News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • စာရေးဆရာ မောင်လွမ်းယဉ် နှင့် တွေ့ဆုံ မေးမြန်းခြင်း

    မတ်၊ ၁၃ ၊ ၂၀၁၃
    M-Media
    ( တွေ့ဆုံမေးမြန်းသူ )  ပသီ ဆောင်းနှင်းမှုံ

    P1160015

    M-Media – ဆရာပထမဆုံး စာပေလောကထဲ ၀င်ရောက်လာပုံအကြောင်း ပြောပြပေးပါရှင်။
    (မောင်လွမ်းယဉ်) –    ကျွန်တော် လေးတန်းကျောင်းသားအရွယ်ကတည်းက စပြီး စာပေ၀ါသနာ ထုံခဲ့ပါတယ်။ အဲ့ဒီိကနေ ၁၉၆၂ခုနှစ်ထုတ်၊ ၁၅ ပြားတန် ပုလဲစာစောင်မှာ “ သဇင် သို့မဟုတ် အရိုင်း ” ၀တ္တုတိုနဲ့  စာပေလောကထဲ စတင် ရောက်လာခဲ့တာပါ။

    M-Media –ဆရာရဲ့ပထမဆုံး လုံးချင်းစာအုပ် တစ်အုပ်ထဲနဲ့ ဆရာ့ကို စာပေလောကမှာ လူသိများပြီး အောင်မြင်လာခဲ့တယ်လို့ သိရပါတယ်။ ဆရာ့အနေနဲ့ အဲ့ဒီ စာအုပ်အကြောင်းလေး ပြောပြပေးနိုင်ပါသလားရှင်။
    ဖြေ –    ဆရာရဲ့ ပထမဆုံး လုံးချင်းဝတ္ထုက “ အသဲပျော်သခင်မလေး ” စာအုပ်ပါ။ အဲ့ဒီစာအုပ်ကို ၁၉၆၅ခုနှစ၊ သြဂုတ်လမှာ နှင်းဝေေ၀ စာအုပ်တိုက်က ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အုပ်ရေ ၂၀၀၀ ပုံနှိပ်ခဲ့ရပါတယ်။ လူငယ်တွေအနေနဲ့ လမ်းမှားမရောက်သွားဖို့ ၊အဆိပ်အတောက် မဖြစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ အဲ့ဒီ ပညာပေးအချစ်ဝတ္ထု စာအုပ်ကို ရေးသားခဲ့တာပါ။ ထို့နည်းတူ  “ ကပြားမလေး ညိုပြာညက် ” ဆိုတဲ့စာအုပ်ကလည်း စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ပါသေးတယ်။

    M-Media – ဆရာက ပထမဆုံးလုံးချည်းစာအုပ်နဲ့ တာထွက်  အရမ်းကောင်းခဲ့တော့  ၀တ္ထုတွေဆက်လက်ရေးသားဖို့ တကယ်ပဲ အင်အားတွေ ရခဲ့မယ်လို့ထင်မိပါတယ်။ အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက် ဆရာဆက်လက်ရေးသားခဲ့တဲ့ လုံးချင်းစာအုပ်အကြာင်းလေးတွေကိုလည်း ပြောပြပေးပါရှင်။
    ဖြေ –    ဒုတိယ စာအုပ်အဖြစ် “ ရှိုက်သံသက်သေ နှင့် မျက်ရည်အယူခံ ” ၀တ္ထုကို ရေးသားခဲ့တယ်။ နောက် ဆရာတို့ခေတ်တုန်းက တေးသံရှင်တွေရဲ့အကြောင်းကို “ တေးအလှ နှင့် သူတို့ခရီး ” ဆိုပြီး ပထမတွဲ ဒုတိယတွဲ ဆက်တိုက်ရေးသားခဲ့ပါတယ်။

    M-Media -ပုံနှိပ်ဖော်ပြပြီးတဲ့ ဆရာ့ ၀တ္ထုတို၊ ကဗျာ၊ လုံးချင်းဝတ္တုရှည်စာအုပ်တွေ ဘယ်လောက်ရှိပါသလဲရှင်။
    ဖြေ –    လုံးချင်း စာအုပ်က (၁၁) အုပ်၊ ဆောင်းပါး (၂) အုပ်၊ ကဗျာ နဲ့ ၀တ္ထုတိုပေါင်း (၇၀) ကျော်ရေးသားခဲ့ပြီးပါပြီ။

    M-Media -ဆရာက ၀တ္ထုတိုတွေရော၊ လုံးချင်းဝတ္ထုစာအုပ်တွေပါ အများကြီးရေးခဲ့တာဆိုတော့ ဆရာရဲ့ လက်ဦးဆရာတွေ ရှိရင် ပြောပြပေးစေချင်ပါတယ်ရှင့်။
    ဖြေ –     ကျွန်တော့်ရဲ့ လက်ဦးဆရာများကတော့ စာရေးဆရာ အောင်လင်း၊ မြင့်ကျော်၊ မြင့်နီ၊ ကရမက်၊ အောင်ကျော်ကျော် နဲ့ ဆရာမောင်ကြည်ဆွေ တို့ဖြစ်ကြပါတယ်။

    M-Media -ဆရာ့ရဲ့ ကလောင်ခွဲ အမည်တွေကို ဖော်ပြပေးပါဦးရှင်။
    ဖြေ – ဇင်ယော်(မြေနီကုန်း) ၊ ကျော်ဇင်လတ်(မြေနီကုန်း) ၊ ခင်ပပ၀င်း(မြေနီကုန်း) ၊ စန်းစန်းစော(မြေနီကုန်း) တို့ဖြစ်ပါတယ်။

    M-Media -ပုံနှိပ် မထုတ်ဝေရသေးတဲ့ ရေးပြီးသား စာမူတွေရှိရင်လည်း ဆရာ့ရဲ့စာဖတ်ပရိသတ် အတွက် အသိပေးစေချင်ပါတယ်။
    ဖြေ – “ နိဗ္ဗာန်ဘုံမှာခိုမလား အ၀ီစိငရဲအောင်းမလား ” ၊ “ မေသူလွင် ” ၊ “ လှောင်အိမ် ” စတဲ့လုံးချင်းစာအုပ်တွေ  ကျွန်တော် ရေးသားပြီးပါပြီ။ စာအုပ်အဖြစ် စာဖတ်သူတွေ ဆီရောက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့စာအုပ်တွေကို အားပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေခင်ဗျား။

    M-Media –  ဆရာ့အနေနဲ့ စုံထောက်စာပေတွေ ဘာကြောင့်ဖန်တီးရေးသားဖြစ်ခဲ့သလဲဆိုတာ ပြောပြပေးနိုင်ပါသလား။
    ဖြေ -ရာဇ၀တ်မှုတွေကို စုံစမ်းထောက်လှမ်းတဲ့အခါမှာ  ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရသလဲဆိုတာ စာဖတ်သူတွေကို  ပညာဗဟု သုတတွေ ဝေမျှပေးချင်လို့ ရေးသားခြင်း ဖြစ်ပါတယ်။

