တံခါးပေါက် မဟုတ်၊ အကြမ်းဖက်ဝါဒကို ပြစ်တင် ရှုတ်ချရန်လည်း မပျက်ကွက်အပ်ပေ။ အကြမ်းဖက်သမားများမှာ အစ္စလာမ်အမည်ကို အသုံးချ၍ အကျည်းတန်ဒုစရိုက်များကျူးလွန်နေပါသည်ဟု ကျွန်ုပ်၏အတွေးသက်သက်မျှဖြင့် ဆိုနေခြင်း မဟုတ်ပါ။ သာသနာ၏ အခြေခံရင်းမြစ်ကြီးများဖြစ်သော ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းပါစေသား)၏ ဘ၀ဖြစ်စဉ်ရေးရာများကို ဖြူစင် စိတ်အရင်းတည်၍ ဖတ်ရှုခြင်းဖြင့် ဤကောက်ချက်အား မလွဲမသွေ တွေ့ရမည်ဖြစ်ပါသည်။ တမန်တော့်သြ၀ါဒနှင့်ကျင့်ရပ်များအပေါ် ရာစုနှစ်ပေါင်းများစွာ တန်ဖိုးထား လက်ဆင့်ကမ်းလာခဲ့သည့် ဤအရင်းအမြစ်များ၏ ပင်မစည်းမျဉ်းများ (နှင့်) ကျမ်းမြတ်ကုရ်အာန် လက်ရာရှင်၏ အလိုသဘောများကို ကြည့်ရှုလျှင် အကြမ်းဖက်သမားများဖန်တီးနေသည့် ဘာသာရေးကျင့်ထုံးတို့နှင့် ဖီလာဆန့်ကျင်လျက်ရှိပါသည်။

    ဒုတိယအားဖြင့် အစ္စလာမ့်နောက်လိုက်များသည် မတူကွဲပြားသည့် နောက်ခံအကြောင်းခြင်းရာတို့ပေါ် မူတည်ပြီး လှုပ်သာလှည့်သာရှိသော အကြောင်းအလုံးစုံ သိနားလည်နိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ရပါမည်။ အစ္စလာမ်၏ ဗဟိုချက်ကျင့်ဝတ်များမှာ ဘာသာပြန် ဖွင့်ဆိုချက်များပေါ်၌သာ ကျန်နေရစ်ရမည့်အရာများ မဟုတ်။ “အပြစ်မဲ့ အသက်တစ်ချောင်းကို အကြောင်းမဲ့သတ်ဖြတ်ပါလျှင် လူသားမျိုးနွယ်တစ်ရပ်လုံးအား သတ်ဖြတ်ခြင်းမည်၏ (ကုရ်အာန် – ၅း၃၂)”  ဟူသည်မှာလည်း အလားတူကျင့်ဝတ်များအနက် အပါအ၀င်တစ်ခု ဖြစ်သည်။ မလွဲမရှောင်သာ ပြန်လည်ခုခံရသောစစ်ပွဲများမှာပင်လျှင် အမျိုးသမီး၊ ကလေးငယ်၊ ဘာသာရေးဆိုင်ရာကျောင်းဂန်နှင့်အကြီးအကဲများ စသော မသက်ဆိုင်သူများကို တိုက်ခိုက်ပိုင်ခွင့် အလျဉ်း မရှိကြောင်း တမန်တော်မြတ်(ငြိမ်းချမ်းစေသား)မှ အထူးအားဖြင့် သွန်သင်တော်မူခဲ့ပေသည်။

    ကျွန်ုပ်တို့သည် ဤသာသနာ့တန်ဖိုးများကို ကမ္ဘာတစ်ဝှန်းရှိ ငြိမ်းချမ်းရေးလိုလားသူများနှင့်လက်တွဲ၍ ညီညွတ်စွာ ခင်းကျင်းပြသပေးရပေမည်။ လူသားတို့၏စိတ္တဗေဒနှင့် ပေါ်ပင်သတင်းများကိုကြည့်လျှင် လူများကြိုက်မီဒီယာတို့သည် အစွန်းရောက်အကြောင်းများထက် အခြားအရာတို့ကို ထိပ်တန်းတင်လိုခြင်း မရှိကြောင်း သိသာထင်ရှားလှသည်။ သို့ပါသော်လည်း ကျွန်ုပ်တို့သည် မီဒီယာများကို ပြစ်တင်နေခြင်းအစား ကျွန်ုပ်တို့၏အသံများကို ကြားသိနိုင်စေမည့် နည်းလမ်းများကို ရှာကြံဆည်းပူးအပ်ပေသည်။

