News @ M-Media

Month: January 2015

  • မိမိတို့ပစ်မှတ်မှာ ချန်ပီယံလိဂ်ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ ဆို

    မိမိတို့ပစ်မှတ်မှာ ချန်ပီယံလိဂ်ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ ဆို

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    sut

    – အာဆင်နယ်နှင့် မန်ယူတို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် မိမိတို့၏ ပစ်မှတ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရရေးပင် ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ စတီဗင် ဒါးဗီးစ်က ပြောကြားလိုက်သည်။

    ရာသီအစကတည်းက ခြေစွမ်းကောင်းများ ပြသခဲ့သည့် ဆောက်သမ်တမ်မှာ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က ခြေစွမ်း ပြန်ကျခဲ့သည်။ သို့သော်လည်း နောက်ဆုံး ၅ ပွဲတွင် ချယ်ဆီးအသင်းကိုသာ ၁ ဂိုး စီသရေကျခဲ့ပြီး အဲဗာတန်၊ အာဆင်နယ်၊ မန်ယူတို့ကို အနိုင်ကစားနိုင်ခဲ့ကာ အများဆုံးရရှိနိုင်သည့် ၁၅ မှတ်တွင် ၁၃ မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

    ထို့ကြောင့် ယခုလက်ရှိတွင် အမှတ်ပေးဇယား တတိယနေရာတွင်ရှိနေကာ အဆင့် ၄ မှ မန်ယူအား ၂ မှတ် ဖြတ်ထားသည်။

    `ကျွန်တော်တို့ အသင်းလိုက်ပုံစံနဲ့ သွားနေတာပါ။ တကယ်လို့များ ကျွန်တော်တို့ဟာ ဇန်န၀ါရီလကုန်၊ ဒါမှမဟုတ် ဖေဖော်ဝါရီလကုန်မှာ ဒီအဆင့်မျိုး ရှိနေခဲ့ရင် ချန်ပီယံလိဂ်ဝင်ကစားရဖို့ ဖြစ်နိုင်ပါပြီ´ ဟု ဒါးဗီးစ်၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုက်၌ ဖော်ပြထားသည်။

    ထို့ပြင် မိမိတို့အသင်းအနေဖြင့် ပွဲတိုင်းတွင် ပိုကောင်းအောင် ကြိုးစားနေပြီး ကွင်းအတွင်းသို့ဝင်ကာ ရလဒ်ကောင်းများရယူရန် စိတ်ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • စိတ်ဒဏ်ရာများနှင့် မရေရာသော အနာဂတ်များကြားက ဂါဇာမှ မိဘမဲ့ကလေးများ

    စိတ်ဒဏ်ရာများနှင့် မရေရာသော အနာဂတ်များကြားက ဂါဇာမှ မိဘမဲ့ကလေးများ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media

    Gazaorphan
    – Donald Duck ကာတွန်းမှ သရုပ်ဆောင်လေးများ၏ စတစ်ကာများကို ကပ်ထားသော နံရံများနှင့် အစာသွတ် ၀က်ဝံရုပ်ကလေးများကို အစီအရီချထားသော သန့်ရှင်းသည့် အိပ်ရာလေးများရှိနေသော ဂါဇာစီးတီးရှိ အလ်-အမဲလ် မိဘမဲ့ဂေဟာမှ အခန်းလေးများမှာ ကလေးငယ်တိုင်းနှင့် ပတ်သက်နေသည်။

    သို့ရာတွင် ဆွဲဆောင်မှုအရှိဆုံးက အဆိုပါ မိဘမဲ့ဂေဟာ မျက်နှာစာရှိ နံရံများတွင်ဖြစ်သည်။ ဒုံးကျည်များကိုရေးဆွဲထားသည်။ အစ္စရေး တိုက်လေယာဉ်များ၊ အပိုင်းပိုင်းပြတ်တောက်နေသော လူကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများ စသဖြင့် စစ်၏ အနိဌာရုံများကို ရေးခြစ်ထားကြသည်။ နှလုံးသားနုနယ်သော ထိုကလေးများအဖို့ စစ်ပွဲသာလျှင် ၎င်းတို့သိထားသည့် တစ်ခုတည်းသော အရာဖြစ်လေသည်။

    `လေယာဉ်ပျံအသံကြားတဲ့အခါ၊ သမီးကြောက်ကြောက်လာတယ်´ ဟု ဂေဟာ အခန်းကျယ်ရှိ ကူရှင်တစ်ခုပေါ်တွင် ဒူးတုပ်ထိုင်နေသော အသက် ၈ နှစ်အရွယ် အိုင်ရှာ အလ်-ရှင်ဘာရီက ပြောသည်။

    `စစ်ဖြစ်တုန်းက သမီးရဲ့အိမ် ပြိုသွားတယ်လေ။ အိမ်လည်း မမှတ်မိတော့ပါဘူး။ သမီးက သေချင်တာ။ အဲဒါမှ မေမေ့ဆီသွားနိုင်မှာပေါ့´ သူမက ထပ်ပြောသည်။