    M-Media -ဆရာ့လို ရေးအားကောင်းပြီး အောင်မြင်တဲ့ စာရေးဆရာအဖြစ် ရေရှည်ရပ်တည်သွားနိုင်ဖို့ဝါသနာရှင် မျိုးဆက်သစ် လူငယ်တွေအတွက် အားပေးစကား လက်ဆောင်လေး ချီးမြှင့်ပေးပါရှင်။
    ဖြေ – ဆရာရေးသားတဲ့ စာတွေရဲ့အကျိုးဆက်ကြောင့် နိုင်ငံအတွက် ကောင်းတဲ့ဖက်က အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အကျိုးပြုနိုင်ဖို့၊ လမ်းမှားကို ရောက်မှန်း မသိရောက်နေတဲ့သူတွေ လမ်းမှန်ပေါ်ပြန်ရောက်လာဖို့၊ အတုယူ မမှားစေဖို့ဆိုတဲ့ စေတနာကို အရင်းခံပြီး ဆရာ့စာပေတွေကို ဖန်တီးရေးသားခဲ့ပါတယ်။ စေတနာကိုအရင်းခံပြီး ဇွဲ၊ လုံ့လ၊ ၀ီရိယ အပြည့်နဲ့ စာကောင်းပေမွန်တွေ ထွက်လာနိုင်အောင် မလျှော့စတမ်း ကြိုးစားကြပါ၊ စာများများဖတ်ပြီး များများအရေးကျင့်ကြပါ၊ အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ – ရေးအားကောင်းတဲ့ လူငယ် စာရေးဆရာ၊ စာရေးဆရာမတွေ များများ ပေါ်ထွက်လာပါစေလို့လည်း ဆန္ဒပြုဆုမွန်တောင်းလိုက်ပါတယ်။

    P1160004

    “  ကိုယ်ရေးအကျဉ်း   ”

    P1160003 စာရေးဆရာ မောင်လွမ်းယဉ်ကို အစ္စလာမ်ဘာသာဝင် မိဘများဖြစ်သော အဖဦးဂနီ၊ အမိ ဒေါ်ကြည် တို့မှ ( ၄.၇.၁၉၄၄ ) ခုနှစ်တွင်     မင်္ဂလာဒုံတပ်မြို့နယ်၊  ခလောက်ကွန်တိုင်ကျေးရွာ၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။
    – ငယ်စဉ်က မြူနီစပယ်ကျောင်း ၊ စမ်းချောင်းမြို့နယ် (ယခင် – ကမာရွတ်မြို့ နယ်) ၊ ဗဟန်းအစိုးရအထက်တန်းကျောင်း၊   မင်္ဂလာဒုံတပ်မတော်   အစိုးရအထက်တန်းကျောင်း တို့တွင် တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားခဲ့သည်။
    – အမည်ရင်းမှာ ဦးကျော် ဖြစ်သည်။
    – ငယ်စဉ်ကျောင်းသားဘ၀ကတည်းက စာဖတ်ဝါသနာ ထုံခဲ့သည်။
    – သူ၏ဖခင်မှာ အစိုးရ၀န်ထမ်း ဆင့်စာလုလင် တစ်ဦးဖြစ်သည်။
    – ၁၉၆၂ ခုနှစ်တွင် ၁၅ပြားတန် ပုလဲစာစောင်၌ “ သဇင် သို့မဟုတ် အရိုင်း ” ၀တ္ထုတိုဖြင့် စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။
    – ၀တ္ထုတို နှင့် ကဗျာများ ပုဒ်ရေ ၇၀ ကျော်၊ လုံးချင်းဝတ္တု (၁၁) အုပ်၊ ဆောင်းပါး (၂) အုပ် ရေးသားထုတ်ဝေခဲ့သည်။
    – စမ်းချောင်းမြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့နယ်မြေ တာဝန်ယူခဲ့သည်။
    – ၂၀၁၀ ခုနှစ် စမ်းချောင်းမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ဒု/ဥက္ကဌ တာဝန်ယူခဲ့သည်။
    – စမ်းချောင်းမြို့နယ် စာရေးဆရာအသင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
    – အသက် ၆၉ နှစ် အရွယ်ရှိပြီဖြစ်သော စာရေးဆရာ မောင်လွမ်းယဉ်သည် ဇင်ယော်(မြေနီကုန်း) ၊ ကျော်ဇင်လတ် (မြေနီကုန်း) ၊   ခင်ပပ၀င်း   (မြေနီကုန်း) ၊ စန်းစန်းစော (မြေနီကုန်း) စသည့် ကလောင်အမည်ခွဲ အမျိုးမျိုးတို့ဖြင့် အချစ် ၊ စုံထောက် နှင့် အကျိုးပြုစာပေများစွာတို့ကို   ရေးသားနေဆဲဖြစ်သည်။
    – အမှတ်၂၃ ၊ ရှမ်းကုန်းလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့တွင် သားသမီး ၊ မြေး(၃)ယောက်တို့ဖြင့် ကျန်းမာပျော်ရွှင်စွာ       နေထိုင်လျက်ရှိသည်။

    ဆရာ မောင်လွမ်းယဉ် မှ ရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်များမှာ –

    (၁)  အသဲပျော်သခင်မလေး – ၁၉၆၉ ခုနှစ်၊ သြဂုတ်လ (နှင်းဝေေ၀ စာပေ)
    (၂)  ရှိုက်သံသက်သေ နှင့် မျက်ရည်အယူခံ – ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ (သစ်တစ်ပင် စာပေ)
    (၃)  တေးအလှ နှင့် သူတို့ခရီး (ပထမတွဲ) – ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ [တေးသံရှင်များအကြောင်း] (ပြည်သူ့ရောင်ခြည် စာပေ)
    (၄)  တေးအလှ နှင့် သူတို့ခရီး (ဒုတိယတွဲ) – ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ[တေးသံရှင်များအကြောင်း] (ဥက္ကလာ စာပေ)
    (၅)  ရမ္မက်ပြင်းပြင်း ယမင်းလှလှ – ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ (စိန်ရတနာ စာပေ)
    (၆)  ကြိုးချင်းမငြိ ကျော့ကွင်းမိ – ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ (စိန်ရတနာ စာပေ)
    (၇)  အနက်ထဲကအဖြူ – ၁၉၇၅ ခုနှစ်၊ ဇန္န၀ါရီလ (စိန်ရတနာ စာပေ)
    (၈)  ချစ်ရမ္မက်အငြိုး – ၁၉၇၅ ခုနှစ်၊ မေလ (မိုးဇော် စာပေ)
    (၉)  ကပြားမလေး ညိုပြာညက် – ၁၉၇၅ ခုနှစ်၊ ဇွန်လ (မိုးဇော် စာပေ)
    (၁၀)  အနီရောင်အသဲ နှင့် အနက်ရောင်အနမ်း – ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ (တမာရိပ် စာပေ)
    (၁၁)  ၀င်္ကပါထဲက ခရုအိမ် – ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ (တမာရိပ် စာပေ)
    (၁၂)  အကုသိုလ်ပွဲစား – ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ (အရုဏ်ဦး စာပေ)
    (၁၃) နောက်ဆုံးလှေကားထစ် – ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလ (မြင့် စာပေ)

