News @ M-Media

Category: ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ

  • ပါမောက္ခချူပ် ဦးကာ

    ဦးကာသည် ၁၈၉၄-ခု၊ ဧပြီလ၁၄-ရက်နေ့တွင် မန္တလေမြို့၌ဖွားမြင်သည်။ မိဘများမှာ ဦးမြတ်ရှင် နှင့်ဒေါ်ဘီတို့ဖြစ်သည်။ ဦးကာသည် မင်းတုန်းမင်းတရားကြီးလက်ထက်အသုံးတော်ခံ မမစီ ညီမ မမဖီ၏ မြေးဖြစ်သည်။

    အသုံးတော်ခံ မမစီကို မင်းတုန်းမင်းတရားကြီးနှင့်စကြာဒေ၀ီ မိဖုရားကြီးတို့က အလွန်သဒ္ဓါ ယုံကြည်တော်မူကြသည်။ နန်းတော်တွင်း မိဖုရားများသားတော်သမီးတော်များ ၀တ်ဆင်ရန် စိန်ထည်အမျိုးမျိုးနှင့် မိုးကုတ်ကျောက် အမျိုးမျိုးကိုအထည်ပြုလုပ် ဆက်သွင်းရသည်။ မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေ၀ီမိဖုရားကြီးတို့က မန္တလေးမြို့တွင်နန်းတော်ကျုံး၏အနောက်ဖက်နန်းတော်ကို မျက်နှာမူနေသော မြေနေရာအပါအ၀င်  မြေသုံးနေရာကို မမစီ အားပေးသနားတော်မူသည်။ မမစီကို မိဖုရားခေါင်ကြီးမှအစ အခြားမိဖုရားများ သမီးတော်များကအလွန် ချစ်ခင်ကြသည်။ ၎င်းတို့အသုံးအဆောင်များ အနည်းငယ်ဟောင်းနွမ်း လျှင်ပင် မမစီအား ပေးလိုက်သည်။ အချိတ်ထဘီများနှင့် ကျောက်မှန်တင်ခုံကြီးများ၊ သစ်စေးသုတ်၊ ဇာတ်စုံခြယ် အ၀တ်အထည် ထည့်သည့် ဂုံးသေတ္တာများ ပါဝင်သည်ဟု သိရသည်။

    မမစီ၏ညီမ မမဖီ၏မြေးတော်သူ ဦးကာသည် ငယ်စဉ်က ဗုဒ္ဓသာသာနာ့နုဂ္ဂဟကျောင်း၊ မန္တလေးစိန့်ပီတာ အင်္ဂလိပ်အထက်တန်းကျောင်းတို့တွင် ပညာဆည်းပူးသည်။ ငယ်စဉ်ကပင်ပညာချွန်သဖြင့် စကောလား ရှစ်ဆုများရသည်။ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းကို နှစ်နှစ်ဖြင့် ဖြေဆိုအောင်မြင်သည်။ ရန်ကုန်ကောလိပ်မှ ဘီအေ ဂုဏ်ထူးဘွဲ့ကို ၁၉၁၈-ခုတွင် ရရှိပြီး အမ်အေဂုဏ်ထူးဘွဲ့ကို၁၉၂၁-ခုတွင် ရရှိသည်။ ၁၉၁၈-ခုတွင် ဓာတုဗေဒဌာန သရုပ်ပြဆရာအဖြစ် စတင်ထမ်းဆောင်သည်။ ထိုစဉ် တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီးမှာ မက်သရူးဟန်တာဖြစ်သည်။ ၁၉၂၃-ခုတွင်လက်ထောက်ကထိက ဖြစ်လာသည်။

    ၁၉၂၃-ခုတွင် ဘီအီးအက်စ်(လက်ရွေးစင်တန်း)အဆင့်သို့တိုးမြှင့် ခန့်အပ်ခြင်းခံရသည်။ ဆရာကြီးသည် ၁၉၂၆ မှ ၁၉၄၂ ခုနှစ်အထိ ရန်ကုန်ကောလိပ်ပဲခူးဆောင် အဆောင်မှူး တာဝန်ဝတ္တရားများ ထမ်းဆောင်သည်။ ၁၉၃၅-ခုတွင် အမှုထမ်းကောင်းတံဆိပ်ရမင်း ဘွဲ့ချီးမြှင့်ခြင်းခံရသည်။ ၁၉၄၆-ခုတွင် ကထိကရာထူးဖြင့် ဘီအီးအက်စ်စီ (ပထမတန်း)သို့ ရာထူးထပ်မံတိုးမြှင့်ခြင်းခံရသည်။

    ၁၉၄၆-ခုနှစ်၌ပင် ပဲခူးဆောင်အဆောင်မှူး၊ တက္ကသိုလ်ကောလိပ်များ၏ အဆောင်မှူးချူပ်ဖြစ်လာသည်။ ၁၉၅၈-ခု ဇွန်လတွင် အငြိမ်းစားယူခဲ့ပြီး သင်္ချာဌာနအချိန်ပိုင်းကထိက တာဝန်ထမ်းဆောင်သည်။ နိုင်ငံတော်အစိုးရ စာသင်ကျောင်းများတွင် အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များအတွက် အစ္စလာမ်ဘာသာ အခြေခံရရှိစေရန်နှင့် ဘာသာစာရိတ္တ ကြံ့ခိုင်စေရန်သင်ခန်းစာအစီအစဉ်များ ရေးဆွဲရန်နှင့် အကြံဥာဏ်ပေးရန် အစိုးရက ကော်မတီတစ်ရပ်ခန့်အပ်ရာ ထိုကော်မတီတွင်ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကထိက ဆရာကြီးဦးကာကို ဒုတိယသဘာပတိအဖြစ် ခန့်အပ် တာဝန်ပေးသည်။ထိုသို့ တာဝန်ပေးခြင်းကို အများပြည်သူတို့ သိရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီး ဌာနခွဲ(၂) က ၁၉၅၃ခု၊ ဧပြီလ ၉ ရက် ရက်စွဲတပ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်သည်။

