News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်

    ၂၂ နှစ်တာ ကျွန်ပြုခံဘ၀မှ လွတ်မြောက်လာသည့် မြန်မာငါးဖမ်းသမား တစ်ဦးရဲ့ အိမ်အပြန်

    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing and his mother, Khin Than, cry as they are reunited after 22 years at their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
    – သူလုပ်ခဲ့သည့် အရာအားလုံးက အိမ်ပြန်ရန် တောင်းဆိုခြင်းဖြစ်သည်။ ထိုတောင်းဆိုမှုကို နောက်ဆုံးအကြိမ် ပြောခဲ့စဉ်က ကျွန်ပြုခံ မြန်မာနိုင်ငံသား မြင့်နိုင်တစ်ယောက် သေလုမျောပါး အရိုက်ခံလိုက်ရသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ ဝေးလံခေါင်ဖျားသောဒေသရှိ စက်လှေပေါ်တွင် အတင်း အဓမ္မမ ခိုင်းစေခံရမှု ၈ နှစ်တာလွန်မြောက်ခဲ့ပြီးနောက် မြင့်နိုင်မှာ မိခင်ဖြစ်သူကို တွေ့ရရေး အန္တရာယ် အားလုံးကို ရင်ဆိုင်ရန် စိတ်ဆန္ဒဖြစ်လာခဲ့သည်။

    ထို့ကြောင့် သူ့အား လွတ်မြောက်ခွင့်ပေးရန် အတွက် မြေကြီးပေါ်တွင် ၀ပ်တွားတောင်;ပန်ခဲ့သည်။ သို့သော် စက်လှေမှထွက်သွားရန် ကြိုစားမှုအတွက် စက်လှေပိုင်ရှင်က သူ့အား သတ်ရန်အထိပင် စိတ်ပိုင်းဖြတ်ခဲ့ပြီး ၃ ရက်တိုင်တိုင် အစာရေစာမကျွေးဘဲ သံကြိုးနှင့် ချည်ထားခဲ့လေသည်။

    မြင့်နိုင်တစ်ယောက် လောကကြီးမှ ပျောက်ကွယ်သွားမှာ ကြောက်ခဲ့သည်။ သို့ဆိုလျှင် မိခင်ဖြစ်သူက သူ့အား မည်သည့်နေရာတွင် ရှာဖွေရမှန်း သိမည်မဟုတ်။

    မြင့်နိုင်မှာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် လုပ်အား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို AP သတင်းဌာနက တစ်နှစ်ကြာ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ကယ်တင်ခြင်းခံရသော၊ နေရပ်ပြန်ပို့ခြင်းခံရသော ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံ အလုပ်သမား ၈၀၀ ကျော်မှ တစ်ဦးဖြစ်လေသည်။

    ထိုင်းနိုင်ငံ၏ တရိပ်ရိပ်တက်နေသော ပယ်လယ်စာ လုပ်ငန်း တစ်ခုတည်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းချေ ၂ သိန်းခန့် အလုပ်လုပ်နေကြသည်။ ၎င်းတို့ထဲမှာ အများစုမှာ လိမ်လည်လှည့်ဖြားခြင်း၊ ပြန်ပေးဆွဲခြင်း သို့မဟုတ် ရောင်းစားခြင်းတို့ ခံရပြီးနောက် ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်နေကြရသည်။ ထိုကြမ်းကြုတ်သည့် လူကုန်ကူးမှု ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်နိုင်ငံများရှိ ညစာ စားပွဲဝိုင်းများ၊ ကြောင်စာခွက်များတွင် လိုအပ်နေသည့် ငါးဟင်းလျာကို ဖြည့်ဆည်းပေးရန်  ကုမ္ပဏီများက ကျွန်ပြုခံလုပ်သားများအပေါ် မှီခိုနေကြသည်။

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing, foreground left, comforts his mother, Khin Than, after she fainted in Mon State, Myanmar, following their reunion after Myint returned after having been gone for 22 years. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

    မြင့်နိုင်၊ ၎င်း၏ သူငယ်ချင်းများနှင့် မိသားစုများက အိမ်ပြန်ခရီးစဉ်တွင် လိုက်ပါခဲ့သည့် AP သို့ ဇာတ်ကြောင်းကုန်စင် ပြောပြခဲ့သည်။ ထိုအကြောင်းအရာများက AP မှ အင်တာဗျူးခဲ့သော၊ သို့မဟုတ် စာဖြင့် ပြောပြခဲ့သော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ယခင်နှင့် လက်ရှိ ကျွန်ပြုခံလုပ်သား ၃၃၀ ကျော်ထဲမှ အများစု၏ ပြောပြချက်များနှင့် အတော်လေးသွားတူနေသည်။

    ၁၉၉၃ ခုနှစ်က ပွဲစားတစ်ယောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြင့်နိုင်နေထိုင်ရာ ရွာသို့ လာရောက်ခဲ့ပြီး လူငယ်များအတွက် ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု ကတိပေးခဲ့သည်။ ထိုစဉ်က မြင့်နိုင်မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ခရီးဝေးသွားဖူးသည့် အတွေ့အကြုံလည်းမရှိ။ သို့သော် မိသားစုက ငွေရေးကြေးရေး အဆင်မပြေ။ ထို့ကြောင့် နောက်ဆုံးတွင် မိခင်ဖြစ်သူက လိုက်လျောခဲ့သည်။ ပွဲစား နောက်တစ်ခေါက်ပြန်လာသည့်အခါ သူစုထားသည့် လုပ်သားသစ်များကို အိတ်များယူပြီး အမြန်လိုက်ခဲ့ရန် အပူတပြင်းပြောလေသည်။

    ထိုအချိန်တွင် မိခင်ဖြစ်သူက အိမ်တွင်မရှိ။ မြင့်နိုင်တစ်ယောက် မိခင်ကို နှုတ်ဆက်စကားပင် မပြောလိုက်ရ။

    တစ်လကြာသည့်အခါတွင်တော့ မြင့်နိုင်မှာ ပင်လယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ နောက် ၁၅ ရက်ကြာသည့်အခါ သူစီးလာသည့် သင်္ဘောက အင်ဒိုနီးရှားရှိ ဝေးလံခေါင်ဖျားသော တွာလ်ကျွန်းတွင် နောက်ဆုံး ဆိုက်ကပ်သည်။ တွာလ်ကျွန်း၏ ပတ်ပတ်လည်ရေပြင်မှာ ကမ္ဘာပေါ်တွင် ငါးအကြွယ်ဝဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုင်းလူမျိုး စက်လှေကပ္ပတိန်က သင်္ဘောပေါ်ရှိ လူတိုင်းကို ၎င်းက ပိုင်ဆိုင်သွားပြီဟု ဟစ်အော်ကြေညာခဲ့သည်။

    “မင်းတို့မြန်မာတွေ ဘယ်တော့မှ အိမ်မပြန်ရတော့ဘူး။ မင်းတို့ကို ရောင်းလိုက်ပြီ။ ဘယ်သူမှ မင်းတို့ကို လာကယ်မှာမဟုတ်ဘူး”

    ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015, photo, former slave fisherman Myint Naing, center, his mother Khin Than, right and sister Mawli Than, left, walk toward their home while crying after they were reunited after 22 years in their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

    တစ်ကြိမ်ထွက်လျှင် မြင့်နိုင်တစ်ယောက် ပင်လယ်ထဲ၌ သီတင်းပတ်ပေါင်းများစွာ ကုန်ဆုံးရပြီး ထမင်းသာစား၍ အသက်ရှင်ရသည်။ ဖမ်းဆီးရမိသည့် ငါးများကို မည်သူ့မှစား၍မရ။ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမှာ ကျယ်ပြန့်လာသောကြောင့် ငါးဖမ်းစက်လှေများမှာ နိုင်ငံခြား ရေပိုင်နက်အထိ ၀င်ရောက်ရာ ငါးအလွန်အကျွံဖမ်းခြင်းကို ပြုလုပ်လာကြသည်။ ထို့ကြောင့် ရွှေ့ပြောင်း လုပ်သားများမှာ ရေပေါ် အကျဉ်းထောင်တွင် လနှင့်ချီ၍ နှစ်နှင့်ချီ၍ ပိတ်မိနေကြတော့သည်။

    အလုပ်များသည့် အချိန်များတွင် ၎င်းတို့မှာ တစ်ရက်လျှင် ၂၄ နာရီလုံးလုံး အလုပ်လုပ်ရသည်။ ဆေးဝါးမရှိ။ ကြိုချက်ထားသော ပင်လယ်ရေသာ သောက်ရသည်။ ခဏနားသည့် သို့မဟုတ် နေမကောင်းသည့် မည်သူ့ကိုမဆို ကပ္ပတိန်က ရိုက်နှက်သည်။ အချို့ငါးဖမ်းစက်လှေများတွင် အလုပ်အကိုင်နှေးသူများကို သတ်ပစ်ကြပြီး အချို့စက်လှေများတွင်မူ ရေထဲသို့ တွန်းချကြသည်ဟု ငါးဖမ်းသမားများက ဆိုသည်။

