News @ M-Media
Month: January 2015
  • ဂျာမနီရှိ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ၀န်ကြီးချုပ် မာကဲလ် ပါဝင်မည်
    ဂျာမနီရှိ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ၀န်ကြီးချုပ် မာကဲလ် ပါဝင်မည်
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    nazi
    PEGIDA ကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် `ငါတို့ နာဇီမဟုတ်´ ဟူသော စာတမ်းကို ကိုင်ဆောင်ထားသည့် ဂျာမန်ပြည်သူများ
    – လူ့အဖွဲ့အစည်း အတွင်း သည်းခံမှုများ ရှိလာရန်၊ ပဲရစ်တိုက်ခိုက်မှုအား ရှုတ်ချရန်နှင့် ဂျာမနီတွင် မြင့်တက်လာသော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ ဂျာမနီရှိ မွတ်စလင် လူ့အဖွဲ့အစည်းမှ ပြုလုပ်သော ချီတက်လမ်းလျှောက်ပွဲတွင် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပါဝင်မည်ဟုသိရသည်။
    ဂျာမနီမွတ်စလင်ဗဟိုကောင်စီမှ စီစဉ်သော အဆိုပါ ချီတက်လမ်းလျှောက်မှုကို ဇန်န၀ါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ဘာလင်ရှိ အထင်ကရ နေရာ တစ်ခုဖြစ်သော Brandenburg Gate မှ စတင်ချီတက်မည်ဖြစ်သည်။ “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ထိုချီတက်ပွဲတွင် ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
    PEGIDA မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန် မြို့၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဂျာမန်ပြည်သူများက နိုင်ငံတစ်ဝှမ်းတွင် ထိုအဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချသော ဆန္ဒပြမှုများကို တန်ပြန် ပြုလုပ်ခဲ့ကြသည်။
    မာကဲလ်ကမူ ပဲရစ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ချင်းပင် ထိုလုပ်ရပ်အား ဆန့်ကျင်ရှုတ် ချခဲ့ကြသည့် နိုင်ငံအတွင်းမှ မွတ်စလင် လူ့အဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း ယမန်နေ့က ပြောကြားခဲ့ကြသည်။
    Ref : aljazeera
  • ပွဲ ၁၀၀၀မြောက်အနိုင်နဲ့ ဖလားရခဲ့တဲ့ ရော်ဂျာဖက်ဒါရာ
    ပွဲ ၁၀၀၀မြောက်အနိုင်နဲ့ ဖလားရခဲ့တဲ့ ရော်ဂျာဖက်ဒါရာ
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    fdr
    – ဆွစ်ဇလန် တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရာမှာ ၎င်း၏ အကြိမ် ၁၀၀၀ မြောက် နိုင်ပွဲနှင့် အတူ Brisbane International ဆုဖလားကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    တနင်္ဂနွေနေ့က ကစားခဲ့သော နောက်ဆုံးဗိုလ်ပွဲတွင် ဖက်ဒါရာမှာ ပြိုင်ဘက် ရာအိုနစ်ကို အကြိတ်အနယ်ကစားခဲ့ရပြီး ၂ နာရီနှင့် ၃၁ မိနစ်ကြာ ကစားခဲ့ပြီးမှ ၆-၄၊ ၆-၇ (၂-၇)၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
    ထိုပွဲအနိုင်မှာ ဖက်ဒါရာ၏ တင်းနစ်ကစားသမားသက်တမ်းတစ်လျှောက် ပွဲ ၁၀၀၀ မြောက် အနိုင်ရခြင်းလည်းဖြစ်ပြီး ဖလားရရှိခဲ့ခြင်းက ၎င်းအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    `သိပ်ကို ထူးခြားတဲ့အချိန်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ နှစ်များစွာကြာ ကျွန်တော်ဟာ တင်းနစ်ကစားခဲ့ပြီး ဒီည ပွဲ ၁၀၀၀ မြောက်နိုင်ပွဲရခြင်းဟာ ကျွန်တော့်အတွက်တော့ သိပ်ကို အဓိပ္ပါယ်ရှိပါတယ်။ ဒီပွဲကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး´ ဟု ဖက်ဒါရားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ပြိုင်ဘက် ရာအိုနစ်ကလည်း ဖက်ဒါရာအား ချီးကျူးခဲ့ပြီး ယနေ့ပွဲမှာ ဖက်ဒါရာအတွက် သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်သည်ကို မိမိတို့အားလုံး သိရှိသည်ဟု ပြောကြားခဲ့သည်။
