News @ M-Media
Month: January 2015
  • ၂၀၁၅ အလင်းအမှောင် မျှော်မှန်းချက် (Editorial)
    ၂၀၁၅ အလင်းအမှောင် မျှော်မှန်းချက် (Editorial)
    ဒီဇင်ဘာ ၃ ၊ ၂၀၁၅
    M-Media (အယ်ဒီတာ့ အာဘော်)
    နှစ်တစ်နှစ် သစ်ခဲ့ပြီပဲ။ ဒါပေမဲ့ စိတ်တွေ မသစ်နိုင်သေးဘူး။ ဘ၀တွေ မသစ်နိုင်သေးဘူး။ ခေတ်လည်း မသစ်နိုင်သေးဘူး။ ပန်းတိုင်လား။ ဟင့်အင်း မပြောင်းလဲဘူး။ အရင်ပန်းတိုင်တောင် ရောက်မှ မရောက်သေးဘဲကိုး။ ဘယ်မှာလာ ပန်းတိုင်အသစ်ရှေ့ရှုနိုင်ပါဦးမလဲ။ ဒီလိုနဲ့ မြန်မာပြည်သူပြည်သားတွေဟာ မသိုးမသံ့ စိတ်အဟောင်းတွေနဲ့ ဘ၀ဟောင်း၊ ခေတ်ဟောင်းထဲမှာ ပန်းတိုင်အဟောင်းဆီ လမ်းဟောင်းအတိုင်း လျှောက်မြဲလျှောက်နေရဆဲပါ။
    ကမ္ဘာက နေကို ပတ်တယ်။ နေ့နဲ့ည ဖြစ်တည်လာခဲ့။ နေ့နဲ့ညပေါင်းရင် တစ်ရက်တဲ့။ ၃၆၅ ရက်ကို တစ်နှစ်လို့ သတ်မှတ်ထားကြတယ်။ တစ်နှစ်ပြည့်ရင် နှစ်သစ်ပြောင်းသတဲ့။ ဒီလိုနဲ့ သူ့ဘာသာသူလည်နေရင်းက လူတွေကို အလုပ်ရှုပ်စေဖို့ အကြောင်း ဖန်လာတယ်။ မွေးနေ့တွေ၊ နှစ်ပတ်လည်တွေ၊ သက်တမ်းတွေ ကိန်းဂဏန်းတွေနဲ့ လုံးထွေးရစ်ပတ်လို့။ ဟုတ်တယ်။ လူတွေကို အလုပ်ရှုပ်ရအောင်လို့  ကမ္ဘာ ကနေကို ပတ်နေလေရဲ့။
    နေကို ကမ္ဘာက တစ်ပတ်ပတ်တယ်။ ပတ်လိုက်တိုင်း လူတွေ အသက်တစ်နှစ်ကြီးကုန်ရဲ့။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်တော့မယ်။ လွတ်လပ်ရေးက ၆၇ နှစ်ရှိပြီတဲ့။ လက်ရှိမြန်မာအစိုးရလည်း သက်တမ်းစေ့တော့မယ်။ ဒေါ်အောင်ဆန်းစုကြည် မီးစာကုန် ရေခမ်း လုပြီလား။ ရွှေပြည်တော် မျှော်တိုင်းဝေး ရပါဦးမယ်။
    နေကို ကမ္ဘာက တစ်ပတ်ပတ်တယ်။ အလင်းနဲ့ အမှောင်ကို တစ်လှည့်စီ အကွက်ဖော်ခဲ့လေရဲ့။ မစားဘဲ စွန့်ခဲ့ကြသူတွေနဲ့ မစွန့်ဘဲစားခဲ့ကြသူတွေကို မြင်လိုက်ရတယ်။ မြန်မာပြည်ဟာ အမှောင်ဘက်အခြမ်းမှာ ကာလကြာရှည်ခဲ့သလား။ ဒါမှမဟုတ် အမှောင်ကြိမ်နှုန်းများခဲ့တာလား။
    နေကို ကမ္ဘာက အကြိမ်ကြိမ်ပတ်ခဲ့ဖူးတယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ်။ လွတ်လပ်ရေး မရခင် ၁၉၄၇ မှာ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျဆုံးနှင့်လေပြီ။ လွတ်လပ်ရေး သစ်ပင်ကို ဗိုလ်ချုပ်စိုက်ခဲ့တယ်။ အသီးအပွင့်ကိုတော့ မစားခဲ့ရရှာဘူး။ အသက်က ၃၃နှစ်။ ငယ်ရွယ်ပျိုမျစ်တုန်း ဆုံးရှာတယ်။ သက်တမ်းတိုတဲ့ ဗိုလ်ချုပ်က အခု ရာပြည့်မွေးနေ့ပွဲတွေ ဘာတွေဖြစ်လို့။ မစားဘဲ စွန့်ခဲ့ခြင်းဟာ သက်တမ်းရှည်ခြင်းအကျိုးကို ရစေတတ်သလားပဲ။ ဒီပုံအတိုင်းဆို အနှစ် တစ်ထောင်ပြည့် မွေးနေ့ပွဲလည်း ရှိလာဦးမှာ သေချာတယ်။ လူထုရင်ထဲမှာ သူဆက်လက် ရှင်သန်နေဆဲကိုး။
