News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)

    ဇူလိုင်-၁၈၊ ၂၀၁၃

    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)

    photo

    ၂၀၁၃-ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တာ (၆၆)နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်  ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ကြတာ (၆၆)နှစ်တိုင်ခဲ့ပါပြီ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)

    YeBaw Ko Htweကိုထွေးသည် မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။

    ယင်းကဲ့သို့ တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်တစ်ဦးဖြစ်သည်။

    “ရဲထွေးကို (၇) လနဲ့မွေးတာပါ။ ဒီတော့ လူက အတော့်ကိုညှက်လွန်းပါတယ်။ အထွေးဆုံးသားလည်းဖြစ်ပြန်၊ ကိုယ်ဟန်က ယောက်ျားလေးဖြစ်ပေမယ့် ပျော့ပျော့ပျောင်းပျောင်း ကနွဲ့ကလျလေးဖြစ်နေလေတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်မတတ် ဖြစ်နေကြတာပေါ့။ ဒါပေမယ့် ယောက်ျားပီသစေလိုတဲ့ဆန္ဒကြောင့် ငယ်ငယ်ကတည်းက သူ့ကို ဆက်ဆံရာမှာ သိပ်ပြီး တယုတယမထားဘဲ ကြမ်းကြမ်းတမ်းတမ်းလေး ဆက်ဆံဖို့ တစ်အိမ်လုံးကို ကျုပ်ကိုယ်တိုင် မှာကြားခဲ့ရတယ်။”

    “သားလေးရဲထွေးဟာ ကျဆုံးချိန်မှာတောင် အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အသက်အားဖြင့်ကြည့်ရင် တကယ့်ကို ငယ်ရွယ်လွန်းပါတယ်။ ကျုပ်တို့ မိဘတွေအဖို့တော့ နို့နံ့တောင် မပျယ်သေးတဲ့ အရွယ်ပေါ့။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် မျိုးချစ်စိတ်တကယ့်ကိုထက်သန်တဲ့ သူငယ်လေးပဲ။ အင်္ဂလိပ်များကို မမြင်လိုက်နဲ့ “တို့ကို ကျွန်လုပ်တဲ့ ကောင်တွေ” ဆိုပြီးခဲနဲ့ပေါက်မယ်တကဲကဲ လုပ်နေတာမို့ တစ်အိမ်သားလုံးက အတော့်ကို ပြောဆိုထိန်းသိမ်းထားရပါတယ်။”

    ရဲဘော်ထွေး၏ ဖခင်ကြီး ဦးကိုကိုလေးက သားတော်မောင်၏အကြောင်းကို အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

    ရွှေဘိုသီရိမာလာ စီစဉ်တည်းဖြတ်သော “ဧကရာဇ်စာဆိုနှင့် မိုးစင်ကြယ်” စာစောင် ၁၉၈၇ ခုနှစ်၊ မတ်လ စာမျက်နှာ ၈၆၊ ၈၇

     

  • မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်

    စာရေးဆရာ၊ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) ကျဆုံးခြင်း ၂၂ နှစ်မြောက်အထိမ်းအမှတ် ဂုဏ်ပြု

    mgthawka and daw assk

    ၁၉၉၁ ခုနှစ် ဇွန်လအတွင်းက ထောင်တွင်းမှာ ကျဆုံးခဲ့သူ စာရေးဆရာ မောင်သော်က ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ် မှတ်တမ်းရုပ်ရှင် ပြန်လည် ထုတ်လွှင့်ချက် ဖြစ်ပါသည်။
    ဗီဒီယိုကို DVB မှ ကူးယူဖော်ပြပါသည်။

    Connection မကောင်းသော M-Media စာဖတ်ပရိတ်သတ်များ အောက်ပါ လင့်ခ်တွင် Download ယူနိုင်ပါသည်။  Size 25 MB

    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် အကြောင်းပိုစ်များ ဖတ်ရန်=>http://www.m-mediagroup.com/news/tag/mgthawka

  • ပထမ ဗမာမွတ်စလင်များ (EBook)

    ဇွန်-၁၉၊၂၀၁၃
    M-Media
    ရေးသားပြုစုသူ ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D.

