News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ဂုဏ်ယူနေဦးမည် ဒွါရာဝတီ

    အောက်တိုဘာ၊ ၁၀
    M-Media
    ရေးသားပေးပို့သူ- ခင်မောင်တိုး

    KONICA MINOLTA DIGITAL CAMERA
    သံတွဲမြို့ ဆိုင်းဘုတ် (ဓာတ်ပုံ – arakantimes.net)

    ကျွန်တော်တို့လူသားများသည် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာများ မည်သို့ပင်ကွဲပြားစေကာမူ ဘုံတူညီသောအချက်မှာ မိမိတို့မွေးဖွားရာဇာတိမြေကို ချစ်မြတ်နိုးကြခြင်းဖြစ်သည်။ မိမိတို့မွေးဖွားကြီးပြင်းရာ မြို့ရွာ၊ ဒေသ၏ ရိုးရာဓလေ့စရိုက်များ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များ၊ ယဉ်ကျေးမှု အမွေအနှစ်များကို  ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ကြပါသည်။

    ဒွါရာဝတီ ဟုခေါ်တွင်သည့် ကျွန်တော်မွေးဖွားကြီးပြင်းရာ သံတွဲမြို့သည် သာမန်မြို့ငယ်လေးတစ်မြို့သာ ဖြစ်သော်လည်း ဂုဏ်ယူဖွယ်ရာများ၊ ချစ်ခင်မြတ်နိုး တန်ဖိုးထားအပ်သည့်အရာများဖြင့် ပြည့်နှက်နေပါသည်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၇)မြို့နယ်ရှိသည့်အနက် သံတွဲမြို့သည် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု အများဆုံးဒေသတစ်ခုဖြစ်သည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ကြသည့် ဂုဏ်သတင်းကြောင့် သံတွဲမြို့သည် ရခိုင်ပြည်နယ်တွင်းသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စံပြမြို့တစ်မြို့အဖြစ် လူသိများကြသည်။

    ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှ စတင်ကာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများ ပထမလှိုင်း၊ ဒုတိယလှိုင်းစသည်ဖြင့် ပေါ်ပေါက်ခဲ့သော်လည်း ယင်းအဓိကရုဏ်းများသည် သံတွဲမြို့သို့ ရိုက်ခတ်ခြင်းမရှိခဲ့ဘဲ၊ သံတွဲမြို့ကိုကျော်လွန်ကာ မြန်မာပြည်အတွင်းပိုင်း အထင်ကရမြို့ကြီးများဆီသို့သာ ကူးစက်ပြန့်နှံ့ခဲ့ပါသည်။ အဓိကရုဏ်းဖန်တီးသူတို့၏ ကျော့ကွင်းအတွင်းသို့ အ၀င်မခံခဲ့သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများနှင့် သံတွဲမြို့သူ မြို့သားများ၏ အမြော်အမြင်ကြီးမားမှု၊ ဘာသာရေး၊လူမျိုးရေး မခွဲခြားတတ်သည့် လူမှုအဆင့်အတန်းကိုပါ ခန့်မှန်းကြည့်နိုင်ပါသည်။

    အဆိုပါ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများအား မည်သူကဖန်တီးသည်၊ မည်သည့်အတွက် ဖန်တီးသည်များကို ကျွန်တော့်အနေဖြင့် တင်ပြလိုခြင်းမရှိပါ။ သံတွဲမြို့၏ တည်ငြိမ်အေးချမ်းလှသည့် ပကတိအလှတရားများကို တိုက်ခိုက်ဖျက်ဆီးရန်အတွက် အကြမ်းဖက်သမားများသည် နည်းလမ်းပေါင်းစုံဖြင့် အကြိမ်ကြိမ် ကြိုးစားအားထုတ်ခဲ့ကြပါသည်။

    ၂၀၁၃ခု စက်တင်ဘာလ (၂၈)နေ့တွင် အကြမ်းဖက်သမားများသည် ကြိုတင်ကြံစည်ထားသည့်အတိုင်း သံတွဲမြို့၊ မြို့နယ်ခန်းမရှေ့ရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်ဇံလှ ပိုင်ဆိုင်သည့် ငပလီရောင်းဝယ်ရေးဆိုင်ရှေ့ ၀င်ပေါက်တည့်တည့်တွင် သုံးဘီးဆိုင်ကယ်ပိတ်ရပ်ရာ ဦးကျော်ဇံလှ၏ အလုပ်သမားလူငယ်များမှ လမ်းဖယ်ပေးရန်ပြောဆိုရာမှ အချင်းများကြပြီး ရဲစခန်းသို့ သာသနာ့အလံကို ဆွဲဆုတ်ဖျက်စီးသည်ဟူသော စွပ်စွဲချက်ဖြင့် သွားရောက်တိုင်တန်းခဲ့ကြသည်။ ရဲစခန်းမှ ဦးကျော်ဇံလှအပါဝင် သူ၏အလုပ်သမား ၂ဦးတို့အားဖမ်းဆီးခဲ့ကြပြီး ပြသနာဆက်လက်မပြန့်ပွားစေရန် ထိန်းသိမ်းခဲ့ပါသည်။ သို့သော် အကြမ်းဖက်သမားများသည် ယင်းကိစ္စကို အကြောင်းပြု၍ စက်တင်ဘာလ(၂၉)ရက်နေ့တွင် သံတွဲမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆရာဦးခင်မောင်(တရားလွှတ်တော်ရှေ့နေ) ပိုင်ဆိုင်သည့် ရှေးဟောင်းအိမ်ကြီးအား မီးရှို့ခဲ့ကြပါသည်။

    အကြမ်းဖက်သမားများသည် မီးရှို့အကြမ်းဖက်မှုများ မပြုလုပ်မီနာရီပိုင်းအလိုတွင် ဆရာဦးခင်မောင်သည် ဦးကျော်ဇံလှအား ထောက်ခံအားပေးသူတစ်ဦးသဖွယ် လုပ်ကြံတိုက်ခိုက်သည့် စာများအား နာမည်ကြီး ၉၆၉ဆရာတော်တစ်ပါး၏ Facebook စာမျက်နှာအပါအ၀င် အင်တာနက်လူမှု ဆက်သွယ်ရေး ကွန်ယက်များတွင် ရေးသားဖြန့်ဝေခဲ့ကြပါသည်။ သံတွဲမြို့ အစ္စလာမ်ဘာသာဝင်များအကြားတွင် အုပ်စု(၂)စုကွဲလျှက်ရှိပြီး ဦးကျော်ဇံလှမှာ ဆရာဦးခင်မောင်နှင့် ဆန့်ကျင်ဘက်အုပ်စုမှဖြစ်ပြီး မည်သည့်ဆက်စပ်ပတ်သက်မှုမှ မရှိကြောင်း သံတွဲမြို့သူမြို့သားများအားလုံး သိကြပါသည်။ သံတွဲမြို့တွင် အကြမ်းဖက်  မီးရှို့မှုများကို ဦးဆောင်သူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းလိုက်ပြီးနောက်ပိုင်းတွင်လည်း အကြမ်းဖက်သမားများ၏ Facebook စာမျက်နှာပေါ်မှ ဆရာဦးခင်မောင်အား လုပ်ကြံစွပ်စွဲထားသည့် စာများကို ဆက်လက်ရေးသားနေကြပါသည်။

    ဆရာဦးခင်မောင်သည် မိမိဘ၀တစ်ခုလုံးအား အစ္စလာမ်နှင့် အများပြည်သူကောင်းကျိုးအတွက် အချိန်ပြည့်နှစ်မြှုပ်ကာ ကိုယ်ကျိုးအတ္တမှန်သမျှကို စွန့်ခြင်းကြီးစွန့်ထားသူတစ်ဦးဖြစ်ပြီး၊ အကြမ်းဖက်သမားများ၏ ဆရာဦးခင်မောင်အပေါ် လုပ်ကြံမှုများမှာ အခြေအမြစ်မရှိသည့် ကောက်ကျစ် ယုတ်မာမှုများသာဖြစ်ကြောင်း  အကဲခတ် သိရှိနားလည်စေရန်ရည်သန်၍ ဤဆောင်းပါးအား ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

    ဆရာဦးခင်မောင်သည် အစ္စလာမ့်ဝိပဿနာ ပရမတ္တဆိုင်ရာ သူတော်စင်မျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ဖြစ်သူ ဆရာကြီးအလ်ဟဂ်ျ မောင်လာနာနေဇွာမွဒ္ဒင်န် သခင်ကြီး၏ သာသနာ့ကြိုးပမ်းမှုအမွေကို ဆက်ခံသူဖြစ်ပါသည်။ ဆရာဦးခင်မောင်၏ ဘ၀အကြောင်းကို တင်ပြရာတွင် ဖခင်ဖြစ်သူ ဆရာကြီးအကြောင်းကို တင်ပြမှသာ ပိုမိုပြည်စုံမည်ဖြစ်သဖြင့်  ဆရာကြီးမောင်လာနာနေဇွာမွဒ္ဒင်၏ အကြောင်းကို ဦးစွာတင်ပြလိုပါသည်။