    အသင့်ရေးပြီး လက်ဝယ်ရှိလုံးချင်းများမှာ –

    (၁) နိဗ္ဗာန်ဘုံမှာခိုမလား အ၀ီစိငရဲအောင်းမလား
    (၂) မေသူလွင်
    (၃) လှောင်အိမ် တို့ဖြစ်ပါသည်။

     

  • ဆို-ရေး-တီး နှင့် ပန်းချီ အနုပညာရှင်  ရတနာပုံ မောင်စု

    ဆို-ရေး-တီး နှင့် ပန်းချီ အနုပညာရှင် ရတနာပုံ မောင်စု

    ရတနာပုံ မောင်စု (မန္တလေးတွင် ထွန်းတောက်ခဲ့သော ကြယ်တစ်ပွင့်)

    ဦးမောင်စုအား မန္တလေးမြို့ ၂၆ ဘီလမ်း ချမ်းအေးသာဇံ အလယ်ရပ်ကွက်၌ အဖဦးသာဒွန်း အမိဒေါ်ကြည်တို့မှ (၁၉၀၁) နှစ်တွင် ဖွားမြင်၍ မောင်နှမ လေးယောက်အနက် အထွေးဆုံးသား ဖြစ်သည်။ မန္တလေးသား ဖြစ်သည့်အလျောက် “ရတနာပုံ မောင်စု” ဟူသော အမည်ကိုသာ အသက်ထက်ဆုံး အသုံးပြုခဲ့သည်။

    မန္တလေးမြို့၊ ဝက်စလီကျောင်း (ယခု အထက-၁၆) တွင် အထက်တန်းပညာသင်ယူခဲ့၍ ကြိုးမဲ့ကြေးနန်းရုံး ၂၆-ဘီလမ်း (ယခု ဆက်သွယ်ရေးရုံး) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

    စန္ဒယားနှင့် ဂီတာတီး အလွန်ကျွမ်းကျင်၍ ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင် (ဗိုလ်အောင်ဒင် မင်းသား) နှင့် တေးဂီတနယ်တွင် အတူတကွ လှုပ်ရှားခဲ့သည်။ (COLUMBIA CO.,LTD.) တွင် ဓါတ်ပြား ၁၃ ချပ်ကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုခဲ့သည်။

    အသံသွင်းခဲ့သော ဓါတ်ပြားအချို့မှာ-

    (၁) တစ်ရွာသား (၁၉၃၅)၊
    (၂) နှစ်သွယ်စကြာ (၁၉၃၆)
    (၃) လူပျိုစင် (၁၉၃၇)
    (၄) ခါနွေဦး (၁၉၃၈)
    (၅) ဂွတ်နိုက်ဒါလင် (၁၉၃၈)
    (၆) လောကဤလူ့ဘုံ (၁၉၃၈)
    (၇) မောင်တို့ရွာ (၁၉၄၁) တို့ဖြစ်ပြီး သက္ကရာဇ်ရှာမတွေ့သော (၁) ဇာတိချက်ကြွေ (၂) ညိုညိုလေး (၃) မြတ်နိုးသူ တို့မှာ မန္တလေး အလွမ်းပြေဟု လူသိများကျော်ကြားခဲ့သည်။

    ရတနာပုံမောင်စု၏ ဓါတ်ပြားတေးသီချင်းများကို ယခုထက်တိုင်း မြန်မာ့အသံမှ မကြာခဏ လွှင့်ထုတ်ပေးလျက်ရှိရာ (၁) တစ်ရွာသား (၂) ခါနွေဦး (၃) လူပျိုစင် နှင့် (၄) ဇာတိချက်ကြွေတို့မှာ မရိုးနိုင်သော ခေတ်ဟောင်းတေးများ ဖြစ်သည်။

    နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော ဆိုကရေးတီး ပြိုင်ပွဲ (၂၀၀၃) ဓမ္မတေးကဏ္ဋတွင် ၎င်း၏ “လောကဤလူ့ဘုံ” တေးကို ပြိုင်ပွဲဝင်တေးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။

    ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသော “တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးများ အတွဲ-၂” တွင် ရတနာပုံ မောင်စု၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် ကိုယ်တိုင်ရေးဆိုသော တေးသီချင်းများကို ဖော်ပြခဲ့သည်။

    ဦးမောင်စုသည် တေးဂီတပညာရှင် ဖြစ်ရုံသာမက ပန်းချီပညာတွင်လည်း နိုင်ငံကျော် ကမ္ဘာသိ ထူးချွန်ပြောင်မြောက်ခဲ့သောကြောင့် ထိုစဉ်က ၎င်း၏ (TRIBES OF BURMA) ပန်းချီကားများကို စထရင်းဟိုတယ် (STRAND HOTEL) မှ အများဆုံး ဝယ်ယူခဲ့သည်။ ရတနာပုံ မောင်စု၏ တိုင်းရင်းသားပန်းချီကားချပ်များကို ယခုအခါ နိုင်ငံတော်မှ အနုပညာပြတိုက် (အမျိုးသားပြတိုက်၊ ရန်ကုန်) တွင် ချိတ်ဆွဲပြသထားပြီး နိုင်ငံခြားပြတိုက်အချို့တွင်လည်း တွေ့မြင်ခဲ့သူများ ရှိသည်။ စစ်ကြိုခေတ်နှင့် စစ်ကြီးအပြီးတွင် ကုမ္ပဏီအဖွဲ့ အစည်းများနှင့် အသင်းများမှ ပြက္ခဒိန် ထုတ်လုပ်ရာတွင် လိုအပ်သည်များကို ဦးမောင်စုက ရေးဆွဲပေးခဲ့သည်။

    ရန်ကုန်မြို့ ၁၅၇-လမ်း တာမွေတွင် အခြေချ နေထိုင်ခဲ့ပြီး ၁၉၆၅၊ အောက်တိုဘာ-၁၇ ရက်တွင် အရှင်မြတ်အမိန့်တော် ခံခဲ့၍ ရန်ကုန်မြို့ ကန်တော်ကလေး မွတ်စလင်သင်္ချိုင်းတွင် မြုပ်နှံခဲ့သည်။

    ဇနီးဒေါ်ငြိမ်း (မန္တလေး) နှင့် ဒေါ်မြင့်မြင့် (ရန်ကုန်) ဖြစ်ပြီး သားသမီးများဖြစ်သော ဦးမောင်မောင် (ကြိုးမဲ့ ကြေးနန်း)၊ ဒေါ်ဖြူဖြူစု၊ ဦးသောင်းစု (သုတေသန/ဘာသာပြန် စာရေးဆရာ) တို့ ကျန်ရစ်သည်။