    ဖခင်မှာ ဓမ္မတာအတိုင်းသေဆုံးသွားပြီး အကိုဖြစ်သူမှာလည်း အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရပြီးနောက် ခိုကိုးရာမဲ့သော အိုင်ရှာလေးမှာ အမဲလ် မိဘမဲ့ဂေဟာသို့ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူက ကလေးများအားလုံးကို မစောင့်ရှောက်နိုင်၍ မိဘမဲ့ဂေဟာသို့ ပို့လိုက်ခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဂါဇာပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ပေးရသောကြောင့် ဂေဟာရှိ မိဘမဲ့ကလေးများကို ဆွေမျိုးများဆီ ပြန်ပို့ပေးခဲ့သည်။ ထို့ကြောင့် အိုင်ရှာလေးမှာ မိခင်ဖြစ်သူ၏ ရင်ခွင်တွင် တစ်ဖန်ပြန်၍ ခိုလှုံခွင့် ရခဲ့လေသည်။ သို့ရာတွင် သိပ်မကြာလိုက်။ မိခင်မှာလည်း အစ္စရေး၏လက်ချက်ကြောင့်ပင် ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ရပြန်သည်။

    ယခုတွင်တော့ ချစ်လှစွာသော မေမေက အိုင်ရှာ၏ အိပ်မက်ထဲသို့သာ ရောက်ရောက်လာတတ်သည်။ ချစ်စရာ့သမီးငယ်လေးကို နွေးထွေးသော ရင်ခွင်ထဲတွင် ထွေးပွေ့ထားပြီး အနမ်းလေးတွေပေးသည်။ ထို့နောက်တွင်တော့ ပြန်လည်ပျောက်ကွယ်သွားလေ၏။ အိပ်ရာမှ နိုးလာသည့်အခါတွင် အိုင်ရှာလေးက ဒုံးကျည်ပုံများ ရေးဆွဲတတ်သည်ဟု ဂေဟာအုပ်ချုပ်သူက ဆိုသည်။

    အစ္စရေး၏ ၀န်းရံပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာဒေသတွင်တော့ အိုင်ရှာလေး၏ ရင်နင့်ဖွယ်ကောင်းသည့် ဇာတ်လမ်းက ထူးထူးဆန်းဆန်းဇာတ်လမ်းမဟုတ်တော့။ ၂၀၁၄ ဇူလိုင်လတွင် စတင်ခဲ့သည့် အစ္စရေး၏ ၅၁ ရက်ကြာတိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ သေဆုံးခဲ့ရသည်။ ဒဏ်ရာရသူများကလည်း ရေတွက်၍မရ။ မိဘမဲ့ကလေးများ ထောင်ပေါင်းများစွာ ရှိနေသော ဂါဇာတွင် ထိုတိုက်ခိုက်မှုကြောင့် မိဘမဲ့ကလေးငယ် ၁၅၀၀ ကျော် ထပ်တိုးလာသည်ဟု အမဲလ်မိဘမဲ့ဂေဟာ ဒါရိုက်တာအဖွဲ့ ဥက္ကဌ အဘဒ် အလ်-မဂျစ် အလ်ခိုဒါရီက ပြောလေသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က တည်ဆောက်ခဲ့သည့် အဆိုပါ မိဘမဲ့ဂေဟာက ဂါဇာရှိ မိဘမဲ့ ကလေးသူငယ်များအတွက် တစ်ခုတည်းသော ခိုလှုံရာနေရာဖြစ်သည်။ ဂါဇာရှိ များပြားလှသော မိဘမဲ့ကလေးများအားလုံးကို တာဝန်မယူနိုင်သောကြောင့် အချို့တဲ့ဆုံးသော ကလေးများကိုသာ မိဘမဲ့ဂေဟာမှ လက်ခံသည်။

    `ဒီကလေးတစ်ချို့ဟာဆိုရင် သူတို့ရဲ့ မိခင်တွေ၊ မိသားစုတွေ သူတို့ရှေ့မှာ သေဆုံးတာကို မြင်ခဲ့ကြတယ်´ ဟု အလ်ခိုဒါရီက ဖွင့်ဟခဲ့သည်။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုပြီးနောက် အမဲလ် မိဘာမဲ့ဂေဟာတွင် လာရောက်ခိုလှုံကြသည့် မိဘမဲ့ကလေးများ၏ အရေအတွက်မှာ ၂ ဆတိုးလာပြီး ၁၅၀ အထိ ရှိလာသည်။ ဂေဟာသမိုင်းတွင် အမြင့်ဆုံး ပမာဏလည်းဖြစ်သည်ဟု ဘုတ်အဖွဲ့ဝင် ကမားလ် မက်ဘင်ကဆိုပြီး နှစ်မကုန်ခင် မြင့်တက်မည်ဟု ခန့်မှန်းရကြောင်းလည်း ပြောခဲ့သည်။ ရန်ပုံငွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေရသည့် ဂေဟာအနေဖြင့် စုပြုံကျလာသည့် ကလေးများအတွက် နေရာထိုင်ခင်းပေးရန် နေရာကို တိုးချဲ့ဆောက်လုပ်နေရသည်။ ကလေးငယ်များအား စောင့်ကြည့်ရန်၊ ကျွေးမွေးရန်၊ စာသင်ပေးရန်၊ ကစားပေးရန်နှင့် ကလေးငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန်အတွက် ၀န်ထမ်း ၅၀ ကျော်က နေ့မအား၊ ညမနား ဆောင်ရွက်ပေးနေကြသည်။

