News @ M-Media
Category: Our Perspectives
  • ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်
    ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်
    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ကျော်မိုးအောင်
                မကြာခဏဆိုသလိုပင်  ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့သည် မေးခွန်းတစ်ခုနှင့် ကြုံကြရလေ့ ရှိကြပါသည်။ “အကယ်၍သာ မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မြန်မာပြည် စစ်ဖြစ်ခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့အနေနှင့် ဘယ်ဘက်ကပါကြမှာလဲ” ဟူသည့်၊ သို့တည်းမဟုတ်လည်း ယင်းသဘော ဆောင်သည့် အူတိအူကြောင် မေးခွန်းဖြစ်သည်။ မေးသူကတော့ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေ တိုင်းပြည်အပေါ် သစ္စာမရှိနိုင်ရာ ဟူသည့် အယူစွဲဖြင့် မွတ်စလင်မ်တို့ ချောင်ပိတ်မိမည့် မေးခွန်းဟု တရားသေယူဆ၊ ကလေးတွေးတွေးကာ မိမိတို့ကိုယ်ကို ဟုတ်လှပြီထင်လျက် မေးပုံရသည်။ ဘယ်ဘက် လိုက်မှာလဲတဲ့။ တကယ်တမ်းတော့ မေးခွန်းက လက်တွေ့ မဟုတ်သည် မဖြစ်နိုင်သည်ကို အဟုတ်လုပ်လျက် မေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ စစ်မက်ဖြစ်ပွားရန် အကြောင်းရင်းမရှိ၊ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့အား အကဲစမ်းသည့် မေးခွန်းသက်သက်သာဖြစ်သည်။
                ရှင်းလင်းပြတ်သားစွာ ဖြေပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ မွတ်စလင်မ်မှန်ပါက အရေးကိစ္စမှန်သမျှတွင် “ကြားနေနှုတ်ဆိတ်ကာ ယုန်ကလေးနှာစေး” နေခွင့်မရှိပါ။ မွတ်စလင်မ်မှန်ပါက ပြတ်ပြတ်သားသား ဘက်လိုက်ကို လိုက်ရမည်မှာ တာဝန်ဖြစ်ပါသည်။
                ဘက်လိုက်ရန် ရှင်းလင်းပြတ်သားစွာသွန်သင်ထားသော မွတ်စလင်မ်တို့၏ ကျမ်းမြတ်ကုရ်အာန်လာ အဆုံးအမကို ဖော်ပြပါမည်။
    “ အို … သာသနာကို သက်ဝင်ယုံကြည်ကြသူတို့ …
    သင်တို့သည် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊
    မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊
    သွေးတော်နီးစပ်သူ ဆွေမျိုးတို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊
    ချမ်းသာကြွယ်ဝအင်အားရှိသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊
    ဆင်းရဲသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊
    တရားမျှတမှုဘက်၌သာလျင် ထာဝစဉ်မြဲမြံစွာ တည်တံ့သူများ၊
    အလ္လာဟ်အရှင်မြတ်ကိုသာထောက်ထား၍ သက်သေခံသူများ ဖြစ်ကြလေကုန်။…
    သင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားစေရန် မိမိတို့စိတ်အလိုဆန္ဒကို မလိုက်ကြကုန်လင့်။…”
    (ကျမ်းမြတ်ကုရ်အာန် ၄း၁၃၅)
                ဤမျှဆိုလျင်ပင် အစ္စလာမ်က မည်သို့ ဘက်လိုက်ခိုင်းထားကြောင်း နားလည်သဘောပေါက်မည် ထင်မိပါသည်။ အမှန်တရား၊ ပရမတ္တ သစ္စာတရားဘက်သို့ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ လိုက်ခြင်းသည်ပင် မွတ်စလင်မ့်ဂုဏ်ရည် ဖြစ်ပါသည်။ သစ္စာတရားနှင့် ယှဉ်လာလျင် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ပါမည်။ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ကြပါမည်။ မိမိ၏ နီးစပ်သူ ပတ်သက်ရာပတ်သက်ကြောင်းတို့ မနှစ်သက်နိုင်သည် ဖြစ်ပါစေ၊ အမျိုးတူသူနှင့် ဆန့်ကျင်သည်ဖြစ်နေပါစေ မှန်သည့်ဘက်လိုက်ကြရပါမည်။ ဘာသာ၊သာသနာတူသူနှင့် ဆန့်ကျင်ရာဆန့်ကျင်ကြောင်း ဖြစ်နေပါစေ မှန်ရာဘက်လိုက်ကြရပါမည်။ ဆင်းရဲသားလူ့နင်းပြား ပစ္စည်းမဲ့လူတန်းစား အမြဲသာစေရမည် ဟူသော လက်ဝဲယိမ်း ဝါဒကိုလည်း မကျင့်သုံးဘဲ အမှန်ဘက်လိုက်ကြရပါမည်။ သြဇာအာဏာ ဂုဏ်ဒြပ်ကြီးမားနိုင်သော ရေပေါ်ဆီ ခရိုနီ သူဌေးများနှင့် ထိပ်တိုက်တွေ့ကလည်း အဂတိတရား ကင်းစွာဖြင့်  သစ္စာတရားဘက် လိုက်ကြရပါမည်။
                တမန်တော်မြတ်ကလည်း မတရားမှု တစ်စုံတစ်ရာနှင့်ကြုံလာပါက ပထမဆုံးအနေဖြင့် ကာယကံမြောက် ဆန့်ကျင်ရန်၊ ထိုသို့ မဖြစ်နိုင်သည့် အခြေအနေဆိုပါက ဒုတိယအဆင့် နှုတ်အားဖြင့် ကန့်ကွက်ဆန့်ကျင်ပြောဆိုရန်၊ နှစ်မျိုးလုံးအတွက် အခက်တွေ့ပါက အနိမ့်ဆုံးအဆင့် မိမိစိတ်တွင်းမှ ရှုတ်ချဆန့်ကျင်လျက် အဆိုပါဖြစ်ရပ်ကို အားပေးအားမြောက်ပြုနေသည့် အသိုင်းအဝိုင်းမှ ကင်းဝေးစွာနေကာ အမှန်တရားထွန်းကားရေးအတွက် ဆုမွန်တောင်းရန် သွန်သင်ထားပါသည်။
                သစ္စာတရားဘက်သို့ မှန်မှန်ကန်ကန် ရပ်တည်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် မည်သည်က အမှန်တရားဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာသိစေရန် ကြိုးပမ်းအားထုတ် လေ့လာရပေမည်။ မိမိသေချာမသိပါဟု ဆိုခွင့်မရှိပါ။ ဤသည့်အတွက်လည်း မိမိ၏ လူမျိုးစွဲ၊ ဘာသာစွဲ၊ အတ္တစွဲ၊ ဆရာစွဲ၊ အယူစွဲတို့ကို အခြေမခံဘဲ တရားမျှတစွာ လေ့လာဆုံးဖြတ်ကြရန်လည်း အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။
