News @ M-Media
Category: Our Perspectives
  • မြန်မာပြည် သွားပြီလား
    မြန်မာပြည် သွားပြီလား
    အောင်တင်
    ဇွန်လ(၂၈) ၂၀၁၂
    Photo: United Nations
    ကျနော့အမြင်မှာတော့ မြန်မာပြည်ဟာ မြောင်းထဲကို အရှိန်နှင့် ဒလဟော ထိုးကျနေပြီလို့ ထင်တယ်။ ပိုဆိုးတာက မိုက်မိုက်မဲမဲ မြောင်းထဲတွန်းချသူတွေကို မတားဆီး၊ မကန့်ကွက်တဲ့အပြင် မသိကျိုးကျင်ပြုနေတဲ့သူတွေက ထုနှင့် ထည်နှင့် ရှိနေရုံတင်မက မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်၍ဖြစ်ဖြစ် အားပေးအားမြှောက်နေသူတွေနှင့် မြန်မာ့နိုင်ငံရေးလောက တစ်ခုလုံးမှာ ပြန့်နှံ့နေတယ်လို့တောင် ထင်မှတ်စရာဖြစ်နေပါပြီ။ နိုင်ငံရေးအရ မှန် မမှန်(Political Correctness)ကို အမြဲထောက်ပြနေတတ်တဲ့ နိုင်ငံရေး ပဏ္ဍိတ်တွေကလည်း အံ့သြစရာကောင်းလောက်အောင် ဆွံ့အနှုတ်ပိတ်နေကြတယ်။ ဒါက ကောင်းတဲ့ အလားအလာ၊ ကောင်းတဲ့ နိမိတ်(omen)တွေ မဟုတ်ဘူးဆိုတာ သေချာလွန်းပါတယ်။
    တောင်အာဖရိကမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့တဲ့ Apartheid ဆိုတာကို ကျနော်တို့အားလုံး သိကြပါတယ်။ လူတွေကို မျိုးနွယ်အရ သီးခြားစီ ခွဲခြားထားခြင်း(Segregation)ဖြစ်ပါတယ်။ ဘယ်လူမျိုးတွေ ဘယ်နေရာကို မလာရ၊ ဘယ်နေရာမှာ မနေရ၊ ဘယ်ကားကို မစီးရ၊ ဘယ်စားသောက်ဆိုင်မှာ မစားရ၊ ဘယ်ကျောင်းကို မတက်ရ၊ ဘယ်နေရာမှာ ဘယ်အလုပ်ကို မလုပ်ရဆိုတဲ့ လူမျိုးချင်း ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း၊ မြို့ရွာ၊ ပြည်နယ်၊ နိုင်ငံအကျိုးအတွက် အဖွဲ့အစည်းတွေမှာ မတူညီသော လူအုပ်စုနှစ်စုက အကျိုးတူ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတာကတော့ စဉ်းစားစရာပင် မလိုတော့ပါ။ အင်မတန် ရွံရှာစရာကောင်း၊ ကြောက်စရာကောင်းတဲ့ အယူအဆဆိုးဖြစ်တာမို့ ယဉ်ကျေးတဲ့ ယနေ့လူ့ကမ္ဘာမှာ ဘယ်လိုလူသားဆန်တဲ့ လူသားမျိုးကမှ ကျင့်သုံးဖို့ တောင်းဆိုတာ၊ လှုံ့ဆော်တာ မပြောနှင့် ဒီအယူအမြင်ကို လက်ခံပါတယ်လို့တောင် မပြောရဲတဲ့ အင်မတန် ဆိုးယုတ်သိမ်ဖျဉ်းတဲ့ အယူဝါဒဖြစ်ပါတယ်။
    ပုံအကြီးချဲ့ ရန် ပုံကိုနှိပ်ပါ
    သို့သော် ကျနော်တို့ အမိမြန်မာပြည်မှာ ဒီဝါဒဆိုး segregationကို အတိအလင်း ကြေငြာချက်ထုတ်ပြန် တောင်းဆိုရဲတဲ့ နိုင်ငံရေးပါတီ ရှိနေပါပြီ။ ဘယ်နိုင်ငံရေးခေါင်းဆောင်၊ ဘယ်တိုင်းရင်းသား ခေါင်းဆောင်၊ ဘယ်ဘာသာရေးခေါင်းဆောင်၊ ဘယ်လူ့အခွင့်အရေးခေါင်းဆောင်၊ ဘယ်အစိုးရဝန်ကြီး၊ ဘယ်နိုင်ငံရေး၊ လူမှုရေးစတဲ့ အဖွဲ့အစည်းကများ ကန့်ကွက်သံ ကြားရလေမလားလို့ နှစ်ရက်ကြာအောင် စောင့်ဆိုင်းခဲ့ပါတယ်။ ရှက်စရာ ကြောက်စရာကို မရှက်မကြောက် လုပ်သူက လုပ်တယ်။ ဘယ်သူကမှ မလုပ်သင့်ဘူးလို့ တစ်ခွန်းဆိုသံ မကြားရသဖြင့် မြန်မာပြည် သွားပြီလားလို့ မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ်။ (RNDP၏ ဤကြေငြာချက်ကို မသိရှိသေးသူများအား မဆိုလိုပါ။)
    RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)က ၂၀၁၂ခု ဇွန်လ (၂၆)ရက်နေ့စွဲနှင့် ထုတ်ပြန်သော ကြေငြာချက်အမှတ် ၀၄/၂၀၁၂မှာပါတဲ့ တရားမဝင် ခိုးဝင်လာသူများကို အရေးယူတာ၊ မူရင်းနိုင်ငံကို ပြန်စေတာတွေကိုတော့ လုံးဝ သဘောတူပါတယ်။ အငြင်းပွါးစရာ မရှိပါ။ သို့သော် ကြေငြာချက်ရဲ့ အမှတ်စဉ် ၆(ခ)မှာ၊ တရားဥပဒေချိုးဖေါက်သူတွေ၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူစေပြီး နိုင်ငံသားအချင်းချင်း သင့်မြတ်ရေး၊ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို မဖြစ်ဖြစ်အောင် ဦးဆောင်ပေးရမည့်အစား
    ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီ သီးခြားနေရာချထားရန်
    လို့တောင်းဆိုထားပါတယ်။ ဒါကို Apartheid (Segregation) မခေါ်ရင် ဘာလို့ခေါ်မလဲဆိုတကို မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေး ခေါင်းဆောင်ကြီးများ ဖြေကြပါ။ ဒီလောက် ဆိုးသွမ်းဖေါက်ပြန်တဲ့ ကြေငြာချက်ကို ကြားသိလျှက်နှင့် နှုတ်ဆိတ်နေခြင်း၊ လူသိရှင်ကြား မကန့်ကွက် မရှုံ့ချခြင်းသည် သဘောတူ(Consent)သည်ဟု ဆိုနိုင်သဖြင့် ယနေ့ မြန်မာ့ခေါင်းဆောင်ကြီးများပေါ်တွင် သမိုင်းကြွေးတင်သွားပါပြီ။ နောင် မြန်မာပြည်ရဲ့ အခြားနေရာတွေမှာ အလားတူဖြစ်ရပ်တွေ ဖြစ်လာရင်၊ ဖြစ်လာအောင် လှုံ့ဆော်ပြီး ဘာသာမတူ၊ လူမျိုးမတူသူတွေရဲ့ အိုးအိမ်တွေကို မတရားသိမ်းပိုက်လိုလျှင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။
    အကြီးချဲ့ ရန် ပုံကိုနှိပ်ပါ
    ဒီလိုတောင်းဆိုသူတွေဟာ မိမိကိုယ်တိုင်က လိုလားပါတယ်ဆိုတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာကို နားမလည် တန်ဖိုးမထားရုံတင်မက ကျင့်သုံးလိုဟန်ပင် မရှိကြောင်းကို အတိအလင်း ပြဆိုခြင်းဖြစ်တယ်။ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံ ဖြစ်တည်လာပုံ၊ နိုင်ငံ စတင်တည်ထောင်စ ကတည်းက နှစ်နိုင်ငံ နယ်စပ်တွေမှာ လူမျိုးပေါင်းစုံတွေ ပြန့်နှံ့နေထိုင်ပုံ၊ တိုင်းပြည်နယ်နိမိတ် ခွဲခြားသတ်မှတ်မှုနှင့်အတူ ပါဝင်လာတဲ့ လူမျိုးတွေကို တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာစသဖြင့် နိုင်ငံသစ်တွေက လက်ခံပေးရပုံ (ခိုးဝင်သူတွေကို လက္ခံပေးဖို့ မပြောပါ။) စသည့် သမိုင်းဖြစ်ရပ်တွေကို အခြေခံလောက်မှ နားမလည်ခြင်းကို ပြပါတယ်။ ပိုဆိုးတာက (၂၁)ရာစုမှာ လူသားအခြေခံပြီး လူသားချစ်စိတ်နှင့် တိုင်းပြည်ကို လက်တွေ့ကျကျ တည်ဆောက်ရမည့်အစား စိတ်ဝမ်းကွဲပြားမှုတွေနှင့် မညီမညွတ်ဖြစ်စေကာ တိုင်းပြည်ကို ချောက်ထဲထိုးချမည့် အမြင်ကျဉ်းမြောင်းသော ငါ့ဘာသာ၊ ငါ့သာသနာ၊ ငါ့လူမျိုးဆိုတဲ့ မျက်ကန်းမျိုးချစ်စိတ်ကို တာဝန်မဲ့ လှုံ့ဆော်ခြင်းဖြစ်တယ်။
    ကိုယ့်ပြည်သူတွေကို အကျိုးဖြစ်အောင် အသိဥာဏ်ဖွင့်ပေးရမည့်အစား အကျိုးယုတ် အသိကန်းအောင် အဆိပ်ခပ်ခြင်းဖြစ်တယ်။ (ရှေးခေတ်က ဟစ်အော်လာကြခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ မြန်မာပြည်မှာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးမှုစသည်ကို စွဲပြီး လူမျိုးရေးတရားလုပ်လို့မရဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ပြီး တိုင်းရေးပြည်ရေးမှာ ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြဖို့ ဖေဖေါ်ဝါရီလ(၁၁)ရက် ပင်လုံညီလာခံမှာ လက်မှတ်မရေးထိုးမီ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြု ပြောကြားခဲ့ပါတယ်။ သံဃာတော်များက အမျိုး၊ ဘာသာ၊ သာသနာဟု ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း လူမျိုးပေါင်းစုံ၊ သာသနာ ပေါင်းစုံကို ကိုယ်စားပြုရမည့် နိုင်ငံရေး ခေါင်းဆောင်များက အမျိုး၊ ဘာသာ၊ သာသနာဟု ပြောလာမည်ဆိုလျှင် မိမိစီးသောမြင်းကို အထီးမှန်း အမမှန်း မသိသူများ ဖြစ်ရာ၏။ လွန်ခဲ့သော (၆၆)နှစ်ကပင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက် လက်တွေ့မကျဟုဆိုကာ ပယ်ချခဲ့သော အယူမှား၊ အမြင်မှားဖြစ်သည်ကို သတိချပ်သင့်လှ၏။)