    Credit -Ko Zaw Min Oo FB စာမျက်နှာ

  • ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃)နှစ်ပြည့် မွေးနေ့ အမှတ်တရ

    ဖေဖော်ဝါရီလ ၁၆ရက်၊၂၀၁၃
    M-Media
    ပသီဆောင်းနှင်းမှုံ

    မြန်မာ့ သမိုင်း၊ ကမ္ဘာ့ သမိုင်းတွေမှာ သင်ခန်းစာ ယူစရာ၊ဂုဏ်ယူ စရာ၊အားကျ အတုယူစရာ၊ မျိုးချစ်စိတ် တဖွားဖွား ပေါ်စရာတွေ ပြည့ှ်နှံ့နေတဲ့ အတိတ်ကာလများစွာနဲ့ တည်ဆောက်ထားတာပါ။ကျွန်မတို့ရဲ့ မြန်မာ့ သမိုင်း စာမျက်နှာကို ပြန်လှန်ကြည့်ရင်လည်း မြန်မာ့ အာဇာနည်တို့ ဇွဲမရှိခဲ့ပါလျှင် မြန်မာ့ မြေပုံသည် ကမ္ဘာ့ဘုံမှ ပျောက်ကုန်သွားမည် ဖြစ်ကြောင်း မှတ်သား ရဖူးပါတယ်။

    IMG0532A
    ဘယ်သူမှ အားမကိုးဘူး သူပါသူ စာ ရေးမယ်တဲ့

    ဒုတိယ ကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ် ပုံရိပ်များကို အပတ်တကုပ် စိုက်လိုက်မတ်တတ် စုဆောင်းရေးသားသူ တစ်ဦးဖြစ်သော ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင်ဟာ သမိုင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ လူသိမများခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကုလားကုန်း ကျေးရွာသူ ကျေးရွာသား အားလုံးနီးပါး ရွာလုံးကျွတ် လူကြီးလူငယ် အဘိုးအို အမယ်အိုကစပြီး ရင်နှစ်သည်းချာ ကလေးတွေအထိ အရှင်လတ်လတ် ရက်စက်မူ သရဖူ ဆောင်းခဲ့တဲ့ လူသတ်ပွဲကြီး သမိုင်းကို ဆရာကြီးဟာ စာတစ်အုပ် ပေတဖွဲ့ အနေနဲ့တိုင်းပြည်မှာ ရှိဖို့လိုတယ်လို့ ခံယူပြီး သူဟာ အန္တရယ်တွေကြားက အသက်ကို ဖက်နဲ့ထုပ်ပြီး သွားကာ  သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။ဆရာကြီးဟာ ထိုစာအုပ်ကို ” ကျိုက်မရောနယ်ရဲ့ အလှကို အကျဉ်းတန် အရုပ်ဆိုးစေတဲ့ သမိုင်းဖြစ်ရပ်” လို့ အမည်ပေးခဲ့ပါတယ်။ ကုလားကုန်း ရွာသားတွေဟာ အဲဒီဒေသတွင် လှုပ်ရှားသော မြန်မာ့ တော်လှန်ရေး ပြောက်ကျားတပ်သားများနဲ့ ဗြိတိသျှ လေထီး တပ်သားများကို အကူအညီပေးခဲ့လို့ ဂျပန်တွေက ရွာလုံးကျွတ် ရက်ရက် စက်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ထိုသမိုင်းကို ဖတ်ရှု့ရခြင်းဖြင့် ကုလားကုန်းရွာသား အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်ပေါ် ဘယ်လောက်ထိ ချစ်ခင်လဲ ဘယ်လောက်ထိတိုင်းပြည်ပေါ်မှာ တာဝန်ကျေခဲ့ ကြသလဲ ဆိုတာကို ဆရာကြီးဟာ စာပေဖြင့် မီးမှောင်းထိုးပြနိုင်ခဲ့ပါတယ်။။

    Ukyawwinmg01ဆရာကြီးဝမ်းအိုဝမ်းကျော်ဝင်းမောင်ကို ပသီအမျိုးသား အစ္စလာမ် ဘာသာဝင် အဖဦးဟာနစ်၊အမိ ဒေါ်စိန်ညွှန့်တို့မှ ၁၆-၂-၁၉၂၀ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဆရာကြီးဟာ ကချင်ပြည်နယ်၊ဗန်းမော်သားပါ။အင်္ဂလိပ်-မြန်မာ (၁၀)တန်းထိ ပညာသင်ကြားခဲံပါတယ်။ပန်းချီ ၀ါသနာ ပါသူဖြစ်ပါတယ်။ဆရာကြီးဟာ ဘီဒီအေ(ဗမာ့ ကာကွယ်ရေး တပ်မတော်)၊လေယာဉ်ပစ် အမြောက်ကြီးတပ်၊ဘီဒီအေ မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယ အပတ် ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ ဗိုလ်သင်တန်းတက်နေတုန်း ဂျပန်တော်လှန်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်နဲ့ မြန်မာပြည် မြောက်ပိုင်းရောက်နေတဲ့ မဟာမိတ်တွေနဲ့ သွားရောက် ဆက်သွယ်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ သွားရောက်ဆက်သွယ်ရင်း လမ်းခုလပ်မှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။မြေအောက် ရဲဘော်တွေရဲ့ အကူအညီနဲ့ ဆရာကြီးဟာ အချုပ်ခန်းကို သော့တူနဲ့ ဖွင့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဂျပန်ဖက်ဆစ်တွေရဲ့ သမိုင်းမှာ ဒီလို လှောင်အိမ် အချုပ်ခန်းထဲမှာ သေဒဏ်ပေးခံရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ လူ သူတို့သမိုင်းမှာ အင်မတန် ရှားမယ်လို့ သိရပါတယ်။ဒါကြောင့် ဆရာကြီးဟာ ဒီအကြောင်းတွေကို မြန်မာ့ သမိုင်းမှာ စာတတန် ပေတဖွဲ့ အနေနဲ့ ကျန်ရစ်ခဲ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၀မ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက် တော်လှန်ရေး”ဆိုတဲ့ စာအုပ်ကို ရေးပြီး စာပေလောကထဲ ၀င်ခဲ့ပါတယ်။

