News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • ဟဂ်ျပြုရန် လာရောက်ကြသူများ အတွက် ကျန်းမာရေး အသိ ပညာပေးရေး အစီအစဉ်များကို ဆော်ဒီ ပြုလုပ်

    ဟဂ်ျပြုရန် လာရောက်ကြသူများ အတွက် ကျန်းမာရေး အသိ ပညာပေးရေး အစီအစဉ်များကို ဆော်ဒီ ပြုလုပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    1410466191390206900
    – ကမ္ဘာတစ်ဝှမ်းမှ လာရောက်ကြမည့် ဟဂ်ျဘုရားဖူးခရီးသည်များအတွက် ကျန်မာရေးဆိုင်ရာ အသိပညာပေးရေး လှုပ်ရှားမှုများကို ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက နည်းလမ်းပေါင်းစုံဖြင့် တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

    ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်များကို ဆော်ဒီရှိ ရုပ်သံလိုင်းပေါင်းစုံမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဟဂ်ျခရီးသည်များအတွင်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေသွားရန် စီစဉ်နေသည်။

    “ရုပ်သံလိုင်းတွေအပြင် ဟဂ်ျပြုကြမယ့် သူတွေအကြား ကူးစက်ရောဂါ ပြန့်နှံ့မှုကို တားဆီးဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ အကြံပြုထားတဲ့ လက်ကမ်းစာစောင် ၁ သန်းကျော်ကို ဘာသာစကားမျိုးစုံနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဘာသာစကားအလိုက် ဖြန့်ဝေသွားမှာပါ” ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခါလစ် အလ်-မီရ်ဂါလာနီက Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုလက်ကမ်းစာစောင်များကို အာရဗီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ အူရဒူနှင့် အင်ဒိုနီးရှား ဘာသာစကားများဖြင့် ထုတ်ဝေသွားမည်ဖြစ်သည်။

ုထို့ပြင် ဟဂ်ျကာလ မက္ကာနှင့် မဒီနာမြို့များ၌ နေထိုင်စဉ် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆောင်ရန်ရှောင်ရန်များကိုလည်း ထိုလက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

    ဟဂ်ျပြုရန်လာရောက်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာများ ရရှိရန်အတွက် အီလက်ထရောနစ်မီဒီယာများကိုလည်း အသုံးပြုသွားမည်ဖြစ်ပြီး လမ်း၏ အဓိကနေရာများတွင် ကျန်းမာရေးအသိပညာပေး ကြော်ညာဆိုင်းဘုတ်များကိုလည်း ချိန်ဆွဲသွားမည်ဖြစ်သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုး ပြဿနာကြောင့် ဆော်ဒီအစိုးရမှာ ယခုနှစ် ဟဂ်ျကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုများကို တင်းကြပ်စွာ ဆောင်ရွက်ထားပြီး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အကြံဥာဏ်များရယူနိုင်ရန်အတွက်လည်း အခမဲ့ ဖုန်းလိုင်းတစ်ခုကို စီစဉ်ပေးထားသည်။

    ref_Arab news

  • မွတ်စလင်ကျောင်းသားများ အတွက် အတိုးမဲ့ချေးငွေ စနစ်ကို ဗြိတိန်အစိုးရ စတင်

    မွတ်စလင်ကျောင်းသားများ အတွက် အတိုးမဲ့ချေးငွေ စနစ်ကို ဗြိတိန်အစိုးရ စတင်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    UKIntroduces-Halal-Loans-for-Muslim-Students
    – ယူကေရှိ တက္ကသိုလ်စားရိတ်များ မြင့်တက်လာခြင်းကို ကျော်လွှားရေး ကူညီရန်နှင့် ယူကေတက္ကသိုလ်များတွင် မွတ်စလင်ကျောင်းသားများ တိုးလာစေရေး ရည်ရွယ်လှုပ်ရှားမှုအဖြစ် အစ္စလာမ့်နည်းကျ အတိုးမဲ့ ကာလရှည် ငွေချေးအစီအစဉ်ကို ဗြိတိန်အစိုးရက အတည်ပြုလိုက်သည်ဟု သိရသည်။

