News @ M-Media
Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ
  • ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    ဝင်းငြိမ်း
    ရန်ကုန်ဆေးရုံကြီး အမှတ် ၁၉/၂ဝ ဆေးကုသဆောင်ရှေ့၌ ပထမဦးဆုံး စင်မြင့် တရားပွဲအဖြစ် ဒေါ်အောင်ဆန်း စုကြည် ဟောပြောခဲ့စဉ်က ဦးဆန်နီညိမ်း ရိုက်ကူးခဲ့သော မှတ်တမ်း ဗီဒီယိုမှ ဤဓာတ်ပုံကို ရယူဖော်ပြပါသည်။ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ဆရာမောင်သော်က၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း
    အချိန် ကာလအားဖြင့် နှစ်ပေါင်း ၂ဝ ကျော် ကြာခဲ့ပါပြီ။ တိတိကျကျ ပြောရရင် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ကပါ။ မြန်မာ နိုင်ငံမှာ ဇွန်လ ၁၁ ရက်နေ့ဆိုပေမယ့် ကျွန်တော် ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မှာတော့ ဇွန်လ ၁ဝ ရက်နေ့ညပဲ ရှိပါသေးတယ်။ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သင်ကြားပို့ချနေတဲ့ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေသင်တန်း တက်ရောက်ဖို့ အတွက် ရောက်ရှိနေခြင်းပါ။
    သင်တန်းသားများကို ထားရှိတဲ့ ကွန်ကောဒီယား အဆောင်ရဲ့ ၇ ထပ်မှာရှိတဲ့ ကျွန်တော့်အခန်းမှာ ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်တစ်ခုကို စိတ်ဝင်တစား ကြည့်နေတာကြောင့် ညစာ တောင် မစားရသေးပါဘူး။
    စားပွဲ ပေါ်မှာရှိတဲ့ တယ်လီဖုန်း မြည်လာတာကြောင့် ကောက်ကိုင် လိုက်တော့ ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်က ဦးထွန်းအောင် ဖြစ်နေပါတယ်။ ဦးထွန်းအောင်က ကျွန်တော် လေဖြတ်ပြီးစမှာ သင်တန်းတက်ဖို့ ရောက်နေတာဖြစ်ကြောင်း သိထားတဲ့အတွက် နေကောင်းရဲ့လား ဘာလား အာလ္လာပသလ္လာပ စကားကို ပြောနေပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်က ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်ကလည်း အရှိန်မြင့်နေပြီဖြစ်လို့ စကားသာ ပြောနေရတယ် ကျွန်တော့်မျက်လုံးများကတော့ တီဗွီဖန်သားပြင်ပေါ်ကနေ မခွာနိုင်သေးပါဘူး။ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း စိတ်အေးအေးထားနော်”လို့ စကားပလ္လင်ခံ လိုက်ချိန်မှာတော့ ကျွန်တော့်ခေါင်းထဲမှာ ဒိန်းကနဲ အမေ့ကို သတိရလိုက်ပါတယ်။  “ဟုတ်ကဲ့ ပြောပါ”လို့ ဆိုတော့မှ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း ဦးလေး ဆရာမောင်သော်က ဆုံးသွားပြီလို့ ကျွန် တော်တို့ အခုပဲ သတင်းရပါတယ်” လို့ ပြောပြပါတယ်။ ကျေးဇူးတင်စကားပြောပြီး ကျွန်တော် တီဗွီကို ပိတ်လိုက်ပါတယ်။
    လေဖြတ် ခံထားရသူများဟာ စိတ်လှုပ်ရှားလွယ်ပါတယ်။ ရယ်စရာရှိရင် အတောမသတ်နိုင်အောင် ရယ်တတ်ပါတယ်။ ဘေးက တစ်ယောက်ယောက်က ပုတ်လိုက်ပြီး သတိပေးမှသာ ရပ်နိုင်သလို ဝမ်း နည်းစရာရှိရင်လည်း အငိုတိတ်လို့ မရအောင် ရှိတတ်ပါတယ်။ ကျွန်တော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင်၁-၂ မှာ ကုသမှု ခံယူနေစဉ်တုန်းက ဘေးကုတင်မှာ ကလေးငယ် တစ်ယောက်ကို ကျောရိုးက အဆီထုတ်ယူတာကို မျက်ဝါး ထင်ထင် မြင်နေရပါတယ်။ ကလေးငယ်က ရှိုက်ကြီးတငင် ငိုတော့ ကျွန်တော်လည်း သူနဲ့အတူ ငိုနေလိုက်တာ သူအငိုတိတ်ပြီးတဲ့အထိ ကျွန်တော် တိတ်လို့ မရသေးပါဘူး။ အဲဒီအရှိန်ကြောင့် ဆရာမောင်သော်က ဆုံးပြီဆိုတဲ့သတင်းအတွက် တစ်ယောက်တည်း အားပါးတရငို နေမိပါတယ်။ ခဏကြာတော့ မြန်မာ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ကြတဲ့အပြင် တချို့ မိတ်ဆွေများက ကိုယ်တိုင် လာရောက်ပြီး နှစ်သိမ့်ပေးကြပါတယ်။
    ဆရာမောင်သော်ကက ကျွန်တော့်ဖခင် ကျားဘညိမ်းနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်ပါတယ်။ ကျွန်တော့်အဘိုး ဦးဖိုးမင်းနဲ့ သူ့အဖေ ဦးမှန်ကြီးတို့က ညီအစ်ကို အရင်းပါ။ အဖေနဲ့ ဆရာမောင်သော်ကတို့က တစ်ဝမ်းကွဲညီအစ်ကို ဆိုပေမယ့် အနေနီးတာကြောင့် ညီအစ်ကိုအရင်းများလို တွယ်တာ ကြပါတယ်။ ကျွန်တော်ငယ်စဉ် ကျွန်တော့်အဖေကလည်း နိုင်ငံ ကျော်လက်ဝှေ့သမားတစ်ဦးအဖြစ် အောင်မြင် ကျော်ကြားပေမယ့် ဝမ်းရေးအတွက် ကတော့ ကြော်ငြာဆိုင်းဘုတ်များ ရေးရပါတယ်။ ဟိုတုန်းကတော့ အခုလို ဗီနိုင်းလ်ခေတ် မဟုတ်တဲ့အတွက် သံပြားဆိုင်းဘုတ်များပေါ်မှာ ဆီဆေးနဲ့ ရေးဆွဲရတာပါ။  အဲဒီကာလမှာ နောင်မှာ စာရေးဆရာ မောင်သော်က သို့မဟုတ် ဗိုလ်ဘသော် ဖြစ်လာမယ့် (ဦး)ဘသော် က