    တတိယအားဖြင့် မွတ်စ်လင်မ်တို့သည် ဂုဏ်သိက္ခာ၊ ရှင်သန်ရပ်တည်ခြင်းနှင့် လွတ်လပ်ခြင်းတည်းဟူသော လူ့အခွင့်အရေးများကို လူသိရှင်ကြား တိုးမြှင့်ဖော်ဆောင်ပေးရမည်ဖြစ်သည်။ ဤအချက်များမှာ အစ္စလာမ့်တန်ဖိုးများအနက် အခြေခံအကျဆုံးဖြစ်၏။ နိုင်ငံရေးခေါင်းဆောင်ဖြစ်စေ၊ ဘာသာရေးခေါင်းဆောင်ဖြစ်စေ၊ မည်သူပင်ဖြစ်စေကာမူ ထိုအရာတို့ကို ဖယ်ထုတ်နိုင်သော အခွင့်အာဏာ မရှိပါ။ ကျွန်ုပ်တို့၏ ယုံကြည်ချက်အနှစ်သာရသည် ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး အစရှိသော ရှုထောင့်ပေါင်းစုံ၌ တည်ရှိရှင်သန်လျက်ရှိပါသည်။ တစ်နည်းအားဖြင့် မတူကွဲပြားမှုတို့ကို လေးစားသမှု ရှိရပါမည်။ မတူကွဲပြားမှု၏ အခြေခံပန်းတိုင်မှာ တစ်ဦးနှင့်တစ်ဦး သိမြင်နားလည်နိုင်ရေး ဖြစ်သည်(ကြည့် – ကုရ်အာန် ၄၉း၁၃)။ လူသားတိုင်းကို အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းခံအဖြစ် တန်ဖိုးထားလေးစားခြင်းသည် အရှင်မြတ်အား လေးစားသမှုထားခြင်းပင် ဖြစ်ကြောင်း ကုရ်အာန်(၁၇း၇၀)၏ သဘောတရားတွင် လေ့လာနိုင်ပါသည်။

    စတုတ္ထအားဖြင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းမှန်သမျှ မိမိတို့၏လူ့အဖွဲ့အစည်းဝင်တိုင်းကို ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ပေး ရပါမည်။ သိပ္ပံ၊ စာနာထောက်ထားခြင်းအသိအမြင်၊ အနုပညာ စသည်တို့အား လေ့လာသင်ယူခြင်းက သက်ရှိသတ္တ၀ါတိုင်းအပေါ် တန်ဖိုးထားတတ်သည့် ယဉ်ကျေးမှုကို စွဲမြဲစေပါသည်။ မွတ်စ်လင်မ်ကမ္ဘာအတွင်းရှိ အာဏာပိုင်အစိုးရများအနေဖြင့် ဒီမိုကရေစီစံနှုန်းကို ပျိုးထောင်ပေးသော သင်ရိုးညွှန်းတမ်းများအား စီမံပြဋ္ဌာန်းရပါမည်။ အပြန်အလှန်လေးစားလက်ခံမှုဖော်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ အရပ်ဖက်လူ့အဖွဲ့အစည်းများမှာလည်း အရေးပါသောအခန်းကဏ္ဍ၌ ပါဝင်သည်။ ဤအကြောင်းရင်းကြောင့် “ဟိဇ်မသ် Hizmet လှုပ်ရှားမှု”၏အဖွဲ့သားတို့သည် နိုင်ငံပေါင်း ၁၅၀ ကျော်၌ စာသင်ကျောင်းများ၊ နည်းပြစင်တာများ၊ အပြန်အလှန်ဆွေးနွေးရေးအသင်းအဖွဲ့များကို တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။

    ပဉ္စမအားဖြင့် မိမိတို့၏ ကလိန်ကကျစ် သဘောတရားရေးရာများကို လက်နက်တစ်ခုကဲ့သို့ ဖြန့်ဖြူးနေကြသည့် အစွန်းရောက်များ ဖယ်ရှားနိုင်ရန် မွတ်စ်လင်မ်တို့ထံ သာသနာ့ပညာရေးအား မှန်ကန်စွာ သင်ကြားပေးရန် အထူးအရေးကြီးပါသည်။ မွတ်စ်လင်မ်လောက အချို့၌ ဆယ်စုနှစ်များစွာ ဘာသာရေးလွတ်လပ်ခွင့် ငြင်းပယ်ခံရသဖြင့် အရည်အသွေးမပြည့်မှီသော၊ တစ်ယူသန်သော နာမည်ကြီးပုဂ္ဂိုလ်တို့၏ဖွင့်ဆိုတင်ပြချက်အောက်တွင် ဘာသာတရားမှာ လောင်းရိပ်မိသွားခဲ့ရသည်။

    နောက်ဆုံးအနေဖြင့် မွတ်စ်လင်မ်တို့သည် အမျိုးသားနှင့်အမျိုးသမီးအခွင့်အရေးများ တန်းတူရအောင် မဖြစ်မနေ ဆောင်ရွက်ပေးရပါမည်။ အမျိုးသမီးများ၏ တန်းတူအခွင့်အရေးများကို ငြင်းပယ်သော လူမှုဖိအားတို့မှ ကင်းလွတ်စေပြီး အခွင့်အလမ်းများ ဖော်ဆောင်ပေးရပါမည်။ မွတ်စ်လင်မ်တို့ထံ၌ အကောင်းဆုံး စံနမူနာတစ်ရပ် ရှိပါသည်။ ၎င်းမှာ တမန်တော်မြတ် မုဟမ္မဒ်(ငြိမ်းချမ်းစေသား)၏ ကြင်ယာတော် – အာအိရှဟ် သခင်မ (အလ္လာဟ်အရှင်မြတ်မှ သူမအား နှစ်သက်လက်ခံတော်မူပါစေ) သည် ထိပ်တန်းအဆင့်မြင့်ပညာရှင်ကြီးတစ်ပါး၊ ၎င်းအပြင် သင်ကြားလမ်းညွှန်သူ၊ ၎င်းအပြင် သူ့ခေတ်သူ့အခါ၏ ထင်ရှားသော လူထုခေါင်းဆောင် ဖြစ်နေခဲ့ခြင်းပင်။