    အဆိုပါအစီအစဉ်အား Takafulဟု အမည်ပေးထားပြီး မွတ်စလင်ကျောင်းသားများအနေဖြင့် အစ္စလာမ်က တားမြစ်ထားသည့် အတိုးစနစ်မပါဘဲ ငွေချေးနိုင်ဖြစ်သည်။

    “Takaful အစီအစဉ်ကို လှူဒါန်းတဲ့ပုံစံ  ဒါမှမဟုတ် အကျိုးအမြတ်မယူတဲ့ ကာလရှည်ငွေချေးမှုပုံစံ ကနဦးငွေပမာဏနဲ့ စတင်တည်ထောင်သွားမှာဖြစ်ပြီး အပြင်အလှန်ပူးပေါင်းပါဝင်မှုနဲ့ အာမခံမှုတွေအပေါ် အခြေခံသွားမှာပါ” ဟု အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်သော အစီရင်ခံစာတွင် ဗြိတိန်စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျွမ်းကျင်မှုဌာန BIS က ဖော်ပြထားသည်။

    ဗြိတိန်တွင် “ရှရီအာနှင့် လျော်ညီသည့် လည်ပတ်နိုင်သောဘဏ္ဍာရေးစနစ်” ဆောင်ရွက်မှုအပေါ် အကြံဥာဏ်များရယူခဲ့ပြီး လေးလအကြာတွင် Takaful အစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

    လူပေါင်း ၂၀၀၀၀ ထံမှ အကြံဥာဏ်များ ရယူခဲ့ရာ ၉၃ ရာခိုင်နှုန်းက အတိုးစနစ်အသုံးပြုခြင်းကို ဘာသာရေးအရ ပိတ်ပင်မှုရှိနေသည့် ကျောင်းသားများအတွက် မြင့်တက်လာသော ကျောင်းစားရိတ်များနှင့် ကာလရှည်ချေးငွေများက ထိခိုက်စေကြောင်း တွေ့ရှိခဲ့ရသည်။

    ထို့ပြင် မွတ်စလင်ကျောင်းသားအများစုကလည်း ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် ကျောင်းစားရိတ်မြင့်တက်မှုနှင့် ဘာသာတရားနှင့် မကိုက်ညီသော အတိုးပေးရသည့် ကာလရှည် ငွေချေးစနစ်တို့ကြောင့် မိမိတို့မှာ ကျောင်းထွက်ခဲ့ရသည်ဟု ပြေကြားခဲ့သည်။

    ထိုကဲ့သို့ တွေ့ဆုံ အကြံအဥာဏ်ရယူမှုများ ပြုလုပ်ခဲ့ပြီးနောက် Takaful အစ္စလာမ့် ဘဏ္ဍာရေးနစ်ကို မွတ်စလင်ကျောင်းသားများအတွက် ကာလရှည်ချေးငွေပြဿနာအား ဖြေရှင်းပေးနိုင်မည့် အလားအလာရှိသော အဖြေတစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။

    အဆိုပါ ငွေချေးစနစ် ဖွံ့ဖြိုးလာရေး ဘဏ်များ၊ အခြားသော အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆက်သွယ်ကာ ဆောင်ရွက်နေကြောင်း၊ ပြည်သူအများစုက အဆိုပါစနစ်ကို လက်ခံကြပြီး၊ ထိုစနစ်အတွက် ရှင်းလင်းပြောဆိုမှုများ  ပိုမိုလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

    ref_OnIslam & News Agencies

  • မြောက်အမေရိက၏ ပထမဆုံး အစ္စလာမ့် အနုပညာပြတိုက် တိုရွန်တို၌ ဖွင့်လှစ်မည်

    မြောက်အမေရိက၏ ပထမဆုံး အစ္စလာမ့် အနုပညာပြတိုက် တိုရွန်တို၌ ဖွင့်လှစ်မည်

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media

    toronto-canda_9-11-2014_159388_l
    လာမည့်ရက်သတ္တပတ်အတွင်း တိုရွန်တိုမြို့၌ ဖွင့်လှစ်တော့မည်ဖြစ်သော အစ္စလာမ့်အနုပညာပြတိုက်နှင့် ယဉ်ကျေးမှုစင်တာ

