News @ M-Media

Month: January 2015

  • ပလာတီနီ၏ အိမ်အတွင်းသို့ ရော်နယ်ဒို၏ ပရိတ်သတ်က ဘောလုံးများ ကန်သွင်း

    ပလာတီနီ၏ အိမ်အတွင်းသို့ ရော်နယ်ဒို၏ ပရိတ်သတ်က ဘောလုံးများ ကန်သွင်း

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    rnd

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or မည်သူရသင့်သည်ဆိုသည့် မှတ်ချက်ပေးမှုကို မကျေနပ်သည့်အတွက်ကြောင့် ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီ၏ အိမ်အတွင်းသို့ ခရစ္စတီယာနိုရော်နယ်ဒို၏ ပရိတ်သတ်များက ဘောလုံးများ ကန်သွင်းခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၁၂ လတာ ကာလအတွင်း စွမ်းဆောင်ခဲ့သည်များကို ကြည့်ရှုဆုံးဖြတ်ကာ ချီးမြှင့်မည့် အဆိုပါဆု ဇကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီနှင့် ဂျာမနီဂိုးသမား နူအာတို့ ပါဝင်နေပြီး ရော်နယ်ဒိုက ရရှိရန် ရေပန်းစားနေသည်။

    သို့သော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပလာတီနီက ရော်နယ်ဒိုကိုကျော်၍ နူအာက ရရှိသင့်သည်ဟု ဖြေကြားခဲ့ပြီး ထိုမှတ်ချက်ကို မကျေနပ်သည့် ရော်နယ်ဒို၏ ပရိတ်သတ်များက ပဲရစ်မြို့ရှိ ပလာတီနီ၏ နေအိမ်အတွင်းသို့ ဘောလုံး ၆၁ လုံး ကန်သွင်းခဲ့သည်။

    ဘောလုံးကန်သွင်းကြသူများမှာ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ဆုံများ ၀တ်ဆင်ထားပြီး ၎င်းတို့ ကန်သွင်းသော အရေအတွက်မှာလည်း ပြီးခဲ့သည့် ၁၂ လအတွင်း ရော်နယ်ဒို သွင်းယူခဲ့သည့် ဂိုးအားလုံး၏ အရေအတွက် ဖြစ်သည်။

    ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရော်နယ်ဒိုက ပလာတီနီအား လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ဆက်ဆံရေးမှာ ချောမွေ့မှုမရှိဟု သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ရော်နယ်ဒိုနှင့် ပလာတီနီတို့ ၂ ဦးစလုံးက ထိုသတင်းကို ငြင်းဆိုခဲ့ကြသည်။

    ဖီဖာဥက္ကဌ ဆပ်ဘလတ္တာကလည်း ရော်နယ်ဒိုမှာ ဘောလုံးကစားခြင်းထက် ဆံပင်သခြင်း၌သာ ပို၍ အချိန်ကုန်သည်ဟု ပြီးခဲ့သည့် တစ်နှစ်ခန့်က ဝေဖန်ပြောကြားခဲ့ဖူးသည်။

    Ref: Goal.com

  • ပျောက်ဆုံး Air Asia လေယာဉ်၏ Black Box တွေ့ရှိရန် နီးစပ်လာ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    asa
    ပျက်ကျသွားခဲ့သည့် လေယာဉ်အမြီးပိုင်း

     

    – ဂျာဗားပင်လယ်ထဲသို့ ပျက်သွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ Airbus A320-200 လေယာဉ် အမြီးပိုင်း ဆယ်ယူရရှိခဲ့သော နေရာ၏ ၁ ကီလိုမီတာ အကွာဝေးမှနေ၍ Black Box အချက်ပြမှုကို ထင်ထင်ရှားရှား ရရှိနေသည်ဟု အင်ဒိုနီးရှား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

    အမြီးပိုင်းကိုမူ ယမန်နေ့က ဆယ်ယူရရှိခဲ့ပြီး ပင်လယ်ရေအောက် မီတာ ၃၀ အနက်တွင် ရှိမည်ဟု ယူဆရသည့် အဆိုပါ Black Box တည်နေရာကို စစ်တပ်မှ ရေငုပ်သမားများက ရှာဖွေလျက်ရှိနေသည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ဒါရိုက်တာ အက်စ် ဘီ ဆူပရီယာဒီက ဆိုသည်။

    `အမြီးပိုင်း တွေ့ရှိတဲ့နေရာရဲ့ အရှေ့ဘက် ၁ ကီလိုမီတာလောက်မှာ အချက်ပြမှု ကို ဖမ်းယူရရှိခဲ့ပါတယ်´ ဟု ဆူပရီယာဒီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    သို့သော်လည်း Air Asia စီအီးအိုဖြစ်သူ တိုနီဖာနန်ဒက်ဇ်ကမူ Black Box ဟုတ်မဟုတ် မသေချာသေးဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား မိုလေ၀သဌာနကမူ Airbus A320-200 ပျက်ကျမှုမှာ ရာသီဥတုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားထားသော်လည်း လောာဉ်မှုများ၏ နောက်ဆုံးစကားများကို မှတ်တမ်းတင်ထားသည့် Black Box ရှာဖွေရှိမှသာ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်း တိတိကျကျကို သိရှိနိုင်မည်ဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပတ်ခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား လမ်းတွင် ပျောက်ဆုံးသွားခဲ့သည့် အဆိုပါ လေယာဉ်တွင် လေယာဉ်အမှူထမ်းနှင့် ခရီးသည် စုစုပေါင်း ၁၆၂ ဦး ပါဝင်ဦး မည်သူမှ အသက်ရှင်ကျန်ရစ်ဖွယ် မရှိချေ။

    Ref : channelnewsasia

  • ပဲရစ်မြို့ တိုက်ခိုက်မှုများကြားမှ ဒုတိယမြောက် မွတ်စလင်သူရဲကောင်း

    ပဲရစ်မြို့ တိုက်ခိုက်မှုများကြားမှ ဒုတိယမြောက် မွတ်စလင်သူရဲကောင်း

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    Lassana 2.jpg
    ဈေးဝယ်သူများအား ဘေးလွတ်ရာတွင် ၀ှက်ထားပေးခဲ့သူ မွတ်စလင်လူငယ် ဘာသီလီ

     

    – ပြင်သစ်သတင်းစာတစ်စောင်ဖြစ်တဲ့ Charlie Hebdo ရဲ့ ပဲရစ်က ရုံးခန်းကို သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ ပဲရစ်က Porte de Vincennes ဒေသ ဂျူးရပ်ကွက်မှာရှိတဲ့ Hyper Cacher စူပါမားကတ်ကို သေနတ်သမားတစ်ယောက်က ၀င်ရောက် စီးနင်းခဲ့ပါတယ်။

