News @ M-Media

Category: Media To Monitor

  • ရခိုင် စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ?

    ဇန်နဝါရီ ၄ ၊ ၂၀၁၂

    ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာ အမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာ အမှန်လား ?

    about rakhine com

    ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က (၁၇.၈.၂ဝ၁၂)ရက်နေ့မှာ (၂၇)ဦးနဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ (ကြည့် … သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၅၈/၂ဝ၁၂) ) အဲဒီကော်မရှင်မှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၃)ဖွဲ့က (၆)ဦးကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးခဲ့ပါတယ်။

    (၁.၁၁.၂ဝ၁၂)ကြာသပတေးနေ့တွင် ကော်မရှင်မှာပါဝင်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဥက္ကဋ္ဌဟာဂျီဦးညွန့်မောင်သျှိန်နဲ့ အတွင်းရေးမှူးဟာဂျီ ဦးတင်မောင်သန်းတို့ကို ကော်မရှင်က ထုတ်လိုက်ပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့၏ ညွှန်ကြားချက်အရ Myanmar Egress ရဲ့ ရုံးအဖွဲ့မှူး အငြိမ်းစား ဗိုလ်မှူးထန်ကျင်ထောင်းက ဖုန်းဆက်ပြီးပြောကြောင်း ကာယကံရှင်များနှင့်နီးစပ်သူ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဂျီဦးမြင့်ထွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

    ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ ကော်မရှင်စည်းကမ်းကို ဖောက်ဖျက်တဲ့ အတွက် ကော်မရှင်ကထုတ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နဲ့ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးသူရ(ခ) ဇာဂနာနဲ့ ဒေါ်ဝါဝါထွန်းတို့ရဲ့ ပြောကြားချက်များကိုလည်း ဂျာနယ်များမှာ ဖတ်ရပါတယ်။

    ယနေ့တိုင် သူတို့ကို ကော်မရှင်ကထုတ်ကြောင်း တရားဝင်အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့နှင့် နီးစပ်သူများထံမှ သိရပါတယ်။ ကြားဖြတ် အစီရင်ခံစာတင်ဖို့ အစည်းအဝေးသို့လည်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ကို ဖိတ်ကြားခြင်းမရှိကြောင်းသိရပါတယ်။

    သို့သော်လည်း (၂ဝ.၁၁.၂ဝ၁၂)နံနက်(၁ဝး၎ဝ) နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း အဖွဲ့ဝင်(၂၇)ဦးပါ စုံစမ်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်ကို (၂၁.၁၁.၂ဝ၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။

    သို့ရာတွင် (၃၁.၁၂.၂ဝ၁၂)ရက်နေ့ထုတ် The Messenger အတွဲ(၃) အမှတ်(၃၂) စာမျက်နှာ (D3)တွင် “ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်ကိုသွားမှာက အဖွဲ့ဝင်(၂၅)ဦးစလုံး သွားရမှာပါ”ဟု ဦးသူရ(ခ)ဇာဂနာက ပြောသည့်သတင်းကို ဖတ်ရပါသည်။

    ဒါကြောင့် ကျွန်တော်သိချင်တာက “ ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ?
    (၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာအမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာအမှန်လား ? ”
    သမ္မတရဲ့ အထက်မှာ ဘယ်သူတွေရှိနေတာလဲဆိုတာလေးပါ။ သိတဲ့သူရှိရင် ဖြေကြားပေးစေလိုပါတယ်။
    ကျေးဇူးတင်ပါသည်။

  • အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ် စနစ် ထူထောင်ခြင်းလော..။

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ် စနစ် ထူထောင်ခြင်းလော..။

    ဒီဇင်ဘာ ၂၆ ၊ ၂၀၁၂
    ဦးဦးမှော်ဆရာ ရေးသည်။

     

    အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊ အောက်အဖြူဝတ်ဆင်ထားသည့် ကျနော့်ဘကြီး ဦးရွှေလှအောင်သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က တောင်ဝှေးကို ကိုင်ပြီး တရွေ့ရွေ့လာနေသည်ကို မြင်နေရသည်။ ကျနော်၏အိမ်ခြံဝင်းထဲသို့ ၀င်မည်အလုပ် ငကျားဟုခေါ်သောခွေးထီးက မဲမ ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမ မှာ ကိန်ကိန် ဟူသောအသံနှင့်အတူ မြေကြီးပေါ် သို့လှဲချလိုက်ပြီး အော်သံ မဆုံးတော့ပေ။ မဲမမှာ မာယာများကြောင်း၊ အော်သံသည် ဆယ်မိနစ်ခန့်ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါ သိနှင့်ပြီးသားမို့ မဲမ အော်သည်ကို မည်သူမျှဂရုမထားတော့ချေ။ မာန်ဖီနေသော ငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင်လိုက်ရာ သနားကြင်နာတတ်သော၊ ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော်၏ ဘကြီးမှာ ငကျား၏ ကျောပြင်ကို တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျားမှာ မထင်မှတ်သောရိုက်ချက်ကြောင့် လှဲကျသွားရာမှ အားကုန်သုံးပြီး ထပြေးသည်။ ငကျားသည် ကိန် ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟုထင်သည်။ ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ဘကြီးသည် ပါလာသောကိတ်မုန့်တစ်လုံးကို မဲမရှေ့သို့ချကျွေးလိုက်သည်။ မဲမ မှာ ကိတ်မုန့်ကိုစားနေသည့်ကြားကပင် ကိန် ဟူသောအသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွင့်ပစ်လိုက်ပါလား၊ ဒီအိမ်မှာ မထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့် အော်သည်။

    ကြင်နာတတ်သော ဘကြီး၏လုပ်ရပ်သည် မှန်လော၊ မှားလော ကျနော် ကိုယ့်ကိုယ်ကိုမေးမိသည်။ မဲမ ၏ စရိုက်နှင့် အလေ့အထကို သေချာဂဏစွာ မလေ့လာဘဲနှင့် မဲမ ၏ ပြင်ပအမူအရာဟန်ပန်ကိုကြည့်ပြီး ဘကြီးအလွယ်တကူ ဆုံးဖြတ်လေသလား။ ငကျား၏ စရိုက်ကို ကျနော်တို့နှင့်အတူ အိမ်နီးချင်းများကပါ သိကြသည်။
    …………………………………………………………………………………………………………………………………………

    ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတို့ဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည်  ကျနော့်ဘကြီးကဲ့သို့ ပြင်ပ သဏ္ဍာန်တစ်ခုထဲကိုကြည့်ပြီး မဆုံးဖြတ်ဘဲ ထိုထိုသောအကြောင်းအရာတို့၏ အတွင်းသဏ္ဍာန်တို့ကိုပါ ကြည့်ပြီးမှဆုံးဖြတ်သင့်ပေသည်။ ဤမျှကြီးကျယ်သော အဖွဲ့အစည်းကြီးများသည် ကျနော့်ဘကြီးကဲ့သို့ ငကျား အပေါ်ထားသော ဒေါသ နှင့် မဲမ အပေါ်ထားသော စေတနာတို့သည် ဘကြီးက မှန်သည်ထင်နေသော်လည်း ကျနော်နှင့်အတူမြင်နေကြသော မိသားစုဝင်များ၊ အိမ်နီးနားချင်းများအဖို့ ဘကြီးလုပ်ရပ်မမှန်ဆိုတာကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။