မိဘများရှိရာ ရွှေဘိုမြို့ကနေ ထွက်ခွာလာပြီး ကျွန်တော့်မိဘများနဲ့ လာနေပါတယ်။ အဖေ ဆိုင်းဘုတ်ရေးဖို့အတွက် သံပြားပေါ်မှာ  အောက်ခံဆေးသုတ်တဲ့ အလုပ်ကို အမေနဲ့သူက လုပ်ရပါတယ်။ အဖေ၊ အမေနဲ့ (ဦး)ဘသော်တို့ဟာ မောင်နှမအရင်းများလို ဝမ်းရေးအတွက် တက်ညီလက်ညီ လုပ်ခဲ့ကြတာပါ။ (ဦး)ဘသော်နဲ့ အမေတို့အောက်ခံဆေး ညီညီညာညာ သုတ်ထားပြီး အခြောက်ခံထားစဉ်မှာ သင်္ဘောဆေးမှာပါတဲ့ သင်နာအနံ့ကြောင့် ဖြုတ်ကလေးများက သံပြားပေါ်လာနားလိုက်ရင် ပျံလို့မရတော့ပါဘူး။ သံပြားပေါ်မှာ ကပ်နေပါ လေရော။ ဆိုင်းဘုတ်ဆွဲမယ်လို့ အဖေက ဟန်ပြင်လိုက်ရင် အဲဒီ ဖြုတ်ကလေးများကြောင့် ဆွဲမရလို့ ဒေါသဖြစ်ပြီး သူ့စုတ်တံတွေကို ချိုးပစ်ခဲ့တာ အခါခါဖြစ်သလို အမေတို့နှစ်ယောက်လည်း သုတ်ပြီးသား ဆေးတွေကို ကော့စတစ်နဲ့ ပြန်ချွတ်၊ နောက်တစ်ခါ အောက်ခံဆေးပြန်သုတ် လုပ်ခဲ့ရပါသတဲ့။
    အတူနေရာကနေ (ဦး)ဘသော် က ရန်ကုန်တက်သွားပြီး တပ်မတော်(ရေ)ထဲကို ဝင်သွားခဲ့ပါတယ်။ ကျွန်တော့်အဖေကလည်း အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီမှာ လက်ဝှေ့အားကစား နည်းစနစ်မှူး အဖြစ် ခန့်အပ်ခြင်းခံရတာကြောင့် မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတယ်။ ရန်ကုန်မှာ မိသားစုနှစ်စု ပြန်ဆုံကြပါတယ်။ ၁ဝ၁ လမ်းထိပ်မှာ သူတို့မိသားစု နေစဉ်ကာလ ကျွန်တော်တို့မိသားစုနဲ့ အတူပေါင်းနေခဲ့ကြပါ တယ်။ ကျွန်တော့်နှမငယ် စန္ဒာညိမ်းကို အဲဒီအိမ်မှာပဲ မွေးဖွားခဲ့ပါတယ်။
    မိသားစုနှစ်စုပေမယ့် မိသားစုတစ်ခုတည်းလို ချစ်ခင်ရင်းနှီးခဲ့တဲ့ ကျွန်တော့်ဦးလေး (ဦး)ဘသော်က တိုက်ရေယာဉ် ၁ဝ၃ မှာ ဦးစီး တာဝန်ကျစဉ် မြန်မာ့ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ အသက်ကယ် လှေကလေးတစ်စီးနဲ့ သူ့လက်အောက်ခံ တပ်မတော်သားများကို အတတ်နိုင်ဆုံး ဦးစီးကွပ်ကဲပြီး အသက်ရှင်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ တိုက်ရေယာဉ် ၁ဝ၃ ပင်လယ်ပြင်မှာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားစဉ် အဲဒီကာလတုန်းက ကာကွယ်ရေးဦးစီးချုပ်က တောခိုသွားတယ်လို့ ယူဆတာကြောင့် လေ ယာဉ်များနဲ့ ပင်လယ်ပြင်မှာ လိုက်ရှာပြီး ပစ်ခတ်နှစ်မြှုပ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ကံအား လျော်စွာ ပင်လယ်ကူး သင်္ဘောတစ်စင်းက တွေ့ရှိပြီး ကယ်တင် ခဲ့တာကြောင့် တချို့တလေ အသက်ရှင် ခဲ့ကြပါတယ်။
    ပင်လယ်ပြင်မှာ သူ မျောနေစဉ် အဒေါ်ဖြစ်သူ ဒေါ်လှရင်က ကိုယ်ဝန်ကြီးနဲ့ပါ။ အဒေါ်ကို အားပေးဖို့ အတွက် မိုးလင်းမိုးချုပ် အမေက အတူသွား နေပေးခဲ့ပါတယ်။ ဦးလေးတို့ကို ကယ်တင်လိုက်နိုင်ပြီလို့ သတင်းရပြီးတဲ့ နောက်မှာပဲ အဒေါ်က သမီးမိန်းကလေးတစ်ဦးကို မွေးဖွားပါတယ်။ ကျွန်တော့် အမေက ပင်လယ်ပြင်မှာ မျောနေခဲ့တဲ့ ဦးလေးကို ကယ်တင်နိုင်ခဲ့တဲ့ သမီးအဖြစ် တင်စားပြီး “မေခလာ”လို့ အမည်ပေးခဲ့ပါတယ်။ (အခုတော့ အဲဒီကလေးမ နာမည်က ဒန္တီ လို့ အမည်တွင်နေပါပြီ။)
    ဦးလေးက နောင်မှာတာဝန်ရှိသူများက “ရှေ့သို့”နဲ့ “Forward” ဂျာနယ် တို့မှာ အယ်ဒီတာချုပ်အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။ ဒီဂျာနယ်တွေက ဆိုရှယ်လစ်ခေတ်ဦးမှာ လှုံ့ဆော်စည်းရုံးရေး ဂျာနယ်များပါပဲ။
    တိုက်ရေယာဉ် ၁ဝ၃ နဲ့ ပတ်သက်ပြီး သူဘာမှမရေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရာက နှစ်ပေါင်း ၃ဝ ကြာ မှ ဆရာ ဦးမြလှိုင်ရဲ့ပေဖူးလွှာမဂ္ဂဇင်း မှာ အသေးစိတ် ပြန်လည်ရေးဖွဲ့ခဲ့ပါတယ်။ အဲဒီကာလတုန်းက နာမည်ကြီး ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအဖြစ် စာဖတ်ပရိသတ်များ နှစ်ခြိုက်ခဲ့ကြပြီး လုံးချင်းအဖြစ်လည်း ထုတ်ဝေခဲ့ပါတယ်။
    ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့အခါမှာ ဦးလေး မနေသာဘဲ ပါဝင်လာခဲ့ရပါတယ်။ မိခင်ဖြစ်သူ နာမကျန်းဖြစ်တာကို လာရောက် စောင့်ရှောက်နေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို တရားဟောဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့မှာ စီစဉ်ပြီး သူကိုယ်တိုင် ကျွန်တော့်ညီ မျိုးမြင့်ညိမ်းရဲ့ ဂျစ်ကားနဲ့ သွားခေါ် ခဲ့ပါတယ်။ ဒီလူထုတရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော လူထုနဲ့ ထိတွေ့ပွဲ ဖြစ်ခဲ့ပါတယ်။