    သစ်လွင်လှပနေသည့် အစ္စလာမ့် အနုပညာပြတိုက်နှင့်ယဉ်ကျေးမှု စင်တာတစ်ခုကို တိုရွန်တိုမြို့၌ လာမည့် ရက်သတ္တပတ်အတွင်း ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၎င်းသည် မြောက်အမေရိကတွင် ပထမဆုံးစာရင်းဝင်ကြောင်း သိရသည်။

    ယင်းပြတိုက်တွင် အေဒီ ၇ နှင့် ၈ ရာစုမှ ရှားပါးကုရ်အာန် လက်ရေးမူများအပါအ၀င် အနုပညာလက်ရာပေါင်း တစ်ထောင်ကျော်ကို ခင်းကျင်းပြသထားမည်ဖြစ်သည်။

    ကနေဒါနှင့် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ပြတိုက်များမှ အစ္စလာမ့်အနုပညာ လက်ရာများကို စုဆောင်းထားသော်လည်း ထိုပြတိုက်မှာ ယင်းသို့ အစ္စလာမ့်သီးသန့် လက်ရာ စုစည်းချက်အနေနှင့် ပထမဆုံးဖြစ်ကာ စက်တင်ဘာ(၁၈)ရက်မှ စတင်၍ ဧည့်သည်များ ၀င်ရောက်ကြည့်ရှုနိုင်တော့မည်။

    ကနေဒါဒေါ်လာ သန်းသုံးရာ (ကန်ဒေါ်လာ ၂၇၄ သန်း)တန်ကြေးရှိ အက်ဂါခန်းပြတိုက်နှင့် ကပ်လျက်မှ အစ္စမာအီလီစင်တာမှာ ၆.၈ ဟက်တာ (၁၇ ဧက) မြေကွက်ပေါ်တွင် တည်ရှိပြီး မွတ်စ်လင်မ်များသာမက အခြားသူများအတွက်ပါ ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

    ref_ AFP

  • ရုရှ မွတ်စလင်တို့၏ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ရိုင်းပင်းမှု ကို ခရစ်ယာန် ဘုန်းတော်ကြီး ချီးကျူး

    ရုရှ မွတ်စလင်တို့၏ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ရိုင်းပင်းမှု ကို ခရစ်ယာန် ဘုန်းတော်ကြီး ချီးကျူး

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    RussianArchpriest-Says-Future-for-Muslims
    – အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးကိုင်းရှိုင်းမှု၊ ချို့တဲ့သူများအား ကူညီမှုတို့ကြောင့် အနာဂတ်ကာလမှာ မွတ်စလင်များအတွက်သာ ဖြစ်သွားမည်ဟု မော်စကိုရှိ ခရစ်ယာန် အော်သိုဒေါ့စ် ဘုန်းတော်ကြီး ဒီမီထရီ စမီရန်နော့ဗ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း ပရိတ်သတ်များအား ပြောကြားခဲ့သည်ဟု သိရသည်။

    တကယ်တော့ မွတ်စလင်တွေရဲ့ ပွဲတော်တွေမှာ မော်စကိုက မွတ်စလင်တွေနေတဲ့ ဒေသတွေကို သွားလို့မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ထောင်ပေါင်း များစွာသော မွတ်စလင်တွေဟာ ဘုရားသခင်ကို ၀တ်ပြုနေကြလို့ပါ။ အော်သိုဒေါ့စ် အသင်းတော်က ဒီလိုလူအများကြီး ၀တ်ပြုတာမျိုး ဘယ်မှာမြင်ဖူးလို့လဲ? ဘယ်အချိန်၊ ဘယ်နေရာမှာမှ ဒါမျိုးကို မြင်ရမှာ မဟုတ်ပါဘူး” ဟု အော်သိုဒေါ့စ် ဘုန်းတော်ကြီး စမီရန်နော့ဗ်၏ ပြောကြားမှုကို World Bulletin သတင်းဌာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အဆိုပါ ဘုန်းတော်ကြီးမှာ ၀တ်ပြုရန် လာရောက်သူအမျိုးသမီးတစ်ဦး၏ မွတ်စလင်များနှင့်ပတ်သက်၍ ဖွင့်ဟမှုကိုလည်း ပြန်လည်ပြောကြားခဲ့သည်။ ထိုအမျိုးသမီးမှာ တနင်္ဂနွေနေ့ ဘုရားကျောင်းသို့ လာတိုင်း မွတ်စလင် ကားသမားများက ကားခယူခြင်း မရှိဘဲ ခရစ်ယာန် ကားသမားများကမူ ငွေကိုသာ စိတ်ဝင်စားသည်ဟု ထိုအမျိုးသမီးက ပြောကြားခဲ့သည်။

