News @ M-Media

Month: January 2015

  • ဇောက်ထိုးမိုးမျှော် မြန်မာ့နိုင်ငံရေး (စာရေးဆရာ ဂျာနယ်လစ် ဘာတီးလ် လင့်တ်နာနှင့် အင်တာဗျူး)

    ဇောက်ထိုးမိုးမျှော် မြန်မာ့နိုင်ငံရေး (စာရေးဆရာ ဂျာနယ်လစ် ဘာတီးလ် လင့်တ်နာနှင့် အင်တာဗျူး)

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၅
    M-Media
    ဘာသာပြန်-မြင့်မိုရ်မောင်မောင်
    Author-Bertil-Lintner
    မြန်မာ့အရေးစောင့်ကြည့်သူ နာမည်ကြီး ဂျာနယ်လစ်နှင့် (“Outrage” ၊ “Aung San Suu Kyi and Burma’s Struggle for Democracy” စာအုပ်ရေးသူ) စာရေးဆရာ ဘာတီးလ် လင့်တ်နာ Bertil Lintner သည် ရက်သတ္တပတ်ကြာ စာနယ်ဇင်းအလုပ်ရုံဆွေးနွေးပွဲအတွက် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ကနဦးပိုင်းက အမည်ပျက်စာရင်းသွင်းခံရသည့် အဆိုပါစာရေးသူကို ထိုကာလအတွင်း သဉ္ဗာအောင်(မဇ္ဈိမသတင်းဌာန)မှ လက်ရှိနိုင်ငံရေးဖြစ်စဉ်၊ လာမည့်နှစ်အရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး။ ။ လမ်းစဉ် ၇ ရပ်ကို ချမှတ်လျှောက်လှမ်းနေတယ်လို့ ကနဦးပိုင်းမှာ အစိုးရဖက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဘယ်စခန်းကိုဆိုက်နေ(တယ်လို့မြင်)ပါသလဲ ?

    ဖြေ။ ။ ကျွန်တော့်အမြင်အရ လမ်းဆုံးရောက်နေပါတယ်။ နောက်ထပ်ခြေလှမ်းဆိုလို့ အလျဉ်း မတွေ့ရသေးပါဘူး။

    မေး။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြန်လည်ပြုပြင်မှုတွေဟာ အစစ်အမှန်လား?

    ဖြေ။ ။ အစစ်အမှန် မဟုတ်ပါဘူး။ ကျွန်တော့်မိတ်ဆွေတစ်ဦးက ဒီလိုစကားနဲ့ အဖြေထုတ်ခဲ့တယ်။ “လက်ရှိမှာ အရာရာအားလုံး ကွဲပြားခြားနားနေပါသော်လည်း ပြောင်းလဲတာဆိုလို့ ဘာမှ မရှိပါဘူး”တဲ့။ ယခင်ကထက် သတင်းစာလွတ်လပ်ခွင့် ပိုရလာတယ်။ နိုင်ငံရေးပါတီတွေ လှုပ်ရှားမှုတွေ လုပ်လာနိုင်တယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းထဲမှာ အခြေခံအာဏာအဆောက်အဦကတော့ မပြောင်းလဲသွားပါဘူး။

    ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း တစ်ခုတစ်လေမျှ အပြောင်းအလဲ လုပ်မရစေမယ့် တချက်လွှတ်ဗီတိုအာဏာ လက်ကိုင်ပြုနိုင်အောင် လွှတ်တော်ထဲမှာ စစ်တပ်အတွက် နေရာ ၂၅ ရာခိုင်နှုန်း အရံသင့်ထားရှိယုံတင် မကသေးဘူး။ နိုင်ငံ့လုံခြုံရေးအပေါ် အဓိကကိုင်တွယ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ၀န်ကြီးတွေကို ခန့်အပ်ခြင်းမှာလည်း စစ်တပ်ရဲ့အဆုံးအဖြတ်က အခရာကျနေဆဲဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ အလွန်အင်မတန် အရေးပါတဲ့ကဏ္ဍဖြစ်နေပါတယ်။ ဒီထက်ဆိုးတာကတော့ လက်နက်ကိုင်တပ်ဖွဲ့များဟာ ရွေးချယ်ခံအစိုးရ သို့မဟုတ် ပါလီမန်ထက် စစ်ဦးစီးချုပ်ကို နာခံအရေးပေးနေခြင်းပါပဲ။

    မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်လာနိုင်ပါသလား ?