    ခေါင်းဆောင်ကြီးများအနေနှင့် ဘော့စနီးယား၊ ရဝမ်ဒါစတဲ့ နိုင်ငံတွေက လူမျိုးရေး အထိကရုဏ်းတွေကို ပြန်စဉ်းစားပြီး သင်္ခန်းစာယူကြပါ။ အခြေအနေတွေ ပိုမဆိုးလာအောင် အချိန်မီ တားဆီးကြပါ။ တိုင်းပြည်ကို လမ်းကြောင်းမှန်ကို ပြန်တင်ပေးကြပါ။ ပြန်လည်ခေါင်းထောင်ဖို့ အထင်အရှား ကြိုးစားနေတဲ့ ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ နည်းမှန်လမ်းမှန်ဖြစ်သော စည်းလုံးညီညွတ်မှုဖြင့် အနိုင်တိုက်ယူပါ။
    အနှစ်ငါးဆယ်မှာ ရတောင့်ရခဲဖြစ်တဲ့ အခုလိုအခွင့်အခါမျိုးကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့လိုတယ်လို့ ဒေါ်စုက ယနေ့တင်ဘဲ ပြင်သစ်မှာ ပြောလိုက်ပါပြီ။ မှန်မှန်ကန်ကန် အသုံးမချနိုင်ရင်တော့ မြန်မာပြည် နောက်တစ်ချီ သွားပြီ ဖြစ်ပါတယ်။
    နောက်ထပ် အနှစ် ငါးဆယ်လေးလောက်ပါ။
    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်ပါသည်။)
  • ကျွန်မ ချစ်တဲ့ ပြည်မြန်မာ
    ကျွန်မ ချစ်တဲ့ ပြည်မြန်မာ
    Noble
    နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသားတွေ ရှိတဲ့ ကျောင်းမှာ တက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တဲ့ ကျွန်မကို နိုင်ငံမတူတဲ့၊ အသွေးအရောင်မတူတဲ့ သူငယ်ချင်းတွေ အချင်းချင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက “ဘယ် နိုင်ငံကလဲ ?” ဆိုတာပါ။
    “မြန်မာပြည်ကပါ” လို့ တက်ကြွစွာ ဖြေလိုက်ပေမယ့် ဝမ်းနည်းဖွယ် ပြန်ကြားရတာက “ဘယ်နားမှာ ရှိတာလဲ ။ စောရီး ငါမသိလို့ပါ” တဲ့။
    မြန်မာနားမှာ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောပြတဲ့ အခါမှာတော့ သူတို့ မျက်လုံး အဝိုင်းသားလေးနဲ့ ခေါင်းလေး တဇက်ဇက် ညိတ်ရင်း
    “အော်..သိတယ် သိတယ်။ မြန်မာက အဲ့ဒီ့နားမှာလား။ ခုမှသိတယ်” တဲ့။ အများစုက ဆက်ပြောကြပါတယ်။  “နိုင်ငံသေးလေးလား။ အဲ့ဒါကြောင့် ငါတို့ မသိတာလား” တဲ့
    ကျွန်မက ဂုဏ်ယူစွာ ပြန်ဖြေလိုက်ပါတယ်။ “ဟင့်အင်း။ ဒို့ တိုင်းပြည်က သေးသေးလေး မဟုတ်ပါဘူး။
    ငါတို့၊ နင်တို့ ခုကျောင်းလာတက်နေတဲ့ ဟော ဒီမလေးရှားထက်တောင် ကြီးသေးတယ် ” ဆိုတော့ တအံ့တသြ မျက်လုံးပင့်ပြီး ပြန်ကြည့်တယ်။ “ဟုတ်ရဲ့လား” ဆိုတဲ့ အမေးမျက်လုံးနဲ့ပေါ့။ သူတို့ ဘာမှမပြောခင် ကျွန်မ ထပ်ပြောတယ်။
    “နင်သိလား။ ဒို့တိုင်းပြည်မှာ လူမျိုးပေါင်း ၁၀၀ ကျော် ရှိတယ်” ဆိုတော့
    မျက်လုံးပြူးပြီး ပြန်ကြည့်တယ်။ သူတို့ လုံးဝ မယုံနိုင်ကြပါဘူး။ လူမျိုး ၃မျိုး ပဲရှိတဲ့ မလေးရှားနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်က လူမျိုးပေါင်း ရာနဲ့ချီတဲ့အတွက် အိမ်ထောင်စုကြီး တစ်ခုကြောင့် သွေးစည်းခိုင်မာခြင်းရဲ့ ပြယုဂ်တစ်ခုလို ဂုဏ်ယူစရာ အတိ။
    သူတို့ မျက်လုံးတွေ ပြူးသွားတိုင်း ကျွန်မ ဂုဏ်ယူလို့ မဆုံး။ ဒါတို့ပြေ ဒါတို့မြေ တို့ ပိုင်တဲ့မြေ ဆိုတဲ့ နိုင်ငံတော် သီချင်းလေးတောင် ကျွန်မနားထဲ ပဲ့တင်ထပ်လို့လေ။
    သူတို့ မျက်လုံး ပြူးလဲ ပြူးချင်စရာပဲ။
    ကျွန်မထင်တယ်။ သူတို့ မကြားဖူးတဲ့ နိုင်ငံက ၊ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေထက်ကြီးတယ်။
    လူမျိုးစုပေါင်း အံ့သြစရာကောင်းလောက်အောင် ရာကျော်ရှိနေတယ်။
    ပြီးတော့ စစ်ဖြစ်တယ်ဆိုတာကို သူတို့ မကြားဖူးလို့သာ မြန်မာဆိုတာကို
    မသိတာမို့ ဘယ်လိုများ ဒီလို လူမျိုးစုတွေ စုစည်း ညီညွတ်စွာ နေထိုင်ကြသလဲ အံ့သြသွားတာ ဖြစ်မယ်။
    Photo-Google
    အရောင်မတူတဲ့ ခဲတံလေးတွေမှာ တန်ဖိုး ကိုယ်စီ ရှိကြတယ်။ ဘယ် ကာလာ ကဖြင့် လှတယ်။ ဘယ်ကာလာကတော့ အကြည်းတန်တယ်ဆိုပြီး ဘယ်သူ သတ်မှတ်ရဲသလဲ။
    တန်ဖိုးချင်းမတူတော့ ဆုံးဖြတ်လို့ကို မရဘူး။ တန်ဖိုးချင်း မတူတာကပဲ အလှတစ်ခုဖြစ်နေတယ်ဆိုတာ အလှတရားကို ခံစားတတ်သူတိုင်း သိနိုင်တယ်။
    ကောင်းကင်ထက်မှာ သက်တန့်လေးတွေ မြင်ရင် လူကြီးအပါ ကလေးမကျန် ပျော်ရွှင်စွာ မော့ကြည့်ဖူးကြမှာပါ။
    သက်တန့်လေးလို ရောင်စုံလေးနဲ့ လှနေဖို့ ကာလာစုံမှ ဖြစ်မယ်။
    ကာလာမတူဘူးဆိုပြီး ပစ်ပယ်လိုက်ရင် သက်တန့်လေး ဘယ်လှပ သက်ဝင် တော့မှာလဲ။
    ကာလာ မတူလို့ကို သက်တန့်လေးက လှနေတာ။ သက်တန့်လေးလှဖို့ ကာလာစုံ ညီညာစွာ လက်တွဲ နေဖို့လိုတယ်။
    တန်ဖိုးချင်း မတူတာကပဲ အလှတစ်ခု ဖြစ်နေတယ်ဆိုတာ ကျွန်မတို့ကို မိုးထားတဲ့ ကောင်းကင်ကြီးက မကြာမကြာ အသိပေးနေကျ။
    မြန်မာပြည်နဲ့ ဝေးနေတဲ့ ကျွန်မလေ။ အခွင့်အရေး ရတိုင်း မြန်မာပြည်ကိုပြန်တယ်။ အကြောင်းက ကျွန်မ မြန်မာပြည်ကို ချစ်လို့။ တန်ဖိုးထားလို့ပါ။
    မြန်မာပြည်မှာ ပြာကျနေတဲ့ နေ့ရက်တွေ၊ မီးဟုန်းဟုန်းတောက်ပြီး အသက်၊ အိုးအိမ်တွေ၊ သံယဇာတတွေ၊ ချစ်ခြင်းတရားတွေ
    ပျက်စီးခဲ့တဲ့ မကြာသေးခင်က စခဲ့တဲ့ မုန်တိုင်းသံတွေ  သောသောညံ့တိုင်း…..ပဲ့တင်သံတွေ ရိုင်းစိုင်းစွာ ရိုက်ခတ်လာတိုင်း…..
    သက်တန့်ရောင်စုံလို ထွန်းလင်းလှပနေခဲ့တဲ့ မြန်မာပြည်ရဲ့ နေ့ရက်တစ်ချို့ဟာ မှိန်ပြပြ အတိတ် တစ်ခုများ ဖြစ်သွားပြီလား လို့
    ကျွန်မ တွေးမိတယ်။ သက်တန့်ရောင်စုံလို လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့
    အေးချမ်းတဲ့နေ့ရက်ကလေးတွေကို ပြင်းပြင်းပြပြ လွမ်းမိတယ်။
    သြော်…မြန်မာပြည်ကြီးရယ်…..။ သင့်ကောင်းကင်မှာ သက်တန့်တွေ ပျောက်ရှနေတာလဲ ကြာလှပေါ့။  နှမြောမိပါရဲ့
    တစ်ချိန်ချိန်တော့ တောက်ပ စိုတောက်နေတဲ့ ရောင်စုံ သက်တန့်လေးတစ်ခု တို့ပြည်ကြီးရဲ့ ကောင်းကင်ထက် ဝံ့ကြွားစွာ
    ထွန်းလင်းနိုင်ဦးမှာပါ လို့ မျှော်လင့်မိတယ်။
    နိုင်ငံမတူတဲ့ သူငယ်ချင်းတွေ ကြားမှာ ကျွန်မ မြန်မာပြည်ကပါလို့ အမြဲတမ်း ဂုဏ်ယူနိုင်စေဖို့………
    မြန်မာ့မြေမှာ သွေးမစိုပါစေနဲ့။
    မြန်မာပြည်ထောင်စုညီနောင်များရဲ့ ပါးပြင်မှာ မျက်ရည် မယိုပါစေနဲ့။
    မြန်မာပြည်သူ၊ ပြည်သားများရဲ့ နှလုံးသားမှာ ရင်နာစရာတွေ မရှိပါစေနဲ့။
    နိုင်ငံတော် သီချင်းထဲကလို
    တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေသွားပါစေနဲ့
    များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြည်ကြီး ဖြစ်ပါစေ။
