News @ M-Media

Month: January 2015

  • ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ပြင်သစ်ချီတက်ပွဲ နေတန်ယာဟုတက်ရောက်မှု တူရကီသမ္မတ ဝေဖန်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    adg

    – ပါက်လက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာအား ကျူးကျော် စစ်ပွဲကို ပြုလုပ်ခဲ့သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြင်သစ်ရှိ ချီတက်ပွဲကို တက်ရောက်ခဲ့ခြင်းအတွက် တူရကီသမ္မတ အာဒိုဂန်က ရှုတ်ချလိုက်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် အန်ကာရာတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး နေတန်ယာဟုအနေဖြင့် ထိုပွဲသို့ တက်ရောက်ရဲသည်ကို နားမလည်နိုင်ဖြစ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဂါဇာတွင် သေဆုံးခဲ့ရသည့် ကလေးငယ်များနှင့် အမျိုးသမီးများအတွက် တာဝန်ယူရန်လည်း နေတန်ယာဟုကို တိုက်တွန်းခဲ့သည်။

    တနင်္ဂနွေနေ့က ပဲရစ်၌ ပြုလုပ်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်ပွဲသို့ အာဒိုဂန်အပါအ၀င် အဘတ်စ်လည်း တက်ရောက်ခဲ့သည်။ သို့သော်လည်း အာဒိုဂန်ကမူ နေတန်ယာဟုမှာ ထိုချီတက်ပွဲသို့ တက်ရောက်ခွင့်မရှိဟု ဆိုသည်။

    `ဂါဇာမှာ လူ ၂၅၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အကြမ်းဖက်တိုင်းပြည်က လူတစ်ယောက် လက်ဝှေ့ယမ်းပြနေတာ ဘယ်လိုကြည့်လို့ရမလဲ´ ဟု အာဒိုဂန်က ဝေဖန်ပြောကြားခဲ့သည်။

    အာဒိုဂန်မှာ အစ္စရေးနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်ပြောကြားမှုများရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း အစ္စရေး၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ဟစ်တလာ၏ ရက်စက်ကြမ်းကြုတ်မှုများထက်ကို သာလွန်နေပြီဟု ပြောကြားခဲ့သည်။

    `အစ္စရေးရဲ့ ဥပဒေပလုပ်ရပ်တွေကို တူရကီနိုင်ငံက ဆက်လက်တွန်းလှန်သွားမှာ ပါ´ ဟု အာဒိုဂန်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပအတွင်း ပြန့်နှံ့နေသည့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရှုတ်ချရန် ပျက်ကွက်နေကြသည့် ဥရောပ ခေါင်းဆောင်များမှာ ပဲရစ်တိုက်ခိုက်မှု တွင်မှ သူတော်ကောင်းယောင် ဆောင်ပြနေသည်ဟု အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : alarabiya

  • ၂၀၁၄ ခုနှစ်အတွင်း အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့သည့် ထင်ရှားကျော်ကြားသူများ

    ၂၀၁၄ ခုနှစ်အတွင်း အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ခဲ့သည့် ထင်ရှားကျော်ကြားသူများ

    ဇန်နဝါရီ ၁၃၊ ၂၀၁၅
    M-Media
    .လေးမောင် စုစည်းတင်ဆက်သည်။

    – ၂၀၁၄ ခုနှစ်ကတော့ ကားလိပ်ချခဲ့ပါပြီ။ ဒီနှစ်အတွင်းထဲမှာ နားလည်မှု လွဲမှားခံရဆုံး အယူဝါဒကို ပြပါဆိုရင် အစ္စလာမ်ဖြစ်နေတယ် ဆိုတာကို တွေ့ရမှာပါ။ ဘာ့ကြောင့်လဲဆိုရင်တော့ ဘာသာဝင်တွေရဲ့ ဘာသာတရားကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာမှု၊ မွတ်စလင်တွေရဲ့ ဘာသာတရား ရိုသေကိုင်းရှိုင်းမှုကို မနာလို မရှုစိမ့်သူတွေရဲ့ ၀ါဒဖြန့်မှု၊ ကောလဟာလတွေ၊ ခြောက်လှန်မှုတွေ၊ လှိမ့်လုံးတွေ၊ စွပ်စွဲစော်ကားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတားအဆီးတွေကိုကျော်ပြီး အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သွန်သင်ဆုံးမမှုတွေကို လေ့လာကာ အစ္စလာမ့်အေးရိပ် ဆာယာအောက်ကို ခိုလှုံခဲ့သူတွေလည်း ဒီနှစ်အတွင်းမှာ ဒုနဲ့ဒေး ရှိနေပါတယ်။ အဲဒီအထဲကမှ ၂၀၁၄ ခုနှစ် အတွင်း အစ္စလာမ်သာသနာကို သက်ဝင် ယုံကြည်လာသူတွေထဲက အထင်ရှားဆုံး ပုဂ္ဂိုလ် ၄ ဦးကို ဖော်ပြလိုက်ပါတယ်။

