News @ M-Media

Category: Media To Monitor

  • ဘာသာနှစ်ခုကြား နားလည်မှု လွဲပြီး အဓိကရုန်းဖြစ်စေနိုင်သည့် လှုံ့ဆော် စာများဖြန့်ဝေလျက်ရှိ

    မတ်-၁၊ ၂၀၁၄
    M-Media
    KK
    OIC Youth
    ယခု ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ရှိ အချို့သော ရပ်ကွက်များတွင် မတူညီသော ဘာသာဝင်များ အကြား အဓိကရုဏ်းဖြစ်ပွားစေနိုင်သည့် လှုံ့ဆော်ရေး စာရွက်စာတမ်းများကို ဗုဒ္ဓ ဘာသာဝင်များ၏ နေအိမ်များတွင် လိုက်ကပ်ထားကြောင်းသိရှိရသည်။

    အဆိုပါ စာရွက်တွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများအား သတ်ဖြတ်မီးရှို့ရန် လှုံ့ဆော်ရေးသားထားသည်။ အောက်ခြေတွင် ဟာဂျီလူငယ်များ အဖွဲ့၊ OIC အဖွဲ့ငယ်(ယာယီ) ဟုရေးထိုးသည်။ ယင်းလှုံဆော် စာရွက်မှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့လျက်ရှိပြီး အဆိုပါ လှုံ့ဆော်စာရွက်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို မုန်းတီး လှုံ့ဆော်ရေးသားမှုများ အများအပြားမြင်တွေ့ရပါသည်

    စာရွက်ထဲမှာ ပါတဲ့ ရေးသားမှုအရဆို အစ္စလာမ်ဘာသာဝင် အချင်းချင်းပဲ လက်သိပ်ထိုးလုပ်ရမယ့် ကိစ္စကို ဗုဒ္ဓဘာသာဝင်တွေအိမ်မှာ လိုက်ကပ်တာဟာ ပြသနာဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် “

    ” မြန်မာပြည်မှာ အထက်ပါ စာရွက်ထဲက အဖွဲ့ဆိုတာ ကြားကို မကြားဘူးပါဘူး။ နောက်ပြီး ဟာဂျီဆိုတာ လူငယ်တွေကြားမှ အတော်ကိုနည်းပါတယ်။ အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေမှာပဲရှိတာပါ။ ရည်ရွယ်ချက် ရှိရှိ လုပ်ကြံထားတဲ့စာပါ။ အစ္စလာမ်ဘာသာဝင် မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကြားမှာ နားလည်မှုလွဲပြီး ထိလွယ်ရှလွယ်ဖြစ်နေတဲ့ OIC ဆိုတဲ့ စကားလုံးသုံးပြီးတော့ နိုင်ငံသားအချင်းချင်းကြားမှာ သံသယစိတ်တွေများလာအောင် လုပ်ကြံထားတာပါ။ စာရွက်ထဲမှာ ပါတဲ့ ရေးသားမှုအရဆို အစ္စလာမ်ဘာသာဝင် အချင်းချင်းပဲ လက်သိပ်ထိုးလုပ်ရမယ့် ကိစ္စကို ဗုဒ္ဓဘာသာဝင်တွေအိမ်မှာ လိုက်ကပ်တာဟာ ပြသနာဖြစ်အောင် လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် “လို့  တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဥိးက M-Media ကိုပြောပါတယ်။

     “စစ်အစိုးရခေတ်မှာ နိုင်ငံရေးသမားတွေ လှုပ်လို့ မရအောင် ထိန်းလာတဲ့ ထောက်လှမ်းရေး ကွန်ရက်တွေရှိပါတယ်။ ရဲတပ်ဖွဲ၊ SB၊ စရဖ၊ အမျိုးသားထောက်လှမ်းရေး ဒီလောက်များတဲ့ အဖွဲ့တွေ အတွေ့အကြုံနဲ့ မွတ်စလင်တွေ ဒီလို တကယ်လုပ်ခဲ့ရင် ဘာကြောင့် သူတို့မသိရတာလဲ။ တကယ်ဝေတယ်ဆို ဖမ်းပြီး အရေးယူပါ။ အခုက ပြသနာကို ပိုပြိးကြီးအောင် မဟုတ်က ဟုတ်က လှုံဆော်နေတာကို တမင်လွှတ်ပေးထားသလိုပါပဲ” ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက အထက်ပါအတိုင်း သူအမြင်သုံးသပ်ချက်ကို M-Media ကို ပြောပြခဲ့ပါသည်။

    ဘာသာနှစ်ခုကြား နားလည်မှုလွဲပြိး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ အဆိုပါလုပ်ကြံလှုံ့ဆော် စာပြန့်နှံ့မှုနှင့် ပတ်သက်ပြိး အစိုးရအဖွဲ့ နှင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တစုံတရာဖြေရှင်း သတင်းထုတ်ပြန်ခြင်း မလုပ်သေးသလို ပြည်တွင်းပြည်ပ မြန်မာမီဒီယာများမှာလည်း ရေးသားဖော်ပြခြင်းမရှိသေးပေ။