    မြင့်နိုင်မှာ တစ်လ လျင် ၁၀ ဒေါ်လာသာရပြီး တစ်ခါတစ်ရံတွင် လုံးဝ မရ။ ၃ နှစ်တာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ၎င်းက တော်လောက်ပြီဟု ဆုံးဖြတ်ပြီး အိမ်ပြန်ရန်အတွက် ပထမဆုံးအကြိမ် တောင်းဆိုခဲ့လေသည်။

    တောင်းဆိုမှု၏ အဖြေက ဆိုင်ကယ်ဦးထုပ်နှင့် ခေါင်းကွဲအောင် အရိုက်ခံရခြင်းသာ ဖြစ်သည်။

    ထို့နောက် မြင့်နိုင်မှာ ထွက်ပြေးခဲ့သည်။ အင်ဒို မိသားစုတစ်စုက သနားသဖြင့် သူ့အား ကယ်ထားပြီး ဒဏ်ရာများပျောက်ကင်းအောင် ကုသပေးသည်။ ထို့နောက် အစားသောက်နှင့် နေရာထိုင်ခင်းပေးပြီး ၎င်းတို့၏ လုပ်ငန်းတွင် အလုပ်ပေးသည်။ ထိုရိုးရှင်းသော ဘ၀ကို မြင့်နိုင်တစ်ယောက် ငါးနှစ်ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဆွေမျိုးများ၊ ငါးဖမ်းစက်လှေပေါ်တွင် ကျန်ခဲ့သည့် သူငယ်ချင်းများကို သူက မေ့လို့မရ။

    ၂၀၀၁ ခုနှစ်တွင် ကပ္ပတိန် တစ်ယောက်က အလုပ်လုပ်ရန် သဘောတူလျှင် အိမ်ပြန်ပို့ပေးနေသည်ဟူသော သတင်းကို သူကြားခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ နေခဲ့ပြီးနောက် ပင်လယ်ထဲသို့ တစ်ဖန်ပြန်ထွက်ခဲ့လေသည်။

    သို့သော်လည်း အခြေအနေက ပထမအကြိမ်တုန်းကကဲ့သို့ပင် ဆိုးရွားပြင်းထန်ပြီး ငွေကြေးလည်း တစ်ပြားတစ်ချပ်မှမရ။ ထို့ပြင် ကျွန်ပြုရန် လူကုန်ကူးမှုက ပိုပိုဆိုးလာသည်။ မြင့်တက်လာသော ၀ယ်လိုအားကို ပြည့်မီစေရန်အတွက် ပွဲစားများမှာ ဆေးစွဲနေသော၊ ပြန်ပေးဆွဲလာသော ရွှေ့ပြောင်းလုပ်သားများကို သင်္ဘောပေါ်သို့ ပို့ဆောင်လာကြသည်။

    နောက်တစ်ကျော့ ပင်လယ်ပြင်တွင် ၉ လာတာကြာမြင့်ပြီးနောက် မြင့်နိုင်၏ စက်လှေကပ္ပတိန်က သင်္ဘောသားအားလုံးကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသို့ တစ်ယောက်တည်းပြန်တော့မည်ဟု ပြောလာသည်။ ခံပြင်းမှု မျှော်လင့်ချက်မဲ့မှုနဲ့အတူ ကျွန်ပြုခံ မြန်မာလုပ်သား မြင့်နိုင် တစ်ယောက် အိမ်ပြန်ရန်အတွက် တစ်ကြိမ် ထပ်တောင်းပန်ရလေသည်။ ထမင်းမစားရဘဲ သံချိုးဖြင့်ချည်ကာ ၃ ရက်ခန့် ပိတ်လှောင်ထားခံရသည်မှာ ထိုအချိန်တွင်ဖြစ်သည်။

    မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နီးစပ်ရာမျက်စိကစားသည့် မြင့်နိုင်မှာ သော့ဖွင့်ရန်အတွက် သံပြားငယ်တစ်ခုကို သွားတွေ့သည်။ နာရီများစွာ ကြိုးစားပြီးနောက် သော့ပွင့်သွားသည့်အသံကို သူကြားရသည်။ လက်ထိပ်မှာ ပြုတ်သွားသည်။ သန်းခေါင်ကျော်အချိန်ခန့်တွင် မြင့်နိုင်မှာ မည်းမှောင်နေသော ရေပြင်ထဲသို့ ဒိုင်ဗင်ထိုးချခဲ့ပြီး ကမ်ခြေသို့ ကူးသွားခဲ့လေသည်။

    ထို့နောက် တွာလ်ကျွန်းရှိ တောထဲတွင် မြင့်နိုင်မှာ ပုန်းနေရသည်။ စက်လှေပိုင်ရှင်များထံသို့ ပြန်ပို့မည်ကို စိုးရိမ်သောကြောင့် ရဲစခန်းလည်း မသွားရဲ။ အိမ်ကို ဖုန်းဆက်ရန်မှာလည်း သူ့တွင် ဖုန်းနံပါတ်မရှိ။ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်မည်စိုးသောကြောင့် မြန်မာသံရုံးသို့ အကြောင်းကြားရမည်ကိုလည်း သူက ကြောက်နေသည်။

    ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကျွန်ပြုခံရမှုတွင် သူ လမ်းပျောက်နေသည်။ ထို့ပြင် လေဖြတ်ချင်သလိုဖြစ်လာပြီး ညာဖက်လက်တစ်ဖက်မှာ လှုပ်ရှားမရ ဖြစ်လာသည်။ စက်လှေပိုင်ရှင်က ပြောသည့်စကားမှာ မှန်သည်ဟု မြင့်နိုင် ယုံကြည်စ ပြုလာလေသည်။ လွတ်မြောက်ရာ လမ်း တစ်ကယ်ပင်မရှိ။

    အခုအချိန်တွင် မိခင်ဖြစ်သူ၏ ပုံပန်း သွင်ပြင်ကိုလည်း သူ မမှတ်မိတော့။ ညီမငယ်တစ်ယောက် လူလားမြောက်လာမည်ဆိုသည်ကိုတော့ သူသိသည်။

    ၂၀၁၁ ခုနှစ်တွင် အထီးကျန်မှုကို မခံစားနိုင်သည့်အတွက်ကြောင့် မြင့်နိုင်မှာဒိုဘိုကျွန်းကို ပြောင်းခဲ့သည်။ ထိုကျွန်းတွင် ကျွန်ပြုခံ မြန်မာနိုင်ငံသား တစ်စု ရှိသည်ဟု ကြားသောကြောင့်ဖြစ်သည်။ မြင့်နိုင်မှာ လျှို့ဝှက်စွာပင်နေထိုင်ပြီး ကိုယ်တိုက် စိုက်ပျိုးရရှိသည်များကို စားသောက်၍ အသက်ဆက်နေလေသည်။

    ထို့နောက် ကျွန်ပြုခံနေရသူများအကြောင်း AP ၏ ဖော်ပြမှုကြောင့် အင်ဒိုနီးရှားအစိုးရက ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံရသူများကို စတင် ကယ်တင်နေသည်ဟု ဧပြီလ ၁ ရက်နေ့တွင် သူငယ်ချင်းတစ်ယောက်က သူ့ကို ပြောခဲ့သည်။ တာဝန်ရှိသူများက ဒိုဘိုသို့လာကာ မြင့်နိုင်ကို ခေါ်ပြီး ယခင် ၎င်းကျွန်ပြုခိုင်းစေခံခဲ့ရသော တွာလ်ကျွန်းတို့ ပြန်လည်ခေါ်ဆောင်သွားကာ အခြားလွတ်မြောက်သူ ရာပေါင်းများစွာနှင့် အတူထားပေးခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံတွင် ၂၂ နှစ်တာ ကုန်လွန်ခဲ့ရသည့် မြင့်နိုင်မှာ နောက်ဆုံးတွင် အိမ်ပြန်ရတော့မည်။ သို့သော်လည်း သူဘာတွေ့ရမလဲဟု စဉ်းစားနေသည်။

    မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်အတွက် ပထမတော့ သူက ကြောက်နေသေးသည်။ ယခုအချိန်တွင် အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် မြင့်နိုင်တစ်ယောက် သူ၏ ဇာတိမြေနှင့် လုံးဝ သူစိမ်းယောက်လို ဖြစ်နေခဲ့ပြီ။

    သူ၏ ရွာလေးသို့လာသည့်လမ်းတွင် ကျော့ရှင်းသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

    နှစ်ယောက်စလုံးမှာ အားရ၀မ်းသာစွာဖြင့် ဖက်လိုက်ကြပြီး ပျော်ရွှင်မှု၊ အချိန်များစွာကြာ ခွဲခွာနေရခြင်းကြောင့် ၀မ်းနည်းမှုတို့ဖြင့် မျက်ရည်များက စီးတွေကျလာခဲ့သည်။

    “အစ်ကိုကြီးရယ်။ ပြန်လာတာအရမ်းကောင်းပါတယ်” ဟု မြင့်နိုင်၏ ညီမငယ်က ကြေကွဲဆို့နင့်စွာ ပြောလေသည်။

    “ညီမလေးတို့ ပိုက်ဆံမလိုပါဘူး။ မိသားစုပဲလိုတာပါ”

    မိနစ်အနည်းငယ်အကြာတွင် သူ့ဆီကိုပြေးလာနေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။

