News @ M-Media
Category: Media To Monitor
  • အန္တရာယ်ရှိသည့် ရခိုင်အစီရင်ခံစာအား ဝေဖန်သူများ ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ
ိM-Media
    သြဂုတ် ၄ ရက်၊ ၂၀၁၃
    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားပြီး ဆက်ဆံမယ်၊ ဒုတိယသို့မဟုတ် တတိယတန်းစားနိုင်ငံသားတွေအဖြစ် ဆက်ဆံမယ်ဆိုရင် ဒါဟာ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ လက်ခံနိုင်စရာမရှိဘူး၊ ရိုဟင်ဂျာကိစ္စအတွက် မြန်မာနိုင်ငံက လွဲလို့ အခြားနိုင်ငံတွေမှာ တာဝန်မရှိဘူးရယ် လို့ ဗြိတိသျှလွှတ်တော်ဥက္ကဌက သြဂုတ် ၁ မှာပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စင်ထရယ်ဟိုတယ်မှာတော့ ဂီတပညာသည် Rick Heizman ခေါင်းဆောင်ရေးသားတဲ့ AHRD ရဲ့ ဘာသာရေးစော်ကားမှုတွေသာမက စိတ်ခံစားချက်တွေပါ ပါတဲ့ အငြင်းပွားဖွယ်ရာ ရခိုင်အစီရင် ခံစာ ကြေငြာခဲ့ပါတယ်။
    Rick Heizman ကို ပညာရှင်လို့ အလဲဗင်းမီဒီယာဂရုက ဖော်ပြထားပြီး အခြားနိုင်ငံတွေမှာ မွတ်စလင်အစွန်းရောက်တွေ အဖျက်လုပ်ငန်းတွေ လုပ်နေတာကြောင့် ရခိုင်မှာလည်း အဲဒီလိုဖြစ်နေတာရယ်လို့ သူ့အစီရင်ခံစာကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အလဲဗင်းဂရုက ဇူလိုင်လ ၁၃ ရက်နေ့နေ့စွဲနဲ့ သတင်းတစ်ပုဒ်တင်ပြခဲ့ပြီး အဲဒီသတင်းမှာ ရခိုင်ပြည်နယ်တွင်း မွတ်စလင်အကြမ်းဖက်မှု မရှိဘူးရယ်လို့ မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က ပြောကြားတဲ့အကြောင်း ရေးသားထားပြန်ပါတယ်။ မြန်မာအစိုးရအတွက် နိုင်ငံတကာထောက်ခံမှု လွယ်လွယ်ကူကူရနိုင်တဲ့ မွတ်စလင်အစွန်းရောက် အကြမ်းဖက်မှု မြန်မာပြည်တွင်းမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို မြန်မာအစိုးရတာဝန်ရှိသူတွေကိုယ်တိုင် တရားဝင်ပြောကြား အတည်ပြုတာမျိုး မရှိသေးပါဘူး။
    အလဲဗင်းဂရုက Rick Heizman ကို ပညာရှင်လို့ သုံးစွဲခဲ့ပေမယ့် ဘာပညာရှင်လို့တော့ ကွဲကွဲပြားပြား မဖော်ပြထားပါဘူး။ Rick Heizman ကတော့ အမေရိကန်နိုင်ငံသား မထင်မရှား ဂီတပညာသည်ဖြစ်ပါတယ်။ ဒါကြောင့် သူရေးတဲ့ ရခိုင်အစီရင်ခံစာကတော့ ပညာရှင်အဆင့် အစီရင်ခံစာလို့ သမုတ်ရမှာထက် “အမှိုက်” သို့မဟုတ် “အန္တရာယ်မှတ်တမ်း” လို့သာ ခေါ်ရမှာဖြစ်တဲ့အကြောင်း ပညာရှင်ဝေဖန်းရေးဆရာတွေက မှတ်ချက်ပြုပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရခိုင်တွေအတွက် အဖတ်ဆယ်ဖို့ ကြိုးစားတာက အရာမထင်ဘဲ တဆင့်တိုးလို့သာ ရခိုင်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်ကို ရည်ညွှန်းပြီး မိုက်မဲတဲ့ လူတန်းစားရယ်လို့ HRW ရဲ့ အာရှဒါရိုက်တာရဲ့ သမုတ်ခြင်းခံလိုက်ရပါတယ်။
    Rick Heizman ကတော့ အမေရိကနိုင်ငံ ဆန်ဖရန်စစ္စကိုနေ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မြန်မာအမျိုးသမီး ၊ ဂီတပညာရှင် မစုဝေနဲ့ ၂၀၀၉ ခုနှစ်တုန်းက လက်ထပ်ခဲ့ပါတယ်။ မစုဝေကိုတော့ ရခိုင်အမျိုးသမီးတစ်ဦး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု ဝေဖန်နေကြပေမယ့် သူမရဲ့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်ဒ်မှာတော့ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမျိုး မရှိပါဘူး။
    Rick Heizman ရေးသားတဲ့ အစီရင်ခံစာထွက်ပေါ်အပြီးမှာ မြန်မာတိုင်းမ်စ်က Critics slam ‘dangerous’ Rakhine Report ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတင်ပြခဲ့ပါတယ်။ အဲဒီသတင်းအပြည့်အစုံမြန်မာပြန်ကို M-Media ပရိသတ် ရှုစားနိုင်ကြပါပြီ။
    Rick tux guitar 2
    ရခိုင်အစီရင်ခံစာ ရေးသားသူ Rick Heizman (ဓာတ်ပုံ – baymusic.com)
    ရခိုင်ပြည်နယ်က မွတ်စလင် ၈သိန်းလောက်ကို ဘင်္ဂလားဒေ့ရှ်ကို ပို့ပစ်ဖို့ အဆိုပြုထားတဲ့ အစီရင်ခံစာတစ်စောင် သြဂုတ် ၁ရက်နေ့တုန်းက ထွက်ပေါ်လာ ပါတယ်။ စထွက်လာတဲ့နေ့မှာပဲ ပြင်းထန်တဲ့ အငြင်းပွားစရာတွေကို ဖြစ်ပျက်စေခဲ့ပါပြီ။ တချိုကတော့ ဒီအစီရင်ခံစာကို “အမှိုက်” အဆင့်သာသာပဲလို့ သမုတ်လိုက်သလို တချို့ကတော့ အဲဒီအစီရင်ခံစာကြောင့် တင်းမာမှုတွေ လောင်စာဆီဖြည့်တင်းပေးသလို ဖြစ်မှာပဲလို့ သတိပေးပြောကြားခဲ့ကြပါတယ်။
    “မြန်မာပြည်၊ ရခိုင်နယ်က ပဋိပက္ခနဲ့ အရှုပ်အထွေးများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို The Arakan Human Rights and Development Organization ခေါ် အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သြဂုတ် ၁ တုန်းက ရန်ကုန်မြို့စင်ထရယ်ဟိုတယ်မှာ အခမ်းအနားနဲ့ တင်ပြခဲ့ပါတယ်။
    အဲဒီအစီရင်ခံစာကတော့ ရခိုင်က မွတ်စလင်တွေကို နိုင်ငံသားပြုပိုင်ခွင့် မပေးဖို့တင်ပြထားသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား “လူအုပ်စု အပြန်အလှန်လဲလှယ်ခြင်း” လုပ်ကြဖို့ အဆိုပြုထားပါတယ်။ ဒါမှာသာလျှင် လူ ၂၀၀ လောက်သေကြေခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်း ကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
    ဒီအစီရင်ခံစာရေးတုန်းက ရိုဟင်ဂျာတစ်ဦးကိုတောင် အင်တာဗျူးမေးမြန်းပြီး သုတေသနလုပ်ထားတာမျိုး မရှိပါဘူး။ အစီရင်ခံစာ ကြေငြာ အပြီး ဆွေးနွေးပွဲလုပ်တော့ အဲဒီအစီရင်ခံစာရေးသားရာမှာ ခေါင်းဆောင်ခဲ့တဲ့ (အမေရိကန်နိုင်ငံသား၊ ဂီတပညာရှင်) Rick Heizman တစ်ယောက် ပရိသတ်အချို့ထံက စိတ်ဆိုးမာန်ဆိုးမှတ်ချက်တွေကိုသာ လက်ခံရရှိခဲ့ပါတယ်။
    “ကျွန်တော်တို့ အဲဒီအစီရင်ခံစာကို အမှိုက်စာရင်းထဲ ထည့်ရမယ်၊ ဒါပါပဲ” လို့ အဲဒီအခမ်းအနားမှာတင် အရှေ့တောင်အာရှ သမိုင်းလေ့လာသူ PhD ကျောင်းသားတစ်ဦးက ကြေငြာခဲ့ပါတယ်။
    “အာရကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ လူချင်းလဲလှယ်ဖို့ဆိုတာက အမြော်အမြင်မပါတဲ့ ကိစ္စပဲ။ အမေရိကန်သမ္မတ အိုဘာမားလို အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကို အာဖရိကပြန်သွားဆိုပြီး လဲလှယ်လို့ ရနိုင်မလား? အတူပူးတွဲနေကြဖို့နဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးမှုတွေက ပိုကောင်းပါတယ်။ အခုခင်ဗျားဒီစာနယ်ဇင်းတွေ့ဆုံပွဲမှာလို အမုန်းတရားတွေ ဖြန့်ကျဲလိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။” ဟု မြန်မာ့လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