    ၁၉၅၄-ခု နိုဝင်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ ဖျက်သိမ်းပြီး  အစ္စလာမ်သာသနာရေးရာကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအား ဘဏ္ဍာရေးမှူးအဖြစ် အများက လျာထားသည်။ ၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ် အစ္စလာမ်ယောကျာ်းလေးများ ဂေဟာ၌ အစ္စလာမ်ကောင်စီစတင် ဖွဲ့စည်း သည့် အစည်းအဝေးသို့ ဆရာကြီး တက်ရောက်သည်။ ထိုအစည်းအဝေးမှဆရာကြီးသည် စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ စာရင်းစစ်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့စည်းသည့် ထိုကာလမှစ၍ ဆရာကြီးသည် အစ္စလာမ် သာသနာရေးရာ ကောင်စီတွင် တောက်လျှောက်ပါဝင်ခဲ့သည်။

    ၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ၀န်ကြီးချူပ်၏ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချူပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာတက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက် သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်းဆောင်များရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင်သီးခြားထမင်းစားရုံနှင့်သီးခြားထမင်းချက် ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင်စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ်အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင်ကုန်သည်ကြီးများအသင်း၌ကျင်းပသော အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှုရရှိပြီးဖြစ်ကြောင်းဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေး ကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ခ်ျအက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချူပ်ဆရာကြီး ဦးကာသည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာဝန်ယူ ထမ်းဆောင်သကဲ့သို့တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေးအသင်း အဖွဲ့များနှင့်လည်း မကင်းကွာဘဲစိတ်ဝင်တစားပါဝင်ကြောင်း၊ကူညီကြောင်း သိရှိရပါသည်။

    သာယာသော လောကကြီးကို အစ္စလာမ်တရားတော်နှင့် ဖန်တီးနိုင်ကြောင်းမျှော်လင့်ယုံကြည်သည်။ ယုံကြည်ချက်ကို- ‘အချူပ်အားဖြင့် ဤစာအုပ်တွင် အလွန်နက်နဲ ကျယ်ဝန်းလှသည့် အစ္စလာမ်တရားတော်ကြီး၏ ကောက်နုတ်ချက်များဖြစ်သော အလွန်သေးငယ်သည့် အစိတ်အပိုင်း ကလေးမျှကိုသာထည့်သွင်း ဖော်ပြထားသော်လည်း ဖတ်ရှုသူများသည် ကိုယ်ကျင့်ဝတ်ကို ကောင်းစွာသိရှိ ထိန်းသိမ်းတတ်၍ ၊ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ၍ ကောင်းလာပြီးလျှင်ယခုထက်များစွာ သာယာသောလောကကြီးကို ကူညီဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်’ဟု အတွင်းဝန်သီရိပျံချီ ဦးဘစိန် (M.S.c, B.S.c) စီရင်ရေးသားသည့် ‘အစ္စလာမ်ဘာလဲ’ ကျမ်းအတွက် နိဒါန်းအမှာစာပေးပို့ရာတွင် ဆရာကြီးက ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

    ၁၉၅၈-ခုမှ ၁၉၆၀ ပြည့်နှစ်အထိ ကာလအတွင်း ပညာရေးဝန်ကြီးဌာန၊လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။

    ၁၉၆၂-ခုတွင် ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချူပ်အဖြစ်တော်လှန်ရေးကောင်စီ အစိုးရက တာဝန်ပေးအပ်သည်။ ပြည်ထောင်စုရာထူးအဖွဲ့ဥက္ကဋ္ဌ(ယခု ပြည်သူ့ဝန်ထမ်းရွေးချယ် ခန့်ထားရေး အဖွဲ့ဥက္ကဋ္ဌ) တာဝန်များကိုလည်း ထမ်းဆောင်ပေးခဲ့သည်။

    ပါမောက္ခ ဒေါက်တာအောင်ဇော်ရေးသားပြုစုသော တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုများ-၂ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • Monitor News Journal မှာပါတဲ့ အငြိမ်းစား သံအမတ်ကြီး မဟာစည်သူ ဦးဖေခင် အကြောင်း

    Monitor News Journal မှာပါတဲ့ အငြိမ်းစား သံအမတ်ကြီး မဟာစည်သူ ဦးဖေခင် အကြောင်း

    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

    ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းတာဝန် အချို့ကို နောက်တန်းကနေ အပင်ပန်း အဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဦးဖေခင်(နောင်-သံအမတ်ကြီး)

    သမိုင်းဝင် ပင်လုံ စာချုပ်ကြီးကို ပြည်မ-တောင်တန်း ပူးပေါင်းရေးအတွက် (၁၂၊၂၊၁၉၄၇)ရက်မှာပဲ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီလို ပင်လုံ စိတ်ဓာတ်နဲ့ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးစွာ ပြည်မ-တောင်တန်း ပူးပေါင်းပြီး လွတ်လပ်ရေး အရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ အဖွဲ့ချုပ်ကြီးက မားမားမတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းတာဝန် အချို့ကို နောက်တန်းကနေ အပင်ပန်း အဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဦးဖေခင်(နောင်-သံအမတ်ကြီး) ဖြစ်ပါတယ်။ ဦးဖေခင်ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာကြရအောင်။

    (၂၇၊၈၊၁၉၁၂) ရက် ဖွားမြင်ခဲ့တဲ့ ပျော်ဘွယ်မြို့နယ် ဇာတိ ကိုဖေခင်ဟာ ဖခင်ဖြစ်သူက ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး အစ်ကိုကြီးဖြစ်သူ ရှေ့နေ ဦးဘသန်းရှိရာ တောင်ကြီးမြို့ကို ပြောင်းရွှေ့ နေထိုင်ပါတယ်။ တောင်ကြီးမြို့မှာ ABM ကျောင်း တက်စဉ် ကိုသန်းထွန်း (နောင်-ဗကပ)၊ ကိုဝင်း (နောင်-တက္ကသိုလ် လက်ရွေးစဉ်/ဘောလုံး)တို့နဲ့ ခင်မင်ခဲ့တယ်။ မန္တလေးမြို့ ကယ်လီကျောင်းက (၁၀)တန်း အောင်ပြီး ရန်ကုန် တက္ကသိုလ်ကို ရောက်လာခဲ့ပါတယ်။ ပဲခူးဆောင်မှာ နေထိုင်ရတော့ ကိုအောင်ဆန်း(နောင်-ဗိုလ်ချုပ်) နဲ့ မိတ်ဆွေ ဖြစ်ခဲ့တယ်။ ကိုနု၊ ကိုသန်းထွန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့နဲ့ ရင်းနှီးခဲ့တယ်။ B.A  ၀ိဇ္ဇာဘွဲ့ရပြီး B.L  ဥပဒေသင်တန်းကို တက်ရောက်ခဲ့တယ်။