    တပ်မတော်(ရေ)က တာဝန်ရှိပုဂ္ဂိုလ်ကြီးများ ကိုလည်း အိတ်ဖွင့်ပေးစာရေးပြီး လူထုနဲ့ ပူးပေါင်းဖို့ နားချ ခဲ့ပါတယ်။ ဒီကိစ္စများကြောင့် နအဖ အစိုးရအဖွဲ့က တပ်မတော်ကို ဖြိုခွဲရန် ကြံစည်မှုလို့ စွပ်စွဲပြီး ထောင်ချ ခဲ့ပါတယ်။ အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးချို့ယွင်း လာပေမယ့် ထိရောက်တဲ့ ဆေးဝါး ကုသမှု မရခဲ့ပါဘူး။
    လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ သူချစ်တဲ့၊ သူခင်တဲ့ အထူးသဖြင့် မိသားစုကိုတော့ တွေ့ချင်မှာ မလွဲပါဘူး။ ကျွန်တော့် ဦးလေးကတော့ အခြေအနေ မကောင်းတော့တဲ့အချိန်မှာ ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ပို့ခဲ့ပေမယ့် မိသားစုကိုတော့ အကြောင်းကြား မပေးခဲ့တာ အခုအချိန်ထိ အသည်းနာစရာ ကောင်းလှပါတယ်။ (နောက်ဆုံးအချိန်မှာ ဆရာမ မသီတာ(စမ်းချောင်း) ကတော့ လူနာခန်းထဲဝင်ပြီး စမ်းသပ် သလိုလိုနဲ့ တွေ့ခွင့်ရလိုက်ပါတယ်။)
    ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုမှာ ခင်ပွန်း၊ အဖေ၊ ဦးလေးကို နောက်ဆုံးအဖြစ် ဝအောင် ကြည့်ခွင့်မရပါဘူး။ အလောင်းကို အစောင့်အကြပ်များနဲ့ သယ်လာပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း ရုပ်အလောင်းကို ရေချိုးပေးချိန်မှာတောင် ဝန်းရံစောင့်ကြပ်ခဲ့ကြပါတယ်။
    အခု ကျွန်တော့် ဦးလေးရဲ့ ရုပ်အလောင်းက မြှုပ်နှံခွင့် ပိတ်ပင်ထားပြီဖြစ်တဲ့ ကန်တော်လေး စွန္နီသုသာန်မှာ မြှုပ်နှံခဲ့ကြပါတယ်။
    တပ်မတော်သားကောင်း တစ်ဦးပီသစွာ လက်အောက်ခံ တပ်မတော်သားများ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကျွန်တော့်ဦးလေးဟာ ဆုလာဘ်အဖြစ် နောက်ဆုံးအချိန်မှာ ဆေးကုသခွင့်မရဘဲ ကွယ်လွန်ခဲ့ရရှာပါတယ်။ အခု ဇွန်လ ၁၁ ရက်နေ့ ဆိုရင် နှစ်ပေါင်း ၂၁ နှစ်ပြည့်တော့ မှာပါ။ ဒီအချိန်မှာသာ သူရှိမယ် ဆိုရင်…
    http://www.myanmarij.com မှ ကူးယူဖော်ပြပါသည်။
  • ပထမ မြန်မာမွတ်စလင်မ်များ
    ပထမ မြန်မာမွတ်စလင်မ်များ
    ၁။ စာဆိုတော် ရွှေတောင်သာဂသူ သခင်ကြီး ဦးနု (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်)
    ဆရာကြီးဦးနု၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ
    • မြန်မာစာပေနယ်ပယ်တွင် မှတ်တမ်းတစ်စောင်တစ်ဖွဲ့အနေဖြင့် အစောဆုံးခရီးသွားမှတ်တမ်းရေးသူ၊
    • ကျမ်းမြတ်ကုရ်အာန်ကို အစောဆုံးမြန်မာပြန်သူ၊
    • အစ္စလာမ်ဘာသာရေးအယူအဆကို မြန်မာစာပေသို့ စတင်မိတ်ဆက်ပေးသူ၊
    ၂။အမရပူရမြို့ စာရေးဦးပိန် 
    ကမ္ဘာကျော် ဦးပိန်တံတား(၁၈၄၉ တွင် ဆောက်လုပ်သည်။)
    • မြန်မာ့အရှည်ဆုံး အကြီးဆုံး သစ်သားတံတား ဦးပိန်တံတား တည်ဆောက်သူ –
    ၃။  အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် (၂၀ ဇန်နဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)
    • အမျိုးသားကောလိပ်မှ ပထမဆုံး ဝိဇ္ဇာဘွဲ့ရသူ
    ၄။လွတ်လပ်ရေးခေါင်းဆောင် ဦးရာရှစ် (B.Sc., B.L)
    • ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌ (၁၉၃၆)
    • ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်၊
    ၅။သံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင်   (၂၇ ဩဂုတ် ၁၉၁၂- ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)
    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။
    • ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ    (နိုင်ငံ့ဂုဏ်ရည် ပထမ အဆင့်)
    ၆။ကိုထွန်းစိန်
    • ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဌ
    ၇။ကာတွန်းဆရာကြီး ဦးဘကလေး(ခ) ရွှေတလေး (၉ ဖေဖော်ဝါရီ ၁၈၉၃ – ၅ ဇွန် ၁၉၄၅)
    • မြန်မာရုပ်ရှင်လောကတွင် ပထဆုံးလူရွှင်တော် ဟာသသရုပ်ဆောင်
    • ဦးရွှေရိုးအက ကို စတင်တီထွင်ခဲ့သူ၊
    • မြန်မာကာတွန်းလောက၌ ရုပ်ပြောင်ပုံတူရေးနည်း (Caricature) စတင်ခဲ့သူ၊
    ၈။ဒေါက်တာ ရှိတ် အဗ္ဗဒူရာမန် (ခေါ်) ဦးဘိုးသာဇံ     (၁ ဇန်နဝါရီ ၁၈၇၀ – ၂၉ ဇူလိုင် ၁၉၁၆)
    L.R.C.P & L.R.C.S (Edin) L.F.P.S ( Glas)
    • တထောင့်တညပုံပြင်များကို စတင်မိတ်ဆက်ပေးခဲ့သူ
    ၉။ပါဋ္ဌိပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ်(B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)
    • တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ၊
    ၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက် (၁၉၆၁)
    ၁၁။ ပဉ္စရူပံ ဦးခ (ဖေဖော်ဝါရီ ၁၈၈၅-၁၀ စက်တင်ဘာ ၁၉၆၀)
    • မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်မှုကို အစောဆုံး စတင်သူ
    • နံရံကပ်ဆောင်ပုဒ်ကတ်ပြားများကို တီထွင် ပုံနှိပ်ထုပ်ဝေခဲ့သူ
    ၁၂။ ဗုံတီးဆရာ အဗ္ဗဒူလာ
    • မြန်မာ့ရုပ်ရှင်သမိုင်းတွင် အသံထွက်အပြော စတင်သူ
    ၁၃။ ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)  (၁၉၀၆- ၁ ဖေဖေါ်ဝါရီ ၁၉၈၂)
    • လူမှုထုးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး
    ၁၄။ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၂၇ ဒီဇင်ဘာ ၁၉၁၅ – ၇ ဇန်နဝါရီ ၁၉၇၀)
    • မြန်မာရာဇဝင်ဟူသော ဝေါဟာရအစား မြန်မာသမိုင်းဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်စာအုပ် ပြုစုသူ
    • လောကထိပ်ပန်မင်စာကို ရှာဖွေဖော်ထုတ် သုတေသနပြုတင်ပြသူ
    ၁၅။ ပါမောက္ခဦးအောင်ခင်   ( ၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၈၇ )
    • ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာနပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူ
    ၁၆။ဒေါက်တာတင်မောင် (၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)
    • ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်
    ၁၇။ ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက်  (ဆမ-၃၅) ( ၂၉ မေ ၁၉၀၈- ၂၂ ဇန်နဝါရီ ၂၀ဝ၄ )
    • ကျန်းမာရေးမှူးသင်တန်းကျောင်း    စတင်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်
    ၁၈။ ဒေါ်နီနီအေး (၂၅ မတ် ၁၉၆၄- )
    • မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်
    ၁၉။တက္ကသိုလ်နန္ဒမိတ်
    • အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)
    ၂၀။စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်
    • အမျိုးသားစာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ
    ၂၁။ စာရေးဆရာချစ်ညို(ခ) ဦးဘသိန်း (ကျားဘညိမ်း၏ညီ)
    • ကျားကစားနည်းစာအုပ်ကို ပထမဆုံးရေးခဲ့သူ
    ၂၃။ ကိုအောင်ထွန်း (ကျောင်းသားခေါင်းဆောင်ဟောင်း)
    • မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ
    ကိုးကား
    ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D. ပြုစုသော အစ္စလာမ်ဓမ္မဗိမာန် သင်ခန်းစာများစာအုပ်
    M-Media  သတင်းအချက်အလက်စုဆောင်းရေး အဖွဲ့မှ ရရှိသော သမိုင်းအချက်အလက်များကို စုစည်းတင်ပြသည်။
  • “မမ သူရဲကောင်း” (သို့) နိုင်ငံသားကောင်း မြန်မာမွတ်စလင်မ် တစ်ယောက် စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်
    မိုးပေါ်မှအပ်တစ်ချောင်းနှင့်  မြေပြင်မှအပ်တစ်ချောင်းထိတွေ့ရန်ထက် လူ့ဘဝ ရလာဖို့မှာ ပို၍မလွယ်ကူကြောင်း သိကြပါသည်။ ရရှိလာသောလူ့အသက်ကို  မိမိ အသက်နှင့်ရင်းပြီး   ကယ်တင်ခဲ့သည့်လုပ်ရပ်သည်  အင်မတန်လေးစားဂုဏ်ယူဖွယ်ကောင်းသည်ဆိုလျှင် မှားမည်မထင်ပါ။ နေရာအနှံ့၊  ဒေသအနှံ့အပြားတွင်  သဘာဝဘေးအန္တရာယ်ကျရောက်မှုကို လည်းကောင်း၊  ရောဂါဘယဖြစ်ပွားမှုကိုလည်းကောင်း၊   ရုတ်တရက်ပေါ်ပေါက်လာသော ဘေးအန္တရာယ်များကိုလည်းကောင်း လူသားအချင်းချင်း  စာနာထောက်ထား
    သောစိတ်ဓာတ်ဖြင့် သူ့နည်းသူ့ဟန်ကယ်တင်ကာ ကောင်းကျိုးပြုလျက်ရှိကြသည်။ စာရေးသူ၏ပတ်ဝန်းကျင်တွင် ကြုံတွေ့ခဲ့ရသော မှတ်ကျောက်တင်ခံနိုင်သည့် ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုအား တင်ပြလိုပါသည်။
    ၁၀-၄-၂၀၁၂ ရက်တွင်  မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၇၆)အစုန်ရထားသည် ဒါးပိန်ဘူတာသို့မရောက်မီ ၁၀း၁၂ နာရီအချိန်၌ ပေ ၁၂၀ အရှည်ရှိတံတားပေါ်တွင်   ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ မော်လမြိုင်ဘူတာမှ ည ၁၂ နာရီအချိန်ထွက်ခွာလာသော   ထားဝယ်-မော်လမြိုင်-ရန်ကုန်ရထားသည် စက်ခေါင်း၏ နောက်တွင် တွဲ ၁၀ တွဲ ချိတ်ဆက်လျက် စက်ခေါင်းမောင်း၏ဦးဆောင် မောင်းနှင်ခေါ်ယူမှုအောက်တွင် သတ်မှတ်အမြန်နှုန်းဖြင့် ခုတ်မောင်းလျက်ရှိရာ ရထားသံလမ်းပေါ်မလွတ်ကင်းသည့် လူ/တိရစ္ဆာန်များတွေ့ရှိရပါက  ဥဩဆွဲသတိပေးခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ခဲ့ပေသည်။