  • နိုင်ငံတစ်ခု မွဲတေရတဲ့ အကြောင်းရင်း နှင့် တိုင်းပြည် တစ်ခု ကောင်းစားစေဘို့
    နိုင်ငံတစ်ခု မွဲတေရတဲ့ အကြောင်းရင်း နှင့် တိုင်းပြည် တစ်ခု ကောင်းစားစေဘို့
    ဌေးလွင်ဦး
    ကျွန်တော် ဆယ်တန်းအောင်ပြီးစ အချိန်- ၁၉၈၆ ခုနှစ်က ရခိုင်ပြည် သံတွဲမြို့နယ်ရှိ ကျီးကန်းရဲကျေးရွာလေးကို အလည်သွားတော့- တောနယ်က စာဆိုတစ်ဦးဖြစ်တဲ့ ကလောင်ရှင် မောင်ကြွေက “ဓါးကမကောင်း၊ ၀ါးမပျောင်း ၍- နှီးချောင်းကျွတ်ဆတ်ခဲ့ရပြီ၊”ဆိုတဲ့ စာသားလေးကို သူ့အိမ်နံရံမှာ မီးသွေးခဲနဲ့ ရေးသားထားတာကို တွေ့ လိုက်မိပါတယ်။ သူကိုယ်တိုင် ဘာကို ရည်ရွယ်ပြီး ရေးသားထားမှန်း ကျွန်တော် မသိပါ။ သို့သော် ထိုစဉ်ကပင် နိုင်ငံတော်အရေး- လူထုအရေးကို တစ်စုံတစ်ရာ စိတ်ဝင်စားမိသော ကျွန်တော်က- သြော်- ငါတို့နိုင်ငံမှာ အုပ်ချုပ်သူက မကောင်း၊ ပြည်သူကမလိမ္မာ- နိုင်ငံတော်မွဲခဲ့ရလေပြီ- လို့ ဆိုလိုလေသလားလို့-၊ မှတ်ချက်ချ မိပါတယ်။
    ဒီနေရာမှာ အုပ်ချုပ်သူက မကောင်း လို့ သုံးမိတဲ့ အတွက် အုပ်ချုပ်သူ ကောင်းတယ် ဆိုတာ ဘာလဲ- လို့ ကျွန်တော်တွေးမိသလောက် ပြန်လည် ရှင်းပြဘို့ လိုမယ် ထင်ပါတယ်။ အုပ်ချုပ်သူ တစ်ဦးအနေနဲ့-
    (၁) သူဟာ- လူမျိုးနွယ် ဘာသာတရား တစ်ခုခုပေါ်မှာ မျက်နှာလိုက် ဇောင်းပေးခြင်း ကင်းရပါမယ်- သူဟာ သူ့တစ်သီးပုဂ္ဂလအနေနဲ့ ကြိုက်တဲ့ ဘာသာကို ကိုးကွယ်ယုံကြည်နိုင်ပါတယ်- ဒါပေမယ့် အဲ့ဒီ ဘာသာ အတွက် သာသနာပြုတစ်ဦး မဖြစ်စေရပါ။ သူ့ယုံကြည်တဲ့ ဘာသာတရားကို သူ့နှလုံးသားထဲမှာသာ သိမ်းထားရ ပါမယ်- အဲ့ဒီဘာသာတရားကို ကိုယ်စားပြုပြီး နိုင်ငံတော်ကို အုပ်ချုပ်ခြင်း၊ ပြည်နယ်၊ မြို့ရွာ ဒေသများကို အုပ်ချုပ်ခြင်း မပြုလုပ်ရပါ။ ဘာကြောင့်လဲ ဆိုတော့ သူ အုပ်ချုပ်နေတဲ့ အသိုင်းအ၀ိုင်းမှာ သူနဲ့ ဘာသာတူလူ သားတွေချည်း နေထိုင်နေခြင်း မဟုတ်ပါ။ သူအုပ်ချုပ်ရာ ဒေသတစ်ခုလုံး တိုးတက်ရေး ကောင်းစားရေးကိုသာ သူ အာရုံ ထားရပါမယ်- သူ့ဘာသာ၊ သူ့လူ၊ သူ့ဘက်သား၊ သူ့ဆွေမျိုး ကောင်းစားရေးကို ပါယ်သတ်ထားရပါမယ်။ အလားတူ- လူမျိုးနွယ်စုံ နေထိုင်ရာ နိုင်ငံတစ်ခုမှာ မိမိကိုယ်စားပြုတဲ့ လူမျိုးတစ်ခုတည်း ကောင်းစားရေးကိုသာ အာရုံထားနေတဲ့ ခေါင်းဆောင်ဆိုတာလည်း အင်မတန်မှ အယူသည်းညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါ တယ်။ အဲ့လို ခေါင်းဆောင်တစ်ဦးဦးရဲ့ နောက်မှာ လိုက်နေရသူများဟာ အချင်းချင်း စိတ်ဝမ်းကွဲပြီး ရန်လို မုန်း တီးစိတ်များသာ တိုးပွားစေပါတယ်။
    ဥပမာ- ရပ်ကွက်တစ်ခုအတွင်း ဗမာတစ်ဦးနဲ့ ကရင်တစ်ဦး ရန်ဖြစ်တယ် ဆိုပါတော့- အုပ်ချုပ်သူဟာ ဗမာ ဖြစ်နေပါစေ- သူဟာ ရန်ဖြစ်သူ နှစ်ဦးရဲ့ လူမျိုးကို မကြည့်ဘဲ- ရန်ဖြစ်သူနှစ်ဦးရဲ့ အမှုအခင်းကိုသာ ကြည့်တဲ့ လူသားမျိုး ဖြစ်ရပါမယ်။ ဗမာ အုပ်ချုပ်သူ အောက်က ဗမာများတဲ့ ရပ်ကွက်မှာ ကရင်ကို မှားမှားမှန်မှန် အမှုရှုံး စေ ဆိုတာမျိုး မဖြစ်စေရပါ။
    အလားတူ ဗမာ၊ ကုလား၊ တရုတ်၊ ရှမ်း၊ ချင်း၊ မွန်၊ ကရင်၊ ပအို့- စသည်ဖြင့် လူမျိုးစုံ အတူနေတဲ့ တိုင်းပြည်တစ် ခုကို ဦးဆောင်နေသူ တစ်ဦးဟာ- ငါ ဟာ နိုင်ငံတစ်ခုရဲ့ ဦးဆောင်- ငါ့အသွေး ငါ့အသားဟာ တိုင်းပြည်တွင်း လူမျိုးအားလုံးနဲ့ ဖွဲ့စည်းထားတယ်- ငါဟာ ဗမာ မဟုတ်ဘူး၊ ငါဟာ ကုလားမဟုတ်ဘူး၊ ငါဟာ ရှမ်းမဟုတ်ဘူး-၊ ငါဟာ လူမျိုးအားလုံးပါဝင်သူ လို့ ခံစားနိုင်ရပါမယ်။ ကုလားကို နှိမ်ရင်လည်း ငါ့ကို နှိမ်တာ၊ ဗမာကို ဖိရင်လည်း ငါ့ကို ဖိတာ၊ ရခိုင်ကို နှိပ်ရင်လည်း ငါ့ကို နှိပ်တာလို့ ခံယူနိုင်ရပါမယ်။ ဒီလို ခံယူချက်ရှိတဲ့ ခေါင်းဆောင်များ ဦး ဆောင်ပါမှ အဲ့ဒီ ဦးဆောင်အောက်မှာ ရှိတဲ့ နိုင်ငံတော်ဟာ ညီညွတ်လာမယ်၊ တိုးတက်လာမယ်၊ အေးချမ်းလာ မယ် ဖြစ်ပါတယ်။
    (၂) အုပ်ချုပ်သူ သို့မဟုတ် နိုင်ငံဦးဆောင် တစ်ဦးဟာ- ကမ္ဘာမှာ ငါ ဦးဆောင် လမ်းလျှောက်နေတဲ့ နိုင်ငံဟာ အတိုးတက်ဆုံး ဖြစ်ရစေမယ်လို့ ခံယူချက် ရှိရပါမယ်။ ဒီခံယူချက်နဲ့ အတူ နိုင်ငံသား တစ်ဦးချင်းစီကိုလည်း တိုး တက်အောင် ကြံဆောင်ဘို့ ကြိုးစားဘို့ စိတ်ဓါတ်များဝင်လာအောင် လှုံ့ဆော်ပေးရပါမယ်။- ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်အောင် ဆိုတဲ့ စိတ်ဓါတ်လောက်က အလွန်တရာမှ ညံ့ဖျင်းပြီး ရေသာခိုတဲ့ အတုအယောင် ရည်ရွယ် ချက်မျှသာ ဖြစ်တယ် ဆိုတာကိုလည်း နားလည်ရပါမယ်။ ဒီနေရာမှာ နည်းနည်း ရှင်းလိုပါတယ်- ရင်ဘောင် တန်းနိုင်အောင် ဆိုကတည်းက သူများနဲ့ တန်းတူဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်မျှသာ ရှိပါတယ်။ တန်းတူ ဖြစ်ဘို့ ကြိုးစားခြင်းဟာ- မိမိထက် တော်ပြီးသား တတ်ပြီးသား သူများအား တုပပြီး အတုခိုးမှု တစ်ခုမျှသာ ဖြစ် နေပါသေးတယ်။ ခေတ်စကားနဲ့ ပြောရရင် အတုယူ အတုခိုးခြင်းဟာ Made in China အဆင့်မျှသာ ဖြစ်ပါ တယ်။ မိမိက နံပါတ်တစ် ဘယ်တော့မှ မဖြစ်ဘဲ- သူများဆီကချည်း ခိုးချနေရတဲ့ ဘ၀ပါ။ ဒါကြောင့် အတုခိုးဘို့ ချည်း သွန်သင်လမ်းပြနေတဲ့ အဆင့် ခေါင်းဆောင်များဟာ အရည်အသွေးကောင်းတဲ့ ခေါင်းဆောင်များ မဟုတ် သေးပါ။
    အခြေခံအားဖြင့် တိုးတက်ကောင်းစားစေမယ့် နိုင်ငံတစ်ခုကို ထူထောင်မယ့် ဦးဆောင်များမှာ အခြေခံအား ဖြင့်
    (၁) မိမိသည် နိုင်ငံတော်အတွင်း နေထိုင်သည့် လူမျိုးအားလုံးကိုယ်စား လူသား တစ်ဦး ဖြစ်သည်၊
    (၂) မိမိသည် မိမိဦးဆောင်နေသည့် နိုင်ငံတော်အား ကမ္ဘာ့ထိပ်သီး ဖြစ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားမည်- ဆိုတဲ့ စိတ်ဓါတ် ခံယူ ချက် ခိုင်မာနေဘို့ လိုပါတယ်။
    မိမိက ဗုဒ္ဓဘာသာ ဖြစ်လို့ မိမိဦးဆောင်သည့် နိုင်ငံသည် ဗုဒ္ဓဘာသာ လွှမ်းမိုးရမည် ဆိုတဲ့ ခေါင်းဆောင်များက နိုင်ငံတော်ကို ဦးမဆောင်သင့်ပါ။ သာသနာ့ဘောင်ဝင်ပြီး သင်္ကန်းဝတ်- သက်ဆိုင်ရာ တရားကိုကျင့်- တရားပြ ပုဂ္ဂိုလ်မျိုးသာ လုပ်သင့်ပါတယ်။ မိမိက ခရစ်ယာန်ဖြစ်လို့ နိုင်ငံတော်မှာ ခရစ်ယာန်လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ် များလည်း နိုင်ငံခေါင်းဆောင် မလုပ်သင့်ပါ- ခရစ်ယာန် ဓမ္မဆရာ လုပ်ပြီး ဂိုဏ်းချုပ်ဖြစ်ရန်သာ ကြိုးစားသင့်ပါ တယ်။ အလားတူ မိမိက မွတ်စလင် ဖြစ်လို့ နိုင်ငံတော်ကို အစ္စလာမ် သာသနာ လွှမ်းမိုးရမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ လည်း နိုင်ငံတော်ကို အုပ်ချုပ်သူ ခေါင်းဆောင် မလုပ်သင့်ပါ-၊ ဗလီဆရာလုပ်ပြီး အစ္စလာမ်ဘာသာရေးမှာ အကြီးအကဲ ဖြစ်အောင်သာ ဆောင်ရွက်သင့်ပါတယ်။
    လူမျိုးရေး- ဘာသာရေး ရစ်ပတ်ထားသူ တစ်ဦးအနေနဲ့ နိုင်ငံကို ခေါင်းဆောင်လုပ်ခြင်းဟာ – နှီးချောင်း ကောင်းကောင်း တစ်မျှင်ကို စိတ်ဖြှာစေမယ့်- ဓါးကောင်းတစ်လက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါ။