    မြင့်နိုင်တစ်ယောက် ချုံပွဲချငိုကြွေးကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ မိခင်က လက်မောင်းကိုကိုင်၍ ဆွဲထူပြီး သားဖြစ်သူ၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးသည်။ ထို့နောက် အသာအယာပွေ့ဖက်ကာ မြင့်နိုင်အား အားရအောင် ငိုကြွေးစေခဲ့သည်။

    နောက်ဆုံးတော့ မြင့်နိုင်မှာ သူ၏ အိပ်မက်ထဲမှ မျက်နှာများကို အနှောင်အဖွဲ့ကင်းစွာ တွေ့မြင်ရပြီဖြစ်သည်။ သူ့အနေဖြင့် နောက်ထပ် ဘယ်တော့မှ မေ့မည်မဟုတ်တော့။

    Source:AP
    မိုးဝေဘာသာပြန်သည်။

  • တောင်ဘလူဗလီနဲ့…တောင်ဘလူရပ် ဆိုတာကို… မသိတဲ့လူတွေအတွက်…

    တောင်ဘလူဗလီနဲ့…တောင်ဘလူရပ် ဆိုတာကို… မသိတဲ့လူတွေအတွက်…

    ဇွန် ၃၀ ၊ ၂၀၁၅
    မောင်မောင် (ရွှေကရဝိတ်) ရေးသည်။
    . 11049562_1611717009096692_5279020691471619428_n
    တောင်ဘလူဗလီရှိတဲ့ တောင်ဘလူရပ်ဆိုတာ…တနေ့မနေ့ကမှ တည်ထားတာမဟုတ်ပါဘူး…

    မန္တလေးမြို့ မွေးဖွားလာ ကထဲက…အတူရှိနေခဲ့တဲ့ ဗလီနဲ့…ရပ်ကွက်ကြီးဘဲဖြစ်ပါတယ်…

    မြန်မာမွတ်စလင် ရပ်ကွက်ကြီးတခုဖြစ်ပါတယ်…..

    တောင်ဘလူရပ်ကွက်သားများဟာ…မန္တလေးဈေးချိုတော်မှာ…ဘယဆေးနဲ့..ချည်ခင်များ…ချည်ထည်များကို(အများစု)ရောင်းချ အသက်မွေးဝမ်းကြောင်းခဲ့ကြပြီးတော့…စီပွားရေးအင်အား တောင့်တင်းတဲ့ သူများဖြစ်ခဲ့ကြပါတယ်…လူမျိုးခြား..စီးပွားရေးသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားလည်း…ရှိခဲ့ကြပါ တယ်….

    မြန်မာမွတ်စလင်များဖြစ်သည့် အားလျော်စွာ…ဈေးချိုတော် ရုံကြီး ၁၂ရုံရဲ့…ကထိန်တော်ဖြစ်မြောက် ရေး အဖွဲ့ဝင်တွေ…တာဝန်ရှိတဲ့သူတွေလည်း…ဖြစ်ခဲ့ကြပါတယ်…

    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်…စီးပွားရေးတွေ…ပျက်ပြားသွားခဲ့ကြတဲ့ အချိန်မှာတောင်…တောင်ဘလူ အရပ်သား…မြန်မာမွတ်စလင်တွေဟာ..အခြေအနေမပျက်အောင်…ထိန်းသိမ်း..စီးပွားရှာနိုင်ခဲ့ ကြပါတယ်…၁၉၇၆ခုနှစ်…ပေါက်မြိုင်ဝင်းမီးဘေးမှာ…တရပ်ကွက်လုံး အထိနာခဲ့ပေမဲ့…အိနြေ္ဒမပျက်ခဲ့ ကြပါဘူး….၁၉၈၄ခုနှစ်…ဦးကျားကြီးမီးလောင်လို့… တမြို့နယ်လုံး… မီးသင့်ခံရတော့မှဘဲ..အထိနာခဲ့ရ တာပါ…ဒါပေမဲ့လည်း…ကိုယ်ပိုင်မြေတွေ…ကိုယ်ပိုင်အိမ်တွေနဲ့…ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ပြီး…အခြေအနေ မပျက်နေနိုင်တဲ့သူတွေ…အများကြီးရှိပါသေးတယ်…

    တောင်ဘလူအရပ်သား မြန်မာမွတ်စလင်တွေဟာ…သမိုင်းစဉ် တလျောက်လုံး…ပြည်ထောင်စုမြန်မာ နိုင်ငံသား…အခြားဘာသာဝင်တွေနဲ့…ကွဲပာမှုမရှိဘဲ…အေးအတူ ပူအမျှ…တသားထဲနေခဲ့ကြတာပါ… ပညာတတ်လူတန်းစားတွေ အများစုဖြစ်ကြပြီး… ကျောင်းအုပ်ဆရာကြီးတွေ…ကျောင်းအုပ်ဆရာမကြီး တွေ…ကျောင်းဆရာတွေ…ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခဲ့သူတွေ…အစိုးရ ဝန်ထမ်းတွေ…ဌာနဆိုင်ရာ အရာရှိတွေ..ရှိခဲ့သလို…မိသားစုတိုင်းလိုလိုထဲမှာ…တပ်မတော်သားတွေလဲ..ရှိခဲ့ကြပါတယ်… တပ်မတော်မှာ…အဆင့်မြင့်အရာရှိကြီးများဖြစ်ခဲ့တဲ့သူတွေရှိသလို…အရာရှိငယ်များ…အရာခံ…အကြပ်တပ်သား…အဆင့်မျိုးစုံမှာ…တာဝန်ထမ်းဆောင်ခဲ့ကြတာဟာ…ဦးနေဝင်းအစိုးရရဲ့…တပ်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို..မခွဲခြား…မချိုးနှိမ်ခင်အချိန်အထိဖြစ်ပါတယ်….

    မိသားစု တခုအတွင်းမှာပင်လျှင်…ဖခင် အရာခံဗိုလ်နှင့်…သားဗိုလ်မှူး၂ဦးအထိရှိတာတွေ..တွေ့ခဲ့ရပါ တယ်….

    560402_191144807686760_26613195_n

    အဲ့ဒီတော့…အခုခေတ်လို..ဖျော်ဖြေရေးတွေ မပေါများသေးတဲ့ အချိန်အခါမှာ…တောင်ဘလူ အရပ်သား အများစုဟာ…အားလပ်တဲ့ရက်တွေမှာ…မိမိတို့ဆွေမျိုးသားချင်းတွေ စုစည်းပြီး…အမဲလိုက် ထွက်တတ်ကြပါတယ်…အရွယ်ရောက်ပြီးတဲ့ တောင်ဘလူ အရပ်သားတိုင်းလိုလိုမှာ..အစိုးရထံက တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်တဲ့…အမဲပစ် သေနတ်တွေ…ရှိခဲ့ကြပါတယ်…ဟိုအရင် အချိန်အခါက လေသေနတ်ဆိုတာဟာ…လိုင်စင်မလိုဘဲ…ကိုင်ဆောင်ခွင့်ရှိတဲ့ ပစ္စည်းပါ…

    ပြီးခဲ့တဲ့နှစ်…မန္တလေး အကြမ်းဖက်ခံရမှုမှာ…ကျဆုံးသွားခဲ့တဲ့…ရှဟီဒီ ကိုစိုးမင်းထွေးရဲ့…အဖိုးတော်စပ် သူ…ဦးစလေမန်ဆိုတာဟာ…၃၁လမ်းနဲ့..၈၃လမ်းဒေါင့်… မြန်မာညွန့် စက်ဘီးဆိုင်နဲ့ တွဲလျက်အခန်း တခန်းမှာ…လက်နက် မျိုးစုံပြင်တဲ့ ဝပ်ရှော့…တရားဝင်ဖွင့်ခဲ့တာပါ… အမဲပစ်ရိုင်ဖယ်တွေကို အထူးပြု ပြင်ခဲ့တာဖြစ်ပါတယ်…လေသေနတ်ကျည်ဆံတွေ…နှစ်လုံးပြူး ကျည်ဆံတွေလည်း…ရောင်းပါတယ်… ကိုယ်တိုင်လုပ်ပြီး….ဆိုင်ဖွင့်ပြီး ရောင်းခဲ့တာပါ…

    ဦးစလေမန်ဟာ… ကိုယ်တိုင်လည်း… မုဆိုးကြီးတယောက်ဖြစ်ပါတယ်… မကြာခဏဆိုသလို… သူ့ကိုယ်ပိုင်… ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သေနတ်တွေတင်ပြီး… မိတ်ဆွေတယောက်စ… နှစ်ယောက်စနဲ့အတူ…  အမဲပစ်ထွက်လေ့ရှိပါတယ်…ဟာလီဒဘယ်ဆဲန် ဆိုင်ကယ်ဖြစ်လိမ့်မယ် ထင်ပါတယ်….မန္တလေးမြို့မှာ… သူလို ဘေးတွဲ ဆိုင်ကယ်ကို…စီးတဲ့သူက…သူရယ်…၈၃လမ်း…ကျောက်ဗလီ အရပ်ထဲက. ဦးချစ်ညိုရယ် ၂၇လမ်း… လေလ္လာဝင်းအတွင်းက ဦးမူလေးရယ် သုံးယောက်ဘဲရှိခဲ့တာပါ…သုံးဦးစလုံး…မြန်မာမွတ်စလင်တွေချည်းပါဘဲ…