    ဖြေ။ ။ အစဉ်အလာအရ ဖြစ်နိုင်ချေများပါတယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ဟာ အစိုးရအဖွဲ့ ကိုင်တွယ်ထိန်းချုပ်မရတဲ့ အခြေအနေမှာ သမ္မတရဲ့အဆုံးအဖြတ်နဲ့ စစ်တပ်ကို အာဏာလက်ပြောင်းယူခွင့် ပေးထားလို့ပါပဲ။ ဒါကြောင့် အတိတ်ကလို အာဏာသိမ်းမှုမျိုး မဟုတ်ဘဲ နိုင်ငံတော်ဖွဲ့ပုံခြေဥအရ စစ်တပ်ကို အာဏာလွှဲပြောင်းပေးလိုက်ခြင်း ဖြစ်လာနိုင်ပါတယ်။

    မေး။ ။ ဦးသိန်းစိန်အစိုးရလက်အောက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ လူတွေက ဆိုကြတယ်။ တကယ်ရောဖြစ်လာနိုင်ပါ့မလား ?

    ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ လမ်းကြောင်းချော်နေလို့ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုမှာ အပစ်အခတ်ရပ်စဲမှုကို ကြေငြာတယ်။ ဘာကိုမှ လက်မှတ်မထိုးဘဲ ကြေငြာတယ်။ အဲ့ဒီနောက်မှ ပြောဆိုဆွေးနွေးပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိပ်သဘောတူညီချက်တွေကို ပြောဆိုဆွေးနွေးခြင်း မရှိပါဘူး။ ဒါဟာ အခု လုပ်နေတဲ့ပုံစံပါ။ (ဒီမှာကျတော့) စစ်ဘာကြောင့်ဖြစ်နေရသလဲ ဆိုတဲ့ နိုင်ငံရေးအရင်းအမြစ်အကြောင်းတွေ ပြောတယ်။ အဲ့ဒီနောက် စုံညီသဘောတူညီချက်နဲ့ စာချုပ်လက်မှတ်ထိုးမယ်။ အပစ်အခတ်ရပ်စဲရေး မဟုတ်ဘဲ နိုင်ငံရေးသဘောတူညီချက် လက်မှတ်ထိုးမှုတစ်ရပ်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ (ဒီလို) ဇောက်ထိုးမိုးမျှော် လုပ်နေကြတယ်။ ဒါကြောင့် အလုပ်မဖြစ်နိုင်ဘူးလို့ ပြောတာပါ။

    မေး။ ။ ပါလီမန်ထဲ NLD ရဲ့အခင်းအကျင်းနဲ့ပတ်သက်ပြီး မနှစ်မြို့တဲ့ ဝေဖန်သူတွေ များပြားနေတယ်။ ဒီအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောနိုင်ပါသလား ?

    ဖြေ။ ။ ပုံမှန်အားဖြင့် အတိုက်အခံဆိုတာ အသွင်မတူတာကို တင်ပြအရေးဆိုကြတယ်၊ လက်ရှိအာဏာပိုင်တွေရဲ့မူဝါဒများနဲ့ ကွဲလွဲတာကို တင်ပြကြတယ်။ ကျွန်တော် တွေ့ရသမျှ NLD မှာ ဒီလိုအခင်းအကျင်း ရှိမနေဘူး။

    မေး။ ။ အစိုးရရဲ့ အာဏာရပါတီ USDP မှာ အကွဲအပြဲဖြစ်နေပြီလို့ တချို့က ဆိုနေကြတယ်။ အဲ့ဒါ …… ?

    ဖြေ။ ။ သူတို့ မကွဲပြဲပါဘူး။ ဒါပေမယ့် မတူညီတဲ့ ဘက်တော်သားသုံးမျိုး ပါဝင်နေတယ်။ တစ်ခုက ဦးသိန်းစိန်၊ ဒုတိယက ဦးရွှေမန်း၊ တတိယက ဦးအောင်သောင်းရဲ့ ဘက်တော်သားတွေဖြစ်ကြတယ်။ ဦးအောင်သောင်း ဦးဆောင်တဲ့အုပ်စုကတော့ အမာခံအုပ်စုဖြစ်နိုင်ပါတယ်။ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုမိုသဟဇာတ ဖြစ်လာပြီး ဦးသိန်းစိန်ကတော့ အဲ့ဒီကြားထဲမှာ နေနေတယ်။ ကွဲပြဲတယ်လို့ ပြောလို့မရပါဘူး။

    မေး။ ။ ရွေးကောက်ပွဲကာလအထိ သူတို့တစ်တွေ ရွှေလက်တွဲ မြဲနိုင်ကြပါ့မလား ?