    ထို့ပြင် သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် မိမိတို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။ (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)
    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။
    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။
    သစ္စာတရားနှင့် ယှဉ်လာလျင်မူ စည်းစိမ်ဥစ္စာ အာဏာဖြင့် စည်းရုံးလာသူတို့အား သင်တို့အနေဖြင့် ကျွန်ုပ်၏ လက်တစ်ဘက်တွင် နေမင်း၊ ကျန်လက်တစ်ဘက်တွင် လမင်း ပေးနိုင်စေကာမူ အမှန်တရားအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဆိုခဲ့သည်။
    တမန်တော်မြတ်သည် ပင်ကိုယ်သဘောအရ အစဉ်သည်းခံခွင့်လွှတ်ကာ အေးချမ်းစွာနေတတ်သူ ဖြစ်သော်လည်း အများလူထု ၁၃နှစ်ကျော် နှိပ်စက်ငြှင်းပမ်း သတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ်သစ္စာတရားအတွက် တုန့်ပြန်လျက် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ မတရားသဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ (ကျမ်းမြတ်ကုရ်အာန် ၂း ၁၉၁)
    ဤစစ်ပွဲအခြေအနေတွင်ပင် ယခင်က မရှိခဲ့ဖူးသည့် တရားမျှတသည့် စစ်စည်းမျဉ်းများ ချမှတ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ စစ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောသူများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများအား မထိပါးရန်၊ စစ်မြေပြင်ဝန်းကျင်ရှိ ရေတွင်းရေကန်နှင့် သစ်ပင်များအား မဖျက်ဆီးရန်၊ စစ်သုံ့ပန်းများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရန်၊  စစ်သုံ့ပန်းများအနေဖြင့် လျော်ကြေးပေးခြင်းဖြင့် ဖြစ်စေ စာမတတ်သူမွတ်စလင်မ်၁၀ဦးအား စာသင်ကြားပေးခြင့်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စသည့် လူ့အခွင့်အရေးကို အခြေခံသော တရားမျှတမှုကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစတင်ခဲ့သူမှာ သစ္စာဝါဒီ မွတ်စလင်မ်များ ဖြစ်ကြသည်။
    ခုခံစစ်ပွဲတစ်ခုအတွင်းကြုံခဲ့သည့် ဖြစ်ရပ်မှန်တစ်ရပ်ကို ပြန်လည် တင်ပြပါမည်။ မွတ်စလင်မ် စစ်သည်တစ်ဦင်္းက ရန်သူ စစ်ခေါင်းဆောင်အား အနိုင်ရကာ ဓားဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်စဉ်တွင် ထိုရန်သူက မွတ်စလင်မ်စစ်သည်အား တံတွေးနှင့် ထွေးလိုက်ပါသည်။ ထိုအခါ မွတ်စလင်မ်စစ်သည်က ဒေါသတစ်ကြီးဖြစ်သွားသော်လည်း ထိုရန်သူအား ဆက်လက်တိုက်ခိုက် ခုတ်ပိုင်းခြင်းမပြုတော့ဘဲ လွှတ်ပေးလိုက်ရာ မိမိကိုကိုယ် သေသူအဖြစ်သတ်မှတ်ပြီးသားရန်သူခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် အကြောင်းရင်းကို မေးကြည့်ပါသည်။ မွတ်စလင်မ်စစ်သည်အနေဖြင့် မိမိသည် မိမိအတ္တအတွက်မဟုတ်ဘဲ သစ္စာတရားအတွက်သာ တိုက်ပွဲဝင်နေခဲ့သည်ဖြစ်ပြီး မိမိမျက်နှာ တံတွေးအထွေးခံရသဖြင့် စိတ်ဆိုးနေချိန်တွင် ဆက်လက်ခုတ်ပိုင်းပါက မိမိအတ္တအတွက် လူသတ်ရာရောက်မည်ဖြစ်သောကြောင့် ဤသည်ကို မလိုလား၍ ဆက်မတိုက်၊ မသတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ဤဖြစ်စဉ်က အဆိုပါရန်သူ၏ စိတ်နှလုံးကို ပြောင်းလဲစေလျက် သူကိုယ်တိုင် မွတ်စလင်မ်ဖြစ်လာခဲ့ပါသည်။ ဤသည်မှာ စစ်မြေပြင်တွင်တောင်မှ အမှန်တရားအတွက် သက်သက်သာ တိုက်ပွဲဝင်သူ သစ္စာဝါဒီ မွတ်စလင်မ်တို့၏ ဥပမာ တစ်ခုပင်။
    နောက်ဆုံး ရန်သူတို့ အရေးနိမ့်သွားချိန် စစ်ပွဲများအားလုံး အဆုံးသတ်သွားရသည့် မက္ကာဟ်ရွှေမြို့တော် အောင်နိုင်သည့်ကာလတွင်မူ မွတ်စလင်မ်များအနေဖြင့် ရန်သူအားလုံးတို့အား သွေးမြေမကျစေရဘဲ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ တမန်တော်မြတ်သည် မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။
    ဤမျှလောက် ရှင်းလင်းပြီးလျင် အထက်ပါမေးခွန်းအတွက် ထပ်ဖြေပါမည်။
    မြန်မာနိုင်ငံအနေဖြင့် မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မျှသာမဟုတ် ထိုင်းနိုင်ငံကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံနှင့်ဖြစ်စေ၊ အခြား ခရစ်ယာန်နိုင်ငံနှင့်ဖြစ်စေ၊ ဂျူးဘာသာဝင်တို့နှင့်ဖြစ်စေ မည်သို့ပင်ဖြစ်စေ စစ်မက်ဖြစ်ပွားခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့သည် မှန်သည့်ဘက်လိုက်ပါမည်။ မြန်မာပြည် ခုခံစစ်အတွက်ဆိုလျင် လိုအပ်ပါက ဗလီရှေ့ဆောင်ဆရာများ အပါအဝင်ပင် ရှေ့တန်းမှ ပါဝင်ကြရပါမည်။
               ရှေးယခင် အင်္ဂလိပ်နယ်ချဲ့မှုကို တော်လှန်စဉ်ကလည်း မွတ်စလင်မ်စစ်တပ်များ အမြောက်အမြား ပါခဲ့သည်ကို မသိကြလေသလော … မေ့သယောင် ဟန်ဆောင်နေကြသည်လော။
    သို့သော် မတရား ကျူးကျော်စစ်အတွက်ဆိုပါမူ…။
    တစ်ချိန်ကအမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ စစ်ချီခဲ့ဖူးပါသည်။ ထိုစဉ်က တိုင်းသူပြည်သား များလည်း ထိုကျူးကျော်စစ်အတွက် စစ်မှုထမ်းကြရပါသည်။ အမေရိကန်နိုင်ငံသား သစ္စာဝါဒီတစ်ဦးဖြစ်သူ လက်ဝှေ့ချန်ပီယံ ကပ်စီးယပ်စ်ကလေး ခေါ် မုဟမ္မဒ်အလီသည် ကျူးကျော်စစ်ကို ဆန့်ကျင်သူ ဖြစ်ရာ ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် စစ်မှုမထမ်းခဲ့ပါ။ အကျိုးဆက်အနေဖြင့် လက်ဝှေ့ချန်ပီယံလက်မှတ် ပြန်အပ်ရမည်ဆိုသည်ကို နှောင့်နှေးခြင်းမရှိပြန်အပ်ကာ လက်ဝှေ့ချန်ပီယံဘွဲ့ကို နောက်တစ်ကြိမ် ကြိုးဝိုင်းမှာ ပြန်လည်အရယူခဲ့သည့် သာဓက ရှိပါသည်။