    နိုင်ငံရေး နယ်ထဲ ရောက်လာပုံက

    ကိုဖေခင်ကို နိုင်ငံရေးနယ်ထဲ တွန်းပို့လိုက်တဲ့ ပထမဆုံး အကြောင်းအချက်က အင်္ဂလိပ်တို့ရဲ့ စစ်ပြီးခေတ် တောင်တန်းဒေသ စီမံကိန်းဖြစ်တယ်။ (မစ္စတာ စတီဗင်ဆင် ဦးဆောင် ရေးဆွဲခဲ့တယ်လို့ အဆိုရှိတယ်)။ အဲဒီမှာ မြန်မာပြည်မကို မလွှဲသာလို့ လွတ်လပ်ရေး ပေးရရင် ရှမ်း၊ ကချင်၊ ချင်း စတဲ့ တောင်တန်းဒေသကို ချွင်းချန်ထားဖို့ ဖြစ်တယ်။ နောက်ထပ် နှစ်(၃၀) ကြာမှ Dominion Status (ဒိုမီနီယံအဆင့်) တစ်ဝက်တစ်ပျက် လွတ်လပ်ရေး ပေးဖို့ စီမံကိန်း ဖြစ်တယ်။ ဆင်းမလားမြို့မှာ ရေးဆွဲခဲ့တဲ့ အဲဒီ စီမကိန်းမှာ (၁) ပြည်မ အစိုးရ၊ (၂) တောင်တန်းဒေသ အစိုးရဆိုပြီး (၂)ဖွဲ့ ဖြစ်မယ်။ အဲဒါက နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့လည်း လန်ဒန် အစည်းအဝေးမှာ ကန့်ကွက်ခဲ့တယ်။ အဲဒီ လျှို့ဝှက် စီမံကိန်းကို မျိုးချစ်စိတ်ရှိတဲ့ တောင်တန်းဒေသ ရုံးစာရေးကြီး ဦးညီပုနဲ့ မြန်မာ့အလင်း သတင်းထောက် ကိုစံအောင်တို့က ဦးဖေခင်ကို လျှို့ဝှက်ပြီး သတင်းပေးခဲ့တယ်။ ဦးဖေခင်လည်း တောင်ကြီးမှာ ဦးတင်ဧ၊ ဦးထွန်းမြင့် (လင်းခေး) စတဲ့ တိုးတက်တဲ့ ရှမ်းလူငယ်တွေကို အသိပေး တိုင်ပင်ခဲ့တယ်။

    ရှမ်းလူငယ်တွေ (နောင်အခါ- ရှမ်းပြည လွတ်လပ်ရေး အဖွဲ့ချုပ်-ရပလ) ကလည်း ဦးဖေခင်အား အဲဒီ လျှို့ဝှက်စီမံကိန်းကို ဖဆပလ အဖွဲ့ချုပ် လူကြီးတွေကို တင်ပြ အသိပေးဖို့ ရန်ကုန်ကို လွှတ်လိုက်တယ်။ အဖွဲ့ချုပ်က လူကြီးတွေလည်း ပြည်မ-တောင်တန်းဒေသ ကူးလူး ဆက်သွယ်ဖို့ ဦးဖေခင်ကိုပဲ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့မှာ တောင်တန်း ဒေသဆိုင်ရာ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့တယ်။ (၁၇၊၁၊၄၆) ရက် ဖဆပလ အဖွဲ့ချုပ် ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံ (အလယ်ပစ္စယံ ညီလာခံ)မှာ ဦးဖေခင်က “နယ်ခြားဒေသများအား ပြည်မနဲ့ပူးပေါင်းရေး” အဆိုကို တင်နိုင်ခဲ့တယ်။ မန္တလေး- သခင်ဗသိန်း၊ မြစ်ကြီးနား- သခင်ကိုလေးနဲ့ ဗန်းမော်က ကိုထွန်းလှတို့က ထောက်ခံခဲ့တယ်။ Frontiet Crossong Act နယ်ခြား ဖြတ်ကျော်မှု တားဆီးရေး အက်ဥပဒေအရ ပေါ်ပေါ်ထင်ထင် မလာနိုင်လို့ လျှို့ဝှက်စွာ တက်ရောက်ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်စတဲ့ ရှမ်းလူငယ်(၉)ဦးဟာ ဦးဖေခင်ရဲ့ ညီလာခံ အဆိုပြုချက်ကို စာဖြင့် ရေးသား ထောက်ခံခဲ့တာကို သခင်ဝတင်က ဖတ်ကြားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒီက အစပြုလို့ ဦးဖေခင်ဟာ နိုင်ငံရေး နယ်ထဲကို ဝင်ရောက်ခဲ့ပြီပေါ့။

    ဗိုလ်ချုပ်နဲ့ သွားအတူ/လာအတူ

    ဘုရင်ခံ ဆားဟူးဘတ်ရန့်(စ်) အစိုးရ အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ပိုင်ခွင့် အာဏာတွေ တိုးတက် ရရှိလာသောအခါ အရေးကြီးဆုံး လုပ်ဆောင်ခဲ့တာက တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်ခဲ့တာပဲ။ မြန်မာနိုင်ငံ၏ သမ္မတကြီး စဝ်ရွှေသိုက် ပြီးတော့ လွတ်လပ်ရေး အရ ယူမယ်ပေါ့။ ဗိုလ်ချုပ်ရဲ့ ပြည်နယ်ဒေသ အသီးသီးကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တိုင်း လိုလိုမှာ ဦးဖေခင် လိုက်ပါခဲ့ရတယ်။ နယ်ရှင် စော်ဘွားကြီးတွေ ရှမ်း လူငယ်တွေနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်က ဦးဖေခင်ကို သီးခြား စေလွှတ်လို့ သွားရတဲ့ ခရီးစဉ်တွေ ရှိတယ်။ ဗိုလ်ချုပ်နဲ့အတူ ကိုယ်ရေး အတွင်းဝန် ဗိုလ်ထွန်းလှ၊ လုံခြုံရေး အရာရှိ ဗိုလ်မင်းလွင်၊ ဓာတ်ပုံ သတင်းထောက် ဆရာပု (ဦးပုကလေး)နဲ့ ဒရိုင်ဘာ ကိုကျော်စိန်တို့နဲ့ ပြည်နယ် ခရီးစဉ်တွေ သွားတဲ့အခါ ဗိုလ်ချုပ်စီးတဲ့ ဝက်စလေ မော်တော်ကားကို ဦးဖေခင်က ကျွမ်းကျင်စွာ မောင်းနှင်ပေးတတ်လို့ ခရီးတွင်ခဲ့တာလည်း ရှိတယ်။ ဗိုလ်ချုပ်စားချင်တဲ့ ပလာတာနဲ့ ဆိတ်သားခပတ် ဟင်းတွေကိုလည်း ဦးဖေခင်က စီစဉ်ပေးခဲ့တယ်။