    ထိုစာအုပ်နှင့် ပတ်သက်ပြီးစာရေးဆရာ သတင်းစာဆရာ ဆရာမောင်ဝံသက“သက်ကြီဝါရင့် နိုင်ငံရေး သမားကြီးတွေ မှတ်ညဏ်ကောင်းတုန်း ကိုယ်တွေ့တွေကို ပြန်ရေးကြတာ ကျွန်တော်တို့ အလွန်ကျေးဇူးတင်တယ်။အသက် ၃၀အောက် လူငယ်တွေကို အဲသလို နိုင်ငံရေး ကိုယ်တွေ့ မှတ်တမ်းတွေ ဖတ်စေချင်တယ်။ဆရာကျော်ဝင်းမောင်ရေးတဲ့ “၀မ်းအိုဝမ်းနဲ့ မြန်မာ့ မြေအောက်တော်လှန်ရေး ”လိုစာအုပ်မျိုးက သမိုင်းမှတ်တမ်း အရေးအသားတွေထက် လူငယ်တွေကို ပိုပြီး ဆွဲဆောင်မယ်လို့ ကျွန်တော် ယူဆပါတယ်”ဟု ပထမတန်းစား နိုင်ငံ ပထမတန်းစား စိတ်ဓာတ် စာအုပ်တွင် ရေးသားတာကို တွေ့ရပါတယ်။ဆက်လက်ပြီး ထိုစာအုပ်တွင် ဆရာမောင်ဝံသမှ “ယနေ့ခေတ် နိုင်ငံရေးစိတ်ထက်သန်တဲ့ လူငယ်တွေကို ၀မ်းအိုဝမ်းကျော်ဝင်းမောင်ရဲ့ စာအုပ်တွေ ဖတ်စေချင်ပါတယ်။သူတို့ခေတ်က လူငယ်တွေ နိုင်ငံရေးထဲ ဘယ်လိုပါခဲ့ကြတယ်၊ ဘယ်လို စွန့်စားခဲ့ရတယ်၊ဘယ်လို လှိုင်းတံပိုးတွေကို ရင်ဆိုင်ခဲ့ရတယ် စတာတွေကို တွေ့ရပါလိမ့်မယ်။ ငါတို့သာ တိုင်းပြည်ကို ချစ်တယ်၊ငါတို့သာ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်နေတာလို့ တစ်လွဲမာန်တက်နေသူတွေလည်း ဖတ်ဖြစ်အောင် ဖတ်စေချင်တယ်။နိုင်ငံရေး သမားဆိုတာ တိုင်းသူပြည်သား လူအများ အသာစံဖို့အတွက် မိမိတို့ရဲ့ဘ၀ အနာခံပြီး လုပ်ပေးရသူဆိုတဲ့ အနက်အဓိပယ်ကို ဦးကျော်ဝင်းမောင်ရဲ့ နိုင်ငံရေး ဘ၀ထဲမှာ တွေ့လာရပါလိမ့်မယ်”ဟု ရေးသားထားသည်ကို တွေ့ရပါတယ်။

    OLYMPUS DIGITAL CAMERA
    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇာတ်စာအုပ် ထွန်းဖောင်ဒေးရှင် စာပေဆု ရတုန်းက အမှတ်တရ

    သက်တော်ရှည် စာပေပညာရှင်ကြီးဝမ်းအိုဝမ်း ရဲ့ဘ၀အောင်မြင်မူ မှတ်တိုင်တစ်ခုကတော့ အသက်၈၈နှစ်အရွယ်မှာ အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇာစာအုပ်နှင့် ထွန်းဖောင်းဒေးရှင်း အတ္ထုပတိစာပေဆု ရရှိခဲ့ပါတယ်။အဲဒီတုန်းက ဆရာကြီးဟာ “၀မ်းသာလွန်းလို့ ငိုချင်တယ်”ဆိုတဲ့ ဆောင်းပါးကို Weekly Eleven ဂျာနယ်တွင် ရေးသားပြီး ပြည်သူတွေကို သူ့ရင်ထဲက စကားသံတွေ ပြောပြခဲ့တာ တွေ့ရပါတယ်။

    ဆရာကြီးဟာ အတိတ်ကာလ၊ပစ္စုပန်ကာလ နှစ်ခုမှာ ဘယ်ပေတံနှင့် တိုင်းတိုင်း ဘယ်မှတ်ကျောက်နှင့် တင်တင် ဒေါင်ဒေါင်မြည် အစမ်းသပ်ခံနိုင် ခဲ့တဲ့ နိုင်ငံရေး သမား တစ်ယောက်၊နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ဆရာကြီးတို့ တပ်မတော်ထဲ ၀င်တုန်းက ပသီခေါ် မြန်မာ မွတ်စလင်အမျိုးသားတွေ ဖြစ်တဲ့အတွက် အခြား တိုင်းရင်းသား လူမျိုးတွေထက် အစားအသောက် အဆင်းရဲခံပြီး ၀င်ခဲ့ရပါတယ်။

    ဆရာကြီး အသက်ရှင်စဉ်ချိန်ကာလကနေ အခုသေဆုံးချိန်ထိ ပိုင်ဆိုင်ထားတဲ့ အောင်မြင်ခြင်း၊ထင်ရှားခြင်း၊ကျော်ကြားခြင်းတွေဟာ တခဏ တစ်ခုန် တစ်လှမ်းနဲ့ ရခဲ့တာ မဟုတ်ပါဘူး။သူဟာ ခိုင်မာသော ယုံကြည်ချက်ပေါ် တစိုက်မတ်မတ်နဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံလကို အရင်းတည်ပြီး အဖန်ဖန် တလဲလဲ ကြိုးစားခြင်းရဲ့ ရလာဒ်တွေသာ ဖြစ်ပါတယ်။

    ဆရာကြီးရဲ့ ဘ၀ကို လေ့လာကြည့်တဲ့ အခါ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့ဖူးပေ့မယ့် ရေဆန်လမ်းမှာ လက်ပန်းမကျသလို လေထန် ရေဆန်တတ်တဲ့ လောကဓံကို ကြံကြံခိုင် ရင်ဆိုင် တွန်းလှန်ကျော်ဖြတ်ခဲ့လို့ ရောက်ရှိလာရတဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။

    ဆရာကြီးဟာ သူလုပ်ဆောင်စရာရှိတာတွေကို သမိုင်းပေး တာဝန်တစ်ခု အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။သူ့အကျိုးစီးပွားအတွက် မျှော်မှန်းပြီး မလုပ်ခဲ့ပါဘူး။ ဂျပန်တော်လှန်ရေး ပျက်ပြားသွားမှာကိုတော့ သူ အထိမခံနိုင် အပျက်မခံနိုင် သူ့အသက်ကိုသာ လွတ်လပ်ရေး ကန်ဘောင်ရိုးမှာ စတေးခံဖို့ ဆုံးဖြတ်ခဲ့သူပါ။စွန့်လွှတ်စွန်စား လုပ်ချင်တဲ့စိတ် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ သတ္တိမျိုး သူ့မှာ အပြည့်ပါ။