    မကြာခဏဆိုသလို… ဦးစလေမန်တယောက် ဘေးတွဲဆိုင်ကယ်ကြီးနဲ့…သမင်တွေ…ဂျီ(ချေ)တွေ… တင်ပြီး…အမဲလိုက်ပြန်လာတာကို…မှတ်မိနေပါတယ်…

    အဲ့ဒီတော့ …အရင်တုန်းက….တောင်ဘလူ အရပ်သားမှန်ရင်… အမဲမလိုက်ဘူးတဲ့သူ… မရှိသလောက် .. ရှားခဲ့ပါတယ်…

    ၁၉၈၈ခုနှစ်… အရေးအခင်းကြီးအပြီးမှာ… အရပ်သားတွေလက်ထဲမှာ… လိုင်စင်ရှိ… လိုင်စင်မဲ့… သေနတ် တွေ… လုံးဝမထားဘဲ… အပ်နှံခိုင်းတဲ့အတွက်… အားလုံး…အပ်လိုက်ကြရပါတယ်… ဒါပေမဲ့… လက်နက်တွေကို လက်ခံသိမ်းယူတဲ့ ရဲစခန်းက တာဝန်ရှိသူတွေက… ပြောင်းအပိုတွေ… ပြောင်းအပျက်တွေ…  ဒင်အပိုတွေ… ဒင်အကျိုးအပဲ့တွေကို… လက်မခံခဲ့ပါဘူး… အဲ့ဒီတော့  အိမ်တိုင်းလိုလိုမှာ… ပြောင်းအပို တွေ… ဒင် အဟောင်း… အပိုတွေရှိနေခဲ့ပါတယ်… သေနတ်တလက်ကို အပေါ်ယံပြင်ဆင်တဲ့ ပစ္စည်းတွေ လဲရှိနေကြပါတယ်….

    ဒါတွေကို ရေးပြနေတာက…ရပ်ကွက်ရဲ့ အခြေခံကိုမသိ… သမိုင်းကြောင်းကို မသိဘဲ… ဖွတဲ့သူက…  မဖွယ်မရာရည်ရွယ်ချက်နဲ့ ဖွလိုက်တာနဲ့… ဘုမသိ… ဘမသိ…ဟာ… သေနတ်ဒင်တွေတွေ့တယ်…  ပြောင်းအပိုတွေတွေ့တယ်… လက်နက်ပြင်တဲ့ ပစ္စည်းတွေ…တွေ့တယ်…ဆိုပြီး… လန့်ဖြန့်… အစိုးရိမ်ပို နေကြတာတွေ့ရလို့… ရှင်းရှင်းလင်းလင်း သိသွားအောင်…ရေးပြလိုက်တာပါ…

    ခက်တာက…မြန်မာနိုင်ငံမှာ… ဘယ်လူမျိုးတွေ… ဘယ်ဘာသာဝင်တွေဟာ… သမိုင်းစဉ်တလျောက်… ဘယ်လိုနေခဲ့ကြတယ်ဆိုတာကို… မသိ… တနေ့မနေ့ကမှ… လူလားမြောက်လာပြီး… ဘာသာရေးပညာလေးသင်ယူ ပေါက်မြောက်ခဲ့လို့…မြို့ပေါ်တက်…ကျောင်းထိုင်ရတာ… ပေါ်ပြူလာဖြစ်လာတာလေးတခုနဲ့…  မြန်မာတနိုင်ငံလုံး… ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ…တသက်လုံးနေခဲ့တယ်လို့ အထင်ရောက်နေတဲ့…. .. မန္တလေးတမြို့လုံးက ကုလားတွေ… စားစရာမရှိအောင်.. လုပ်ပြမယ်…နေစရာမရှိအောင်..လုပ်ပြမယ် လို့…ကျွေးကြော်ထားတဲ့…ဦးဝီရသူလို…သံဃာ အတုအယောင်က…ပါးစပ်ထဲလာရာ စကားလုံးတွေနဲ့… တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့ကြံစည်နေတာကို… လူအများစုက… အဟုတ်အမှန်ထင်နေတာက ပြသနာဖြစ်နေတာပါ….

    ဦးဝီရသူဟာ…မန္တလေးမြို့ကို…ဖျက်ဆီးဖို့…မန္တလေးမြို့ကို…မီးလောင်တိုက်သွင်းဖို့…နေ့စဉ်နဲ့အမျှ…ဥာဏ်နီ…ဥာဏ်နက်မျိုးစုံ ထုတ်ပြီး… လုပ်ကြံသတင်းတွေလွှင့်ထုတ် ကြံစည်နေတာပါ…

    ဒါကို…မြန်မာနိုင်ငံကို အမှန်တကယ် ချစ်သူများ…မန္တလေးမြို့ကို ချစ်မြတ်နိုးသူများက…အသိတရားရှိရှိ နဲ့… အဖျက်စကားတွေကို နားမယောင်ကြဘဲ… သတိရှိရှိနဲ့…ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့် ပါတယ်…

    တောင်ဘလူ အရပ်သားများအနေနှင့်လည်း….အထူးသတိပြုနေထိုင်သင့်ပါတယ်… မနှစ်က ဦးဝီရသူရဲ့ စနက်ကြောင့်…တောင်ဘလူ အရပ်သား…ကိုစိုးမင်းထွေး… အသက်ဆုံးရှုံးခဲ့ရတယ်… ဒီနှစ်…ရပ်ကွက် ကို နာမည်ဖျက်ပြီး… အကြမ်းဖက်တိုက်ခိုက်ဖို့… အလှုံ့ဆော်ခံခဲ့ရတာကို…ပေါ့ပေါ့လေး မနေကြဘဲ… မိမိတို့နဲ့ ပတ်သက်ရာ…ရဟန်းရှင်လူများအပါအဝင်… ဆရာတော်ကြီးများ… နိုင်ငံတော် အစိုးရအဖွဲ့ဝင် များကို…ဆက်သွယ်ရှင်းပြ… အကူအညီတောင်းခံပြီး…ဦးဝီရသူရဲ့ အဖျက်အန္တရာယ်မှ…ကင်းဝေး အောင်…အမြန်ဆုံး အကာအကွယ်တောင်းခံသင့်ပါကြောင်း…တင်ပြလိုက်ရပါတယ်…

    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • “အရိုင်း”နှင့် “အယဉ်” (အပိုင်း-၂) လူကုန်ကူးနှင့် ကျွန်ပြုခိုင်းစေ ခံနေရသော မြန်မာများ

    “အရိုင်း”နှင့် “အယဉ်” (အပိုင်း-၂) လူကုန်ကူးနှင့် ကျွန်ပြုခိုင်းစေ ခံနေရသော မြန်မာများ

    ဇွန် ၂၉၊ ၂၀၁၅
    M-Media
    “မေတ္တာရှင်” ရေးသည်။

    အပိုင်း(၁) ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/42481

    9418420239_8daae5a77b_z

    နိုင်ငံရပ်ခြားမှာ မြန်မာအချင်းချင်း “ရွှေ” တဲ့၊ “ရွှေ”မြန်မာတဲ့ ခေါ်ကြတယ်။
    တကယ်တမ်းမှာ ပကတိရွှေ စစ်စစ်လို့ ဂုဏ်ယူနိုင်လို့လား။
    လက်မထောင် မော်ကြွားနိုင်လို့လား။
    ကျွန်ပြုခိုင်းစေခံနေရသော ဘဝမှာ နွံနစ်ကုန်ကြတာတွေ ဟိုးလေးတကျော် ဖြစ်နေပြီ။
    သာကီသွေးတို့ ဒီအရေးကိုရော တွေးထားဦး။
    အဓိက တွေးထားအုံး။
    အဓိက ဘာလုပ်ရမှာလဲ။
    သာမညတွေကို ဘေးချိတ်လိုက်ရတော့မှာပဲ။ ကမ္ဘာမှာ “ဗမာဟေ့” လို့ရင်ကော့ပြီး ဘာများပြောနိုင်တာရှိပြီတုံး။

    ဒီကနေ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ ဘဝက တက်လှမ်းနေရချိန်ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအား ခွဲခြား ဆက်ဆံခံရမှုက လွတ်မြောက်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် တည်ဆောက်ရေးကို မဖြစ်မနေ ကြိုးပမ်းသွားရဦးမည် ဖြစ်ပါတယ်။ အမျိုးသား များနှင့် တန်းတူအခွင့်အရေးရ ရှိရေး ကို ဆက်စပ်ကြိုးပမ်းသွားဖို့ ဖြစ်ပါတယ်။ ဒီကနေ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု၊ လူကုန်ကူးခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုများကို ကာကွယ်တိုက်ဖျက်သွားဖို့ လိုပါတယ်။ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုကို ကမ္ဘာနဲ့ချီကြည့်ရင် စိုးရိမ်စရာဖြစ်နေပါတယ်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု အဓိကဖြစ်ပွားစေတဲ့ အကြောင်းများ ကိုလည်း အခုလိုလေ့လာတွေ့ရှိရပါတယ်။