    စီးနင်းတဲ့သူက အေမီဒီ ကောင်လီဘလီဆိုသူ ဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သတင်းစာတိုက် တိုက်ခိုက်တဲ့သူတွေကို လွှတ်ပေးဖို့ အကြပ်ကိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီ စူပါမားကတ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး သေနတ်သမားကို ပစ်သတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဓားစာခံလေးယောက် သေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ကတော့ သူတို့ စီးနင်းမှုမတိုင်ခင်မှာ
    သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    အဲဒီစီးနင်းမှုမှာ ဈေးဝယ်သူအချို့ကို ဘေးလွတ်ရာမှာ ဖွက်ထားပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အပြင်ထွက်လာကာ ရဲတပ်ဖွဲ့ကို အဖိုးတန် သတင်းတွေ ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက် ရှိခဲ့ပါတယ်။

    အဲဒါကတော့ မာလီနွယ်ဖွား အသက် ၂၄ နှစ်အရွယ် လက်စ်စနာ ဘာသီလီလို့ခေါ်တဲ့ မွတ်စလင်လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

    အဲဒီစူပါမားကတ်က ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ဘာသီလီဟာ သေနတ်သမား စူပါမားကတ်ထဲ ၀င်လာတဲ့အခါမှာတော့ သူရဲ့ ဆက်ရှင်မှာရှိတဲ့ ဈေးဝယ်သူ အယောက် ၂၀ လောက်ကို အအေးခန်းထဲခေါ်ပြီး ဖွက်ထားခဲ့ပါတယ်။

    `သူတို့ပြေးဝင်လာတဲ့အခါမှာ ကျွန်တော်ဟာ အအေးခန်းတံခါးကို ဖွင့်ပေးခဲ့ပါတယ်။ လူတော်တော်များများက ကျွန်တော့်ဆီ ပြေးဝင်လာကြတာပါ။ ကျွန်တော် မီးပိတ်လိုက်တယ်။ အအေးခန်းခလုတ်ကိုလည်း ပိတ်လိုက်ပါတယ်။ ပြီးတော့ အအေးလျှော့ လိုက်တယ်။ လူတွေကို အထဲထည့်လိုက်တယ်။ တံခါးကိုပိတ်လိုက်ပြီး သူတို့ကိုလည်း တည်တည်ငြိမ်ငြိမ်နေပါလို့ ကျွန်တော် ပြောခဲ့ပါတယ်´ လို့ သူ့ရဲ့ ကယ်တင်မှုအကြောင်းနဲ့ ပတ်သက်ပြီး ဘာသီလီက ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ဘာသီလီဟာ ကုန်ပစ္စည်တွေပို့တဲ့ ဓာတ်လှေကားကနေ အပြင်ကိုထွက်ခဲ့ပြီး အထဲမှာ ဘာတွေဖြစ်နေတယ် ဆိုတာ ရဲတပ်ဖွဲ့ကို အလျင်အမြန်ပဲ သတင်းသွားပို့ခဲ့ပါတယ်။

    ဘာသီလီရဲ့ ကယ်တင်မှုကြောင့် ဈေးဝယ်သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီး အခြေအနေတွေအားလုံး တည်ငြိမ်သွားတဲ့အခါမှာတော့ သူတို့တွေက ဘာသီလီကို ကျေးဇူးတင်ကြောင်း လာရောက် ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မွတ်စလင်သူရဲကောင်း ဘာသာလီရဲ့ ဓာတ်ပုံဟာလည်း ဆိုရှယ်မီဒီယာတွေမှာ တစ်မဟုတ်ချင်း ပြန့်နှံ့သွားခဲ့ပါတယ်။

    ရက်ပိုင်းအတွင်းမှာပဲ ပဲရစ်မြို့မှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့က သတင်းစာတိုက် တိုက်ခိုက်မှုကတော့ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေ ရေးဆွဲခဲ့တဲ့အတွက် လက်တုံ့ပြန်ခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

    အဲဒီတိုက်ခိုက်မှု အတွင်းမှာလည်း မွတ်စလင်သူရဲကောင်းတစ်ဦး ပေါ်ပေါက်ခဲ့ပြီး သူကတော့ လူ့အသက်တွေကို ကာကွယ်ဖို့ကြိုးစားရင်း သေနတ်သမားတွေရဲ့ ပထမဆုံး ပစ်သတ်မှုကို ခံခဲ့ရတဲ့ မွတ်စလင်ရဲအရာရှိ မီရာဘတ်ပဲ ဖြစ်ပါတယ်။

    Ref: dailymail

  • ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်

    ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်

    ဇန်နဝါရီ ၁၁၊ ၂၀၁၅
    -ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

    ProfAhmedKasim

    ဆရာကြီးကို ပါတော်မူပြီးစကာလတွင် ဖွားမြင်သည်။ ဆရာကြီးသည် ကာလကတ္တား တက္ကသိုလ်မှ ဘီအေဘွဲ့ကို ဂုဏ်ထူးနှင့် အောင်မြင်သည်။ ဦးစွာ အဲမ်၊ အဲမ် ရန်ဒေးရီယား အထက်တန်းကျောင်းတွင် ဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင် အမှုထမ်းသည်။

    ဆရာကြီးသည် အရဗီ၊ ဖာရစီ၊ အူရဒူနှင့် အင်္ဂလိပ်စာတို့ ကျွမ်းသည်။ မြန်မာနှင့် ပါဠိဘာသာ တွင် အလွန်ထူးချွန်သည်။ ဆရာကြီးသည် ၁၉၂၀ တွင် ပါမောက္ခဆရာကြီး ဦးဖေမောင်တင် နိုင်ငံရပ်ခြားသို့ ပညာသင်သွား သောအခါ ပါဠိဌာနမှူးဖြစ်လာသည်။

    ဆရာကြီးသည် ၁၉၁၇ ခုတွင် ရန်ကုန်ကောလိပ်မွတ်စလင်မ် အသင်းကို စတင်တည်ထောင်သည်။ အသင်း၏ ပထမဆုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ နောင်နှစ်ပေါင်းများစွာတိုင်လည်း ဥက္ကဋ္ဌအဖြစ် ဆက်ခါဆက်ခါ တာဝန်ယူရသည်။ နောက်ပိုင်းတွင်လည်း အသင်းနာယက ကြီးအဖြစ် ထာဝစဉ် ကူညီပံ့ပိုးသည်။