    မြန်မာပြည်ဆိုင်ရာ ဂျာမနီသံရုံးရဲ့ သံအရာရှိတစ်ဦးကတော့ ဒီအစီရင်ခံစာကို “တကယ့် အန္တရာယ်ရှိတဲ့ အစီရင်ခံစာပဲ၊ ဒါမျိုးကို ကျွန်တော်တို့ အတည်အတန့် ထည့်စဉ်းစားဖို့ မဖြစ်နိုင်ဘူး။” လို့ ဆိုပြန်ပါတယ်။ သူမက “ကျွန်မ အခု ကျွန်မရဲ့ရပ်တည်ချက်ကို ပြောချင်တယ်။ ခင်ဗျားရဲ့ (Rick Heizman ကို ရည်ညွှန်း) တင်ပြမှုတွေကိုလည်း နားထောင်တယ်၊ အစီရင်ခံကိုလည်း ဖတ်ပါတယ်။ ခင်ဗျားရဲ့ အစီရင်ခံစာက တဖက်သတ်ပါပဲ၊ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားက ပြဿနာကို အလွန်ဆိုးဆိုးရွားရွားကို မှားယွင်းစွာ သုံးသပ်ပြီး အဖြေထုတ်ထားတယ်။” ဟု ပြောခဲ့ပါတယ်။
    အာရကန် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးအောင်မရမ်းဦးကတော့ အစီရင်ခံစာက တဖက်သတ်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ သဘောတူခဲ့ပေမယ့် သူတို့အစီရင်ခံစာက အပြုသဘောဆောင်ဆဲပါလို့ အမေးအဖြေကဏ္ဍမှာ ပြောခဲ့ပါတယ်။ “ဒါက လျစ်လျူရှုခံထားရတဲ့ ရခိုင်ဘက်က သမိုင်းကြောင်းပါပဲ” လို့ သူက အစီရင်ခံစာကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
    Rick Heizman ကတော့ မေးခွန်းတော်တော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအနေအထား ကို မေးတဲ့ မေးခွန်းမျိုးတွေလည်း ပါခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ သူက အခုအချိန်မှာ ဖြေဖို့မလိုဘူးဆိုပြီး ပယ်ချသွားခဲ့ပါတယ်။ သူရဲ့ တင်ပြပြောဆိုမှု ပြီးချိန်မှာ လုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာတော့ သူက – “ကျွန်တော့်ပညာရပ်ဆိုင်ရာ အထောက်အထားကတော့ဗျာ၊ ကျွန်တော် ဒီနေရာကို အကြိမ်များစွာ ရောက်ဖူးတယ်” ဟုသာ အဖြေပေးခဲ့ပါတယ်။
    Rick Heizman ရဲ့ ဘ၀ဇတ်ကြောင်းတွေကို အင်တာနက်မှာ တွေ့မြင်ဖတ်ရှုနေရတာနဲ့ ပတ်သတ်ပြီးလည်း မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ Thingsasian.com က Rick Heizman ကိုအင်တာဗျူးလုပ်ထားပြီး သူတို့ရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီမှာ Rick Heizman ရဲ့ ကိုယ်ရေး အချက်အလက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ Rick Heizman က နယူးယောက်ကဖြစ်ပေမယ့် ဆန်ဖရန်စစ္စကိုမှာ နေပါတယ်။ ဆန်ဟိုဆေးအစိုးရတက္ကသိုလ်ကနေ ဂီတနဲ့ပတ်သတ်ပြီး (ထုတ်လုပ်ရေး + ဂီတာ) ၀ိဇ္ဇာ ဘီအေဘွဲ့ ရရှိထားပါတယ်။
    အဲဒီ အင်တာဗျူးဆောင်းပါးမှာ – “Rick Heizman က မြန်မာပြည်ကို တိုင်ပြည်ကြီးတစ်ခုရယ်လို့ ခံစားမှတ်ယူကြောင်း၊ မြန်မာပြည်ကလူတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားကြောင်း၊ ဒါ့ပြင် ဘယ်လိုအစိုးရမျိုးကို ဖွဲ့စည်းရမလဲဆိုတဲ့ ကိစ္စကိုလည်း စိတ်ဝင်စားကြောင်း၊ သူက မြန်မာပြည်ကို မကြာခဏ လာတဲ့အတွက် သူငယ်ချင်းကောင်းတွေ ရရှိခဲ့ကြောင်း၊ ဒါ့ပြင်သူက မြန်မာ့ နိုင်ငံရေးဘက်မှာလည်း အမြော်အမြင်ရှိရှိ ပါဝင်ဆောင်ရွက်နေအကြောင်း” ဖော်ပြထားပါတယ်။
    Baymusic.com လို့ခေါ်တဲ့ မင်္ဂလာဆောင်အခမ်းအနားတွေ၊ အခြားလူမှုပူးပေါင်းဆောင်ရွက်မှုတွေမှာ ဂီတာလိုက်တီးတဲ့ ဂီတသမားတွေအတွက် ရည်ရွယ်ပြီး သူတို့ရဲ့ လိပ်စာတွေ အချက်အလက်တွေကို အင်တာနက်မှာ တင်ပြပေးနိုင်ဖို့ စီစဉ်ထားတဲ့ ၀က်ဘ်ဆိုက်ဒ်မှာလည်း Rick Heizman က ဒီနှစ်ထဲမှာ သူ့ရဲ့အချက်အလက်တွေကို တင်ခဲ့ပါတယ်။
    ဝေဖန်မှုတွေ ရှိနေပေမယ့် သူရေးရဲ့ အစီရင်ခံစာကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့ရဲ့ သဘောဆန္ဒတွေကိုလည်း အနည်းဆုံး ထင်ဟပ်ဖော်ပြထားပါတယ်။ မြန်မာတိုင်းမ်စ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်မြိုင်တို့ မကြာသေးမီက အင်တာဗျူးမေးမြန်းခဲ့တဲ့အခါ သူက ရိုဟင်ဂျာတွေကို “ခိုးဝင်လာတဲ့ ဘင်္ဂါလီ” တွေ၊ သူတို့ကို နိုင်ငံတွင်းကနေ အင်အားသုံး မောင်းထုတ်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။
    Rick Heizman လိုပါပဲ၊ ဦးဝင်မြိုင်ကလည်း အနောက်မီဒီယာတွေသာမက ထောက်ပံ့ရေးအဖွဲ့တွေကလည်း ရခိုင်တွေကို တလွဲမြင်နေကြတယ်လို့ ရှည်လျားစွာ ပြောပြခဲ့ပါတယ်။ သူက ကုလနဲ့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW တို့ကို ရည်ညွှန်းပြီး အဲဒီလို ပြောခဲ့တာပါ။ “သူတို့မှာ မွတ်စလင်ကို ပရိုမုတ်လုပ်တဲ့ ဘက်လိုက်မှုတွေ ရှိနေတယ်” လို့ သူကဆိုပါတယ်။
    ဒါ့ပြင်သူ ရဲနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပဋိပက္ခကြောင့် အိမ်ယာမဲ့မွတ်စလင်တွေကို နေရာချပေးထားတဲ့ စခန်းတွေရဲ့ ညစ်ပတ်ဆုတ်ခြာပုံတွေကို ဖော်ပြထားတဲ့ အစီရင်ခံစာတွေက မွတ်စလင်အစွန်းရောက်တွေရဲ့ မှားယွင်းစွာပုံဖော်ထားချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်ယာမဲ့ခဲ့ကြတဲ့ မွတ်စလင်တွေက ဘာကြောင့် အဲဒီလို နေစရာပျောက်ရတာလဲဆိုတော့ သူတို့က တခြားရခိုင်အိမ်တွေမှာ မီးသင့်ရအောင် ရည်ရွယ်ပြီးကိုယ့်အိမ်ကို ပြန်မီးရှို့တယ်၊ ကုလအေဂျင်စီတွေက အစားထိုးဆောက်ပေးတဲ့ အိမ်ကောင်းတွေရဖို့ ရည်ရွယ်ပြီး လုပ်ကြတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
    HRW ရဲ့ အာရှဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်ကတော့ ဒါမျိုးမှတ်ချက်ကို “အထောက်အထားမဲ့ ဟာသပျက်လုံး” ရယ်လို့ ၀ိသေသပြု ပြောဆိုခဲ့ပါတယ်။
    မစ္စတာရောဘတ်ဆင်က – “သူက ရခိုင်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေကိုချည့် ထပ်တလဲလဲပြောနေတယ်။ အဲဒီပုံပြင်တွေကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဇွန်လပဋိပက္ခတုန်းကတည်းက ဖန်တီးထားကြတာပဲ။ ဒါမျိုးပြောဆိုချက်တွေကို ဘယ်သူမှမယုံဘူး၊ ဒါမျိုးထပ်ပြောရင် အဲဒီလူကို အရူးလို့ပဲ မြင်ရမှာပဲ။” ဟု ပြောဆိုခဲ့ပါတယ်။
    “ကြိုက်တဲ့ဘက်က နှိုင်းယှဉ်နိုင်တယ်၊ ရိုဟင်ဂျာတွေက အိုင်ဒီပီစခန်းတွေမှာ ခက်ခဲကြပ်တည်းစွာ တားဆီးပိတ်လှောင်ခံထားရတယ်။ အထောက်အပံ့မရှိဘူး၊ ပညာရေးအတွက်လည်း အခွင့်အရေးမရှိဘူး၊ ကျန်းမာရေးနဲ့ အခြားအခြေခံလိုအပ်ချက်ရောပေါ့ဗျာ” ဟု မစ္စတာ ရောဘတ်ဆင်က ပြောပါတယ်။
    HRW မှာ ရခိုင်တွေနဲ့ဆန့်ကျင်ပြီး ဘက်လိုက်တာမျိုး ဘာမှမရှိဘူး။ ဦးဝင်းမြိုင်က “သတင်းဆိုးတွေ ပေးလို့ အပြစ်တင်မခံရတဲ့ပုံမျိုး” ဖမ်းနေတာပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ အချက်အချို့ရှိတယ်၊ သူက အဲဒီအချက်တွေကို ကိုယ်တိုင်တောင် ကြိုက်တာမဟုတ်ဘူး၊ အဲဒီအချက်တွေက ကျွန်တော်တို့ ပြောတဲ့ လူမျိုးရေး သုတ်သင်မှု၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ ရာဇ၀တ်မှု စတာတွေကို ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်မှာ ကျူးလွန်ခဲ့ကြတယ်၊ (ဒါပါပဲ။)” လို့ မစ္စတာ ရောဘတ်ဆင်က ပြောပြခဲ့ပါတယ်။