    ဖြေ။ ။ စောင့်ကြည့်ရမှာပါပဲ။

    မေး။ ။ ဦးရွှေမန်းနဲ့ သူ့ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဆောင်ရွက်ချက်အပေါ် ခင်ဗျား ဘယ်လိုထင်မြင်သုံးသပ်ပါသလဲ ?

    ဖြေ။ ။ ဦးရွှေမန်းကို ကျွန်တော် ဘယ်လိုမြင်သလဲဆိုတာ အရေးမကြီးပါဘူး။ သာမည ကိစ္စလေးပါ။ တကယ်အရေးကြီးတာက ဦးရွှေမန်းအပေါ် စစ်တပ်က ဘယ်လိုမြင်သလဲ ဆိုတာဖြစ်ပါတယ်။ သူ့ထက် တပ်မတော်ကဏ္ဍက ပိုအရေးပါတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ သူဟာ လွန်လွန်ကဲကဲ ရည်မှန်းထားပြီး သူ့အသိုင်းအ၀န်းအားဖြင့် စီးပွားရေးသြဇာထူထောင်ဖို့ ကြိုးစားနေတယ်လို့ တချို့က မြင်နေကြတယ်။ ကျွန်တော် ထင်ပါတယ် – တကယ်လို့သာ ဒီအချက်က မှန်နေရင် သူ သမ္မတဖြစ်လာအောင် စစ်တပ်က ကျားကန်ပေးဖို့ ယုံကြည်လောက်စရာ အကြောင်းမရှိတော့ပါဘူး။

    Mizzima သတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် “Author Bertil Lintner: ‘In Myanmar they are putting the cart before the horse’ ” အား  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • ဘာသာတရားများအား စော်ကားခြင်းကို လွှတ်ထား၍မဖြစ်ဟု အမေရိကန် ခရစ်ယာန် ကက်သလစ်အသင်းတစ်ခုမှ ပြော

    ဘာသာတရားများအား စော်ကားခြင်းကို လွှတ်ထား၍မဖြစ်ဟု အမေရိကန် ခရစ်ယာန် ကက်သလစ်အသင်းတစ်ခုမှ ပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    cahr

    – ဗုဒ္ဓဟူးနေ့က သေနတ်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော Charlie Hebdo သတင်းစာတိုက်က ဘာသာတရားများအပေါ် စော်ကားရေးသားခြင်းကို အမေရိကန်ရှိ ခရစ်ယာန် ကက်သလစ်အသင်း Catholic League က ဝေဖန်လိုက်ပြီး အကြမ်းဖက်လုပ်ရပ်များအား လှုံ့ဆော်ပေးသည့် အဆိုပါ စော်ကားမှုများကိုလည်း သည်းခံ၍ မဖြစ်ဟု ပြောကြားလိုက်သည်။

    ထိုတိုက်ခိုက်မှုအတွင်း အယ်ဒီတာအပါအ၀င် သတင်းစာတိုက်မှ ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ ၂ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်။ Catholic League ဥက္ကဌ ဘီလ် ဒိုနိုဟူကမူ ထိုသတင်းစာက တမန်တော်မိုဟာမက်အား စော်ကားမှုအတွက် မွတ်စလင်များ ဒေါသထွက်ခြင်းမှာ မှန်ကန်သည်ဟု အသင်းမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    သို့သော်လည်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သည့် လုပ်ရပ်ကိုမူ ရှုတ်ချခဲ့သည်။

    `ဘယ်လောက်ပဲဆိုးရွားဆိုးရွား- စော်ကားမှုကို တုံ့ပြန်တဲ့အနေနဲ့ သတ်ဖြတ်တာမျိုးကိုတော့ ပြတ်ပြတ်သားသားကို ရှုတ်ချရမှာပါ။ ဒါ့ကြောင့် ပဲရစ်မှာဖြစ်ခဲ့တာကို သည်းခံလို့ မရပါဘူး။ သိုပေမယ့် ဒီလုပ်ရပ်ကိုဖြစ်အောင် လှုံ့ဆော်ပေးတဲ့ သည်းမခံနိုင်စရာ လုပ်ရပ်မျိုးကိုလည်း လွှတ်ထားလို့ မရပါဘူး´ ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် Charlie Hebdo သတင်းစာ၏ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတရားများကို လွန်လွန်ကျူးကျူး စော်ကားမှုများကိုလည်း အဆိုပါ ကြေညာချက်တွင် ထောက်ပြခဲ့သည်။