               မွတ်စလင်မ်ညီနောင် ညီအစ်မ မှန်သမျှ အစ္စလာမ့်သွန်သင်ချက်နှင့်အညီ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ဘက်လိုက်တတ်သူ၊ ဘက်လိုက်ရဲသူ၊ ဘက်လိုက်ခွင့်ရကြသူ သစ္စာဝါဒီများ ဖြစ်ကြပါစေသား။
    M-Media သို့ ဆောင်းပါးရှင် ကိုကျော်မိုးအောင် ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။
  • မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်
    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်
    နိုဝင်ဘာ၊ ၇  ၊ ၂၁၀၂
    M-Media
    ဇေယျာသူ
    ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။
    ပွဲဈေးတန်း တခု ( Photo HotNews Journal )
    ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။
    ပွဲဈေးတန်းထဲ လျှောက်ရင်း မုန့်တွေဝယ်ရင်း ဗိုက်ဆာလာတဲ့အခါဖြစ်ဖြစ် ကြာဇံချက် သောက်ချင်လာတဲ့ အခါမှာဖြစ်ဖြစ် ကြာဇံချက်ရောင်းတဲ့ မွတ်စလင်မ် ဆိုင်ကို အပြေးအလွှားရှာဖွေပြီး ၀င်သောက်တာပေါ့။ ဘာဖြစ်လို့ မွတ်စလင်မ်ဆိုင်က ကြာဇံချက်မှ သောက်ရသလဲဆိုရင်တော့ ကျွန်မက မွတ်စလင်မ် တစ်ယောက်ဖြစ်နေတဲ့ အတွက် တခြားဘာသာတွေ ရောင်းတဲ့ဆိုင်က ကြာဇံချက်ကို ကျွန်မတို့ စားလို့မရလို့ပါ။ ကြာဇံချက်က အများအားဖြင့် ကြက်သားနဲ့ချက်ကြတယ်။ မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကသာ ဟလာလ်ကြက်သားဖြစ်လို့ ကျွန်မတို့အနေနဲ့ စိတ်သန့်သန့်နဲ့ စားလို့ ပိုဝင်တာကြောင့် မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကို ရှာပြီး စားရတာပေါ့။
    အခုရက်ပိုင်း ပွဲဈေးတချို့ကို ရောက်တော့ တစ်ခြားမုန့်တွေ စားရပေမယ့် ကြာဇံချက်သောက်ချင်လို့ ဆိုင်လိုက်ရှာရင် မွတ်စလင်မ်ဆိုင် မတွေ့ရဘူး။ ဒါနဲ့ ကျွန်မစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ပွဲဈေးတစ်ခု တစ်လေဆို ကျွန်မသတိထားမိမှာ မဟုတ်ပါဘူး။ တော်တော်များများမှာ အဲလိုဖြစ်နေတာတွေ့ရတော့ ဘယ်လိုဖြစ်လို့လဲဆိုတာ ကျွန်မသိချင်လာတယ်။ ဒါနဲ့ပဲ ကျွန်မစုံစမ်းကြည့်မိတော့ ပွဲတော်ဈေးတန်းတွေမှာ မွတ်စလင်မ်တွေကို ဈေးရောင်းချခွင့် မပေးဘူးလို့ သိလာရတယ်။ ကျွန်မတော်တော်အံ့သြသွားတယ်။
    တစ်နေ့ကတော့ ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ စကားစပ်မိရင်း သူတို့မြို့က နာမည်ကြီး ဘုရားပွဲတစ်ခုကျင်းပမယ့်ရက် ရောက်တော့မယ့်အကြောင်းပြောဖြစ်ကြရင်း သူက ပြောပြလာတယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် ရမည်းသင်းမြို့ ရန်အောင်မြင်ဘုရားပွဲ (ကထိန်ပွဲ)မှာ နှစ်စဉ်နှစ်တိုင်း မွတ်စလင်မ်တွေလည်း ဆိုင်ခန်းငှားပြီး ဈေးဆိုင်တွေဖွင့်ကြတယ်။ ဒီနှစ်တော့ မွတ်စလင်မ်တွေကို ဆိုင်ခန်းငှားရမ်းခွင့်ရော ဈေးရောင်းချခွင့်ပါ မပေးဘူးလို့ ဘုန်းကြီးတွေနဲ့ ဂေါပကအဖွဲ့က ပြောတယ်။ ရှေ့နေဦးအောင်စိုးဆိုတဲ့
    ဂေါပကအဖွဲ့ဝင်က ဒါမျိုးမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို ပြောကြရင်း ဂေါပက အဖွဲ့ကနေ သူနှုတ်ထွက်သွားတယ်။ အခုမှ သိလာရတာက ပွဲဈေးတန်းမှာ ရဲက လုံခြုံရေးတာဝန်မယူလို့ ဂေါပက မွတ်စလင်မ် ဈေးရောင်းသူတွေကို ခွင့်မပြုဘူးလို့ပြောတယ်တဲ့။ ကျွန်မ အဲဒါကို ကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မငယ်ငယ်ကတည်းက ဒီလို ပွဲဈေးတွေမှာ ဘာသာပေါင်းစုံ ပါဝင်နေကြတာ။ အခုမှ ဒီလို ခွဲခြားမှုတွေလုပ်လာတာ စိတ်မကောင်းဖြစ်မိတယ်။
    ဒီလိုလုပ်ခြင်းအားဖြင့် အခု လတ်တလောမှာ ဘယ်သူတွေ အခက်အခဲသွားဖြစ်ပြီး နောင်ရေရှည်မှာ ဘယ်သူတွေမှာ ပိုမိုထိခိုက်နစ်သွားမလဲဆိုတာလည်း မြင်ယောင်မိလာတယ်။
    ပွဲဈေးတွေမှာ မွတ်စလင်မ်ဈေးသည်များ ဈေးရောင်းခွင့် ပိတ်ပင်ခံရတာဟာ ဘာသာရေးဖိနှိပ်ခွဲခြားမှု မဟုတ်ဘူးလား။
    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်။
  • အမုန်းတရားတွေနဲ့  ဝေးချင်ပါပြီ
    အမုန်းတရားတွေနဲ့  ဝေးချင်ပါပြီ
    နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
    M-Media
    ရေးသူ -တင်မင်းထွဋ်
    ၁၀တန်းဖြေပြီး ခါစလောက်က ရန်ကုန်ဘူတာကြီးရဲ့ စာအုပ်အရောင်းဆိုင်မှာ အရောင်ဝန်ထမ်းလုပ်တုန်းက အကြောင်းလေးတစ်ခုပေါ့။ သာမန်ရိုးကျလေးပါပဲ။ ဘူတာကြီးဆိုတော့ အနယ်အရပ်ရပ်ကို သွားမယ့် ခရီးသည်တွေ အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မြို့ တော်ကြီး ကို လာတဲ့ခရီးသည်တွေနဲ့  ၂၄နာရီ နီးပါး စည်းကားခဲ့တယ်။ အခုလို ခြောက်ကပ်ကပ်ကြီးနဲ့  အချိန်ပိုင်းလာက်သာ စည်ကားတဲ့နေရာ မဟုတ်ခဲ့ပါဘူး။