    ရထားလာသည်ကို တွေ့မြင်ကြားသိလျှင်လည်း ရထားသံလမ်းပေါ်တွင်ရှိနေသော လူ/တိရစ္ဆာန်များသည် ရထားရောက်မလာမီအချိန်အတွင်း   ရှင်းလင်းသွားသည်သာဖြစ်ပါသည်။   သို့ရာတွင် တစ်ကြိမ်တစ်ခါ၌  ရထားလမ်းပေါ်မှဆင်းမသွားသည့်လူနှစ်ဦးကို  စက်ခေါင်းမောင်းသည် ခပ်လှမ်းလှမ်းမှတွေ့မြင်ရချိန်တွင် ရထားအားအရှိန်လျှော့ပြီး စက်ခေါင်းဘရိတ်နှင့်အရေးပေါ်ဘရိတ်   (Emergency Brake)တို့ကိုအသုံးပြုကာ  ရထားရပ်တန့် နိုင်ရေးဆောင်ရွက်ခဲ့ရသည်။ ရထားမောင်းနှင်ရာတွင် အရေးပေါ်အခြေအနေမှအပ Emergency Brake ကို အသုံးပြုခဲသည်။ ထိုသို့အသုံးပြုပါက အရှိန်နှင့်သွားနေသော ရထားသည် တွဲဆိုင်းများ၏ တုံ့ဆိုင်း/တွန်းကန်မှုများကြောင့် တွဲဆိုင်းများပြတ်၍
    အန္တရာယ်ဖြစ်တတ်သောကြောင့် ဖြစ်ပါသည်။ တစ်ဖက်ရထားလမ်းပေါ်တွင်ရှိသော လူနှစ်ယောက်၏အခြေအနေမှာလည်း   ကန့်သတ်ချက်ရှိနေပြန်ပါသည်။ ဤကန့်သတ်ချက်မှာ ရထားကိုအဝေးမှ စောစီးစွာမမြင်ခဲ့ခြင်း၊ ပေ ၁၂၀ အရှည်ရှိသော တံတားအလယ်တွင် ရောက်ရှိနေခြင်း၊  ဘေးသို့ရှောင်ရန်နေရာမရှိဘဲ  တံတားပေါ်မှ ၁၂ ပေခန့်အမြင့်ရှိ ရေထဲသို့ခုန်ချရမည်ဖြစ်ခြင်း၊ တံတားအောက်ရှိ ချောင်းရေအနက် မည်မျှရှိသည်ကို မခန့်မှန်းနိုင်ခြင်းစသည့် ကန့်သတ်ချက်များရှိနေပါသည်။ ပိုဆိုး
    သည်မှာ (နောင်မှသိရသည်မှာ) ၄င်းနှစ်ဦးအနက် တစ်ဦးမှာအသက် (၆၂)နှစ်အရွယ် အဘွားဖြစ်သူနှင့် တစ်ဦးမှာ အသက် (၈) နှစ်ခန့်အရွယ်ရှိ မြေးတော်စပ်သူတို့ ဖြစ်နေခြင်းပင်။
    မြေးအဘွားနှစ်ဦးနှင့် စက်ခေါင်းမှူးလက်ထောက်သည် ရေထဲကျသွားသော်လည်း  ကံတရားအရသော်လည်းကောင်း၊   ဝိုင်းဝန်းဆယ်ယူပေးမှုအရသော်လည်းကောင်း အသက်ရှင်ရန် အခွင့်အလမ်းများပါသည်။ ရထားလမ်းပေါ် ရထားအကြိတ်ခံ ရလျှင်ကား အသက်ရှင်ရန်အခွင့်အလမ်းမရှိနိုင်ပေ။ ဤဖြစ်စဉ်တွင်လည်း စက်ခေါင်းနောက်တွဲမှ  လုံခြုံရေးလိုက်ပါလာသော  ရထားရဲများနှင့်ခရီးသည်များမှ  ရေထဲသို့ကျသွားသော အဘွားအို၊ မြေးမလေးနှင့် စက်ခေါင်းမှူးလက်ထောက်တို့ကို ဝိုင်းဝန်း
    ဆယ်ယူကူညီပေးမှုကြောင့် သုံးဦးစလုံးအသက်ချမ်းသာရာရခဲ့ပါသည်။ ရထားသည်လည်း မြေးအဘွားနှစ်ဦးရပ်နေသည့်  နေရာကိုကျော်လွန်ပြီး ပေ ၄၀ အကွာနေရာ တံတားတစ်ဖက်ကမ်းသို့ရောက်သည့်နေရာတွင် ရပ်တန့်သွားခဲ့ပါသည်။
    ဖြစ်စဉ်ကိုလေ့လာပါက ရထားလမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများသည် ရထားလမ်းနှင့်တံတားများဖြတ်ကူးရာတွင် သတိနှင့်ဖြတ်ကူးရန်၊ ရထားလမ်းပတ်ဝန်းကျင်၌သွားလာရာတွင်  တစ်ကြိမ်တစ်ခါသာမဟုတ်ဘဲ   အမြဲတမ်းသတိပြုသွားလာနိုင်ပါရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် အချက်များကိုလည်း  မြန်မာ့မီးရထားဘူတာရုံများနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာထားပြီးဖြစ်ရာ ပြည်သူများမှဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
    ရထားစက်ခေါင်းမောင်းများသည်လည်း ယခုစက်ခေါင်းမောင်းကဲ့သို့ အမြဲသတိရှိမောင်းနှင်ပြီး ရထားလမ်းပေါ်မှ  လူများ၏အသက်ကိုကယ်တင်နိုင်ရန်၊  ရထားဖြင့်စီးနင်းလိုက်ပါလာသည့်  ခရီးသွားပြည်သူများ၏အသက်သည်လည်း  စက်ခေါင်းမောင်း၏လက်ထဲတွင်ရှိပေရာ  လမ်းကြောင်းတစ်လျှောက်  တွေ့ကြုံလာမည့်အန္တရာယ် များကိုသတိရှိစွာဖြင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ကြိုတင်ကာကွယ်သွားခြင်းဖြင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းမှုကို ဆောင်ရွက်သွားကြရပေမည်။
    စက်ခေါင်းမှူးလက်ထောက်(စက်ခေါင်းမောင်းအကူ)ကဲ့သို့ အရေးကြုံလာလျှင် “ကိုယ်ချင်းစာနာစိတ်၊ မီးရထားစိတ်ဓာတ် ” ဖြင့် အသက်ပေး၍ ကာကွယ်ပေးလိုသည့်စိတ်ဓာတ်များလည်း ရှိနေရန်လိုအပ်ပါသည်။ အားလုံးမှ ဤသို့သော စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်သွားမည်ဆိုလျှင်  မြန်မာ့မီးရထားသည်  စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ရှေ့သို့တက်လှမ်းတိုးတက်လာနိုင်မည်ဖြစ်ပေသည်။
    ဖြစ်စဉ်တွင်  အသက်စွန့်ကယ်တင်ခဲ့သော  စက်ခေါင်းမှူးလက်ထောက်နှင့် စက်ခေါင်းမောင်းတို့အားဂုဏ်ပြုသောအားဖြင့်    ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုငွေ ငါးသိန်းချီးမြှင့်ခဲ့သလို မြန်မာ့မီးရထားကလည်း မေလ ၁ ရက်နေ့တွင်  ကျရောက်မည့် (၁၃၅)နှစ်မြောက်  မြန်မာ့မီးရထားနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများထိုက်တန်စွာ  ချီးမြှင့်သွားမည်ဖြစ်ပါသည်။