    မွတ်စလင်များနှင့် ဗလီများကို အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြင့်ခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် တကြိမ်၊ ဇွန်လတွင်တကြိမ် မန္တလေးတိုင်းကျောက်ဆည်မြို့ လက်ပန်ကျေးရွာတွင် ကျေးရွာအုပ်ချူပ်ရေးမှူး လက်မှတ်ဖြင့် ဂျီဟာဒ်လုပ်ရန်ဆိုပြီး လှုံဆော်စာ အတုတစောင်ပြန့်နှံခဲ့ပြီး အဆိုပါကိစ္စကို သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများနှင့် မြို့နယ်အုပ်ချူပ်ရေးမှူးများက ရှင်းလင်းပွဲပြုပြီး ဖြေရှင်းခဲ့ရသည်။

    ကြည့်=>http://www.m-mediagroup.com/news/15007

  • “ဆဌမမြောက် ရန်သူ” ဖြစ်လာသည့် မြန်မာ့မီဒီယာလောက

    ဖေဖော်ဝါရိ ၃၊ ၂၀၁၄
    M-Media
    ရေးသူ-ဦးဦး မှော်ဆရာ
    1012068_222760911242048_429516799_n
    ဒီမနက် Sky Net က သတင်း တင်ဆက်နေတုန်း သတင်းနဲ့ဘယ်လိုမှ မသက်ဆိုင်တဲ့ ထူးထူးခြားခြား စာသားတစ်ခု အောက်မှာတချိန်လုံး မပြောင်းဘဲပေါ်နေတာတွေ့မိတယ်။ ဒီစာသားကိုမြင်တော့ တကယ် စိတ်ဝင်စားမိလို့ ဦးမှော် အချိန်ကုန်ခံပြီး အမေရိကန် သမ္မတရဲ့ ဒီရက် ပိုင်း ပြောသွားတဲ့မိန့်ခွန်းတွေ၊ မှတ်ချက်တွေကို လိုက်ရှာဖတ်နေတာ.. `RSO´စကားလုံးပါတဲ့ အကြောင်းအရာတခုခုကို ပြောသွားတာတောင် တနေရာမှာမှ မတွေ့ခဲ့ပါဘူး။ ထပ်ပြီးသိရတာက MRTV 4 မှာလည်း ဒီလိုပဲ ပြသွားတယ်လို့ ဆိုတယ်။ ဒါစကားကို အိုဘားမားက မြန်မာ အစိုးရကိုသာ တိုးတိုးလေး ပြောသွားတာဖြစ်ချင် ဖြစ်လိမ့်မယ်၊ ဒါမှ မဟုတ်ရင်တော့ အစိုးရရဲ့ ကျော်ထောက်နောက်ခံရှိတဲ့ မြန်မာ့မီဒီယာ ကြီးက အမေရိကန်သမ္မတ အိုဘားမားရဲ့ နာမည်နဲ့ ဂုဏ်အရှိန်အ၀ါကို အလွဲသုံးစားလုပ်ပြီး သတင်းလိမ် သွားတယ်လို့ စွပ်စွဲရလိမ့်မယ်။

    ဘာကြောင့် ခုလို ဗြောင်လိမ်နေတာလဲမေးရင် ကျနော့်အမြင်ကတော့ ရှင်းပါတယ်။ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ အစိုးရနဲ့ရခိုင် အကြမ်းဖက်သမားတွေ ပုံဖေါ်ထားတဲ့ `RSO´ လို့ခေါ်တဲ့ တကယ် အဖြစ်မရှိတော့တဲ့နာမည်တစ်ခုကို ပြည်သူတွေ ခေါင်းထဲ ခပ်ပြင်းပြင်း ရိုက်သွင်းပေးလိုက်တဲ့ သဘောလို့ မြင်ပါတယ်။ အဲဒါ Brainwash ပါ။  မြန်မာနိုင်ငံထဲ ၀င်ရောက်အကြမ်းဖက်ပြီး ရဲတပ်ကြပ်တစ်ယောက်ကို တောင် အစဖျောက်ထားတယ်လို့ တဘက်သတ် သတင်းထုတ်ပြန် စွပ်စွဲမှုထားတဲ့ `RSO´ ဆိုတဲ့အဖွဲ့နဲ့ပက်သက်ပြီး အစိုးရဘက်က ခိုင်မာတဲ့အထောက်အထားတွေ ချပြဖို့မဖြစ်နိုင်တဲ့အတွက် လိမ်မာ ပါးနပ်စွာပဲ မြန်မာစာတမ်းနဲ့ တယ်လီဗီးရှင်းကနေ ဖေါ်ပြလိုက်တဲ့ အခါ လူထုအမြင်မှာ `RSO´ဆိုတာ အမှန်တကယ်ရှိယုံတင်မက ၊ အမေရိကန်လို နိုင်ငံကြီးကတောင် စိုးရိမ်ပူပန်နေရတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း သက်သေပြနေစရာမလိုဘဲ စိတ်ထဲ တေးမှတ် ယုံကြည်သွားစေနိုင်ပါတယ်။ အကောင်ပိုကြီးအောင် ရုပ်လုံး ဖေါ်ပြလိုက်တာပါ။