    1st myanmar muslim

    ပညာရေး
    ၁)အမျိုးသားကောလိပ် ပထမဆုံးဝိဇ္ဖာရရှိခဲသည့်
    အာဇာနည်ခေါင်း ဆောင်ကြီး ဆရာကြီး ဦး ရာဇတ် (၂၀ ဇနန် ဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)

    ၂)တက္ကသိုလ်သုံး ဝေါဟာရများကို ပထမဆုံးမြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ
    ပါဠိပါမောက္ခ ဆရာကြီး အဟ်မဒ်ကာစင်မ် (B.A., B.Es.)

    ၃)ကျန်းမာရေးမှူးသင်တန်းကျောင်း စတင်တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သူ
    ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက် (ဆမ-၃၅) (၂၉ မေ ၁၉၀၈–၂၂ ဇန်နဝါရီ ၂၀ဝ၄ )

    ၄)ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာန ပေါ်ပေါက်လာအောင် ဦးဆောင် ကြိုးပမ်းခဲ့သူ
    ပါမေက္ခ ဦးအောင်ခင် (၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၁၇ )

    ၅)ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်
    ဒေါက်တာတင်မောင်

    တိုင်းကျိုးပြုရေး

    ၆)ပထမကျောင်းသား သပိတ်ခေါင်းဆောင်
    ဦးဘရှင်(သံတွဲ) ဘီအက်စ်စီ အထက်အတန်း

    ၇)ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ-က-သ) ပထမဆုံးဥက္ကဋ္ဌ
    ဦးထွန်းစိန်(B.Sc.,B.L.)

    ၈)ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)ပထမဆုံး ဥက္ကဋ္ဌ
    ဦးရာရှစ်

    ၉)ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ
    အငြိမ်းစားသံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) (၂၇ ဩဂုတ် ၁၉၁၂ – ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)

    စာပေ၊ အနုပညာ၊ ဗိသုကာ

    ၁၀) မြန်မာစာပေနယ်တွင် အစောဆုံး ခရီးသွားမှတ်တမ်း
    စာဆိုတော် ရွှေတောင်သာဂသူ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်း

    ၁၁)ပထမဆုံး ကာတွန်းဆရာကြီးနှင့် ဦးရွှေရိုးအက တီထွင်သူ
    ဦးဘကလေး (ရွှေတလေး)

    ၁၂) မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်လုပ်မှုကို အစောဆုံးစတင်သူ
    ပဉ္စရူပံ ဦးခ (၁၈၈၅-၁၉၆၀)

    ၁၃) အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်
    တက္ကသိုလ် နန္ဒမိတ်၏ မြန်မာပြည် စစ်မြေပြင် (၁၉၆၅)

    ၁၄)အမျိုးသား စာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ
    စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင်

    ၁၅) ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ
    စာရေးဆရာ ချစ်ညို (၂၄ ဒီဇင်ဘာ ၁၉၂၄-၁၀ မေ ၁၉၈၇)

    ၁၆) ပထမဆုံး မြင်ကွင်းကျယ် ရုပ်ရှင်ကားမှ ရုပ်ရှင်မင်းသား
    မင်းသား၊ ဒါရိုက်တာ၊ ဗိုလ်ကြီး ဒေါက်တာ မောင်မောင်တာ(ဟဂ်ျ) [Ph.d., M.A., FDMU (Dublin),DJ (Ygn)]

    ၁၇)မြန်မာ့ အရှည်ဆုံး အကြီးဆုံး သစ်သား တံတား
    ဦးပိန်တံတား

    လူ မှု ရေး

    ၁၈) လူမှုထူးချွန်ပထမဆင့် ကို ပထမဆုံးရရှိသူ အမျိုးသမီး
    ဟာဂျီမ ပျဉ်း မနားဒေါ်ပု (၁၉၀၆-၁ ဖေဖော်ဝါရီ ၁၉၈၂)