    ဆရာကြီးမောင်လာနာနေဇွာမွဒ္ဒင်မှာ ဖခင်ဖြစ်သူမှာ အစ္စလာမ့်ဝိပဿနာဆရာကြီး ဦးအမီရွဒ္ဒင် ဖြစ်ပြီး မိခင်မှာ ဒေါ်ဇိုင်နဗ်ဖြစ်သည်။ ငယ်စဉ်ကတည်းက ဘီ-အို-စီ ကိုယ်စားလှယ်များဖြစ်ကြသော အထက်တန်းရှေ့နေ ဦးဘလှိုင်(မြန်မာ့လက်ရွေးစင် ဘောလုံးသမား သံခြေထောက်ဘလှိုင်)၊ မင်းကတော် ဒေါ်ညွန့်တို့မှ မွေးစားခြင်း ခံခဲ့ရသည်။ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ဆားကုန်းမြန်မာအာရဗီ သိပ္ပံကျောင်းမှ အစ္စလာမ်ဘာသာရေးပညာရှင်(မော်လ၀ီ)ဘွဲ့ကိုရရှိခဲ့သည်။ ရခိုင်တိုင်းရင်းသား မော်လ၀ီဆရာကြီးများအနက်မှ မြန်မာစကားဖြင့် အစ္စလာမ်တရားတော်များကို ဟောပြောနိုင်သည့် ပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ကျောင်းသားဘ၀တွင် သခင်ဇွာအမည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆရာချယ်၊ ဦးနေ၀င်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ဆရာကြီးသည် မော်လ၀ီဘွဲ့ကိုရရှိပြီး သံတွဲမြို့သို့ပြန်လာကာ မွေးစားမိဘများနှင့်အတူနေထိုင်ပြီး မိမိဘ၀ကို သာသနာအတွက်မြှုပ်နှံပြီး  ဘာသာရေး၊ လူမှုရေးနှင့်  လူသားအကျိုးပြုလုပ်ငန်းများကို တစ်သက်တာလုံး လုပ်ဆောင်သွားခဲ့ပါသည်။ ဆရာကြီးသည် မိမိပိုင်နေအိမ်ကို မြန်မာအာရဗီသိပ္ပံကျောင်းအဖြစ်ဖွင့်လှစ်ခဲ့ပြီး လူငယ်များအား ဘာသာရေးနှင့် ခေတ်ပညာနှစ်သွယ်ပေါင်းစပ်သင်ကြားသော နှစ်လမ်းသွားပညာရေးကို စွန့်ဦးအကောင်အထည်ဖေါ်ခဲ့သူဖြစ်ပါသည်။ ယနေ့ခေတ်တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၊ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပါဗက်ဇ်မူရှာရက်တို့မှ ဘာသာရေးနှင့် ခေတ်ပညာ ပူးတွဲသင်ကြားရန် နှိုးဆော်လာကြချိန်တွင် ဆရာကြီးသည် အမြော်အမြင်ကြီးစွာဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် (၁၉၅၁)ခုနှစ်ကတည်းက မိမိကိုယ်တိုင် အကောင်အထည်ဖေါ်ခဲ့ပါသည်။ ဆရာကြီး၏ တပည့်များတွင် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ရှေ့နေများစသည့် ဘာသာရေးနှင့်ခေတ်ပညာ စွယ်စုံတတ်သည့် နိုင်ငံအကျိုးပြု တပည့်ပေါင်းမြောက်များစွာ ပေါ်ထွန်းခဲ့ပါသည်။

    ဆရာကြီးသည် မြန်မာမွတ်ဆလင်များအား တိုင်းတစ်ပါးယဉ်ကျေးမှုသြဇာ လောင်းရိပ်မှ ကင်းလွတ်ပြီး အစ္စလာမ့်တရားစစ်၊ တရားမှန်များကိုသာ လိုက်နာကျင့်သုံးရန်၊ လူငယ်များ ခေတ်ပညာ၊ ဘာသာရေးပညာ စွယ်စုံတတ်ပြီး နှစ်ဘ၀ကောင်းစားရေးအတွက် သူတော်ကောင်းတရားပွားများသည့် လူတော်လူကောင်းများ ပေါ်လာစေရန်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်စွာ တိုင်းပြည်အကျိုး၊ လူသားထုအကျိုးသယ်ပိုးဆောင်ရွက်ရန် ရည်ရွယ်၍ ဦးတည်ကြိုးပမ်းခဲ့ပါသည်။

    ဆရာကြီး၏ မွေးစားမိဘများဖြစ်ကြသည့် ဘီ-အို-စီ ကိုယ်စားလှယ် အထက်တန်းရှေ့နေဦးဘလှိုင်၊ ဒေါ်ညွန့်တို့မှာ မျိုးရိုးစဉ်ဆက်ကြွယ်ဝချမ်းသာသူများဖြစ်သကဲ့သို့ မိမိတို့ပိုင်ဆိုင်မှုအ၀၀ကိုလည်း မိမိတို့၏ တစ်ဦးတည်းသောသားဖြစ်သူ ဆရာကြီး၏ မြင့်မြတ်သောပရဟိတလုပ်ငန်းများတွင် စိတ်ကြိုက်အသုံးပြုရန် ပေးအပ်ခဲ့ကြသဖြင့် အခြားမည်သည့် ပြည်တွင်းပြည်ပ အလှူရှင်များထံမှ ငွေကြေးများလက်ခံ သုံးစွဲခဲ့ခြင်းမရှိခဲ့ပေ။ ဆရာကြီးသည် မည်သည့် နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများတွင်မှ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘဲ မိဘများထားခဲ့သည့် ဓနအင်အား၊ မိမိ၏ ကာယ၊ ဥာဏအားတို့ကို ပေါင်းစပ်ကာ တစ်ပိုင်တစ်နိုင် ဘာသာရေး၊ လူမှုရေးစသည့် ပရဟိတလုပ်ငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်းများကို ကွယ်လွန်သည့် ၁၉၉၁ခုနှစ်တိုင်အောင် လုပ်ကိုင်ခဲ့ပါသည်။

    ဆရာဦးခင်မောင်အား ဖခင်ဖြစ်သူ အလ်ဟဂ်ျမောင်လာနာနေဇွာမွဒ္ဒင်န်နှင့် မိခင် ဟာဂျီမဒေါ်စိန်ဒွေးတို့မှ ၁၉၆၀ခုနှစ်တွင် သံတွဲမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာအာရဗီ သိပ္ပံကျောင်းဝင်းတွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို သံတွဲမြို့တွင်လည်းကောင်း၊ အဆင့်မြင့်ပညာကို စစ်တွေဒေသကောလိပ်နှင့် ရန်ကုန်တက္ကသလိုလ်တို့တွင် တက်ရောက်သင်ယူခဲ့ပြီး ဘာသာရေးပညာကို ဖခင်ကြီး၏ မြန်မာအာရဗီသိပ္ပံကျောင်းမှ ဆည်းပူးခဲ့ပါသည်။ နိုင်ငံတော်မှ ပေးအပ်သည့်ဘွဲ့ဒီဂရီများဖြစ်သည့် Dip(AG), B.Sc(Zoo), Hons(Lch), H.G.P, R.L,(Advocate) တို့ကိုရရှိခဲ့ပါသည်။ ၁၉၈၄ မှ ၁၉၉၁ ခုနှစ်အထိ ဥပဒေအကျိုးဆောင်ရှေ့နေအဖြစ် သံတွဲမြို့နယ်ရှိ တရားရုံးအဆင့်ဆင့်တွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

    ဆရာဦးခင်မောင်သည် ဖခင်ဖြစ်သူ ဆရာကြီးမောင်လာနာနေဇွာမွဒ္ဒင်န် ကွယ်လွန်သည့်အချိန်မှစတင်ကာ ဆရာကြီးတည်ထောင်ခဲ့သည့် ကျောင်းနှင့် အနယ်အနယ်အရပ်ရပ်ရှိ ဆရာကြီး၏ တပည့်ဒကာများကို ဆရာကြီးကိုယ်စား ကြီးကြပ်လမ်းညွှန်မှုပြုသူ အမီးရ်(ခေါင်းဆောင်)အဖြစ်ခံယူကာ ဆရာကြီး၏ သာသနာ့ကြိုးပမ်းမှုအမွေကို ဆက်ခံကာ ဦးဆောင်ဦးရွက်ပြုလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မိမိဘ၀အား ဖခင်ကြီး၏မူဝါဒလမ်းကြောင်းအတိုင်း သာသနာအတွက်မြှုပ်နှံလျှက် ဘာသာရေး၊ လူမှုရေး၊ ပညာပြန့်ပွားရေးတို့ကို အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုတွင်မှ မပတ်သက်စေဘဲ၊ နိုင်ငံတော်၏မူဘောင်အတွင်းမှဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်စု ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။

    ဆရာဦးခင်မောင်သည် ဖခင်ကြီး၏ဖေါ်ဆောင်ခဲ့သည့်လမ်းကြောင်းအတိုင်း မြန်မာအာရဗီသိပ္ပံကျောင်းသားငယ် များအား ဘာသာရေးနှင့်ခေတ်ပညာတို့ကို တတ်မြောက်စေပြီး စာရိတ္တကောင်းမွန်သည့် တိုင်းပြည်အကျိုးဆောင်သူ အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ပေါက်လာရန်အတွက် မြေတောင်မြှောက်ပေးခြင်းကို တစ်နိုင်တစ်ပိုင်ဆောင်ရွက်လျှက်ရှိပါသည်။

    မိမိ၏တပည့်ဒကာများအတွင်း ဒုစရိုက်မှုကင်းစင်ရေး၊ စိတ်ဝိဥာဉ်သန့်ရှင်းရေးတို့ကိုရည်သန်လျက်  အရက်နှင့်မူးယစ်ဆေးဝါး၊ အတိုးနှင့်လောင်းကစားများကို စစ်ဆင်ရေးအသွင်ဖြင့် တိုက်ဖျက်ခဲ့ရာ အထူးအောင်မြင်ခဲ့ပါသည်။ ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့်ညှိနှိုင်း၍ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ လမ်းတံတားများ ပြုပြင်ဖေါက်လုပ်ခြင်း၊ ရေတွင်းရေကန်များ ဆည်မြောင်းများတူးဖေါ်ခြင်း၊ ဆေးရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားရုံများ တည်ဆောက်ခြင်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ တပည့်ဒကာများ၏ စုပေါင်းအင်အားဖြင့်လည်း ဆောင်ရွက်နေပါသည်။ နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီးများအား သံတွဲမြို့သို့ပင့်ဖိတ်ပြီး လူမျိုးဘာသာမခွဲခြားဘဲ မျက်စိဝေဒနာသည်များကို အခမဲ့ခွဲစိတ်ကုသပေးနေပါသည်။

    ဗုဒ္ဓသာသနိက အဆောက်အဦးများ တည်ဆောက်ပြုပြင်ရာတွင်လည်း လက်မနှေးဘဲ လှူဒါန်းကူညီခဲ့ပါသည်။ သံတွဲမြို့၏ အထင်ကရဖြစ်သော ရွှေဆံတော်စေတီတောင်တက် လမ်းများပြုပြင်ခြင်း၊ ရွှေနံတော်စေတီတော်ရင်ပြင်ခင်းခြင်းလုပ်ငန်းများအပြင် သက်သေသာဓက မြောက်များစွာရှိပါသည်။ သံတွဲမြို့တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသရ ဦးစီးတည်ဆောက်သည့်  သီတဂူစက္ကုဒါန မျက်စိဆေးရုံကြီးတည်ဆောက်ရာတွင်လည်း ဆရာတော်နှင့်အတူပူးပေါင်းပါဝင်လှူဒါန်းပါသည်။ ဆရာဦးခင်မောင်၏ သစ္စာသမာဓိကို ယုံကြည်လေးစားကြသည့် ဗုဒ္ဓဘာသာဝင်များသည် နေ့စဉ်နှင့်အမျှ ဆရာ့အိမ်သို့လာရောက်ကာ မေတ္တာရေမန်းများ လာရောက်တောင်းခံကြပါသည်။ ဆရာဦးခင်မောင်၏ နေအိမ်အား ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်ကြီးငယ်တို့သည် အယုတ်အလတ်အမြတ်မရွေး ၀င်ထွက်ရာ ဓမ္မရိပ်သာအဖြစ် လူသိများပါသည်။ ဆရာသည် ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေသော ဘာသာရေးခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များသာမက ဘာသာခြားများဖြစ်သည့် ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာဝင်များ၏ လေးစားကြည်ညိုမှုကို အထူးရရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။