    ဒီရက်ပိုင်း မြန်မာအစိုးရရဲ့ သဘောထားတွေကိုကြည့်ရင် နိုင်ငံတကာ ဖိအားကို လုံးဝ ဂရုမစိုက်ဘူးလို့ အတိအလင်းပြောနေတယ်။ ဒီတော့ သူတို့အတွက် အမှန်တကယ် အရေးပါတယ်လို့ ယူဆရတဲ့ ပြည်တွင်း ထောက်ခံမှုအားနဲ့ပဲ ရိုဟင်ဂျာကိစ္စကို အပြီးဖြေရှင်းဖို့ ကြိုးစားလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့်လဲ ပြည်တွင်းထောက်ခံမှု ခိုင်ခိုင်မာမာ ရစေဖို့ အစိုးရနဲ့ ရခိုင်ပါတီတွေရဲ့ လန်ကြုတ် ဇါတ်လမ်းဆင် ထုတ်ပြန်ချက်တွေ အပြင် ၊ ခုလို မီဒီယာဘက်ကပါ လှိုင်းလုံးကြီးတွေလို ဆင့်ကဲဆင့်ကဲ (Propaganda) ၀ါဒဖြန့်နေခြင်းလို့ မြင်ပါတယ်။

    ရိုဟင်ဂျာပြဿနာကို လမ်းမှန်ကမ်းမှန် ဖြေရှင်းမယ်ဆိုရင် ” နိုင်ငံသား အဖြစ်မှ အဓမ္မ ငြင်းပယ်ခံရခြင်း” ဆိုတဲ့ Issue ဆိုတာကို အမှန်အတိုင်း လက်ခံပြီး အဖြေရှာရမှာပါ။ ဒီလိုလက်ခံပြီး မဖြေရှင်းချင်တော့ `ခိုးဝင် လာတဲ့ ဘင်္ဂါလီ´ဆိုတဲ့စကားလုံး သွင်သွင်သုံးပြီး ပြည်သူလူထုအမြင်မှာ “တရားမဝင် နယ်စပ်ဖြတ်ကျော် လူဝင်မှုပြဿနာ” တစ်ခုအဖြစ်မြင်လာ အောင် ထိထိရောက်ရောက် ဝါဒဖြန့်ခဲ့တဲ့အပြင် (၁၉၈၂)ခုနှစ် နိုင်ငံသား ဥပဒေဟာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာအတွက် အရေးကြီး သယောင်ယောင် ၀ါဒဖြန့်ပြီး လူထုထောက်ခံမှုကို အလွယ်တကူ ရယူ နိုင်ခဲ့တယ်။

    ခုတခါ ဒီထက်ပိုဆိုးအောင် “The world’s most persecuted people” တွေလို့ တစ်ကမ္ဘာလုံးက လက်ခံထားကြတဲ့ ရိုဟင်ဂျာတွေကို လက်နက် ကိုင် အဖွဲ့အစည်းအဖြစ်ရှိခဲ့ဖူးတဲ့ `RSO´ ဆိုတဲ့ နာမည်နဲ့ ဆက်စပ်ပြီး Terrorist အဖြစ် ပုံဖော်ဖို့ ကြံစည်နေပြီ။ ဒါဟာ ” နိုင်ငံသားအဖြစ်မှ အဓမ္မ ငြင်းပယ်ခံရခြင်း” ဆိုတဲ့ ပြဿနာကို “အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာ” ဆိုတဲ့ Issue အဖြစ် ခေါင်းစဉ်ပြောင်း ဖို့ လုပ်ဆောင်ချက် တစ်ရပ်လို့မြင်ပါတယ်။ ရှေ့လျောက် ရိုဟင်ဂျာတွေ ရဲ့ အခြေအနေ ခုထက်ပိုပြီး စိုးရိမ်စရာကောင်းနေပါပြီ။

    ရခိုင်ပြည်နယ်မှ စတင်ခဲ့တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ တလျောက် လုံးမှာ ရိုဟင်ဂျာတွေ အပါအ၀င် မြန်မာပြည်က မွတ်ဆလင်တွေ အားလုံး ဟာ အဆင့်အတန်း နဲ့ ဂုဏ်သိက္ခာ စိုးစဉ်းမျှ မရှိတဲ့ မြန်မာမီဒီယာတွေရဲ့ သားကောင်ဘ၀ (Media Victims) ရောက်သွားခဲ့ပါတယ်။ သို့သော်လည်း ဒီလို မီဒီယာတွေ ကိုယ်ကျိုးရှာ ၀ါဒမှိုင်းတိုက်မှုရဲ့ နောက်ဆက်တွဲရလဒ် ဆိုးတွေဟာ သားကောင်တွေပေါ်မှာသာ သက်ရောက်မှုရှိတာ မဟုတ်၊ မြန်မာပြည်သူ တစ်ရပ်လုံးအတွက်ပါ ရန်သူမျိုး ၆ ပါးအဖြစ် ထပ်တိုး လာခဲ့ပြီဆိုတာကို တချိန်ချိန်မှာ မြန်မာပြည်သူတွေ သိနိုင်ကာင်းပါရဲ့ ..