    `ခရစ်ယာန်သီလရှင်တွေ လိင်စိတ်ကို ကိုယ်တိုင်ဖြေသိပ်နေတာမျိုး၊ ပုပ်ရဟန်းမင်းကြီးတွေ ကွန်ဒုံးစွပ်ထားတာမျိုး စတဲ့ ကာတွန်းတွေကို သူတို့ ဖော်ပြခဲ့ကြပါတယ်။ ပြီးတော့ တမန်တော်မိုဟာမက်ကိုလည်း ကာမမှုနဲ့ ဆက်နွယ်တဲ့ ပုံစံမျိုးနဲ့ ဖော်ပြခဲ့ပါတယ်´

    ထို့ပြင် Charlie Hebdo သတင်းစာမှာ ခရစ်ယာန်တို့၏ Holy Trinity (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိဥာဉ်တော် သုံးခုပေါင်း၍ဖြစ်သော ဘုရားသခင်) ကို လိင်တူချစ်သူပုံစံမျိုးနှင့် ပေါင်းစပ်ကာ ဖော်ပြခြင်း၊ ခရစ်ယာန်ဘုန်တော်ကြီးမျာအား စော်ကားခြင်း စသည့် ကာတွန်းများကိုလည်း အကြိမ်ကြိမ် ရေးဆွဲဖော်ပြခဲ့သည်။

    ထိုကဲ့သို့ ခရစ်ယာန်နှင့် အစ္စလာမ်သာသနာများအား စော်ကားသည့် ကာတွန်းများ ရေးသားခဲ့မှုကို သတင်းစာတိုက်မှ တာဝန်ရှိသူများက မည်သည့် အရေးယူမှုမှ မပြုလုပ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်က ဂျူးဘာသာအား စော်ကားသည့်ကာတွန်း ရေးဆွဲခဲ့သူ ကာတွန်းဆရာအား ထုတ်ပယ်ခဲ့သည်။

    Catholic League ကြေညာချက် နောက်ဆုံးတွင် `အမေရိကန် ဖွဲ့စည်းပုံအခြေခံဥဒေ၏ ဖခင်´ ဂျိမ်းမက်ဒီဆင်၏ ပြောစကားဖြစ်သော `လွတ်လပ်မှုဆိုတာကြီးကို အဲဒီလွတ်လပ်မှု အလွဲသုံးစားလုပ်ခြင်းနဲ့ အာဏာကို အလွဲသုံးစားလုပ်ခြင်းက အန္တရာယ်ပေးပါလိ့မ်မယ်´ ဟူသည့် စကားကို ဖော်ပြခဲ့ပြီး မိမိတို့အနေနှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ရရှိရမည် ဖြစ်သော်လည်း
    အဆိုပါ လွတ်လပ်ခွင့်၏ တန်ဖိုးကို လေးစားလိုက်နာရမည်ဟု ဖော်ပြခဲ့သည်။

    Ref : washingtonpost

  • လိင်တူချစ်သူများ ကားမောင်းခွင့်ကို ရုရှားပိတ်ပင်

    လိင်တူချစ်သူများ ကားမောင်းခွင့်ကို ရုရှားပိတ်ပင်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    A car drives near an electronic board showing currency exchange rates in central Moscow

    – လိင်ပြောင်းထားသူများနှင့် လိင်တူစိတ်ဝင်စားသူများ ကားမောင်းခြင်းနှင့် လိုင်စင်ရယူခြင်းကို ပိတ်ပင်မည့် ဥပဒေအသစ်တစ်ခုကို ရုရှားအာဏာပိုင်များက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    လိင်တူစိတ်ဝင်စားသူများကို စိတ်မူမမှန်သော ရောဂါရှိသူများ၏ စာရင်းတွင် ထည့်သွင်းကာ ကားမောင်းခြင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အစိုးရကမူ ထိုဆောင်ရွက်မှုမှာ ကားမတော်တဆဖြစ်မှုများ တိုးလာခြင်းကို လျှော့ချရန် ပေါ်လစီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `မတော်တဆကြောင့် သေတဲ့လူတွေ သိပ်များနေပါတယ်။ ဒါ့ကြောင့် လိုင်စင်လျှောက်သူတွေအတွက် ဆေးဘက်ဆိုင်ရာလိုအပ်ချက်ကို တင်းကျပ်လိုက်ခြင်းက တကယ့်ကို ကျိုးကြောင်း ဆီလျော်တဲ့အရာလို့ ယုံကြည်ပါတယ်´ ဟု ပရော်ဖက်ရှင်နယ်
    ကားမောင်းသမားများ အစည်းအရုံး အကြီးအကဲက ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးဆိုင်ရာ ရုရှားဥပဒေပညာရှင်များ အသင်းကမူ အဆိုပါ ဥပဒေသစ်ကို ခွဲခြား ဆက်ဆံမှုအဖြစ် တံဆိပ်ကပ်ခဲ့ပြီး ရုရှားအခြေခံဥပဒေခုံရုံးမှ ရှင်းလင်းချက် ရယူသွားမည်ဟု ပြောကြားခဲ့သည်။