    အကြမ်းဖက်ဝါဒသည် ဘက်ပေါင်းစုံမှ ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အလွှာပေါင်းစုံ၌ အဖြေရှာနိုင်ရပါမည်။ ဘာသာရေးပြဿနာလျှော့ချနိုင်ရေး နည်းလမ်းများကို လမ်းလွဲရောက်လုနီးသော လူငယ်တို့ထံ ကမ္ဘာ့အဆင့်ထိ ပြုလုပ်သွားဖို့ လိုအပ်သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မွတ်စ်လင်မ်များမှာ အကြမ်းဖက်မှု၏ပင်တိုင် ဓားစာခံဖြစ်နေရကြောင်း မြင်သာနားလည်လာအောင် စာပေအားဖြင့်ဖြစ်စေ၊ အမှတ်သညာဖော်ကျူးချက် အားဖြင့်ဖြစ်စေ ပြုလုပ်ဆောင်ရွက် သင့်ပေသည်။ အကြောင်းသော် ၎င်းတို့သည် အကြမ်းဖက်သမားများအား ဖယ်ရှားသန့်စင်ခြင်းနှင့် အင်အားစုဆောင်းမှုအား တားဆီးခြင်း တို့ကို ပြုလုပ်နိုင်၍ဖြစ်သည်။ သို့ဖြစ်ရာ အာဏာပိုင်အစိုးရတို့မှ မွတ်စ်လင်မ်တို့အပေါ် ဖယ်ကြဉ်မှုဖြစ်စေမည့် ပြောဆိုဆောင်ရွက်ချက်များကို ရှောင်ကြဉ်အပ်ပေသည်။

    အစွန်းရောက်အကြမ်းဖက်ဝါဒီများထံ၌ သာသနာ/ဘာသာတရား ဟူ၍ မရှိကြပါ။ ထိုသူတို့သည် ဘာသာတရား၏ အကြောင်းခြင်းရာများအား အခါခပ်သိမ်း ကြိုးကိုင်ခြယ်လှယ်နေသူများသာဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များသည် ကုရ်အာန်စာအုပ်မီးရှို့ခြင်း သို့မဟုတ် အစွန်းရောက်ကေသုံးလုံးဂိုဏ်း Ku Klux Klan ၏ လုပ်ရပ်များကို အားပေးထောက်ခံခြင်း မရှိကြ။ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များသည်လည်း ရိုဟင်ဂျာမွတ်စ်လင်မ်များအား ယုတ်မာရက်စက်ခြင်းတို့ကို အားပေးထောက်ခံခြင်း မရှိကြ။ အလားတူစွာပင် မွတ်စ်လင်မ် အများစုသည်လည်း အကြမ်းဖက်မှုကို အားပေးထောက်ခံခြင်း မပြုကြပါလေ။

    မွတ်စ်လင်မ်တို့သည် ကမ္ဘာ့လူ့ယဉ်ကျေးမှုထွန်းကားရေးအတွက် သမိုင်းနှင့်ချီ၍ ပေးဆပ်ခဲ့၊ ပေးဆပ်လျက် ရှိကြသည်။ ကျွန်ုပ်တို့၏ အကောင်းဆုံးစွမ်းဆောင်မှုများမှာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှု၊ လွတ်လပ်မှု၊ တရားမျှတမှုအပေါ် အားပေးခဲ့ကြသည့်ခေတ်ကာလများ၌ ပေါ်လွင်ခဲ့ကြသည်။ အစ္စလာမ့်ပုံရိပ်အပေါ် အမည်းစက်စွန်းထင်းသွားမှုကို ပြန်လည်သန့်စင်ရန် အတော်အတန် ခက်ခဲမည်ဖြစ်သော်လည်း – မွတ်စ်လင်မ်ဟူသည် မိမိတို့၏လူမှုအသိုင်းအ၀ိုင်းများအတွင်၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၏ မီးပြတိုက်များ ဖြစ်နိုင်ပါသေးသည် မဟုတ်လော။

    xxxxxxxxxxxxxxxxxxxxxxxxxxxx

    The Wall Street Journal တွင် ဖော်ပြခဲ့သော Muslims must combat the extremist cancer ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
    ဆောင်းပါးရှင် တူရကီနိုင်ငံသား Fethullah Gulen သည် ၂၀ ရာစု မွတ်စ်လင်မ်ကမ္ဘာ၏ အထင်ရှားဆုံး တွေးခေါ်ရှင်၊ ကလောင်ရှင်၊ လူသားချင်းစာနာထောက်ထားမှုနှင့် တရားမျှတမှုအရေး လှုပ်ရှားသူများအနက် အပါအ၀င်ဖြစ်သည်။

  • IS ၏ မွေးသဖခင် US (ဘာသာပြန်ဆောင်းပါး)

    IS ၏ မွေးသဖခင် US (ဘာသာပြန်ဆောင်းပါး)

    နိုဝင်ဘာ ၂၇၊ ၂၀၁၅

    M-Media

    is
    ယမန်နှစ် ဆီးရီးယား ရဂ္ဂါမြို့တွင် IS အလံကိုဝှေ့ရမ်းသွားလာနေသော အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – ရိုက်တာ)

    ယမန်နှစ် ဆီးရီးယား ရဂ္ဂါမြို့တွင် IS အလံကိုဝှေ့ရမ်းသွားလာနေသော အဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – ရိုက်တာ)