    ကျွန်တော်တို့ က စာအုပ်ဆိုင်ဆိုတော့ မုန့် ဆိုင်တွေ – စားသောက်ဆိုင်တွေလို့ တော့ ခရီးသည် အစုံမလာကြပါဘူး။ နောက်ပြီး လွန်ခဲ့သော ၁၅နှစ်လောက်ကလည်း အခုလို ဂျာနယ်တွေ များစားစား မထွက်သေးသလို ဂျာနယ်ခေတ်လည်း မဟုတ်သေးဘူး။ ဂျာနယ်တွေက တစ်ရက်ကို တစ်စောင်နီးပါးတောင် အသစ်မရှိသေးပါဘူး။  နှစ်ရက်ခြား သုံးရက်ခြားလောက်တောင် လက်ချိုးရေလို့ ရတဲ့ ဂျာနယ်တွေပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက စာအုပ်ဖတ်တဲ့သူ တော်တော်ကို များသေးတယ်။ စာအုပ်ဆိုင် အများစု ရပ်တည်နိုင်ကြသေးတယ်။ အထွေထွေ စရိတ်တွေကလည်း သိပ်မကြီးသေးတဲ့ အတွက် လူအများစု စာအုပ်ဘက်ကို ခြေဦးလှည့်နိုင်ခဲ့ကြတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်စတစ်စ ရုန်းကန်လာခဲ့ရတာ အများစုက စာအုပ်တွေနဲ့  အလှမ်းဝေးခဲ့ကြတယ်။ အခုချိန်မှာ စာအုပ်တစ်အုပ်ရဲ့  ဈေးနှုန်းက အနည်းဆုံး ဒံပေါက်တစ်ပွဲစာ ဖြစ်သွားခဲ့ပြီ။
    ဆက်ပြောရရင်ဗျာ အဲဒီတုန်းက ကျွန်တော်တို့ ကို အများဆုံးဝယ်ယူအားပေးတာက သံဃတော်တွေရယ် မွတ်စ်လင်မ်မဟုတ်တဲ့ အခြားအလွှာစုံက ပုဂ္ဂိုလ်တွေရယ်ပေါ့။ ကျွန်တော်တို့  မွတ်စ်လင်မ်အများစုကတော့ စာအုပ်တောင် ၀င်မမြည်းကြပါဘူး။ မတတ်နိုင်တာမဟုတ်ဘူးနော်။ နားမလည်ကြတာ။ ၁၀ယောက်မှာ တစ်ယောက်လောက်ပဲ ၀င်ကြတာများတယ်။
    နောက်ပိုင်း ဂျာနယ်ခေတ်ရောက်တော့လည်း အားကစားဂျာနယ်ကို တစ်ပြိုင်ထဲ ၃-၄စောင် ၀ယ်ကြပင်မဲ့ ပညာရပ်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာတို့ ကြတော့ ၀ယ်ဖို့ တွန့် ကြပါတယ်။ အခုနောက်ပိုင်း ၅နှစ်၆နှစ်မှာတော့ ဘယ်လို့  လည်း မသိတော့ပါဘူး။ ကျွန်တော် တွေ့ ခဲ့တဲ့ အပိုင်းလောက်အထိကတော့ အများအားဖြင့် အဲဒီလိုပါပဲ။ စာအုပ်ကတော့ ကိုယ့်ဘသာသာရေးက လွဲပြီး တခြားစာအုပ်ကတော့ မ၀ယ်တာများတယ်။  မ၀ယ်တာများတော့ မဖတ်ဖြစ်တော့ဘူးပေါ့။
    အရောင်းရဆုံးက ဗုဒ္ဓဘာသာတရား စာအုပ်တွေပေါ့။ အဲဒီတုန်းက ရသပိုင်းတွေကလည်း နံပါတ်(၂)မှာ ရှိသေးတယ် ၊ အခုလို ဟာသနဲ့ အချစ်စာအုပ်တွေက နံပါတ် ၂ မဟုတ်သေးဘူး။ တက်ကျမ်းလို့ ပဲခေါ်ခေါ် စိတ်ဓါတ်မြင့်တင်ရေးဘဲ ခေါ်ခေါ် စာအုပ်တွေလည်း ရောင်းကောင်းပါတယ်။ ဒီတော့ဗျာ အများဆုံးဆက်ဆံရတာက အနယ်နယ် အရပ်ရပ်က ဘုန်းတော်ကြီးတွေ၊ တိုက်အုပ် ဆရာတော်တွေရယ် ၊ စာသင်သားတွေ များပါတယ်။ ၀န်ထမ်း ၄ယောက်မှာ ကျွန်တော်က လွဲပြီး ကျန်တာက ဗုဒ္ဓဘာသာဝင်တွေပါပဲ ။ အခုလိုခွဲခြားဆက်ဆံတာတွေ မရှိခဲ့ပါဘူး။ ဘုန်းတော်ကြီးတွေ နဲ့ လည်း  အဆင်ပြေပါတယ်။ ပုံမှန် တစ်လတစ်ခါ နှစ်လ တစ်ခါလောက်ခရီး သွားလိုက် လာလိုက် လုပ်တဲ့ ဆရာတော်ကြီးတွေ ၊ စာသင်သားဘုန်းဘုန်းတွေ နဲ့ လည်း တွေ့ ပါများတော့ မျက်မှန်း တန်းမိလာတယ်။
    ပြောကြဆိုကြရင်းနဲ့  တစ်စတစ် ရင်းနှီးလာခဲ့တယ်။ တစ်ချို့ စာအုပ်တွေ ကျွန်တော်တို့ ဆိုင်မှာ မရှိသေးတာတွေ ရောင်းသင့်တဲ့ စာအုပ်တွေကို ဆရာတော်တွေက အကြံပေးခဲ့ကြပါတယ်။ ပြောရရင် နယ်ကရထားစီး ခရီးသည်လာရင် ကအစ ဘယ်ဆရာတော်က လွှတ်လိုက်တာပါ၊ ဒီစာအုပ်ရှာပေးပါ ။ စသဖြင့်ပေါ့ ဆိုင်မှာ မရှိတဲ့စာအုပ်တွေ ကြတော့ အပြင်ကရှာပေးလိုက်တာတွေ ရှိပါတယ်။ ဒီလိုကူညီမှုတွေ ကြောင့် နယ်က ဆရာတော်တွေတော်တော်များနဲ့  ရင်းနှီးမှုတွေများလာတယ်။ အရေးကြီးရင် ဆိုင်ကို ဖုန်းဆက်မှာတဲ့အခါ ကျွန်တော်တို့  တွေ ချောနဲ့  ပိုခဲ့ရတာတွေလည်းများပါတယ်။
    ဒီလိုတွေလုပ်တာ ကျွန်တော့်တို့ ဆိုင်ပိုင်ရှင်က ဗုဒ္ဓဘာသာလို့ ထင်ကြမယ်။ မဟုတ်ဘူးဗျ အစ္စလာမ်ဘာသာဝင်။ ကျွန်တော်ဟိုးငယ်စဉ် ကာလကတည်းက အစွဲကင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရတယ်။ ကုလားဆိုတဲ့ စကားလုံးက ကျွန်တော်နဲ့ တော်တော်စိမ်းခဲ့တယ်။ သူတို့ စိတ်ထဲမှာတော့ ရှိရင်လည်း ရှိမှာပေါ့ ။ ဒါပင်မဲ့ ကျွန်တော်တို့ ကို ခေါ်ဖို့  အားနာလောက်အောင် ကျွန်တော် ပတ်ဝန်းကျင်က လူတွေက စိတ်ဓါတ်မြင့်ခဲ့တယ်လို့ ပြောလို့ မယ် ထင်တယ်။ နောက်ပြီး ကျွန်တော့် ပတ်ဝန်းကျင်က တွေ့ သလောက် မွတ်စ်လင်မ်တွေက အနေအထိုင် အပြောအဆို ပြုမှု ပုံတွေက လေးစားစရာ ကောင်းလောက်အောင် နေထိုင်ခဲ့တာတွေ့ ခဲ့တယ်။ ကြာခဲ့ပါပြီ။ နောက်ပြီး အလုပ်လုပ်စဉ်ကာလ တစ်လျှောက်မှာလည်း အထက်လူကြီး တော်တော်များများက ခွဲခြားမှုနည်းခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်နဲ့ မတူတဲ့ ဘာသာခြားကို ပိုတောင် ဦးစားပေးမှုတွေ တွေ့ ခဲ့ရပါတယ်။
    ဆရာတော်ကြီး နှစ်ပါး သုံးပါး ပြောခဲ့တာလည်း မှတ်မိပါသေးတယ်။
    ဘုန်းကြီးတို့  နယ်က ဖုန်းဆက်မှာတိုင်း အချိန်မြန်မြန်နဲ့ ရောက်တယ် စာအုပ်တန်ဖိုးတွေ ချောခတွေ အမြဲတမ်းအမှန်ပဲ တစ်ခါမှ များခဲ့တာမရှိဘူး ။ အရင်ဘုန်ကြီးတို့  လူမျိုးတူ ဆိုင်၃-၄ ဆိုင်ကြုံဖူးပါတယ်။ အစပိုင်းတွေကတော့ ဟုတ်တုတ်တုတ် နောက်ပိုင်းတွေကျတော့ ဘုန်ကြီးတွေနဲ့  ကိုယ့်သာသနာကိုတောင် အမြတ်ကြီး စားချင်ကြတယ်။
    တစ်ချို့ ဒကာတွေက ပြောတယ်။ ဒီကုလားဆိုင်မှာ အားမပေးနဲ့ လို့ ပြောကြတယ်။ ဒါပင်မဲ့ ဒကာလေးတို့ ဆိုင်က ဈေးမှန်တယ် စေတနာကောင်းတယ်။ အကုန်လုံးက စီးပွားရှာကြတာပဲ။ ဒါပင်မဲ့ စိတ်ဓါတ်နဲ့ စေတနာ ကောင်းဖို့ ကလည်း အရေးကြီးတယ်။  ဘုန်းကြီးတို့ မှာ အဲဒီလို အစွဲတွေ မရှိပါဘူး။ လူတစ်ယောက်ဖြစ်လာဖို့ က ထင်သလောက် မလွယ်ပါဘူး။ ဖြစ်လာတဲ့ လူ ချင်းအတူ  ခွဲခြားတာတွေကို ဘုန်းကြီးတို့  လုံးဝမကြိုက်ပါဘူး။”