    ဦးဖေခင်ဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည် ကိုးစားတဲ့ လူရင်းဖြစ်တာကြောင့် နယ်ရှင် စော်ဘွားကြီးတွေက ယုံကြည် ကိုးစားကြသလို ရှမ်းလူငယ်(ရပလ) တွေကလည်း အားကိုးတကြီး အရေးတယူ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မြောက် သိန္ဒီစော်ဘွားကြီး စဝ်ဟုန်ဖတို့ကလည်း စော်ဘွားများ အစည်းအဝေးရှိရင် ဦးဖေခင်ကို တက်ရောက်ဖို့ ချိန်းဆိုလေ့ ရှိတယ်။ တောင်တန်းဝန် စတီဗင်ဆင်ရဲ့ သွေးခွဲမှုတွေကိုလည်း ကနဦး သိမြင်ခဲ့ရလို့ ဗိုလ်ချူပ်ကို အစောဆုံး သတင်းပို့ခဲ့သူ ဖြစ်တယ်။

    လန်ဒန်အစည်းအဝေး မပျက်အောင်

    ဗိုလ်ချုပ်တို့ ဗြိတိသျှ နန်းရင်းဝန် (ဝန်ကြီးချုပ်) မစ္စတာ အက်တလီ ဖိတ်ကြားလို့ (၂၊၁၊၁၉၄၇)မှ (၂၊၂၊၁၉၄၇) အထိ သွားရောက်ခဲ့တဲ့ လန်ဒန် အစည်းအဝေးမှာ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသေးတယ်။ တောင်တန်းဝန် စတီဗင်ဆင် သွေးခွဲခဲ့တယ်။ စော်ဘွားတွေ သီပေါမြို့အစည်းအဝေး ဆုံးဖြတ်ချက်အရ စော်ဘွား(၂)ဦးက လားရှိုးမြို့ကနေ ရန်ကုန်မြို့ ဘုရင်ခံထံ ကြေးနန်းရိုက်တယ်။ အောင်ဆန်းဟာ ရှမ်းပြည်ရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုတာ၊ ဘုရင်ခံက ရန်ကုန်က လန်ဒန်ကို အဲဒီ ကြေးနန်းစာကို (၂၊၁၊၄၇)ရက်မှာပဲ ပို့လိုက်တယ်။ လန်ဒန် အစည်းအဝေးမှာ ဝှက်ဖဲ တစ်ချပ်အနေနဲ့ ကိုင်ထားတဲ့ ကြေးနန်းကို ဗိုလ်ချုပ်တို့ကို သင့်တော်တဲ့ အချိန်ကျမှ အင်္ဂလိပ် အစိုးရက ထုတ်ပြတာ။ အဲဒီ ကြေးနန်း ထုတ်ပြပြီးတာနဲ့ အစည်းအဝေး ပျက်တော့မလို ဖြစ်တယ်။ (၂)ရက် အကြာမှာ တောင်ကြီးကနေ ဦးဖေခင်က လန်ဒန်မြို့အထိ ကြေးနန်း ပြန်ရိုက်တယ်။ ကြေးနန်းစာကို ဦးဖေခင်က ကိုယ်တိုင် စီကုံးခဲ့တယ်လို့ အဆိုရှိတယ်။ ရှမ်းလူငယ်တွေရဲ့ အကြံဉာဏ်ပေးမှု တစ်စိတ်တစ်ပိုင်းလည်း ပါနိုင်တယ်။ သံကြိုးစာက – “အောင်ဆန်းဟာ ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင် ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားများအတွက် အရေးဆိုရန် အကြွင်းမဲ့ ထောက်ခံကြောင်း တောင်ကြီးမြို့မှာ ကျင်းပသည့် လူထု အစည်းအဝေးပွဲကြီးက ထောက်ခံ ဆုံးဖြတ်ကြောင်း” လို့ တိကျစွာ ဖော်ပြခဲ့တယ်။ မူရင်း အင်္ဂလိပ်ဘာသာမှ ဆရာ တက္ကသိုလ် နေဝင်းက ဘာသာပြန်ပြီး သူရေးတဲ့ စာတစ်အုပ်မှာ ဒီအတိုင်း ဖော်ပြခဲ့တယ်။ တစ်ချက်ခုတ် (၃)ချက်ပြတ်တဲ့ ကြေးနန်းစာပါပဲ။ အကြံပေးသူ ရှမ်းလူငယ်များ၊ စီကုံးရေးခဲ့သူ ဦးဖေခင်နှင့် ကြေးနန်းစာကို သိမ်းဆည်း မှတ်တမ်းတင်ခဲ့သူ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)ကို ချီးမွမ်းကြရမယ်။

    ပင်လုံ အစည်းအဝေး မပျက်ရအောင်

    (၃၊၂၊၄၇) နေ့မှ (၁၂၊၂၊၄၇)နေ့ အထိ ကျင်းပတဲ့ ပင်လုံ အစည်းအဝေးကြီးဟာ (၁၀၊၂၊၄၇)ရက်မှာ အချင်းချင်း အပေးအယူ မမျှလို့ အစည်းအဝေး ပျက်တော့မလို ဖြစ်နေတယ်။ ဗိုလ်ချုပ်တို့ ရန်ကုန်ပြန်ရအောင် စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရတယ်။ ဦးဖေခင်ပဲ သူ့ရဲ့အစွမ်းအစကို အစွမ်းကုန် ထုတ်သုံးခဲ့ရတယ်။ ပွဲဈေးတန်း သွားပြီး ဗိုလ်ချုပ်တို့ ရန်ကုန် ပြန်ကြတော့မယ်လို့ သတင်း လွှင့်တယ်။ ရ.ပ.လ ဦးဆောင်တဲ့ ရှမ်းလူထုကြီးက ညီလာခံကြီးကို ထောက်ခံကြောင်း ဝိုင်းဝန်း ဆန္ဒပြကြတယ်။ စော်ဘွားတွေဟာ (၁)လူထုမပါဘဲ အုပ်ချုပ်လို့ မရဘူး၊ (၂) အင်္ဂလိပ်ရဲ့ ဒိုမီနီယံ လုံခြုံရေး ထီးရိပ်ထက် ပြည်မနဲ့ ပူးပေါင်း လွတ်လပ်ရေး ယူတာက စော်ဘွားအကျိုး/ လူထုအကျိုး တကယ်ရှိ မရှိဆိုတာ သဘော ပေါက်လာကြတယ်။ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသား အားလုံး ပင်လုံစိတ်ဓာတ်ကို နှလုံးမူလို့ ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ ဦးဖေခင်ဟာ ပင်လုံမှာ အထူးပင်ပန်းစွာနဲ့ အားလုံး အဆင်ပြေအောင် အောက်ခြေမှ အစပြုပြီး စည်းရုံးပေးခဲ့ရတယ်။ ညီလာခံ တက်ရောက်ခဲ့တယ် ဖဆပလ ဝန်ကြီးတွေ၊ ရှမ်းလူငယ်တွေလည်း အထူး ကြိုးစားခဲ့တယ်။