    ********************************************

    ခုရေးခဲ့တာက ကျနော်ဖတ်ခဲ့ရတဲ့ `ပစ္ဆိမရပ်ဝန်း´ ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်က ဆောင်းပါးတစ်ပုဒ်မှစာပိုဒ်တစ်ပိုဒ် ပါ။ ဒီလောက်လေးဖတ်လိုက်တာနဲ့ ဘာစာအုပ်မှန်းမသိသေးရင်တောင် ဘယ်အကြောင်းအရာကို ဦးတည်နေ သလဲဆိုတာ စာဖတ်သူတို့ သတိထားမိမယ်ထင်ပါတယ်။

    ကျနော့်အမြင်ကို ပြောရရင်`ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်းမှာ ရေးသားထားတဲ့ ဆောင်းပါးတွေအားလုံးနီးပါးက မွတ်ဆလင်မုန်းတီးရေး၊ အထူးသဖြင့် ရခိုင်ဒေသမှမွတ်ဆလင်များကို ဆန့်ကျင်မောင်းထုတ်ရေးကို ဦးတည်ပြီး လှုံ့ဆော်ရေးသားထားတာတွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲက `ရိုဟင်ဂျာဆိုသည်´မှာ ဆောင်းပါး၊ `ဧည့်သည်မမည်´ဆောင်းပါး၊   `လူ လူ ဟစ်တယ်´ ဆောင်းပါး၊ `ရိုဟင်ဂျာဆိုသူတို့အပေါ် ဒေသခံတို့ အမြင်´ဆောင်းပါး၊ `သနားစရာ အရေခြုံ´ ဆောင်းပါးနဲ့ တခြားဆောင်းပါးအများစုဟာ ဘူးသီးတောင်-မောင်းတောဒေသမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ဆိုးဆိုးဝါးဝါးမုန်းတီးဆန့်ကျင်ကာ အဓိကရုန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားထားတဲ့ ဆောင်းပါးတွေလို့ပဲ ကျနော်မြင်တယ်။

    အဲဒီလိုမျိုး ဒေသတွင်းရှိဘာသာခြားလူမျိုးစုတစ်စုအပေါ် ဆန့်ကျင်နှိမ့်ချရေးသားထားတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေက အဲဒီဒေသကိုလက်ရှိအုပ်ချုပ်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာရှိကြီး များကိုယ်တိုင်ဖြစ်နေတဲ့အပြင် ၊ ဘုန်းကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါထက်ပိုထူးခြားတာက စာပေလွတ်လပ် ခွင့်တင်းကြပ်လွန်းတယ် လို့  ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သော မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့က ဒီလို လူမျိုးရေ၊ ဘာသာရေး အဓိကရုန်းဖြစ်အောင်လှုံ့ဆော်ထားတဲ့ မဂ္ဂဇင်းကို တရားဝင်ခွင့်ပြုချက် (အမှတ် – ၅၃၀၁၂၀၁၂၁၁) နဲ့ ထုတ်ဝေခွင့်ပြုခဲ့တာပဲ ဖြစ်တယ်။ အစိုးရပေါ်လစီတွေ နဲ့ စာပေစိစစ်ရေးဆိုတာက ကုလား မုန်းတီးရေးအတွက် ဆိုရင် Freedom of Right ကို အပြည့်အ၀လိုက်နာပုံ ပေါ်ပါတယ်။

    6
    `ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်း

    ကျနော် ဒီစာအုပ်ကိုဖတ်မိတော့ ဖက်ဆစ်နာဇီတွေရဲ့ ဂျူးမုန်းတီးရေးဝါဒဖြန့်မှုအဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ စာစောင်တွေကို သွားစဉ်းစားမိတယ်။ မိတ်ဆွေတို့လည်း ဖက်ဆစ်နာဇီတွေရဲ့ လူမျိုးရေးမုန်းတီးမှုအတွက် ၀ါဒဖြန့်မှုတွေနဲ့ လက်ရှိမြန်မာပြည်က ၀ါဒမှိုင်းတိုက်မှုတွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ရေးသား လိုက်ပါတယ်။

    (၁)

    `မြက်ခင်းလွင်ပြင်ဒေသက မြေခွေး နဲ့ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးတွေရဲ့ ဘယ်လိုကျိန်ဆိုတဲ့စကားပဲဖြစ်ဖြစ် မယုံနဲ့´

    “မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေ ဘယ်တော့မှ မြက်မစားသလို၊ ဂျူးလူမျိုးဆိုတာလည်း ဘယ်လိုပဲ ကျိန်ဆိုပြောပါစေ ..ဘယ်တော့မှ ကတိမတည်ဘူး။ မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေဟာ သူတို့ သားကောင်ကို ဖမ်းမိဖို့အတွက် မာယာအမျိုးမျိုးနဲ့ ချဉ်းကပ်ကြသလို ၊ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးဆိုတဲ့လူမျိုး ဟာလည်း သူတို့ပတ်ဝန်းကျင်ကလူတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ တခြားသူတွေရဲ့ ဥစ္စာပစ္စည်းတွေကို အချောင်သိမ်းပိုက်ဖို့၊ ဂျာမန်မိန်းမပျိုးလေးတွေကို သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျားလေ့ရှိတယ်။”

    ဒီလိုစိတ်ဝင်စားစရာကောင်းအောင် အစချီထားတဲ့စာအုပ်ဟာ ဖက်ဆစ်နာဇီရဲ့ ဂျူးဆန့်ကျင်ရေး ၀ါဒဖြန့်ချိဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့တဲ့ ကလေးဖတ် စာအုပ်သုံးအုပ်ထဲက ပထမဦးဆုံး တစ်အုပ်ဖြစ်တယ်။ နာမည်ကြီး သတင်းစာတိုက်နဲ့ စာအုပ်တိုက်ပိုင်ရှင် ဂျူးလီယပ်စတွိုက်ချာရဲ့ `ဒါ စတားမား´စာအုပ်တိုက်မှ ၁၉၃၅ ခုနှစ်မှာ အုပ်ရေ တစ်သိန်းကျော်ထုတ်ဝေခဲ့ပြီး ကျောင်းသုံးဖတ် စာအုပ်အဖြစ်ပင် ပြဌာန်းခဲ့ပါတယ်။ အဲဒီစာအုပ် ရေးသားသူ အဲလ်ဗီရာဘေယာ က အသက် ၁၈ နှစ်အရွယ် အနုပညာကျောင်းသူ တစ်ယောက်သာဖြစ်ပါတယ်။

    ဘေယာရဲ့စာအုပ်ထဲက စွပ်စွဲမှုတစ်ခုကတော့ `ယုဒ ဟာ ယေရှုခရစ်တော်ကို သစ္စာဖေါက်ခဲ့သလိုပဲ ဂျာမနီက ပြည်တွင်းနေ ဂျူးလူမျိုးတွေဟာလည်း အဖဂျာမနီပြည်ကြီးကို သစ္စာဖေါက်ခဲ့ကြတဲ့အတွက် ပထမကမ္ဘာစစ်ကြီး မှာ ဂျာမနီစစ်ရှုံးခဲ့ရတယ်။´ လို့ ဆိုပါတယ်။

    5
    ပုံ-၂

    (၂)

    ဂျူးဆန့်ကျင်ရေးဝါဒမှိုင်းတိုက်မှုအဖြစ် ဂျူးလီယက်စတွိုက်ချာရဲ့ `ဒါးစတာမား´စာအုပ်တိုက်မှ ဒုတိယမြောက် ထုတ်ဝေခဲ့တဲ့စာအုပ်ကတော့ Ernst Hiemer ရေးသားတဲ့ `အဆိပ်ရှိသော မှိုများ´ ဆိုတဲ့စာအုပ်ပါ။