    ကျွန်တော် တင်ပြတဲ့ စကားကြောင်း (ဆောင်းပါး) အရ- ၀ါး ဆိုတာ ပြည်သူကို ဆိုလိုခြင်း ဖြစ်ပါတယ်။  နှီးကောင်း တစ်မျှင် ဖြစ်စေမယ့် တိုင်းပြည်အတွက် ပြည်သူများရဲ့ ဘ၀ဟာ ၀ါး နဲ့တူပါတယ်။ အကယ်၍ ဓါး (အုပ်ချုပ်သူ) က မကောင်းခဲ့ရင်တောင်- ၀ါးက ပျော့ပျောင်းနေခဲ့ရင် အဲ့ဒီဝါးကို ကြံဖန်ကိုက်ခွာပြီး နှီးချောင်း ပါးပါးလေးများ စိတ်ဖြာလို့ ရနိုင်ကောင်းပါတယ်။- အခုတော့ ၀ါးကလည်း ပျော့ပြောင်းမှု မရှိ- လိမ္မာပါးနပ်မှု အားနည်းလွန်းလှတယ် လို့ ကျွန်တော်မြင်မိပါတယ်။-
    ဒီနေရာမှာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူဆိုတာ ဘယ်လို အတန်းအစားလည်းလို့ ရှင်းပြဘို့ လိုမယ် ထင်ပါ တယ်။
    (၁) ခေတ်နဲ့အညီ မိမိရဲ့ ခေါင်းဆောင်ကို အလိုက်သင့် မပြုပြင်တတ်တဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်း တဲ့ ပြည်သူများ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီနေရာမှာ ဥပမာ တစ်ခု ပေးလိုတယ်–။ အင်္ဂလန် နိုင်ငံ ဆိုပါတော့ ဘုရင်စနစ်ကြီးနဲ့ အခုအချိန်ထိ တည်ရှိနေတယ် ၊ ဘုရင်စနစ်ဆိုတာ နိုင်ငံတော် အာဏာကို မျိုးစဉ်မျိုးဆက် စံစားအုပ်ချုပ်နေတဲ့ စနစ် ၊ တနည်းအားဖြင့် အလွန်ကြီးမားတဲ့ အာဏာရှင်စနစ်၊ အာဏာကို စွဲမက်သူများ ဖက်တွယ်ထားတဲ့ စနစ်လို့ ဆိုနိုင်တယ်။– အာဏာမက်လွန်းသူက အာဏာရထားတယ်- ဆိုတဲ့ အချိန်မှာ ပြည်သူက အာဏာရှင်ကို ဖြုတ်ချဘို့ မလွယ်ကူဘူး-၊ ဒီအချိန်မှာ အင်္ဂလန်ပြည်သူတွေက လိမ္မာပါးနပ်စွာနဲ့– အရှင်မင်းများပဲ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ပါ– သို့သော် တိုင်းပြည်ကို ဒီနည်းဒီဟန်လေးနဲ့ အုပ်ချုပ်ပေး ရင် ပိုမိုကောင်းမွန်ပါမယ်- ဆိုတဲ့ တိုင်းပြည်အုပ်ချုပ်မယ့် စည်းမျဉ်းကို ရေးသားတင်ပြလိုက်ကြတယ်။ ဒီတော့ ဘုရင်ဘက်က သူအနေနဲ့ အာဏာက တည်ရှိနေမယ် (ဆင်းပေးစရာ မလိုဘူး)၊ တိုင်းပြည်လည်း တိုးတက် လာနိုင်တယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး အတည်ပြုပေးလိုက်တယ်– (ဒီ ကြားထဲမှာ အပေးအယူ ဆွေးနွေး မှုတွေ  ဖြစ်စဉ် အများကြီး ရှိခဲ့ပါတယ်)၊- ဒါကြောင့် ကမ္ဘာ့ထိပ်သီး နိုင်ငံ တစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံဟာ အခု အချိန်ထိ ဖွဲ့စည်းပုံ ဥပဒေ မရှိဘဲ-၊ အဲ့ဒီ တင်ပြစာတမ်းစည်းကမ်းနဲ့ပဲ ရပ်တည်နေဆဲပါ။ (နှစ်ဦးနှစ်ဘက် အဆင် ပြေတဲ့ နည်းနဲ့ တိုင်းပြည်ကို တိုးတက်အောင် ကြံဆောင်နည်းလို့ ပြောရပါမယ်။)- ဒါကြောင့် မလွန်ဆန်နိုင်တဲ့ အာဏာရှင်အား ဖြေးဖြေးချင်း ကျုံးသွင်းသွားတဲ့နည်းကို မကျင့်သုံးတတ်တဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အား နည်းတဲ့ ပြည်သူများလို့ ဆိုသင့်ပါတယ်။
    (၂) မြှောက်ပင့်ပေးမှု ၀ါဒ ကို အကျင့်ပါနေတဲ့ ပြည်သူများဟာ လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ သုံး သပ်ရပါမယ်။ ဒီဝါဒကို အချို့က သူရဲကောင်း ကိုးကွယ်မှု ၀ါဒလို့ ပြောဆိုပြီး အချို့က သာယာဖင်းဝါဒလို့ ပြောဆို ပါတယ်။ ဒီဝါဒမျိုးက တော်လှန်ရေး ခရီးစဉ်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခေါင်းဆောင်တစ်ဦးကို ချည်းကပ်ရင် ချည်းကပ်သူက ငါဘာများ ရမလဲ ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ရောပြွန်းတဲ့ ၀ါဒ ဖြစ်ပါတယ်။ တစ်ကယ်တမ်း အနစ်နာခံရတော့မယ့် အချိန်မှာ ခေါင်းဆောင်ကို ထားပြေးတဲ့ ၀ါဒသာ ဖြစ်ပါတယ်။ ဥပမာ- ယေရှုခရစ်တော် ကို သူ့အနီးအနား လူတွေက (တပည့်တွေ) အရှင်က “ဘုရားသားတော်ပဲ–၊ ဘာ ညာ”- သူတို့ကိုယ်တိုင် နှလုံးလှိုက်လှဲ ယုံကြည်သယောင် သိဒ္ဓိတင်ပြောဆိုပြီး တစ်ကယ်တမ်း ယေရှုကိုလည်း ဖမ်းရော– “ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော့ကို ထား၍ ထွက်ပြေးကြကုန်သတည်း၊” (ရှင်မာကုကျမ်း ၁၄း၅၀) လို မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီဖြစ်စဉ်က ၁၉၉၀ မှာ ဖြစ်ခဲ့ပါတယ်။ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပါတီအောက်က ၀င်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ်များပါ။- သူတို့များ အုပ်ချုပ်ရလေမလားလို့ အမတ် အဖြစ်တန်းစီနေလိုက်တာ–၊ ၁၉၉၅ လောက်မှာ စစ်အစိုးရကို ကြောက်ပြီး- အမတ်အဖြစ်က နှုတ်ထွက် ကြောင်း- အမတ်ပေါင်း သုံးရာကျော်လုံးရဲ့ နာမည်တွေနဲ့ လက်မှတ်တွေ သတင်းစာ စာမျက်နှာ အပြည့်ပါပဲ။ ဒီလို စိတ်မမှန်တဲ့ အုပ်စုခေါင်းဆောင်များကို ခေါင်းဆောင်အဖြစ် အားပေးတင်မြှောက်တဲ့ ပြည်သူတွေဟာ လည်း လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။ တစ်ကယ်တမ်းကျတော့ အဲ့ဒီ အမတ်တွေနဲ့ ပြည်သူက ခေါင်းဆောင်ဘက်က အသေခံရပ်တည်ရမှာပါ။ ဒါမှ မိမိက အဲ့ဒီ ခေါင်းဆောင်ကို တစ်ကယ် သစ္စာ ရှိရာ ရောက်တယ်၊ အဲ့ဒီ ခေါင်းဆောင်ကို တစ်ကယ်ယုံကြည်ရာ ရောက်ပါတယ်။ မိမိက “သာ“ မလားလို့ အနား ကို ၀င်ကပ်ပြီး ခေါင်းဆောင်ကို ပုဂ္ဂိုလ်ရေး အမွှမ်းတင် နေခြင်း ဟာ ခေါင်းဆောင်အပေါ်မှာ မြှောက်ပင့်ခြင်းသာ ဖြစ်ပြီး- မိမိရင်ထဲမှာ သာယာဖင်း စိတ် အပြည့်ထားခြင်းသာ ဖြစ်ပါတယ်။-
    (၃) တစ်ဘက်စောင်းနင်း ၀ါဒ
    တစ်ဘက်စောင်းနင်း ၀ါဒ ရှိတဲ့ ပြည်သူများဟာလည်း လိမ္မာပါးနပ်မှု အားနည်းတဲ့ ပြည်သူများလို့ ပြောရပါမယ်- တစ်ဘက်စောင်းနင်း- ဆိုတာ၊ အကောင်း အဆိုးကို မျှမျှတတ နားလည်မပေးနိုင်ဘဲ– ကောင်းတယ် ထင်ရင် အဲ့ဒီ ကောင်းတယ် ထင်တဲ့အချက်နဲ့ အခိုက်အတန့်မှာ အလွန်အကျူး ကောင်းကြောင်းဖွဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ် ပြီး- အဲ့ဒီ လူသားကို ခေါင်းဆောင်တင်- ကယ်တင်ရှင် အဖြစ် သတ်မှတ်ပစ်ပြီး-၊ မကောင်းဘူးထင်မှတ်တဲ့ အခါ များမှာ- ရှေ့က ကောင်းခဲ့တာများကိုပါ ချက်ချင်းမေ့ပစ်ပြီး- ဘီလူး သရဲ မကောင်းဆိုးဝါးလို သတ်မှတ်ပစ်တဲ့ အကျင့်မျိုး- တနည်းအားဖြင့် ကျေးဇူးမဲ့တတ်တဲ့ အကျင့်လို့ ဆိုနိုင်ပါတယ်။ ဒီလို လူထု အများ ရှိတဲ့ တိုင်းပြည် မျိုးဟာလည်း တိုးတက်သင့်သလောက် မတိုးတက်နိုင်ပါ။