    နိုင်ငံရေးတာဝန်များနဲ့ ဦးဖေခင်

    ဦးဖေခင်ဟာ ဖဆပလ အဖွဲ့ချုပ် ဗဟို အမှုဆောင် (တောင်တန်းဒေသ အတွင်းရေးမှူး) သာမက ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက် သခင်နုရဲ့ အစိုးရ အဖွဲ့မှာလည်း ဝန်ကြီး တာဝန်တွေ ယူခဲ့ရတယ်။ လွတ်လပ်ရေးခေတ် တစ်လျှောက် (၂၅)နှစ်တိုင် သံအမတ်ကြီး တာဝန်နဲ့ ပါကစ္စတန်၊ ထိုင်း(ယိုးဒယား)၊ ဖိလစ်ပိုင်၊ လော၊ ကမ္ဘောဒီးယား၊ ကုလသမဂ္ဂ၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှား၊ ချက်ကိုစလိုဗက်၊ ပိုလန်၊မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာ အမှုထမ်းခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးက ပေးခဲ့တဲ့ မဟာသရေစည်သူဘွဲ့ ရရှိခဲ့တယ်။ (၁၉၇၂)ခုမှာ အနားယူပြီး ၈၁-R စုပေါင်းလမ်း၊ အင်းယားမြိုင်တွင် ဇနီး ဒေါ်မေမေခင်နဲ့ အေးချမ်းစွာ နေထိုင်ခဲ့တယ်။ နိုင်ငံဂုဏ်ရည် (ပထမအဆင့်)လည်း ရရှိခဲ့တယ်။(၁၉၈၉)ခုနှစ်မှာ မြန်မာ့ ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ရဲ့ စီစဉ်မှုအရ ရွှေတိဂုံ ညီလာခံနဲ့ ပင်လုံစာချုပ်မျိုးစေ့ စသော အခန်းဆက် ဟောပြောမှုကို ဦးဖေခင်က ပြုလုပ်ခဲ့တယ်။ ဦးစိုးညွန့် (ဦးဆောင်ညွှန်ကြားရေးမှူး သတင်းနှင့် စာနယ်ဇင်း)ရဲ့မေတ္တာ ရပ်ခံချက်အရ လုပ်သားပြည်သူ့ နေ့စဉ် (မြန်မာ/အင်္ဂလိပ်) သတင်းစာများမှာ အထက်ပါ ခေါင်းစဉ်များနဲ့ အခန်းဆက် ဆောင်းပါးများကို ဆရာကြီး ဦးဖေခင်က ရေးသားခဲ့တယ်။ ဆရာကြီးဟာ လန်ဒန် အစည်းအဝေးကိုတော့ လိုက်ပါခဲ့ခြင်း မရှိပေမယ့် (၁) ရွှေတိဂုံညီလာခံ၊ (၂) လန်ဒန် အစည်းအဝေး၊ (၃) ပင်လုံစာချုပ် ဆိုတဲ့ ခေါင်း စဉ်(၃)ခုက တစ်ဆက်တစ်စပ်တည်း ဖြစ်နေလို့ မြန်မာ့ လွတ်လပ်ရေးသမိုင်းရဲ့ အရေးအပါဆုံး အချက်ကြီးများမှာ ဦးဖေခင်ဟာ ထဲထဲဝင်ဝင် ဖြစ်ခဲ့ရတာကို သတိပြုမိပါတယ်။

    မှတ်ချက် –  (ဒိုမီနီယံ လွတ်လပ်ရေးဆိုတာ အင်္ဂလိပ် ဘုရင်မကြီးကို နိုင်ငံ အကြီးအကဲအဖြစ် အသိအမှတ် ပြုရမယ်။ ကာကွယ်ရေးမှာ အင်္ဂလိပ်က တာဝန်ယူမယ်။ အင်္ဂလိပ်အစိုးရရဲ့ မြန်မာပြည်မှာ ရှိတဲ့ ရင်းနှီး မြှုပ်နှံခဲ့တာကို လျော်ကြေး ပေးစရာမလိုဘဲ လက်ရောက် ရနိုင်မယ်လို့ ဂဠုန်ဦးစောက (၁၉၄၆)ခု ပထမ ပင်လုံ အစည်းအဝေးမှာ ဒိုမီနီယံ လွတ်လပ်ရေးလည်း ကျေးနပ်စရာလို့ နယ်ရှင် စော်ဘွားကြီးတွေကို ဆွယ်တရား ဟောခဲ့ဖူးတယ်။ ဖဆပလ အဖွဲ့ချုပ်ကတော့ အင်္ဂလိပ်နဲ့ ကာကွယ်ရေး ကိစ္စပါ အဆက်ဖြတ်ချင်လို့ လုံးဝ လွတ်လပ်ရေးကိုပဲ တောင်းဆိုခဲ့တယ်။)

    မိုးမြင့်ဝင်း (သိပ္ပံနှင့် နည်းပညာ)
    စာကိုး
    (၁)ကိုယ်တွေ့ပင်လုံ(မဟာသရေစည်သူ-ဦးဖေခင်) နိုင်ငံဂုဏ်ရည်(ပထမအဆင့်)
    (၂)တိုင်းရင်းသား လူမျိုးများ အရေးနှင့် (၁၉၄၇) အခြေခံဥပဒေ (ပထမတွဲ)
    မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)

    By Monitor News Journal

  • စောင်း ဦးမောင်မောင်လတ်

    စောင်းဦးမောင်မောင်လတ် သည် မင်းတုန်းမင်းတရားကြီးထံတွင် သီချင်းကြီး၊ သီချင်းခံ အမျိုးမျိုးတို့ကို တီးဆိုရသော “ဒေဝဣန္ဒာ” ဘွဲ့ခံ ဆရာကြီး၏ တပည့်ဖြစ်သည်။

    ဖခင်မှာ မင်းတုန်း-သီပေါ-အင်္ဂလိပ် မင်းသုံးဆက် အမှုထမ်းခဲ့သော “မဟာဘောဂ ဓနရာဇာ”၊ “မင်းလှစည်သူ” နှင့် “ခါန်းဗဟာဒူး” ဘွဲ့များရရှိသော အခွန်ဝန်-အကောက်ဝန်-ကျောက်ရဲမြို့စား- မန္တလေးမြို့ စူရတီ ဗလီ့ဒကာ “မုလ္လာ အီစမာန်အင်” ဖြစ်၍ မိခင်မှာ ဘီဘီကြီးဖြစ်သည်။ မွေးချင်း (၇) ယောက်အနက် ဆဋ္ဌမမြောက်သား ဖြစ်သည်။

    ဦးမောင်မောင်လတ်မှာ မြန်မာ့ အနုပညာဖြစ်သော စောင်းကောက်ကို ပိုင်နိုင်စွာ တီးခတ်ပြီး သီဆိုနိုင်သည့်အပြင် “ဂီတ ဝိသောဓနိ” ကျမ်းကို ပထမဦးစွာ ပြုစုစီရင် ရေးသားရိုက်နှိပ်ခဲ့သည်။ စောင်းကောက်အတီးနှင့် အဆိုတွင် သူမတူအောင် တတ်ကျွမ်းသည် ဟူ၏။ အင်္ဂလိပ်လက်ထက် ရန်ကုန်မြို့၊ ဂီတကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

    မောင်မောင်လတ်

    ဦးလေး ဦးခင်မောင်ဒွေးက ဒေဝဣန္ဒာရဲ့ အချစ်ဆုံး တပည့်က မောင်မောင်လတ်ပဲ။ မောင်မောင်လတ်ကို ဒေဝဣန္ဒာက ပညာတွေ အများကြီးပေးခဲ့တယ်။ မောင်မောင်လတ်ကလည်း ဒီစောင်းပညာကို တစ်သက်လုံး မြတ်မြတ်နိုးနိုး သင်ယူတီးခတ်သွားတာ။ ဘယ်အထိ မြတ်နိုးသလဲဆိုရင် ရှိပစ္စည်းအားလုံး ကုန်တဲ့အထိ စောင်းတီးသွားတာ။ ရှိပစ္စည်းဆိုတာ နှယ်နှယ်ရရမမှတ်ပါနဲ့။ စူရတီတာရားဘဇာလို့ အရင်ခေါ်တဲ့ သိမ်ကြီးဈေးကို ပိုင်ဆိုင်တဲ့ အစု ၃၂ စုအနက်က သူအမွေရတဲ့ အစု ၇ စုစလုံး ကုန်တာကို ပြောတာပါလို့ ပြောပြပါတယ်။

    မောင်မောင်လတ်ဆိုတာ ဂီတဝိသောဓနီကျမ်းကို ရိုက်နှိပ်ထုတ်ဝေတဲ့ မောင်မောင်လတ်၊ အင်္ဂလိပ်အစိုးရလက်ထက်က ရန်ကုန် အနုပညာကျောင်းမှာ စောင်းဆရာအဖြစ် ၃ နှစ်လုပ်ဖူးတဲ့ မောင်မောင်လတ်ပါ။ သူ့ဇနီး ဒေါ်မမလေး မန္တလေးမြို့ အာဠဝီ စီ လမ်းမှာ ရှိနေသေးတယ်။ မောင်မောင်လတ်ရဲ့ ဇနီးဆီမှာ ဒေဝဣန္ဒာမောင်မောင်ကြီးအကြောင်းနဲ့ မောင်မောင်လတ် အကြောင်းတွေ သွားမေးချေပါလို့ ခိုင်းပါတယ်။ ဒေါ်မမလေးကို ကျွန်မသွားတွေ့တော့ ဝမ်းမြောက်ဝမ်းသာပဲ။ မောင်မောင်လတ်ရဲ့ အဘိုး မြန်မာပြည် စရောက်လာပုံကချီပြီး ဒေါ်မမလေး ပြောပြရှာတယ်။

    ဒေါ်မမလေးက မောင်မောင်လတ်က အတီးအမှုတ်ကို ငယ်ကတည်းက ဝါသနာပါတယ်။ သူ့ပထမဆရာဟာ ဒေဝဣန္ဒာမောင်မောင်ကြီးပါပဲ။ မောင်မောင်ကြီးရဲ့ အချစ်ဆုံးတပည့်ပါ။ မောင်မောင်ကြီး ကိုယ်ဖိရင်ဖိ စသင်ပေးတဲ့ တစ်ယောက်တည်းသော တပည့်ဟာ မောင်မောင်လတ်ပါ။ ဒေဝဣန္ဒာမောင်မောင်ကြီးက အလွန်သဘောကောင်း၊ အလွန်အေးချမ်းပြီး စိတ်နေစိတ်ထား နူးညံ့သူပါ။ သူ့မှာ ဇနီးမယား စောစောသေသွားတော့ သားကလေးတစ်ယောက် မောင်လေးခင်ဆိုတာနဲ့ မုဆိုးဖိုဖြစ်ကျန်ရစ်ပါတယ်။ သားလေး မောင်လေးခင်က ရှမ်းပြည်နယ်က ရှမ်းမလေး တစ်ယောက်နဲ့ ရလာပါတယ်။ တစ်နေ့တော့ ကလေးမက ဖန်လက်ကောက်ကလေးတွေ ဝယ်ဝတ်သတဲ့။ အဲဒီတော့ ဖန်လက်ကောက်ဆိုတာ ကျိုးတတ်တာ အဖိုးတန်မဟုတ်ဘူး၊ ဒါမျိုး ဘာလို့ ဝယ်ဝတ်သလဲ ဆိုတာနဲ့ ကလေးမက စိတ်ဆိုးပြီး ရှမ်းပြည်နယ် ပြန်သွားရောတဲ့။ သားက မိန်းကလေးနောက်ကို လိုက်မယ်လုပ်တော့၊ ဒေဝဣန္ဒာ မောင်မောင်ကြီးက ငါ့သားတစ်ယောက်တည်းမလိုက်နဲ့၊ အဖေလိုက်ပို့မယ်။ မိုးကုန်ပါစေဦး လို့ပြောပြီး ချော့ထားတယ်။ သားလေးက စိတ်ညစ်ပြီး ကျုံးထဲ ဆင်းသေတယ်။ တစ်ယောက်တည်းသောသား သေတော့ မောင်မောင်ကြီး သိပ်စိတ်ထိခိုက်ပြီး သင်္ကန်းဆီးလိုက်တာ သေတဲ့အထိပါပဲ။ ဒါနဲ့ အရိုးထုတ်မယ် ရသမျှကုသိုလ် သားအတွက်လို့ မောင်မောင်ကြီးက ဆိုပါတယ်။ သင်္ကန်းဆီးသွားပေမယ့် စောင်းပညာကို ဆက်ပြပေးဖို့ သူများတွေက ပူဆာကြတယ်။ ပူဆာပါများတော့ ဆရာတော်တွေကို လျှောက်ကြည့်တယ်။ လျှောက်ထားတဲ့ ဆရာတော်များက ဂီတလို မသင်ပြဘဲ ပညာလို သင်ပြရင် အပြစ်လွတ်နိုင်တယ်ဆိုလို့ သင်္ကန်းဝတ်နဲ့ ဆက်ပြီး စောင်းပညာကို ပေးပါတယ်။ မောင်မောင်လတ် အများဆုံး ရတာပါပဲ။