    ဆရာကြီး အလ်ဟဂ်ျမောင်လာနာနေဇွာမွဒ္ဒင်န်လက်ထက်မှ ယခုသားဖြစ်သူ ဆရာဦးခင်မောင် လက်ထက်အထိ နှစ်ပေါင်း(၆၀)ကျော် ကာလအတွင်း နိုင်ငံရေး အရှုပ်အရှင်းများတွင် ပါဝင်ပတ်သက်မှုလုံးဝမရှိခဲ့သည့်အပြင် ရာဇ၀တ်မှု၊ တရားမမှုစသည့် မှုခင်းများနှင့်ကင်းရှင်းကာ ရိုးသားဖြူစင်မှုပကတိဖြင့် သာသနာ့အကျိုးကို သယ်ပိုးခဲ့သူ အရိယာသူတော်စင် ပုဂ္ဂိုလ်မြတ်များသာဖြစ်ကြပါသည်။

    U Khin Maung House
    စက်တင်ဘာ(၂၉)ရက်နေ့ ည(၆း၃၀)ခန့်တွင် တာဝတိံသာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဆရာဦးခင်မောင်ပိုင်ဆိုင်ပြီး ဆရာ၏တပည့်မိသားစု (၃)စုနေထိုင်သည့် ရှေးဟောင်း နှစ်ထပ် အိမ်ကြီးအား အကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးခဲ့ကြပါသည်။ ကျွန်းသစ်၊ ပျဉ်းကတိုးများဖြင့်ဆောက်လုပ်ထားသည့် ပျဉ်ထောင်အိမ်ဖြစ်ပြီး အကျယ်အ၀န်းမှာ ပေ၄၀- ပေ၆၀ ဖြစ်ပါသည်။ မိုးဒဏ်လေဒဏ်ခံနိုင်ရန်နှင့် ခြနှင့် ပုရွက်ဆိတ်စသည့် ပိုးကောင်များကိုက်ဖျက်မှုမရှိစေရန် တစ်အိမ်လုံးရေနံချေးသုတ်ထားသည့်အတွက် သံတွဲမြို့တွင် အိမ်မည်းကြီးဟု ခေါ်တွင်ပါသည်။ ယင်းအိမ်မည်းကြီးတွင်နေထိုင်သူမိသားစုများမှ ဆရာဦးခင်မောင်၏ လမ်းညွှန်ချက်ဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘာသာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့များ၊ သင်္ဘောသားများ၊ ရှေ့နေများ ပေါ်ထွက်ခဲ့သည့် သမိုင်းဝင် အဆောက်အဦးတစ်ခုလည်းဖြစ်ပါသည်။

    U Khin Maung House burn2

    အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် စက်တင်ဘာ ၂၈ရက်နေ့မှ အောက်တိုဘာ ၁ရက်အထိ သေဆုံးသူ အစ္စလာမ်ဘာသာဝင်(၅)ဦး၊ ဗလီ(၄)လုံး ဘာသာရေးကျောင်း(၁)ကျောင်းနှင့် အိမ်ခြေ စုစုပေါင်း(၁၇၀)နီးပါးခန့် ဆုံးရှုံးပျက်စီးခဲ့ပါသည်။ သံတွဲမြို့ပေါ်တွင် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး အနီးအနားရှိ မွတ်စလင်ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါသည်။

    သမိုင်းအဆက်ဆက် အေးချမ်းတည်ငြိမ်ခဲ့သည့် သံတွဲမြို့လေးသည် အစွန်းရောက်အကြမ်းဖက်သမားများကြောင့် သွေးစွန်းခဲ့ရပြီဖြစ်ပါသည်။ အကြမ်းဖက်သမားများ၏ အကြံအစည်သည် အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့သော်လည်း    ရာနှုန်းပြည့်အောင်ပွဲခံခွင့်မပေးခဲ့သည့် သံတွဲသူ၊ သံတွဲသားများ၏ စည်းလုံးညီညွတ်မှုအတွက် ဆက်လက်ဂုဏ်ယူနေဦးမည်သာဖြစ်ပါသည်။

    ** M-Media သို့ ဆောင်းပါးရှင်ခင်မောင်တိုး ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

  • တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ကြသည့် မြန်မာ မွတ်စလင်မ်များနှင့် ကျဆုံးခဲ့သည့် မြန်မာမွတ်စလင်မ်များ

    စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    photo-collage
    နိုင်ငံရေးဆိုင်ရာ ပါလီမန်နှင့် မြူနီစပါယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို အက္ခရာစဉ်အလိုက် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်

    ၁။    ဦးကာ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေး၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးနှင့် ပညာရေးဌာန၀န်ကြီး (အိမ်စောင့်အစိုးရလက်ထက်)
    ၂။    မစ္စတာကရင်ဂနီ၊ အောက်လွှတ်တော်အမတ် (၉၁-ဋ္ဌာနခေတ်)
    ၃။    ဦးကျော်ခင်၊ ရမည်းသင်း ရနောင် ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ)
    ၄။    ဦးခင်မောင်လတ်၊ တရားရေးရာဌာနနှင့် ကျန်းမာရေးဋ္ဌာန၀န်ကြီး (ဖဆပလ)
    ၅။    ဦးဘိုးခိုင်(စစ်တွေ)၊ အောက်လွှတ်တော်အမတ် (၉၁-ဋ္ဌာန ခေတ်)
    ၆။    ဒေါ်ခင်ခင်၊ ပြည်သူ့လွှတ်တော်အမတ်(တပ်ကုန်း)ဆရာကြီးအစား (ဖဆပလ)
    ၇။    ဦးဘိုးချယ်၊ တပ်ကုန်းပြည်သူ့လွှတ်တော်အမတ် (ဖဆပလ)
    ၈။    ဦးဂျမား၊ ပုသိမ်တောင်၊ လူမျိုးစုလွှတ်တော်အမတ် (ဖဆပလ)
    ၉။    ဦးဂဖား၊ မောင်းတော – လူမျိုးစု လွှတ်တော်အမတ် (ဖဆပလ)
    ၁၀။    ဦးစူလ်တန်အဟ်မတ်၊ မောင်းတောမြောက်၊ ပြည်သူ့လွှတ်တော်အမတ်၊ ပါလီမန်အတွင်းဝန် (ဖဆပလ)
    ၁၁။    ဦးစူလ်တန်မာမွတ်၊ ၀န်ကြီး (သန့်ရှင်း)
    ၁၂။    ဒေါ်စောရွှေ၊ (၁) ရန်ကုန်မြို့မလမ်းမတော်၊ ပြည်သူ့လွှတ်တော်အမတ်၊ (၂) ရမည်းသင်းတောင်၊ လူမျိုးစု လွှတ်တော်အမတ်
    ၁၃။    ဦးထွန်းမြင့်ကြူ၊ မြို့သစ် ပြည်သူ့လွှတ်တော်အမတ် (ပထစ)
    ၁၄။    ဦးဖေခင်၊ ရမည်းသင်းကျေးလက်မြောက် ပြည်သူ့လွှတ်တော်အမတ်၊ (ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက် ဌာန လက်ကိုင်မရှိဝန်ကြီး) နောင်အခါ သံအမတ်ကြီး (တိုင်းပြုပြည်ပြုလွှတ်တော်)
    ၁၅။    ဦးဘကြွယ်၊ (၁) လူမျိုးစုလွှတ်တော် (ဖဆပလ-မန္တလေး)၊ (၂) လူမျိုးစုလွှတ်တော် ဒုတိယနာယက (ပထစ-မန္တလေး)
    ၁၆။    ဦးဘရှား၊ ပြည်သူ့လွှတ်တော် (ဖဆပလ-ဘားအံ)
    ၁၇။    ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ-ဘားအံ)
    ၁၈။    ဦးရာဇတ်၊ အမျိုးသားစီမံကိန်းဌာန၀န်ကြီး (ဖဆပလ-မန္တလေးမြို့မအရှေ့)
    ၁၉။    ဦးရာရှစ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် အိမ်ယာဆောက်လုပ်ရေး သတ္ထုတွင်းနှင့် အလုပ်သမားဋ္ဌာန၀န်ကြီး (ဖဆပလ-ရန်ကုန်အရှေ့၊ ပထစ)
    ၂၀။    ဦးလှမောင်၊ ပြည်သူ့လွှတ်တော် (ပမညတ-လှည်းကူး)
    ၂၁။    ဦးသန်းမြင့်၊ ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ-မော်လမြိုင်မြောက်ပိုင်း)
    ၂၂။    ဦးသန်းညွန့်၊ ပြည်သူ့လွှတ်တော်အမတ် (မန္တလေးကျေးလက်တောင်)
    ၂၃။    ဦးအောင်သင်း၊ ဘုရင်ခံခန့် အထက်လွှတ်တော်အမတ် (၉၁-ဋ္ဌာနခေတ်)
    ၂၄။    ဒေါ်အေးညွန့်၊ ပြည်သူ့လွှတ်တော်အမတ် (ဖဆပလ-မောင်းတော တောင်)