    ဥပမာ– မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဦးနေ၀င်းကို ကြည့်ပါ။ သူတက်လာစဉ်ကာလက သူ့ကို တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးအလား လူအများစုကြီးက သတ်မှတ်ခဲ့ကြတယ်။ ကောင်းကြီးသြဘာတွေ ပေးခဲ့ကြတယ်-၊ တိုင်းပြည်အာဏာကို ထင်တိုင်း သုံးစွဲခွင့်များရအောင် ၀ိုင်းရံပေးခဲ့ကြတယ်။ (တိုင်းပြည်တိုးတက်မယ့် အကြံပေးသူ များကို အဖျက်ကောင်များလို့ ဘေးဖယ်နိုင်မယ့် အခွင့်အလမ်းတွေ ပေးခဲ့ကြတယ်)။ ထိုင်းနိုင်ငံက ဆင်ဖြူရှင်ဆု၊ ဖီလစ်ပိုင်က ဟိုဆေးရီဇာဆု၊ အမေရိကန်က စစ်သူရဲကောင်းဆု အပါအ၀င် ပြည်တွင်းပြည်ပ ဆုကြီး ၆ ဆုတောင် ချီးမြှင့်ခံခဲ့ရသေးတယ်။ သူ့ခေတ်က သူဟာ ကမ္ဘာမှာ ဆုအများဆုံး လူသားတစ်ဦးလို ဖြစ်ခဲ့တယ်။ သူ့ကို အားကျလို့ ကမ္ဘာမှာ သူ့နာမည်ကို အထူးပြုပြီး သားသမီးများကို နာမည်ပေးခဲ့တာတောင် ရှိတယ်။ မကြာသေးမှီ ထိုင်းဝန်ကြီးချုပ်ထာ့က်ဆင် လက်ထက်မှာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာတဲ့ ထိုင်းနိုင်ငံရေးသမားကြီး တစ်ဦးဆိုရင် ချာ့ဒ်ချိုင်း နေ၀င်း လို့ ဖြစ်တယ်- အဲ့ဒီ ၀န်ကြီးရဲ့ ဖခင်က ၀န်ကြီးဖြစ်လာမယ့် ကလေးကို နေ၀င်း လို အောင်မြင်စေရမယ် ဆိုပြီး နာမည်ပေးခဲ့တာ ဆိုပဲ။ (ဒီဝန်ကြီးဟာ အခုထိ ထိုင်းနိုင်ငံရေးလောကမှာ နာမည် ရှိနေဆဲပါ။)
    ဒီလိုနဲ့ သူ့ခေတ်ကုန်လာ တော့ သူ့ကိုပဲ ဘီလူး သရဲ မောင်းထုတ်သလို မောင်းထုတ်ကြပြန်တယ်။ ၈၈ အရေးအခင်းကာလ ဦးနေ၀င်းနဲ့ သူ့ကို ဆက်ခံသူများက တိုင်းပြည်အုပ်ချုပ်ခွင့်- အပေးအယူ ညှိတာကိုတောင် ပြည်သူဘက်က လက်မခံတော့ ဘဲ ဦးနေ၀င်းတို့ကို မဟာရန်သူကြီးများလို သတ်မှတ်ခဲ့ပြန်တယ်။ အဲ့ဒီမှာ သူ့အုပ်စု- ငါ့အုပ်စု ကွဲပြီး တိုင်းပြည်ဟာ နှစ်ပေါင်း ၂၀ ကျော် ဆန့်ငင်ဆန့်ငင် ဖြစ်ခဲ့ရတယ်။
    မကောင်းတာ ရှိသလို ကောင်းတာတွေလည်း တည်ဆောက်ခဲ့တယ်- ဆိုတဲ့ ထောက်ထားမှုများနဲ့ အပြန်အလှန် တည်ဆောက်နိုင်ခဲ့ရင် တိုင်းပြည်ဟာ နှစ်ပေါင်း ၂၀ လောက် နောက်ကျခဲ့မှာ မဟုတ်ပါ။ အာဆီယံနိုင်ငံ ထဲက အင်ဒိုနီးရှားကို ကြည့်ပါ–၊ စစ်တပ်က အာဏာသိမ်းတက်လာတဲ့ သမ္မတကြီး ဆူဟာတိုနဲ့ ပြည်သူကြားမှာ အပေး အယူလုပ်ပြီး တိုင်းပြည်ကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်မပုပ်တော့ဘဲ တိုင်းပြည်ကို ပြန် လည်တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
    မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်ရင် အခုထိ သေချာသေးတဲ့ နိုင်ငံ မဟုတ်ဘူးလို့ သုံးသပ်ရမယ်။ အခွင့်မသာရင် အလွန်အမင်း ကြောက်တတ်ပြီး ဘာလုပ်လုပ် ငုံ့ခံတတ်တယ်၊ အခွင့်သာရင် လုံးဝ မျက်နှာမထောက်တော့ဘဲ အပြတ်နှိပ်ကွပ်တတ်တဲ့ အကျင့်တွေ ရှိနေတော့-၊ ပေးရမယ့်သူဘက်ကလည်း အသေခံပြီး လိုက်လျှောလိမ့်မယ် လို့ တွက်ထားလို့ မရနိုင်ပါ။ ဒီလိုအဖြစ်ဆိုးမျိုးကို ကျော်ဖြတ်ဘို့ တိုင်းသူပြည်သားတွေမှာ တစ်ဦးနဲ့တစ်ဦး ထွက် သာဝင်သာ ရှိတဲ့ နည်းလည်ပေးတတ်မှု အလေ့အကျင့်မျိုးကို တည်ဆောက်ဘို့ လိုပါလိမ့်မယ်။
    ဒါမှ မဟုတ်ရင် ရန်လိုမှု၊ ရန်ပိုမှု၊ ရန်ငြိုးထားမှု၊ မယုံကြည်မှုများကြားမှာသာ နစ်မွန်းနေရပြီး- ကိုယ့်အသက် ကိုယ်လုရင်း စီးပွားလုပ်ချိန်မရ၊ တိုးတက်ရာတိုးတက်ကြောင်း စဉ်းစားချိန်မရဘဲ- တိုင်းပြည်တစ်ခုဟာ ဆက်လက်မွဲတေနေဦးမှာပါ။
    ပြုပြင်ပြောင်းလဲရေး ဆိုတာ ပြောသလောက် မလွယ်ပေမယ့်- ပြုပြင်နည်းမှန်ရင် ထင်သလောက်လည်း မခက် ပါ။
    နိုင်ငံတစ်ခုကို တိုးတက်စေဘို့ (၁) နိုင်ငံရေး ဦးဆောင်များ (၂) ဘာသာရေး ဦးဆောင်များ (၃) ပြည်သူလူထု ကိုယ်တိုင်က တစ်ပြိုင်နက်တည်း ပြုပြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့အမြင်ကတော့ အထူးသဖြင့် လူထုသာ ပါးနပ်လိမ္မာလာမယ် ဆိုရင်- တိုင်းပြည်တစ်ခုလုံးဟာ လူထုလက်ထဲမှာသာ ရှိပါတယ်။ နိုင်ငံရေး ခေါင်းဆောင် ဆိုတာလည်း လူထုထဲက မွေးဘွားကြီးပြင်းလာသူ၊ ဘာသာရေး ခေါင်းဆောင် ဆိုတာလည်း လူထုထဲက မွေး ဘွားကြီးပြင်းလာသူသာ ဖြစ်လို့ တစ်ကယ်တမ်းသာ လူထုကြီးက တရားမျှတမှု၊ နားလည်ပေးတတ်မှု၊ အပြန် အလှန်တည်ဆောက်တတ်မှုများ ကျင့်သားရလာရင် အဲ့ဒီ ကျင့်သားရပြီး လူထုထဲက မွေးဘွားလာတဲ့ လူ (ခေါင်း ဆောင်များ)ဟာလည်း မွေးရာပါ အလေ့အကျင့်ပေါ်မှာ ဆက်လက် လျှောက်လှမ်းဘို့ ၀န်လေးတော့မှာ မဟုတ် ပါ။——
    တစ်ကယ်လို့ ဓါးမကောင်းခဲ့ရင်လည်း ၀ါးက ပျောင်းအိနေရင်- နှီးချောင်း အခြေအနေ မဆိုးနိုင်ပါ။
    တိုင်းပြည် တစ်ခု ကောင်းစားစေဘို့
    တိုင်းပြည်တစ်ခု ကောင်းစားစေဘို့ရာ- တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိတယ်။ တိုင်းသူပြည်သားများ အနေနဲ့ မိမိက ဦးဆောင်ဦးရွက် အဖြစ် သတ်မှတ်မယ့်သူကို ခေတ်ကာလအလိုက် သတ်မှတ်တတ်ဘို့ လိုအပ်ပါတယ်။ တိုင်းပြည် တစ်ခုဆိုတာ လူတစ်မျိုးတည်း၊ ဘာသာတစ်ခုတည်း၊ သက်ဆိုင်ရာ ဂိုဏ်းတစ်ခုတည်း၊ အယူအဆတူ သူချည်း နေထိုင်ရာ ဒေသမဟုတ်ပါ။
    လူမျိုးနွယ်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ ဗဟုသုတ ပေါင်းစုံ စုဖွဲ့တည်ဆောက်တဲ့ ဒေသရပ်ဝန်းတစ်ခုမှာ- အတူနေထိုင်ရတဲ့ လူတွေဟာ အချင်းချင်း ညီညွတ်မှု ရှိဘို့လိုပါတယ်။ နားလည်ပေးမှု ရှိဘို့ လိုပါတယ်။ သဘောထား မတူညီဘူး ဆိုတဲ့ အချက်မှာ မမုန်းမိဘို့လိုပါတယ်။
    ဒီအတွက် လူသားတွေရဲ့ အသိပညာဆိုင်ရာ ဖွံ့ဖြိုးမှုများကို အရင်အဦး ပြင်ဆင်ရပါမယ်။ လူမျိုးပေါင်းစုံက သားသမီးများ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းများမှာ ဘာသာတစ်ခုခုကို ဇောင်းပေး ပြုမူသင်ကြားတာ မျိုး၊ မျိုးနွယ်စုဆိုင်ရာ အမုန်းပွားစေမယ့် သမိုင်းများကို ထည့်သွင်းသင်ကြားတာမျိုးများကို ပါယ်ဖျက်ပစ်ရပါမယ်။ ဘာသာဆိုင်ရာ အယူအဆများကို အငြင်းပွားနေခြင်းမျိုးကို သေးသိန်စေအောင် ပြုလုပ်ပစ်ရပါမယ်။ ငါသာ မှန်ရမယ်လို့ ပြောဆိုတတ်သူများကို အထင်သေးစရာ လူသားအဖြစ် မြင်မှတ်လာအောင် ပြုလုပ်ပစ်ရပါမယ်။ ဒီလိုမျိုး ဆယ်နှစ်လောက် လေ့ကျင့်လိုက်ရင် “ငါတွေးတာလည်း ဖြစ်နိုင်တယ် (မှန်ရမယ်လို့ မဆိုလို) သူ့ဘက် က သူ့အမြင်နဲ့တွေးတောတာလည်း ဖြစ်နိုင်တယ်-၊ ဒီလို အယူအဆ နှစ်ခုမှာ၊ ဘယ်အရာက ငါတို့ပတ်ဝန်းကျင် လူထုအတွက် အကျိုးဖြစ်ထွန်းစေမလဲ၊ ဖြစ်ထွန်းလာမယ့် အကျိုးတရားက ရေတိုလား- နှစ်ရှည်လများလား၊” စသည်ဖြင့် စတင် စဉ်းစားတဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာနိုင်ပါတယ်။
    စာသင်ကျောင်းရဲ့ အပြင်ဘက်လောကမှာလည်း လူသားတွေကို စိတ်ဓါတ်ပိုင်း ဆိုင်ရာ သွန်သင်ပေးနေတဲ့ ဘာသာရေး လူတန်းစားလောကကို ပြန်လည်ပြုပြင်ရပါမယ်။