    ဘုရှ်အစိုးရ၏ ၂၀၀၃ အီရတ်ကျူးကျော်မှုက လက်ရှိ IS ပြဿနာကို ဖြစ်ပေါ်လာစေခဲ့သလော ? လတ်တလော မဲဆွယ်လှုပ်ရှားမှုကာလအတွင်း Jeb Bush (စစ်တပ်အုပ်စုအတွက် တစ်မျိုးတစ်ဘာသာလှည့်သုံးသော အခေါ်အဝေါ်) GOP ကိုယ်စားလှယ်လောင်းအား အမျိုးသမီးငယ်တစ်ဦးမှ “ရှင်တို့ရဲ့အစ်ကိုတော်ကြီးက ISIL ကို ဖန်တီးခဲ့တာလေ” ဟု ပြောဆိုရာမှ ဤမေးခွန်းကြီး ခုန်ပေါက်ထွက်ရှိလာသည်။ အဆိုပါကျူးကျော်မှုက ထင်သလောက်မကြီးမားသော်လည်း ၎င်း၏နောက်ပိုင်း အီရတ်နှင့်ဆီးရီးယားအတွင်း သွတ်သွင်းလိုက်သော မူဝါဒဆိုင်ရာအချက်များအတွက်မူ အဓိကရှုတ်ချစရာ ဖြစ်နေသည်။ အုပ်စုဂိုဏ်းကွဲများ ထွက်ပေါ်ပြီး ကာလရှည်မတည်ငြိမ်မှုတစ်ရပ်ကို သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် အစိုးရအဖွဲ့မှ ဖန်တီးခဲ့ခြင်းဖြစ်သည်။

    ၎င်းကာလရှည်တစ်လျှောက်လုံးတွင် ဘုရှ်အစိုးရအဖွဲ့သည် အီရတ်၌ အုပ်စုကွဲတင်းမာမှုများကို ပိုမိုဆိုးဝါးလာစေပြီး တိုင်းပြည်ပြိုကွဲစေမည့် လမ်းကြောင်းအား ရွေးချယ်ဖန်တီးခဲ့သည်။

    အီရတ်သည် ရှေးကာလ အမုန်းအာဃာတများကြောင့် အစိပ်စိပ်အပိုင်းပိုင်းဖြစ်သွားရသည်ဟု ဆိုခြင်းမှာ သမိုင်းအမြင်နှင့် မဆီလျော်သည်သာမက ရှေ့နောက်ကိုက်ညီမှုလည်း မရှိကြောင်း သုတေသီအချို့မှ အခိုင်အမာပြောဆိုလိုက်သည်။ လွန်ခဲ့သောဆယ်စုများအတွင်း ကိုလိုနီဆန့်ကျင်ရေးဝါဒ သို့မဟုတ် မြေရှင်နှင့် ဆိုရှယ်လစ်စနစ်များအပေါ် နိုင်ငံရေးအာရုံများ ဗဟိုပြုကျက်စားခဲ့ကြသည်။ လောကီရေးအသားပေး ဘာ့သ်ပါတီအား အမေရိကန်၏ စိမ့်ဝင်လက်လျှိုမှုဖြင့် အာဏာလက်မဲ့ဖြစ်အောင် ဖန်တီးလိုက်ရာမှ အီရတ်နိုင်ငံရေးသမားတို့အကြား မကြုံဖူးလောက်အောင် အုပ်စုကွဲပြားသွားစေခဲ့သည်။ မတည်ငြိမ်မှုဖြစ်အောင် ဆွပေးနိုင်လေ ကြမ္မာငင်လေ ဖြစ်သည်။ ယင်းသို့ မတည်ငြိမ်သော အုံကြွသောင်းကျန်းမှုဖြစ်လာပြီဆိုသည်နှင့် ၁၀ နှစ်မှ ၁၅ နှစ်တာမျှအထိ တာရှည်သွားရစမြဲပင်။

    သို့သော် IS ထွက်ပေါ်လာရခြင်းသည် မိမိတို့၏တာဝန်မကင်းကြောင်း အမေရိကန်တို့အနေနှင့် ၀န်ခံရန်ခက်ခဲသည့် အကြောင်းရင်းနှစ်ရပ် ရှိနေသည်။ ပထမတစ်ချက်မှာ လူထု(နှင့် သတင်းစာတိုက်များ)သည် အလွတ်တန်းလှုပ်ရှားတတ်သည့် အီရတ်ပြည်သူ့တပ်ဖွဲ့များ၏စွမ်းရည်အစား အမေရိကန်စစ်ရေးလှုပ်ရှားမှုများကိုသာ ဖိ၍အသားပေးဖော်ပြခဲ့ကြသည်။ ဒုတိယအချက်မှာ အထောက်အထားမဲ့ ယိုးစွပ်ကစားပွဲများအတွက် စနစ်တကျမျှတမှန်ကန်သည့် သုတေသနပြုမှုကိုစွန့်လွှတ်ပြီး အီရတ်ကိုသာ ပြဿနာမီးမွှေးသူအသွင်ဖြင့် ရှေ့တန်းတင်အသံထုတ်လျက် ဘောလုံးသဖွယ် လှိမ့်ကန်နေခဲ့ကြသည်။