    စက်ခေါင်းမှူးလက်ထောက်ကဲ့သို့သော ဦးဆောင်လမ်းပြပေးခဲ့သည့် ပုဂ္ဂိုလ်မျိုးအား “ မြန်မာ့ မီးရထား၏ သူရဲကောင်း”“ မမ” သူရဲကောင်း အဖြစ် ဂုဏ်ပြုပြောဆို လိုပေသည်။ စာရေးသူအနေဖြင့် မိမိနိုင်ငံတွင် “မမ” သူရဲကောင်းများ အများအပြားပေါ်ထွက်လာစေကြောင်းဆန္ဒပြုရင်း …။ ။
    (မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော နိုင်ငံသားကောင်း မြန်မာမွတ်စလင်မ် စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင် အကြောင်း ဂုဏ်ပြုရေးသားထားသော ၂၈-၄-၂၀၁၂ ကြေးမုံသတင်းစာ စာမျက်နှာ(၆) တွင် ပါရှိသည့် ဆောင်းပါးရှင် ဦးသူရိန်(ဘားအံ့) ၏ “ မမ သူရဲကောင်း” ဆောင်းပါးဖြစ်ပါသည်။)
  • လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဟာဂျီမပျဉ်းမနားဒေါ်ပု
    မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာဇာတိ ဖြစ်သည်။ အဖ ပွဲစားကြီးဦးဘမြ အမိ ဒေါ်ခင်စီတို့မှ သက္ကရာဇ် ၁၂၆၈ (၁၉၀၆ ) ခုနှစ်တွင် ဖွားမြင်သည်။ ငယ်နာမည် မရွှေပု ဖြစ်သည်။ ၁၂၈၈ ခုနှစ်တွင် စိန်ရွှေကုန်သည် ဦးစံလှနှင့် အိမ်ထောင်ကျသည်။ ပျဉ်းမနားသို့ ရွှေ့ပြောင်း၍ စိန်ရွှေရတနာရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းဖြင့် နေထိုင်ခဲ့သည်။ ဒေါ်ပုသည် စိန်ရွှေရတနာ လုပ်ငန်း၌ကျွမ်းကျင်သည်။ ရတနာများကိုမြင်လျှင် အရည်အသွေးအဆင့်အတန်းကို ချက်ချင်းမှန်ကန်တိကျစွာ အကဲဖြတ်နိုင်စွမ်း ရှိသည်။
    ဒေါ်ပုသည် ဆက်ဆံမှုပြေပြစ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ချယုံကြည်ရခြင်းတို့ကြောင့် ရတနာရောင်းဝယ်မှုတွင် အများကအားကိုး အားထားပြုကြသည်။ ဒေါ်ပုကို ပျဉ်းမနားမြို့သူမြို့သားများက စိန်ရွှေရတနာလုပ်ငန်းတွင် ကျွမ်းကျင်သောကြောင့် စိန်မပုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။
    ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ဖွဲ့စည်းစဉ်ရဲဘော် သုံးကျိပ်ဝင်များမှ အရာရှိအရာခံ အကြပ်တပ်သားများသည် ဒေါ်ပု နှင့် အကျွမ်းတ၀င်ရှိကြသည်။ မိခင်ပမာအမေပုဟု ခေါ်ကြသည်။ ဒေါ်ပုသည် ပျဉ်းမနားမြို့နယ် အာရှလူငယ်အစည်းအရုံး၏ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပျဉ်းမနား၌ ရှိနေစဉ်ကာလ၌ တပ်မတော်အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ အကူအညီပေးခဲ့သည်။
    ၁၉၄၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သည် ဦးစံလှ ကွယ်လွန်ပြီးနောက် ပျဉ်းမနား မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်း ၌ ထွန်းနေရောင် ကုမ္ပဏီကို တည်ထောင်သည် ။ ၁၉၆၁ မှ ၁၉၆၈ ခုနှစ်အထိ ဘုရင်မ နိုင်လွန်ဇာ နှင့် အထည်စက်ရုံ တစ်ရုံ တည်ထောင် ဖွင့်လှစ်ခဲ့သည် ။ ဒေါ်ပုသည်၁၉၅၁ ခုနှစ်တွင် ဟဂ်ျပြုလုပ်ခဲ့သည်။
    ၁၉၇၂ ခုနှစ်တွင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ အစ္စလာမ့်ရှေ့ဆောင်ကျောင်း ကလေးရိပ်သာများအတွက် ငွေကျပ်(၈)သိန်းကျော် လှူဒါန်းသည်။ ထို့အပြင် ဗလီဝတ်ကျောင်းအတွက်လည်းကောင်း၊ ရန်ကုန်မြို့ဇီဝကလမ်း (ဇဖရ်ရှားလမ်း)ဇဖရ်ရှားဒရ်ဂါဝတ်ကျောင်းတော် နှင့် အမျိုးသမီးဝတ်ပြုဆောင်ကိုလည်းကောင်း၊ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မွတ်စလင်အမျိုးသမီးရိပ်သာနှင့် ကျောင်းဆောင်အတွက် လိုအပ်သော မွမ်းမံပြင်ဆင်မှုများကိုလည်းကောင်း ပြုလုပ်လှူဒါန်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါအထူးကု ဆေးရုံဝင်းအတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါအထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့သည်။ လှူဒါန်းပွဲအခမ်းအနား ဖိတ်ကြားစာကို ဖော်ပြပါမည်။
    ၇၈၆
    ဇေယျတု သဗ္ဗ မင်္ဂလာ
    ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကု ဌာန အဆောင်အဦး ပေးအပ်လှူဒါန်းပွဲ ဖိတ်ကြားစာ
    လူကြီးမင်းရှင့်-
    လူမျိုးမရွေး ဘာသာမရွေး ကုသနိုင်ရန်ရည်ရွယ်၍ သိန်း(၃၀)ကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့သော ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကုဌာန အဆောက်အဦးကို ပြည်သူလူထုကိုယ်စား ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီးထံ ပေးအပ်လှူဒါန်းမည့် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပါရန် ဖိတ်ကြားအပ်ပါသည်။