    ငါက အရိုအသေပေး တလေးတစား ဆည်းကပ်နေတဲ့ ဘာသာရေးဝန်ဆောင် ပုဂ္ဂိုလ်ဟာ “ဆဲဆို ကြိမ်းမောင်း တတ်သူလား၊ သူတစ်ပါးဘာသာ၊ သူတစ်ပါး အကြောင်း၊ သူတစ်ပါး ဂိုဏ်းတွေကို မလိုမုန်းထား အတင်းပြော တတ်သူလား၊ ကမ္ဘာ့ဗဟုသုတမရှိ ကြားဘူးနားဝများကို လျှောက်ပြောပြီး မျက်လုံးစုံမှိတ် အယူသည်းနေသူလား၊ သူကရော တပည့်တကာများရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် ဘယ်လို ကူညီပေးသလဲ၊ နှုတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ၊ သြဇာအားဖြင့် ဖြစ်စေ ဘယ်လို ဆောင် ရွက်ပေးသလဲ၊” ဆိုတာများကို လူတစ်ဦးချင်းစီက စဉ်းစားဆင်ခြင်ရပါမယ်။ လေးစားယုံကြည်ထိုက်သူ ကို လေးစားယုံကြည်ခြင်းဟာ မင်္ဂလာ ဖြစ်သလို၊ မလေးစားထိုက်သူကို မလေးစားဘဲလျှက် ပစ်ပါယ်စွန့်ခွာခြင်း ဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ တစ်ကယ့်လက်တွေ့ လူမှု အကျိုးပြုတွေကို မပြုလုပ်ဘဲ- ဘုရားစာ တစ်ပိုဒ်ရွတ်ပြယုံ၊ ဘာသာရေးကိုယ်စားပြု ၀တ်ရုံ ခြုံပြယုံနဲ့ ဆည်းကပ်ရိုကျိုးစရာမလိုဘူး၊ ဒီပုဂ္ဂိုလ်ဟာ ဘာသာရေး အရောင်ပြ လုပ်စားနေသူလို့- ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရပါမယ်။ ဒါမှ ဘာသာရေးလောကဟာလည်း သန့်ရှင်းလာမယ်- သန့်ရှင်းမှုများက လူထုကို အရောင်ဟပ်လာမယ်။ ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ မုန်းတီးမှုတွေ ကင်းရှင်းလာမယ်။
    လူထုအနေနဲ့ မိမိရဲ့ ရပ်ကွက်ဒေသ အတွက် ဦးဆောင် ဦးရွက်ပြုမယ့် လူကို ရွေးချယ်တဲ့အခါမှာ ဘယ်လူမျိုး ကြောင့် ဘယ်ပါတီကြောင့် ဘယ်ဘာသာကြောင့် ဆိုတဲ့ အကြောင်းပြချက်များနဲ့ အမုန်းစိတ်၊ မလိုစိတ်များကို မထားသင့်ဘူး။ ဘယ်သူဖြစ်ဖြစ်- အဲ့ဒီ လူဟာ ငါတို့ ရပ်ကွက်၊ ငါတို့ ဒေသ၊ ငါတို့ မြို့ရွာကို ဘယ်လို အကျိုးပြုနိုင် မလဲ၊ သူသာ လူကြီးဖြစ်ရင် ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ။ အလုပ်လက်မဲ့ လူဦးရေ ဘယ်လောက် အတွက် အလုပ်များဘယ်လို ဖန်တီးပေးနိုင်မလဲ၊ ပညာရေးဝန်ဆောင်မှုများ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ၊ ကျမ္မာရေး ၀န်ဆောင်မှုများ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ၊ လူထုကြား မသင့်မြတ်မှုများကို ဘယ်လို ဖြေဖျောက်ပေးနိုင် မလဲ-၊ ဆိုတဲ့ စံချိန်မျိုးနဲ့ တိုင်းတာပြီး- ခေါင်းဆောင်ရွေးချယ်ရပါမယ်။ ပါတီတစ်ခုခုကို အမုန်းထား နောက်ပါတီ တစ်ခုခုကို အထင်ကြီးပြီး အဲ့ဒီ ပါတီက ကိုယ်စားပြုလိုက်တာနဲ့ ရွေးချယ်လိုက်တာမျိုး၊ ဘာသာတစ်ခုခုကို အထင်သေးပြီး လူများစုကိုးကွယ်ရာ ဘာသာဝင်ထဲက ကိုယ်စားပြုသူကို ရွေးချယ်လိုက်တာမျိုး- ကို အထူး ရှောင်ရမှာ ဖြစ်သလို၊ တစ်တိုင်းပြည်လုံး ကိုယ်စားပြု တည်ဆောက်မယ့် လွှတ်တော်ထဲမှာလည်း ပါတီတစ်ခု တည်းက အကြီးအကျယ် လွှမ်းမိုးသွားစေတာမျိုး မဖြစ်အောင် ပြည်သူဘက်က အကင်းပါးဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် အစိုးရဖွဲ့နိုင်တဲ့ အင်အားစုနဲ့ အတိုက်အခံဘက်မှာ ရှိသူဟာ အင်အား မတိမ်းမယိမ်း ရှိနေစေဘို့ လိုအပ်ပါတယ်။ ဒါမှ အစိုးရက သူတို့ ဆုံးဖြတ်လိုရာကို ဘက်ဆွဲ ဆုံးဖြတ်လို့ မရဘဲ မျှမျှတတ စဉ်းစားပေးနိုင်ပါ တယ်။
    လူတစ်ဦးတည်းက ငါ့ အယူအဆ မှန်ရမယ်၊ ငါ ဆုံးဖြတ်တာကို သဘောတူပေးရမယ်- ဆိုတဲ့ လူတစ်ဦးဟာ ဒသနပညာရှင် တစ်ဦး အဖြစ် ရပ်တည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူဆိုင်ရာ လုပ်ဆောင်မှုများမှာ ၀င်ရောက်စွက်ဖက်လိုစိတ်ကို ဘေးဖယ်ထားရပါမယ်။ အများအကျိုးကို ဆောင်ရွက်ချင်သူဟာ ငါ့တင်ပြချက်ကို လက်မခံရင်လည်း အများသဘောတူ ဆုံးဖြတ်ချက်ကို ပြည့်ပြည့်၀၀ သဘောတူပေးနိုင်တဲ့ အရည်အချင်းများ လိုအပ်ပါတယ်။
    ဒီလို စိတ်နေစိတ်ထားမျိုးတွေ လေ့ကျင့်ယူနေတဲ့ တိုင်းပြည်တစ်ခုအနေဟာ ကမ္ဘာနဲ့ ဆက်ဆံတဲ့အခါ အဆင် ပြေနိုင်မယ်။ ကမ္ဘာ့တိုးတက်ပြောင်းလဲမှုနဲ့ သဟဇာတတည့်မယ်၊ ကမ္ဘာနဲ့ မျက်ခြေပြတ်မှုများ လျှော့လာမယ်၊ ဒီလိုတိုင်းပြည်မျိုးက- ဘယ်လိုမှ အောက်ကျနောက်ကျ ဖြစ်စရာ အကြောင်းမရှိတော့ပါ။
    (မှတ်ချက် – ဤဆောင်းပါးသည် ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်များသာဖြစ်သည်။)
  • အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ
    အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ
    ဗမာမွတ်စလင်မ်တဦး
    မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မြန်မာနိုင်ငံသား ဗမာမွတ်စလင်မ် တယောက်အနေနဲ့  မြန်မာပြည်က ကုလားကို မုန်းပါတယ်ဆိုတဲ့ လူတွေနဲ့  ပတ်သက်ပြီး ရင်ဖွင့်ချင်တယ်။ ဖတ်ကောင်းအောင်တော့ ဆီကွန့် ပြီးစာမရေးတတ်ဘူး။ ရင်ထဲက မခံချင်စိတ်ကို နေ့ တိုင်းဆွပေးနေတဲ့  မွတ်စလင်မ်မုန်း တီးရေးသမားကိုတော့ ရင်ဖွင့်တတ်တယ်။
    အရင်ကတော့ ရိုဟင်ဂျာကို မကြိုက်ဘူး။ ဟုတ်တယ် မကြိုက်ဘူး။ ဘာကြောင့်လဲ? သူတို့ နဲ့  အလုပ်လုပ်တိုင်း ရှင်းရှင်းလင်းလင်း လုပ်လို့ မရဘူး။ လွယ် လွယ်ကိစ္စ မရှုပ်ရှုပ်အောင်လုပ်တယ်။ စီးပွားတွဲလုပ်ရင် လက်ပေါက်ကပ်တယ်။ အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစား အပြင် တယောက် တပေါက်နဲ့ ဟိုလူက ဟိုလူကို ခုတုံးလုပ်သွားလိုက်၊ ပြောတော့တမျိုး လုပ်တော့ တမျိုးကြုံရလိုက်။ ခုနောက်ပိုင်း မွတ်စလင်မ်အရေးဆိုရင် တခါလည်း ရိုဟင်ဂျာ နှစ်ခါလည်း ရိုဟင်ဂျာ။ ဒီကြားထဲ ရိုဟင်ဂျာတွေ တိုင်းရင်းသားတောင်းတိုင်း တခြား မွတ်စလင်တွေ ကိုပါ ၀ိုင်းဆဲခံကြရတယ်။ ၀ိုင်းဆဲခံရလို့  ရိုဟင်ဂျာတွေကို ပိုချဉ်တယ်။
    ရိုဟင်ဂျာကိစ္စနဲ့  ပတ်သက်လာရင်  မြန်မာတွေဖက်မှာရှိခဲ့တယ်။
    ဒါပေမဲ့ ခုခါမှာ ရိုဟင်ဂျာတွေကိုချဉ်တာထက် မွတ်စလင်မ်တွေကို တဖက်သတ် စိတ်ဒုက္ခပေးနေတဲ့ ထောင်ပေါင်းများစွာသော မွတ်စလင်မ်မုန်းတီးရေး သမားတွေကို စိတ်နာတယ်။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ၊ ပညာရှင်တွေ အားလုံးနီးပါး မွတ်စလင်မ်မုန်းတီးရေးမှာ ပါဝင်ပတ်သက်နေတာ တွေ့ ရ တော့ ဗမာဖြစ်တဲ့ ကိုယ့်ကိုယ်ကို ခါးသီးတယ်။
    အခု  ရိုဟင်ဂျာ ဆန့် ကျင်ရေးက တကယ်တော့ ရိုဟင်ဂျာ ဆန့်ကျင်ရေးမဟုတ်ဘူး။ မွတ်စလင်မ်ဆန့် ကျင်ရေးဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ လူ ၁၀ ယောက်ကို ကားပေါ်က ဆွဲချပြီး သတ်တယ်။ လူသတ်တာ အားပေးသမားတွေက လက်ခုပ်တီးခဲ့ကြတယ်။ ဖားကန့် နဲ့  ကမ္မံမှာ ရိုဟင်ဂျာမဟုတ်ပါဘဲ ဗလီတွေဖျက်တယ်။ အိမ်တွေဖျက်တယ်။ ပစ္စည်းလုတယ်။ မီဒီယာတွေ ဒီမိုတွေ နှုတ်ပိတ်နေပေးခဲ့တယ်။ သတင်းတွေ တင်ပြန်တော့ မွတ်စလင်မ်တွေကို တဖက်သတ်နစ်နာအောင်ရေးကြတယ်။ သစ်ထူးလွင်ဆိုဒ်ဆိုရင် မွတ်စလင်မ်မကောင်းကြောင်း အားရပါးရလှော်တယ်။ မွတ်စလင်မ်ဖက်က သတင်းမှန်သမျှ ဘာမှမတင်ဘူး။ သိသာလွန်းလှတယ်။
    နိုင်ငံတကာမှာရောက်နေတဲ့  မြန်မာတွေ၊ ပြည်တွင်းမှာနေကြတဲ့ မြန်မာတွေ ရိုဟင်ဂျာ ဆန့် ကျင်ရေးမက မွတ်စလင်မ်တွေအပြင် ဘာသာရေးကျမ်းစာ၊ ဘုရားသခင်နဲ့ ၊ တမန်တော်တွေကို ရိတယ်၊ ဆဲတယ်။ ရိုဟင်ဂျာတိုင်းရင်းသား မဟုတ်စေချင်တာနဲ့  ဘာသာတခုလုံး မွတ်စလင်မ်အားလုံးကို ၀င်ဆဲတော့တယ်။
    သေချာပါတယ်။ ခင်ဗျားတို့ တွေက တကယ်တန်းတော့ မွတ်စလင်မ်ဆန့် ကျင်ရေးလုပ်နေတာ။