    ၂၀၀၃ ကျူးကျော်စစ်ပြီးသည့်နောက် ဘုရှ်အစိုးရအဖွဲ့အာဏာပိုင်များသည် ဆက်ဒမ် ဟူစိန်ခေတ်က ကြီးစိုးလွှမ်းမိုးခဲ့သော အီရတ်စွန္နီများကို ဘေးသို့တွန်းထုတ်လိုက်ပြီး ရှီအိုက်ခေါင်းထောင်ရေး ဘက်တော်သားများကို မျက်နှာသာပေးလာကြသည်။ အီရတ်ရှိ အဓိကနိုင်ငံရေး ယန္တရားဖြစ်သော ဘာ့သ်ပါတီသည် လောကီရေးအမြင် ထားရှိသော်လည်း သွေးစွန်းသောလက်ပိုင်ရှင် ဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၆၈ မှ ၂၀၀၃ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပြီး ဖြိုခွဲခံလိုက်ရသည်။ နောက်ပိုင်းခေါင်းဆောင်များဖြစ်သော အဟ်မဒ် ချာလာဘီနှင့် နူရီ အလ်မာလီကီ (၂၀၀၆ မှ ၂၀၀၄ ၀န်ကြီးချုပ်) ကဲ့သို့ ဘုရှ်၏ဘက်တော်များက တစ်ကျော့ပြန်ဘာ့သ်ပါတီကော်မရှင်အား ဖွဲ့စည်းခဲ့ပြီး စာသင်ကျောင်းပင်မချန် အစိုးရဋ္ဌာနဆိုင်ရာလုပ်ငန်းများမှ စွန္နီအာရပ်ပေါင်း တစ်သိန်းနီးပါးကို ထုတ်ပယ်ခဲ့သည်။ ထိုစဉ်က ပုဂ္ဂလိကအလုပ်အကိုင်များလည်း ရှိမနေခဲ့။ ရှီအိုက်ဘာ့သ်ပါတီဝင်များမှာ အကြီးအကျယ် နေရာကောင်း ရလာခဲ့ကြသည်။

    တစ်ချိန်တည်းမှာပင် ဘုရှ်၏လက်ထောက်တစ်ဦး အလွတ်တန်းလက်နက်ရောင်းဝယ်သူတစ်ဦးဖြစ်သူ Paul Bremer က နိုင်ငံပိုင်စက်ရုံအများအပြားကို ဖျက်သိမ်းကာ ပြဿနာအရှိန်မြင့်တက်ကာစနိုင်ငံထဲသို့ ပစ်သွင်းလိုက်လေသည်။ ၎င်းနောက် အရာရှိများ၊ တပ်စိတ်များကို အငြိမ်းစားလစာ၊ အနာဂတ်ခံစားချက်များ မပါဘဲ အဝေးသို့ပို့ဆောင်လိုက်ခြင်းဖြင့် မြောက်ကြွကြွဖြစ်နေသော လူဦးရေသန်းဂဏန်းရှိ အီရတ်စစ်တပ်အား ပြိုကွဲစေလိုက်သည်။ သို့ဖြင့် အလယ်ခေတ်ဥရောပ၌ ပလိပ်ရောဂါကူးစက်ပြန့်ပွားသကဲ့သို့ စွန္နီအာရပ်ခရိုင်များ၌လည်း အလုပ်လက်မဲ့များ ဖောင်းပွကုန်သည်။

    စွန္နီအာရပ်ဒေသများတွင် လက်ကြောမတင်းမှု ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသောအခါ မတည်ငြိမ်မှုများ စတင် ကြီးထွားလာပါတော့သည်။ ဆန့်ကျင်ဖက်အားဖြင့် ရှီအိုက်စုပေါင်းအုပ်စုများက အမေရိကန်တို့နှင့် အနီးကပ်ဆက်ဆံရေးအားဖြင့် အာဏာကြီးအောင်ထူထောင်၍ အစိုးရသစ်လက်အောက်ရှိ ၎င်းတို့၏အယူဝါဒထောက်ခံသူတို့အား အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။ တောင်အာဖိရိကတိုက် လူမျိုးခွဲခြားရေးကာလအလွန် နဲလ်ဆင်မင်ဒဲလားမှ ကိုင်တွယ်ဖြေရှင်းခဲ့သော ရင်ကြားစေ့နည်းလမ်းနှင့် ဆန့်ကျင်ဖက်မှန်သမျှကို ဘုရှ်အစိုးရအဖွဲ့နှင့် ၎င်း၏ရှီအိုက်မဟာမိတ်များက ပြုလုပ်ခဲ့ကြသည်။ အဆိုပါနည်းလမ်းနှင့်ဆန့်ကျင်ဖက်ရလဒ်လည်း ၎င်းတို့ ရရှိခဲ့ကြသည်။

    ၂၀၀၄ ခုနှစ် နွေဦးကာလ လုံခြုံရေးဆိုင်ရာအရာရှိလေးဦး သတ်ဖြတ်ခံရပြီးနောက် အစိုးရအုပ်ချုပ်ရေးအဖွဲ့က ဖာလူဂျာကို ပစ်မှတ်ထား လက်စားချေကြသည်။ ခမ်းနားသည့်မြို့ပြအဖြစ်မှ အုတ်ခဲ့ပုံဘ၀သို့ ပြောင်းလဲပေးလိုက်သည်။ ထို့အပြင် ၂၀၀၅ ဇန်န၀ါရီ ရွေးကောက်ပွဲ၌ မဲထည့်ရန် ငြင်းပယ်သည့် အခြားမြို့သား စွန္နီအာရပ်များကိုလည်း ဖယ်ကြဉ်ခဲ့ကြသည်။ ရလဒ်အားဖြင့် ရှီအိုက်ကြီးစိုးသော ပါလီမန်လွတ်တော် ဖြစ်လာပြီး စွန္နီလူများစုပြည်နယ်အားလုံးမှ လက်မခံနိုင်သော ဖွဲ့စည်းပုံဥပဒေကို ကောက်ကျစ်စွာ ရေးဆွဲပြဋ္ဌာန်းတော့သည်။

