News @ M-Media

Category: Media To Monitor

  • အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော.နာဇီ ဖက်ဆစ်စနစ် ထူထောင်ခြင်းလော။ (အပိုင်း-၂)

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော.နာဇီ ဖက်ဆစ်စနစ် ထူထောင်ခြင်းလော။ (အပိုင်း-၂)

    ဇန်နဝါရီ ၂၂ ၊၂၀၁၃

    ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ

    အပိုင်း(၁) ဖတ်လိုလျင်

    ၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာ ရှိပါတယ်။  ဂျာမန်ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ရှိပြီး၊ သူတို့လူမျိုးတွေထဲက အလွန် ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ မြောက်မြားစွာ ပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်းကျော်ဟာ ဂျာမနီစစ်တပ်ထဲ ၀င်ရောက် အမှုထမ်းခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူးစစ်သားတွေဟာ သူရဲကောင်းဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတဲ့ အထိ တိုင်းပြည်တာဝန် စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြပါတယ်။

    ဒါ့အပြင် ဂျာမန်ဂျူးလူမျိုးတွေဟာ အစိုးရဌာနတွေမှာလည်း ၀င်ရောက်အမှုထမ်းနေသလို၊ တက္ကသိုလ်တွေမှာလည်း ဆရာများအဖြစ် အမှုထမ်းနေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း နိုဘဲလ်ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ်ပယ်တွေမှာ ဂျာမန်ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကို ဂျာမနီနိုင်ငံမှာပဲ မြှုတ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူးမိသလား မပြောတတ်ဘူး) သူတို့ဟာ ဂျာမန်စကား ကိုသာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လိုပဲ သဘောထားခဲ့ကြပါတယ်။

    ၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီအာဏာရလာပြီးနောက်ပိုင်းမှာ နာဇီပါတီခေါင်းဆောင်တွေဟာ ဂျာမန်ဂျူးတွေ ကို အလုံးစုံဆန့်ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထုတွေပါ လက်ခံပါဝင်လာအောင်လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီးဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ရေးသားလှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊

    လူကြီးရော ကလေးတွေပါ အံ့သြစရာကောင်းလောက်အောင်  နာဇီဝါဒမှိုင်းတိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းတလျောက် ဂျာမန်များ နဲ့ ဂျူးများ တသားတည်းနေခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီပါတီရဲ့ ဂျူးမုန်းတီးရေး ၀ါဒမှိုင်းတိုက်ခဲ့မှုကြောင့်  သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြ ခဲ့ပြီးပါပြီ။)

    antibiotic-pills
    (ခုလို ဘုရားဟောခဲ့သယောင်ယောင် ခပ်တည်တည်နဲ့ ရွှီးခဲ့တာကိုလည်း အဲဒီအချိန်က ဂျာမန်ပညာတတ်များမျောပါခဲ့ကြပါတယ်။)

    14844_442204705850729_1684637979_n

     

    74607_442204012517465_466445627_n

    537080_442204165850783_2051887246_n
    (ဂျူးတွေကို ခုလိုလူမျိုးရေးအရသာမက ဘာသာရေးအရပါ စက်ဆုပ်မုန်းတီးစိတ်ဝင်သွားအောင် လုပ်ကြံရေးသားခဲ့ပါတယ်။)

    ၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူးစီးပွားရေးလုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့တယ်။ ဒီသပိတ်မှောက်မှုဟာ ဂျာမန်-ဂျူး အဓိကရုန်းတွေဖြစ်ပွားစေပြီးဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပြီး၊ ဂျူးမုန်းတီးရေး လှုံ့ဆော်စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာမန်-ဂျူး အဖွဲ့အစည်းကြီးက တရားဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူးလူမျိုး နှိပ်ကွပ်ရေးဟာ အစိုးရကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့အတွက် လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ်ဖွင့်ပေးစာ´ မျိုးထင်ပါ့)။