    ဖရန့် ဆိုတဲ့ကလေးကို သူ့အမေက `မှိုတွေထဲမှာ စားလို့ကောင်းတဲ့ မှိုတွေရှိသလို၊ လူကိုအန္တရာယ်ဖြစ်စေတဲ့ မှိုတွေလည်း ရှိကြောင်း၊ လူတွေမှာလည်း အဲဒီလိုပဲ ကောင်းတဲ့လူတွေရှိသလို ယုတ်မာကောက်ကျစ်တဲ့၊ လူ့အသိုင်းအ၀ိုင်းကို ဒုက္ခရောက်စေတဲ့လူမျိုးတွေရှိကြောင်း´ ဆုံးမနေပုံနဲ့အစချီထားပြီး စိတ်ဝင်စားစရာ ကောင်းအောင် ရေးသားထားတယ်။ အဲဒီစာအုပ်ထဲမှာ ဂျူးလူမျိုးတွေကို စက်ဆုပ်မုန်းတီးစေရန် စနစ်တကျ ဖန်တီးရေးသားထားတာပါ။ ဂျူးလူမျိုးဆိုတာ မာရ်နတ်က လူယောင်ဆောင်ထားတဲ့ကောင်တွေ လို့လည်း ကလေးတွေကို ဆုံးမထားပါသေးတယ်။ ဂျူးလူမျိုးတစ်ယောက်ရဲ့ သွင်ပြင်သဏ္ဍာန်ကိုဖေါ်ပြရာမှာလည်း မုတ်ဆိတ်မွေးထူလဗျစ် နဲ့ နှာခေါင်းကောက်ကောက်ကြီးတွေနဲ့ပေါ့ဗျာ။

    2
    ပုံ့-၃

    ဂျူးလူမျိုးတွေ ဂျာမနီပြည်ထဲ ဘယ်လိုရောက်လာသလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့အရှေ့ပိုင်းဒေသကနေ ဂျာမနီပြည်ထဲခိုးဝင်လာကြတယ်.. တဲ့ (ဖြစ်ပုံချင်းတူတာက အံ့သြစရာဗျာ)။ ၀င်လာတုန်းက ခြူးပြားတစ်ပြားတောင်မရှိတဲ့ စုတ်စုတ်ပြတ်ပြတ်အလုပ်ကြမ်းသမားတွေ၊ ဒီလိုမြေကောင်း ရေကောင်းရောက်မှ ဂျူးတွေဟာတောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့ကြတယ်.. ခုတော့ ဂျာမန်လူမျိုးတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လက်ဝါးကြီးအုပ်လာခဲ့ကြပြီ။ ဂျာမန်လူမျိုးတွေ နိုးထကြလော့ .. လို့ နှိုးဆော်ထား ပါသေးတယ်။

    စာရှည်သွားမှာစိုးလို့ အကုန်ရေးမနေတော့ဘူးဗျာ။ ခပ်တိုတိုပြောရရင် ဒီစာအုပ်ဟာ ကလေးသူငယ်တွေ အတွက်အဓိကရည်ရွယ်ပေမဲ့ အောက်ခြေထိ လူထုတရပ်လုံး ဂျူးလူမျိုးမုန်းတီးဆန့်ကျင်ရေး ပိုမိုပြန့်ပွား လာအောင် ပုံစံမျိုးစုံနဲ့ လူပြိန်းကြိုက်ရေးသားထားတာတွေ့ရတယ်။ အဆုံးမှာတော့ `ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက် ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဂြိုဟ်မွှေတဲ့ကောင်တွေပဲ´ လို့ ခပ်ပြတ်ပြတ် ကောက်ချက်ချထားတယ်။

    3
    ပုံ-၎

    (၃)

    ၁၉၄၀ခုနှစ်မှာ `ဒါစတားမား´စာအုပ်တိုက်ကထုတ်ဝေခဲ့တဲ့ တတိယမြောက် ဂျူးမုန်းတီးရေးဝါဒဖြန့်စာအုပ် ကတော့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများ နဲ့ စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့ (အဆင်ပြေသလို ဘာသာပြန်ထားခြင်းဖြစ်သည်) စာအုပ်ပါ။ ဒီစာအုပ်ကိုလည်း  Ernst Hiemer ကပဲရေးသားခဲ့တာပါ။

    ဂျူးဆန့်ကျင်ရေး စာအုပ်သုံးအုပ်ထဲမှာ ဒီစာအုပ်က အဆိုးဝါးဆုံးစာအုပ်လို့ပဲ ကျနော်မြင်ပါတယ်။ စာအုပ်ထဲမှာ ဂျူးတွေကို တောခွေးရိုင်း၊ ဥသြငှက်၊စာကလေး၊ ပျားထီး၊ ကျိုင်းကောင်၊ ပုတ်သင်ညို၊ မြွေပွေး၊ ကြမ်းပိုး၊ သန်ကောင်၊ ခွေးဗန္ဓတ် စတဲ့ တိရိစ္ဆာန်ပေါင်း များစွာနဲ့ နှိုင်းယှဉ်ဥပမာပေးထားပြီး ဂျူးလူမျိုးတွေဟာ ကောက်ကျစ်စဉ်းလဲကြောင်း၊ အလိုရမက်ကြီးကြောင်း၊ သူတပါးအပေါ် ဂုတ်သွေးစုတ်ဖို့ပဲချောင်းနေတဲ့ အချောင်သမားများဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက်အသုံးမ၀င်တဲ့ လူပိုတွေဖြစ်ကြောင်း၊ သစ္စာမဲ့ကြောင်း၊ ဟန်ဆောင်ကောင်းပြီး  အလွန်ရက်စက်ကြောင်း၊ တခြားလူမျိုးတွေကိုသွေးနှောပစ်ပြီး ဂျာမန်လူမျိုး ပျောက်အောင်ကြိုးစားနေကြောင်း၊ ဂျာမန်တမျိုးသားလုံးအတွက်သာမက တကမ္ဘာလုံးက လူသားမျိုးနွယ် အားလုံးအတွက်ပါ လူ့အန္တရာယ်ကောင်တွေဖြစ်ကြောင်း .. တိရိစ္ဆာန်တွေနဲ့ဥပမာပေးရင်း လက်လွတ်စပယ် လူမျိုးရေး နှိမ့်ချစော်ကားပြီး ရေးသား ထားပါတယ်။ ဒါတင်ဘယ်ကမလဲ ..  ဂျူးတွေဟာ နိုင်ငံခြားသားများဖြစ်ပေမဲ့ အိမ်ရှင်ဖြစ်တဲ့ဂျာမန်လူမျိုးတွေကို ဂျာမနီပြည်ကြီး ကနေမောင်းထုတ်ဖို့ ဘယ်လို ကြိုးစားနေကြောင်း  ဥသြငှက်နဲ့ဥပမာပေးပြီး တင်ပြထားသေးတယ်။ (တိုက်ဆိုင်ပုံကို ပြောပါတယ်)