    ၁၉)မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက်

    အမှာစာ

    ပထမ ဗမာမွတ်စလင်များဟူသည် မြန်မာပြည်၏ ကြီးပွားတိုးတက်မှုအတွက် မိမိတို့ရပ်တည်ရာ နယ်ပယ်အသီးသီး တွင် ပထမဦးဆုံး စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာပြည်ဖွားပြည်ထောင်စုသား အစ္စလာမ် သာသနာဝင်များကိုရည်ညွှန်းလိုခြင်းဖြစ်သည်။ Pioneer ခေါ် စွန့်ဦး ဆောင်ရွက်ကြသူဟုလည်း ဆိုနိုင်သည်။ စာပေ၊ အနုပညာ၊ ဗိသုကာ၊ ပညာရေး၊ တိုင်းပြည်ပြုရေး၊ လူမှုရေး၊ စီးပွားရေုးတို့တွင် လမ်းသစ်ထွင်ကာ ဦးဆောင်မှုပေးခဲ့သော ထူးချွန်ထင်ရှားသူများ ဖြစ်ကြပါသည်။

    ထိုသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လူငယ်တို့ အားကျအတုယူကာ မိမိတို့သည်လည်း မြန်မာနိုင်ငံနှင့် လူမျိုး အကျိုးကို သယ်ပိုးလိုစိတ်ရင့်သန်စေရန်၊ မွတ်စလင်ဖြစ်သည်နှင့်အညီ လူသားထုအတွက် အကျိုးပြုသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်များ ဖြစ်ကြစေရန် ရည်ရွယ်ပါသည်။

    ကမ္ဘာသမိုင်းကို လေ့လာကြည့်သည့် အခါ မွတ်စလင်တို့သည် ကမ္ဘာ့ လူသားထုအား အများဆုံး အကျိုးပြုခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကျရောက်ပြီးနောက် မွတ်စလင်တို့သည် ဂရိ၊ ရောမ၊ အိန္ဒိယ၊ တရုတ်တို့၏ စာပေယဉ်ကျေးမှုများကို စုဆောင်းထိန်းသိမ်းခဲ့ကြသည်။ ပညာရပ်အသစ်များကို သုတေသနပြုပြီး တီထွင်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် အနောက်တိုင်းသား များစွာတို့သည် အတိတ်ခေတ် မွတ်စလင်တို့၏ ကမ္ဘာကို အကျိုးပြုပုံအား ဖုံးကွယ်ရန် ကြိုးစားကြသည။်

    ” ၅ ရာစုတွင် ရောမအင်ပါယာ ကစင့်ကလျားပြိုကွဲသွားပြီးနောက် ဥရောပတွင် အမှောင်ကျနေခိုက် ခေါမ လူ့အစည်းအရုံးအပါအဝင် လူ့အနွယ်အဝင်များ တစ်ဆက်ပြီး တစ်ဆက် နှင့် တစ်ခုပြီး တစ်ခု ထမ်းပိုး ထူထောင်ခြင်းပြုခဲ့ကြသော စာပေ အနုပညာနှင့် သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ အရပ်ရပ်ယဉ်ကျေးမှုများကို ကောင်းစွာဆက်ခံထိန်းသိမ်းခြင်း ပြုခဲ့ကြရုံမျှ မက အံ့ဩလေးစားဖွယ်ရာ တိုးချဲ့ခဲ့ကြသူများမှာ အထက်တွင် ဖော်ပြခဲ့သော အာရပ်လူ့အစည်းအရုံးဖြစ်၏။

