News @ M-Media

Category: အေမရိက

  • ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    ၁၉၉၀ ကတည်းက ဆံပင်မညှပ်ခဲ့သည့် အမျိုးသမီး

    စက်တင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ဆံပင်အရှည် ၅ ပေ ၈ လက်မနဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် ဂင်းနစ်စံချိန် ၀င်ခဲ့ပါတယ်။ 

    တာမီ မာနစ်ဆိုတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၅၈ နှစ် ရှိပါပြီ။ အသက် ၂၅ နှစ်အရွယ် ၁၉၉၀ ကတည်းက ဆံပင်မညှပ်ဘဲ အရှည်ထားခဲ့တာပါ။ 

    လက်ရှိမှာတော့ သူမရဲ့ဆံပင်ဟာ သူမအရပ်ထက်တောင် ရှည်ခဲ့ပြီ ဖြစ်ပါတယ်။  

    ၁၉၈၀ ပြည့်နှစ်တွေက အဆိုတော်တစ်ဦး ကျစ်ဆံမြီးကျစ်ထားတာကို အားကျပြီး ၁၉၉၀ ပြည့်နှစ် ဖေဖော၀ါရီက ၉ ရက်နေ့ကစလို့ ဆံပင်အရှည် စထားဖြစ်တာလို့ သူမက ဆိုပါတယ်။ 

    “ဆံပင်တွေရှည်လာတာကို ကျွန်မနှစ်သက်ခဲ့ပြီး အခုတော့ ကမ္ဘာ့အရှည်ဆုံး အကြေကောက်ဆံပင်အဖြစ် မှတ်တမ်း၀င်ခဲ့ပါပြီ။ ပျော်ရွှင်ရပါတယ်”

    ၂၀၂၀ ခုနှစ် အမေရိကန် အကြေကောက်ဆံပင် ချန်ပီယံရှစ် ပြိုင်ပွဲမှာ မာနစ်ဟာ ဒုတိယဆု ရခဲ့ပါတယ်။ 

    Ref: Sky News 

  • အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

    သြဂုတ် ၂၅၊ ၂၀၂၃
    M-Media 

    -၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ မနေ့က သွားရောက် အဖမ်းခံခဲ့ပါတယ်။ 

    လာရောက်အဖမ်းခံဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မီ တစ်ရက်အလိုမှာ ဖူလ်တန်ခရိုင်အကျဥ်းထောင်ကို ထရမ့်တစ်ယောက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    ဂျော်ဂျီယာပြည်နယ်က မဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရသူ ၁၉ ဦးရှိပြီး မနေ့က ထရမ့်နဲ့အတူ ၁၁ ဦး လာရောက် အဖမ်းခံခဲ့ပါတယ်။ 

    ထရမ့်ဟာ အကျဥ်းထောင်မှာ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး၊ ဒေါ်လာ ၂ သိန်းအာမခံနဲ့ ပြန်ထွက်လာပါတယ်။

    ဂျော်ဂျီယာရဲတပ်ဖွဲ့က စွပ်စွဲခံရသူအဖြစ် မှတ်တမ်းယူထားတဲ့ ထရမ့်ရဲ့ဓာတ်ပုံကို နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ရဲမှတ်တမ်းမှာ လူဖြူ၊ အရပ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၁၅ ပေါင်၊ ရွှေနဲ့ စတော်ဘယ်ရီရောင် ဆံပင်၊ မျက်လုံးပြာ ရှိသူအဖြစ် ထရမ့်ကို မှတ်တမ်းတင်ထားပြီး အကျဥ်းသားနံပါတ်က P01135809 ဖြစ်ပါတယ်။

    ထောင်ကထွက်လာအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူ့မှာ အပြစ်မရှိဘဲ နိုင်ငံရေးအရ လုပ်ကြံခံရတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    ၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့ကိုထောက်ခံသူတွေက လွှတ်တော်ကို ၀င်ရောက်စီးနင်းမှုမှာ လှုံ့ဆော်အားပေးမှု၊ နိုင်ငံတော်လျှို့၀ှက်ချက်တွေ လက်၀ယ်ထားရှိမှု၊ ပေါက်ကြားမှု စတာတွေနဲ့လည်း ထရမ့်ဟာ တရားစွဲဆို ခံထားရပါတယ်။ 

    Ref: BBC, Reuters

  • သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    သမ္မတဟောင်းထရမ့် အမှုထပ်တိုးခံရ

    ဇူလိုင် ၂၈၊ ၂၀၂၃

    M-Media 


    -နိုင်ငံတော် လျှို့၀ှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ နောက်ထပ် ရာဇတ်မှုစွဲချက် ၃ ခု ထပ်တင်ခံလိုက်ရပါတယ်။

    စစ်ဆေးခံနေရတဲ့ Mar-a-Lago ဇိမ်ခံအိမ်မှာ လုံခြုံရေးကင်မရာ ဗီဒီယိုမှတ်တမ်းတွေကို ထရမ့်က သူ့အလုပ်သမားတွေကို ဖျက်ခိုင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ 

    အစိုးရရှေ့နေတွေက ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ စုံစမ်းစစ်ဆေးရေးကို နှောက်ယှက်မှု မြောက်တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    နောက်တိုးအမှု ၃ ခုပါရင် ထရမ့် လက်ရှိ ရင်ဆိုင်နေရတဲ့အမှုပေါင်း ၄၀ ရှိသွားပြီဖြစ်ပါတယ်။ 