    ခင်ဗျားတို့  ပြောကြတယ်။ ဒို့ မြေမှာနေ ဒို့ ရေကိုသောက်ပြီး ဒို့ လူမျိုးကိုစော်ကားတယ်တဲ့။ မေးချင်တယ်ဒါဆိုရင်
    (၁) ဘယ်မွတ်စလင်မ် ဘယ်နှစ်ယောက်က ဘယ်သူ့ ကိုစော်ကားနေတာလဲ။ မသီတာထွေးကိစ္စမှာ မွတ်စလင်မ်တွေလုပ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ဘယ်လိုသက်သေပြမလဲ။ ရိုဟင်ဂျာ မုန်းတဲ့ ရခိုင် ဒါမှမဟုတ် အကျပ်အတည်းရောက်နေတဲ့ အစိုးရက လုပ်ပြီး မွတ်စလင်မ် ၃ ယောက်ကို ဆွဲထည့်လိုက် တာမဟုတ်ဘူးလို့  ဘယ်သူ အာမခံမလဲ။ ဒီ ၃ ယောက်လုပ်တယ်ပဲထား ဒီရာဇ၀တ်ကောင် ၃ ကောင်ရဲ့ အပြစ်ဟာ မွတ်စလင်မ်အားလုံးနဲ့  ဆိုင်တယ်ဆိုရင် ရှမ်းပြည်မှာ၊ ကရင်ပြည်မှာ၊ ကချင်ပြည်မှာ၊ ချင်းပြည်မှာ နေ့ တိုင်းနေ့ တိုင်းဖြစ်နေတဲ့ စစ်တပ် မုဒိန်းကျင့်မှုအတွက် ဗမာတွေ ဗုဒ္ဓဘာသာတွေ အားလုံး အပြစ်မရှိဘူးလား။
    (၂) မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မွတ်စလင်မ်တွေအတွက် မြန်မာပြည်က ဒို့ မြေ ဒို့ ရေမဟုတ်ဘူးလား။
    (၃) ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရအောင် အစ္စလာမ်ဘာသာကိုးကွယ်တာနဲ့  လူမျိုးခြားဖြစ်သွားရောလား။ ကျနော် ဗမာပါ။ ဗမာလူမျိုးပါ။
    (၅) အင်တာနက်မှာ ဂေါတမမြတ်စွာဘုရား၊ စေတီတွေ ကျောင်းတိုက်တွေ၊ မြန်မာနိုင်ငံသားတွေကို ထက်ထက်အောက်အောက်ဆဲနေလား။ မွတ်စလင်မ် ဆဲတဲ့ မြန်မာဘလောဂ်တွေ ၊ဆိုဒ်တွေ အွန်လိုင်းမှာ ရာနှင့်ချီပြီးရှိနေပြီ။ မွတ်စလင်မ်တွေကို သတ်ခိုင်းတဲ့ ကော်မန့် တွေ ထောင်နဲ့ ချီပြီးရှိနေပြီ။ မွတ်စလင်မ်အမျိုးသမီးတွေကို -ိုး ဆိုပြီး ဆဲနေတဲ့ ကော်မန့် တွေ ရာထောင်ချီနေပြီ။
    တိုင်းပြည်ကြီးကို ဒုက္ခမျိုးစုံပေးခဲ့တဲ့ စစ်တပ်နဲ့  အစိုးရ၊ ၀န်ကြီးတွေနဲ့  ကပ်ပြီး ပြည်သူတွေဆီက သွေးချွေးတွေ ညစ်ထုတ်နေတဲ့ စီးပွားရေးသမားကြီး တွေထဲမှာ မွတ်စလင်မ်တွေ မပါဘူး။ သေနတ်ကိုင်ပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ထဲမှာ မွတ်စလင်မ်တွေမပါဘူး။ အင်တာနက်မှာ ထက်ထက် အောက်အောက်ဆဲနေတဲ့ လူရိုင်းတွေ၊ လူသတ်အားပေးတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။ ရခိုင်ပြသနာအတွက် ဓာတ်ဆီလောင်းပေးတဲ့ မီဒီယာတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။
    ဒို့ မြေပေါ်နေ ဒို့ ရေကိုသောက် ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရင် – ဗမာ့ယဉ်ကျေးမှုဆိုတဲ့ ဦးရွေရိုးအကကို ထွင်ခဲ့တဲ့ မွတ်စလင်မ်က ဗမာတွေကို စော် ကားသွားတာလား။ ဦးရာဇတ်ကြီးက ဗမာပြည်ကို ဖျက်ဆီးသွားတာလား။ ဦးရာရှစ်က တိုင်းပြည်ကိုရောင်းစားသွားတာလား။ ကာတွန်းဆရာ ကံချွန်က မြန်မာပြည်ကြီးကို မီးရှို့ သွားတာလား။ ကျားဘညိမ်းဆိုတဲ့ လက်ဝှေ့ သမားက မြန်မာပြည်ကို သိက္ခာချသွားတာလား။ ထောင်ထဲမှာ အသေခံသွားရတဲ့ ကဗျာဆရာ မောင်သော်က က တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင် လမ်းထွင်သွားတာလား။
    မွတ်စလင်မ်တွေပါတဲ့ နေရာတခုတော့ရှိတယ်။ ကောင်းတာတွေအားလုံးအမေ့ခံလိုက်ရပြီး အင်တာနက်လူရိုင်း၊ အင်တာနက် လူသတ်ကောင်တွေရဲ့  တဖက်သက်ဆဲခံ၊ ဆက်ဆံခံရတဲ့ အုပ်စုထဲမှာ။
    မှတ်ချက်- အီးမေးလ်ပေးစာကဏ္ဍသို့ ဗမာမွတ်စလင်မ် အမည်ဖြင့်ပေးပို့လာသော စာတစောင်ဖြစ်ပါသည်။
    { ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ကြောင်းပါ။}
  • ပတ်ဝန်းကျင်ထဲက “လူ”…
    ပတ်ဝန်းကျင်ထဲက “လူ”…
    မိုးကြွေဇင်
    ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းလဲရသည်ဆိုလျှင် ကျွန်မတွင် အသွေးအရောင်တော်တော်များများ စုံနေပေလိမ့်မည်။
    ပတ်ဝန်းကျင်ဆိုသည်မှာ ဤလေထုကြီးတည်ရှိသမျှသော အရပ်တို့ကို ခေါ်ဆိုမည်ဆိုပါလျှင် မနက်အိပ်ယာထသည်မှအစပြု၍ ပတ်ဝန်းကျင်သစ်ပေါင်းများစွာနှင့် ကျွန်မတို့၏ နံနက်ခင်းတွေကို ရင်ဆိုင်ရနိုင်ဖွယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဤလေထုကြီးကို အားထား၍ ရှင်သန်နေရသော ကျွန်မတို့လူသားများအတွက် ပတ်ဝန်းကျင် ဆိုသည်မှာ မရှိမကောင်း၊ ရှိမကောင်းသည့်အပြင်  ခပ်ပေါပေါမရနိုင်သော်လည်း ရှာရန်လည်း မခက်ခဲသည့် အမြုတေတစ်ပါးဖြစ်သောကြောင့်ပင်…….။
    ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းလဲရသည်ဆိုလျှင် ကျွန်မတို့တွင် အသွေးအရောင်တော်တော်များများ စုံနေပေလိမ့်မည်။ အရောင်ပြောင်းသည်ဆိုခြင်း၌ ရှုထောင့်မျိုးစုံကွဲနေနိုင်သည်။ မူလဓါတ်ခံအရောင်ကောင်းသူတို့၌ ပိုပြီး အရောင်တက်လာနိုင်သလို ဓါတ်ခံမရှိသူတို့အချို့၌လည်း မအပ်စပ်သည့်အရောင်များထွက်လာနိုင်ခြင်းပင်ဖြစ်သည်။ သေချာသည်ကတော့ ကျွန်မတို့အားလုံး ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းလဲဖူးသူများပင် ဖြစ်သည်။
    စဉ်းစားဥာဏ်နည်းသူအချို့တို့၏ ပတ်ဝန်းကျင်မှာ ဆူလွယ်နပ်လွယ်လှသည်။ အပြန်အလှန်အားဖြင့် ထိုသို့ ဆူလွယ်နပ်လွယ်သောကြောင့်လည်း ထိုသူတို့မှာ စဉ်းစားဥာဏ်နည်းလွန်းလှသည်။ ထိုသူတို့၏ ပတ်ဝန်းကျင်တွင် ခေါင်းစဉ်ကွဲတွေများနေနိုင်သည်။ ထိုသူတို့သည် မိမိတို့၏ ပတ်ဝန်းကျင်အတွင်း နယ်ရုပ်လေးများ ဖြစ်မှန်းမသိ ဖြစ်နေရသည်။ တည်ကြက်များ ဟုလည်း ပြောနိုင်ပါသည်။ ထိုသို့ ရုပ်သေးရုပ်ဖြစ်နေရသည်က ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့်ဟု တွေးလျှင် ရနိုင်မည်ထင်ပါသည်။
    ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုဒဏ်ကို ခံယူပုံချင်းမတူကြသည့်အခါဝယ် ပတ်ဝန်းကျင်ခေါင်းစဉ်ကွဲများ အဖြစ် ကျွန်မတို့ အရောင်ပြောင်းသွားတတ်ကြသည်။ အရောင်ပြောင်းခြင်း၌ လိုအပ်သလို ပြောင်းလဲတတ်ရန်လည်း လိုပါသေးသည်။ အရေးကြုံတိုင်း ခပ်လွယ်လွယ်အရောင်ပြောင်းပြန်လျှင်လည်း မူလအရောင်များ လွယ်လွယ် ပျက်စီးသွားနိုင်ပါသည်။ ကိုယ်ပိုင်ဆိုသည်မှာ မရှိသလောက် နည်းသွားနိုင်သည်။ သုံးပါများ၍ ဟောင်းနွမ်းစုတ်ပြတ်သွားသည့်အထဲတွင် ကျွန်မတို့၏ ဦးနှောက်များ ပါဝင်မနေပါ။ သို့သော် ရိုက်ခတ်မှုတစ်ခုကြုံလာတိုင်း လွယ်လွယ်ကူကူပင် မအပ်စပ်သည့် အရောင်များအဖြစ် ကျွန်မတို့ ပြောင်းလဲခွင့်ပေးလိုက်ကြသည်။ ဦးနှောက်များကို ခေါင်းမှာမထားဘဲ ခြေဖ၀ါးအောက်သို့ ပို့ချင်နေကြသည်ဆိုပါလျှင် ကျွန်မတို့၏ ဦးနှောက်များမှာ ရောင်းတန်းမ၀င်တော့သော လလွန်၊ နှစ်လွန်ပြက္ခဒိန်တွေလို အသွေးအမွေးပြောင်သလောက် အသုံးတည့်မှုနည်းနေပေတော့မည်။
    အရိုင်းပတ်ဝန်းကျင်နှင့် ဆုံလာသောအခါ အယဉ်ပတ်ဝန်းကျင်ကို ရှာဖွေနှိုင်းယှဉ်တတ်သူ နည်းလှသည်။ အမှောင်နှင့် ကြုံလာသောအခါ အလင်းဓါတ်အချို့ကိုအခြေခံ၍ အာရုံဝင်စားသူနည်းလှသည်။ အကျပ်အတည်းနှင့်ကြုံလာသောအခါ ချောင်လည်မှုကို လက်တွဲရှာဖွေသူ မရှိသလောက်ရှားသည်။ ခုတ်ရာတလွဲ၊ ရှရာတစ်ခြားတွေက များနေသည်။ ပတ်ဝန်းကျင်ကို ရှုမြင်တတ်ခြင်းသည် မိမိကိုယ်ကို ရှုမြင်တတ်ခြင်း ဖြစ်နိုင်ပေသည်။