    မြို့ပြရေးရာ တာဝန်ထမ်းခဲ့ကြသူများ
    ၁။    ဦးကြာဆိုင်(ပျဉ်းမနား)၊ မြူလူကြီး (၉၁-ဌာနခေတ်)
    ၂။    ဦးကိုကိုလေး(အလုံ၊ ရန်ကုန်)၊ မြူလူကြီး (ဖဆပလ)
    ၃။    ဟာဂျီဦးစိန်(မေမြို့)၊ မြူလူကြီး (ဖဆပလ)
    ၄။    ဦးစိုး(မန္တလေး)၊ ကျန်းမာရေးဌာနချယ်ယာမင် (ဖဆပလ)
    ၅။    ဦးစိမ်းမောင်(မန္တလေး)၊ မြူလူကြီး (ပထစ)
    ၆။    ဦးဆာလေ၊ မြူဥက္ကဋ္ဌ (မော်လမြိုင် ဖဆပလ)
    ၇။    ဟာဂျီဦးတင်မောင်(ရန်ကုန်)၊ ကျန်းမာရေးဌာနချယ်ယာမင် (ဖဆပလ)
    ၈။    ဟာဂျီဦးတင်ရွှေ(မြစ်ကြီးနား)၊ မြူလူကြီး(ဖဆပလ)
    ၉။    ဦးဘစိန်(သကြား)၊ ဘဏ္ဍာရေးဌာန ချယ်ယာမင် (တသီးပုဂ္ဂလ၊ ရန်ကုန်)
    ၁၀။    ဦးဘအေး(ရန်ကုန်)၊ ဘဏ္ဍာရေးဌာန ချယ်ယာမင် (ဖဆပလ)
    ၁၁။    ဦးဘမင်း(မန္တလေး)၊ မြို့တော်ဝန် (ဖဆပလ)
    ၁၂။    ဦးဘခင် (ရတနာပုံ-မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၁၃။    ကေ-ဘစိန်(မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၁၄။    ဦးဘသိန်း(ချစ်ညို၊ မန္တလေး)၊ မြူလူကြီး (ပထစ)
    ၁၅။    ဦးမောင်တင်(ရန်ကုန်)၊ မြူလူကြီး (ဖဆပလ)
    ၁၆။    ဦးမောင်ကြီး(မန္တလေး)၊ မြူလူကြီး (ဗမက)
    ၁၇။    ဦးမောင်ကြီး(ရန်ကုန်)၊ မြူလူကြီး (ဖဆပလ)
    ၁၈။    ဦးမောင်တင်(တိုက်ကြီး)၊ မြူဥက္ကဌ (ဖဆပလ)
    ၁၉။    ဦးလှမောင်(မြစ်ကြီးနား)၊ မြူလူကြီး (ဖဆပလ)
    ၂၀။    ဟာဂျီဦးသန်းညွန့်(မေမြို့)၊ မြူဥက္ကဋ္ဌ (ဖဆပလ)
    ၂၁။    ဦးသန်းရွှေ(မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၂၂။    ဒေါက်တာသန်းကျော်(ပျဉ်းမနား)၊ မြူဥက္ကဋ္ဌ (ဖဆပလ)
    ၂၃။    ဦးသိန်းမောင်(မန္တလေး)၊ မြူလူကြီး (ဖဆပလ)
    ၂၄။    ဦးအေးမောင်(မန္တလေး)၊ မြူလူကြီး (ဗမက၊ နောင်-ဖဆပလ)

    အထက်ပါစာရင်းသည် စုံစမ်းလေ့လာ၍ ရသမျှတင်ပြခြင်းဖြစ်ပါသည်။ ကျန်ရှိကောင်း ကျန်ရှိလိမ့်ဦးမည် ထင်ပါသည်။

    လွတ်လပ်ရေးခေတ် နိုင်ငံရေးလုပ်ရင်း ကျဆုံးခဲ့ကြသူများ
    ၁။    ဦးရာဇတ်၊ အာဇာနည်ခေါင်းဆောင်ကြီး (ဖဆပလ)
    ၂။    ကိုထွန်းလှ(ဗန်းမော်)၊ မန္တလေးတွင် ကျသည် (အလံနီကွန်မြူနစ်ပါတီ)
    ၃။    ကိုလေးမောင်(ဘုံးအိုး)၊ မန္တလေးတွင် ကျသည်။ (အလံနီကွန်မြူနစ်ပါတီ)
    ၄။    အီဗရာဟင် ခေါ် ကိုမိုးသူ(ဆကာကြီး) တောတွင်းကျဆုံး (အလံနီကွန်မြူနစ်ပါတီ)
    ၅။    သခင်ကျော်သောင်း(တွံတေး) တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၆။    သခင်ဒေါင်း(ဖြူး) တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၇။    ကိုတင်မောင်(ညောင်လေးပင်)၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၈။    မလှကြည်(ဗန်းမော်) ကိုတင်မောင်၏ဇနီး၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၉။    ကိုအာဇစ် ခေါ် ကိုလှရွှေ(ကသာ)၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)
    ၁၀။    ရဲဘော်အီဆာ (စကြနွယ်စဉ်)၊ မန္တလေးတိုက်ပွဲတွင်ကျဆုံး (အလံနီကွန်မြူနစ်ပါတီ)
    ၁၁။    ရဲဘော်ချစ်သန်း (ရန်ကုန်၊ သာကေတ)၊ တောတွင်းကျဆုံး (ဗမာပြည်ကွန်မြူနစ်ပါတီ)

    အထက်ပါစာရင်းသည် မိမိတို့ ယုံကြည်ရာ နိုင်ငံရေးပါတီများတွင် ပါဝင်ခဲ့ကြပြီး ကျဆုံးကြသည့်သူများမှ ရသမျှစာရင်းကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။ ကျန်ရှိနိုင်ပါသည်။

    ပသီဦးကိုကိုလေး၏ မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ စာအုပ်၊ စာမျက်နှာ(၃၄၃-၃၄၅)မှ

  • မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ

    ဇူလိုင်-၂၅၊၂၀၁၃
    M-Media
    တင်မင်းထွဋ်

    မြန်မာ့ရိုးရာခြင်းလုံး သမိုင်းနှင့် တိုင်းရင်း မွတ်စလင်မ်များ၏ အခန်းကဏ္ဍ

    ရန်ကုန်မြို့ လယ်တနေရာတွင် ခြင်းလုံးခတ်ကစားနေကြသော ခြင်းဝိုင်းလေးကို အမှတ်မထင် တွေ့ရှိခဲ့သည်။ လွန်ခဲ့သောနှစ်များစွာက ခြင်းလုံးခတ်ကစားပွဲလေးများကို လမ်းတိုင်းတွင် မကြာခဏတွေ့ရလေ့ရှိသည်။ ယနေ့မြို့ပြ၏ ထူထပ်လှသောလူဦးရေနှင့် မြေနေရာရှားပါးမှုများသည်လည်း လူမှုဘ၀များကို အနည်းနဲ့ အများ ထိခိုက်လာခဲ့ကြသည်။

    ခြင်းလုံးမြေကျမှာကို အလွန်နှမြောစိုးရိမ်ကာ တဦးနှင့်တဦးအချိတ်အဆက်မိမိ ကစားနေကြသော ခြင်းဝိုင်းထဲက ဦးမျိုးဆွေက “ခြင်းလုံးကစားရာတွင် တဦးတယောက်ထဲက လေး၊ငါးချက်တော့ထားခြင်း၊ ဆွဲထားခြင်းပြုလုပ်၍ မရကြောင်း တကိုယ်ကောင်းဆန်သော ကစားခြင်းမျိုးပြုလုပ်၍ မရကြောင်း’’ ရှင်းပြသည်။နယ်မြို့များတွင်ပါ ခြင်းလုံးခတ်ကစားပွဲများ နည်းပါးလှပြီဖြစ်သော ခြင်းလုံး၏သမိုင်းသည် ပျူခေတ်ကပင် စတင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
    ပျူခေတ်ကငွေခြင်းလုံး

    မြန်မာပြည်ရှေးဟောင်းသုတေသနဋ္ဌာနမှ ကျောက်စာဝန် မစ္စတာဒူရွိုင်ဇယ်၏ ညွှန်ကြားချက်အရ ၁၉၂၆-၂၇ခုနှစ် အတွင်းက ပြည်ခရိုင်မှော်ဇာမြို့ ကုလားကန်ကုန်းရွာအနီးရှိ ခင်ဗကုန်းတွင် တူးဖော်ဆောင်ရွက်ရာတွင် ရုပ်တု၊ဆင်းတု၊ ရွှေစေတီ၊ ငွေစေတီ၊ ရွှေပေစာ စသည်တို့ပါဝင်သော ဋ္ဌာပနာပစ္စည်းမျိုးစုံကို ဖော်ထုတ်တွေ့ရှိရာ ငွေဖြင့်ပြုလုပ်ထားသည့် ခြင်းလုံးကလေးတလုံးပါရှိကြောင်း သိရှိရသည်။

    (အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနဋ္ဌာန၊ ၁၉၂၆-၂၇ခုနှစ်၊ နှစ်ချုပ်အစီအရင်ခံစာ၊ စာမျက်နှာ ၁၈၁)

    အင်းဝခေတ်နှင့်ခြင်းလုံး

    ၁၇၈၂ခုနှစ်တွင် မြန်မာနိုင်ငံအင်းဝနေပြည်တော်သို့ သာသနာပြုလုပ်ငန်းဖြင့် ရောက်ရှိလာသော အီတလီနိုင်ငံမှ ဗရင်ဂျီဘုန်းတော်ကြီး စန်ဂါမနို (Sangermano)၏ မှတ်တမ်းတွင်

    “မြန်မာနိုင်ငံတွင် ကစားကြသည့်ကစားနည်းများမှာ ခုံညင်းထိုးခြင်း၊ ဆင်စွယ် ဖဲကစားခြင်း၊ ကြက်တိုက်ခြင်း တို့အပြင် ကိုယ်လက်လှုပ်ရှားကျန်းမာရေးကစားနည်းအမျိုးမျိုးတို့အနက်မှ ၀ါးကိုလွှာ၍ပြုလုပ်သောအလုံးကို လက်ဖြင့်မပုတ်ဘဲ ခြေထောက် ရိုက်ခတ်ကစားခြင်း ပြုလုပ်သည့်ကစားနည်းတွင် လူငယ်လူရွယ်များ အချိန်အတော်ကြာအောင် အတူတကွခတ်ကစားကြသည်။’’

    (၁၈၃၃ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေသော The Burmese Empire စာမျက်နှာ ၁၃၁၊ အမှတ်စဉ် ၂၉)

    ကုန်းဘောင်ခေတ်

    ၁၈၇၄-၇၅ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အင်္ဂလန်နိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီး C.A.Gordon ၏ မှတ်တမ်းတွင် “ပြည်မြို့တွင် ကျွန်ုပ်ရှိနေစဉ်အခါ ဂတ်တဲအနီးတွင် ဗမာလူမျိုးလေးဦး ခြင်းလုံးခတ်ကစားနေကြသည်ကို တွေ့မြင်ရသည်။ ကျွန်ုပ်တို့၏ ဘောလုံးကစားနည်းဟန်အတိုင်း သူတို့သည် ဖျတ်လတ်စွာ ခတ်ကစားနေကြသည်ကို တွေ့ရပြီး ယင်းအလုံးသည် အခေါင်းပွ ၀ိုင်းဝန်းသောသဏ္ဍန်ရှိသည်။