    `မျက်စိရှေ့မှာတင် မိသားစုတွေ အသတ်ခံလိုက်ရတဲ့ကလေးတွေ၊ တစ်ခုခုသွားဝယ်ပြီး အပြန်မှာ မိသားစုအားလုံးသေဆုံးနေ တာကို တွေ့လိုက်ရတဲ့ကလေးတွေ၊ ဒီကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေက မြင်ရသမျှထဲမှာ အဆိုးဆုံးပါပဲ´ ဟု မက်ဘင်ကဆိုသည်။ ထို့ပြင် ကလေးအများစုမှာ နက်ရှိုင်းလှသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြင့် ရုန်းကန်နေရပြီး စိုးရိမ်ထိတ်လန့်မှုကိုလည်း အကြီးအကျယ် ခံစားနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `သူတို့ အိပ်လို့မရကြဘူး။ အမြဲတမ်းကြောက်ရွံ့နေကြတယ်။ ဒါမျိုးတွေကို သူတို့လေးတွေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့က တတ်နိုင်သလောက် အချိန်ပေးကြပါတယ်´

    အသက် ၁၀ နှစ်အရွယ်ရှိ နောင်ဝလ် ယာစင်းတစ်ယောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အမဲလ် မိဘမဲ့ဂေဟာကို ရောက်ရှိ လာသည်။ ဦးလေးဖြစ်သူက ဖုန်းကို နောင်ဝလ်၏ ဖခင်ကို ပေးထားပြီး အစ္စရေးဘက်က ဖုန်းခေါ်သည့်အခါ ဖခင်ဖြစ်သူက `ခင်ဗျားတို့ ကျုပ်ညီဆီက ဘာလိုချင်လို့လဲ´ ဟု မေးလိုက်သည်ဟု နောင်ဝလ်လေးက ပြောပြသည်။ တစ်ဖက်မှလူက `မင်းညီကို ဘယ်နေရာမှာပဲ ဖွက်ထားထား၊ ငါတို့လိုက်ရှာပြီး သတ်ပစ်မယ်´ ဟု ပြောသည်ဟူ၏။

    `သမီးဖေဖေက အဲဒီအစ္စရေးတွေကို ပြန်ပြောလိုက်တာပေါ့။ `ငါတို့ တယ်လ်အဗီးလ်ကို လာပြီး မင်းတို့လည်ပင်းကို နင်းပစ်လိုက်မယ်´လို့´ ဟု နောင်ဝလ်လေးက ဆိုလေသည်။ ထိုအချိန်တွင်တော့ သူမ၏ ချစ်စရာမျက်နှာလေးတွင် ဂုဏ်ယူမှုအလင်းတန်းလေးက ဖျတ်ခနဲ ၀င်းလက်သွားသည်။

    ဂေဟာမှ တာဝန်ရှိသူ ရီဝေဒါ ကာဆက်က ထိုအကြောင်းအရာမှာ တကယ်မဟုတ်ဘဲ ဖခင်အား သူရဲကောင်းတစ်ယောက်အဖြစ် ထင်မှတ်စေရန်အတွက် မိခင်ဖြစ်သူမှ ဖန်တီးထားသော ဇာတ်လမ်းတစ်ခုဖြစ်သည်ဟု နောင်ဝလ်လေးမကြားအောင် ရှင်းပြသည်။ တကယ်တော့ နောင်ဝလ်၏ ဖခင်မှာ နှလုံးသို့ ဒုံးကျည်မှအမြောက်ဆန် မှန်သောကြောင့် ဆေးရုံသို့အပို့-၎င်းတို့စီးလာသည့်ကားကို အစ္စရေးက ဗုံးကြဲလိုက်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးကြောင်းကို ၎င်းဝတ်ဆင်ထားသော အ၀တ်အစားအပိုင်းအစကို ကြည့်ရှု၍သာ ဆုံးဖြတ်နိုင်ခဲ့လေသည်။

    မန်နဲလ် အဘူ တိုင်ယီမာမှာ အသက် ၁၁ နှစ်ရှိပြီး ခန်ယူနစ်ဒေသမှဖြစ်သည်။ သူမ၏ ဖခင် သေဆုံးမှုကို ကွက်ကွက် ကွင်းကွင်းပင် ပြောပြသည်။ `ပြတင်းပေါက်နားမသွားနဲ့´ ဟုဖခင်ဖြစ်သူက လှမ်းသတိပေးသည်ကို သူမ မှတ်မိနေ၏။ ခဏအကြာတွင်တော့ ဒုံးကျည် ၂ လုံးက သူမတို့အိမ်ကို ထိမှန်ခဲ့သည်။

    `တစ်လုံးက သမီးရဲ့ ၀မ်းကွဲမောင်တစ်ဦးဆီကို တည့်တည့်ကျသွားပြီး အစိတ်စိတ် အမွှာမွှာဖြစ်သွားတယ်။ နောက်တစ်ခုကတော့ အဖေ့ပေါ် ကျသွားတယ်လေ´ ဟု ဆို့နင့်ကြေကွဲသံဖြင့် သူမက ပြောခဲ့သည်။ မျက်နှာမှာတော့ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ပုံစံမျိုးဖြင့်။