    ကားမောင်းခွင့်မပြုသည့် စိတ်ရောဂါရှင်များ၏ စာရင်းတွင် လောင်းကစားစွဲနေသူနှင့် ခိုးဝှက်လိုသည့်စိတ် ပြင်းထန်နေသူများကိုလည်း ထည့်သွင်းခဲ့သည်။ ရုရှားရှိ ဆရာဝန်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကမူ အဆိုပါ ဆောင်ရွက်ချက်ကို ရှုတ်ချခဲ့သည်။

    ရုရှားမှာ ၂၀၁၃ ခုနှစ်ကလည်း သဘာဝအတိုင်းမဟုတ်သည့် လူနေမှုဘ၀များ တည်ဆောက်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။

    စိတ်ရောဂါ ကျွမ်းကျင်ဆရာဝန်တစ်ဦးဖြစ်သူ မီခေးလ် စထရာကော့ဗ်ကမူ ရုရှားအစိုးရ၏ `စိတ်မူမမှန်သူများ´ စာရင်းမှာ ရှင်းရှင်လင်းလင်းမရှိဘဲ အချို့သော စိတ်မူမမှန်မှုများမှာ ယာဉ်မောင်းရာတွင် ဘေးကင်းရေးကို ထိခိုက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref : BBC

  • ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူများအား အသေဖမ်းမိ

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူများအား အသေဖမ်းမိ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    Hostages after an hold-up in a jewelery in Southern France

    – ဗုဒ္ဓဟူးနေ့က ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်းတိုက်အား သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်ရသည့် ညီအကို ၂ ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ အသေ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်မှုဖြစ်ပွားပြီး ၂ ရက်ကြာ လွတ်မြောက်နေခဲ့သည့် အသက် ၃၂ နှစ်အရွယ်ရှိ စအစ် ကောက်ချီနှင့် ၃၄ နှစ်အရွယ်ရှိ ချရစ်ဖ်ကောက်ချီတို့ နှစ်ဦးမှာ ပဲရစ်မြို့မြောက်ဘက် ပုံနှိပ်တိုက်တစ်ခုအတွင်း ဓားစာခံတစ်ဦးကို ဖမ်းဆီးကာ ပုံးအောင်းနေခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါပုံနှိပ်တိုက်အား ၀န်းရံထားပြီးနောက် ထိုညီအကိုနှစ်ဦးနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က ပုံးအောင်နေရာမှ ထွက်လာကာ ပစ်ခတ်သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံမှာ ထိခိုက် ဒဏ်ရာရခြင်း မရှိချေ။

    ထိုညီအကိုနှစ်ဦးနှင့် ဆက်စပ်နေသည့်ဟု ယူဆရသည့် လူတစ်ဦးကလည်း ယမန်နေ့ နံနက်ပိုင်းတွင် ပေါ်တီ ဒီ ဗင်ဆန်နက်စ်ဒေသရှိ ဆူပါမားကတ်တစ်ခုသို့ ၀င်ရောက်၍ ဓားစားခံများပြန်ပေးဆွဲခဲ့ပြီး ညီအကိုနှစ်ဦးအား လွှတ်ပေးရန် ရဲတပ်ဖွဲ့အား တောင်းဆိုခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့က ဆူပါမားကတ်အား ၀င်ရောက်စီးနင်းခဲ့ရာတွင် အဆိုပါ ပြန်ပေးသမားနှင့်အတူ ဓားစာခံ အနည်းဆုံးလေးဦး သေဆုံးခဲ့သည်။ ဓားစာခံများ ကမူ ရဲတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းခြင်းမပြုမီ သေဆုံးခဲ့ပုံရသည်ဟု ပြင်သစ် တရားသူကြီး ဖရန်ကော့စ် မိုလင်က ပြောကြားခဲ့သည်။