    23339_442205672517299_2129691052_n

    နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင်ခန့်အပ်တဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီး ဂျူးလူမျိုး ၀န်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်တွေက ထုတ်ပယ်လိုက်ပါတယ်။ ဒီဥပဒေအရ မိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူးတစ်ယောက်ပါခဲ့ရင်တောင် ဂျူးလူမျိုးအဖြစ် သတ်မှတ်တာပါ။ အဲဒီနောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစရပ်တန့်သွားပါပြီ။ ဂျူးလူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်းမဲ့ထုတ်ပယ် ကြပါပြီ။ ဒါဟာ “သွေးဖြင့်`နိုင်ငံသား´ သတ်မှတ်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်က ရလဒ်တခုပေါ့ဗျာ။

    251948_442206049183928_745924239_n
    (ဒါကတော့ မြင့်မြတ်သော ဂျာမန်သွေးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျူးသွေးပါသူတွေကို ၀န်ထမ်းအဖြစ် ကနေ ရပ်စဲဖို့အတွက် ထုတ်ပြန်ချက်တစ်ခုပေါ့.. )

    ဂျာမန်မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင် ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေးခန်းတွေ၊ ရှေ့နေ ရုံးခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီက ဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေဟာ ဂျာမနီကို ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ သူတွေ´ ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါတယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို `ဒေးဗစ်ရဲ့ ကြယ်´လို့ခေါ်တဲ့ ဂျူးအမှတ်တံဆိပ်ကို လိုက်လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး နိုင်ငံတ၀ှမ်းလုံး အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ဂျူးပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ ဆက်ဆံနေဆဲ ဂျာမန်များကို သစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေ လုပ်လာပေမဲ့ တရားဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။

    734701_442205979183935_822194292_n

    156394_442206369183896_1930159710_n 166513_442206679183865_424235765_n

    ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး ဗြောင်ကျကျ မီးလောင်ရာ ဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက်သမားများရဲ့ လုပ်ရပ်ဆိုးများကို ကာကွယ်ခြင်း” လို့ နားထောင်ကောင်းအောင် သုံးထားပါသေးတယ်။ “လူထုအစည်းဝေးကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်း ကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲကို ရှောင်လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေတဲ့ ခေါင်းစည်းတွေနဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေလာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာ ဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရတဲ့အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအတွက် လက်တုန့်ပြန် ကလှည့်စားချေရမယ်လို့လည်း ၀ါဒဖြန့်ပါသေး တယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်းတီးမှုအပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန် လည်း ၀ါဒဖြန့်ခဲ့တာပါ။

    555195_442207505850449_244281815_n269334_442223005848899_882349476_n

    154146_442210369183496_56313890_n

    ဧပြီ ၁ ရက်နေ့ ဂျူးဆန့်ကျင်ရေး စတင်စဉ်က သူတို့ရဲ့ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူးလူမျိုးစီးပွားရေး လုပ်ငန်းတွေ ပြိုလဲသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေး လုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင်လှုံ့ဆော်မှုသက်သက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူ အများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရ ကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ်ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ ဘ၀ရောက်အောင်၊  အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံမှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေ ထားလာ ပါတော့တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´ လို့ တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ နာဇီဝါဒဖြန့်ချိမှုရဲ့ ထိရောက်ပြီး ကြောက်စရာ ကောင်းပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေတည်းသောက်၊ ဒိုးတူဘောင်ဖက်နေလာ သူတွေ အချင်းချင်းကြားမှာ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့ အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက်ဘဲ နေ နေလို့ မရပါဘူး။ သမိုင်းကြောင်းမှာ ငါတို့ ဘယ်လို သွေးစည်းစွာ ရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း  ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ်ချနေလို့ မရပါ။ အရူးတသိုက်ရဲ့ လုပ်ရပ်ဆိုးက ကျန်တဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ကျန်တဲ့ ပြည်သူတွေက ကိုယ့်အပေါ် အမြင်မစောင်းစေရန် တတ်နိုင်သမျှ ရှင်းပြနိုင်ရပါမယ်။ အရေးယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီး တကမ္ဘာလုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာ ဒေါသ အလျောက် မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ အတွေးမျိုး တတ်နိုင်သမျှ ဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း …

     

    (ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကို ပြန်တင်လိုက်တာပါ။ ပုံတွေ စုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။