    ဦးဦး မှော်ဆရာ (၃၁- ၁- ၂၀၁၄)

    ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

  • “အဝါရောင် ဂျာနယ်လစ်ဇင် နှင့် အနာဂတ် မြန်မာနိုင်ငံ”

    ဇန်နဝါရီ ၉၊ ၂၀၁၄
    ဆောင်းပါးရှင် – ဝါးလုံးရှည်-အတီး

    yellow journalism

    အင်္ဂလိပ် စကားလုံး ဝေါဟာရဖြစ်သော yellow journalism အဝါ ရောင် ဂျာနယ်လစ်ဇင် ကို မြန်မာလို အဓိပ္ပာယ် ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရရင်ဖြင့် တနပ်စား လူပြိန်းကြိုက် စာနယ်ဇင်း လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

    မဂ္ဂဇင်းဂျာနယ်တွေရဲ့ သဘောသဘာဝ အရ နိုင်ငံပိုင် သတင်းစာ ဒါမှမဟုတ် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက အထောက်အပံ့ အကူအညီ ဖြင့် လုပ်ကိုင်နေကြသော ဂျာနယ်၊စာစောင် လိုမျိုးမှ လွဲ၍ ကျန်ရှိသည့် စီးပွါးဖြစ် လုပ်ကိုင်နေကြသော ပုဂ္ဂလိက ဂျာနယ် အားလုံးသည် ကိုယ့်ဆီကို စာဖတ်ပရိသတ် များများရောက်လာအောင်၊တနည်းအားဖြင့် ကိုယ့်ရဲ့ ဂျာနယ်ကို လူကြိုက်များ ရေပန်းစားပြီး ဂျာနယ်စောင်ရေ ရောင်းအားကောင်းဖို့ မှာ အဓိက အခရာ ကျသည့်အချက်ဖြစ်ပါသည်။

    ထိုသို့ဂျာနယ်ရောင်းအား ကောင်းအောင် လုပ်ဆောင်ရာတွင် သင့်တင့်လျှော်ကန်သော နည်းများ ဖြင့်သာမက တခါတရံတွင်တော့ မသင့်တော်သော နည်းလမ်းများ၊ စာနယ်ဇင်းကျင့်ဝတ်ကို သိသိကြီးနဲ့ပင် တမင်တကာ ချိုးဖောက်လျှက် မိမိတို့ဂျာနယ် ဈေးကွက် အတွင်း ဝေစုရရန် အတွက် အလျှင်အမြန် ခြေကုန်သုတ် ရတတ်တာမျိုးလည်း ရှိပါသည်။

    ထိုသို့ ကျင့်သုံးရာတွင် မမှန်ကန်သော သတင်းဌာနတစ်ခု သို့ မဟုတ်၊ သတင်းစာ၊ဂျာနယ်စာစောင် သို့မဟုတ် သတင်းထောက် ဂျာနယ်လစ် သည် ၎င်းတို့ တင်ပြသည့် သတင်း အချက်အလက်များကို လိုအပ်သည်ထက် ချဲ့ကားခြင်း သို့မဟုတ် ထိန်ချန်ပြီး ရေးသားတတ်ကြလေသည် ။

    ဤကဲ့သို့ ရေးသားကြရာတွင် ပညာရှင် ဆန်ဆန် သတင်း ပုံစံမဟုတ်ဘဲ မိမိ၏ ပုဂ္ဂလိက ခံစားချက်များ ကို အသားပေး၍ ရေးသားသော သတင်းဌာန (သို့မဟုတ်) သတင်းထောက် သည် အဝါရောင် ဂျာနယ်လစ်ဇင် ကို ကျင့်သုံး ခြင်းဟုခေါ်ဆိုနိုင်ပေသည်။

    ဘာမှ မထူးခြားသော ပုံမှန် ဖြစ်ရိုးဖြစ်စဉ် သတင်းတစ်ခုကို အချိန် ကာလတစ်ခုတွင် လူအများ အာရုံစိုက် လာစေရန် ခေါင်းစဉ် အကြီးကြီး၊စာလုံး အမည်းများဖြင့် ခေါင်းစဉ်တပ်ရေးသားကာ မီးမောင်းထိုး ဟိုက်လိုက်ပြုလုပ်ခြင်း၊မူလ သတင်းဖြစ်စဉ်မှ ပါဝင်သည်များကို ထိန်ချန်၍ရေးသားခြင်း၊ ပိုမိုချဲ့ကားရေးသားခြင်းများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုအား မတိကျ မသေချာသော အချက်အလက်များနှင့် စွပ်စွဲတိုက်ခိုက်ခြင်း၊(နာမည်ကျော် ဆီလီဘရစ်တီများ အဖို့ အများဆုံး ခုတုံးလုပ် ခံရတတ်ပါသည်။) ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် မိမိတို့၏ဂျာနယ်စောင်ရေ ရောင်းအား တက်လာနိုင်သော်လည်း တခါတရံတွင်တော့ တဖက်သားလူရဲ့ ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မျက်နှာလွဲ ခဲပစ် လက်လွတ်စံပယ် လုပ်တတ်ကြလေသည်။