    ဒီဆရာတော်ကြီးနဲ့  ကျွန်တော်အခုအချိန်ထိ ဆက်သွယ်ရှိနေပါသေးတယ်။ တရားစာအုပ်လောကမှာ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတောင် ဆရာတော်ကြီးနဲ့ ဖုန်းအဆက်အသွယ်ရတော့
    “အခုအဖြစ်အပျက်တွေမှာ ပါတဲ့သံဃာတွေဟာ ရဟန်းတု ရဟန်းယောင်တွေပဲ သာသနာ့ရဲ့ အဆုံးအမကို မသိ၍သော်လည်ကောင်း သိသော်လည်း ငါ စွဲဆိုတဲ့ မထားသင့်တဲ့ စိတ်ဓါတ်တွေနဲ့  လုပ်နေကြတာ။ သံဃာအစစ်မှန်တွေက ဘယ်တော့မှ ဒီလိုလုပ်ရက်တွေကို မလုပ်ဘူး၊သူတို့ လုပ်ရပ်တွေကြောင့် ဘုန်းကြီးတို့  သာသနာဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာပျက်ရပြီ ဒကာလေး” တဲ့ ဆရာတော်ကြီးက စိတ်မကောင်းစွာနဲ့ ပြောတာပါ။
    ကျွန်တော် ဒီလိုနဲ့ စာအုပ်ဆိုင်နဲ့  စာအုပ်လောကမှာ ၅နှစ်ကျော် ကျင်လည်ခဲ့ပါတယ်။ ဆရာတော်ကြီးတွေ၊ တိုက်အုပ်ဆရာကြီးတွေက သူတို့ ရဲ့ နယ်က ကျောင်းတိုက် လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေ ပေးကြတယ်။ ကျွန်တော့်ကို တော်တော် ရင်းနှီးခဲ့ကြပါတယ်။ အဲဒီအကျိုးတရားတွေက ကျွန်တော် စာအုပ်လောကကနေ Company လုပ်ငန်းစုတွေဘက် ရောက်တဲ့အခါမှာ တော်တော်ကို အကျိုးရှိခဲ့ပါတယ်။ အကျိုးလို့ လို ညောင်ရေလောင်းတဲ့ စိတ်ဓါတ်နဲ့  ကူညီခဲ့တာ မဟုတ်တဲ့ အတွက်ထင်ပါတယ်။
    အရောင်းသမားဘ၀မှာ နယ်တကာကို marketing ဆင်းရပါတယ်။ အဲဒီအချိန်တွေတုန်းကလည်း နယ်တွေမှာ မွတ်စ်လင်မ်တွေဟာ ကျီလန့် စားစား နဲ့ နေရတာပါပဲ။ ဦးခင်ညွန့် ရဲ့ ခဏခဏ လူမျိုးရေးအဓိကရုန်းတွေကြားမှာ ရှင်သန်နေခဲ့ရတာ။ ကျွန်တော်တို့ ကလည်း marketing ဆင်းတော့ ကားဒရိုင်ဘာကလွဲပြီး ကျန်တဲ့သူက မွတ်စ်လင်မ်။ ဒီတော့ လုံခြုံစိတ်ချရအောင် ကျွန်တော် ဆရာတော်ကြီးတွေရဲ့  ကျောင်းတွေမှာပဲ တည်းခိုနေထိုင်ခဲ့တာပါ။ ခဏ ခဏ ကြုံခဲ့တာပါ။ တစ်ခုမှ အပြုံးမပျက်ခဲ့သလို့  ကာကွယ်မှုအပြည့်ပေးခဲ့တာပါ။ marketing သမား ၇နှစ်ကျော် အတွင်းမှာ တောင်ငူ မြစ်သား ပဲခူး မှာဖြစ်တုန်းကလည်း ကျွန်တော်တို့  နယ်တွေမှာပါပဲ။ နောက် ဟိုးဘက် ရေနံချောင်း ချောက်ဘက်သွားတဲ့ အခါမှာလည်း (ပုံမှန် အချိန်တွေမှာလဲ စိတ်ချရအောင်)  ဘုန်းတော်ကြီးကျောင်းတွေမှာ ကျွန်တော်တို့  စိတ်အေးလက်အေး အိပ်ခဲ့ရပါတယ်။
    ကျွန်တော်တို့  သွားခဲ့တဲ့ကာလတစ်လျှောက်မှာ တည်းခိုနေထိုင်ခဲ့တဲ့ ဘယ်ကျောင်းတိုက်ကိုမှ ၀တ္ထူငွေလှူဒါန်းလို့  မရခဲ့ပါဘူး။ စေတနာသန့် သန့် အစွဲကင်းကင်းတွေနဲ့  ကူညီခဲ့တယ်။ အခုအချိန်ထိလည်း နယ်ကဆရာတော် များများနဲ့  ရင်းနှီးနေဆဲပါ။ ဒါကျွန်တော့် ဘ၀ရဲ့ တွေ့ ခဲ့ရတဲ့ အစိတ်အပိုင်းတွေပါ။ အခုအချိန်မှာတော့ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ခံနေရတယ်။
    တစ်ဘက်နဲ့ တစ်ဘက်လည်း အမုန်းတရားတွေပွားများလာတယ်။ နောက်ပြီး အာဏာရှင်အစိုးရအဆက်ဆက်ရဲ့  ဆိုးမွေတွေထဲက အဆိုးဆုံးတစ်ခုဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ဆယ်စုနှစ်တွေနဲ့ ချီပြီး အရိုးစွဲခဲ့တာ ရာစုနှစ်ထိတော့  မကူးသင့်တော့ဘူး ထင်ပါတယ်။ ခံရတာ ကျွန်တော်တို့  တိုင်းရင်းသားလူမျိုးစု အားလုံးပါ။
    ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံ အတွင်းမှာ ရှေးရိုးစဉ်ဆက် နေထိုင်လာခဲ့တဲ့ နိုင်ငံသားတွေပါ။ ခေတ်အဆက်ဆက် သမိုင်းတွေကိုလည်း အားလုံး အတူတူ ဒုက္ခခံပြီး ရေးခဲ့တာပါ။  ပေးဆပ်ခဲ့တာပါ။ သူသာတယ် ငါသာတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့  ရှေးလူကြီးတွေ လုပ်ခဲ့မယ်ဆိုရင် ကျွန်တော့်တို့ တွေ အာဖရိက နိုင်ငံအချို့ လို့ ပဲ သံသရာကနေ လွတ်နိုင်မှာ မဟုတ်ပါဘူး။
    မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကလည်း ကျွန်တော်တို့ နဲ့  ဆိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ဘိုးဘွားတွေလည်း မြန်မာပြည်မှာ မွေးခဲ့သလို ဒီမှာပဲ ခေါင်းချသွားပါတယ်။ ကျွန်တော်တို့ လည်း ဒီမှာပဲ အရိုးဆွေးတဲ့အထိ နေမှာပါ။ ဘယ်လိုဒုက္ခရောက်ရောက် ဘာပဲကြုံကြုံ နားကျည်းချက်တွေပဲရှိရှိ၊  ကိုယ်နိုင်ငံမှာပဲ အချိန်တန်ရင် ခေါင်းချချင်တာပါပဲ။  မြန်မာစကား အလွန် အဓိပ္ပါယ်ရှိပါတယ်။ အမိမြန်မာနိုင်ငံ ။  အလွန်အဓိပ္ပါယ်ပြည့်စုံလေးနက်တဲ့ အမိနဲ့  တင်စားထားတာပါ။ ဆိုးဆိုး မိုက်မိုက်ဘယ် သားသမီးကို မဆို မိခင်က ပစ်ရိုးထုံးစံမရှိပါဘူး။  ကျွန်တော်တို့ ကို ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် အမိမြန်မာနိုင်ငံတော်ကြီး ကတော့ သမိုင်းကြောင်းများစွာနဲ့  ရင်ဝယ်ပိုက်ထားမှာပါ။ မိခင်ရှိသေးသရွေ့ တော့ အမွေလိုချင်တဲ့ သားသမီး ရှေ့  မတိုးသင့်ပါဘူး။ မတော် လောဘနဲ့  မိခင်ကိုပါ သတ်ဖို့ ကြံစည်ရင်တော့ ကျန်တဲ့ သားသမီးတွေရဲ့ သွေးနီးလာလိမ့်မယ်နော်။ သွေးဆိုတာ အချိန်တန်ရင်တော့ နီးစမြဲပါ။
    အားလုံး၏ အငြိုအတေးများ တတ်နိုင်သလောက် လျော့နည်းနိုင်ပါစေလို့ 
    ဆုတောင်းလျက်
    တင်မင်းထွဋ်
    ၂ရက် – နိုဝင်ဘာ -၂၀၁၂
  • ဘာအိမ်ရှင်လက်ကိုက်တဲ့ ဧည့်သည်လဲ?