    (၁) အလုပ်အကိုင်သစ်ရှာဖွေရာမှ လှည့်စားခံရခြင်း
    (၂) သဘာဝဘေး အန္တရာယ်ကြောင့် အလုပ်ကိုင်သစ်များ ရှာဖွေရာမှ လူကုန်ကူးခံရခြင်း
    (၃) မိဘအိမ်ထောင်ရေးပြိုကွဲသူများ စိတ်လေလွင့်ရာမှာ လူကုန်ကူးခံရခြင်း
    (၄) လိမ်လည်လက်ထပ်၍ လူကုန်ကူးခံရခြင်း
    (၅) ပညာအခြေခံနည်းပါးသူနှင့် ဗဟုသုတနည်းပါးသူတို့ လူကုန်ကူးခံရခြင်း
    (၆) ကျေးလက်ဒေသများမှ လှည့်စား၍ လူကုန်ကူးခံရခြင်း
    (၇) မူလ လူကုန်ကူးခံရသူမှ လူကုန်ကူးသူအဖြစ်ပြောင်းလဲကာ နေရာဟောင်းတွင် ရှိသူများကို စည်းရုံး၍ လူကုန်ကူးခြင်း
    (၈) နိုင်ငံရပ်ခြားတွင် တရားမဝင် သွားရောက် အလုပ်လုပ်ရာမှ လူကုန်ကူးခံရခြင်း
    (၉) လူကုန်ကူးသူတို့၏ နည်းလမ်းသစ်များဖြင့် လူကုန်ကူးခံရခြင်း၊ နယ်စပ်ရှိ အနှိပ်ခန်းအလှပြင်ဆိုင် သီဆိုဖျော်ဖြေရေး လုပ်ငန်းမှ မိန်းကလေးများ လူကုန်ကူးခံရခြင်း
    (၁၀) ကလေးသူငယ်များအား လှည့်ဖြား၍ လူကုန်ကူးခံရခြင်း
    (၁၁) ကလေးသူငယ်များအား မွေးစားရန် စည်းရုံးခေါ်ဆောင်၍ လူကုန်ကူးခြင်း
    (၁၂) မလေးရှားမှ ပြည်နှင်ခံရသူများ မြန်မာနိုင်ငံမရောက်မီ ထိုင်းနိုင်ငံအတွင်း ရပ်တည်ရန်ခက်ခဲသည့် အခြေအနေ၌ အနိုင်အထက်ပြု၍ လူကုန်ကူးခံရခြင်း
    (၁၃) ဆင်းရဲမွဲတေမှု ထွက်ပေါက်ရှာရာမှ လူကုန်ကူးခံရခြင်းတို့ဖြစ်ပါတယ်။

    အဲဒီလို လူကုန်ကူးခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုများကို မြန်မာ အမျိုးသမီးတွေ များစွာကြုံတွေ့နေရပါသေးတယ်။ အခုလို အမျိုးသမီးများ အမျိုးသားများနဲ့ တန်းတူအခွင့်အရေး၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး ကြိုးပမ်းရာတွင် အမျိုးသမီးများဘက်ကလည်း ပြည်ပသို့ စီးပွားရေးနှင့် စားဝတ်နေရေး အခြေအနေများအရ ပြေလည် အဆင်ပြေစေရေး အတွက်သော် လည်းကောင်း၊ ပြည်ပနိုင်ငံများမှ နည်းပညာများနှင့် အတွေ့အကြုံများ ရယူလို၍သော် လည်းကောင်း စသည်ဖြင့် မည်သည့် အကြောင်းကြောင်းကြောင့် ပြည်ပသို့ သွားရောက် အလုပ်ကိုင်ရသည်ဖြစ်စေ မိမိတို့ သွားရောက်လုပ်ကိုင်မည့် လုပ်ငန်း အမျိုးအစားသည် မိမိနှင့်မိမိ မိသားစုအတွက်သော် လည်းကောင်း ဂုဏ်သိက္ခာ ကျဆင်းစေမည့် လုပ်ငန်း အမျိုးအစားများဖြစ်ပါက အဆိုပါဂုဏ်သိက္ခာကို ပြည်ပတွင် မိမိအလုပ် လုပ်ကိုင်ရာမှ ရရှိသည့် အနည်းငယ်မျှသာ ဝင်ငွေမျှဖြင့် လဲလှယ်ခြင်းဌာ မသင့်ချေ။ အကယ်၍ ထိုသို့မဟုတ်ဘဲ မိမိ၏အကျိုးစီးပွား တစ်ခုတည်းကိုသာ ရှေးရှု၍ အိမ်ရှင်နိုင်ငံသားများ ကိုယ်တိုင် မလုပ်ကိုင်သော နိမ့်ကျသည့် အိမ်အကူနှင့် ပျော်တော်ဆက် စသော အလုပ်များအား လုပ်ကိုင်မည်ဆိုပါက၊ ယင်းသို့ လုပ်ကိုင်သူများပြားလာပါက “သခင်မျိုးဟေ့ တို့ဗမာ” ဟုအတိတ်ကာလ ဟစ်ကြွေးခဲ့သော ဆောင်ပုဒ်မှာ မှေးမှိန်သွားမည်ဖြစ်ပါသည်။ သို့ဆိုရင် ဘာကြောင့်မြန်မာ အမျိုးသမီးကောင်းများ ပြည်ပမှာ အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်နေရတာလဲ အားပေးမှာလား တားဆီးမှာလား စဉ်းစား ဆုံးဖြတ်နိုင်ကြရန် ရေးသား တင်ပြလိုက်ရပါသည်။

    အသက် (၃၀) အရွယ် ကိုကျော်နိုင်သည် တစ်လလုပ်အားခ ဘတ်ငွေတစ်သောင်း ရမည်ဟုဆိုသော ထိုင်း လူကုန်ကူးသူများ၏ ကတိကိုယုံ၍ ဝန်ဆောင်ခ ဘတ်ငွေ ၂၈၀၀၀ (ကျပ်ကိုးသိန်းကျော်) ပေးဆောင်ပြီးနောက် လှေဖြင့် ၁၆ ရက်ကြာခရီးသွားရသော အင်ဒိုနီးရှားနိုင်ငံရှိ ဘန်ဂျီးနားကျွန်းပေါ်သို့ ၂၀၁၂ ဖေဖော်ဝါရီ (၁) ရက်က ရောက်ရှိ ခဲ့သူဖြစ်သည်။

    အင်ဒိုနီးရှားနိုင်ငံ ကျွန်းများပေါ်သို့ ငါးဖမ်းအလုပ်များ သွားရောက် လုပ်ကိုင်နေကြသော ကိုကျော်နိုင် အပါအဝင် မြန်မာရေ လုပ်သား (၅၃၈) ဦးသည် ထိုင်းလူကုန်ကူးသူများ၏ လူကုန်ကူးမှုခံရသောကြောင့် အဆိုပါကျွန်းများပေါ်သို့ ရောက်ရှိ သွားခြင်းဖြစ်သည်။

    နှစ်ရှည်လများပင်ပန်းကြီးစွာ ပင်လယ်ပြင်တွင် လုပ်ကိုင်ခဲ့ရသော်လည်း လုပ်အားခမရဘဲ ခေတ်သစ် ကျွန်ပြုခံရသူများ တွင် မြန်မာရေလုပ်သား (၅၃၈) ဦးအပြင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ တို့မှရေလုပ်သားများ လည်း ပါဝင်သည်။

    ကြေးစားဆန်ဆန်လူမိုက်များစောင့်ကြည့်မှုအောက် ရက်ရက်စက်စက် ခိုင်းသောကြောင့် ပင်ပင်ပန်းပန်း လုပ်ကိုင်ရပြီး လုပ်အားခ ပိုက်ဆံမရဘဲ မျှော်လင့်ချက်မဲ့ကာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည် သွားသည့် မြန်မာရေလုပ်သားများ ရှိသလို ပင်ပန်းလွန်းကာ ကျန်းမာရေး ချို့တဲ့၍ သေဆုံးသွားသည့်မြန်မာများ အပါအဝင် ရေလုပ်သားများစွာရှိကြောင်း ကိုယ်တိုင်ကြုံရခဲ့သူ ကိုမောင်စိုး ကပြောပြသည်။

    ယင်းကဲ့သို့သေဆုံး၍ မြက်ရိုင်းပင်ရှည်များ တောနွယ်များကြားတွင် အလောင်းမြှပ်ထားရာ မြေပုံ ၆၀ ထက်မနည်း ရှိနေသော သချိင်္ုင်းတစ်ခုရှိနေပြီး သစ်သား ပျဉ်ချပ်ပြားပေါ်တွင် သေဆုံးသူ၏နာမည်များကို သပ်သပ်ရပ်ရပ် ရေးထိုး ထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ ယခင်ကဆိုလျှင် သဘောင်္များပေါ်ရှိ ကြီးကြပ်သူများသည် အလောင်းများကို ငါးမန်းကိုက်ဖြတ်ဝါးမျိုရန် ပင်လယ်ထဲ ကန်ချခဲ့ကြောင်း ကျေးကျွန်ဟောင်း တစ်ဦးဖြစ်သူ လှဖြိုးက အေပီသတင်းဌာန အားပြောသည်။