    `အဖေ့ခေါင်းကို ပွင့်ထွက်သွားတာပါပဲ´

    ထိုကဲ့သို့ပြောနေစဉ်အတွင်း တိုင်ယီမာတစ်ယောက် သူကမ၏ လက်ကလေးနှစ်ဘက်ကို ဖျစ်ညှစ်နေသည်။ ဘေးနားတွင် ထိုင်နားထောင်နေသော သူမ၏ အမကလည်း ထိုအမူအရာကိုပင် လုပ်နေ၏။

    `လူနာတင်ယာဉ်သံတွေကြားတာနဲ့ သမီးငိုတာပဲ။ စစ်ပွဲတုန်းကဆို ခဏခဏကြားရတယ်လေ။ ဂေဟာမှာ လုံခြုံပေမယ့် ဂါဇာကတော မလုံခြုံပါဘူး။ အမြဲတမ်း စစ်ဖြစ်မယ်လို့ပဲ ထင်နေတယ်´ ဟု သူမ၏ စိုးရိမ်ကြောင့်ကြနေမှုကို ဖွင့်ဟခဲ့သည်။

    ဂေဟာ၏ လူသွားလမ်း တစ်ဖက်တစ်ချက်တွင်တော့ အသက် ၁၄ နှစ်အရွယ် ယူဆက်ဖ် အလ်-ရှင်ဘာရီက အမြောက်ဆန်မှန်၍ ရထားသော ခြေချင်းဝတ်မှ အနာရွတ်ကြီးကို ပြသရန် ဘောင်းဘီကို ခေါက်တင်နေသည်။ ကယ်ဆယ်ရေးစခန်းအဖြစ်လုပ်ထားသော ကုလသမဂ္ဂ၏ စာသင်ကျောင်းအတွင်း မိသားစုနှင့်အတူ ခိုလှုံနေစဉ် ထိုကျောင်းအား အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုမှ ရရှိခဲ့သည့် ဒဏ်ရာဖြစ်သည်။

    ထိုတိုက်ခိုက်မှုအတွင်း ရှင်ဘာရီ၏ ညီမငယ်ကတော့ ခြေထောက်  နှစ်ဘက်စလုံး ဖြတ်ပစ်လိုက်ရပြီး ဆေးကုသရန်အတွက် တူရကီသို့လွှတ်လိုက်ရသည်။

    `ညီမလေးကိုမြင်တိုင်း ကျွန်တော် ထိတ်လန့်တုန်လှုပ်ရပါတယ်။ ဘာဖြစ်ခဲ့သဲဆိုတာကိုလည်း ကျွန်တော် မှတ်မိနေပါတယ်´

    အထစ်ထစ်အငေါ့အငေါ့ဖြင့် ယူဆက်ဖ်က ပြောပြနေသည်။

    အမဲလ် မိဘမဲ့ဂေဟာရှိ ကလေးအချို့ကတော့ ဖျက်ဆီးခံလိုက်ရသည့် အဆောက်အဦးများအား ကစားစရာ ပလတ်စတစ်တုံးလေးများဖြင့် ဖန်တီးနေကြသည်။ အချို့ကတော့ ထိုဂေဟာမှ မိဘမဲ့ကလေးတစ်ဦးဖြစ်သည့် ပန်းချီ ပန်းပုပညာရှင် မဟ်မူးဒ် အီးဒ်နှင့် လေ့ကျင်နေကြသည်။ အသက် ၂၀ စွန်းစွန်း ရှိပြီဖြစ်သည့် မဟ်မူးဒ်အီးဒ်၏ လက်ရာများကို ပြသရန် အတွက် ဂေဟာထဲတွင် ပြခန်း တခန်း ဖန်တီးပေးထားသည်။ ထိုပြခန်းတွင် သစ်သားဖြင့် ပြုလုပ်ထားသော ပါလက်စတိုင်းမြေပုံ၊ ရွှံ့ဖြင့်ပြုလုပ်ထားသော အိုးများ၊ စိတ္တဇပန်းချီများနှင့် ကြောက်စရာမျက်နှာများ စသည့် မဟ်မူးဒ်၏ လက်ရာများကို ပြသထားသည်။

    ဂေဟာရှိအချို့သောကလေးငယ်များ၏ လက်ရာများကိုလည်း အဆိုပါ ခန်းမတွင် ပြသထားသည်။ စိတ်နှလုံးညှိုးနွမ်းဖွယ်ရာများတော့ မဟုတ်။ နေမင်းကြီးပုံ၊ ရွက်လွှင့်နေသော လှေပုံ စသည့် ခွန်အားပေးသော၊ လွတ်မြောက်ခြင်းကိုပြသော ပန်းချီများ၊ မှန်ပေါ်တွင် ရေးဆွဲ ထားသော ပန်ချီးကားများကို ပြသထားခြင်းဖြစ်လေ၏။ အဆိုပါ ကလေးငယ်များ၏ ဘ၀ ဆက်လက်တောက်ပနေမည်ဆိုသည်ကို အတည်ပြုခြင်းမျိုးလည်း ဖြစ်လေသည်။