    >>>  https://www.facebook.com/media/set/?set=a.442217339182799.102180.100001836114921&type=1 )

    ဆောင်းပါး (အပိုင်း-၁) ကိုပြန်ဖတ်လိုပါက ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

  • သမိုင်းဟူသည် ဤသို့တည်-၈ [မဂိုမင်းဆက် သမိုင်းအမှန် – အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

    Thamine-Hu-the

    မဂိုမင်းဆက် သမိုင်းအမှန်

    သမိုင်းအမှားကြီး နောက်တစ်ချက်ကိုတင်ပြရမယ် ဆိုရင်ဖြင့်- မဂိုမင်းဆက်တွေ အိန္ဒိယကို စိုးစံခဲ့တဲ့ နှစ်အရေအတွက်ပါ။ ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်စာအုပ် စာမျက်နှာ (၄၉)မှာ မဂို မင်းဆက်တွေဟာ အိန္ဒိယကို နှစ်ပေါင်း (၁၃၀) ခန့်စိုးစံ ခဲ့တယ်လို့ ရေးသားထားပါတယ်။ အမှန် တစ်ကယ် ကတော့ မဂိုမင်း ဘာဘရ် က စလို့ မဂိုနောက်ဆုံးမင်းဆက် ဘဟာဒူရ်ရှားဟ်(၂) အထိ စုစုပေါင်းနန်းစံသက် (၃၃၁) နှစ်ရှိပါတယ်။ မဂိုမင်း ဘာဘရ် လက်ထက် (၁၅၂၆) ကနေ မဂိုမင်း ဩရန်ဇစ်(၁၇၀၇) အထိ တွက်မယ်ဆိုရင်တောင် နှစ်ပေါင်း (၁၈၁) နှစ်ရှိနေပါပြီ။ အဲဒါကြောင့် မဂိုမင်းဆက်တွေဟာ အိန္ဒိယကို နှစ်ပေါင်း (၁၃၀) ခန့်စိုးစံခဲ့တယ် လို့ ရေးသားခြင်း ဟာ သမိုင်းအမှန် နဲ့ ယှဉ်ရင် လွဲမှားကွာဟနေပါတယ်။ (ကိုးကား-The Mughals of India)

    ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့် စာအုပ်စာမျက်နှာ(၅၀)ပါ သမိုင်းအမှားကြီး တစ်ခုကတော့ မဂိုမင်းဩရန်ဇစ်ကို နောက်ဆုံး မင်းဆက်လို့ရေးသားထားပြီး၊ဩရန်ဇစ်မင်းနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မင်းဆက် လုံးဝ ပြတ်ဆဲသွားခဲ့တယ်လို့ ရေးသားထားခြင်းပါဘဲ။ မဂိုမင်းဆက်ရဲ့နောက်ဆုံး မင်းဟာ ဩရန်ဇစ် မင်းလုံးဝ မဟုတ်သလို၊ ဩရန်ဇစ်မင်းနောက်ပိုင်းအိန္ဒိယနိုင်ငံ မှာ မဂိုမင်းဆက်ပြတ် ဆဲသွားခဲ့တာလည်း လုံးဝ မဟုတ်ပါဘူး။ မဂိုမင်းဆက်ရဲ့နောက်ဆုံးမင်းဟာ ဘဟာဒူရ်ရှားဟ်(၂) (ခ) အဗူဇဖရ် စေရာ ဂျုဒ်ဒီးန် မုဟမ္မဒ်ဘဟာဒုရ် ရှားဟ်ဇဖရ် ဖြစ်ပါတယ်။ အဲဒီမင်းကို အင်္ဂလိပ်နယ်ချဲ့ဟာ ၁၈၅၈ ခုနှစ်မှာ ရန်ကုန်မြို့ကို ခေါ်ဆောင်လာပြီး အကျဉ်းချထားခဲ့ပါတယ်။ မဂိုမင်းဆက် ဟာ အဲဒီ မင်းနောက်ပိုင်းမှာ မှ ပြတ်စဲ သွားတာဖြစ်ကြောင်းပါ။

    အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား

    အိန္ဒိယမှာဟိန္ဒူအမျိုးသမီးတွေဟာ မွတ်စ်လင်မ်မဂိုမင်းတွေ လက်ထက်ကနေစပြီး အိမ်တွင်း ပုန်းတွေဖြစ်သွားတာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာကလည်း အမျိုးသမီးတွေကို အိမ်တွင်းပုန်း ခိုင်းထားတဲ့ဘာသာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာရဲ့ သွန်သင်ချက်က အမျိုးသမီးတွေဟာ တစ်စိမ်း အမျိုးသား တွေနဲ့ ဒွေးရောယှက်တင်မနေဖို့၊ ဝတ်စားဆင်ယင်တဲ့ အခါမှာ ခန္ဓာအလှအပကို ဖော်မဝတ်ဖို့၊ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ပြင်ပကိုထွက်ပြီး လမ်းမသလားဖို့စတာတွေပါ။ အကြောင်း တစ်စုံ တစ်ရာရှိရင်တော့ အိနြေ္ဒရှိစွာ ဝတ်ဆင်ပြီး ပြင်ပကို ထွက်ခွင့်ရှိပါတယ်။ တစ်ကယ်တော့ မွတ်စ်လင်မ် အမျိုးသမီးတွေ အတွက် သတ်မှတ်ထားတဲ့ နေထိုင်သွားလာပုံ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုဆက်ဆံပုံတွေဟာ အခြား အခြားသော ဘာသာတွေရဲ့သီလရှင် (သို့) Nuns တွေရဲ့ စည်းကမ်းတွေနဲ့ခပ်ဆင်ဆင်ပါဘဲ။ အခြား ဘာသာတွေနဲ့ အဓိက ကွာတာကတော့ အစ္စလာမ်မှာက မွတ်စ်လင်မ် အမျိုးသမီးတိုင်းဟာ တစ်စိမ်း အမျိုးသားတွေနဲ့ရောနှောမနေဖို့၊ ဝတ်စားဆင်ယင်တဲ့အခါမှာ ခန္ဓာအလှအပကို ဖော်မ ဝတ်ဖို့၊ အကြောင်း တစ်စုံတစ်ရာမရှိဘဲ ပြင်ပကိုထွက်ပြီး လမ်းမသလားဖို့ ပြဋ္ဌာန်း ထားပေမဲ့၊ အခြားဘာသာတွေမှာတော့ အဲဒီလိုစည်းကမ်းဟာ သီလရှင် Nuns လူတန်းစားတစ်ရပ်အတွက်ဘဲ ဖြစ်နေတာပါ။ (ဥပမာ-ခရစ်ယာန်သီလရှင်များ)

    ဟိန္ဒူဘာသာရဲ့ကျမ်း၊ ရိဝေဒ (Rig Veda) ကျမ်းအမှတ် ၈၊ မန္တန် အမှတ် ၃၃၊ အပိုဒ် ၁၉ မှာ အမျိုးသမီးတွေ အနေနဲ့ မိမိရဲ့မျက်လွှာကိုချထားဖို့၊ မိမိအဝတ်အစားနဲ့ ခေါင်းမြီးချုံ က ဖုံးကွယ်ထား တဲ့ အစိတ်အပိုင်းတွေကို မဖော်ဖို့၊ မိမိတို့ရဲ့ခြေထောက်တွေကို ခွဲမထားဖို့(စေ့ထားဖို့) ပြဋ္ဌာန်း ထားပါတယ်။

    ခရစ်ယာန်ဘာသာရဲ့သမ္မာကျမ်း ၊ ကောရိန္တုဩဝါဒစာ (၁)၊ ၁၁း၅၊၆ မှာ “မိန်းမမည်သည်ကား၊ မိမိ ခေါင်းကိုမဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက် ပြုသော၎င်း၊ မိမိခေါင်းအသရေကိုရှုတ်ချ၏။ ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည်မိမိ ခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင်ခေါင်းကိုဖုံးစေ။”