    စွန္နီအာရပ်များအပေါ် မတရားပြုမူလိုက်ခြင်းဖြင့် အမေရိကန်ဆန့်ကျင်ရေးပြောက်ကျားတပ် အမျာအပြားး ထွက်ပေါ်ရန် တွန်းအားပေးလိုက်သည်။ စွန္နီလူများစုပြည်နယ်များအတွင်း အဓိကအုပ်စုကွဲ ၅၀ အထိ ပေါ်ထွက်လာကြသည်။ ၎င်းတို့အနက်တစ်ခုမှာ ဂျော်ဒန်နိုင်ငံသား ကားသူခိုးလုပ်ငန်းလုပ်ခဲ့ဖူးသူ အဘူမုဆ်ွအဘ် အလ်ဇရ်ကာဝီ ဦးဆောင်သော မက်ဆိုပိုတေးမီးယားရှိ အလ်ကိုင်ဒါအဖွဲ့ဖြစ်သည်။ ထိုအုပ်စုသည် အီရတ်အား အမေရိကန်-အီရန် ပူးပေါင်းခြယ်လှယ်ကြီးစိုးနေသည်ဟု အမြင်ရှိနေသည့် ဘာသာရေးစိတ်သန်သူ စွန္နီများကိုသာမက၊ ဆက်ဒမ်ဟူစိန်၏ လျှို့ဝှက်လက်နက်တိုက်တည်နေရာများအား သိရှိထားသော ဘာ့သ်ပါတီဝင် အာဏာပိုင်ဟောင်းများကိုပါ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

    ၂၀၀၆ ခုနှစ် အမေရိကန်လေကြောင်းစစ်ဆင်ရေးအတွင်း အလ်ဇရ်ကာဝီ ကျဆုံးသွားပြီးနောက် အီရတ်တို့သည် မက်ဆိုပိုတေးမီးယားရှိ အလ်ကိုင်ဒါခေါင်းဆောင်ပိုင်းကို လက်လွှဲယူလိုက်ကြသည်။ ၎င်းတို့သည် အီရတ်ရှိ Islamic State – IS အမည်ခံအဖွဲ့ကို ဖန်တီးယူပြီး ပိုင်နက်များ စတင်တိုးချဲ့တော့သည်။ ဤအုပ်စု၏ခေါင်းဆောင် အများအပြားမှာ ဘာ့သ်ပါတီဝင် စစ်အရာရှိဟောင်းများ၊ အမေရိကန်မှ သောင်းကျန်းသူဟုသံသယရှိသူ နှစ်သောင်းခွဲကို ဖမ်းဆီးထိန်းသိမ်းထားရာ Buccca စခန်းနှင့် ကြုံဆုံချိတ်ဆက်ဖူးသူအချို့ ပါဝင်နေကြသည်။ ဤဘာ့သ်ပါတီဝင်တို့သည် အခြေခံမွတ်စ်လင်မ်ဝါဒီများ မဟုတ်ကြဘဲ IS အုပ်စုကိုအသုံးချ၍ လူထုထောက်ခံမှုကို လမ်းကြောင်းမှားဖြင့် ရှာဖွေသူတို့သာ ဖြစ်ဖွယ်များ၏။ (ထိုသူတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သော အလ်ကိုင်ဒါ၏ အထူးသူလျှိုတစ်ဦးက ၎င်းတို့မှာ အစစ်အမှန် ဂျိဟာ့ဒ်ကို ဖောက်လွဲဖောက်ပြန်ပြုလုပ်သည့် “ကလိန်ကကျစ်မြွေများ” ဟု ခေါ်ဆိုခဲ့၏)။

    ၂၀၁၁ ခုနှစ်ရောက်သော် ဆီးရီးယားအာဏာရှင် ဘရှားရ် အာဆဒ်သည် သူ့အားဆန့်ကျင်သည့် လူငယ်တော်လှန်ရေးကို စစ်တပ်သုံး နှိမ်နှင်းပြီး ယင်းတော်လှန်ရေးအား ပုန်ကန်ထကြွမှုတစ်ရပ်အဖြစ် မြှားဦးလှည့်ပစ်သည်။ ဤတွင် IS တိုက်ခိုက်ရေးသမားတို့သည် လက်ကျန် ဘာ့သ်အုပ်ချုပ်ရေးကို ချေမှုန်းရန် ဆီးရီးယားသို့ သွားကြလေသည်။ အဆိုပါစစ်သွေးကြွအုပ်စု၏ ခေါင်းဆောင်မှာ အဘူဘကရ် အလ်ဘဂ္ဂဒါဒီ ဖြစ်သည်။ ၎င်းအုပ်စုကို ၂၀၁၂ ခုနှစ်တွင် ဆီးရီးယားတပ်ခွဲ ဂျဘဟသ် အန်နုဆွရာ (အားဖြည့်တပ်ဦး)အဖြစ် ဖွဲ့စည်းခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း၌ အီရတ်နှင့်အာဖဂန်နစ္စတန်တိုက်ပွဲဝင် ၀ါရင့်စစ်သည်များ၊ အလ်ဇရ်ကာဝီနှင့် လက်တွဲတိုက်ခိုက်ခဲ့သော ဆီးရီးယားသားများလည်း ပါဝင်သည်။ သို့သော် ကာလတစ်ခု လွန်မြောက်သောအခါ IS ကိုယ်တိုင်က ဆီးရီးယားရှိ အဓိကစစ်ဆင်ရေးများထဲ တိုးဝင်ခဲ့လေသည်။ များမကြာမီ အားထားရသည့်အုပ်စုတစ်ခုအဖြစ် ထင်ရှားလာပြီး ဆီးရီးယားစစ်တပ်ကို အပြင်းအထန်တိုက်၍ နယ်ပယ်သိမ်းယူရန် အခြားသူပုန်များကို အားပေးအားမြှောက်ပြုခဲ့သည်။ ၎င်းနောက် IS သည် အလုံးအရင်း ၀င်ရောက်လာပြီး ထိုနယ်ပယ်အား သူ၏မဟာမိတ်လက်များထံမှ နှိုက်ယူလိုက်သည်။ ၉/၁၁ တိုက်ခိုက်မှု စီစဉ်သူတစ်ဦးဖြစ်သော အလ်ကိုင်ဒါခေါင်းဆောင် အိုင်မန် အလ်ဇ၀ါဟီရီက ၂၀၁၃ ခုနှစ်တွင် မိမိ၏လက်အောက်သို့ အားဖြည့်တပ်ဦးအဖြစ် ပြန်လည်ရောက်လာရေးအတွက် IS ကိုဖြိုခွဲရန် ဆီးရီးယားအလ်ကိုင်ဒါတို့အား အမိန့်ပေးခဲ့သည်။ ၎င်းမှာ မိမိ၏အဖွဲ့အစည်းကို မိမိကိုယ်တိုင် သတ်ရာရောက်သွားလေ၏။