      ၁၉၃၀ ပြည့်နှစ်တွင် တက္ကသိုလ်သုံး ဝေါဟာရများကို မြန်မာ ဘာသာပြန်ဆိုသည်။ ဆရာကြီးသခင်ဘသောင်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ဆွေးနွေးတိုင်ပင် ပြန်ဆိုသူများတွင် ထိုစဉ်က ပါဠိ ကထိကဖြစ်သော ဆရာကြီးလည်း ပါဝင်သည်။ မြန်မာနိုင်ငံ ပါဠိ ပထမပြန် စာမေးပွဲကိစ္စများကို စီစဉ်ဆောင်ရွက်ရန် အစိုးရက ပါဠိပညာရေးအဖွဲ့ ဖွဲ့ရာတွင်လည်း ဆရာကြီးပါဝင်သည်။

    ၁၉၃၇ ခုနှစ်တွင် ပါမောက္ခကြီး ဦးဖေမောင်တင်သည် ကျောင်းအုပ်ကြီး ရာထူးတိုးသွား သောအခါ အရှေ့တိုင်းဘာသာ စာပေ လေ့လာရာဌာနသည် မြန်မာစာဌာနနှင့် ပါဠိဘာသာဌာန ၂-ဌာန ဖြစ်လာသည်။ ပါမောက္ခဆရာကာစင်သည် ၁၉၄၁ ခုနှစ်အထိ ပါဠိဌာနမှူး တာဝန်ထမ်း ဆောင်ရသည်။

    Presidents

    ဆရာကြီးသည် သူဌေးကြီး ဦးဘအိုဒါနပြုသည့် ကုရ်အာန် ကျမ်းတော်မြတ် မြန်မာဘာသာပြန်လုပ်ငန်းတွင် တည်းဖြတ်ကူညီခဲ့သည်။ အထူးသဖြင့် ၁၉၄၁ ခုတွင် ကုရ်အာန်ကျမ်းတော်ကြီး အရဗီ အင်္ဂလိပ် မြန်မာအဘိဓာန်ကို ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ယင်းအဘိဓာန်သည် မြန်မာနိုင်ငံ အစ္စလာမ်စာပေသမိုင်းတွင် အရဗီစကားနှင့် စပ်လျဉ်းသည့် ပထမဆုံး အဘိဓာန်ကြီးဖြစ်သည်။ အလားတူပင် သာသနာ့စာပေ ထုတ်ဝေရေး လုပ်ငန်းအ၀၀တွင် တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသည်။

    ဆရာကြီးသည် ၁၉၄၈ ခုနှစ် တက္ကသိုလ်မှ အငြိမ်းစားယူပြီးနောက် မူလ ရန်ဒေရီးယား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် ပြန်လည်ဆောင်ရွက်သည်။ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မရှုမလှခံရသော ထိုကျောင်းကြီးသည် ဆရာကြီး၏ဇွဲ လုံ့လကြောင့် ကျော်ကြားသော ကျောင်းကြီး အဖြစ် ရောက်ခဲ့သည်။

    ၁၉၄၈ခု မေလ ၁ရက်နေ့တွင် မြန်မာနိုင်ငံအစ္စလာမ် သာသနာ ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ကြသည်။ အဖွဲ့ဥက္ကဋ္ဌအဖြစ် မစ္စတာအဟ်မဒ် အစ်ဗရာဟင်ကိုလည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်အား လည်းကောင်း ရွေးချယ်တင်မြှောက်ကြသည်။

    အဖွဲ့၏ဦးစွာ စတင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမှာ ကုရ်အာန်ကျမ်း မြတ်ကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားခြင်းဖြစ်သည်။ ၁၉၅၀-ခု နိုဝင်ဘာလတွင် ဘာသာပြန်လုပ်ငန်းကိုအစပြုသည်။ ကျမ်းမြတ်ကို မြန်မာ ဘာသာဖြင့် စတင်ပြန်ဆို မရေးသားမီ အစ္စလာမ်သာသနာရေးဆိုင်ရာ Technical  Terms ပညာရပ်ဆိုင်ရာ ပုဒ်များအတွက် အသုံးအနှုန်း များကို ရှာဖွေစုဆောင်းရသည်။ ဆရာကြီး အဟ်မဒ်ကာစင်သည် ဘာသာပြန် ဌာနကြီးကို ကြီးကြပ် အုပ်ချုပ်၍ ဘာသာပြန် စာမူကြမ်းများကို တည်းဖြတ်ခဲ့သည်။

    တာဝန်ခံဘာသာပြန်မှူးဆရာဃာဇီ မုဟမ္မဒ်ဟာရှင်မ်နှင့် တွဲဘက် ဘာသာပြန်မှူး ဆရာမက္ကဆူဒ် အဟ်မဒ်တို့၏ ဘာသာပြန်ဆိုပြီး စာမူကြမ်းများကို ဆရာကြီး အဟ်မဒ်ကာစင် သဘာပတိပြုလုပ်သောအဖွဲ့က စိစစ် ဝေဖန်တည်းဖြတ်ပြီးမှ စက်တင်ပုံနှိပ်သည်။ ဆရာကြီးသည် ဘာသာပြန်ဆိုမှု နှင့်ပတ်သက်၍ အကြံဥာဏ်အများဆုံး ပေးနိုင်ခဲ့သည်။ အလားတူပင် ပုဂ္ဂလိကထုတ် သာသနာ့စာပေများလည်း သုတ်သင် တည်းဖြတ်ပေးခဲ့သည်။

    AhmedCassim

    ဘာသာပြန်ကော်မတီ၏ သဘာပတိပါမောက္ခဆရာကြီး အဟ်မဒ် ကာစင်သည် ၁၉၅၄-ခု နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ ထိုစဉ် မြန်မာနိုင်ငံအစ္စလာမ် သာသနာရေးအဖွဲ့နှင့် မွတ်စလင်မ် ဗဟိုရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌ၊ သတ္တုတွင်း ဌာန၀န်ကြီး ဦးရာရှစ်က-

    “ဆရာကြီး ကွယ်လွန် အနိစ္စရောက်သွားသဖြင့် များစွာပင် နှမြောတသ ယူကျုံးမရ ဖြစ်ကြသည်။ ကုရ်အာန်ကျမ်းမြတ် ဘာသာပြန်ဆိုရေးတွင် ကြီးစွာသော ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်”
    ဟု တမ်းတမ်းတတ ဖော်ကျူးပါသည်။

    မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့က ကမကထပြုသော ကုရ်အာန်ကျမ်းမြတ်၏ မြန်မာအဋ္ဌကထာတွင် –
    ၁။ အ၀ယ၀တ္တနှင့် ပိဏ္ဍတ္တအဓိပ္ပာယ်နှစ်သွယ်
    ၂။ အဋ္ဌကထာပိုင်းရှစ်ပိုင်း
    ၃။ မာတိကာ ခြောက်မျိုး
    တို့ဖြင့် တန်ဆာဆင်ယင်ကာ စီရင်ရေးသားထားပါသည်။ ထို့ကြောင့် အဆိုပါ အဋ္ဌကထာကို ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းဟူ၍ အမည် နာမပြုသည်။ စာရှုသူများအတွက် စာမြည်းအဖြစ် ဗိစ်မိလဒာဟ် အဓိပ္ပာယ် ပြန်ဆိုပုံမှ ကောက်နုတ်တင်ပြပါသည်။
    အ၀ယ၀တ္တအဓိပ္ပာယ်

    – အလ္လာဟ်အသျှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏)
    – အနန္တကရုဏာရှင်ဖြစ်တော်မူသော
    – (မဟာနုဒယော မဟာနုကမ္ဘကော) မပြတ်မစဲ ကရုဏာတော်မူသော
    ပိဏ္ဍတ္တအဓိပ္ပာယ်

    မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော် အရှင်ဖြစ်တော်မူထသော (မဟာနုဒယော မဟာနုကမ္မကော) အလ္လာဟ်အသျှင်မြတ်၏ နာမတော်ဖြင့် အစပြု၏။

    ဗစ်မိလဒာဟ် ကုရ်အာန်ကျမ်းမြတ်တွင် ကိုးကွယ်ရာဟူသော သဘောတရားနှင့် စပ်လျဉ်း၍ “အလဒာဟ်”ဟူသောပုဒ်နှင့် “အလ္လာဟ်” ဟူသော ပုဒ်ကို မြောက်မြားစွာသော နေရာတို့၌ သုံးထားသည်။ ကွဲပြားချက်မှာကား ဤသို့တည်း။ “အလ္လာဟ်”ဟူသော ပုဒ်သည် လူမျိုးအသီးသီးတို့ မိမိတို့ အယူဝါဒအလျောက် ယုံကြည်ကိုးစားသော ကိုးကွယ်ရာများအတွက် အသုံးပြုနိုင်သာပုဒ်ဖြစ်သည်။ “အလ္လာဟ်”ဟူသော ပုဒ်များကား ဧကန်ဆတ်ဆတ် မုချတ္တကိုးကွယ်ခြင်းကို ခံထိုက်တော်မူသော

    (ဧကေ၀) တစ်ဆူတည်းသော
    (အသာဓာရဏေ) ဆက်ဆံသူကင်းသော
    (နိမမာတာ) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူထသော
    (အနာဒိကော) အစမရှိသော
    (အနန္တိကော) အဆုံးမရှိသော
    (အနတိယော) ပေါင်းဖော်ပေါင်းဖက်ကင်းသော
    (အသမော) အတုမရှိသော
    (အပ္ပဋိပုဂ္ဂလော) ပြိုင်ဘက်မရှိသော
    (အပ္ပမေယျော) မနှိုင်းယှဉ်အပ်သော
    (အတုလော) တူသူမရှိသော
    (အစိန္တေယျော) မကြံစည်ကောင်းသော
    (သဗ္ဗညူ၊ သဗ္ဗ၀ိဒူ) ခပ်သိမ်းကုန်သော အရာတို့ကို မိမိ တန်ခိုး အာနုဘော်ဖြင့် အလိုအလျောက် သိတော်မူထသော
    (နိစ္စထာဝရ) အမြဲတည်လျက်ရှိသော ကိုးကွယ်ရာအရှင်မြတ် အဖို့သာ သီးသန့်၍ သုံးရသော ဧက၀ိဓနာမ်ပုဒ်ဖြစ်သည်။

    အလ္လာဟ်အရှင်မြတ်၏ နာမံတော် ၉၉ ပါးကို ဤကဏ္ဍ၏ နောက်ဆက်တွဲတွင် အရဗီ၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ရေးသားဖော်ပြ ထားသည်။

    “အလ္လာဟ်”ဟူသောပုဒ်သည် ဂုဏ်နာမ်မဟုတ်၊ ဧက၀ိဓနာမ် ဖြစ်သည့် အတွက် ယင်းပုဒ်၏အနက်အဓိပ္ပာယ်ကို တိကျ ပြည့်စုံစွာ ပေးနိုင်သောပုဒ်ဟူ၍ မည်သည့်ဘာသာ မျှမရှိပေ။ သို့အတွက်ကြောင့် ဤကျမ်းတွင် ယင်းပုဒ်ကို မူရင်းအတိုင်းပင် ထားရပေသတည်း။
    ဟု ဖော်ပြပါရှိသည်။ အရေးအသား သိသာနိုင်ရုံမျှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး(အဟ်မဒ်ကာစင်)တို့ အထူးဝါယမစိုက်ထုတ် ပြုစုခဲ့ သော ဘာသာပြန်အရေးအသားကား ဂုဏ်ယူဖွယ်ဖြစ်ပါသတည်း။။
    ————————————-
    **မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။

  • အလှအပအလွန် ဟီရိသြတ္တပနှင့် ယုံကြည်ချက် ကိန်းဝပ်မှုတို့၏ ပြိုင်ပွဲ (သို့) မွတ်စလင် မယ်ကမ္ဘာ ၂၀၁၄

    အလှအပအလွန် ဟီရိသြတ္တပနှင့် ယုံကြည်ချက် ကိန်းဝပ်မှုတို့၏ ပြိုင်ပွဲ (သို့) မွတ်စလင် မယ်ကမ္ဘာ ၂၀၁၄

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    141121_MissMuslimah_496.jpg

    – မွတ်စလင်မယ်ကမ္ဘာ ၂၀၁၄ (World Muslimah Award) ပြိုင်ပွဲ ဇာတ်စင်နောက်တွင် အီရန်ကိုယ်စားပြု အလှမယ်တစ်ယောက် လှပခြင်းနှင့် ညှို့ယူဖမ်းစားနိုင်ခြင်းတို့အကြား ခြားနားချက်ကို ရှင်းပြနေကာ မိမိကိုယ်နေဟန်ထားကိုလည်း ပိုမိုအချိုးကျအောင် ဆောင်ရွက်နေသည်။

    အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး စက်မှုဒီဇိုင်နာတစ်ယောက်ဖြစ်သည့်  အဆိုပါ အီရန်မယ်က သူမ၏ အချိုးအစားမှာ အလှမယ်တစ်ယောက်ပုံစံမျိုး မဟုတ်သော်လည်း မွတ်စလင်မယ်ပြိုင်ပွဲက ခန္ဓာကိုယ်အလှကို ပြသရခြင်းမျိုး၊ သို့မဟုတ် အဖော်အချွတ်ဖြင့် ယှဉ်ပြိုင်ရခြင်းမျိုး မဟုတ်သည့်အတွက်  ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။