    အချိန်ကြာလာသည့်နှင့်အမျှ စစ်မဖြစ်ခင် ၎င်းတို့၏ ဘ၀များ၊ မိသားစုများ စသည့် အမှတ်တရ အချိန်ကလေးများမှာ ပို၍ ဝေးကွာ သွားမည်ဖြစ်၏။ သို့ရာတွင် ထိုအရာများမှာ မည်သည့်အချိန်မှ ပျောက်ပျက်သွားမည်မဟုတ်ဟု မက်ဘင်က ပြောကြားခဲ့လေသည်။

    `ဘယ်သူမှ မေ့ပျောက်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ ကလေးတွေက သူတို့ရဲ့ မိသားစုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ (ပါလက်စတိုင်းသားအားလုံးက) ကျွန်တော်တို့ ပိုင်နက် သိမ်းပိုက်ခံလိုက်ရတဲ့ ၁၉၄၈ ခုနှစ်ကို သတိရနေကြမှာပါ။ အစ္စရေးကတော့ ကျွန်တော်တို့ကို မေ့စေချင်ကြတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး´

    ref: Al Jazeera
    .လေးမောင် ဘာသာပြန်ဆို တင်ဆက်သည်။

  • မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကို ဆန့်ကျင်သော ချီတက် လမ်းလျှောက်မှု ဂျာမနီတွင်ပြုလုပ်ခဲ့

    မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကို ဆန့်ကျင်သော ချီတက် လမ်းလျှောက်မှု ဂျာမနီတွင်ပြုလုပ်ခဲ့

    `နိုင်ငံခြားသားတွေကိုမုန်းတာ၊ လူမျိုးရေးခွဲခြားတာနဲ့ အစွန်းရောက်ဝါဒတွေဟာ ကျွန်မတို့တိုင်းပြည်မှာ နေရာမရှိပါဘူး´ (ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်)

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    agl

    – ယမန်နေ့က ဘာလင်တွင် ပြုလုပ်ခဲ့သော မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က မိမိတို့တိုင်းပြည်တွင် အမုန်းတရားများ၊ လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်ဝါဒတို့အတွက် နေရာမရှိဟု ပြောကြားလိုက်သည်။

    ဂျာမန်မွတ်စလင် ဗဟိုကောင်စီမှ စီစဉ်ကာ ဘာလင်ရှိ သမိုင်းဝင် Brandenburg Gate မှ စတင်ခဲ့သည့် အဆိုပါ ချီတက်ပွဲကို “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ မွတ်စလင်အသင်းအဖွဲ့ ၂၈ ခု ပါဝင်ခဲ့ကာ ဘာလင်တူရကီအသင်း TGB လည်း ပါဝင်ခဲ့သည်။

    ချီတက်လမ်းလျှောက်ပွဲကို အစ္စလာမ်ဘာသာဝင်များ၏ ထုံးတမ်းစဉ်လာ ဆုတောင်းမှုဖြင့် စတင်ခဲ့ပြီး၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ဂျူးဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

    ထိုချီတက်ပွဲကို တက်ရောက်ခဲ့သည့် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ ဘာသာတရား သို့မဟုတ် ဇာတိကိုလိုက်၍ လူအုပ်စုတစ်ခုအား ဖယ်ထုတ်ထားခြင်းမှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာမဟုတ်ဟု ပြောကြားခဲ့သည်။

    `နိုင်ငံခြားသားတွေကိုမုန်းတာ၊ လူမျိုးရေးခွဲခြားတာနဲ့ အစွန်းရောက်ဝါဒတွေဟာ ကျွန်မတို့ တိုင်းပြည်မှာ နေရာမရှိပါဘူး´ ဟု မာကဲလ်က ချီတက်လမ်းလျှောက်မှုတွင် ပါဝင်သည့် လူအုပ်စုကြီးအား ပြောကြားခဲ့သည်။

    ထိုချီတက်လမ်းလျှောက်ပွဲသို့ ဂျာမနီသမ္မတ ဂျိုအာချင်းဂေါက်လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

    `ကျွန်တော်တို့အားလုံးဟာ ဂျာမနီနိုင်ငံသားတွေပါပဲ။ ကျွန်တော်တို့ဟာ မတူညီတဲ့ နိုင်ငံရေးအုပ်စု၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရား နောက်ခံတွေ ပေါင်းစုထားတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားကြပြီး ရိုင်းပင်းကြရမှာ ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုမှာ နေချင်ကြတဲ့သူတွေ ဖြစ်ပါတယ်´ ဟု ဂျိုအာချင်းဂေါက်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အကြမ်းဖက်မှုများကို လုပ်ဆောင်သော အစ္စလာမ့်မစ် အခြေခံဝါဒီများအတွက် မိမိတို့၏ အဖြေမှာ ဒီမိုကရေစီ၊ တစ်ဦးကိုတစ်ဦး လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားမှုသာ ဖြစ်ပြီး ထိုအချက်များမှာ မိမိတို့၏ ဘ၀တည်ဆောက်မှုလမ်းစဉ်သာ ဖြစ်ကြောင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ညီညွတ်မှုဖြင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ချီတက်လမ်းလျှောက်သူများမှာ ပြင်သစ်သံရုံးရှေ့အရောက်တွင် ပဲရစ်မြို့၌ ပြီးခဲ့သည့် တစ်ပတ် တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သူများအတွက် တစ်မိနစ်ခန့် ငြိမ်သက် ဂါရ၀ပြုခဲ့ကြသည်။