    ရိုဟင်ဂျာများဘက်ကနေ ဆောင်ရွက်ပေးနေတဲ့ အာရကန်ပရောဂျက်ခေါင်းဆောင် ခရစ်လီဝကတော့ ဦးဝင်းမြိုင်ရဲ့ မှတ်ချက်ကို ချက်ချင်းပယ်ချပြီး “ပျက်လုံးဖြစ်နေလို့ မှတ်ချက်ပေးစရာ မလိုပါဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။
    “ဒါမျိုးအမှန်ကို လက်မခံငြင်းပယ်တာက ရခိုင်မှာ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေစေမှာပဲ” လို့ သူမက ဆိုပါတယ်။
  • မည်သည့် ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ် ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ
    မည်သည့် ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ် ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ
    ဇူလိုင်-၂၈၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်- ရွှေခေတ်ဦး
    အလဲဗင်းမီဒီယာသည် ယနေ့နေ့စွဲဖြင့် စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း ခေါင်းစဉ်ပါ အကြောင်းအရာကို မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ရေးသားနိုင်သော ၀ီကီမှ ဘာသာပြန်ဖော်ပြထားပါသည်။ ထိုဆောင်းပါးပါ အကြောင်းအရာ၏ အဓိကဆိုလိုရင်းဖြစ်သော စင်ကာပူတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူလက်ထပ်ပါက မွတ်စလင်မဟုတ်သူက ဘာသာပြောင်းရသည် (သို့မဟုတ်) ယင်းသို့ လက်ထပ်ပိုင်ခွင့်မရှိဆိုသည့် အချက်မှာ လွဲမှားသောအချက်ဖြစ်သလို အလဲဗင်းဂရုသည်လည်း စင်ကာပူအစိုးရ၏ ဥပဒေမူများ၊ မွတ်စလင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားပါက အပြစ်ဒဏ်ပေးရန် ဖော်ပြထားခြင်းမရှိသော အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာန်ကျမ်းစာပါ အချက်များကို လေ့လာဆန်းစစ်ခြင်း မရှိကြောင်း ထင်ရှားသိသာသဖြင့် အများပြည်သူအကျိုးအလို့ငှာ M-Media မှ ဤဆောင်းပါးကို တင်ဆက်အပ်ပါသည်။
    9. Can 1 Muslim and 1 non-Muslim marry at the ROM?
    Yes, under Civil Marriage Law.
    နံပါတ် ၉. မွတ်စလင်တစ်ယောက်နှင့် မွတ်စလင်မဟုတ်သူတို့ ROM (Registry of Marriage) တွင် လက်ထပ်နိုင်ပါသလား။
    အဖြေ – ဟုတ်ကဲ့၊ (စင်ကာပူ၏) အများပြည်သူ လက်ထပ်ထိမ်းမြားခြင်းဥပဒေအရ လက်ထပ်ထိမ်းမြားခွင့်ရှိပါသည်။
    (app.rom.gov.sg/reg_info/rom_other.asp)
    ရွှေည၀ါဆရာတော်က RFA နှင့် အင်တာဗျူးမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုဟာ တိုင်းပြည်အနာဂတ်အတွက် ၁၉၆၅ခုနှစ်နောက်ပိုင်းတွင် မျိုးစောင့် ဥပဒေကို ပြဌာန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံဟာလည်း စင်ကာပူရဲ့ ဥပဒေကို အတုယူကာ မျိုးစောင့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်တယ်လို့ မှားယွင်းသော အချက်အလက်ကို လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ (www.facebook.com/photo.php?v=10200824748615065)
    (www.dmoethar.com/2013/04/blog-post_351.html) “မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ” ဟူသော ပို့စ်ကိုလည်း မိုးကြီးအမည်ရ လူတစ်ယောက်က ရေးသားဖော်ပြခဲ့တယ်။ ၄င်းရေးသား ခဲ့သော အကြောင်းအရာ အများစုဟာ အမှားများဖြစ်သလို ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု ဖြစ်စေရန် မဟုတ်မမှန်လုပ်ကြံ လှုံ့ဆော်မှု တစ်ရပ်သာဖြစ် ပါတယ်။
    အစွန်းရောက်မြန်မာအချို့က Facebook ပေါ်မှာ ဒီပို့စ်ကို အုတ်ကျော်သောင်းနင်း ၀မ်းပန်းတသာ Share နေကြပါတယ်။ မသိတဲ့သူရေးတာကို မတတ်တဲ့ သူ လိုက်နာမှတ်သားတယ်ဆိုသလို စင်ကာပူနိုင်ငံပြင်ပနေလို့ မသိတဲ့သူတွေ အဲဒီပို့စ်ကို ယုံကြည်တယ်ဆိုရင် လက်ခံဖွယ်ရာရှိပေမယ့် စင်ကာ ပူရောက် မြန်မာများကပါ အားတက်သရော ယုံကြည်နေကြတာ အလွန်စိတ်ပျက် ဖွယ်ရာ ကောင်းလှပါတယ်။
    စင်ကာပူနိုင်ငံသားများသိရှိထားတဲ့ ၄င်းတို့တိုင်းပြည်ဥပဒေကို မဟုတ်မမှန်ရေးသား အလွဲသုံးစား ခုတုံးလုပ်သော မြန်မာနိုင်ငံဟု သတ်မှတ်ခံရပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာ ပိုမိုကျဆင်းရပါလိမ့်မည်။
    စင်ကာပူမှာနေထိုင်သောမြန်မာဖြစ်စေ၊ မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများတွင်နေထိုင်သော မြန်မာများဖြစ်စေ၊ အကြောင်း အရာတစ်ခုခုကိုတွေ့ရှိပါက သတင်းအမှားအမှန်ကို နောက်နောင်တွင် ခွဲခြားသိမြင်စေချင်သော စေတနာဖြင့် ခိုင်လုံသော အထောက်အထားများ ရှာဖွေစုဆောင်းပြီး ဤဆောင်းပါးကို ရေးသားအပ်ပါတယ်။
    (၁) စင်ကာပူနိုင်ငံ လက်ထပ်ခြင်းဥပဒေ
    စင်ကာပူနိုင်ငံမှာ ROM (Registry of Marriage) နှင့် ROMM (Registry of Muslim Marriages) ဟူသော လက်ထပ်မော်ကွန်းရုံး (၂) ရုံးရှိပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဥပဒေ Women’s Charter (Cap 353) ကတော့ Civil Marriage အောက်တွင် မှတ်တမ်းတင် လက်ထပ်ခြင်း ကို ကိုယ်စားပြုပါတယ်။ Administration of Muslim Law Act (Cap 3) ကတော့ Muslim Marriage အောက်တွင် မှတ်တမ်းတင်လက် ထပ်ခြင်းကို ကိုယ်စားပြုပါတယ်။
    (က) ROM (Civil Marriage)
    ROM (Civil Marriage) မှာ လက်ထပ်သူ နှစ်ဦးစလုံး မွတ်စလင် ဇနီးမောင်နှံမှလွဲပြီး အခြား ဘာသာတူဇနီးမောင်နှံများ၊ Inter-Faith Marriage ဟုခေါ်ဆိုသော ဘာသာမတူသော ဇနီးမောင်နှံများ (အစ္စလာမ် အပါအ၀င် မည်သည့်ဘာသာဝင်မဆို) Women’s Charter (Cap 353)အရ လက်ထပ်ပိုင်ခွင့်ရှိပါတယ်။
    ROM (Civil Marriage) မှ မွတ်စလင် အမျိုးသားတစ်ယောက်ဟာ မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခြင်း၊ မွတ်စလင် မဟုတ်တဲ့ အမျိုးသားတစ်ယောက်ဟာ မွတ်စလင် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။ ROM (Civil Marriage) မှာ လက်မှတ်ထိုးလက်ထပ်ဖို့ မွတ်စလင်တစ်ယောက်က အခြားဘာသာသို့ ဥပဒေအရ မဖြစ်မနေကူးပြောင်းရမည်ဆိုတဲ့ အချက်ကတော့ လုံးဝမှားယွင်းပါတယ်။
    အခြားဘာသာဝင်ဖြစ်ပါသည်ဟု လိမ်လည်ထွက်ဆိုရန် လုံးဝမလိုပါ။ မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို Civil Law အောက်မှာ Women’s Charter အရ ဖြေရှင်းပါတယ်။ တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးရပါတယ်။ ရှရီယာဥပဒေ (Administration of Muslim Law Act) ဖြင့် ဖြေရှင်းပိုင်ခွင့်မရှိပါ။ မွတ်စလင်နဲ့မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှံက ROM (Civil Marriage)မှာ မှတ်ပုံတင်ပါက Majlis Ugama Islam Singapura (MUIS) – Islamic Religious Council of Singapore မှ ထို Muslim အား မည်သည့် အကြောင်းအရာကြောင့် ROM (Civil Marriage) တွင် လက်ထပ်ခြင်းဖြစ်သည်ဆိုတာကို Counciling လုပ်ပါသည်။ သို့ပေသော်လည်း ဆုံးဖြတ်ချက်မှာ ကာယကံရှင်သာ မူတည်ပါသည်။ မည်သူမျှ တားပိုင်ခွင့်မရှိပါ။