    Ref: dailymail
  • မိမိဥက္ကဌဖြစ်ပါက ဖီဖာအား ပိုမိုပွင့်လင်းသော အဖွဲ့အဖြစ် ပြုလုပ်သွားမည်ဟု ဂျော်ဒန်  အိမ်ရှေ့မင်းသားပြော
    မိမိဥက္ကဌဖြစ်ပါက ဖီဖာအား ပိုမိုပွင့်လင်းသော အဖွဲ့အဖြစ် ပြုလုပ်သွားမည်ဟု ဂျော်ဒန် အိမ်ရှေ့မင်းသားပြော
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    Prince Ali bin Al Hussein
    – မိမိအနေဖြင့် ဖီဖာဥက္ကအဖြစ် ရွေးချယ်ခံရပါက ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်လာသည့် အဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဟု ဂျော်ဒန်အိမ်ရှေ့မင်သား အလီ ဘင် အလ် ဟူစိန်က ပြောကြားခဲ့သည်။
    လက်ရှိတွင် ဖီဖာဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မင်းသားအလီမှာ ဖီဖာ၏ ဥက္ကဌနေရာအတွက် ဆပ်ဘလတ္တာနှင့် ယှဉ်ပြိုင်သွားမည့် ၎င်း၏ အစီအစဉ်ကို ပြီးခဲ့သည့် တစ်ပတ်က ကြေညာခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများနှင့် ပတ်သက်၍ ချစားမှုများရှိခဲ့သည်ဆိုသော သတင်းများကြောင့် နာမည်ပျက်နေသော ဖီဖာအားပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိပေးခဲ့သူလည်းဖြစ်သည်။
    `ဖီဖာဟာ နည်းနည်းလျှို့ဝှက်တဲ့ အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်မှုရှိရမှာဖြစ်ပြီး၊ ပွင့်လင်းဖို့၊ လူတိုင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း ဆောင်ရွက်ရပါလိ့မ်မယ်´ဟု မင်သားအလီက စနေ့နေ့တွင် မဲလ်ဘုန်း၌ ပြုလုပ်ခဲ့သော အာရှဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် အလီက မိမိအနေဖြင့် ဖီဖာဥက္ကဌဖြစ်လာရေး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ၏ ထောက်ခံအားပေးမှုကို ရရှိရန်အတွက် မိမိရှေ့တွင် ကြီးမားသည့် စမ်းသပ်မှုများ ရှိနေသည်ဟုလည် ၀န်ခံခဲ့သည်။
    ထို့ပြင် အလီက ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ဖီဖာ တရားသူကြီးဟောင်း မိုက်ကဲလ် ဂါစီယာ၏ အစီရင်ခံစာကိုလည်း လူသိရှင်ကြား ထုတ်ပြန်ရန် ထပ်မံ တိုက်တွန်းခဲ့သည်။
    လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက ဖီဖာဥက္ကဌရာထူးကို ရယူထားသူ ဆပ်ဘလတ္တာမှာ ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် ရှိနေသည်။
    Ref: alarabiya
  • ယခုတစ်ပတ်ထုတ် မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံ ထည့်သွင်းမည်ဟု Charlie Hebdo မဂ္ဂဇင်းပြော
    ယခုတစ်ပတ်ထုတ် မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံ ထည့်သွင်းမည်ဟု Charlie Hebdo မဂ္ဂဇင်းပြော
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    char
    – အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် ၁၂ ဦးသေဆုံးခဲ့သည့် သေနတ်သမားများ၏ တိုက်ခိုက်ခံမှုပြီးနောက် ပထမဆုံး ထုတ်ဝေမည့် Charlie Hebdo မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ထည့်သွင်းဖော်ပြမည်ဟု မဂ္ဂဇင်းတိုက် တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    ဇန်န၀ါရီ ၁၂ ရက်နေ့ ညပိုင်းက အွန်လိုင်းတွင် လွှင့်တင်ခဲ့သော အဆိုပါ မဂ္ဂဇင်း၏ မျက်နှာဖုံးကာဗာတွင် Je suis Charlie (I’m Charlie) ဟူသော စာတန်းကို ခေါင်းပေါင်းအဖြူဖြင့် အမျိုးသားတစ်ယောက်က ကိုင်ထားသည့်ပုံကို ဖော်ပြထားသည်။