    ဟိန္ဒူဘာသာမှာအမျိုးသမီးတွေကို ခြေထောက်တောင် ခွဲမထားဖို့ (ကားမထားဖို့) တားမြစ် ထားတဲ့နောက်တော့ အိမ်တွင်းပုန်းခိုင်းထားသလား မပုန်းခိုင်းထားဘူးလား ဆိုတာကိုတော့ ကိုယ့်ဟာ ကိုယ်သာဆင်ခြင်ကြည့်ပါတော့လို့။ ရိဝေဒကျမ်းဟာ တမန်တော်မုဟမ္မဒ် မမွေးဖွားခင် နှစ်ပေါင်းများစွာ အရင်ကတည်းက ပေါ်ပေါက်ခဲ့တယ်ဆိုတာလောက်ကိုတော့သိမယ်လို့ ယူဆပါတယ် ခင်ဗျား။ ခရစ် ယာန် ဘာသာမှာတော့ အမျိုးသမီးတွေ ဦးခေါင်းကို မဖုံးရင် ဆံပင်ကိုရိတ်လို့တောင်ပြစ်ဒဏ် ပြဋ္ဌာန်း ထားပါသေးတယ်။ အစ္စလာမ် ဘာသာမှာတော့
    အမျိုးသမီးတွေ ဦးခေါင်း မဖုံးရင်၊ အကြောင်းတစ်စုံ တစ်ရာမရှိဘဲ အပြင်ထွက်ရင် အပြစ်ဒဏ်ပေးရတာမျိုး လုံးဝ မရှိပါခင်ဗျား။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [“ဒါကာ” နှင့် “ဓားကာ” အလွဲ- လူတို့သဘာဝ]

    ref

  • ရခိုင် သတင်းဌာန ၂ ခုမှ သတင်း ၃ ပုဒ် မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်

    ဇန်နဝါရီ ၁၈ ၊ ၂၀၁၃
    M-Media

    Naj
    ရခိုင် သတင်းဌာနများဖြစ်သော Arakan Review သတင်းဌာန မှ သတင်း ၂ ပုဒ် နှင့် ဘင်္ဂလားဒေရှ်အခြေစိုက် နီရဉ္စရာသတင်းဌာနမှ  သတင်းတစ်ပုဒ်တို့မှာ မှန်ကန်မှု့ မရှိကြောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင်သတင်း ထုတ်ပြန်လျက်ရှိသော ရဲဇာနည် FB စာမျက်နှာတွင် ဖော်ပြထားကြောင်းကို တွေ့ရှိရပါသည်။

    ရဲဇာနည် စာမျက်နှာမှ ဖော်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ။ နီရဉ္စရာသတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ

    နေပြည်တော်၊ ဇန်န၀ါရီ ၁၈
    ၁၀-၁-၂၀၁၃ ရက်နေ့ထုတ် နီရဉ္စရာသတင်းဌာနမှ ““နစကတပ်ဖွဲ့ဝင်ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးပျောက်ဆုံး”” ခေါင်းစဉ်ပါ ဖော်ပြချက်အား စိစစ်ခဲ့ရာ ၁၁-၁-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်မှ ၁၇၀၀ အချိန်ထိ မောင်တောမြို့၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင်ပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးမှ မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

    ၂။ Arakan Review သတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ

    ၁၀-၁-၂၀၁၃ ရက်နေ့ထုတ် Arakan Review သတင်းဌာနမှ ““ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စားဝတ်နေရေးဖယ်ရှားပေး”” ခေါင်းစဉ်ပါ သတင်းအားစိစစ်ခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းခွင်တွင် ပင်လယ်ရေအောက်ပိုက်လိုင်း သွယ်တန်းရာ လမ်းကြောင်း တစ်လျောက် ရေအောက်ကြမ်းပြင် ရှင်းလင်းရေးအား ဒေ၀ူးကုမ္ပဏီလက်အောက်ရှိ Dhardi ကုမ္ပဏီမှ ရေအောက်ရှင်းလင်းရေး သင်္ဘောဖြင့် ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ နဂါးမှော်ကျောက်တန်းအထိ ပင်လယ်ကူး သင်္ဘောကြီးများ ၀င်ထွက်မည့်လမ်းကြောင်း ရှင်းလင်းရေးဆောင်ရွက်ရာ အဆိုပါနေရာများတွင် ငါးဖမ်းခြင်းမပြုရန် တားမြစ်ထားခြင်းမရှိကြောင်း၊ ဒေသခံများမှ ငါးဖမ်းလျက်ရှိပြီး ရေလမ်းကြောင်း ပျက်စီးမှုမရှိကြောင်း၊ သန္တာကျောက်တန်းကြီးများ ပျက်စီးမှုမရှိကြောင်း၊ ငါးဖမ်းကွက်များလည်း ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါသတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