    ရေလုပ်သားများအကြောင်းကို အေပီသတင်းဌာနက ၂၀၁၄ တွင်စုံစမ်းထောက်လှမ်းခဲ့ပြီး ၂၀၁၅ မတ်လ ၂၆ ရက်က ဖော်ထုတ် လိုက်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးက အာရုံစိုက်မိသွားပြီး သက်ဆိုင်ရာနိုင်ငံ အစိုးရများ သိရှိကာ လုပ်သားများကို ချက်ချင်းကယ်တင်မှုများပြုလုပ်၍ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

    ထိုင်းကနေ လှေနဲ့စထွက်တော့ လမ်းမှာ ၁၆ ရက်ကြာတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနေခရိုင် ချူဖောင်းမြို့ အနီး ဘန်နာ့ကျေးရွာတောထဲ၌ (၃) ရက်ခန့် အစာရေပြတ်လပ်နေသည့် ရွေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား (၇၀) ကျော် ကို မေလ ၈ ရက်နှင့် ၉ ရက်တို့တွင် အဆိုပါနားရွာများမှ ထိုင်းအာဏာပိုင်များသို့ အကြောင်းကြားသဖြင့် ၎င်းတို့မှ ကယ်တင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

    ထို့နည်းတူ အဆိုပါချူဖောင်းတော် အတွင်း စွန့်ပစ်ခံရသည့် မြန်မာနိုင်ငံသား ၁၅၀ ခန့်ကျန်ရှိနေသေးကြောင်း အဆိုပါရွေ့ပြောင်း လုပ်သားများ၏ ထွက်ချက်တွင်ပြောကြားထားသကဲ့သို့ လူမှောင်ခိုပွဲစားများ ထွက်ပြေးရာတွင် အမျိုးသမီး တစ်ဦးနှင့် အသက်ခုနှစ်လအရွယ် ကလေးငယ်တစ်ဦးတို့ကို ဓားစားခံအဖြစ် ခေါ်ဆောင် သွားခဲ့ကြောင်းကိုလည်း ထွက်ဆိုထားပြီး အဆိုပါသားအမိနှစ်ဦးနှင့် ပတ်သက်၍ မေ ၁၃ ရက်တိုင် သတင်းတစ်စုံ တစ်ရာမကြားရသေးချေ။

    ယင်းအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းမြို့နယ် မာရမ်းကျေးရွာ အနီးတွင် တရားမဝင် လူမှောင်ခို ပို့ဆောင်မည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ခန့် လူမှောင်ခိုပွဲစားများမှ ထိန်းထားကြောင်း ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များမှ ဆိုထားသည်။

    အဆိုပါဖြစ်ရပ်နည်းတူ လူကုန်ကူးမှုဖြစ်ရပ်များ၊ လူမှောင်ခို ပို့ဆောင်သည့်ဖြစ်ရပ်များ၊ လူမှောင်ခိုပို့ဆောင်ပြီး သက်ဆိုင်ရာအာဏာပိုင်များ၏ ဖမ်းဆီးမှုများကြောင့် တော၊ ပင်လယ်အတွင်း စွန့်ပစ်မှုများ၊ သတ်ပစ်ခဲ့မှုများနှင့် ဓားစားခံအဖြစ် ခေါ်ဆောင်သွားခြင်းများအစရှိသည်တို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်တွင် လူကုန်ကူးသူများ မြှပ်နှံထားသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလောင်းများတွေ့ပြီး နောက်ဆက် တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

    ဆက်လက်ဖော်ပြပါမည်။

  • အရိုးတွန်မဲ့ ဧရာဝတီ

    အရိုးတွန်မဲ့ ဧရာဝတီ

    ဇွန် ၂၉ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။

    800px-Irrawaddy-River-Myanmar-Burma-2005

    အာဒမ်ဟာ လူသားမျိုးနွယ်ဆက်တွေ ပေါက်ဖွားရှင်သန်ဖို့အတွက် လိုအပ်နေတဲ့ လူသားမိန်းမ တစ်ယောက်ရရှိနိုင်ရန် ဘုရားသခင်ထံ သူ၏နံရိုးတစ်ချောင်းကို ထုတ်နှုတ်ပြီးပေးအပ်ခဲ့သလို ဧရာဝတီကလဲ လူသားမျိုးနွယ်ဆက်တွေ အသက်ရှင်ရပ်တည်နိုင်စေဖို့ရာ သူရဲ့နံရိုးတွေ၊ သူ့ရဲ့သွေးကြောတွေကို ဖြန့်ခင်းပြီး မြို့ ရွာတွေ တည်စေခဲ့ပါတယ်။

    ကျွန်မတို့မြို့လေးကလဲ ဧရာဝတီရဲ့ နံရိုးတစ်ချောင်းနဲ့ တည်ဆောက်ပေးထားတဲ့ မြို့လေးတစ်မြို့ပါ။ ကျွန်မကအမေ့ရဲ့ဇာတိဖြစ်တဲ့ ရန်ကုန်မြို့မှာ မွေးဖွားပြီး ရန်ကုန်မြို့မှာ ချက်မြှပ်ခဲ့ပေမယ့် အဖေရဲ့ဇာတိဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းနံဘေးကမြို့ကလေးမှာ ကြီးပြင်းလာ ခဲ့ရသူပါ။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ ကျွန်မရဲ့မြို့ကလေးမှာ ရှိကြတဲ့လူတွေဟာ အရင့်အရင်ကရော အခုပါ ဧရာဝတီကပေးအပ်တဲ့ ရေချိုတွေကို မြိန်ရေယှက်ရေ အားပါးတရ သုံးစွဲခဲ့ကြရင်းနဲ့ မွေးဖွား ရှင်သန်ကြီးပြင်းသေဆုံးနေကြရ၊ နေကြဆဲ၊ နေကြမှာပါ။

    လူ့ပြည်လူ့ရွာ လူ့လောကကြီးထဲမှာ ယေဘုယျအားဖြင့် လူတန်းစားသုံးရပ်ရှိတယ်လို့ ဆိုချင်ပါတယ်။ ဘာတွေလဲဆိုတော့ အထက်လွှာ လူတန်းစား၊ အလယ်အလတ်တန်းစားနဲ့ အောက်အလွှာအောက်ခြေ လူတန်းစားရယ်လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ အဲဒါကလည်း လူတွေကြားမှာ လူကိုလူခြင်းသာ အဲသလို အလွှာ၊ အဆင့်တွေ ခွဲခြားသတ်မှတ်ပြီး ခွဲခြားလို့ဆက်ဆံကြပါသော်လည်းပဲ ကျွန်မတို့ ချစ်တဲ့မြစ်ကြီး ဧရာဝတီကတော့ဖြင့် ဘယ်သောအခါမှ လူတန်းစား မခွဲခြားခဲ့ပါ။ အယုတ်၊ အလတ်၊ အမြတ်၊ အသားအရောင်၊ လူမျိုးဘာသာ ဘယ်လိုအရာကိုမှ မခွဲခြားဘဲ သူ့ရင်ဘတ်ထဲက ဘယ်လိုသယံဇာတ၊ ဘယ်လိုလိုအပ်ချက်မျိုးတွေကိုမဆို ထုတ်ယူအသုံးချ သုံးစွဲခွင့် ပြုခဲ့တာပါပဲ။

    ayeyarwaddy-river1

    ဧရာဝတီရဲ့မြစ်ကမ်း နံဘေးမှာ တံငါလှေလေးတွေရှိတယ်။ စက်တပ်ကူးတို့လှေကလေးတွေရှိတယ်။ သဘောင်္ကြီးငယ်တွေ ရှိတယ်။ ရေချိုးဆိပ်တွေမှာ ရေချိုးနေ၊ ရေကူးဆော့ကစားနေကြတဲ့ အရွယ်စုံတွေရှိတယ်။ အဝတ်လျှော်ဖွတ်ရင်း တီးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စကားတင်းဆိုနေကြတဲ့ မိန်းမကြီးငယ် အရွယ်စုံရှိတယ်။ အမျိုးသား အမျိုးသမီး ကလေးသူငယ် အစရှိသဖြင့် အရွယ်စုံအရောင်စုံ လူမျိုးစုံဟာ ဧရာဝတီကို အမှီပြုပြီး မိမိအလိုရှိသလို အသုံးချနေလေ့ရှိကြပါတယ်။