    http://en.wikipedia.org/wiki/Matrimonial_law_of_Singapore မှာ ဖော်ပြထားတဲ့ Inter-faith Marriage အပိုဒ်ဟာ လုံးဝမှားယွင်းနေ ပါတယ်။ စာရေးသူကိုယ်တိုင် Email ပို့မေးမြန်းထား သည်ကို ROM မှ အသေးစိတ်ဖြေကြားထားပုံကိုလည်း Screen Shot နှင့်တကွ ဖော်ပြပေး လိုက်ပါတယ်။
    စင်ကာပူတွင်နေထိုင်သူများအနေဖြင့် ယခုရေးသားထားသော အချက်အလက်များ မှန်/မမှန်သိရှိလိုပါက ROM (Civil Marriage)Enquiry Line: 6338 7808 (Monday – Friday: 8.30am to 5.00pm, Saturday – 8.30am to 12.00pm) အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ စင်ကာပူပြင်ပတွင်နေထိုင်သူများအနေဖြင့် ROM(Civil Marriage) official website, Feedback Page https://app.rom.gov.sg/sitewide/rom_feedback.asp တွင် Email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
    1
    ROM (Civil Marriage) Certificate နမူနာ
    2
    ROM (Civil Marriage) သို့ ဆက်သွယ်မေးမြန်းထားသော Email
    (ခ)ROMM (Muslim Marriage)
    ROMM (Registry of Muslim Marriages)တွင် အစ္စလာမ့်တရားတော်နှင့်အညီ နိကာဟ် လက်ထပ်ထိမ်းမြားခြင်း ကိုဆောင်ရွက်ပေးပါတယ်။ လက်ထပ်မည့်ဇနီးမောင်နှံ နှစ်ယောက်စလုံးက Muslim ဖြစ်ခဲ့လျှင် ROM (Civil) တွင် လက်ထပ်ပိုင်ခွင့်မရှိပါ။
    Muslim အမျိုးသားတစ်ယောက်ဟာ Muslim အမျိုးသမီး(၄)ယောက်နှင့် တပြိုင်နက်ပေါင်းသင်းခွင့်ရှိပါတယ်။ သို့သော် ဇနီးမယားတစ်ဦးထက် ပိုမိုလက် ထပ်လိုသော အမျိုးသားအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် အောက်ပါခြွင်းချက်များကို ကန့်သတ်ထားပါတယ်။
    (၁) တစ်ဦးထက်ပိုသော ဇနီးများကို ငွေကြေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းရာများတွင် မျှတစွာခွဲဝေစောင့်ရှောက်နိုင်ရမည်။
    (၂) လက်ရှိအိမ်ထောင်ရေးသာယာသူဖြစ်ပြီး နောက်အိမ်ထောင်ပြုခြင်းဟာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် မဖြစ်စေရ။
    (၃) အသေးစိတ်အကြောင်းပြချက်၊ ဒုတိယအိမ်ထောင်ဖက်သည် ပထမအိမ်ထောင်ဖက် မပေးစွမ်းနိုင်သည်ကို ပေးစွမ်းနိုင်ခြင်း။ (ဥပမာ – ပထမအိမ်ထောင် ဖက်သည် သားသမီးမရနိုင်သောကြောင့် ဒုတိယဇနီးမယားအား အိမ်ထောင်ထပ်ပြုခြင်း)။ ဤနေရာတွင် အချစ်ကြောင့်ဟုအကြောင်းပြခြင်းလက်မခံပါ။
    အသေးစိတ်အချက်အလက်များကို ROMM (Registry of Muslim Marriages) Official Website –
    app.romm.gov.sg/about_marriage/romm_polygyny.asp တွင် သွားရောက်လေ့လာနိုင်ပါသည်။ Dmoethar blog မှာ တင်ပေးထား တဲ့ အောက်ပါ Link ဟာ အချက်အလက် အမှားများဖြစ်သည်ဆိုတာ Official Website နဲ့ နှိုင်းယှဉ်လေ့လာ နိုင်ပါတယ်။
    (ဂ) ROM (Civil Marriage) မှ ROMM (Muslim Marriage) သို့ ကူးပြောင်းခြင်း
    ထပ်မံတင်ပြခြင်းတဲ့အကြောင်းအရာကတော့ ROM (Civil Marriage)လက်ထပ်ထားသော မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်စလုံး အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ဖြစ်စေ ၊ Inter-faith Marriage အနေနဲ့ လက်ထပ်ထားတဲ့ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှမှာ မွတ်စလင်မဟုတ်သူက အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ဖြစ်စေ၊ ဇနီးမောင်နှံ ၂ဦးစလုံး မွတ်စလင် ဖြစ်သွားတဲ့အခါ ROMM ကို အကြောင်းကြား ရပါတယ်။ အစ္စလာမ့်တရားတော်နှင့်အညီ နိကာဟ် ထိမ်းမြားရပါတယ်။ ဤဇနီးမောင်နှံများရဲ့ လက်ထပ်စာချုပ်မှတ်ပုံတင် နံပါတ်သည် ROM (Civil Marriage) အောက်တွင်သာ ဆက်လက်တည်ရှိပြီး ROMM (Muslim Marriage)မှ အစ္စလာမ့်တရားတော်နှင့်အညီ ထိမ်းမြားပြီး ဖြစ်ကြောင်း ထောက်ခံစာနှင့်အတူ မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို ရှာရီယာဥပဒေ (Administration of Muslim Law Act) အရ ဆောင် မည်ဖြစ်ကြောင်း တပါတည်းရေးသားထားပါတယ်။ ထိုဇနီးမောင်နှံများဟာ Civil Law အောက်တွင် မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို Women’s Charter အရ ဖြေရှင်းခွင့်မရှိတော့ပါဘူး။
    ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အစ္စလာမ်သာသနာဝင်များအား ပါးနပ်စွာဖိနှိပ်ချုပ်ချယ်ချင်သဖြင့် မွတ်စလင်နဲ့အခြား ဘာသာဝင်အား လက်ထပ်ခြင်းခွင့်ကို ပိတ်ပင် ထားသည်ဆိုသော အချက်မှာ လုံးဝမှားယွင်းသောအချက်ဖြစ်ပါသည်။ စင်ကာပူဥပဒေပြုလွှတ်တော်မှာ သူရရွှေမန်းကဲ့သို့ အာဏာရှိတဲ့သူဟာ မွတ်စလင် အမျိုးသမီးဖြစ်တယ်ဆိုတာ သတိချပ်ကြပါ။ အသက်(၂၁)နှင့်အထက်ဖြစ်ပါက ဘာသာတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မည်သူမျှ လက်ထပ်ခြင်းကို ကန့်ကွက်လို့မရပါဘူး။ အမျိုးသမီးများရဲ့အခွင့်အရေးကို ပိတ်ပင်ထားခြင်းမရှိပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ယောက်ဟာ မိမိဘာသာအပေါ် မည်မျှယုံကြည်သက်ဝင်မှုရှိသည်ဆိုတဲ့အချက်နှင့်သာ သက်ဆိုင်ပါတယ်။
    (၂) ROMM (Registry of Muslim Marriages) သည် ၁၉၆၆ခုနှစ် မတိုင်မီတည်းက တည်ရှိခြင်း
    ROMM (Muslim Marriage) Administration of Muslim Law Act (Cap 3)က ၁၉၆၆ ခုနှစ်မှာ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုမှ မွတ်စလင် လူမျိုးစီမံကိန်းအား တားမြစ်ရန်ပြဌာန်းခြင်းဆိုသော အချက်မှာလည်း လုံးဝမှားယွင်းပါသည်။ ROMM(Muslim Marriage)ရဲ့သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက ၁၈၈၀ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။
    1. Mahommedan Marriage Ordinance V of 1880
    2. Mahommedan Marriage Ordinance Amendment Ordinance XIII of 1894
    3. Mahommedan Marriage Ordinance 1880 Amendment Ordinance 1902 XXXIV of 1902