    `ပြင်သစ်ပြည်သူတွေ၊ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။ အကြမ်းဖက်သမားတွေ နိုင်မသွားပါဘူး။ နိုင်မှာလည်း မဟုတ်ပါဘူး´ ဟု ဂျာမန်မွတ်စလင် ဗဟိုကောင်စီ ဥက္ကဌ မက်ဇ်ယက်က ပြောကြားခဲ့ပြီး မိမိတို့အားလုံးမှာ ဂျာမနီနိုင်ငံသားများ ဖြစ်ကြသည်ဟု နိဂုံးချုပ်ခဲ့သည်။

    ဂျာမနီနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်များမှစ၍ လက်ယာစွန်းရောက်အဖွဲ့တစ်ခုဖြစ်သော PEGIDA မှ နိုင်ငံအရှေ့ပိုင်း မြို့တော် ဒရက်စ်ဒန်တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး ဂျာမန်ပြည်သူများကမူ ၎င်းတို့အဖွဲ့အား နာဇီလက်သစ်အဖွဲ့ဟု သတ်မှတ်ကာ ထိုလုပ်ရပ်များကို ဆန့်ကျင်သော တန်ပြန်ဆန္ဒပြမှုများအား နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့ကြသည်။

    ဂျာမနီဝန်ကြီးချုပ် မာကဲလ်ကလည်း PEGIDA အဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာမှာ ဂျာမနီ၏ အယူဝါဒဖြစ်သည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

    Ref : onislam

  • iPhone များအား ခန္ဓာကိုယ်တွင် တိပ်ဖြင့်ပတ်၍ သယ်ဆောင်သူတစ်ဦး တရုတ်တွင် ဖမ်းမိ

    iPhone များအား ခန္ဓာကိုယ်တွင် တိပ်ဖြင့်ပတ်၍ သယ်ဆောင်သူတစ်ဦး တရုတ်တွင် ဖမ်းမိ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    iph

    – iPhone ၉၄ လုံးအား ခန္ဓာကိုယ်တွင် တိပ်ဖြင့်ပတ်၍ တရားမ၀င် သယ်ဆောင်လာသူ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    သယ်ဆောင်လာသည့် ဖုန်းအမျိုးအစားများမှာ iPhone 6 နှင့် iPhone 6 plus များ ဖြစ်ကြပြီး ပလက်စတစ်အကြည်စားဖြင့် ထုပ်ကာ ခြေထောက်အပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံးတွင် တိပ်များဖြင့် ပတ်၍ ဟောင်ကောင်မှ တရုတ်ပြည်မကြီး သို့ ၀င်ရောက်ရန် ကြိုစားစဉ်နိုင်ငံတောင်ပိုင်း ရှန်ဇန်းမြို့၌ တနင်္ဂနွေနေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟောင်ကောင်နိုင်ငံသားအား ထူးဆန်းစွာ လမ်းလျှောက်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ရှာဖွေရေးကိရိယာဖြင့် စစ်ဆေးခဲ့ရမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    `သတ္တုစစ်ဆေးရေးစက်ကို ဒီလူ ဖြတ်တဲ့အခါမှာ ကျယ်လောင်ပြတ်သားတဲ့အသံ သတိပေးသံ ထွက်ပေါ်လာတာပါပဲ´ ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ တရုတ်သတင်းစာ People’s Daily က ဖော်ပြခဲ့သည်။

    ဖမ်းဆီးရမိသူအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိခြင်း မရှိသော်လည်း ဟောင်ကောင်ဥပဒေအရ တရားမ၀င် ကုန်ကူးခြင်းအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ၇ နှစ်ဖြစ်ပြီး အမြင့်ဆုံး ကန်ဒေါ်လာ ၂ သန်းခန့် ဒဏ်ငွေရိုက်နိုင်သည်။

    iPhone များကို တရုတ်နိုင်ငံတွင်သာ ထုတ်လုပ်ခြင်း ဖြစ်သော်လည်း တရုတ်ပြည်မကြီးတွင် အလွန်ဈေးကြီးလျက်ရှိသည်။ ဟောင်ကောင်ကိုမူ တရုတ်ကပင် ထိန်းချုပ်ထားခြင်း ဖြစ်သော်လည်း `တစ်နိုင်ငံ စနစ် ၂ ခု´ ပေါ်လစီအရ ကုန်သွယ်ရေးမူဝါဒမှာ သီးသန့်ဖြစ်သောကြောင့် iPhone ဈေးနှုန်းမှာ ဟောင်ကောင်တွင် အလွန်ကြီးမြင့်ခြင်းမရှိချေ။

    iPhone များကို ခန္ဓာကိုယ်တွင် တိပ်များဖြင့်ပတ်၍ ယူဆောင်လာခဲ့သည့် အဆိုပါ ဟောင်ကောင်နိုင်ငံသားအား တရုတ်မီဒီယာများက Apple Man ဟု အရွှန်းဖောက်ဖော်ပြခဲ့ကြသည်။