    ၁။ အစ္စကန်ဒါ ဗန် ဒေါန် (Iskander Van Doorn )
    ——————————————————

    1
    ဟော်လန်မှာ တစ်ချိန်က အစ္စလာမ်ဆန့်ကျင်ရေး၊ ဗလီဝတ်ကျောင်းတော်တွေကို ဆန့်ကျင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ လက်ယာစွန်းရောက် နိုင်ငံရေးသမား အာနော့ဒ် ဗန်ဒေါန်ရဲ့ သားဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ၂၀၁၃ ခုနှစ်မှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး အစ္စကန်ဒါကလည်း ဖခင်ရဲ့ ခြေရာကိုနင်းကာ ၂၀၁၄ ခုနှစ် ဧပြီလမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူ ဖြစ်လာခဲ့ပါတယ်။ အစ္စကန်ဒါဟာ သာမန် အပေါ်ယံ ၀င်လာတာမျိုးဟုတ်ဘဲ ကုရ်အာန် ကျမ်းတော်မြတ်ကို ကျကျနန လေ့လာခဲ့ပြီးတဲ့နောက်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာခဲ့သူ ဖြစ်ပါတယ်။ ဧပြီလအတွင်းက ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံမှာ ရှဟာဒသ် (အစ္စလာမ်ကိုသက်ဝင်ကြောင်း သက်သေခံချက်) ထွက်ဆိုခဲ့တာဖြစ်ပြီး အဲဒီညီလာခံမှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့သူ ၃၇ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

    `အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ပြီးတဲ့နောက် ဖေဖေဟာ ပိုပြီး ငြိမ်းချမ်းလာတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဘာသာတရားမှာ ကောင်းတာတစ်ခုခု ရှိမယ်လို့ ကျွန်တော် အသိတရားရခဲ့ပါတယ်။ ပြီးတော့ အဖေ့ရဲ့ အပြုအမူတွေက မွတ်စလင်တွေအပေါ် ကျွန်တော့်ရဲ့ထင်မြင်ချက်တွေကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လေ့လာခဲ့ပြီး အစ္စလာမ့် ဓမ္မပညာရှင်တွေရဲ့ ဟောကြားချက်တွေကိုလည်း နားထောင်သင်ယူခဲ့ပါတယ်´ (အစ္စကန်ဒါ ဗန် ဒွမ်း)

    Read More =>http://www.m-mediagroup.com/news/26869

    ၂။ မက်ဇန့်စ် ဘက်တေး (Maxence Buttey)
    ——————————————————

    2
    ပြင်သစ်က လက်ယာစွန်းရောက် FN ပါတီရဲ့ ပါတီဝင်တစ်ယောက်ဖြစ်ပြီး ပြင်သစ်အရှေ့ပိုင်း Noisy-le-Grand ဒေသ ပါတီအဖွဲ့ခွဲရဲ့ ကြီးကြီးမာစတာတစ်ယောက် ဖြစ်ပါတယ်။ လက်ယာစွန်းရောက်ဆိုတဲ့အတိုင်း အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တဲ့သူ တစ်ဦးပါပဲ။ ဒါပေမယ့် မိမိရဲ့အတ္တစိတ်ကို ချွန်းအုပ်နိုင်ခဲ့တဲ့ ဘက်တေးတစ်ယောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အစ္စလာမ် သာသနာကို သက်ဝင်ယုံကြည် လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း FN ပါတီက တာဝန်ရှိသူတွေထံကို ဗီဒီယိုတစ်ခု ပေးပို့ခဲ့ပြီး အဲဒီဗီဒီယိုမှာ ကုရ်အာန်ကျမ်းတော်မြတ်က ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ အကျင့်သီလတွေကို ချီးကျူးခဲ့ပြီး ပါတီဝင်တွေကိုလည်း အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ဖို့ ထပ်ဆင့် ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက ပါတီအဖွဲ့ဝင် အများအပြားကို အံ့သြစေခဲ့ပြီး FN ပါတီက ဒေသတွင်း ကော်မတီကနေ ဘက်တေးကို တာဝန်ရပ်ဆိုင်းခဲ့ကာ ဒီဇင်ဘာလမှာတော့ လုံးဝ ထုတ်ပယ်ပစ်ခဲ့ပါတယ်။