    အမြင်မတူသောလူများ စုဝေးနေထိုင်ရာဖြစ်သော ဤပတ်ဝန်းကျင်လေထုကြီးထဲတွင် အမြင်တူသူများ စုဝေးကျက်စားရာမှ လူမျိုးတစ်မျိုးဖြစ်လာနိုင်သကဲ့သို့ သီးခြားပတ်ဝန်းကျင်တစ်ခုအဖြစ်လည်း ကွဲထွက်လာခြင်း ဖြစ်နိုင်ပေသည်။ လူက ပတ်ဝန်းကျင်ကို ဖန်တီးသည်မှာ မှန်သော်လည်း ထိုဖန်တီးလိုက်သော ပတ်ဝန်းကျင်၏ ပယောဂကြောင့်ပင် လူအမျိုးအစားပေါင်းများစွာ ထပ်မံ ကွဲထွက်သွားနိုင်သည်။ “ငါ့လူမျိုး၊ သူ့လူမျိုး” ဟူသည် နားထောင်၍ကောင်းသော်လည်း တကယ်တမ်းတော့ သဘောမထားတတ်လျှင် စိတ်ဓါတ်ကိုပျက်ပြားစေနိုင်ပါသည်။ ပတ်ဝန်းကျင်တစ်ခုနှင့်တစ်ခုမှာ မည်သို့မှတော့ အသွေးအရောင်တူနိုင်မည် မထင်ပေ။ ကျွန်မတို့ကိုယ်၌ပင်လျှင် မနက်အိပ်ယာထသည်မှစ၍ ပတ်ဝန်းကျင်လေထုအသစ်နှင့် မျက်နှာသစ်နေရသည်ဆိုတော့ အခြားသူများနှင့် အသွေးအရောင်တူညီဖို့ဆိုသည်က လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။
    သည်လိုဆိုလျှင် တစ်နည်းနည်းနှင့်တော့ လွတ်လပ်စွာကွဲလွဲသင့်ပြီဟု ကျွန်မ ထင်မိသည်။ “ လက်ထဲမှာ ပန်းသီးတစ်လုံးစီရှိသူနှစ်ဦး ဖလှယ်ကြလျှင် တစ်ယောက်ပန်းသီးတစ်လုံးစီပဲ ဆက်ရှိနေမည်။ တစ်ယောက်စိတ်ကူးတစ်ခုစီ ရှိသူနှစ်ယောက် စိတ်ကူးချင်းဖလှယ်ကြလျှင်မူ တစ်ယောက်စိတ်ကူးနှစ်ခုစီ ရှိလာလိမ့်မည်” ဟု ဆိုခဲ့သည့် အင်္ဂလိပ်စာရေးဆရာကြီး ဘားနတ်ရှော၏ အတွေးစာစုလေးသည် ကျွန်မတို့အတွက် အတန်ငယ်တော့ အသုံးဝင်မည်ထင်ပါသည်။ ထို့ကြောင့် “လွတ်လပ်စွာသဘောထားကွဲလွဲခွင့်” သည် လူသားဆန်မှု၏ အခြေခံငြိမ်းချမ်းရေးတရားပင် ဖြစ်လိမ့်မည်ထင်သည်။
    မိန်းကလေးတစ်ယောက်အနေနှင့် လျှပ်ပေါ်လော်လည်ဝတ်စားမှုကို ကျွန်မ အပြင်းအထန် ရွံမုန်းပါသည်။ သို့သော် ထိုသို့ ၀တ်စားဆင်ယင်မှုမျိုးကို လက်ခံသည့် ပတ်ဝန်းကျင်နှင့်တော့ ကျွန်မ ပဋိပက္ခဖြစ်စရာအကြောင်း အလျဉ်းမရှိပေ။ ဘယ်တော့မှလည်း ကျွန်မအနေနှင့် အတိုက်အခံလုပ်ဖို့ စိတ်ကူးမျိုးမရှိပါ။ “သူ့အရပ်နှင့် သူ့ဇာတ်” ဆိုသည်မှာ စကားပုံသက်သက်တော့ မဖြစ်နိုင်ပေ။ “လွတ်လပ်စွာသဘောထားကွဲလွဲခွင့်” သည် ပတ်ဝန်းကျင်နှင့်လည်း မဆိုင်။ လူသားတစ်ဦးချင်းစီနှင့်သာ တိုက်ရိုက်သက်ဆိုင်သည့် ငြိမ်းချမ်းရေးတရားပင်ဖြစ်သည်။ တစ်ခုတော့ရှိသည်။ မျှတမှုကို အခြေခံသည့် သဘောထားကွဲလွဲခွင့်တော့ ဖြစ်ဖို့လိုပေသည်။ သို့သော် ထိုသို့သော ကွဲပြားသည့် ပတ်ဝန်းကျင်ကို အခြေတည်၍ ရလာမည့်အကျိုးအပြစ်ကိုတော့ ကျွန်မတို့ကိုယ်တိုင် ခံစားသိမြင်နိုင်သကဲ့သို့ပင်ဖြစ်သည်။
    ဖရုဿဝါစာဆန်သော ပတ်ဝန်းကျင်ကြားတွင် ပီယ၀ါစာများ၏ အနှစ်သာရကို ပို၍ ခံစားမက်မောနိုင်ကြသည်။ ထို့အတူ ပီယ၀ါစာ ပတ်ဝန်းကျင်၌ ဖရုဿဝါစာများ ၀င်ရောက်လာပါကလည်း ထင်ထင်ရှားရှား ထင်သာမြင်သာ ရှောင်ရှားနိုင်သကဲ့သို့ ကျွန်မတို့၏ ဦးနှောက်အသိဥာဏ်ကို ပတ်ဝန်းကျင်အလိုက် ပါးပါးလှပ်လှပ် အသုံးချတတ်ဖို့တော့ လိုလိမ့်မည်ထင်သည်။ မိမိ၏ ပတ်ဝန်းကျင်ကို ခံစားဆုံးဖြတ်ရာ၌ “Positive way” ချည်း အသုံးပြုလွန်းပါကလည်း ဦးနှောက်များ မှိုတက်နိုင်သကဲ့သို့ “Negative way” ချည်း များလွန်းနေပါကလည်း သံသယတို့ကိုသာ ရလာဘ်အဖြစ် ပိုင်ဆိုင်ရပေမည်။ ထို့ကြောင့် ကျွန်မတို့အတွက် “Mutuality” ကလည်း မရှိမဖြစ်လိုအပ်နေပေပြီ။
    ဆရာဖေမြင့်၏ ဆောင်းပါးတစ်ပုဒ်မှ စာသားလေးတစ်ခုကို ကျွန်မ တက်မတတ်ချက်မတတ် သဘောကျခဲ့ဖူးသည်။ ယခုလည်း သဘောကျနေဆဲပါ။ “သေတိုင်းအာဇာနည်မဟုတ်၊ ဘယ်အတွက် အသက်ပေးသွားသလဲ ဆိုသည့်အပေါ် မူတည်၍သာ အာဇာနည် ဖြစ်ရ၏” ဆိုသည့်စကားတစ်ခုအပေါ် ကျွန်မ အရူးအမူးစွဲလမ်းဖူးပါသည်။ ထို့ကြောင့် “Suicide bombers” များကို “အာဇာနည်” အဖြစ်သတ်မှတ်သင့်သလားဆိုသည့်အပေါ်တွင် ကျွန်မ ရင်တောင်မခုန်တတ်တော့ပါ။ သို့ဆိုလျှင် ကျွန်မတို့ပတ်ဝန်းကျင်၌ “အာဇာနည်” ဆိုသည်မှာ ရှားပါးပစ္စည်းတစ်ခုဖြစ်သည့်အပြင် ဒဏ္ဍာရီလည်းဆန်နေပေလိမ့်မည်။
    အဖေ့အပြစ်ကြောင့် သမီးကိုလေလံပစ်မည့် မဆီမဆိုင် လက်သရမ်းကောင်တွေ ပေါများသောခေတ်၌ “ဆော့ခရတ္တိ” ကဲ့သို့ အဆိပ်သောက် သိက္ခာဆယ်နိုင်သည့် “ကိုယ်ထူကိုယ်ထ အာဇာနည်” တွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဘယ်နှစ်ယောက်ရှိသနည်း။ ဘယ်နှစ်ယောက်မှ ရှိမနေပါ။ ၀ါးလုံးချီးသုတ်ရမ်းရင်း “ချော်လဲရောထိုင် အာဇာနည်” တွေကသာ များနေပါသည်။ ချီးထိခံရသူများမှာ နံရသည့်အပြင် ပို၍ဆိုးရွားသည်က “ရေမရှိသည့်အရပ်၌ ၀ါးလုံးချီးသုတ်ရမ်းခြင်း” ပင်ဖြစ်သည်။ ထို့ကြောင့် “အာဇာနည်” ဆိုသည့် ဂုဏ်ပုဒ်က လွယ်လွယ်နှင့်မရနိုင်သလို ရပြီးလျှင်လည်း အဆိပ်သောက်သင့်လျှင်သောက်ရမည့်၊ မည်သူ့ကိုမှ ထိခိုက်နစ်နာစေခြင်း အလျဉ်းမရှိရသည့် ကိုယ်ထူကိုယ်ထ အနစ်နာခံခြင်းမျိုးပဲ ဖြစ်ထိုက်ပေသည်။
    ကျွန်မတို့၏ နှလုံးအိမ်အတွင်းသို့ အတွေးအခေါ်ခပ်များများကို စီးဆင်းခွင့်ပေးထိုက်ပါသည်။ ထိုမှတဆင့် အကျိုးအပြစ်နှစ်ရပ်လုံးကို ပါးပါးနပ်နပ်ဆင်ခြင်တတ်ဖို့လည်း လိုလှသည်။ တိုင်းပြည်၏ လွပ်လပ်ရေးနေ့ကိုပင် မသိသော ပြည်သူတစ်ယောက်၏ ရင်ထဲ၌လည်း တိုင်းပြည်ကို ချစ်ခင်မြတ်နိုးတွယ်တာစိတ်များ ကိန်းအောင်းမနေနိုင်ဟု မည်သူပြောနိုင်သနည်း။ ထိုကဲ့သို့ပင် လူတစ်ဦးချင်းစီ၏ အတွေးအခေါ်တွေက ကွဲထွက်နေနိုင်ပေသည်။ အဓိကနှင့် သာမညကိုတော့ဖြင့် ကျွန်မတို့ ခွဲခြားနိုင်ကောင်းသည်ဟု ထင်ပါသည်။
    ရွှေထီးဆောင်းခဲ့စဉ်က အကြောင်းအရာတချို့တို့ကို နောက်ပြန်ရစ်ပြီး ဓါတ်ပြားဟောင်းဖွင့်နေရုံနှင့်လည်း ရွှေခေတ်ကတော့ဖြင့် ပြန်ရောက်မလာနိုင်ပါ။ ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ရသည့် အကြောင်းတို့ကိုပြန်တွေး၍လည်း မည်သူ့ကိုမှ စိတ်နာနေစရာအကြောင်းလည်း မရှိပါ။ ကျွန်မတို့ ရပ်တည်နေကြသည်က ပစ္စုပ္ပါန်၏ အလယ်တည့်တည့်ဗဟိုချက်တွင်ဖြစ်သည်။ အတိတ်ကို အတိတ်မှာထားပြီး အရိပ်ကိုလည်း ကိုယ့်ကိုယ်နှင့်မြဲအောင် ကြိုးစားသင့်သည်။ ကျွန်မတို့၏ ပစ္စုပ္ပါန်သည်ပင်လျှင် ကျွန်မတို့လားရာ အနာဂတ်ဖြစ်နိုင်ပါသည်။
    ကျွန်မတို့၏ အခြေခံစံပေတံအရောင်သည် အနည်းဆုံးတော့ အဖြူရောင်စွက်သင့်ပေသည်။ အဖြူပေါ်သို့ အဖြူဆင့်နိုင်လျှင်တော့ ကျွန်မတို့၏ ပတ်ဝန်းကျင်အတွက် တော်တော်ရေရာသော အနာဂတ်ကို ဖန်တီးနိုင်လိမ့်မည်ထင်သည်။ သည်လို အဘိညာဉ်မျိုးကို ရဖို့ကလည်း တော်ရုံတရားမျိုးနှင့်တော့ အဆင်ပြေနိုင်မည်မထင်။ အရောင်အသွေးမျိုးစုံနှင့်ခြယ်လှယ်ကာ ပသာဒဖြစ်နေသည်ကလည်း ပတ်ဝန်းကျင်၏ အခြေခံ အနှစ်သာရသဘော..။