    Ref: time.com

  • P.K  (M-Media ရုပ်ရှင်အညွှန်း)

    P.K (M-Media ရုပ်ရှင်အညွှန်း)

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media
    PK
    အမ်မီဒီယာ ပရိသတ်ကြီး ဒီတစ်ပတ် ပိတ်ရက်မှာ အပျင်းဖြေကြည့်ရှုဖို့ အတွက် ရုပ်ရှင် တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

    ဘောလီဝုဒ်မင်းသား အမီးရ်ခန်းကတော့ 3 Idiots ဇာတ်ကားကြောင့် မြန်မာ ပရိသတ်နဲ့မစိမ်းလှသူဖြစ်တာကြောင့် သူနဲ့အတူ မင်းသမီးချော အနွရှ်ကာရှရ်မာ (Anushka Sharma) တို့ ပါဝင်တဲ့ ပီကေ (PK) ဇာတ်ကားကို ရွေးချယ်ထားပါတယ်။

    ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲမှာ နံပါတ် ၆၅ နေရာလိုက်ပြီး အိန္ဒိယမှာတော့ ခေတ်အဆက်အဆက် အတွက် ၀င်ငွေစံချိန်ချိုးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

    3 idiots ကို အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ ရခ်ျကူမား ဟီရာနီ (Rajkumar Hirani) ရဲ့ ညွှန်ကြားမှုအောက်မှာ အကြောက်တရား လွှမ်းမိုးခံရတတ်ပြီး မစူးစမ်းမဆင်ခြင်ဘဲ လမ်းမှားလိုက်တတ်တဲ့ လူတွေရဲ့ သဘာဝကို ပေါ့ပေါ့ပါးပါးကလေး ကြည့်ရှု နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုရမှာပါ။

    အမီးရ်ခန်းကတော့ ကမ္ဘာကို လေ့လာရေးထွက်လာတဲ့ ဂြိုလ်သားတစ်ဦး၊ သူ့အတွက်တော့ ကမ္ဘာပေါ်က အရာအားလုံးဟာ အံ့သြစရာတွေချည့် ဖြစ်နေတော့တာပါပဲ။ သူတို့ ဂြိုလ်ပေါ်က ဂြိုလ်သားတွေက ဘာသာစကားပြောဆိုကြတာမျိုးမဟုတ်ဘဲ စိတ်နဲ့သာ ဆက်သွယ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မုသားပြောဖို့မဆိုနဲ့ နောက်ပြောင် ကျီစယ် တာမျိုးတောင် မရှိကြဖူးပေါ့။

    ဒီလိုနဲ့ ဥာဏ်နီဥာဏ်နက်များလှတဲ့ ကမ္ဘာသားတွေအကြား ပထမဆုံးရောက်လာခဲ့တဲ့ အမီးရ်ခန်း ခမြာ လည်ပင်းမှာဆွဲထားတဲ့ သူ့ရဲ့ဂြိုလ်ကို ဆက်သွယ်နိုင်မယ့် ကိရိယာ အလုခံခဲ့ရတာပေါ့။

    ရီမုတ်ရှာပုံတော် ဖွင့်တဲ့ အမီးရ်ခန်တစ်ယောက် လူတွေကြားထဲ ကျင်လည်ကျက်စား နိုင်ဖို့ ကြိုးစားရင်းနဲ့  အမေးအမြန်းထူတဲ့ လူ့ဂွစာတစ်ယောက်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ရီမုတ်လုယူသွားသူ ဘယ်သူလဲဆိုတာ၊ ဘယ်နေရာမှ အလုခံရတယ်ဆိုတာတွေ မပြောနိုင်တော့ လူတွေက သူ့ရဲ့ ပြဿနာကို ဘုရားကသာ ဖြေရှင်းနိုင်မှာပေါ့လို့ ပြောပြကြတာပေါ့။

    ဒီလိုနဲ့ ဂေါ့ဒ်ဆိုတဲ့ ဘုရားကို ရှာဖွေဖို့ ကြိုးစားရာကနေ ဟိန္ဒူ ၊ဗုဒ္ဓ ၊ ခရစ်ယာန် ၊ အစ္စလာမ် ဆိုတဲ့ ဘာသာကြီးတွေရဲ့ ဘုရားကျောင်းတွေကို ရောက်ခဲ့သလို ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား ဖြစ်နေတဲ့ ဒယူပလီကိတ် ဘုရားခေါ် ဘုရားကိုယ်စား ဘုရားနေရာယူထားကြသူတွေနဲ့ တွေ့ခဲ့ရတယ်။

    ဘုရားကျောင်းတွေမှာ ဘုရားလူကြီးတွေကို အမေးအမြန်း ထူတတ်တဲ့အကျင့် ၊ ထုးံတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အကျင့် စတာတွေကြောင့် သူ့ကို အရက်သောက်ပြီး မူးများနေရော့သလားရယ်လို့ လူတွေက ပီကေ (အရက်သမား) ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။