    ကျင်းပမည့် နေ့ရက် – ၅-၁၀-၇၉ (သောကြာနေ့)
    ကျင်းပမည့် အချိန် – နံနက် (၉) နာရီ
    ကျင်းပမည့်နေရာ – ရန်ကုန်ပြည်သူ့ဆေးရုံကြီး
    (လမ်းမတော် ၀င်ပေါက်)
    ဟာဂျီမ ပျဉ်းမနားဒေါ်ပု (ရန်ကုန်)
    ထို့အပြင် ၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၁၄ ရက်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆေးရုံဝင်းအတွင်းတွင် သိန်း(၂၀)တန် အထွေထွေ အရေပြားနှင့် ကာလသားရောဂါကုဌာန အဆောက်အအုံကိုပန္နရိုက်အုတ်မြစ်ချ လှူဒါန်းခဲ့သည်။ ထို့အပြင် ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက် အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံအတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။
    ဒေါ်ပုသည် ပျဉ်းမနားမြို့နယ်အသင်း၏ နာယကကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည် ကြီးများအသင်း တွင် အမှုဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် အစိုးရမှ နိုင်ငံခြားသို့ စီးပွားရေးမစ်ရှင်စေလွှတ်ရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။
    ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသည့် အစ္စလာမ်မစ်ဒအ်ဝတ်ညီလာခံသို့ ဆရာချယ်၊ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင်တို့နှင့်အတူ တက်ရောက်ခဲ့သည်။
    ၁၉၈၁ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံတော်က ပထမဆုံးအကြိမ်ချီးမြှင့်သည့် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သည်။ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ဓနအင်အားဖြင့် များစွာပါဝင်လှူဒါန်းခဲ့သူ ဖြစ်သည်။
    ဟာဂျီမဒေါ်ပုသည် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် နာယက၊ အီးဒ်ဆွလာသ်ဗဟိုကော်မတီ နာယက၊ ဟစ်ဂျရီ ၁၅ ရာစု ကြိုဆိုရေးဗဟိုကော်မတီ (အ-ဟ-က)နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။
    ကန်တော်ကလေး ကဘရ်စတာန် (မွတ်စလင်မ်သုဿန်) ရှိ ဟာဂျီမ ပျဉ်းမနားဒေါ်ပု၏ ကဘရ် (မြှုပ်နှံထားရာနေရာ)
    ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ။
    ရေးသားသူ …မောင်သန်းဝင်း(မြန်မာစာ)
    ဟာဂျီမဒေါ်ပုနှင့်ဆရာချယ်တို့ ၂ . ၅ . ၁၉၈၁ တွင်မုတ္တမမြို့ရေးစုရပ်ရှိ မြို့မဗလီကြီးဝန်းအတွင်း အစ္စလာမ်အမျိုးသမီးဝတ်ပြုဆောင် ကိုဖွင့်လှစ်ပေးခဲ့စဉ်
                          ဟာဂျီမဒေါ်ပုမှအမျိုးသမီးဝတ်ပြုဆောင်ဖွင့်ပွဲတွင်အမှာစကားပြောကြားနေပုံ
             အမျိုးသမီးဝတ်ပြုဆောင်ဖွင့်ပွဲမှ ဟာဂျီမဒေါ်ပု  ဗလီကြီးဥက္ကဌ  အဗ္ဖဒလ်မာလစ်နှင့်   ဆရာချယ်  နိုင်ငံဂုဏ်ရည်ပထမအဆင့်
  • ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)
    ပသီစာဆို ( ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနု)
    ရေးသားသူ – တင်နိုင်တိုး
    ကုန်းဘောင်ခေတ်ဦးကာလက မြန်မာစာပေနယ်မှာ အစ္စလာမ်ဘာသာဝင် ပသီစာဆိုတော်တစ်ဦး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူကတော့ ရမ္မာဝတီမြို့ဝယ် ရွှေတောင်သာဂသူဘွဲ့ခံ ဆရာကြီးဦးနုပါပဲ။ စာဆိုတော်ကြီး ဦးနုဟာ ဘိုးတော်ဘုရားလက်ထက်မှာ မဇ္ဈိမဒေသက ကျမ်းပေါင်းများစွာကို ဆောင်ယူပေးခဲ့သဖြစ်လို့ မြန်မာစာပေသမိုင်းမှာ တစ်ထောင့်တစ်နေရာက ကျေးဇူးပြုခဲ့သူလို့ ဆိုနိုင်ပါတယ်။
    ပသီစာဆိုကြီးဦးနုကို နောင်တော်ကြီးမင်းလက်ထက် ၁၇၊ ဇူလိုင်၊ ၁၇၆၂ မှာ ရွှေဘိုမြို့မှာ ဖွားမြင်ပါတယ်။ မိဘတွေကတော့ ကုန်သည်တော် ရှိုက်ခ်ဒါဝူးဒ်နဲ့ ဒေါ်ငြိမ်းတို့ပါပဲ။ မိခင်ဒေါ်ငြိမ်းဟာ သွေးသောက်ကြီး ဦးပွင့်နဲ့ ဒေါ်မြတ်နှင်းတို့ရဲ့ သမီးဖြစ်တာမို့ စာဆိုတော်ဦးနုဟာ ငယ်စဉ်ကတည်းက နန်းတွင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူလို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဆရာကြီးဦးနုရဲ့ မွတ်ဆလင်အမည်ကတော့ မုဟမ္မဒ်ကာစင်မ်ဖြစ်ပါတယ်။ ဆရာကြီးဟာ ရွှေဘိုဇာတိဆိုပေမယ့် ငယ်စဉ်ကတည်းက အင်းဝတောင်ဘလူရပ်မှာ နေထိုင်ခဲ့ပါတယ်။