    `ကုရ်အာန်ကျမ်းတော်မြတ်ကို သေသေချာချာ ကျွန်တော် ဖတ်ရှုလေ့လာတဲ့အခါမှာ အစ္စလာမ်သာသနာဟာ ပိုပြီး ပွင့်လင်းရိုးရှင်းတယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် မဲပေးသူတွေက စိတ်ပျက်ကောင်း စိတ်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် အမျိုးသား၊ အမျိုးသမီးအားလုံး မခွဲခြားဘဲ စည်းလုံးညီညွတ်ကြဖို့ မစ်ရှစ်တစ်ခုကတော့ အစ္စလာမ်သာသနာမှာ ရှိနေတယ်ဆိုတာကို ကျွန်တော် ရှင်းပြဖို့ အသင့်ပါပဲ´ ( မက်ဇန့်စ် ဘက်တေး )

    Read More =>http://www.m-mediagroup.com/news/33473

    ၃။ မိုနီကာ (Monica)
    —————————

    3
    အိန္ဒိယက ငယ်ရွယ်ပျိုမျစ်တဲ့ မင်းသမီးချောတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မေလအတွင်းမှာ သူမဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်နေပါပြီလို့ ကြေညာခဲ့ပြီး အစ္စလာမ်က သတ်မှတ်ထားတဲ့ ခေါင်းဆောင်း ပုဝါကိုလည်း မဆိုင်းမတွ ၀တ်ဆင်ခဲ့ပါတယ်။ နာမည်ကို အမ်ဂျီ ရဟီမာလို့ ပြောင်းခဲ့ပြီး၊ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အလှအပကို ဖော်ထုတ်ပြသကာ စီးပွားရှာမှုကို အစ္စလာမ်က တားမြစ်တားတာကြောင့် မိုနီကာတစ်ယောက် ၀င်ငွေကောင်းတဲ့ ရုပ်ရှင်လုပ်ငန်းကနေ အပြီးတိုင် အနားယူခဲ့ပါတယ်။ ငယ်ငယ်ကလေး ကတည်းက အနုပညာ အသိုင်းအ၀ိုင်းထဲကို ခြေချခဲ့တဲ့ မိုနီကာဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ သူမဟာ အိန္ဒိယတောင်ပိုင်းဒေသက တဲလ်ဂူ၊ မလာယာလမ်နဲ့ ကန်နာဒါလူမျိုးတွေ ကြားထဲမှာလည်း ရေပန်းစားသူ တစ်ဦး ဖြစ်ပါတယ်။

    `အစ္စလာမ်သာသနာက သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အထူးသဖြင့် အစ္စလာမ်ကပေးတဲ့ အမျိုးသမီးအခွင့်အရေးက ကျွန်မကို ညှို့ယူဖမ်းစားခဲ့တာကြောင့် ကျွန်မ အစ္စလာမ်သာသနာကို သက်ဝင် ယုံကြည်ခဲ့တာပါ။ အစွန်းရောက်ဝါဒကို အားပေးတဲ့ အယူဝါဒပဲဆိုတဲ့ အစွဲနဲ့ ၂၀၁၀ လောက်ကတည်းက အစ္စလာမ်ကို စလေ့လာ ခဲ့ပါတယ်။ ဒါပေမယ့် လေ့လာရင်းလေ့လာရင်းနဲ့ အစ္စလာမ်ဆိုတာ တကယ့်ကို ငြိမ်းချမ်းရေး သာသနာဆိုတာ တွေ့ခဲ့ရပါတယ်ရှင်။ အခုတော့လည်း အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးခဲ့တာ ၄ နှစ်နီးပါးတောင် ရှိနေပါပြီ´