    4
    ပုံ-၅

    အဆိုးဆုံးကတော့ ဂျူးလူမျိုးဆိုတာ ကမ္ဘာပေါ်ရှိ အခြားသောလူသားမျိုးနွယ်တွေအတွက် အသက်အန္တရာယ်ပေးနေတဲ့၊ ၊ ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဘက်တီးရီးယား/ဗိုင်းရပ်စ် ပိုးမွှားတွေပဲလို့ ပြင်းပြင်းထန်ထန်ဖေါ်ပြထားတာပါ။ ဒီလို ဘက်တီးရီးယား/ ဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်ပစ်နိုင်မှ လူသားတွေ ကျန်းမာနိုင်မှာဖြစ်သလို၊ လူ့အဖွဲ့အစည်းကြီး အေးချမ်းသာယာဖို့ အတွက် ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်ကနေ ကိစ္စတုန်းအောင် ရှင်းပစ်ရမယ်လို့ ကောက်ချက်ချရင်း အဆုံးသတ် ထားပါတယ်။ (ဒီလို လူမျိုးဖြုတ်သုတ်သင်ရေး လမ်းကြောင်းတစ်ခုကို ဖေါ်ဆောင်ရာ ရောက်စေတဲ့အတွက် လူသားမျိုးနွယ်တစ်ခုကို ဘက်တီးရီးယား/ဗိုင်းရပ်စ် နဲ့ နှိုင်းပြီးပြောတာဟာ အလွန်ဆိုးရွားတဲ့ RACISTS တွေရဲ့ အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။)

    1
    ပုံ-၆

    (လူ့အဖွဲ့အစည်းအေးချမ်းသာယာစေဖို့ ဗိုင်းရပ်စ်သဖွယ် ဂျာမနီပြည်ထဲဝင်ရောက်နေတဲ့ ဂျူးလူမျိုးများကို အပြတ် ရှင်းပစ်ရမယ်လို့ ဆိုထားတဲ့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများနှင့် စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့စာအုပ်ပါ) ကျနော့်အမြင်ကတော့ ဂျူးမုန်းတီးရေးဝါဒဖြန့် စာအုပ်တွေထဲမှာ အဆိုးဆုံးစာအုပ်ပါပဲ.. ဒီစာအုပ်ထုတ်ဝေပြီး နှစ်အနည်းငယ်အကြာမှာ ဂျူး မျိုးပြုတ်သတ်ဖြတ်မှုတွေ စတင်လာခဲ့ပါတော့တယ်။ ဒီစာအုပ်တွေရဲ့ အစွမ်းထက်မှုကြောင့် ဂျာမန်လူထုကလည်း နာဇီပါတီရဲ့ ဂျူးလူမျိုးသုဉ်းသတ်ဖြတ်တာဟာ လုပ်သင့်လုပ်ထိုက် တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြင်လာကြပါတော့တယ်။ ဤသည်ပင်လျှင် နာဇီဝါဒဖြန့်ချိရေးရဲ့ အစွမ်းထက်မြက်မှု ပဲဖြစ်ပါတယ်။

    ကျနော်ခုလို မြန်မာ့မျိုးချစ်လုပ်ရပ်တွေကို ဖက်ဆစ်နာဇီလုပ်ရပ်တွေနဲ့နှိုင်းထားတယ်ဆိုတော့ ပေါက်ကွဲလိမ့်မယ်ဆိုတာ သိပါတယ်။

    `ဒါဆို ခိုးဝင်လာသူတွေကို ဘာမှမလုပ်ရတော့ဘူးလား´လို့ စာဖတ်သူများက ကျနော့်ကိုမေးချင်ပါလိမ့်မယ်။ ဥပဒေချိုးဖေါက်သူတွေအတွက် စီရင်မဲ့ ဥပဒေတွေရှိပါတယ်။ တရားဥပဒေစိုးမိုးမှုရှိလာအောင်၊ တရားစီရင်ရေး စနစ် မှန်မှန်ကန်ကန်ဖြစ်လာအောင် ကျနော်တို့ကြိုးပမ်းရမှာပါ။  ကျနော်ရေးသားခဲ့သမျှဟာ ဥပဒေမဲ့လုပ်ရပ် တွေကို အားမပေးဖို့ကိုသာ တိုက်တွန်းခဲ့တာပါ။ ဥပဒေမဲ့လုပ်ရပ်တစ်ခုကို ကျနော်တို့ မသိယောင်ဆောင်နေလိုက်ခြင်းဟာ တချိန်ချိန်မှာကျနော်တို့အပေါ်မှာလည်း ဒီလိုမျိုး လုပ်ဆောင်စေဖို့ ခွင့်ပြုပေးလိုက်ရာရောက်ပါတယ်။ အမျိုး၊ဘာသာ၊သာသနာ ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်ကတော့ နားထောင်လို့ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ရပ်ကဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ သတိပြုကြပါ။ အဲဒီလမ်းကြောင်း၊ အဲဒီစနစ်ဟာကမ္ဘာသမိုင်းတလျောက် ရုပ်အဆိုးဆုံး၊ အရှက်သိက္ခာအကင်းမဲ့ဆုံး ဖက်ဆစ်စနစ်ဆိုးကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီလိုမျိုးတရားဥပဒေကိုစိမ်ခေါ်ပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းတတ်သည့် အလေ့အထဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်မသွားစေရန် ကျနော်တို့တားဆီးရပါလိမ့်မယ်။ ကျနော်တို့ကိုယ်တိုင်လည်း အမုန်းကိုကျော်လွန်ပြီးမကြည့်နိုင်ပါက ဘယ်သူကမှ ၀ါဒဖြန့်၊ မှိုင်းတိုက်နေစရာပင်မလိုဘဲ လက်တွေ့ကျတဲ့ အခြေအနေမှန်ကိုမြင်တွေ့နိုင်မှာ မဟုတ်ပါ…။

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော.နာဇီ ဖက်ဆစ်စနစ် ထူထောင်ခြင်းလော။ (အပိုင်း-၂)

    ၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာ ရှိပါတယ်။ ဂျာမန်ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ရှိပြီး၊ သူတို့လူမျိုးတွေထဲက အလွန် ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ မြောက်မြားစွာ ပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်းကျော်ဟာ ဂျာမနီစစ်တပ်ထဲ ၀င်ရောက် အမှုထမ်းခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူးစစ်သားတွေဟာ သူရဲကောင်းဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတဲ့ အထိ တိုင်းပြည်တာဝန် စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြပါတယ်။

    ဒါ့အပြင် ဂျာမန်ဂျူးလူမျိုးတွေဟာ အစိုးရဌာနတွေမှာလည်း ၀င်ရောက်အမှုထမ်းနေသလို၊ တက္ကသိုလ်တွေမှာလည်း ဆရာများအဖြစ် အမှုထမ်းနေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း နိုဘဲလ်ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ်ပယ်တွေမှာ ဂျာမန်ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကို ဂျာမနီနိုင်ငံမှာပဲ မြှုတ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူးမိသလား မပြောတတ်ဘူး) သူတို့ဟာ ဂျာမန်စကား ကိုသာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လိုပဲ သဘောထားခဲ့ကြပါတယ်။

    ၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီအာဏာရလာပြီးနောက်ပိုင်းမှာ နာဇီပါတီခေါင်းဆောင်တွေဟာ ဂျာမန်ဂျူးတွေ ကို အလုံးစုံဆန့်ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထုတွေပါ လက်ခံပါဝင်လာအောင်လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီးဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ရေးသားလှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊

    လူကြီးရော ကလေးတွေပါ အံ့သြစရာကောင်းလောက်အောင် နာဇီဝါဒမှိုင်းတိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းတလျောက် ဂျာမန်များ နဲ့ ဂျူးများ တသားတည်းနေခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီပါတီရဲ့ ဂျူးမုန်းတီးရေး ၀ါဒမှိုင်းတိုက်ခဲ့မှုကြောင့် သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြ ခဲ့ပြီးပါပြီ။)

    antibiotic-pills
    ပုံ-၇ (ခုလို ဘုရားဟောခဲ့သယောင်ယောင် ခပ်တည်တည်နဲ့ ရွှီးခဲ့တာကိုလည်း အဲဒီအချိန်က ဂျာမန်ပညာတတ်များမျောပါခဲ့ကြပါတယ်။)
    14844_442204705850729_1684637979_n
    ပုံ-၈

     

    74607_442204012517465_466445627_n
    ပုံ-၉
    537080_442204165850783_2051887246_n
    ပုံ ၁၀ (ဂျူးတွေကို ခုလိုလူမျိုးရေးအရသာမက ဘာသာရေးအရပါ စက်ဆုပ်မုန်းတီးစိတ်ဝင်သွားအောင် လုပ်ကြံရေးသားခဲ့ပါတယ်။)

    ၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူးစီးပွားရေးလုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့တယ်။ ဒီသပိတ်မှောက်မှုဟာ ဂျာမန်-ဂျူး အဓိကရုန်းတွေဖြစ်ပွားစေပြီးဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပြီး၊ ဂျူးမုန်းတီးရေး လှုံ့ဆော်စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာမန်-ဂျူး အဖွဲ့အစည်းကြီးက တရားဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူးလူမျိုး နှိပ်ကွပ်ရေးဟာ အစိုးရကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့အတွက် လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ်ဖွင့်ပေးစာ´ မျိုးထင်ပါ့)။

    23339_442205672517299_2129691052_n
    ပုံ-၁၁

    နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင်ခန့်အပ်တဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီး ဂျူးလူမျိုး ၀န်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်တွေက ထုတ်ပယ်လိုက်ပါတယ်။ ဒီဥပဒေအရ မိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူးတစ်ယောက်ပါခဲ့ရင်တောင် ဂျူးလူမျိုးအဖြစ် သတ်မှတ်တာပါ။ အဲဒီနောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစရပ်တန့်သွားပါပြီ။ ဂျူးလူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်းမဲ့ထုတ်ပယ် ကြပါပြီ။ ဒါဟာ “သွေးဖြင့်`နိုင်ငံသား´ သတ်မှတ်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်က ရလဒ်တခုပေါ့ဗျာ။

    251948_442206049183928_745924239_n
    ပုံ-၁၂ (ဒါကတော့ မြင့်မြတ်သော ဂျာမန်သွေးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျူးသွေးပါသူတွေကို ၀န်ထမ်းအဖြစ် ကနေ ရပ်စဲဖို့အတွက် ထုတ်ပြန်ချက်တစ်ခုပေါ့.. )

    ဂျာမန်မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင် ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေးခန်းတွေ၊ ရှေ့နေ ရုံးခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီက ဘာမှမ၀ယ်ရ´`ဂျူးလူမျိုးတွေဟာ ဂျာမနီကို ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ သူတွေ´ ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါတယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို `ဒေးဗစ်ရဲ့ ကြယ်´လို့ခေါ်တဲ့ ဂျူးအမှတ်တံဆိပ်ကို လိုက်လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး နိုင်ငံတ၀ှမ်းလုံး အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ဂျူးပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ ဆက်ဆံနေဆဲ ဂျာမန်များကို သစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေ လုပ်လာပေမဲ့ တရားဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။

    734701_442205979183935_822194292_n
    ပုံ-၁၂
    156394_442206369183896_1930159710_n
    ပုံ-၁၃
    166513_442206679183865_424235765_n
    ပုံ-၁၄

    ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး ဗြောင်ကျကျ မီးလောင်ရာ ဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက်သမားများရဲ့ လုပ်ရပ်ဆိုးများကို ကာကွယ်ခြင်း” လို့ နားထောင်ကောင်းအောင် သုံးထားပါသေးတယ်။ “လူထုအစည်းဝေးကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်း ကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲကို ရှောင်လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေတဲ့ ခေါင်းစည်းတွေနဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေလာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာ ဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရတဲ့အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအတွက် လက်တုန့်ပြန် ကလှည့်စားချေရမယ်လို့လည်း ၀ါဒဖြန့်ပါသေး တယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်းတီးမှုအပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန် လည်း ၀ါဒဖြန့်ခဲ့တာပါ။

    555195_442207505850449_244281815_n
    ပုံ-၁၅
    269334_442223005848899_882349476_n
    ပုံ-၁၆
    154146_442210369183496_56313890_n
    ပုံ-၁၇

    ဧပြီ ၁ ရက်နေ့ ဂျူးဆန့်ကျင်ရေး စတင်စဉ်က သူတို့ရဲ့ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူးလူမျိုးစီးပွားရေး လုပ်ငန်းတွေ ပြိုလဲသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေး လုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင်လှုံ့ဆော်မှုသက်သက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူ အများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရ ကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ်ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ ဘ၀ရောက်အောင်၊ အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံမှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေ ထားလာ ပါတော့တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´ လို့ တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ နာဇီဝါဒဖြန့်ချိမှုရဲ့ ထိရောက်ပြီး ကြောက်စရာ ကောင်းပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေတည်းသောက်၊ ဒိုးတူဘောင်ဖက်နေလာ သူတွေ အချင်းချင်းကြားမှာ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့ အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက်ဘဲ နေ နေလို့ မရပါဘူး။ သမိုင်းကြောင်းမှာ ငါတို့ ဘယ်လို သွေးစည်းစွာ ရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ်ချနေလို့ မရပါ။ အရူးတသိုက်ရဲ့ လုပ်ရပ်ဆိုးက ကျန်တဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ကျန်တဲ့ ပြည်သူတွေက ကိုယ့်အပေါ် အမြင်မစောင်းစေရန် တတ်နိုင်သမျှ ရှင်းပြနိုင်ရပါမယ်။ အရေးယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီး တကမ္ဘာလုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာ ဒေါသ အလျောက် မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ အတွေးမျိုး တတ်နိုင်သမျှ ဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း …

    (ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကို ပြန်တင်လိုက်တာပါ။ ပုံတွေ စုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။

    >>> https://www.facebook.com/media/set/?set=a.442217339182799.102180.100001836114921&type=1 )

     

    ဦးဦး မှော်ဆရာ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

     

  • သမိုင်းဟူသည် ဤသို့တည်-၆ [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?- နာလန္ဒ နှင့်တူရကီ]

    သမိုင်းဟူသည် ဤသို့တည်-၆ [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?- နာလန္ဒ နှင့်တူရကီ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

    Thamine-Hu-the

    နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?