    Charlie Hebdo မဂ္ဂဇင်းမှာ အစ္စလာမ်သာသနာနှင့် တမန်တော်မိုဟမက်တို့အား စော်ကားလှောင်ပြောင်သည့် ကာတွန်းများကို အကြိမ်ကြိမ် ရိုက်နှိပ်ဖော်ပြခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုမှာ ထိုအတွက် လက်စားချေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

    Ref: aljazeera

  • နာရီတွေကို မုန်းတယ်

    နာရီတွေကို မုန်းတယ်

    ဇန်နဝါရီ ၉ ၊ ၂၀၁၅
    M-Media
    .နှင်းဆီခင်ရေးသည်။

    4413755617_smashing_alarm_clock_300x200_answer_2_xlarge

    “နာရီတွေကို မုန်းတယ်” လို့ ကျွန်မရဲ့စာရေးဖော် တစ်ယောက်ကပြောဖူးတယ်။ မုန်းဆို သူ့အကြောင်းနှင့်သူကိုး။ သူပြန်ပြောပြ သလောက် အရဆို…..

    “ငါ့အိမ်မှာနာရီတွေထားရတာ များပြောပါတယ်။ အိမ်ရှေ့ ဧည့်ခန်း နံရံမှာ တစ်လုံး၊ အိမ်ရှေ့ခန်းနဲ့ အိမ်ထဲအကူးမှာ တစ်လုံး၊ ကုတင်ဘေးကစားပွဲမှာ နိုးစက် နာရီ တစ်လုံး၊ နောက်ဆုံးဟယ် မီးဖိုခန်းနံရံမှာ တစ်လုံး၊ ဒါတောင် ငါတို့ မိသားစုလေးယောက် ပတ်တဲ့ နာရီတွေ မပါသေးဘူး။ ငါ့မှာအချိန်ကို အဲဒီလောက်ကိုးကွယ်ရတာလေ”

    “မိုးမလင်းသေးဘူး နှိုးစက်နာရီကထမြည်ပြီ။ အိပ်ရာထဲ ဇိမ်နဲ့နှပ်ဖို့တော့ လုံးလုံးစိတ်မကူးလေနဲ့။ အိပ်ရာကနေဝုန်းကခနဲထရတာ။ အင်း… အိပ်ယာထတဲ့အချိန်ကိုလည်းကြည့်ဦး၊ မိုးမလင်းသေးဘူလေ။ ကျီးမြီးဆွဲထရတာလို့ အမေပြောသလိုပြောလိုက်မယ်။ မျက်နှာသစ်၊ သွားကပျာကယာတိုက်၊ ဘုရားကိုပုဆိန်ပေါက်ရှစ်ခိုး၊ အဲ..ပြီးတော့နဲ့မီးဖိုခန်းကို တန်းဝင်ပေတော့ပဲ။ ပထမနှစ်ကျောင်းသား အကြီးကောင် အတွက် ထမင်းဘူး၊ ပြီးတော့ ငါ့ရဲ့အိမ်ဦးနတ်ကြီး အတွက် ထမင်းချိုင့်၊ နောက်ဆုံးတော့ ငါ့အတွက် ထမင်းချိုင့်၊ တန်းစီပြီး ချက်ရတယ်။ အသားမစားတဲ့သူ၊ ငါးမကြိုက်တဲ့သူ၊ အို…ဇီဇာကြောင်ကြတဲ့ တို့မိသားစုလေးယောက် အတွက် သယဇာတဖြစ်မဲ့ ဟင်းတွေကို အမြန်နှုန်းဖြင့် ချက်ရတာ။ ဟင်းအစီအစဉ်ကိုတော့ ငါ့ရုံးမှာ စာရင်းဇယားဆွဲသလို တစ်ပတ်ရေးမှတ်ထားရတယ်ဆိုရင် နင်အံ့သြမလား”