    အောက်တိုဘာ ၂၉၊ ၂၀၁၂
    သုခ
    ကျနော်မရိုင်းပါ။ မွေးကတည်းက လူလိုသူလို ယဉ်ယဉ်ကျေးကျေးသင်ထားပေးတဲ့ မိဘကျေးဇူးနဲ့ အစ္စလာမ်ဘာသာရဲ့ အဆုံးအမကြောင့် မကောင်းတာမပြော၊ မဟုတ်တာမလုပ်ပါ။ ဒါပေမဲ့ ခုတော့ လခွီးလို့ တစ်ခါလောက် ဆဲမယ်။ ရီးရားလို့ တော့ မဆဲသေးဘူး။ ကုလားကုလားဆိုပြီး နေ့ မအား ညမအား ပိုးဆိုးပက်စက် ထိုင်ဆဲနေတဲ့ အသံတွေကို ကြားနေရတာကြာပြီ။ ယဉ်ယဉ်ကျေးကျေးရှင်းပြနေတာများပြီ။ ကောင်းကောင်းပြောတာ နားမထောင်တဲ့ နားမလည်တဲ့ မျက်ကန်းမျိုးချစ်တွေ၊ ဘာသာရေး အမျိုးသားရေးဆိုတဲ့ အရေခြုံထားပြီး မိုက်ရိုင်းချင်တဲ့ မိုက်ရိုင်းနေတဲ့ ၁၀၉ – ၁၁၀ မျိုးချစ်တွေ အရိုင်းအစိုင်းတွေက အဆဲတွေပါမှ နားထောင်တတ်တယ်ထင်လို့  လခွီးအစချီပြီးပြောတော့မယ်။ တန်ရာတန်ရာပေါ့။
    ဒါနဲ့  – ဘာလဲဟ ကုလားတွေ ဧည့်သည် ဧည့်သည်လိုနေဆိုတာ။
    ဘာလဲဟ ကုလားတွေ ထမင်းကျွေးတဲ့လက်ပြန်ကိုက်တယ်ဆိုတာ။
    ဘာလဲဟ အိမ်ရှင်ကို မစော်ကားနဲ့ ဆိုတာ။
    ဘာလဲဟ ကိုယ့်ပြည်ကိုယ်ပြန်ဆိုတာ။
    အိမ်ရှင်လို့ ပြောရအောင် မြန်မာပြည်ကို ဘယ်သူပိုင်တာလဲ။ ဗုဒ္ဓဘာသာဆိုတာနဲ့ ကိုယ့်ကိုကိုယ် အိမ်ရှင်လို့ သတ်မှတ်ပြီး မွတ်စလင်မ်တွေကို ဧည့်သည်လို့  အော်တိုမစ်တစ် သတ်မှတ်လိုက်တာလား။
    မြန်မာပြည်က မျက်ကန်းမျိုးချစ်တွေက အသုံးမကျတဲ့ အတန်းကျောင်းဖတ်စာအုပ်ကို စာမေးပွဲနီးမှ ကြက်တူးရွေးစာရွတ်သလို အလွတ်ကျက်ပြီး ဗုဒ္ဓဘာသာကိုမှ မြန်မာလို့ ထင်နေတဲ့လူတွ။ မြန်မာနဲ့ ဗမာ၊ လူမျိုးနဲ့ ဘာသာ လေနဲ့ဝမ်းမကွဲတဲ့လူတွေ။ အလုပ်မရှိ ဘာလုပ်ရမှန်းမသိလို့ ချက်တင်ထိုင်ရင်းကနေ ပေါက်တတ်ကရ စာတိုတာတောင်းလိုက်ဖတ်ရင်းက မျိုးချစ်စိတ်ဆိုပြီး စိတ်ကြီးဝင်လာတဲ့လူတွေ။ သမိုင်းကို သီဟတင်စိုးရုပ်ရှင်တွေကလွဲပြီး မသိတဲ့လူတွေ။ ဂေါတမကို ဗမာလို့  ထင်ပြီး ဗမာကို သာကီနွယ်လုပ်ချင်တဲ့လူတွေ။ ဗမာစာ ၂ ကြောင်း သဒ္ဒါမှန်အောင်မရေးတတ်တဲ့လူတွေ။ ဗမာတွေ ဘုရားမျိုး၊ သာကီမျိုးလားတော့မသိ၊ မျိုးချစ်တွေ ဆဲနေသတ်နေတာတော့ ဗုဒ္ဓတရားမဟုတ်တာသေချာတယ်။ ရက်စက်တဲ့သာကီမျိုး၊ ရိုင်းစိုင်းတဲ့သာကီမျိုး၊ လူလူချင်းမစာနာတဲ့ သာကီမျိုးရယ်လို့  မရှိဘူး။ ဘုရား လောင်းက သားနဲ့ သမီးကိုတောင် ရက်စက်မယ်မှန်းသိတဲ့လူဆီ စွန့် လွတ်အလှူပေးခဲ့တယ်။ သာကီနွယ်ဆိုသူတွေကတော့ သူများသားသမီးကို မစာမနာ သတ်သူ သတ် လက်ခုပ်တီးလိုတီး။
    သတိတော့ပေးချင်တယ်။ စာမျက်နှာ ၁၀၀ မပြည့်တဲ့၊ နေ၀င်းစိတ်ကြိုက်ရေးထားတဲ့၊ ခပ်ညံ့ညံ့စာရွက်ပေါ်မှာပုံနှိပ်ထားတဲ့ အတန်းကျောင်းဖတ်စာရယ်၊ သီဟတင်စိုး ဇာတ်ကားထဲက သမိုင်းလောက်ရယ်နဲ့ တော့ နိုင်ငံရေးပြောဖို့  စိတ်မကူးနဲ့ ။ အမျိုးချစ်ပြဖို့  စိတ်မကူးနဲ့ ။ တိုင်းပြည်နာတယ်။ ခုတောင် သွေးချောင်းစီးနေပြီ။
    မွတ်စလင်မ်တွေကို ကုလားတွေ၊ ဧည့်သည်ဆိုပြီးထင်နေတဲ့လူတွေ၊ မြန်မာပြည်အ၀ှမ်းမှာ လိုက်လေ့လာလိုက်။ နှစ်ပေါင်း ၅၀၀၊ ၆၀၀ လောက်က ဗလီတွေ တန်းစီနေမယ်။ မြန်မာပြည် နေရာအတော်များများမှာ ဘုန်းကြီးကျောင်းတွေ စေတီတွေဆိုတာ ၈၈ အပြီးမှပေါ်လာတာ ဟိုနားတခု ဒီနားတခု။ နှစ်ရာနဲ့ ချီတဲ့ စေတီပုထိုးဆိုတာ နေရာတိုင်းရှိတာမဟုတ်ဘူး။
    ဒါနဲ့နေပါအုံး၊ မျိုးချစ်တွေပြောပြောနေတဲ့ ကျေးဇူးရှင်ကို ကျေးဇူးမကန်းနဲ့ ဆိုတာဘာလဲ။ ခင်ဗျားတို့ ကိုယ် ခင်ဗျားတို့  ကျေးဇူးရှင်လို့ ထင်နေတာလား။ ကျေးဇူး ရှင်လို့  ထင်နေရအောင် ခင်ဗျားတို့ က ဘယ်သူ့ ကို ဘာတွေ လုပ်ထားပေး ကူထားပေးလို့ လဲ။ ဘာအပေးမယူမှမရှိပဲနဲ့  ခင်ဗျားတို့ က ဗုဒ္ဖဘာသာ၊ ကျုပ်တို့ က မွတ်စလင်မ်ဆိုတာနဲ့  ခင်ဗျားတို့ နဲ့  ကျုပ်တို့ က အလိုအလျောက် ကျေးဇူးရှင် ကျေးဇူးခံတွေဖြစ်သွားတာလား။ အလကားအခြောက်တိုက် ကျေးဇူးရှင်ဖြစ်ချင်တဲ့ အချောင်သမားတွေဖြစ်ရာမကျနေဘူးလား။
    အိမ်ရှင်လက်ပြန်မကိုက်နဲ့ ဆိုပြီးပြောပြောနေကြတယ်။ ဒါဆိုရင် မေးမယ်၊ ခင်ဗျားတို့ လုပ်နေတဲ့ မျိုးချစ်ဆိုတာ ဘယ်ကပေါ်လာတာလဲ။
    အင်္ဂလိပ်ကိုတော်လှန်ဖို့ ဆိုပြီး ကုလားရာဇတ်က ကျောင်းပါတည်ပြီး အဲ့ဒီ မျိုးချစ်စိတ်ဆိုတာကို သင်ပေးခဲ့တာမဟုတ်ဘူးလား။ ကုလားသင်ပေးတဲ့ မျိုးချစ်စိတ်နဲ့  ကုလားကိုပြန်စော်ကားနေကြတယ်။ ငါမွေးတဲ့မြောက် ငါ့ပြန်ခြောက်ဆိုသလို။
    နောက်တခုရှိသေးတယ်။ တိုင်းရင်းသားရေးတို့ ၊ ပြည်ထောင်စုမပြိုကွဲရေးတို့ ၊ တိုင်းရင်းသားစည်းလုံးရေးတို့ မှာ ပင်လုံမပါရင်မပြီးဘူး။ အဲ့ဒီ ပင်လုံဘယ်ကပေါ်လာ တာလဲ။ ဗမက (ဗမာမွတ်စလင်မ်ကွန်ကရက်) ဆိုတဲ့ ကုလားရာဇတ်တို့ ၊ ကုလားရာရှစ်တို့ ၊ ကုလားဖေခင်တို့ ၊ ကုလားထွန်းစိန်တို့  ဦးဆောင်တဲ့ ကုလားအဖွဲ့ က ပြည်ထောင်စုဆိုတဲ့အဆို၊ တောင်တန်းပြည်မပူးပေါင်းရေးဆိုတဲ့အဆိုကို စတင်ခဲ့လို့    ပြည်ထောင်စုဆိုတာ ဖြစ်လာတာမဟုတ်ဘူးလား။ ဒီကုလား လာလိမ်နေ တယ်မပြောနဲ့ ။ မသိရင် သမိုင်းစာစစ်စစ်တွေရှာဖတ်။