    ဒေဝဣန္ဒာမောင်မောင်ကြီး သင်္ကန်းဝတ်နဲ့ ၁၀ နှစ်ကြာပါတယ်။ သင်္ကန်းဝတ်ပြီးတော့ မမာဘူး။ သူ့မှာ ပန်းနာရင်ကျပ်ရောဂါ ရနေတော့ ရင်ကျပ်ချောင်းဆိုးလာရင် ဆီးကို မထိန်းနိုင်တော့ဘူး။ မောင်မောင်လတ်က သူ့ဆရာကို သားအရင်က ပြုသလို ပြုစုသုတ်သင်တယ်။ တပည့်တွေကို မခိုင်းပါဘူး။ ပန်းနာက မနက် ၃ နာရီလောက်ဆိုရင် အေးလာလို့ မအိပ်နိုင်တော့ဘူး။ ဒီအချိန်မှာ မောင်မောင်လတ်လည်း အိပ်ရာကထပြီး သူ့ဆရာဖို့ ဆန်ပြုတ်တယ်။ ကျက်ရင် ငါးရံ့ခြောက်ဖုတ်ကလေးနဲ့ ကပ်တာပဲ။

    မန္တလေးမှာ သီတင်းသုံးတဲ့အခါ အာဠဝီက မောင်မောင်လတ်တိုက်မှာ အိပ်တာပဲ။ မောင်မောင်လတ်ကလည်း မရွံမရှာ အားလုံး ဝတ်ကြီးဝတ်ငယ်ကို ပြုစုတယ်။ ဇနီး ဒေါ်မမလေးက သင့်ရာသင့်ကြောင်းရော၊ ရောဂါကိုပါ ဂရုစိုက်ပြီး ဒေဝဣန္ဒာကြိုက်တဲ့ ဟင်းမျိုးနဲ့ ကပ်လှူတယ်။ မောင်မောင်လတ်ကို သူ့သား မောင်လေးခင်ကိုယ်စားတဲ့။ ဒေါ်မမလေးကိုတော့ သူချွေးမကိုယ်စားတဲ့။

    မောင်မောင်လတ်က သူအမွေရတဲ့ ပစ္စည်းတွေနဲ့ ဆန်စပါး လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းတွေ လုပ်ပါသေးရဲ့။ နို့ပေမယ့် သူက စောင်းပဲတီးနေတာ၊ အလုပ်ကို တပည့်တွေနဲ့ ပစ်ထားပြီး ပြန်မကြည့်တော့ လုံးပါးပါးပြီး အားလုံးကုန်တာပဲ။ ရန်ကုန် အနုပညာကျောင်းမှာ စောင်းဆရာ ၃ နှစ်ဝင်လုပ်တော့ ပထမတစ်နှစ် ရတဲ့လခကို ငါ့ဆရာအတွက်ဆိုပြီး ဒေဝဣန္ဒာမောင်မောင်ကြီးကို ရည်စူးပြီး အားလုံး လှူပစ်ပါတယ်။ ကျန် ၂ နှစ်က ရတဲ့လခကို သူစားပါတယ်။ မောင်မောင်လတ်ဟာ အရက်မသောက်ဘူး။ မကစားဘူး၊ မယားငယ် မယူဘူး၊ အင်မတန် သဘောကောင်းတယ်။ တီးမယ့်ဆိုမယ့်လူရှာပြီး စောင်းပဲ တီးနေတာပဲလို့ သူ့ဇနီး ဒေါ်မမလေးက ကျွန်မကို ပြောပြလိုက်ပါတယ်။

    (ထင်ပေါ်ကျော်ကြား မြန်မာမူဆလင်များထဲမှ တစ်ယောက်ဖြစ်သော နိုင်ငံကျော် မဟာဂီတပညာရှင် အကြောင်းကို ယနေ့ခေတ် လူငယ်များ စံနမူနာယူစရာနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ရည်သန်၍ တင်ပြလိုက်ရပါသည်။)

    ကိုးကား ။     ။ သမိုင်းသုတေသီရွှေဘို ဦးဘဦး၏ “ရွှေမန်း အနှစ်တရာပြည့် ဗမာမွတ်စလင်တို့၏ အတ္ထုပ္ပတ္တိ” (ပထမနှိပ်) ကြီးပွားရေးပံနှိပ်တိုက်။ ၁၉၅၉

    မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တောနေ့ အခမ်အနားကျင်းပရေး ဗဟိုကော်မတီ၏ “စိန်ရတု (၇၅)နှစ်မြောက် မဂ္ဂဇင်း” ။ ၂၀၀၈

    လူထုဒေါ်အမာ၏ “မြန်မာ့မဟာဂီတ”။ …………….