    ၃။ Arakan Review သတင်းဌာနမှသတင်းမှာ မှန်ကန်မှုမရှိ

    ၁၃-၁-၂၀၁၃ ရက်နေ့ထုတ် Arakan Review သတင်းဌာနမှ ဖော်ပြပါရှိသည့် ““ ရခိုင်လူမျိုး အစိုးရတပ်သားတစ်ဦးအား ဘင်္ဂလီများ အကြမ်းဖက်တိုက်ခိုက်၊ လက်နက်များလုယူ ထွက်ပြေး””သတင်းတွင် တပ်မတော်သားတစ်ဦးအား ဘင်္ဂလီလူမျိုးမှ ဓါးဖြင့်ခုတ်ခဲ့သည်မှာ မှန်ကန်သော်လည်း လက်နက်များ လုယူထွက်ပြေးသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

  • ကရင်ပြည်အနှံ မွတ်စလင်မုန်းတီးရေး ၀ါဒဖြန့် စာရွက်များနှင့် စီဒီခွေများ ရွှေကျီး ရောင်းဝယ်ရေးမှ ဖြန့်ဝေခဲ့

    ဇန်နဝါရီ ၉ ၊၂၀၁၃
    M-Media
    နေသစ်ထွန်း

    မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး
    မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး

    အစ္စလာမ် ဘာသာ အား တိုက်ခိုက်စော်ကားထားသည့် မွတ်စလင် မုန်းတီးရေး ၀ါဒဖြန့် စာရွက်များ၊ ဗွီစီဒီ ခွေများကို မော်လမြိုင်မြို့ အခြေစိုက် ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေးမှ ဘားအံ ၊ ကော့ကရိတ် ၊ ကျုံဒိုး ၊ ရွှေဂွန်း မြို့များတွင် အခမဲ့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ “ရွှေကျီး အမှုန့်လုပ်ငန်းက ဖြန့်ချီရေး ကား နဲ့ လာပြီးတော့ မွတ်စလင် မုန်းတီးရေး အခွေတွေ ၊ စာရွက်စာတမ်းတွေ ကျုံဒိုးမှ ဝေပါတယ်။ ကျုံဒိုးဈေးနား မှာဆိုရင် တောက နေ ဈေးလာ ၀ယ်တဲ့ ကရင်လူမျိုးတွေကို လိုက်ပေးပါတယ်” ဟု မျက်မြင်တွေ့ခဲ့ရသူ ကျုံဒိုးမြို့ခံ တစ်ဦးက ပြောပါသည်။

    ယင်းသို့ဖြန့်ဝေခဲ့ခြင်းကို အာဏာပိုင်များ သိရှိသော်လည်း မည်သို့မျှ တားမြစ် အရေးယူခြင်းမရှိကြောင်း ၄င်း ဒေသခံ က ပြောပါသည်။

    ကျုံဒိုး မှာ ရွှေကျီးအမှုန့်ရောင်းဝယ်ရေးက မွတ်စလင်မုန်းတီးရေး စာ ၊ အခွေတွေ ဖြန့်ချီတဲ့ ရက်စွဲကတော့ တန်ဆောင်မုန်းလပြည့်နေ (28.11.12) ၊ ဘားအံ မြို့နယ် ဘက်မှာ ဖြန့်ဝေတဲ့ နေ့က 27.11.12 ၊ ကော့ကရိတ်မှာ ဖြန့်တဲ့ နေ့က 29.11.12 ရက်တွေဖြစ်ပါသည်။ ဖြန့်တဲ့ စာတွေ ၊ အခွေတွေကတော့ ၊ မုတ္တမ နန်းဦးဘုန်းကြီး ဟောထားတဲ့ အခွေ တွေရယ် အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ မွတ်စလင် ဆန့်ကျင်ရေး စာရွက်တွေ  ကြောင်းကို  ၄င်းမြို့များရှိ အစ္စလာမ် ဘာသာဝင်များက ပြောပါသည်။