    သို့ရာတွင် ဥရောပ သမိုင်းဆရာ အများအပြားပင် ယင်းအချက်ကို ဖုံးကွယ်ထားလေ့ရှိကြ၏။ ကိုလိုနီဝါဒနှင့် လူမျိုးရေးဝါဒများ လွှမ်းမိုးခြင်းခံရသူများ ဖြစ်သည့် အလျောက် လူ့သမိုင်း၏ အထင်ကရ မှတ်တိုင်ကြီးများကို မကြည့်နိုင် မမြင်နိုင် ကြခြင်း ဖြစ်တန်ရာ၏။ [ စာရေးဆရာ ဗန်မော်တင်အောင်၏ သဘာဝသိပ္ပံစာအုပ်။ (၁၉၇၄)။ စာ ၁၈၅-၁၈၆။ အခန်း (၈) ဥရောပ အမှောင်ခေတ်နှင့် အာရပ်ယဉ်ကျေးမှု] အာရပ်တို့သည် ဂဏန်းသင်္ချာ၊ နက္ခတ်ဗေဒနှင့် ဆေးပညာများ တတ်မြောက်ကြ၏။ ဗိသုကာအတတ်တွင်လည်း လက်ရာမြောက်ကြ၏။ အရောင်အမျိုးမျိုး အသုံးချနည်းကိုလည်း အာရပ်တို့ ကျွမ်းကျင်ကြ၏။ သကြားနှင့် စက္ကူလုပ်သော အတတ်ကို တရုတ်ပြည်မှယူ၍ အနောက်နိုင်ငံသို့ အာရပ်တို့ကပင် တင်သွင်းခဲ့ကြ၏။
    ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အသုံးပြုလျက်ရှိသော အယ်လ်ဂျီဘရာ Algebra (အာရပ် Al-jebr မှရသည်) မဂ္ဂဇင်းMagazine (အာရပ်ဘာသာ Magacen မှရသည်) စသည့် ဝေါဟာရများနှင့် 1,2,3 စသည့် ဂဏန်း အရေးသားများသည် အာရပ်တို့၏ အမွေများပင်ဖြစ်သည်။
    အစ္စလာမ်သာသနာထွန်းကားသော မြို့များတွင် တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အာရပ်တို့က တခမ်းတနား ဖွင့်လှစ်ခဲ့၏။ ဥရောပတိုက်မှ ကျောင်းသားအမြောက်အမြားပင် ထိုတက္ကသိုလ်များတွင် လာရောက် ဆည်းပူးကြသည်။ ထို့ပြင် လှပဆန်းကြယ်သော ဗလီများကို အာရပ်တို့ ကြီးစိုးရာဒေသတိုင်းတွင် တွေ့မြင်ရသည်။ စပိန်ပြည်မှ ကော်ဒိုဗား Cordoba) ဗလီ သည် စံတင်အောင် လက်ရာမြောက်သော ကမ္ဘာကျော်အဆောက်အဦးဖြစ်သည်။ အာရပ်စာဆိုတို့ ရေးသားခဲ့ကြသည့် အာရေဘီယံနိုက် (Arabian Nights))ပုံပြင်များသည်လည်း ကမ္ဘာကျော်စာပေတွင် ယနေ့တိုင် ထင်ရှားကျန်ရစ် ခဲ့၏။

    First Burmese Muslim by Mmedia_Doc

    Online တွင် တိုက်ရိုက်ဖတ်ရှုရန် =>http://www.scribd.com/doc/148792512/First-Burmese-Muslim

    Download ယူရန် => https://docs.google.com/file/d/0B3E99lCpDfC3T25SWmQtZjFmams/edit

  • ၁၉၄၇ ရွေးကောက်ပွဲ အတွက် ဖဆပလ မှ ရွေးချယ်ခဲ့သော မြန်မာမွတ်စလင် အမတ်များ

    ၁၉၄၇ ရွေးကောက်ပွဲ အတွက် ဖဆပလ မှ ရွေးချယ်ခဲ့သော မြန်မာမွတ်စလင် အမတ်များ

    မေလ ၁၂ ၊ ၂၀၁၃
    M-Media
    မောင်ခင် တင်ဆက်သည်။

    Pha Sa Pa La

    Pha Sa Pa La 2

     

    တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲ အတွက် ဖဆပလ အဖွဲ့ချူပ်မှ ရွေးချယ်သည့် အမတ်များစာရင်းတွင် ပါဝင်ခဲ့သည့် မြန်မာမွတ်စလင်မ် အမတ်များ