    မြန်မာအစိုးရကတော့ ၂၀၁၅ ဆိုတဲ့ ပန်းပဲဖိုမှာ နန်းဆွဲပြီး သက်တမ်းရှည်အောင် မီးကင် တူနှက်ဦး မယ်ထင်ပါရဲ့။ ရှေး လူတို့ကောင်းမှုကြောင့် ပြည်သူတွေရဲ့ ရင်ကွဲနာကလည်း အခုထိ အကုရခက်နေတုန်း။ လက်ပံတောင်းတောင်လို စီမံကိန်းတွေ၊ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ အဲဒီရင်ကွဲနာက တိုက်ရိုက် ပတ်သက်နေလေရဲ့။ လယ်မြေ၊ အိမ်ဂရံတွေကို ပေါင်နှံဖဲရိုက်ပစ်ခဲ့တဲ့ ပထွေးဆိုးရဲ့ အကြွေးမွေကို ဆက်ခံနေရတဲ့ သားသမီးတွေလိုအဖြစ်မျိုးနဲ့ မြန်မာပြည်သူတွေအဖြစ်က ရင်နင့်စရာပါ။ ရှယ်ယာပါခဲ့တဲ့ ငတေ အကိုကြီးတို့ကတော့ သူတို့ဘာမှမသိခဲ့သလို မှင်သေသေမျက်နှာပေးနဲ့ ဘောင်းဘီကိုအမြန်ချွတ်၊ တိုက်ပုံနဲ့ ပုဆိုးစွပ်ပြီး ရုပ်ပြောင်းရုပ်လွှဲ နှစ်ကိုယ်ခွဲစရိုက်နဲ့ မှင်သေသေ သရုပ်ဆောင်ကောင်းခဲ့ကြပြန်တယ်။ ဒီနှစ် အကယ်ဒမီဆုကို သူတို့ဆွတ်ခူးအံ့ဆဲဆဲမှာပဲ အကျင့်ဟောင်းတွေ ဘွားကနဲပေါ်ပြီး နှစ်ကိုယ်ခွဲပေမဲ့ တစ်ကိုယ်တည်းစရိုက်ပေါ်သွားတာကြောင့် အကယ်ဒမီဆုနဲ့ ကပ်လွဲသွားကြပုံရပါတယ်။ သူတို့ဟာ သူတို့ကြောင့်ရတဲ့ ပြည်သူတွေရဲ့ရင်ကွဲနာကို ဆေးမြီးတိုနဲ့ကြိတ် ကုဖို့ကြိုးစားနေတဲ့ ဒေါက်တာ ရမ်းကု တွေဖြစ်တယ်။ ဒီလိုနဲ့ အပ်နဲ့ ထွင်းရမယ့်ဟာက ပေါက်ဆိန်နဲ့ထွင်းရမယ့် အခြေအနေကို ရောက်လာ ခဲ့တယ်။ ကျေးဇူးကြီး လှပါပေတယ်။
    ၂၀၁၄ ဟာ အာဏာရှင်ခေတ်ကို အလွမ်းပြေ အလည်ရောက်ရသလိုမျိုး ခါးသက်သက် အရသာကို မြည်းစမ်းခွင့် ပြန်ရတဲ့ကာလလို့သာ ချီးမွှမ်းထောပနာ ပြုထိုက်ပါတယ်။ အခုတော့ သူလည်း လက်ပြနှုတ်ဆက်သွားပါပြီ။ တကယ်တော့ ၂၀၁၄ ဟာ သူ့အမှိုက်တွေကို သူသယ်မသွားခဲ့ပါဘူး။
    မြန်မာပြည်လွတ်လပ်ရေးက ၆၇ နှစ်ရှိပြီလို့ ရှေ့မှာ ဆိုခဲ့မိပါတယ်။ အဖိုးအဖွားတွေရဲ့ တီးတိုး အမှာစကားအရတော့ လွတ်လပ်ရေးဟာ ၁၄ နှစ်သားမှာပဲ ဆုံးပါး သွားရှာပါသတဲ့။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူစိုက်တဲ့အပင် သေသွားရင် နောက်တစ်ပင်ထပ် စိုက်နိုင်ဖို့ မြန်မာပြည်သူတွေ အတွက် အမွေပေးခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ချန်ထားခဲ့တဲ့ အမွေပါ။ သူက ဒီမိုကရေစီ သစ်ပင်ကို ပျိုးခဲ့သူပါ။ လွတ်လပ်ရေး ပိသုကာနည်းတူ ဒီမိုကရေစီပိသုကာ ခမြာလည်း မစားဘဲစွန့်မယ့် မျိုးဆက်ပေပဲလား။ ၀မ်းနည်းစရာပါ။ ဒီမိုကရေစီ သက်တမ်းကရော ဘယ်လောက်လဲ။ ၅နှစ်လား။ ၁၀ နှစ်လား။ စကို မစသေးတာလား။ ဘာမှ ရေရေရာရာ မရှိလှ။