    တရားရေးအဖွဲ့တွေ မျက်စိလည်သွားစေဖို့အတွက် ထရမ့်ဟာ Mar-a-Lago အိမ်က ဗီဒီယိုမှတ်တမ်း ဇာတ်လမ်းတွေကို ပြောင်းဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ၀န်ထမ်း ၃ ဦးလည်း တရားစွဲဆိုခံခဲ့ရပါတယ်။ 

    စွဲချက် ၄၀ ထဲမှာ အီရန်ကို ၀င်တိုက်ဖို့ အဆိုပြုထားတဲ့ ထိပ်တန်းလျှို့၀ှက်ချက်ကို ၂၀၂၁ ခုနှစ်က ဂေါက်ကလပ်တစ်ခုမှာ တစ်ခြားသူတွေကို ပြန်ပြောပြတဲ့ ကိစ္စလည်း ပါ၀င်ပါတယ်။ 

    ထရမ့်ကတော့ ဒီစွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။ 

    Ref: Reuters

  • အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    အမေရိကန်သမ္မတဟောင်း၏ ထမင်းချက်ကို သေဆုံးလျက်တွေ့

    ဇူလိုင် ၂၅၊ ၂၀၂၃

    M-Media


    – အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ထမင်းချက်ကို မနေ့က ရေကန်တစ်ခုထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။ 

    မက်ဆာချူးဆက်ပြည်နယ် လူကုံထံရပ်ကွက် Martha’s Vineyard က ရေကန်ထဲမှာ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်မှာ အိုဘားမားနေအိမ်လည်း ရှိပါတယ်။ 

    အသက် ၄၅ နှစ်အရွယ် တာဖာရီ ကမ်းပဲလ်ဆိုသူဟာ အရင်က အိမ်ဖြူတော်မှာ ထမင်းချက်အဖြစ် အလုပ်လုပ်ကိုင်ပြီး သမ္မတ အိုဘားမား ရာထူးကဆင်းသွားတဲ့အချိန် မိသားစုထမင်းချက်အဖြစ် ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

    လူတစ်ယောက်သာ ရပ်လို့ရတဲ့ ဘုတ်ပြားကို မတ်တပ်ရပ်ပြီး တက်နဲ့လှော်တဲ့ အားကစား Paddle Boarding ပြုလုပ်နေစဥ် ကမ်းပဲလ်တစ်ယောက် ရေထဲပြုတ်ကျ သေဆုံးသွားတာပါ။ 

    မက်ဆာချူးဆက်စ် ရဲတပ်ဖွဲ့ကတော့ သက်ကယ်အင်္ကျီ မ၀တ်ထားတဲ့ ကမ်းပဲလ်ရဲ့အလောင်းကို ရေအောက် ၂ မီတာခွဲလောက်မှာ တွေ့ရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

    အိုဘားမားက ကမ်းပဲလ်ဟာ ချက်ရေးပြုတ်ရေးကို ၀ါသနာထုံသူဖြစ်ပြီး၊ တီထွင်ဉာဏ်ရှိကာ အပေါင်းအသင်းဆန့်သူဖြစ်ကြောင်း၊ ကမ်းပဲလ်သေဆုံးမှုအတွက် အလွန်၀မ်းနည်းကြေကွဲရကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    အခင်းဖြစ်ပွားချိန်မှာ အိုဘားမားဟာ သူ့နေအိမ်မှာ ရှိမနေပါဘူး။ 

    ကမ်းပဲလ်နဲ့အတူ ရေထဲပြုတ်ကျ ပျောက်ဆုံးနေတဲ့ အခြားသူတစ်ဦးလည်း ရှိပြီး ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်။ 

    Ref: Reuters

  • Twitter လိုဂိုကို ချိန်းတော့မယ့် အီလွန်မက်စ်

    Twitter လိုဂိုကို ချိန်းတော့မယ့် အီလွန်မက်စ်

    ဇူလိုင် ၂၄၊ ၂၀၂၃

    M-Media 


    – Twitter လိုဂိုက အပြာရောင်ငှက်ပုံကို အင်္ဂလိပ်အက္ခရာ X သဏ္ဍာန်နဲ့ ပြောင်းလဲတော့မယ်လို့ ပိုင်ရှင် အီလွန်မက်စ်က ပြောကြားလိုက်ပါတယ်။

    မက်စ်ဟာ Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ပြီးခဲ့တဲ့နှစ်မှာ ၀ယ်ယူပြီးနောက်ပိုင်း ကုမ္ပဏီအမည်ကို X Corp လို့ ပြောင်းလဲခဲ့ပါတယ်။

    ဇူလိုင်လ ၂၄ ရက်နေ့ကစတင်ပြီး လိုဂိုပါ ပြောင်းတော့မှာပါ။ 

    လိုဂိုပြောင်းလဲမှုဟာ အရင်ကတည်းက လုပ်သင့်ခဲ့တဲ့ ကိစ္စမျိုးဖြစ်တယ်လို့လည်း မက်စ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    မက်စ်ဟာ သူ့ရဲ့ကုမ္ပဏီတွေကို X ဆိုတဲ့အမည်တွေ ပေးလေ့ရှိပါတယ်။ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီကို SpaceX၊ အွန်လိုင်း ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းကို X.com စသဖြင့် အမည်ပေးထားပါတယ်။ 

    Facebook ပိုင်ရှင် ဇက်ကာဘက်ဟာ မကြာသေးခင်က Twitter ကိုယှဥ်မယ့် Thread ဆိုတဲ့ အက်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့ပြီး နည်းပညာ သူဌေးနှစ်ဦးအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပါတယ်။ 

    Ref: Reuters