    ရွေးချယ်သည့် အမတ်လောင်း (၂၀၀) ခန့်တွင် ပါဝင်သော မြန်မာမွတ်စလင်မ် အမတ်များ

    ၁) ဦးသန်းညွှန့် (မေမြို့၊ ဗမာ မွတ်စလင်အဖွဲ့ချူပ်) (မန္တလေး တောင်ပိုင်း)
    ၂) ဆရာရာဇတ် (ဗမာမွတ်စလင် အဖွဲ့ချူပ် ဥက္ကဌ) (မန္တလေးအရှေ့)
    ၃) ဦးဖေခင် (ဗမာမွတ်စလင် အဖွဲ့ချူပ် အမှူဆောင်) (ရမည်းသင်းမြောက်ပိုင်း)
    ၄) ဒေါ်စောရွှေ (ဗမာမွတ်စလင် အဖွဲ့ချူပ် အမှုဆောင်) (ရန်ကုန်- လမ်းမတော်)
    ၅) ဦးခင်မောင်လတ် (ခ) မစ္စတာ လတစ်ဖ် ( ဗမာ မွတ်စလင်အဖွဲ့ချူပ် ဒုတိယ ဥက္ကဌ)  (မြောင်းမြ အရှေ့ပိုင်း)
    ၆) ဦးသန်းမြင့် (ဗမာမွတ်စလင် အဖွဲ့ချူပ်) (မော်လမြိုင် မြောက်ပိုင်း)

    ဖဆပလ အမတ်လောင်း(၂၀၀၀)ကျော်ထဲမှ အမတ်လောင်း(၂၀၀) ခန့်ရွေးချယ်ရတဲ့ ရွေးချယ်ရေးလူကြီးများ
    (၁) ဟင်္သားတဦးမြ
    (၂) ဒီးဒုတ်ဦးဘချို
    (၃) မန်းဘခိုင်
    (၄) ဦးဘဆွေ
    (၅) ဗိုလ်အောင်

    အမတ်လောင်းစာရင်းကို အတည်ပြုပေးသူများ
    (၁) သခင်နု
    (၂) မြန်မာ့အလင်းဦးတင်
    (၃) ဗိုလ်ချုပ်အောင်ဆန်း

    (ကိုးကား။ ။ မတ် ၈၊၁၉၄၇ ဖဆပလသတင်းစဉ်)

     

    BoBaHlaJapanKanbaluSayargyiPonesNephew

    တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တရ ၁၂.၆.၁၉၄၇) အစည်းအဝေးကျင်းပရာ လွှတ်တော်ရင်ပြင်အရှေ့တွင် ရိုက်ထားသည်။

    ပထမတန်း -အလယ်ခြောက်ယောက်မြောက်တွင် ဒေါ်စောရွှေ(ဗမက)၊
    ဒုတိတန်း – ယာဘက်ဒုတိယမြောက် ဆရာကြီးဦးရာဇတ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊
    တတိယတန်း -၀ဲဘက်(၅)ယောက်မြောက် ဦးသန်းညွန့်၊ ဦးခင်မောင်လတ်

    ဆရာကြီးဦးရာဇတ်၊ ဦးသန်းညွန့်၊ ဦးခင်မောင်လတ်၊ဒေါ်စောရွှေ(ဗမက) တို့မှာ မြန်မာမွတ်စလင်မ် လွှတ်တော်အမတ်များဖြစ်ကြသည်။

  • သီချင်းကြီး အဆိုကျော် ဦးအလီ

    မတ်လ ၁၇ ၊ ၂၀၁၃
    M-Media

    မြန်မာ့ဂီတလောကတွင် အလီအမည်တူနှစ်ဦးရှိသည်။ တစ်ဦးမှာ စောင်း ပညာရှင်အဖြစ် ကျော်ကြားသည်။ ငယ်မည် မွလ္လာအလဲီဖြစ်သည်။ ကျန်တစ်ဦးမှာ သီချင်းကြီး အဆို၌ ကျော်ကြားသော ဒဂုန်မောင်ကြီး ဖြစ်သည။် ငယမည်အလီဖြစ်သည်။ စောင်း ပညာရင်သည် မွလ္လာအလီ အမည် ထက် ဒေဝဣန္ဒာမောင်မောင်ကြီး အမည်ဖြင့်ထင်ရှားသည်။ သီချင်းကြီး အဆိုတော်မှာလည်း ဒဂုန်မောင်မောင်ကြီးအမည်ထက် ဦးအလီအမည် ဖြင့်သာ ထင်ရှားပါသည်။

    မြန်မာ့တူရိယာဂီတလောကတွင် သီချင်းကြီးအဆို၌ ထင်ရှား ကျော်ကြားသော ဦးအလီကို သာဝတ္ထိမြို့၌ အဖကုန်သည် ဦးမောင်မောင်၊ အမိ ဒေါ်ချုံတို့မှ(ခရစ် ၁၈၉၇ ခုနှစ်)၊ မြန်မာ သက္ကရာဇ် ၁၂၅၉ ခုနှစ် ဝါဆိုလဆန်း ၁၁-ရက်နေ့တွင် ဖွားမြင်သည်။ အရွယ်ရောက်သောအခါ ရန်ကုန်အနောက်ပိုင်းတွင် နေထိုင်ကြီးပြင်းလာခဲ့သည်။