    ကစားသူများသည်လုံချည်ကို ခါးတောင်းကျိုက်၍ ကိုယ်တုံးလုံးဖြင့်ခတ်ကစားနေကြသည်ကို တွေ့ရ၏။ ထိုကဲ့သို့ပြုမှုခြင်းသည် တနည်းအားဖြင့် ထိုခေတ်အခါကဗမာလူမျိုးတို့ ဂုဏ်ယူကြသော ထိုးကွင်းမင်ကြောင်များကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်နိုင်စေရန်ဖြစ်ကြောင်း သုံးသပ်ရပေသည်။’’

    ခေတ်နှောင်းပိုင်း

    အိမ်တော်ရာ ဘုရားဝင်း

    ခရစ်နှစ်၁၉၀၀ပြည့်နှစ်လောက်မှစ၍ မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်း၌ နာမည်ကျော်အပျော်တမ်းခြင်းဝိုင်း တစ်ဝိုင်းရှိခဲ့သည်။ ခြင်းလုံးခတ်တော်သူများလာရောက်၍ ကစားကြရာတွင် တိုင်းရင်းသားမွတ်စလင်မ်များလည်း ပါဝင်ခဲ့သည်။

     ဗလီဝင်းမှခြင်းဝိုင်း

    လွန်ခဲ့သောနှစ်ပေါင်း(၇၀)ကျော်က မန္တလေးမြို့ လမ်း၃၀နှင့်၃၁လမ်းကြား၊ တောင်ပလူဗလီဝင်းထဲ၌ ညနေတိုင်းအပျော်ခတ် ကစားကြသည့် ခြင်းဝိုင်းများရှိခဲ့လေသည်။၎င်းဝိုင်းများတွင် တိုင်းရင်းသားမွတ်စလင်မ်များနှင့်ဗုဒ္ဓဘာသာဝင်များ ပူးတွဲ၍ အတူတကွကစားခဲ့ကြသည်။ ချမ်းမြေ့သာစည်ရပ်ကွက်မှ “ပြည်တော်သာ’’အမည်ဖြင့် ကိုသိန်းမောင်နှင့်ဦးဟာမက်တို့ ဦးစီးသော တိုင်းရင်းသားမွတ်စ်လင်မ်ခြင်းအဖွဲ့ တစ်ဖွဲ့တည်ထောင်ခဲ့ကာ မန္တလေးမြို့၌ နှစ်စဉ်ကျင်းပသော မဟာမြတ်မုနိဘုရားကြီး ၀ါဆိုပန်းကပ်ခြင်းယိုင်အလှခတ်ဧည့်ခံပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး အခြားပြိုင်ပွဲနှင့် အလှူဖိတ်ပွဲများ၌လည်း ခတ်ကစားခဲ့ကြသည်။

    ဗ.မ.က ခြင်းခတ်ပြိုင်ပွဲ (ဗမာမွတ်စ်လင်မ်ကွန်ဂရက်)

    ၁၉၅၃ခုနှစ်၊ဧပြီလ(၁၀)ရက်နှင့်(၁၁)ရက်တွင် မန္တလေးမြို့ အမှတ်(၃) အ.ထ.က ကျောင်းဝင်းအတွင်း မန္တလေးခရိုင်ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗ.မ.က)က ဦးစီးကျင်းပသော ခြင်းလုံးခတ်ပြိုင်ပွဲကျင်းပခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရေးရာဋ္ဌာနနှင့်ကျန်းမာရေးဝန်ကြီး ဦးခင်မောင်လတ် မှ ဆုဖလားနှင့်ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်ခဲ့သည်။

    တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ကစားခြင်း

    ၁၉၆၁ခုနှစ်အောက်တိုဘာ၂ရက်နေ့တွင် တရုတ်မြန်မာနယ်ခြားသတ်မှတ်သည့်စာချုပ်လက်မှတ်ရေးထိုးသော အခမ်းအနားကို ကျင်းပခဲ့လေသည်။ထိုအခမ်းအနားသို့ မြန်မာအားကစားအဖွဲ့ များ လိုက်ပါသွားကာ မြန်မာ့လက်ရွေးစင် ခြင်းသမားများမှာ ရန်ကုန်တိုင်းမှ ဦးစံလှနှင့်ကိုအောင်ကြွယ်၊ မန္တလေးတိုင်းမှ ခြင်းဦးဘသိန်းနှင့်ကိုကျော်ကျော်၊ မြင်းခြံခရိုင်မှ ကိုအောင်အောင်နှင့် ကိုဗိုစီ တို့ဖြစ်ကြသည်။ ၎င်းလက်ရွေးစင်ခြင်းအဖွဲ့မှ ခတ်သားတစ်ယောက်ဖြစ်သည့် ခြင်းဦးဘသိန်းသည် တိုင်းရင်းသားမွတ်စလင်မ်ဖြစ်သည်။

    ထင်ရှားသော တိုင်းရင်းသားမွတ်စလင်မ်များ

    ဦးဘသိန်း (ပီကင်းပြန်)

    ၁၉၇၂ခုနှစ်တွင် (၄၄)ကြိမ်မြောက် ၀ါဆိုပန်းကပ်ခြင်းယိုင်အလှခတ်ပွဲကြီးမှစတင်ကာ “ပသီခြင်းအဖွဲ့’’ အမည်ဖြင့် ခြင်းဦးဘသိန်း(ပီကင်းပြန်) ဦးစီးသော တိုင်းရင်းသား မွတ်စလင်မ်ခြင်း အဖွဲ့ တည်ထောင်ခဲ့သည်။ ၎င်းပွဲ၌ ခတ်ကစားကြသူများမှာ-

    ၁။ဦးဘသိန်း(ပီကင်းပြန်)
    ၂။ ဦးခလေး
    ၃။ ကိုအေးမောင်
    ၄။ ကိုစလေမံ
    ၅။ ကိုစအစ် ခေါ် ကိုခင်မောင်
    ၆။ ကိုဗိုလ်ကြီး တို့ဖြစ်ကြသည်။

    patichin04
    ၁၃၄၄-ခု၊ (၄၄)ကြိမ်မြောက် ၀ါဆိုခြင်းပွဲ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီး၊ အရှေ့ ၄၅-တာကွင်း၌ ဒုတိယ၀ါဆိုလပြည့်နေ့ညနေ (၃း၂၀)နာရီအချိန်တွင် “ပသီ”ခြင်းအဖွဲ့ ခြင်းယိုင် အလှခတ် ကစားနေစဉ်
    (25.7.72)

    ဦးဘသိန်းသည် ငယ်စဉ်ကျောင်းသားဘ၀ကတည်းက ခြင်းခတ်ဝါသနာပါခဲ့သူ တစ်ယောက်ဖြစ်ကာ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်တွင် စဥ့်ကိုင်မြို့နယ် ဟင်းငူရွာသို့ မိသားစု စစ်ပြေးသောအခါ ခြင်းလုံးများကိုပါ သယ်ယူသွားသည်အထိ ၀ါသနာကြီးမားလွန်းခဲ့သည်။ စစ်ပြေးဘ၀နှင့်ပင် ခြင်းခတ်မပြတ်ခဲ့ပေ။

    ၁၉၆၀ ပြည့်နှစ် ရန်ကုန်အောင်ဆန်းကွင်းတွင် ကျင်းပသည့် ခြင်းညီလာခံ၌ မန္တလေး၊ ခရိုင်ခြင်းအဖွဲ့ကို အလှခတ်စေပြီး ကိုယ်တိုင်အော်၍ အမှတ်ပေးသည့် မူစနစ်ကိုတင်ပြခဲ့ရာ အဖွဲ့ချူပ်က လက်ခံအတည်ပြုပြီး ယနေ့တိုင် ဦးဘသိန်းတီထွင်သောစနစ်ဖြင့် အမှတ်ပေးလျက်ရှိသည်။ ၁၉၅၉-ခုနှစ် မန်းရာပြည့်ပွဲတော်ကြီးကို ရာပြည့်ကွင်း၌ ၁၀ ညကျင်းပခဲ့ရာ မန္တလေးခရိုင် ချင်းအဖွဲ့မှ အလှခတ်ပွဲများဖြင့် ဖြေဖျော်သည်။

    ဦးဘသိန်းသည် မြန်မာမှုကို မြတ်နိုးသည့် မြန်မာ မွတ်စလင်ကြီးဖြစ်သည်။ မြန်မာမှုအနုပညာနှင့်ပတ်သက်၍ နိုင်ငံကို အကျိုးပြုခဲ့သည်။ ထို့ကြောင့် ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ကပင်- ‘ခြင်းဦးဘသိန်းသည် မန္တလေးသားဖြစ်သည်။ တိုင်းရင်းသား မြန်မာ မွတ်စလင်အမျိုးသားဖြစ်သည်။ သို့တစေ တကယ့် မြန်မာ့စိတ် မြန်မာ့ ဟန်နှင့် နေထိုင်သူ ဖြစ်သည်။   မြန်မာစာပေ၊မြန်မာ အနုပညာကို လေးစားသည်။ ခြင်းလုံးနှင့်ပတ်သက်သောစာဟူသမျှ ရှာကြံသည်။ဖတ်သည်။’ဟု လည်းကောင်း၊’ တစ်ဖန် ၁၉၆၉-ခုနှစ်တွင် ပုံနှိပ်သော ဆဋ္ဌမတန်း၊ မြန်မာဖတ်စာသင်တွင် သရေခေတ္တရာမှ ရသောငွေခြင်းလုံးနှင့် စပ်လျဉ်းပြီး ဘောဘောကြီးစေတီ ဌာပနာမှမဟုတ်ကြောင်း၊ ၁၉၂၆ ခုနှစ် ပြည်ခရိုင်မှော်ဇာမြို့နယ် ခင်ဗကုန်းမှရသောခြင်းလုံးဖြစ်ကြောင်း၊ ၁၅-၃-၇၀ နေ့ထုတ် ဟံသာဝတီသတင်းစာတွင်လည်း ကျောင်းသူကျောင်းသားများအတွက် အမှန်ကို ပြုပြင်ပေးရန် တင်ပြခဲ့လေသည်။ ပညာရေးဌာနသို့လည်း အခါအားလျော်စွာ အကြံပြုသည်သာ’ဟု လည်းကောင်း သုံးသပ်တင်ပြခြင်းဖြစ်သည်။ ဦးဘသိန်းသည် ခြင်းခတ် ပညာရှင်သာမက သုတေသီကြီးလည်း ဖြစ်ကြောင်း ထင်ရှားပါသည်။

    (တိုင်ရင်းသားမွတ်စ်လင်မ်စာပြုစာဆို ပုဂ္ဂိုလ်များကျော်များ-၂    ပါမောက္ခဒေါက်တာအောင်ဇော်)

    ဦးကရင် (U KARIM)