    ၁၉၅၇ ခုနှစ်မှာ Mahommedan Marriage Ordinane (မဟာမေဒင်လက်ထပ်ထိမ်းမြားခြင်းဥပဒေ) ကို ပြုပြင်ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး Muslim Ordinance (မွတ်စလင်ဥပဒေ) လို့ အမည်ပေးခဲ့ပါတယ်။ ၁၉၆၅ခုနှစ် စင်ကာပူနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၆ခုနှစ်မှာ Muslim Ordinance အား Administration of Muslim Law Act (Cap 3) အဖြစ် ပြင်ဆင်ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ Muslim Marriage က ၁၈၈၀ခုနှစ်ကတည်းက တည်ရှိနေတယ်ဆိုတာ ငြင်း၍မရနိုင်သောအချက်တစ်ချက်ဖြစ်ပါတယ်။ အသေးစိတ် ROMM Official Website အောက်ပါ Page များတွင် သွားရောက်လေ့လာနိုင်ပါသည်။
    – http://app.romm.gov.sg/about_romm/romm_profile.asp
    – http://app.romm.gov.sg/about_romm/romm_pic_album_01.asp
    (၃) Darul Arqam Singapore (The Muslim Converts’ Association of Singapore)
    မိုးကြီး Blog တွင် Islam သို့ ကူးပြောင်းခြင်းကို ကာကွယ်ရန် အချိန်ဆွဲနိုင်ရန် အလို့ငှာ အခြေခံသင်တန်းများကို တက်ခိုင်းသည် ဆိုသောအချက်မှာလည်း လုံးဝမှားယွင်းပါတယ်။
    အစ္စလာမ် ဘာသာသို့ ကူးပြောင်းရန် Converts’ Association တွင် Beginners’ Course in Islam (I & II) နှင့် Solah Tutorial (I & II) သင်တန်းများကို တက်ရောက်ရန် “Strongly Encourage” (လေးနက်စွာ အကြံပြုအပ်ပါသည်။) ဟုသာ ဆိုထားပါသည်။ “Must” (တက်ကို တက်ရမယ်) ဟု စင်ကာပူအစိုးရက ထုတ်ပြန်ထားခြင်း မဟုတ်ပါ။ (ကိုယ်တိုင်ဆက်သွယ်မေးမြန်းလေ့လာနိုင်ရန် http://www.darul-arqam.org.sg/embracing-islam/)
    စာရေးသူအတွေ့အကြုံအရ အချို့သော Non-muslim များသည် Muslim Converts’ Association ရှိ သင်တန်းများတွင် ဗဟုသုတအလို့ငှာ လာရောက်လေ့လာ တက်ရောက်ကြခြင်းများလည်း ရှိပါတယ်။ အသေးစိတ် အချက်အလက်များကို Muslim Converts’ Assoication Official Website http://www.darul-arqam.org.sg/about-us/ တွင် သွားရောက်လေ့လာနိုင်ပါတယ်။
    (၄) “Stop at Two” တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်ထက်ပို မယူရ
    လွတ်လပ်ရေးရပြီးစ စင်ကာပူနိုင်ငံသည် မြေနေရာမလုံလောက်ခြင်း၊ သဘာဝအရင်းအမြစ်မထွန်းကားခြင်း၊ လူဦးရေးများပြားတိုးပွားလာခြင်း၊ ကုန်သွယ်ရေးကျဆင်းခြင်း၊ စက်မှုလုပ်ငန်းများအားနည်းခြင်းစသည့်အခက်အခဲများကို ရင်ဆိုင်ရပါတယ်။ ထိုအကြောင်းအရာကို စင်ကာပူ Seondary 2 သမိုင်းဘာသာရပ် SINGAPORE, FROM SETTLEMENT TO NATION PRE-1819 TO 1971 , CHAPTER 10, HOW DID SINGAPORE TACKLE ITS CHALLENGES IN ITS EARLY YEARS OF INDEPENDENCE? (Page 199 to 232) တွင် ထည့်သွင်းသင်ကြားပါတယ်။ ၄င်းအကျပ်အတည်းများနှင့် ရင်ဆိုင်ရခြင်းကြောင့် ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုသည် တစ်အိမ်ထောင်လျှင် ကလေး နှစ်ယောက်သာ ယူကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။
    ထို့ပြင် ကလေးအလွန်များသော မိဘများ (စာရေးသူအတွေ့အကြုံအရ တရုတ်လူမျိုးများ)ဟာ သားသမီးများကို အခြားမိသားစုများ သို့ မွေးစား ရန်ပေးခြင်းမျိုး အမြောက်အမြား ရှိခဲ့ပါတယ်။ မွတ်စလင်များရဲ့ လူမျိုစီမံကိန်းကို ကာကွယ်ရန် တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရဟု ပါးနပ်စွာထိန်းချုပ်ခြင်းဆိုတာလည်း လုံးဝမှားယွင်းပါတယ်။
    3
    Secondary 2 , History Textbook Cover “Singapore, From Settlement to Nation, Pre 1819-1971”
    4
    “Singapore, From Settlement to Nation, Pre 1819-1971” မှ လွတ်လပ်ပြီးစ စင်ကာ ပူနိုင်ငံ၏ အကျပ်အတည်းများ (၁)
    5
    “Singapore, From Settlement to Nation, Pre 1819-1971” မှ လွတ်လပ်ပြီးစ စင်ကာ ပူနိုင်ငံ၏ အကျပ်အတည်းများ (၂)
    (၅) ၁၉၆၅ ခုနှစ် စင်ကာပူနိုင်ငံတွင် မွတ်စလင် ၁၅% ရှိသည် ဟူသော မှားယွင်းသော အချက်အလက်
    စင်ကာပူနိုင်ငံ၏ ဘာသာဝင်ဦးရေစစ်တမ်းသည် ၁၈၄၉ခုနှစ် မှ ၁၉၃၁ ခုနှစ်ရှိပြီး ၁၉၃၁ခုနှစ်နောက်ပိုင်းမှ စတင်ပြီး ၁၉၇၉ခုနှစ်အထိ ဘာသာဝင်ဦးရေ စစ်တမ်းကောက်ယူခြင်းမရှိခဲ့ပါ။ ၁၉၈၀ခုနှစ်တွင်မှ ပြန်လည်စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်ပါတယ်။ ထိုအကြောင်းအရာများကို National University of Singapore (NUS), Lee Kuan Yew School of Public Policy, Institute of Policy Studies မှ LAI AH ENG တည်းဖြတ်ထုတ်ဝေသော RELIGIOUS DIVERSITY IN SINGAPORE စာအုပ်ရဲ့ Page 35 တွင် ဖော်ပြထားပါတယ်။
    6
    7
    စင်ကာပူနိုင်ငံ ဘာသာအလိုက် လူဦးရေမှတ်တမ်း ၁၈၄၉ – ၁၉၃၁ (စာ ၃၂)
    (၆) စင်ကာပူတွင် ဘာသာရေးပုတ်ခတ်ပြောဆိုမှုများအား ပြင်းထန်စွာအရေးယူခြင်း
    အထက်ဖော်ပြပါ စာအုပ်ရဲ့ စာ-၆၄ အရ စင်ကာပူနိုင်ငံ Societies Act (Cap. 311)တွင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို အစိုးရတွင် တရားဝင်မှတ်ပုံတင်ပြီးပါမှ ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်းနှင့် ၄င်းအဖွဲ့အစည်းအား မှတ်ပုံတင်ခွင့် ပေး/မပေးဆိုသည်မှာ စိစစ်ဆုံးဖြတ်ချက်ပေါ်တွင် မူတည်ကြောင်း သိရပါတယ်။ နိုင်ငံတွင်း ဘာသာအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို ပျက်ပြားစေနိုင်သော အဖွဲ့အစည်းလှုပ်ရှားမှုအား တင်းကြပ်စွာစိစစ်ကြီးကြပ်နိုင်ရန်ဖြစ်ပါတယ်။ ၄င်းကဲ့သို့ပြုလုပ်ခြင်းသည် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးထားသော စနစ်အား အလွဲသုံးစားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပါတယ်။
    ဘာသာပေါင်းစုံ ချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရေးကို ကာကွယ်စောင့်ရှောက်ရန် စင်ကာပူနိုင်ငံရဲ့ Penal Code, Chapter 15 မှာ ဘာသာရေး ထိခိုက်အောင် တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ ကိုးကွယ်ရာ အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ဘာသာရေးအခမ်းအနားနှင့် စုရုံးဆောင်ရွက် မှုကို နှောင့်ယှက်ခြင်း၊ ဘာသာရေးအမုန်းပွားစေရန် ပုတ်ခတ်ပြောဆိုခြင်းနှင့် ရေးသားခြင်းများကို ပြစ်မှုကျူးလွန်ခြင်း အဖြစ်သတ်မှတ်ကာ ထိရောက်စွာ အရေးယူပါတယ်။
    Sedition Act (Cap. 290)အရ စင်ကာပူနိုင်ငံရှိ လူမျိုးစုများအကြားနှင့် လူထုအလွှာများအကြား ပုတ်ခတ်ပြောဆိုမှု၊ နှိမ့်ချပြောဆိုမှုများ ကို ပြစ်မှုကျူး လွန်မှု အဖြစ် သတ်မှတ်ထား ပါတယ်။ ၂၀၀၅ခုနှစ်တွင် Blogger ၃ ဦးအား Anti-Muslim မွတ်စလင်(မ်) ဆန့်ကျင်ရေး အရေးအသား များကြောင့် Sedition Act အရ အရေးယူခဲ့သည် ကိုလည်း ဖော်ပြထားပါတယ်။
    8
    Page 64 Societies Act Penal Code and Sedition Act