    မျိုးချစ်တွေ ပြောကြသေးတယ်။ ပင်လုံစာချုပ်ကို အောင်ဆန်းဖြစ်အောင်လုပ်ခဲ့တယ်တဲ့။  အောင်ဆန်းကို တိုင်းရင်းသားခေါင်းဆောင်တွေ မယုံဘူး။ ဒါကြောင့်လဲ ပင်လုံညီလာခံပျက်တော့မလို့ ဖြစ်သေးတယ်။ အောင်ဆန်းတောင် စိတ်ဓာတ်ကျပြီး ပြည်မကို ပြန်မယ်လုပ်တာ တောင်ကြီးသား ကုလားဖေခင်က ကိုအောင်ဆန်း နေပါအုံး၊ စော်ဘွားတွေ ခေါင်းဆောင်တွေနဲ့  ညှိပေးပါရစေဆိုပြီး ၀င်ညှိပေးခဲ့လို့  ပင်လုံဖြစ်ခဲ့တယ်။ ခုမှလာပြီး ဒီပြည်ထောင်စု ဒီတိုင်းရင်းသားအရေး ကုလား ဖျက်လို့  ပျက်တော့မလိုလိုပြောနေကြတယ်။ ဒီပြည်ထောင်စုဆိုတာက ကုလားခေါင်းက ထွက်လာတဲ့ အဆို၊ ကုလားဝင်ကူလို့ ဖြစ်မြောက်သွားတဲ့ ပင်လုံ။ အချောင်သမားတွေက ကုလားကို ကျေးဇူးတင်ရမှာစိုးလို့  သမိုင်းကိုဖျောက်ထားတယ်။  ကျေးဇူးတင်ဖို့ နေနေသာသာ ခုများတော့ ကြည့်လေ၊ ဗမာနဲ့  မွတ်စလင်မ် တွဲသုံးရမလားဆိုပြီး ဆဲနေလိုက်ကြတာ။  ဒီကုလားလိမ်ပြန်ပြီမပြောနဲ့ ။ သိချင်ရင်ရှာဖတ်။ ကုလားဖေခင်အမျိုးတွေ အသက်ရှင်လျက်ရှိသေးတယ်။ သွားမေးကြည့် ချေ။
    ရှိသေးတယ် ကျောင်းသားသပိတ်ကိစ္စ။ ကျောင်းသားသပိတ်ကြောင့် အင်္ဂလိပ်ဆန့် ကျင်လှုပ် ရှားမှု တွေ၊ အထွေထွေသပိတ်တွေပေါ်လာတယ်ဆိုပြီး ဂုဏ်ယူပြီးပြောကြတယ်။ အင်္ဂလိပ်ကို အံတုပြီး အင်္ဂလန်ဘုရင်/မရည်စူးပြီး ဆိုရတဲ့ God Saves The King ကိုမဆိုဖို့  စလုပ်တာခဲ့တဲ့ တက္ကသိုလ်ကျောင်း သားသမဂ္ဂရဲ့ ပထမဆုံးဥက္ကဌ ကုလား ထွန်းစိန်။
    အောင်ဆန်းရဲ့ ညာလက်ရုံးဆိုတာလည်း MA ရာရှစ်ဆိုတဲ့ကုလားပဲ။ စိတ်ဓာတ်ကျလို့  ပါကစ္စတန်သွားလိုက်တာကို အောင်ဆန်းက ခင်ဗျားမရှိလို့  မဖြစ်ဘူးဆိုပြီး ပြန်လိုက်ခေါ်တယ်။ လွတ်လပ်ရေးတိုက်ပွဲမှာ အနီးကပ်ကူဖို့ ။ ကုလားရာရှစ်က ကျောင်းသားသမဂ္ဂ ပေါ်လာအောင်တိုက်ခဲ့တယ်။ ဥက္ကဌလည်းလုပ်ခဲ့တယ်။ အင်္ဂလိပ် ကိုလည်းတိုက်ခဲ့တယ်။  မြန်မာပြည်မှာ အလုပ်သမားသမဂ္ဂပေါ်လာအောင် စတိုက်ခဲ့တာလဲ အဲ့ဒီကုလားပဲ။ ခုတော့ ကျောင်းသားသမဂ္ဂမရှိရင် စာသင်မတတ် သလိုဖြစ်နေတဲ့ ကျောင်းသားခေါင်းဆောင်ဆိုသူတွေရယ်၊ အလုပ်သမားသမဂ္ဂဆိုပြီး တစီစီဖြစ်နေတဲ့လူတွေ ဒီသမဂ္ဂတွေရဲ့ ဖခင်က ကုလားဆိုတာကို ဘေးချပြီး ကုလားတွေကျေးဇူးကမ်းတယ် ပြောနေတယ်။ သူခိုးလူဟစ်တွေ။
    နိုင်ငံရေးမှာတင်မဟုတ်ဘူး။ ဗမာ့ယဉ်ကျေးမှုဆိုတဲ့ ဦးရွှေရိုးအကကို ဖန်တီးခဲ့တာ ပုသိမ်သား ဘကလေးဆိုတဲ့ မိုဟာမဒ် ဘရှီးရ်။ ကုလားလားမမေးနဲ့  နာမည်ကိုက မိုဟာမဒ်နဲ့ စတာ။ ဦးပိန်တံတားကိုလည်း အမရပူရက စာရေး ကုလား ဦးပိန်ဆောက်ခဲ့တာ။
    ပညာရေးဖက်မှာ၊ အားကစားဖက်မှာ၊ စာပေဖက်မှာ တိုင်းပြည်ဂုဏ်ဆောင်ခဲ့တဲ့ မွတ်စလင်မ်တွေ အများကြီးရှိသေးတယ်။ မြန်မာပြည်ကို ကမ္ဘာကသိအောင် လုပ် ခဲ့တဲ့ မွတ်စလင်မ် တွေရှိတယ်။ ဘုန်းကြီးတွေကိုတောင် ပါဠိပြန်သင်ပေးတဲ့ ဆရာတွေရှိခဲ့တယ် (ဦးမောင် မန်းလေးတက္ကသိုလ် ပါဠိဌာနမှူး)။ မသိရင်ရှာဖတ်။ မသိတာကို မရှိထင်ပြီး သမိုင်းလိမ်တယ်မပြောနဲ့ ။ ကျေးဇူးရှင်လက်ကို ပြန်ကိုက်သလိုဖြစ်နေတယ်။
    အဓိကပြောချင်တာက ငါတို့ ကို အိမ်ရှင်ပြန်စော်ကားတဲ့ ဧည့်သည်လို့ ထပ်မပြောနဲ့ ။ ငါတို့ မှာ အချောင်သမားကျေးဇူးရှင်မရှိဘူး။ အချောင်သမား အိမ်ရှင်လည်း မရှိဘူး။
    လခွီးဧည့်သည်လည်းမဟုတ်ဘူး။
    (မှတ်ချက် – ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်သည်)
  • ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    အောက်တိုဘာ ၂၇၊ ၂၀၁၂
    M-Media
    ညီညီလင်းဇော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ ကြီးက ဒီနှစ် အိဒ်ပွဲတော်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက် တယ်ဆိုတာ ကြားကြားချင်းမှာ အလေးသိပ်မထားဖြစ်ပါ။ မလုပ်နဲ့ ဆိုတော့ မလုပ်ဘူးပေါ့။ ခု အောက်တိုဘာ၂၆ ရက်နေ့  ကျော် ပြီး ၂၇ ထဲအ၀င်မှာတော့ ခံစားရတယ်။ ငါတို့ အ မြတ်တနိုးနှစ် စဉ်လုပ်လာခဲ့တဲ့ရိုးရာပွဲတော် ငါတို့ ဒီနှစ် မလုပ်ဖြစ်တော့ဘူးဆိုပြီးတော့။
    ဒီပွဲကို ဘာကြောင့်ငါတို့ မြတ်နိုးပြီး မလုပ်ရလို့  ဘာကြောင့်ဝမ်းနည်းရတာလဲ။ နားမလည်ပဲ ဘုထိုင်ပြောတဲ့လူတွေ၊ မသိကျိုးကျွံပြုတဲ့ လူပိန်းတွေ၊ ခေါင်းထဲမှာ စဉ်းစားဖို့ မပါတဲ့ နလပိန်းတုံးတွေ အတွက်ကတော့ နွားသတ်ပွဲပေါ့၊ ငါတို့ အတွက်ကတော့ အသားလှူကောင်းမှုပြုပွဲ။ ဒီထက်မကဆိုရင် တိရိစ္ထာန်တွေကို ရက်ရက်စက် စက်မပြုအောင် သင်ပေးတဲ့ပွဲ။ ဒီလိုရေးလို့  ၀ိုင်းဆဲကြပါအုံးမယ်။ အားရပါးရ ပက်ပက်စက်စက် လှောင်ပြောင်ကြပါအုံးမယ်။ နွားတော့သတ်ပြီး မရက်စက်အောင် သင်ပေးတယ်ဟုတ်လားဆိုပြီး။ ဟုတ်ပါတယ်၊ သေချာစဉ်းစားကြည့်ပါ။