    ဆရာကြီးဟာ လူတွေအပေါ် ခွင့်လွှတ်သည်းခံတတ်ခြင်း၊သူ ယုံကြည်ရာ အပေါ် တယူတန် စွဲလန်းခြင်း၊အားနည်းသူတွေကို သူစားမယ့်ထဲက ခွဲဝေပေးတတ်ခြင်း၊ အနစ်နာခံတတ်ခြင်း၊ကိုယ့်ကျိုးစွန့်လွှတ်တတ်ခြင်း၊နိမ့်ချစွာ နေထိုင်တတ်ခြင်း၊သူတစ်ပါးကို ကြီးငယ်မရွေး ယဉ်ကျေးဖော်ရွေ လေးစားစွာ ဆက်ဆံတတ်ခြင်း၊မဆုတ်မနစ်သော ဇွဲ၊လုံ့လရှိခြင်း၊ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ဒေါသဆို မြူမှုန့်မရှိ ပကတိ တည်ငြိမ်အေးချမ်းခြင်း၊ တင်းတိမ် ရောင်ရဲခြင်း၊စိတ်ကောင်း စေတနာကောင်း ရှိခြင်း၊မမြှောက်ပင့် တတ်ခြင်းတွေဟာ  စံနမူနာ အတုယူထိုက်စရာတွေကို ဆရာကြီးရဲ့ ဘ၀ထဲမှာ တွေ့ရပါတယ်။ဆရာကြီးရဲ့ ဘ၀မှာ ကိုင်စွဲလျှောက်လှမ်းတဲ့ ဆောင်ပုဒ်လေးကတော့ “လိုလျှင် ကြံဆ နည်းလမ်းရ” လို့အမြဲပြောလေ့ရှိခဲ့တယ်။

    ဆရာကြီး လူငယ်တွေကို အမြဲရွတ်ဆိုပေးပြီး ချရေးခိုင်းလေ့ရှိတဲ့ ဆောင်ပုဒ်လေးတစ်ခု ရှိပါသေးတယ်။အဲဒါလေးကတော့
    “ငါ့မှာ တာဝန်တွေ များစွာရှိတယ်
             ကုန်းပေါ်မှာ သေသေ
             ရေထဲမှာ သေသေ
             လေထဲမှာ ကြေကြေ
             အထိပ်အထိပ်မှာ ငါနေမယ်
            လာမည့်ဘေး ပြေး၍ မရှောင်
            တွေ့အောင် ငါသွားမယ်
            ဧည်သည် အိမ်သည်ကို မစော်ကားရ ”ဆိုတဲ့ ဂျပန်ခေတ်က ဒီကြွေးကြော်သံလေးကို ချရေးခိုင်း တတ်သလို၊လူငယ် လူရွယ်တွေရဲ့ နှလုံးသားထဲထိ စွဲနစ်သွားအောင် ရိုက်သွင်းပေးပြီး စိတ်ဓာတ် အမွေပေးခဲ့ပါတယ်။ပြီး ဘ၀မှာ လက်တွေ့အသုံးချဖို့ လမ်းညွှန်ပေးခဲ့တာကို တွေ့ရပါတယ်။

    OLYMPUS DIGITAL CAMERA
    ၂၀၁၂ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် ဆရာကြီးဦးရာဇတ်နေ့ အခမ်းအနား မန္တလေးတွင် အမှတ်တရ စကားပြောကြားနေစဉ်

    သူ့ရဲ့စိတ်အားထက်သန်မူတွေဟာ အသက်အရွယ်နဲ့မလိုက်အောင် ရှေ့သို့ရောက်နေသော်လည်း ဇာရာရဲ့ ဖိစီးမူတွေက ဆရာကြီးရဲ့ခြေထောက်ကို အနောက်မှာ ကျန်ရစ်စေခဲ့ပါတယ်(ဆရာကြီးရဲ့ လမ်းလျှောက်ပုံကို မြင်တွေ့ဖူးသူတိုင်း ပြန်လည် မြင်ယောင်မိနိုင် ပါလိမ့်မယ်)။ မြန်မာ့ပြည်ရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေး၊ ပသီခေါ် မြန်မာမွတ်စလင်တွေရဲ့ အရေးတွေအတွက် သောကတွေ ပိုက်ထွေးရင်း ကွယ်လွန်မည့် နေ့ရက် တစ်ရက်ကလွဲရင်း ကလောင်ကို လက်ကမချ ခဲ့သူလို့ သိရပါတယ်။ သူ့ရဲ့ဘ၀ကို ဇွဲ၊ လုံးလ ၊၀ိရိယတွေနဲ့  တည်ဆောက် ထားတာလို့ သုံးသပ်မိပါတယ်။

    ဆရာကြီးရဲ့ အလ္လာဟ်ဆီသို့ပြန်ရာလမ်း မှာ သေချင်းနှင့်စီးချင်းထိုးနေရတဲ့အချိန်မှာတောင် မီးဇကုန် ရေခန်းလို့ လာရာလမ်းသို့ပြန်ရပေမယ့် သေမင်းကို အံ့တု စိန်ခေါ် အရှုံးမပေးခဲ့သူပါ။

    ကျွန်မတို့လို မျက်မှောက် ကာလ လူငယ်လူရွယ်တွေနှင့် နောက်လာမယ့် အနာဂတ်ရဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ အတွက်ထိပါ သမိုင်းကို ရှု့မြင် ဆင်ခြင်နိုင်ဖို့၊အကောင်းနှင့်အဆိုး၊အမှန်နှင့်အမှားကို  ပိုင်းခြားပြီး သင်ခန်းစာ ယူဖွယ် လေ့လာ မှတ်သားဖွယ် အတုယူဖွယ်ရာ သမိုင်းစာအုပ်တွေကို သဲသဲမဲမဲ ဇွဲနပဲ ကြီးစွာဖြင့် အခက်အခဲအမျိုးစုံကို ကျော်လွှားပြီး စာရေးဆရာတစ်ယောက် လုပ်သင့်တဲ့ အလုပ်တာဝန်တွေကို လုပ်ခဲ့သူရဲ့ ယနေ့ မှာ ကျရောက်တဲ့ ဆရာကြီးရဲ့ (၉၅)နှစ်ပြည့် မွေးနေ့ အမှတ်တရ အနေဖြင့် M-Media မှ ဂုဏ်ပြုမှတ်တမ်း တင်လိုက်ပါတယ်။

    ** ဓါတ်ပုံအချို့ကို ဆရာကြီးမိသားစုထံမှာ ကင်မရာဖြင့် ပြန်လည် ရိုက်ကူးသောကြောင့် ယနေ့ နေ့စွဲဖြစ်နေခြင်းဖြစ်ပါသည်။

  • ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)

    ကျော်မိုးအောင်
    M-Media

    ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရ

    254785_270685116278536_100000111498246_1168218_7646605_n

    “ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

    ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။””

    အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇)  တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့316831_270685979611783_100000111498246_1168221_2167098_nလွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်အသင်း အမှုဆောင် မဂ္ဂဇင်း အယ်ဒီတာနေရာ အတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။

    ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေ မိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူး အဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေးခန့်အပ်ခဲ့သည်။

    ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာ တာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။

    ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလား စက္ကူဖြူ စာတမ်းသည် တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန်တည်မြဲစေဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက  နှစ်ပေါင်း(၇၀)နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀)ကြာသည် အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့် အတွက် လွတ်လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ်ချင်ကြောင်း၊ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စ မဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူး ဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ်စော်ဘွားတွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြား သွားခဲ့သည်။

    Uphaykhin2ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန် မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေး ရယူရာတွင် တောင်တန်းနှင့်ပြည်မ ပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦး အမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်ကြောင်း ”  ကြေးနန်းစာ တစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။

    ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။

    Bogyoke Aung San and U Pe Kin at Inlay Lake

    အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇) တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံ တက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့် တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန် မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာစေခဲ့သည့် “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

    လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေး အတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက)  ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

    နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

    ( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )

  • စာပေဗိမာန်ဆုရ ဓနုတိုင်းရင်းသား၊ အစ္စလာမ်ဘာသာဝင် ဦးစိုးညွှန့်(တောင်ကြီး) နှင့် အင်တာဗျူး

    ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၁၃
    M-Media
    ပသီ ဆောင်းနှင်းမှုံ တွေ့ဆုံမေးမြန်းသည်။

    ၁၉၉၄ ခုနှစ်တွင် စာပေဗိမာန် ဝတ္ထုရှည်ပထမဆု ရရှိခဲ့တဲ့ ဓနုတိုင်းရင်းသား၊အစ္စလာမ်ဘာသာဝင် စာရေးဆရာ စိုးညွှန့်(တောင်ကြီး)ကို M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    OLYMPUS DIGITAL CAMERA

    M-Media – ဆရာ ပထမဆုံးစာပေလောကထဲ ရောက်လာပုံလေးကို ပြောပြပေးပါရှင်။
    ဖြေ-  ကျွန်တော်ကျောင်းစာသင်နေတဲ့ ငါးတန်းအရွယ်ရောက်တဲ့အချိန်မှာ စပြီးစာရေး စာဖတ်တာကို ၀ါသနာကြီးခဲ့ပါတယ်။ကျွန်တော် ၁၇နှစ် ကျောင်းသားဘ၀မှာပဲ ကျွန်တော်တို့ခေတ်တုန်းက ထုတ်ခဲ့တဲ့ ဖလင်စတားဆိုတဲ့ ၁၀ပြားတန်စာစောင်မှာ “မီးလျှံကြားက မြင့်မြတ်သူ”၀တ္ထူတိုနဲ့ စာပေလောကထဲ စရောက်ခဲ့ပါတယ်။အဲဒီချိန်ကစပြီး အမှတ်၃၄ ၊ကုန်ဈေးတန်း ဗမာ -မွတ်စလင် စာစောင်မှာ သုတ ရသစာပေတွေကို ကြိုကြား ကြိုကြားရေးသားလာခဲ့ပါတယ်။

    M-Media – ဆရာ စာပေဗိမာန်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း ကြားသိရပါတယ် အဲဒီစာအုပ် အကြောင်းလေး ပြောပြပေးပါရှင်
    ဖြေ-  ကျွန်တော် စတုတ္ထမြောက် လုံးချင်းကို “ဗေဒါပန်းရဲ့ ရေဆန်လမ်း”ခေါင်းစဉ် အမည်နဲ့ ရေးခဲ့ပါတယ်။စာအုပ်အဖြစ် ထုတ်ဝေမယ့်သူမရှိလို့ ၁၉၉၄ခုနှစ် စာပေဗိမာန်မှာ စာမူအနေနဲ့ ၀င်ပြိုင်ခဲ့ပါတယ်။အဲဒီစာမူနဲ့ ကျွန်တော် စာပေဗိမာန်ဝတ္ထုရှည် ပထမဆု ရရှိခဲ့ပါတယ်။စာပေဗိမာန်က အဲဒီစာမူကို ၁၉၉၆ခုနှစ်မှာ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။

    M-Media – ဆရာ အဲဒီစာအုပ်လေးရေးဖြစ်ခဲ့ပုံအကြောင်းနဲ့ ဆရာ့ရဲ့ စာဖတ် ပရိသတ်ကို ပေးခဲ့တဲ့ ပေးနေစဲဖြစ်တဲ့ ခံစားမူ ရသလေးကို ပြောပြပေးပါရှင်။
    ဖြေ-  ကျွန်တော့် ဇာတိက တောင်ကြီးပါ၊ကျွန်တော်နေတဲ့ မြို့မှာ အသက်မွေးဝမ်းကျောင်း အနေနဲ့ တက္ကစီကားမောင်းပါတယ်။ကျွန်တော်တို့ရဲ့ တက္ကစီမောင်းသူတွေရဲ့ လောက အကြောင်းကို စာဖတ်သူတွေကို သိစေချင်လို့ပါ။ခံစားမူအနေနဲ့ကတော့ တက္ကစီမောင်းပြီး ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရုန်းကန်ကြတယ်၊အဲဒီမှာ ရိုးရိုးသားသား ရုန်းကန်ခြင်းနဲ့ ဆန်းဆန်းပြားပြား ရုန်းကန်ခြင်းရဲ့ အားပြိုင်မူတွေကို ဖော်ကြူးထားတာ ဖြစ်ပါတယ်။အဲဒီ ဘ၀သရုပ်ဖော် ရသလေးကို ပေးချင်တာပါ။

    M-Media – ဆရာလုံးချင်းစာအုပ်အနေနဲ့ ဘယ်အချိန်မှာ စရေးခဲ့တာပါလဲ အဲဒီလုံးချင်း စာအုပ် အမည်တွေကိုလည်း ပြောပြပေးပါရှင်။
    ဖြေ-  ကျွန်တော် ၁၉၇၃ခုနှစ်မှာ “မောင့်ဘ၀ အကျဉ်းတန်”ဆိုတဲ့ ပထမဆုံး လုံးချင်းဝတ္ထုရေးသားခဲ့ပါတယ်၊ အဲဒီစာအုပ်ကို နှင်းဝေေ၀စာပေတိုက် ရန်ကုန်က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။၁၉၇၈ခုနှစ်မှာ ဒုတိယ စာအုပ်ဖြစ်တဲ့ ဒါရိုက်ဘာလုံးချင်းဝတ္ထု၊တတိယ စာအုပ်ဖြစ်တဲ့ လုံးချင်းဝတ္ထုက ၁၉၈၀မှာ ရေးသားခဲ့ပြီး ဇော်မျိုးချစ် စာပေက ဖြန့်ချီခဲ့ပါတယ်။စတုတ္ထမြောက် စာအုပ်ကတော့ “ဗေဒါပန်းရဲ့ ရေဆန်လမ်း” ပါ။ အဲဒီစာအုပ်ကတော့ စာပေဆု ရရှိခဲ့တာကြောင့် စပေဗိမာန်က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။

    OLYMPUS DIGITAL CAMERA

    M-Media – ဆရာ ဖန်တီးခဲ့တဲ့ စာအုပ်တွေက ဘယ်လို အကြောင်းအရာမျိုးတွေအပေါ်မှာ အများဆုံးအခြေခံပြီး ရေးဖွဲ့ခံစားတင်ပြခဲ့တာပါလဲရှင်။
    ဖြေ- ကျွန်တော်နေထိုင်တဲ့ တောင်ကြီးမြို့က အဝေးပြေး မော်တော်ယာဉ်မောင်းသူတွေရဲ့ ဘ၀အကြောင်းတွေကို ဘ၀သရုပ်ဖော်အနေနဲ့ရေးတာ များပါတယ်၊ပြည့်ပြည့်စုံစုံပြောရရင် အချစ်နဲ့ဘ၀သရုပ်ဖော်ပါ။ဟာသတွေလည်း နည်းနည်းပါးပါး မဂ္ဂဇင်းတွေမှာ ရေးဖြစ်ပါတယ်။