    အမေရိကန်၏ကိုင်တွယ်မှုအောက်မှ အာဏာရလာသော ဘဂ္ဂဒက်မှ ရှီအိုက်ဘာသာရေးအုပ်စုများကလည်း စွန္နီများကို ကန့်သတ်ဖယ်ရှားလျက် ရှိနေဆဲ။ အီရတ်စစ်တပ်မှာ အီရန်ရှိပြည်ပနေစစ်သွေးကြွများမှ မြစ်ဖျားခံလာသည့် Badr Corps ကဲ့သို့သော ရှီအိုက်စစ်သွေးကြွဟောင်းများ၏ လွှမ်းမိုးမှုကို ခံနေရသည်။ ၂၀၁၁ ခုနှစ် မိုဆူးလ်မြို့နှင့် ဖာလူဂျာမြို့များတွင် လူငယ်ဆန္ဒပြမှုများ ပွင့်ထွက်လာရာ အလ်မာလီကီက အဆိုပါစစ်သွေးကြွများကို ၎င်းတို့အား ကြမ်းတမ်းပြင်းထန်စွာနှိမ်နင်းရန် အမိန့်ပေးလေသည်။ နိုင်ငံရေးနှင့်ပြုပြင်ပြောင်းလဲမှုများ၌ စွန္နီများ ပါဝင်မှု အဆုံးသတ်စေရေးအတွက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်၌ ရဂ္ဂါခရိုင်ဆင်ခြေဖုံးကို သိမ်းထားသော Daesh သည် မိုဆူးလ် စသော အီရတ်ရှိမြို့ကြီးများသို့ ပြန်လည်ဝင်ရောက်ရန် စွန္နီထိပ်သီးများနှင့် စတင်လျှို့ဝှက်ကြံစည်တော့သည်။

    ၂၀၁၄ ခုနှစ် ဇွန်လတွင် ရှီအာကြီးစိုးအီရတ်စစ်တပ်ကို ဆန့်ကျင်သည့် မိုဆူးလ်မြို့စွန္နီတို့၏ တော်လှန်ရေးဖြစ်ပေါ်သည့်အခါမှသာ ကမ္ဘာက စတင်သတိထားမိကြသည်။ ဆီးရီးယားမှ မြို့တွင်းသို့ IS တိုက်ခိုက်ရေးသမားများ ၀င်ရောက်လာနိုင်ရန် လူထုက ရဲနှင့်စစ်တပ်တို့ကို တိုက်ခိုက်လမ်းဖွင့်ပေးခဲ့ကြသည်။ ဘဂ္ဂဒက်မှ ရှီအိုက်တို့၏ ခွဲခြားချိုးနှိမ်နှိပ်စက်မှုအပေါ် နာကြည်းနေကြသည့် ဒေသခံ စွန္နီအာရပ်ထိပ်သီးများကလည်း IS နှင့်မဟာမိတ်ဖွဲ့ရန် စွန့်စားဆုံးဖြတ်လိုက်ကြသည်။ ယိုင်နဲ့နေသည့် အီရတ်စစ်တပ်မှာ မိုဆူလ်မြို့အား ကြံ့ကြံ့ခံ ထိန်းချုပ်ယုံသာ တတ်နိုင်တော့သည်။ အာဏာပိုင်အရာရှိများနှင့် ၎င်းတို့၏လူတို့သည် စွန့်ခွာထွက်ပြေးကြရကုန်ပြီး မြို့ကို စစ်သွေးကြွအုပ်စုလက်ထဲ ထည့်လိုက်ရပေသည်။ ၎င်းနောက်ပိုင်း IS သည် အီရတ်ပိုင်နက် ၄၀ ရာခိုင်နှုန်းအထိ တရွေ့ရွေ့ ချဲ့ယူလာနိုင်ခဲ့သည်။