    “ဒီကလေးဟာ သူ့မအမေဆီက ဘယ်တော့မှ ပိုက်ဆံမတောင်းပါဘူး။ အထူးသဖြင့် ဘုရားကျောင်းကို သွားတဲ့အခါမှာပေါ့။ အီစတာပွဲတော် ဒါမှမဟုတ် အခြားပွဲတော်ကို ခေါ်ဆောင်သွားတဲ့ မွတ်စလင်တစ်ယောက်ဟာ ပိုက်ဆံလိုချင်တဲ့ ခရစ်ယာန်တစ်ယောက်ထက် ခရစ်တော်နဲ့ ပိုနီးကပ်မှုရမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ခရစ်ယန်ကားသမားရဲ့ နှလုံးသားထဲမှာ သနားမှု၊ ညှာတာမှု၊ ကြင်နာမှုတွေ မရှိလို့ပါပဲ” ဟု ဘုန်းတော်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    မိမိ၏ အတွေ့အကြုံများကို ဘုန်းတော်ကြီးအား ဖွင့်ဟခဲ့သည့် အဆိုပါ အမျိုးသမီးအား အိမ်နီးချင်းမွတ်စလင်တစ်ဦးက အဖော်ပြုကာ ပတ်ဝန်းကျင်သို့ လိုက်လံပြသခြင်း၊ သူမ၏အိမ်ရှိ ရေ၊ မီး စသည့် စားရိတ်များကို ပေးဆောင်ခြင်း၊ ဈေးသို့အဖော်လိုက်သွားပြီး အထုတ်များကို ၀ိုင်းဝန်းသယ်ဆောင်ပေးခြင်းတို့ ပြုလုပ်ပေးသည်ဟု စမီရန်နော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီအကြောင်းအရင်းတွေကြောင့် အနာဂတ်ဟာ မွတ်စလင်တွေအတွက် ဖြစ်လာပါလိမ့်မယ်။ အနာဂတ်ဟာ သူတို့အတွက်ပါ။ ဒီဒေသကို သူတို့ အကျိုးရှိအောင် လုပ်ပါလိမ့်မယ်”

    အစ္စလာမ်သာသနာမှာ ရုရှားတွင် ဒုတိယ ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး ရုရှားလူဦးရေ ၁၄၅ သန်း၏ ၁၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်။

    ref_OnIslam & News Agencies

  • ဖိလစ်ပိုင် မွတ်စ်လင်မ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အတွက် ဖိလစ်ပိုင်လွှတ်တော် ဥပဒေပြဋ္ဌာန်းမည်

    ဖိလစ်ပိုင် မွတ်စ်လင်မ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အတွက် ဖိလစ်ပိုင်လွှတ်တော် ဥပဒေပြဋ္ဌာန်းမည်

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    BDF73A37-D6D8-4A1B-B1BB-4C3B7501DE67_w640_r1_s
    ဖိလစ်ပိုင်သမ္မတ အကွီနိုနှင့် Moro သူပုန်အဖွဲ့ ခေါင်းဆောင်တို့ တွေ့ဆုံပွဲတခုမှာ တွေ့ရစဉ် (Photo- VOA)

    မင်ဒါနော၌ တည်ဆဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အစားထိုးမည့် အာဏာပိုင်တစ်ရပ် ဖန်တီးရေး ဥပဒေအား ပြဋ္ဌာန်းနိုင်ရန် ဥပဒေပြုသူများကို သမ္မတ အကွီနိုမှ တိုက်တွန်းလိုက်သည်။

    ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အကွီနိုက  တောင်ပိုင်းပြည်နယ်တွင် မွတ်စ်လင်မ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖော်ဆောင်မည့် ဥပဒေတစ်ရပ်အား မတုန့်မဆိုင်းပြဋ္ဌာန်းပေးလိုက်ရန် နိုင်ငံ့လွှတ်တော်သို့ တိုက်တွန်းပြောကြားလိုက်ပြီဖြစ်သည်။