    အိန္ဒိယမှာ အေဒီ (၅၀၀) ကျော်ကစပြီး မဟာယနတက္ကသိုလ်ကြီးတွေ ပေါ် ပေါက်လာခဲ့ပါတယ်။ အဲဒီ တက္ကသိုလ်ကြီးတွေဟာ ထေရဝါဒ တက္ကသိုလ်ကြီး တွေ လုံးဝမဟုတ်ဘဲ၊ ထေရဝါဒနဲ့ မအပ်စပ် တဲ့ မဟာယန အယူဝါဒတွေကို ဖြန့်ချီ တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ အေဒီ (၉၀၀) နောက်ပိုင်းမှာတော့ အဲဒီတက္ကသိုလ်တွေ ဟာ ဝဇီရယာန အရည်းကြီးအယူကိုဖြန့်ချီတဲ့ ဗဟိုဌာနကြီး တွေဖြစ်လာပါတော့တယ်။ အဲဒီတက္ကသိုလ်ကြီးတွေမှာထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေကတော့ဘီဟာရ် နယ်ရှိနာလန္ဒတက္ကသိုလ်၊ အိန္ဒိယ အနောက်ပိုင်းမှာရှိတဲ့ဝလဘိတက္ကသိုလ်၊ ဘီဟာရ် နယ်ရှိ ဝိက္ကမသီလာ (ဗိက်ရမ် ရှီလာ) တက္ကသိုလ် ၊ ဘင်္ဂလား ပြည်မြောက်ပိုင်းရှိ ဇဂဒ္ဒလ (Jagaddala) တက္ကသိုလ်၊ ဘီဟာရ် နယ်ရှိ ဩဒန္တပူရီ တက္ကသိုလ် တို့ဘဲ ဖြစ်ကြပါတယ်။

    ဒီတက္ကသိုလ်ကြီးတွေ ဟာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေလို့ယနေ့ခေတ် ပုဂ္ဂိုလ်အချို့က ရောချ ဝါဒဖြန့်နေပေမဲ့ သမိုင်းကိုတစ်ကယ်လေ့လာကြည့်ရင် သိရ မှာက အဲဒီတက္ကသိုလ်တွေ ဟာ ထေရဝါဒ အယူဝါဒကို သင်ကြားပေးတဲ့ တက္ကသိုလ်တွေ လုံးဝ မဟုတ်ပါဘူး ဆိုတာပါ။ ထေရဝါဒအယူဝါဒ နဲ့လားလားမျှ မဆိုင်တဲ့ ၊ဂေါတမဗုဒ္ဓ ကိုယ်တော် ဟောကြားခဲ့တဲ့ သာသနာ ကို ပုံပျက်စေတဲ့တန္တရ မန္တရ ဝဇီရယာန စုန်း ကဝေ အောက်လမ်း ဝါဒကို ဖြန့်ချီပေးတဲ့ ဗဟိုဌာန ကြီးတွေသာ ဖြစ်ပါတယ်။ ကိုးကား-[မောင်အံ့ ၏ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး] ၊ [ဦးစိန်ထွန်း (မာမက-သုတေသီ) ၏ ကမ္ဘာပတ်၍ ဘုရားရှာခြင်း]၊ [ရေစကြို အရှင် ဧသိက ၏ထေရဝါဒဗုဒ္ဓဘာသာ]၊[ရွှေကျင်ဆရာတော်၏ဗုဒ္ဓနိုင်ငံတော်အတွဲ(၂)။] [D.G. Apte’s Universities in Ancient India]

    နာလန္ဒ နှင့်တူရကီ

    ရာဇဂြိုဟ်အနီး ဘီဟာနယ် အတွင်းမှာရှိတဲ့ နာလန္ဒတက္ကသိုလ် ဟာ ထေရ ဝါဒ ကိုသင်ကြားဖြန့်ချီတဲ့ တက္ကသိုလ်လုံးဝ မဟုတ်ဘဲ၊ တန္တရ မန္တရ အယူတွေကို ပို့ချတဲ့ မဟာယန ဝဇီရယာန တက္ကသိုလ် သာဖြစ် ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်များရေးတဲ့ကျမ်းတွေကို ကိုးကားပြီး အထက်မှာရေးသားခဲ့ပါတယ်။ အဲဒီ တက္က သိုလ်ကြီး ကို အစ္စလာမ်ဘာသာဝင် တူရကီစစ်ဗိုလ် မုဟမ္မဒ် ဘင်န်ဘခ် သီယာရ် ခိလ်ဂျီရဲ့ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သမိုင်းဟာ ပါရှန်းသမိုင်းဆရာ မင်န်ဟာ ဂျုဒ်ဒီးန်ဘင်န်စိရာဂ်ျ(မင်န်ဟာ ဂျေစီရာဂ်ျ)ရဲ့ သွဗကာသိနာစိရီ မှာရေးထားပါတယ်။ မြန်မာပြည် က စာရေးဆရာ အချို့က တော့ မသိနားမလည်စွာနဲ့ တူရကီရာဇဝင် ဆရာမင်ဟဇဒ် လို့ရေးသားကြပါတယ်။ သူ့ရဲ့ ရာဇဝင် စာအုပ်ကိုလည်း စာရေး ဆရာအချို့က “တဗကတအင်နာဆီတီ” လို့ ရမ်းသမ်းရေးကြပါတယ်။  ဦးစိန်ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ကမ္ဘာပတ်၍ ဘုရားရှာခြင်း (၁၉၉၈ ထုတ်) စာမျက် နှာ ၂၇၃ မှာ “မင်ဟဇဒ်”၊ “တဗကတ အင်နာဆီတီ”လို့ရမ်းမှန်းရေးထားကြောင်း လေ့လာကြည့်နိုင်ပါတယ်။

    နာလန္ဒတက္ကသိုလ်ကိုတူရကီစစ်ဗိုလ်ဘင်န်ဘခ်သီယာရ်ခိလ်ဂျီကမီးရှို့ဖျက် ဆီးခဲ့ကြောင်း တန္တရ်မန္တရ် အရည်းကြီးမှော်ဆရာတွေအပါအဝင် အရည်းကြီးတပည့် (၁၀,၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သမိုင်းဟာ အထက်ပါ သွဗကာသိနာစိရီ မှာဘဲပါရှိပါတယ်။ အခြားဘယ်ရာဇဝင်ကျမ်းမှာမှ မပါပါဘူး။ နောက်ပိုင်း ရာဇဝင် ဆရာတွေအနေနဲ့ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်ရဲ့ သမိုင်းကို ရေးသားရာမှာ အဲဒီ သွဗကာသိနာစိရီ ကိုဘဲ ကိုးကားရေးကြတာဖြစ်ပါတယ်။ အဲဒီ ကျမ်းမှာလည်းဘဲ ပါရှန်း ရာဇဝင် ဆရာကြီး မင်န်ဟာဂျေစီရာဂ်ျ က တူရကီစစ်ဗိုလ် ခိလ်ဂျီရဲ့ လုပ်ရပ် ကို ရှုံ့ချ ရေးထားတာဖြစ်ပါတယ်။  ထောက်ခံရေးထားတာ မဟုတ် ပါဘူး။ မင်န် ဟာဂျုဒ်ဒီးန် ဘင်န်စိရာဂ်ျ ရဲ့ သွဗကာသိနာစိရီ ကို HG Raverty က အင်္ဂလိပ် ဘာသာပြန်ဆိုထားပါတယ်။ Bibliotheca Indica Volume 44 မှာ အင်္ဂလိပ် ဘာသာပြန်အဖြစ်ရှိနေပါတယ်။ လက်လှမ်းမှီ တယ်ဆိုရင် ဖတ်ရှုလေ့လာကြည့်စေ လိုပါတယ်။