    အဆိုပါ ပြိုင်ပွဲကို အင်ဒိုနီးရှား တီဗီအစီအစဉ်ကြေညာသူဟောင်း အီကာရှန်တီက ၂၀၁၁ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။ သူမမှာ ရိုက်ကူးရေးလုပ်ငန်းများအတွင်း ဟီဂျဘ်ဝတ်ဆင်ခြင်း မပြုရဟူသော တားမြစ်ချက်ကြောင့် အလုပ်မှထွက်ခဲ့သူဖြစ်သည်။ ထိုပြိုင်ပွဲ၏ တရားဝင်အမည်မှာ မွတ်စလင်မယ်ကမ္ဘာဆု (World Muslimah Award) ဖြစ်သော်လည်း မွတ်စလင်မယ် (Miss Muslimah) အဖြစ်ကျော်ကြားလူသိများလေသည်။ ထိုသို့ ကျော်ကြားခြင်းမှာ မယ်ကမ္ဘာပြိုင်ပွဲ ပုံစံမျိုးကို အစ္စလာမ့် သွန်သင်ချက်နှင့်အညီ ကျင်းပခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
    141119_MissMuslimah_300.jpg
    စတင်ကျင်းပကတည်းက အဆိုပါ မွတ်စလင်မယ်ပြိုင်ပွဲမှာ ဟီရိသြတ္တပတရား အပြည့်အ၀ရှိနေသည်ဟု အသက် ၂၆ နှစ်အရွယ် စင်ကာပူမွတ်စလင်မယ် မက်စ်တူရာဟ် ဘင်သီ ဂျာမီလ်က ဆို၏။

    `မယ်ကမ္ဘာပြိုင်ပွဲမှာဆိုရင် ပိတ်စနှစ်စပဲဝတ်ထားရပြီး အားလုံးဖော်ထားရတာပါ။ ဒါမျိုးကို ကျွန်မတို့သာသနာက ခွင့်မပြုပါဘူး။ ဒါ့ကြောင့် ဒီပြိုင်ပွဲဟာ မွတ်စလင်အမျိုးသမီးတွေအတွက် သီးသန့်ပြိုင်ပွဲပါပဲ´ ဟု သူမက ပြောကြားခဲ့သည်။

    ဘီကီနီဝတ်စုံဖြင့် ဟန်ရေးပြခြင်း၊ ၀ှက်ထားသည့် အရာများကို လိုက်ရှာရခြင်း စသည့် ပြိုင်ပွဲများအစား မွတ်စလင်မယ်ပြိုင်ပွဲတွင် ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ အစ္စလာမ့်နည်းကျ ဈေးဝယ်ထွက်ခြင်းနှင့် လက်သည်းအရောင်တင်မှုမှာ `ဟရမ်´ ဖြစ်၊ မဖြစ်ကို ဆွေးနွေးငြင်းခုံခြင်း စသည့် ပြိုင်ပွဲများပါဝင်လေသည်။

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှား၌ ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲမှာ ယခုအချိန်တွင် နိုင်ငံတကာအဆင့်၌ ဆွဲဆောင်လာနိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပေပြီ။ ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် ထိုင်း၊ နိုက်ဂျီးရီးယား၊ အီရန်၊ တူနီးရှား၊ ယူကေနှင့် အရှေ့တောင်အာရှ နိုင်ငံများကပါ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။
    141118_MissMuslimah_362.jpg
    ၁၂ ရက်တာ စခန်းပိတ် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်လျှောက် မွတ်စလင်မယ်များမှာ နံနက် ၅ နာရီထကာ ပြင်ဆင်ရသည်။ ထို့နောက် ၃ လက်မအမြင့်ရှိသည့် ဒေါက်ဖိနပ်ကိုစီးကာ အားလပ်ချိန်နည်းပါသည့် အစီအစဉ်များကို အချိန်မီလုပ်ဆောင်ရင်း တစ်နေ့တာကို ကုန်ဆုံးရလေသည်။ ထိုအစီအစဉ်များထဲတွင် ဆင်းရဲသားရပ်ကွက်သို့ သွားရောက်လေ့လာခြင်း၊ သက်ကြီးဝါကြီးများ၏ အိမ်သို့သွားရောက်ကာ ပြုစုခြင်း၊ ပြိုင်ပွဲအား စပွန်ဆာပေးသူများထံသို့ သွားရောက်လည်ပတ်ခြင်းတို့လည်း ပါဝင်သည်။ ထိုသို့ နိစ္စဓူဝ ဆောင်ရွက်မှုများအတွင်း ဘာသာတရား၏ အဆုံးအမကို လေးစားလိုက်နာမှုနှင့် ပတ်သက်၍လည်း အကဲဖြတ်အမှတ်ပေးလေသည်။

    141121_MissMuslimah_157.jpg
    တစ်နေကုန်ပင်ပန်းနွမ်းလျပြီး ညဘက်အနားယူစဉ်အချိန်တွင်လည်း မွတ်စလင်မယ်များမှာ အစ္စလာမ်တွင် မလုပ်အနေရအဖြစ် သတ်မှတ်ထားသည့် ငါးကြိမ်ဝတ်ပြုမှုအလွန် ထပ်ဆောင်းဝတ်ပြုမှုအတွက် နံနက် ၂ နာရီတွင် ထရသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့မှာ တစ်ညတာအိပ်စက်ချိန် ၃ နာရီလောက်သာ ရှိလေ၏။ အီရန်မယ်ကမူ သူမအနေဖြင့် တွေးတောဖို့ပင် အချိန်မရဟု ၀န်ခံခဲ့သည်။

    `ကမ္ဘာပေါ်က သန်းပေါင်းများစွာသော မွတ်စလင်အမျိုးသမီးတွေရဲ့ ကိုယ်စားပြု စံပြအမျိုးသမီးဖြစ်နိုင်ဖို့အတွက် ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို ရရှိဖို့ ကျွန်မတို့ ကြိုးစားနေတာပါ။ တကယ်တော့ မိမိရဲ့ အရည်အချင်းကို စမ်းသပ်တာဖြစ်ပြီး စိတ်ဖိစီးမှုလည်း ရှိပါတယ်။ ဒါပေမယ့် ထိုက်တန်တယ်လို့ ကျွန်မထင်ပါတယ်´

    ပါလက်စတိုင်း၊ အီဂျစ်၊ ဂျာမနီနှင့် အမေရိကန်တို့မှ မွတ်စလင်မယ်များကတော့ ဗီဇာအခက်အခဲနှင့် မိသားစုကိစ္စများကြောင့် ထိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့။ ထို့ကြောင့် မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲဝင် အရေအတွက်မှာ စုစုပေါင်း ၁၈ ဦးသာ ရှိလေသည်။