    အနီးစပ်ဆုံး ဥပမာပြရလျှင် နာမည်ကျော် ခရိုနီ သူဌေးကြီး ဦးတေဇမှ နေ၍ အာဏာရှင် ဟောင်းကြီး၏ မိသားစုအား ဂေါက်ကွင်း ကားလေးဖြင့် ကိုယ်တိုင် ကိုယ်ကျ ဒရိုင်ဘာလုပ်ကာ တယုတယ မောင်းနှင်ပေးနေပုံကို သူရိယနေဝန်း ဂျာနယ်မှ မျက်နှာဖုံးတွင် စာလုံး အကြီးကြီး တပ်ကာ မင်းတို့ ခရိုနီတွေ ဘင်္ဂလားပင်လယ်အော် အတွင်းသာ ခုန်ချလိုက်တော့ ဟူ၍ ဈေးထဲမှ ငါးစိမ်းသည်များ ရန်ဖြစ်သည့်လေသံမျိုးဖြင့် ပညာရှင် မဆန်စွာ တင်ထားသည်ကိုတွေ့နိုင်ပါသည်။ ရိုးရှင်းစွာ တွေးကြည့်ပါက ပုံထဲတွင်ပါဝင်သော လူများသည် ထင်ရှားကျော်ကြားသည့် အလျောက် ထိုသူတို့၏ လှုပ်ရှားသွားလာမှု ပုံရိပ်များသည် သတင်းဖြစ်နိုင်သော်လည်း ထို သတင်းသည် သာမန် သတင်း မျိုးသာဖြစ်ပြီး မျက်နှာဖုံးတွင် တင်ရလောက်အောင် အထိ ဘာမှ အရေးမကြီး စာဖတ်သူအား မည်သို့မှ အကျိုးမရှိသော သတင်းမျိုးသာ ဖြစ်သော်လည်း အဝါရောင် ဂျာနယ်လစ်ဇင်ကို ကျင့်သုံးကာ စာဖတ်ပရိသတ် ၏ မိမိတို့ဂျာနယ်အပေါ် သုံးစွဲသော ငွေကြေးအား နှင့် တန်ဖိုးရှိလှသော အချိန်များကို အချည်းနှီး ဖြစ်စေပါသည်။ထိုသို့သော သတင်းမျိုး၏ မူရင်း စိတ်စေတနာ မှန်မမှန် ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ ပါမပါကိုကို ရေးသားသူ ကာယကံရှင်သည်သာ အသိနိုင်ဆုံးဖြစ်သော်လည်း သေချာသည်ကတော့ ထိုကဲ့သို့သော ရေးသားမှုသည် အစိုးရနှင့် အတိုက်အခံကိုလည်း အပြုသဘောမဆောင်၊ စာဖတ်ပရိတ်သတ် ကိုလည်း မည်သို့မှ အကျိုးမရှိ ဘယ်ဘက်ကကြည့်ကြည့် ကောင်းကျိုး မမြင်ရသည့် လုပ်ရပ်သာဖြစ်လေသည်။

    တခါတရံတွင်တော့ အဝါရောင် ဂျာနယ်လစ်ဇင်တွင် သမိုင်း ရာဇဝင် ဆိုင်ရာ၊ဆောင်းပါးများ စာတမ်းများ ကိုတင်ပြရာတွင် မိမိတို့ သဘောထားနှင့် မတိုက်ဆိုင်၊မကြိုက်နှစ်သက်ခြင်း သို့မဟုတ် လူထု အများ မကြိုက်နှစ်သက်သော ဖြစ်ရပ်များကို ထိန်ချန်ခြင်း၊ ချဲ့ကားခြင်း၊ အမှားအယွင်းများ ရေးသားခြင်းများပြုလုပ်ကာ အမှန်တရားကိုလက်မခံဝံ့ပဲ စာဖတ် ပရိတ်သတ်အား မလိမ့်တပတ်လုပ် စော်ကားခြင်းမျိုးလည်းရှိတတ်ပါသည်။

    အနီးစပ်ဆုံး ဥပမာပြရလျှင် Eleven Media Group ၏ ၃ ရက်နေ့ ဇန်နဝါရီ ၂၀၁၃ တွင် တင်ထားသော ဆောင်းပါးရှင် လှမြင့် (ရန်ကုန်တက္ကသိုလ်)”ပထမဆုံး လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များ” ဆောင်းပါးတွင် ပါရှိသော “ဝန်ကြီးချူပ် သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်” ဆိုရာ၌ “ယနေ့ရရှိသော လွတ်လပ်ရေးသည် အသင်းအဖွဲ့အစည်း တစ်ခုတည်း၏ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ အစည်းအရုံး၊ သမဂ္ဂ အစရှိသော များမြောင်လှသော အသင်းအဖွဲ့ အားလုံး၏ လွတ်လပ်ရေးဖြစ်သည်။” ဟု ရေးသားထားပါသည်။