    အီရတ်ပေါ် အာရုံစိုက်မှုတွင် အလေးမပေးဘဲ အာဖဂန်နစ္စတန်ရှိ အလ်ကိုင်ဒါတို့၏တပ်ခေါက်မှု၌ အမေရိကန်မှ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သော် ဤအဖွဲ့ကြီးမှာ ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကပင် ပျက်သုဉ်းပြီး ဖြစ်ပေမည်။ ထိုအစား ဘုရှ်အစိုးရက အီရတ်ကို ၀င်သိမ်းခြင်းဖြင့် အမျက်သိုပြီး တိုက်ပွဲဝင်လိုသော မျိုးဆက်သစ်လူငယ်များကိုလည်းကောင်း၊ အလ်ကိုင်ဒါလက်သစ်ကိုလည်းကောင်း မွေးဖွားထွက်ပေါ်သွားစေသည်။ ဘုရှ်အစိုးရမှ အီရတ်နိုင်ငံနှင့်စစ်တပ်ကို မဖျက်ဆီးခဲ့ပါလျှင် အလ်ကိုင်ဒါသောင်းကျန်းသူများ ပေါ်ထွက်လာခြင်းကို ဒေသတွင်းအင်အားစုတို့မှ ကြိုတင်ဟန့်တားနိုင်ပေလိမ့်မည်။ ထိုသောင်းကျန်းသူအဖွဲ့မှာ အီရတ်တွင် ၎င်းတို့တိုက်ခိုက်ခဲ့သော ကမ်းတက်တပ်သားများထံမှ နည်းဗျူဟာများကို လေ့လာဆည်းပူးခဲ့ခြင်းလည်း မရှိသလို၊ လက်နက်ရိက္ခာများအတွက် ချိတ်ဆက်ကွန်ရက်များ တည်ဆောက်ထားခြင်းလည်း မရှိခဲ့ချေ။

    IS သည် ကမ္ဘာပေါ်တွင် ထောက်ပံ့ရံပုံငွေ အကြီးမားဆုံးရှိနေသည့် အကြမ်းဖက်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေလေရာ ယင်းငွေကြေးများကို မည်သည့်နေရာမှ ရရှိလာကြသနည်း ? အီရတ်၌ စုစည်းကျစ်လစ်သော၊ ထောက်ပံ့ရံပုံငွေအားကောင်းသော၊ အတွေ့အကြုံကောင်းသော – ဆီးရီးယားနိုင်ငံတွင်းသို့ နယ်စပ်ကျော်ဖြတ်နိုင်သည့် တော်လှန်ရေးအုပ်စုတစ်ရပ် မရှိဘဲနှင့် ငွေကြေးနှင့်လက်နက်များသည် ထိုနိုင်ငံထဲမှ အမာခံသူပုန်များထံ အလွယ်တကူ စီးဆင်းဝင်ရောက်လာစရာ မရှိပါလေ။ လွတ်လပ်သောဆီးရီးယားတပ်မတော်သည်လည်း အလယ်အလတ်အမြင်ရှိ မွတ်စ်လင်မ်ညီနောင်အဖွဲ့ တိုက်ခိုက်ရေးသမားများနှင့် လောကီရေးဆန်သည့် စွန္နီအာရပ်များကို ယာယီမဟာမိတ်များအဖြစ် ကိုင်တွယ်နိုင်စွမ်း ရှိကောင်းရှိနိုင်ခဲ့ပေမည်။ သို့သော် ယင်းအစား သဘောထားတင်းမာသည့် အလ်ကိုင်ဒါနှင့် အီရတ်စစ်ပွဲ၏ ၀ါရင့်စစ်သားတို့ပါဝင်နေသော အစွန်းရောက်တို့က ဆီးရီးယားမှ FSA အား ဖြန့်ကျက်ဝိုင်းရံနိုင်ခဲ့ကြသည်။ ရှီအိုက်ဘာသာရေးအုပ်စုတို့အပေါ် ဘုရှ်အစိုးရအဖွဲ့၏ ထင်ရှားသောဘက်လိုက်မှုနှင့် စွန္နီအာရပ်များအပေါ် ခွဲခြားချိုးနှိမ်မှုက အီရတ်ရှိ IS အတွက် အင်အားကြီးတစ်ရပ်တည်ဆောက်နိုင်အောင် ဖန်တီးလိုက်ပေသည်။

    ဘုရှ်သည် အုပ်စုကွဲများအပေါ် မျက်နှာသာပေးသည့်မူဟန်အား အဘယ်ကြောင့်ရွေးချယ်ခဲ့သည်ကို မည်သူမျှ နားမလည်နိုင်ကြသေး။ နိုင်ငံရေးသမားတို့အကြား ထူးခြားသည့် ကောက်ချက်ချမှုတစ်ခုတော့ ရှိသည်။ ၎င်းမှာ အီရတ်အား အမေရိကန်တို့မှ ရက်စက်ကြမ်းကြုတ်စွာ သိမ်းပိုက်ခဲ့ခြင်း ဟူသော ဖြစ်စဉ်မှန်ကို အနက်ရှိုင်းဆုံး နားလည်လွဲမှားသွားအောင် IS ထွက်ပေါ်စေမှုဖြင့် ပြည်ဖုံးကားချ ဟန့်တားလိုက်ခြင်း ဟူ၏။ အချုပ်ဆိုရလျှင် အမေရိကန်၏ကျူးကျော်သိမ်းပိုက်မှုက ဤ IS အုပ်စု ပေါ်ထွန်းလာစေသည့် အခြေအနေများကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတော့သည်။

    (The Washington Post မှ ဖော်ပြသော Juan Coole ၏ဆောင်းပါး How the United States helped create the Islamic State ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။ Juan Coole သည် မီရှီဂန်တက္ကသိုလ်၊ Richard P. Mitchell သမိုင်းဋ္ဌာန၏ ပါမောက္ခ ဖြစ်သည်။)