    ကံကောင်းသည့် မွတ်စလင်အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာ ၁၀၀၀၀ တန်ဖိုးနှင့် ညီမျှသည့် ရွှေဒင်္ဂါးပြားကို ရရှိမည်။ ထို့ပြင် ရွှေလက်ပတ်နာရီ၊ တောင်ကိုရီးယားသို့ အလည်အပတ် သွားရောက်ခွင့်နှင့် မက္ကာသို့ဟဂ်ျဘုရားဖူးခွင့်များလည်း ရရှိဦးမည်။

    ကနဦးပြိုင်ပွဲမှာ အစ္စလာမ့်ဖက်ရှင်များကို ပြသရသည့်ပြိုင်ပွဲဖြစ်ပြီး မွတ်စလင်မယ်များမှာ ထိုအချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့် ပြုလုပ်သော ပြိုင်ပွဲများ၌ တစ်ဆင့်ပြီးတစ်ဆင့် ၀င်ရောက်ယှဉ်ပြိုင်ရလေသည်။

    ယခုနှစ်တွင် ပြိုင်ပွဲဝင်များမှာ ပြိုင်ပွဲအသစ်တစ်ခုကို ယှဉ်ပြိုင်ရပြီး ထိုပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ မွတ်စလင်ညီအကိုမောင်နှမများ၏ လူမှုဘ၀များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ အမြင်ကို ချပြရခြင်းဖြစ်သည်။

    ကန့်လန့်ကာနောက်ကွယ်တွင်တော့ ဆရာဝန်ဘွဲ့ရကာစ အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်မယ် သက်စ်နီမာ တာရန်နမ် ခရစ်ရှမာက ရေပန်းအစားဆုံးထဲမှ တစ်ယောက်ဖြစ်သည်။

    ခရစ်ရှမာမှာ အမျိုးသမီးရောဂါဆိုင်ရာ ကုသရေးဌာနတွင် အလုပ်များနေသောကြောင့် ၎င်း၏ ပြိုင်ပွဲဝင်ဖောင်ကို နောက်ဆုံးမှ ပေးပို့ခဲ့သူဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီးများအား မျိုးပွားစက်ပစ္စည်းတစ်ခုအဖြစ် ရှုမြင်မှုကို ပြောင်းလဲပစ်ရန် ယခုပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သူမက ပြောကြားခဲ့သည်။

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးများအတွက် အခြေခံပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးခြင်းကို တုန်လှုပ်မိသည်ဟုဆိုပြီး မလူးသာမလွန့်သာ အခြေအနေမျိုး ရောက်ရှိနေသောအခါတွင်ပင် မိသားစုများက အမျိုးသမီးများအား လေးစားမှုမရှိဟုလည်း သူမက ဖွင့်ဟခဲ့လေသည်။
    141117_MissMuslimah_054.jpg
    `သူတို့ရဲ့ခင်ပွန်းတွေက `ရတယ်။ ငါ နောက်ထပ်မိန်းမတစ်ယောက်၊ သမီးတစ်ယောက် ရနိုင်သေးတယ်။ သူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး´ လို့ ပြောကြပါတယ်။ တစ်ချို့တွေဆို သူတို့ရဲ့ ဇနီးသည်တွေ၊ ချွေးမတွေကို ပစ်သွားကြပြီး ဒါမျိုးတွေကို ကျွန်မတို့က ပြုပြင်ရပါမယ်´

    အိန္ဒိယမှ အသက် ၂၁ နှစ်အရွယ် နဇက်ရင်းမှာ စိတ်ပညာကျောင်းသူဖြစ်ပြီး အမျိုးသမီး ၂၅ ဦးကို အခမဲ့ ပညာသင်ကြားပေးနေသူဖြစ်သည်။ ပဟေဠိပျြိင်ပွဲတွင် အမှတ်အများဆုံးရခဲ့သူ နက်ဇရင်းက စနေ၊ တနင်္ဂနွေတိုင်း သူမ၏ ကျောင်းသားများကို အင်္ဂလိပ်၊ အူရဒူ၊ ဟင်ဒီ၊ သင်္ချာနှင့် ပုံဆွဲခြင်းအတတ်ပညာကို သင်ပေးနေသူဖြစ်လေသည်။

    IS အဖွဲ့မှ ကျူးလွန်သော ရက်စက်ယုတ်မာမှုများက ကမ္ဘာ့သတင်းများ၏ ခေါင်းကြီးပိုင်းတွင် လွှမ်းမိုးနေသည့်အချိန်တွင် မွတ်စလင်မယ်ပြိုင်ပွဲက အစ္စလာမ်နှင့်ပတ်သက်သည့် အပြုသဘောဆောင်သော အကြောင်းအရာများ ဖော်ပြရန်အတွက် အခွင့်အရေးဖြစ်လာနိုင်သည်ဟု စီစဉ်သူများက မျှော်လင့်နေလေ၏။
    141121_MissMuslimah_730.jpg
    ဟီဂျဘ်ဝတ်ဆင်မှုကြောင့် ပီအိက်ခ်ျဒီစာတမ်းတင်သွင်းမှုအား  ပြင်သစ်တက္ကသိုလ်မှ ပယ်ချမှုကို ခံခဲ့ရသည့် တူနီးရှားမွတ်စလင်မယ်က သူမ၏ မွေးစားနိုင်ငံတွင် အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့မှုအတွက် ၀မ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    `ပြစ်သစ်မှာ ပုဝါဆောင်းတဲ့အခါ လူတွေဟာ တစ်နည်းတစ်ဖုံနဲ့ ကြည့်ကြပါတယ်။ ဥရောပတစ်ဝှမ်းမှာ ဒါက ပြဿနာပါ။ လူတွေက ရိုးရိုးမွတ်စလင်နဲ့ အကြမ်းဖက်သမားကို မခွဲခြားတတ်ပါဘူး´ ဟု အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ တူနီးရှားမယ် ဖာသွေမာ ဘင် ဂူဖရာချီက ပြောကြားခဲ့လသည်။

    ဘော်ဂျယ်ကျောက်သံပတ္တမြားများဖြင့် ချယ်သထားသည့် အ၀တ်အစားများကို ၀တ်ဆင်ကာ မျက်တောင်တုများဖြင့် မွတ်စလင်မယ်များမှာ အစ္စလာမ့်ဝတ်စုံများနှင့် လှချင်တိုင်းလှနေကြသည်။

    အစ္စလာမ်က သတ်မှတ်သော အလှတရားတွင် စိတ်မနောလှပမှုကို ထည့်သွင်းတွက်ချက်ပြီး ဟိဂျဘ်ကလည်း အမျိုးသမီးများ၏ အိနြေ္ဒသိက္ခာအတွက် လိုအပ်လေသည်။ ထိုအချက်များအပြင် မွတ်စလင်မယ်များက မိတ်ကပ်ခြယ်သမှုများအတွက် နာရီအတော်ကြာ ကုန်ဆုံးကြပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက် မကြာခဏ ချီးကျူးခြင်းခံရလေသည်။

    `အလှမယ်တစ်ယောက်လို ဖြစ်ဖို့တော့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကြည့်ပျော်ရှုပျော်ရှိအောင်လို့တော့ ပြင်ဆင် ရတာပဲလေ။ ဖျော်ဖြေမှုတစ်ခု ပုံစံမျိုးပေါ့´ ဟု ရယ်ရွှင်ဖွယ်ရာအမူအရာဖြင့် အီရန်မယ်က ပြောကြားခဲ့သည်။
    141121_MissMuslimah_198.jpg
    တစ်ချို့မယ်များကတော့ အနည်းငယ် စိတ်ကသိကအောက်ဖြစ်ခဲ့ပြီး မိမိ၏ ထုတ်ကုန်ကို ကြေညာပေးရန်အတွက်သာ အားသန်နေကြသည့် အလှအပ ပစ္စည်း စပွန်စာများကို ဝေဖန်မှုလည်း ရှိခဲ့သည်။ သူတို့က နိုက်ဂျီးရီးယားနှင့် ဘင်္ဂလားဒေ့ရှ်မယ်တို့အပါအ၀င် အလှမယ်များအားလုံးကို အသားဖြူခရင်မ်ပေးကာ အသုံးပြုခိုင်းခဲ့သည်။

    ထိုပြိုင်ပွဲတွင် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ပေးရေးအတွက် ဆွေးနွေးမှုများလည်းရှိခဲ့ပြီး ထိုဆွေးနွေးမှုအတွင်း ကမ္ဘာတစ်ဝှမ်း အမျိုးသမီးအရေးကိစ္စများကိုဆောင်ရွက်နေသော မွတ်စလင်ပညာရှင်များလည်း ပါဝင်ခဲ့လေသည်။ အလ်ဂျီးရီးယားမှ ပါမောက္ခတစ်ဦးကမူ ဆော်ဒီအာရေဗျရှိ အမျိုးသမီးများမှာ ကားမမောင်းရခြင်မှလွဲ၍ လွတ်လပ်မှုရှိကြသည်ဟု ပြောကြားခဲ့သည်။

    ပြိုင်ပွဲ၏ နောက်ဆုံးနေတွင်တော့ ဒီဇိုင်နာနှင့် ဘလော့ဂါဖြစ်သူ ယူကေမယ် ဒီနာ တော်ကီယာက ၎င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ဖွင်ဟခဲ့လေသည်။

    `သာမန်မယ်ပြိုင်ပွဲနဲ့ အခုဒီပြိုင်ပွဲရဲ့ တစ်ခုတည်းသောခြားနားချက်ဟာ အမည်ပဲဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ ဦးခေါင်းပေါ်မှာ ဟီဂျဘ်ဝတ်ဆင်ထားတာလည်း ခြားနားမှုပါပဲ´

    ပြိုင်ပွဲအတွက် ဖိအားများမြင့်တက်လာသည့်အချိန်တွင် မိမိတို့နိုင်ငံအလိုက် ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များပြသရန် အခွင့်အရေးမရမှုအတွကလည်း ဝေဖန်မှုများရှိခဲ့သည်။

    ဥပမာအားဖြင့် နောက်ဆုံးရမှတ်၏ ၂၀ ရာခိုင်နှုန်းတွင် ထည့်သွင်းတွက်ချက်မည့် မိမိတို့၏ ကိုယ်ပိုင်ပါရမီကို လက်ဗွေစကန်ဖတ်ခြင်းဖြင့် ဆုံးဖြတ်သော Talents Spectrum Assessment စနစ်ကို မည်သည့်အတွက်ကြောင့် ထည့်သွင်းထားသနည်းဆိုသည်မှာ မေးစရာဖြစ်ခဲ့သည်။

    နောက်ဆုံး ၁၀ ဦးစလုံးကို အကဲဖြတ်အမှတ်ပေးမည့် အချိန်တွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို အဘယ့်ကြောင့် အသံအကောင်းဆုံး တစ်ဦးတည်းကိုသာလျှင် ဦးဆောင်စေခဲ့သနည်း။

    ထို့ပြင် အင်ဒိုနီးရှားရိုးရာ pawang hujan ပြိုင်ပွဲနှင့် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုပြိုင်ပွဲတွင်လည်း ပြိုင်ပွဲဝင်များအတွက် ကသိကအောက်များဖြစ်ခဲ့လေသည်။

    သို့ရာတွင် မွတ်စလင်အမျိုးသမီးများအတွက် အလားအလာကောင်းများ ရှိသည်ကတော့ အမှန်ပင်ဖြစ်၏။

    `ဒီ မွတ်စလင်မယ်ပြိုင်ပွဲဟာ မွတ်စလင်အမျိုးသမီးတွေအတွက် တကယ့်ကို အကျိုးဖြစ်ထွန်းမယ့် အလားအလာ ရှိနေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အနည်းငယ် ရှက်စရာကောင်းနေတယ်လို့ ခံစားရပါတယ်´ ဟု တိုကီရာက ပြောကြားခဲ့သည်။

    ယိုဂျာကားတားရှိ သမိုင်းဝင် Prambanan ဟိန္ဒူဘုရားကျောင်း ပရ၀ုဏ်အတွင်း ကျင်းပပြုလုပ်မည့် ဖိုင်နယ်ပွဲမတိုင်မီ အားလုံးက စိတ်လှုပ်ရှားနေကြသည်။

    အ၀တ်လဲခန်းတွင်လည်း ရွှေရောင်ဒေါက်မြင့်ဖိနပ်ဘူးများဖြင့် ပျာယာခတ်နေကြသည်။ ဒီဇိုင်နာများ၏ ၀တ်စုံများက ပျံဝဲနေကြ၏။ ပြိုင်ပွဲဝင်များကလည်း မှန်ရှေ့မှမခွာကြ။ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် ကုရ်အာန်ကျမ်းတော်မြတ်မှ လမ်းညွှန်မှုများကို အချို့က ရှာဖွေဖတ်ရှုနေကြသည်။

    အီရန်မယ်ကတော့ သူမရရှိသည့် ၀တ်ရုံရှည်က သူမခန္ဓာကိုယ်ထက် ၃ ဆ မျှ ကြီးနေသည့်အတွက် မကျေမနပ်ဖြစ်နေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်မယ်ကလည်း မျက်တောင်အတုများမှာ ချုံပုတ်များနှင့်တူသည်ဟု ပြောပြန်သည်။

    ယမန်နှစ်က မွတ်စလင်မယ်အဖြစ် ရွေးချယ်ခံရသူနှင့်အတူ ကုရ်အာန်ကျမ်းတော်မြတ်အား တစ်နာရီခန့် လေ့လာပြီးသည့်နောက် အိန္ဒိယမယ်က ၎င်း၏ စလွယ်မှာ ဟိုတယ်တွင် ကျန်ခဲ့သည်ကို သိရပြီး ပူပန်မှုများ ဖြစ်ခဲ့သည်။

    ပြိုင်ပွဲစရန် ၅ မိနစ်သာလိုတော့သည်ဟု ပြောကြားသည့်အခါမှာတော့ မလေးရှားမယ်က အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအချိန်တွင် KLCC တာဝါက ခုန်ချတော့မည့်အချိန်တွင် ခံစားရသကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု သူမက ဖွင့်ဟခဲ့လေသည်။

    ကြမ်းပြင်ထိသည်အထိ ရှည်လျားသည့် ဂါဝန်၊ ဇာထည်၊ အနားသတ်များနှင့် ခြယ်သထားသည့် နှစ်လွှာပါသော ဟီဂျဘ်တို့ ၀တ်ဆင်ထားကာ ကျက်သရေရှိလှသည့် မွတ်စလင်မယ်များမှာ ကနုတ်ပန်းများဖြင့် ဆင်ယင်ထားသည့် စင်မြင့်ပေါ်သို့ ထွက်လာကြသည်။ ထို့နောက် လှည့်ပတ်လျှောက်ခဲ့ကြပြီး ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်တစ်ချို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကြလေသည်။

    နှစ်ပတ်တာကြာမြင့်ခဲ့သည့် ပြိုင်ပွဲ၏ အဆုံးသတ်တွင်တော့ မည်သူက နောက်ဆုံး အနိုင်ရသူဖြစ်မည် နည်းဟူသည့် မေးခွန်းများမှာလည်း ပေါ် ထွက်လာခဲ့သည်။ နှစ်သက်မြတ်နိုးဖွယ်ကောင်းပြီး၊ အရှိကို အရှိအတိုင်းဖွင့်ဟတတ်သည့် ယူကေမယ်လား? မော်ဒယ်သဏ္ဍာန်နှင့် အင်ဂျင်နီယာဖြစ်သူ တူနီးရှားမယ်လား? သို့မဟုတ် ကိုယ်ကျိုးမကြည့်သည့် ဆရာဝန်ငယ် ဘင်္ဂလားဒေ့ရှ်မယ်လား?

    နောက်ဆုံး ၅ ဦးအဆင့်သို့ ရောက်ရှိချိန်အထိ အေးအေးဆေးဆေးပင်ဖြစ်ပြီး ထိုငါးဦးအထဲမှ ၃ ဦးပင် ယှဉ်ပြိုင်ပြီးသွားပြီဖြစ်သည်။ ထို့နောက် နောက်ဆုံးအပြောင်းအလဲတစ်ခုအဖြစ် အိန္ဒိယမယ်ကို စင်မြင့်ထက်သို့ ဖိတ်ခေါ်ခဲ့လေသည်။ ထို့ကြောင့် နောက်ဆုံး ၅ ဦး မဟုတ်ဘဲ နောက်ဆုံး ၆ ဦး ဖြစ်လာခဲ့ပြီး ပြိုင်ပွဲက အကြိတ်အနယ်ဖြစ်လာခဲ့သည်။

    ပြိုင်ပွဲဝင်များအား မဲပေးရန်အတွက် ဖိတ်ခေါ်ထားသည့် မိဘမဲ့နှင့် ချို့တဲ့သည့် အသိုင်းအ၀ိုင်းမှ လူငယ် ၁၀၀ က မဲပေးသည့် အချိန်တွင်တော့ အိန္ဒိယနှင့် တူနီးရှားမှ မွတ်စလင်မယ်များက အပြိုင်အဆိုင်ဖြစ်လာခဲ့ပြီး ၎င်းတို့ နှစ်ဦးသား စင်မြင့်အပေါ်၌ နောက်ဆုံး အဖြေအတွက် ရင်ခုန်စွာ စောင့်မျှော်နေကြလေသည်။

    မဲအရေအတွက် ၅၁-၄၉ ဖြင့် တူနီးရှားမယ် ဖာသွေမာ ဘင် ဂူဖရာချီတစ်ယောက် အနိုင်ရခဲ့သည်။ သူမမှာ မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ဆုတံဆိပ်နှင့် ဂုဏ်ပြုပန်းများ လာရောက်အပ်နှင်းသည်အထိ ပီတိသောမနဖြင့် မျက်ရည်ဝိုင်းနေပြီး မည်သည့်စကားမှ ပြောမထွက်နိုင်သေး။

    ၂၀၁၄ ခုနှစ် မွတ်တစ်လင်မယ်ကမ္ဘာဖြစ်သူ သူမအား အိန္ဒိယမယ်က ဖက်လှဲတကင်း ဂုဏ်ပြုခဲ့ပြီးနောက် ဂူဖရာချီက ကမ္ဘာတစ်ဝှမ်းက အာရုံစူးစိုက်မှုနည်းသည့် ပြဿနာများ ပြေလည်ရန် မိမိနေဖြင့် အားပေးထောက်ခံပါကြောင်း ပြောဆိုသွားခဲ့လေသည်။

    “မွတ်စလင်ကမ္ဘာအတွက် အရေးပါတဲ့ အရာတွေထဲက အချို့ကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်မျိုးမအား အလ္လာဟ်အရှင်မြတ် ကူညီစောင်မတော်မူပါစေ´ လို့ ကျွန်မဆုတောင်းချင်ပါတယ်။ နောက်ပြီး ပါလက်စတိုင်း၊ ဂါဇာ၊ ဆီးရီးယားနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အတိဒုက္ခရောက်နေကြတဲ့ မွတ်စလင်တွေအတွက် ဆုတောင်းပေးကြပါလို့ ပရိသတ်တွေကို ကျွန်မ တောင်းဆိုချင်ပါတယ်´

    စာနာမှုအပြည့်၊ ဂရုဏအပြည့်ဖြင့် ဂူဖရာချီက ပြောကြားခဲ့လေသည်။

    Ref: Al Jazeera
    .လေးမောင် ဘာသာပြန်ဆို တင်ဆက်သည်။