    အဆိုပါ မဂ္ဂဇင်းတိုက်၏ ရှေ့နေဖြစ်သူ ရစ်ချက် မာလ်ကာကမူ မိမိတို့မှာ မည်သည့်အခါမှ နောက်ဆုတ်သွားမည် မဟုတ်ကြောင်း၊ Charlie မဂ္ဂဇင်း၏ မူမှာ ဘာသာတရားများအား စော်ကားပြောဆိုခွင့်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယခင်က အုပ်ရေ ၆၀၀၀၀ သာ ရိုက်နှိပ်ထုတ်ဝေနေသော အဆိုပါမဂ္ဂဇင်းကို ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့ ထုတ်ဝေမည့်အချိန်တွင် စောင်ရေ ၃ သန်း ရိုက်နှိပ်ထုတ်ဝေသွားရန် စီစဉ်ထားသည်။
    ထိုက်ခိုက်မှုအတွင်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် ကာတွန်းဆရာ လုဇ်ကမူ မိမိတို့မှာ အေးအေးဆေးဆေးဖြစ်နေပြီး အိပ်မက်ဆိုးများမှာလည်း လွင့်ပြယ်သွားပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် မဂ္ဂဇင်းဖြန့်ဝေရေးအတွက်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
    အဆိုပါ မဂ္ဂဇင်းမှာ ယခင်ကလည်း တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာအပါအ၀င် အခြားသော ဘာသာတရာများအား စော်ကားလှောင်ပြောင်သည့် ကာတွန်းများကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် သေနတ်သမားက ၎င်းမှာ တမန်တော်မိုဟာမက်အား လှောင်ပြောင်သော ကာတွန်းအတွက်
    လက်စားချေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အမေရိကန်ရှိ သြဇာကြီးမာသော ခရစ်ယာန်ကက်သလစ်အဖွဲ့ တစ်ခုလည်း ဘာသာတရားများအား စော်ကားနေသည့် အဆိုပါမဂ္ဂဇင်းကို ဝေဖန်ခဲ့ပြီး အကြမ်းဖက်မှုများကို ရှုတ်ချသည့်နည်းတူ ဘာသာတရားများအား ထိုကဲ့သို့ စော်ကားမှုများကိုလည်း သည်းခံ၍မဖြစ်ဟု ပြီးခဲ့သည့်တစ်ပတ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    Ref : RT
  • “ဓမ္မစကူး-ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း” များ တွင် ကလေးများ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များ ရိုက်သွင်းနေမှု မလုပ်စေချင် (ပေးစာ)
    “ဓမ္မစကူး-ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း” များ တွင် ကလေးများ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များ ရိုက်သွင်းနေမှု မလုပ်စေချင် (ပေးစာ)
    ဇန်နဝါရီ ၁၃ ၊ ၂၀၁၄
    M-Media
    .ရွှေကရိတ် မောင်မောင် ပေးပို့သည်။
    47
    ကလေးသူငယ်များအား မိမိတို့ ကိုးကွယ်ရာ ဘာသာရေး အဆုံးအမများ ကိုသင်ကြားပေးခြင်း သရဏဂုံစွဲမြဲအောင် လေ့ကျင့်ပေးခြင်းတို့ သည် မွန်မြတ်ကောင်းမွန်သော လုပ်ငန်းများဖြစ်ပါသည်-
    သို့သော်-
    လိမ္မာယဉ်ကျေးသင်တန်း-ဟုအမည်ခံ၍ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးရာပျက်စီးကြောင်းကို ရည်ရွယ်ပြီး လူငယ်များ၏ရင်တွင်းအသည်းတွင်းသို့ အမုန်းတရားများ ရိုက်သွင်းပေးနေခြင်းသည် အလွန် အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်ပါသည်- အဆိုပါ လုပ်ငန်းကို မဘသအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီဝင် များက အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်-
    ၁၁-၁-၂၀၁၅ ရက် တနင်္ဂနွေနေ့ နံနက် (၉)နာရီက ရမည်းသင်းမြို့တွင် ဓမ္မစကူး(ယဉ်ကျေးလိမ္မာသင်တန်း) ကျောင်းဆင်းပွဲ အခန်းအနားကျင်းပပြုလုပ်ခဲ့ပါသည်-