    ၂၀၁၁ ခုနှစ် သြဂုတ်လတွင် Singtel Telecom Company မှ ၀န်ထမ်းတစ်ဦးဖြစ်သော Alex Chang အမျိုးသားမှ McDonald Offical Facebook Page တွင် မွတ်စလင်(မ်)တို့၏ ဥပုသ်ဖြေချိန်သိစေရန် ဖွင့်ပေးသော နှိုးဆော်သံအား ပုတ်ခတ်ရေးသားမှု ပြုလုပ်ခဲ့ပါသည်။ ၄င်း၏အပြုမှုကြောင့် စင်ကာပူနိုင်ငံသားများမှ ပြင်းထန်စွာရှုံ့ချခဲ့ကြပါသည်။ (sg.news.yahoo.com/blogs/singaporescene/man-complains-muslim-prayers-mcdonald-outlet-092253428.html တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။)
    ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပါလီမန် အမတ်တစ်ဦးဖြစ်သော Seng Han Thong မှ Malay နှင့် Indian လူမျိုးများ၏ English မကျွမ်းကျင်မှုကြောင့် ပို့ဆောင်ရေးတွင် အနှောင့်အယှက်ဖြစ်ရသည်ဟု လူမျိုးရေးထိခိုက်သော ဝေဖန်ပြောဆိုမှုကြောင့် ပြည်သူလူထုအား တရားဝင် ၀န်ချတောင်း ပန်မှု ပြုလုပ်ခဲ့ရပါတယ်။ အသေးစိတ်ကို Yahoo သတင်းစာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။ (sg.news.yahoo.com/amk-mp-defends–broken-english–comments-on-tv.html)
    ၂၀၁၂ ခုနှစ် ဂျွန်လတွင် အသက်(၁၇)နှစ်အရွယ် တရုတ်လူမျိုးလူငယ်နှစ်ဦးမှ မလေးလူမျိုးများအပေါ် လူမျိုးရေးထိခိုက်ပြောဆိုမှုများကို Facebook နှင့် Twitter တွင် ရေးသားခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးအား သက်ဆိုင်ရာ ရဲအဖွဲ့အစည်းမှ Sedition Act အရ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို Singapore Polic Force Official Website http://www.spf.gov.sg/mic/2012/120701_online_racist_G.htm တွင်ဖတ်ရှုနိုင်ပါတယ်။
    ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မလေးလူမျိုး မင်္ဂလာဆောင်အား ကိုယ်ပိုင် Facebook စာမျက်နှာပေါ်တွင် ရိုင်းပျစွာ ဝေဖန်ရေးသားမှုကြောင့် National Trades Union Congress (NTUC) မှ Assistant Director Amy Cheong ဆိုသူ အမျိုးသမီးအား ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။ အသေးစိတ်ကို Yahoo သတင်းစာမျက်နှာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။ (sg.news.yahoo.com/ntuc-assistant-director-says-sorry-for-racist-post.html)
    ၂၀၁၃ ခုနှစ် ဧပြီလတွင် တရုတ်လူမျိုး Leslie Chew ဆိုသော အသက်(၃၇)နှစ်အရွယ် Online ကာတွန်းဆရာတစ်ဦးအား လူမျိုးရေးပုတ်ခတ်ရေး သားမှုကြောင့် အရေးယူခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို Yahoo သတင်းစာမျက်နှာ
    (sg.news.yahoo.com/blogs/singaporescene/pore-cartoonist-arrested-alleged-sedition-143415161.html တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။)
    (၇) Muslim လူဦးရေ ၁၅% မှ တိုးတက်မှုမရှိခြင်း
    မလေးတိုင်းပြည်လဲမဟုတ်၊ တရုတ်တိုင်းပြည်လဲမဟုတ်၊ အိန္ဒိယတိုင်းပြည်လဲမဟုတ်၊ လူတိုင်းဟာ မိမိကိုယ်ပိုင်နေရာ၊ သာတူညီမျှမှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာများကို လွတ်လပ်စွာပိုင်ဆိုင် နိုင်ကြတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ် ။ ဒါကြောင့် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက် စင်ကာပူနိုင်ငံ လွတ်လပ်ရေးနေ့မှာ National Pledge (အမျိုးသားရေး ကတိက၀တ်) ကို ပြည်သူတွေကို ပေးခဲ့ပါတယ်။ အပြည့်အစုံကတော့
    “We, the citizens of Singapore,
    pledge ourselves as one united people,
    regardless of race, language or religion,
    to build a democratic society
    based on justice and equality
    so as to achieve happiness, prosperity and
    progress for our nation.” ဖြစ်ပါတယ်။
    “LEE KUAN YEW, HARD TRUTH, TO KEEP SINGAPORE GOING” စာအုပ် Page 233 မှာ မွတ်စလင် လူဦးရေအချိုးအစားမတိုး တက်လာရတဲ့ အကြောင်းကို ပြောပြထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက စင်ကာပူနိုင်ငံတိုးတက်ရန်အတွက် PMET(Professionals, Managers, Executives and Technicians) ပညာရှင်တွေလိုအပ်တဲ့အတွက် နိုင်ငံခြားသား (အများစုမှာ တရုတ်နဲ့ အိန္ဒိယများ) ကို PR, Citizen များပေးအပ်ခဲ့ပါသည်။ သို့သော် မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံ တစ်ခုဖြစ်သည့် အတွက် ၄င်းတိုင်းပြည်မှ ပညာတတ်တွေ ကို မြှောက်စား ချီးမြှင့်ပါ တယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှ မလေးလူမျိုးတွေက စင်ကာပူသို့ ရွှေ့ပြောင်းလာခြင်း မရှိသလောက်ရှားပါးပါတယ်။ စင်ကာပူနိုင်ငံသားနှင့် လက်ထပ်သောသူအချို့သာ စင်ကာပူသို့ ပြောင်းရွှေ့လာကြခြင်းသာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ပထ၀ီအနေအထားအရ မလေးရှားထက် များစွာ ပိုမိုကြီးမားသော်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ ဒါကြောင့် ပညာရှင်ကောင်းများများ စားစားမရှိပါ။ အရည်အချင်း မပြည့်မီတဲ့သူ များကို စင်ကာပူတွင် မလက်ခံချင်ပါ။ သို့ဖြစ်ပေရာ အစ္စလာမ် ဘာသာကိုးကွယ်သူအများစုဖြစ်သော မလေးလူမျိုးရာခိုင်နှုန်းသည် (၅)ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းစစ်တမ်းအရ မွတ်စလင် လူဦးရေရာခိုင်နှုန်းသည် ၁၉၈၀ခုနှစ်မှ ယနေ့တိုင် သိသိသာသာပြောင်းလဲမှု မရှိခဲ့ခြင်းဖြစ်ပါတယ်။
    9
    Page 218 မည်သည့်ဘာသာကိုမျှဘက်လိုက်မှု မရှိကြောင်း
    10
    Page 219 မည်သည့်လူမျိုးကိုမျှဘက်လိုက်မှု မရှိကြောင်း
    11
    Page 233 မလေးနှင့် အင်ဒိုလူမျိုးများ စင်ကာပူသို့ ပြောင်းရွှေ့နေထိုင်မှုနည်းခြင်းအကြောင်းရင်း
    မိမိ၏ လူမျိုး၊ ဘာသာရေးအစွန်းရောက်အယူအဆကြာင့် ဘာသာရေး၊ လူမျိုးရေးအမုန်းတရားများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ် ချက်ဖြင့် သူတစ်ပါးတိုင်းပြည်ဥပဒေနှင့် အချက်အလက်များကို သေချာစွာ လေ့လာဆန်းစစ်ခြင်းမရှိဘဲ မဟုတ်မမှန်ရေး သားမှုသည်
    (၁)အမှန်တကယ် ငြိမ်းချမ်းရေးကို မြတ်နိုးသူများအား ထိခိုက်သည်။
    (၂)တိုင်းပြည်တိုးတက်မှုအား ကြီးမားသော အဟန့်အတားဖြစ်စေသည်။
    (၃)ကောင်းမွန်ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသော စင်ကာပူရောက် မြန်မာအချို့အား သိက္ခာကျဆင်းစေသည်။ ဖြစ် ပါကြောင်း စေတနာ သတင်းစကား ပါးလိုက်ရပါတော့သည်။
  • ဦးကျော်လှအောင်အား မီဒီယာများတွင် မဟုတ်မမှန် ရေးသားချက် ၄င်း၏ သားများ ရှင်းလင်းပြောကြား
    ဇူလိုင် ၂၁၊ ၂၀၁၃
    M-Media