    32
    ဝန်ကြီးချူပ် သခင်နု မိန့်ကြားချက် မူရင်း အပြည့်အစုံဖတ်လိုလျင် Click Here

    တကယ်တမ်းမှာတော့ မူရင်းအမှန်ဖြစ်သော “သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်”တွင် ပါရှိသော “ဗမာမူစလင်” ဟူသော ဝေါဟာရ စကားလုံး အသုံးအနှုံးကို ဖယ်ရှားကာ မူရင်း သမိုင်းဝင် မိန့်ကြားချက်ကိုပင် ကိုယ် အလိုရှိသလို ထုတ်နှုတ်တည်းဖြတ်ကာ လိုတိုးပိုလျှော့ လုပ်သွားသည်ကို တွေ့နိုင်ပါသည်။ အဓိပ္ပာယ်ကတော့ ရှင်းပါသည်။

    ယနေ့ကာလတွင် အထိအရှလွယ် sensitive ဖြစ်နေသောထို “ဗမာ မူစလင်” ဟူသော အသုံးအနှုန်းကို ရှောင်ရှား လိုက်ခြင်းအားဖြင့် သမိုင်း အမှန်၊သတင်းအမှန်ဖြစ်ဖို့ အရေးထက် စာဖတ်ပရိသတ်၏ အငြိုအငြင်ကို မခံရရေး၊မိမိ စာစောင် မျက်နှာပန်း လှရေးကိုသာ အဓိကထားကာ အဝါရောင် ဂျာနယ်လစ်ဇင်ကို ကျင့်သုံး သွားသည်ကို တွေ့နိုင်ပါသည်။သမိုင်းကို လိမ်လည်ခြင်း၊ထိန်ချန်ရေးသားခြင်းမျိုးသည် အနာဂတ်မျိုးဆက် များအပေါ်တွင် သစ္စာဖောက်သော လုပ်ရပ်မှားသာဖြစ်ပြီး အင်မတန်မှ ရှက်ရွံဖွယ်လည်းကောင်းလှပါသည်။

    ယနေ့ တိုးတက်ပွင့်လင်းရန် အရှိန်ယူကာစပြုလာပြီ ဖြစ်သော ကျွန်တော်တို့၏ ဒီမိုကရေစီ အမိမြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့် အညီ စာပေလွတ်လပ်ခွင့်များ မီဒီယာဖိနှိပ် ချုပ်ချယ်မှုများကို တလေးတစား အရေးပေး၍ တောင်းဆိုနေကြရာ ကျွန်တော်တို့ စာဖတ်ပရိတ်သတ် ပြည်သူတို့မှနေ၍ ထောက်ခံအားပေး ကူညီသင့်သလို အပြန်အလှန် အားဖြင့် စာနယ်ဇင်း လောကသားများ အနေဖြင့် မြန်မာပြည်သူတို့ အပေါ် စိတ်ရင်းစေတနာ အမှန် ဖြင့်သတင်း အမှန်များအား တင်ပြပေးနိုင်ရန်လိုအပ်ပြီး ပွဲဆူရုံ ရောင်းအားကောင်းရုံ သက်သက် တနပ်စား အဝါရောင် ဂျာနယ်လစ်ဇင် ကျင့်သုံးမှုများကို ရှောင်ရှားသင့်ပေသည်။ ထိုသို့ ကျင့်သုံးသော သူများရှိပါကလည်း မိမိနှင့် မဆိုင်သလို မနေသင့် စာနယ်ဇင်းလောကအတွင်း လက်မခံပဲ ဖော်ထုတ်တားဆီး ရှုတ်ချ သင့်ပေသည်။

    သိပ်မကြာလှသေးသော အတိတ်ကာလမှ ဂျာနယ်လစ် တစ်ယောက်အဖို့ မိမိ စိတ်စွမ်းအင်မှ ညှစ်ထုတ် ရရှိကာ လုံ့လ ဝီရိယအားစိုက်၍ ကြိုးစားပမ်းစား ရေးသားထားသော သတင်း တစ်ပုဒ်အား စာပေကင်ပေတိုင်ခေါ် စိစစ်ရေး တင်လိုက်သော အခါကျမှ အမြီးဖြတ် ခေါင်းဖြတ်ဖြစ်လိုဖြစ် အချို့ဆိုလျှင် လုံးဝ ခွင့်ပြုချက်မရရှိသလို ကြုံတွေ့ရရင် ခဲလေသမျှ သဲရေကျဖြစ်ကာ အတော်ကြီးကို ခြေကုန်လက်ပန်းကျ စိတ်မကောင်းဖြစ်ခဲ့ရသည်ကို ပြန်လည် သတိရ ဆင်ခြင်သင့်ပေသည်။