    U KaYin

    ၁၉၂၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် “ဗုဒ္ဓဘာသာခြင်းလုံးခတ်အသင်း’’ ကို တည်ထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ထောင်သော အသင်းဖြစ်သည်။ ပထမဦးဆုံးဥက္ကဋ္ဌမှာ ဘကြီးလှဖြစ်၍ အတွင်းရေးမှူးမှာ ဦးကရင် (U KARIM)ဖြစ်သည်။ ခြင်းလုံးခတ်ကစားရာတွင် ကျောနောက်မှ ရှေ့သို့ကျလာသော ခြင်းလုံးကို နောက်လှည့်မကြည့်ဘဲ အမှန်းအဆနှင့် ခေါင်းငုံ့ရှောင်ကာ ရှေ့ကျလာမှ မိအောင် ခတ်ကစားသောခြင်းကွက်ကို “ခြင်းပျောက်ရှာသည်’’ ဟုခေါ်လေသည်။ ထိုသို့ခြင်းပျောက်ရှာ၍ခတ်သောကစားကွက်ကို ဦးကရင်မှ စတင်ကာ တီထွင်ကစားခဲ့လေသည်။

    ဦးဒွလ်လာ (တောင်အိုးဘို ဗလီဒကာ)

    mdy buudish chin lone

    စစ်ကိုင်းတန်း ဧချိုင့်ရပ်မှ ဆေးဆရာ ဦးဒွလ်လာသည် အိမ်တော်ရာခြင်းဝိုင်း၌ ခတ်ကစားခဲ့သူဖြစ်သည်။

    ဦးဒွလ်လာသည် ခြင်းခတ်ကစားရာတွင် ဟန်အမူအရာကြွကြွ ရွရွဖြင့် ခြင်းခတ်ကစားနိုင်သူတယောက်ဖြစ်ကာ ခြင်းဆိုင်းတီး၍ ခတ်ကစားရသော အလှူပွဲ၊ ဘုရားပွဲ၊ ကထိန်ပွဲများကျင်းပရာတွင် “ဗုဒ္ဓဘာသာခြင်းအဖွဲ့’’ နှင့် အကြိမ်ပေါင်းများစွာ ပါဝင်ခတ်ကစားခဲ့လေသည်။

     အောင်မြင်ကျော်ကြား ခတ်ကစားသမားများ

    မန္တလေးမြို့ညွှန်ပေါင်းဈေးအနီး၃၅လမ်းတွင် နေထိုင်သော ညီအစ်ကိုနှစ်ဦးဖြစ်သည်။ အစ်ကိုဖြစ်သူဦးကာမှာ ထိုင်ပြီးခြင်းခတ်ရာတွင် အထူးကျွမ်းကျင်ကာ ခြင်းဝိုင်းအလည်၌ ထိုင်နေစဉ် အခြားခတ်သား ၄-၅ဦးက ၀ိုင်းပြီးခြင်းပို့ပေးကြရာတွင် မလွတ်တမ်းခတ်ကစားနိုင်သူဖြစ်သည်။ ၎င်းတို့နှင့်ခတ်ကစားဘက်များတွင် ဦးဟာမက်ဆိုသူမှာလည်း ခြင်းမြဲသူတစ်ယောက်ပင်ဖြစ်၍ ၎င်းဘက်မှခြင်း မြေကျနည်းလေသည်။

    စိန်ပန်းတောင်ပိုင်း၊ ပန်းဆက်တံတားမှ ဦးဟာမြင်၊ “နိုင်ငံညွန့်’’ခြင်းအဖွဲ့ မှ ဦးအောင်ဘနှင့် တွဲဖက်ကစားသော ကိုဘဇင်တို့မှာလည်း လူကြိုက်များခဲ့သော ကစားသမားများဖြစ်သည်။ ၁၉၃၅-၃၆ ခုနှစ်လောက်က မန္တလေးမြို့ ၂၈လမ်း လှည်းယဉ်တန်းရပ်မှ ဦးရာကွက်သည် မဟာဒူးခတ်ရာတွင် ပိုင်နိုင်ပြီး လိုရာသို့ ရောက်အောင်ပေးပို့ကစားနိုင်သဖြင့် နာမည်ရခဲ့သည်။

    ma har du

    (ဓါတ်ပုံ ခြင်းလုံးခတ်ကစားခြင်းသမိုင်း ဦးဘဇော်ရေး)

    ခြင်းလောက၏ အသွေးအရောင်စုံ ရှေ့ဆောင်များ

    အချုပ်အားဖြင့်ဆိုရသော်  အရောင်အသွးစုံ၊ လူမျိုးဘာသာမခွဲခြား စုရုံးလုပ်ဆောင်ခဲ့မှုများသည် အောင်မြင်မှုအထွတ်အထိပ်ကိုသာ ရောက်ရှိခဲ့သည်ကိုသာတွေ့ရသည်။ ယနေ့နားခါးနေကြသည့် သမိုင်းစကားများ၊ လုပ်ရပ်များကိုတော့ ဖျောက်ဖျက်၍မရပေ။ သမိုင်းအဆက်ဆက် လုပ်ရပ်အကောင်းအဆိုးသည် သက်သေများအဖြစ် အစဉ်ရှင်သန်နေပါတော့သည်။

    တင်မင်းထွဋ်
    ၂၀-ဇူလိုင်-၂၀၁၃

    ကိုးကားစာ စာရင်း

    1. ခြင်းလုံးခတ်ကစားခြင်းသမိုင်း                                        ဦးဘဇော်
    2. မြန်မာ့ခြင်းလုံးသမိုင်း (စာပေဗိမာန်ဆုရ)                           ခြင်းဦးဘသိန်း (ပီကင်းပြန်)
    3. တိုင်းရင်းသားမွတ်စလင်နှင့်ခြင်းလုံး                                  မဟာနွယ်
    4. (အစ္စလာမ်ဓမ္မဗိမာန်(နှစ်၃၀) ပြည့်အထူးထုတ်စာစောင်)
    5. တိုင်ရင်းသားမွတ်စ်လင်မ်စာပြုစာဆို ပုဂ္ဂိုလ်များကျော်များ-၂    ပါမောက္ခဒေါက်တာအောင်ဇော်

    ** မေတ္တာရပ်ခံ အသိပေးခြင်း M-Media ၏ မူပိုင် ပိုစ်များကို အွန်လိုင်းမီဒီယာများတွင် ဖော်ပြလိုလျှင် Credit အပြည့်အစုံပေးရန်နှင့် စီးပွားဖြစ် တည်ထောင်လုပ်ကိုင်သော  အွန်လိုင်း ၊ Offline မီဒီယာများ အသုံးပြုလိုလျှင် M-Media သို့ ဆက်သွယ်ရန်လိုမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်သည်။

  • အာဇာနည်များနှင့် ခေါင်းဆောင်မှု စွမ်းရည် စကားဝိုင်းမှ ဦးရာဇတ်အကြောင်း

    အာဇာနည်များနှင့် ခေါင်းဆောင်မှု စွမ်းရည် စကားဝိုင်းမှ ဦးရာဇတ်အကြောင်း

    ဇူလိုင်-၁၉၊၂၀၁၃
    Credit. Moe Rain FB မှ ကူးယူဖော်ပြပါသည်။

    Sky Net TV မှာ ထုတ်လွှင့်သွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ခေါင်းဆောင်မှု စွမ်းရည် စကားဝိုင်းမှ ဆရာကြီး ဦးရာဇတ်အကြောင်း

    တိုင်းပြည်အတွက် အသက်စွန့်ပြီးပေးလှူသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှုစွမ်းရည်နှင့် စိတ်နေစိတ်ထားကို ယနေ့ခေတ်လူငယ်များ အတုယူအားကျပြီး၊ နိုင်ငံအတွက် အကျိုးရှိတဲ့ အခန်းကဏ္ဍတွေမှာပါဝင်လာကြစေရန် ရည်ရွယ်။
    sky net teen channel
    စည်သူမင်းဟန်(sky net)
    စာရေးဆရာဦးကျော်ကျော်လှိုင်( chairman, Smart Group of Companion)
    စာရေးဆရာမမြူပါရ်
    ရန်ဟိန်းအောင်(တတိယဆုရှင်-စာပေမြှင့်တင်လူ့စွမ်းအင် စာဖတ်စာရေးနှင့်တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ)

    ဦးရာဇတ်
    -ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး
    -အမျိုးသားကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့၊ ဆရာကြီး ဦးရာဇတ်လောက် ဆရာကြီးပီသသူရှား
    -ပညာရေးနှင့်ပတ်သက်ပြီး အလွန်အမျှော်အမြင်ကြီး
    -ကျောင်းသားတွေကို ဘွဲ့ရရုံတင်မက၊ နိုင်ငံကိုချစ်တဲ့၊ အများအကျိုးကို ဆောင်ရွက်လိုစိတ်ရှိတဲ့ လူများကို မွေးထုတ်ပေးခဲ့
    -ပါဠိ နဲ့ အင်္ဂလိပ်စာကိုသင်ကြားပေးခဲ့
    -မန်းလေးမြို့နန်းရှေ့ ရွှေကျောင်းဆရာတော်ဆီမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တာတွေကို လေ့လာခဲ့
    -မန္တလေးတက္ကသိုလ်ဖြစ်လာအောင် ကြိုးပမ်းခဲ့
    -အဖေမစ္စတာရှိုတ်(ခ်) အဗ္ဗဒူလ်ရာမန်
    -အမေဒေါ်ငြိမ်းလှ
    -အဖေ အသက်(၇) နှစ်မှာ မြန်မာပြည်ရောက်လာ၊ မိတ္ထိလာသူဒေါ်ငြိမ်းလှနှင့်အိမ်ထောင်ကျ
    -ဦးရာဇတ်အဖေဟာ အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်း သူ့ဇနီးကို အစ္စလာမ်ဘာသာဝင်ရမယ်လို့မတိုက်တွန်းခဲ့
    -ဦးရာဇတ်ကလွဲရင် မောင်နှစ်မအားလုံးဗုဒ္ဓဘာသာဖြစ်လာ
    -ကျတော်တို့ နိုင်ငံမှာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာဟာ အတူတူပဲ၊ ခွဲမရပါဘူး။ လွပ်လပ်ရေးတိုက်ပွဲမှာ ခွဲမရခဲ့သလို ခုချိန်မှာလည်း မြန်မာမူစလင်အစ္စလာမ်ဆိုတာ ခွဲမရပါဘူး
    -ဘာသာရေးဆိုတာ လူတစ်ယောက်ရဲ့စိတ်အညှာပါ။ စိတ်အညှာကို ကိုင်လှုပ်နေသရွေ့ကတော့ အကုန်လုံး ကြွေကျပျက်ဆီးသွားနိုင်ပါတယ်။
    -လွတ်လပ်ရေးကို ယူခဲ့တုန်းက သူရယ်၊ကိုယ်ရယ် မခွဲခြားပဲ ယူခဲ့သလိုပဲ၊ ခုချိန်မှာလည်း ဒီလိုစိတ်မျိုးနဲ့ပဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ၊ နားလည်မှုရှိရှိ နေသွားနိုင်မယ်ဆိုရင် မြန်မာပြည်ငြိမ်းချမ်းတိုးတက်လာမယ်
    -လူမျိုးကိုချစ်တယ်၊ ဘာသာကိုချစ်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ စိတ်ဓါတ်ပါ။ ဒါပင်မယ့် အဲဒီစိတ်ဓါတ်တွေရဲ့အပေါ်မှာ လူသားချင်းစာနာထောက်ထားတဲ့စိတ်ဓါတ်က အပေါ်မှာရှိနေပါတယ်။
    (စကားဝိုင်းမှ ဆွေးနွေးချက်)