    လူပေါင်း တစ်သိန်းနှစ်သောင်းကျော် အသက်ဆုံးရှုံးပြီး (၂)သန်းခန့် အိုးအိမ်မဲ့ခဲ့ရသော ပုန်ကန်မှုကြီး အဆုံးသတ်စေသည့် စာချုပ်လက်မှတ်ကို နှစ်ဖက်နှစ်ဝစလုံး သဘောတူလက်မှတ်ထိုးခြင်းကို မြင်တွေ့နိုင်ပြီဖြစ်ရာ နှစ်ပေါင်း(၅၀)နီးပါး ပဋိပက္ခဖြစ်ပွားနေမှု အဆုံးသတ်သွားစေရန် ရည်ရွယ်၍ ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုပဋိပက္ခများကြောင့် သဘာဝသယံဇာတကြွယ်ဝသော်လည်း ထိုဒေသမှာ ဖွံ့ဖြိုးမှုဆုံးရှုံးနေရသည်။

    သဘောတူညီချက်ရရှိပြီးနောက် အစိုးရဖက်မှ ပဋိညာဉ် ချိုးဖောက်သည်ဟု သူပုန်များက စွပ်စွဲခဲ့သဖြင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်များမှာ သံသယ၏ သားကောင် ဖြစ်သွားခဲ့ရသည်။

    သို့သော် အဓိက သူပုန်အုပ်စု Moro Islamic Liberation Front (MILF) မှ တပ်ဖွဲ့ကို ဖျက်သိမ်း၍ လက်နက်ချမည်၊ အပြန်အလှန်အားဖြင့် ဘန်ဆာမိုရိုဒေသရှိ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် အာဏာတည်စေရမည်ဟူသော သဘောတူညီချက်ဖြင့် အပြင်းအထန် စေ့စပ်ညှိနှိုင်းနိုင်သောကြောင့် ပဋိညာဉ်အား ပြန်လည်အဖတ်ဆယ်နိုင်ခဲ့သည်။

    ၎င်းနှင့်သက်ဆိုင်သောအခမ်းအနားတွင် အကွီနိုက “ဒီဥပဒေကြမ်းကို ကာလတစ်ရပ်အတွင်း အမြန်ဆုံးအတည်ပြုဖို့ ကျွန်တော်တို့က ကွန်ကရက်ကို တိုက်တွန်းထားပါတယ်။ တကယ်လို့ ဒီဥပဒေကိုပြဋ္ဌာန်းနိုင်ရင် ကျွန်တော်တို့ရဲ့ မိုရိုညီနောင်တွေ ပြင်ဆင်ဖို့ လုံလောက်သောအချိန်ကို ပေးနိုင်ရပါမယ်။ သို့အားဖြင့် ဘန်ဆာမိုရိုဒေသအတွက် အရေးပါအကျိုးရှိတဲ့ တည်ငြိမ်စိုးမိုးရေးမျိုးစေ့ချပေးရာ ရောက်ပါတယ်”ဟူ၍ သူ၏အစိုးရသက်တမ်းကုန်ဆုံးမည့် ၂၀၁၆၊ ဇွန်လမတိုင်မီ အကောင်အထည်ပေါ်လာစေရန် စိတ်အားထက်သန်ကြောင်း ပြောဆိုသွားသည်။

    ၂၀၁၆ ခုနှစ် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မှီ ယင်းအပြောင်းအလဲကာလအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်ရေးအတွက် သူပုန်ခေါင်းဆောင်များက မျှော်လင့်ထားသလို MILF အဖွဲ့သည်လည်း လက်နက်ကိုင်အဖွဲ့အစည်းမှ နိုင်ငံရေးပါတီအသွင်သို့ ကူးပြောင်းမည်ဖြစ်သည်။

    ပဋိညာဉ်စာချုပ်အရ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ကျယ်ပြန့်သောနယ်ပယ်ကို အခွန်၊ ပါမစ်၊ လိုင်စင် အစရှိသည့် ကြီးမားသည့်လုပ်ပိုင်ခွင့်များဖြင့် လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့် ရရှိစေမည်ဖြစ်သည်။

    ref_Reuters