    လူသားတိုင်း မွေးဖွားလာရာမှာ ဘယ်ဘာသာဝင်ရယ်လို့ တံဆိပ်နှိပ်ခတ်ထားခြင်း မျိုး မရှိတာကြောင့် ဘုရားနဲ့ လူအကြား ကြားခံနေတဲ့ ဒယူပလီကိတ် ဘုရားလူကြီးတွေကို ပီကေက စူးစမ်းခဲ့ပြီး တကယ်တမ်းတော့ အဲဒီဘုရားလူကြီးတွေဟာ wrong number ခေါ် နံပါတ်အမှားကြီးနှိပ်ပြီး ဘုရားကို ဆက်သွယ်နေသူတွေသာ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ဘာသာတိုင်းရဲ့ လုပ်ဆောင်ပုံတွေ ကွဲလွဲမှု   ၊ လူတစ်ဦးနှင့် တစ်ဦးကြား ဘာသာရေး ပဋိပက္ခများ တွေရှိနေမှု ၊ ဘုရားလူကြီးတွေကို တကယ့် ဘုရားတစ်ဆူ ဂူတစ်လုံးအသွင် နဲ့အယုံကြီး ယုံကြည်မှု စတာတွေကတော့ ပီကေတွေ့ရှိခဲ့တဲ့ လူတွေအကြောင်းပါပဲ။

    ဘယ်သာသာဝင်ပါဆိုတဲ့ တံဆိပ်များပါမလာဘဲနှင့် လူအများက ဘာလို့ကွဲလွဲကြလည်း ဆိုတာက ပီကေသိချင်လှတဲ့ အမေးပုစ္ဆာပါပဲ?

    ရည်းစားသည်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရတယ်လို့  အထင်အမြင်လွဲနေတဲ့ မိန်းကလေးတစ်ယောက်က ပီကေကို ယုံကြည်မှုထားခဲ့ပြီး သူရဲ့ရီမုတ် ရှာပုံတော်ကို အကူအညီပေးခဲ့ပါတယ်။

    ပီကေနဲ့ မိန်းကလေးတို့  ရှာဖွေတွေ့ရှိခဲ့တဲ့ လူတွေရဲ့မှားယွင်းမှု ၊ အစွန်းရောက်မှုနဲ့ လီဆယ်လုပ်ကြံတတ်မှုစတာတွေကို ဟာသရောပြီး ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခံစား နိုင်ပါတယ်။ ယုံမှားသံသယ တစ်ခုကြောင့် သူကို ထားသွားရလေခြင်း ဆိုတဲ့ အမြင်ရှိနေတဲ့ မင်းသမီးချော မိန်းကလေးရဲ့အထင်အမြင်လွဲမှားမှုကို ဖော်ပြထားသလို မိမိကိုယ် လိမ်လည်သွားတဲ့ လူတစ်ယောက်ကြောင့် လူလိမ်ရဲ့ ကိုးကွယ်မှုကို လိုက်ပြီး အဲဒီဘာသာ ကိုးကွယ်သူတိုင်း ဒီလိုပါပဲလားဆိုတဲ့ stereotype လုပ်တာမျိုး မလုပ်သင့်မလုပ်ထိုက် ဘူးဆိုတဲ့အကြောင်းကိုလည်း သင်ခန်းစာ ပေးထားပါတယ်။

    ပီကေရဲ့ရီမုတ်ရှာပုံတော် စွန့်စားခန်းကတော့ ရယ်စရာပျော်စရာတွေနဲ့အတူ ဘာသာတရား များအကြား ခက်ထန် တင်းမာနေမှုတွေ၊  တံဆိပ်ကပ် အမြတ်ထုတ်မှုတွေ၊ ယုံကြည်မှကို ခုတုံးလုပ်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ် တဲ့ ဘုရားလူကြီးတွေ စတဲ့စတဲ့ အကြောင်းအရာပေါင်းများစွာကို နာရီပေါင်း ၂ နာရီကျော်အတွင်းမှာ ထင်သာမြင်သာရှိအောင် ရိုက်ပြတင်ဆက်ထားတာပါ။

    ကမ္ဘာလောက ကနေ ပြန်လည်ထွက်ခွာသွားတဲ့ ပီကေတစ်ယောက် ကမ္ဘာ့လူသားတွေ ဆီကနေ သင်ယူလေ့လာသွားတဲ့ အချက်တစ်ခုကတော့ စိတ်ထဲမှာဖြစ်နေတာကတစ်မျိုး ပြင်ပလက်တွေ့အပြောကတော့ တစ်မျိုး ဆိုတဲ့ မုသားလီဆယ်မှု ဖြစ်နေတယ်ဆိုတာကို နောက်ဆုံးရိုက်ပြထားတဲ့ ပီကေ ဇာတ်ကားကတော့ အမ်မီဒီယာ ပရိသတ်ကြီး မဖြစ်မနေကြည့်ရှုထိုက်တဲ့ ဇတ်ကားတစ်ခုဖြစ်ပါတယ်လို့ ဖောက်သည်ချတင်ပြလိုက်ရပါတယ်။

    မောင်ရေချမ်း