    ဂန္ဒီဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတပါ။ အိန္ဒိယနိုင်ငံရဲ့ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပါ။ မြန်မာ့ လွတ်လပ်ရေးရပြီး လ မကူးခင်မှာပဲ သူ့ကို ဟိန္ဒူအမျိုးသားရေး အစွန်းရောက်ဝါဒီ စစ်သွေးကြွ တစ်ဦးဖြစ်တဲ့ နာသူရမ်ဂေါ့ဆေးက အဆုံးစီရင် လိုက်ပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာတို့ရဲ့လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပါ။ ဂန္ဒီထက်အရင် တစ်နှစ်စောပြီး သူ့ကို မျိုးချစ် ပါတီခေါင်းဆောင် ဂဠုန်ဦးစောက အသက်နဲ့ခန္ဓာ အိုးစားကွဲစေခဲ့ပါတယ်။
    အမျိုးသားရေး အစွန်းရောက်ဝါဒနဲ့ မျိုးချစ်ဆိုသူတွေဟာ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် တွေအတွက် နိမိတ်ဆိုး တစ်ရပ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ သီအိုရီ တစ်ခုလား။
    ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပါ။ အခု သူ့ကို အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ၊ မျိုးချစ်ဆိုသူတွေက ပစ်မှတ်ထား တိုက်ခိုက်နေပါပြီ။ တိမ်တွေညိုနေပြီလား။ တောင်စွယ်မှာ နေကွယ်လုပြီလား။ ၂၀၁၄ ကတော့ ကိုယ်လွတ်ရုန်းသွားခဲ့ပါပြီ။ ၂၀၁၅ ဟာ အနက်ရောင်ဝတ်စုံကို ၀တ်ပြီး ရောက်ရှိလာလေရဲ့။ သတိဆိုတာ ပိုတယ်မရှိ။
    တစ်ခုသာ ဆိုစရာ ရှိပါတယ်။ အိုးမဲသုတ်ပေးခံရတဲ့ အိမ်ကြက်တွေ အခွပ်ရပ်ပြီး တစ်ယောက်ကို တစ်ယောက် မှတ်မိကြဖို့ လိုပါတယ်။ ပြည်သူရဲ့ရင်ကွဲနာတွေ အတွက် အုပ်ချုပ်ရေးဒေါက်တာရမ်းကုတွေနဲ့ အလုပ်မဖြစ်တော့ကြောင်းကိုလည်း သိဖို့လိုပါတယ်။ အဲဒီဒေါက်တာရမ်းကုတွေကို ပြောင်းပစ်ကြမလား။ သင်္ချိုင်းတွေကိုပဲ နေရာချဲ့ကြမလား။ တစ်ခုခုတော့ ရွေးချယ် ရပါလိမ့်မယ်။ အနာဂတ်ဘက်အခြမ်းက မှောင်ကြီးမည်းကြီးမို့ မမြင်ရ။ အမှောင်ကို တော်လှန်ဖို့ အလင်းတိုင် ကိုယ်စီဆောင်ခဲ့ကြစေ လိုပါတယ်။ ၂၀၁၅ ကို အောင်မြင်ခြင်း မီးရှူးမီးပန်းတွေ လွှတ်တင်ပြီး ကြိုဆိုလိုက်ကြရအောင်ပါ။
    ဟုတ်ကဲ့။ ၂၀၁၅ မှာ အမှောင်နှင်ပွဲလည်း ရှိနိုင်တယ်။ အမှောင်နွံနစ်ပွဲလည်း ရှိနိုင်ပါတယ်။ ကျွန်တော် တို့လက်တွေနဲ့သာ ကျွန်တော်တို့ ကံကြမ္မာကို ရေးနိုင်ကြတာပါ။
    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။
  • အမုန်းတရားတွေကို ဆန့်ကျင်တဲ့ ဆွီဒင်က မေတ္တာဗုံး
    အမုန်းတရားတွေကို ဆန့်ကျင်တဲ့ ဆွီဒင်က မေတ္တာဗုံး
    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    1907961_821295281246277_6057532862001628347_n
    – မကြာသေးမီ ရက်များအတွင်း ဆွီဒင်က ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ ဆွီဒင်ပြည်သူတွေက ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း၊ မွတ်စလင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ အတွက် လှုပ်ရှားမှုတွေကို ဆောင်ရွက် ခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အက်ပ်ဆာလာမြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်ရဲ့ နံရံမှာ မွတ်စလင်ဆန့်ကျင်ရေး စာသားတွေကို ရေးသားထားမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဒီလုပ်ရပ်ကို ဆန့်ကျင်ဖို့နဲ့ မွတ်စလင်တွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ အတွက် အဲဒီမြို့က ဆွီဒင်ပြည်သူတွေဟာ အနီရောင်အသဲပုံ စက္ကူတွေနဲ့ မွတ်စလင်ကို ထောက်ခံအားပေးတယ်ဆိုတဲ့ စာသားတွေကို ဒီဗလီဝတ် ကျောင်းတော်ရဲ့ ၀င်ပေါက်မှာ လာရောက် ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို `မေတ္တာဗုံး´ လို့ အမည်ပေးခဲ့ပါတယ်။
    ဒီလှုပ်ရှားမှုအရင် တစ်ရက်က ဒီဗလီဝတ်ကျောင်းတော်ကို ဓာတ်ဆီဗုံးနဲ့ မီးရှို့ ခံခဲ့ရပြီး မီးလောင်ခဲ့ခြင်းတော့ မရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
    အခုသီတင်းပတ်အစောပိုင်းကလည်း အက်စ်လော့ဗ်မြို့က ဗလီဝတ်ကျောင်းတော် တစ်ခု မီးလောင်ခဲ့ပြီး အနည်းငယ် ပျက်ဆီးခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ ရှို့မီးလို့ သံသယရှိတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    ဒါတင်မကသေးဘဲ ခရစ္စမတ်နေ့ကလည်း အက်စ်ကီလ်စ်တူနာမြို့က ဗလီဝတ် ကျောင်းတော် တစ်လုံးထဲကို ပြတင်းပေါက်ကနေ ဓာတ်ဆီဗုံးတစ်ခု ပစ်သွင်းခဲ့လို့ ၀တ်ပြုနေတဲ့သူတွေထဲက ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
    ဒါပေမယ့် ဆွီဒင်ပြည်သူတွေက ဒီလုပ်ရပ်တွေကို ရှုတ်ချခဲ့ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ ရက် သောကြာနေ့ကပဲ အဓိကမြို့ကြီးသုံးမြို့ဖြစ်တဲ့ စတော့ဟုမ်း၊ ဂိုသန်ဘာ့ဂ်နဲ့ မာလ်မိုတို့မှာ `ငါတို့ဗလီကို မထိနဲ့´ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွီဒင်ပြည်သူတွေက ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဒီလိုမွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ လူကြိုက်များဖို့ ကြိုစားလာတဲ့ လက်ယာစွန်းရောက်ပါတီရဲ့ နိုင်ငံရဲ့ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတာနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ပြင်းထန်လာရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။
    ရဲချုပ်ဖြစ်သူ မက်စ် လော့ဖ်ဗင်းကတော့ ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက် မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့အနေနဲ့ လုပ်ငန်း ၃ ခုကို ဆာင်ရွက် သွားမယ်လို့ Radio Sweden ကို ပြောကြားခဲ့ပါတယ်။ ဒီလုပ်ငန်း ၃ ခုကတော့ ဗလီဝတ်ကျောင်းတော်တွေကို စောင့်ကြပ်ပေးခြင်း၊ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆွေးနွေးခြင်း၊ ဗလီဝတ်ကျောင်းတော် တိုက်ခိုက်ခံရမှုတွေအတွက် ထောက်လှမ်း ရေးဌာနနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။
    ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေဟာ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား ဆိုတာကိုတော့ ပြောဖို့ စောနေသေး တယ်လို့ လော့ဖ်ဗင်းက ဆိုပါတယ်။
    ရှုတ်ချမှုများ
    ———–
    ဆွီဒင်ရဲ့ ပြည်သူ့ဒီမိုကရက်တစ်ဝန်ကြီးချုပ် စတီဖန် လော့ဖ်ဗန်ကတော့ ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။
    `ဆွီဒင်မှာ လူတွေဟာ သူတို့ရဲ့အယူဝါဒကို ကျင့်သုံးရာမှာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူး´ လို့ TT သတင်းဌာနကို လော့ဖ်ဗန် က ပြောကြားခဲ့ပြီး ဒီဝတ်ပြုရာနေရာတွေ လုံခြုံရေးအတွက် အစိုးရထောက်ပံ့ကြေး တိုးမြှင့် ပေးသွားမယ်လို့လည်း ဆိုပါတယ်။
    လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး မဂ္ဂဇင်း Expo ရဲ့အဆိုအရ ပြီးခဲ့တဲ့နှစ်အတွင်း ဆွီဒင်နိုင်ငံက ဗလီဝတ်ကျောင်းတော်တွေ တိုက်ခိုက်ခံရမှုဟာ အနည်းဆုံး တစ်ဒါဇင်လောက်ရှိပြီး အများစုကတော့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ခြင်းမရှိဘူးလို့ ရေးသားဖော်ပြခဲ့ပါတယ်။
    လူဦးရေ ၉ သန်းသာရှိတဲ့ ဆွီဒင်နိုင်ငံဟာ ဒီနှစ်အတွင်းမှာ ဒုက္ခသည် ၁ သိန်းကျော်ကို လက်ခံဖို့ရှိနေပြီး ယခင် စံချိန်တွေကို ကျော်ဖြတ်တော့ မှာ ဖြစ်ပါတယ်။
    Ref : aljazeera
  • ဆောက်သက်တမ်နှင့် ပွဲတွင် ၀င်းဂါးအား ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ် တစ်ဦး အဖမ်းခံရ
    ဆောက်သက်တမ်နှင့် ပွဲတွင် ၀င်းဂါးအား ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ် တစ်ဦး အဖမ်းခံရ
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10425403_820874391288366_8641332075106034304_n
    – ယမန်နေ့က ဆောက်သက်တမ်အား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အာဆင်ဝင်းဂါးကို ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ်တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။
    ပွဲပြီးဆုံးရန် ၁၀ မိနစ်ခန့်အလိုတွင် အသင်း၏ ရှုံးနိမ့်နေမှုကို မကျေနပ်သည့် အသက် ၂၅ နှစ်အရွယ် ပရိတ်သတ်တစ်ဦးက အာဆင်နယ်နည်းပြအဖွဲ့များ ထိုင်ရာ ခုံတန်းသို့ ၀င်လာသောကြောင့် လုံခြုံရေးများက ထိန်းသိမ်းခဲ့ရပြီး နောက်ပိုင်းတွင် ရဲလက်သို့ အပ်ခဲ့သည်။
    အဆိုပါ ပရိတ်သတ်မှာ ၀င်းဂါးနှင့် ၎င်း၏ လက်ထောက်နည်းပြအား စော်ကားသည့် အမူအရာကို လုပ်ပြခဲ့ပြီး နှုတ်ဖြင့်လည်း ဆဲရေးတိုင်းထွား ခဲ့သည်ဟု သိရသည်။
    `ဟုတ်ပါတယ်။ လူငယ်တစ်ယောက်ပါ။ သူက ဆောက်သက်တမ်ပရိတ်သတ်လို့ ကျွန်တော်ထင်ပါတယ်။ သူ လုံးဝ ရန်မလိုပါဘူး။ တစ်ခုခုပြောလိုက်တယ်လို့ လည်း ကျွန်တော်မထင်ပါဘူး´ ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဆောက်သက်တမ်နည်းပြ ရော်နယ်လ်ကိုးမန်းကမူ ထိုအဖြစ်အပျက်ကို မမြင်တွေ့ခဲ့ဟု ဆိုသည်။
    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရသည့် အာဆင်နယ်အသင်းမှာ ပရိတ်သတ်များ၏ ငြိုငြင်မှုကို ခံနေရပြီး ဒီဇင်ဘာလကလည်း စတုတ်စီးတီးအသင်း အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ၀င်းဂါးမှာ ပရိတ်သတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
    Ref : goal.com
  • အသင်းမှာ ဒိုင်လူကြီးများပေးသော ခရစ္စမတ် လက်ဆောင်ရခဲ့ဟု မော်ရင်ဟိုလှောင်ပြောင်
    အသင်းမှာ ဒိုင်လူကြီးများပေးသော ခရစ္စမတ် လက်ဆောင်ရခဲ့ဟု မော်ရင်ဟိုလှောင်ပြောင်
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    1907930_820869471288858_8908235107315474131_n
    – ပြီးခဲ့သည့်ပွဲစဉ် ၂ ခုတွင် မိမိတို့မှာ ဒိုင်လူကြီးကပေးသော ခရစ္စမတ်လက်ဆောင် များ ရရှိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက လှာင်ပြောင်ပြောကြား လိုက်သည်။
    မော်ရင်ဟိုမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကပင် မိမိအသင်းအား အပြစ်ပေးရန် ဒိုင်လူကြီးများအကြား လှုပ်ရှားမှုများ ရှိနေသည်ဟု ပြောကြား ခဲ့ပြီး၊ ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်ဆီးမှာ မြို့ခံပြိုင်ဘက် စပါး အသင်းအား ၅ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် မူ ဒိုင်လူကြီးများအပေါ် မော်ရင်ဟို၏ သဘောထားမှာ ပိုမိုတင်းမာလာခဲ့သည်။
    `ကျွန်တော်အရှုံးကို မုန်းပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲရှုံးတာကို ကျွန်တော်လက်ခံပါတယ်။ ပွဲတာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်က သန့်ရှင်း ခဲ့တယ်လေ။ ရှုံးသွားတဲ့ပွဲအတွက် မတူညီတဲ့ ခံစားမှုမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ခုမှာ ကျွန်တော်တို့ အရေးပါတဲ့ ခရစ္စမတ်လက်ဆောင်တွေ ရခဲ့ပါတယ်။ ဘောလုံးကို ချစ်မြတ်နိုးသူတိုင်း မကြိုက်တဲ့ လက်ဆောင်မျိုးပေါ့ဗျာ´ ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထို့ပြင် စပါးအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် မိမိတို့အသင်းမှာ နောက်တန်းအမှားများ ရှိခဲ့ကြောင်း၊ စပါးအသင်းမှ တိုက်စစ်မှူးများကို မထိန်းနိုင်ခဲ့ကြောင်း မော်ရင်ဟိုက ၀န်ခံပြောကြားခဲ့သည်။
    Ref : goal.com
  • လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ် ရာသီကုန်လျှင် ထွက်ခွာတော့မည်
    လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ် ရာသီကုန်လျှင် ထွက်ခွာတော့မည်
    ဇန်န၀ါရီ ၂၊ ၂၀၁၅
    M-Media
    10898217_820864254622713_2846870656984165381_n
    – လီဗာပူးလ်အသင်းတွင် ၁၆ နှစ်ကျော် ကစားလာခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ စတီဗင်ဂျရတ်က မိမိအနေဖြင့် ရာသီ ကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားလိုက်သည်။
    ဂျရတ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်ဘောလုံးရာသီအပြီးတွင် ကုန်ဆုံးမည်ဖြစ်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာကမူ ဂျရတ်အား အသင်းတွင် ဆက်လက် ရှိနေစေချင်ကာ အသင်းကလည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်။
    သို့သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျရတ်က ၎င်းအနေဖြင့် မိမိ၏ ဘောလုံးသမားဘ၀အား ပရီးမီးယားလိဂ် အပြင်ဘက်တွင် ကုန်ဆုံး ချင်သည်ဟု ဆိုသည်။
    `ကျွန်တော့်ရဲ့ဘ၀မှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဟာ ကောင်းမွန်တဲ့ အချိန်တစ်ခု အတွက် တော်တော်လေးစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ´ ဟု ဂျရတ်က ပြောကြားခဲ့သည်
    ဂျရတ်အား ထိပ်တန်းအသင်း အများအပြားက စိတ်ဝင်စားနေပြီး အမေရိကန် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီ အသင်းကလည်း ခေါ်ယူရန် ကြိုးစားနေသည်။
    ဂျရတ်ကမူ အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခြင်းမှာ မိမိ၏ အနာဂတ်နှင့် ပတ်သက်၍ ကောလဟာလများက နည်းပြနှင့် အသင်းအား အနှောက်အယှက် မဖြစ်စေရန် ဖြစ်ကြောင်း၊ မိမိ၏ဘ၀တွင် ကြီးမားသောအစိတ်အပိုင်းမှ ပါဝင်သည့် ကလပ်အသင်းအား နှုဆက်ပါသည်ဟု ပြောကြားရခြင်းမှာ အလွန်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : goal.com