     

    Posted by Ko Zaw Min Oo

  • ကိုအောင်ထွန်း (မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ်ရေးခဲ့သူ)

    (ကို) အောင်ထွန်းရဲ့ “၈၈ နှစ်၊ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်မှ စာရေးသူ ကျောင်းသားခေါင်းဆောင် မြန်မာမွတ်စလင်မ်”ကိုအောင်ထွန်း” ကိုယ်ရေးအကျဉ်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

    ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရန်ကုန် စက်မှု တက္ကသိုလ် ပဉ္စမနှစ် (လျှပ်စစ် – အင်ဂျင်နီယာ) ကျောင်းသား အဖြစ် သင်ကြားနေဆဲ ဖြစ်သည်။ ၁၉၈၇ မဆလ အစိုးရမှ ငွေစက္ကူများ တရားမဝင်ကြောင်း ကြေညာမှုကြောင့် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများမှ စတင်ကာ တောက်လျှောက် ပါဝင်ခဲ့သည်။

    ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ခေါင်းဆောင် တဦး ဖြစ်သည်။ ၁၉၈၈-၈၉ ခုနှစ် တလျှောက်လုံးတွင် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

    ၁၉၉၀ ဧပြီလ အတွင်း ဗကသများ အဖွဲ့ချုပ် (အောက် ဗမာပြည်) ကို ဖွဲ့စည်းခဲ့ရာတွင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ခုနှစ်၊ မန္တလေးတွင် ကျင်းပခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ညီလာခံ၌ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ညီလာခံမှ ချမှတ်ခဲ့သော ရက် ၃၀ အတွင်း လွှတ်တော် ခေါ်ယူနိုင်ရေး အတွက် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်အား ဝိုင်းရံ ကူညီရန် ဟူသော အချက်အား အဓိက အကောင်အထည် ဖော်ခဲ့ကြသူများတွင် ပါဝင်သည်။…

    ၁၉၉၀ ဂန္ဒီ ညီလာခံ အကြို လူထု လှုပ်ရှားမှုများကို ဗကသမှ ဦးဆောင် လှုပ်ရှားခဲ့ရာတွင် ခေါင်းဆောင် လှုပ်ရှားခဲ့သည်။ ဂန္ဒီ ညီလာခံအပြီး စက်တင်ဘာ ၁ ရက်နေ့၌ ဗကသမှ အခြား ခေါင်းဆောင်များနှင့် အတူ ဖမ်းဆီး ခံခဲ့ရသည်။

    ၂၈၊ ၁၀၊ ၁၉၉၀ တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ထောင်မှလွတ်ပြီး ကျောင်းပြန်တက်ခွင့် ရသည့် အတွက် ၁၉၉၇ ခုနှစ်တွင် စက်မှု တက္ကသိုလ်မှ ကျောင်းပြီးခဲ့သည်။

    ၁၉၉၆ ခုနှစ်၊ နှစ်ဆန်းမှ စ၍ “ကျနော် အရေးချင်ဆုံး စာအုပ်” ဟု အမည်ရသော “မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်ကို စတင် ပြုစုခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ၎င်းစာအုပ် လျှို့ဝှက် ဖြန့်ချိမှုကြောင့် ထောင်ဒဏ် ၁၇ နှစ် ချခံရသည်။ ကိုအောင်ထွန်းဟာပြစ်မှုဆိုင်ရာ ပုဒ်မ ၅(ည), ၁၇/၂၀ အရ ထောင်ဒဏ် ၁၇ နှစ် ဖြင့် သာယာဝတီထောင်တွင် ၁၉၉၈ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မှစ၍ ၁၁ နှစ်ခန့် နေခဲ့ရပြီး ၂၀၀၉ စက်တင်ဘာလ ၁၈ ရက်နေ့တွင်ပြန်လွတ်ခဲ့ပါတယ်။

    ကိုအောင်ထွန်းကို ကမ္ဘာ့တဝှမ်း နိုင်ငံရေးအရ ဖိနှိပ်ခြင်း ခံနေရသော စာရေးဆရာများအား ပေးအပ်သော ဟယ်မန်၊ ဟန်းမတ်ဂရန့်ဆု (Hellman/Hammett Grant) ကို ၁၉၉၉ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။ ကမ္ဘာ့ စာရေးဆရာများ အသင်း အင်တာနေရှင်နယ် ပန်အဖွဲ့ဝင်များ ဖြစ်သော နော်ဝေ၊ ကင်ဘာရာ၊ ကနေဒါရှိ ပန်စင်တာများက ကိုအောင်ထွန်းအား ၎င်းတို့ အဖွဲ့များ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် တဦးအဖြစ် ကြေညာ ဂုဏ်ပြုခဲ့သည်။

    (source မြန်မာမွတ်စလင်မ်မီဒီယာ)

    မြန်မာနိုင်ငံရေးအပြောင်းအလဲအတွက် ကနဦး အစပျိုးရာ ကျောင်းသားလှုပ်ရှားမှုများတွင် မြန်မာမွတ်စလမ်များမှ အစဉ်တစိုက် အမြဲထိပ်ဆုံးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

    မြန်မာနိုင်ငံရဲ့ ကျောင်းသားသမိုင်းနဲ့ မြန်မာမွတ်စ်လင်မ်တွေရဲ့ ထူးခြားတဲ့ဆက်စပ်မှုတွေပါ…

    • ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂပထမဆုံး ဥက္ကဌက ဦးထွန်းစိန်
    • မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပထမဆုံးဥက္ကဌ ဦးရာရှစ်
    • မြန်မာနိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို ပြုစုခဲ့သူ ကိုအောင်ထွန်း

    မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ်ဖတ်ချင်သူများ အောက်ကလင့်ခ်တွင်ဖတ်ပါရန်။

  • Myanmar Newsweek ပါ ဦးဖေခင်အကြောင်း

    ၂၃-၂-၂၀၁၂က ထုတ်ဝေခဲ့တဲ့ Myanmar News Week ဂျာနယ် ၊ အတွဲ(၂)၊ အမှတ်(၁၉)မှာဖော်ပြခဲ့သော အငြိမ်းစားသံအမတ်ကြီး ဦးဖေခင် အကြောင်း

    အငြိမ်းစားသံအမတ်ကြီးဟောင်း ဥိးဖေခင်(ပင်လုံစာချုပ်ဖြစ်မြောက်ရေး အထူးဆောင်ရွက်ခဲ့သူ)
    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။