    ၄။ ယူဗန် ရှန်ကာ ရာဂျာ
    —————————

    4
    အိန္ဒိယက နာမည်ပြီး တေးရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ အစ္စလာမ် သာသနာကို ပြောင်းလဲ သက်ဝင်ခဲ့ပြီး ဒီဆုံးဖြတ်ချက် အတွက်လည်း ဂုဏ်ယူမိတယ်လို့ ရာဂျာက ဆိုပါတယ်။ မိဘတွေ ကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးခဲ့ပြီး ရာဂျာတစ်ယောက် အခုအချိန်မှာတော့ ငါးကြိမ်ဆွလာသ် ၀တ်ပြုမှုကို မပြတ်မကွက် ဆောက်တည်နေပါပြီ။

    `ရုတ်တရက်ချတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ အစ္စလာမ်နဲ့ပတ်သက်ပြီး ၂ နှစ်လောက် ကျွန်တော်ဟာ စာအုပ်တွေဖတ်၊ ဗဟုသုတတွေ ရှာမှီးခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လေ့လာခဲ့ပြီး ဒီကျမ်းက ကျွန်တော်ရဲ့ စိတ်ကူးထဲက မေးခွန်းတွေ၊ သံသယတွေ၊ ဘ၀နဲ့ပတ်သက်ပြီး မကျေလည်မှုတွေကို တဖြည်းဖြည်းနဲ့ အဖြေတွေပေးခဲ့ပါတယ်။ အစ္စလာမ်သာသနာက ကျွန်တော့်ကို ရွေးချယ်လိုက်ပြီလို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ဖို့ ဘယ်သူကမှ ကျွန်တော့်အပေါ် လွှမ်းမိုးချယ်လှယ်တာမျိုး မရှိခဲ့ပါဘူး´ (ယူဗန် ရှန်ကာ ရာဂျာ)

    ၂၀၁၄ ခုနှစ် အတွက် အစ္စလာမ်သို့ ကူးပြောင်းသက်ဝင်လာသည့် အခြားသော ထင်ရှားကျော်ကြားသူများ
    ———————————————————–
    နာမည်ကျော် ထိုင်း သရုပ်ဆောင် မင်းသမီး နွက် ဆူသီဒါ
    http://www.m-mediagroup.com/news/35023

    ဘယ်လ်ဂျီယံ အလှမယ် လင်ဆေးဗန်ဂီလီ
    http://www.m-mediagroup.com/news/32376

    ကင်မရွန်းမှ လူငယ်ဘောလုံး အသင်း
    http://www.m-mediagroup.com/news/31894

    ပလေးဘွိုင်းကိုယ်ဟန်ပြမယ်ဟောင်း Felixia Yeap
    http://www.m-mediagroup.com/news/29219

    ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်း ဖရန်စီအို့စ် ဘရက်စီ
    http://www.m-mediagroup.com/news/27157

    အမေရိကန် အဆိုတော် ဂျနီဖာဂရောက်(Jennifer Grout)
    http://www.m-mediagroup.com/news/23316

    နိုက်ဂျီးရီယားလက်ရွေးစင် ဘောလုံးကစားသမားဟောင်းဖြစ်သူ အီမဲကာ အက်ဇယူဂို
    http://www.m-mediagroup.com/news/22739

    Ref : onislam, ibtimes

  • ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဆွတ်ခူး

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    rnd 2

    – ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဆုကြေညာခြင်း အခမ်းအနားကို ဇူးရစ်ခ်ျမြို့တွင် ယမန်နေ့ ညနေက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရော်နယ်ဒိုမှာ စုစုပေါင်း မဲအရေအတွက် ၃၇.၆၆ ရာခိုင်နှုန်းဖြင့် မက်ဆီ၊ နူအာတို့ကိုကျော်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မက်ဆီကမူ ၁၅.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့ပြီး ဂျာမန်ဂိုးသမား နူအာက ၁၅.၇၂ ရာခိုင်နှုန်းဖြင့် တတိယရရှိခဲ့သည်။