    “လူကသာမီးဖိုနားမှာချက်ပြုတ်နေတာ မျက်လုံးတွေ ကတော့ နံရံပေါ်က နာရီတွေဆီရောက်နေရတာ။ အိမ်ကထွက်ချိန်တွေ မတူကြပေမယ့် အားလုံးအတွက် မနက်စာကတော့ တစ်ချိန်တည်းစီစဉ်ရတာဆိုတော့ ပဲပြုတ်ထမင်းကြော်ကို နှစ်အတော်ကြာအောင် မရိုးမအီဘဲစားကြရတာ။ ပဲပြုတ်ကလည်း တစ်ရက်ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရတာ၊ ဒါကလည်း အချိန်နဲ့ ဝယ်ရတာနော်။ နေနည်းနည်းမြင့်သွားလို့ကတော့ လမ်းထိပ်ကပဲပြုတ်သည် ခြင်းတောင်းသိမ်းလို့ အိမ်ပြန်ပြီ။ သားနှစ်ယောက်ရော သူ့အဖေပါ အိမ်အလုပ်တွေဝိုင်းကူကြပါတယ်။ ချက်ရေးပြုတ်ရေးကတော့ ငါပဲအဓိက တာဝန်ယူရတာပေါ့။ ငါတို့လည်းမနက် ၈ နာရီမခွဲခင် နာရီတကြည့်ကြည့်နဲ့အလုပ်တွေ လက်စသတ်ကြရတာ။ ပြီးရင်ရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ရရော။ ဒီတော့လေ မှန်ရှေ့မှာဘီးလေးကို ကိုင်ကာရယ် ဆိုတဲ့ငါတို့င်ငယ်ကသီချင်းလေးတစ်ပုဒ်လို အချိန်ယူပြီးအလှပြင်နေမအားဘူးဟယ်၊ သနပ်ခါးကဗျာကယာလိမ်း၊ လမ်းလျှောက်နဲ့အခါ လေတိုးခံနိုင်မဲ့ အာမခံဆံထုံးကို ခိုင်ခိုင်ထုံး ရုံးယူနီဖောင်းဝတ်ပြီး တက်သုတ်ရိုက်နေကျ”

    “နာရီကိုမော့မော့ကြည့်ရလွန်းလို့ ငါ့လည်ပင်းရှည် ထွက်လာကြေးဆိုရင်တော့ ဌက်ကြီး ဝန်ပိုဖြစ်လောက်ပြီ။ ၈ နာရီခွဲတိတိဆိုရင် အိမ်တံခါး သော့ခတ်ပြီးသားဖြစ်ရတယ်လေ။ ဒါမှ သားအဖသုံးယောက်က အိမ်ကကားနဲ့ ထွက်သွားကြ၊ ငါကတော့အိမ်နဲ့ရုံးက နီးတော့ ခြေလျင်ပေါ့။ အင်း… ငါ့စိတ်ထဲမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်လို့ပဲ မှတ်လိုက်တယ်။”

    “ညနေခင်းမှာမိသားစု ဆုံချိန်ကျတော့လည်း မထူးပါဘူး။ နာရီ တကြည့်ကြည့်နဲ့ပါပဲ။ နောက်တစ်နေ့အတွက် ဟင်းရွက်သင်ရင်း၊ ကြက်သွန်ခွာရင်းကနေ အငယ်ကောင်ကိုစာရှင်းပြရသလို အကြီးကောင်ကလည်း မကြာမကြာဆိုသလို နားမလည်နိုင် တာတွေမေးပြန်ရော။ အဲ.. အလုပ်ပြီးတော့ နားတော့မယ်ဆိုပြီး တီဗီရှေ့ရောက်တော့ မိနစ်ပိုင်းတောင်မကြာပါဘူး။ မျက်လုံးတွေစင်းပြီး အိပ်ပျော်သွားရော။ ဒါပေမယ့် ည ၁၀ နာရီကျော်ပြီဆိုရင်တော့ အိပ်ရာဝင်ချိန်ဆိုတာ ပုံသေဖြစ်နေတယ်။ ကဲ.. ငါ့ဘဝမှာနေထွက် ကနေ နေဝင်အထိ အချိန်နာရီတွေနှင့် နှစ်ပါးသွားနေရတာ နင်သိပြီမဟုတ်လား။ ခတ်တာက အဲဒီနာရီတွေကိုပစ်လို့လည်း မရပြန်ဘူး။ အင်းလေ… တစ်ချိန်ချိန်မှာတော့ နာရီတွေကိုကြည့်နေရမှာမလိုတဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုရလာဦးမှာပါ။ အလုပ်ကနားတဲ့ အငြိမ်းစားယူချိန်ပေါ့။ အဲဒီအခါကျရင်တော့ ငါထင်ပါတယ်။ ဘယ်အချိန်မှာ ဘာကိုအပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ဖိစီး တင်းကျပ်နေတာတွေ မရှိသလောက်တော့ပါဘူးနော်။ အခုချိန်မှာတော့လေ ငယ်သူငယ်ချင်းဖြစ်တဲ့ နင့်ကိုပြောလိုက်မယ်။ နာရီတွေကိုမုန်းတယ်လို့ ”