    မဝေးတော့သော အနာဂါတ် မြန်မာနိုင်ငံတွင်လည်း ပွင့်လင်းလာသော စာပေလွတ်လပ်ခွင့် နှင့် အတူ ကြီးမား ကျယ်ပြန့်လာနေသော စာနယ်ဇင်း ဈေးကွက် အတွင်းတွင် မိမိတို့ ဈေးကွက် ဝေစု ရရှိရေးအတွက် ယှဉ်ပြိုင်မှူများလည်း ပြင်းထန်လာနိုင်ဖွယ်ရှိရာ ယေဘုယျအားဖြင့် ထိုသို့သော တနပ်စား အဝါရောင် ဂျာနယ်လစ်ဇင် လုပ်ရပ်များလည်း ရေတက် ငါးဇင်ရိုင်းများလို အပြိုင်းအရိုင်း ခါတော်မှီ ပေါ်ထွက်လာနိုင်ဖွယ် ရှိနိုင်ပါသည်။

    စစ်မှန်သော ဒီမိုကရေစီ စနစ်တွင် သတင်းလွတ်လပ်ခွင့်သည် အသက်တမျှ အရေးကြီးသလို မိမိရေးသားလိုက်သော သတင်း၏ တိကျသေချာမှူနှင့် တာဝန်ယူမှူတို့ကိုလည်း မမေ့လျော့သင့်ပေ။

    နိဂုံးချုပ်အနေဖြင့် ဆိုရသော် ကျွန်တော်တို့၏ အနာဂတ် မြန်မာနိုင်ငံတော်တွင် ရဟန်းရှင်လူ ပြည်သူလူထုတို့ အနေဖြင့်အထိရောက်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်နိုင်ရန် နည်းလမ်း ကတော့ ထိုသို့သော အဝါရောင် ဂျာနယ်လစ်ဇင် ကျင့်သုံးလေ့သုံးထရှိသော ဂျာနယ်၊ မဂ္ဂဇင်းများကို မိမိတို့၏ ချွေးနှဲစာ ငွေကြေးထဲကို အသုံးပြုပြီး ဝယ်ယူကာ အဆိပ်ပင် ရေလောင်းခြင်းမျိုးမှ ရှောင်ရှားခြင်းမှသာလျှင် အကောင်းဆုံးဖြစ်ပေသည်။ ထို့အပြင် စစ်မှန်သော စာနယ်ဇင်း လောကသား များအနေဖြင့် မိမိတို့ တိုင်းပြည်ကို တကယ် တိုးတက်စေချင်သော စေတနာ အမှန်ရှိလျှင် ထို့သို့ တနပ်စား အကြံရှိသော သတင်းထောက်၊ဂျာနယ်လစ် ၊ဆောင်းပါးရှင်များအားလည်း စာနယ်ဇင်း လောကသား အချင်းချင်းမို့ မသိချင်ယောင်ဆောင် မျက်နှာလွှဲ မနေသင့်ပဲအရေးယူဖော်ထုတ် ရှုတ်ချ သင့်ပါသည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည် ခင်မျာ။

    အညွှန်း

    • Eleven Media Group ၏ “ပထမဆုံး လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များ” ဆောင်းပါး လင့်=> http://goo.gl/wC6lne
    • “ဝန်ကြီးချူပ် သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်” လင့် =>http://www.m-mediagroup.com/news/22435

  • ကျောက်တော်မှ ရခိုင် ကလေး သေဆုံးမှု ခေါ်စစ်ခဲ့သည့် မွတ်စလင်မ်(၂) ဦး အပြစ်မရှိသဖြင့် ပြန်လွှတ်

    နိုဝင်ဘာ- ၂၁ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

    ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

    ” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

    **အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊ ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။

    ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်။

    အပြည့်အစုံ ဖတ်ရန် =>http://burma.irrawaddy.org/news/2013/11/21/51248.html
    ============================

    Sitwe Poutaw case
    ဓါတ်ပုံ အညွှန်း- ပေါက်တောမြို့မှ မငယ်ငယ် အသတ်ခံရသည့် သတင်းကို ဆိုရှယ်မီဒီယာတွေ ဓါတ်ပုံနှင့်တကွ စတင်ဖြန့်ဝေခဲ့သည့်ဟု ယူဆရသူ ဦးဥာဏ စစ်တွေ ဆိုသူ၏ FB စာမျက်နာမှ သတင်း

    ဘာသာရေးမုန်းတီးမှုဖြစ်စေရန် လှုံဆော်ရေးသားသည့် အဆိုပါ သတင်းကို ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်သည်။

    (မူလက ဓါတ်ပုံနှင့်တကွ တင်ခဲ့သည့် သတင်းမှာ FB ၏ စည်းကမ်းချက်နှင့် ညှိစွန်းနေသဖြင့် Facebook မှ ဖယ်ဖျက်လိုက်သည်ဟု ယူဆရပါသည်။ )