    ဟိန္ဒူသေနမင်းဆက် (Sena Dynasty) ဘုရင်က နာလန္ဒတက္ကသိုလ်ကို ခံတပ်ကြီးအဖြစ်ပြုပြီး ခုခံနေလို့သာ ခိလ်ဂျီရဲ့ စစ်တပ်က တိုက်ခိုက်ရခြင်း ဖြစ် တယ် လို့အချို့ပညာ ရှင်တွေက ယူဆရေးသားထားတာတွေ ရှိပါသေးတယ်။ ကြီး မားတဲ့ အဆောက်အအုံကြီးကို ခံတပ်ကြီး အဖြစ်အသုံးချပြီးဟိန္ဒူဘုရင် ရဲ့စစ်သားတွေ တပ်စွဲခုခံတာ ဖြစ်နိုင်သလို၊ တန္တရ်မန္တရ် အရည်းကြီး မှော်ဆရာတွေ က အဆောက်အအုံကြီး ထဲကနေ အစီအရင် အမျိုးစုံလုပ်ပြီး ဟန်ရေးပြနေလို့ ခိလ်ဂျီ ရဲ့ စစ်တပ်ကရန်သူ့ခံတပ် အမှတ်နဲ့ တိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။ နာလန္ဒ တက္ကသိုလ် နဲ့ အပြိုင်ဖြစ်တဲ့၊ ဘီဟာရ် နယ်မှာရှိတဲ့ ဝိက္က မသီလာ(ဗိက်ရမ် ရှီလာ) တက္ကသိုလ် ကို ဘင်န်ဘခ်သီ ယာရ်ခိလ်ဂျီရဲ့စစ်တပ်က တိုက်ခိုက်ခဲ့ခြင်းဟာ စစ် ခံတပ်အမှတ် နဲ့ မှားယွင်းတိုက် ခိုက်မိခြင်းသာဖြစ်ကြောင်း၊ စစ်ခံတပ် မဟုတ်မှန်း နောက်မှသာ သိရှိခဲ့ကြတယ်လို့ D.G. Apte ကသူ့ရဲ့ Universities in Ancient India၊ စာမျက်နှာ (၅၆) မှာရေး သားထားပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ- ဘုန်းတော်ကြီးများကိုလေးစားပါ)

  • The Hidden Genocide မြန်မာစာတန်းထိုး

    The Hidden Genocide မြန်မာစာတန်းထိုး

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၂

    M-Media

    Al Jazeera မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က တင်ဆက်ခဲ့သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်းကို M-Media စာဖတ်ပရိတ်သတ်အတွက် မြန်မာစာတန်းထိုးပြီး တင်ဆက်လိုက်ပါသည်။

     

     

     

    The Hidden Genocide with Myanmar Subtitle Download Link

    အင်တာနက်ကော်နက်ရှင်မကောင်း၍ Download လုပ်ကြည့်ရှု့လိုသူ M-Media စာဖတ်ပရိတ်သတ်များ အောက်ပါ လင်ခ်များတွင် Download လုပ်နိုင်ပါပြီ။

    High Quality (660MB)
    https://docs.google.com/open?id=0B1Nc1yYXgtogbVlOT3JsT05yRnc

    Standard Quality (200MB)
    https://docs.google.com/open?id=0B1Nc1yYXgtogLVYwb2I3aTYxdXc

  • သမိုင်းဟူသည် ဤသို့တည်-၅ [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

    သမိုင်းဟူသည် ဤသို့တည်-၅ [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

    တဆက်ထဲမှာ ယခု ရက်ပိုင်းအတွင်း News Watch ဂျာနယ်တွင် သမိုင်းဆိုင်ရာ အချက်အလက် အမှားများစွာနှင့် အစ္စလာမ်သာသနာအား တဖက်သက်တိုက်ခိုက် ရေးသားထားသည့် ရေးသားသူ သရ၀ဏ် (ပြည်) ဆိုသူရဲ့ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း –  ပါ အကြောင်းအရာများကို ယှဉ်တွဲဖတ်ရှု့ကြပါရန်။

     

    အိန္ဒိယ နှင့် ထေရဝါဒ

    ကုသိနာရုံမှာ ဗုဒ္ဓဘာသာရဟန်းတော်တွေကို မွတ်စ်လင်မ်တွေက ဂူပေါက် ပိတ်မီးပူဇော်ခဲ့တယ်လို့  ဘယ်ကမ္ဘာကျော် သမိုင်းကျမ်းမှာ ပါရှိသလဲ ဆိုတာကိုတော့ မသိပါ။ တစ်ကယ်လို့ အဲဒီလိုဖြစ်ရိုး မှန်ခဲ့ရင်လည်း အဲဒီရဟန်းတွေ ဟာထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ လုံးဝမဖြစ်နိုင်ပါဘူး။ကုသိနာရုံ (Kushinagar) ဟာ အိန္ဒိယရဲ့ မြောက်ပိုင်းပြည်နယ်ဥတ္တရပရာဒေ့ရှ်မှာတည်ရှိပါတယ်။ အိန္ဒိယပြည် မြောက်ပိုင်းနဲ့ နောက် မြောက်ပိုင်းတွေမှာထေရဝါဒဗုဒ္ဓဘာသာဟာ (သာသနာနှစ် ၆၀၀၊ အေဒီ ၁၀၀ခန့်) က တည်းကိုက ကွယ်ပခဲ့ပြီ ဖြစ်ကြောင်း၊ အဓမ္မဝါဒီ ဂိုဏ်းကွဲတွေဖြစ် ကြတဲ့မဟာသံဃိကဂိုဏ်း နဲ့သဗ္ဗတ္ထိဂိုဏ်းဝါဒ တွေသာလွှမ်းမိုးခဲ့ကြောင်း မောင်အံ့ မဟာ ဝိဇ္ဇာ (ဘုံဘေ) က သူ့ရဲ့ ဗုဒ္ဓ သာသနာတော် ၂၅၀၀ ခရီး စာမျက်နှာ ၈၂၊ ၈၃ မှာ ရေးသားထားပါတယ်။

    ထေရဝါဒဗုဒ္ဓသာသနာပြု အသောကမင်းကြီးရဲ့ မောရိယမင်းဆက် နောက် ပိုင်းမှာသုင်္ဂမင်း (သုင်္ဂပုရှာမိတြ)ဟာမဂဓအင်ပါယာကို စိုးစံခဲ့ပါတယ်။ အဲဒီမင်းဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲတိုင်း ကိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တဲ့ဗြာဟ္မဏ(ဟိန္ဒူဘာသာဝင်) မင်းဖြစ်ပါတယ်။ ဘုန်းကြီးခေါင်း တစ်လုံးဖြတ်ဆက်သလျှင် ဆုငွေ (၁၀၀၀) ပေးမည် လို့ ကြေညာပြီး  နှိပ်ကွပ်ခဲ့တဲ့ဘုရင်ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာ နဲ့ ထေရဝါဒ ရဟန်း တော်တွေဟာ ဗြာဟ္မဏဘာသာဝင် သုင်္ဂပုရှာမိတြ ရဲ့ သုင်္ဂမင်းဆက် လက်ထက် မှာတင် အိန္ဒိယ မှာ ကွယ်ပခဲ့ပြီဖြစ်ကြောင်း၊ အေဒီ ၁ ရာစု အတွင်း မှာ ထေရဝါဒ ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ လုံးဝမရှိတော့ဘဲ သီဟိုဠှ် နဲ့ သုဝဏ္ဏဘူမိ သထုံပြည် တို့မှာ သာ ကျန်ရှိတော့ကြောင်း၊ ဟိန္ဒူဗြာဟ္မဏ ဘာသာဝင် ဘုရင်တွေ ဟာ ဗုဒ္ဓ ဂယာ က မဟာဗောဓိ ပင်ကို အကြိမ်ကြိမ် ခုတ်ထစ်တူးဖော် မီးရှို့ခဲ့ကြကြောင်း ဦးစိန် ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ ကမ္ဘာပတ်၍ ဘုရားရှာခြင်းစာအုပ်၊စာမျက်နှာ (၂၄၂၊ ၂၄၃) မှာ အခိုင်အမာရေးပြထားပါတယ်။