    “ပြောရဦးမယ်။ နင်စာရေးသူတစ်ယောက်ဆိုတော့ ငါပြောသမျှ ဒိုင်ခံ နားထောင်ပေးမယ်လို့ ငါယုံကြည်တယ်။ နောက်ပြီးကောင်းကောင်း အကြံညဏ်ကလေးတွေ ရှိရင်လည်းပေးပါဦးဟာ။ အထူးသဖြင့် အိပ်ရာနိုးချိန်မှာ စိတ်တင်းကျပ်နေတာကိုပေါ့” လို့သူငယ်ချင်းက ရင်ဖွင့်ပြောလာတာမို့၊ မှတ်ဖတ် ဖူးသမျှထဲက ကောင်းနိုးရာရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

    တစ်နေ့လုံးလှုပ်ရှားသွားနေရတဲ့ လူတိုင်းဟာလုံလောက်တဲ့ အိပ်ချိန်အပြည့်အဝရှိဖို့လိုတယ်။ တစ်ချိန်လုံးလုံး ခပ်သုံးထားတဲ့ ရေတွင်းများလို ညအချိန်မှာ အနားပေးထားရင်၊ မိုးလင်းတာနှင့် ရေတွေပြန်ပြီးပြည့်လာသလိုပါပဲ။ လူတစ်ယောက် အတွက်လည်း အိပ်ရေးဝဝအိပ်ပြီး နိုးလာတဲ့အခါနောက်တစ်နေ့မှာ လှုပ်ရှားရုန်းကန်ဖို့ခွန်အားတွေပြည့်ဝလာပါတယ်။ အိပ်မောကျနေတုန်းမှာ ကြားလိုက်ရတဲ့ နာရီနှိုးစက်သံဟာ တကယ့်ကို ငှက်ဆိုးထိုးသံအတိုင်းပဲလို့ပြောကြတယ်။ အဲဒီအခါကြွက်သားတွေတောင့်တင်း သွားပြီး အားအင်ကုန်ခန်းသလို စိတ်ရှုပ်ထွေးပြီး အိပ်ရာကနေနိုးလာပါတယ်။ ဒါကြောင့် နှိုးစက်နာရီကို မသုံးမဖြစ် သုံးရမယ်ဆိုရင်လည်း နိုးရမယ့် အချိန်ထက် ၁၅ မိနစ်လောက်ဖြစ်ဖြစ်ကြိုထပါ။  ဒါဆိုရင် နှိုးစက်သံကြားကြားချင်း အိပ်ရာကနေ အလူးအလဲထစရာ မလိုတော့ပါဘူး။ ခဏလေးမှိန်းနေလို့ရပြီး မျက်လုံးတစ်ဝိုက်၊ နားထင်နှင့် နဖူးတစ်လျှောက် ဖြည်းဖြည်း သာသာလေးနှိပ်ပေးပါဆိုတဲ့ ရှေးပညာရှင်တစ်ဦးရဲ့ အကြံပြုတာကို လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။

    လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ပူနွေးလာတဲ့အခါ မျက်စိမှိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ အသာအယာဖိကပ်ထားခြင်းဟာလည်း မျက်လုံးတစ်ဝိုက်သွေးလှည့်ပတ်သွားလာခြင်းကို ကောင်းမွန်စေတယ်။ မျက်လုံးတွေကို မဖွင့်ခင်အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ပြီးမှ ခပ်ဖြည်းဖြည်းလေး ရှုထုတ်တာကို အကျင့်တစ်ခုလိုလုပ်ပေးရင် ဦးနှောက်နှင့် နှလုံးအတွက် အကျိုးရှိလှပါတယ်လို့ ဆိုတယ်။ အိပ်ရာကမထခင် ကိုယ်လက် လှုပ်ရှားတဲ့ သဘောမျိုးလေးတွေကို တစ်ခဏလောက်လုပ်ပေးတာဟာ လူရေစိတ်ပါ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းကောင်းပါပဲလို့ ပညာရှင်ကအဆိုပြုထားပါတယ်။  ဖြစ်နိုင်ရင်တော့ နှိုးစက်မကူရအောင် အိပ်ရာကစောစော ဝင်ပြီး ခပ်စောစောလေး အိပ်ယာကထနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာကနေငေါက်ခနဲ ထထိုင်လိုက်တာမျိုး မဟုတ်ရင်တော့ စိတ်သက်သက်သာသာရှိမှာ အမှန်ပါပဲ။

    စာကြွင်း — နာရီတွေကိုမုန်းတယ်ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း “မမူ” ဖတ်မိပါစေလို့။

    နှင်းဆီခင်