    `ကျွန်တော့်အမေနဲ ကျွန်တော့်ရဲ့မိသားစုကို တွေ့နေရပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် နည်းပြ၊ အသင်းဖော်တွေနဲ့ အသင်းရဲ့ ဥက္ကဌကိုရောပေါ့ဗျာ။ မမေ့နိုင်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒီလိုဆုကို ရခဲ့တာဟာ ထူးခြားမှုဖြစ်ပြီး ကျွန်တော် ပြောချင်တာကတော့ လက်ရှိအတိုင်း ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး တစ်ဦးချင်း၊ အသင်းလိုက် ဆုတံဆိပ်တွေ ပိုမိုရရှိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့် မိဘတွေ အတွက်ပေါ့ဗျာ´ ဟု ရော်နယ်ဒိုက ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

    ယမန်နှစ်ကလည်း အဆိုပါဆုကို ရရှိခဲ့သည့်အတွက် ယခုဆုမှာ ရော်နယ်ဒို၏ သုံးကြိမ်မြောက် Ballon d’Or ဆုဖြစ်ပြီး ၂ ကြိမ်ဆက်ရရှိခဲ့သည့် ပထမဆုံး ရီးယဲလ်ကစားသမား ဖြစ်လာခဲ့သည်။

    ရော်နယ်ဒိုကမူ မိမိအနေဖြင့် ထိုဆုကို သုံးကြိမ်သုံးခါတိုင်တိုင် ရရှိလိ့မ်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားတစ်ဦး ဖြစ်ချင်ကြောင်း၊ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားအတွင် အကောင်းဆုံး နည်းပြဆုကိုလည်း ချီးမြှင့်ခဲ့ပြီး ဂျာမနီအသင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေးခဲ့သည့် နည်းပြ ဂျိုအာချင်းလိုက အန်ဆယ်လော့တီ၊ ဆီမြွန်နီတို့ကို ကျော်ဖြတ်၍ အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။

    Ref : dailymail

  • ပန်းသေးမိသားစု(မန္တလေး) တမန်တော်နေ့နှင့် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်

    ပန်းသေးမိသားစု(မန္တလေး) တမန်တော်နေ့နှင့် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်

    ဇန်နဝါရီ ၁၃၊ ၂၀၁၅
    M-Media
    သတင်း-Maung Kaung Myat (M-Media CJ)
    10917319_987849294577222_6965500185070723292_n
    မန္တလေးမြို့ ပန်းသေးဗလီ မိသားစုဝင်များ (၂၀၁၃-၂၀၁၄) ခုနှစ် ပညာသင်နှစ်မှာ  တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင် ခဲ့တဲ့ ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုပွဲ နှင့် တမန်တော်နေ့ အခမ်းအနားကို ၂၀၁၅ ခုနှစ်  ဇန်နဝါရီလ ၁၁ ရက် (တနင်္ဂနွေ)နေ့ မနက် ၉ နာရီမှာ  မန္တလေးမြို့ ပန်းသေးဗလီ ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားကို ပန်းသေး ဗလီဝတ်ကျောင်းတော် ရှေ့ဆောင်မှ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈယ်၍ ဖွင့်လှစ်ပြီး ပန်းသေးဗလီမှ ဆရာကြီး  မာကျိဝေဝူးစော မှ မဟာတမန်တော်မြတ်ကြီး၏ စီရတ်တရားတော်များ ဟောကြားပါတယ်။
    1622069_987849401243878_5989405102490730948_n

    10917601_377165982444183_1879399304_n
    ပြီးနောက် ဂေါပက အတွင်းရေးမှူးမှ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ ၂၀ ကျော်အား ဂုဏ်ထူးရ ဘာသာရပ်များ အလိုက် ဆုချီးမြှင့်ခဲ့ကြပါတယ်။

    အဲဒီနောက်မှာတော့ အခမ်းအနားဆို ဆုမွန် ဒုအာ တောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

    အဆိုပါ အခမ်းအနားသို့ ဘာသာရေး အဖွဲအစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပန်းသေးဗလီဂေါပကများ၊ ပန်းသေးမိသားစုဝင်များ၊ တက္ကသိုလ် ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား/ကျောင်းသူများနှင် ၄င်းတို့၏ အုပ်ထိန်းသူမိဘများ၊ မြင့်မြတ်ဖြူစင် မွတ်စလင်မ် ကုသိုလ်ဖြစ် ဆေးရုံမှ အုပ်ချူပ်ရေး ကော်မတီဝင်များ၊ အပါအဝင် တက်ရောက်လာသူ ၃၀၀ ကျော်အား ပန်းသေး ဟင်းလျာများဖြင့် နေ့လည်စာ တည့်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