    အေဒီ ၃ ရာစု မှ ၄ ရာစုအတွင်း ပေါ်ပေါက်လာခဲ့တဲ့ မဟာယနဂိုဏ်းဟာ အိန္ဒိယမြောက်ပိုင်းဒေသတွေမှာ ထွန်းကားနေခဲ့ပြီး ပင်မထေရဝါဒဟာတော့ သီဟိုဠှ် နဲ့ မြန်မာပြည်ဘက်မှာ ထွန်းကားနေခဲ့ တယ်လို့ရေစကြိုအရှင်ဧသိက က သူ့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာစာအုပ် စာမျက်နှာ (၃၁) မှာ အခိုင်အမာ ရေးသားထား ပါတယ်။ ဒီလောက်ဆို သမိုင်း အထောက်အထားတွေနဲ့ သေသေချာချာ သိရတာက အာဖဂန် ဘုရင် စူလ်တန်မဟ်မူဒ် အိန္ဒိယ ကို ဝင်ရောက် တိုက်ခိုက်တဲ့အချိန်၊ အိန္ဒိယမြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတွေမှာ ထေရဝါဒ ဗုဒ္ဓသာသနာဟာ ကွယ်ပနေခဲ့ပြီးဖြစ်ကြောင်းနဲ့ မဟာသံဃိက အစရှိတဲ့ အဓမ္မ ဝါဒီဂိုဏ်းကွဲတွေ နဲ့ မဟာ ယန အယူအဆတွေသာကြီးစိုးနေခဲ့တယ်ဆိုတာပါ။

    မဟာယန အယူအဆ တွေကြီး စိုးနေတယ်လို့ ဆိုရာမှာလည်း အဓိက ကြီးစိုးနေခဲ့တာက မဟာယနအသွင်ကို ဆောင်ထားတဲ့ တန္တရ မန္တရ အယူဝါဒသာဖြစ်ပါတယ်။ အဲဒီ တန္တရ မန္တရအယူကို ဝဇီရယာနလို့လည်း ခေါ်ပါတယ်။

    တန္တရ မန္တရ အယူဝါဒ

    ဒီနေရာမှာ အလျဉ်းသင့်တဲ့ အတွက် တန္တရ မန္တရ အယူဝါဒ ဘာလဲ ဆိုတာ ကို အကျဉ်းတင်ပြလိုပါတယ်။ တန္တရ မန္တရ အယူဝါဒ ဆိုတာကို ပညာရှင်အချို့က ဗုဒ္ဓဘာသာနဲ့ပတ်သက်ဆက်နွှယ် ရေးသား ကြပေမဲ့၊ တစ်ကယ်တော့အဲဒီအယူဝါဒ ကျင့်စဉ် ယုံကြည်ချက်တွေဟာ ဂေါတမ ဗုဒ္ဓရဲ့ အဆုံးအမ တွေနဲ့ ဖီလာဆန့်ကျင် လျှက်ရှိပါတယ်။ တန္တရ မန္တရအယူဝါဒ ရဲ့ အဓိကကျင့်စဉ် တွေက မန္တန်၊ အင်းအိုင် ခါးလှဲ့လက်ဖွဲ့ အစီအရင် တွေ အပေါ်အခြေခံပြီး၊ အဲဒီလိုကျင့်စဉ် တွေကျင့်ခြင်း အားဖြင့် နိဗ္ဗာန်ကိုရောက်တယ်လို့ အယူရှိကြသူတွေဖြစ်ပါတယ်။ ဒီ တန္တရ မန္တရ အယူဝါဒရှင်တွေဟာ အိန္ဒိယပြည် ဂုပ္ပတမင်းဆက် အစပိုင်း (အေဒီ ၃၂၀)မှ ဟဿဝဒ္ဓနမင်း လက်ထက် (အေဒီ ၆၀၆) အထိ ကာလအတွင်း မန္တရားကျမ်း အတော်များများကိုရေးသားပြုစုခဲ့ကြပါတယ်။ အဲဒီကျမ်းတွေ ထဲမှာ  မန္တရား၊ အင်း အိုင်၊ လက်ဖွဲ့အစီအရင်တွေ အကြောင်း၊ အရက်သောက်ခြင်း၊ မေထုန်မှီဝဲခြင်း စသည့်အကြောင်း တွေကို ဖော်ပြထားတဲ့အပြင်၊ လုယက်ခြင်း၊ လိမ်လည်ခြင်း၊ ခိုးခြင်း၊သူတစ်ပါးမယား ကြာခိုခြင်း စတဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကိုပါ ထောက်ခံ အားပေးထားတယ်လို့ဆိုကြပါတယ်။

    အဲဒီ တန္တရ မန္တရ အယူဝါဒရှင်တွေ ရဲ့ ဂိုဏ်း ဟာ ဝဇီရယာန ဂိုဏ်းလို့ကျော်ကြားပါတယ်။ သူတို့ ဟာမဟာယန ရဟန်း အသွင်ကို ဆောင်ထားပြီး အယုတ်ညံ့ဆုံး လုပ်ရပ်တွေကို လုပ်တဲ့လူတွေ ဖြစ်ပါ တယ်။သူတို့ရဲ့ အယူဝါဒဟာ တစ်ဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး အဲဒီခေတ်က ဘုရင်တွေတောင် စစ်ထွက် စစ်ချီတဲ့ အခါ တန္တရ မန္တရမန်းမှုတ်တတ်သူတွေကို ခေါ် ပြီး စစ်ချီလေ့ရှိပါတယ်။ တန္တရ မန္တရ အယူဆရာကြီးတွေဟာ ဘုရင့်သမီးထံက ကာမ အလှုခံတဲ့အထိ ခေတ်စားလာခဲ့ပါတယ်။

    အေဒီ (၈၀၀) ခန့်မှာ အိန္ဒိယမှာရှိတဲ့ မဟာယန တွေဟာ တန္တရ မန္တရ အယူဝင် မဟာယနတွေသာ ဖြစ်တယ် လို့ ဦးစိန်ထွန်း (မာမက-သုတေသီ) က သူ့ရဲ့ကမ္ဘာပတ်၍ဘုရားရှာခြင်းစာအုပ်၊ စာမျက်နှာ(၂၆၈) မှာရေးသားထားပါတယ်။ ဒီ တန္တရ မန္တရ ဝဇီရယာန အယူဝါဒ ဟာ ဂေါတမဗုဒ္ဓကိုယ်တော်ရဲ့ တရားတော် အဆုံးအမတွေနဲ့ဖီလာဆန့်ကျင်နေရုံမက၊ ဂေါတမဗုဒ္ဓကိုယ်တော်ရဲ့ သာသနာကို အလွန်ဆိုးဆိုးရွားရွားဖျက်ဆီးတဲ့ အယူဝါဒသာဖြစ်ပါတယ်။ တန္တရမန္တရဝဇီရယာန အယူဝါဒကို မြန်မာနိုင်ငံ ပုဂံသမိုင်း မှာ အရည်းကြီးဝါဒ လို့လူသိများပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [နာလန္ဒ နှင့် တက္ကသိုလ်ကြီးများ ထေရဝါဒလား?-နာလန္ဒ နှင့်တူရကီ]