    အဆိုပါ အခန်းအနားသို့ ရမည်းသင်းမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကိုလည်း ဖိတ်ကြားတက် ရောက်စေခဲ့ပါသည်-
    ရမည်းသင်းမြို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှာ သမ္မတကြီးဦးသိန်းစိန်၏ ခမည်းခမက်ဖြစ်သူ သံအမတ် ကြီးဟောင်း ဦးစိန်ဝင်းအောင် ဥက္ကဌအဖြစ်ဆောင်ရွက်နေ သော မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့၏ မြို့နယ်အဖွဲ့ခွဲဖြစ်ပါသည်-
    အဆိုပါအခန်းအနားတွင် ကြံခိုင်ရေးပါတီ၏ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်း (ပညာရေးမှူး/ငြိမ်း)မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်-
    ထိုသို့ပြောကြားရာ၌ ဦးဇော်ဝင်းက ဓမ္မစကူး တက်ရောက်ခြင်း၏ အကျိုးကျေးဇူးကို သူ၏သားငယ် ကိုဥပမာပြ၍ ပြောသွားပါသည်-
    ဦးဇော်ဝင်းသည် သူ၏သားငယ်နှင့်အတူ မန္တလေးမြို့သို့ အလည်အပတ်သွားခိုက် လမ်းခရီး ကားခေတ္တ ရပ်နားစဉ် သားငယ်က မုန့်စားချင်သည်ဆို၍ မုန့်ဖိုးပေး မုန့်ဝယ်ခိုင်း သောအခါ မုန့်ဝယ်ထွက်သွားပြီးအပြန် သားငယ်လက်ထဲ မုန့်ပါမလာဘဲ ပိုက်ဆံသာပြန်ပါလာသဖြင့် သားငယ်အား မုန့်ဆိုင်မရှိဘူးလားမေးရာ- “မုန့်ဆိုင်က မုတ်ဆိတ်ကြီးနဲ့ ဘာသာခြားတွေဘဲတွေ့လို့ အားမပေးခဲ့ဘူး” ဟုဆိုကာ မုန့်ဖိုးပိုက်ဆံကို ဖခင်အား ပြန်ပေးသဖြင့်-ဦးဇော်ဝင်း အနေနှင့် သားဖြစ်သူအတွက် ဂုဏ်ယူရကြောင်း-
    ဤသည်မှာ ဓမ္မစကူး(ယဉ်ကျေးလိမ္မာသင်တန်း)တက် ရောက်ခဲ့သည့် အကျိုးကျေးဇူးပင်ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်-
    ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဘာသာခြားများ၏ ရှေ့မှောက်တွင် ရည်ရွယ်ချက်ရှိရှိပြောကြားခဲ့ခြင်းဖြစ်ပါ သည်-မည်သည့် ရည်ရွယ်ချက်ဆိုသည်ကိုတော့ မသိရပါ-
    အခန်းအနားသို့ တက်ရောက်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုယ်တိုင်က ဦးဇော်ဝင်း၏ပြော စကားများအတွက် များစွာ စိတ်မချမ်းမမြေ့ဖြစ်နေကြကြောင်း-
    တည်ငြိမ်အေးချမ်းသည့် အခြေအနေတွင်သာ အားလုံး နေလိုကြပြီဖြစ်ကြောင်း-
    ယခုလို ပြောကြားမှုဟာ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက်ပြုရာရောက်ကြောင်း-
    ကလေးငယ်များ၏ နှလုံးသား အတွင်းသို့ အမုန်းတရား များရိုက်သွင်းနေသည့် ဓမ္မစကူး၏ သင်ရိုးညွှန်းတမ်းများ ကို ပြန်လည်စီစစ် ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း-
    ဦးဇော်ဝင်းပြောကြားချက်များသည် ဓမ္မစကူးနှင့် ဗုဒ္ဓဘာ သာ၏ပုံရိပ်ကို အလွန်အမင်း အကျဉ်းတန်စေကြောင်း- ရမည်းသင်းမြို့ခံများမှ ပြောကြားခဲ့ကြပါသည်-
    မကြာမှီ ရောက်ရှိလာတော့မည့် နွေရာသီ အားလပ်ရက် များတွင် အနယ်နယ်အရပ်ရပ်၌ ဓမ္မစကူး(ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း)များ ဖွင့်လှစ်ကြတော့မည်ဖြစ် ပေသည်-
    ယခုလက်ရှိပုံစံဖြင့် ကလေးသူငယ်များကို လူမျိုးရေး ဘာသာရေးခွဲခြားမှု အမုန်းတရားများ ရိုက်သွင်းပေးနေပါ က ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြ သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်မှာ စိုးရိမ်ဖွယ်သာဖြစ်ပါကြောင်း-တင်ပြအပ်ပါသည်-။
    သရုပ်ဖော်ကာတွန်း- လဂွန်းအိန်
    —————————
    M-Media ပေးစာကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။