    M-Media -ရယ်စရာ ဟာသတွေလည်း စာဖတ်ပရိသတ်ကို ခံစားစေခဲ့တယ်ဆိုတော့ ဘယ်မဂ္ဂဇင်းတွေမှာ အများဆုံး ရေးသားပါလဲရှင်။
    ဖြေ- အခြား လစဉ်ထုတ် မဂ္ဂဇင်းတွေမှာလည်း ရေးပါတယ်၊များသော အားဖြင့်ကတော့ “အဟိ”မဂ္ဂဇင်း၊“သောကြာ”မဂ္ဂဇင်းတို့မှာ ရယ်စရာ ၀တ္ထုတိုတွေ ရေးသားပါတယ်။

    M-Media -ဆရာရဲ့ ကလောင်နာမည်ခွဲတွေ ရှိရင် ပြောပြပေးပါရှင်
    ဖြေ- စိုးညွှန့်(တောင်ကြီး)၊စိုးညွှန့်ဇော်(တောင်ကြီး) ပါခင်ဗျာ။

    M-Media -ဆရာခုလတ်တလောရေးပြီးတဲ့ စာမူတွေကိုလည်း ဆရာ့ရဲ့ စာဖတ်ပရိသတ်တွေကို ပြောပြပေးပါရှင်
    ဖြေ- မောင့်မေတ္တာလမ်း၊အဆိပ်သင့်သောနှလုံးသား၊အသံတံခါးဖွင့်ပေးပါ၊အိမ်မက်တံတား ပေါ်ဝယ် အပါအ၀င်စာမူ (၇)ခုလောက် ရေးသားထားတာတွေ ရှိပါတယ်။စာုပ်အဖြစ် စာဖတ်ပရိသတ်ဆီ အရောက်ပို့နိုင်အောင် ကြိုးစားနေပါတယ်။

    M-Media -ဆရာကထူးချွန်တဲ့ စာပေဗိမာန်ဆုရ စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်နေတယ်၊ဆရာလိုပဲ စာပေအရာမှာပါ ထူးချွန်ထက်မြက်တဲ့ ၀ါသနာရှင် မျိုးဆက်သစ် လူငယ်တွေအတွက်ရော၊စာပေ၀ါသနာရှင်တွေ အနာဂတ်မှာ အများကြီးပေါ်ထွက်လာဖို့အတွက်ရော ဆရာအနေနဲ့ အားပေးစကား လက်ဆောင်လေး ချီးမြှင့်ပေးပါရှင်။

    ဖြေ- ဒီခေတ်က ဆရာတို့ ငယ်ငယ်တုန်းကလို မဟုတ်တော့ပဲ နည်းပညာတွေက တနေ့ထက် တနေ့ လျှင်လျှင်မြန်မြန်တိုးတက်နေတာဆိုတော့ လူငယ်တွေအနေနဲ့ ရွေးချယ် ကြည့်ရူစရာတွေက အင်မတန်ပေါများပါတယ်၊လူငယ်တွေ ခုချိန်မှာ စာဖတ်အားနည်းနေတာကို တွေ့ရပါတယ်၊အလိမ္မာ စာမှာရှိဆိုတဲ့ စကားလိုပဲ စာများများ ဖတ်ကြပါ၊များများ ရေးကြပါ၊ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ကျော်ဖြတ်ရ ကျော်ဖြတ်ရ နောက်မဆုတ်တမ်း ကြိုးစားရင် တနေ့ အောင်မြင်မူတွေကို လက်ဝယ် ပိုင်ဆိုင် ခွင့်ရမှာပါလို့……

    M-Media – ဟုတ်ကဲ့ပါ ဆရာ၊အခုလို အားပေးစကား လက်ဆောင်ပြောကြားပေးတဲ့ အတွက်ရော၊သိလိုသမျှကို စိတ်ရှည် လက်ရှည် ဖြေကြားပေးခဲ့တဲ့ ဆရာကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်၊ဆရာအနေနဲ့ မေးမြန်းခဲ့တဲ့ အထဲက ဘာများဖြည့်စွပ် ပြောကြားစရာလေးများ ရှိပါသေးလားရှင်။
    ဖြေ- မရှိတော့ပါဘူးကွယ်၊အခုလို လာရောက်မေးမြန်းတဲ့ M-Media ကိုလည်း ကျေးဇူးတင်ပါတယ်။ဆရာက ရန်ကုန်ကို လာရောက်လည်ပတ်တာပါ၊ မနက်ဖြန် ဆရာနေတဲ့ တောင်ကြီးကိုပြန်တော့မှာပါ၊

    ကိုယ်ရေးအကျဉ်း
    -စာရေးဆရာ စိုးညွှန့်(တောင်ကြီး)ကို ဓနုတိုင်းရင်းသား၊ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသော အဖဦးခန်း ၊အမိဒေါ်စောရီတို့မှ ၁၉၄၄ခုနှစ်၊ဧပြီလ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။
    -မွေးချင်းမောင်နှမ ခြောက်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်။
    -အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။
    -အသက်မွေးဝမ်းကျောင်းအဖြစ် အဝေးပြေး မော်တော်ယာဉ် မောင်းနှင်ခဲ့သည်။
    -၀ါသနာအရ စာပေများ ရေးသားခဲ့သည်။
    -အမည်ရင်းမှာ ဦးစိုးညွှန့်ဖြစ်သည်။
    -၁၉၉၄ခုနှစ်တွင် ဗေဒါပန်းရဲ့ရေဆန်လမ်း ၀တ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ပထမဆု ရရှိခဲ့သည်။ဝတ္ထုတိုပေါင်း (၃၀)ကျော်၊ဆောင်းပါး(၁၀)ပုဒ်ခန့် ရေးသားခဲ့သည်။
    -တောင်ကြီးမြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့အလုပ်အမှုဆောင်ဖြစ်သည်။
    -ယခု အသက်၆၈နှစ် ရှိပြီဖြစ်သော်လည်း စိုးညွှန့်(တောင်ကြီး)၊စိုးညွှန့်ဇော်(တောင်ကြီး)  အမည်နှစ်မျိုးဖြင့် မဂ္ဂဇင်း၊ဂျာနယ် များတွင် စာပေရေးသားနေဆဲဖြစ်သည်။
    -အမှတ် (၅)၊၁၄လမ်း၊အေးသာယာ စက်မူဇုံရပ်ကွက်၊တောင်ကြီးမြို့တွင် သား၁ယောက်၊သမီး(၃)ယောက် ၊မြေး(၁၂)ယောက်တို့ဖြင့် ကျန်းမားပျော်ရွှင်စွာ နေထိုင်လျှက် ရှိသည်။