    သတ်တယ်ဆိုတာ ရေဆူဆူထဲနှစ်သတ်တာမဟုတ်ပါဘူး။ အချွန်အစူးနဲ့ ထိုးသတ်တာမဟုတ်ပါဘူး။ ရိုက်သတ် ခုတ်သတ်တာမဟုတ်ပါဘူး။ ပြီးပြည့်စုံသော သိပ္ဗံ နည်းကျသော အစ္စလာမ်ဘာသာက လည်လှီးခိုင်းတယ်ဆိုတာ ပင်မအာရုံကြောတွေကို ၃ ချက်နဲ့ စက္ကန့် ပိုင်းအတွင်းဖြတ်ခိုင်းထားတဲ့အတွက် အာရုံကြောပြတ် သွားလို့  (ဦးနောက်နဲ့ ခန္ဒ္ဓာဆက်ထားတဲ့ အသိအာရုံကြောတွေပြတ်သွားလို့ ) သူတို့မှာ နာကြဉ်မှူကို မသိ (မရှိ) တော့ပါဘူး။ ဒီကိစ္စ ဆေးသိပ္ဗံပညာရှင်တွေရော အစ္စလာမ်ဘာသာရေးပညာရှင်တွေပါ ရှင်းပြပြီးသားပါ။ အမှန်တကယ် သဘောပေါက်ချင်တယ်ဆိုရင် ရှာဖတ်ကြည့်ပါ။ (စိတ်လည်းမ၀င်စား နားမလည်ချင်ပဲ ငါ့စကားနွားရ ထိုင်ဆဲမဲ့လူတွေအတွက်တော့ အချိန်ကုန်ခံပြီး မရေးတော့ပါ)။
    ခုချိန်ဆိုရင်အိဒ်ပေါ့ဗျာ။ နံနက်လင်းရင်တော့ အိဒ်မနက်ပေါ့။ ခါတိုင်းဆိုရင် အိဒ်နေ့  မနက်မိုးမလင်းခင်စောစောထတယ်၊ ရေချိုးတယ်၊ ဘုရားစာဖတ်တယ်၊ ဝေးဝေး တခါမှစားရတဲ့ အစားသောက်နဲ့  နံနက်စာစားကြတယ်။ ပြီးရင် အ၀တ်အသစ်ဝတ်ပြီးပလီသွားကြတယ်။ ဘုရားရှိခိုးပြီးရင် သူငယ်ချင်းတွေ အမျိုးတွေနဲ့  နှုတ်ဆက် ကြတယ်။ အမျိုးအိမ်တွေသွားတယ်။ အဝေးက အမျိုးတွေ မိတ်တွေတွေကို ဖုန်းခေါ်မယ်။ စုဆောင်းတာတွေထဲက လှူကြတယ်။ တနှစ်မှာ တခါရတဲ့ ဒီ အမှတ်တရပွဲ၊ ငါတို့ ဆုံးသွားပြီ။
    ငါတို့ တောင် ဒီလောက်ဝမ်းနည်းနေရင် နေစရာအိမ်ပျောက်သွားတဲ့ ရခိုင်ကမွတ်စလင်မ်တွေ၊ အမေသေ အဖေသေ သားသမီးသေ ကြုံလိုက်ရတဲ့ ရခိုင်ပြည်က ဒုက္ခသည်တွေ မနက်ဖြန် ဘယ်လိုအိဒ်လုပ်ကြမလဲ။
    ဒီနေ့  ရခိုင်အရေးအခင်းကဓာတ်ပုံတွေတွေ့ တယ်။ ကလေးလေးတွေငိုနေတယ်။ အစားတွေမစားရ ရေတွေမသောက်ရတော့ ဖျော့တော့နေကြတယ်။ အဖိုးကြီး အဖွားကြီးအိုတွေကို ပွေ့ ပြီးသယ်နေရကြရတယ်။ ကောင်မလေး ၂ ယောက် သွေးအိုင်ထဲမှာ လဲသေနေတယ်။ အနီးထုပ်နဲ့  ကလေးတယောက် ကျောက်ဖြူက ထွက်လာတာ စစ်တွေရောက်တော့ အသက်မရှိတော့ဘူး။
    စစ်တွေအရောက်ဆုံးသွားတဲ့ ကလေးလေး
    အပြုံးတွေနဲ့  ကျော်ဖြတ်ရမဲ့တနေ့ မျက်ရည်တွေ သွေးတွေနဲ့  လှူးနေရော့မယ်။ အလောင်းတွေနဲ့  ယင်ကောင်တွေ ၀ဲနေရော့မယ်။ ဆာလှောင်လို့  ကလေးတွေအော်နေကြမယ်။ ကျွေးစရာမရှိလို့  အမေတွေ ငေးနေကြမယ်။ အသက်မရှိတော့တဲ့ ရင်သွေးလေးတွေအတွက် ရင်ကွဲရော့မယ်။ ပြေးစရာမရှိလို့  ငိုနေတော့မယ်။
    သူတို့ ဒီလို လုပ်ရက်တယ်။ ငါတို့ ရဲ့  အမြတ်တနိုးနေ့ ကို ဒီလိုဖျက်ဆီးရက်တယ်။ ငါတို့  မမေ့တော့ဘူးအစွန်းရောက် အကြမ်းဖက်သမား ရခိုင်တွေ၊ နည်းအမျိုးမျိုးနဲ့ အားပေးအားမြှောက်တဲ့ကောင်တွေ၊ သွေးဆာနေတဲ့ လူသတ်သမားတွေ။
    သူတို့ လုပ်ရပ်တယ် ဖျက်ဆီးရက်တယ်လို့ ပြောရအောင် အစိုးရကမတားပါဘူး၊ သူတို့ ဟာသူတို့  မလုပ်တာပါလို့  အစိုးရရုံးက ပြောပါတယ်။ ဒါကို မြန်မာသတင်းဌာနတွေကလည်း မှူးဇော်ကို ကိုးကားပြီး တသီကြီးဖော်ပြကြတယ်။ မလှိမ့်တပတ်အမြဲလုပ်တတ်တဲ့ အစိုးရကို ကိုးကားကြတော့တယ်။
    မွတ်စလင်မ်ခေါင်းဆောင်တွေက သူတို့ ဖာသာသူတို့  ဆုံးဖြတ်ချင်သလို ဆုံးဖြတ်တာမဟုတ်ပါဘူး။ အစိုးရကလုပ်ခွင့်မပိတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ အစိုးရ ရူးချင်ဟန်ဆောင်နေတာ၊ သူမဟုတ်သလိုလုပ်နေတာက အစ္စလာမ်တွေကို ဒီလောက် စော်ကားနေတာ တိုက်ခိုက်နေတာကို ဘာမှအရေးမယူပေးဘူး။ ပေါ်တင် တိုက်ခိုက်နေတာ၊ စည်းရုံးနေတာ၊ လှုံ့ ဆ်ာနေတာ၊ စာတွေဖြန့် နေတာ၊ ရိုဟင်ဂျာကိုဆန္ခပြပြီး အစ္စလာမ်ကိုပေါ်တင်တိုက်ခိုက်နေတာတွေကို လွတ်ထားပေးတယ်။ အစိုးရထဲကလူတွေကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးလုပ်နေတယ်။ မှူးဇော်ကိုယ်တိုင်က မုန်းတီးရေးလုပ်နေတယ်။ သတင်းမှားတွေပေးနေတယ်။
    အစ္စလာမ်ခေါင်းဆောင်တွေ အကြိမ်ကြိမ်သွားပြောတယ်၊ စာတင်တယ်၊ တောင်းဆိုတယ်၊ ထိန်းပေးဖို့ မေတ္တာရပ်ခံတယ်။ ဘာမှမလုပ်ပေးဘူး။ အိဒ်ပွဲအတွက်လည်း လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောတယ်။ လုံခြုံရေးပေးဖို့ နေနေသာသာ သူတို့ ကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးအတွက် လမ်းဖွင့်ထားပေးတာကို သိသိကြီးနဲ့  မွတ်စလင်မ်ခေါင်းဆောင်တွေက ငြိမ်နေရမလား။ ကမ္ဘာမီးလောင် သားကောင်ချနင်းနေတာကို သိသိနဲ့  မျက်စိမှိတ်ပြီး ထောင်ချောက်ထဲဆင်းရမလား။
    အစိုးရမက မတားမြစ်ထားဘူး၊ သူတို့ ဖာသာသူတို့  မလုပ်တာဆိုပြီး မလိမ့်တပတ်မပြောနဲ့ ။ လူပိန်းတွေး လူပိန်းရေးမလုပ်ကြနဲ့ ။ ပြသနာမဖြစ်ဖြစ်အောင် လုပ်နေကြတာကိုသိလျက်နဲ့  အစိုးရဖက်က တာဝန်ပျက်ကွက်နေလို့ ၊ လုံခြုံမှုမရှိတော့တာကို သိလျက်နဲ့  လုံခြုံရေးမပေးလို့ ၊ ကုန်ကုန်ပြောမယ် အစိုးရကိုမယုံလို့  မွတ်စလင်မ်တွေ ကိုယ့်ဖာသာကိုယ် ဆင်ခြင်လိုက်ကြတာလို့ ပဲပြောပါ။