    IMG_1678
    မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး

    ၂၀၁၂ အောက်တိုဘာလမှ စ၍ သိသိသာသာ အားကောင်းလာသော ကရင်ပြည်နယ် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဘုန်းကြီးအချို့  ဦးဆောင်နေပြီး ဒေသခံ စီးပွားရေး လုပ်ငန်းအချို့ ငွေကြေး ထောက်ပံ့ပေး ကြောင်း သိရသည်။

    မော်လမြိုင်ဈေးကြိုပွဲရုံတန်းတွင် အခြေစိုက် ထားသော ရွှေကျီးရောင်းဝယ်ရေး လုပ်ငန်းသည် အမှုန်ကြိတ် လုပ်ငန်း၊ အဓိကထား လုပ်ကိုင်နေပြီး မွတ်စလင်ဆန့်ကျင်ရေး တရားဟောကြားသူ မုတ္တမမြို့ နန်းဦး စာသင်တိုက် ဘုန်းကြီးအား ထောက်ပံ့ပေးနေသူလည်းဖြစ်သည်

  • သမိုင်းဟူသည် ဤသို့တည်-၇ [ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ- ဘုန်းတော်ကြီးများကိုလေးစားပါ ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

     

    Thamine-Hu-the

    ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ

    ထေရဝါဒသာသနာ အိန္ဒိယ က ကွယ်ရခြင်းအကြောင်းရဲ့ တရားခံ ဟာ မွတ်စ်လင်မ် တွေဘဲ လို့ သတ်မှတ်လို့လုံးဝမရပါဘူး။ ဘာကြောင့်လဲ ဆိုရင် ထေရဝါဒ သာသနာဟာ တူရကီ ခိလ်ဂျီ ရဲ့ စစ်တပ် အိန္ဒိယကို မတိုက်ခိုက်ခင်ကတည်းက ကွယ်ပနေခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကရှိနေခဲ့တဲ့ အယူဝါဒ ဟာလည်း ထေရဝါဒဗုဒ္ဓဘာသာလုံးဝ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာအမည်ခံ အရည်းကြီးဝါဒ သာဖြစ်နေလို့ပါ။ ဘယ်လိုဘဲ ဖြစ်ပါစေ၊ ခိလ်ဂျီရဲ့စစ်တပ်ဟာ လက်နက်ကိုင်ဆောင်စစ်ပြုခြင်း မရှိတဲ့မှော်ဆရာ အရည်းကြီးတွေကိုသတ်ဖြတ်မီးရှို့၊ တက္ကသိုလ်ကြီးကို ဖျက်စီးခဲ့တယ်ဆိုတာမှန်ခဲ့ရင် လည်း အဲဒီလုပ်ရပ်ကို အစ္စလာမ်ဘာသာက ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။

    ဘုန်းတော်ကြီးများကိုလေးစားပါ

    မွတ်စ်လင်မ်တွေကို စစ်မပြုတဲ့ ဘာသာခြားတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က လုံးဝခွင့်မပြုထားကြောင်း အထက်မှာ ကုရ်အာန်ကျမ်းရဲ့ပြဋ္ဌာန်းချက်တွေကိုတင်ပြပြီးပါပြီ။ အခု ဒီတစ်ခါ ဘာသာ ခြားဘုန်းကြီး ရဟန်းတွေကို မသတ်ဖြတ်ဖို့ တမန်တော်မုဟမ္မဒ် ကပြဋ္ဌာန်းခဲ့ကြောင်း ဩဝါဒတော်ကို တင်ပြပေးပါ့မယ်။