    -တက္ကသိုလ်ဆိုတာ ဘွဲ့ရဖို့တစ်ခုတည်း မဟုတ်၊
    -တက္ကသိုလ်လို့ပြောလိုက်ရင် အချက်သုံးချက်နဲ့ပြည့်စုံရမယ်
    (၁) အဆောင်ရှိရမယ်( တစ်ယောက်နဲ့တစ်ယောက် တဝန်းထဲမှာ နေကျ၊ ရည်းနှီးကျ၊ အမြင်ခြင်းဖလှယ်ကျ၊)
    (၂) တက္ကသိုလ်ရဲ့ အနှစ်သာရက တစ်နေရာက တစ်နေရာသို့ လူမျိုးပေါင်းစုံ လာရောက်စုဝေးကြရမယ်(ကျွန်တော်တို့က စေတနာထားပြီး ချင်းပြည်နယ်မှာ တက္ကသိုလ်သွားဖွင့်တာတော့ ကောင်းပါတယ်။ ဒါပင်မယ့် ချင်းပြည်နယ်က လူတွေချည်းပဲ တက်နေရင် သူတို့အတွက် ဘယ်လို အကျိုးကျေးဇူး၊ ဗဟုသုတရမှာလဲ။ )
    (၃) လွတ်လွတ်လပ်လပ် ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်ရမယ်
    (ဦးကျော်ကျော်လှိုင်)

    -တခြားသူတစ်ယောက်အတွက် သူချင်းစာစိတ်ရှိ
    -လုပ်ကြံခံရတဲ့အချိန်မှာ “သူ့ကိုထူပေးတဲ့လူကို ကျတော်ကအရေးမကြီးပါဘူး၊ ဗိုလ်ချုပ်နဲ့သခင်မြကို ဂရုစိုက်ပေးလိုက်ကြပါ၊ သူတို့က ပိုအရေးကြီးတယ်လို့”ပြောခဲ့
    -ဂျပန်ခေတ်အဖမ်းခံနေရတဲ့အချိန်၊ ပညာတတ်တပည့်တွေက လာထုတ်ကြတဲ့အခါ “တခြားထောင်သားတွေ ရှိသေးတယ်၊ငါအခွင့်ထူးခံပြီးမထွက်ဘူး” လို့ပြောကာ အင်္ဂလိပ်တွေဗုံးကျဲတဲ့ ကြားထဲမှာ ထောင်သားတွေနဲ့ အတူနေခဲ့
    -ကိုယ့်အတွက် အခွင့်အရေးရှိပင်မယ့် တခြားသူတွေမရတဲ့ အခွင့်အရေးမျိုးကို ထူးပြီးမယူခဲ့
    (စကားဝိုင်းမှ ဆွေးနွေးချက်)

    ကျန်ခေါင်းဆောင်ကြိးများအကြောင်း Record လုပ်ထားသူများရှိခဲ့ရင် M-Media သို့ Message ပို့ အကြောင်းကြားပေးကြပါ။

  • မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်

    ဇူလိုင် ၁၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ် (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)

    Razak

    ၁၈၉၈-ခု ၊ ဇန်န၀ါရီလ ၂၀-ရက်နေ့မှာ လူသားတစ်ဦး ကမ္ဘာမြေကို ဖွားမြင်ရောက်ရှိလာတယ်။ သူ ရောက်ရှိလာရာ ဇာတိချက်ကြွေမွေးရပ်မြေက မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ မိတ္ထီလာဆိုတဲ့ မြို့လေးမှာဖြစ်တယ်။ တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ငြိမ်းလှ ဆိုတဲ့ အစ္စလာမ်ဘာသာဝင် မိဘ ၂-ပါးရဲ့ သားသမီး ၁၃-ယောက်အနက် စတုတ္ထမြောက် သားအဖြစ်နဲ့ မွေးဖွားခဲ့ခြင်းပါ။ မောင်မောင်ကြီးဟု နာမည်ရှိခဲ့ပေမယ့် ရာဇတ်လို့သာ နာမည်တွင်ခဲ့ပါတယ်။

    ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန် ကျောင်းမှာ စာသင်ခဲ့ရပြီး ပညာရေးထူးချွန်တာကြောင့် အတန်းကျော်ပြီး တက္ကသိုလ်ဝင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၁၂-ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်နေချိန်မှာပဲ အင်္ဂလိပ်စာ စာစီစာကုံး ပထမဆုရရှိပြီး Bhai Meah ရွှေတံဆိပ်ဆုရရှိခဲ့တယ်။ ရှမ်းပြည်နယ်မှ ၃၆-ကောင် ထီအကြောင်း ဆောင်းပါးရေးပြီး အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းကို ပေးပို့ခဲ့ရာမှာလည်း ပထမတန်း ဆောင်းပါးဆု ရရှိခဲ့ပြန်ပါတယ်။ ပညာရေးမှာသာမက အားကစားဘက်မှာလည်း ထူးချွန်လှသည့်အတွက် ခရစ်ကတ်၊ ဘောလုံး၊ တင်းနစ်၊ လက်ဝှေ့ စတဲ့ အားကစားတွေမှာ တက္ကသိုလ်က သတ်မှတ်ပေးတဲ့ Blue အဆင့်ရရှိခဲ့ပြီး ဘောလုံးမှာတော့ College First Player တစ်ဦးဖြစ်ခဲ့သူပါ။

    နောက် ၁၉၂၀ ကျောင်းသားသပိတ် အရေးတော်ပုံကစပြီး ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တယ်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာကို သင်ကြားပေးတဲ့ ဆရာတစ်ဦးဖြစ်လာတယ်။ ဆရာ ဦးရာဇတ်ဟာ အစ္စလာမ် သာသနာဝင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘာသာရေးမှာ ခွဲခြားမှု မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာဝင်တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့က မဟာဝိသုတာရာမကျောင်းတိုက်ရဲ့ ဓမ္မာရုံစာကြည့်တိုက်မှာ အသင်းဥက္ကဌအဖြစ် တာဝန်ယူပေးတာဟာ သိသာနေတယ်။ ဒါတင် မဟုတ်သေးပါဘူး။  မန္တလေးမြို့ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက်များရှိ တိုက်အုပ်ဆရာများထံသွားကာ မြန်မာစာနှင့် ပါဠိကို လေ့လာဆည်းပူးရင်း ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ပြီး ဗုဒ္ဓအယူဝါဒကိုလည်း လေးစားခဲ့သည်။

    ဆရာဦးရာဇတ်သည် ၁၉၂၃-ခုနှစ်တွင် မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ ကျောင်းဆရာကြီးအဖြစ်မှတဆင့် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုတိုင် မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်း (ယခု အ.ထ.က-၂) ရဲ့ ကျောင်းဆောင်ကြီးရှေ့မှာ ထိုင်နေတဲ့ ခြင်္သေ့ပုံရုပ်ထုကြီးနဲ့ ‘အတ္တာဟိ အတ္တာနော နာထော’ဆိုတဲ့ ကြွေးကြော်သံဟာလည်း ဆရာကြီးဦးရာဇတ်လက်ထက်မှာ ရွေးချယ် သတ်မှတ်ပြုခဲ့တာပါ။ ဆရာကြီး ဦးရာဇတ်ဟာ သူ့ရဲ့ ဗဟိုအမျိုးသားကျောင်းကြီးမှာ အမျိုးသားအပျော်တမ်းရဲတပ်၊ အမျိုးသားဘင်ခရာတပ်၊ အမျိုးသားရဲညွန့်တပ်တွေကို ဖွဲ့စည်းပြီး ကျောင်းသားတွေကို ပညာရေးသာမက မျိုးချစ်စိတ်ဓါတ်ကိုပါ သင်ကြားပေးခဲ့ပြီး ကျောင်းသားများအကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    ဆရာကြီးဦးရာဇတ်ဟာ မြန်မာဘာသာ ပျို့၊ ကဗျာ၊ လင်္ကာ စာပေများကိုသာမကပဲ အင်္ဂလိပ်ဘာသာမှာလည်း အလွန်ကို ကျွမ်းကျင်လှတာကြောင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ် ရဲတပ်ဖွဲ့)မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ်ပြီး အင်စပက်တော် ရာထူးတိုက်ရိုက်ခန့်မယ်ဆိုတာကို ငြင်းပယ်ခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း မျိုးချစ်စိတ်ဓါတ်ပြင်းထန်သော ဆရာကြီးရဲ့ စိတ်ဓါတ်ကို ခန့်မှန်းလို့ ရနိုင်ခဲ့ပါတယ်။

    ဆရာကြီးဟာ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ်ကြီးဘ၀မှာ သူ့ရဲ့ တပည့်တွေကို မကြာခဏ ရွတ်ပြလေ့ရှိတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ ကဗျာရဲ့ မြန်မာဘာသာပြန် ကတော့ “ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ အသက်ရှင်လျက် ၀ိညာဉ်မဲ့နေတဲ့သူလို၊ အသက်ရှင်နေပေမယ့် သေနေတဲ့သူလို ဘာမှ အသုံးမကျဘူး”ဟူ၍ ဖြစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးတဲ့ ဆရာကြီးရဲ့ စိတ်ဓါတ်ကလည်း ပေါ်လွင်လှပါတယ်။

    ဆရာကြီးဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရချိန်မှာ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် နိုင်ငံ့ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။