    ကျွန်မလဲ ငယ်စဉ်အခါက ကျောင်းပိတ်ရက်လိုနေ့မျိုးတွေမှာ လူကြီးသူမများနဲ့ ဧရာဝတီရဲ့ ရေချိုးဆိပ်မှာ ရေလိုက် ချိုးခွင့်၊ ရေဆော့ ကစားခွင့်ကို ရံဖန်ရံခါ ရတတ်ပါတယ်။ နေ့စဉ်နေ့တိုင်းဖြင့် လိုက်ပါ ရေချိုးခွင့်မရခဲ့ပါ။ ဒါကလည်း အကြောင်းရှိပါတယ်။ အဲဒီအချိန်က ဧရာဝတီမြစ်ကြီးဟာ ကျယ်ပြောပြန့်ပြူးနေဆဲ မဟုတ်ပါလား။ ကျယ်ပြောလှတဲ့ဧရာဝတီ မြစ်ရေအလျဉ်ထဲမှာ မတော်တဆ အန္တရယ်ဖြစ်မှာ စိုးရိမ်ခဲ့တဲ့အမေ့ရဲ့ သတ်မှတ်ချက်နဲ့ ချမှတ်ထားတဲ့စည်းမျဉ်းတစ်ခုပေါ့။ အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်တဲ့ အချိန်အခါဖြစ်ပြီမို့ အမေ့ရဲ့စိုးရိမ်စိတ်တွေ အနည်းငယ်လျော့ပါးလာခဲ့ပါတယ်။ ဒါကြောင့်မို့လဲ ကျွန်မတို့ ညီအစ်မတစ်တွေဟာ ဧရာဝတီရဲ့ ရေချိုးဆိပ်မှာ နေ့စဉ်နီးပါး အဝတ်လျှော်ဖွတ်ကြ၊ ရေချိုးကြ၊ ညချမ်းချိန်မှာ ရေအိုးလေးတွေ ကိုယ်စီနဲ့ ရေခပ်ဆင်းကြနဲ့ အေးမြပြီး သန့်စင်နေတဲ့ ဧရာဝတီမြစ်ကြီးထဲက ရေတွေကို အရသာရှိရှိ မြိန်ရေယှက်ရေ ပြည့်ပြည့်ဝဝ ခံစားသုံးဆောင်ခဲ့ကြရပါတယ်။

    ဧရာဝတီရဲ့ညနေခင်းအလှဟာ တကယ့်ကို လက်ရာမြောက် သဘာဝပန်းချီကား တစ်ချပ်ပါ။ အနောက်ကျွန်းကို ယွန်းတော့မယ့် နေလုံးနီနီကို နောက်ခံပြုပြီး ငြိမ့်ညောင်းသာယာစွာ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ပုံရိပ်ဟာ ဘယ်တော့မှမေ့လို့မရ ဖျောက်လို့ မရနိုင်တဲ့ အတိတ်ကပန်းချီကားတစ်ချပ်ပါပဲ။ တစ်ခါတစ်ခါ ဖြတ်သန်းခုတ်မောင်းသွားတတ်တဲ့ ကူးတို့သဘောင်္တွေ ကုန်တင် သဘောင်္တွေကြောင့် ကမ်းကိုပြေးပြေးဆောင့်တဲ့ လှိုင်းလုံးတွေထဲမှာ ရေကူးရင်းဆော့ ကစားခဲ့ကြရတာဟာလည်း လွတ်လပ်ပျော်ရွှင်ဖွယ်ရာ လူ့ဘဝရဲ့ ကြည်နှုးမှု ရသာတစ်ခုပါ။ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ လှဲလျောင်းပြီး သဘာဝအရသာတွေနဲ့ အတူတူ မြစ်ရေထဲမှာ ရေချိုးဆော့ကစားနေကြတဲ့ မိန်းကလေးတွေရဲ့ ပကတိအလှတရားတွေကို ခံစားသုံးဆောင်ရင်း ဧရာဝတီရဲ့ ညနေခင်းအလှထဲမှာ စီးမျောပျော်ဝင်နေကြတဲ့ အမျိုးသားကြီးငယ်အုပ်စုတွေကလဲ ဟိုတစ်စု သည်တစ်စုပေါ့။

    Irrawaddyrivermapအဲဒီအချိန်အခါတွေတုန်းကဆိုရရင် လောကကြီးအတွင်းမှာရှိတဲ့ စောင့်အပ်သောစည်း တားဆီးထားအပ်သောဘောင်တွေကို အလွယ်တကူနဲ့ ချိုးဖောက် ဖျက်ဆီးဖြစ်ကြဖို့ စိတ်ရိုင်း စိတ်မိုက်တွေဟာ လူသားယောင်္ကျား မိန်းမတွေဆီကို မကူးကြသေးဘူးပေါ့။ ဧရာဝတီရဲ့ရင်ဘတ်ကြီးကလည်း ကျယ်ဝန်းပြန့်ပြူးဆဲ၊ ဧရာဝတီရဲ့ ရေအလျဉ်တွေကလဲ ကြည်လင်ရှင်းသန့်ဆဲ၊ ဧရာဝတီရဲ့ကျန်းမာရေး အခြေအနေကလည်း ဘာတစ်ခုမှ ပျက်ဆီးယိုယွင်းမှုမရှိတဲ့ ကာလတစ်ခုလို့ ဆိုပါရစေ။ ကောင်းမွန် လန်းဆန်းတက်ကြွနေတဲ့ ဧရာဝတီရဲ့မြစ်ကမ်းနဘေးမှာ မှီတင်းနေထိုင်ကြတဲ့ လူသားများရဲ့ စိတ်ဓာတ်များဟာလည်း သန့်စင်မွန်မြတ်နေကြဆဲ ကာလလေးပဲပေါ့။

    အဲသည်လိုနဲ့ ကာလယန္တယားကြီးရဲ့ အဆက်မပြတ် လည်ပတ်မှုနောက်မှာ လိုက်ပါမျောရင်း ကျွန်မရဲ့ဘဝ အဆစ်အချိုးများရဲ့နောက်ပိုင်း မှာ ဧရာဝတီနဲ့ တစ်ဖြေးဖြေးဝေးဝေးပြီး လာခဲ့ပါတယ်။ ကျွန်မနဲ့ ဧရာဝတီနဲ့ဝေးကွာခဲ့ကြတဲ့ အချိန်တွေထဲမှာ အဝေးကနေ အမြဲလိုလိုကြားသိရတဲ့ ဧရာဝတီရဲ့သတင်းတွေနဲ့ ဧရာဝတီရဲ့ကျန်မာရေး အသက်ရှင်ရပ်တည်ရေး အခြေအနေအကြောင်းအရပ်တွေဟာ ကျွန်မရင်ကို နုံးချိစေခဲ့ရပါတယ်။ တစ်စတစ်စ ယုတ်လျော့နေပြီဖြစ်တဲ့ ဧရာဝတီရဲ့ အင်အားတွေနဲ့ အရေးနိမ့်ပြီဖြစ်နေတဲ့ ဧရာဝတီရဲ့ဘဝကုသိုလ်ကံကိုး။ ဘယ်လိုများ ကျားကန်ကြမှာပါလိမ့်လို့လဲ။ ကျွန်မ အမြဲလိုလိုတွေး ဖြစ်မိနေခဲ့တယ်။ ဧရာဝတီဟာ ငွေရှင်ကြေးရှင် ဓနရှင်တွေ မသမာသူ လောဘသားတွေရဲ့ အသုံးချမှုအောက်မှာ။ အသက်ကိုမနည်းဝအောင် ရှုနေရပါပေါ့လား။ သူ့ရဲ့နံရိုးတွေ၊ သူရဲ့အသက်သွေးကြောတွေနဲ့ တည်ဆောက်ထားတဲ့ မြို့တွေရွာတွေအတွက် သူရဲ့ပေးဆပ်နိုင်စွမ်းရှိသလောက် ခုထိပေးဆပ်နေရင်းက ဧရာဝတီဟာ သူ့တစ်ကိုယ်လုံး အရိုးပြိုင်းပြိုင်းကျနေပါရော့လား။

    ကျွန်မတို့ချစ်မြတ်နိုးအားကိုးရတဲ့ ဧရာဝတီဟာ ခုထက်ထိစိတ်မအေးနိုင်သေးပေမယ့်လည်း တွန်းနေတဲ့ သဲသောင်ပြင်တွေကြားမှာ ဘေးကြပ် နံကြပ်နဲ့ ဆက်လက် စီးဆင်းရင်း သူ့ကိုမှီခို အားထားနေကြရတဲ့ လူသားတွေအတွက် အရိုးတွန်နေဦးမှာတော့ အသေအချာပါပဲ။

    သက်ဝေနှင်း

  • မြန်မာပြည် ပြန်ပို့မှာ ကြောက်ရွံ့နေကြတဲ့ ထိုင်းနယ်စပ်က လူနည်းစု ဒုက္ခသည်များ

    မြန်မာပြည် ပြန်ပို့မှာ ကြောက်ရွံ့နေကြတဲ့ ထိုင်းနယ်စပ်က လူနည်းစု ဒုက္ခသည်များ

    ဇွန် ၂၇ ၊ ၂၀၁၅
    M-Media
    44562cac978642e89bc0f67ca4650d4f_18
    – ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိနေထိုင်နေသော ဒုက္ခသည် ၁၃၀၀၀ ကျော်ကို မူရင်းနိုင်ငံသို့ အလျင်စလိုပြန်ပို့ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လူနည်းစု ကရင် လူမျိုးများကို ကိုယ်စားပြုနေသည့် ကရင်အမျိုးသမီးအဖွဲ့ KWO က သတိပေးပြောကြားလိုက်သည်။

    ကမ္ဘာ့ဒုက္ခသည်များနေ့နှင့် တိုက်ဆိုင်စွာ စနေနေ့ (ဇွန်လ ၁၉ ရက်နေ့က) ထုတ်ပြန်သည့် ၎င်းတို့၏ကြေညာချက်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခနှင့် မြန်မာအစိုးအပေါ် ဒုက္ခသည်များ၏ မယုံကြည်မှုတို့က နေရပ်ပြန့်ပို့ရန် စီစဉ်မှုကို ဆန့်ကျင်သည့် အကြောင်းအရင်းများအဖြစ် ထောက်ပြခဲ့သည်။