    Link =>https://www.facebook.com/unyar.na.9/posts/268551873304932

  • ရွှေပြည်သာမှ အမျိုးသမီး အသတ်ခံရမှု လုပ်ကြံသတင်းဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်၊ ဝါဒဖြန့်သူများကို တရားဥပဒေအရ အရေးယူမည်ဟု မပါရှိ

    စက်တင်ဘာ၊ ၂၉ ၊
    M-Media

    shwe pyi tar

    MyawadyNews အပါဝင် ဝါဒဖြန့်ချီရေးစာမျက်နှာများတွင် လုပ်ကြံဝါဒဖြန့်ထားသော ရွှေပြည်သာမှ အမျိုးသမီး အသတ်ခံရသည့် သတင်းမှားယွင်းကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စာမျက်နှာ၏ FB စာမျက်နှာတွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့ကြောင်းတွေ့ရှိရပါသည်။ အဆိုပါအမျိုးသမီးငယ် အသတ်ခံရသည့်သတင်းကို မွတ်စလင်များ သတ်ဖြတ်သည်ဟု အများပြည်သူများ ထင်မှတ်အောင် အသုံးအနှုန်းများဖြင့် သတင်းလိမ်ဓါတ်ပုံ အလိမ်ဖြင့် ဆိုရှယ်မီဒီယာများတွင် ပျံနှံခဲ့ခြင်းဖြစ်သည်။

    အဆိုပါ လိမ်ညာသတင်းဝါဒဖြန်ချီရေး Page များမှာ Fan ၂ သိန်းနီးပါးရှိသော Page များဖြစ်သည်။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွင် မမှန်ကန်သည့် သတင်းများ ရေးသားဖော်ပြခြင်းမပြုရန်သာပါရှိပြီး ထိုသို့ ရေးသားလှုံဆော်နေသူများကို တရားဥပဒေနှင့် အညီ ဖော်ထုတ်အရေးယူသွားမည်အကြောင်း မပါရှိပေ။

    ရန်ကုန်တိုင်းရဲ့တပ်ဖွဲ့ရဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။
    ———————————————————
    မှန်ကန်သည့်သတင်းမဟုတ်ကြောင်းနှင့် နောင်တွင် အလားတူသတင်းအမှားများမဖော်ပြကြပါရန် မေတ္တာရပ်ခံခြင်း

    ရန်ကုန်၊ စက်တင်ဘာ ၂၈

    လူမှုကွန်ယက် အင်တာနက်စာမျက်နှာများဖြစ်သော https://www.facebook.com/pages/သတင်းပေါင်းစုံ/480651228657570 တွင်ရေးသားဖော်ပြခဲ့ပြီး https://www.facebook.com/MyawadyNews မှ ကူးယူဖော်ပြထား သည့် ကူညီကြပါ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ထူးခြားမှုကြား သိပါက ဆက်သွယ်သတင်းပေးကြပါဟု ဆိုကာ ရွှေပြည်သာမြို့နယ်၊ အဖ ဦးကျော်စွာ၊ အမိဒေါ်ပြည့်စုံ၊ သမီးမခင်ပြည့်စုံ ၂၆.၉.၂၀၁၃နေ့ ဘယ်သူသတ်သွားမှန်းမသိကြောင်းနှင့် အလောင်းရှာတွေ့ပုံဟုဆိုကာ http://www.empressleak.com/wicked-world-watch-teenage-girl-raped-and-murdered-in-the-bush/ မှ သတင်း ပါ ဓါတ်ပုံအား ကူးယူဖော်ပြထားသည့် အဆိုပါသတင်းမှာ လုံဝမှန်ကန်မှုမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

    ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့နယ်မြေ အတွင်းသာမက အခြားရဲစခန်းနယ် မြေများအတွင်း၌လည်း အဆိုပါ အမျိုးသမီးငယ် သေဆုံးမှု၊ အသတ်ခံရမှုဖြစ်စဉ်မရှိပါကြောင်း ပြည်သူများ သိရှိနိုင်စေရေးအသိပေးဖော်ပြအပ်ပါသည်။
    အဆိုပါသတင်းအားရေးသားဖော်ပြခဲ့သည့် သတင်းပေါင်းစုံ facebook Pageအနေဖြင့်ယင်းကဲသို့မမှန်ကန်သည့်သတင်းအား ရေးသားဖော်ပြခြင်း အားဖြင့် သတင်းဖတ်ရှုသူပြည်သူများ အထိတ်တလန့်နှင့် စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပြီး ရဲတပ်ဖွဲ့၏ Imageအားထိခိုက်နိုင်ပါသဖြင့် နောင်တွင် အလားတူ မမှန်ကန်သည့်သတင်းများအား ရေးသားဖော်ပြခြင်းမပြုပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသတင်းထုတ်ပြန်ရေးဌာနမှ မေတ္တာ ရပ်ခံအပ်ပါသည်။

    Ref: https://www.facebook.com/yangonpolice/posts/384459788349961