    ဇာဏီ
    သက္ကယ်ပြင်တွင် မတရားစွတ်စွဲ ဖမ်းဆီးခံရသော ရှေ့နေဦးကျော်လှအောင်နှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများ၊ အင်တာနက်စာမျက်နှာများပေါ်မှ ရေးသားချက်များအား ဦးကျော်လှအောင်၏ သားများမှ ပြန်လည်ချေပရှင်းလင်းချက်
    3
    သက္ကယ်ပြင် ။           ။              သက္ကယ်ပြင်တွင် မတရားစွတ်စွဲ ဖမ်းဆီးခံရသော ရှေ့နေဦးကျော်လှအောင်နှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာများ၊ ဖေ့ဘွတ်စ် စာမျက်နှာများပေါ်မှ ရေးသားချက်များအား ဦးကျော်လှအောင်၏ သားများမှ ပြန်လည်ချေပရှင်းလင်းချက်တစ်ချက်ရပ် ယနေ့ ဇူလိုင်လ ၂၁-ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    ယင်း ပြန်လည်ချေပရှင်းလင်းချက်တွင် ပြည်တွင်းမီဒီယာများသို့ ဦးတည်လိပ်မူထားပြီး အင်တာနက် စာမျက်နှာများထက်တွင် ရေးသားနေသော website များ၊ ဖေ့ဘွတ်စ် စာမျက်နှာတွင် ရေးသားနေသည့် သတင်းစာမျက်နှာများ အားလုံးသို့လည် ရည်ရွယ်ကြောင်း သိရသည်။
    အဆိုပါ  ချေပရှင်းလင်းချက်တွင် ပြည်တွင်းရှိ တစ်ချို့သောမီဒီယာများတွင် ဦးကျော်လှအောင်၏ သတင်းများဖော်ပြရာ ရှေ့နေဦးကျော်လှအောင်အား ဘင်္ဂါလီဟု မဟုတ်မမှန်ရေးသားထားသည်ကို ဦးကျော်လှအောင်၏ မိသားစုဝင်များမှ လုံးဝ ကန့်ကွက်ကြောင်း၊ သစ်ထူးလွင် website တွင် မဟုတ်မမှန်ရေးသားထားသည်ကိုလည်း ဦးကျော်လှအောင်၏ သားဖြစ်သူမှ သစ်ထူးလွင် website သို့ ကန့်ကွက်ကြောင်း စာရေးသားပေးပို့ထားပြီး ဦးကျော်လှအောင်သည် ဘင်္ဂါလီလူမျိုး မဟုတ်ကြောင်း ထပ်လောင်းပြောကြားထားသည်။
    ဦးကျော်လှအောင်မှာ လူ့အခွင့်အရေးအတွက် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ၁၉၉၀-ရွေးကောက်ပွဲတွင် အမျိုးသား လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ တည်ထောင်ကာ ဒု-ဥက္ကဌအဖြစ် တာဝန်ယူပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က နိုင်ငံသား/တိုင်းရင်းသား ဖြစ်ခြင်းကို စိစစ်ခံရပြီးမှ စစ်တွေ အမှတ်(၁) မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ ရွေးကောက်ပွဲတွင် ဦးကျော်လှအောင် မပါဝင်နိုင်စေရန် ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် ဖမ်းဆီးထိန်းသိမ်းထောင်ချခံခဲ့ရသော်လည်း ၎င်းရရှိမည့် မဲများအား ကမန်အမျိုးသားပါတီမှ ရှေ့နေ ဦးရွှေယအား ပေးရန် ဦးကျော်လှအောင်မှ လမ်းညွှန်စီစဉ်ပေးမှုကြောင့် ရှေ့နေ ဦးရွှေယမှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
    4
    ၁၉၉၀-ခု ရွေးကောက်ပွဲမတိုင်မီတွင် ရှေ့နေဦးကျော်လှအောင်အား ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက် ယှဉ်ပြိုင်ပေးရန် ၎င်း၏ဆရာဖြစ်သူ ရှေ့နေကြီး ဦးမောင်သာဇံ (ယခု ရန်ကုန်တိုင်းဒေသကြိး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၏ အဖိုးအရင်းဖြစ်သူ)မှ တောင်းဆိုခဲ့သော်လည်း ဦးကျော်လှအောင်မှ ငြင်းဆိုခဲ့သည်။ ထိုကဲ့သို့ ငြင်းဆိုခဲ့ပြီး မကြာမီ အဖမ်းခံရသဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၁၄-နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း မီဒီယာများ သိစေရန် ချေပရှင်းလင်းပြောကြားခဲ့ပါသည်။
    ဦးကျော်လှအောင်၏ ပင်စင်စာအုပ်နှင့် ၁၉၉၀-ခု ရွေးကောက်ပွဲ၌ ဦးကျော်လှအောင် ပါဝင်ယှဉ်ပြိုင်ရာတွင် ရှေ့နေကြီး ဦးမောင်သာဇံမှ ထောက်ခံစာကိုလည်း ပူးတွဲ ဖော်ပြခဲ့ပါသည်။
    ဦးကျော်လှအောင်အား မတရားသဖြင့် ဖမ်းဆီးခံရခြင်းအပြင် မဟုတ်မမှန် စွတ်စွဲရေးသား ပြောဆိုချက်များကိုလည်း ဦးကျော်လှအောင်၏ မိသားစုဝင်များမှ ထပ်မံ၍ ပြန်လည်ချေပ ရှင်းလင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု M-Media မှ ဆက်သွယ်မေးမြန်းစဉ်တွင် ဦးကျော်လှအောင်၏ သားဖြစ်သူမှ ပြောကြားခဲ့ပါသည်။
    1
    2
  • ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ
    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    ရေးသူ- ဖိုးတာ
    မွတ်စလင်မ် မုန်းသူတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ။ မွတ်စလင်မ်များကို ကမ္ဘာက အတော်မျက်စိ စူးကြသည်။ ဂျပန်နိုင်ငံက မွတ်စလင်မ်တွေကို အကြမ်းနည်းတမျိုး၊ အနုနည်းတမျိုးနဲ့  မွတ်စလင်မ်တွေ ပွားမလာအောင် ထိန်းချုပ်လျက်ရှိသည် (ဖေ့စ်ဘွတ်တွင်ဖတ်ရသည်၊)
    japan2
    Screen Short from Mohammed Naeem FB
    ကိုးရီးယားတွင်လည်း မွတ်စလင်မ်များကို ကန့် သတ် ထိန်းချုပ်လျက်ရှိကြောင်း၊ ဖေစ်ဘွတ် တွင်ဖတ်ရသည်။ မွတ်စလင်မ်တွေ မနေနိုင်အောင် နှိပ်ကွပ်လိုက်လို့  အစ္စလာမ်ဆိုရင် ပျောက် ပါပျောက်သွားတယ်ဟုဆိုသည်။ ပိုစ့်ဓာတ်ပုံမှာတော့ ကားပြိုင်ပွဲ တွင် အလံကိုင်အချက်ပြတဲ့ မလုံတလုံကိုးရီးယားမော်ဒဲယ်မလေး။  မွတ်စလင်မ်ကို ထိန်းချုပ်တဲ့ သတင်းထက် မော်ဒဲယ် မလေးပုံကို ပိုစိတ်ဝင်စားသဖြင့် ထိုသတင်းဖတ်ဖြစ်သွားသည်။ တတ်လည်းတတ်နိုင်ပါပေ့ ပိုစ့်တင်ဆရာသမား။ လူ့ အကြိုက်နတ်မလိုက်ပေသိ ဗမာအကြိုက် ဗမာလိုက်နိုင်ဟု ဆိုရမလို။
    ဂျပန်နှင့် ကိုးရီးယားတွင်သာမက စင်္ကာပူတွင်လည်း မွတ်စလင်မ်များကို ထိန်းချုပ်ရန် မွတ်စလင်မ်များကို မွတ်စလင်မ် မဟုတ်သူများနှင့် လက်ထပ်ခွင့်မပေး။ ဤအချက်သည် မြန်မာအတော်များများ သိပြီးဖြစ်သည်။ ဖေ့စ်ဘွတ်တွင် ပိုစ့်များပျံ့ နေပြီးဖြစ်သည်။
    အချုပ်အားဖြင့်ဆိုရသော် ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူလိုနိုင်ငံများပင်လျှင် မွတ်စလင်မ်များကို နှိပ်ကွပ်သည်၊ ပျောက်သွားအောင်လုပ်ပစ်သည်၊ မျိုးမပွားအောင်ရည်ရွယ်ပြီး အခွင့်အရေး လာမှမပေး။ ရှင်းရှင်းပြောရလျှင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တို့ ကို မျက်နှာသာမပေး။ အသိအ မှတ်လည်းမပြု။ အစိုးရတွေကလည်း မွတ်စလင်မ်ဆို ရှိသမျှ အကုန်ပိတ်ပင်သည်။ ဖေ့စ်ဘွတ်မှ ဖတ်မိသော ပိုစ့်များက ဤသို့ ဤနှယ်ဆိုကြသည်။
    သို့ သော် — သို့ သော်။
    ဖေ့စ်ဘွတ်မှာ ပြောသမျှ မဟုတ်ကဟုတ်ကများသည်။ တလွဲချည်း အလွဲများသာဖြစ်သည်။ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူလို နိုင်ငံတွေက သူတို့ နိုင်ငံမှာ လူမျိုးရေး ဘာသာရေးမီး အလောင်ခံမယ်လို့  မြန်မာတွေသာထင်ကြသည်။ မလုံတလုံမိန်းကလေးပုံတွေနဲ့ ရောပြီး မွတ်စလင်မ် ဆန့်ကျင်ရေး သတင်းအမှား ပေးသူကပေး၊ အားရပါးရ ယုံသူကယုံ။ လက်တွေ့ ထို နိုင်ငံများတွင်  အစိုးရ တွေက မွတ်စလင်မ်ကို နှိပ်ကွပ်ရန် နေနေသာသာ၊ တိုင်းပြည်ခေါင်း ဆောင်များကိုယ်တိုင်က ယခုကဲ့သို့  ဥပုတ်လမြတ်တွင်  မွတ်စလင်များနှင့် အတူ တကြမ်းတည်းထိုင်၊ တသားတည်းဘေးချင်းယှဉ်ပြီး မျက်နှာချင်းဆိုင် ၀ါဖြေကြသည်။ July 17 နေ့ တွင် စင်္ကာပူဝန်ကြီးချုပ်က မွတ်စလင်မ် များနှင့်အတူ ၀ါဖြေခဲ့သည်။ တိုကျိုမြို့ တွင်လည်း စုပေါင်းဝါဖြေပွဲကို ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံပေါင်းမျာစွာမှ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင်လည်း အစ္စလာမ်ဘာသာ ကို ချီးမွမ်းသည့် ဆောင်းပါး ထုတ်လွင့်ထားသည်။