    တမန်တော်မုဟမ္မဒ် ရဲ့ ဩဝါဒမှတ်တမ်းကျမ်းတစ်ကျမ်းဖြစ်တဲ့ မုစန်နဖ် အိဗ်နုအဗီရှိုင်ယ်ဗဟ်အတွဲ (၆)၊ ဩဝါဒ အမှတ် (၃၃၁၃၂) မှာ တမန်တော်မုဟမ္မဒ် ရဲ့ တပည့်သားချင်းကြီး တစ်ဦး ဖြစ်တဲ့ အိဗ်နု အဗ္ဗာစ် က ဆင့်ပြန်ခဲ့တာက- တမန်တော်မုဟမ္မဒ် ဟာ သူ့ရဲ့ စစ်တပ်တွေကို ခုခံစစ် ဆင်နွှဲဖို့ ဩဝါဒခြွေတဲ့အခါတိုင်းမှာ “ဘုန်းကြီးကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သူတွေကို မသတ်ဖြတ်ကြနဲ့” လို့ မှာကြားလေ့ရှိပါတယ်။ ဒီ ဩဝါဒ ဟာ မွတ်စ်နဒ်အဗီယအ်လာဩဝါဒ ကျမ်း အတွဲ (၅) မှာ ဩဝါဒ အမှတ် (၂၆၅၀) အနေနဲ့ ပါရှိပါသေးတယ်။ ဒါ့အပြင် မွတ်စ်နဒ် အဟ်မဒ် ဩဝါဒကျမ်း အတွဲ (၄) မှာ လည်း ဩဝါဒ အမှတ် (၂၇၂၈) အနေနဲ့ပါရှိ ပါသေးတယ်ခင်ဗျား။

    အစ္စလာမ်ဘာသာဟာ လူတစ်ဦးတစ်ယောက်မွေးဖွားတဲ့အချိန်ကစလို့ သေဆုံးတဲ့ အထိကျင့်သုံးရတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်တွေ အတိအလင်းပြဋ္ဌာန်းထားတဲ့ ဘာသာဖြစ်ပါတယ်။ မွတ်စ်လင်မ်တစ်ဦးဟာ ချမ်းသာသူဖြစ်နေရင်ကျင့်သုံးရမယ့် ဥပဒေတွေရှိသလို၊ ဆင်းရဲသူဖြစ်နေရင်လည်း ကျင့်သုံးရမယ့်ဥပဒေတွေ ရှိပါတယ်။ စစ်မက် တိုက်ခိုက်ရင်လည်းဘဲ လိုက်နာကျင့်သုံး ရမယ့် ဥပဒေတွေရှိပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊ ဘုန်းကြီး ရဟန်း တွေကိုတိုက်ခိုက်ခြင်း မပြုရရုံမက လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ရန်သူတွေကိုတောင် တိုက်ခိုက်ခြင်းမပြုရပါဘူး။ ကုန်ကုန်ပြောရရင် ရန်သူတစ်ဦးဟာ မွတ်စ်လင်မ်တွေကို စစ်မြေပြင်မှာ တိုက် ခိုက် သတ်ဖြတ်နေတယ်ဆိုပါစို့၊ အကြောင်းမလှလို့တစ်ကြိမ် မှာ သူဟာ မွတ်စ်လင်မ်တစ်ဦး ရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံရတော့ မယ်ဆိုပါစို့၊ အဲဒီအချိန်မှာသူဟာ ကိုင်စွဲထားတဲ့ လက်နက်တွေကို လွှတ်ချပြီး “ငါဟာ မင်းကိုတိုက်ခိုက်သူမဟုတ်ပါ” လို့ ဆိုလာခဲ့ရင်၊ အဲဒီလူကို မွတ်စ်လင်မ် က တိုက်ခိုက်သတ်ဖြတ်လို့မရတော့ပါဘူး။ အစ္စလာမ်က ပြဋ္ဌာန်းထားတဲ့ စစ်သည်တော်ကျင့်ဝတ် ဟာ အဲဒီလောက်အထိ သိမ်မွေ့ပါတယ်။ ဖြူစင်တဲ့နှလုံးသားကိုရင်မှာပိုက်ပြီး အစွဲကင်းကင်း နဲ့လေ့လာကြည့်ပါလို့ တိုက်တွန်းအပ်ပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [မဂိုမင်းဆက် သမိုင်းအမှန် – အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား)