News @ M-Media

Month: January 2015

  • ပျောက်ဆုံး Air Aisa လေယာဉ်မှ ခရီးသည်၏ ပထမဆုံး ဈာပန အခမ်းအနား ကျင်းပ

    ပျောက်ဆုံး Air Aisa လေယာဉ်မှ ခရီးသည်၏ ပထမဆုံး ဈာပန အခမ်းအနား ကျင်းပ

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    1503893_820584651317340_4982769200097546992_n
    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပျောက်ဆုံး သွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ လေယာဉ်အမှတ် QZ8501 တွင် လိုက်ပါသွားခဲ့သည့် ခရီးသည်များမှ ပထမဆုံး ဈာပနကို အင်ဒိုနီးရှား၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆူရာဘာယာမှ ဟာယတ်တီ လတ်ဖီယာ ဟာမီဆိုသည့် အမျိုးသမီး၏ အသုဘ အခမ်းအနားဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို အတည်ပြုခဲ့ပြီးနောက် မိသားစုအား လွှဲပြောင်းပေးအပ်ခဲ့ကာ ဇန်န၀ါရီ ၁ ရက်နေ့ နေ့လည်ပိုင်းက ဆူရာဘာယာတွင် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။

    ဟာမီ၏ အိမ်တွင် ၀တ်ပြုဆုတောင်းခဲ့ကာ အဆိုပါ ဈာပနသို့ လိုက်ပါပို့ဆောင်သူ ရာချီရှိခဲ့သည်။ အင်ဒိုနီးရှား ကယ်ဆယ်ရေး တာဝန်ရှိသူများကမူ အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း မည်သူမည်ဝါဖြစ်ကြောင်း ထပ်မံအတည်ပြုရန် ကြိုးစားနေ သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်များတွင် ယခုအချိန်အထိ လူ ၉ ဦး၏ အလောင်းကိုသာ ဆယ်ယူရရှိသေးပြီး ဆိုးရွားသော ရာသီဥတုကြောင့် ရှာဖွေမှုများ နှောင့်နှေးလျက် ရှိနေသည်။

    အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းနှင့် ခရီးသည်စုစုပေါင်း ၁၆၂ ဦးပါဝင်ပြီး ၁၅၀ မှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြသည်။

    Ref : aljazeera

  • အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မလိုတမာစိတ်နှင့် အမုန်းတရား များသာဖြစ်သည်ဟု ဂျာမနီ ၀န်ကြီးချုပ်ပြော

    အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မလိုတမာစိတ်နှင့် အမုန်းတရား များသာဖြစ်သည်ဟု ဂျာမနီ ၀န်ကြီးချုပ်ပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10888964_820476331328172_2469225279220563838_n
    – ပဋိပက္ခများဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များကို နိုင်ငံအတွင်း ၀င်ရောက် ခိုလှုံခွင့်ပေးရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလမာကဲလ်က တိုက်တွန်းလိုက်ပြီး နိုင်ငံ အတွင်း ဖြစ်ပွားနေသော အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှာမှုများကလည်း အမုန်းတရားများပြည့်နေသော လူမျိုးရေး ခွဲခြားမှုလုပ်ရပ်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းက တိုင်းပြည်အား ပြောကြားခဲ့သော နှစ်သစ်မိန့်ခွန်းတွင် မာကဲလ်က ယခုကဲ့သို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ အခြေချသူများအား ကြိုဆိုရန်အတွက် လည်း ဂျာမန်ပြည်သူများအား တိုက်တွန်းခဲ့သည်။

    `ကျွန်မတို့ တိုင်းပြည်မှာ ခိုလှုံချင်တဲ့သူတွေကို ကူညီဖို့ဆိုတာ ပြောစရာကို မလိုပါဘူး´ ဟု မာကဲလ်က ဆိုသည်။

    ထို့ပြင် လွန်ခဲ့သည့် သီတင်းပတ်များက နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအုပ်စု PEGIDA ၏ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှု မြင့်တက်လာခြင်း အတွက်လည်း ၀မ်းနည်းမိသည်ဟု မာကဲလ်က ဖွင့်ဟခဲ့သည်။

    `ဒီနေ့ခတ်မှာ လူတွေဟာ နေ့စဉ်နေ့တိုင်း `ငါတို့ လူမျိုးကွ´ လို့ အော်လာကြပါ တယ်။ ဒါဟာ တစ်ကယ်တော့ အသားအရောင် ဒါမှမဟုတ် ဘာသာတရားကြောင့် တစ်ချို့ကတော့ ဒီထဲ မပါဘူးလို့ ဆိုလိုတာပါပဲ။ ဒါ့ကြောင့် ဒီလှုပ်ရှားမှု ပြုလုပ်တဲ့သူတွေကို ပြောချင်တာက – ဒီလှုပ်ရှားမှုထဲမှာပါဖို့ လာခေါ်တိုင်း မလိုက်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တွေရဲ့ နှလုံးသားတွေထဲမှာ မလိုတမာစိတ်နဲ့ အမုန်းတရားတွေသာ ရှိနေတာပါ ´ ဟု ပြိုကျသွားခဲ့သည့် ဘာလင်တံတိုင်းရှေ့တွင် ပြုလုပ်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ မာကဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဂျာမနီ၏ ဒုက္ခသည်ခိုလှုံခွင့်ပေးမှုဆိုင်ရာ ဥပေဒမှာ ကမ္ဘာပေါ်တွင် လစ်ဘရယ် အကျဆုံး နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်ပြီး အများစုကမူ ထိုကဲ့သို့ ဒုက္ခသည်များအား လက်ခံမှုမှာ အတိတ်က နာဇီများ၏ ပုံစံမျိုး ဖြစ်မလာအောင် တုံ့ပြန်ခြင်းဖြစ်သည်ဟု ရှုမြင်နေကြသည်။ ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များကို လက်ခံခြင်းမှာ နာဇီဝါဒ ရှင်သန်မှုကို အတားအဆီးဖြစ်စေသည်။

    ဂျာမနီသို့ ဒုက္ခသည်များ လာရောက်ခိုလှုံမှု အရေအတွက်မှာ ယခုနှစ်တွင် ၂ သိန်းခန့်အထိ ရောက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကထက် လေးဆ တက်လာခဲ့ကာ နှစ် ၂၀ အတွင်း အမြင့်ဆုံး ပမာဏလည်း ဖြစ်သည်။

    ဂျာမနီရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ စုစုပေါင်း ၄ သန်းခန့်ရှိပြီး ထိုမွတ်စလင် လူဦးရေ၏ ၃ ပုံ ၂ ပုံမှာ တာ့က်အနွယ်များ ဖြစ်သည်။

    လွန်ခဲ့သည့် သီတင်းပတ် အနည်းကပင် PEGIDA အုပ်စုမှာ မွတ်စလင် ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့ အခြေသူများအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများကို ကျင်းပခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ် တနင်္လာနေ့ကလည်း နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စံချိန်တင် လူပေါင်း ၁၇၅၀၀ ခန့် ပါဝင်ခဲ့ပြီး သီတင်းပတ်များအတွင်း ၁၀ ကြိမ်မြောက် ဆန္ဒပြမှုလည်း ဖြစ်သည်။ ဆန္ဒပြမှုများ အတွက် ဂျာမန်ပြည်သူများက `Dresden Nazi-free´ (ဒရက်စ်ဒန်မြို့တွင် နာဇီဝါဒ ကင်းစင်ရမည်) ဟူသော ခေါင်းစဉ်ဖြင့် တန်ပြန်ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၅၀၀ ခန့် ပါဝင်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုတွင် ဂျူးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် Holocaust အဖြစ်အပျက်မျိုး ဖြစ်ပွားစေခဲ့သော လူမျိုးရေး ခွဲခြားမှုနှင့် လူမျိုးခြားကြောက်ရောဂါများ အတွက် ဂျာမနီတွင် နေရာမရှိဟု သတိပေးခဲ့ကြသည်။

    ဂျာမနီစက်မှုလက်မှု အသင်းမှ ဥက္ကဌဖြစ်သူ အူလ်ရစ်ခ်ျ ဂရီလိုကလည်း ထိုကဲ့သို့ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ နိုင်ငံ၏ အကျိုးစီးပွားနှင့် တန်ဖိုးများကို အခြေပျက်စေသည်ဟု ပြောကြားခဲ့သည်။

    Ref : Reuters

  • ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ၀ိုင်းဝန်းထိန်းသိမ်းရမယ်- ဘာသာကြီးလေးခု

    ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ၀ိုင်းဝန်းထိန်းသိမ်းရမယ်- ဘာသာကြီးလေးခု

    ဇန်နဝါရီ ၁ ၊ ၂၀၁၅
    DVB (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    10906380_820220498020422_5659885893021097452_n
    လွန်ခဲ့တဲ့နှစ်ပိုင်းတွေ လူမျိုးရေးဆန်ဆန်၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်းမျိုးတွေ ကူးစက်ဖြစ်ပွားခဲ့မှုဟာ ဥပဒေနဲ့အညီကိုင်တွယ်တာ အားနည်းသလို နိုင်ငံရေး အမြတ်ထုတ်တဲ့ လက်ရာတွေ မကင်းဘူးလို့ ဘာသာပေါင်းစုံညီညွတ်ရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။ အလားတူအဖြစ်ဆိုးမျိုးတွေ ရှောင်ကြဉ်နိုင်အောင် ဘာသာတခုနဲ့တခုအကြား ပုတ်ခတ်ဝေဖန်မှုတွေ၊ အမုန်းစကားပြော ဆိုမှုတွေကိုလည်း ရှောင်ကြည် သင့်တယ်လို့ သူတို့က ပြောပါတယ်။

    ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် (ဗုဒ္ဓဘာသာ)
    ————————————————————-
    “ဘာသာနဲ့ဆိုင်ပြီးတော့ ဖြစ်တယ်လို့ ကျနော် လက်မခံဘူး။ ပဋိပက္ခဖြစ်တာသည် တယောက်နဲ့တယောက်ရဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ့် ပြဿနာ၊ အဲဒါကို မလိုလားအပ်တဲ့သူတွေကနေပြီးတော့ ဘာသာရေးပုံစံ ဖော်ပြီးတော့မှ ကုလားနဲ့ ဗမာအဓိကရုဏ်း၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာအဓိကရုဏ်း ပုံစံပြောင်းတာ။ ဒါက တိုင်းပြည်ကို ဆူပူအောင်လုပ်ချင်တဲ့သူတွေရဲ့ အာဘော်ပဲ။ ကျနော်တို့ကတော့ ဒါ လက်မခံဘူး။ လူတစ်ယောက်က လူတစ်ယောက်ကို မုဒိမ်းမှုဖြစ်တဲ့အတွက် Criminal (ရာဇ၀တ်မှု ကျူးလွန်သူ) အရပဲ အရေးယူရမယ်။ အဲလိုကျနော်တို့ လက်ခံထားပါတယ်။ Criminal အရ အရေးမယူဘဲနဲ့ ဒါသည် ကုလား ကနေပြီးတော့ ဗမာကို မုဒိမ်းကျင့်တယ်ဆိုပြီးတော့ လုပ်တာသည် ဒါက ကျနော်တို့ ဘေးပယောဂတွေ ၀င်လာပြီး ဆူပူအောင်လုပ်တဲ့သဘောပဲ။ ဒါကြောင့် Criminal ကို Criminal နဲ့ လုပ်ပါ။ ပြီးရင် အဖြစ်မှန်ကို ဖော်ထုတ်ပါ။ ပြီးလို့ရှိရင် ရိုးရိုးသားသားနဲ့ ပြည်သူတွေကို အဲဒီဖြစ်နေတဲ့အဖြစ်မှန်ကို သိအောင်လုပ်ပါ။ မီဒီယာကနေပြီးတော့ ကျနော်တို့ ပိုပြီးတော့ ဆူပူလှုပ်ရှားလာအောင်မလုပ်ဘဲ အဖြစ်မှန်ကိုပဲ ပြည်သူကို တင်ပြပါ။ ဒါတွေကျနော်တို့ ပြောနေတဲ့သဘောပါပဲ။

    “ဘာသာရေးနဲ့ပြဿ နာမဖြစ်ဘူးဆိုရင် ဘာသာအသီးသီးရဲ့ သာသနာ့ခေါင်းဆောင်တွေသည် မိမိရဲ့ဘာသာဝင်တွေကို ဥပဒေအတွင်းမှာပဲ ငြိမ်းချမ်းစွာနေထိုင်ပြီးတော့ ဥပဒေအတွင်းကပဲ လိုအပ်ချက်တွေကို ဆောင်ရွက်ကြ ဖို့ နံပါတ် ၁။ နံပါတ် ၂ ကတော့ အခြားအခြားသော လူတွေကနေပြီးတော့ စည်းရုံးသိမ်းသွင်းတဲ့ ဥပဒေမဲ့လုပ်ရပ်တွေထဲမှာ ပါမသွားဖို့အတွက် ကိုယ့်လူတွေ ကိုယ်ထိန်းသိမ်းဖို့။ နံပါတ် ၃ ကတော့ hate speech (အမုန်းစကားပြောကြားခြင်း) တွေကို အပြန်အလှန်မပြောကြဖို့။ ဒီ ၃ ချက်ကို လုပ်လို့ရှိရင်တော့ တော်တော် တန်တန်တော့ အေးချမ်းမှာပါ။”

    အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်း (အစ္စလာမ်ဘာသာ)
    ————————————————————-
    “ဒီဖြစ်ရပ်ကြောင့် အများကြီးနစ်နာပါတယ်ဗျာ။ အိုးမဲ့အိမ်မဲ့ လူသိန်းနဲ့ချီဖြစ်ကုန်တယ်။ ကျနော်ရခိုင်ကော်မရှင်မှာပါတော့ ရခိုင်ကို ရောက်တယ်လေ။ ရခိုင်ပြည်နယ်ထဲမှာဆိုရင် ဒီဒုက္ခသည်အားလုံးက သိန်းဂဏန်းရှိပါတယ်။ အခုအချိန်ထိ သူတို့ နေရတာ၊ စားရသောက်ရတာ တော်တော့်ကို ချို့ချို့တဲ့တဲ့နဲ့ ရောဂါပေါင်း စုံဖြစ်၊ ဆေးဝါးကုသမှုခံလို့မရ ထိုနည်းတူ မိတ္ထီလာမှာလည်း အခုချိန်ထိ ဒုက္ခသည်စခန်းမှာ လူရှိနေသေးတယ်။ သူတို့နေရာ သူတို့ ပြန်မရတာတွေ ရှိသေးတယ်။ ဒီလို ထိခိုက်မှုကတော့ တဦးချင်းတင်မကဘဲ နိုင်ငံတော် အနေနဲ့လည်း ဒီဒုက္ခသည်တွေကို နိုင်ငံတော်က တာဝန်ယူ ကျွေးနေရတဲ့ အတွက်ကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေလည်း ထိခိုက်တာပေါ့နော်။ နောက်ပြီးတော့ ကမ္ဘာ့ အလယ်မှာလည်းပဲ မြန်မာပြည်ရဲ့ ပုံရိပ်ပေါ့နော်။ ဒီ ငွေရေးကြေးရေး ကုန်ကျတာထက် ပိုပြီးတန်ဘိုးရှိတဲ့ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ထိခိုက်တာကတော့ အဆိုးဆုံးပေါ့ဗျာ။ လက်ရှိဖြစ်နေတဲ့ လူမျိုးရေးဆန်ဆန်၊ ဘာသာရေးဆန်ဆန် အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရကနေပြီးတော့ ဒါကို နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ပုံစံမျိုးနဲ့ တဖက်ကနေ လွှတ်ပေးထားတယ်၊ ထိထိရောက်ရောက် မဖြေရှင်းဘူးလို့ ကျနော်ယူဆတယ်။ မနှစ်က တနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ၂၀၁၅ မှာ မဖြစ်ဖို့အတွက်က ဒီဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီးတော့ ကျနော်တို့အားလုံးက ၀ိုင်းဝန်းထိန်းသိမ်းရမယ်။ အထူးသဖြင့် အစိုးရပိုင်းကနေ တိတိကျကျ ဥပဒေနဲ့အညီ ဖြေရှင်းရမယ်။ ကြပ်မတ်ရမယ်။ အဲဒီလို ကြပ်မတ်မယ်ဆိုရင် ပြည်သူလူထုကလည်း အသိစိတ်ရှိရှိနဲ့ ၀ိုင်းဝန်းထိန်းသိမ်းမယ်ဆိုရင် ဒီလို အခြေအနေမျိုးတွေ ထပ်ဖြစ်လာစရာ မရှိပါဘူး။

    ဘာသာရေးခေါင်းဆောင် ဒေါက်တာဦးလှထွန်း (ဟိန္ဒူ ဘာသာ)
    ————————————————————-
    “အမှန်တကယ်က ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကွဲပြီးတော့ ဘာသာရေးလည်း ပြောလို့မရဘူး။ ဒါက လူမျိုးနည်းစုနဲ့ ဘာသာရေးနဲ့ ရောထွေးနေတယ်။ ဘာသာရေး ဆိုတာက ဘာသာရေး လို့ ပြောလိုက်ရင် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ်သွားနိုင်တယ်။ ဒါ ဘာသာရေး မဟုတ်ဘူး ဒေသတခုနဲ့ အဲဒီမှာရှိနေတဲ့ ဘာသာဝင်လူမျိုးစုနဲ့ကြားမှာဖြစ်တဲ့ ကိစ္စပဲဖြစ်တယ်။ သို့သော် ဒီထဲမှာ တချို့ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ လုပ်နေတဲ့လူလည်းရှိတယ်လို့ အပြင်ကနေကြည့်လို့ရှိရင် တွေ့ရလိမ့်မယ်။ ဆိုတော့ ကျနော့်အနေနဲ့ ဟို ဘာသာရေးလို့။ ဘာသာရေးဆိုတာက ကျယ်ပြန့်တဲ့ ခံယူမှုတခုဖြစ်တယ်။ အဲဒီပေါ်မှာ ဘာသာရေးပဋိပက္ခလို စကားလုံးမျိုး သုံးခြင်းကို ကျနော်က Feel မဖြစ်ဘူး။”

    “ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်မံမဖြစ်ပွားအောင် ဘာသာပေါင်းစုံ ညီညွတ်ရေးတို့။ အချင်းချင်းမှာ အပြန်အလှန် သွားတာလာတာ၊ ထိတွေ့တာတို့ များများလုပ်လေလေ ကောင်းလေပဲလို့ ကျနော်ကတော့ မြင်တယ်။ ဘာသာတခုနဲ့တခု တွေ့တာရယ် ထိုင်ပြီးဆွေးနွေးတာရယ်မရှိတော့ ဒီလိုဟာမျိုး ဖြစ်တတ်တယ်။ ဒါက အောက်ခြေအထိ Grassroots အထိ ဘာသာပေါင်းစုံလုပ်ရင်တော့ ဒီကိစ္စတွေကတော့ တော်တော်လေးကို ထိန်းသွားမှာဖြစ်ပါတယ်လို့ ယုံကြည်တယ်။ ဒီဘက်မှာကျတော့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အောက်ခြေ အထိကို လုပ်ကြဖို့လို့ ကြိုးစားနေတဲ့လုပ်ငန်းလည်း စနေပြီ ဒီပေါ်မှာလေ။ ဒီလိုပဲ တယောက်နဲ့ တယောက် ထိတွေ့ခြင်းဟာ ပဋိပက္ခတွေကို ကာကွယ်လို့ရတယ်။ ဘာသာဆိုတာက တဖက်မှာရှိသော်လည်း အဓိက ဘာသာမဟုတ်ဘဲ လူတွေရဲ့မိမိဆန္ဒပါလာတယ်၊ ကိုယ်စွဲပါလာတယ်၊ လူမျိုးနွယ်စုစွဲပါလာတယ်၊ ဘာသာရေးစွဲပါလာတယ် အဲဒီမှာကျတော့ ပြဿ နာပေါ်လာတယ်။ အဲဒါမဟုတ်ဘဲနဲ့ ဘာသာရေးခေါင်းဆောင်တွေက တိုင်ပင်တာတို့ ဆွေးနွေးတာတို့ ဒါ အကောင်းဆုံးနည်းပဲ။”

    သိက္ခာတော်ရဆရာတော် စောမက်သယူးအေး (ခရစ်ယာန်ဘာသာ)
    ————————————————————-
    ဘာသာရေးစကားနဲ့ပြောရမယ်ဆိုရင် မေတ္တာတရားပေါ့နော် ဘယ်လိုခေါ်မလဲ နက်နက်ရှိုင်းရှိုင်း မရှိကြလို့ပေါ့နော်။ သူ့ဘာသာ၊ ကိုယ့်ဘာသာ စွဲနေကြတဲ့အတွက် အဓိက ဖြစ်ရတာပေါ့။ ဘာသာတခုနဲ့တခု နားလည်မှုရှိကြဖို့ပါပဲ။ အဓိကကတော့ အပေးအယူ မျှဖို့ပေါ့နော်။ ဘာသာတခုနဲ့တခု မပုပ်ခတ်ပဲနေကြလို့ရှိရင် အကောင်းဘက်တော့ ဦးတည်တာပေါ့ ပဋိပက္ခမဖြစ်အောင်ဆိုရင်တော့ ဘာသာတခုနဲ့တခုက မပုပ်ခတ် မပြစ်တင်ဘဲ ကိုယ့်ဘာသာအလိုက်ပဲ သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့ လမ်းကြောင်းတခုပေါ်တော့ လျှောက်နိုင်မယ်လို့တော့ ယူဆတယ်လေ။

    ဒီမှာရှိနေကြတဲ့၊ မြန်မာပြည်မှာရှိနေကြတဲ့ ဘာသာပေါင်းစုံပေါ့နော်။ ဘာသာပေါင်းစုံ အားလုံးက ညီညီညွတ်ညွတ်နဲ့ မေတ္တာတရားရှေ့ထားပြီးတော့ ကိုယ့်ရဲ့ ဘာသာအကျိုး၊ ကိုယ့်ရဲ့နိုင်ငံတော် အကျိုးအတွက် ရှေ့ရှုပြီးတော့ ပြည့်ဝတဲ့မေတ္တာ တရားနဲ့ သွားမယ်ဆိုရင်တော့ တကယ်ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကြီး တခုကိုတော့ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့တော့ အထူးသဖြင့်တော့ ပြည်တွင်းစစ် လုံးဝချုပ်ငြိမ်းဖို့ကတော့ အဓိကပဲလို့ ယူဆတာပဲ။

    http://burmese.dvb.no/archives/75756

    ဓါတ်ပုံ – ၂၀၁၃ ခုနှစ် မတ်လ နှောင်းပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့မှ အကြမ်းဖက်မီးရှို့ခဲ့ကြသည့် မြင်ကွင်းများ

  • စီးရီးအေသို့ပြောင်းမည် ဆိုသည့် သတင်းအား အီဗရာဟီမိုဗစ် ငြင်းဆို

    စီးရီးအေသို့ပြောင်းမည် ဆိုသည့် သတင်းအား အီဗရာဟီမိုဗစ် ငြင်းဆို

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    10259788_820057008036771_8863337683938561396_n
    – ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် စီးရီးအေ ကလပ် ရိုးမားသို့ ပြောင်းရွှေ့တော့မည်ဆိုသည့် သတင်းအား ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ငြင်းဆိုလိုက်သည်ဟု သိရသည်။

    အီဗရာဟီမိုဗစ်မှာ ယခင်က ဂျူဗင်တပ်၊ အင်တာနှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့ဖူးပြီး ယခုနှစ်ရာသီအကုန်တွင် ပီအက်စ်ဂျီမှထွက်ခွာကာ စီးရီးအေကလပ် ရိုးမားအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု ဆွီဒင်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ထိုသတင်းအား အီရောဟီမိုဗစ်က ငြင်းဆိုခဲ့ပြီး ပီအက်စ်ဂျီနှင့် သက်တမ်း ကုန်မှသာ မည်ကဲ့သို့ဖြစ်လာမည်ကို ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    `စီးရီးအေကို ကျွန်တော်ပြန်သွားမှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ဒါမျိုးပြောနေပါတယ်။ ဒါမျိုးကြေညာနေပါတယ်။ ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး။ ကျွန်တော် ပဲရစ်မှာ အဆင်ပြေပြီး ပီအက်စ်ဂျီနဲ့ စာချုပ်ကလည်း ၁ နှစ် ကျန်ပါသေးတယ်။ နောက်မှ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ထပ်ပြောရရင် ကျွန်တော်ဟာ ပဲရစ်မှာပဲဖြစ်ပြီး တစ်ယောက်ယောက်က ဇာတ်လမ်းထွင်လိုက်တာပါ´ ဟု ၎င်းက ဆိုသည်။

    အသက် ၃၃ အရွယ်ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်မှာ ၂၀၁၆ ခုနှစ် ပီအက်စ်ဂျီအသင်းနှင့် စာချုပ် သက်တမ်းပြည့်ပြီးနောက် ဘောလုံးလောက မှ အနားယူတော့မည်ဟု ယခင်က ဖွင့်ဟခဲ့သော်လည်း၊ နောက်ပိုင်းတွင် မိမိအနေဖြင့် ထိပ်တန်းအဆင့်တွင် မကစားနိုင်တော့မှသာ ဘောလုံးလောကမှ အနား ယူမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

    `ဒီနေ့ ဇလာတန်(အီဗရာဟီမိုဗစ်)ဟာ အကောင်းဆုံး အီဗရာဟီမိုဗစ်ဖြစ်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရာသီတိုင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် တိုးတက်ဖို့ ကြိုးစားနေလို့ပါ´ ဟု အီဗရာဟီမိုဗစ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : goal.com

  • နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း ကြိုးပမ်း

    နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း ကြိုးပမ်း

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    10603776_820057698036702_4814568365774334044_n
    – နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ၏ အဖွဲ့ဝင်ဖြစ်ရေး တောင်းဆိုလွှာကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် လက်မှတ်ရေးထိုး လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်းပိုင်နက်အား အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု ရပ်တန့်ရေးနှင့်  နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သတ်မှတ်ချက်များဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့ပြီးနောက် ICC အဖွဲ့ဝင်ဖြစ်ရေးအတွက် အဘတ်စ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထိုတောင်းဆိုလွှာအပြင် ပါလက်စတိုင်းအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ၀င်ရောက်နိုင်ရေးအတွက် အခြားသော နိုင်ငံတကာ သဘောတူညီချက် ၂၀ ခန့်တွင် ပါဝင်နိုင်ရေး တောင်းဆိုလွှာများကိုလည်း အဘတ်စ်က လက်မှတ်ရေးထိုး ခဲ့သည်။

    ICC သို့ဝင်ရောက်ရန် ပါလက်စတိုင်း၏ ဆုံးဖြတ်ချက်မှာ ဂါဇာကမ်းမြှောင်တွင် အစ္စရေးက ပြုလုပ်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ တရားစွဲဆို တိုင်ကြားနိုင်ရန် အဆင့်တစ်ဆင့် တက်လှမ်းခြင်းဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပါလက်စတိုင်း၏ ထိုဆုံးဖြတ်ချက်အတွက် တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။

    အဘတ်စ်က လက်မှတ်ထိုးထားသော အဆိုပါတောင်းဆိုလွှာကို ကုလသမဂ္ဂ  အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံသို့ လွှဲအပ်သွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ တင်သွင်းသွားမည်ဖြစ်သည်။

    နိုင်ငံတကာမှ ဥပဒေရေးရာ ကျွမ်းကျင်သူများကမူ ပါလက်စတိုင်း၏ ထိုတောင်းဆိုမှုကို အသိအမှတ်ပြုဖွယ် ရှိနေသည်ဟု မှတ်ချက်ပေးခဲ့သည်။

    ဒုတိကမ္ဘာစစ်အတွင်း နာဇီတို့၏ ရန်ကိုကြောက်၍ ပါလက်စတိုင်းပိုင်နက်သို့ တရားမ၀င် ၀င်ရောက်လာခဲ့သည့် အရှေ့ဥရောပမှ ဂျူးလူမျိုးများမှာ အနောက် နိုင်ငံများ၏ ထောက်ပံ့ပေးမှုဖြင့် ဌာနေပါလက်စတိုင်းများကို သတ်ဖြတ် မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့သည်။

    ထို့နောက် ယခုအချိန်အထိ နည်းအမျိုးမျိုးသုံးကာ ပါလက်စတိုင်းပြည်သူများအား ငြှင်းပန်းနှိပ်စက်လျက်ရှိပြီး ပါလက်စတိုင်း ပိုင်နက်အားလုံးကို သိမ်းယူရန် ကြိုးစားနေသည်။

    Ref : aljazeera