     

    More Photo

    ဓါတ်ပုံ- ပန်းသေးမိသားစု – မန္တလေးမြို့(FB)၊ Maung Kaung Myat (M-Media CJ)

  • ဗဟိုအာဖရိကနိုင်ငံ မငြိမ်မသက်မှုအတွင်း မွတ်စလင်များ သတ်ဖြတ်ခံနေရ

    ဗဟိုအာဖရိကနိုင်ငံ မငြိမ်မသက်မှုအတွင်း မွတ်စလင်များ သတ်ဖြတ်ခံနေရ

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    car

    – မငြိမ်မသက်ဖြစ်နေသော ဗဟိုအာဖရိကနိုင်ငံတွင် ခရစ်ယာန်ပြည်သူစစ်များ၏ တိုက်ခိုက်သတ်ဖြတ်မှုများကို မွတ်စလင်များက ရင်ဆိုင်နေရပြီး ထောင်ပေါင်း များစွာမှာလည်း ပတ်ဝန်းကျင်နိုင်ငံများသို့ လေယာဉ်များ၊ ထရပ်ကားများဖြင့် ထွက်ပြေးနေကြရသည်ဟု သိရသည်။

    မြို့များ၊ ရွာများတွင်သာမက မြို့တော်ဘန်ဂူတွင်ပါ ခရစ်ယာန်ပြည်သူ့စစ်များက တောခုတ်ဓားများ ကိုင်ဆောင်ကာ လူနည်းစု မွတ်စလင်များကို သတ်ဖြတ် နေကြခြင်းဖြစ်ပြီး မကြာသေးမီ ရက်များအတွင်းကပင် မွတ်စလင်များ၏ အိမ်များ၊ ဆိုင်များကို လုယက်ဖျက်ဆီးကာ ဗလီဝတ်ကျောင်းတော်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု မျက်မြင်သက်သေများ၊ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များက ပြောကြားခဲ့သည်။ မွတ်စလင် ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ထိုကဲ့သို့သော ကြမ်းကြုတ်မှုများမှာ ပြီးခဲ့သည့်လက မွတ်စလင်ခေါင်းဆောင် ဒီဂျိုတိုဒီယာ အာဏာစွန့်လွှတ်၍ တိုင်းပြည်မှ ထွက်သွားခဲ့ပြီးနောက် ပိုမို ဆိုးဝါးလာခဲ့ခြင်းဖြစ်သည်။

    ဒီဂျိုတိုဒီယာမှာ အာဏာသိမ်းမှု တစ်ခုအတွင်း နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်ပြီး တိုင်းပြည်အား တည်ငြိမ်စေရန် ရည်ရွယ်၍ အာဏာအား စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ၀န်ထမ်းများ နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများထက် ယခုအခြေအနေမှာ ပိုမိုဆိုးဝါးနေသည်ဟု ပြောကြားခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ် သောကြောနေ့ကလည်း မွတ်စလင်များမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ ချဒ်နိုင်ငံမှ စစ်သားများ၏ အစောင့်အရှောက်ဖြင့် ထရပ်ကားနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရာ ခရစ်ယာန်ဒေသများအရောက်၌ ခရစ်ယာန်များက ၎င်းတို့၏ ထရပ်ကားအား လုယက်ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။

    ထိုအအဖြစ်အပျက်အတွင်း မွတ်စလင်တစ်ဦးမှာ ထရပ်ကားပေါ်မှ ပြုတ်ကျခဲ့ပြီး ခရစ်ယာန်လူအုပ်ကြီး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထို့ပြင် လေဆိပ်တွင်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် မွတ်စလင် ထောင်ပေါင်းများစွာ ရှိနေပြီး ကယ်တင်မှုကို စောင့်ဆိုင်းနေကြသည်။

    ခရစ်ယာန်များမှာလည်း မွတ်စလင်အချို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကုလသမဂ္ဂနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများကမူ နိုင်ငံအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပွားနိုင်သည်ဟု ထုတ်ဖော်ပြောကြာထားသည်။

    Ref : washingtonpost