    ဆရာကြီးဟာ နိုင်ငံရေး၊ အမျိုးသားရေးတွင်သာမက စာပေကို ချစ်မြတ်နိုးပြီး ပိုဒ်စုံရတုများ၊ မြန်မာ-အင်္ဂလိပ် ဆောင်းပါးများ၊ ဘာသာပြန်စာပေများ၊ စာတမ်းများ၊ လုံးချင်းစာအုပ်များ၊ သမိုင်းမှတ်တမ်းစာအုပ်များကိုလည်း ရေးသားခဲ့သေးတယ်။

    ဆရာကြီးဦးရာဇတ်၏ အရည်အချင်းနှင့် မျိုးချစ်စိတ်ကို သိရှိသော ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်မှ အစပြုကာ ဆရာကြီးဦးရာဇတ်အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခေါ်ဆောင်လာခဲ့သဖြင့် ဆရာကြီးအနေဖြင့် နိုင်ငံရေးနယ်ပယ်အတွင်းသို့ ရောက်လာခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

    ဗိုလ်အောင်ကျော်ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ရာတွင် ဆရာကြီး၏ အမျိုးသားကျောင်းမှ ကျောင်းသားများလည်း ပါဝင် သပိတ်မှောက်ခဲ့ကြပါသည်။

    ၁၉၃၈-ခုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင် မန္တလေးမြို့မှာ ဗမာမွတ်စလင်မ်လူငယ်များက နိုးကြားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုးကြားရေးအဖွဲ့သည် တို့ဗမာအစည်းအရုံးဝင် သခင်များနှင့် နီးစပ်သည့်အတွက် သခင်များက အထူးအားပေးခဲ့ပါတယ်။ ၁၉၄၀-ခု မေလ ၄-ရက်နေ့မှာ ဗမာမွတ်စလင်မ်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီ ကွန်ဖရင့်ကို ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီးတွင် ကျင်းပခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်အဖွဲ့ကြီးတစ်ခုဖွဲ့ပြီး ဆရာကြီး ဦးရာဇတ်က ဥက္ကဋ္ဌ၊ ဦးကိုကိုလေးက အတွင်းရေးမှူးအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ယင်းတော်ညီလာခံမှာ ဆရာကြီးပြောကြားခဲ့တဲ့မိန့်ခွန်းဟာ မြန်မာနိုင်ငံသားမွတ်စလင်မ်တွေအတွက် သမိုင်းဝင်မိန့်ခွန်းတစ်ရပ်လည်း ဖြစ်ပါတယ်။

    ၁၉၄၅-ခု ဒီဇင်ဘာ (၂၄၊ ၂၅၊ ၂၆)မှာ ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မ်မျက်နှာစုံညီ အစည်းအဝေးကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဖဆပလအဖွဲ့ ဥက္ကဌကြီး ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ် ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ခဲ့ပါတယ်။ မျက်နှာစုံညီအစည်းအဝေးကြီးမှာ ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရပြီး ဆရာကြီးတင်သွင်းသည့် ‘ဗမာမွတ်စလင်မ်ကွန်ဂရက်’အမည်ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီ ညီလာခံမှာပဲ အဆို(၄)ရပ်တင်သွင်းခဲ့ကြပြီး ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်မ်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

    ၁၉၄၆-ခု စက်တင်ဘာ ၂၃-ရက်နေ့ သာစည်မြို့မှာကျင်းပတဲ့ အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းမွတ်စလင်မ်တို့အား ကျမ်းစာများ၏ အမိကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပြန်တာကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာနိုင်ငံသား မွတ်စလင်မ်တွေအတွက် သောကကြီးမားခဲ့တာကိုလည်း မြင်တွေ့ရပြန်ပါတယ်။ ဒီဇင်ဘာ ၆-ရက်မှ ၈-ရက်ထိ ရန်ကုန်မြို့ ဇိနသ်အစ္စလာမ်မိန်းကလေးကျောင်းမှာ ကျင်းပတဲ့ ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တို့သည် လူနည်းစုလော လူများစုလောဟူ၍ နှစ်ဘက်သဘောကွဲလွဲနေသည်ကို ဆရာကြီးရဲ့ သဘာပတိမဲဖြင့် ဗမာမွတ်စလင်မ်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခဲ့ကြပါတယ်။

    ၁၉၄၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဖဆပလအဖွဲ့ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းလည်း ခံခဲ့ရပြီး ၁၉၄၇-ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာတော့ မန္တလေးမြို့အရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက်ခြင်း ခံခဲ့ရပါတယ်။

    မန္တလေး ဥပစာကောလိပ် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားခဲ့ပြီး မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီးဦးရာဇတ်နှင့် ဦးကိုလေးတို့ နှစ်ဦး ပူးပေါင်းအားထုတ်မှုရဲ့ ရလဒ်အဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မန္တလေးတက္ကသိုလ်ရဲ့ ပထမဦးဆုံးဆောက်လုပ်တဲ့ အဆောင်ကို နောင်အခါမှာ ဆရာကြီးအား ဂုဏ်ပြုတဲ့အနေနဲ့ ‘ရာဇတ်ခန်းမဆောင် (Razak Hall)’လို့ အမည်ပေးထားခဲ့ပြီး ယခုအခါ မန္တလေးတက္ကသိုလ်ရဲ့ စာကြည့်တိုက်ဖြစ်လာပါတယ်။

    ပညာရေးနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်တည်ထောင်ပြီးလျှင် ပါဠိတက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန်လည်း ဆရာကြီးအနေနဲ့ ကြိုးစားခဲ့ပြန်ပါတယ်။ ယနေ့မြင်တွေ့နေရတဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွေရဲ့ ရှေ့ပြေးလို့ပင် ပြောစမှတ်ပြုနိုင်ပါတယ်။

    ဆရာကြီး ဦးရာဇတ်ဟာ အမိတိုင်းပြည်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး ဘာသာ သာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ခံယူရရှိခဲ့သည်မှာ ဆရာကြီးဦးရာဇတ်၏ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုပင်ဖြစ်ပါတယ်။

    ဘာသာ လူမျိုးပေါင်းစုံ၊ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းခံရတဲ့ ဆရာကြီးဦးရာဇတ်ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ၁၉၄၇-ခု၊ ဇူလိုင်လ ၁၉-ရက် မနက် ၁၀း၃၇ နာရီမှာ မသမာသူ လူတစ်စုရဲ့ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်မှုကြောင့် အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ သွေးအိုင်ထဲမှာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်တစ်ဦးဖြစ်လာပါတော့တယ်။

    ဆရာတော် ဦးကုသလကလည်း ဆရာကြီးကို အလေးထားခဲ့ပုံမှာ – “ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် ‘မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး အကြောင်းအမျိုးမျိုးပြပြီး လက်မခံ ကြဘူး။ ဒီလိုငြင်းနေကြတော့ ဖတပလဥက္ကဋ္ဌတင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလ အဖွဲ့ကို မဖွဲ့နိုင်ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီးဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီ ပြေးရတယ်။ ဆရာကြီးကိုပြောတော့ ဖတပလဥက္ကအဖြစ် ရွေးချယ်တာကို သူလက်ခံလိုက်တယ်။ ‘ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင်ကုလားဆိုတဲ့လူကြီးက ဥက္ကဋ္ဌတာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီမင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံဥက္ကဋ္ဌလုပ်ခဲ့တာ ဒီဆရာကြီးဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်”ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြလိုက်တယ်။ (ဆရာတော် ဦးကုသလ-တိတ်ခွေ)
    ဆရာမကြီး လူထုဒေါ်အမာကလည်း – “ဆရာကြီးက ကျွန်မတို့ဆရာကြီးလေ၊ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက (၁၀)တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုးအနစ်နာခံဖို့ဆိုတဲ့စိတ်တွေဟာ ကျွန်မတို့တစ်သက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင်ထိန်းကျောင်းပေးနေတာဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။ ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာ ကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။ ဆရာကြီးမစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြ တာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ်တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။ ဆရာကြီးမှာ ဗမာနဲ့တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အ၀ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။ ဆရာကြီးအပြုအမူအနေ ထိုင်ဟာ အတုယူစရာ အလွန်ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လေတော့ ဆရာကြီးရာဇတ် ထားရှိတဲ့ စိတ်ဓာတ်မျိုးသာထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။ ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေးစားမြတ်နိုးလျက်သာရှိပါတယ်။ (လူထုဒေါ်အမာ)

    အခု ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဆရာကြီးဦးရာဇတ်အပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတာ ၆၆-နှစ်တိုင်ခဲ့လေပြီ။ ဒါပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါပေ ဆိုတဲ့ စာသားအတိုင်း အာဇာနည်နေ့နဲ့အတူ ဆရာကြီးဦးရာဇတ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို အမြဲ လွမ်းဆွတ်တသ ဂုဏ်ယူနေကြဦးမှာပါ။

    ဘာသာလူမျိုးတိုင်းရဲ့ နှလုံးသားမှာ ဆရာကြီးဦးရာဇတ်ရဲ့ ပုံရိပ်က စွဲထင်ကျန်နေခဲ့တာ ယခုဆိုရင် ၁၁၅-နှစ်ပြည့်မြောက်ခဲ့ပြီးပါပြီ။ ဆရာကြီးဦးရာဇတ်ကို အောက်မေ့တသတဲ့ ဂုဏ်ပြုအခမ်းအနားကို ၂၀၁၂-ခုနှစ်က မန္တလေးမြို့မှာ ရဟန်းသံဃာများနှင့် လူမျိုးဘာသာပေါင်းစုံ ပါဝင်ခဲ့ကြသလို အခု ၂၀၁၃-ခုနှစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီးဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ရဟန်းသံဃာများ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အလွှာအသီးသီးမှ ဆရာကြီးအား မြတ်နိုးလေးစား အလေးထားသူများက ပါဝင်ကျင်းပနိုင်ခဲ့တာဟာလည်း ဆရာကြီးဦးရာဇတ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

    –  ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ မြဟန်
    –  စာရေးဆရာအမည်မခံလိုသော စာဆိုရှင် ဦးရာဇတ်၊ ကျော်ဝင်းမောင်
    –  မြန်မာ့စွယ်စုံကျမ်း
    –  ကျွန်မတို့အဖေ ကျွန်မတို့အမေ၊ ခင်ခင်စိန်၊ သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၄ – ဇူလိုင်
    –  ဆရာကြီးဦးရာဇတ် အထ္ထုပ္ပတ္တိ(ပထမတွဲ)၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    –  မန္တလေး ၁၃၀၀-ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    –  စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး
    –  ၇၅-နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။
    –  ဆရာကြီးဦးရာဇတ် ဆောင်းပါးများ၊ M-Media