    1

    ဦးအလီသည် ငယ်စဉ်ကပင် ပြွေမှုတ်တတ်သည်။ ဘင်ဂျို တီးတတ် သည်။ အဆိုအတီးတွင် ဝါသနာပါသော်လည်း အသက်မွေးဝမ်းကျောင်း အတွက် မော်တော်ယာဉ်မောင်းအဖြစ် လုပ်ကိုင်သည်။ ရန်ကုန်မြို့ လသာလမ်းနေ မီးခြစ်သူဌေး ဦးကြင်ကြက်၏ မော်တော်ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေစဉ် ကားမောင်းရင်း ပါးစပ်မှမပြတ်မလပ် သီချင်းတညည်းညည်း လုပ်နေတတ်သည်။ သူဌေးဖြစ်သူက ဤမျှသီချင်းအဆို ဝါသနာပါမူ ဆရာတစ်ဦးဦးထံ နည်းနာခံသင်ယူရန် တိုက်တွန်းသဖြင့် ရွှေတောင်တန်းနေ စောင်းဆရာဦးထွန်းဖေထံ တပည့်ခံသည်။ ထို့နောက် ဆရာ ဦးလှထွန်းအိုင်၊ ရုပ်သေးမင်းသမီးကြီး ဆရာမှန်းတို့ထံမှ ပညာယူခဲ့သည်။ ဆရာများ၏ပညာကို မီအောင် ခံယူနိုင်သောသူဖြစ်သည်။

    ၁၉၃၉-၄၀ခုနှစ်တွင် ဗြိတိသျှအစိုးရလက်ထက် ပညာရေးဝန်ကြီး ဌာနမှ ဖွင့်လှစ်သောပန်းချီနှင့် တူရိယာပညာသင်ကျောင်းတွင် အဆိုလက်ထောက်ဆရာအဖြစ် အမှုထမ်းသည်။ ထိုအချိန်က အဆိုဆရာမှာ ဒေါ်စောမြအေးကြည်ဖြစ်ရာ၊ ဒေါ်စောမြအေးကြည်၏ပညာများကိုလည်း ဦးအလီ ဆည်းပူးခွင့်ရလိုက်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ပန်းချီနှင့် တူရိယာအတတ်သင်ကျောင်းသည် စစ်ကွင်းမြို့သို့ ရွှေ့သွားရာ ဦးအလီသည် စစ်ကွင်းမြို့သို့လိုက်ပါအမှုထမ်းသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရ သောအခါ ၁၉၅၂-ခုနှစ်တွင် ပန်တျာကျောင်းဖွင့်လှစ်သည်။ ကျောင်းဖွင့်လျှင်ဖွင့်ခြင်း ယောကျာ်း အဆိုဆရာအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဒုတိယကမ္ဘာ စစ်ပြီးတွင် ဦီးးအလီတူရိယာအဖွဲ ဟူ၍ူ သီချင်းကြီး အဖွဲ့ထောင်ကာ မြန်မာနိုင်ငံ အသံလွှင့်ရုံမှသီဆိုအသံလွှင့်သည်။