    စာဆိုတော်အဖြစ် ထင်ရှားလာမည့် ဦးနုဟာ အသက်(၇)နှစ်အရွယ်မှာ အင်းဝ နန်းဦးကျောင်းတိုက်မှာ ပါဠိ၊ မြန်မာစာပေတွေ စတင်ဆည်းပူးခဲ့တယ်။ အသက်(၁၉)နှစ်အရွယ်ရောက်တော့ ရန်ကုန်ဆင်းလာပြီး ဆီးရီးယားက ကြွရောက်လာတဲ့ ဆရာကြီးစိုင်ယဒ်မူဟာမ္မာဒ်ဆီမှာ အစ္စလာမ်ဘာသာစာပေ၊ အာရဗီ၊ အူရဒူ၊ ဖာရစီဘာသာတွေ သင်ယူတယ်။
    တစ်ဖက်ကလည်း မြန်မာဘာသာ၊ ပါဠိဘာသာကို ကျွမ်းကျင်နိုင်နင်းအောင်ကြိုးစားလေ့လာပါတယ်။ ဒါကြောင့်လည်း နောင်မှာ စာဆိုတစ်ဦးအဖြစ် ထင်ရှားခဲ့တာပါ။
    ဦးနုဟာ အသက်(၂၆)အရွယ်မှာ သွေးသောက်ကြီး ဦးသာဒွန်း၊ ဒေါ်မိုးသူတို့ရဲ့သမီး မမယ်မနဲ့ အိမ်ထောင်ကျတယ်။ သား ‘အဗ်ဒွလ်ကရင်’လို့ခေါ်တဲ့ နာခံတော် မောင်ပြည့်နဲ့ သမီး မမကြီး(ဒေါ်မြတ်လှ)၊ မမထွေး(ဒေါ်မြတ်ထွန်း)တို့ကို ဖွားမြင်တယ်။
    ၃၀ နိုဝင်ဘာ၊ ၁၈၀၅ မှာ ဦးနုဟာ ဘိုးတော်ဘုရား အမိန့်တော်အရ အိန္ဒိယကို သွားရောက်ရတယ်။ ဘင်္ဂလားမှာ နှစ်ထပ်တိုက်တစ်လုံးငှားပြီး ကွမ်းသီးရောင်းရင်း နယ်ချဲ့အင်္ဂလိပ်ရဲ့အခြေအနေကို ထောက်လှမ်းရတယ်။ တစ်ဖက်ကလည်း ကျမ်းစာအုပ်တွေ ရှာဖွေစုဆောင်းရပါတယ်။
    ၁၅ ဧပြီ ၁၈၀၆ မှာ ဦးနု အမရပူရကိုပြန်ရောက်လာတော့ ဘိုးတော်ဘုရားက နှစ်ထောင်းအားရတော်မူလို့ ရမ္မာဝတီမြို့ဝန်ရာထူး ခန့်အပ်လိုက်တယ်။
    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ရမ္မာဝတီမြို့ဝန်ဦးနုဟာ အိန္ဒိယကို နောက်ထပ် နှစ်ကြိမ်ထက်မနည်းသွားရောက်ခဲ့ရပြီး ပေမူ ၁၀၀၊ ကျမ်းစာအုပ် ၁၇၇ အုပ်ကို သယ်ဆောင်လာခဲ့နိုင်တယ်။ မောင်းထောင်ဆရာတော်ကြီး ဘာသာပြန်ဆိုခဲ့တဲ့ ကျမ်းတချို့ဟာ ‘ရွှေတောင်သာဂသူ’အိန္ဒိယက သယ်ဆောင်လာတဲ့ကျမ်းတွေ ဖြစ်တယ်။
    ‘ရွှေတောင်သာဂသူ’ဘွဲ့ခံ ဆရာကြီးဦးနုဟာ အသက်(၆၈)နှစ်အရွယ် ၁၈၂၂-ခုနှစ်မှာ အမရပူရမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စာဆိုတော်ဦးနုဟာ ၃၅-ခန်းလို့ခေါ်တဲ့ သာသာရေးဆိုင်ရာ ‘ရှရာကျမ်း’အပါအ၀င် ကျမ်းပေါင်း (၆၀)ကျော် ရေးသားပြုစုခဲ့တဲ့ စာဆိုတော်ကြီးတစ်ဦဖြစ်ပါတယ်။ အဲဒီ (၃၅)ခန်း မူရင်းကျမ်းကြီးကို မကြာမီက ပြုလုပ်ခဲ့တဲ့ လောကနတ်ရှားပါးစာအုပ်ပြပွဲမှာ တွေ့မြင်ခဲ့ရပါသေးတယ်။
    ဆရာကြီး၏ ဘင်္ဂလားသွားခရီးစဉ် ခန့်မှန်းမြေပုံ
    စာဆိုဦးနုရဲ့ စာပေလက်ရာတွေထဲမှာ ခရီးစဉ်မှတ်တမ်း လင်္ကာ(၅၅)ပိုဒ်ကလည်း ထင်ရှားလှပါတယ်။ ဆရာကြီး ဒေါက်တာလှတိုးရဲ့ ကျေးဇူးကြောင့် အဲဒီ (၅၅)ပိုဒ်လင်္ကာကို ပုံနှိပ်စာလုံးနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ အဲဒီလင်္ကာရှည်ထဲမှာ အမရပူရကနေ ဘင်္ဂလားအရောက် အကြောင်းအရာတွေကို ရေးဖွဲ့ထားတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားမှတ်တမ်းကြီးတစ်စောင်ပါပဲ။ ဘင်္ဂလားအသွားလမ်းမှာ လကြတ်တာနဲ့ ကြုံခဲ့ရသေးတယ်။ ‘ဟင်းရာဝ’လို့ အမည်ရတဲ့စခန်းမှာ ညအိပ်ရပ်နားစဉ်အခါဖြစ်ပါတယ်။ လကြတ်စဉ် ကောင်းကင်ဂြိုဟ်အနေအထားကို လင်္ကာထဲမှာ အသေးစိတ်ရေးဖွဲ့ထားတော့ စာဆိုဦးနုဟာ မြန်မာနက္ခတ္တဗေဒင်ကို တတ်ကျွမ်းသူလို့လည်း ဆိုနိုင်ပါတယ်။
    စာဆိုတော်ဦးနုရဲ့ ရှားပါးလက်ရာ ရတုကဗျာအချို့ကိုလည်း ရှေးဟောင်းစာပေအတွဲ(၂၄)မှာ ဖယောင်းလှိမ့် လက်ရေးမူအဖြစ် ဖတ်ရှုရပါတယ်။ အဲဒီအထဲမှာ စာဆိုတော်ဦးနု ကြွေးမြီပြဿနာကြောင့် တိမ်းရှောင်နေရပုံကို ‘မောင်နုတွင်မည်၊ ကျွနုပ်သည်ကား၊ မတည်ရပ်ပါ၊ ကြွေးများစွာကြောင့်၊ အိမ်မှာလျှင်မျှ၊ မနေရတည့်၊ ခေတ္တ ဟိုသည်၊ တိမ်းရှောင်လည်၍’လို့ ဖတ်ရှုရပါတယ်။
    မှတ်တမ်းမှတ်ရာတွေအရ ရမ္မာဝတီမြို့ဝန် ‘ရွှေတောင်သာဂသူ’ကို ကံ့ကော်ရွာသူကြီးနဲ့ မြို့ချောင်းရွာသူကြီးတွေက တိုင်ကြားခဲ့တဲ့အမှုဖြစ်ဟန်ရှိပါတယ်။
    စာဆိုတော်ဦးနုဟာ သရဒွေးကျမ်း၊ အဘိဓါန်ကျမ်းတွေအပြင် ဆေးကျမ်းများစွာကို ဆောင်ယူလာခဲ့သူလည်းဖြစ်လို့ မြန်မာ့ဆေးပညာသမိုင်းမှာလည်း အသိအမှတ်ပြုသင့်လှပါတယ်။ ဒီဆောင်းပါးကို ဆရာမကြီးစောမုံညင်းရဲ့ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာဆောင်းပါး(ငွေတာရီ ၁၉၈၈၊ ဇွန်)နဲ့ မောင်မောင်ကြီး(မန်း)ရဲ့ စာဆိုတော်သခင်ကြီး ဦးနု (အစ္စလာမ်သုတ ၁၉၈၈၊ မေ)တို့ကို အခြေပြုရေးသားထားပါတယ်။
    (နံနက်ခင်းသတင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်-၃၅၊ သြဂုတ် ၂၀၀၈၊ စာမျက်နှာ-၂၃ မှ ကူးယူဖော်ပြပါသည်။)
    Posted By-ဝိုင်း
    * * မူရင်းဂျာနယ်ထဲကအတိုင်း စာလုံးပေါင်းသတ်ပုံများကို မပြင်ပဲ ပြန်ကူးထားပါတယ်။ * *