    (အယ်ဒီတာ မှတ်ချက် – ဆောင်းပါး ဘာသာပြန် ဖတ်ရန်။ အခြား ဂျပန်မွတ်စလင်မ်ဆောင်းပါးများ – )
    1. ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး  Link
    2. ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ Link1   Link2 
    3. တိုကျိုမြိုမှ ဂျပန်မွတ်စလင်မ်များရဲ့ရမဿွန်(ဥပုတ်လ)စုပေါင်းဝါဖြေပွဲ http://goo.gl/VOAlU
    4.  တောင်ကိုရီးယားသမ္မတနိုင်ငံ နှင့် အစ္စလာမ်သာသနာ Link
    စင်္ကာပူတွင် မွတ်စလင်မ်များကို မွတ်စလင်မ်မဟုတ်သူများနှင့် လက်ထပ်ခွင့်ပိတ်ပင်သည်ဟု ဆိုသော သတင်းမှာလည်း လွဲနေသည်။ နဲနဲလွဲတာမဟုတ်၊ တမင် မြန်မာများကို လူတုံး လူညံ့ လူဖျင်းလို ဖြစ်အောင်၊ ဘာမှမသိတဲ့ မုန်းတီးရေးသမားလို စဉ်းစားအောင် ပြောဆို နေထိုင်အောင် ရည်ရွယ်ချက်ရှိရှိ အချက်အလက်မှားများကို ဖေ့စ်ဘွတ်မှတဆင့် တမင် ဖွခဲ့ခြင်းဖြစ်သည်။ စ-လယ်-ဆုံး အမှားများချည်းသာ။
    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)
    1. စင်္ကာပူနိုင်ငံ ထိမ်းမြားလက်ထပ်ရေး ဆောင်းပါး – http://goo.gl/Nb6Bx
    2. ဝန်ကြီးချူပ် Mr Lee Hsien Loong စင်္ကာပူမွတ်စလင်မ်များနှင့် အတူ ဝါဖြေပွဲဆင်နွှဲ Link
    အနောက်နိုင်ငံများကရော ဘယ်လိုလဲ။
    အမေရိကန်ပြည်ထောင်စု သမ္မတကိုယ်တိုင်က နှစ်စဉ် ၀ါဖြေပွဲအခမ်းအနားကျင်းပသည်။ July 16 ရက်နေ့ ကလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ၀ါဖြေပွဲကျင်းပရာ သံအမတ်ကြီးကိုယ် တိုင်တက်ရောက်ခဲ့သည်။ ရွေဗမာများ၊ ရွေရခိုင်များထင်သကဲ့သို့  ကမ္ဘာကြီးက မွတ်စလင်မ် တွေကို အခြောက်တိုက်မမုန်းပါ။ စင်္ကာပူမှာ ရွေဗမာတွေလို မွတ်စလင်မ် မုန်းရင် ၀န်ကြီးချုပ်က ကြမ်းပြင်ပေါ်မှာ မွတ်စလင်မ်များနဲ့ ဘေးခြင်းယှဉ်ပြီး ထိုင်စားမယ်မထင်ပါ။ အမေရိကန် သမ္မတ လည်း နှစ်စဉ် ပွဲလုပ်စရာမလိုပါ။ ဂျပန်အစိုးရ စာမျက်နှာမှာလည်း အစ္စလာမ်ကောင်းကြောင်း အရေးတယူ လုပ်ကာရေးမယ် မထင်ပါ။ မြန်မာပြည်မှာလို ကမ္ဘာက မုန်းတီးရေးသမားများ မဟုတ်ကြပါ။ အရှက်သိက္ခာ၊ လူ့ ဂုဏ်၊ နိုင်ငံ့ပုံရိပ်ထိန်းပြီး မကြိုက်ရင်တောင် မုန်းမပြပါဘူး။
    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)
    1. အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား Link
    2. မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးမှ အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ထွက် ဝါဖြေပွဲတည်ခင်းကျင်းပ Link
    ဖေ့စ်ဘွတ်မှ ဘယ်သူရေးမှန်းမသိသော ပိုစ့်များ၊ စာတိုစာတောင်းများဖတ်ပြီး မိမိကိုယ်မိမိ လူဖျင်း၊ လူတုံး၊ လူညံ့များအဖြစ်မခံပဲ သိချင်တာ မရှင်းတာရှိပါက ယခုလို အင်တာနက်ခေတ် တွင် ဂူဂယ်တချက်ခေါက်ပါက အဖြေ ၁၀ ခုမက ရလာပါလိမ့်မည်။ ဖေ့စ်ဘွတ်တွင် ရည်ရွယ် ချက်ရှိရှိ ဖြန့် နေသော မုန်းတီးရေးစာများသာဖတ်ပြီး လူ့ ငတုံးများအဖြစ်မခံပဲ အနည်းဆုံး ဂူဂယ်တွင်တော့ သိချင်တာများ ရှာဖတ်ပြီး လူညံ့ဖြစ်ခြင်းမှ ကင်းဝေးနိုင်ပါစေ။
    မွတ်စလင်မ်များနှင့် ကြမ်းပြင်ပေါ်တပြေးတည်းထိုင်ပြီး ဥပုတ်ဖြေသည့်  စင်္ကာပူဝန်ကြီးချုပ် သတင်းကို ဥပမာကောင်းယူပြီး လူညစ် လူယုတ်မာများ သတင်းမှားများဖြန့် ကာ မိမိ တို့ မြန် မာပြည်သူများအား လူသတ်ကောင်များဖြစ်အောင်၊ အနည်းဆုံး မုန်းတီးရေးဝါဒီ များဖြစ်အောင် လုပ်နေကြောင်း သတိပြုမိရန် ရည်ရွယ်ပါသည်။
  • တောင်ကြီးမြို့ တွင်း လက်တွန်းလှည်းထီသည်များ ၉၆၉ သီချင်းဖွင့်ကာလှုံ့ ဆော်လျက်ရှိ
    M-Media
    ၂၀၁၃ ဇွန်လ ၃၀ ရက်
    ကျောက်ခဲ သတင်းပေးပို့သည်။
    imagesတောင်ကြီးမြို့ အတွင်းလူစည်ကားရာ ဈေးကဲ့သို့ သောနေရာများတွင် ၉၆၉ သီချင်းကိုအသံကျယ်ဖြင့်ဖွင့်ကာ ထီရောင်းသည့်လက်တွန်းလှည်းထီ သည်များ လှုံ့ ဆော်နေသည်ဟုသိရသည်။
    ယခုကဲ့သို့ လှုံ့ ဆော်မှုများသည်တောင်ကြီးမြို့ တွင်ပြုလုပ်ခဲ့သော ဦးဝီရသူ၏ ၉၆၉ တရားပွဲပြီးစဉ် အခါကတည်းကဖြစ်သည်ဟုမြို့ ခံတစ်ဦး က M Media သို့ ပြောကြားပါသည်။
    “ကျွန်တော် တောင်ကြီးမှာဟောသွားတဲ့ ၉၆၉ တရားခွေတွေနားထောင်ရပါတယ်။ အဲဒီ ၉၆၉ တရားကတော်တော်ဆိုး ပါတယ်။ ကျွန်တော်တို့ မွတ်စ လင်တွေ ကို ခွေးတွေနဲ့ နှိုင်းပြီးဟော ထားပါတယ်။ လုံးဝမဖြစ်သင့်ပါဘူး။ မြန်မာပြည်မှာနှစ်ပေါင်းများစွာဘိုးစဉ်ဘောင်ဆက်နေထိုင်လာတဲ့ မွတ်စလင်တွေ
    အားလုံးကို ဗုဒ္ဓဘာသာတွေရဲ့ ရန်သူအဖြစ်ယူဆသတ်မှတ်အောင်သွေးထိုးလှုံ့ ဆော်သွားတာပါ။ ဘာသာတိုင်း လူမျိုးတိုင်းက ကိုယ့်တရား၊ ကိုယ့်လူမျိုးကို ချစ်ကြပါတယ်။ ဒါလူ့ သဘာဝပဲလေ။ ဒါကိုအပြစ်မဆို ချင်ပါဘူး။ ကိုယ့်အမျိုး၊ဘာသာ၊သာသနာကိုကာကွယ်မယ်ဆိုပြီး တခြားဘာသာတရားကိုမဟုတ်တာတွေစွပ်စွဲ ပုတ်ခတ်ပြောဆို တာတွေက မသိနားမလည်တဲ့သူတွေအတွက်အရမ်းအန္တရာယ်ကြီးပါတယ်။ သူ့ တို့ ကဒီစွပ်စွဲချက်တွေကိုယုံသွားရင် တစ်သက်လုံး အေးအတူ ပူအမျှငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြတဲ့ ဘာသာစုံ၊ လူမျိုးစုံကြားမှာ အမုန်းတရားတွေပွားများလာမယ်။ ဒါပြီးရင် ရှေ့လျောက်မလိုလား အပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်ဗျာ။ နိုင်ငံနဲ့ အ၀ှမ်းမှာလည်း တစ်နေရာပြီးတစ်နေရာ အဓိကရုဏ်းတွေဖြစ်နေတာ ကျွန်တော်တို့ တော်တော်စိတ် ဆင်းရဲရပါတယ်။ ဒီလိုအမုန်းတရားတွေ ဖြန့် နေတဲ့ ၉၆၉ တရားပွဲတွေ လှုပ်ရှားမှုတွေကို အား ကောင်းကောင်းနဲ့ လုပ်နေ တာတွေ၊ နိုင်ငံတော်အခြေခံ ဥပဒေမှာ တရားဝင်ပြဌာန်းပြီး လွတ်လပ်စွာကိုးကွယ်ခွင့်ပေးတဲ့ ဘာသာတရားတစ်ခုကို လွတ်လပ်စွာအပုပ်ချနေတာတွေ ကို အစိုးရက ဘာလို့ အရေးမယူတာ လဲဆိုတာကျွန်တော်တို့ စဉ်းစားလို့ မရဘူးဗျာ။” ဟုတောင်ကြီးမြို့ ခံ အစ္စလာမ်ဘာသာဝင်ရှေ့နေတစ်ဦးက M Media သို့ 
    ပြောကြားခဲ့သည်။
    တောင်ကြီးမြို့မှ ၉၆၉ အမုန်းတရားခွေများ ဖွင့်ပြီး ရောင်းချလျက်ရှိသည့် ထီသည်များ
    969875_140231659511286_1018101288_n
     1011893_140231092844676_1963680253_n