    “ကနီဦးအနေနဲ့ ဒုက္ခသည်တွေ နေရပ်စွန့်ခွာရတဲ့ အခြေအနေတွေကို မဖြေရှင်းရသေးပါဘူး။ အပစ်ရပ်ထားတဲ့ ဒေသတွေမှာလည်း  (မြန်မာ)စစ်တပ်က စစ်သားတွေ၊ စစ်လက်နက်တွေ တိုးမြှင့်ချထားလာတာဟာ ပဋိပက္ခကိုကြောက်ရွံ့မှု အောက်မှာ နေထိုင်နေ ရသူတွေရဲ့ ဘ၀တွေကို ခြိမ်းခြောက်နေပါတယ်” ဟု KWO ၏ အဆိုပါကြေညာချက်တွင် ထည့်သွင်းပြောထားသည်။

    မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က အမည်ခံ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အများစုမှာ အပစ်ရပ်ရေး လတ်မှတ်ရေးထိုးခဲ့ကြသည်။

    သို့သော်လည်း အဆိုပါလက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်တို့အကြား ဆိုးရွားသည့် ထိပ်တိုက်တွေ့ဆုံမှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ဒုက္ခသည်များ ၀င်ရောက်လာမှုမှာလည်း ရပ်တန့်သွားခြင်း မရှိခဲ့ပေ။

    “ဒီ လက်ရှိအခြေအနေတွေအောက်မှာ အလောတကြီး နေရပ်ပြန်ပို့တာဟာ မြန်မာ(Burma)စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံစားခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် ထိခိုက်ခံစားရမှုဆီကို ဦးတည်သွားပါလိမ့်မယ်” ဟု ယခင်က အသုံးပြုခဲ့သည့် မြန်မာနိုင်ငံ၏ အမည်ကို ရည်ညွှန်း၍ KWO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    နေရပ်ပြန်ပို့ရေး ကြောက်ရွံ့မှု

    ယခုနှစ်အစောပိုင်းက ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် UNHCR မှ ဒုက္ခသည် စီစစ်အတည်ပြုရေး လုပ်ငန်စဉ်တစ်ခုကို လုပ်ကိုင်ခဲ့သည်။ စခန်းများတွင် ရှိနေကြသူများ၏ အရေအတွက်ကို သိရှိစေရန် နေထိုင်သူအားလုံး၏ လက်ဗွေရာများ၊ ဓာတ်ပုံများကို စစ်တမ်းကောက်ယူခဲ့ပြီး နေထိုင်သူများက နေရပ်ပြန်ပို့ရေး ဖြစ်လာတော့မည်လားဆိုသည့် စိုးရိမ်စိတ်များလည်း မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်နှစ်မေလ ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးကတည်းက ထိုင်းစစ်အစိုးရမှာ ဒုက္ခသည်စခန်းများအပေါ် ထိန်းချုပ်မှုများ တင်းကျပ်လာခဲ့ပြီး ဒုက္ခသည်များ၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်မှုများ ရှိလာခဲ့သည်။

    ထိုင်းစစ်တပ် တာဝန်ရှိသူများကမူ ဒုက္ခသည်စခန်း ၉ ခုစလုံးအား ပိတ်ပစ်မည်ဟု ထပ်ခါတလဲလဲ ပြောကြားလာကြသည်။ ထိုစခန်းများထဲမှ အချို့မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်နေပြီဖြစ်သည်။

    ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Weerachon Sukondhadpatipak က ၎င်းအနေဖြင့် ဒုက္ခသည်များ နေပြန်ရေးအတွက် အချိန်သတ်မှတ်ရန် ဂရုမထားသော်လည်း အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများအား ပိတ်ပစ်ရန် စိတ်အားထက်သန်နေသည်ဟု ဆိုသည်။

    “တကယ်လို့ စီစစ်ရေးလုပ်ငန်းစဉ်နဲ့ နေရပ်ပြန်ပို့ရေးကို တတ်နိုင်သလောက် မြန်မြန်လုပ်နိုင်လေ ထိုင်းနိုင်ငံအတွက် ပိုကောင်းလေပါပဲ။ တစ်ချိန်တည်းမှာပဲ အကန့်အသတ်ရှိတာတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြီးတော့ မြန်မာအာဏာပိုင်တွေကိုလည်း ကျွန်တော့် အလေးထားပါတယ်။ (ဒုက္ခသည်တွေရဲ့) လူ့အခွင့်အရေးကို ကျွန်တော်တို့ ဂရုစိုက်ပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ ကောင်းမွန် မျှတအောင် ဆောင်ရွက်သွားမှာပါ” ဟု Weerachon က ပြောကြားခဲ့သည်။

    မြန်မာအစိုးရနှင့် တိုင်းရင်းသားအုပ်စုများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေသည့်အချိန်တွင် မြန်မာစစ်တပ်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်အသစ်များကို ပြီးခဲ့သည့်နှစ်များတွင် မြင်လာရသည်။

    KWO ၏ အဆိုအရ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပါအ၀င် မြန်မာစစ်တပ်က ကျူးလွန်သော  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အကြိမ် ၁၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။ ထိုကျူးလွန်သူများထဲတွင် မည်သူမှ တရားဥပဒေရှေ့မှောက်သို့ ရောက်မလာခဲ့။

    ထိုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ချေ။

    သွားစရာမြေမရှိ

    လူပေါင်း ၄ သောင်းကျော် နေထိုင်နေသည့် ထိုင်းနိုင်ငံရှိ အကြီးဆုံး ဒုက္ခသည်စခန်း မဲလာတွင် ကျောင်းသား ၂၀၀၀ခန့်မှာ ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဆင်နွှဲရန် ပြီးခဲ့သည့် သောကြာနေ့က စုရုံးခဲ့ကြသည်။ အနီးအနားတွင် တိုင်းရင်းသားအဖွဲ့များက စခန်းအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး ၁၃ မျိုး၏ အစားအသောက်များကို ကျွေးမွေးဧည့်ခံနေကြသည်။

    ထိုအခမ်းအနားများတွင် ၁၀ စုနှစ်တစ်ခုကျော်ကြာ စခန်းတွင် နေထိုင်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် ဘရိုင်ယန် တာဝမ်လည်း ပါဝည်သည်။ တာဝမ်က သူနှင့် သူ၏ မိသားစုမှာ ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် ၄ ခု တို့အကြား ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့မပြန်ချင်ဟု ပြောကြားခဲ့သည်။

    “အခုအချိန်မှာ အခြားနိုင်ငံကလူတွေ ကျွန်တော်တို့အကြောင်းပြောကြတဲ့အခါ၊ နေရပ်ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခုကြားရတဲ့အခါ ပြည်သူအားလုံးက ဒါဟာ ကြောက်ရွံ့မှုလို့ ခံစားရပါတယ်” ဟု တာဝမ်က ဆိုသည်။ အမေရိကန်ပြည်ထောင်စု ဆော့တ်လိတ်မြို့တွင် နေရာချထားပေးခြင်း ခံရသည့် မြေးဖြစ်သူများနှင့် နောက်ဆုံးတွင် သွားရောက်နေထိုင်နိုင်ရန် သူက မျှော်လင့်နေသည်။

    အသက် ၅၈ နှစ်အရွယ် ပီယောကမူ စိုးရိမ်မှု ကြီးကြီးမားမားရှိနေပြီး မြန်မာစစ်တပ်ကိုလည်း ကြောက်ရွံ့နေသည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်က သူမ ညဘက်ဖားရိုက်သွားနေစဉ် ခင်ပွန်းဖြစ်သူမှာ မြန်မာစစ်တပ်၏ ပစ်သတ်ခြင်းကို ခံခဲ့ရပြီးနောက် ကလေးများနှင့်အတူ ကရင်ပြည်နယ်မှ ထွက်ပြေးလာခြင်းဖြစ်သည်။

    “ကျွန်မ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ သေတဲ့အထိ ဒုက္ခသည်စခန်းမှာပဲ ကျွန်မ နေသွားမှာပါ။ တကယ်လို့ ကျွန်မပြန်ရင် ကျွန်မမှာ အိမ်မရှိဘူး။ မိသားစုမရှိဘူး။ ပြီးတော့ ကျွန်မ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပီယောက ပြောကြားခဲ့သည်။

    သို့သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိ ဟေဆိုသာကို က တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်ချင်နေသည်။

    “နောက်မျိုးဆက်ဟာ ဒုက္ခသည်စခန်းမှာ ကြီးပြင်းတာ မကောင်းပါဘူး။ ကျွန်တော် အိမ်ပြန်ချင်ပါတယ်။ ကျွန်တော့်ကလေးတွေ ဒီမှာကြီးပြင်းတာကို ကျွန်တော် မမြင်ချင်ပါဘူး” ဟု ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သော သာကိုက ပြောကြားခဲ့သည်။

    ref: Aljazeera
    မိုးဝေ ဘာသာပြန်သည်။