    ဦးအလီသည် ကာလပေါ် သီချင်းအဆိုထက် သီချင်းကြီး အဆိုကို ဝါသနာပါသည်။ ကာလပေါ်သီချင်းစာသားကို သီချင်းကြီးအသံနှင့် ဆိုလေ့ရှိ၍ ယင်းသို့ဆိုလျှင်ပို၍ကောင်းသည်။ သီချင်းကြီးဆိုရာ၌ တီးသူနှင့် နားထောင်သူ ရွှင်လာအောင် ဆိုနိုင်သူဖြစ်သည်။ သီချင်းဆိုရာ၌ အသက် ဝင်ရုံသာမက အလင်္ကာလည်းမြောက်သည်။ အဆိုလည်း ပေါက်သည်။ ရေယမုန်ပတ်ပျိုးသည် အမျိုးသမီးများ ကလေးချော့ရာ၌ဆိုရသောသီချင်းဖြစ်သော်လည်း ဦးအလီဆိုသောအခါ တကယ့် ကလေးချော့ သီချင်းကဲ့သို့ ကြားရသူတို့ အရသာခံကြသည်။ သီချင်းဆိုရာ၌ သဘာဝနှင့် သရုပ်ပေါ်အောင်ဆိုတတ်သည်။ အမျိုးသမီးဆို၊ အမျိုးသားဆို၊ အမျိုးသမီး အမျိုးသားနှစ်ယောက်စလုံးဆိုဟူ၍ ရှိရာ၌ မည်သည့် သီချင်းမျိုးဆိုဆို သရုပ်ပေါ်အောင်ဆိုတတ်သူဖြစ်သည်။ သို့ရာတွင် တစ်ယောက်ယောက်က မတောင်းပန်ဘဲ မည်သည့်အမျိုးသမီးဆို သီချင်းကိုမျှဆိုလေ့ မရှိချေ။ ယောကျာ်း ဆိုသည့်ဟန် ယောကျာ်းဆိုသည့် အာလည်းပီသသည်။ခပ်ဆတ်ဆတ် ဆိုရသော ပုလဲပေါက်သံဆန်း အဆို ကောင်းသလောက် ခပ်တွဲတွဲဆိုရသော သံရိုးအောက်ပြန်ဆို၌လည်း မညံ့ချေ။

    ဦးအလီသည် စစ်မဖြစ်မီက ကိုလံဘီယာဓာတ်ပြားကုမ္ပဏီနှင့် သီချင်းကြီးသီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား အပုဒ် ၃၀ကျော် ဓာတ်ပြား သွင်းခဲ့သည်။ ဒဂုန်မောင်ကြီးဟူသော အမည်ကို ယူ၍လည်း သီဆိုခဲ့ဖူး သည်။ သို့ရာတွင် ထိုအမည်နှင့်မထင်ရှားခဲ့ချေ။ ဦးအလီသီဆိုသောသီချင်းများအနက် ထင်ရှားသော သီချင်းများမှာ-
    ၁။ ချစ်သမျှကို     ၆။ ကျွန်းကျွန်းပိုင်သ
    ၂။ ရေယမုန်     ၇။ ဝေယံလိုပင်
    ၃။ မဲဇာတောင်ခြေ     ၈။ ဘုံဆောင်မြင့်
    ၄။ ဂန္ဓမာဗွေ     ၉။ ကျောင်းတော်ကြီးကြိုး
    ၅။ မင်္ဂလာဘွဲ့     ၁၀။ ဆဋ္ဌသံဂါယနာတင်
    စသည်တို့ဖြစ်သည်။ ယင်းတို့အနက် ရေယမုန်ပတ်ပျိုးသည် နာမည် အကြီးဆုံးဖြစ်သည်။ ဦးအလီသီဆိုခဲ့သော ဓာတ်ပြားသီချင်းများကို အခြားသူအား ဆိုစေသော် ဦးအလီဟန်ရအောင် ဆိုနိုင်သူရှားလေသည်။

    ဦးအလီသည် ပထမဇနီး ဒေါ်အေးနွဲ့နှင့် သားသမီး ငါးဦး ထွန်းကားခဲ့သည်။ ပထမဇနီး ကွယ်လွန်ပြီးနောက် ခုနစ်နှစ်အကြာ ဒေါ်မြနှင့် အိမ်ထောင်ကျ၍ ဂွတ္တလစ် ရပ်ကွက်၌ နေထိုင်ခဲ့သည်။ ၁၉၅၄-ခု မတ်လ ၂၃-ရက်၊ ၁၃၁၅-ခု တပေါင်းလပြည့်ကျော် ၄-ရက်နေ့တွင် ထိုအိမ်၌ပင် ကွယ်လွန်သည်။

    ** အငြိမ်းစား ပါမောက္ခ ဒေါက်တာ အောင်ဇော် ရေးသားပြုစုတဲ့ တိုင်းရင်းမွတ်စလင်မ် စာပြု စာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။